Wednesday, January 2, 2013

ထိုးစစ် မရပ်ပါက နောက်ဆက် ဆိုးကျိုး အားလုံး အာဏာရ အစိုးရနှင့် တပ်မတော် တာဝန်သာဖြစ်

ကချင် ပြည်နယ် အတွင်း မြန်မာ အစိုးရမှ ကြည်း၊ လေ အင်အား အလုံးအရင်း သုံး၍ ထိုးစစ် ဆင်နေ မှုများ ပြင်းပြင်း ထန်ထန် ပြုလုပ် နေခြင်းကို ရပ်တန့် ပေးရန်နှင့် ထို့သို့ ရပ်တန့် ပေးခဲ့ခြင်း မရှိပါက ဖြစ်ပေါ် လာမည့် နောင် ဆိုးကျိုးများ အားလုံးသည် အာဏာရ အစိုးရနှင့် ဗမာ့ တပ်မတော်၏ တာဝန်သာ ဖြစ်သည်ဟု ပြည်သူများ သိစေ အပ်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကြေငြာချက် တစ်စောင် ထုတ်ပြန်၍ အသိပေး ခဲ့ပါသည်။

“အစိုးရ တပ်ဖွဲ့ တွေက နေပြီးတော့ KIA အပေါ် ထိုးစစ် ဆင်နေ တာတွေကို မြင်ရတော့ ကျနော်တို့ UNFC အနေနဲ့ စဉ်းစား စရာ ဖြစ်လာတယ်။ အဲဒီတော့ ထိုးစစ် ဆင်နေ တာကို အလျင်အမြန် ရပ်တံ့ဖို့ တောင်းဆိုတယ်၊ တဆက်တည်းပဲ ပြောချင် တာက အကယ်၍ မရပ် တန့်ပဲ ဆက်လက် တိုက်ခိုက် နေမယ် ဆိုရင် နောင်ဖြစ်ပေါ် လာမဲ့ ဆိုးကျိုးတွေကို အစိုးရ နဲ့ ဗမာ့ တပ်မတော်မှာပဲ တာဝန် ရှိတယ်လို့ ဒီလို ပြောချင် ပါတယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာမှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့ပါသည်။

UNFC ၏ အဖွဲ့ဝင် တစ်ဖွဲ့ ချင်းစီမှ မိမိတို့ အဖွဲ့အလိုက် ပြန်လည် သုံးသပ်မှု ပြုခဲ့ပြီးနောက် သဘောထား တညီ တညွတ် တည်း ရှိကာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အား ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ “ အလျင်အမြန် ” ရပ်တန့် ပေးရန်ကို တောင်းဆို လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဒီဇင်ဘာလ နောက်ဆုံး ပတ်တွင် အစိုးရ တပ်ဖွဲ့မှ ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA တို့၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သိမ်းပိုက်ရန် လိုင်ဇာမြို့၌ ကာရံ ထားသော လဂျားယန် နှင့် နမ်ဆန်ယန် ရွာအနီးရှိ (KIA ) တပ်စခန်းများကို ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ၁၀၅ မမ ဟော်ဝစ်ဇာ လက်နက်ကြီး များဖြင့် ရက်သတ္တ တစ်ပတ်ခန့် ပြင်းပြင်း ထန်ထန် ပစ်ခတ် တိုက်ခိုက် နေခဲ့ခြင်းကို သုံးသပ်၍ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

၎င်းကိစ္စကို အကြောင်းပြု ၍လည်း UNFC အဖွဲ့ဝင် များတို့က အပစ်အခတ် ရပ်စဲရေး အပေါ် ပြန်လည်သုံး သပ်မှုများ ပြုလုပ် ခဲ့ရပြီး တစ်ဖွဲ့ချင်းစီ၏ အမြင်များကို သီးခြား ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေ။

နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း သွားရန် နိုဝင်ဘာလ (၉) ရက်နေ့က UNFC အဖွဲ့ နှင့် တွေ့ဆုံစဉ် ဦးအောင်မင်း က သဘောတူ ထားပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ကချင် KIA အပေါ် ပြင်းထန်စွာ တိုက်ခိုက် လာသည်ကို အစိုးရ ဘက်မှ အပြောတမျိုး အလုပ်တမျိုး မရိုးသားသည့် သဘောထား များကို ဖော်ပြ နေသည်ဟုလည်း ကြေငြာ ချက်၌ ဆိုထား ပါသည်။

အစိုးရ အဖွဲ့၏ လက်ရှိ ပြောဆို ဆွေးနွေးမှုနှင့် လက်တွေ့ လုပ်ရပ်သည် ပြည်တွင်း ငြိမ်းချမ်းရေး ဘက်သို့ ဦးတည် နေခြင်း မဟုတ်ဟု မြင်မိ ပါကြောင်းလည်း ၄င်းတို့မှ သုံးသပ် ထားပါသည်။

ပြည်တွင်း၌ အနှစ် (၆၀) ကျော် ဖြစ်ပွါးနေသည့် တိုင်းရင်းသား ပြသနာများကို လက်နက် အားကိုးပြီး အစိုးရ အဆက်ဆက် ဖြေရှင်း ခဲ့သော်လည်း မပြေလည်ရုံ မက တိုင်းပြည် ခေတ်နောက်ကျကာ ပြည်သူများ ဒုက္ခ ရောက်နေ ရသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းလမ်းဖြင့် ထပ်မံ ဖြေရှင်း နေခြင်းသည် အလွန်မိုက်မဲသော လုပ်ရပ် ဖြစ်ကြောင်းလည်း ကြေငြာချက်၌ ထောက်ပြ ထားပါသည်။

UNFC ဘက်မှ အစိုးရနှင့် ရရှိ ထားပြီး ဖြစ်သော နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံ ဖြေရှင်းရေး သဘော တူညီ ချက်ကို မပျက်ပြား စေလို၍ စိတ်ရှည်စွာ ထိမ်းသိမ်း လုပ်ဆောင် နေခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုပါသည်။

အဖွဲ့ဝင် အားလုံးသည်လည် အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် လာခဲ့ပြီး ယခု ကဲ့သို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိုးစစ်ဆင် တိုက်ခိုက် နေမှု များကို ရပ်တံ့ပေးရန် အတွက် ယခု ကဲ့သို့ အတိအလင်း တောင်းဆို ထုတ်ပြန် ရခြင်း ဖြစ်ကြောင်းလည်း နိုင်ဟံသာမှ ဆိုပါသည်။




ဒီကပါ။

ရာထူးတိုးပေမယ့် ရာထူး မတက်တဲ့ အမ်းဆေးရုံကြီးက ၀န်ထမ်း

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးမှ ညစောင့် အလုပ်သမား တစ်ဦးဖြစ်သူ ဦးအောင်သိန်းကို နေပြည်တော်ကနေ ရာထူး တိုးမြှင့်ခန့်အပ်ထားပေမယ့် ဆရာဝန်ကြီးနဲ့ အဆင်မပြေတာကြောင့် ရာထူး မတက်ဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

သူ့ကို ရာထူး တိုးတာ တနှစ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် ဆရာဝန်ကြီးက ရာထူး မတိုးမြှင့်ဘဲ ဒီအတိုင်းထားတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

“ ကျနော့်ကို ရာထူးတိုးတာက အခုထက်ထိ ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၂၆ ကတည်းကပါ။ အခုထက်ထိ ကျွန်တော်တို့ကို အဲဒီနေရာမှာ မခန့်အပ်ဘဲ နောက်တစ်ယောက်ကို ခန့်ဖို့ လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်မှာ အထူး စိတ်သောက ရောက်နေရပါတယ်။ အထက်လူကြီးတွေကို ဒီကိစ္စ ဖြေရှင်းပေးစေလိုပါတယ်” လို့ ပြောဆိုပါတယ်။

သူရာထူးတိုးတဲ့ နေရာကတာ့ ညစောင့်ကနေ လစ်လပ်သွားတဲ့ ဦးခင်မောင်နေရာ မြစ်ရေတင် စက်မောင်းရာထူး ဖြစ်တယ်လို့ ဆိုပါတယ်။

ယခင်က အမ်းမြို့ ဆရာဝန်ကြီး ဒေါက်တာ တင်မောင်ညွှန့်ကနေ သူ့ကို အဲဒီ ရာထူးကို ခန့်အပ်ဖို့ အတွက် စာအမှတ် ၁၃၆ အဆရ ရာထူးတိုး ၂၀၁၁ ဇန္န၀ါရီ ၁၂ ရက်နေ့ဖြင့် ပြည်နယ်ကို တင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်နယ်မှူး ဒေါက်တာ နေမျိုးအုန်းမှ နေပြည်တော်ကို ဆက်လက် တင်ပြခဲ့ပြီး နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်မင်းသိန်းမှ လက်မှတ်ရေးထိုးပြီး ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၂၆ ရက်နေ့မှာ ခန့်စာ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော့်ကို ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၂၆ ရက်နေ့မှာ ခန့်အပ်ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အလုပ်ဝင်ရမယ်လို့ ခန့်စာမှာ ပါရှိပါတယ်။ ဒီနေ့ထိ ကျနော့်ကို အလုပ်မခန့်သေးပါ။ ဒီလို လုပ်ထားတာကို ကျနော်က ပြည်နယ်ကို တိုင်တော့ ဆေးရုံအုပ်ကြီး ဦးသန်းထွန်းက ကျနော်ကို တိုင်ကြားရကောင်းမလားဆိုပြီး အမျိုးမျိုး အကြောင်းပြပြီး ပြဿနာ လုပ်နေပါတယ်” လို့ ပြောပါတယ်။

ပြည်နယ် တာဝန်ရှိသူများမှ ဦးအောင်သိန်းအား ခန့်အပ်ရန် ဆက်လက် အကြောင်းကြားသော်လည်း မခန့်အပ်ဘဲ ထားသည်သာမက နောက်ထပ် သူနှင့် ရင်းနှီးသူ တစ်ဦးကို အစားထိုး ခန့်အပ်ရန် ဆေးရုံ အုပ်ကြီးက စီစဉ်နေသည်ဟု သိရသည်။

ဒီကပါ။

နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ ညစာစားပွဲအတွက် ပါတီဥက္ကဋ္ဌများကိုဖိတ်


သမ္မတက တည်ခင်းသော လွတ်လပ်ရေးနေ့ ညစာစားပွဲကို ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ်နိုင်ငံရေးပါတီဥက္ကဋ္ဌများကိုပါ တက်ရောက်ရန် ဖိတ်ကြား ထားကြောင်း နိုင်ငံရေးပါတီများမှ သတင်းရရှိသည်။

သမ္မတနှင့် သမ္မတကတော်တို့က တည်ခင်းဧည့်ခံသည့် ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ရန်နိုင်ငံရေးပါတီဥက္ကဋ္ဌများ အပါအ၀င် လွှတ်တော်များ မှ ရေးရာကော်မတီ ဥက္ကဋ္ဌများကိုလည်း ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

သမ္မတက တည်ခင်းဧည့်ခံသော လွတ်လပ်ရေးနေ့ ညစာစားပွဲသည် ၁၉၉၀ ပြည့်နှစ်က ဗိုလ်ချုပ်စောမောင်လက်ထက် လွှတ်တော်အဆောက်အအုံတွင် တည်ခင်းဧည့်ခံသော နောက်ဆုံး ညစာ စားပွဲဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များကိုပါ ဖိတ်ကြား၍ နှစ်စဉ်ကျင်းပခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်နောက် ပိုင်းနိုင်ငံရေး ပါတီများကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။

ညစာစားပွဲကို ဇန်န၀ါရီလ ၄ ရက် ည ၆ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်ဝင်းတွင် ကျင်းပ ပြု လုပ် မည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညစာစားပွဲသို့ တက်ရောက်မည်ဟု သိရှိရသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ညစာစားပွဲသို့ တက်ရောက်ဖြစ်မည် မဟုတ်ဟု ၎င်း၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်ကပြောကြားသည်။

7Day News Journal

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲ အချိန်ခန့်တွင်ဟိုပင်မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့် အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) အကြား အမှတ်(၄၃)အဆန်ကုန်တင် ရထားဖြတ်သန်း    မောင်းနှင်နေစဉ် KIA မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲ မှုကြောင့် ဟိုပင်မှ မိုးကောင်းဘက်သွား ရထား သံလမ်းဘယ်ဘက်အခြမ်း (၁)ပေ ခန့်   ပြတ်တောက်သွားပြီး ဇလီဖာတုံး (၅)တုံးပျက်ဆီး ကာ ကုန်တင် ရထား၏နောက်ဆုံးတွဲရှိ ရထားဘီး(၄)ဘီး လမ်းချော်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပျက်ဆီးသွားသော ရထားလမ်းကို မိုးညှင်းဘူတာမှ ကြီးကြပ်ရေးမှူးဦးစီး၍ ၀န်ထမ်း(၁၃)ဦးဖြင့် စတင်ပြုပြင် လျက်ရှိပြီး ရထားသွားလာမှုအား ခေတ္တခဏ ပိတ်ထားကြောင်း သိရှိရပါသည်။

KIA မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊ လမ်းတံတားဆောက် လုပ်ရေးယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှု အကြိမ်(၁၀၀)ကျော်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

http://www.myanmartharkaung.net/2013/01/kia_2.html

အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှု ပုံစံ ပြောင်းလဲမည်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှုပုံစံ ပြောင်းလဲသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း၏ပြောကြားချက်အရ သတင်း ရရှိ ပါသည်။

“အခွန်ထမ်းနဲ့ အခွန်ဝန်ထမ်း ထိတွေ့မှုများရင် အဂတိလိုက်စားမှု များတာတွေ့ရတယ်။ ထိတွေ့မှု နည်းလေ အဂတိလိုက်စားဖို့ ဖြစ်နိုင်ခြေနည်းလေပါပဲ။ ဒါကြောင့် ထိတွေ့မှုနည်းအောင် အခွန်ပေး သွင်းမှု ပုံစံ ကိုပြောင်းလဲမယ်။ တတ်နိုင်ရင် လုံးဝမထိတွေ့တဲ့ စနစ်ကို စဉ်းစားမယ်” ဟု ဦးမောင်မောင်သိမ်း က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အခွန်အရပ်ရပ်ရရှိမှုမှာ ဂျီဒီပီ၏ ၃ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရှိနေပြီး အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုထားခြင်းများသည် အခွန်လျော့နည်းရခြင်း၏ အကြောင်း တစ် ရပ်ဖြစ်နေကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ကောက်ခံနေသည့် အခွန်အမျိုးအစားပေါင်း ၁၄ မျိုးရှိပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ငါးမျိုးကောက်ခံကြောင်းနှင့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်း ခွန်နှင့် အကောက်ခွန်တို့ကို ကောက်ခံလျက်ရှိပြီး အခွန်အရပ်ရပ်၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိကြောင်း သိရပါသည်။

အခွန်စနစ်ကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး E Taxation စနစ်ကို ဦးတည်ဆောင် ရွက်နေကာ လက်ရှိတွင် အခွန်ဆိုင်ရာ ၀န်ဆောင်မှုရုံးတစ်ရုံးကို ၂၀၁၂ ခုနှစ် အောက်တို ဘာလအတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရပါသည်။

လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်ကျပ် ၁၆၀၀ ဘီလျံ ကောက်ခံရရှိရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အခွန်ကျပ် ၁၅၀၀ ဘီလျံကျော်ကောက်ခံရရှိခဲ့ပြီး လျာထားချက်ထက် ကျပ် ၃၀၀ ဘီလျံကျော် ပိုမိုခဲ့ကြောင်းနှင့် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ၏ ၄၉ ဒသမ ၉၅ ရာခိုင်နှုန်းသည် ကုန်သွယ်လုပ်ငန်းခွန်မှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် အခွန်ရှောင်သည့် စီးပွားရေးလုပ်ငန်း အများအပြားရှိနေဆဲဖြစ်ပြီး အခွန်ဝန်ထမ်း အသိုင်းအ၀ိုင်းအတွင်း လာဘ်ပေးလာဘ်ယူပြုလုပ်သောကြောင့် အရေးယူမှုများလည်း ပြုလုပ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ပြောကြားချက်အရ သိရပါသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၆ နှင့် ၄၇ ဖြင့်လည်းကောင်း၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ အရလည်းကောင်း အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့်ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားကြောင်း သတင်းရရှိပါသည်။

Eleven Media Group

နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ


ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသောကျောင်းသားများအား နေရာဒေသအလိုက်ကျောင်းဝင်ခွင့်ပြုသည့်စနစ်ကို ယခု (၂၀၁၂-၁၃)ပညာသင်နှစ်တွင် စတင်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာဦးစီး ဌာနမှ သတင်း ရရှိသည်။

ယခင်က ရန်ကုန်ဆေးတက္ကသိုလ်(၁)နှင့် (၂)တို့တွင် ရန်ကုန် တိုင်း ဒေသကြီး မှ ကျောင်းသား ၊ ကျောင်းသူ များ၊ မန္တလေးဆေးတက္ကသိုလ်တွင် မန္တလေး တိုင်းဒေသကြီး မှ ကျောင်းသား၊ ကျောင်းသူ များနှင့် မကွေးဆေးတက္ကသိုလ်တွင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ကျောင်းသား ၊ ကျောင်းသူ များအား ကျောင်းဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုပညာသင်နှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁၊ ၂)တို့နှင့် မန္တလေးဆေးတက္ကသိုလ်တို့၌ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ “ဒီနှစ်ရဲ့ ထူးခြားချက်က ရန်ကုန်ဆေးတက္ကသိုလ် (၁)နဲ့ (၂) မှာ ရန်ကုန်တိုင်းဒေသကြီးအပြင် ရန်ကုန်နဲ့နီးတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးက ကျောင်းသားတွေကို ၀င်ခွင့်ပြုလိုက်တယ်။ မန္တလေးဆေးတက္ကသိုလ်ကတော့ မန္တလေးတိုင်းဒေသကြီးအပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ကျောင်းသားတွေကို ၀င်ခွင့်ပြုလိုက်တယ်။ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်နဲ့ ဝေးလံပြီး လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေက ဆေးတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားတွေကို မကွေးဆေး တက္ကသိုလ်ကို ၀င်ခွင့်ပြုတယ်” ဟု ဆေးသိပံ္ပပညာဦးစီးဌာန၊ဘွဲ့ကြိုဌာနစိတ်မှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။

ယခုပညာသင်နှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင်ကျောင်းသား၊ ကျောင်းသူ ၄၃၀ ဦး၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) တွင် ကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦး၊ မန္တလေးဆေး တက္ကသိုလ် တွင် ကျောင်းသား ၊ ကျောင်းသူ ၃၇၉ ဦးနှင့် မကွေးဆေးတက္ကသိုလ်တွင်ကျောင်းသား၊ ကျောင်းသူ ၉၉ ဦးတက်ရောက် ပညာသင်ယူခွင့်ရရှိခဲ့သည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်သတ်မှတ်ချက်မှာ ဆေးတက္ကသိုလ် လေးခုလုံးအတွက် တစ်ပြေးညီ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်နှစ် တက္ကသိုလ်ဝင်တန်းရမှတ်များထက် သိသိသာသာ မြင့်တက်သွားခဲ့ကာ ကျား-၄၉၀ ဦးနှင့် မ-၅၀၈ မှတ်ထိ ရောက်ရှိခဲ့သည်။

7Day News Journal

ဆီအုန်းစိုက်ရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း လုပ်ငန်းရှင်ကြီးတစ်ဦး၏တင်ပြမှု ကော်မရှင် ငြင်းပယ်

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက တနင်္သာရီ တိုင်းဒေသကြီးတွင် ဆီအုန်း စိုက်ပျိုးရန် အတွက် မြေဧကနှစ် သိန်းခွဲ ရယုလိုကြောင်း တင်ပြမှုအပေါ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ငြင်းပယ် လိုက်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင် ကြီးမှာ ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ပိုင်ခွင့်များစွာ ရရှိခဲ့ သူတစ် ဦးဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

‘လုပ်ထုံး လုပ်နည်းနဲ့ ညီရင် ချပေးရမှာပေါ့။ ဒီလိုမှ မဟုတ် ဘဲနဲ့ မဖြစ်နိုင်တာမျိုးတွေ ဆိုရင် တော့ ဘယ်သူ့ကိုမှ ချမပေးဘူး” ဟု ၄င်းက ပြောသည်။

ယင်းသို့ ဧကနှစ်သိန်းခွဲချပေး ရန် တင်ပြမှုအပေါ် ထိုနည်းအတိုင်း ၁ဝ ဦးသာ ချထားပေး မည်ဆို လျှင် မြန်မာ့မြေ ကုန်သွားမည်ဟုပြန်ပြောလိုက်ကြောင်း ၄င်းက ဆက် ပြောသည်။

ထို့အတူ နိုင်ငံရေးလောကသို့ ဝင်ရောက်လာသော စီးပွားရေးလုပ် ငန်းရှင်တစ်ဦးကလည်း ဘိလပ်မြေ စက်ရုံ တည်ဆောက်ရန်အတွက်မြေဧကကို လိုအပ်သည်ထက် ပိုမို တောင်းခံမှုရှိ ခဲ့ရာ ငြင်းပယ် ခဲ့ပြီးပြန် လည်စိစစ်၍ လိုအပ်သမျှသာ ချပေးခဲ့ကြောင်းသိရသည်။

ဘိလပ်မြေ စက်ရုံတည်ရန်အတွက် အမှန်တကယ် လိုအပ်သော ဧက ၁ဝဝ ကျော်ကိုသာ ချပေး ခဲ့ ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြော သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၁၉၈၈-၁၉၈၉ ခုနှစ်မှ စကာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့အထိ လုပ်ငန်းနယ် ပယ် ၁၁ ခုတို့တွင် ကုမ္ပဏီ ၈၆၉ ခုဖြင့် ကျပ်သန်းပေါင်း ၂၂၅၅၉၂ဝ ဒသမ ၆၂ သန်း ရင်းနှီးမြှုပ်နှံမှုပြုနေ ကြသည်။

Popular Myanmar News Journal

ဒေါသကို ဘယ်လို ထိန်းချုပ်မလဲ ?

ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံပြု ချက်တွေတော့ ရှိပါတယ်။

တစ်ယောက် ယောက်က သင့်ကိုကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင်ဒေါသထွက်တာ ခံစားဖူးပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။ ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုတစ်ခုပါပဲ။ ဒါပေမယ့် အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့နည်းလမ်းကို ဘယ်လိုသိနိုင်ပါ့မလဲ။ ထိန်းချုပ်မှုမရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစား မှုကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား သူစိမ်းတွေနဲ့ ဒေါသ ဖြစ်စရာတစ်ခုခု ဖြစ်လာရင် ဒေါသကင်းဝေးရေးအတွက်လုပ်ရမယ့် ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့အချိန် ရောက်ပြီဆိုတာသိဖို့လိုပါတယ်။ ဒေါသကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မယ့် နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့်ပါတယ်။

(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။

(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။

(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကိုမသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ ကာလ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့ စိတ်လှုပ် ရှားမှု တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာ သေချာ ပါတယ်။ အထူးသဖြင့် ဒေါသ ပေါက်ကွဲလုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်း ပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှ မဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှ မဟုတ် အလေးမလိုက်ပါ။

(၅) တစ်ခုခုမပြောခင် အသေအချာ စဉ်းစားပါ။ မစဉ်းစားမိဘဲ ပြောမိမယ်ဆိုရင် ဝမ်းနည်း စိတ်ထိခိုက်လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ချရေးလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာ တွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပါ။

(၆) ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက် ကယက် လုပ်တဲ့အပေါ် အာရုံစိုက်မဲ့အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။

(၇) ပြဿနာကို ထုတ်ဖော်တဲ့ အခါမှာ ‘ကျွန်တော်၊ ကျွန်မ’ ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာ တို့ကို ရှောင်ကြဉ်နိုင်မှာပါ။ သူတစ်ပါး ကို ဒေါသ ဖြစ်အောင် လုပ်တာ၊ ဒါမှ မဟုတ် မကျေမချမ်း အောင် လုပ်တာတွေကို ရှောင်ရှား နိုင်မှာပါ။ စိုးရိမ် ပူပန်မှု၊ အားပြိုင် မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ- ‘ကျွန်တော့် အိမ် အလုပ်တွေကို ခင်ဗျား တကယ် ကူညီ သင့် တယ် ဗျာ ’ လို့ ပြောမယ့်အစား ‘ကျွန်တော် စိတ်မချမ်းသာဘူးဗျာ .. ဒီညနေကျတော့ အိမ် အလုပ်တွေ ကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး’ လို့ ပြောလိုက်တာမျိုးပေါ့။

(၈) သဝန်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။ တကယ်လို့ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။

(၉) စိတ်ဖိစီးမှုကို ရယ်စရာ ဟာသလုပ်ပြီး ချေဖျက် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပြစ်လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက်သလို ပါပဲ။ စောင်းချိတ်တဲ့ စကားထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေး ကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေကို နာကျင်စေနိုင်ပါတယ်။ ပြီးတော့ အရာ ခပ်သိမ်းကို ပိုဆိုး ရွားစေနိုင်ပါတယ်။

(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ်ကို လေ့ကျင့်ပါ။ အနားယူဖို့ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။ အသက်ရှု လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနား ယူတဲ့ မြင်ကွင်း ကို တွေးကြည့် ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေကို ထပ်တလဲလဲ တွေးကြည့်ပါ။

ဥပမာ - သက်သက် သာသာနေပါ။ ဒေါသကို လျှော့ဖို့ တခြားခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်း နားထောင်ပါ။ စာများများရေးပါ။ ယောဂ ကျင့်ပါ။ လူတိုင်း နီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။

ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲပေါ့။ ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ ကျွန်မလည်း စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ်လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် ခိုင်းလိုက် ရင်ပဲ ဒေါသ ပြေသွားသလိုလို၊ တောင်ထိပ်ပေါ်တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို အဲလို သလိုလိုတွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တာနော်။ ဒီစာလေးကို ဖတ်ပြီး ဒေါသ ထွက်တဲ့ သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ်လို့ ထင်ပါတယ်။

From..မြ၀တီ

လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မန္တလေး-ရန်ကုန် နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

မန္တလေး-နေပြည်တော် နိုင်ငံသား ငွေကျပ် ၃၅၀၀၀၊ နိုင်ငံခြားသား ၄၄ ဒေါ်လာ၊

မန္တလေး-မြစ်ကြီးနား နိုင်ငံသား ငွေကျပ် ၅၃၀၀၀၊ နိုင်ငံခြားသား ၆၆ ဒေါ်လာ၊

မန္တလေး-ဗန်းမော် နိုင်ငံသား ငွေကျပ် ၄၃၀၀၀၊ နိုင်ငံခြားသား ၅၄ ဒေါ်လာ၊

မန္တလေး-ပူတာအို နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-ခန္တီး နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

မန္တလေး-ဟုမ္မလင်း နိုင်ငံသား ငွေကျပ် ၆၃၀၀၀၊ နိုင်ငံခြားသား ၇၉ ဒေါ်လာ၊

မန္တလေး-ကလေး နိုင်ငံသား ငွေကျပ် ၄၅၀၀၀၊ နိုင်ငံခြားသား ၅၆ ဒေါ်လာ၊

မန္တလေး-ကျိုင်းတုံ နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-တာချီလိတ် နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-ဟဲဟိုး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊

မန္တလေး-ညောင်ဦး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊

မန္တလေး-လားရှိုး နိုင်ငံသား ငွေကျပ် ၃၈၀၀၀၊ နိုင်ငံခြားသား ၄၈ ဒေါ်လာတြို့ဖစ်ကြောင်း သိရသည်။

အတိုက်အခံ ခေါင်းဆောင် ကြီးတစ်ဦး၏ 2012 ခုနှစ် ဟာသ အမြောက်ဆုံး နှင့် အကြီးမားဆုံး အလွဲ များ


( ၁ ) ပွင့်လင်းမြင်သာမှု ရှိရန်ဟု တဖွဖွ ပြောနေသော်လဲ အမေရိကန်သမ္မတ အိုဘားမား လာ သည့်အချိန်တွင် ပါတီတွင်း မြေတောင်မြောက်ပေးခဲ့သော သက်ကြားအို များအား ပြင်ပ တွင် ထား၍ တံခါးပိတ် ဆွေးနွေးခြင်း။



( ၂ ) သာတူညီမျှရေး ဟုပြောနေသော်လဲ ပြည်တွင်း ပြည်ပ သတင်းထောက် ( ၃၄ ) ဦးသာ ၀င်ခိုင်းပြီး ကျန် သတင်းထောက် များအား အဖက်မတန် သကဲ့ သို့ ပြုမူခြင်း။


( ၃ ) ပြည်သူ ကိုချစ် ပါသည်ဟု တဖွဖွ ပြောနေသော်လဲ ပြည်သူအပေါင်း ဘေးဒုက္ခ ရောက်နေချိန် များတွင် တိုင်းတပါးသို့ ထွက်ခွာသွားပြီး တိုင်းတပါးတွင် အပင်စိုက် ၊ ရေလောင်းခြင်းများ သာပြု လုပ်လေ့ ရှိခြင်း။


( ၄ ) အမျိုးသား ရင်ကြားစေ့ရေး နှင့် အာဏာရှင် စနစ် ပပျောက်ရေး ဟု ကြွေးကြော်နေသော်လဲ ၄င်းပါတီ အတွင်းတွင်ပင် အာဏာရှင် စနစ်ကျင့်သုံး သဖြင့် ပါတီတွင်း ကွဲပြဲ မှု များ ဖြစ်ပေါ်နေခြင်။


( ၅ ) ဟိုဟာ ကို ဟိုလို မခေါ်နှင့် မိမဆုံးမ ဖမဆုံးမ ဖြစ်မည်ဟု ပြောကာ မြန်မာအား ဘားမား ဟု လူတစ်ဦး၏ လွတ်လပ်ခွင့် အရ ကြိုက်သလို ခေါ်ဝေါ်နိုင်သည် ဟု ပြောခြင်း။


(၆) မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားဟု ခံစားမိကြောင်း။

http://mmdailystar.blogspot.com/2012/11/2012.html

တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်ဆံရေးအထူးကောင်းသောအနေအထားတွင် ရှိနေဟုဆို


တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာဏာရတရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် အိမ်နီးချင်းမြန်မာနိုင်ငံ ရှိနိုင်ငံရေးပါတီများနှင့် ဆက်ဆံ ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည်တရုတ် ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေး အထူးကောင်းသောအနေအထား တွင်ရှိနေကြောင်း တရုတ်ကွန်မြူ နစ်ပါတီဗဟိုနိုင်ငံတကာဆက်ဆံ ရေးကော်မတီဒုညွန်ချုပ်မစ္စတာ Mon Wai Pong က Hot News သို့ပြောကြားသည်။

“တရုတ်ကွန်မြူနစ်ပါတီအနေ နဲ့ မြန်မာနိုင်ငံကနိုင်ငံရေးပါတီ တွေနဲ့ ဆက်ဆံမှုတွေရှိပါတယ်။ အဲဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီဆိုရင် ခေါင်းဆောင်ပိုင်းရောပါတီပိုင်း ရောဆက်ဆံရေးဟာ အလွန်ကောင်း မွန်အောင်မြင်တဲ့အနေအထားမှာ ရှိနေပါတယ်။ ကျွန်တော်တို့အနေ နဲ့ မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတဲ့အခါမှာ အာဏာရပါတီ ဖြစ်ဖြစ်၊ အတိုက်အခံပါတီဖြစ်ဖြစ် ဘယ်ပါတီနဲ့ မဆိုဆက်ဆံပါတယ်။ အဓိကကတော့ နိုင်ငံခြားပါတီတွေ နဲ့ ဆက်ဆံတဲ့အခါမှာ လွတ်လပ် စွာဆုံးဖြတ်ရေး၊ တန်းတူညီတူဆက် ဆံရေး၊ အပြန်အလှန်ရိုသေလေး စားရေး၊ ပါတီတွေရဲ့ အတွင်းရေး ကိစ္စတွေကို ၀င်ရောက်စွက်ဖက် မှုမပြုရေးဆိုတဲ့ မူဝါဒတွေကိုလည်း ချမှတ်ဆောင်ရွက်နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီအပြင်မြန်မာနိုင်ငံ မှာ ဆက်ဆံနေတဲ့အခြားပါတီတွေ လည်းရှိပါသေးတယ်။ သူတို့အပေါ် မှာလည်းတန်းတူဆက်ဆံပါတယ်။ ပြည်ခိုင်ဖြိုးပါတီက အာဏာရပါတီ မို့လိုပိုအလေးပေးဆက်ဆံတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ဆက်ဆံ ရေးအလွန်ကောင်းတဲ့အနေအထား မှာရှိနေပါတယ်”ဟု Mr. Mon Wai Pang က ပြောကြားသွားခဲ့ သည်။

မြန်မာနိုင်ငံရှိနိုင်ငံရေးပါတီ များအနက်တရုတ်အာဏာရကွန် မြူနစ်ပါတီနှင့် ဆက်ဆံမှုရှိသော ပါတီများအနက် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းအပါအ၀င်ပါတီ နှင့် ဆက်ဆံရေးမှာ အထူးကောင်း နေပြီး ကျန်ဆက်ဆံလျက်ရှိသော မြန်မာနိုင်ငံရေးပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ NDF၊ ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ၊ NDP စသည်တို့ဖြစ်ကြောင်း သိရှိ ရသည်။

http://www.hotnewsweekly.com/archives/15497

ဦးသိန်းစိန်အစိုးရမှ KIA အား ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ပြည်တွင်းငြိမ်းချမ်းရေးကို လုံးဝပျက်စီးစေနိုင်ဟု SYCB ပြော


ဦးသိန်းစိန်အစိုးရမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အား ယခုကဲ့သို့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုကို လုံးဝပျက်စီးစေနိုင်သည်ဟု မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက် (SYCB)က ဒီဇင်ဘာလ (၃၁)ရက်နေ့ သဘောထားထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြ ပြောဆိုလိုက်သည်။

ထို့အပြင် ပြည်တွင်းစစ်တွင် ဦးသိန်းစိန်တပ်မတော်မှ ကြည်းတပ်၊ လေတပ်တို့ဖြင့် အင်အားအလုံးအရင်းသုံးပြီး ကချင်လွတ်လပ်ရေးတပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)နှင့် တိုင်းရင်းသားလူငယ်များအင်အားစုမှလည်း အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ကြောင်း သိရသည်။

" ငြိမ်းချမ်းရေးကို အကောင်ထည်ဖေါ်ဖို့ဆိုရင် စစ်တွေကိုရပ်ဆိုင်းမှ ဖြစ်လိမ့်မယ်။ နိုင်ငံတစ်ခုမှာ စစ်ပွဲတွေ အဆက်မပြတ် ရှိနေမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ပြီးအကောင်အထည်ဖေါ်ဆောင်နိုင်မလဲ။ အခုက မြန်မာ့စစ်တပ်ဟာ ဖိအားပေးထိုးစစ်ဆင်လာတယ်၊ ပြည်တွင်းစစ်မှာ လေကြောင်းကိုပါ သုံးလာတယ်။ တိုင်းရင်းသား လက်နက်ကိုင်တစ်ခုကို အပစ်အခတ်ရပ်စဲရေးဆိုတဲ့ တွေ့ဆုံးဆွေးနွေးရေးလုပ်နေတဲ့အချိန်မှာတောင်မှ အခုလိုမျိုး လေကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်လာနိုင်တာပေါ့။ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ဖေါ် စစ်တွေကိုမရပ်ဆိုင်းနိုင်ဘူးဆိုရင် ဘာအဓိပ္ပါယ်မှ မရှိဘူး။ အခုက စစ်ပွဲတွေမရပ်ဆိုင်းနိုင်တဲ့အပြင် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဲဒီအချက်နှစ်ချက်ကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပျက်ပြားစေနိုင်ပါတယ်။ " ဟု SYCB ၏ တွဲဖက်အထွေအထွေအတွင်းရေးမှူး(၂) မမေဇွန်ကပြောသည်။

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဟုပြောဆိုနေကြသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ရေးအတွက် တစ်ဖွဲ့ချင်းစီငြိမ်းချမ်းရေး ဖော်ဆောင်နေမည့်အစား တိုင်းရင်းသားများအားလုံးပါဝင်သော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရတို့သည် ပင်လုံကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် လုပ်ဆောင်ရန်လိုအပ်ကြောင်း မမေဇွန်က ဆက်လက်ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပြောဆိုနေသော်လည်း ကချင်ပြည်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အဆက်မပြတ်အရှိန်တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းစစ် တစ်နှစ်ကျော်ကာလအတွင်း ကချင်တိုင်းရင်းသား(၁)သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ စစ်ပြေးဒုက္ခသည်အဖြစ် တုန်လှုပ်ချောက်ချားစွာ ရှောင်ပုန်းနေထိုင်ရကြောင်း သဘောထားထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သမ္မတဦးသိန်စိန်အစိုးရအနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး အကောင်ထည်ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ ကချင်တိုင်းရင်းသားများအပေါ် ပြည်ပကျူးကျော်စစ်သဖွယ် အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်စဲရန် လိုအပ်နေပြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ သမ္မတဦးသိန်းစိန်အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော်အား ပြည်ပစစ်သဖွယ် အင်အား အလုံးအရင်းသုံးတိုက်ခိုက်နေမှုများအပေါ် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်းများအကြားတွင် မကျေမနပ်ဝေဖန်သံများ ထွက်ပေါ်လျှက်ရှိနေသည်။

ဒီကပါ။

ကချင်ပြည်နယ် စစ်ပွဲရပ်တန့်ရေး ရန်ကုန်မှာဆန္ဒပြ

နှစ်သစ်ကူး ဇန်န၀ါရီလ ၁ ရက်နေ့က ကချင်ဒေသမှာ စစ်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာတွေကို ရပ်ဆိုင်းကြဖို့ ရန်ကုန်မြို့တော်မှာ ပြည်သူတွေ ချီတက်တောင်းဆို ခဲ့ကြပါတယ်။ စစ်ပွဲတွေကို ချက်ချင်းရပ်ပစ်ဖို့၊ သိန်းနဲ့ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီတွေပေး ဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။ မသိင်္ဂီထိုက်က ပြောပြပေး မှာပါ။

ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ကို ချက်ချင်း ရပ်ကြဖို့ နှစ်သစ်ကူး ဖြစ်တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်မှာ ပြည်သူ ရာနဲ့ချီ ချီတက် တောင်းဆိုကြပါတယ်။ နှစ်သစ်မှာ “ငြိမ်းချမ်းကြပါစေ၊ ငြိမ်းချမ်းမှု မရှိတဲ့ နှစ်သစ်” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ကချင်ဒေသက စစ်ပွဲတွေ ရပ်ဆိုင်းစေဖို့ တောင်းဆိုခဲ့ကြပါတယ်။ ချီတက်တောင်းဆိုမှုမှာ ပါဝင်တဲ့ Generation Wave အဖွဲ့က ကိုဘိုဘိုက အခုလို ပြောပါတယ်။

“ကျနော်တို့ ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသတွေမှာ စစ်ဖြစ်နေတယ်ပေါ့နော်။ ကျနော်တို့က ခရစ်စမတ်နေ့မှာ ဒီမှာရှိနေတဲ့သူတွေက Happy New Year မှာ ပျော်ရွှင်နေနိုင်ပေမဲ့ ကျနော်တို့ တခြားတနေရာမှာရှိနေတဲ့ စစ်ဘေးကြုံနေရတဲ့ ဒေသမှာရှိနေတဲ့ သူငယ်ချင်းတွေ တပုံတပင်ကြီးပါ။ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ တပုံတပင်ကြီးပါ၊ ဆိုတော့ သူတို့ဖြစ်နေတဲ့ ခံစားချက်တွေကို ကျနော်တို့ မကြည့်နေနိုင်ဘူး။ နှစ်သစ်ကူးဖြစ်နေပေမဲ့ ကျနော်တို့ မပျော်နိုင်ဘူး။ အဲ့တာကြောင့်မို့ ကျနော်တို့ အတူတူပျော်ချင်တယ်။ ငြိမ်းချမ်းရေး ရချင်တယ်။ အဲ့အတွက်ကြောင့်မို့ ဒီလိုမျိုး ဆန္ဒဖော်ထုတ်ပြသတာပါ။”

ကချင်ဒေသက စစ်ပွဲတွေကြောင့် နှစ်သစ်ကူးနဲ့ ခရစ်စမတ် ကာလတွေ အတွင်း အေးလှတဲ့ ရာသီဥတု အောက်မှာ စစ်ဒဏ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ကချင်ဒေသခံတွေ အတွက်လည်း ခေတ္တ လုံလုံခြုံခြုံ ခိုလှုံနိုင်မယ့် နေရာတွေ ဖန်တီးပေးကြဖို့လည်း ချီတက်ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

စစ်ဖြစ်နေတဲ့ ကချင်ဒေသက ဒေသခံတွေဟာ လူသားတိုင်း ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့လည်း ပါဝင် ချီတက်ခဲ့တဲ့ လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့က ကိုအောင်မျိုးမင်းက ပြောပါတယ်။

“လူတိုင်းဟာ အသက်ရှင်ခွင့် ရရှိခွင့်ရှိသလို ကိုယ့်ပတ်ဝန်းကျင်အတွင်းမှာ လုံခြုံခွင့်ရရှိရမယ်ဆိုတာကိုလည်း အားလုံး သိတဲ့အတိုင်းပါပဲ။ အခုချိန်ဆိုလို့ရှိရင် ကျနော်တို့ ကချင်ဒေသမှာရှိတဲ့ IDP စခန်းတွေကအစ၊ လိုင်ဇာဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအဆုံး ငြိမ်းချမ်းစွာနဲ့ လုံခြုံမှုမရှိဘဲနဲ့ ကိုယ့်အသက်အတွက်ကိုယ်လွတ်မြောက်ဖို့အတွက် ကျီးလန့်စာစား နေရတာ လူ့ဘဝအတွက် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်က ကချင်ဒေသမှာ စစ်ဆင်နေတာကို ရပ်ဖို့ အစိုးရ တပ်တွေကို အမိန့်ပေးထားရက်နဲ့ ဘာကြောင့် စစ်ကို မရပ်တာလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်က ပြောပါတယ်။

“သမ္မတက ထိုးစစ်တွေဆင်တာရပ်ပါလို့ ပြောရက်တန်းလန်းနဲ့ မရပ်တာ ဘာဖြစ်လို့လည်း ကျမတို့ နားမလည်ဘူး။ အခုထက်ထိ နားမလည်ဘူး။ နောက်တခု ထိုးစစ်တွေ ဆင်တဲ့အခါမှာ စစ်စားရိတ်တွေ ကုန်တယ်။ ဘယ်သူက ခွင့်ပြုထားတာတုန်း၊ လွှတ်တော်ကနေ အဲ့ဒီ့ဘက်ဂျက်ကို မေးခွန်းထုတ်ပေးပါလို့ ကျမပြောချင်တယ်။”

လက်ရှိ ကချင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲမှာ မြန်မာ အစိုးရတပ်က ရဲဘော်တွေဘဲ ထိခိုက် ကျဆုံးသည် ဖြစ်စေ ကချင် တပ်ဘက်က ရဲဘော်တွေ ပြည်သူတွေဘဲ ထိခိုက် ကျဆုံးသည် ဖြစ်စေ ဒါဟာ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဘဲ ဖြစ်တယ်လို့လည်း ချီတက် တောင်းဆိုသူတွေက ပြောပါတယ်။ ဒါကြောင့် အချင်းချင်း တိုက်နေတဲ့ ပြည်တွင်းစစ်ကို ရပ်ဆိုင်းကြပါစို့လို့လည်း တိုက်တွန်းလိုက်ကြပါတယ်။

“ကျေးဇူးပြုပြီး စစ်ပွဲတွေ ရပ်ပေးပါ။ ကျေးဇူးပြုပြီးတော့ အပြစ်မဲ့တဲ့ပြည်သူတွေ ဒဏ်ရာ မရပါစေနဲ့။ (ဦးဝင်းချို)”

“ ကျမတို့ပြည်သူတွေ အားလုံး လိုလားတောင့်တတဲ့ စစ်မှန်တရားမျတတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူတွေအားလုံးကို ကျမတို့ ဒီနေရာကနေ တောင်းဆိုပါတယ်။ ကျမတို့ အခုလိုတောင်းဆိုရခြင်းဟာလည်းပဲ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုဟာ အဓိက တာဝန်ယူနေသော နိုင်ငံတော်အစိုးရအပေါ်မှာသာ လုံးလုံးလျားလျား တာဝန်ရှိတယ် လို့ ယုံကြည်တဲ့အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်။ (မေစပယ်ဖြူ)"

ကြွေးကြော်သံများ

“(စစ်ပွဲအားလုံး ချက်ခြင်းရပ်) (ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ) ”

ကချင်ပြည်နယ်တွင်းက မြန်မာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေတို့ကြား တိုက်ပွဲတွေ ကတော့ ဆက်ပြီး ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်က လေကြောင်းကရော မြေပြင်တိုက်ပွဲတွေနဲ့ပါ ကေအိုင်အေ ခြေကုပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ကေအိုင်အေ ဘက်က ပြောဆိုနေပေမယ့် မြန်မာ အစိုးရဘက်ကတော့ စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။

ဒီ နှစ်သစ်ကူး ဇန်န၀ါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေကို ရေဒီယိုကနေ တဆင့် နှစ်သစ်ကူး မိန့်ခွန်း ပြောတာမှာလည်း လက်ရှိ ဖြစ်ပွားနေတဲ့ ကချင် ဒေသ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောဆိုသွားတာ မရှိပါဘူး။

ဒီကပါ။

ဗြိတိသျှ spitfire တိုက်လေယာဉ်များ ရှာဖွေမှု မြစ်ကြီးနားမြို့ တွင်သေတ္တာတစ်လုံးစတင်တွေ့ရှိ

မြန်မာ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမိတက် နှင့်ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီတို့ ပူးပေါင်းဆောင် ရွက်နေသော ဒုတိယကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ့သည်ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့တွင် မြန်မာနိုင် ငံ မြစ်ကြီးနားမြို့ တွင် လေယာဉ်များထည့်ထားသောသေတ္တာ(ကွန်တိန်နာ)တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ရှာဖွေရေး အဖွဲ့တွင် ရွှေတောင်ပေါ် ကုမ္ပဏီ မှ ပရော်ဖက်ဆာ ဦးစိုးသိန်း ဦးစီး (၁၃) ဦး ပါဝင်ပြီး ၊ ရှာဖွေရေးအဖွဲ့မှ မြစ်ကြီးနား လေတပ်စခန်းလေယာဉ်ကွင်းပြေးလမ်းထိပ် မီတာ ၃၀၀ အကွာ တွင် တူးဖော်မှုစတင်ခဲ့ရာမြေကြီး ပေ အနက် ၃၀ ခန့် တွင် သစ်သား သေတ္တာ တစ်လုံးအား စတင်တွေ့ရှိ ခဲ့သည် ဟု ရွှေတောင်ပေါ် ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

Spitfire တိုက်လေယာဉ်များကို ပြန်လည် တူးဖော် ကြရန် နှစ်နိုင်ငံအကြား သဘောတူညီ ချက်ကို ဗြိတိသျှ ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ စဉ် ပြီးခဲ့သော ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့သည်။

တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက်DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည့်ဖြစ်ပြီးအကျိုးအမြတ် ခွဲဝေမှုကိုလည်း နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း ၊ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း ဖြစ်သည်။

ရွှေတောင်ပေါ်ကုမ္ပဏီက လေယာဉ် တူးဖော်ရေး အပိုင်းကို ၂၀၁၂ ခုနှစ်နိုဝင်ဘာလ ပထမပတ်တွင် လုပ်ငန်း စတင် ခဲ့ကာပထမဆုံးအနေဖြင့်သစ်သား တစ်လုံးအား မြစ်ကြီးနားမြို့  တွင်စတင်ရှာဖွေတွေ ရှိခဲ့ခြင်းဖြစ်သည်။

Spitfire တိုက်လေယာဉ် များသည် ဒုတိယ ကမ္ဘာစစ် အတွင်း အစင်းရေနှစ်သောင်းထက် မနည်း ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အစင်း ရေ ၃၅ စင်းခန့်သာ ကျန်ရှိတော့သည်။

အလျား ၃၀ ပေ၊ တောင်ပံအလျား၃၇ ပေရှိသော ယင်း Spitfireတိုက်လေယာဉ်များ သည် မြန်မာနိုင်ငံ အတွင်းမင်္ဂလာဒုံ၊ မြစ်ကြီးနားနှင့်မိတ်္ထီလာ (သဲတော)တို့တွင် တည်ရှိပြီး လူနေအိမ် များနှင့် ကင်းလွတ်ရာတွင် တည်ရှိသည်ဟု မှတ်တမ်း မှတ်ရာနှင့် အထောက်အ ထားများ အရသိရှိရကြောင်း၊ ယင်းတိုက် လေယာဉ်များကို ကျွန်း သေတ္တာများအတွင်း ပလတ်စတစ်ဖြင့် ထုပ်ပိုးထား ရှိကြောင်း၊ ပြည်ပ သို့ သယ်ဆောင်ရေး အပိုင်းတွင် ရေကြောင်းဖြင့် သယ်ယူရန် လျာထားခဲ့ကြောင်း ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ်Mr.David J.Cundall ကဆိုသည်။

Mr.David J.Cundall သည် Spitfire လေယာဉ်များ ကို ရှာဖွေရန်အတွက် ၁၉၉၇ ခုနှစ်မှ စတင်ကာမြန် မာနိုင်ငံသို့ ၁၂ ခေါက် ရောက်ရှိခဲ့ပြီးအမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ကျော် သုံးစွဲခဲ့ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီထံမှ သိရသည်။



Myanmar Online News

သေမင်းတမန်ရထားလမ်းကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖောက်လုပ်မည်

၁၉၄၂ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဂျပန်တပ်မတော်က ထိုင်းနှင့်မြန်မာနိုင်ငံသို့ ဆက်သွယ် ရန် မီးရထားလမ်းဖောက်လုပ်ခဲ့ ၍မြန်မာတိုင်းရင်း သားနှင့်မဟာ မိတ်တပ်သားများပါဝင်သော ချွေး တပ်သားပေါင်း (၉၀၀၀၀)ကျော် သေဆုံးခဲ့ သည့်အ တွက် သေမင်း တမန်ရထားလမ်းဟု နာမည်ကြီး ခဲ့သော ရထားလမ်းကို ၂၀၁၃ခုနှစ် မှစတင် ကာ ပြန်လည်ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသေမင်းတမန်ရထား လမ်းသည်မိုင်အရှည် ၇၈မိုင် အရှည်ရှိပြီး ထိုင်းနိုင်ငံနှင့်တိုက် ရိုက်ချိတ်ဆက်ထားသည့် ရထား လမ်းတစ်ခုဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးဇေယျာအောင် က ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၃ တွင် ပြုလုပ်ခဲ့သော နီပွန်ဖောင်ဒေး ရှင်း၏ အလှူငွေပေးအပ်ပွဲ၌ ပြောကြားသည်။

““သေမင်းတမန် ရထားလမ်းအရှည်က ၇၈မိုင်ရှိ တယ်။ အကျယ်ကိုတော့ တိုင်းတာနေတုန်းပဲဖြစ်ပါတယ်။ ဒီရထား လမ်းကို ဒီတစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်။ ဒီ ရထားလမ်းကိုပြန်လည်ဖောက်လုပ် တဲ့ နေရာမှာနိုင်ငံတကာ အကူ ပေးရင်တော့ ပိုကောင်းတာပေါ့၊ ရထားလမ်းဖောက်ဖို့အတွက် စပြီး တော့ တိုင်းတာနေပြီ။လက်ရှိမှာ တော့ ဘတ်ဂျက်ကိုမချပေးသေး ဘူး။ လမ်းတိုင်းတာတွေအကုန်လုံး ပြီးပြီဆိုမှပဲ ဒီရထားလမ်းအတွက် ဘတ်ဂျက်ဘယ်လောက်ဆိုတာ သတ်မှတ် သွားမှာဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

အဆိုပါ သေ မင်းတမန်ရထားလမ်းပြန်လည် ဖောက်လုပ်ရန်အတွက် အစီရင် ခံစာကို လွှတ်တော်ကိုတင်ပြ၍ ခွင်ြ့ပုချက်ရယူ သွားမည်ဖြစ်ပြီးနိုင်ငံတော် အစိုးရအနေဖြင့်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုရှိ ရှိမရှိရှိ ယင်း ရထားလမ်းအားဖောက်လုပ်သွား မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းကပြောကြားသည်။

သေမင်းတမန်ရထားလမ်း သည် ဘုရားသုံးဆူတောင်ကြားမှ မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင်ရှိသည့် ဘန်ကောက်-စင်ကာပူမီးရထားလမ်းသို့ ဆက်သွယ်နိုင်ရန်ဖောက်လုပ်ခြင်းဖြစ်ပြီး၊လက်ရှိတွင် အဆိုပါ မီးရ ထားလမ်းနေရာကို ကားလမ်း တစ်ခုအဖြစ် မွန်ပြည်နယ်ဒေသခံ များက အသုံးပြုနေကြပြီး သေမင်း တမန်ရထားလမ်း ကိုပြန်လည် ဖောက်လုပ်မည်ဆိုပါက မွန်ပြည် နယ်ဒေသခံများအသုံးပြုနေကြ သော ကားလမ်းပျောက်သွားနိုင် သည့် အတွက်ကြောင့် ဘုရားသုံး ဆူနှင့်သံဖြူဇရပ်ကြားတွင် ကား လမ်းအသစ်တစ်ခု မွန်ပြည်နယ်ဒေသခံများ အသုံးပြုနိုင်ရန် အတွက် ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

The Hot News

အကယ်ဒမီမော့စ် သေဆုံးဟူသော သတင်းမမှန်


ထာဝရအလင်းတန်းများ ရုပ်ရှင်ကားဖြင့်အမျိုးသားဇာတ်ပို့ဆုရရှိခဲ့သောအကယ်ဒမီမော့စ်သည် ယနေ့နံနက်တွင်ကွယ်လွန်သွားပြီ ဟုအွန်လိုင်းစာမျက်နှာများတွင် သတင်းများပျံ့နှံ့နေပြီး အဆိုပါသတင်းနှင့်ပတ် သက်၍မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဦးဇင် ၀ိုင်းအား Messenger ဂျာနယ်ကဆက်သွယ်မေးမြန်းရာယင်းသတင်းမှာမမှန်ကန်ကြောင်းပြန် လည်ဖြေကြား သည်။

From :messenger

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန်


မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း များစာရင်း ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ယမန်နေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၎င်းကစားသမားများသည် ဇန်န၀ါရီလ ၂၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားကြမည်ဖြစ်ကြောင်းသိရသည် ။

ခြေစမ်းပွဲမတိုင်မီ ဇန်န၀ါရီလ ၂၂ ရက်တွင် Football Clinic အစီအစဉ်ဖြင့် သုဝဏ္ဏကွင်း၌ မြန်မာ လူငယ် ကစားသမားများကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဂန္တ၀င်ကစားသမားများမှာ ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတိုစ် ပါဝင်မည်ဖြစ်ပြီး နည်းပြအဖြစ် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ ခေါင်းဆောင် ကားလိုစ်အဲလ်ဘာတို က တာဝန်ယူမည်ဖြစ်ကြောင်း ၊ အထူးဧည့်သည်အဖြစ် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် ကစားသမားစာရင်းအပြည့်အစုံမှာ -

ဂိုး- ဂီလ်မာ၊ ဇက်တီ။
နောက်တန်း- အဲလ်ဒဲယား၊ဂွန်ကဲလ်ဗက်စ်၊မာစီယိုဆန်းတိုစ်၊ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို။
အလယ်တန်း- ဒွန်ဂါ၊မာဇင်ဟို၊ပက်ဒရင်ဟို၊ ရီကာဒို ရိုချာ၊ ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။
ရှေ့တန်း- ဘီဘတ်တို၊ ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ တို့ဖြစ်ကြောင်းသိရသည်။

ဒီကပါ။

ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများ စိုးမိုးခဲ့ရခြင်းမှာ Sanction ကြောင့်ဟုဆို


ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်း များထက် ဈေးနှုန်းပိုသော်လည်း ရေရှည်တွင် ပိုကောင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။

''အရင်တုန်းက Sanction ကြောင့် တရုတ်ပစ္စည်းတွေပဲ စိုးမိုးတာများခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တခြားပစ္စည်းတွေကို သုံးချင်တယ်ဆိုရင်တောင်မှ ဘယ်သူမှ လာမရောင်းကြတဲ့အတွက် သုံးစွဲခွင့် မရခဲ့ ပါဘူး။ တခြားနိုင်ငံက ပစ္စည်းတွေ အနေနဲ့ တရုတ်ပစ္စည်းတွေထက် ဈေးနှုန်းပိုများပေမယ့် ရေရှည်မှာ ပိုကောင်းတာတွေရှိပါတယ်''ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ပကုမ္ပဏီများ ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍသို့ ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍လည်း ''ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းပြီးတဲ့ အချိန်ကို စောင့်ရပါမယ်။ ဥပဒေမရှိဘဲနဲ့ မရပါဘူး။ တစ်ခုသတိပြုရမှာက နိုင်ငံခြားကုမ္ပဏီတွေက နိုင်ငံတကာနဲ့ချီပြီး လုပ်ကိုင်လာတာဖြစ် လို့ နိုင်ငံ အလိုက်ဥပဒေတွေရဲ့ အားနည်းချက်ကိုသိတယ်။ အဲဒီ အားနည်းချက်ပေါ်မူတည်ပြီး ဘယ်လို အမြတ် ထုတ်ရ မလဲဆိုတာကိုလည်း သူတို့က ပိုသိကြတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အတွေ့အကြုံ အားနည်းပြီး အမြင်မရှိတဲ့အတွက် ဥပဒေမခိုင်မာရင်ခံရနိုင်ပါတယ်''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာ ၀န်ရှိသူက ပြောကြားသည်။

ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် Huawei, ZTE စသော တရုတ်နိုင်ငံထုတ်ပစ္စည်းများကိုသာ သုံးစွဲမှုများပြားကြောင်းသိရသည်။

Eleven Media Group

ရွှေဖြူနှင့် လုပ်သော မာစီဒီး

ဒူဘိုင်းမြို့ က ရေနံ စော်ဘွားဘီလျံနာတစ်ဦး ပိုင်တဲ့ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes- Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ် ထည် ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထား ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု ၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါ တယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။

-- Ref: autonewsweek
ရိုးရာလေးသတင်း

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ


ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူ မီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက် အများ တွေ့ရှိ ထား တယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါး သဲမြေတွေ ကို တွေ့ရှိ ရတာဖြစ်ပြီး အဲဒီ Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီး ခဲ့ တဲ့ နိုဝင်ဘာလ ဆန်းပိုင်းကစတင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီ ကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တု အလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့ အတွက် လေယာဉ် အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ က ပြောကြပါတယ်။

http://www.myanmartharkaung.net/2013/01/blog-post_4781.html

ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင် ရောက်ရှိလာသည့် မိသားစုဝင် များအား တပ်မတော်နှင့်အတူ တာဝန်ရှိသူများမှ ထောက်ပံ့မှုများ ဆောင်ရွက်


ကွတ်ခိုင်မြို့နယ်၊ မန်နားကျေးရွာ၊ နမ့်ပါမုံးကျေးရွာ၊ တုံခမ်းကျေးရွာ၊နောင်ဖာ ကျေးရွာ၊ နမ့်ဟူးကျေးရွာနှင့် နမ့်ဂလောင်း ကျေးရွာများမှ ကချင်လူမျိုး အိမ်ထောင်စု ၆၉ စုမှ လူဦးရေ ကျား ၁၀၆ ဦး၊ မ ၉၆ ဦး၊ စုစုပေါင်း ၂၀၂ ဦးတို့သည် ကွတ်ခိုင်မြို့၊ အမှတ် (၂)ရက်ကွက်ရှိနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ လည်းကောင်း၊ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ကျား ၇၉ ဦး၊ မ ၉၅ ဦး၊ စုစုပေါင်း ၁၇၄ ဦးတို့သည် ကွတ်ခိုင် မြို့၊ ရပ်ကွက် (၃)ရှိ ကတ်သလစ် ဘုရားကျောင်းဝင်း အတွင်း၌လည်းကောင်း စစ်ဘေး တိမ်းရှောင် ရန် ရောက်ရှိ နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ကျေးရွာများမှ ကချင်လူမျိုးများအား ကွတ်ခိုင်မြို့ အတွင်းပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်၍ မြေပြင်သတင်း ရရှိချက်များအရကေအိုင်အေ သောင်းကျန်းသူများသည် ၎င်းကျေးရွာများမှ ကချင်လူမျိုး များအား ကွတ်ခိုင် မြို့ပေါ်သို့ အတင်းအဓမ္မ ပြောင်းရွှေ့ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ကျေးရွာများတွင် ကချင်လူမျိုးများ အပြင် အခြားသော လူမျိုးများဖြစ်သည့် ပလောင်၊ ရှမ်း၊ ဗမာများလည်းနေထိုင်ကြောင်း သိရှိရ ပါသည်။

ကွတ်ခိုင်မြို့ပေါ်သို့ တိမ်းရှောင်ရောက်ရှိ လာသည့် မိသားစုဝင်များအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိ သူများနှင့် အတူ ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ အလှူခံအဖွဲ့ ဖွဲ့စည်းကာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မှ စတင်၍ အလှူခံလျက်ရှိပါသည်။

တိမ်းရှောင်လာသူ မိသားစုဝင်များအတွက် နယ်မြေခံတပ်မတော်ရှိ တပ်ရင်း များမှ ငွေ ၇ သိန်းနှင့် ဆန် ၂၉ အိတ်၊ ကောင်းခါး ပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ ဆန် ၂၀ အိတ်၊ ကွတ်ခိုင် ပြည်သူ့စစ် (ဌာနေ) မှ ဆန် ၁၀ အိတ် လှူဒါန်းခဲ့ပြီး တိမ်းရှောင် မိသားစုများအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိသူများ သွားရောက်တွေ့ ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မြ၀တီ

အလယ်ယာဉ်ကြောမှမမောင်းနှင်ရန် သတိပေးသည့် ကြော်ငြာများ ကတ္တရာ လမ်းပေါ်တွင် ရိုက်နှိပ်ဖော်ပြသွားမည်

မန္တလေးမြို့အတွင်းရှိ ယာဉ်ကြောရှုပ်ထွေးသောနေရာများတွင် ဆိုင်ကယ် များကို အလယ်ယာဉ်ကြောမှ မမောင်း နှင်ရန် သတိပေးသည့် အသိပေး ကြေငြာများကို၂၀၁၃ ခုနှစ်မှ စတင် ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင် သာယာရေးကော်မတီ လမ်းတံတားဌာန ဦးစီးမှူးဒေါ်ခင်မေဌေးထံမှ သိရသည်။ မန္တလေးမြို့အတွင်း သိသိသာသာ ယာဉ်ကြောရှုပ်ထွေး လာသဖြင့် ဆိုက် ကယ်၊ ကားများကို စနစ် တကျ သွားလာ နိုင်ရန်အတွက် ယခုကဲ့သို့ ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်နှိပ်ဖော်ပြထားခြင်းကို မန္တလေးမြို့ အတွင်းနှင့် အဓိကကျ သောနေရာများတွင် ယခုနှစ် ဘဏ္ဍရေးနှစ်ကုန် ဖြစ် သည့် မတ်လပိုင်းတွင်း အပြီးပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလို ပြုလုပ်တာက ယာဉ်ကြောတွေ ရှုပ်ထွေး တာ ပျောက် သွားအောင်၊ နောက်ပြီး ဆိုင်ကယ် နဲ့ စက်ဘီးတွေက ကားတွေသွားလာတဲ့ အလယ်ယာဉ်ကြောမှာ တက်ရောက်စီးနှင်းတော့ မကြာခဏ ယာဉ်တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ၀န်ကြီးဦးကျော်ဆန်းရဲ့ ညွှန်ကြား ချက်အတိုင်း အခုလိုပြုလုပ်တာ ပါ။ နောက်ပိုင်းမှာဆိုရင်တော့ အဲဒီရိုက် နှိပ်ဖော်ပြတဲ့နေရာမှာ တက်ရောက်မောင်းနှင်တဲ့သူကို ယာဉ် စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီ ကအရေးယူဆောင်ရွက် သွားမှာပါ´ ဟုဒေါ်ခင်မေဌေးက ပြောကြားသည်။

မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်တီမှ တာဝန်ရှိသူ တစ်ဦးအား မေးမြန်းရာ “ ကျွန်တော်တို့ကတော့ သတ်မှတ်ထားတဲ့ စည်းကမ်း အတိုင်း အရေး ယူဆောင်ရွက်သွားမှာပါ၊ဘယ်လောက်ပေးဆောင်ရမလဲဆိုတာကတော့ မသတ်မှတ်ထား သေးပါဘူး။ ဖမ်းဆီး တာကိုလည်း မတ်လပိုင်းကျော်မှပဲ လုပ်ဆောင်သွားမှာပါ။ အခုက ပညာပေးအနေနဲ့တော့ အသိပေးဖို့ ရှိပါတယ်”ဟု ပြောကြားသည်။

အဆိုပါ သတိပေးကြေငြာများကို တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ ကျုံးပတ် လည်၊ ၃၅လမ်း၊ ၂၆လမ်းနှင့် အဓိက ကျသော နေရာများတွင် အမြန်ဆုံးပြုလုပ် သွား မည်ဖြစ်ကြောင်း သိရသည်။

The Myanma Age

Panasonic လည်း HD resolution အဆင့်ရှိ ဖုန်းထုတ်မည်

Panasonic P-02E လို့ အမည်ပေးထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး resolution ကတော့ 1080p Full HD ဖြစ်ပါတယ် Full HD အဆင့်ရှိတဲ့ စမတ်ဖုန်းကို စမတ်ဖုန်းထုတ်တဲ့ နည်းပညာ ကုမ္မဏီကြီး အားလုံးက ကြိုပမ်းနေပြီ ဖြစ်ပါတယ်။ Nokia, Samsung, Apple, Motorola, HTC အစရှိသဖြင့် ကမ္မဏီကြီးအားလုံးရဲ့  ၂၀၁၃ ပန်းတိုင် ဟာလည်း HD အဆင့်ရှိ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

အရွယ်အစား၊ အသေးစိတ် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ ဘယ်လိုရှိတယ်ဆိုတာကို မသိရသေး ပေမယ့် Full HD 1920×1080 resolution ရှိမယ်ဆို တာကိုတော့ အတည်ပြုနေကြပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၃ ဇန်နဝါရီလ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် ကုန်စည်ပြပွဲ (CES) မှာ ဝင်ရောက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။

-- Ref: slashgear
Aung Kham (TSJ team)

ကလေးတွင် ဘင်္ဂါလီ ၆ ဦးဖမ်းမိ

အိန္ဒိယနယ်စပ်နှင့် ဆက်စပ်နေသောစစ်ကိုင်းတိုင်း ကလေးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင်ခိုးဝင်လာသော ဘင်္ဂါလီ ခြောက်ဦးကိုဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရ သည်။ ကလေးမြို့တောင်ပိုင်းရှိ ခုံတိုးမြို့သာနှင့် ကြန်သာ ကျေးရွာ တို့တွင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး မြောက်စည်းကျေးရွာ ရဲစခန်းတွင် စစ်ဆေးနေကြောင်း ၄င်းတို့ထံမှ သိရသည်။

“ရွာသားတွေက သတင်းပေးလို့ ဖမ်းမိတာပါ၊ ခုံတိုးမြို့သာမှာက (၄)ယောက်၊ ကြန်သာမှာက ( ၂)ယောက် မိပါတယ်” ဟု ကလေးမြို့ရှိ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် ဦးပဏ္ဍဝံသက The Voice Weekly သို့ အတည်ပြု မိန့်ကြားသည်။

ကလေးမြို့နယ်အတွင်းသို့ ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂါလီများ ခိုးဝင်လာမှုပိုမို များပြားခဲ့ပြီးသက်ဆိုင်ရာ အာဏာပိုင်များမှလည်း သတိထား စောင့်ကြည့်နေရကြောင်း ဒေသခံများက တူညီစွာ ပြောကြားသည်။

The Voice Weekly

လိုင်ဇာအတွက် အရေးပါဆုံး လဂျားယန်တောင်ပေါ်ရှိ ပွိုင့် ၇၇၁ စခန်းအား တပ်မတော်မှ နိုင်ငံတော်အား နှစ်သစ်ကူးလက်ဆောင်အဖြစ် ပြန်လည်ရယူပေးခဲ့

လိုင်ဇာကိုစိုးမိုးထားသည့် လဂျားယန်တောင်ကြောရှိ အမြင့်ဆုံးစခန်း ပွိင့် ၇၇၁ တောင်ကုန်း

ကျွန်တော်တို့ ဒီဇင်ဘာ (၃၀)နေ့လည်လောက်က လဂျားယန်တောင်ကြောကအမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက KIA စခန်းကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမစိန်ပြောင်းကြီးအပါအ၀င် လက်နက်ငယ်နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေအများအပြားသိမ်းမိပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးနဲ့မှုးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းမိခဲ့တဲ့ KIA စစ်သည်တွေရဲ့အဆိုအရ KIA အရာရှိတွေဟာ KIA စစ်သားတွေကို စိတ်ကြွဆေးနဲ့မူးယစ်ဆေးဝါးတွေတိုက်ပြီးအသေခံတိုက်ခိုင်းခဲ့ပါတယ် ပိုပြီးဝမ်းနည်းဖို့ကောင်းတာKIAစစ်သားတစ်ချို့ကိုထွက်ပြေးလို့မရအောင်ခြေထောက်တွေကိုသံကြိုးနဲ့သော့ခတ်ပြီး အသေခံတိုက်ခိုင်းသွားတာပါဘဲ အထောက်အထား ဓာတ်ပုံတွေလဲရှိပါတယ် ဆက်ပြီးပေးပို့သွား ပါမယ်။ သေဆုံးသူတွေရဲ့ဓာတ်ပုံတွေရှိပေမဲ့ သေဆုံးသူရဲ့ မိသားစုကို ငဲ့ညာပြီး မတင်တော့ပါဘူး။သေဆုံး သူအားလုံးကို ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ပါတယ်။


ကေအိုင်အေ စခန်းမှသိမ်းဆည်းရမိသော တိုက်မိုင်းများ

ကျွန်တော်တို့တပ်မတော်က မလွဲသာလို့ ကျွန်တော်တို့တပ်တွေကို ခနခနမိုင်းဆွဲတိုက်နေလို့သာ တက်သိမ်းရတာမူးယစ်ဆေးဝါးသိမ်းဆည်းရရှိမှု ကိုလည်း အသေးစိတ်စာရင်းကိုပြုစုနေပါတယ်။ သိမ်းဆီး ရမိတဲ့လက်နက်ခဲယမ်းနဲ့ မှုးယစ်ဆေးဝါးတွေများလွန်းလို့ စာရင်းမချုပ်နိုင်သေးပါဘူး ဒါဏ်ရာနဲ့ ဖမ်းဆီးရမိ တဲ့ KIA စစ်သားတွေလဲ စိတ်ကြွဆေးတွေသုံးထားတာကိုတွေ့ရပါတယ်။

ကေအိုင်အေ နှင့် ABSDF တို့ဆီမှ သိမ်းပိုက်ရရှိသော စစ်အသုံးအဆောင်တစ်ချို့

လဂျားယန်စခန်းကိုသိမ်းတဲ့အခါ ကျွန်တော်တို့တပ်ကစစ်သည် (၇) ယောက်ကျဆုံးပါတယ်။ စခန်းသိမ်းပြီး ရန်သူအလောင်း ၆၃ လောင်း စခန်းမှာကျန်ခဲ့ပါတယ်။ ဗိုလ်မှုးအဆင့် နဲ့တစ်ယောက် ABSDF က၁၂ယောက် တို့ဖြစ်ပါတယ်။။

ရွှာအဝင်တွင်တပ်မတော်သားတို့အား ချောင်းမြောင်းတိုက်ခိုက်သည့် ကေအိုင်အေနှင့်ABSDF တို့၏ ကတုတ်ကျင်းငယ်များ

ဒီကပါ။