Monday, September 30, 2013

တစ်ကျော့ပြန် အစွဲသန်မှုများနှင့် မြန်မာနိုင်ငံ



မြန်မာ့နိုင်ငံရေး ဓလေ့တွင် မူလကတည်းက “ရယ်ဒီ ကယ်” အစွဲသန်သည်ဟု သမိုင်းပညာရှင် ဒေါက်တာ မောင်မောင်ကြီးက မှတ်ချက်ပြုဖူးသည်။ ဤအချက်က ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန် စေရေး အတွက် ခက်ခဲနိုင်သလို၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေးအတွက် အထောက်အကူ ဖြစ်စေ သည်ဟုလည်း သူက ကောက်ချက်ချခဲ့ သည်။ စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံ နှင့် ဥာဏ်မီ သလောက်ဆိုရလျင် ဆရာ မောင်မောင်ကြီး၏ အဆိုနှင့်ကောက်ချက်မှာသွေးထွက်အောင်မှန်သည်ဟုထင်ပါသည်။


တစ်ခုတော့ရှိသည်။အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုက ၊ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲ ကို ဖေါက် ထွင်း စဥ်းစားနိုင်လျင်မူ၊ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။ဥပမာ-ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေးကြိုးပမ်း မှုနောက်ဆုံး အဆင့်။ထိုစဉ်ကာလ ၊ပြည်တွင်းမှာရော၊နိုင်ငံတကာတွင်ပါ သြဇာကြီးလှသော၊ လက်ဝဲရယ်ဒီကယ် လှိုင်းကြီးကိုကျော်ပြီး ၊လွတ်လပ်ရေးအရယူပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ခေါင်းဆောင်မှု မျိုး ဖြစ်သည်။

သို့နှင့်တိုင် ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်း လွတ်လပ်ရေးခေတ်ဦးမှာပင် ၊လက်ဝဲ လက်ယာ အပြုတ်တိုက် ရယ်ဒီကယ်လှိုင်းများကို မကျော်လွှားနိုင်ရာမှ၊ပြည်တွင်းစစ်၊ဇတ်နာကြီး နှင့် တိုးခဲ့ရသည်။ အကျိုးဆက်ကား၊အားယူခါစ ဒီမိုကရေစီ နိုင်ငံရေးစနစ် သက်တမ်းကုန်သွားခြင်းပင်။ သည်လိုနှင့် ဆယ်စုများစွာ ပျောက်ဆုံးသွားခဲ့ရသော ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းနိုင်ဖို့၊ မနည်းကြိုး စားရုန်းကန် နေရဆဲမှာပင်၊ ရယ်ဒီကယ် အန္တရာယ်လှိုင်းများကား ဆုံးပဲမဆုံးနိုင်။တစ်ကျော့ တဖန် ပြန်လည် အားသစ်လာသည်ကို တွေ့နေရသည်။ 

ဓလေ့နှစ်မျိုး

ဤနေရာတွင်၊စကားလုံးများနှင့် ဆက်စပ်နေသော သဘောထားများကို၊ပြန်ရှင်းဖို့လိုမည် ထင်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက်အရ၊“ရယ်ဒီကယ်”ဆိုသည်မှာ၊ “အရင်းအမြစ်မှတော်လှန်ပြောင်းလဲလိုသော”ဟု အဓိ ပ္ပါယ် ရသည်။နိုင်ငံရေးအရဆိုလျှင်၊သဘောထားမတူသူချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ရည်ရွယ်သော၊ ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေးဓလေ့ပင် ဖြစ် သည်။ဆိုရလျင် ပြည်တွင်းစစ် “ချသမိုင်း“ကြီးကို မွေး ထုတ်လိုက်သည်မှာ ဤဓလေ့ပင်ဖြစ်သည်။

ကြည့်ပါ။ ၁၉၄၈ နောက်ပိုင်း၊အစိုးရအဆက်ဆက်၏ ရည်မှန်းချက်မှာ၊သူပုန်သကန် အမြစ်ဖြုတ် ရေး ဖြစ်သည်။အပြန်အလှန်အနေနှင့်၊တောတွင်းလက်နက်ကိုင် အင်အားစုအသီးသီး၏ ရည်မှန်း ချက် မှာလည်း၊ အစိုးရဖြုတ်ချရေးပင်ဖြစ်သည်။သူ့အကြောင်းနှင့်သူ အစိုးရတွေပြောင်းသွားသော် လည်း ၊ “လက်နက်ကိုင် တော်လှန်ရေး” ဆိုသည်ကြောင့် ပြုတ်ကျသွားသော အစိုးရဆို၍ တစ်ခုမှမရှိ။တစ်ဘက် က သူပုန်လည်း အမြစ်မပြတ်။ တိုင်းပြည်သာ စုတ်ပြတ်သွားခဲ့ရသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသာ စတေးခဲ့ရသည်။ ရယ်ဒီကယ် ဓလေ့ဖြင့်၊ပြည်တွင်းစစ် မရပ်နိုင်သည့် သာဓက။ဒီမိုကရေစီ ရေစုန်မျော ခဲ့ရသည့် သင်ခန်း စာ။

ဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်ဖို့ဆိုလျင် “သဘောထားမတူသူများ၊ အတူလက်တွဲ ညှိနှိုင်း ဆောင် ရွက်ကြရမည့် ယဉ်ကျေးမှု” တစ်နည်း ၊ “ဒီမိုကရက်တစ်ဓလေ့“ထွန်းကားဖို့လိုပါလိမ့်မည်။ ခက်နေသည် မှာ၊မြန်မာ့နိုင်ငံရေး ဓလေ့တွင်၊အဆိုပါ “ဒီမိုကရက်တစ်ဓလေ့”ထက်၊ရယ်ဒီကယ်ဓလေ့က ပိုစွဲခိုင်နေခြင်း ပင်။ပြောရလျင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းရောက်မှ ဒီမိုကရက်တစ် ဓလေ့ကို ခပ်ရေးရေး စတွေ့လာရသည်။ဒီကြားထဲမှပင်၊ရယ်ဒီကယ်လှိုင်းများကား ၊အခါခွင့်သင့်တိုင်း ၊ တ၀ုန်းဝုန်း ရိုက်ခတ် ဆဲ....။ဥပမာ - လက်ပံတောင်းကိစ္စ ၊မန္တလေး ရှစ်လေးလုံးငွေရတု...စသည်ဖြင့်..။ ဟော- အခု နောက် တစ်ကြိမ် လာပြန်ပြီ။

ပြင်ရေးလား / အသစ်လား

ပြည်တွင်းငြိမ်းချမ်းရေး၊ ကြိုးပမ်းမှု၊ အဆင့်တစ်ဆင့်သို့ ရောက်လာချိန်၊ လွှတ်တော်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့ပြီး၊ကြိုးပမ်းလာချိန်...၊(ပို၍ အရေးကြီးသည်မှာ) မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၊တည်တည်ငြိမ်ငြိမ်ရှေ့ဆက်နိုင်ရေးအတွက် အထူး လိုအပ်နေချိန်...။ ဤမျှအရေးကြီး၊အကဲဆတ်လှသော အခြေအနေမှာပင်၊ ဆိုခဲ့ပါ ဓလေ့နှစ်ရပ် တစ်ပြိုင် နက် ပေါ်လာသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်၊သဘောထား မတူသူများ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည်ဆိုသော “ဒီမိုကရက်တစ်ဓလေ့” နှင့် ၊ “၂၀၀၈ အခြေခံဥပဒေဖျက် ၊ အသစ်ပြန်ရေးရမယ်“ ဆို သော ထိပ်တိုက် ရင်ဆိုင်ရေး “ရယ်ဒီကယ်ဓလေ့” တို့ဖြစ်သည်။ နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင် ရယ်ဒီကယ် အစွဲ သန်သော၊ မြန်မာနိုင်ငံအတွက်၊ဒုတိယလမ်းကြောင်း (အသစ်ပြန်လည်ရေးဆွဲရေး)မှာ၊ လူကြိုက် များနိုင် သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆ၀ါးမိပါသည်။ သို့ တစေ သမိုင်းအတွေ့အကြုံများ အရ၊အန္တ ရာယ်ရှိ နိုင်သည်။ လက်ရှိဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်းဖြစ်သွား နိုင် သည်။ စေတနာ မှန်သော၊ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုအနေနှင့် ဘာကိုရွေးကြမည်နည်း။

တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များက၊လက်တွေ့ကျသော၊ ပထမ လမ်းကြောင်း ကို ရွေးလိုက်ကြသည်ကို ကြားရဖတ်ရသောအခါ ကျေးဇူးတင်ဝမ်းမြောက်ရသည်။ အထူး သဖြင့် ၀ါရင့် သမ္ဘာရင့် တော်လှန်ရေးသမားကြီး ၊ KNU ဗဟိုကော်မတီဝင် ၊ဖဒိုမန်းငြိမ်းမောင် လို ပုဂ္ဂိုလ် မျိုး ကိုယ်တိုင်က ၊ ဒီမိုကရက်တစ်ဓလေ့ဖြင့် ရပ်တည်ပြလိုက်ရာ၊ သူ့စေတနာနှင့် သူ့အမျှော်အမြင် ကို လေးစားအားကျ ရသည်။“လ္ဘက်ရည်ဆိုင်၊ဘီယာဆိုင်တွေထဲက၊နိုင်ငံရေး မီးရှူးမီးပန်းများကိုမှုစရာမ လို တော့ပြီ...” တွေးမိ တော့ ပျော်သွားသည်။ သို့သော်.......။

မေတ္တာရပ်ခံချက်

ပွင့်ပွင့်လင်းလင်းဆိုရလျင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂ /၀၉ /၂၀၁၃) ကိုဖတ် ရသောအခါ စောစောက အပျော်တွေလွင့်စင်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က၊ ဆိုခဲ့ပြီး သော၊ လမ်းကြောင်းနှစ်ရပ် ၊ဓလေ့နှစ်ခု တွင်။ တိတိပပ အဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကိုရ ယူမည်” ဟုဆိုသည်။ “ ဘာလဲ....ဘယ်လိုလဲ”

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့်သဘောလား။ဤသို့ဆိုလျှင် ဘယ်သူက လုပ်ပေးမည် နည်း။ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။စာရေးသူ နားလည်သလောက်ဆိုရလျင် ၊ NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲ ကော်မရှင်မဟုတ်၊အစိုးရမဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစား ကြရမည်မှာ “ ဆန္ဒခံယူပွဲတိုင်းသည်၊လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော...” ၊“လူထု ဆန္ဒအမှန်ကို ရရှိလျင်ပင်ထား ၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော...”။ “မဟာဗျူဟာချမှတ်ရန် အတွက်လူထုတွင် တာဝန် ကောရှိပါ၏လော....”။ရာစုဝက်ကျော်မျှ ၊ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေးချွတ်ခြုံ ကျနေ သော၊နိုင်ငံရေးသွေးကြာဖြတ်ခံရသော၊စားဝတ်နေရေးအတွက် ကျားကုပ်ကျားခဲ ရုန်းကန်နေကြ ရ သော၊ အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည်ထင်ပါသည်။

စာရေးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီးမျှော်လင့်ထားပါသည်။အထူးသဖြင့် လက်ဝဲ ရယ်ဒီကယ် အစွဲသန်သော မြန်မာ့နိုင်ငံရေးတွင်၊ ရှားရှားပါးပါး “လစ်ဘရယ်စိတ်အခံရှိသူ” ဟု မြင်ထား သည်။ သူမကိုယ်တိုင်ရေးသော ဆောင်းပါးတစ်ပုဒ်အရ၊ “တော်လှန်ရေးကာလ နှင့် တည်ဆောက်ရေး ကာလ” ကို ကောင်းစွာခွဲခြား သိမြင် နိုင်သူဟု ယုံကြည်ထားပါသည်။ လက်ပံတောင်းအရေးကို ကိုင်တွယ်ခဲ့သော ၊ အမျှော်အမြင်ဖြင့် ယခုကိစ္စကို ပြန်လည်စဉ်းစားပေးပါ ဟု လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ကျော်ဝင်း

http://www.oppositeyes.info/2013/09/blog-post_30.html

၇၅% +၁ = ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်



လတ်တလော ကြားနေရတဲ့ နိုင်ငံရေးသတင်း တွေက ကျွန်တော် တို့ မြန်မာနိုင်ငံသားတစ်ဦးချင်း အဖို့ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည် လို့ မေးရမလို ဖြစ်ကိန်း ဆိုက်နေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်မယ်၊ အချို့ ကလည်း အသစ်ရေးဆွဲမှ ရမယ်၊ ပြင်ဆင်စရာ မလိုဘူးလို့ ပြောသူတွေလည်းရှိတယ်။ ကျွန်တော်တို့ ပြည်သူ တွေက ဘာကိုနားလည်လက်ခံရမှန်း မသိအောင် အာရုံတွေနောက်နေရပါပြီ။


NLD ဥက္ကဌ ဒေါ်စုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကိုပြင်ကိုပြင်ရမယ်လို့ ပြောကြားထားတာရှိသလို တိုင်းရင်းသား အဖွဲ့အစည်း ပါတီတွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး စနေနေ့တိုင်း တွေ့ဆုံဆွေးနွေး ပွဲတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူ ခရီးစဉ်မှာလည်း အတိအလင်း ပြောဆိုခဲ့တာရှိပါ တယ်။

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် ယုံကြည်မှု တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ NLD အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ အပြစ်အနာအဆာ များလွန်းနေတာကြောင့် အသစ်ရေးဆွဲဖို့ လိုကြောင်း ထင်မြင်မိတယ် လို့ ပြောသွားပြန်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေရဲ့ အတွေးထဲမှာ ဖွဲ့စည်းပုံ ပြင်တော့မယ့်ကိစ္စကို အားလုံးထောက်ခံနေပြီလား ဆိုတဲ့ အဖြေကို သိချင်နေခဲ့မိပါတယ်။ ဒါပေမယ့် အချို့ပါတီတွေက လက်မခံတာတွေ့ရပြန်ပါတယ်။

(၂၅) နှစ်ပြည့် တစညပါတီရဲ့ ငွေရတုနှစ်ပတ်လည်အခမ်းအနားမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကို တစညက လက်မခံဘူးဆိုပြီး စကားသံတွေ ပေါ်ထွက်လာ ပါတယ်။ ထို့အတူ ပြည်ခိုင်ဖြိုးပါတီမှ ဦးဌေးဦး ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် မလိုဘူးဆိုပြီး အတိအလင်းပြောဆိုလိုက်ပြန်ပါတယ်။

ဒီတော့ ကျွန်တော်လည်း စိတ်ဝင်စားလာတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အသိမိတ်ဆွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆီ အပြေး သွားပြီး မေးကြည့်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် လွှတ်တော်ထဲက ၇၅% ကျော် ထောက် ခံမှုရရှိမှသာ ပြင်နိုင်မယ်လို့ ရှင်းပြပါတယ်။ သူကတော့ ၇၅%+၁ ဆိုတဲ့ ရလဒ် ဟာ စိတ်ကူးယဉ်သလိုဖြစ်နေတယ်ဆိုပြီး ပြောလိုက်ပါတယ်။

ကျွန်တော့် အိမ်အပြန်လမ်းမှာ အတွေးပေါင်းစုံဝင်ရောက်လာပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ် စားလှယ် ၂၅ % ပါတော့ ကျန်တဲ့ ၇၅% အပြည့်အ၀ ထောက်ခံ မယ်ဆိုရင်တောင် တပ်မတော်သား ၂၅%က မထောက်ခံဘူးဆိုရင် ၇၅%+၁ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ လတ်တလော အခြေအနေအရ ပြည်ခိုင်ဖြိုး မထောက်ခံဘူးဆိုရင် ၇၅% ထဲက အနှုတ် လက္ခဏာပြသွားမှာပါ။ ဒါဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ NLD တစ်ခု တည်းနဲ့ မပြီးဘူးဆိုတဲ့ အဖြေထွက်လာပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တစညကို လည်း ပါဝင်စေရမှာဖြစ်သလို သူတို့ ၂ ဖွဲ့ထောက်ခံတယ်ပဲထားဦး ၇၅% အပြည့်ရလာမယ်။ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး ရဲ့ ထောက်ခံမှု ကလည်း မရှိမဖြစ် လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါ တယ်။

တစ်ဖက်နှင့်တစ်ဖက် နားလည်မှုတွေ လွဲနေသမျှ ၇၅ % ဖြစ်လာနိုင် စရာအကြောင်း မရှိပါ။ တပ်မတော်ကို နိုင်ငံရေးလောကထဲကနေ လုံးဝကန် ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် ၇၅%+၁ လည်း မျှော်လင့်စရာမရှိပါ။ ၇၅%+၁= ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်ဆိုတာ သင်္ချာတွက်ကိန်းဖြစ် ပါတယ်။

၂၀၁၅ မတိုင်ခင် အဲဒီ အဖြေထွက်၊ မထွက်ဆိုတာကို ကျွန်တော်တို့ အားလုံး တွက်ချက်စဉ်းစားရင်း စောင့် မျှော် နေကြရပါဦးမယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပါယ် သက်ရောက် နိုင်သည့် အတွက် လက်တွေ့မကျသည့် တောင်းဆိုမှုတွေသည် အန္တရာယ်တွေ များကြောင်း RNDP မှ ဦးဦးလှစော၏ ပြောဆိုချက် ကိုလည်း အလေးထား သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

နေ၀န်းသစ်

http://www.oppositeyes.info/2013/09/blog-post_6004.html

ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ပတ်သတ်ပြီး ပြည်သူတစ်ဦး၏ ဆန္ဒ



၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်မလား၊ အသစ် ပြန်လည်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည် သူတွေရဲ့ ဆန္ဒသဘောထားကိုရယူဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့  တိုင်းရင်းသား နိုင်ငံရေးပါတီ တွေက (၂၈.၉.၂၀၁၃) နေ့ တွင် ဆုံးဖြတ်ချက်ချခဲ့ တယ် လို့ သတင်းရရှိပါတယ်။


ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်အနေနဲ့ ကျွန်တော်၏ ဆန္ဒသဘော ထားကို တင်ပြပါမယ်။


၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အသစ် ပြန်လည်ရေးဆွဲမည်ကို လုံးဝ (လုံးဝ) လက်သင့် မခံပါ။

အဘယ်ကြောင့်ဆိုသော် လက်ရှိ ကျွန်တော်တို့ နိုင်ငံ၏ ပြုပြင်ပြောင်းလဲ တိုးတက်မှုများ ရပ်တန့်သွားကာ မလိုလားအပ်သော ပြည်တွင်း ပြည်ပ နိုင်ငံရေး ပယောဂများ ဝင်လာနိုင်ပြီး တိုင်းပြည်မငြိမ်မသက် ဖြစ်သွား နိုင်သောကြောင့် ဖြစ်ပါတယ်။

၂။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အများ ဆန္ဒသဘော ထားအရ ပြင်ဆင်လိုက ပြင်ဆင်ကြပါ ၊ သိုသော် နိုင်ငံတော်လုံခြုံရေး နှင့် အမျိုးသားကာကွယ်စောင့်ရှောက်ရေး အတွက် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (က) (ခ) နှင့် (စ) တို့အား မည့်သည့် အကြောင်းကြောင့်မှ လုံးဝ ( လုံးဝ ) မပြင်ဆင်သင့် ၊ မပြင်ဆင် အပ်ပေ။

အဘယ်ကြောင့်ဆိုသော် နောင်တက်လာမည့် သမ္မတကြီး ၊ သမ္မတကြီး ကတော် (သို့မဟုတ်) သမ္မတကြီး ခင်ပွန်း ၊ သမက် (သို့မဟုတ်) ချွေးမ သည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတပါး ၏ နိုင်ငံသားဖြစ်သူများ ဖြစ်ကာ ၊ သွယ်ဝှက်သော နည်းလမ်းဖြင့် ကျွန်တော် တို့ နိုင်ငံ သူ့ကျွန်ဘဝ ပြန်လည်ရောက်ရှိသွားနိုင်သောကြောင့် ဖြစ်ပါတယ်။

----- ----- ----- ----- -----
အခန်း (၃) နိုင်ငံတော် အကြီးအကဲ ၊ နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတ များ
----- ----- ----- ----- -----

၅၉။ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ မှာ အောက်ပါအတိုင်းဖြစ်သည် -

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း ၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော် လည်းကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

ကိုဂျွန်

http://www.oppositeyes.info/2013/09/blog-post_1681.html

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနိုင်ရန်NDFတိုက်တွန်း



ပြည် ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်း ရေး ရရှိ ရန် ငြိမ်းချမ်းရေးညီလာခံကြီး အမြန်ဆုံးကျင်းပရန် အမျိုး သား ဒီမိုကရေစီအင်အားစုပါတီက တောင်းဆို လိုက်ကြောင်းသိရ သည်။


တောင်ကြီးမြို့တွင် စက်တင် ဘာ ၂၁ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်သော ''ယုံကြည်မှု တည် ဆောက်ခြင်း''(ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်) ဆွေးနွေးပွဲတွင် ယုံကြည်မှု တည် ဆောက်ခြင်းကော်မတီသို့ အမျိုး သားဒီမိုကရေစီအင်အားစုမှ စာ တမ်းတင်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ် သည်။

လက်နက်ကိုင်အဖွဲ့အစည်း များ၊ လွှတ်တော်၊ အစိုးရ၊ အရပ် ဘက်အဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်နှင့် ပညာ ရှင်အဖွဲ့များ စုံစုံညီ ညီနှင့် နိုင်ငံရေး ပြဿနာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာသော ညီလာခံကြီးတစ်ရပ် အမြန်ဆုံးကျင်းပနိုင်မှသာ ပြည်ထောင် စုကြီးတစ်ဝန်း လုံး ငြိမ်း ချမ်းရေးတံခါးပေါက်မှ အမှန် တကယ် ဖြတ်ကျော် ဝင်ရောက် နိုင် မည်ဖြစ် သည့်အတွက် အမျိုး သား ဒီမိုကရေစီ အင်အားစုပါတီ မှ တောင်းဆို လိုက်ခြ င်းဖြစ်သည်။

''လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ကို စီးပွားရေးအခွင့် အလမ်းတွေ ထူထောင်ပေးရုံနဲ့လဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး''ဟု အမျိုးသားဒီမိုကရေစီ အင် အားစုပါတီ က ဆိုသည်။

ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိရန် အခြေခံလို အပ်ချက်များအဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် လူမျိုး ရေးနှင့် ဘာသာရေးနယ်ပယ်များ တွင် ခွဲခြားဆက်ဆံခံရမှုမရှိရေး၊ လူမျိုးစု အမျိုးသားရေးစိတ်ဓာတ် များ ရှိသော်လည်း စစ်မှန်သော တန်းတူညီမျှ ပြည်ထောင်စုဘဝ တွင် လူ့အခွင့် အရေးနှင့် ပြည် ထောင်စုနိုင်ငံသားအမျိုးသားရေး စိတ်ဓာတ် ကိုမွေးမြူရေး၊ အသစ် တည်ထောင်မည့် ပြည်ထောင်စု ကြီးတွင် လူမျိုး တစ်မျိုးတည်းက ကြီးစိုးထားသည့်အမြင်များ လက် တွေ့ဘဝတွင် မ ရှိစေရေးနှင့် လူမှု နိုင်ငံရေးနယ်ပယ်အတွင်း နာကျင် မှုများ နာကြည်းမှုများ အဆုံး သတ်နိုင်စေ ရန် လူသစ်၊ စိတ်သစ် ဖြင့် နိုင်ငံသစ်တည်ဆောက် နိုင် ရေး၊ နိုင်ငံသား အားလုံး၏အမျိုး သားအကျိုးစီးပွား၊ တစ်မျိုးသား လုံး လုံခြုံရေးနှင့် နိုင်ငံသား အား လုံးအတွက် ကာကွယ်ရေးဆိုင်ရာ ကိစ္စများသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဆိုသည့် စိတ်ထား ရှိနိုင်ရေးနှင့် လူမှုစီးပွားဘဝနှင့် တန်းတူ ညီမျှနိုင်ငံရေးအနှစ်သာ ရများကို ထူထောင်ပြီး တစ်မျိုးသားလုံး သွေးစည်းညီ ညွတ်ရေး ထာဝစဉ်ခိုင်မြဲရန် ပြည်ထောင်စု နိုင်ငံသား အမျိုးသားရေးစိတ် ဓာတ်နှင့်ထိန်းမတ်စေရေး စသည် တို့သည် ငြိမ်းချမ်းရေး ထာဝစဉ် ခိုင်မြဲစေရန် လိုအပ်ချက်များဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီက ဆိုထားသည်။

အဆိုပါစာတမ်းအား ပါတီအတွင်းရေးမှူး ဦးကျော်သန်းက စက်တင်ဘာ ၂၂ရက်က ဖတ်ကြား တင်သွင်း ခဲ့သည်။ ''ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း'' (ရှမ်း၊ မွန်၊ ကယား )ဆွေးနွေးပွဲကို အဖွဲ့အစည်းပေါင်း ၅ဝကျော်တက် ရောက်ခဲ့သည်ဟုသိရ သည်။

YMG

NLDငွေရတုပွဲတွင် တက်ကြွလှုပ်ရှားသူ မစုစုနွေး မောင်းထုတ်ခံရ



စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် ပါတီရုံးချုပ်မှာ စည်စည်ကားကား ကျင်းပ ခဲ့ ပါတယ်။


အဲဒီအခမ်းအနားကို NLD ပါတီမှာ တက်တက် ကြွကြွ လူ့အခွင့်အရေး၊ လယ်သမားအရေး တက်ကြွ လှုပ်ရှားတဲ့ ထန်းမနိုင်ရွာသူ မစုစုနွေးက တက်ခွင့် မရခဲ့ဘူးလို့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသား ထားပါတယ်။

ဘာကြောင့်များ မစုစုနွေးဟာ NLD ပါတီ ရဲ့ မွေးနေ့ပွဲ တက်ခွင့်မရတာလဲ၊ ဒီလို တက်ခွင့်မရလို့ မစုစုနွေး ဘာတွေ ပြောထားလဲဆိုတာ...

"ဒီနေ့ကျရောက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဆယ့်ငါးနှစ့်ပြည့် ငွေရတုအခမ်းအနားကို ကျွန်မ သွားပါတယ်။ 1990 ခုနှစ်၊ အသက်(၁၈)နှစ် ပြည့်ကတည်းက ဝင်ရောက်ခဲ့တဲ့ ပါတီ။ ကျွန်မဘဝရဲ့ အချိန် ထက်ဝက်ကျော် ပေးဆပ်ခဲ့တဲ့ ပါတီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ကျွန်မတတ်စွမ်းနိုင်သလောက် အတူတူ ရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ ပါတီမို့ ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆပြီး သွားရောက်ခဲ့တာပါ။ အတူတူ လက်တွဲ ရင်ဆိုင်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ဆုံဆည်းချင်တာလည်းပါ ပါတယ်။ ဒါပေမဲ့ အခန်းအနားကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့်မရခဲ့ပါဘူး။ ကျွန်မ မသိတဲ့၊ ကျွန်မကိုလည်း မသိတဲ့ ပါတီဝင် လုံခြုံရေးတာဝန်ကျတွေက ခန်းမထဲကို ဝင်ခွင့်မပေးတဲ့အပြင်၊ အရှေ့မှာ လာ မရပ်ဖို့တောင် တားဆီးဖယ်ရှားခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ငွေရတုပွဲကို ပါဝင်ဆင်နွှဲ ခွင့်မရခဲ့ပါဘူး။ 1990 ကတည်းက ပါတီနဲ့အတူ တက်ကြွစွာ လှုပ်ရှားခဲ့ကြ သူတွေ အတော်များများလည်း ကျွန်မလိုပဲ ဝင်ခွင့်မရခဲ့ကြပါဘူး .... ။ "

ဒီလို မစုစုနွေးက ရေးသား ထားတဲ့အတွက် သူ့ ဖေ့စ်ဘုတ်မှာ မှတ်ချက်တွေပေးထားကြတာလည်း မနည်းပါဘူး။ဒီအထဲက တခုက "မစုစုနွေးလိုသူတစ်ယောက်ကိုတောင် မသိတာတော့ တော်တော်လွန်လွန်း ပါတယ်" လို့ ဆိုထားပါတယ်။

ဒါဟာ NLD ပါတီအတွက် ကောင်းမွန်တဲ့ လက္ခဏာ တခုတော့ မဟုတ်ဘူးလို့ ဆိုလာသူတွေလည်း မနည်း ပါဘူး။

ဧရာဝတီ

အစိုးရစည်ပင်မှ သားသတ်လိုင်စင်ကို သံဃာများက သိန်း ၂၀၀ ကျော်ဖြင့် လေလံဆွဲခဲ့ကြောင်း တိုင်းသံဃနာယက ဆရာတော် ဦးဝံသပါလ မိန့်ကြား



ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လုံးကျွတ် အမဲ သားသတ် လိုင်စင်များကို ယခုနှစ်အတွက် သံဃာ တော်များက န၀ကမ္မငွေများဖြင့် စုဆောင်း၍ လိုင်စင်ဆွဲ ယူခဲ့ကြောင်း ဧရာဝတီတိုင်း သံဃာ့နာယက အဖွဲ့ဝင် ကျိုက်လတ် ကံကျောင်းဆရာတော် ဦးဝံသပါလက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။


ဆရာတော်က ““သိန်း ၂၀၀ ကျော်တယ်။ စည်ပင်ကို သွင်းလိုက်တယ်။ ဘေးမဲ့ပေါ့။ ဒီကျိုက်လတ်မှာ အမဲ သားမရှိဘူး။ မရှိဘူး ဆိုတာကတော့ ရှိတော့ ရှိတာ ပေါ့။ ဒိုင်လျှိုလေးတွေ ကျတော့ ငါတို့လည်း မလိုက်နိုင် ဘူးလေကွာ။

ကျေးရွာကနေ အသိပေးရင်တော့ ချက်ချင်း ဆင်းဖမ်းတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ရိုက်စားနေရင်တော့ တို့လည်း မသိဘူး။ တစ်နှစ်ပဲ ရှိသေးတယ်။ ဒီနှစ်မှစတာ။ ငါတို့က သတ္တ၀ါတွေ ကယ်ဆယ်တာပေါ့ကွာ။ အကျဉ်းချုပ် ငါပြောမယ်။

အခြေခံလေး အကျဉ်းချုပ် ငါပြောမယ်။ ဒီဗလီကနေပြီးတော့ မနှစ်က တစ်ခုပြောမယ်၊ မနှစ်ကတုန်းက သူတို့ ဘယ်လောက်နဲ့စလဲ ဆိုတော့ ဆယ်ကောင်တော့ ကျော်တယ်။

သတ်တာ။ နောက်ဆုံးနှစ်က နှစ်ဆယ့်တစ်ကောင်။ နောက်ကျတော့ အကောင်ရေက ငါးဆယ်ကျော် လာရော။

လမ်းဘေးဈေးရောင်းတဲ့သူ တွေကလည်း တစ်ကောင်၊ နှစ်ကောင်၊ အဲလိုတွေ ဖြစ်လာတော့ ဒကာတွေ၊ ဒကာမတွေ ကလည်း လျှောက်လာတယ်။

လျှောက်လာခဲ့တဲ့ အခါကျတော့ ငါတို့ကလည်း အဲဒါကို လုပ်နိုင်၊ မလုပ်နိုင်၊ သတ္တ၀ါတွေကို ကယ်ချင် ပေမယ့် ကယ်နိုင်၊ မကယ်နိုင် ပြန်စဉ်းစားရတယ်။ နောက်ပိုင်း ညှိနှိုင်း လိုက်တဲ့ အခါကျတော့ ကယ်နိုင်တဲ့ အဆင့် ရောက်တဲ့အခါကျတော့ စည်ပင်နဲ့ စကားပြောရသေးတယ်။

အများကြီး။ စည်ပင်က မပေးချင်ဘူးဆိုတာက …သံဃာတွေကနေ ဒီလေလံကို ယူလိုက်ပြီဆိုရင် လာမယ့် နှစ်ကျရင် ကြမ်းခင်းဈေးကလည်း တက်လို့မရဘူး။ အပြိုင်အဆိုင်တွေလည်း မရှိတော့ဘူး။ သူတို့ဘတ်ဂျက် လျော့သွားပြီ။ တကယ်လို့ ပုဂ္ဂလိကတစ်ယောက်က ဆွဲတယ်ဆိုရင် ဈေးပြိုင်တက်ရင် သူ့အတွက် လာဘ်လာဘရှိတယ်။

သူတို့က ဘယ်လောက် ရာခိုင်နှုန်းလဲ မသိဘူးရတယ်။ အခုဆွဲလိုက်တဲ့ အခါကျတော့ ဒါအလှူဖြစ်တဲ့ အတွက် သူတို့အတွက် လာဘ်လာဘလည်း မရှိတော့ဘူး။ နောက်နှစ်ကို စင်ပြိုင်လည်း မရှိတော့ဘူး။ အဲလိုဖြစ်သွားပြီ။ မဆွဲခင်က လေလံရှင်တွေ ရှိပေမယ့် ဒီလေလံကို လေလံ မတင်ဘူး။

ဘုန်းကြီးတွေက စည်ပင်နဲ့ ညှိပြီးတော့ မေတ္တာရပ်ခံ လိုက်ပြီးတော့ မနှစ်က ဈေးနဲ့ ယူလိုက်တာ။ အမှန် ဆိုရင် တကယ့်မူရင်းဈေးက အဲလို သိန်းရာချီ ပေးစရာမလိုဘူး။

တကယ်ဆိုရင် နိုင်ငံတော်အဆင့် ဆွေးနွေးပြီးတဲ့ အခါကျရင် လေလံဈေးကို လျှော့ချပြီးတော့ ယူလို့ရတယ်။ အခုက သိန်း၂၃၀ ဆိုတဲ့ ပိုက်ဆံက နည်းတာ မဟုတ်ဘူး။ အရင်နှစ်က နောက်ဆုံး လေလံဈေးကလည်း အဲလောက်မမြင့်ဘူး။

တိုင်းကနေပြီးတော့ တစ်ဝက်။ ဦးသိန်းအောင်ပေါ့။ ၀န်ကြီးချုပ်က ၅၀ ရာခိုင်နှုန်း လျှော့ပေးတာ။ တို့က တစ်ဝက်။ ငါတို့တစ်ဝက်က တစ်နှစ်တာ ပြည့်စုံသွားတဲ့အတွက် နောက်တစ်နှစ်တာလည်း ပြည့်စုံ လောက်တယ်။ ၇၀၊ ၈၀ လောက်ရတယ်။

ငါတို့က ၉၃ အုပ်စု အကုန်လုံး တစ်အုပ်စုကို ငါးသောင်းနဲ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို အခြေခံပြီး တော့ အလှူခံတာ။ တစ်ဦးတည်း သုံးနှစ်စာ လှူတာတွေတောင် ရှိတယ်။ သူတို့လည်း အားတက်သရော စိတ်ပါဝင်စား စွာနဲ့။ ဆိုတော့ တို့က အလုပ်လုပ်တဲ့နေရာမှာ အဆင်ပြေတာပေါ့။

တို့ကျေးရွာတွေ ဆင်းပြီးတော့ စည်းရုံးရေးတရားဟောတယ်။ လယ်တီ ဆရာတော်ဘုရားကြီးပါ ပေးရ တယ်လေ။ ကျိုက်လတ်သား မှန်ရင်ပေါ့။ အမဲသား လှူပြီးသား ဖြစ်ရမယ်။ဧရာဝတီမှာ မအူပင်ရှိမယ်။

ဖျာပုံရှိမယ်။ ဒေးဒရဲရှိမယ်။ ဘိုကလေးရှိတယ်။ ကျိုက်လတ်က နောက်ဆုံးကျ တာပေါ့။ မော်ကျွန်းရှိတယ်။ တို့ကျိုက်လတ်မှာဆိုရင်တော့ လေးမြို့နယ်လုံး ရှိတယ်။ ဖျာပုံခရိုင် လေးမြို့နယ်လုံး ရှိတယ်။ပုသိမ်တို့ ဘာတို့ကျတော့ မပါသေးဘူး။ ပုသိမ်က သိန်းထောင်ချီတယ်။ ၁,၂၀၀ လား၊ ၁,၄၀၀ လားမသိ ဘူး”” ဟု မိန့်ကြားသည်။

စုပေါင်း၍ န၀ကမ္မများ စုဆောင်းထားသော မြတ်စေတနာ သံဃာအဖွဲ့တွင် 

ဦးဇဋိလ-ပ/ဥက္ကဋ္ဌ (နန္ဒ၀န်ကျောင်း ဆရာတော်)၊
ဦးစက္ကိန္ဒ-ဒု/ဥက္ကဋ္ဌ (စခန်းကြီးကျောင်းဆရာတော်)၊
ဦးပိဏ္ဍောလ-ဒု/ဥက္ကဋ္ဌ (ရှမ်းကျောင်း ဆရာတော်)၊
ဦးဝံသပါလ-အတွင်းရေးမှူး (မင်္ဂလာကံကျောင်း ဆရာတော်)၊
ဦးနန္ဒောဘာသ (ဇေတ၀န်ကျောင်း ဆရာတော်)၊
ဦးဝိလာသ (မှန်ကျောင်းဆရာတော်)၊
ဦးကုသလ (ဇေယျာသီရိကျောင်းဆရာတော်)၊
ဦးဝိမလ (ဓမ္မပါလကျောင်း ဆရာတော်)၊
ဦးပညာတိက္ခ-ဘဏ္ဍာထိန်း (မစိုးရိမ်ကျောင်းဆရာတော်)၊
ဦးနန္ဒိကသီရိ (၄ လမ်းကျောင်းဆရာတော်)၊
ဦးနန္ဒိယ (ကံသာအေးမဟာစည် ကျောင်းဆရာတော်)၊
ဦးစန္ဒဇောတိ (ပစ္ဆိမာရုံကျောင်းဆရာတော်)၊
ဦးရေ၀တ (ဃောသိတာရုံကျောင်း ဆရာတော်)၊
ဦးပဏ္ဍ၀ (မငေးကျောင်း ဆရာတော်)၊
ဦးအာစာရသီရိ (စတုဘုမ္မိက ကျောင်းဆရာတော်)၊
ဦးနန္ဒိယသီရိ-ဘဏ္ဍာထိန်း (ပညာ ဇေယျုံကျောင်းဆရာတော်)၊
ဦးပညိန္ဒ (မြို့မကျောင်းဆရာတော်)၊
ဦးဓမ္မပီယ(ဓမ္မိကာရုံကျောင်းဆရာတော်)၊
ဦးပညာသာမိ (တဘိုးကုန်းကျောင်းဆရာတော်)၊
ဦးအာစိဏ္ဏ (မှန်ကျောင်းဆရာတော်)၊
ဦးဓမ္မသုခ (မှန်ကျောင်းဆရာတော်)၊
ဦးပညာသီရိ (ရွှေသားကျောင်း ဆရာတော်) တို့ ဖွဲ့စည်းထားကြောင်း သိရသည်။


သံတော်ဆင့်

အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်



လိုင်စင်ရ အသံတိတ် လူသတ်သမားများ
*************************
“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်” တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။


ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင် ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံး ပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်း သတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့် များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ် ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသား မှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။ တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။

“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့် တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှ ထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွား နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။

“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦး ဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။

“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။

The Voice Weekly

ဝဲကြီးကျေးရွာမှ ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ

ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့် ခံထားရသည့် ရွာသား ၁၀ဦးတရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။ ယခုလာရောက် အဖမ်း ခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။


"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာ မှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင် ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။


ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ်ဆိုရင်လည်း ကျွန်တော် တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့ အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာ တိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ် ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာတစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက် တော့ ဒီလိုမျိုး မဆောင်ရွက်အောင်တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့် တို့ဖြစ်ကြောင်း သိရသည်။အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာ သီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။ ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမ တစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

http://www.yeyintnge.com/2013/09/blog-post_4189.html

တစ်ရက်လျှင် မြေသိမ်းပြဿနာ ၂ မှုနှုန်း ဖြေရှင်းပေးမည်ဟု အစိုးရ ကတိပြု

ဒု-သမ္မတဦးဥာဏ်ထွန်းဦးဆောင်ကာ အသစ်ဖွဲ့စည်းလိုက်သော မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီက လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တိုင်ကြားထားသည့် မြေသိမ်းပြဿနာအမှု များအားလုံးကို တစ်နှစ်အတွင်း အပြီးဖြေရှင်းပေးမည်ဟု ယင်းကော်မတီက ကတိပြုပြောဆိုလိုက်သည်။


ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းထားသော လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ထံပြည်သူများတိုင်ထားသည့် လယ်ယာမြေပြဿနာပေါင်း ၇၄၅ မှု ရှိနေသည့်အတွက် တစ်ရက်လျှင် ၂ မှုနှုန်းဖြေရှင်းပေးမည့်သဘောဖြစ်နေသည်။

"ဒီနေ့အထိရရှိလာတဲ့ ၇၄၅မှု ကို တစ်နှစ်အတွင်းပြီးပြတ်အောင် ရည်မှန်းပြီးတော့ ဆောင်ရွက်နေတာ။ အ တတ်နိုင်ဆုံးတော့ ပြီးနိုင်ဖို့ဆောင်ရွက်မယ်" ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်းကပြောသည်။

မြေယာပြဿနာများကိုဖြေရှင်းရန် စက်တင်ဘာလ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီ၏ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား စက်တင်ဘာလ ၂၇ ရက်က နေ ပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရှိ အင်ကြင်းခန်းမတွင် မီဒီယာများ ကို ဖိတ်ကြားပြီး ထုတ်ပြန်ရှင်းလင်းစဉ် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကော်မတီတွင်အဖွဲ့ဝင်ဖြစ်သည့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကလည်း "ပြီးပြတ်အောင်ကျွန်တော်တို့လုပ်သွားမယ်။ နောက်နောင်လည်းဒီလိုမဖြစ်ရအောင် တစ်ခုခုလုပ်တော့ မယ်ဆို ရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်။ မူလပိုင်ရှင်တွေနဲ့ ကျေလည်အောင် ညှိနှိုင်းရမယ်"ဟု ကတိပြုပြောဆိုသည်။

မြေအသုံးချမှုစီမံခန့်ခွဲ့ရေးကော်မတီတွင် ဗဟိုကော်မတီတစ်ရပ်အဖြစ် ဒုသမ္မတဦးဥာဏ်ထွန်းက ဥက္ကဌ၊ ပြည်ထဲရေးနှင့် လယ်/ဆည်ဝန်ကြီးနှစ်ဦးက ဒုတိယဥက္ကဌနှင့် ပြည်ထဲရေးဒုတိယဝန်ကြီးက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အားလုံးရှိ ဝန်ကြီးချုပ်များက အဖွဲ့ဝင်အဖြစ်ဆောင်ရွက် မည်ဖြစ်သည်။

ဗဟိုကော်မတီ၏ လက်အောက်တွင် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ် ကွက်/ကျေးရွာအုပ်စုအားလုံးတွင်လည်း မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမျာကို ဖွဲ့စည်းထားသည်။

မြေယာပြဿနာဖြစ်ပွားသည့်နေရာသို့ ခရိုင်နှင့်မြို့နယ်ကော်မတီတို့က ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ပြီး ထိုကဲ့သို့လာရောက်စစ်ဆေးပါက ထိုမြေများနှင့်ပတ်သက်သည့် စာရင်းဇယားအချက်အလက်မှန်ကန်စေရန် ရပ်ကွက်/ကျေးရွာအုပ်စုကော်မတီက ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ကော်မတီဖြေရှင်းပေးမည့် လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ထံသို့ တိုင်ကြားထားသည့် တိုင်ကြားစာများတွင် စစ်တပ်ကသိမ်းထားသည့် လယ်ယာမြေများ၊ အစိုးရစီမံကိန်းလုပ်ငန်းများအတွက် သိမ်းထားသည့် လယ်ယာမြေများနှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ သိမ်းထားသော လယ်ယာမြေတို့ဖြစ်သည်။ တိုင်စာ ၇၄၅ မှုအနက် စစ်တပ်သို့ တိုင်ကြားထားသည့်စာမှာ ၅၆၅ မှု ရှိသည်။

တိုင်စာအများဆုံးဖြစ်သည့် စစ်တပ်သိမ်းမြေများမှာ နိုင်ငံတစ်ဝန်းတွင် ဧကပေါင်း ၂၉၇၀၀၀ ကျော်ရှိသည် ဟု ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က ဝန်ခံပြောဆိုထားသည်။

အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရ က ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ဩဂုတ် ၂၉ ရက်က သမ္မတထံသို့ သဝဏ်လွှာပို့ထားသေးသည်။

Eleven Media Group

ဒေသလုံခြုံရေးအားနည်းသဖြင့် ပြည်သူ့စစ်များ ဖွဲ့ပေးရန် ရခိုင်အဖွဲ့အစည်းများ သူရဦးရွှေမန်းထံ တင်ပြ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ်၁၇မြို့နယ်မှ ကိုယ်စားလှယ်များ တွေ့ ဆုံပွဲတွင် ရခိုင်ဒေသ၌ နယ်မြေလုံခြုံရေးအားနည်းသောကြောင့် တပ်မတော်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းပေးရန် အဓိက တင်ပြခဲ့သည်။


တွေ့ဆုံပွဲ၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး၊ လူမှု ရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စများကို တင်ပြခဲ့ပြီး န.စ.က ဂိတ်များ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်မြေမ တည် ငြိမ်မှုများ အခြေအနေများကို တင်ပြခဲ့သည်။

နစကဌာနကို ဇူလိုင် ၁၂ရက်က အစိုးရက ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏နေရာတွင် ရဲများကိုအစား ထိုးလုံခြုံရေး ချထားခဲ့သည်။

“ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်။ မြို့နယ် အသီးသီးမှာ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ရခိုင် တိုင်းရင်းသားတွေကို ယုံကြည်ပါ။ ကျွန်တော်တို့ကို တာဝန်ပေးပါ”ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့ သည်။

အလားတူ မောင်တောမြို့နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်သော ဦးအောင်ကျော်ညွန့်ကလည်း ရခိုင်ပြည်နယ် တွင် တရားဥပဒေစိုးမိုးရေနှင့် တည်ငြိမ်ရေး ပျက်ပြားလျက်ရှိခြင်း၊ ခိုးမှု၊ တိုက်မှု၊ လုယက်မှု များ မကြာခဏ ဖြစ်ပွားနေခြင်းနှင့် လုံခြုံရေးအင်အား နည်းနေခြင်းကြောင့် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် လို အပ်ကြောင်း တင်ပြခဲ့သည်။

တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့ နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ်များက ပြည်သူ့စစ် ဖွဲ့ပေးရန် တောင်းဆိုခဲ့ ခြင်းဖြစ်ပြီး တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးက နယ်မြေလုံခြုံရေးနှင့် ပတ်သက်သည့် အား နည်းချက်များကို တင်ပြကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ကျွန်တော့်အနေနဲ့ အခုတင်ပြချက်တွေကို နိုင်ငံတော် သမ္မတနဲ့ တကွ လွှတ်တော်အားလုံးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ စတာတွေကို တင်ပြ သွားပါမယ်” ဟု ပြန် လည် ပြောကြားခဲ့သည်။

ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်မီတာခ ငါးရာနှင့်အထက် ကြီးမြင့်မှုကြောင့် ရခိုင်တစ်ပြည် နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာ ဈေးနှုန်းချိုသာစွာ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူငယ်ဖွံ့ ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လိုအပ်နေမှု စသည်တို့ကို တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကောက်ခံနေခြင်းအား ချက်ချင်း ပြန်လည် ကျဆင်းနိုင် ရန်မှာ မလွယ်ကူကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက စက်တင်ဘာ ၁၆ ရက်က စစ်တွေ မြို့ တွင် ဒေသ အာဏာပိုင်များနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သေးသည်။

“ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မိသားစု တွေ့ဆုံပွဲ”အမည်ဖြင့် သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အ ဖွဲ့အစည်း များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွား ရေး ဗဟိုခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုတွေ့ဆုံပွဲကို ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက စတင်ဖိတ်ကြား ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ်တစ်ခုမှ ကိုယ်စားလှယ်သုံးဦးတက်ရောက် ခဲ့သည်။

Eleven Media Group

မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ကြီးမားသည့် စိန်ခေါ်မှု ၁၀ ချက်နှင့် ရင်ဆိုင်နေရဟု လေ့လာသုံးသပ်သူများ ဆို

လက်ရှိမြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် အခွင့်အလမ်းကောင်းများ ရှိနေသကဲ့သို့ အခြား တစ်ဖက် တွင်လည်း ကြီးမားသည့်စိန်ခေါ်မှု ဆယ်ချက်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ် ပြောဆိုလိုက်သည်။


လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားပါတီများ မှတ်ပုံတင်နိုင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်အခတ်ရပ်စဲလာမှုနှင့် နိုင်ငံရေးအကျဉ်းသားအမြောက်အများ လွှတ်ပေးမှုတို့မှာ နိုင်ငံရေး အကူး အပြောင်း၏ အခွင့်အလမ်းကောင်းများဖြစ်သည်ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု စောင့်ရှောက် ရေး အဖွဲ့(IPSJ)ကို တည်ထောင်ထားသည့် ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် ကျင်းပ သည့် “မြန်မာ့နိုင်ငံရေး အကူးအပြောင်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ”ဟု အမည်ပေးထား သော စကားဝိုင်းဆွေးနွေးပွဲတွင် ဖြစ်သည်။

ဒေါက်တာသောင်းထွန်းက ပြောကြားရာ မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ကြီးမားသည့် စိန်ခေါ်မှုများတွင် နိုင်ငံရေး၌ တပ်မတော်က များပြားစွာ ပါဝင်နေမှု၊ လွတ်လပ်သည့် တရားစီရင်ရေးမဏ္ဍိုင်၊ ပြည်တွင်းငြိမ်း ချမ်းရေး၊ ဘာသာရေး ပဋိပက္ခနှင့် မြေယာကိစ္စများအပါအ၀င် ၁၀ ချက်ရှိနေသည်ဟု ဆိုသည်။

၎င်းက “အရွေ့တစ်ခုကိုတော့ သွားနေတာပေါ့နော်။ ဒီအရွေ့က ဘယ်ကိုသွားမလဲ။ ဘယ်မှာစခန်းသတ် မလဲဆိုတာ ကတော့ ဒီအရွေ့မှာ ပါဝင်ပတ်သက်နေတဲ့ ဇာတ်ကောင်များရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်တွန်းကန်မှုတွေ၊ဖိအားပေးမှုတွေ ဒီအခြေအနေတွေပေါ်မှာ မူ တည်မှာပေါ့”ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးတွင် တပ်မတော်က အများအပြားပါဝင်နေမှုမှာ အရေးကြီးဆုံး စိန်ခေါ်မှု တစ်ချက်ဖြစ်နေသည်ဟုလည်း ဒေါက်တာသောင်းထွန်းက မှတ်ချက်ပြုသည်။

၎င်းက “(တပ်မတော်က)နိုင်ငံရဲ့ သယံဇာတထုတ်ဖော်မှုတွေမှာရော စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေမှာ လည်းတော်တော့ကို ကြီးကြီးမားမား အခန်းကဏ္ဍကနေ ပါနေတယ်။ ဒီအနေအထားကနေ တကယ့် Professional Army ကို ကူးပြောင်းမလဲဆိုတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင် တရားစီရင်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှု အနည်းဆုံး မဏ္ဍိုင်တစ်ခုဖြစ်သည်ဟုလည်း ၎င်း၏လေ့လာချက်အရ သိရသည်ဟုလည်း ဒေါက်တာသောင်းထွန်းက ဆိုသည်။

ဒေါက်တာသောင်းထွန်းသည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် ဧရာဝတီတိုင်း၊ ကျောင်းကုန်းတွင် သပိတ်ကော်မတီ ခေါင်းဆောင်အဖြစ် ပါဝင်ပြီးနောက် ၁၉၈၈ နိုင်ဝင်ဘာတွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာပြီး ABSDF ၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုအခါ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလတွင် အထောက်အကူပြုနိုင်ရန် (IPSJ) အဖွဲ့ကို တည် ထောင်ကာ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းလုပ်ငန်းများကို ကူညီပေးနေသူဖြစ်သည်။

Eleven Media Group

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား အာမခံ ပေးလိုက်ခြင်းကို မကျေနပ်၍ မီးရှို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံ အား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍ မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ သံတွဲမြို့၊ ဒွာရ၀တီ (က) ရပ်ကွက်၊ ၆ လမ်းနေ ရဲသီဟ(ခ)နိုင်ဦး (၃၀)နှစ် (ဘ)ဦးသိန်းနိုင်၊ ၁၁/မပန(နိုင်)၀၆၀၈၁၃၊ ရခိုင်၊ ဗုဒ္ဓ၊ သုံးဘီးတက္ကစီ မောင်းသူသည် ၎င်းမောင်းနှင်သည့် သုံးဘီးဆိုင်ကယ်အား စက်တင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီခွဲ အချိန်တွင် အမှတ် (၃) ရပ်ကွက် ရွှေဘုံသာ လမ်းထဲတွင် ရပ်ထား စဉ် ငပလီ စက်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးကျော်ဇံလှက သာသနာ့အလံပါ ဆိုင်ကယ်အား ၎င်း အိမ်ရှေ့တွင် ရပ်နားသဖြင့် ရဲသီဟအား ညစ်ညမ်းစွာ ခြိမ်းခြောက်ဆဲဆိုခဲ့၍ ရဲသီဟ (ခ) နိုင်ဦးက ဦးကျော် ဇံလှအား အရေးယူပေးရန် တရားလို ပြုလုပ်ပြီး သံတွဲမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်းလွဲ ၂ နာရီ ၃၀ အချိန်တွင် သံတွဲမြို့မ ရဲစခန်းမှ (ပ)၇၈/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၂၉၄/၅၀၆ အရ အမှုအား ဒုရဲအုပ်နေလင်းမှ လက်ခံစစ်ဆေးခဲ့ကြောင်း၊ ထိုကဲ့သို့ ဥပဒေနှင့်အညီ ဆောင် ရွက်ပေးခဲ့သော်လည်း မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် ဆိုင်ကယ်တက္ကစီသမား ၃၅ ဦးခန့်မှ ဦးကျော်ဇံလှ ဆိုင် ရှေ့သို့ ထပ်မံစုရုံး ရောက်ရှိလာ၍ သံတွဲခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သိမ်ကုန်းဆရာတော် တို့မှ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေး ဖျန်ဖြေပေးခဲ့၍ ၃ နာရီ ၄၀ မိနစ်တွင် လူစုကွဲသွား ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးကျော်ဇံလှ (ကမန်၊ အစ္စလာမ်)အား သံတွဲရဲစခန်းမှ အာမခံ ဖြင့် လွှတ်လိုက်ကြောင်းနှင့် ယင်းကိုမကျေနပ်သူ အချို့က ဦးကျော်ဇံလှ နေအိမ်ကို ခဲဖြင့်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းနှင့် ည ၇ နာရီအချိန်တွင် သံတွဲမြို့ နေရာအချို့တွင် ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးခန့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေး တာဝန်ရှိများက လူစုခွဲ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

ပြည်ထောင်စု ၀န်ကြီးများက နိုင်ငံရေးပါတီ ၃၇ ခုမှ ခေါင်းဆောင် ၇၀ ဦးခန့်နှင့် တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်ဖြစ်ကြောင်း ရှင်းပြ



အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၇၀ ၀န်းကျင်တို့ စက် တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်း ရေး ဖြစ်စဉ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ကို ဆွေးနွေးမှုပြုလုပ် ခဲ့ကြပြီး ပြည်ထောင်စု ၀န်ကြီးများက အောက်တိုဘာလကုန်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဘက်မှ တက်ရောက်မည်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ တွေ့ဆုံပွဲ အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအုန်း မြင့်၊ ဦးသန်းဌေး စသည်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသား ပါတီ များမှ ပါတီခေါင်းဆောင်များ အပါအ၀င် ပါတီ ၃၇ ခုမှ ပါတီခေါင်းဆောင် ၆၈ ဦး တက်ရောက်ခဲ့ ကြောင်း Myanmar Peace Center မှ သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက "အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေကို ဆွေးနွေးတာပါ။ လာမယ့်လမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်မယ်။ သမ္မတကြီးရယ်၊ ကာကွယ်ရေး ဦးစီးချုပ်လည်း တက်မယ်။ လွှတ်တော် ဘက်ကလည်း တက်မယ်။ နိုင်ငံရေး ပါတီတွေလည်း ပါမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော ပါတယ်။ အဲဒါပြီးသွားရင် နိုင်ငံရေး ဆွေးနွေးပွဲကို ၂၀၁၄ ဧပြီမှာ လုပ်မယ်လို့ ပြောတယ်" ဟု ပြောကြား သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဆွေး နွေး ခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့ ဘက်ကလည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးပြီးရင် ထိတွေ့မှုတွေ မဖြစ်ဖို့ အရေးကြီး တယ်။ ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းပေးဖို့ကို တင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံရေး ဆွေး နွေးပွဲ လာမယ်ဆိုတဲ့အတွက် ပြည့်ပြည်စုံစုံ ပြောမှာပေါ့။ အဲဒီအချိန်ကျရင် ညီလာခံ သဘောမျိုး ဖြစ်သွား တာပေါ့။ တိုင်းရင်းသားပေါင်းစုံ ပါမယ်လေ" ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ယခု တွေ့ဆုံမှုသည် လာမည့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ ပါဝင်ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပါတီများ၏ အကြံဥာဏ် ရယူရန် ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေးပါ တီခေါင်းဆောင်များ
တွေ့ဆုံနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-MPC)

Eleven Media Group

ရန်ကုန်မြို့တွင် Apple Authorized Reseller သုံးခု ဖွင့်လှစ်ထားပြီး ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ရှိနေ



ရန်ကုန်မြို့တွင် လက်ရှိအချိန်အထိ Apple Authorized Reseller အရောင်းဆိုင်သုံးခု ဖွင့်လှစ် ထားခဲ့ပြီး ထပ်မံ၍လည်း တိုးချဲ့ဖွင့်လှစ် သွားရန် ရှိကြောင်း သတင်းရရှိသည်။


TAC Apple Authorized Reseller ကို ၂၀၁၂၊ စက်တင်ဘာလ အတွင်းက အမှတ် ၄၅၊ ပြည်လမ်း၊ ၇ မိုင် ခွဲတွင် ဖွင့်လှစ်ခဲ့ပြီး ဆူးလေဘုရားလမ်းရှိ Sakura Tower အောက်ထပ်တွင်လည်း ၂၀၁၃ ခုနှစ် အတွင်း၌ Apple Authorized Reseller အရောင်းဆိုင်တစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။ mDrive Apple Authorized Reseller အရောင်းဆိုင်ကို ၂၀၁၃၊ စက်တင်ဘာ ၂၈ ရက်က Junction မော်တင်တွင် ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။

"TAC အနေနဲ့ကတော့ ရန်ကုန်၊ ၇ မိုင်ခွဲမှာ ၂၀၁၂ သြဂုတ်ကတည်းက ဖွင့်ထားပါတယ်။ မန္တလေးမှာလည်း တစ်ခု ဖွင့်ထားတယ်။ ထပ်ဖွင့်ဖို့လည်း စီစဉ်နေတာ ရှိပါတယ်။ လက်ရှိတော့ ရန်ကုန်မြို့မှာ သုံးခုရှိလာ တာပေါ့။ AAR ဖွင့်ဖို့ ထပ်လျှောက်ထားတဲ့ သူတွေလည်း ရှိပါတယ်။ တချို့ကတော့ တံဆိပ်မျိုးစုံ ရောင်းပေ မယ့်လည်း ကောင်တာတစ်ခုထား ရောင်းချဖို့ လျှောက်တဲ့သူတွေလည်း ရှိတယ်" ဟု TAC Apple Authorized Reseller မှ ကိုသော်တင့်က ပြောကြားခဲ့သည်။

လက်ရှိတွင် AAR များ အနေဖြင့် Mac ထုတ်ကုန်များနှင့် iPod များ၊ iPhone, iPad တို့၏ Accessories များကို အဓိကထား ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ iPhone ကို တရားဝင် ရောင်းချနိုင်ရန် Apple အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။

"ဈေးကြီးပေးဝယ်ရပြီး ဒီမှာက ၀န်ဆောင်မှုပေးတာ သေသေချာချာ မရှိတော့ သုံးစွဲသူတွေ အနေနဲ့ နစ်နာ ရတာတွေ အများကြီးပါ။ အခြားဖုန်းတွေလို အထူးအစီအစဉ်တွေနဲ့ မိတ်ဆက်ရောင်းချတာ၊ မြန်မာစာ တစ်ပါတည်း ပါဝင်တာ၊ အာမခံကာလ ပါဝင်တာမျိုးတွေ ဖြစ်လာရင် ကောင်းပါမယ်" ဟု iPad သုံးစွဲသူ တစ်ဦးက ပြောကြားသည်။

Eleven Media Group

Thursday, September 26, 2013

ရွှေတောင်မြို့ နယ် ဘောလုံးပွဲတွင် ပရိသတ်နှင့် လုံခြုံရေးရဲတို့ အချင်းများ ပရိသတ်တစ်ဦး ဆေးရုံတင်ထားရ

ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ၌လုံခြုံရေးရယူထားသော ရဲများနှင့် ပရိသတ်တို့ အချင်းများရာမှ ပရိသတ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ ရွှေတောင်မြို့ ပြည်သူ့ ဆေးရုံသို့ စက်တင်ဘာ ၂၃ ရက်ညက ပို့ဆောင်လိုက်ရသည်ဟု ဇွဲမာန်သစ်ဘောလုံး အသင်းသားများက ပြောသည်။


စက်တင်ဘာလ၂၂ရက် မြို့နယ်အုပ်ချုပ်ရေးမှူး ဘောလုံးပြိုင်ပွဲတွင် မယားမာန်ကျေးရွာအုပ်စု ကိုယ်စားပြု ဇွဲမာန်သစ်အသင်းနှင့် ကြို့ကုန်းကျေးရွာအသင်းတို့ ဘောလုံးကန်ကြစဉ် ဇွဲမာန်အသင်း၏ ပရိသတ်နှစ်ဦးက ပြွဲပီး ရန် ၁၅မိနစ်အလိုတွင် ပရိသတ် အချင်းချင်း ရွှံ့ဖြင့် ပေါက်ရာ ရဲခြောက်ဦးက ဝင်ရောက်ဟန့်တားရာမှ ရဲနှင့် ပရိသတ်တို့အချင်းများ ကြခြင်း ဖြစ်သည်။

အချင်းများရာမှ ကိုကျော်လွင်ဆိုသူသည် ကျောအောင့်၊ ရင်ဘတ်အောင့်၊ ငယ်ပါအောင့်သော ဝေဒနာ ကြောင့် စက်တင်ဘာ၂၃ရက် ည၁၂နာရီခန့်တွင် ဆေးရုံတင်လိုက်ရခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေတောင်မြို့နယ်ရဲစခန်းကို မေးမြန်းရာ ထိုးကြိတ်သည့်ကိစ္စအား ငြင်းဆိုခဲ့ သည်။

ရွှေေ တာင် ရဲစခန်းမှ တာဝန်ကျရဲအုပ်ကျော်ခိုင်က “ဒီမှာဒါမျိုးဖြစ်တာမရှိဘူး။ ရုတ်ရုတ်သဲသဲ ဖြစ်တာပဲ ရှိတယ်။ ဟိုဘက် ရွာ ဒီဘက်ရွာ ရန်ဖြစ်တာရှိတယ်” ဟုပြောသည်။

ရွှံ့ဖြင့်ပေါက်ကာ ရန်ဖြစ်ချိန်တွင် ကြို့ကုန်းကျေးရွာအသင်းက ၂-၁ဖြင့် အနိုင်ရရှိနေသည်။ ရွှေတောင်မြို့ နယ် အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများ ကိုယ်စားပြုသော ဘောလုံးအသင်းများက ယှဉ်ပြိုင်လျက်ရှိသည်။

ထိုကိစ္စအား မယားမာန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအားအကြောင်း ကြားထားပြီး သက်ဆိုင်ရာဌာနများ ကိုလည်း အသိပေးတိုင်ကြားမည်ဟု မယားမာန် ကျေးရွာမှ ရွာသားများက ပြောသည်။

မဇ္ဈိမ သတင်းဌာန

အာဏာပိုင်များသည် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အာဏာပိုင်များဖြစ်သော ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်အုပ်ချုပ်ရေး အာဏာပိုင်များသည် တိုင်းဒေသကြီးအဆင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အား နည်းနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညို ညိုသင်းက ဝေဖန်ပြောကြားသည်။


စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ''နိုင်ငံတော် သမ္မတ၏ ၂၆/၂/၁၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အ မိန့်ကြော်ငြာစာအရ ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ ဖွဲ့စည်းထားသည့် ရပ်ကွက်၊ မြို့ နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီတွေ ပိုမိုသက်ဝင် လှုပ်ရှားဖို့အတွက် လိုအပ်သော လမ်းညွှန်လက်စွဲ (သို့မဟုတ်) အမိန့် ညွှန်ကြားချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ထုတ်ပြန် ပေးဖို့ ရှိ၊ မရှိ'' မေးခွန်းမေးမြန်းရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူများ၏ ဆန္ဒကို အနီးကပ် ကြားသိနေရသည့် ကိုယ်စားလှယ်များ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်များကို တင်ပြသည့် အခါ၌ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရကြောင်း၊ ၎င်းတို့ ပြောလေ့ပြောထ ရှိသော အသံများသည် ''ကျွန်တော်တို့ကို ဘာအမိန့်မှ မပေးထားဘူး။ ညွှန်ကြားချက် ဘာမှမရှိဘူး။ ကျွန် တော်တို့လည်း ဘာမှမသိရဘူး'' စသည်ဖြင့် လက်သုံးစကားလို ဖြစ်နေကြောင်း၊ ဥပမာအားဖြင့် ပြောရမည် ဆိုပါက ယခုပြုလုပ်နေသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မိမိမေးမြန်းခဲ့သည့် ရွှေပြည်သာ မြို့ နယ်မှ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအား အများပြည်သူများက မဲပေး၍ ရွေးချယ်ထားမှုကို လေးလမှ ခြောက်လတွင်း တိုင်အောင် ခန့်အပ်ခဲ့ခြင်း မရှိ၍ မြို့နယ် အုပ်ချုပ်ရေးမှူးအား အရေးယူရန် ရှိ၊ မရှိ မေးမြန်း မှုအား ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက အရေးယူရန် မရှိဟု ပြန်လည် ဖြေကြား ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

''ဖြေကြားချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူလူထု ဆန္ဒကို တင်ပြသည့် အခါတိုင်းမှာ အစိုးရဌာနဆိုင်ရာဘက်က မိမိသားသမီးကို မိမိကာကွယ်မယ်ဆိုတဲ့ ဖခင်စိတ်နဲ့ အမြဲတမ်း ကာကွယ်နေမယ် ဆိုရင်တော့ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ရပ်ကွက်၊ မြို့နယ် အဆင့် မှာရှိတဲ့ အာဏာပိုင်များ ဆက်ဆံရေးဟာ ပြေလည်စရာ အကြောင်းဟာ တော်တော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်'' ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

မိမိတို့သည် တစ်ဦးတည်း တစ်ယောက်တည်း အုပ်ချုပ်သည့် စနစ်ကို မကြိုက်၍ ထိန်းကြောင်းရန်ဆိုသည့် ဒီမိုကရေစီ စနစ်သစ်ကို သွားနေသည့် အချိန်တွင် ထိန်းကျောင်းရန် ယန္တရားတစ်ရပ် အနေဖြင့် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် အမိန့်ထုတ်ပြန် ထားကြောင်း၊ အဆိုပါ အမိန့် ကြေညာချက်တွင် ကျေးရွာ၊ ရပ် ကွက်၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု ကော်မတီများ၊ တာဝန်ပေးအပ်ခြင်း ကိစ္စများ ပါဝင်ပြီး ရှင်းလင်း ဖော်ပြထားကြောင်း၊ သို့သော် ယင်းအမိန့် ကြော်ငြာစာအား ကျေးရွာ၊ ရပ်ကွက်အဆင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်ဆီသို့ မရောက်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ ဖွဲ့နေသည့် အချိန်၌ပင် မြို့နယ် အုပ်ချုပ်ရေးမှူးများက လျို့ဝှက်အနေဖြင့် သိမ်းထားရသည့် စာတမ်း ဖြစ်နေကြောင်း၊ မိမိအနေဖြင့် အံ့သြမှု ဖြစ်ပေါ်ရကြောင်း၊ သမ္မတရုံးဝက်ဘ်ဆိုဒ် တရားဝင် ဖော်ပြထားသည့် ယင်းအမိန့် ကြော်ငြာစာကို ရရှိထားသော ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက လျို့ဝှက် သိမ်းထားရသည့် အနေ အထားမျိုးသည် ပွင့်လင်းမြင်သာမှု နည်းပါးနေသည်ကို တွေ့ရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ဝေဖန်ပြောကြားသည်။

ထိုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ မေးမြန်းပြောကြား မှုများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါအတိုင်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများအား ရပ်ကွက်၊ ကျေးရွာများအထိ တာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းအမိန့် ကြေညာ ချက်၌ ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် ညွှန်ကြားချက်များကို ပါဝင်ပြီး ဖြစ်သည့်အတွက် သီးခြားလိုအပ်သော ကော်မတီ လမ်းညွှန်လက်စွဲ (သို့မဟုတ်) အမိန့်ညွှန်ကြားချက် ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ သီးခြားညွှန်ကြား လာမှသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းကော်မတီများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဖွဲ့စည်း ဆောင်ရွက်ထားခြင်း ဖြစ်သည့် အတွက် မိမိတိုင်းဒေသကြီး တစ်ခုတည်းမှ သီးခြားထုတ်ပြန် ကြေညာ၍ မရကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြန်လည်ရှင်းလင်း ပြောကြားသည်။

Eleven Media Group

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ နေပြည်တော် နယ်မြေအတွင်း ရေကြီး

 လယ်ဝေးမြို့နယ် ဆင်ဆိပ်နှင့် ခရမ်းကိုင်းကျေးရွာတို့တွင် ရေကြီးမှုကြောင့်
 ဒေသခံများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ် 
(ဓာတ်ပုံ - စိုးမင်းထိုက်) 


စက်တင်ဘာ ၂၄ ရက် ည ၁၁ နာရီ အချိန် ရွာသွန်းခဲ့သော မိုးကြောင့် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ကျေးရွာငါးရွာနှင့် လယ်မြေဧကများစွာ ရေကြီးရေလျှံ နစ်မြုပ်လျက် ရှိကြောင်း သိရသည်။


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ၊ ဗောဓိကုန်းကျေးရွာ၊ ဆင်ဆိပ် ကျေး ရွာ၊ ညောင်ကုန်း ကျေးရွာနှင့် သရက်ခုံ ကျေးရွာများနှင့် လယ်မြေဧကများတွင် ရေများ ၀င်ရောက် ကာ နစ်မြုပ်လျက်ရှိသည်။

ခရမ်းကိုင်းကျေးရွာ ဒေသခံတစ်ဦးက ''ည ၁၁ နာရီလောက် ကတည်းက ရွာတဲ့မိုးက မနက် ၁ နာရီ ခွဲ လောက်အထိ သဲသဲမဲမဲပါပဲ။ ရေက နံနက် ၃ နာရီ လောက်ကတည်းက ရွာထဲကို ရေတွေဝင်လာတယ်။ မိုးကြီးရင် ရေ၀င်မယ်ဆိုတာ သိပေမယ့် ဒီလောက်အထိ ကြီးမယ်မထင်ဘူး။ မနက်လင်းတော့ အိမ်အောက် မြုပ်နေပြီ။ ရင်စို့လောက်အထိ ရှိတယ်။ အိမ်ကကျွဲတွေ၊ နွားတွေ၊ ၀က်တွေကိုတော့ ရေစ၀င်ကတည်းက လေယာဉ်ကွင်းလမ်းပေါ် ရွှေ့ထားရတယ်'' ဟု ပြောကြားခဲ့သည်။

''လေယာဉ်ကွင်းလမ်း မဖောက်ခင်က ရေကြီးတာ မရှိခဲ့ဘူး။ လေယာဉ်ကွင်းလမ်းက တမံလို ဖြစ်နေတယ်။ ရေထွက်ပေါက်ကလည်း ကိုက် ၅၀၀ နီးပါးမှာ တစ်ခုပဲရှိတယ်။ လေးပေပြွန်ချောင်းဆိုတော့ မိုးများလို့ ရေ များရင် ကျွန်တော်တို့ ရွာတွေက အဲဒီဒဏ်ကို ခံစားရတာပဲ။ ရွာတွေက အနိမ့်ပိုင်းဆိုတော့ ပိုဆိုးတာပေါ့။ ဒီလမ်းပေါ်လာပြီး နောက်ပိုင်း စပါးကတော့ စိုက်တာပဲရှိတယ်။ ရတယ်လို့ကို မရှိဘူး။ နှစ်စဉ်ရေကြီးတာနဲ့ ကြုံနေရတယ်။ နည်းတာနဲ့ များတာပဲကွာတယ်။ အခုတော့ ကယ်ဆယ်ရေးတွေ ရောက်နေပါပြီ''ဟုဆင်ဆိပ် ရွာမှ ကိုအေးဟန်က ပြောကြားသည်။

''အခုလို အချိန်မှာ အလိုအပ်ဆုံးက သောက်သုံးရေပါပဲ။ ရွာမှာရှိတဲ့ ရေတွင်းတွေက ရေမြုပ်ကုန်ပြီ။ စားစ ရာ ထက် ရေပဲ အဓိက လိုအပ်ပါတယ်'' ဟု ခရမ်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ကျေးရွာများသည် ၂၀၁၁ ခုနှစ်တွင်လည်း ရေကြီးမှုကို ကြီးမားစွာ ခံစားခဲ့ရပြီး ရန်အောင်မြင် ဘုရားဝင်း အတွင်းတွင် နေထိုင်ခဲ့ရာ ယခုနှစ်ရေဘေး အတွက်လည်း ယင်းနေရာတွင်ပင် ချထားမည်ဖြစ်ပြီး လယ်ဝေးမြို့ အနီးတွင် ချောင်းမငယ်ဆည်နှင့် ဆင်အုံကန်ရှိပြီး ယခုရေကြီးမှုသည် မိုးရေများ စုစည်းပြီး နိမ့်သည့် ကျေးရွာများတွင် ရေကြီးခြင်း ဖြစ်ကြောင်း သိရသည်။


လယ်ဝေးမြို့နယ် ဆင်ဆိပ်နှင့် ခရမ်းကိုင်းကျေးရွာတို့တွင် ရေကြီးမှုကြောင့်
ဒေသခံများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ် 
(ဓာတ်ပုံ - စိုးမင်းထိုက်) 

စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း ရေကြီးမှုကြောင့် ခရမ်းကိုင်းကျေးရွာ အိမ်ခြေ ၃၉၆၊ လူဦးရေ ၄၄၀ ဦး၊ ဆင်ဆိပ်ကျေးရွာ အိမ်ခြေ ၇၈၊ လူဦးရေ ၈၈ ဦး၊ ညောင်ကုန်းကျေးရွာ အိမ်ခြေ ၂၁၀၊ လူဦးရေ ၂၇၀၊ သရက် ခုံကျေးရွာ အိမ်ခြေ ၁၈၀ တို့ ရေဘေးသင့်နေကြောင်း သိရသည်။

ရေကြီးမှု ဖြစ်စဉ်သို့ ကြက်ခြေနီ အဖွဲ့များ၊ မီးသတ်ယာဉ်များ၊ တပ်မတော်လေနှင့် ကြည်းမှ တပ်မတော် သားများ၊ အေလာမြို့မှ ပရဟိတအဖွဲ့ စသည်ဖြင့် ကူညီကယ်ဆယ်ရန် ရောက်ရှိနေပြီး ထမင်းထုပ်များ၊ ရေဘူးများ ဝေငှလျက် ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ် အတွင်းရှိ အဆိုပါရွာများ အပြင် အေလာမြို့ အနီးရှိ ရွာသစ်၊ ငှက်ပျောတောရွာ၊ ကြံခင်း စုရွာ များတွင်လည်း ရေကြီးလျက် ရှိကြောင်း သိရသည်။

အလားတူ နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ်အတွင်း စက်တင်ဘာ ၂၃ ရက်က ရွာသွန်း ခဲ့သော မိုးကြောင့် တောင်ညိုချောင်း ရေလျှံခဲ့ပြီး တောင်ညိုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနှင့် ပြည်ျေတာ် လင်း၊ သစ်မွှေစု ကျေးရွာများသို့ ရေ၀င်ရောက်ခဲ့ပြီး ရွာများကို ဆက်သွယ်ထားသော သံမဏိ ကြိုး တံတား ကြိုးပြတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်မှုများ ရှိနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား ငွေကြေးဆိုင်ရာ အလွဲသုံးစား ပြုလုပ်သည်ဟု စွပ်စွဲမှုဖြစ်ပေါ်



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပဲခူး တိုင်း ဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ကို အများပြည်သူပိုင် ငွေများအား အာဏာ အရှိန် အ၀ါ သုံးကာ အလွဲသုံးစား ပြုလုပ်ခဲ့မှုအတွက် ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတနှင့် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌအပါအ၀င် တာဝန်ရှိသူများထံ တိုင်ကြားထားကြောင်း စက် တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ Aung Soe & ACE TOP LAW FIRM တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီဝင်များက ပြောကြားသည်။


ပြည်သူများက ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ပြည်သူလူထု အကျိုးအား အမှန်တကယ် ဆောင်ရွက်နိုင်မှု နည်းပါးနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင်ပြည်ခိုင် ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား အာဏာ အရှိန်အ၀ါသုံးကာ တံတားတည်ဆောက် ရေး အတွက် အစိုးရအဖွဲ့က မတည်ပေးသည့် ရန်ပုံငွေများမှ ကျပ် ၁၂ သိန်း အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက် စောင့်ကြည့် သတင်းဂျာနယ်၊ အတွဲ ၈၊ အမှတ် ၄၀ တွင် သတင်း ဖော်ပြခဲ့ပြီး အဆိုပါ ဖော်ပြမှုအပေါ် အစွပ်စွဲခံ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးဖိုးဇော်(အမျိုးသားလွှတ်တော်ကိုယ် စားလှယ်) နှင့် ဦးကိုကို (ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) တို့မှ စက်တင်ဘာ ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် စောင့်ကြည့်ဂျာနယ် အနေနှင့် မမှန်သတင်း ဖော်ပြခြင်းအတွက် နိုင်ငံပိုင် သတင်းစာများ အပါအ၀င် ဂျာနယ်ငါးစောင်မှ ပြန်လည် တောင်းပန်ရန် ကြေညာခဲ့သဖြင့် အဆိုပါ သတင်း စာ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

''ဖြစ်လာတဲ့ ဖြစ်စဉ်အပေါ်မှာ အမှန်အတိုင်း ကျွန်တော်ရေးတာပါ။ ဒါက စာနယ်ဇင်းအပေါ် ဖိအားပေးတာ လို့ မြင်ပါတယ်'' ဟု အဆိုပါ မင်းရွာ၊ ကုက္ကိုတန်း တံတားအတွက် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ကျပ် ၁၂ သိန်း အာဏာ အရှိန်အ၀ါ သုံးကာ အလွဲသုံးစား လုပ်ခဲ့ကြောင်း ဖော်ထုတ် ရေးသားခဲ့သည့်စောင့်ကြည့် သတင်းဂျာနယ်မှ ဦးမိုးမြင့်လွင်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာ၊ ကုက္ကိုတန်း ကျေးရွာများအား ဖြတ်သန်းသွားသည့် ချောင်း ကူး တံတားမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသဖြင့် နိုင်ငံတော် အစိုးရမှ သဘာဝ ဘေး အန္တရာယ်နှင့် ကယ်ဆယ် ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၈၀ ထောက်ပံ့ခဲ့ပြီး အဆိုပါ ငွေပမာဏ မှ ကျပ် ၁၆၈ သိန်းကိုသာ မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ငွေကျပ် ၁၂ သိန်းအား ဦးဖိုးဇော်၊ ဦးကိုကိုတို့က ထပ်မံပေးအပ်မှု မရှိသဖြင့် ယင်းကဲ့သို့ အရှိန်အ၀ါကို အလွဲသုံးစား ပြုလုပ်၍ အနိုင်ကျင့်ဖြတ်ယူ သုံးစွဲခဲ့ခြင်းအပေါ် မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရေး ကော်မတီနှင့် ရွာသူရွာသားများက စက်တင်ဘာ ၈ ရက်တွင် နိုင်ငံတော် သမ္မတနှင့် တာဝန်ရှိသူများထံ တိုင်ကြားခဲ့ကြောင်း မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြော ကြားသည်။

''ကျွန်တော်တို့က ပြည်ခိုင်ဖြိုးပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သိက္ခာချတာ မဟုတ်ပါဘူး။ ပြည် ခိုင်ဖြိုးပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သိက္ခာကျအောင်လုပ်တဲ့ ကိုယ်စားလှယ် နှစ်ဦးကိုပဲ တောင်းပန်စေချင်တာပါ။ ကျွန်တော်တို့က ဒီငွေ ကျပ်၁၂ သိန်းကို မက်မောလို့ ပြောနေတာ မဟုတ်ပါဘူး။ ငွေကျပ် ၁၂ သိန်းအပေါ် မှာ ဖြစ်လာတဲ့ အကျင့်စရိုက်ကို ပြောနေတာပါ'' ဟု မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြားသည်။

မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရာတွင် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သုံးရာ ရှစ်ဆယ့်ရှစ်၏ သိန်း တစ်သောင်း တစ်ထောင် နှစ်ရာရှစ်ဆယ့် ခြောက်ကျပ် ဖြစ်ပြီး ပြည်သူများ၏ လှူဒါန်းငွေမှာ ကျပ်တစ် ရာ့ကိုးဆယ့် ရှစ်သိန်းရှစ်ထောင့် ငါးရာကျပ်ဖြစ်ကာ အစိုးရအဖွဲ့ ခွင့်ပြုငွေမှာ ကျပ်သိန်း ၁၈၀ ဖြစ်သော် လည်း အမှန်တကယ် ရရှိငွေမှာကျပ် ၁၆၈ သိန်းသာ ဖြစ်သည့်အတွက် ကော်မတီမှ စိုက်ငွေအကြွေးမှာ ကျပ်နှစ်ဆယ့်နှစ်သိန်း နှစ်ထောင့်ခုနစ်ရာ ခြောက်ဆယ်ရှစ်ကျပ် ဖြစ်နေကြောင်း သိရသည်။

ထိုသို့ စိုက်ငွေ အကြွေးတင်နေသဖြင့် အစိုးရအဖွဲ့ ခွင့်ပြုငွေ ကျပ် ၁၂ သိန်းအား ရရှိရန် လိုအပ်နေသော် လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးဇော်က အဆိုပါ ၁၂ သိန်းအား တံတားဖွင့်ပွဲတွင် စိုက် ထုတ်သုံးစွဲမည်ဟု ပြောဆိုခဲ့သည့် အတွက် ကန့်ကွက်ခဲ့ကြောင်း မင်းရွာတာဝအုပ်စု ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက ပြောကြားသည်။ ''စက်တင်ဘာ ၉ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ကျွန်တော် အပါအ၀င် ရပ်ကျေး အုပ်ချုပ်ရေးမှူး လေး ဦးကိုခေါ်ပြီး ဒီမင်းရွာ၊ ကုက္ကိုတန်း တံတားကို ကျပ်သိန်း ၈၀ အကုန်ခံပြီး ဖွင့်မယ်ပြောတယ်။ ကျွန်တော်တို့ ရွာတွေမှာ ဒီတံတားကြောင့် အကြွေးပတ်လည် ၀ိုင်းနေတာ ၁၂ သိန်း အကုန်ခံ မဖွင့်နိုင်ဘူး ပြောတော့ ဦးဖိုးဇော်က အဲဒါဆိုရင် ဒီ ၁၂ သိန်းကို ယူသွားပါ ပြောတယ်။ ကျွန်တော့် ကော်မတီဝင်တွေ မပါတဲ့အတွက် လက်မခံခဲ့ပါဘူး'' ဟု မင်းရွာ တာဝအုပ်စု ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော် သူရက ပြောကြားသည်။

ထိုသို့ သတင်းမီဒီယာများနှင့် ကျေးလက်နေ ပြည်သူများအပေါ် အရှိန်အ၀ါ သုံးနေသည့် လွှတ်တော် ကိုယ်စား လှယ် နှစ်ဦးအပေါ် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဆန်းဦးက ''လိုအပ်လာရင် ရွာသူရွာသား တွေနဲ့ စာနယ်ဇင်းဘက်က ကာကွယ်ပြီး ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်မယ်'' ဟု ပြောကြား သည်။

လက်ရှိ ဖြစ်ပွားခဲ့သည့် တံတားတည်ဆောက်ရေး ပြဿနာများနှင့် ပတ်သက်၍ ဦးဖိုးဇော်နှင့် ဦးကိုကိုတို့က အထူးလွှဲအပ်ထားသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်ကြွယ်က သူမ၏ အမှုသည် နှစ်ဦးတွင် အဆိုပါ ကျပ် ၁၂ သိန်းအား အလွဲသုံးစား ပြုလုပ်ထားခြင်း မဟုတ်ဘဲ တံတားဖွင့်ပွဲတွင် ကျပ်သိန်း ၈၀ အသုံးပြုမည် ဖြစ်သည့်အတွက် အဆိုပါ ကျပ် ၁၂ သိန်းအား အသေးသုံး အဖြစ်သာ သတ်မှတ်ထားပြီး တံတားနှင့် ပတ် သက်၍ ဂျာနယ်ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မင်းရွာ တာဝအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီ ၀င်ဖြစ်သူ ဦးကျော်သူရက ယင်းငွေအား ပြန်လည်မယူဟု ပြောကြားခဲ့ကြောင်း အထောက်အထားများ ရှိသည်ဟု စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

 မင်းရွာ တာဝအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ 
ဦးကျော်သူရက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် 

Eleven Media Group

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများကို တင်ဆောင်လာသော သင်္ဘောမှာ ရာသီဆိုးရွားမှုကြောင့် မြိတ်ကျွန်းစုအတွင်းရှိ မလိကျွန်းတွင် ခိုနားနေရ

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများကို တင်ဆောင်လာသော သင်္ဘောမှာ ရာသီဥတု ဆိုးရွား မှုကြောင့် မြိတ်ကျွန်းစု အတွင်းရှိ မလိကျွန်းတွင် ခိုနားနေရကြောင်း သိရသည်။


စက်တင်ဘာ ၁၈ ရက်တွင် ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသားများအား ကော့သောင်းမြို့ရှိ တော်ဝင်တံတားမှ ပြည်ဖြိုးထွန်း ၁၅ သင်္ဘောဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောမှာ ကော့သောင်းဆိပ်ကမ်းမှ ထွက်ခွာလာပြီး ကျွန်းစုမြို့နယ် ကမ်းကြီးရွာအနီးတွင် စက် တင်ဘာ ၂၀ ရက်က စက်ချွတ်ယွင်းမှုကြောင့် ရပ်နား နေခဲ့ရကြောင်း သိရသည်။

''သင်္ဘောက ကော့သောင်း ကနေ ထွက်သွားတာ ၅ ရက်ကျော်သွားပါပြီ။ ဒီက မိသားစုတွေက ထောင်မှာ သေနတ်ပစ်ခံရတုန်းက တစ်ပူ၊ ထောင်ပြောင်းတုန်းကလည်း တစ်ပူ၊ အခု လမ်းခရီးမှာ တစ်ခုခုဖြစ်နေပြန်ပြီး လား ဆိုပြီးတော့ တစ်ပူဖြစ်နေပါတယ်။ အဲဒီသဘောင်္ ဘယ်ကိုရောက်နေတာလဲဆိုတာ သိချင်နေကြတယ်'' ဟု ကော့သောင်းမြို့မှ အကျဉ်းသားများ၏ ဆွေမျိုးတစ်ဦးက ပြောကြားသည်။

အဆိုပါသင်္ဘောမှာ ဆက်လက်ထွက်ခွာလာရာ ပုလောမြို့နယ်အတွင်းရှိ မလိကျွန်းနား အရောက်တွင် ရာသီဥတုဆိုးရွားမှုကြောင့် စက်တင်ဘာ ၂၁ ရက်တွင် မလိကျွန်း၌ ခိုနားနေခဲ့ရကာ စက်တင်ဘာ ၂၁ ရက် တွင် ပင်လယ်ပြင်အတွင်း လှိုင်းလေ ပြင်းထန်နေသောကြောင့် မလိကျွန်းသို့ ခဏ၀င်ခိုနေခဲ့ရသည်။

''မလိကျွန်းမှာကတော့ ရေတပ်စခန်း ရှိပါတယ်။ ဒီသတင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ဆီကို ဆက်သွယ် အကြောင်းကြားထားခြင်း မရှိသေးပါဘူး'' ဟု ကျွန်းစုရေတပ် စခန်းဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြား ခဲ့ သည်။

ယင်းသင်္ဘောမှာ စက်တင်ဘာ ၂၄ ရက် နံနက် ၇း၃၀တွင် မလိကျွန်းရေတပ် အခြေစိုက်စခန်းမှ ထွက်ခွာရန် ပြင်ဆင်ခဲ့သော်လည်း ရာသီဥတု ဆိုးရွားနေမှုကြောင့် စက်တင်ဘာ ၂၈ ရက်မှ စတင်ထွက်ခွာမည်ဖြစ် ကြောင်း သိရသည်။ ''မလိကျွန်းမှာ လှိုင်းကြီးနေလို့ ခိုနေရတယ်လို့ ပြောတယ်။ စက်တင်ဘာ၂၈မော်လမြိုင် ကို ထွက်မယ်လို့ သိရတယ်''ဟု ပုလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကျဉ်းသားတစ်ရာကျော် တင်ဆောင်လာသည့် ပြည်ဖြိုးထွန်း ၁၅ သင်္ဘောမှာ ပင်လယ်ပြင်အတွင်း ရှစ်ရက်ကျော် ကြာနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Eleven Media Group

နမူနာပေးပို့ သော ရေကျိုငါးပိအချို့ ယူရီးယားပါဝင်ကြောင်း FDA အတည်ပြုပြီ

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ပေးပို့ထားသော ရေကျိုငါးပိများအား ဓာတ်ခွဲစစ်ဆေးရာ ယူ ရီးယား (Urea) ဓာတ် ပါဝင်မှုကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)က မဇ္ဈိမသို့ စက်တင်ဘာ ၂၄ရက်က ဖြေကြားသည်။


သို့သော် ထိုသို့ယူရီးယားပါဝင်ခြင်းမှာ ဓာတ်မြေသြဇာ ရောနှောခြင်းကြောင့် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားနိုင်ခြင်း မရှိပါကြောင်းလည်း ဖြေကြားသည်။

ယင်းတွေ့ရှိမှုနှင့်ပတ်သက်ပြီး မည်သို့ဆက်လက် ဆောင်ရွက်ရန်ရှိသည်ဆိုသည့်အချက်ကိုမူ ဆက်လက် ဖြေကြားပေးခြင်း မရှိခဲ့ပေ။

နမူနာ အမှတ်(၂)

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါဝင်မှု ရှိ၊ မရှိ စစ်ဆေးရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ရန်ကုန် FDA နမူနာသုံးခုကို ပေးပို့လာခဲ့ပြီး ရန်ကုန် FDA က နေပြည်တော်သို့ ဆက်လက်ပေးပို့စစ်ဆေး ပေးခြင်း ဖြစ်သည်။ ယင်းနမူနာ သုံးခုအနက် နမူနာ အမှတ်(၂)တွင် ယူရီးယားပါဝင်မှုကို တွေ့ရှိရကြောင်း ပြောသည်။

ငါးပိတွင် ဓာတ်မြေသြဇာ ပါဝင်ခြင်း ရှိ၊ မရှိကို အစားအသောက်နည်းပညာရပ်ဆိုင်ရာလုပ်ငန်း ဆပ်ကော် မတီမှ ပညာရှင်များသို့ ဓာတ်ခွဲစစ်ဆေးသည့်နည်းလမ်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း FDA ၏ ဖြေကြား ချက်တွင် ပါဝင်သည်။

တွေ့ မှာပဲ

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က “စစ်ရင်တော့ ယူရီးယားကို တွေ့မှာပဲလို့ ဝေဖန်နေ ကြတာရှိတယ်။ ရေကျိုငါးပိထဲမှာ အလိုလို ယူရီး ယားကဖြစ်တာပဲဆိုပြီး ပြောနေတာရှိတယ်” ဟု ပြောသည်။

သို့သော် ရေကျိုငါးပိတွင် တွေ့နိုင်သည်က သဘာဝ အလျောက်ဖြစ်သော အောဂဲနစ်ဖြစ်ကြောင်း၊ ငါးပိ ထဲမှာ ယူရီးယား မပါဘူး မပြောဘူး၊ သို့သော် မည်သည့် ရာခိုင်နှုန်းအထက်ပါလျှင် ထပ်ထည့်ထား၊ မထား ကို သိနိုင်ကြောင်း၊ ထပ်တည့်သော ဓာတ်မြေသြဇာက အောဂဲနစ်မဟုတ်ကြောင်း ဆက်ပြောသည်။

ဦးဘအုပ်ခိုင်က “ငါးပိထဲမှာ နိုက်ထရိုဂျင် ဘယ်လောက်များများပါနေတယ်ဆိုတာ တိုင်းလို့ရရင် အဖြေ ထွက်တာ ပါပဲ။ နိုက်ထရိုဂျင်၊ ဖော့စထရပ်၊ ပိုတက်ဆီယမ်တို့ကို တိုင်းရင် အဖြေထွက်တာပဲ”ဟု ပြောသည်။

ဘယ်ကမှန်းမသိ

ရေကျိုငါးပိများကို စစ်ဆေးရန် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ပေးပို့ခြင်းဖြစ်ပြီး မည်သည့် နေ ရာမှ ယူလာသည်ဟု ပြောဆိုခြင်းမရှိ၍ မည်သည့်နေရာမှ ရေကျိုငါးပိက ယူရီးယားပါဝင်သည်ဟု ပြော ၍မရကြောင်း ရန်ကုန် FDA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖျာပုံ၊ ညောင်တုန်း၊ မအူပင်၊ ငါးသိုင်ချောင်း၊ ဘော်လယ်၊ မော်လမြိုင်ကျွန်းဒေသများရှိ ငါးပိတွင် ဓာတ်မြေ သြဇာ ပါဝင်ခြင်းကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့ပြီး တစ်နှစ်ဝန်းကျင်ခန့် အချိန်ယူစစ်ဆေးခဲ့ကြောင်း စား သုံးသူ ကာကွယ်ရေး အသင်းက ဆိုသည်။

ရန်ကုန်ငါးပိဒိုင်များသို့ အဓိကထားတင်ပို့သည့် ဧရာဝတီတိုင်းရှိ ဒေသအချို့မှ ဒေသခံများက ငါးပိတွင် ဓာတ်မြေသြဇာရောခြင်းကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် FDA သို့ စစ်ဆေးနိုင်ရန် သြဂုတ် ၂၈ ရက်တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ သိရသည်။

ရောင်းအား

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါဝင်သောသတင်းများ ထွက်ပေါ်လာပြီးနောက်တွင် ငါးပိရောင်းအားများ ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း ငါးပိကုန်သည်များက ဆိုထားသည်။

ယခင်က ငါးပိ ငါးပိဿာရောင်းရချိန်တွင် သတင်းများပေါ်ထွက်ပြီးနောက် တစ်ပိဿာခန့်သာ ရောင်းရ တော့ကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည်အသင်းဖြစ်မြောက်ရေးကော်မတီနာယက ဦးမောင်မောင်သိန်းက ဆိုသည်။

အချိန်ယူ

ရေကျိုငါးပိပြုလုပ်ရာတွင် အချိန်တစ်နှစ်ကျော် နှစ်နှစ်ခန့်ယူရမည့်အစား ခုနစ်ရက်မှ ၁၀ ရက်ခန့်သာ ထား ပြီး ဈေးကွက် အတွင်း ဖြန့်ချိရောင်းချနိုင်စေရန်အတွက် ငါးအရိုးများကို နူးလွယ်စေရန် ယူရီးယားမြေသြ ဇာ များကို ရေချိုငါးပိပြုလုပ်ရာတွင် ပြုလုပ်သူများက ထည့်နေခြင်း ဖြစ်သည်ဟု သိရသည်။

စီးပွားရေးကျင့်ဝတ်

အမှန်တကယ်ဆောင်ရွက်ပါက စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်ခြင်းဖြစ်နိုင်ရာ စီးပွားရေးကျင့်ဝတ် ကို လိုက်နာရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။

မိမိအမြတ်ရရှိရေးတစ်ခုတည်းအတွက် တစ်နိုင်ငံလုံးရှိ စားသုံးသူများ ဒုက္ခရောက်အောင်မလုပ်သင့်ကြောင်း ပြောသည်။

ပြစ်ဒဏ်

အမျိုးသား အစားအသောက် အက်ဥပဒေအရ ပြည်သူလူထုစားသုံးသော အစားအသောက်တွင် အဆိပ်ဖြစ်စေခြင်း၊ ဘေးဥပါဒ်ဖြစ်စေခြင်းများ ဖြစ်ပါက ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၃၀,၀၀၀ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်။

ကျန်းမာရေး

ယူရီးယားပါဝင်သော အစားအသောက်ကို အချိန်ကြာရှည်စားသုံးမိပါက ဦးနှောက်ပိုင်းဆိုင်ရာရောဂါများနှင့် ကျောက်ကပ်ပိုင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် သွေးထဲတွင် ယူရီးယားပါဝင်မှု မြင့်မားလာပါက ချက်ချင်း သတိမေ့သွားသည်အထိ ဖြစ်နိုင်သည်။

တောင်ဒဂုံမြို့နယ်ရှိ ကျပန်းအလုပ်လုပ်သူ ကလေး လေးယောက်မိခင် ဒေါ်ချိုချိုက “လူတွေကလည်း လုပ်ရက် လိုက်ကြတာ။ ဆင်းရဲသားတွေက ဒါလေးပဲစားရတာ” ဟု မှတ်ချက်ပြုလိုက်သည်။

စားသောက်ကုန်များနှင့်ပတ်သက်၍ အန်္တရာယ်ရှိသော ဆိုးဆေးများ ပါဝင်သဖြင့် ငါးပိအမျိုးမျိုးကို စားသုံး ရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ကြေညာချက်ထုတ်ပြန်ထားမှုများ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့ရသည်။

ငါးပိမတိုင်မီ အချဉ်ရည်တွင် ဆာလဖြူရစ်အက်စစ်တွေ့ရှိခြင်း၊ ငရုတ်သီးမှုန့်များတွင် ဆိုးဆေးအသုံးပြုခြင်း၊ လက်ဖက်တွင် ဆိုးဆေးအသုံးပြုခြင်းများကိုလည်း တွေ့ရှိ ထားခဲ့သည်။

ထို့အပြင် နို့မှုန့်များတွင် မယ်လမင်းဓာတ်များပါဝင်ကြောင်း တွေ့ရ၍ တရုတ်နိုင်ငံတွင် ပြန်လည်သိမ်းဆည်း ခြင်းက လည်း စားသုံးသူများကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ဘေးကင်းလုံခြုံစိတ်ချရသည့် စားသောက်နေထိုင်မှု ဘ၀ကို တမ်းတလျက်နှင့်ပင် ဝေးနေရသည်။

မဇ္ဈိမ သတင်းဌာန

၂၀၁၅ ရွေးကောက်ပွဲမျှတမှုရှိရေး ရွေးကောက်ပွဲကော်မရှင်သာမက ပါတီများပါ ရိုးသားရန်လိုအပ်ဟု တ-စ-ည ပါတီ ပြော

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မျှတမှုရှိစေရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်သာ မက ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများကပါ ရိုးသားမှုရှိရန်လိုအပ်သည်ဟု တိုင်းရင်းသားစည်းလုံး ညီညွတ် ရေး ပါတီဝင်များက စက်တင်ဘာ၂၄ရက်တွင် ပြောသည်။


မြန်မာနိုင်ငံအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ၊၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ ယှဉ်ပြိုင်ခဲ့ ကြပြီး ယင်းရွေးကောက်ပွဲများသည် မျှတမှုမရှိသော ရွေးကောက်ပွဲများဖြစ်ခဲ့ရာ ၂၀၁၅ ရွေး ကောက်ပွဲတွင်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်သာမက ပါတီများအနေဖြင့်ပါ ရိုးသားမှုရှိရန် လိုအပ်သည် ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။

၎င်းင်းက “ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲကော်မရှင်သာမက ပါတီတွေ ဘက်က ချို့ယွင်း ချက် တွေလည်း အများကြီး ရှိတယ်။ မဲရုံနဲ့ ကိုက်တစ်ရာမှာ စည်းရုံးရေး မလုပ်ရဘူးလို့ စည်းကမ်းချက်ရှိပေမယ့် မဲရုံထဲထိလိုက်ပြီး စည်းရုံးတာရှိတယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုရှိရန်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဌ ဦးတင်အေးက “ရွေးကောက်ပွဲဆိုတာ လွတ်လပ်ရုံနဲ့ မပြီးဘူး။ တရားမျှတမှုရှိဖို့လည်း လိုတယ်။ ဒါကိုကော်မရှင်အနေနဲ့ဆောင်ရွက်ပေးရမှာပေါ့”” ဟု စက်တင်ဘာ ၂၅ ရက် တွင် မဇ္ဈိမကိုပြောသည်။

ယင်းသို့ ရွေးကောက်ပွဲတရားမျှတမှုရှိရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ပါတီမှ ဗဟိုအလုပ် မှုဆောင် ဦးဝင်းမြင့်က “ကျွန်တော်တို့ပါတီ အနေနဲ့က တရားမျှတစွာ ယှဉ်ပြိုင်ခဲ့တဲ့အတွက် အနိုင်ရခဲ့တာ။ ကျွန်တော်တို့သာ ဥပဒေမဲ့ ဆောင်ရွက်ခဲ့ရင် ကော်မရှင်က အရေးယူမှာပဲ။ အင်အားကြီး ပါတီဆိုပေမယ့် ကျွန်တော်တို့ ဥပဒေမဲ့ တာမျိုးမလုပ်ပါဘူး။ အခြားပါတီတွေတော့ မသိဘူး”ဟုဆိုသည်။

လက်ရှိ ပြည်တွင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့မှာ အင်အားအကြီးဆုံးပါတီများအဖြစ် ရပ်တည်နေကြသည်။

၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများ အနေဖြင့် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်ဟု ပါတီ အများစုထံက သိရသည်။

မဇ္ဈိမ သတင်းဌာန

NLD ပါတီ ငွေရတုပွဲ ကျင်းပမည်

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် ပြည်သူများ၏ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများအတွင်းက ပေါက်ဖွားခဲ့ သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ငွေရတုပွဲများကို စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်နှင့် အခြား မြို့များတွင် ကျင်းပမည်ဖြစ်သည်။


စက်တင်ဘာ ၂၇ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်၍ ငွေရတု အထိမ်းအမှတ်ပွဲများနှင့်အတူ ၂၅ နှစ်တာကာလ မြို့နယ်အလိုက် ဖြတ်သန်းလာခဲ့သည့် ဓါတ်ပုံ မှတ်တမ်းများနှင့်ငွေရတုအထိမ်းအမှတ်ပွဲများကို ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်မြို့များတွင် ကျင်းပမည် ဖြစ်ကြောင်း NLD မှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅) နှစ်ပြည့်ငွေရတုအခမ်းအနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးခန်းမ၌ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပသွား မည်ဖြစ်သည်။

ယင်းအခမ်းအနားသို့အဖွဲ့ချုပ် ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး မှတ်တမ်းပြခန်း တစ်ခု စီစဉ်ခင်းကျင်းပြသမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်အဖွဲ့ဝင် ကိုမျိုးညွန့်က မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ စက်တင်ဘာလ ၂၇ ရက် မနက် ငွေရတုပွဲကျင်းပမယ်။ အရင်က လုပ်ဖော်ကိုင်ဖက် ပါတီ တွေ ဖိတ်ထားတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်တို့ကို ဖိတ်တယ်။ သံရုံးတွေကို ဖိတ်တယ်။ လူတွေများမှာဖြစ်တဲ့အတွက် ရုံးမှာ LED ထောင်ပြီး ပြမှာဖြစ်တယ်။ သမိုင်းဝင်တဲ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံး မှာပဲ လုပ်မယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် အထိမ်းအမှတ်ပွဲနှင့် အတူ ငွေရတုသတင်းမှတ်တမ်းလွှာ မဂ္ဂဇင်းထုတ်ဝေသွားမည် ဖြစ်သည်ဟု လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးခရိုင် ဒု-ဥက္ကဋ္ဌ ဦးကိုလေးက ပြောသည်။

၎င်းင်းက ““အခြားသော မြို့နယ်တွေမှာလည်း ငွေရတုပွဲကို ကျင်းပမယ်။ ကျွန်တော်တို့ ၂၅ နှစ်ဖြတ် သန်း လာခဲ့တဲ့ NLD ငွေရတုတိုင်အောင် တာဝန်ထမ်းဆောင်လာကြတဲ့ ပုဂ်္ဂိုလ်တွေ အမှတ်တရစကားပြောမယ်။ စာရေးဆရာတွေရဲ့ ဟောပြောမှုတွေပါမယ်” ဟု ပြောသည်။

မန္တလေးမြို့တွင် စက်တင်ဘာ ၂၇ မှ စတင်ကာ သုံးရက်တာကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့ ၂၆ လမ်း၊ပဒုမ္မာ ခန်းမ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုင်းလှသိန်းက ပြောသည်။

၎င်းင်းက “အဘဦးတင်ဦး ကိုယ်တိုင်က သက်ဆိုင်ရာမြို့နယ်အလိုက် ငွေရတုအခမ်းအနားကိုကျင်းပရင် သ၀ဏ်လွှာတောင်းချင်ရင် တောင်းနိုင်တယ်လို့ ညွှန်ကြားထားပါ တယ်။ ဒီမိုကရေစီရေး ၂၅ နှစ်တာကာလ တစ်လျှောက်လုံး လုပ်ကိုင်ခဲ့တဲ့ လူကြီးတွေ ထဲက စကားပြောပါမယ်။ အသေးစိတ် အစီအစဉ်များအတွက် အစည်းအဝေး ထိုင်ရဦးပါမယ်” ဟု ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် တွင်လည်း ပါတီမွေးနေ့ ငွေရတု အခမ်းအနားကျင်းပမည်ဖြစ် ကြောင်း ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုလေးက မဇ္ဈိမကိုပြောသည်။

မဇ္ဈိမ သတင်းဌာန

Wednesday, September 25, 2013

အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်


Photo: အမြဲတန်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်
Wednesday, September 25, 2013

လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခု လိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ် လုပ် သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာ ကို တဖြည်းဖြည်း တွေ့လာ ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်ဥာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။

(၁) မှတ်ဥာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ
တချို့အပြုအမူ တွေက ဦးနှောက် ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဥာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီ အပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြ ကြည့် တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက် ကို ကျန်းမာစေပေမယ့် အကြာကြီး ထိုင် ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက် နိုင်စွမ်းကို လျော့နည်းစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

(၂) ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ ကောင်းမွန်စေဖို့ အတွက် တချို့အ စာတွေက အသုံးဝင်ပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါး နဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲ မှာ တွေ့ရပါတယ်။ ဒီအစာတွေကို စား တာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေ ဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက် ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်း ကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့် လည်း များများ လိုအပ် ပါတယ်။ မုန်လာ ဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီ တို့ကို များများစားတာကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း
ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်း အမျိုးမျိုးရှိတဲ့ အတွက် တေးသီချင်းတွေ နဲ့ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့် နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့် လည်း မှတ်ဥာဏ်ကောင်း စေပါတယ်။

(၄) အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း
ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက် စေနိုင် ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်Óဏ်လုပ်ငန်းဆောင်တာကို နှေးစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တား ပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်း ရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့ နည်းတတ် ပါသေးတယ်။

(၅) ဘာသာစကားအသစ် သင်ယူခြင်း
ဘာသာစကား အသစ် ကို သင် ယူ လေ့ လာ တာကလည်း ဦးနှောက်ကို လေ့ ကျင့်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ ဘာ သာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်မြင် နိုင်စွမ်း ပိုကောင်းလာတာကို သင် သတိ ပြုမိမှာပါ။

(၆) ဦးနှောက်ကောင်းစသည့် ဂိမ်းလေ့လာခြင်း
စကားလုံးတွေကို ဆက်ပြီး ကစား ရတဲ့ လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ ကျင့်ပေးပြီး မှတ်ဥာဏ်ထက်မြက်စေပါ တယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ် ကိုပါ လန်းဆန်းစေတဲ့အတွက် ဥာဏ်ရည် Óဏ်သွေးကို ကောင်းမွန်စေပါတယ်။
(၇) အနားယူရန် သင်ယူခြင်း

နောက်ဆုံး ဆိုပေမယ့် အရေးကြီးဆုံး တစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကို ထိခိုက်စေပြီး ကျန်းမာရေး အပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါ တယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများ တာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင် ပါတယ်။
ကြယ်စင်

http://myawadynews.blogspot.com/2013/09/blog-post_1642.html

လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခုလိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ်လုပ်သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အား သင့်စရာ ကောင်းတယ်ဆိုတာကို တဖြည်းဖြည်း တွေ့လာရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်ဥာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။


(၁) မှတ်ဥာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ

တချို့အပြုအမူ တွေက ဦးနှောက် ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဥာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီ အပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြာ ကြည့် တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက်ကို ကျန်းမာစေပေမယ့် အကြာကြီး ထိုင် ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက် နိုင်စွမ်းကို လျော့နည်းစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

(၂) ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ ကောင်းမွန်စေဖို့ အတွက် တချို့အ စာတွေက အသုံးဝင်ပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါး နဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲ မှာ တွေ့ရပါတယ်။ ဒီအစာတွေကို စား တာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေ ဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက် ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်း ကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့် လည်း များများ လိုအပ် ပါတယ်။ မုန်လာ ဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီ တို့ကို များများစားတာ ကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း

ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်း အမျိုးမျိုးရှိတဲ့ အတွက် တေးသီချင်းတွေ နဲ့ မှတ် ဥာဏ်ကောင်းအောင် လေ့ကျင့်နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့်လည်း မှတ်ဥာဏ် ကောင်း စေပါတယ်။

(၄) အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း

ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက် စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်ဥာဏ် လုပ်ငန်းဆောင်တာကို နှေးစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တား ပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်း ရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့ နည်းတတ် ပါသေးတယ်။

(၅) ဘာသာစကားအသစ် သင်ယူခြင်း

ဘာသာစကားအသစ်ကို သင်ယူလေ့ လာ တာကလည်း ဦးနှောက်ကို လေ့ ကျင့်နိုင်တဲ့ နည်းလမ်းကောင်း ပါပဲ။ ဘာ သာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်ြ မင် နိုင်စွမ်း ပိုကောင်း လာတာကို သင် သတိ ပြုမိမှာပါ။

(၆) ဦးနှောက်ကောင်းစေသည့် ဂိမ်းလေ့လာခြင်း

စကားလုံးတွေကိုဆက်ပြီး ကစားရတဲ့လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးပြီး မှတ်ဥာဏ် ထက်မြက် စေပါတယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ်ကိုပါ လန်းဆန်းစေတဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးကို ကောင်းမွန်စေပါတယ်။

(၇) အနားယူရန် သင်ယူခြင်း

နောက်ဆုံး ဆိုပေမယ့် အရေးကြီးဆုံး တစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကို ထိခိုက်စေပြီး ကျန်းမာရေး အပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါ တယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများ တာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင် ပါတယ်။

ကြယ်စင်

http://myawadynews.blogspot.com/2013/09/blog-post_1642.html