Wednesday, June 12, 2013

ပဋိပက္ခများအတွက် အဖြေရှာရန် သံဃာ့ခေါင်းဆောင် ၂၀၀ ကျော် ညီလာခံ ကျင်းပမည်

ရခိုင်ပြည်နယ်မှ အစပြုကာ မြန်မာ နိုင်ငံနေရာဒေသအချို့တွင် ဆက်တိုက် ဖြစ်ပွားနေသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အဆုံးသတ်ရေး အဖြေရှာရန် နိုင်ငံတစ်ဝန်းရှိ သံဃာ့ခေါင်းဆောင် ဆရာတော် အပါး ၂၀၀ ကျော် ပါဝင်မည့် ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ပါမောက္ခ ဆရာတော်ဒေါက်တာ အရှင်ဓမ္မပီယက မိန့်ကြားသည်။


ယင်းညီလာခံတွင် ပဋိပက္ခများ အဆုံးသတ်ရေး တင်ပြလာသည်များ အားလုံးကို လက်ခံဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ၉၆၉ နှင့်ပတ်သက်သည့် ကိစ္စရပ်များ ကိုလည်း ထည့်သွင်းဆွေးနွေးဖွယ် ရှိကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားသည်။

"ဒီညီလာခံက သံဃာ့ခေါင်းဆောင်တွေ အားလုံးပါဝင်မယ့် နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးလုပ်ဖို့ အကြို ဆွေးနွေး တာလည်းဖြစ်တယ်။ ပဋိပက္ခ ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းမယ် ဆိုတာ ညီလာခံပြီးရင် အဖြေ တစ်ခု ထွက်လာမှာပေါ့" ဟု ဆရာတော်က မိန့်ဆိုသည်။

မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပမည့် ယင်းညီလာခံသို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။

ညီလာခံတွင် လက်ရှိဖြစ်ပွား နေသည့် ပဋိပက္ခများ ပြေလည်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကာ မည်သို့ဖြေရှင်း ဆောင်ရွက်မည်ကို ညီလာခံအပြီး၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ညီလာခံ ကျင်းပ ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ညီလာခံသို့ ပြည်ပခရီးစဉ်ကြွရောက် နေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ ပါဝင် တက်ရောက်နိုင်မည် မဟုတ်ဘဲ သြဝါဒကထာ ပေးပို့ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝီရသူက ယင်းညီလာခံသို့ ပါဝင်တက်ရောက်မည် ဖြစ် ကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရသည်။

ပဋိပက္ခများ ဖြေရှင်းနိုင်ရန် ယခုကဲ့သို့ သံဃာ့ခေါင်းဆောင်များ တွေ့ဆုံကြမည်ကို ကြိုဆိုပါကြောင်း မြန်မာ နိုင်ငံ လုံး ဆိုင်ရာ မော်လဝီအဖွဲ့ချုပ် တွဲဖက်အတွင်း ရေးမှူး ဦးရဲနောင်သိန်းက ပြောကြားသည်။

"ခုလိုတစ်နိုင်ငံလုံးက ခေါင်းဆောင် ဆရာတော်တွေ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတဲ့သတင်း ကြားရတာ တော်တော် ဝမ်းသာပါတယ်" ဟု ၄င်းက ထုတ်ဖော်ပြော ကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်း ဘင်္ဂါလီများနှင့် ဒေသခံရခိုင် လူမျိုးများ ပဋိပက္ခများ စတင်ဖြစ်ပွား ခဲ့ပြီးနောက် ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးအချို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

မေလ၃၀ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသား အများစု သွားရောက်အလုပ်လုပ် ကိုင်သည့် မလေးရှား နိုင်ငံတွင် ဘာသာရေး အသွင်ဆောင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံသား ခြောက်ဦး သေဆုံးခဲ့သည်။

The Voice Weekly

3 comments:

  1. အခုလိုပြတ်ပြတ်သားသားလုပ်ဆောင်တာကိုဆြိုပါတယ်။ဒါမှအပြစ်မဲ့တဲ့ပြည်သူတွေဒုက္ခဘေးအန္တယ်ကလွတ်ကင်းမှာပါ။ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်-အစ္စလာမ်ဘာသာဝင်ပဲဖြစ်ဖြစ်အကုန်လုံးလူသားတွေပါပဲ အခုချိန်မှာတော့ဘာသာတိုင်းဒုက္ခတလှေကြီးနဲ့ဖြစ်နေကြတာပါ။အခုလိုငြိမ်းချမ်းရေးကိုအမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေလို့စိတ်ရင်းခံနဲ့ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  2. ရွှေထီလာJune 13, 2013 at 10:13 AM

    မွတ်တွေသိဖို့က၉၆၉ဟာဒို့ကိစ္စ မင်းတို့ရဲ့၇၈၆ကိုဒို့တွေဘယ်တုံးကမှပြဿနာမရှာခဲ့ဘူး။ဆရာတော်အရှင်သူမြတ်တို့သတိရှိတော်မူကြပါဘု ရား။

    ReplyDelete
  3. ၉၆၉ အထိမ်းအမှတ် တံဆိပ်ဟာ
    ဗုဒ္ဓ ဘာသာတခုလုံးကို ကိုယ်စားပြု မပြု
    သိချင်ပါသည်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။