Monday, December 10, 2012
ကြေးနီစီမံကိန်း သပိတ်စခန်းများ အင်အားသုံးဖြိုခွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မျိုးဆက်သစ် လူငယ်များအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အင်အားသုံးဖြို့ခွင်းခဲ့မှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လူငယ် ၁၀၀ ၀န်းကျင်တို့က ယနေ (ဒီဇင်ဘာလ ၁၀) ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဟာဗန္ဓုလပန်းခြံနှင့် ဆူးလေစေတီတော်တို့အား တန်းစီလှည့်လည်ခဲ့ကာ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် မျိုးဆက်သစ်လူငယ်များအဖွဲ့၏ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခြင်း၏ သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် ငြိမ်းချမ်းစွာ ရပ်နားလူစုခွဲခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများ၏ သဘောထားကြေငြာချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းရှိ ဆန္ဒပြနေသူ ရဟန်းရှင်လူ မိဘပြည်သူများအား အင်အားသုံး အကြမ်းဖက်၍ ဖြိုခွဲဖြေရှင်းခြင်းသည် ဒီမိုကရေစီ အလေ့အကျင့်များနှင့် ဆန့်ကျင်ကာ အကြွင်းမဲ့ အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် မှတ်ယူကြောင်း၊ အကြွင်းမဲ့ အာဏာရှင်ဆန်ဆန် လူ့အခွင့်အရေး ချိုးဖောက်မှုအား ဆန့်ကျင်ကန့် ကွက်သည့် ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။
ထို့ပြင် ဆန္ဒထုတ်ဖော်သူများသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုအား တရားမျတစွာ ဖြေရှင်းရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် စသည်တို့ကို တောင်းဆိုခဲ့ကြသည်။
''မျိုးဆက်သစ် လူငယ်လေးတွေရဲ့ကောင်းမွန်တဲ့ လုပ်ဆောင်မှုကို အမတို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က လာပြီးတော့ ၀န်းရံပေးတာပါ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးပြီး ဖြိုခွင်းခဲ့တာကို ကန့်ကွက်ကြောင်း အမတို့အနေနဲ့ သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကို အမတို့အနေနဲ့ လုံးဝလက်မခံပါဘူး။ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။ အခုလို လူငယ်တွေ ကောင်းမွန်တဲ့ လုပ်ရပ်တွေမှာ တက်ကြွစွာ လုပ်ဆောင်နေတာကို အမတို့အနေနဲ့ ဂုဏ်ယူပါတယ်'' ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ မသက်သက်အောင်က ပြောပြခဲ့ပါသည်။
နိုင်ငံစုံပါဝင်မည့် (၁၅)ကြိမ်မြောက် မီးပုံးပျံ ပျံသန်းမှု ဒီဇင်ဘာလ တတိယပတ်မှ ဇန်နဝါရီလဆန်းအထိ ပြုလုပ်မည်
မြန်မာနိုင်ငံရှိ ခရီးသွားများ သွားရောက်လည်ပတ်မှု များပြားသော နေရာဒေသများသို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက်နေ့အထိ ၁၉ ရက်ကြာ မီးပုံးပျံ ခြောက်လုံးဖြင့် ပျံသန်းရန် စီစဉ်နေကြောင်း Golden Express ခရီးသွားကုမ္ပဏီမှ သတင်းရရှိသည်။ ယင်းမီးပုံပျံ ခရီးစဉ်မှာ (၁၅) ကြိမ်မြောက် ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင် မီးပုံးပျံခြောက်လုံးဖြင့် အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပျံသန်းမည်ဖြစ်ကာ လေထီးခုန်ချမည့် အစီအစဉ်လည်းရှိကြောင်း သိရှိရသည်။
“တစ်နေ့ကို နှစ်ကြိမ်၊ မနက်ပိုင်း ခပ်စောစောနဲ့ ညနေပိုင်း နေ၀င်ချိန်လောက်ကို ပျံသန်းဖို့ စီစဉ်ထားပါ တယ်။ သူတို့က မြောက်ဦးကိုပါ သွားချင်တာ။ ဒါပေမယ့် ကျွန်တော်တို့က စီစဉ်မပေးနိုင်ဘူး။ သူတို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ တာဝန်ယူရမှာဆိုတော့ အာမမခံနိုင်ဘူး။ အဲဒါကြောင့် ဒီခရီးစဉ်ကိုပဲ စီစဉ်ပေး ဖြစ်တာပါ။
မီးပုံးပျံမောင်းမယ့် သူက ခုနစ်ယောက်နဲ့ လေထီးခုန်မယ့် ယောကျာ်းလေးက နှစ်ယောက်ပါမယ်။ သူတို့ပျံသန်းတဲ့ တစ်ချိန်လုံးကို မီးပုံးပျံသယ်ဖို့အတွက် ဒိုင်နာကားသုံးစီးနဲ့ မီးပုံးပျံစီးတဲ့အဖွဲ့တွေ စီးဖို့အတွက် ကားတွေနဲ့ တောက်လျှောက် လိုက်မှာဆိုတော့ တစ်နာရီလောက်ပဲ ပျံသန်းဖြစ်ပါမယ်” ဟု Golden Express ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင့်နောင်က ပြောကြားခဲ့သည်။
ယင်းခရီးစဉ်တွင် ဆွစ်ဇာလန်နိုင်ငံမှ Mr.Peter Blaser တို့ စုံတွဲက ဦးဆောင်မည်ဖြစ်ပြီး ဂျာမနီ၊ သြစတြေးလျနှင့် ပြင်သစ် စသည့်နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၂၉ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းအဖွဲ့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ နှစ်စဉ်နှစ်တိုင်း မီးပုံးပျံ စီးနင်းပျံသန်းပြီး ယခုကဲ့သို့ လာရောက် လည်ပတ်လေ့ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။