Tuesday, July 30, 2013

ဥပဒေပြုရေးမှာ ပညာရှင်တွေ ပူးပေါင်းပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် ဥပဒေပြုရေးဟာ အရေးကြီးကြောင်း ၊ မြန်မာပြည် ဒီမိုကရေစီ ရေးအတွက် ဥပဒေပြုရေးကိစ္စရပ်တွေမှာ ပညာရှင်တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုကြောင်း တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား လိုက်ပါ တယ်။


မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော် လွှတ်တော်ရုံး အဆောက်အဦးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အရည်အသွေး မြှင့်တင်ရေး ကော်မတီက ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် UNDP နဲ့ ပူးပေါင်းပြီး ဥပဒေပြုရေး ဆိုင်ရာတွေကို ဇူလိုင်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော် လွှတ်တော် အဆောက်အဦး အမှတ် ၂ဝ မှာ သင်တန်း ပို့ချမှာဖြစ်ပါတယ်။

ဒီကနေ့ သင်တန်းမှာ ဗြိတိန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ဥပဒေ ပညာရှင်တွေက ဥပဒေပြုရေးဆိုင်ရာတွေကို ဆွေးနွေးပြီး လွှတ်တော် ကိုယ်စားလှယ် ၃ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

source: http://www.rfa.org/burmese/news/dassk-invite-scholar-law-making-process-07292013094107.html

ပဲခူးမြို့မှ ရွာ(၅)ရွာသွားရာလမ်း ရေတိုက်စားပြိုကျ

ပဲခူးမြို့၏ ဇူလိုင်လ(၂၈)ရက်နေ့ ရွာသွန်းခဲ့သော မိုးကြောင့် ပဲခူးမြို့မှ ၀ါးမရမ်းကျေးရွာ၊ အလိုင်နီကျေးရွာ၊ ပုဂံဗိုကျေးရွာစသည့် ကျေးရွာ(၅)ရွာသို့ သွားလာ အသုံးပြု နေကြသော လမ်းမကြီးမှာ ဇူလိုင်လ(၂၈)ရက်နေ့တွင် ရေပြွန်ပေါက်ရေများ တိုက်စားပြီး ပြိုကျခဲ့သဖြင့် ရွာသူရွာသားများ သွားလာလို့ မရတော့ဘဲ ရှိနေကြောင်း ယင်းရေပြွန်ပေါက်မှာ ပဲခူးမြို့နှင့် တစ်မိုင်ခန့်ဝေးပြီး လေယာဉ်ကွင်း၊ ဇလပ်ထော် ဆည် သို့လည်းသွားရာ လမ်းမကြီး ဖြစ်သလို ပြိုကျခဲ့တဲ့ အနက်ပေ(၂၀)ခန့်ရှိပြီး လူများပင် သွားလို့မရ တော့ ကြောင်း သိရသည်။

နှစ်လတာ ကာလအတွင်း ဆန်၊ ဆီ၊ သားငါးနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်



ဈေးကွက်အတွင်း၌ ဆန်၊ ဆီ၊ သားငါးနှင့် အခြေခံ စားသောက်ကုန်စည် ဈေးနှုန်းများမှာ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ (ကျပ် ၁၀၀ မှ ၂၀၀၀ ကျပ်) ဈေးမြင့်တက်မှုများ ဖြစ်ပေါ်နေ ကြောင်း လက်လီဈေးကွက် အတွင်းမှ သိရသည်။

ဆန်ဈေးကွက် အတွင်း၌ ဆန်ချောနှင့် ဆန်ကြမ်း များ အားလုံး ဈေးမြင့်နေခြင်း ဖြစ်ပြီး ဆန်ချောဖြစ် သော ရွှေ ဘိုပေါ်ဆန်းမှာ ယခင်က တစ်အိတ်လျှင် ကျပ် ၃၃၅၀၀ မှ ယခု ကျပ်၃၅၀၀၀၊ ဆန်ကြမ်းဖြစ်သောဇီယာ မှာ တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ကျပ် ၂၁၅၀၀ သို့ မြင့်တက်သွားပြီး အမျိုးအစား အလိုက် အနိမ့်ဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ အထိ ဈေးတက်ခဲ့သည်။



ငါးဈေးများမှာလည်း ဈေးကွက်အတွင်း ၀ယ်ယူမှုများသည့် ငါးမြစ်ချင်း၊ ငါးကြင်းနှင့် တီလားဗီယား ဈေးနှုန်း များမှာ ယခင်လများထက် မြင့်တက်လျက်ရှိပြီး မိုးရာသီ ဖြစ်သဖြင့် ငါးများဈေးကွက်အတွင်း ၀င်ရောက်မှု နည်းပါးခြင်းကြောင့် ဈေးနှုန်းမြင့်တက် နေခြင်းဖြစ်ကာ လက်လီဈေးကွက်၌ပါ လိုက်ပါမြင့်တက်နေခြင်း ဖြစ်ကြောင်း ငါးဒိုင်များမှ စုံစမ်းသိရှိရသည်။

ယခင်က ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၂၂၀၀ မှ ၂၅၀၀ ရှိခဲ့ရာ ယခုအခါ တစ်ပိဿာ ကျပ် ၃၅၀၀ မှ ၄၀၀၀ အထိရှိပြီး၊ ငါးကြင်း တစ်ပိဿာလျှင် ယခင်က ကျပ် ၄၀၀၀ ရှိရာမှ ယခုအခါကျပ် ၆၀၀၀ အထိ မြင့် တက်နေကြောင်း သိရသည်။ တီလားဗီယား တစ်ပိဿာလျှင် ယခင်ကျပ် ၁၀၀၀ မှ ၁၂၀၀ ၀န်းကျင် ရှိခဲ့ရာ ယခုအခါ တစ်ပိဿာကျပ် ၁၅၀၀ အထိ မြင့်တက်လျက် ရှိသည်။

ဈေးအပေါဆုံး ပင်လယ်ငါးဖြစ်သော ငါးသေတ္တာငါးများမှာလည်း ယခင်ဒိုင်ဈေး တစ်ပိဿာကျပ် ၈၀၀ မှ ၁၀၀၀ ၀န်းကျင်သာ ရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၁၈၀၀ မှ ၁၉၀၀ သို့ မြင့်တက်နေခြင်းကြောင့် ငါးအမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅၀၀ မှ ၂၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဆန်နှင့်ငါး ဈေးများနည်းတူ အသားဈေးမှာလည်း မြင့်တက်လျက် ရှိကြောင်း သိရသည်။ မွေးမြူရေးကြက် တစ်ပိသာလျှင် ယခင်ကကျပ် ၅၀၀၀ မှ ယခု ၆၅၀၀ ကျပ် သို့လည်ကောင်း၊ အိမ်ကြက် တစ်ပိသာလျှင် ကျပ် ၆၀၀၀ မှ ယခုအခါ တစ်ပိသာ ကျပ် ၇၅၀၀ သို့ လည်းကောင်း၊ ၀က်သားတစ်ပိဿာ ကျပ် ၅၀၀၀ မှ ယခုအခါ တစ်ပိသာ ကျပ် ၆၅၀၀၀၊ အမဲတစ်ပိဿာလျှင် ယခင်က ကျပ် ၅၀၀၀ မှ ယခုအခါ တစ်ပိသာကျပ် ၇၀၀၀ မှ ၇၅၀၀ အထိ အသီးသီး မြင့်တက်ခဲ့ခြင်းကြောင့် ပျမ်းမျှအားဖြင့် တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အထိ မြင့်တက်နေခြင်း ဖြစ်သည်။

စားအုန်းဆီမှာမူ ဇွန်လအတွင်း၌ တစ်ပိဿာလျှင် ကျပ် ၁၀၀ မြင့်တက်မှု ရှိခဲ့ပြီး ယခုဈေးကွက် အတွင်းတွင် ယခင်က မြင့်တက်ခဲ့သည့် ဈေးအတိုင်း ရောင်းချလျက်ပြီး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ တစ်ဆယ်သား လျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

နယ်ပဲဆီ၊ ပဲရောဆီနှင့် ပဲဆီရှယ်များမှာမူ ဈေးနှုန်းပြောင်းလဲမှု မရှိပဲ တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၅၀၀ အတွင်း ရှိကြောင်း ဆီဆိုင်များမှ သိရသည်။

အခြေခံ စားသောက်ကုန်စည်များတွင် ပါဝင်သည့် ကြက်သွန်၊ အားလူးနှင့် ကြက်ဥ၊ ဘဲဥဈေးနှုန်း များမှာ လည်း မြင့်တက်လာကြောင်း သိရသည်။

ကြက်သွန်နီဈေးမှာ ကုန်စည်ဒိုင်များတွင် လှောင်လက်များမှ လိုက်လံဝယ်ယူမှုကြောင့် ဈေးမြင့်နေကြောင်း၊ လက်လီဈေးကွက် အတွင်း၌ ကြက်သွန်နီ တစ်ပိဿာလျှင် ယခင်က ၄၅၀ ကျပ်မှ ယခု ၅၅၀ အထိ တက် လာပြီး ကြက်သွန်ဖြူဈေးမှာ ယခင်က တစ်ပိဿာလျှင် ကျပ် ၂၄၀၀ ရှိပြီး ယခုတစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြင့် ရောင်းချလျက်ရှိပြီး ကြက်သွန်ဖြူ၊နီဈေးမှာ ကျပ် ၁၀၀ ၀န်းကျင် မြင့်တက်ခဲ့သည်။

အာလူးဈေးနှုန်းမှာ ဈေးကွက် အတွင်း၌ ဇွန်လမှ စတင်၍ တစ်ပိဿာဈေးမှာ ယခင်က ကျပ် ၆၀၀ မှ ၈၀၀ ဈေးရှိခဲ့ရာ ယခုအခါ တစ်ပိဿာ ၁၁၀၀ မှ ၁၂၀၀ ကျပ်ဖြင့် ရောင်းချနေပြီး တစ်ပိဿာ ကျပ် ၆၀၀ အထိ ဈေးတက်ခဲ့ခြင်း ဖြစ်သည်။

ကြက်ဥနှင့် ဘဲဥဈေးနှုန်းများသည် ယခင်က ကြက်ဥအလုံး ၃၀ ပါ တစ်ကဒ်လျှင် ကျပ် ၂၇၀၀မှ၂၈၀၀၊ ယခု အခါ တစ်ကဒ်လျှင် ကျပ် ၃၅၀၀ မှ ၃၆၀၀၊ တစ်လုံးဈေးမှာ ၉၀ ကျပ် မှ ၁၄၀ ကျပ်အထိ၊ ဘဲဥ တစ်ကဒ်လျှင် ကျပ် ၂၈၀၀ မှ ယခု ကျပ် ၃၆၀၀၊ တစ်လုံးချင်းဈေးမှာ ကျပ်၁၀၀ မှ ၁၄၀ အထိ ဈေးနှုန်းမြင့်တက် လာခြင်း ဖြစ်ကြောင်း လက်လီဈေးကွက် အတွင်းမှ သိရသည်။

ဆန်၊ ဆီ၊ သားငါး အပါအ၀င် အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက် ရခြင်းမှာ မိုးများဆက်တိုက် ရွာသွန်းမှုကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်ပစ္စည်း အ၀င်နည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း လက်လီ၊ လက်ကား ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဓါတ်ပုံ - ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်း ဘူတာဈေး မြင်ကွင်း

Eleven Media Group

ကျောက်ဖြူ - ယူနန် ရထားလမ်း ၂၀၁၅ အပြီးတည်ဆောက်မည်

တရုတ်အစိုးရနဲ့ မြန်မာအစိုးရ ၂၀၁၁ ခုနှစ် ဧပြီလကတည်းက သဘောတူ လက်မှတ်ရေး ထိုးထားပြီးဖြစ်တဲ့ ကျောက်ဖြူ- ယူနန် အမြန်ရထားလမ်းကို လာမယ့် ၂၀၁၅ မတိုင်မီ အပြီး ဖောက်လုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဒီနေ့ တရားဝင် ထုတ်ပြန် ကြေညာပါတယ်။


မိုင် ၅၀၀ ကျော် ရှည်လျားမယ့် အဲဒီအမြန်ရထားလမ်းဟာ ဒေါ်လာ ၂၀ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး တရုတ်နိုင်ငံဘက်က အပြည့်အ၀ အကုန်အကျခံသွားမည်ဖြစ်ကာ တရုတ် ရထားအင်ဂျင်နီယာ ကော်ပိုရေးရှင်းက တည်ဆောက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။



ဒီရထားလမ်း မြန်မာနိုင်ငံဘက်အခြမ်းမှာ စတင်ခြင်း မရှိသေးပေမယ့် မြန်မာ- တရုတ်နယ်စပ်၊ တရုတ်နိုင်ငံ ဘက်အခြမ်း ရွှေလီ- မန်စီ – ကူမင်းလမ်းတလျှောက်မှာတော့ ယခုနှစ်ဆန်းပိုင်းက အစ အကြီးစား တည်ဆောက် မှုကြီးတွေ လုပ်ကိုင်နေပြီဖြစ်ကြောင်း တရုတ်ကုန်သည်တွေက ပြောပါတယ်။


ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း 

Article source: http://feedproxy.google.com/~r/thithtoolwin/yIWV/~3/9KvzG7vBIao/blog-post_75.html

ရင်းနှီးမြှုပ်နှံသူများအားလုံး အခွင့်အရေး တန်းတူပေးနိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပေါင်းစပ်ရန် ဆွေးနွေးနေ

ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ အားလုံးကို အခွင့်အရေး တန်းတူပေး နိုင်ရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပြင်ဆင် ပေါင်းစပ်သွားရန် ဆွေးနွေးမှုများ ရှိနေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာနမှ ရရှိသော သတင်းများအရ သိရှိရသည်။


''ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ရမှာတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပြင်မယ်။ ဘာတွေကို ပြင်ရမယ် ဆို တာတော့ အတိအကျ မသိရသေးပါဘူး။ အများကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ နိုင်ငံသား ရင်း နှီးမှုပ်နှံမှု ဥပဒေကို ပေါင်းပေးသင့်တယ်လို့ မြင်ကြတယ်။ တချို့ကလည်း ဒါကို သိပ်လက်မခံချင်ဘူး။ ပြည် တွင်းမှာ ရှိနေတဲ့ လုပ်ငန်းတွေကို အကာအကွယ် ပေးရမယ်လို့ မြင်နေကြတာပါ။ တကယ်ပြင်မယ် ဆိုရင် တော့ လွှတ်တော်ကစပြီး အကောင်အထည် ဖော်ရမှာပါ။ တကယ်တမ်းမှာတော့ ဘယ်နိုင်ငံမှာမှ နှစ်ခုခွဲ ထားတာ မရှိပါဘူး။ အာဆီယံ နိုင်ငံတွေမှာလည်း မရှိပါဘူး။ International norns တွေမှာရော WTO မှာရော မရှိပါဘူး။ regional agreements တွေအရ ဆိုရင်လည်း လုံးဝမရှိတော့ပါဘူး'' ဟု အမျိုးသား စီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ နှစ်ခုခွဲခြားထားခြင်းမှာ တိုင်းရင်းသား လုပ်ငန်းရှင်များအား အကာအကွယ် ပေးချင်သည့် သဘော များ လည်း ရှိကြောင်း သိရှိရသည်။

''အဲလိုနှစ်ခုခွဲခြင်းက ဥပမာ-အခွန်နဲ့ ပတ်သက်ပြီး နိုင်ငံသားကို လျော့ပေးမှာလား။ နိုင်ငံခြားသားဆီက ပို ကောက်မှာလား ဆိုတာမျိုးတွေကြောင့် ခွဲခြားထားတာ မျိုးတွေပါ။ တကယ်တမ်းကျတော့ နိုင်ငံသားမို့လို့ ပိုပေးစရာ မလိုသလို နိုင်ငံခြားသား မို့လို့လည်း ပိုယူစရာ မလိုပါဘူး။ တကယ်တမ်းမှာ မျှမျှတတပဲ ဖြစ်သင့် ပါတယ်။ အဲဒီလို မမျှတဘူးဆိုရင် level playing field ကို မရတော့ဘူး။ ဒါကြောင့် ၀င်လာတဲ့ ကုမ္ပဏီတွေ ကလည်း အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစားပဲ ၀င်လာတော့မယ်။ ဆိုလိုတာက international standard ကို မလိုက်နာရင် international ကုမ္ပဏီတွေ မ၀င်လာတော့ဘူး။ ခဏအကျိုးအမြတ် ရှာပြီးတော့ ပြန်ထွက် သွားတဲ့ ကုမ္ပဏီမျိုးတွေပဲ ၀င်လာမယ်။ ဒီလိုမဖြစ်အောင်လို့ ဥပဒေနှစ်ခုလုံးကို အညီအမျှ ဖြစ်သင့်တယ်လို့ ဆွေးနွေးလာကြပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေတွင် အဆိုပါ ဥပဒေ နှစ်ခုအား ပြင်ဆင်ရေးဆွဲ ပေါင်းစပ်ရေးနှင့်ပတ်သက်၍လွှတ်တော် သို့ တင်ပြရခြင်း မရှိသေးကြောင်း၊ သို့သော် နိုင်ငံသား ဥပဒေကိုမူ လွှတ်တော်သို့ တင်ထားပြီး လွှတ်တော်မှ သဘောတူပြီး ဖြစ်သည့်အတွက် သမ္မတရုံးသို့ တင်ထားဆဲ ဖြစ်ကြောင်း၊ ယခုပြင်ဆင် ရေးဆွဲမည့် ရင်းနှီး မြှုပ်နှံ မှု ဥပဒေနှင့် ပတ်သက်၍မူ လွှတ်တော်အမတ်များ ကြားတွင် ကွဲလွဲမှုများ ရှိနေကြောင်း၊ တန်းတူအ ခွင့်အရေးအား လက်ခံသည့်သူများ ရှိသကဲ့သို့ လက်မခံသည့် လွှတ်တော်အမတ်များ ရှိနေကြောင်း သိရှိ ရသည်။

Eleven Media Group

မန္တလေးမြို့တွင် အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

မန္တလေးမြို့တွင် ဇူလိုင် ၂၉ ရက် ည ၁၁ နာရီ ၁၄ မိနစ် အချိန်ခန့်က အင်အား အသင့်အတင့်ရှိသောငလျင် နှစ်ကြိမ်ခန့် လှုပ်ခတ်သွားခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။


''အမှတ်တမဲ့ဆိုတော့ ငလျင်မှန်း သတိမထား မိလိုက်ဘူး။ လူက မိုက်ခနဲ ဖြစ်သွားတာ။ အရမ်းကြီးတော့ မပြင်း ဘူးပေါ့။ မနှစ် နိုဝင်ဘာကလှုပ်တဲ့ ငလျင်ကို မမေ့သေးလို့ ကြောက်တော့ ကြောက်တယ်'' ဟု ချမ်းအေးသာစံ မြို့နယ်အတွင်း နေထိုင်သူ ကိုမျိုးက ပြောကြားသည်။ စစ်ကိုင်း ငလျင်ကြောနှင့် နီးကပ်စွာ တည်ရှိနေသည့် မန္တလေးမြို့မှာ ငလျင်ဒဏ်ကို မကြာခဏ ဆိုသလို ခံရလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရွှေဘိုမြို့ အနီးတွင် ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ဧရိယာ အတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့ရသည်။

ငလျင်၏ပြင်းအားနှင့် ပတ်သက်ပြီး သိရှိရန်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ဖုန်းနံပါတ် ၆၆၇၇၆၆ သို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

အမေရိကန်နိုင်ငံ ဘူမိဗေဒ၀က်ဘ်ဆိုက် usgs.gov တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်မတွေ့ရဘဲ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင်သာ အင်အား ၄ ဒသမ ၅ ၀န်း ကျင်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

သယံဇာတ ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေး တွန်းအားပေးရန် UNFC နှင့် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ တွေ့ဆုံမည်

ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် စပ်လျဉ်း၍ ဒေသခံများအပေါ် ထိခိုက်နစ်နာမှုများ ဆက်လက် မဖြစ် ပေါ်ရေးနှင့် သယံဇာတ ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေး တွန်းအားပေးနိုင်ရန် ညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြား သည်။


မြန်မာနိုင်ငံ၏ မြို့ပေါင်း ၂၀ ကျော်အား ဖြတ်သန်းသွားသည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ပိုက်လိုင်း တစ်လျှောက်တွင် နေထိုင်သော ဒေသခံ မြန်မာပြည်သူများ၏ ထိခိုက်နစ်နာမှုများကို အပြီးသတ် ဖြေရှင်း ခြင်း မပြုရသေးမီ အချိန်တွင် ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့အား တရုတ်နိုင်ငံသို့ တင်ပို့နေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း သယံဇာတ ထုတ်လုပ်မှုများနှင့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကဲ့သို့ ဒေသခံ ပြည်သူလူထု အ တွက် နစ်နာသည့် စီမံကိန်းများ လုပ်ဆောင်ရာတွင် ယခုထက် ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရေး လုပ်ဆောင် ရန် စီမံကိန်းများ တည်ရှိရာ ဒေသများမှ ဒေသခံ အဖွဲ့အစည်းများနှင့် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါ ဆွေးနွေးပွဲမှ ဒေသခံများ၏ တင်ပြချက်များကို ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်များသို့ တင်ပြဆွေးနွေးသွားမည် ဖြစ် ကြောင်း ဦးဝင်းအောင်က ပြောကြားသည်။

''အခု ကျွန်တော်တို့ အဖွဲ့က စီမံကိန်း တစ်လျှောက်မှာ ရှိနေတဲ့ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေး နေပါတယ်။ ဒေသခံ ပြည်သူလူထုရဲ့ တင်ပြချက်တွေကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ရဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တင်ပြသွားမှာပါ'' ဟု ဦးဝင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီမှ ၀င်ရောက်မြှုပ်နှံသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံ ကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်တပ်တိုးချဲ့ ချုပ် ကိုင်လာမှုများအား ပြည်သူများ ခံစားနေရသည်။ ယင်းဓာတ်ငွေ့ ပိုက်လိုင်းသည် ဇီဝမျိုးကွဲများ ပေါကြွယ် ၀သည့် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၁ မြို့နယ်အား ဖြတ်သန်းသွားသည့် အတွက် သစ်တောများကို နှစ်] ခြမ်းပိုင်းခြား ပစ်လိုက်သည့်အပြင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် ကမ္ဘာပေါ်တွင် ၁၀ ခု မြောက် ထိခိုက်နစ်နာမှု အရှိဆုံးသစ်တော ဖြစ်လာစေသည့်အပြင် သစ်တောပြုန်းတီး မှုများလည်း ထပ်မံ ဖြစ်ပေါ်စေကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြဿနာအား ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ခေါင်းဆောင်များသို့ အဓိကတင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

နိုင်ငံတကာ ပညာရှင်များ လေ့လာထားသည့် ပြည်တွင်းစစ် ဖြစ်ရသည့် အကြောင်းရင်းများ ဖြစ်ပေါ်ခဲ့ဟု ဒေါ်ခင်မမမျိုး ပြောကြား

နိုင်ငံတကာ ပညာရှင်များ လေ့လာထားသည့် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်းများ အားလုံး သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ၌ ဇူလိုင် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ခဲ့သည့် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်းများ ဟောပြောပွဲတွင် နိုင်ငံ ရေး သိပ္ပံပါရဂူဘွဲ့ အတွက် စာတမ်းပြုစုနေသည့် နိုင်ငံရေး လှုပ်ရှားသူ ဒေါ်ခင်မမမျိုးက ပြောကြားသည်။


ပြည်တွင်းစစ် ဖြစ်ပွားရသည့် အကြောင်းများစွာ ရှိသည့်အထဲမှ အချက်အချို့မှာ လွတ်လပ်ရေးရပြီးစ နိုင်ငံ များ တွင် လည်းကောင်း၊ ကိုလိုနီခေတ် တစ်လျှောက်တွင် ကျူးကျော်သူများက လူမျိုးစုတစ်ခု သို့မဟုတ် လူမျိုးကြီး တစ်ခုကို နေရာပေးခဲ့သဖြင့် အလိုအလျှောက် သွေးခွဲခံရကာ လွတ်လပ်ရေး ရပြီးချိန်တွင် အဖိ နှိပ်ခံရသူတို့ ဘက်က လက်စားချေမှုများ စတင်ကာ ပြည်တွင်းစစ် ဖြစ်ပွားလာရခြင်း၊ လူမျိုးစုငယ်များ၏ ယဉ်ကျေးမှု၊ စာပေများအား လူမျိုးကြီးတို့မှ ၀ါးမျိုကာ လူမျိုးစု လက္ခဏာများအား ဖျောက်ဖျက်ခံခဲ့ရခြင်း၊ နယ်မြေခွဲဝေရာတွင် လူမျိုးစုတို့၏ သဘာတူညီမှု မပါဝင်ခြင်းများ စသည့် အချက်များကြောင့် ပြည်တွင်းစစ် များ ဖြစ်ပွားရသည်ဟု ဒေါ်ခင်မမမျိုး က ပြောကြားသည်။

ထို့အပြင် ပြည်တွင်းစစ် ဖြစ်ပွားရခြင်း အကြောင်းရင်း များထဲတွင် အသွင်ကူးပြောင်းစဉ် ကာလအတွင်း အ စိုးရအနေနှင့် အုပ်ချုပ်မှုစွမ်းရည်ရှိရန် အရေးကြီးကြောင်းနှင့် အုပ်ချုပ်မှုစွမ်းရည် မရှိပါက တရားဥပဒေ စိုး မိုးမှု လျော့နည်းလာတတ်ပြီး တရားဥပဒေစိုးမိုးမှု လျော့နည်းလာပါက မတရားမှုများ များပြားလာကာ ပုန် ကန်ခြားနားမှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားသည်။

နိုင်ငံတကာ ပညာရှင်များက ပြည်တွင်းစစ်အဖြစ် သတ်မှတ်ထားချက်မှာ ပြည်တွင်း အခြေစိုက်သည့် အ ဖွဲ့နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရမှာဖြစ်ပြီး ထိုတိုက်ပွဲအတွင်း ကျဆုံးသူ ၂၅ ဦးထက် ကျော်ပါက ပြည်တွင်းစစ် ဖြစ်ပွားသည်ဟု သတ်မှတ်ကြောင်း ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်တွင် အဖွဲ့ပေါင်း မြောက်မြားစွာ ရှိနေပြီး ကမ္ဘာပေါ်တွင် နှစ်အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည့် နိုင်ငံတစ်ခုဖြစ် ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းစစ်များ ဖြစ်ပွားခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးအပေါ် သက်ရောက်ခြင်းများရှိပြီး ကုန်သွယ်မှု ရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ စိုက်ပျိုးရေး ကဏ္ဍများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာကာ အလုပ် လက်မဲ့ ပြဿနာများလည်း ကြီးထွားလာသည်ဟု ပြောကြားသည်။

ထို့အပြင် ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံများအား ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အများအားဖြင့် ပြု လျပ် လိ့ခြင်း မရှိသော်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့ ကဲ့သို့သော တိုင်းပြည်၏ သယံဇာတကို အချောင် ရယူခဲ့သည့် အဖြစ်အပျက်များကို အင်ဂိုလာ နိုင်ငံအား ဥပမာပေးကာ ပြောကြားသည်။

ထို့အပြင် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ ပြည်သူများအကြား လူမှုရေး ပဋိညာဉ်များ တည်ဆောက်ရန် လိုအပ် ကြောင်းနှင့် လူမှုရေးပဋိညာဉ် ဆိုသည်မှာ နိုင်ငံသားများ၊ လုပ်ငန်းရှင်များနှင့် အစိုးရများရဲ့ ပြုမူဆောင် ရွက်ချက်များအား လမ်းညွန်ပြထားကာ ပဋိပက္ခများအား ဖြေရှင်းရာတွင် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းအား အထောက်အကူပြုသော စည်းမျဉ်းများဟု အဓိပ္ပာယ် ဖွင့်ဆိုထား ဖြစ်သည်။ ထို့အပြင် လူမှုပဋိညာဉ် များရှိရန် လိုအပ်ပြီး မထားရှိပါက အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံရသူများ အကြား ပဋိပက္ခများ၊ အငြင်းပွားမှုများ ဖြစ်ပွားလာ နိုင်သည်ဟု ပြောကြားခဲ့သည်။

Eleven Media Group

ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားရုံနှင့် မလုံလောက်ဘဲ လိုက်နာရန်လည်း ကြီးကြပ်ရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား



ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် အမိန့်များ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားရုံဖြင့် မလုံလောက်ဘဲ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ ဌာနအသီးသီးက လိုက်နာရန်လည်း ကြီးကြပ်ရမည် ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။


ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၏ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေး အာဏာပိုင် များက လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အပေါ် မေးမြန်းမှုအား ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၏ ဖြေကြားချက်အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သုံးသပ်ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။                                                                                    

ပြည်ထဲရေး ဒုဝန်ကြီးက ဖြေကြားရာတွင် သက်ဆိုင်ရာခရိုင်၊ မြို့နယ် စသည်တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများ လုပ်ကိုင်နိုင်ရန် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က အမိန့်ထုတ်ပြန်ပြီး ဖြစ်ကြောင်း ပြောကြား သည်။

ထို့ပြင် အဆိုပါ ကော်မတီများ အနေဖြင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ လူမှုစီးပွားရေးနှင့် သဘာ ၀ပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် များ၏ သဘောထားမှတ်ချက်၊ အကြံဥာဏ်များကို ရယူဆောင်ရွက်ရန်နှင့် လိုအပ်ပါက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးသို့ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့်အတူ ဖိတ်ကြား တက်ရောက်စေပြီး အကြံဥာဏ်ရယူ ဆောင်ရွက်ရန် ညွှန်ကြားပြီး ဖြစ်သည်ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''အမိန့်တို့၊ ညွှန်ကြားချက်တို့ဆိုတာ လို အပ်လို့ ထုတ်ပြန်ထားတယ်။ ဒီလိုဆိုရင် ဒီအမိန့် ညွှန်ကြားချက်တွေကို သက်ဆိုင်ရာက လိုက်နာဆောင် ရွက်ဖို့၊ ကြီးကြပ်ဖို့လည်း သက်ဆိုင်ရာ ၀န်ကြီးဌာန၊ သက်ဆိုင်ရာဌာန အသီးသီးမှာ ရှိပါတယ်။

အမိန့်ထုတ်ပြီးရင် ပြီးပြီ။ ငါတို့ တာဝန်ကျေပြီလို့ ဒီလိုယူဆမယ်ဆိုရင် ဘယ်လိုမှ ဖြစ်နိုင်တဲ့ အနေအထား မရှိပါဘူး။ ဒီအမိန့် အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ခံနိုင်တာနဲ့အညီ အမိန့်အတိုင်း ဆောင်ရွက်ဖို့၊ ကြီးကြပ် ရမယ့် အဖွဲ့အစည်း များမှာလည်း တာဝန်ရှိပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် ပြည်ထဲရေး ဒုဝန်ကြီးက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိမဲဆန္ဒ နယ်မြေအတွင်း အများ ပြည်သူနှင့် သက်ဆိုင်သည့် အစည်းအဝေး၊ အခမ်းအနား၊ ဖွင့်ပွဲများကို အများပြည်သူများ နည်းတူ တက် ရောက်ခွင့် ရှိပါသည် ဟုလည်း ပြောကြားခဲ့ပြီး ယင်းအချက်ကိုလည်း သူရဦးရွှေမန်းက လွှတ်တော် ကိုယ် စားလှယ်များအား အများပြည်သူနည်းတူ ဆက်ဆံဆောင်ရွက်ရန် သတ်မှတ်ထားပါက ဥပဒေနှင့် မလျော် ညီဟု ယူဆနိုင်ကြောင်း ပြောကြားသည်။

Eleven Media Group

လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတွင် ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း မရှိဘဲ နိုင်ငံရေး လက်နက်တစ်ခု အနေဖြင့် အသုံးချရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ပြောကြား

ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်၌ရှင်းလင်းစဉ်
(ဓာတ်ပုံ-ဇင်ဘိုလွင်)

လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတွင် ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း မရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေး ခြင်းကို နိုင်ငံတော်အစိုးရ အနေနှင့် နိုင်ငံရေးလက်နက် တစ်ခုအနေဖြင့် အသုံးချပြီး အရေးယူခြင်း ပြုလုပ် ရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဇူလိုင် ၂၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း မေးမြန်းသည့် ''ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပုဒ်ခွဲ(၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများ အကျုံးဝင်သည် (သို့မဟုတ်) အကျုံးမ၀င်သည်။


ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်မှခံစားခွင့် (သို့မဟုတ်) ကင်းလွတ်ခွင့် ရှိသည်ကို သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒုတိယ၀န်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က နိုင်ငံရေး အကျဉ်းသားများ၏ ပြစ်ဒဏ်များကို ဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက် သာ ခွင့် ပေးခြင်းနှင့် လျှော့ပေါ့ ပြောင်းလဲခြင်းတို့နှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)တွင် 'ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ် ပြီးသည့်အခါ နိုင်ငံ တော် သမ္မတသည် မည်သည့် အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူသဘော တူသည့် စည်းကမ်းချက် တစ်ခုခုထား၍ ဖြစ်စေ ၎င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့မဟုတ်) ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး (သို့မဟုတ်) အစိတ်အပိုင်း တစ်စုံ တစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်' ဟု ပြဋ္ဌာန်းထားကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း တွင် ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ''အကျဉ်းထောင် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် တည် ဆဲဥပဒေအရ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ မည်သည့် အကျဉ်းသားများမဆို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)နဲ့ အကျုံးဝင်ပါတယ်။ မည်သည့် အကျဉ်းသားများမှာ အကျုံးမ၀င်ကြောင်းနဲ့ ပြစ်ဒဏ်အ မျိုး အစား ခွဲခြားသတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ တည်ဆဲ ဥပဒေကို ဖောက်ဖျက် ကျူးလွန်သူများအား တရားဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ် ခဲ့ပေမယ့်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်များကို ကျခံပြီးဖြစ်လို့ မိမိအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံအကျိုးအတွက် အများပြည်သူနဲ့အတူ တစ်ဖက်တစ်လမ်းက တာဝန်ထမ်းဆောင် သွား နိုင်စေရန် ရည်ရွယ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) မှာ ပြဋ္ဌာန်းထားတာ ဖြစ်ပါ တယ်'' ဟု ပြောကြားသည်။ 

အစိုးရ အနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)ကို နိုင်ငံ ရေးလက်နက် တစ်ခု အနေဖြင့် အသုံးချပြီး အရေးယူခြင်း ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြား သည်။

Eleven Media Group

BOT နိုင်ငံပိုင် လုပ်ငန်းများ ရယူထားပြီး ပြောသည့်အတိုင်း မလုပ်နိုင်၍ ပြန်အပ်မည် ဆိုပါက BOT စနစ် မူဝါဒအရ နိုင်ငံတော်မှ ငွေပြန်ပေးမည် မဟုတ်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ပြောကြား

လမ်းတံတားများအား BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်းတံတားကြေး ကောက်ခံရန်အတွက် လမ်းပိုင်းများကို နိုင်ငံတော်ထံမှ ရယူခဲ့ပြီး လုပ်ကိုင်သူများ အနေဖြင့် အဆိုပြုစဉ်က တင်ပြထားသည့် အ တိုင်း မလုပ်နိုင်၍ နိုင်ငံတော် အစိုးရသို့ ပြန်အပ်မည် ဆိုပါက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံခဲ့သည့် ငွေများ ကို မူဝါဒအရ နိုင်ငံတော်မှ ပြန်လည် ပေးချေခြင်း မရှိဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုး တင့်က ပြောကြားခဲ့သည်။


ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သူရဦးအောင်ကိုက BOT လမ်းတံတား လုပ်ငန်းရှင်များသို့ နိုင်ငံတော် အစိုးရက ပံ့ပိုးပေးစေလိုသော လို အပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ခြင်း ရှိမရှိ မေးမြန်းရာတွင် BOT လုပ်ငန်းရှင်များ အနေဖြင့် ယာဉ်သွားနှုန်းနှင့် လမ်းကြေးဝင်ငွေသည် မျှော်မှန်းထားသည့် အတိုင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း အရင်း ကြေရန် မရှိခြင်း၊ အရင်းကျေကာလ နောက်ပိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုး အမြတ်ရရန် အခွင့်အ လမ်း နည်းခြင်းများ ရှိလာပါက လုပ်ငန်းပြန်အပ်ခွင့် ပြုပါရန်၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ရင်းနှီး ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းတန်ဖိုးကို နိုင်ငံတော်မှ ပြန်ပေးရန် ရှိမရှိ ထည့်သွင်း မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းချက်အပေါ် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က BOT စနစ်ဖြင့် လုပ် ငန်းများအား လုပ်ငန်းရှင်များမှ အဆိုပြု တင်ပြစဉ်ကအတိုင်း မဆောင်ရွက် နိုင်တော့၍ နိုင်ငံတော်သို့ ပြန် လည်အပ်နှံပါက ကျိုးကြောင်း ဆီလျော်မှုရှိလျှင် လုပ်ငန်းရှင်များ မနစ်နာစေရန် လုပ်ငန်းအား ပြန်လည် အပ်နှံ ခွင့်ပြုကြောင်း၊ သို့သော် BOT ဆောင်ရွက်ခွင့် တင်ပြစဉ်ကတည်းက ရင်းနှီးမြှုပ်နှံမှု အရင်းကြေ ကာ လ၊ အရှုံးအမြတ် တွက်ချက်မှု၊ ငွေကြေးစီးဆင်းမှုတို့အား တွက်ချက်တင်ပြခဲ့ကြပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လည်း နှစ် ၄၀ အထိ ကနဦးခွင့်ပြုပြီး တစ်ကြိမ်လျှင် ၅ နှစ်ဖြင့် သုံးကြိမ်အထိ တိုးမြှင့်ဆောင်ရွက်ခွင့် ပြုထား ကြောင်း၊ ယခင်ကလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ပြန်လည်အပ်နှံသည့် BOT လုပ်ငန်းများ ရှိ သော် လည်း BOT စနစ် မူဝါဒအရ ရင်းနှီးမြှုပ်နှံငွေများ ပြန်လည်ပေးချေ ခဲ့ခြင်းမရှိဟု ဖြေကြားသွားခဲ့သည်။

BOT စနစ်ဖြင့် လမ်းတံတားများ ရယူလုပ်ကိုင် သူများအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လမ်း ဖောက်လုပ် ပြုပြင်စဉ် အချိန်အတွင်း ပြည်ပမှ လိုအပ်သည့် စက်ယန္တရားများ၊ စက်သုံးဆီများအား အခွန်အ ရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် ပေးထားသည့်အပြင် လုပ်ငန်းစတင်သည်မှ ၃ နှစ်ဆက်တိုက် ၀င် ငွေ ခွန် ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။

သို့သော် ယာဉ်သွားယာဉ်လာ များပြားပြီး ဖြတ်သန်းခ များစွာရသည့် နေရာများကို ကုမ္ပဏီကြီးများမှ ရယူ ထားပြီး ကာလတိုအတွင်း အရင်းပြန်ရမည့် အနေအထား ရှိကြောင်း၊ ပြည်နယ်များအတွင်း လုပ်ကိုင်နေ သည့် လုပ်ငန်းရှင် ငယ်များမှာမူ ယာဉ်သွားလာမှု နည်းသည့် လမ်းပိုင်းများကိုသာ ရယူလုပ်ကိုင် နေရ ကြောင်း သိရသည်။

Eleven Media Group

ဆီးဂိမ်းစ်အကြို လှုံ့ဆော်မှုအဖြစ် မြိတ်မှ နေပြည်တော်သို့ မိုင် ၇၂၀ ကျော် ခရီးကို တစ်ကိုယ်တော် လမ်းလျှောက်သူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိ

တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူအား ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကြိုဆိုနေကြစဉ်

ဆီးဂိမ်းစ်အကြို လှုံ့ဆော်ရေးနှင့် အောင်နိုင်ရေးအတွက် မြိတ်မြို့မှ မိုင်ပေါင်း ၇၂၀ ကျော်ခရီးကို တစ်ကိုယ် တော် လမ်းလျှောက် လာသူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။


မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူသည် ဇူလိုင် ၁ ရက်က မြိတ်မြို့မှ စတင် ထွက်ခွာခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် တောင်ငူမြို့သို့ ရောက်ရှိကာ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ဆက်လက် လမ်းလျှောက် ထွက်ခွာခဲ့ရာ ဇူလိုင် ၂၉ ရက် မွန်း လွဲ ၁၂ နာရီ ၁၅ မိနစ်က နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အား က စားကွင်းသို့ ပန်းဝင်လာခဲ့ကြောင်း သိရသည်။

''ကျွန်တော် မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်မယ့် ဆီးဂိမ်းစ်အကြိုနဲ့ အောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြိတ်မြို့ ကနေ နေပြည်တော်ကို လမ်းလျှောက် ဂုဏ်ပြုတာပါ။ ကျွန်တော် စထွက်လာတုန်းက မြိတ်မြို့ကနေ နေပြည်တော်ကို ရက်ပေါင်း ၄၀ လောက် လမ်းလျှောက်ရမယ်လို့ မှန်းထားပါတယ်။ တကယ်တမ်း လျှောက် ကြည့်တော့ ရက်ပေါင်း ၄၀ ထက်စောပြီး ၂၉ ရက် အကြာမှာ နေပြည်တော်ကို ပန်းဝင်လာခဲ့ပါတယ်။ အဲဒီ အတွက်ကြောင့် ၀မ်းသာမိပါတယ်'' ဟု တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူက ပြောကြားခဲ့ သည်။

တစ်ကိုယ်တော် လမ်းလျှောက်သူ ဦးအောင်သူ (၄၅)နှစ်မှာ မြိတ်မြို့ ကန်ဖျားရပ်တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး စတင်ထွက်ခွာ လာစဉ်က အဖော်တစ်ဦး ပါရှိလာခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် ပြန်သွား သဖြင့် ယခုကဲ့သို့ တစ်ကိုယ်တော် လမ်းလျှောက် လာခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူအား နေပြည်တော် အားကစား ၀န်ကြီး ဌာနနှင့် တာဝန်ရှိသူများမှ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဂုဏ်ပြုကြိုဆိုကြပြီး လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

မြစ်ဖျားခံသော ရေစီးကြောင်းများ

ကျနော် စဉ်းစားမိနေတာကို ပြောပြချင်တယ် ။ တကယ်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ နောက်လာမဲ့ -၂၀၁၅-ခုနှစ်အတွက် ရွေးကောက်ပွဲ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို လက်ရှိသမ္မတ ဦးသိန်းစိန်က ဥရောပခရီးစဉ်မှာ ဖြေဆိုသွားတာကြားလိုက်ရတယ် ။ သူစဉ်းစားနေတာက အဲဒီရွေးကောက်ပွဲကာလကို မဟုတ်ဘဲ ခုမျက်မှောက်ကာလမှာ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမယ် ဆိုတာကိုဘဲ စဉ်းစားပြီး အလုပ်လုပ်နေပါတယ်တဲ့  ။


ဒီစကားကို ကျနော် ထောက်ခံမိတယ် ။ မှန်တယ်ဗျာ ။ တကယ်ဆောင်ရွက်ရမှာက ပကတိမျက်မှောက် အခြေအနေတွေကိုဘဲလေ ။ ခုတော့ -၂၀၁၅-ကို ကြည့်ပြီး ပါတီစုံရွေးကောက်ပွဲ ကာလမှာ ပါတီအနိုင်ရရှိ ရေးလား -လွပ်လွပ်ပြီး တရားမျှတတဲ့  ရွေးကောက်ပွဲလုပ်မှာလား - တိုင်းရင်းသားမဟုတ်သူများကို အဖြူရောင်ကဒ်ပေးပြီး မဲပေးခွင့်ပေးတာကို ကန့် ကွက်ထားရမှာလား - အဲဒီလိုနယ်မြေကို အနက်ရောင် နယ်မြေအဖြစ် သတ်မှတ်ရမှာလား -စတာတွေအပြင် ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့  တိုင်းရင်းသား မဟုတ်သူများနှင့် နိုင်ငံသားမဟုတ်သူများကို ရွေးကောက်ခံ ကိုယ်စားလှယ်များအဖြစ် မပြုလုပ်ရေး ဆိုတာတွေကို ပြုလုပ်ရလိမ့်မလားတိုတာတွေကို မစဉ်းစားဘဲ ပြောနေကြတာကို သမ္မတ ဦးသိန်းစိန်က အရိပ်အမြွက် ပြောလိုက်တာ ထင်ပါတယ် ။ ခုတော့ -၂၀၁၅- ရွေးကောက်ပွဲလုပ်လို့ ရှိရင် သမ္မတဖြစ်ချင်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့  သူရဦးရွှေမန်းတို့ က ကြွေးကြော်နေကြတော့ စဥ်းစားမိတာလေး ပြောချင်တယ် ။

ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲမှာ အနိုင်ခဲ့ ရင် ပြန်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်လာမှာပါ ။ အဲဒီနောက် ဥပဒေတွေပြဋ္ဌန်း ပြောင်းလဲ ပြင်ဆင်လို့  သမ္မတဖြစ်သွားရင် အစစအရာရာ တွေ ပြောင်းလဲလာမယ်လို့ ကျနော်ထင်တယ် ။ ပထမအချက်ကတော့ နိုင်ငံအခေါ်အဝေါ်ပြသနာ ဖြစ်လာလိမ့်မယ်လို့  ထင်ရတယ် ။ ခုလက်ရှိသုံးစွဲ ခေါ်ဝေါ်နေတာက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်လို့  ငွေစက္ကူကအစ ရုံးသုံးဝေါဟာရတွေမှာ သုံးစွဲခေါ်ဝေါ်ကြတယ် ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်လာရင်တော့ ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော်လို့  ခေါ်ဝေါ်သုံးစွဲ အမည်ပြောင်းရ ပါတော့မယ် ။ ဒီလိုသာ အမည်ပြောင်းလဲ ခေါ်ဝေါ်ရမယ်ဆိုရင် ဗမာသမ္မတနိုင်ငံတော်ကို တိုင်းရင်းသား လူမျိုးတွေက လက်သင့်ခံကြပါ့မလား ဆိုတာ စဉ်းစားမိပါတယ် ။ ဘာဘဲပြောပြော ဒေါ်အောင်ဆန်းစုကြည် က ဗမာဆိုတဲ့  ဝေါဟာရကို ကမ္ဘာပါတ် ခရီးသွားခဲ့ ရာမှာ ထင်ထင်ရှားရှား အသုံးပြုခေါ်ဝေါ်သူဆိုတော့ ပြည်ထောင်စုသမ္မတဗမာ့နိုင်ငံတော်လို့  သမ္မတအာဏာနဲ့  ပြောင်းလဲခေါ်ဝေါ်ရမည်ဆိုရင်တော့ ပြသနာက ကြီးမားသွားစရာတွေ ဖြစ်လာလိမ့်မယ်လို့  ယူဆရပါတယ် ။

ဒါ့ကြောင့်မို့ လို့  ခုကတည်းက ဒီလိုနာမည်မျိုးကို ခေါ်ဝေါ်သုံးစွဲရန် ရှိမရှိဆိုတာမျိုးကအစ သတိထားကြ ရလိမ့်မယ်လို့  ထင်တယ် ။ သူရဦးရွှေမန်းကျပြန်တော့လဲ စစ်အာရှင် အစိုးရက ချမှတ်ထားခဲ့ တဲ့  လမ်းစဉ် ကို မဆောင်ရွက်ရင် သူတို့ ညံ့ရာကျမယ် လို့ ပြောထားတော့ သူရဦးရွှေမန်းသာ သမ္မတဖြစ်လို့ ကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း- ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ထက် ဆိုးဝါးမဲ့  လက္ခဏာ ဖြစ်မယ်လို့  ယူဆရပါတယ် ။ လွန်ခဲ့ သော လပိုင်းလောက်က တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင် ခွန်ထွန်းဦးက ပြောသွားတာ ထင်ပါ တယ် ။ သူက -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စာအုပ်မျက်နှာဖုံးကအစ ပြောင်းလဲပြင်ဆင်ရန်လိုအပ်တယ်လို့  ပြောဆိုသွားတာ အမှတ်ရနေမိတယ် ။ ခုတော့လဲ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရေးကော်မီတီကို လွှတ်တော်ကိုယ်စားလှယ် တွေ အပါအ၀င် ဖွဲ့ စည်းပေးထားလိုက်ပြီလို့  ကြားသိရပါပြီ ။ ခက်နေတာက ဒီနေရာမှာ ပြောစရာစကားတွေက အများကြီး ရှိလာနေပါတယ် ။ ကျနော်သိရသေလာက် -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို -၂၀၁၀-ရွေးကောက်ပွဲဝင်ခဲ့ တဲ့  နိုင်ငံရေးပါတီတိုင်းက အချိန်ရရင်-ရခိုက် သူတို့ ဟာ -၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံကို မကြိုက်ဘူးလို့  ပြောဆိုတတ်ကြတာ သတိထားမိပါတယ် ။ ဒါပေမဲ့  အဲဒီနိုင်ငံရေးပါတီတိုင်းဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဦးလည်မသုန် ထမ်းရွက်ပါမည်လို့  ကျမ်းသစ္စာဆိုခဲ့ ကြရသူများဖြစ်ပါတယ် ။ သို့ သော်လဲဘဲ အဲဒီနိုင်ငံရေးပါတီတွေဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မကြိုက်မနှစ်သက်ဘူးဆိုရင် မိမိတို့ ကြိုက်နှစ်သက်တဲ့  ပြည်သူတွေအတွက် အသုံးတည့်တဲ့  ဥပဒေမူကြမ်းတွေကို ရေးသားတင်ပြရန် ရှိနေသင့်ပါတယ် ။

တစ်ခါက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဦးညဏ်ဝင်းက ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့  အစိုးရက ထုတ်ပြန်ထားတယ်ဆိုတဲ့  အကြောင်း ပြောဆိုသွားတာ မှတ်မိပါတယ် ။ ဒါ့ကြောင့်မို့  သူတို့ မှာ ရေးဆွဲထားတာ မရှိဘူးပေါ့ ။ ခုတော့ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ် ပုံကို လေ့လာသုံးသပ်ရန် ဆိုပြီး ကော်မီတီ ဖွဲ့ ထားတယ် ဆိုတော့ ဘာကိုများ လေ့လာသုံးသပ်ကြမည်နည်းဆိုသော မေးခွန်းက ပေါ်ထွက်လာပြန်ပါတယ် ။ လေ့လာသုံးသပ်မည် ဆိုခြင်း မှာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေစာအုပ်ကို စားပွဲခုံပေါ်တင်ပြီး ၀ိုင်းဖတ်ကြပြီး တစ်ယောက်တစ်ပေါက် ပြောဆိုကြမည်လား ဆိုသော မေးခွန်းကို မေးချင်လာမိပါတယ် ။ အရေးကြီးသော နောက်မေးခွန်း တစ်ခုမှာ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း အတွက် ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်နေကြတဲ့  ကိုယ်စားလှယ်တော်အမတ်မင်းများက ဆွေးနွေးအကြံပြုလို့  မရပေဘူးလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ် ။ သူတို့ တွေလည်း လူပါဘဲဟု ပြော၍ရပါတယ် ။

တစ်နေ့ က ရခိုင်ပြည်နယ် မန်အောင်မြို့ နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက သူ့ အနေနဲ့  ရန်ကုန်ရောက်တိုင်း တစ်ကြိမ် တစ်ခါမျှ မသွားမလည်ပါတ်ဖူးတဲ့  ကြည့်မြင်တိုင်က အမှိုက်ပုံကို ဘယ်တော့ လောက် စည်းကမ်း ကျနစွာနဲ့  သိမ်းဆည်းပါမည်လဲဆိုသော မေးခွန်းကို မေးတာကြားလိုက်ရပါတယ် ။ သူနဲ့  ကြည့်မြင်တိုင်နဲ့  ဘာမျှ မပတ်သက်ဘဲ မေးထားတဲ့  မေးခွန်းကို ကြားသိရတဲ့  လူုတွေအနေနဲ့  ဘယ့်လောက်များ လွှတ်တော်ရဲ့  စုတ်ပြတ်သတ်နေပုံကို ရွံရှာနေမလဲ ဆိုတာ စဉ်းစားမိပါတယ် ။ တကယ်ဆိုရင် ကြည့်မြင်တိုင် လွှတ်တော်ကိုယ်စားလှယ်က မေးသင့်တဲ့  မေးခွန်းဖြစ်ပါလျှက်ကယ်နဲ့  ခုတော့ ရခိုင်ပြည်နယ် မန်အောင်မြို့ နယ်က လွှတ်တော်ကိုယ်စားလှယ် မေးမြန်းနေတော့ ဤကား -လွှတ်တော်တည်းဟု ပြောရုံမှအပ ဘာများ ပြောစရာ ရှိပါ့မလဲလို့  စဉ်းစားမိပါတယ် ။ အဲဒီလိုကြောင့် ဘဲလားတော့ မဆိုနိုင်ပါဘူး ။ ပြည်ထောင်စုလွှတ်တော်မှာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်တိုင်း မလေ့လာ မသုံးသပ်ရဘဲ အရည်အချင်း မရှိတဲ့  လွှတ်တော်ကိုယ်စားလှယ်များ အခြေအနေကို သိလို့ ဘဲ -၁၀၀- ကျော် လွှတ်တော်ကိုယ်စားလှယ် တွေကို လေ့လာဖို့  ကော်မီတီတွေ ဖွဲ့ စည်းလိုက်တယ် ထင်ပါတယ် ။

ဒါပေမဲ့  လေ့လာသုံးသပ်သည့် ကော်မီတီသာဖြစ်နေတော့ ဒီဥပဒေကို မှား၏ မှန်၏ ကောင်း၏ ဆိုး၏ဟု လက်ဆုပ်လက်ကိုင်ပြမည့် နိုင်းယှဉ်ပြမည့် ဖွဲ့ စည်းပုံဥပဒေများနှင့် ပတ်သက်တဲ့  သူတို့ ကိုယ် သူတို့ ရေးဆွဲထားတဲ့  အချက်အလက်များ-စာအုပ်စာတမ်းများ-ဘာမျှမပါရှိ၍ ၄င်းလေ့လာသုံးသပ်သော ကော်မီတီမှာ အဖြစ်မရှိတာကို စဉ်းစားတိုင်း အဖြေပေါ်နေပါတယ် ။ ကျနော်ဖြစ်စေချင်တာက လေ့လာ သုံးသပ်မည့် သူတိုင်း သို့ မဟုတ် နိုင်ငံရေးပါတီတိုင်းမှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမူကြမ်း များကို ရေးဆွဲပြီး ကော်မီတီမှာ ပါဝင်သူများက မိမိတို့ ၏ ဖွဲ့ စည်းပုံက ဤသို့ - ဆိုကာ အခြားအဖွဲ့ အစည်းများက တင်ပြလာသည့် ဖွဲ့ စည်းပုံများနှင့် နိုင်ယှဉ်ကြရပါလိမ့်မယ် ။ သို့ အတူ စာအုပ်မျက်နာဖုံးက အစ ပြောင်းလဲရန် သင့်သည်ဟု ဆိုသော ဦးခွန်ထွန်းဦး ပြောဆိုသကဲ့ သို့  စာအုပ်မျက်နာကို ခုလို ပြောင်းလဲထားပါ၏ ဟု ပြောဆိုပြင်ဆင်ထားသော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေစာအုပ်ကို တင်ပြနိုင်ခွင့် များ ရှိနေသင့်ပါတယ် ။ ပြီးတော့ ပြည်ထောင်စုဗမာ့သမ္မတနိုင်ငံတော်၏ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်နှင့် ယခုလက်ရှိ မြန်မာနိုင်ငံ၏ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လေ့လာသုံးသပ်သည်သာမက တိတိကျကျ ပြင်ဆင်ရေးဆွဲ နှိုင်းယှဉ်ကြပါရန်နှင့် -အချိန်ကာလအားဖြင့် -၁၅-နှစ်မျှ ရေးဆွဲထားခဲ့ သော -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မည်မျှအတိုင်းအတာအထိ ရေးဆွဲချိန် ကြာမြင့်မည်ဆိုသည်ကိုလည်း ပြည်သူတို့ အား ချပြသင့်ပါကြောင်း မြစ်ဖျားခံသော ရေစီးကြောင်းများအကြောင်းကို တင်ပြလိုက်ရပါတယ် ။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီယိုဖိုင် YouTube တွင် ထွက်ပေါ်


အစ္စလာမ္မစ် အစွန်းရောက် အကြမ်းဖက်သမားများ ပုံစံ ဝတ်ဆင်ထားသူများက ထိုင်း ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ဓာတ်ပုံကို ကိုင် ဆောင်ကာ ၂၀၀၄ ခုနှစ်က ထိုင်းတောင်ပိုင်းဒေသ တွင် မွတ်ဆလင်များကို သတ်ဖြတ်ခဲ့မှု အတွက် ပြန်လည် လက်စားချေ မည်ဟု ခြိမ်းခြောက် ပြောဆို ထားတဲ့ ဗီဒီယိုဖိုင်မှာ ဇူလိုင်လ ၂၇ ရက်နေ့က YouTube မှ တစ်ဆင့် ပေါ်ထွက်လာ။




နေ့လည် ၂ နာရီမှာ ဖွင့်တာဆိုတော့" Day Club " ပေါ့



ဆယ်ကျော်သက်အရွယ် ကလေးများရှိသော မိဘများ အတွက် အထူးအသိပေးချက်
============================== 

ဂျူလိုင်လ 22, 2013 (9:00pm) မင်းနဒီ

ဒီနေ့ ရန်ကုန်ဆရာစံလမ်းထိပ် Pearl Condo အောက်က Asia Light မှာ လင်းလင်း အခွေအသစ် ဝင်ဝယ်ရင်း တွေ့ခဲ့တာလေးပါ။

တကယ့်ချာတိတ်လေး တစ်ဖွဲ့ ( ၁၅နှစ် အရွယ်လောက် ) အရက်တစ်ပုလင်း စုဝယ်နေကြတယ်။ မြင်ကွင်းက မလှ ဘူးဗျာ။ ထားလိုက်ပါလေ။


ပြန်ထွက်လာတော့ ဘေးက Eucalypt ဆိုတဲ့ဆိုင်မှာ တံခါးတွေပိတ်ထားပြီး အထဲမှာ DJ ဖွင့်ထားတဲ့ အသံတွေ အပြင်က အတိုင်းသား ကြားနေရတယ်။ အပြင်မှာ ကလေးတွေ ၃၀ လောက်ရှိတယ်။ တချို့ချာတိတ်တွေက မူးလို့။ တချို့က ဆေးလိပ်လေးတွေ လက်ကြားညှပ်လို့။ ချာတိတ်မလေးတွေဆို ဆယ်တန်းတောင် မရောက်သေးတဲ့ အရွယ်တော်တော်များများလေးတွေ။ အားလုံးရဲ့ ဝတ်စားဆင်ယင်မှုက မောင်နှချင်း တွဲမသွားသင့်တဲ့ပုံစံတွေ။

Night Club ဝတ်စားဆင်ယင်မှုပေါ့။

တံခါးကြီးပိတ်လို့ အဝမှာ ကျွန်တော်မျက်မှန်းတန်းမိတဲ့ စားပွဲထိုးလေးက လက်မှတ်ရောင်းနေတယ်။

(ဝန်ခံပါတယ်။ အရင်က ကျွန်တော်ထိုင်ခဲ့တဲ့ ဆိုင်ပေါင်းများစွာထဲမှာ ဒီတစ်ဆိုင်လည်းပါတယ်။)

သွားစပ်စုကြည့်တယ်။ promotion ပွဲလားဆိုတော့

မဟုတ်ဘူးဆရာ " Day Club " တဲ့။ နေ့လည် ၂ နာရီမှာ ဖွင့်တာဆိုတော့ ဟုတ်တာပေါ့ " Day Club " ပေါ့လေ။

မင်းကွာ ငါလည်း Night Club သွားပါတယ်။ အခုက ကလေးတွေချည်းပဲဆိုတော့ အထဲမှာ ဒီထက် ငယ်တာလေးတွေတောင် ရှိသေးတယ်တဲ့။ သူတို့တွေက ညဖက်ထွက်လို့ အိမ်က မိဘတွေနဲ့ သိပ် အဆင် မပြေဘူးလေတဲ့။

ကျွန်တော် အပြန်မှာ တစ်လမ်းလုံး စဉ်းစားတယ်။

ဒီကလေးတွေ အိမ်က မိဘတွေကို ဘယ်လိုပြောခဲ့သလဲ။

ဘာကို အတုခိုးနေကြတာလဲ။ ဘာကြောင့်ခွင့်ပြုနေကြတာလဲ။ ခေတ်မှီတယ်ဆိုတာ ဘာလဲ။

ချစ်စရာ လူငယ်လေးတွေဆိုတဲ့ ဂုဏ်ကို ဘာလို့ မထိန်းတော့တာလဲ။

ကျွန်တော်လည်း အဖေတစ်ယောက်ပါ။ ရင်လေးမိတယ်။

ရှယ်ပေးကြပါဗျာ။ ကလေးတွေအတွက်ပါ။

http://www.mm4everfriends.com/

Monday, July 29, 2013

ညွန့်ပေါင်း၊ ညွန့်ပေါင်းသီအိုရီ၊ ညွန့်ပေါင်းအစိုးရ

Coalition
ညွန့်ပေါင်း

ဘုံရန်သူကို ရင်ဆိုင်ရန် အပြိုင်နိုင်ငံရေးအဖွဲ့များ အုပ်စုဖွဲ့ခြင်းကို ညွန့်ပေါင်းဖွဲ့သည်ဟု ခေါ်ဆိုသည်။ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ပြီးလျှင် သဘောမတူသည်များကို သီးသန့်ဖယ်ထားပြီး သဘောတူသည်များကို ပူးပေါင်း လုပ်ကိုင်ကြသည်။ အထူးသဖြင့် ရည်မှန်းချက်ပန်းတိုင်တူလျှင် ညွန့်ပေါင်းဖွဲ့၍ ရသည်။ သို့သော် ယနေ့ ခေတ် ပါလီမန်များ၌ နိုင်ငံရေးပါတီ တစ်ပါတီတည်းက အများစုမဲမရရှိလျှင် အခြားပါတီများနှင့် ညှိနှိုင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့လေ့ရှိသည်။ နှစ်ပါတီ သို့မဟုတ် နှစ်ပါတီထက်ပိုသော ပါတီများဖြင့် ညွန့်ပေါင်းအစိုးရ (Coalition government) ဖွဲ့စည်းခြင်းဖြစ်သည်။ ညွန့်ပေါင်းအစိုးရတွင် ၀န်ကြီးရာထူးများကို ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီများက ခွဲတမ်းအချိုးအစားအလိုက် ဝေခြမ်းယူကြသည်။


ညွန့်ပေါင်းအစိုးရများအနက် အချို့သည် ကာလသက်တမ်း ရှည်သည်။ နောက်ထပ် ရွေးကောက်ပွဲတစ်ခု ကျင်းပချိန်တွင် ပါတီတစ်ပါတီတည်းက အများစု မဲရပြီး နိုင်သွားလျှင်ကား ညွန့်ပေါင်းဖွဲ့စရာ မလိုတော့ဘဲ ပျက်ပြယ် သွားသည်။

ဗြိတိန်နိုင်ငံတွင် လစ်ဘရယ် ဒီမိုကရက်များသည် ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီကဲ့သို့ အားကောင်း သော ပါတီကြီးမဟုတ်၍ လစ်ဘရယ်ဒီမိုကရက်များအနေဖြင့် အစိုးရထဲ ပါဝင်နိုင်ဖို့မှာ ကွန်ဆာဗေးတစ် ပါတီနှင့် လေဘာပါတီတို့ လွတ်လွတ်ကျွတ်ကျွတ် အများစု မဲမရကြသည့် အချိန်၌သာ ဖြစ်နိုင်သည်။ ပါတီကြီးတစ်ခုသည် အများစုမဲရရှိရန် အမတ်နေရာ ၁၀ နေရာခန့် လိုနေသည်ဆိုပါက အမတ်နေရာ ၁၅ နေရာခန့် လက်ကိုင်ရှိထားသော ပါတီငယ်မှ ခေါင်းဆောင်ကို ၀န်ကြီးရာထူးပေး၍ ညွန့်ပေါင်းဖွဲ့ လေ့ရှိ သည်။

သြစတြေးလျမှ နေရှင်နယ်ပါတီ၊ ဂျာမနီမှ ဖရီးဒီမိုကရက်တစ်ပါတီတို့သည် တစ်ပါတီချင်းအနေဖြင့် ပြည်လုံးကျွတ်ရွေးကောက်ပွဲ အနိုင်ရရှိရန် ခဲယဉ်းသည်။ သို့သော် လွှတ်တော်တွင် အမတ်ဦးရေ ထက်ဝက် ကျော် အင်အားမရရှိခဲ့သော ပါတီကြီးများက ယင်းပါတီများ၏ အင်အားကိုရယူကာ ညွန့်ပေါင်းအစိုးရ ဖွဲ့သောအခါ ယင်းပါတီများသည် အစိုးရအဖွဲ့တွင် ပါဝင်လာကြသည်။။

အနောက်ဂျာမနီနိုင်ငံသည် ၁၉၆၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ဆိုရှယ်ဒီမိုကရက် (ပါတီကြီး) နှင့် ဖရီးဒီမိုကရက် (ပါတီငယ်) ညွန့်ပေါင်းအစိုးရအောက်တွင် ရှိခဲ့သည်။ ယင်း ညွန့်ပေါင်းသည် တော်ရုံနှင့် ပျက်ပြားဖွယ်မရှိဘဲ ကြာရှည်ခံမည်ဟု အများက ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် ဖရီးဒီမိုကရက်များက စတင်၍ ညွန့်ပေါင်းထဲမှ ထွက်သွားသည်။ ထို့နောက် ခရစ်ယာန်ဒီမိုကရက် (ပါတီကြီး) နှင့် ဖရီးဒီမိုကရက်တို့ ပူးပေါင်းပြီး ညွန့်ပေါင်းဖွဲ့ခဲ့ရာ လက်ရှိ (၂၀၀၆) အနေအထားတွင် ဂျာမနီနိုင်ငံကို ယင်းညွန့်ပေါင်းက အုပ်ချုပ်လျက်ရှိသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဘုံရန်သူ နာဇီဂျာမန်ကို တိုက်ခိုက်ရန် ဗြိတိန်၊ ဆိုဗီယက်၊ အမေရိကန်တို့ ညွန့်ပေါင်း ဖွဲ့ခဲ့ကြသည်မှာလည်း ထင်ရှားသော Coalition နမူနာတစ်ခု ဖြစ်သည်။ ထို့အတူ ဒုတိယကမ္ဘာစစ်ပြီးခေတ် NATO နှင့် Warsaw Pact စာချုပ်အဖွဲ့များသည်လည်း ညွန့်ပေါင်းပုံစံများပင် ဖြစ်သည်။

စစ်ပြီးခေတ် အင်အားချိန်ခွင်လျှာ (Balance of Power) နိုင်ငံတကာဆက်ဆံရေးတွင် အစပထမ၌ နေတိုးနှင့် ၀ါဆောကဲ့သို့သော ညွန့်ပေါင်းမဟာမိတ်အဖွဲ့များသည် အိုင်ဒီယော်လော်ဂျီ (နိုင်ငံရေး သဘောတရားများ) ပေါ်တွင် အခြေခံ၍ ဖွဲ့စည်းခဲ့သည်။ ၀ါဆောအုပ်စုသည် ဆိုရှယ်လစ်အုပ်စု ဖြစ်သည်။ နေတိုးသည် လစ်ဘရယ်ဒီမိုကရေစီ အုပ်စုဖြစ်သည်။ သို့ရာတွင် နောက်ပိုင်း၌ (ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယားအကွဲ၊ တရုတ် ဆိုဗီယက်အကွဲတို့ အပြီး၌) အိုင်ဒီယော်လော်ဂျီ အတားအဆီးများကို ရှေ့တန်းမတင်ဘဲ အမျိုးသားရေး အကျိုးစီးပွားကို ဦးစားပေးသော နိုင်ငံတကာ ဆက်ဆံရေးပုံစံများ ဖြစ်ပေါ်လာသည်။ အမေရိကန်သည် တရုတ် (တိုင်ပေ) ကို ဘေးဖယ်ထားခဲ့ပြီး တရုတ်ပြည်မကြီးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်လာသည်။ ထိုအခါ အယူဝါဒရေးရာ ညွန့်ပေါင်းပုံစံ ပျက်သွားပြီး အကျိုးစီးပွားကို ရှေ့တန်းတင်သော ညွန့်ပေါင်းပုံစံများ တစ်ခေတ်ဆန်းလာခဲ့သည်။

[မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်၊ သင်းစာပေ၊ ပထမအကြိမ်၊ ဇွန်၊ ၂၀၁၁၊ စာ ၇၆-၇၈]

Coalition Theory
ညွန့်ပေါင်း သီအိုရီ

ဂိမ်းသီအိုရီကို အသုံးချ၍ ညွန့်ပေါင်းဖွဲ့စည်းရာ၌ တွက်ချက်ကျင့်သုံးမှု ဖြစ်သည်။ ညွန့်ပေါင်းသီအိုရီကို အသုံးချသော အခြေခံနယ်ပယ်နှစ်ခု ရှိသည်။ ပါလီမန်တွင် လူနည်းစုပါတီများ ညွန့်ပေါင်းဖွဲ့စည်းပြီး အစိုးရ တာဝန်ယူခြင်းနှင့် နိုင်ငံများအကြား စစ်ရေးနှင့် သံတမန်ရေး မဟာမိတ်ဖွဲ့ပြီး ညွန့်ပေါင်းအုပ်စု ထူထောင်ခြင်းဖြစ်သည်။ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အဖွဲ့များ ပေါင်းစည်းပြီး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ညွန့်ပေါင်းသီအိုရီကို အသုံးပြုလေ့ရှိသည်။

ပါလီမန်တစ်ခုတွင် အစိုးရဖွဲ့နိုင်ရန် အမတ်နေရာ ၇၀ လိုအပ်သည် ဆိုပါစို့။ နိုင်ငံရေးပါတီ A,B,C,D ဟူ၍ လေးပါတီရှိသည်။ နိုင်ငံရေးသဘောတရားအရ လက်ဝဲ၊ လက်ယာ ရောင်စုံပါဝင်ကြသည်။ လေးပါတီက အသီးသီး ရရှိထားသော အမတ်ဦးရေ စာရင်းမှာ A ၅၀၊ B ၄၀၊ C ၁၀ နေရာ အသီးသီးဖြစ်၏။

သို့ဆိုလျှင် ၂ ပါတီ ညွန့်ပေါင်းဖွဲ့လိုက်ပါက A ၅၀ နှင့် B ၄၀ ပေါင်းပြီးဖွဲ့လိုက်လျှင် အမတ် ၉၀ အင်အားရပြီး အစိုးရဖွဲ့နိုင်သည်။ (ခြွင်းချက်မှာ နိုင်ငံရေးအယူဝါဒအရ ဆန့်ကျင်မှု ရှိ မရှိ။)

၃ ပါတီ ညွန့်ပေါင်းအဖြစ် B ၄၀ + C ၂၀ + D ၁၀ ဖွဲ့လျှင်လည်း အမတ် ၇၀ အင်အားရပြီး အစိုးရ ဖွဲ့နိုင်မည်။

A နှင့် C ပေါင်းလျှင် ရမည်ဖြစ်သော်လည်း နိုင်ငံရေးအရ လက်ဝဲနှင့် လက်ယာဖြစ်နေလျှင် ညွန့်ပေါင်း မဖွဲ့နိုင်ပြန်ချေ။

သို့မဟုတ်ဘဲ လေးပါတီ ညွန့်ပေါင်းဖွဲ့လျှင် အမတ်အင်အား ၁၂၀ ရှိမည်ဖြစ်သော်လည်း ညွန့်ပေါင်းထုံးစံ တွင် ထိုသို့ ဖွဲ့စည်းလေ့မရှိ။ ခွဲတမ်းပေးရသည်မှာ များသွားပြီး ရာထူး အဝေမတည့်၍ မကျေနပ်မှုများ ဖြစ်လာတတ်သည်။ ယင်းပုံစံတွင် ပါတီတစ်ခုခုက နုတ်ထွက်သွားခြင်းကြောင့်လည်း ညွန့်ပေါင်း၏ သဘောသဘာဝမှာ မဖွဲ့လျှင်မဖြစ်၍ ဖွဲ့ရခြင်းဖြစ်သည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျားကန်ထားသည့် အနေအထားမျိုး ဖြစ်နေရသည်။

[မောင်ဝံသ၊ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်၊ သင်းစာပေ၊ ပထမအကြိမ်၊ ဇွန်၊ ၂၀၁၁၊ စာ ၇၈-၇၉]

ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံပါတီများ

ပါလီမန်စနစ်တွင် ပါတီစုံစနစ်ကို ကျင့်သုံးသောကြောင့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများစွာ ၀င်ရောက် ယှဉ်ပြိုင်ရသည်။ ထိုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာကို ရရှိ အနိုင်ယူ သည့် နိုင်ငံရေးပါတီများက အစိုးရကို ဖွဲ့စည်း၍ အုပ်ချုပ်ရေးအာဏာများကို ကိုင်တွယ်ကျင့်သုံး ရသည်။ သို့ရာ၌ ပါလီမန်စနစ်တွင် ဖြစ်လေ့ဖြစ်ထရှိသော အချက်တစ်ခုမှာ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ခုတည်းက အပြတ်အသတ် အနိုင်မရဘဲ အစိုးရ ဖွဲ့နိုင်လောက်သည့် လွှတ်တော် ကိုယ်စားလှယ်အင်အား မရရှိခြင်းပင် ဖြစ်သည်။ ထိုအခါမျိုးတွင် ပါတီတစ်ခုတည်းအနေဖြင့် အစိုးရ ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ မိမိတို့နှင့် ပေါ်လစီချင်းတူညီသည့် အခြားပါတီများနှင့် ပူးပေါင်း၍ အစိုးရကို ဖွဲ့စည်းကြသည်။ ထိုသို့ ပါတီတစ်ခုတည်းဖြင့် မဟုတ်ဘဲ နီးစပ်ရာပါတီများ ပူးပေါင်း၍ ဖွဲ့စည်းသော အစိုးရကို "ညွန့်ပေါင်းအစိုးရ" ဟု ခေါ်သည်။

ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ တချို့တွင်သာ အနိုင်ရရှိပြီး အစိုးရလည်း မဖွဲ့နိုင်၊ ညွန့်ပေါင်းအစိုးရတွင်လည်း ပါဝင်ခြင်းမရှိသော နိုင်ငံရေးပါတီများသည် လွှတ်တော်ထဲတွင် အတိုက်အခံ ပါတီများအဖြစ် ရပ်တည်ရသည်။ ဒီမိုကရေစီစနစ်တွင် ညွန့်ပေါင်းအစိုးရများ ဖွဲ့စည်းခြင်းနှင့် အတိုက်အခံ ပါတီများ ရှိနေခြင်းသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ ညွန့်ပေါင်း အစိုးရနှင့် အတိုက်အခံပါတီများ ရှိခြင်းအားဖြင့် -

အနိုင်ရနိုင်ငံရေးပါတီက သူတို့၏ ပေါ်လစီနှင့် လမ်းစဉ်များကို တစ်ဖက်သတ် ချမှတ်အကောင်အထည် ဖော်ခြင်း မရှိဘဲ ညွန်ပေါင်းအစိုးရတွင် ပါဝင်သော အခြားနိုင်ငံရေးပါတီများ၏ ပေါ်လစီနှင့် လမ်းစဉ်များ ကိုပါ ထည့်သွင်း အကောင်အထည်ဖော်ရသောကြောင့် အစိုးရအတွင်း ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေးအယူလုပ်ခြင်း ဖြစ်ပေါ်နိုင်သည်။

ထိုသို့ ပေါ်လစီညှိနှိုင်းခြင်းနှင့် အပေးအယူလုပ်ခြင်းများ ဖြစ်ပေါ်သောကြောင့် အစွန်းရောက်ဝါဒနှင့် တယူသန် အစိုးရများကို ရှောင်ရှားနိုင်သည်။

အတိုက်အခံနိုင်ငံရေးပါတီများ ရှိခြင်းအားဖြင့် အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်များ၊ ပေါ်လစီများကို လွှတ်တော်အတွင်း ပွင့်လင်းစွာ ဝေဖန်သုံးသပ်ခြင်းများ၊ ဆွေးနွေးငြင်းခုံခြင်းနှင့် ဟန့်တားခြင်းများ ပြုလုပ် နိုင် သည်။

ထိုသို့ လွှတ်တော်အတွင်း ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်းများကို အတိုက်အခံ နိုင်ငံရေးပါတီများက ပြုလုပ် သောကြောင့် အနိုင်ရ နိုင်ငံရေးပါတီ၏ ပေါ်လစီနှင့် လုပ်ငန်းစဉ်များ ပြည်သူလူထုအတွက် အကျိုးမရှိဟု ယူဆပါက ဆန့်ကျင်၊ ကန့်ကွက်၊ ပယ်ဖျက် သွားနိုင်သည်။

လွှတ်တော်အတွင်း အစိုးရနှင့် အတိုက်အခံပါတီများ၊ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ဝေဖန်ဆွေးနွေး ငြင်းခုန် ခြင်းကြောင့် မည်သူမှန်သည်၊ မည်သူမှားသည်၊ မည်သည့်ပေါ်လစီက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပို၍ အကျိုးရှိနိုင်သည်ဟူသော အချက်များကို ပြည်သူလူထု တစ်ရပ်လုံး နားလည်သဘောပေါက်နိုင်သည်။

အစိုးရပေါ်လစီများ၊ လုပ်ဆောင်ချက်များနှင့် စီမံကိန်းများကို လက်တွေ့အကောင်အထည် မဖော်ခင် လွှတ်တော်အတွင်း အတိုက်အခံပါတီများက မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးဝေဖန်ခြင်းများ ပြုလုပ်ရသော ကြောင့် အစိုးရတစ်ရပ်အနေဖြင့် ထိုလုပ်ဆောင်ချက်များအပေါ် ပွင့်လင်းမှု၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုများ ပိုရှိ၍ ပိုမိုများပြား ထွန်းကားလာနိုင်သည်။

[ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေစီ ကျင့်စဉ်တရားများ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ် ပညာပေးစာစဉ် အမှတ်-၁၊ Burma Centre for Ethnic Studies၊ ပထမအကြိမ်၊ သြဂုတ် ၂၀၁၂၊ ချင်းမိုင်၊ဒုတိယအကြိမ်၊ အောက်တိုဘာ၊ ၂၀၁၂၊ အိုင်ဇောလ်၊ မီဇိုရမ်၊ တတိယအကြိမ်၊ အောက်တိုဘာ၊ ၂၀၁၂၊ ချင်းမိုင်၊ စာ ၅၀-၅၂]

လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီဟာ ဘာအတွက်လဲ......



လူအများစုဟာ လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီအပေါ် ကျွန်တော်ဝေဖန်တာကို အတော် လေး မကျေလည်ကြတာ သတိထားမိပါတယ်..... အထူး သဖြင့် လွှတ်တော်မှာ အတိုက်အခံဖြစ်တဲ့ NLD ပါတီက အမတ်တွေ ဝင်သွားခဲ့ပြီး တရား ဥပဒေ စိုးမိုးမှု ကော်မတီမှာ NLD ဥက္ကဌ ဖြစ်တဲ့ ဒေါ်စု ကိုယ်တိုင် ဦးစီးနေချိန်မှာ ဒီလိုဝေဖန်၊ ထောက်ပြ တဲ့အတွက် အထိ မခံနိုင်တာကို တွေ့ရပါတယ်.......


တကယ်က လွှတ်တော် ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သလို၊ နိုင်ငံသားတွေရဲ့၊ နိုင်ငံအတွက် ထိခိုက်နစ်နာမှုကို ကာကွယ်ဖို့ ဖြေရှင်းဖို့ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်..... အစိုးရတစ်ရပ် လုပ်ချင်တာ မလုပ်ရအောင်၊ အစိုးရတစ်ရပ် အထိမ်းအကွတ်မဲ့ မရန်းကားနိုင်အောင် လွှတ်တော်ဟာ ထိမ်းကျောင်းရမှာ ဖြစ်ပါတယ်....... ဒီလိုပဲ လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီဟာလည်း အစိုးရ တစ်ရပ်ရဲ့ လမ်းချော်နေမှုတွေကို ဘေးက ထိမ်းကြောင်းနေဖို့ပဲ ဖြစ်ပါတယ်......

ဒါကြောင့် လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌတို့ဟာ လက်ရှိ အစိုးရ လုပ်နေတာတွေကို အပြစ်တင်နေတာဟာ နည်းလမ်းမကျဘူး ဆိုတာကို ထောက်ပြတာပါ...... လက်ရှိ အစိုးရ လုပ်ကိုင်နေတာ နည်းလမ်းမကျရင် လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီဟာ ထိမ်းညှိနိုင်ဖို့ အခွင့်အာဏာ အပြည့်ရှိပီးသား ဖြစ်ပါတယ်..... Check and Balance လုပ်ထားခြင်း ဖြစ်ပါတယ်.....

နောက်တစ်ချက်ကတော့ အစိုးရတစ်ရပ်ဟာ ရှေ့က အစိုးရက ထားရှိခဲ့တဲ့ ကောင်းမွေ၊ ဆိုးမွေ ထိုနှစ်လီကို လက်ခံရတာပဲ ဖြစ်ပါတယ်..... ရှေ့အစိုးရက တိုင်းတပါး ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်တွေအပေါ် ဘာမှ ဖြေရှင်းချက်၊ ပြင်ဆင်ချက် မပေးနိုင်ပဲ လက်ခံရပါတယ်....... ဒါကြောင့် အဲ့ဒိလို အခြေအနေမျိုး ဖြစ်နေရင် လွှတ်တော်က ပြန်လည်စိစစ်ဖို့ လိုအပ်ပါတယ်...... ဘာကြောင့်လည်းဆိုတော့ လွှတ်တော်ဟာ နိုင်ငံသားတွေရဲ့ နစ်နာမှု ထိခိုက်မှုအတွက် ကာကွယ်ဖို့ တာဝန်အရှိဆုံး ဖြစ်နေတာကြောင့်ပါပဲ.....

အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် တိုင်းတပါး ကုမ္ပဏီတွေကို အောက်ဈေးနဲ့ ချုပ်ခဲ့တဲ့ စာချုပ်စာတန်းတွေအပြင် လုပ်ပိုင်ခွင့်တွေ အများကြီး လုပ်ခဲ့ပါတယ်..... လက်ရှိ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို လက်မခံဘူးဆိုရင် အစိုးရ အပြောင်းအလဲမှာ မူဝါဒ အပြောင်းအလဲဖြစ်တဲ့အတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ စိတ်မချရဘူးဆိုရင် တိုင်းပြည်အတွက် နာမည်ပျက်ပါတယ်...... ဒါကြောင့် လွှတ်တော်ကနေ ပြန်လည် စိစစ်တယ်ဆိုရင် နိုင်ငံတကာကလည်း လက်ခံရမှာပဲ ဖြစ်ပါတယ်.......

ဒီလိုအချက်တွေကြောင့် လက်ပံတောင်း ကိစ္စမှာ တရားဥပဒေ စိုးမိုးမှု ကော်မတီနဲ့ လွှတ်တော်အမတ်တွေ အများစုပါဝင်တဲ့ ကော်မတီကို ဖွဲ့စည်းပီး စာချုပ်ကို ပြန်လည် စိစစ်ခဲ့တာပဲ ဖြစ်ပါတယ်..... ဒီလိုပါပဲ စစ်အစိုးရ လက်ထက်က အချိုအချောင် စာချုပ်တွေနဲ့ လည်ပါတ်နေတဲ့ တိုင်းတပါး ရင်းနှီးမြှုပ်နှံမှုတွေ အထူး သဖြင့် တရုတ်ရဲ့ ပိုက်လိုင်း စီမံကိန်းအပါအဝင် စီမံကိန်း အများစုတွေကို ပြန်လည် စိစစ်ဖို့ဟာ လွှတ်တော် ဟာ တာဝန်အရှိဆုံးပဲ ဖြစ်ပါတယ်.....

ဒါကြောင့် လွှတ်တော် ဥက္ကဌ အပါအဝင် လွှတ်တော် အမတ်တွေဟာ တိုင်းပြည်အတွက် ဒါတွေကို မျက်စိရှင်ရှင်နဲ့ ပြန်လည်ပြင်ဆင်ဖို့ ဆောင်ရွက်ရန် လိုအပ်ပါတယ်..... ဒါမှလည်း ထိခိုက်နစ်နာခဲ့ရတဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်..... ဥပမာ ဒေသခံတွေကို အကျိုးမပြုနိုင်သေးတဲ့ ကျောက်ဖြူ ရေနက်စီမံကိန်း၊ မြန်မာနိုင်ငံအတွက် အောက်ဈေးသာသာ ရတဲ့ ပိုက်လိုင်း စီမံကိန်း အစရှိသဖြင့် အများကြီး ရှိပါတယ်....

လွှတ်တော် အမတ်တွေအနေနဲ့ ဒါတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် ပြန်လည် ကြည့်သင့်သလို လွှတ်တော် ဥက္ကဌတွေအနေနဲ့လည်း ထိုင်ခုံမျက်နှာပဲ ကြည့်မနေပဲ တိုင်းပြည်အတွက် အချိန်နဲ့အမျှ နစ်နာနေမယ့် အဆိုပါ စီမံကိန်းတွေကို Review လုပ်ဖို့ လိုအပ်ပါလိမ့်မယ်..... ဒီလိုပဲ မြန်မာနိုင်ငံရဲ့ ကမ္ဘာသိ ဒီမိုကရေစီ အိုင်ကွန်ဖြစ်တဲ့ ဒေါ်စုအနေနဲ့လည်း တိုင်းပြည် မျက်နှာကို ကြည့်ပီး ဒီလိုကိစ္စတွေကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်.....

အခုလက်ရှိ တွေ့နေရတာကတော့ လွှတ်တော်ဥက္ကဌနဲ့ NLD ဥက္ကဌတို့ ပေါင်းစည်းသွားတဲ့အတွက် ယခင်အစိုးရ ပြည်ပနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ပြင်ဆင်ဖို့ အဓိက တာဝန်ရှိသူတွေကို အွန်လိုင်းက တက်ကြွလှုပ်ရှားသူတွေဟာ ရှောင်နေတာကို တွေ့ရပါတယ်.... အချို့သော ကြေးစား ဝါဒဖြန့် အကောင့်တွေကတော့ ဒီကိစ္စတွေဟာ လက်ရှိ အစိုးရနဲ့ ဆက်စပ်သယောင် ပုံဖော်လာတာ တွေ့ရပြန်ပါတယ်......

၂၀၁၅ ရောက်ဖို့ အချိန်အများကြီး လိုသေးပါတယ်..... ဒါပေမယ့် ယခင် စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေနဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ တိုင်းတပါး ရင်းနှီးမြှုပ်နှံသူတွေကြောင့် မြန်မာနိုင်ငံဟာ ရသင့် ရထိုက်တဲ့ ဝေစုကိုမရပဲ စီမံကိန်းနဲ့ သက်ဆိုင်တဲ့ ဒေသတွေမှာ ရှိတဲ့ ဒေသခံတွေဟာလည်း အချိန်နဲ့အမျှ နစ်နာနေပါတယ်..... ဒါတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ဟာ လွှတ်တော်က လျင်မြန်တဲ့ အရေးယူမှုတွေ ပြုလုပ်ပါမှ ဖြစ်ပါမယ်......

ထပ်ပြောပါ့မယ် ၂၀၁၅ ရောက်ဖို့ အချိန်တွေ အများကြီး လိုနေချိန်မှာ တိုင်းပြည်ရဲ့ ရသင့်ရထိုက်တဲ့ ဝင်ငွေ တွေ နစ်နာနေတဲ့အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ နစ်နာနေတာဟာ အချိန်နဲ့အမျှ ဖြစ်နေ တာကို လွှတ်တော်အမတ်တွေနဲ့ လွှတ်တော် ဥက္ကဌတွေ သိနိုင်ပါစေလို့ပဲ အသိပေးလိုက်ရ ပါတယ်.....

Credit : http://www.ex-absdf.net/2013/07/blog-post_7741.html

လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား

မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်တာကြောင့် လိင်တူ ချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့ လာရောက်တိုင်ကြားခဲ့ကြပါတယ်။


ဇူလိုင် ၆၊ ၇ ရက်နေ့တွေက မန္တလေးမြို့ ကျုံးအရှေ့ဘက်မှာ လိင်တူချစ်သူတွေကို ရဲက ဖမ်းဆီး ခေါ်ဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အရှက်ခွဲတာတွေ လုပ်ခဲ့တာကြောင့် ခုလိုတိုင်ကြားရတာလို့ မြန်မာလိင်တူ ချစ်သူများ အခွင့်အရေးဆိုင်ရာကွန်ရက်က ကိုနေဦးလွင်က RFA ကိုပြောပါတယ်။

"ရဲတွေက ကျနော်တို့ လိင်တူချစ်သူတွေကို ဖမ်းတာကဖမ်းလို့ရတယ်၊ သူတို့စစ်ဆေးတာ စစ်ဆေးလို့ ရတယ်၊ ဒါပေမယ့် လူသားခြင်းမစာနာပဲနဲ့ လူသားတစ်ယောက်လို မပြုမူပဲနဲ့ သူတို့တွေလုပ်တဲ့အတွက်ကို ကျနော်တို့က ကန့်ကွက်တာပါ"

သူတို့ကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့တဲ့ မန္တလေးတိုင်း အမှတ် (၃) ရဲစခန်းနဲ့ တိုင်းဒေသမှူးရုံးတို့ကို အရေးယူပေးဖို့ တိုင်ကြားတာဖြစ်ပါတယ်။ လူ့အခွင့်အရေးရှုဒေါင့်အရ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားတာဖြစ်သလို ရှေ့တစ်ပတ် မှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ဆီကိုလည်း ဆက်လက် တိုင်ကြားမှာဖြစ်တယ်လို့ အဲဒီကွန်ရက် တာဝန်ရှိသူတွေကပြောပါတယ်။

From:rfa

လားရှိုးမြို့တွင် ပုဒ်မ၁၄၄ ပြန်လည်ရုပ်သိမ်း

လားရှိုးမြို့တွင် ယခုနှစ် မေလက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇူလိုင်လ ၂၇ ရက် ညနေက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း လားရှိုးမြို့ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။


“တစ်မြို့လုံးကို ရုပ်သိမ်းပေးလိုက်တာပါ။ ကျွန်တော်တို့ မနေ့ညက ထုတ်ပြန်ပါတယ်။ မော်တော်ယာဉ်နဲ့ လိုက်ပြီး အသိပေးပါတယ်”ဟု ဦးဝေလင်းက ပြောသည်။

လားရှိုးမြို့တွင် ည ၁၀ နာရီမှ နံနက် ၃ နာရီအတွင်း မထွက်ရအမိန့် ရုပ်သိမ်းမှုကို ဇူလိုင်လ ၂၇ ရက် ညနေ ၆ နာရီက လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ရုပ်သိမ်းကြောင်းကို မော်တော်ယာဉ်များဖြင့် လိုက်လံကြေညာပေးခဲ့ပြီး တချို့ ရပ်ကွက်များတွင်တော့ လိုက်လံ ကြေညာပေး ခြင်း မရှိဘဲ ရပ်ကွက်ရုံးများရှေ့တွင်ကြေညာဆိုင်းဘုတ်ထောင်ကာ အသိပေးထားကြောင်း လားရှိုးမြို့ အမှတ် ၉ ရပ်ကွက် မှ ကိုခွန်ဇော်ဦးက ပြောသည်။

လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်က အမှတ် ၁၂ ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးအား ဓာတ်ဆီ လောင်းကာ မီးဖြင့်ရှို့ရာမှ ပဋိပက္ခများဖြစ်ပွားခဲ့ကာ ဗလီအပါအ၀င်၊ အစ္စလာမ်မိဘမဲ့ကျောင်းနှင့် ဈေးဆိုင်ခန်း များ မီးရှို့ခံခဲ့ရသည်။ ထိုနေ့တွင်ပင် ပုဒ်မ ၁၄၄ ကို ချက်ချင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လားရှိုးမြို့ တွင် မေလ ၂၉ ရက်၌လည်း ဆူပူအကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့သူအား လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်တွင် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူ လားရှိုးမြို့ခံ ၆၀ ဦးကို လားရှိုးမြို့ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၂၉ ဦးအား ဇွန်လထဲတွင် တရားစွဲဆိုခဲ့သည်။

source: http://www.thithtoolwin.info/2013/07/blog-post_2507.html

မန်း NLD ၏ ဒုတိယမြောက်အခမဲ့ ဆေးခန်း သြဂုတ်လတွင် ထပ်မံဖွင့်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မန္တလေးမြို့တွင် ဒုတိယမြောက် ကုသိုလ်ဖြစ်ဆေးခန်း မေတ္တာ ကြည်ဖြူ အခမဲ့ ဆေးခန်းကို အောင်မြေသာစံမြို့နယ်တွင် သြဂုတ်လ ၁၀ ရက်တွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း NLD ရပ်/ကျေးဥက္ကဋ္ဌ ဦးစိုးနိုင်က မဇ္ဈိမကို ပြော သည်။


“ကျွန်တော်တို့ နေ့စဉ်ကုန်ကျ ငွေတစ်သိန်းခွဲခန့်မှန်းထားပါတယ်။ ဒီထက်လည်း ပိုနိုင်ပါတယ်။ ဆေးခန်း မလာနိုင်တဲ့ လူနာတွေကို အိမ်တိုင်ရာရောက် ကုသပေးမယ့် စနစ်တစ်ခုလည်း လုပ်ဆောင်ထားပါတယ်” ဟု ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။ ထိုဆေးခန်းတွင် အထွေအထွေရောဂါများအပြင် အသေးစားခွဲစိတ်မှု များကိုပါ တာဝန်ယူဆောင်ရွက်ပေး မည်ဖြစ်သည်။

အရေးကြီးသော လူနာများအတွက် လိုအပ်လျှင် ဆေးရုံတင်၍ ကုသပေးနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ဆေးခန်းအတွက် ဆရာဝန် ငါးဦးက အလှည့်ကျကုသပေးမည်ဖြစ်ပြီး ဆေးခန်းတာဝန်ခံအဖြစ် ဒေါက်တာဟိန်းထက် က ဆောင်ရွက်ပေးမည်ဖြစ်သည်။

“ဒီအခမဲ့ဆေးခန်းဖွင့်ဖို့ ရည်ရွယ်နေတာကြာပါပြီ။ ဒီအရပ်တွေက လက်လုပ်လက်စားများတယ်။ သာမန် ဖျားရုံ၊ နာရုံကို ဆေးဖိုး မတတ်နိုင်ကြဘူး။ မဖြစ်သင့်တာတွေဖြစ်တယ်။ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကုန်တယ်။ ဒါတွေကို မြင်တွေ့တာများလာတော့ စိတ်မကောင်းဘူး။ ကူညီချင်လာတယ်။ အဓိကကတော့ ကျန်းမာရေး စောင့်ရှောက်ပေး ချင်တာ သက်သက်ပါပဲ” ဟု ဥက္ကဋ္ဌ ဦးစိုးနိုင်က မဇ္ဈိမကိုပြောသည်။

NLD ၏ မန္တလေး အောင်မြေသာစံမြို့ နယ်တွင်ပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက မင်းတဲကြယ်ဖြူ ကုသိုလ်ဖြစ် ဆေးခန်း ကို ဖွင့်လှစ်ခဲ့သေးသည်။ ထိုဆေးခန်းဖွင့်လှစ်ပြီး တစ်နှစ်ပြည့်မြောက်ချိန်တွင် လူနာ ၅၇၀၀ ခန့် ကို အခမဲ့ဆေး ကုပေးနိုင်ခဲ့ကြောင်း ယင်းဆေးခန်း တာဝန်ခံဦးမျိုးလွင်က မဇ္ဈိမကို ပြောခဲ့ဖူးသည်။

source: http://www.mizzimaburmese.com/news/breaking-newsbrief/12856--nld-----.html

ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲပညာရည်ချွန်ဆုများအတွက် ကျပ်သိန်း ၆၀၀ ကျော်သုံးစွဲ

ရှမ်းပြည်နယ်အတွင်း ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုများကို ဇူလိုင် ၂၇ ရက်က ချီးမြှင့်ခဲ့ရာ ယင်းဆုများအတွက် စုစုပေါင်း ကျပ်သိန်း ခြောက်ရာကျော် သုံးစွဲခဲ့သည်။


အဆိုပါ ဆုပေးပွဲကို ဇူလိုင် ၂၇ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခြင်း ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ချီးမြှင့်သော ဆုကြေးငွေ စုစုပေါင်းကျပ် ၆၆၂ သိန်းရှိပြီး ၃၆၁ သိန်းကျော်မှာ စေတနာရှင်များက လှူဒါန်းပေးထားခြင်း ဖြစ်ပြီး ကျန်ငွေကြေးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က အကုန်ကျခံ ချီးမြှင့်ခြင်း ဖြစ်သည်။

ဆုချီးမြှင့်ရာတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ဆုရ ကလောမြို့နယ်ကို ဆုငွေကျပ် ငါးသိန်းနှင့် ဂုဏ်ပြု လက်မှတ်၊ အောင်ချက် အကောင်းဆုံး ပထမဆုရ ကျောင်းဖြစ်သည့် တောင်ကြီး အထက(၄) အား ဆုငွေကျပ် ငါးသိန်း ချီးမြှင့်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်း ဂုဏ်ထူးရ ကျောင်းသားများအတွက် ချီးမြှင့်ရာတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၇ ဦးအတွက် တစ်ဦးလျှင် ကျပ် လေးသိန်းစီ၊ ငါးဘာသာ ဂုဏ်ထူးရှင် ၅၆ ဦးအတွက် တစ်ဦးလျှင် ကျပ် နှစ်သိန်းစီ၊ လေးဘာသာ ဂုဏ်ထူးရှင် ၉၅ ဦးအတွက် တစ်ဦးလျှင် ကျပ် တစ် သိန်းစီ၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၄၈ ဦးအတွက် တစ်ဦးလျှင် ကျပ် လေးသောင်းစီ၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၆၁ ဦးအတွက် တစ်ဦးလျှင် ကျပ် နှစ်သောင်းစီနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၀၅၄ ဦးအတွက် တစ်ဦးလျှင် ကျပ် တစ်သောင်းစီ ချီးမြှင့်ခဲ့သည်။

ယင်း ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က “ နိုင်ငံတကာအဆင့်မီ ပညာရေး စနစ်ကို ပြုပြင် ပြောင်းလဲမှု အစီအစဉ်များနဲ့ ဆောင်ရွက်နေပြီး ကျေးလက်ဒေသများအထိ ပညာရေးကဏ္ဍ ကို အလေးထား ဆောင်ရွက်နေပါတယ်။ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းနေနိုင်အောင် ၀ိုင်းဝန်းပြီး ဆောာင်ရွက်ပေးကြဖို့ လည်း လိုပါတယ်။ တောင်ကြီးမှာ အားကာသိပ္ပံနဲ့ ဆေးတက္ကသိုလ်တို့ကို ဒီနှစ်အတွင်းမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း၂၇ဒသ မ ၅၈ ရာခိုင်နှုန်းရှိပြီး ယခင်နှစ် အောင်ချက်ရာခိုင်နှုန်းထက် အနည်းငယ် လျော့ကျခဲ့သည်။

source: http://www.mizzimaburmese.com/news/breaking-newsbrief/12854-2013-07-29-02-26-30.html

လားရှိုးစည်ပင်မှ အခွန်သုံးဆမှ ငါးဆထိ တိုးကောက်မည့်အပေါ် ကန့်ကွက်မှုများရှိနေ

လားရှိုးမြို့တွင် စည်ပင်သာယာမှ ကောက်ခံနေသော အခွန်များ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် သုံးဆမှ ငါးဆ အထိ တိုးမြှင့် ကောက်ခံမည်ဆိုသောကြောင့် လားရှိုးမြို့ ရှေ့နေများအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက လားရှိုး စည်ပင် သာယာရေးဌာနသို့ ဇူလိုင်လ၂၆ ရက်က ကန့်ကွက်စာတင်လိုက်ကြောင်း ရှေ့နေများ အဖွဲ့၏ အဖွဲ့ဝင်ရှေ့နေ ဦးသောင်းထိုက်က မဇ္ဈိမကို ပြောသည်။


“အခုလို အခွန်တိုးကောက်တဲ့ အကြောင်းရင်းက သားသတ်လိုင်စင် လေလံကို ဒီနှစ်မှာ ကောက်ခွင့် မရှိ တော့တဲ့ အတွက် ဌာနရဲ့ဝင်ငွေလျော့နည်းလို့ အခုလို တိုးကောက်ရခြင်းဖြစ်တယ်လို့ ကြေငြာထားတယ်” ဟု ရှေ့နေ ဦးသောင်းထိုက်က ပြောသည်။

စည်ပင်မှ ယခုကဲ့သို့ အခွန်တိုးကောက်ခြင်းသည် ပြည်သူလူထုကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေသောကြောင့် လားရှိုးမြို့ ရှေ့နေများအဖွဲ့က ဇူလိုင်လ၂၅ ရက်က အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေး တက်ရောက်သော ရှေ့နေ ၄၀ ၏ ကန့်ကွက်လက်မှတ်ဖြင့် ၂၆ ရက်တွင် ကန့်ကွက်စာတစ်စောင်ကို တင်ခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးသောင်းထိုက်က ရှင်းပြသည်။

ထို့အပြင် လားရှိုးမြို့ရှိ ရပ်ကွက် ၁၂ ခုမှ အုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ ရပ်ကွက်နေသူများကို အိမ်တိုင်ရာ ရောက် ကန့်ကွက်လက်မှတ်များ ကောက်ခံကာ ထိုနေ့တွင်ပင် လားရှိုး စည်ပင်သာယာရုံးသို့ ကန့်ကွက်စာ တင်ခဲ့သေးကြောင်း လားရှိုးမြို့ အမှတ်(၉) ရပ်ကွက်မှ ကိုခွန်ဇော်ဦးက ပြောသည်။

“ဒီကိစ္စအပေါ်မှာ ကန့်ကွက်သူများနေရင်တော့ အထက်ကို တင်ပြသွားမယ်လို့ မြို့နယ်စည်ပင်မှ ဦးသက်ပိုင် က ပြော တယ်”ဟု ကိုခွန်ဇော်ဦးက ပြောသည်။

လားရှိုးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမင်းက “အခက်အခဲ ဖြစ်တာပေါ့။ အခုအချိန်က နိုင်ငံတော်က ပြုပြုပြောင်းလဲဆဲ ကာလလေ။ လောလောဆယ်မှာ ဒီလိုမျိုး အခွန်တွေတိုးမြှင့်ကောက်ခံတာ မဖြစ်သင့် သေးဘူးလို့ ထင်ပါတယ်။ အခုသိရသလောက်က စည်ပင်က သူ့သဘောတစ်ခုတည်းနဲ့ လုပ်သွား တယ်။ ရပ်မိရပ်ဖတွေ၊ တခြားအဖွဲ့တွေရဲ့ သဘောထားမပါဘူး”ဟု ပြောသည်။

၂၀၁၄ – ၂၀၁၅ဘဏ္ဍာနှစ် ( လာမည့် ဘဏ္ဍာနှစ် ) တွင် သုံးဆမှ ငါးဆအထိ တိုးမြှင့် ကောက်ခံမည်မှာ အဆောက်အဦးခွန်၊ သားသတ်ခွန်၊ အသားရောင်း လိုင်စင်ခွန်၊ အမှိုက်ခွန်၊ အိမ်သာခွန်၊ ရေခွန်၊ မီးခွန်တို့ကို ပြောင်းလဲကောက်ခံရန် ဇူလိုင်လ ၂၄ ရက်တွင် ရပ်ကွက်ရုံးများသို့ အကြောင်းကြားထားခြင်း ဖြစ်သည်။

Article source: http://www.mizzimaburmese.com/news/inside-burma/12853-2013-07-29-02-19-32.html

လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးရုံးများကြောင့် တရားမ၀င် မြန်မာလုပ်သားများ ဖမ်းဆီးခံရခြင်း လျော့နည်းဟုဆို

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ထားသော လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးများ ကြောင့် မြန်မာနိုင်ငံမှ တရားမ၀င် သွားရောက်သော လုပ်သားများ ဖမ်းဆီးခံရမှုသည် တာချီလိတ်ဘက် တွင် လျော့နည်းလာ သည်ဟု တာချီလိတ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ဒုတိယရဲမှုးကြီး ယဉ်ယဉ်အေးက မဇိ္ဈမကို ပြော သည်။


ယခင်က ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်အထောက်အထား၊ ခွင့်ပြုချက်များမရှိဘဲ နယ်စပ်ဖြတ်ကျော်ခြင်း များကို ထိုင်းအစိုးရမှ ဖမ်းဆီးအရေးယူမှုများရှိခဲ့သော်လည်း နယ်စပ် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက် ရေးဆိုင်ရာ ဆက်ဆံရေးရုံးများ BCATIP (Border Cooperation Against Trafficking In Person) ဖွင့်လှစ် ပြီးနောက်ပိုင်း တရားမ၀င် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုများ လျော့နည်းသွားသည်ဟု ၎င်းက ပြောခြင်း ဖြစ်သည်။


၎င်းက “ ရက်ရှည် ဖမ်းဆီးထားတာမျိုး မပြုတော့ဘဲ အပြင်မှာ အားလုံးကို ထိန်းသိမ်းထားတယ်၊ တာချီလိတ် က နယ်စပ် လူကုန်ကူးမှု တားဆီးရေးအဖွဲ့ဆီ ချက်ချင်း အကြောင်းကြားပေးတယ်၊ ထိန်းသိမ်း ထားတဲ့ တရားမ၀င် အလုပ်သမားတွေကို မြန်မာနိုင်ငံဘက်ကို အပတ်စဉ် အင်္ဂါနဲ့ သောကြာနေ့တွေမှာ ပုံမှန် လွှဲပြောင်းပေးပါတယ် ”ဟု ပြောသည်။

တာချီလိတ်-မယ်ဆိုင် BCATIP ရုံးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လအတွင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကော့သောင်း-ရနောင်း BCATIP ရုံးကိုမူ သြဂုတ်လအတွင်းက ဖွင့်လှစ်ခဲ့သည်။

ယင်းသို့ တာချီလိတ် – မယ်ဆိုင်ရုံး ဖွင့်လှစ်ထားခြင်းကြောင့် ဗန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖယောင်း၊ တာ့ခ်ျခရိုင်များ ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များအနေဖြင့် ယင်းရုံးများသို့ ဆက်သွယ် လာနိုင်သည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ခြင်းကြောင့် ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်မှာ ယခု ဇူလိုင် ၂၈ ရက်အထိ တစ်လမပြည့်သည့် အချိန်မှာပင် ၁၆ ဦးရှိပြီဖြစ်သည်။

ဒုရဲမှုးကြီး ယဉ်ယဉ်အေးက “ရွေ့ပြောင်းအလုပ်သမားတွေ ပါလာတဲ့ ကားတွေထဲမှာ တချို့ ဆွေမျိုးမရှိဘဲ ထိုင်းဘက် သွားတာမျိုးနဲ့ တရားဝင် အထောက်အထားမရှိတဲ့ သူတွေဆို အသိပညာပေး ဟောပြောမှုတွေ လုပ်ပြီး နေရပ်ပြန်ဖို့ ဆောင်ရွက်ပေးနေပါတယ် ”ဟု ပြောသည်။

ဇူလိုင်လ ဒုတိယအပတ်အတွင်းကလည်း မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ တတိယအကြိမ် အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ကျင်းပခဲ့သည်။ BCATIP ရုံးများကို လက်ရှိတွင် နယ်စပ်ဒေသနှစ်ခု၌ ဖွင့်လှစ်ထားပြီး မြ၀တီ-မဲဆောက်ရုံးကိုလည်း ယခုနှစ်အတွင်းတွင် ဖွင့်လှစ်သွားရန် ရှိသည်။ ယင်းအပြင် တရုတ်-မြန်မာ နယ်စပ်တွင်လည်း BCATIP ရုံးများ ဖွင့်လှစ်သွားရန် ရှိသည်။

source: http://www.mizzimaburmese.com/news/regional/12852-2013-07-29-02-09-04.html 

လူထုပုံရိပ်ဂျာနယ် စာဖတ်ပရိသတ်များမှ ဒေါက်တာလှိုင်မြင့်ထံသို့ ဆက်သွယ် မေးမြန်းလာသော ဒီရေမှလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ အမေးများနှင် ဒေါက်တာလှိုင်မြင့်အဖြေ..


ဓာတ်ပုံ..  ဒေါက်တာလှိုင်မြင့်၏ ဒီရေလျှပ်စစ်အား ထုတ်လုပ်မှုအား
ဘိုကလေးမြို့နယ်ရှိ ချောင်းတာရိုးအတွင်း စမ်းသပ်စဉ်.. မြင်ကွင်း

(12 July 2013)နေ့ ထုတ် လူထုပုံရိပ်ဂျာနယ်မှာ ရေစီးကနေရေကာတာမလိုဘဲ လျှပ်စစ်ထုတ်လုပ်မှု စမ်းသပ်အောင်မြင်တဲ့ အင်တာဗျူး ပါလာတော့ တချို့ သော စာဖတ်ပရိတ်သတ်တို့မှ စိတ်ဝင်တစား မေးမြန်းလာတာလေးတွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ မှတ်မိသလောက်လေးတွေကို အများသိနိုင်ရန်နဲ့ အင်တာဗျူးတွင် မပါသော အချက်အလက်များကို ဖြည့်စွက် တင်ပြလိုက်ပါတယ်။


မေးခွန်း(၁) ဆရာရေကာတာ ဆောက်စရာမလိုဘူး နောက်အရင်းအနှီးကလဲ မများဘူးဆိုတော့ အရင်းဘယ်လောက် ကုန်ကျနိုင်ပါမလဲ။ ဆရာပြောတဲ့ အရင်းဒေါ်လာ သောင်းဂဏန်းဆိုတာ သိချင်ပါတယ်။


(ဖြေ) ဒါကတော့ ရေမြောင်း၊ ချောင်း၊ မြစ်သေးသေး၊ မြစ်ကြီးကြီး စသည်ဖြင့် အရွယ်အပေါ် မူတည်စဉ်းစားရပါမယ်။ ကျနော်အခု စမ်းသပ်ခဲ့တဲ့ ရိုးချောင်းကလေးဟာ ၁၂ -ပေကျယ်ပြီး ၅-ပေဘဲနက်ပါတယ်။

အဲဒီရီုးကလေးပေါ်မှာ တည်ဆောက်ရင် ဒေါ်လာတစ်/နစ်သောင်း (မြန်မာငွေသိန်း-၁ဝဝ / ၂ဝဝ ) ဆိုတာအများဆုံး ကုန်နိုင်ပါမယ်။ အဲဒီရိုးကလေးကနေ မြင်းကောင်ရေ ၅ဝ ကနေ ၃ဝ ထွက်မယ် ခန့်မှန်းထားပါတယ်။

မြင်းကောင်ရေက လျှပ်စစ်အား ၇၄၆ ဝပ် (746 watts) ဆိုရင် စက်၏အား မြင်းကောင်ရေတစ် ရှိပါတယ်။ မြင်းကောင်ရေ - ၅ဝ ဆိုရင် လျှပ်စစ်အား (ဝ.၇၄၆ x ၅ဝ = ၃၇.၃) ကီလိုဝပ် 37 - Kilo – watts ရှိပါတယ်။ တနည်း တစ်နာရီကို လျှပ်စစ်ယူနစ် ၃၇ -ယူနစ်ရပါမယ်။ တနေ့လုံးဆိုလျှင် လျှပ်စစ်ယူနစ် (၈၉၅) ယူနစ်ရပါမယ်။ တစ်ယူနစ်ကို ကျပ် ၅ဝ နှုန်းနဲ့  ဆိုလျှင် တစ်နေ့ကို ကျပ်- ၄၄၇၅ဝ ရပါမယ်။ (မှတ်ချက်။...။ တစ်ကီလိုဝပ် - ၁ဝဝဝ- ဝပ်အားကို တစ်နာရီသုံးစွဲလျှင် လျှပ်စစ် တစ်ယူနစ် ဖြစ်ပါသည်။)

တစ်နှစ်ပတ်လုံးဆိုလျှင် ဝင်ငွေကျပ်သိန်း (၁၆ဝ) ခန့်ရပါသည်။ လျှပ်စစ်က ညပိုင်းတွင် အသုံးနည်းတာကို လျှော့တွက်ပြီး ဝင်ငွေသိန်း (၁ဝဝ) ခန့်တွက်လျှင် ထိုစက် အသေးလေးကို ပိုင်သူအတွက် တစ်နှစ်အတွင်း အရင်းကျေကာ နောင်နှစ်များတွင် အမြတ်ငွေ ချည်းသာဖြစ်ပါတော့မယ်။

ဒါကတစ်ယူနစ်ကို ကျပ်ငါးဆယ်နှင့် တွက်ထားဖြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံမှာ မြန်မာပြည်က ဓါတ်ငွေ့နှင့် ထုတ်ပြီး လျှပ်စစ်ဖြန့်ဖြူးနေတာ တစ်ယူနစ်ကို ၂ဝဝ ကျပ်ဖြစ်ပါသည်။ ယခုနေ စက်မှုဇုံတွေကို တစ်ယူနစ်လျှင် ၂ဝဝ -ကျပ်ဖြင့် ပေးနိုင်လျှင် အားလုံးကယူကြပါမည်။ သူတို့ကိုယ်ပိုင် ဒီဇယ်စက်ဖြင့် လည်ရလျှင် တစ်ယူနစ်ကို ၆ဝဝ မက ကုန်ကျပါသည်။

ကျေးရွာတွေဆိုလျှင် တစ်ယူနစ်သည် (၂ဝဝ-ကျပ်) ဖိုးသည် ၂- ပေမီးချောင်း ၅ဝ - ချောင်းကို တစ်နာရီ ထွန်းနိုင်တော့ အိမ် ၅ဝ -ကို မီးပေးထားနိုင်ပါသည်။ ကီလိုဝပ်အား ၃၇-ကီလို ဆိုလျှင် အိမ်ထောင်စုပေါင်း - ၁၈၅ဝ ကိုပေးနိုင်ပါပြီ။ တစ်အိမ်ထောင်ကို တစ်ညအတွက် မီးကြေး ၁ဝဝ-ကျပ် ကောက်ခံလျှင် တစ်ညလျှင် ဝင်ငွေ-၁၈၅ဝဝဝ -ကျပ်ရနေပါပြီ။

တစ်ခါနေ့ခင်းအတွက် လုပ်ငန်းရှိသူတွေ အဝတ်လျှော်စက် ရေခဲသေတ္တာ လျှပ်စစ်မီးပူ လျှပ်စစ်မီးဖိုပါ သုံးလျှင် သီးသန့် ဝင်ငွေရပါဦးမည်။ ဆန်ဖွတ်စက် တခြားစက်များထူထောင်လည်ပတ်လာကြပါမည် ။ ထိုနေ့ ခင်းဘက် ဝင်ငွေကိုပါ တွက်ချက်လျှင် အထက်က တွက်ချက်ထားသော စက်မှုဇုံကို ရောင်းသည်ထက်များစွာ ဝင်ငွေပိုနေပါမည်။

မေးသူက အရင်းအနှီးကို မေးတာကျနော် တဆက်တည်း ဝင်ငွေကိုပါ ခန့် မှန်းပေးလိုက်ပါတယ်။ အခုနမူနာ တင်ပြလိုက်တာကတော့ ချောင်းသေးရိုးကလေး အရွယ်ပါ။ ချောင်းကြီးကြီးဆိုရင် အရင်းသိန်းထောင် သောင်းချီကုန်ကျပါမယ်။ ဒါပေမဲ့ အရင်းအဆ ၁ဝဝ ကွာပေမည့် လျှပ်စစ် အထွက်ကျတော့ ချောင်လေးထက် အဆ ၁ဝဝ မကတော့ဘူး။ ပိုပါပြီ။

အထက်က တွက်ချက်တာကို တစ်ယူနစ်ကို ၂ဝဝ-ကျပ်နှုန်းနှင့် တွက်ချက်ပါက၃- လနှင့်ပင် အရင်းကျေနေပါပြီ။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ လျှပ်စစ်တစ်ယူနစ်ကို မြန်မာငွေနဲ့ ၄ဝဝ ကျော်နေမယ် ထင်ပါတယ်။ အင်ဒိုနီးရှားဟာ တချိန်က သဘာဝဓါတ်ငွေ့ အများအပြားထွက်ခဲ့ပြီး ယခုကုန်ခမ်းသွားပါပြီ။

ပိုအရေးကြီးတာက စွမ်းအင် ထုတ်လုပ်မှုမှာ ရေကာတာကနေ ထုတ်လုပ်တာက လျှပ်စစ်တစ်ယူနစ် တန်ဖိုးမှာ အသက်သာဆုံးပါ။ သူ့ နောက်မှာ ကျောက်မီးသွေး။ သဘာဝဓါတ်ငွေ့။ ဈေးအမြင့်ဆုံးကတော့ ဒီဇယ်နဲ့ ထုတ်လုပ်မှုပါ။

အခုတွေ့ ရှိတဲ့နည်းကတော့ ရေကာတာထက်ကို ထက်ဝက်မက သက်သာနိုင်ခြေ ရှိနေပါတယ်။

(မေး) ဆရာက အဲဒီရိုးမှာကို ပေ-၂ဝဝ - သို့ မဟုတ် ပေ - ၅ဝဝ- အကွာမှာကို နောက်ထပ် စက်တခု ထပ်ဆောက်နိုင်တယ်ဆိုတာ ဘယ်လိုကြောင့် ဖြစ်နိုင်တာပါလဲ။ ခန့် မှန်းတာလား စမ်းသပ်ပြီးတာလား။

ခန့်မှန်းတာပါ။ ယခုစမ်းသပ်ချက်ကလည်း သဘောတရားကို မှန်းဆပြီး မျက်စေ့ထဲပုံဖေါ်ပြီး ဒီဇိုင်း ဆွဲယူထားတာပါ။ ဒီဇိုင်းဆွဲပြီး ဖိုင်ကဒ်ထူနဲ့ နမူနာ ပုံစံချိုးယူ တည်ဆောက်ပါတယ်။ ယခုစက်ကို စမ်းသပ်လည်ကြည့်ပြီးမှ ပေ ၂ဝဝ အကွာမှာလဲ ထပ်လုပ်နိုင်တယ်ဆိုတာကို သိလာတာပါ။ မူလကဒီလောက် မထင်ထားမိပါဘူး။ 

ဒီလိုခန့်မှန်းရတာကလဲ ကျနော့်ရဲ့ တာဘိုင်ကိုက ရေကာတာက တာဘို်င်ကြီးတွေလိုရေမျက်နာပြင် နစ်ခုအမြင့် ကွာခြားချက်တွေ ရေစီးအားကို အခြေခံထားတဲ့ တာဘိုင်တွေနဲ့ မတူဘဲ ကျနော်က တာဘိုင်ထဲကို ဖြတ်သန်းသွားတဲ့ ရေထုထည်နဲ့ ရေ၏ စွမ်းအားကို တွက်ဆထားတဲ့ တာဘိုင်ပါ။

ပိုရှင်းအောင်ပြောရရင် ဥပမာ ရေမြောင်းလေးထဲမှာ ပစ္စည်းလေးတစ်ခု ချထားမယ်။ ပြီးရေမြောင်းကို ရေတစ်ပုံး လောင်းချလိုက်ရင် ရေစီးအားကြောင့် ထိုပစ္စည်းက ၁- ပေရွှေ့ သွားမယ်ဆိုရင် ရေဆယ်ပုံးကို လောင်းချလျှင် ၁ဝ ရွှေ့မယ်လို့ တွက်ဆနိုင်ပါတယ်။ တကယ်လက်တွေ့မှာက ၁ဝ ပေမကများစွာ ရောက်သွားပါတယ်။ ရေမှာနောက်က ပံ့ပိုးနေတဲ့အား အဲဒါရှိနေပါတယ်။

ဒါကြောင့်မို့ ဆူနာမိဖြစ်တော့ ရေတက်လာတာ ရေကသိပ်မမြင့်သေးခင် အိမ်တွေ ကားတွေကို သယ်မ သွားတော့တာပါဘဲ။ အဲဒီရေအမြင့်လောက်၊ အဲဒီရေစီးနှုန်းလောက် ရေထုနဲ့  ချောင်းရေကျလာလျှင် အဲဒီကားကို သိပ်မရွေ့ စေနိုင်ပါဘူး။ ဆူနာမိအားက သယ်မယူသွားတာ သိပ္ဗံပညာရှင်တွေ တွက်ချက် အဖြေရှာနေကြတုံးပါ။ ထူးခြားတာက ဆူနာမိရေလှိုင်းဟာ ရေထုအနေနဲ့ မဟုတ်ဘဲ စွမ်းအင်အနေနဲ့ သမုဒ္ဒရာ ရေပြင်အောက်ကနေ ရေတွေ မရွေ့ဘဲ အသံရဲ့ အမြန်နှုန်းနဲ့  နာရီပိုင်းလေးအတွင်း အဝေးကြီးမှာ သွားရိုက်ခတ် ပါတော့တယ်။

အဲဒါသိပ္ဗံပညာရှင်တွေ လေ့လာနေကြရသေးတဲ့ ရေရဲ့  အရွေ့ စွမ်းအားဘဲ။ ကျနော့်အထင် ရေကရေလုံး (ရေထု )ကျယ်လေ ဘေးကရေအားရဲ့ အရှိန်တွေ ပါလာတတ်ပြီး ပိုအားကောင်းလေလို့ ထင်တာပါဘဲ။ သိပ္ဗံပညာရှင်တွေ အဖြေမတွေ့ သေးတော့ ဒီလောက်ဘဲပြောချင်ပါတယ်။

နောက်ကျနော့် တာဘိုင်က အထဲကိုဖြတ်သွားတဲ့ ရေထုထည်ကို အခြေခံထားတာဆိုတော့ နောက်တစ်နေရာ ရောက်လဲ ဒီရေထုထည်က အတူတူဘဲ။ ဒီရေထုကဘဲ တာဘိုင်ထဲ ဖြတ်ရမှာဆိုတော့ ဒီအားဘဲပြန်ရပါမယ်။ ခုနပြောတဲ့ ဆူနာမိရေလုံးအားကို မထင်မှတ်ဘဲ စဉ်းစားမိလာတာပါ။

တဆက်ထဲပေါ့။ သံလွင်ဖြစ်ကြီးဆို ရေစီးအားက သိပ်ကောင်းတော့ သံလွင်မြစ်ပေါ်မှာတာဘိုင်ကြီးတွေ ဆင့်ကဲဆင့်ကဲ ထိုင်သွားရင် ထိုင်းကို ကမ္ဘာတည်သလောက် ထိုင်ရောင်းနေလို့ ရပြီ။ သံလွင်မြစ်ကို ပိုင်ဆိုင်သူတဲ့ တိုင်းရင်းသားတွေဟာ အာရပ်ရေနံ သူဌေးတွေလို တရက်ကို ၂ -နာရီကနေ ၄ -နာရီ အလုပ်လုပ်ရုံနဲ့  ကိုယ်ပိုင်လေယာဉ်တွေ စီးနိုင်ကြပါမယ်။ သံလွင်မြစ်ကြီးဟာ ဧရာမ ရတနာသိုက်ကြီး ဖြစ်လာပါမယ်။

ရေကာတာကြီးတွေ ဆောက်တာထက်ကို လျှပ်စစ်အား အများကြီးပိုရပါမယ်။ နွေရာသီ ရေနည်းချိန်မှာကို ရေကာတာကြီးတွေ ထွက်သလောက်တော့ ထွက်မယ် ယူဆရတာပါဘဲ။

တခါ အခုဒီတာဘိုင်ကိုဘဲ ဥပမာရဲရွာရေအား လျှပ်စစ်စက်ရုံမှာ ရေတွေကို ဆည်ထားပါတယ်။ အဲဒီဆည်က ရေကန်က ရေတွေက ရေထွက်ပေါက်ကနေ လျှပ်စစ်တာဘိုင်ထဲကို လွှတ်ပေးပါတယ်။ အဲဒီရေထွက်ပေါက်ထဲ ဝင်မဲ့ရေ အဝင်လမ်းကို ဆည်မြောင်းပုံစံ (ဝင်ကမ္ဘာပုံပေါ့ )အကန့် တွေလုပ်ပြီး ရေစီးမြောင်း ဖေါ်ထားလိုက်မယ်။ ဓါတ်အားထုတ်တဲ့ စက်ထဲဝင်မဲ့ ရေတွေကို မြောင်းအရှည်ကြီး (ဝင်ကမ္ဘာပုံစံ)လုပ်ပြီး မြောင်းထဲဖြတ်စီးခိုင်းရင်၊ ရေစီးဆင်းနေတဲ့ မြောင်းတခုရလာမယ်။ အဲဒီရေဆင်းမြောင်းမှာ တာဘိုင်တွေ ဆင့်ကဲဆင့်ကဲ ထိုင်ထားလိုက်ရင် အဲဒီရေစီးအားကနေကို လျှပ်စစ်တွေ (အပိုဆုသဘော )ထွက်နေပါဦးမယ်။ ရေကာတာရဲ့  ရေထွက်ပေါက်အောက်မှာလဲ တာဘို်င်တွေ ထိုင်ထားရင် လျှပ်စစ်တွေ ထပ်ရနေပါဦးမယ်။

ဒါတင်မကသေးပါဘူး။ အခုဂျိုးဖြူရေပိုက်ကြီးထဲက တစ်နေရာတိုင်းမှာ ပိုက်ကိုတာဘိုင်အထဲ ဖြတ်စေမယ်ဆိုရင် ဂျိုးဖြူပိုက်ရဲ့ ရေစီးအားကနေ လျှပ်စစ်ထွက်နေပါမယ်။

ငမိုးရပ်ချောင်းဆိုရင် ဒီရေအတက်အကျက ကြမ်းတော့သုဝဏ္ဏနား ကနေအထက်ကို ပေ ၅ဝဝ အကွာအဝေးတိုင်းမှာ ရေတားဆည်တွေ ဆောက်ပြီး စီးဆင်းနေတဲ့ ရေအားလုံးကိုသာ ဖမ်းယူ လျှပ်စစ်ထုတ်မယ်ဆိုရင် ကျနော့်ခန့် မှန်းပေါ့ တစ်နေရာမှာကိုကီလိုဝပ်အား၁ဝဝဝ ကနေ၂ဝဝဝ (ဝပ်အား ၁ဝဝဝ = တစ်-မီဂါဝပ်) တွေ အများကြီးရပါမယ်။ ၅ဝဝဝ လောက်လဲရနိုင်ပါမည်။ အားဘယ်လောက်အထိ ရနိုင်မယ်ဆိုတာကို လုပ်ကြည့်မှ သိလာပါမယ်။ ဒါလျော့ပေါ့တွက်ဆထားတာပါ။

(မေး) ဆရာအဲဒီ့ ရေစီးကိုကြည့်ပြီး အားပမာဏကို ဘယ်လိုခန့် မှန်းတယ် ဆိုတာကိုပြောပြလို့ ရမလား ။ ကျနော်တို့ လဲ ခန့်မှန်း တတ်ချင်ပါတယ်။

(ဖြေ) ခန့် မှန်းတာကအကြမ်းဖျင်းပေါ့ ၊ ငမိုးရိပ်ချောင်းရဲ့ အကျယ်ပမာဏကိုအရင်ခန့် မှန်းရပါတယ်။ ပေ ၁ဝဝဝ -လောက် မကကျယ်တယ်။ ပေ၂ဝ - လောက်နက်မယ် ဆိုရင် ထုထည်(ခန့် မှန်းပေါ့)။ အဲဒါကိုရေပြင်ရဲ့အလျား၁-ပေလောက်ကိုထုထည်တွက်ရင် ရေထုထည် ကုဗပေ-၂- သောင်းရှိတယ်။ (၁ဝဝဝ x ၂ဝ x ၁ ) ကုဗပေပေါ့။ အဲဒါ တစ်စက္ကန့် မှာဖြတ်သွားနေတဲ့ ရေထုထည်နော်။ (ခန့်မှန်း)။ 

အဲဒီရေထုထည် ( ကုဗပေ-၂ဝဝဝဝ ) ကိုတွန်းရွှေ့ ဖို့  မြင်းကောင်ရေအားဘယ်လောက်လိုမလဲ ။ တနည်းအဲဒီရေထုနဲ့ညီမျှတဲ့ရေတွေထဲ့ထားတဲ့ စီဘီတွဲကြီးကိုရွှေ့ အောင် မြင်းဘယ်နှစ်ကောင်ရှိတဲ့ စက်နဲ့ ဆွဲရပါ့မလဲ။ အဆင်ပြေသလိုခန့် မှန်းကြည့်တာပါ။

ရေပြင်ရဲ့ ထုကို ၁ဝ -ပေလောက် အလျားထားတွက်ကြည့်ရင် ရေထုထည်-၂-သိန်းရှိပါမယ်။ ၂-သိန်းကုဗပေရှိတဲ့ ရေထုဆို စဉ်းစားကြည့်ပေါ့။ ဒါအထက်က ပြောသလို ဆူနာမိသဘော ဆင့်ကဲဆင့်ကဲ ရေထုရဲ့ ဖိအားမပါသေးဘူး။

ငါ့တူတို့ လဲစဉ်းစားတဲ့ အလေ့အကျင့်လေး လုပ်ကြပါ။ သြစတေးလျမှာ SBS ဆိုတဲ့ ရုပ်သံလှိုင်းမှာ မကြာခန နည်းပညာတွေကို ထုတ်လွှင့်တဲ့ ကဏ္ဍလေး လွှင့်တတ်တယ်။ အဲဒီလိုကဏ္ဍတွေကို မြန်မာပြည်မှာ ဖက်စပ် ထုတ်လွှင့်ပေးရင် လူငယ်တွေ တီထွင်ကြံဆအားတွေ စဉ်းစားတတ်တဲ့ အလေ့အကျင့်တွေ အများကြီး ကောင်းလာပါမယ်။ အဲဒီကဏ္ဍကို လူငယ်တွေ အထူးကြိုက်နှစ်သက် ကြကမယ်လို့ ယုံကြည်ပါတယ်။

(မေး) ဆရာပြောတဲ့ လူလတ်တန်းစား မိသားစုတွေ ဒေါ်လာသန်းကြွယ် သူဌေး ဖြစ်လာစေရမယ် ဆ်ိုတာကှို ရှင်းပြပေးနိုင်မလား။ ရည်မှန်းချက်က ဘယ်လိုပါလဲ။ (ရန်ကုန်က လူကြီးတစ်ဦး)

(ဖြေ) ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင် ဦးနေဝင်း အုပ်ချုပ်လိုက်တာ အရှေ့ တောင်အာရှရဲ့  စံပြုရတဲ့ နိုင်ငံအဆင့်ကနေ ၂၅-နှစ်မှာ ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်း (L.D.C Least Developed Countries) ထဲကို ရောက်သွားပါတယ်။ ဦးနေဝင်း အာဏာသိမ်းအပြီး ငွေရတုနှစ်မှာ ဒေဝါလီ ကြေငြာတာ ခံလိုက်ရပါတယ်။ န.အ.ဖ လက်ထက်မှာတော့ လူထုလက်ထဲက ပိုင်ဆိုင်တဲ့ ဓနတွေကို ကားပါမစ် ဖုန်းပါမစ် အလုပ်ပါမစ် မလုပ်သင့်တာတွေနဲ့  ညစ်ပတ်ယူထဲ့လိုက်တော့ လူလတ်တန်းစား ပျောက်သွားပါတယ်။

နိုင်ငံတခု စီးပွားတိုးတက်ဖို့က လူလတ်တန်းစား အများကြီးရှိဖို့ လိုပါတယ်။ အဲဒီလို လူလတ်တန်းစားတွေကို ဒေါ်လာသန်းဂဏန်း ချမ်းသာသူတွေ များများဖြစ်လာအောင် လုပ်ပေးနိုင်ဖို့  ရည်ရွယ်တာပါ။

တကယ်က LDCထဲကနေ ထွက်ဖို့ ရည်မှန်းချက်က အစိုးရရဲ့တာဝန်ပါ။ ကျနော့် တာဝန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်နိုင်ငံရေး အင်အားစု ဘယ်အစိုးရ တာဝန်ရှိသူတွေကမှ ထုတ်ဖေါ် မပြောလာလို့ ကျနော်က ပြောလာရတာပါ။ နောက်တခုက ကျနော်တတ်နိုင်တဲ့ အပိုင်းလေးကနေ နဲနဲလေးဖြစ်ဖြစ် စလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားလို့ပါ။

အဆိုလေးရှိပါတယ်။ Think globally, Act locally. ကမ္ဘာနဲ့ချီပြီး စဉ်းစားဒေသမှာ စတင်လိုက်ပါ။ နောက်တခုပေါ့။ သမ္မတ အိုဘားမားစကားကို ယူသုံးရလျှင် YES WE CAN လို့ စိတ်အားတင်း လုပ်ပါမယ်။ အဓိကက တကိုယ်ကောင်းစိတ် မမွေးရင် အဲဒီစီးပွားစုက အင်အားကြီးလာပါမယ်။ အရင်းခံကတော့ စိတ်ဓါတ်ပါဘဲ။ တိုင်းပြည်အတွက် တကယ်အလေးအနက် ထားသူမှန်လျှင် ဗိုလ်ချုပ်လို မာန်မာနကင်းတဲ့ စိတ်က အလိုလို ဖြစ်လာပါတယ်။ ဗိုလ်ချုပ်လိုမဟုတ်ဘဲ မာန်တက်နေပြီဆိုရင်တော့ အဲဒီလူဟာ ဦးနေဝင်းစိတ် တစတပေါ်လာနေသူပါ။ ဘယ်အာဏာရှင်မှ ကျနော်အာဏာကို အကြွင်းမဲ့ ဆုပ်ကိုင်မယ် မပြောပါဘူး။

အခုနိုင်ငံရေးလောကမှာ အမတ်လေးဖြစ်ပြီဆိုတာနဲ့ နိုင်ငံတကာက ဖိတ်ကြားလို့ သွားနေရသူတွေ အတိုက်အခံအချို့ ပင်လျှင် မာန်တက်ပြချင်သူတွေ တွေ့ လာနေရပြီ။

(မေး) ဆရာရေးဖူးတာမှာ အခုစွမ်းအင်ဟာ စွမ်းအင်ကဏ္ဍမှာတော်လှန်ရေးအပြောင်းအလဲလို့ ပြောလာတာဘာကြောင့်ပြောနိုင်တာပါလဲ ။

ကမ္ဘာမှာ အမေရိကန်၊ ဂျပန် ဥရောပနိုင်ငံတိုင်းဟာ ယနေ့ ရေနံနဲ့ ကျောက်မီးသွေးတွေ မတရားသုံးစွဲနေရတော့ ရေနံဈေးတွေ တက်ပီးရင်း တက်လာတာရယ် တချိန်မှာ ၎င်းရေနံတွေ ကုန်ခမ်းသွားမှာ ကမ္ဘာကြီးပူနွေးလာမှု တို့ ကိုရပ်တန့် ရန် အစိုးရတွေက ငွေအမြောက်အများ ထုတ်ပေးပြီး သဘာဝစွမ်းအင် အတွက်များစွာ အကုန်ခံ ဆောင်ရွက်နေပါတယ်။ အမေရိကန်နိုင်ငံမှာ တနှစ်ကိုဒေါ်လာ သန်း-၆ဝဝ ကျော်အထိ ထောက်ပံ့ပါတယ်။ တက္ကသိုလ်ကြီးတွေက ကိုယ်ပိုင်ငွေနဲ့  အကုန်ခံ နေတာတွေကလဲ အများကြီး။

ဂျပန်တက္ကသိုလ်ကြီးတွေမှာ အင်္ဂလန်ဝန်းကျင်က ဒီရေရေလှိုင်းတွေကနေ လျှပ်စစ်ထုတ်နိုင်လျှင် လျှပ်စစ် တီတာဝပ် (Tita watts ) ၆ဝ-ကျော်ရနိုင်မယ်လို့  တွက်ဆထားပါတယ်။

(one Tita watt = 1000 Giga watts) (one Giga watt = 1000 Mega watts)

(one Tita watt = 1,000,000 Mega watts) / One Tita = One Million Mega watts. 

မြစ်ဆုံရေကာတာ ၁၆၆ လုံးလောက်အားနဲ့ ညီမျှပါမယ်။ အင်္ဂလန် ဝန်းကျင်တခုလုံးဆို မြစ်ဆုံဆည်မျိုး အလုံး ၁ဝဝဝဝ လောက်ကထွက်တဲ့ စွမ်းအင်ရှိနေပါတယ်။ တော်လှန်းရေးလို့ ပြောလိုက်ရတာကတော့ စွမ်းအင်ရယူမှု စံနစ်ကြီး ပြောင်းပြစ်တာ ဖြစ်လာမှာမို့ ပြောရတာပါ။ တကမ္ဘာလုံး လိုက်လုပ်နိုင်ပါပြီ။ ကျနော်အစက မြန်မာပြည်နင့် တချို့ နိုင်ငံတွေလောက်သာ ရနိုင်မယ်လို့ တွက်ဆထားမိပါတယ်။ အခုတကယ် လက်တွေ့ တွေ့ရှိချက်တွေအရ နိုင်ငံတိုင်းနီးနီးလုပ်နိုင် ထုတ်နိုင်ပါမယ်။ မြစ်ရှိမယ် ချောင်းရှိရင် လျှပ်စစ်ထုတ်နိုင်ပါတော့မည်။

လျှပ်စစ်ဈေးချိုလျှင် လျှပ်စစ်ကားတွေ သုံးစွဲလာပြီး ရေနံ အသုံးနည်းသွားမှာပါ...။ အာရပ်ကမ္ဘာ အိုပက်ကြီး အ်ိုင်ပက်ဘဝ ရောက်ရပါတော့မည်။ ဒီလိုအမြင်ကို တက္ကစီ ကားဆရာတစ်ဦးက မေးမြန်း ဆွေးနွေးလာခဲ့ပါတယ်။ သူက အိုအိုင်စီအဖွဲ့က ဘာသာရေး လူဝင်မှုအရေးမှာ သိသိကြီးနဲ့  ငွေများ တရားနိုင်လုပ်နေတာကို အတော် မကျေမချမ်းဖြစ်နေသူ။ ကျနော်ကရှင်းပြတော့ ဝမ်းသာလွန်းလို့တဲ့။

ကျနော်ကပြောလိုက်ပါသည် မပူနဲ့ မပူနဲ့ မကြာခင်ခင်ဗျားရဲ့ အိုအိုင်စီ ထိုင်ငိုပီလို့။

တဆက်တည်းက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုတွေ ကျသွားမယ်။ ရပ်တန့် သွားမယ်ဆိုလျှင် ကမ္ဘာကြီး ပူနွေးမှုကြောင့် ရာသီဥတုဖေါက်ပြန်တာတွေ လျော့နည်းလာပြီး မိုးလေဝသ မှန်လာပါတော့မယ်။ ပင်လယ်ရေမျက်နာပြင် မြင့်တက်လာလို့  ပျောက်ကွယ်လုနီးနီး ကျွန်းလေးတွေကို ကယ်ဆယ်နိုင်တော့မှာပါ။ ပစိဖိတ်သမုဒ္ဒရာထဲက KIRIBATI ကျွန်းလေးဟာ ဆယ်နစ်အတွင်း ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။

ကျနော်ကတော့ ဒီတွေ့ ရှိချက်ကြောင့် မာနမထောင်လွှားပါဘူး။ ပီတီနဲ့ တော့ ကျေနပ်နေမိပါတယ်။ လူသားတွေကို အများကြီး အကျိုးပြုနိုင်တာကို ကျေနပ်နေပါတယ်။

ဆက်လက်ရေးသား ဖော်ပြပါဦးမယ်။
အားလုံးကိုလေးစားလျှက်
လှိုင်မြင့်

ပင်လည်ဘူးမြို့နယ် မံတန်ကျေးရွာတွင် မူးယစ်ဆေးဝါး (၁၆)သိန်းကျော်ဖိုး ဖမ်းဆီးရမိ


0

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မံတန်ကျေးရွာတွင်မူးယစ်ဆေးဝါး များဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။


ဇူလိုင် ၁၆ ရက် ၁၂ နာရီခန့် တွင် ရဲတပ်ဖွဲ့က သတင်းအရ မံတန်ရွာနေ ဦးကျန်ပေါ်၏ နေ အိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်ပေါ်တွင် အိမ်ရှင် ကျန် ပေါ်၊ စန်းနွယ်၊ စန်းငယ်တို့ (၃) ဦးအား အသင့်တွေ့ရှိပြီး စန်းငယ် ၏အိပ်ခန်းအတွင်းရှိ သစ်သား သေတ္တာအတွင်းမှ အနက်ရောင် ကြွတ်ကြွတ်အိတ် ဖြင့် ထုတ်လျက် မူးယစ်ဆေးဝါးများနှင့် စန်းနွယ် အိပ်ခန်းအတွင်းရှိ သေတ္တာအ တွင်းမှ မူးယစ်ဆေးဝါး ရောင်းရငွေ များ စစ်ဆေးတွေ့ရှိ့ရသည်ဆို၏။

ဖမ်းဆီးရမိသောသက်သေခံ ပစ္စည်းများမှာ ပင်နယ်ဆလင် ပုလင်းဖြင့်ထည့်လျက် ဘိန်းဖြူဟု ယူဆရသော ဖြူမှုန့်အလေးချိန် (၀.၂၅)ဂရမ်စီးပါ ပုလင်း (၁၂) လုံး၊ အစိမ်းရောင်အဖုံး၊ အပြာ ရောင်အောင်ခံ ဆပ်ပြာခွက် အ တွင်း ပလတ်စတစ်ဖြင့် ထုတ် လျက် ဘိန်းဖြူဟုယူဆရသော အဖြူမှုန့် အလေးချိန် ၁၃ ဂရမ်ပါ (၁)ခွက်၊ ငွေစက္ကူရောရာ (၄၅၀၀၀ိ/)အပြာရောင်ပိုက်ဆံ အိတ် (၁)လုံး၊ အနက်ရောင် ကြွတ်ကြွတ် အိတ် (၁)လုံး၊ လက် ကိုင်ကွင်းပါ အနက်ရောက်ကြွတ် ကြွတ်အိတ် (၁) လုံးတို့ဖြစ်ပြီး ကာလတန်ဖိုး (၁၆) သိန်း ကျော် ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ် ကိုင်ဆောင်သူ မစန်းနွယ်(ခ) မနွယ် ၃၂နှစ် (ဘ) ဦးကျန်ပေါ်၊ တောင်သူ၊ မံတန်ကျေးရွာ၊ ပင် လည်ဘူးမြို့နယ်၊ မစန်းငယ်၊ ၃၀ နှစ် (ဘ) ဦးကျန်ပေါ်၊ တောင်သူ၊ မံတန်ကျေးရွာ၊ ပင်လည်ဘူးမြို့ နယ်နှင့် ကျန်ပေါ် (၆၆)နှစ် (ဘ) ဦးဝမောင်၊တောင်သူ၊ မံတန်ကျေး ရွာ၊ ပင်လည်ဘူး မြို့နယ်နေသူတို့ အား မယ(ပ)၃၃/၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ ဖမ်းဆီးအရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများ၏ အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းခြင်း

>>> အားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့သည် နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသား/သူများဖြစ်ကြပါတယ်။ ကျနော်တို့ပြောကြားသမျှ ယခု အကြောင်းအကြားများသည် အမှန်တရားများသာဖြစ်ကြပါတယ်။ ကျနော်တို့သည် အမှန်တရားကို ချစ်မြတ်နိုးသလို အမှန်တရားကိုချပြစေလိုသည့် အတွက် ယခုလို သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ပြောဆိုရှင်းလင်းခြင်းဖြစ်ပါတယ်။

>>> ပထမဦးစွာ ကျနော်တို့ ကျောင်းတွင်းလှုပ်ရှားမှု ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာများအကြောင်းကို ပြောကြားလိုပါတယ်။ ကျနော်တို့ တက္ကသိုလ်သည် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းသားစွမ်းရည် မြင့်တင်ရေးလုပ်ငန်းများကို ကျောင်းသားနှင့်ဆရာ အထူးပူးပေါင်းလုပ်ဆောင်လျက်ရှိတဲ့ တက္ကသိုလ်တစ်ခုပါ။ ယခုနှစ် ကျောင်းတွင်းလှုပ်ရှားမှုများအနေဖြင့် စာပေဟောပြောပွဲ၊ အနုပညာပဒေသာကပွဲ၊ အားကစားပွဲများတွင်လဲ ဘောလုံးပွဲသာမက ကြက်တောင်ရိုက်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ခြင်းလုံးပွဲများကျင်းပပေးခဲ့ပါတယ်။ ထို့အပြင် တရားပွဲ၊ ဇူလိုင်လ ၈ရက်နေ့ ကျနော်တို့ ကျောင်းမှာ ဓမ္မဒူတ အရှင်ဆေကိန္ဒတရားပွဲများ ကျင်းပပေးခဲ့ပါတယ်။ ကျောင်းစည်းကမ်းပိုင်းနှင့် ပတ်သတ်၍လဲ ထိန်းထိန်းသိမ်းသိမ်း စည်းနှင့်ကမ်းနှင့် ပြုမူသော တက္ကသိုလ်ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျောင်းသားနှင့် ဆရာပူးပေါင်း လုပ်ဆောင်နေသည့်ကြားထဲက ကျနော်တို့ ကျောင်းသားစုံတွဲတစ်တွဲ၏ မသင့်တော်သော အပြုအမူ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပါတယ်။ ကျနော်တို့ပွဲသည် အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းပွဲဖြစ်သည့်အတွက် ကျနော်တို့ အမှန်အတိုင်းသာ ရှင်းလင်းပြောကြားပေးပါမယ်။

ဇွန်လ ၂၆ရက်နေ့ ၂၀၁၃ခုနှစ် ဗုဒ္ဓဟူးနေ့ နေ့လည်၁နာရီအချိန်တွင် ကျနော်တို့တက္ကသိုလ်မှ ၇၅%မပြည့်မီသော ကျောင်းသား/သူများ၏ မိဘများကို ပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဌာနမှူးများ၊ ဌာနအလိုက် မိသားစုဆရာမများခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲ၌ ကျောင်းသားများကျောင်းတက်မှန်ကန်ရေး၊ ကျောင်းစည်းကမ်းပိုင်းဆိုင်ရာများ၊ ကျောင်း၏ Academic Plan၊ စာမေးပွဲစစ်မည့်ပုံစံ စသည်တို့ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ၎င်းနေ့ ၎င်းအချိန်မှာပင် သုံးထပ်ဆောင် Basement ဒေါင့်ခန်း၊ ချောင်အကျဆုံးဖြစ်သော စာသင်ခန်း 3B/6၌ အဆိုပါစုံတွဲသည် ထိုအရေးကို အခွင့်အရေးတစ်ခုသဖွယ် အသုံးချ၍ မဖွယ်မရာပြုမူဆောင်ရွက်နေသည်ကို ကျောင်းသားတစ်စုမှ တွေ့ရာမှ ဖုန်းဖြင့် Videoရိုက်၍ လူငယ်သဘာဝ နောက်ပြောင်လိုသော သဘောဖြင့် နောက်ဆက်တွဲအကျိုးဆက်များကို မစဉ်းစားဘဲ အချင်းချင်းဖြန့်ဝေရာမှ အခြားကျောင်းမှ ကျောင်းသားများထံရောက်သွားခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့သောကြောင့် အဆိုပါ သတင်းမှာ ပျံ့နှံ့သွားခြင်းဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်နှင့် ပတ်သတ်၍ ကျောင်းမှ သိလျင်သိခြင်း သက်ဆိုင်ရာမိဘများအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အသိပေးပြောကြားခဲ့ပါတယ်။ အဆိုပါအသိပေးပုံမှာလဲ မီဒီယာတစ်ခုမှ ဖော်ပြသလို အသိပေးခြင်းမှာလဲ လုံးဝ လုံးဝ မဟုတ်ပါ။ သက်ဆိုင်ရာမိဘများက ၎င်းတို့၏ သဘောဆန္ဒအရ သားသမီးများအား နှုတ်ထွက်စာတင်၍ ကျောင်းမှနှုတ်ထွက်သွားခဲ့ပါတယ်။

နောက်နောင်တွင် အလားတူကိစ္စများ မဖြစ်စေရန် မော်ကွန်းထိန်း၊ စီမံဌာနမှူး၊ အတန်းစစ်များ၊ သန့်ရှင်းရေး၊ ၀န်ထမ်းများ၊ ကျောင်းသားများက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ယခင်ကထက်ပို၍ အလေးပေးဆောင်ရွက်ရန် ပြင်ဆင်ခဲ့ကြပါတယ်။ ကျောင်းဆင်းသည်နှင့်တစ်ပြိုင်နက် အဆောင်လိုက် လုံခြုံရေးဝန်ထမ်းများက စာသင်ခန်းများအား လိုက်စစ်၍ သော့ခတ်ရန် အလေးအနက်ထားခဲ့ကြပါတယ်။ အဆိုပါကိစ္စဖြစ်ပွားခဲ့ပြီးနောက် မိမိတို့ ကျောင်းသားများထဲမှ တစ်ချို့က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပွင့်လင်းစွာဖြေရှင်းရန် ပြောကြားခဲ့သော်လည်း သက်ဆိုင်သူ ပုဂ္ဂိုလ်များ နစ်နာစေမည်ဆိုးသောကြောင့် ဖြေရှင်းခြင်း မပြုလုပ်ခဲ့ပါ။

အဆိုပါဗီဒီယိုဖိုင်များသည် ဆင်ခြင်ထုံတရားမရှိသည့် ကိုယ်ချင်းစာစိတ်မရှိသည့် လူများ၏ အွန်လိုင်းပေါ် ဖြန့်ဝေမှုများကြောင့် အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့သွားခဲ့ပြီး ကျနော်တို့ ကျောင်းသူ၊ ကျောင်းသားများအပေါ် မိဘပြည်သူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာခဲ့တယ်။ ဒါဟာဖြစ်လဲ ဖြစ်သင့်ပါတယ် ကျနော်တို့ဘက်ကလဲ လက်ခံပါတယ်။ အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ဂုဏ်သိက္ခာရှိသည့် မီဒီယာများက အပြုသဘောဆောင်သည့် ဆောင်းပါးများ ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ကျနော်တို့ဘက်ကလဲ အပြုသဘောဆောင်သည်များကို ကြိုဆိုပါသည် လက်ခံပါသည် ဒီလိုကိစ္စမျိုး မြန်မာနိုင်ငံရှိ မည့်သည့်ကျောင်းများတွင်မဆို ထပ်မံ မဖြစ်ပွားစေရန် အားလုံးပူးပေါင်း၍ ပညာပေးအစီအစဉ်များပြုလုပ်ပေးသင့်ပါတယ်။

အချို့ပုဂ္ဂိုလ်များနှင့် အွန်လိုင်းများတွင် အဆိုပါကိစ္စကို ချဲ့ကား၍ ကောလဟာလများ ပုံကြီးချဲ့သတင်းများ မမှန်မကန်သတင်းများ ဖော်ပြ အပုတ်ချလာခဲ့ကြပါတယ်။ အဆိုပါချဲ့ကားမှုများကြောင့် ကျနော်တို့ ကျောင်း၏ ဂုဏ်သိက္ခာ၊ ကျောင်းသား၊ကျောင်းသူများ၏ ဂုဏ်သိက္ခာများစွာ ကျဆင်းခဲ့ရပါတယ်။ မောင်နှမသားချင်း၊ သားသမီးချင်း၊ မညှာမတာပြောဆိုမှုများကြောင့် လက်ရှိကျောင်းတက် ပညာသင်ကြားဆဲ ကျောင်းသူများအပေါ် ပတ်ဝန်းကျင်မှ မတရား စနောက် ရန်စမှုများ အဆမတန်မြင့်တက်လာခဲ့ပါတယ်။ ကျနော်တို့ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဖြစ်ကြပါတယ်။ ရေနစ်သူကို ဆင်းမဆယ် မကယ်ပဲ ၀ါးကူထိုးနေကြတာဟာ ဖြစ်သင့်ပါသလား။ ကျနော်တို့တွေဟာ မျိုးစစ်စိတ် အပြည့်ရှိသူများဖြစ်ကြပါတယ်။ ကျနော်တို့၏ မိသားစု၊ ညီအစ်ကိုမောင်နှမများကို စောင့်ရှောက်ရန်အတွက် ကျနော်တို့မှာ တာဝန်အပြည့်ရှိပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ရမည့်အဖြစ် ကျနော်တို့ရဲ့ညီမတွေအပေါ် မကြုံစေလိုပါဘူး။

ကျနော်တို့ဟာ အင်ဂျင်နီယာကျောင်းသားများဖြစ်ကြပါတယ်။ အနာဂတ်မြန်မာနိုင်ငံကို စက်မှုနိုင်ငံအဖြစ်ပြောင်းလဲတည်ဆောက်ဖို့ ကျနော်တို့ အင်ဂျင်နီယာကျောင်းသားများက အရေးပါဆုံးအခန်းကဏ္ဍမှ ပါဝင်နေကြပါတယ်။ ဒီလိုလူငယ်တွေကို မိဘပြည်သူများ မီဒီယာများက ဖေးမ မကူညီပဲ လျစ်လျူရှု ၀ါးကူထိုးနေလျင် ကျနော်တို့ မြန်မာနိုင်ငံ၏ အနာဂတ်သည် မတွေးဝံ့စရာပါပဲ။

ကျနော်တို့သည် အမှန်တရားကို မြတ်နိုးသောသူများဖြစ်ကြပါတယ်။ အကိုတို့၊ အမတို့ မီဒီယာများသည်လဲ အမှန်တရားကို သိချင်သောကြောင့် ယခု နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများ၏ အမှန်တရားပေါ်ပေါက်ရန် ရှင်းလင်းပွဲကို တက်ရောက်သည်ဟု ကျနော်တို့ဘက်မှ ယုံကြည်ပါသည်။

--------------------------------------------------------------------------------------

>>> အခုပြောမယ့်စကားတွေက တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုခု ကိုတိုက်ခိုက်ပြီး ပြောလိုခြင်းမဟုတ် ၊ ကျောင်းသားတွေရဲ့အမှန်တရားကိုပေါ်ပေါက်ဖို့ ပြန်လည်ဖြေကြားခြင်းဖြစ်ပါတယ်။ တာဝန်ယူပြောမယ့်အပိုင်းက မြန်မာသံတော်ဆင့် အတွဲ (၂) ၊ အမှတ် (၁၉) မှာပါတဲ့ ကိုဦးဆွေရဲ့ အရေးပေါ်အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး ဖြေရှင်းမည်ဖြစ်။

စရှင်းချင်တဲ့အချက်က ခိုးရိုက်တဲ့အဖွဲ့မှာဆရာတစ်ဦးပါတယ်ဆိုတဲ့အချက်ဖြစ်ပါတယ် အရိုးသားဆုံးပြောရမယ်ဆိုရင် ဒီဗီဒီယိုဖိုင်ကို ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ကြိမ်နားထောင်ပြီးကြောင်း ၊ ဒီအချက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်စုံစမ်းသိရှိထားချက်များအရ ခိုးရိုက်တဲ့အထဲမှာ ဆရာတစ်ယောက်မှ မပါပါဘူးလို့ အတည်ပြုပါတယ်။

နောက်တစ်ချက်က “ကောင်မလေးအဖေ ကိုယ့်ကိုကိုယ်သတ်သေသွားပြီတဲ့”ဆိုတဲ့အချက် ၊ ဒီမှာရှိတဲ့ မီဒီယာသမားများက ကျွန်တော်တို့ထက်ပိုသိမှာပါ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတဲ့ကိစ္စဟာ ရိုးရိုးမဟုတ်ပါဘူး ရဲအရေးပိုင်တဲ့ကိစ္စပါ ၊ မှုခင်းကိစ္စပါ၊ ဒီကိစ္စကိုအတည်ပြုချင်တယ်ဆိုရင် အစ်ကိုတို့ အနေနဲ့ ကျွန်တော်တို့ထက်ပိုပြီး ထိထိရောက်ရောက်အတည်ပြုနိုင်မှာပါ။

နောက်တစ်ချက် “အရပ်ထဲထိပြန့်နေတာတွေ၊ မှန်လားမှားလားမသိပေမဲ့ ဖြစ်နိုင်ချေတော့ရှိနေတာပဲ “ ဆိုတဲ့အချက် ၊ သူ့ရဲ့မူရင်းစေတနာကိုတော့ လေးစားလို့ရကောင်းရနိုင်ပါတယ် ၊ ဒါပေမဲ့စကားလုံး အနေအထားတွေကို လက်ခံလို့မရနိုင်ပါ သူကိုယ်တိုင်ပြောထားတဲ့ အရပ်ထဲမှာပြန့်နေတဲ့ ပါးစပ်သတင်း ဆိုတာက ရပ်ကွက်ထဲမှာလက်ဖက်ရည်ဆိုင်ထိုင်ပြီးလေးငါးယောက်ပြောရင် လေးငါးယောက်ပဲသိပါမယ်၊ ဒီဂျာနယ်က စောင်ရေတစ်သောင်းထုတ်တယ်ဆိုပါစို့ ၊ ဒါကိုလူလေးသောင်းက ဖတ်တယ်ဆိုပါစို့ ၊ ဒီလူလေးသောင်းရဲ့ ပါးစပ်တွေကို ဘယ်လိုထိန်းသိမ်း နိုင်မှာလဲ ၊ သူကပါးစပ်သတင်းလို့ပြောပေမဲ့ ပါးစပ်သတင်းလို့မထင်ပဲနဲ့ အမှန်လို့ထင်သွားတဲ့သူတွေရှိမယ် ၊ ဒီကိစ္စစပြန့်တုန်းက ကျောင်းသားလူငယ်အသိုင်းဝိုင်း ၊ နောက်တော့အွန်လိုင်းမီဒီယာအသိုင်းအ၀ိုင်း ၊ အဲဒီအချိန်အထိ ကျွန်တော်တို့အမေတွေမသိသေးပါဘူး၊ printed media မှာကျောင်းနာမည်နဲ့ပါလာတဲ့အတွက် ကျောင်းနာမည်အများကြီးထိခိုက်ပါတယ် ၊ ပြီးတော့လူကြီးအသိုင်းအ၀ိုင်းမှာ စပြီးပျံ့နှံ့သွားတယ် ၊ နယ်ထိပျံ့ နှံ့သွားတယ်။

နောက်တစ်ချက်က “သန်လျင်တည်းခိုခန်းတွေမှာ GTC ၀တ်စုံတွေနဲ့ အခန်းတိုင်းပြည့်ဆိုတဲ့ ပါးစပ်သတင်းကသန်လျင်တစ်မြို့လုံးအသိပဲ ဆရာတို့ရေ”တဲ့ “ဂျာနယ်တွေကဘယ်လောက်ရေးရေး တာဝန်ရှိသူလူကြီးမင်းများက ဂရုမစိုက်ကြပါဘူး ဆရာတို့ရေ’ တဲ့ ၊ ဒီအချက်ကို သန်လျင်ကျောင်းမှာ လက်ရှိတက်နေတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ရော ၊ ဒီမြို့နဲ့ အဆက်အသွယ်ရှိတဲ့ လူတစ်ယောက်အနေနဲ့ပါ လုံးဝပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် ၊ သန်လျင်တည်းခိုခန်းတွေမှာ ကျောင်းဝတ်စုံတွေနဲ့အားလုံးအပြည့်ဆိုတဲ့ သတင်းဟုတ်မဟုတ်ဆိုတာကို အစ်ကိုအစ်မတို့ကိုယ်တိုင် စုံစမ်းနိုင်ပါတယ် “အပြည့်” ဆိုတဲ့စကားပေါ့ ၊ သန်လျင်တည်းခိုခန်းတွေမှာ GTC ၀တ်စုံတွေနဲ့ အခန်းတိုင်းပြည့်ဆိုတဲ့စကားက တော်တော်လေးကိုထိခိုက်စေပါတယ်။

နောက်တစ်ချက် “ အခုတော့အုပ်ချုပ်ရေးတင်မက ကျန်တဲ့မဏ္ဍိုင်နှစ်ခုရော ၊ စာနယ်ဇင်းတွေရော ၊ မိဘပြည်သူတွေရော၊ ဆရာ့ဝတ်ကိုလျစ်လျူရှုခဲ့ကြတဲ့ဆရာဆရာမတွေရော ၀ိုင်းဝန်းကြရမယ့် အခြေအနေကိုရောက်နေပါပြီ “ တဲ့ ၊ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားက လက်ရှိမှာ အားလုံးကနိုင်ငံတော်အသစ်ဆီကို အတူတူပူးပေါင်းတည်ဆောက်နေတဲ့အချိန်ပါ ၊ ဒီလိုအချိန်မှာအားလုံးက ၀ိုင်းကူညီရမယ့်အချိန်ပါ ၊ ကိုကျော်ဇင်ထက်ပြောသလို ရေနစ်သူကိုဝါးကူထိုး သလိုတော့မဖြစ်စေချင်ပါ ၊ အပြုသဘောနဲ့ဝိုင်းပြောတာကို လက်ခံကြိုဆိုပါတယ် ၊ ပြီးတော့ ကျောင်းမှာရှိတဲ့ ပါချုပ်နဲ့ ဆရာတွေက တာဝန်တွေကိုလစ်ဟင်းနေတာမဟုတ်ပါ ၊ ကျောင်းမှာ ကျောင်းသား ၉၀၀၀ကျော် ရှိပါတယ် ၊ ဒီထဲမှာ ရာနှုန်းပြည့်ကောင်းမယ် မပြောလိုပါ၊ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းဟာ အားလုံးနဲ့ယှဉ်ရင် မှတ်ကျောက်တင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ဘက်က အဖြေစကားပါ။

ကျွန်တော်တို့နားလည်တာက အိတ်ဖွင့်ပေးစာဆိုတာ ရေးတဲ့ပုဂ္ဂိုလ်ကပို့မယ် ၊ သက်ဆိုင်ရာမီဒီယာက စာမျက်နှာပေါ်တင်ပေးတာပေါ့ ၊ ကိုဦးဆွေကိုယ်တိုင်က ပါးစပ်သတင်းလို့ပြောတယ် ၊ အရပ်ထဲမှာ ပြန့်နေတာတွေလို့ပြောပါတယ် ၊ ဒီလိုအချက်တွေပါနေရဲ့သားနဲ့ စာမျက်နှာပေါ်တင်ပေးတဲ့ မြန်မာသံတော်ဆင့် ရဲ့ ရည်ရွယ်ချက်ကိုလည်းသိချင်ပါတယ် ၊ ဒါကတော့ ဒီအပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကျောင်းသား တွေရဲ့ဖြေရှင်းချက်ပါ ။

ဒီတစ်ပတ်ထွက် မြန်မာသံတော်ဆင့်မှာပါတဲ့အကြောင်းအရာက ကျွန်တော်တို့ကျောင်းကို လုံးဝဂုဏ်သိက္ခာကျသွားတဲ့အနေအထားကို ရောက်သွားပါတယ် ၊ ဒါ့ကြောင့် ဒီပွဲကိုစီစဉ်ရခြင်းလည်းဖြစ်တယ်။ ဦးစွာပြောလိုတာက ဂျာနယ်မှာ ဒီသတင်းကိုမျက်နှာဖုံးမှာတင်တယ် ၊ ဒီကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ကိစ္စဟုတ်ပါသလား ??? သမ္မတနဲ့ဆိုင်တဲ့သတင်းတွေက နိုင်ငံအတွက်ပိုအရေးမပါဘူးလား ??? ကျောင်းကအတွဲတစ်တွဲရဲ့မဖွယ်မရာလုပ်ရပ်ကြောင့်ဆိုတာကို ကျွန်တော်တို့ကျောင်းကို ဘာရည်ရွယ်ချက်နဲ့လုပ်တာပါလဲ ၊ ဒါက စဉ်းစားစရာတော့ဖြစ်ပါတယ် ၊ အဓိက က highlight လုပ်ထားပြီး reporter နာမည်လည်းမပါပါဘူး၊ ကျွန်တော်တို့ထင်မြင်ချက်ကတော့ အယ်ဒီတာအဖွဲ့က တည်းဖြတ်ရေးသားချက်ဖြစ်နိုင်ပါတယ်။

အထဲမှာပါတဲ့အချက်တွေကို ရှင်းပြပါမယ် ၊ ဒီထဲမှာ အမှန်တစ်ခုပဲပါတယ် ၊ ကျန်တာ အကုန်တလွဲတွေပါ ၊ ဒါကိုပြောချင်လို့လည်း ဒီပွဲကိုလုပ်တာပါ ၊ ဒီကိစ္စကျောင်းမှာဖြစ်ပွားခဲ့တယ်ဆိုတာ မှန်ပါတယ် လက်ခံပါတယ် ၊ အပြုသဘောဆောင် ထောက်ပြတာကိုလည်း လက်ခံပါတယ် ၊ ဒါပေမဲ့ ဒီထဲမှာထပ်ပါလာတာက “ပရိုဂျက်တာနဲ့ပြသတယ်” တဲ့ ၊ ရှင်းရှင်းပြောရမယ်ဆိုရင်အားလုံးသိပါတယ် ၊ ပါမောက္ခချုပ်ဟာ ပညာရှိပါ ပညာတတ်ပါ နိုင်ငံခြားမှာ Ph.D ရထားတဲ့သူပါ ၊ အမျိုးသမီးတစ်ယောက်ပါ ၊ အားလုံးနားလည်ပါတယ် ၊ ဘယ်သူက ဒီလိုမဖွယ်မရာတစ်ခုကို ကျောင်းသားတွေ မိဘတွေကိုခေါ်ပြီး ဘယ်လိုပြမှာလဲ? စဉ်းစားတတ်ရင် စဉ်းစားနိုင်ပါတယ် ၊ ဒါမမှန်ဘူးဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ် ၊ ကျွန်တော်တို့က ခုကျောင်းမှာ BE ရောက်နေပါပြီ ညီငယ်တွေကိုလည်းဦးဆောင်ရသလို အထက်ပိုင်းနဲ့ ၊ ဆရာ/မ နဲ့လည်း good relationship ရှိပါတယ် ၊ အသေးစိတ်မဟုတ်တောင် ကျောင်းကိစ္စတွေကို အကုန်သိပါတယ် ၊ ဒီလိုကိစ္စမျိုးကျောင်းမှာလုံးဝမကြားမိပါဘူး၊ သူတို့ဘယ်က သတင်းရပြီးရေးလဲတော့ မသိပါ။

နောက်တစ်ချက် ပါမောက္ခချုပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နုတ်ထွက်ခိုင်းတယ် ပြောပါတယ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ကျောင်းဘယ်လိုပတ်သက်သလဲ နည်းနည်းပြောချင်ပါတယ် ၊ နည်းပညာကျောင်းအားလုံးဟာ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ရဲ့ စက်မှုနဲ့သက်မွေးပညာဦးစီးဌာနအောက်မှာရှိပါတယ် ၊ ဖြစ်ခဲ့မယ်ဆိုရင်တောင် ဒါကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်မရှိပါဘူး ၊ ဒါပေမဲ့ နှုတ်ထွက်ခိုင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး ကျွန်တော်ရဲရဲပြောရဲပါတယ် ၊

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပတ်သက်ပြီးထပ်ပြောချင်ပါတယ်၊ ဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အကြိမ်ကြိမ်အခါခါ အတည်ပြုပြီးပါပြီ ၊ အားလုံးအနေနဲ့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူထံ သွားရောက် အတည်ပြုမေးမြန်းနိုင်ပါသည်။ ဒီကိစ္စမဟုတ်ကြောင်းကိုအာမခံပါတယ် ။

မီဒီယာတစ်ခုအနေနဲ့သတင်းတစ်ခုကိုတင်ရင် သေသေချာချာ သိသင့်ပါတယ် ၊ “သပန” ဟာ ပညာရေးဝန်ကြီးဌာနနဲ့မဆိုင်ပါ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာရှက်ဖို့ကောင်းတဲ့ အရေးအသား တစ်ခုအနေနဲ့ ပြောချင်ပါတယ်။

ထပ်ပြောချင်တာ တစ်နေ့က မြန်မာသံတော်ဆင့်ဂျာနယ်က တာဝန်ရှိသူနဲ့ ပါမောက္ခချုပ် တွေ့ဆုံတဲ့ အချိန်မှာ ပြောခဲ့တဲ့စကားတစ်ခွန်းကိုမှတ်မိပါတယ် “ကျွန်မတို့သတင်းတိုက်က သေသေချာချာ confirm ဖြစ်မှတင်တာပါ ကျွန်မတို့သတင်းကို ကျွန်မတို့တာဝန်ယူပါတယ် “ လို့ပြောခဲ့တာကို အားလုံးသိအောင်ပြောပြတာပါ ၊ ဒီကျောင်းသတင်းကိုဖော်ပြတယ်ဆိုရင် ဒီအကြောင်းကို သေသေချာချာသိထားသင့်တာပါ။

နောက်တစ်ချက်က ဂယက်ရိုက်သွားတဲ့ကိစ္စပါ ၊ အွန်လိုင်းမီဒီယာခေတ်မှာ သတင်းပျံ့သွားတဲ့အချိန်မှာ အားလုံးကခံပြင်းပါတယ် ၊ ဒီမဖွယ်မရာကိစ္စစဖြစ်ဖြစ်ချင်းမှာ တစ်ခြားမီဒီယာတွေကလည်း အပြုသဘောဆောင်တဲ့ဖော်ပြချက်မျိုးဖော်ပြခဲ့ပါတယ် ၊ ဒါပေမဲ့ ဒီဂျာနယ်မှာတော့ ဘာရည်ရွယ်ချက်မှန်းတော့မသိပါဘူး အနုတ်သဘောဆောင်တဲ့ အရေးအသားမျိုးကိုပဲဖော်ပြခဲ့ပါတယ် ၊ နားလည်ထားတာက သတင်းသမားတွေဆိုတာ ကိုယ့်ရဲ့လွတ်လပ်စွာရေးသားခွင့်နဲ့အတူ ကျင့်ဝတ်တွေကိုလေးစားလိုက်နာသင့်တယ်ထင်ပါတယ် ၊ ဒီလိုသတင်းမျိုးကိုဘာရည်ရွယ်ချက်နဲ့ ထူးထူးခြားခြား highlight လုပ်ပြီး မျက်နှာဖုံးမှာရော အထဲမှာပါ ဖော်ပြလဲမသိပါ ၊ ဒီသတင်းတင်လိုက်တဲ့အတွက် ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေ ဘာအကျိုးရှိသွားပါလဲ ???

လိုအပ်ချက်တွေကိုအပြုသဘောဆောင်တင်ပြတာကိုလက်ခံပါတယ် ၊ ဒါကြောင့်လည်း ဒီလိုရှင်းလင်းပွဲကိုလုပ်ဖြစ်တာပါ ။

>>> ကျမက လက်ရှိနည်းပညာတက္ကသိုလ်(သန်လျင်)မှာ တက်ရောက်နေတဲ့ကျောင်းသူပါ။ ကျမပြောချင်တာက ဂျာနယ်မှာဖော်ပြတဲ့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဒီစာမျက်နှာပေါ်ကိုရောက်သွားတဲ့အချိန်မှာ ဒီကျောင်းသားအသိုင်းအဝိုင်းကမဟုတ်တဲ့ မိဘပြည်သူတွေ အထင်အမြင်မှားသွားနိုင်ပါတယ်။ ဒီဂျာနယ်ရဲ့ဖော်ပြပုံကိုကြည့်ပါ၊ ကျမကArchကျောင်းသူဖြစ်တဲ့အတွက် အရောင်တွေရဲ့သဘောတရားကို နားလည်ပါတယ်။ ကျမသိတာက ဂျာနယ်တွေမှာ Highlight ဖော်ပြတဲ့နေရာမှာ ကာလာကို အဝါရောင်သုံးပါတယ်။ ဒါပေမယ့်ဒီလို နက်ပြာရောင်မျိုးကို ယူလေ့ယူထမရှိပါဘူး။ ပြီးတော့ ခေါင်းစဉ်ကိုဖတ်ကြည့်ပါ။ ကျောင်းသား/ကျောင်းသူ နှစ်ဦး၏ ညစ်ညမ်းဗီဒီယို GTCကျောင်းတွင်ပြသတဲ့။ အဲ့ဒီအသုံးအနှုန်းလေး ဒီတစ်ပေတောင်မရှိတဲ့လက်မပတ်လည်လေးက ကျမတို့ ကျောင်းသူတွေရဲ့ သိက္ခာဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာ ကျောင်းသူဖြစ်တဲ့ကျမ အသိဆုံးပါ။

အားလုံးမှာ ညီအစ်ကို မောင်နှမတွေလဲ ရှိကြပါတယ်။ ကိုယ့် အစ်မ ညီမတစ်ယောက် အစခံရရင် ဈေးဘယ်လောက်လဲ ဘယ်လောက်တန်လဲ အမေးခံရရင် ဘယ်လိုခံစားရမလဲ။ ကျမမေးခွန်းပြန်ထုတ်ချင်ပါတယ်။ ဒီကိစ္စဖြစ်ပွားသွားခဲ့တာကို ကျမလက်ခံပါတယ်။ မငြင်းပါဘူး။ ဒီကျောင်းသားတွေ ထောင်နဲ့ သောင်းနဲ့ချီတဲ့ထဲမှာ မဖြစ်စေလောက်ရာခိုင်နှုန်းထဲက ဖြစ်ပွားသွားတဲ့အတွက် ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒီသတင်းထောက်ကနေပြီးတော့ စာမျက်နှာပေါ်တင်လိုက်တဲ့ ကလောင်သွား ဘယ်လောက်ထိ တစ်ဘက်သားအပေါ်ထိခိုက်သွားမလဲဆိုတာ ဒီမှာထိုင်နေတဲ့ စာနယ်ဇင်းသမားတွေ အသိဆုံးပါ။ သူကဘယ်ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကို မွှန်းချင်လဲဆိုတာ ကျမ မသိပါဘူး။ သိရအောင်လဲ ကျမလူကြီးပိုင်းထဲမရောက်သေးပါဘူး၊ ကျောင်းသူတစ်ယောက်ပါ။ ဒီကလောင်သွားရဲ့ ဓားသွားက ကျမတို့ ကျောင်းသူတွေရဲ့ နှလုံးသားကို နာကြင်စေသွားပြီး ကျမတို့ သိက္ခာတွေပါ…………

ကျမတို့ အင်ဂျင်နီယာကျောင်းသူတွေဟာ အိမ်ထဲမှာပဲနေလို့မရပါဘူး။ သွားရပါတယ် လာရပါတယ်။ ယူနီဖောင်းနဲ့လဲ သွားရပါတယ်။ ဒီယူနီဖောင်းကို မြင်တာနဲ့ ဖြစ်ပျက်နေတာတွေ အားလုံး မီဒီယာတွေ အသိပါ။ ကျမပြောချင် ထောက်ပြချင်တာက ဒီမီဒီယာတွေဟာ နိုင်ငံရဲ့အရေးကြီးတဲ့ စတုတ္ထမာန်တိုင်ပါ။ ဒီကသတင်းသမားတွေအနေနဲ့ ငါတို့ ဒီလောက်ထိ အရေးပါတဲ့နေရာမှာ ရှိနေပါလားဆိုတာ ရင်ထဲမှာ အပြည့်အဝနဲ့ ခံယူထားမယ်လို့ ကျမယုံကြည်ထားပါတယ်။

ကျမဒီကျောင်းကိုတက်ခဲ့တာကလဲ ကျမရွေးစရာမရှိလို့ တက်စရာမရှိလို့ တက်ခဲ့ရတာမဟုတ်ပါဘူး။ ကျမအမှတ်နဲ့ ကျမတက်ချင်တဲ့ ကျောင်း၊ ကျမယူချင်တဲ့မေဂျာ အကုန်ယူဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ကျမယူချင်တဲ့ ဘာသာရပ်က ဒီကျောင်းမှာ ရှိမယ်လို့ ကျမယုံကြည်တဲ့အတွက်ကြောင့်မို့ တက်ခဲ့တာပါ။ ဒီလိုမျိုးကျမတက်နေတဲ့ကျောင်းကို အပြုသဘောဆောင်တဲ့ ထောက်ပြမှုတွေကို ကျမတို့လက်ခံပါတယ်။ အနှုတ်သဘောဆောင်တဲ့ ဒီကလောင်သွားကြောင့် ကျမတို့ရဲ့စိတ်ဓာတ်တွေ ရိုက်ချိုးခံရပါတယ်။ အဲတော့စဉ်းစားကြည့်ပါ နောက်တက်လာမယ့် ကျောင်းသား ကျောင်းသူတွေ ဒီကျောင်းမှာပဲ ငါတို့လိုချင်တဲ့ ပညာတဲ့ ဒီမှာပဲရနိုင်မယ်လို့ ယုံကြည်တဲ့သူတွေကို သူတို့မိဘတွေက စိတ်ပူပြီးမလွှတ်တော့ရင် ဒီလိုမျိုးစိတ်မျိုး မိဘတွေစိတ်ထဲ ရောက်သွားအောင် ဖျက်ဆီးခံလိုက်ရရင် ဘာလုပ်ကြမလဲ။ ဒီကလောင်သွားကြောင့် ငါတို့နိုင်ငံရဲ့ အရေးကြီးတဲ့ ဒီလိုကဏ္ဍတွေထိခိုက်သွားမလဲ စဉ်းစားမိရဲ့လား။ စဉ်းစားမိတဲ့လူ ရှိမယ်လို့လဲ ယုံကြည်ပါတယ်။ ဒီလိုစဉ်းစားမိတဲ့လူတွေဟာ ကျမတို့ ခံစားချက်တွေကို နားလည်ပြီးတော့ ထောက်ပြပေးပေးပါ။

နောက်တစ်ခုရှိပါသေးတယ်။ သတင်းသမားတွေဟာ သိတိုင်း၊ မှန်တိုင်း၊ အကျိုးရှိမှ ရေးသင့်မှရေးသည်တဲ့ ဒါသံတော်ဆင့်ဂျာနယ်ထဲမှာပါတဲ့ သူတို့ရဲ့ ဆောင်ပုဒ်ပါ။ အဲတော့ ဒီသတင်းတွေဟာ မှန်တယ်ပဲထားဦး ဖတ်တဲ့လူတွေအတွက် ဘာအကျိုးမှမရှိရင်မရေးရပါဘူး။ သတင်းသမားတွေမှာလဲ သတင်းသမား ကျင့်ဝတ်တွေရှိမှာပါ။ ဒီစတုတ္ထမာန်တိုင် သတင်းသမားတွေရဲ့ ရင်ထဲမှာတကယ်ရှိပါသလား ပြန်ပြီးတော့ မေးခွန်းထုတ်ချင်ပါတယ်။ ဒီလိုမေးခွန်းထုတ်ချင်အောင်ကိုလဲ ဘာမဟုတ်တဲ့ ဒီလက်မဝက်ဝန်းကျင် Highlightလေးက ကျမတို့ရင်ကို လာထိမှန်ခဲ့ပါတယ်။ နောက်GTCလို့ပြောတဲ့အတွက် ကျမတို့ နည်းပညာကျောင်းက တစ်ကျောင်းထဲမဟုတ်ပါဘူး။ အားလုံးကစိတ်ဝင်စားနေတဲ့ Hotဖြစ်နေတဲ့ သတင်းထည့်တာကို နားလည်ပေးနိုင်ပါတယ် အကုန်လုံးက စိတ်ဝင်စားနေကြတယ် ကျောင်းသားတွေထံမှာလဲ လူငယ်စိတ်ဓာတ်၊ လူငယ်ဆိုတာသွေးပူတယ်၊ အဲ့တော့ကျမတို့ ကိုယ်တိုင်ရင်ထဲမှာ ခံစားရတာပေါ့။ ဒီကလောင်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ ကျမမသိဘူးပေါ့။ ဒီရည်ရွယ်ချက် ဘယ်ကိုဦးတည်သွားလဲ မသိပါဘူး။

ကျမတို့ စာမေးပွဲလဲ နီးပါပြီ အရေးကြီးပါတယ်။ ကျမတို့ B.Tech 2nd yr တွေပိုပြီးတော့ အရေးကြီးပါတယ်။ ဒီစာမေးပွဲနီးနေတဲ့အချိန်မှာ ဒီကျောင်းသားတွေ မခံချင်ဖြစ်အောင် စိတ်ဆွပြီးတော့ ဘာကိုဦးတည်ချင်တာလဲ။ ကျမတို့ဟာ အင်ဂျင်နီယာကျောင်းသားတွေ စဉ်းစားတတ်တယ် အတွေးအခေါ်ရှိတယ်။ အသုံးချခံမဖြစ်လိုဘူး။ ဘယ်လိုလှည့်ကွက်တွေ ဖြစ်နေလဲဆိုတာ မသိတော့ ဒီလှည့်ကွက်တွေထဲမှာ အသုံးချခံလိုက်ရမှာ စတေးလိုက်ရမှာတော့ ကျမတို့ မခံမရပ်နိုင်ပါဘူး။ အဲ့တော့ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိပေါ့ လုပ်နေတယ်လို့ ခံစားမိတယ်။ ကျမတို့ အခုလို ကျောင်းသားများ အမှန်တရားဖြေရှင်းခြင်းပွဲလေးကို မလုပ်ခဲ့ဘူးဆိုရင် ဒီကျောင်းသားထုထဲမှာ မကျေနပ်ချက်တွေကတော့ ရှိနေတာပေါ့။ ဒီလိုမျိုးလုံးဝ သတင်းအမှားကြီးက ကျမတို့ကိုထိခိုက်သွားစေတယ်ပေါ့။ ပြီးတော့ ထိခိုက်သွားတယ်ဆိုတာကလဲ သတင်းအမှန်နဲ့မဟုတ်ဘူး သတင်းအမှားနဲ့ပေါ့။ အဲ့ဒါကြောင့် ဒီလိုမျိုး မခံမရပ်နိုင်တဲ့ အရာတွေကြောင့် သိမ်းထားတဲ့ခံစားချက်တွေကို တစ်ယောက်ယောက်ကများ သွားပြီးတော့ သွေးထိုးပေးလိုက်ရင် ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်သလဲ။ ဒါကျမတို့ စဉ်းစားရမယ်။ ကျမတို့ရဲ့လွတ်လပ်စွာ ပညာသင်ကြားရေးကို မထိခိုက်စေလိုတဲ့ဆန္ဒ ကျမတို့မှာ အပြည့်အဝရှိပါတယ်။ အဲဒါကြောင့် ကျမတို့ တိုင်ပင်ပြီးတော့ ဒီပွဲကို လုပ်လိုက်ရခြင်းဖြစ်ပါတယ်။ ကျမပြောချင်တာ ဒီအချက်အလက်တွေရဲ့နောက်ကွယ်ကနေ ခံစားသွားရတဲ့ ခံစားချက်ပါ။ ပြည်သူတွေက ဒီPrintedလုပ်ထားတဲ့ သတင်းတွေကို အမှန်လို့ထင်သွားပြီ ဒါကဒီလိုပါလားဆိုပြီးတော့ အားလုံးကယုံကြည်အားထားနေကြရတာပါ။ ဒီလိုယုံကြည်နေမှုကို ယုံကြည်မှုကိုအလွဲသုံးစားလုပ်နေတယ်လို့ ခံစားရပါတယ်။ ဒီမှာရှိနေတဲ့လူတွေကို ကျမတို့က ယုံကြည်ပါတယ် အားလဲ အားကိုးပါတယ်။ ကျမပြောချင်တာ ဒါပါပဲ။

ကျမက နိဂုံးချုပ်အနေနဲ့ဖော်ပြပေးချင်ပါတယ်။ ဒီလိုဂျာနယ်တွေက Highlightနဲ့ဖော်ပြပေးတာတွေဟာ ပြည်သူတွေလက်ထဲကိုရောက်သွားတာနဲ့ ပြည်သူတွေဟာ သတင်းအမှန်လို့ထင်သွားမှာပါ။ ဒီကောလဟလတွေကြောင့် ကျမတို့ နည်းပညာကျောင်းသူတစ်ရပ်လုံးက အများကြီးကို ခံစားနေရတာပါ။ အပြင်သွားရင် လုံခြုံမှုလဲနည်းလာပါတယ်။ ယူနီဖောင်းနဲ့သွားရင် ပတ်ဝန်းကျင်က နောက်ပြောင်စော်ကားတာတွေ ခံနေရပါတယ်။ ဒီလိုကောလဟာလတွေက စော်ကားခံနေရတာက တစ်ဆင့် ဒီလိုသတင်းအတည်ပုံစံနဲ့ စော်ကားခဲ့တဲ့အတွက် ပိုပြီး စော်ကားခံနေရပါတယ်။ ကျမတို့ နည်းပညာတက္ကသိုလ်(သန်လျင်)ဟာ ကျမရဲရဲကြီး အာမခံရဲပါတယ် မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်တွေထဲမှာ အကောင်းဆုံးပါ။ အတော်ဆုံးကျောင်းသားတွေ မွေးထုတ်ပေးနေတဲ့ကျောင်းဆိုတာ ကျမအာမခံရဲပါတယ်။ ကျမတို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကလုပ်တဲ့ အင်ဂျင်နီယာပြိုင်ပွဲတွေမှာ ကျမတို့ကျောင်းက ၃နှစ်ဆက်တိုက်ဗိုလ်ဆွဲခဲ့ပါတယ်။ အဲလို အရည်အချင်းရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရှိရဲ့နဲ့ ဒီလိုမျိုးဖြစ်ပွားခဲ့တဲ့အတွက် ကျမတို့ ကျောင်းသူကျောင်းသားတွေကို ဂုဏ်သိက္ခာမရှိတဲ့လူတွေ၊ ဒီနည်းပညာကျောင်းသူတွေကိုလဲ ဒီလိုအတန်းအစားလို့ ထင်မြင်နေကြပါတယ်။ ဒီလိုထင်မြင်နေတာကို ချေဖျက်ချင်တဲ့အတွက် အမှန်တရားပေါ်ပေါက်စေဖို့အတွက် ဒီပွဲလေးကိုလုပ်တာပါ။ ကျမတို့ ကျောင်းသူ ကျောင်းသားတွေဟာ အသက်တွေအများကြီး မကြီးကြသေးပါဘူး။ ငြိမ်းချမ်းစွာ ပညာသင်ကြားစေလိုပါတယ်။ ကျောင်းသားတွေတင်မကဘူး ကျောင်းသူတွေပါ ခံစားစေရပါတယ်။ တစ်ယောက်ယောက်ကသာ လှုံ့ဆော်ပေးလိုက်ရင် ဆူပူမှုတွေဖြစ်ပွားသွားနိုင်ပါတယ်။ အဲလိုမျိုးမဖြစ်ပွားစေနိုင်ရန် ကျမတို့ကလဲ ကျမတို့ကျောင်းသူတွေ ထိန်းပါတယ်။ မီဒီယာတွေလဲ သေသေချာချာသိအောင်လို့ ရှင်းလင်းပွဲလုပ်ရတာပါ။ အခုချိန်ကစပြီး မီဒီယာသမားများမှ မေးမြန်းလိုသည်များမေးမြန်းနိုင်ပါတယ်။ ကျမတို့ဘက်ကလဲ ဖြေနိုင်သမျှ အမှန်အတိုင်း သေသေချာချာဖြေပေးသွားပါမယ်။

မီဒီယာအသီးသီးမှ တစ်ဦးခြင်းစီ သိလိုသည်များမေးမြန်းခဲ့ပါသည်။

နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသားများ