Wednesday, December 12, 2012

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြောင်းပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးများကို ဆက်လက်ဆောင်ရွက်ရန် လျာထား

ပန်းဆိုးတန်းဆိပ်ကမ်းတွင် ရန်ကုန်-ဒလ ကူးတို့ရေယာဉ် ရပ်နားပြီး ခရီးသည်များ ဆင်းသက်နေမှုကို တွေ့ရစဉ်

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြောင်းပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးများကို ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသလိုပဲ ရန်ကုန်တစ်ဖက်ကမ်း နဲ့ရန်ကုန်မြစ်ကြောင်းပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့အတွက် လျာထား ဆောင်ရွက်နေပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောပါသည်။

လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် လေးခုအား လျာထား ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား) တွင် နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းများ (Inland Port Ter-minal) အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်း တံတားအမှတ် ၁၊ ၂၊ ၃၊ ၄ တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေထွေ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြင့် ပြုပြင်တည်ဆောက်ခြင်း၊ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတား Modernized Passanger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံဗောတံတားများအား အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရေး နေရာများနှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

ယင်းကဲ့သို့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် ရန်ကုန်ဘက်အခြမ်းနှင့် ရန်ကုန်တစ်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်း မရှိစေရန် ယခုကဲ့သို့ ရန်ကုန်တစ်ဖက်ကမ်း (ဒလဘက်ခြမ်း) နှင့် ရန်ကုန်မြစ်ကြောင်းပိုင်း ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေးများကို ဆောင်ရွက်ရန် စီစဉ်ခြင်းဟု သိရသည်။

ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လျာထားချက်တွင် မြေဧက ၂၄၇၀ ခန့်ရှိ (ဒလဘက်ခြမ်းနှင့် ရခိုင်ချောင်ဧရိယာ) အား လည်းကောင်း၊ ရန်ကုန်မြစ်ကြောင်းပိုင်း ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လျာထားချက်တွင် မြေဧက ၇၄၀ ခန့် ရှိ သီလ၀ါ၊ ကျောက်တန်းနှင့် လက်ခုပ်ကုန်းဒေသတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါဒေသများအား Commercial Area အဖြစ် လုပ်ငန်းလုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ ရန်ကုန်မြစ်ကြောင်းပိုင်းဒေသဖြစ်သည့် လက်ခုပ်ကုန်းဒေသအား သင်္ဘောတည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသဖြစ်သည့်အတွက် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

"မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရန်ကုန်တစ်ဖက်ကမ်းနဲ့ ရန်ကုန်မြစ်ကြောင်းပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလျာထားချက်တွေနဲ့ ပတ်သက်ပြီး ပြောစရာ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒလဘက်ခြမ်းဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်း အဆိုပြုလွှာတွေ လာတင်နေကြတာတော့ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ဒလဘက်ခြမ်းကိုတော့ ကျွန်တော်တို့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါသည်။

ဒီကပါ။

ဆန္ဒပြ ၊ အင်တာနက်သုံးနေတဲ့ ရဟန်းတော်များနှင့် မြန်မာ့နိုင်ငံ အရေး


လက်ပံတောင်းတောင်အရေးကို အစိုးရက အင်အားသုံးပြီး ဖြိုခွင်းလိုက်တဲ့အခါမှာ ရဟန်းတော်တချို့ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့ကြတယ်။ ဒါကို မကျေနပ်တဲ့အတွက် ရန်ကုန် မန္တလေးနဲ့ မြင်းခြံမြို့တွေမှာ ရဟန်းတော်များ ဆန္ဒပြကြတယ် ဆိုတဲ့ သတင်းတွေ ဖတ်ပြီး ဒီဆန္ဒပြမှုတွေဟာ ဘယ်အတိုင်းအတာအထိ ပြန့်နှံ့သွားလေမလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာအထိသာ ပြန့်နှံ့လို့သွားခဲ့မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်လေမလဲ။ Forward လား၊ Backward လား။ ဒါတွေကို တွေးပြီး အမိမြန်မာပြည်အတွက် စိတ်မသက်မသာ ဖြစ်နေချိန်မှာ ဒကာတော် ကိုJames Mint တင်ထားတဲ့ “ရဟန်းတော်တွေလဲ နိုင်ငံရေးလုပ်ခွင့်၊ ဆန္ဒပြခွင် ရှိပါတယ်….ဒါပေမဲ့” ဆိုတာလေး ဖတ်လိုက်ရတော့ ဘုန်းကြီးတစ်ပါးအနေနဲ့ ၀င်ဆွေးနွေးချင်လာပါတယ်။

ရဟန်းတော်တွေ နိုင်ငံရေးလုပ်တာတို့ ဆန္ဒပြတာတို့နဲ့ ပတ်သက်လာရင် အများစု ပေးနေကြတဲ့ အကြောင်းပြချက်တစ်ခုက- “ဒကာ ဒကာမတွေ ဒုက္ခရောက်နေကြရတာကို မကြည့်ရက်လို့” ဆိုတာပါဘဲ။ ဒီအကြောင်းပြချက်ဟာ မြတ်ဗုဒ္ဓရဲ့ တရားတော်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား။ မြတ်ဗုဒ္ဓတရားတော်ရဲ့ ဦးတည်ချက်က ဘာပါလဲ။ ကိုယ် လိုက်နာနိုင်တာ မလိုက်နာနိုင်တာကို ဘေးဖယ်ထားပြီး မြတ်ဗုဒ္ဓရဲ့ တရားတော်အတိုင်း ဓမ္မာဓိဋ္ဌာန်ကျကျ ရှုမြင်ဖို့တော့ လိုမယ် ထင်ပါတယ်။

မြတ်ဗုဒ္ဓက သံယုတ်ပါဠိတော်၊ ဒါရုက္ခန္ဓောပမသုတ္တန်မှာ ဦးတည်ချက်ကို အဟန့်အတား ဖြစ်စေတဲ့ ပန်းတိုင်ပျောက်သွားစေနိုင်တဲ့ အကြောင်းတရားတွေကို ဂင်္ဂါမြစ်ထဲ မြောနေတဲ့ သစ်တုံကြီးနဲ့ ဥပမာပေးပြီး ဟောကြားခဲ့ဖူးပါတယ်။ အဲဒီသစ်တုံးကြီးကို လူတစ်ယောက်ယောက်က ဆယ်ယူလိုက်မယ်ဆိုရင် သမုဒြာထဲ မရောက်နိုင်တော့သလို ရဟန်းတစ်ပါးဟာ လူတွေနဲ့ ရောပြီး အေးအတူ ပူအမျှ ၀င်ခံစား၊ လူရေးလူရာ ကိစ္စ၀ိစ္စတွေမှာ ၀င်ပါနေမယ်ဆိုရင် (လူအမြင်နဲ့ ကြည့်ရင် ကောင်းသလောက်) ရဟန်းတစ်ပါးအတွက် တရားထူး မရနိုင်ဘူးတဲ့။ ဒါဟာ (မနုဿဂ္ဂါဟ)လူဆယ်တာခံလိုက်ရတာပဲ လို့ ဟောပါတယ်။

မူရင်းဘုရားစကားတော်ရဲ့ ဆဋ္ဌမူ မြန်မာပြန်နဲ့ London P.T.S ရဲ့ အင်္ဂလိပ်ဘာသာပြန်က ဒီလိုပါ။

“ရဟန်း “လူတို့ ဆယ်ယူမှု” ဟူသည် အဘယ်နည်း၊ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့် ရောနှောသည် ဖြစ်၍ နေ၏၊ အတူတကွ နှစ်သက်မှု ရှိ၏၊ အတူတကွ စိုးရိမ်မှု ရှိ၏၊ လူတို့ ချမ်းသာသည် ရှိသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲသည် ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စတို့ ပေါ်ပေါက်လာကုန်သည် ရှိသော် မိမိသည်ပင် ထိုကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏၊ ရဟန်း ဤသို့ ဖြစ်မှုကို “လူတို့ ဆယ်ယူမှု” ဟု ဆိုအပ်၏။”

“And what, bikkhu, is getting caught by human beings? Here, someone lives in association with laypeople; he rejoices with them and sorrows with them, he is happy when they are happy and sad when they are sad, and he involves himself in their affairs and duties. This is called getting caught by human beings.
ဒါကို ကြည့်ရင် “ ဒကာ ဒကာမတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့” ဆိုတဲ့ အကြောင်းပြချက်က မြတ်ဗုဒ္ဓရဲ့ အာဘော် မဟုတ်ဘူး ဆိုတာ သိနိုင်ပါတယ်။

ဒီနေရာမှာ “အင်တာနက်ကြည့်နေ၊ Facebook သုံးနေတဲ့ အရှင်ဘုရားကော မြတ်ဗုဒ္ဓတရားတော်နဲ့ ကိုက်ညီပါရဲ့လား” လို့ မေးမယ်ဆိုရင် မေးနိုင်ပါတယ်။ “မကိုက်ညီပါဘူး” လို့ပဲ ရိုးရိုးသားသား ဖြေပါ့မယ်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးလုံးကို ကျင့်သုံးနိုင်မှသာ မြတ်ဗုဒ္ဓ ဦးတည်သွားစေချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မှာပါ။ ခုလိုမျိုး Imformation တွေအတွက် အချိန်တစ်ခု ပေးနေတာဟာ တကယ်တော့ သမာဓိပျက်ရာ ပျက်ကြောင်းအလုပ်တွေကို လုပ်နေတာတွေ ဖြစ်နေလို့ပါ။

ငါတို့နိုင်ငံ ငါတို့လူမျိုး ဆိုတဲ့ ဥပါဒါန် ကို ခွာလို့ မရနိုင်သေးလို့ ကိုယ့်နိုင်ငံနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေကို လေ့လာသုံးသပ်နေတာဟာ အထက်က တရားတော်အတိုင်း ပြောရရင် “getting caught by internet and facebook” ဖြစ်နေတာပါ။

မြတ်ဗုဒ္ဓရဲ့တရားတော်အတိုင်း အတိအကျ ပြောရရင် ရဟန်းဘ၀ရဲ့ အန္တိမရည်မှန်းချက်ဆိုတာ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို အပြည့်အ၀ ကျင့်သုံးပြီး ဒုက္ခမှ လွတ်မြောက်စေဖို့ပါဘဲ။ တရားတော်အရ အဲဒီလို ရှိပေမယ့်လဲ ရဟန်းသံဃာတိုင်း သိက္ခာသုံးပါးကို အပြည့်အ၀ ကျင့်သုံးနိုင်တဲ့ အနေအထား ရှိမှာ မဟုတ်ပါဘူး။

ရဟန်းသံဃာဘ၀ ရောက်လာသူတိုင်းဟာ ဗုဒ္ဓလက်ထက်တော်တုန်းက တချို့သော အရှင်မြတ်တွေလို ဗုဒ္ဓတရားနာပြီး လောကကြီးကို ငြီးငွေ့တဲ့အတွက် လောကချမ်းသာအားလုံးကို စွန့်ပြီး ရဟန်းဘ၀ကို ရယူသူတွေ မဟုတ်ကြပါဘူး။ ဒါကို နားလည်ပေးဖို့ လိုမယ် ထင်ပါတယ်။ ရဟန်းတိုင်း အစွမ်းကုန် မလွဲမသွေ ကျင့်သုံးရမှာကတော့ သီလသိက္ခာလို့ ခေါ်တဲ့ ၀ိနည်းစည်းကမ်းတွေ ဖြစ်ပါတယ်။

သမာဓိ ပညာ သိက္ခာနှစ်ရပ်ကို အပြည့်အ၀ မကျင့်နိုင်သေးသည့်တိုင်အောင် သီလသိက္ခာဖြစ်တဲ့ ၀ိနည်းတရားတော်ကို အတော်အတန် လိုက်နာကျင့်သုံးနေတယ် ဆိုရင်ကိုပဲ တော်တော် ကြည်ညိုဖို့ ကောင်းနေပါပြီ။ ရဟန်းတော်တွေ နိုင်ငံရေးလုပ်တာတို့ ဆန္ဒပြတာတို့နဲ့ ပတ်သက်လာရင် အဲဒီရဟန်းတွေရဲ့ ကာယကံ ၀စီကံ အပြုအမူတွေဟာ ဘယ်လောက်အထိ ယဉ်ကျေးမှု ရှိသလဲ။ ၀ိနည်းစည်းကမ်း ဘောင်ထဲမှာလား၊ စည်းကျော် ဘောင်ကျော် ဖြစ်နေကြပြီလား ဆိုတဲ့ ၀ိနည်းပေတန်နဲ့ တိုင်တာရပါမယ်။

ဒီလို တိုင်းတာနိုင်ဖို့အတွက် ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများအနေနဲ့ ရဟန်းဝိနည်းကို တီးမိခေါက်မိ ရှိထားရပါလိမ့်မယ်။ မြန်မာလို ရေးထားတဲ့ စာအုပ်တွေ ရှိပါတယ်။ ဥပမာ- ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရဲ့ ဘုရားဥပဒေတော်ကြီး လို စာအုပ်မျိုး။ လမ်းပေါ်မှာ သင်္ကန်း ဘိုသီ ဘတ်သီ ၀တ်၊ လက်သီးလက်ခမောင်းတန်းပြီး၊ Slogan တွေ ကြွေးကျော်နေတဲ့ ရဟန်းမျိုးကို ကဲ့ရဲ့ ရှုတ်ချထိုက်ပါတယ်။ ဒီလို မဟုတ်ဘဲ ရဟန်းပီသတဲ့ အသွင်အပြင်မျိုးနဲ့ ဆိုရင်တော့ ကိုယ်လက်မခံနိုင်သည့်တိုင်အောင် နားလည်မှု ပေးသင့်တယ်လို့ ထင်ပါတယ်။

နောက်တစ်ခုက ဘုန်းဘုန်းတို့ မြန်မာလူမှုအဆောက်အအုံကြီးမှာ မြတ်ဗုဒ္ဓက “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု” ဆိုတဲ့ သံဃာဘက်ကစည်း၊ “မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ” ဆိုတဲ့ ဒကာဘက်က စည်းတွေနဲ့ ဘယ်လိုပဲ ခြားထားခြားထား၊ အဲဒီ စည်းတွေကို ကျော်ပြီး သံဃာနဲ့ ဒါယကာဆက်ဆံရေးကို သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားကြတယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။

ဘုန်းဘုန်းအပါအ၀င် မြန်မာရဟန်းသံဃာအများစုကို ကြည့်ရင် ရဟန်းသံဃာဘ၀သာ ရောက်နေတာ၊ ငါတို့ နိုင်ငံ ငါတို့ လူမျိုးဆိုတဲ့ (တရားတော်အတိုင်းဆိုရင်) အစွဲတွေက အတုံးလိုက် အတစ်လိုက်ကို ရှိနေတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံနဲ့ ပတ်သက်လာရင် အမှုမဲ့ အမှတ်မဲ့ နေလိုက်ဖို့ တော်တော် ခက်ပါတယ်။ ကာယကံမမြောက်သည့်တိုင် မနောကံကတော့ မြောက်မြောက်သွားတတ်တာချည်းပါပဲ။

ဒါကြောင့် ရဟန်းသံဃာတော်တွေ နိုင်ငံရေးနယ်ပယ်ထဲကို ကာယကံမြောက် ၀င်ပါလာတာကို သိပ်ပြီး မဝေဖန်ချင်ဘူး။ ဝေဖန်ချင်တာက အဲဒီရဟန်းသံဃာတွေမှာ ကိုယ်ကျင့်သီလ Frame က ဘယ်လောက် ခိုင်မာပြီလဲ။ ပိဋကတ်စာပေတွေကိုရော ဘယ်လောက် လေ့လာသင်ကြားထားပြီလဲ၊ တခြား ဘာသန္တရနဲ့ ဒေသန္တရ အသိပညာတွေကော ဘယ်လောက် ဆည်းပူးမိပြီလဲ။ အတွေးအခေါ် အမြော်အမြင်ကရော ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာတွေနဲ့ပဲ ဝေဖန်ဆန်းစစ်ချင်ပါတယ်။

ဒါတွေရှိနေပြီဆိုရင် သေချာပေါက် ပြောနိုင်တာက အဲဒီ ရဟန်းဟာ ရုပ်သေးရုပ် နိုင်ငံရေး ဘုန်းကြီး လုံးဝ မဟုတ်ဘူး ဆိုတာပါဘဲ။

www.MyanmarExpress.net

စစ်တွေ ကန်တော်ကြီး ဂျပန် အကူအညီဖြင့် ပြန်ပြင်မည်

ဒီဇင်္ဘာလ ၁၀ ရက်နေ့က စတင်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် အမတ် တစ်ဦးက စစ်တွေ ကန်တော်ကြီးမှာ ဟောင်းနွမ်းနေပြီ ဖြစ်သဖြင့် ပြန်လည် ပြုပြင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ရခိုင်ပြည်နယ် အစိုးရမှ ဂျပန်၏ ချေးငွေ အကူအညီဖြင့် ပြန်ပြုပြင်သွားရန် စီစဉ်နေကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

စစ်တွေ ကန်တော်ကြီး ( ဓါတ်ပုံ- နိရဉ္စရာ)

စစ်တွေ ကန်တော်ကြီးမှာ အင်္ဂလိပ်တို့ တည်ဆောက်ခဲ့သော ကန်တော်ကြီးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီဟု သိရသည်။

အဆိုပါ ကန်တော်ကြီးမှာ စစ်တွေမြို့သို့ ရေဖြန့်ဖြူးပေးနေသော တစ်ခုတည်းသော ရေလှောင်ကန်ကြီး ဖြစ်ပြီး သက်တမ်းအိုနေပြီ ဖြစ်သဖြင့် ကန်တော်ကြီးအား အမြန်ဆုံး ခိုင်ခန့်အောင် ပြန်လည် မွန်းမံရန် လိုအပ်နေသည်ဟု ဆိုသည်။

၎င်းပြင် ပြည်သူအများ အားကိုး အသုံးပြုနေရသော တစ်ခုတည်းသော ကန်ဖြစ်သဖြင့် ကန်တော်ကြီး၏ လုံခြုံရေးကိုလည်း တိုးမြှင့်ရန် လိုအပ်နေသည်ဟု သိရသည်။

ယခုနှစ် ဇွန်လ အတွင်းကလည်း ကန်တော်ကြီးနှင့် ဆက်စပ် တည်ရှိသော ကန်တော်ချေ (ငယ်)မှာ ပေ ၆၀ အကျယ်ခန့် ကန်ဘောင်ရိုးပြိုကျ ပျက်စီးသွားခဲ့သဖြင့် ရေဂါလံ သိန်းပေါင်း (၃၀) ခန့် ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။

အဆိုပါ ကန်တော်ငယ် ကန်ဘောင်ရိုး ပေ ၆၀ ထိ ပြိုကျ ပျက်စီးသွားအောင်ထိ ကျိုးပျက်ရခြင်းမှာ တစ်စုံတစ်ဦး (သို့မဟုတ်) လူအဖွဲ့အစည်း တစ်ခုက ပြုလုပ်ခြင်းလား (သို့မဟုတ်) သဘာဝ အတိုင်း ပျက်စီး ခြင်းလား ဆိုသည်ကို ယနေ့တိုင် စစ်ဆေး အဖြေရှာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကန်တော်ကြီးသာ ယခု ကန်တော်ငယ် ပေါက်ကျ သကဲ့သို့ ပေါက်ကျသွားမည် ဆိုပါက စစ်တွေ တစ်မြို့လုံး၏ ကံကြမ္မာမှာ မတွေးရဲစရာ ဖြစ်နေကြောင်း စစ်တွေမြို့ ပလုတ်တောင်ရပ်ကွက်မှ ဆရာမ ဒေါ်မေဇံက ပြောသည်။

သို့အတွက် စစ်တွေမြို့သူ မြို့သားများက စစ်တွေ ကန်တော်ကြီးကို ပြန်လည် မွန်းမံရန်နှင့် လုံခြုံရေး တိုးမြှင့် ချထားရန် လိုလားနေကြသည်ဟု သိရသည်။

“ ကျွန်တော်က ပြည်သူတွေရဲ့ ဆန္ဒ အညီနဲ့ စစ်တွေမြို့ ကန်တော်ဟောင်းကြီး ကိစ္စကို လွှတ်တော်မှာ တင်ပြပါတယ်။ ကန်တော်ကြီးဟာ နှစ်ပေါင်း တရာကျော် ရှိနေပြီ ဖြစ်တဲ့ အတွက် ကန်တော်ဟောင်းကြီး ဖြစ်နေပြီ။ ဒါကို ခိုင်ခန့်အောင် ဘယ်လို ပြုပြင်မယ်။ ပီးရင် လုံခြုံရေးကလည်း အရေးကြီးတယ်။ ဒီကိစ္စ လွှတ်တော်မှာ မေးတော့ ရခိုင်အစိုးရကတော့ ဂျပန်က ချေးငွေနဲ့ ပြန်လည် ပြုပြင်ဖို့ စီစဉ်နေတယ်ဆိုပြီး ပြန်ဖြေပါတယ်” ဟု လွှတ်တော်တွင် မေးခွန်းမေးခဲ့သူ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ကန်တော်ကြီးတွင် လုံခြုံရေး အခြေအနေကို မေးမြန်းရာ လုံခြုံရေး တပ်ဖွဲ့ဝင် (၂) ဦးသာ ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သဖြင့် လုံခြုံရေးကို အချိန်မှီ တိုးမြှင့်ရန် လိုအပ်ကြောင်း လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်ဟု သူက ဆက်ပြောကြားသွားသည်။

ဒီကပါ။

ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင်း ( နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများ တိုင်ကြားစာ)


သို့

ဒီမိုဝေယံ မှတဆင့် တပ်ချူပ်ကြီးနှင့် ကျင့်ချူပ်ကြီး သိသာပါရန့်

ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင့်း

ကျွန်တော်တို့ ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်တွင် တပ်ခွဲကိုင်အရာရှိများမှ ဗိုလ်လောင်းများအပေါ် မတရားရိုက်နှက် နှိပ်စက်ခြင်း ၊ လစာများအား မတရားဖြတ်တောက်မှုများပြုလုပ်နေပါသည်။့

၁။ တပ်ခွဲမူးဗိုလ်ကြီး ဇေယျာအောင် (ကြည်း) ၄၄၅၆၇ သည် ပြင်ဦးလွင်မြို့တွင်းရှိ KTV ၊ မာဆက် ဆိုင်များသို့ သွားရောက် သောင်းကျန်းသဖြင့် ၎င်းသုံးဖြုံးသောငွေများအား ဗိုလ်လောင်းများထံမှ အကြောင်းအမျိုးမျိုးပြရ်ျ ကောက်ခံနေပါသည်။ ဖြတ်တောက်ခံရပြီးလစာငွေ ၆၀၀၀၀ သာရသော ငွေထဲမှ နောက်ထပ်တခါ တိုက်ပုံအင်္ကျီကြေး ဟုဆိုကာ ပထမနှစ်မှ စတုတ္ထနှစ် အထိ ဗိုလ်လောင်းများထံမှ တစ်ယောက် ၉၅၀၀ကျပ် ထပ်မံဖြတ်ပါသည်။ ကျွန်တော်တို့ ဧ။် လစာမှာ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် လစာအား တကြိမ်မှ အပြည့်အ၀မရရှိခဲ့ဘူးပါ ယခုဆိုလျှင် ၅၀၀၀၀ ကျပ်သာရရှိပါသည်။့

၂။ တာဝန်ကျ အရာရှိများမှာလည်း ဗိုလ်လောင်းများအား နှစ်ပေပတ်လည်ရှိသော တုတ်များနှင့် တန်းစီကွင်းထဲတွင် ခေါင်း ၊ မျက်နှာတို့အား မတရားရိုက်နေသောကြောင့် ဗိုလ်လောင်းများမှာ ခေါင်းကွဲ၊ မျက်နှာ စုတ်ပြတ် ဒဏ်ရာများ သင်းတန်းသားများ ရရှိနေပါသည်။့

၃။ အနော်ရထာမှ အရာရှိက စပရိန်ကြိုးနှင့် ရိုက်သောကြောင့် ဗိုလ်လောင်းများခေါင်းကွဲ၊ မေးရိုးကျိုးသွားကြပါသည်။ ထိုကဲ့သို့ မတရား အနိုင်ကျင့် နှိပ်စက် ညှင်းပန်းနေသော အရာရှိများအား တပ်ချူပ်ကြီးနှင့် ကျင့်ချူပ် တို့ဖော်ထုတ် အရေးယူ ဆောင်ရွှက်ပေးပါရန် တိုင်ကြားအပ်ပါသည်။့
နည်းပညာတက္ကသိုလ် ဗိုလ်လောင်းမျာ့း

ဒီကပါ။

လက်ပံတောင်း ကော်မရှင်ကိစ္စ အစိုးရ တာဝန်မဲ့၊ မရိုးသားဟု UNFC ဆို

လက်ပံတောင်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းသည် ပြည်သူလူထု အကျိုးစီးပွားအား လုံးဝ မျက်ကွယ်ပြုကာ တိုင်းတပါး အကျိုးစီးပွားနှင့် တပ်မတော်ပိုင် အကျိုးစီးပွားကိုသာ ကာကွယ်ခြင်းဖြစ်သည်ဟု ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ပြောဆိုလိုက်သည်။

unfcထို့ပြင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း၍ ဒေါ်အောင်ဆန်းစုကြည်အား တာဝန် ပေးအပ်လိုက်ခြင်းမှာလည်း အစိုးရ၏ မရိုးသားသော လုပ်ရပ်တခုဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က အခုလို ပြောသည်။

“ဒါကို အစိုးရ အနေနဲ့ပဲ ကိုင်တွယ်ဖြေရှင်း သင့်ပါတယ်။ အခု ဒေါ်အောင်ဆန်း စုကြည်ကို ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင် ခိုင်းပြီး ဒီကိစ္စကို ကိုင်တွယ်ခိုင်းတာက ဦးသိန်းစိန် အစိုးရက ခေါင်းရှောင်တဲ့သဘောနဲ့၊ နောက်တမျိုး ဥပမာပေး ပြော လို့ရတာက ဒေါ်အောင်ဆန်းစုကြည် အငှားလက်နဲ့ အစိုးရက မြွှေဖမ်းခိုင်းတာပါ။ အန္တရာယ် ရှိရင်တော့ ဒေါ်အောင်ဆန်း စုကြည် အပေါ်ကျမှာပေါ့။ ဒါက မရိုးသားတဲ့ လုပ်ရပ် တခုပါ” ဟု မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၁ဝ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် UNFC ကြေညာချက်တွင် အစိုးရ အနေနှင့် ဖော်ပြပါ အကျိုးစီးပွား နှစ်ရပ်အပေါ် အကာအကွယ် ပေးကာ ယင်း အကျိုးစီးပွား နှစ်ရပ်အပေါ် ထိပါးလာခဲ့လျှင် လုံးဝ သည်းခံ ခွင့်လွှတ်မည် မဟုတ်ဘဲ အခြေခံလူတန်းစား အကျိုးစီးပွားကို လုံးဝ မျက်ကွယ်ပြုလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အပြင် အစိုးရအနေနှင့် ပြတ်ပြတ်သားသား တာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စ၌ ဒေါ်အောင်ဆန်းစုကြည်ကို “ကြားခံ” လူအဖြစ် သဘောထားခြင်းသည် “နိုင်ငံရေး ဘော်လီဘော ပုတ်ခြင်း”သာ ဖြစ်သည်ဟုလည်း ကြေညာချက် က ဆိုသည်။

ဆန္ဒပြ ပြည်သူများနှင့် ရဟန်း သံဃာများအပေါ် အရေးယူ ကိုင်တွယ်ထားခြင်းမှာ အစိုးရမှ ကိုင်တွယ်ထားခြင်း ဖြစ်ပြီး ဦးသိန်းစိန် အစိုးရမှ လက်ပံတောင်း ဖြစ်စဉ်အား တာဝန်ယူ ဖြေရှင်းပေးရန် ခေါင်းမခံရဲခြင်းဖြစ်ကြောင်း နိုင်ဟံသာ က ပြောသည်။


မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ။ (ဓါတ်ပုံ - မဇ္ဈိမ)

“ဒါက သဘာဝ မကျပါဘူး၊ ဒါဟာ အစိုးရ အနေနဲ့ လှည့်ဖျားတဲ့ လုပ်ရပ် တခုပါ။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်တာဝန် မယူရဲတာ၊ အစိုးရကနေ ခေါင်းရှောင်ပြီးတော့ အကျိုးအမြတ် ထုတ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို သုံးလိုက်တာ” ဟု ဆိုသည်။

စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား လုံလောက်သော ဥပဒေ အကြံပေးအဖွဲ့ အပါအဝင် အထောက်အကူပြု အဖွဲ့ ထားရှိပေးရန်နှင့် ဦးသိန်းစိန် အစိုးရ၏ ‘ချော့တခါ ခြောက်တလှည့်’ နည်းပရိယာယ် လှည့်ကွက်များ၌ အငိုက်မမိစေရန် အပါအဝင် တောင်းဆိုချက် ၃ ခုကိုလည်း UNFC က ထုတ်ပြန်ထားသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားနှင့် ဒေသခံ ပြည်သူ လူထု အကျိုး စီးပွားကို အစိုးရမှ မှန်မှန်ကန်ကန် သုံးသပ်ပြီး သဘောထား ဆုံးဖြတ်ရန် လိုကြောင်းလည်း နိုင်ဟံသာ က ထောက်ပြပြောဆိုသည်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေအထားကို ကျနော်တို့ သုံးသပ်တာတော့ ဒါက အန္တရာယ် ကြီးမား လွန်းပါတယ်။ ဒါကိုလည်း ခံယူမှုရှိရှိ တာဝန်ယူရဲ တာကိုလည်း ကျနော်တို့အနေနဲ့ အများကြီး ချီးကျူး ပါတယ်။ တဖက်က ပြန်ကြည့်ရင် ဒီအစိုးရက တာဝန် မဲ့လွန်းပါတယ်။ ကိုယ့်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ် ဘဲ သူများကို ခိုင်းတာက ဘယ်လိုမှ မသင့်တော်ပါဘူး” ဟု ဆိုသည်။

အစိုးရ အနေနှင့်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းသည့် အရေးကြီး အဆိုအရ ကြေးနီမိုင်း စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် သင့်မသင့် အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

ကော်မရှင် လိုအပ်ချက် ရှိပါကလည်း လုပ်ငန်းကျွမ်းကျင်သူများ၊ ပညာရှင်များကို နိုင်ငံတော် သမ္မတ စီစဉ်ပေးမှုဖြင့် တာဝန် ပေးအပ်နိုင်သည်ဟုလည်း ဆိုသည်။

စီမံကိန်းကြောင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးဆိုးကျိုး၊ ပြည်သူ လူထုနှင့် အနာဂါတ် မျိုးဆက်များအတွက် အကျိုး ရှိ/မရှိ၊ စိစစ်ရန် လိုအပ်သည်ဟု ကော်မရှင်မှ ယူဆသော အကြောင်းအရာများ ကို ကော်မရှင်မှ စီစစ် စုံစမ်းပြီး သမ္မတထံ အစီရင်ခံနိုင်ရန် ညွှန်ကြားထားကြောင်း ကော်မရှင် ဖွဲ့စည်းခြင်း အမိန့် ကြေငြာစာ၌ ဖော်ပြထားသည်။

ကော်မရှင်အနေဖြင့်မူ ရလဒ်ကောင်းတခု ပေါ်ထွက်လာစေရန်အတွက် “ကိုယ် ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာထဲ ကနေ ပြည်သူလူထုရဲ့အကျိုး ရှေးရှုပြီးတော့ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမှာပါ” ဟု ကော်မရှင် အဖွဲ့ဝင်ဒေါ်ခင်စန်းလှိုင် က မဇ္ဈိမကို ပြောဆိုထားသည်။

ပြည်သူများ အနေနှင့်လည်း လက်ပံတောင်း ကြေးနီစီမံကိန်း တခုတည်းကို ကွက်မကြည့်ဘဲ တပြည်လုံး အတိုင်းအတာ ဆောင်သော စစ်မှန်သည့် ပြုပြင် ပြောင်းလဲရေးများဆီသို့ ဦးတည်သော လှုပ်ရှားမှုများကို ပိုမိုအာရုံ စိုက်ကြရန်ကို လည်း UNFC က တိုက်တွန်းထားသည်။

UNFC ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအား လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဒီကပါ။

အကျဉ်းထောင်တွေထဲ ICRC ပြန်လည် ၀င်ရောက်စစ်ဆေးမယ်

အင်းစိန်အကျဉ်းထောင် အတွင်း ICRC ဝင်ရောက်စစ်ဆေးခဲ့စဉ် (ဓာတ်ပုံ - ICRC)

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ( ICRC) ဟာ မကြာခင်ကာလမှာ မြန်မာနိုင်ငံက အကျဉ်းထောင်တွေ ကို တကြော့ပြန် ပြန်လည် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ ရတော့မှာဖြစ်ပါတယ်။

အခုလို ICRC ကို အကျဉ်းထောင်တွေထဲ ပြန်လည် ၀င်ရောက်ခွင့် ပြုလိုက်ခြင်းဟာ ၂၀၁၁ ခုနှစ် မတ်လ ကုန်က သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပြန်လည် ခွင့်ပြုတာဖြစ်ပြီး အမေရိကန် သမ္မ တ မစ္စတာ ဘားရက် အိုဘားမား မလာခင် နိုဝင်ဘာလ ကတည်း က ကြေငြာ ထားခဲ့တာလို့ AlertNet သတင်းတပုဒ်က ဆိုပါတယ်။

ဒါပေမယ့် ICRC က ပြောတာမှာတော့ အကျဉ်းထောင်တွေထဲ ပြန်လည် ၀င်ရောက်မည့်နေ့ရက် အတိအကျ ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

ဒီအပြင် ICRC ဟာ ၁၉၈၀ ခုနှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ဒဏ်ကြောင့် မသန်မစွမ်းဖြစ်ခဲ့ရသူ တွေ အတွက် ခြေတု၊ လက်တုတွေကူညီပေးတာက အစ၊ ကျေးလက်ဒေသ၊ တိုင်းရင်းသား ပဋိပက္ခဒေသတွေမှာ ရှိတဲ့ ရေ နဲ့ တခြား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပိုင်း ICRC အနေနဲ့ မြန်မာအကျဉ်းထောင်တွေထဲ ၀င်ရောက်စစ်ဆေးခွင့်ကို ၁၉၉၉ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲပြီး အကျဉ်းထောင်ပေါင်း ၄၀ ကျော်နဲ့ ရဲဘက်စခန်းပေါင်း ၁၀၀ ကျော်တို့မှာ အစိုးရက ထိန်း သိမ်းထားသူပေါင်း ၁ သိန်း လောက်ကို ICRC တာဝန်ရှိသူ တွေက သွားရောက် တွေ့ဆုံနှစ်သိမ့် မှုတွေနဲ့ အကျဉ်းထောင်ရဲ့ အစားအသောက်၊ ကျန်းမာရေး ကိစ္စတွေကို စစ်ဆေးမှုတွေ လုပ်လာခဲ့တာပါ။

ဒါပေမယ့် ICRC ကို ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး မြန်မာ စစ်အစိုးရက အကျဉ်းထောင်တွေထဲ ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေကို ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ ICRC ဟာ အထူးသဖြင့် အကျဉ်းသား တွေရဲ့ မိသားစုတွေနဲ့ အဆက် အသွယ် လုပ်ပေးတဲ့ ကိစ္စတွေ၊ စားသောက်နေထိုင်မှုတွေနဲ့ ကျန်းမာရေး ကိစ္စတွေကို အကူအညီပေးခဲ့တာပါ။

အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မိသားစုတွေရဲ့ ထောင်ဝင်စာသွားရောက်တွေ့နိုင်ဖို့ လမ်းစာရိတ် ကူညီ ပေး တာ၊ စာအုပ် စာတမ်း နဲ့ အားကစား ပစ္စည်းတွေ လှူဒါန်းတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့တာပါ။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ အခြေစိုက် ICRC အဖွဲ့ကို ၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အပေါင်းအပါတွေကို ထောင်သွင်း အကျဉ်းချပြီးနောက်ပိုင်း ၂၀၀၅ နှစ်ကုန် ပိုင်းလောက်က စပြီး အကျဉ်းထောင်တွေထဲ ၀င်ရောက်မယ်ဆိုရင် မြန်မာ စစ်အစိုးရ ကျောထောက်နောက် ခံပြုထားတဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေနဲ့ အတူ သွားမှသာ ၀င်ရောက်ခွင့်ပြုမယ်လို့ မြန်မာ စစ်အာဏာပိုင်တွေ က ဆိုခဲ့ပါတယ်။

ICRC အနေနဲ့ အကျဉ်းသားတွေနဲ့ တွေ့တဲ့အခါ အဖွဲ့ရဲ့ ဘက်မလိုက် မူဝါဒနဲ့အညီ အကျဉ်းသား တဦးချင်းစီကို လွတ်လပ် စွာ တွေ့ဆုံခွင့်နဲ့ နှစ်သိမ့်အားပေးခြင်းတွေကို လုပ်ဆောင်လေ့ရှိတာကြောင့် အဲဒီနောက်ပိုင်း အကျဉ်းထောင်တွေထဲကို ၇ လောက်ကြာအောင် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ မရခဲ့ပါဘူး။

ICRC အနေနဲ့ လက်ရှိအခြေအနေမှာ ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးနေပြီး အထူးသဖြင့် ရခိုင်ဒေသမှာ ကူညီပေးမှုတွေလုပ်ဆောင်နေ ပါတယ်။

http://blog.irrawaddy.org/2012/12/icrc.html

ကျပ် ငါးထောင်တန် ငွေစက္ကူများ ဟင်္သာတမြို့တွင် စစ်ဆေးတွေ့ရှိမှုများ ရှိနေ



ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ကျပ် ငါးထောင်တန် ငွေစက္ကူ အတု များမကြာခဏ စစ်ဆေး တွေ့ရှိမှုများ ဖြစ်ပေါ်လျှက်ရှိပြီးဒီဇင်ဘာလ(၁၁)ရက်နေ့တွင်လည်း ကမ္ဘောဇဘဏ်ခွဲ (ဟင်္သာတ) ၌ ငွေလွှဲသူများ ထံ ကတွေ့ရှိမှုများ ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကျပ် ငါးထောင်တန် ငွေစက္ကူများအား အတုနှင့် အစစ် ခွဲခြားရာတွင် စာရွက်အသားနှင့် လုံခြုံရေး ကြိုးလိုင်း ကွဲပြားမှုရှိကြောင်း၊ ငွေစက္ကူငါးထောင်ကျပ်တန် အတုသည် စာရွက်သား ကြမ်းခြင်း၊ လု့ခြုံရေး ကြိုး တဆက်တည်းဖြစ်နေပြီး အစစ်တွင် လုံခြုံရေး ကြိုးသည် သိသာထင်ရှာစွာ အဖြတ်လေးများရှိကြောင်း သိရသည်။

”"ဘဏ်ကို လူကြုံနဲ့ ငွေလာလွှဲပေးတာပါ။ ငွေအားလုံးက (၁၆)သိန်း ရှိတယ်။ အဲဒီ အထဲက ငါးထောင်တန်ပါတဲ့ တစ်သိန်းအုပ်မှာ တစ်ရွက်က အတု ဖြစ်နေတယ်လို့ ဘဏ်ကပြောလို့ လဲပေးရတယ်။ ဘဏ်က အတု ငါးထောင်တန်ကို ဖြဲပြီး အပိုင်း ပြန်ပေးတယ်။ အစစ်နဲ့ တိုက်ကြည့်တော့ ကြိုးလိုင်းမှာ သိသိ သာသာ ကွာနေတယ်။

ဒီနေ့မှာ ကျွန်တော်နဲ့အတူ ငွေလွှဲတဲ့ သူငယ်ချင်းမှာလည်း ငါးထောင်တန် အတု တစ်ရွက် တွေ့ရတယ်။ ဘယ်က ပါလာတာလည်းတော့ မသိဘူး။ ကုန်သည် ပိုက်ဆံဆိုတော့ရောရာ ပါဘဲ”" ဟု ဇလွန်မြို့မှ ကမ္ဘောဇဘဏ်ခွဲ(ဟင်္သာတ)တွင် ငွေလာရောက်လွဲခဲ့သူက ပြောသည်။

“ဒီလိုမျိုး ငါးထောင်တန်တွေက အတုတွေ ပေါ်နေတယ် ဆိုတော့ လက်ထဲကိုင်မထားရဲဘူး။ ဘဏ်ကို သွင်းရင်လည်း ဖြဲစုပ်ပစ်တော့ ဆုံးသွားတာပဲ ရှိတယ်။ အပြင်မှာ ပြန်သုံးလိုက်ကြတာ များတယ်။ အတုတွေ ပေါ်နေတော့မယုံနိုင်ဘူးလေ”ဟု ဈေးဝယ်သူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ငါးထောင်ကျပ်တန် ငွေစက္ကူ အတုများ တွေ့ရှိမှုများဖြစ်ပေါ်နေသဖြင့် ဟင်္သာတမြို့ပေါ်ရှိ ဆိုင်ကြီးများတွင် ငွေရေတွက်ရာ၌ငွေစက္ကူ အရည်အသွေးအား လက်ဖြင့် ပွတ်၍ စမ်းသပ်မှုများရှိကြောင်း၊ အဆိုပါ ငွေစက္ကူ အတုများကြောင့် ကျပ်ငါးထောင်တန်များအား စိတ်ချမှု နည်းပါးကာသုံးစွဲမှုများပြားလာ ကြောင်း ဒေသခံများ ထံက သိရသည်။

အောင်ကိုခန့်(ဥပဒေ)

http://www.hotnewsweekly.com/archives/14728