Sunday, December 2, 2012
SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက် နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သွယ်တန်းမှု ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဟာ စင်ကာပူ နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အချို့ကို သွယ်တန်း နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ချောင်းသာ သို့မဟုတ် ငွေဆောင် ကမ်းခြေ တစ်ခုခုမှ ခန့်မှန်းခြေ ရေမိုင် ကီလိုမီတာ ၂၀၀ ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အတွက် SE-ME-WE-5 ဖိုက်ဘာကြောင်းနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖိုက်ဘာ ဆက်ကြောင်းနဲ့ ချိတ်ဆက်မှု ကိုတော့ လာမယ့် ၅ လအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ချိုင်းနား ယူနီကွန်း နဲ့ တည်ဆောက်ရေး လုပ်ငန်းများ သဘောတူ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
Myanmar Express
မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based Charging စနစ်အား ဆက်လက်သုံးစွဲမည့် အစီအစဉ် ကြေညာ
နိုဝင်ဘာ ၃၀ ရက်နေ့တွင် မီဒီယာများနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနှင့် ပြည်သူလူထု မိုဘိုင်းဖုန်း အင်တာနက်ကို ဈေးနှုန်းသက်သာစွာနှင့် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးတို့ အတွက် ယခုကြေညာထားသည့် Volume Based Charging စနစ်ထက် ပိုမိုကောင်းမွန်စွာနှင့် ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည့် နည်းလမ်းများကို အသေးစိတ် ထပ်မံစိစစ်လျက် ရှိသည်။ ယင်းသို့ စိစစ်နေစဉ်အတွင်း လက်ရှိ အသုံးပြုနေသည့် Time Based Charging စနစ်ကိုသာ ဆက်လက်သုံးစွဲသွားမည် ဖြစ်သည်။ အသေးစိတ် ထပ်မံစိစစ် ရရှိသည့် နှုန်းထားသစ်ကို ၁-၁-၂ဝ၁၃ ရက်မှ စ၍ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြ ထားပါသည်။
Myanmar Express
Myanmar Express
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ရွေးချယ်ခန့်ထား သွားမည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာမှ ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်။
အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁ ဖြင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၃၈၆/၂၀၁၂) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ရွေးချယ် ခန့်ထားသွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express
ငလျင်ဒေသပြန်လည်ထူထောင်ရန် ကျပ်ငွေ တစ်ဘီလီယံသုံးစွဲ
ငလျင်လှုပ်ခတ်မှု ကြောင့် ပျက်စီးမှု များစွာ ကြုံတွေ့ခဲ့ရသော စစ်ကိုင်း တိုင်း ဒေသကြီးတွင် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ လုပ်ဆောင် ရန် ပြည်ထောင်စု အစိုးရက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအား ကျပ်ငွေ တစ်ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။
ယင်း တစ်ဘီလီယံမှာ အရေးပေါ် ကာလ ကယ်ဆယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လျာထားသော သဘာဝဘေး ဘက်ဂျက်ထဲမှ သုံးစွဲမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။
“ဘယ်လို အသုံးပြုမယ်ဆိုတာက တိုင်းဒေသကြီး အစိုးရနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးတို့က ဆုံးဖြတ်မှာပါ၊ ယဉ်ကျေးမှု အဆောက်အဦးနဲ့ လမ်း တံတား တွေကိုလည်း ပြင်ဆင်ဖို့ အသုံးပြု သွားမှာပါ” ဟု ၄င်းက ဆိုသည်။
တိုင်းဒေသကြီး အစိုးရသည် ဒေသ လိုအပ်ချက်ကို ပြည်ထောင်စု အစိုးရ ထက် ပိုမိုနားလည် သိရှိသဖြင့် ကျန်းမာရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပညာရေး တို့အတွက် အသုံးပြုရာတွင် မည်သည့် ဒေသကို ဦးစားပေး လုပ်ဆောင်မည်၊ မည်သို့ အသုံးပြုမည်ကို တိုင်းဒေသကြီး အစိုးရ ကသာ ဆုံးဖြတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
စစ်ကိုင်းတိုင်း ဒေကြီး ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင် အကွာကို ဗဟိုပြုကာ ရစ်ခ်ျစတာစကေး ၆ဒသမ ၈ ဖြင့် နိုဝင်ဘာလ ၁၁ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေ (အင်းဝ) ရှိ သာသနိက စေတီအချို့ အပျက်အစီး များ ရှိခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် အတွင်း လှုပ်ခတ်ခဲ့သော ငလျင် ဒဏ်ကြောင့် သေဆုံးသူ ၂ ဦး၊ ပျောက်ဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂၆ ဦးနှင့် ပြိုကျ ပျက်စီးသည့် အဆောက်အဦးပေါင်း ၁၁၈ ခု ရှိပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၂၆၉၂. ၅ သိန်းခန့် ရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သတင်း ထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ၇နာရီ ၄၂ မိနစ် အချိန်တွင် ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင် အကွာကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၈ အဆင့် ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ရာ ရွှေဘိုမြို့နှင့် ပတ်ဝန်းကျင် ဒေသ များ ပြင်းထန်စွာ ထိခိုက် ပျက်စီးခဲ့ရသည်။
Myanmar Daily Star Group
လျှပ်စစ်မီးမလိုသော iPhone အားသွင်းစက်
iFan အမည်ရ ပစ္စည်းလေး ဖြစ်ပါတယ်။ အိုင်ဖုန်း တစ်လုံး အားပြည့်သွားဖို့ ၆ နာရီတော့ အချိန်ပေးရမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီး လုံးဝမလိုပါဘူး။
လေတိုက်ဖို့တော့ လိုပါတယ်။ ဒါကြောင့် စက်ဘီးစီးတဲ့အခါ လက်ကိုင်တန်မှာ တပ်ဆင်လို့ ရအောင်ပြုလုပ်ပေးထားပါတယ်။ ကားစီးတဲ့ အခါ ပြတင်းပေါက် ဘောင်မှာ အဆင်ပြေပြေ တပ်ထာလို့ရအောင် လည်း ပြလုပ်ပေးထားပါတယ်။ သို့တည်းမဟုတ် လေကြမ်းကြမ်းတိုက်တဲ့ ကမ်းခြေကို ခရီးသွားတဲ့အခါကျရင် လက်မှာ ကိုင်ပြီး လမ်းလျှောက်ရုံနဲ့ အားပြည့်ပါတယ်။
ပန်ကာလှည့်အောင် ပါးစပ်နဲ့ ထိုင်မှုတ်နေလို့တော့ မဖြစ်ပါဘူး။ ဒီတော့ အိမ်မှာ အဲယားကွန်းမဟုတ်ပဲ လျှပ်စစ်ပန်ကာ သုံးတယ်ဆိုရင် iFan ကို သူ့အနီးမှာထားပြီး အိုင်ဖုန်းအားသွင်းရင် အလိုအလျောက် အားပြည့်ပါ တယ်။ တကူးတကကြီး မပူပေမယ့် ပန်ကာဖွင့်ပြီး iFan ကို မလည် လည်အောင် လုပ်ရင်တော့ လျှပ်စစ်ကုန်တာချည်း ကွာခြားမှု သိပ်ရှိမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ်နေတဲ့နေရာက လေမတိုက်ဘူးဆိုရင်တော့ ဝယ်သုံးဖို့ စိတ်မကူး သင့်ပါဘူး။ လေတဖြူးဖြူး တိုက်တဲ့ နေရာမှာနေတယ်။ အိုင်ဖုန်းကို ပန်ကာတပ်ဖို့လည်း စိတ်ကူးရှိတယ်ဆိုရင် ပုံမှာ ဖော်ပြထားတဲ့ iFan ကို အသုံးပြုနိုင်ပါတယ်။
ဈေးကွက်ဖြန့်ချိပြီး ဖြစ်တဲ့အတွက် Apple ကုန်ပစ္စည်း အဓိက မှာကြားပေး တဲ့ ဆိုင်တိုင်းမှာ ရှာဖွေနိုင် ပါတယ်။
Ref: igadgets
Aung Kham (TSJ team)
TechSpace Journal
Myanmar Express
ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ
သြဝါဒခံယူရန် ရောက်ရှိလာသည့် မုံရွာရဲများကို ဒေသခံပြည်သူများက ဝိုင်းကြည့်နေစဉ်
(ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြ၀ါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။
နေ့လည် ၂ နာရီတွင် သြ၀ါဒခံယူပွဲဟု အမည်ပေးထားသည့် အစီအစဉ်သို့ ဆရာတော် အပါး ၂၀ ဖိတ်ခဲ့သော်လည်း ၁၀ ပါးသာ အချိန်အတော်နောက်ကျမှ ကြွရောက်လာသည်။
အစီအစဉ်တွင် ဒဏ်ရာရ သံဃာအများစု ပါဝင်သည့် ဇောတိကကျောင်းတိုက်မှ ဆရာတော်ကို သြ၀ါဒပေးရန် ထည့်သွင်းခဲ့သော်လည်း ဆရာတော် ကြွရောက်လာခြင်း မရှိသဖြင့် အုတ်ကန်ကျောင်း ဆရာတော်က သြ၀ါဒပေးသည်။
စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက သပိတ်စခန်းမှ သံဃာတော်များကို လူစုခွဲရာတွင် လူအင်အားအနည်းဆုံး တတ်နိုင်သမျှ ထိခိုက်မူမရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတို့ကိုသာ အသုံးပြုခဲ့သည်ဟု ပြောနေသည့် အချိန်တွင် ၀င်ရောက် နားထောင်နေသည့် ဒေသခံလူစုက ညာနေတာ၊ လိမ်နေတာဟု အသံပြုခဲ့ကြသည်။
သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထား ခဲ့သည်။
ရဲမှူးကြီး ဦးစန်းယု ဆရာတော်များကို လျှောက်ထားအပြီးတွင် ဆေးရုံသို့ရောက်နေသည့် သံဃာများအတွက် လှူဖွယ်ပစ္စည်းများ ကပ်လှူသည့်အခါတွင် ၀င်ရောက် နားထောင်နေသည့် မုံရွာလူထု ၈၀ ကျော်က မကျေနပ်ကြောင်း ပြောဆိုကာ အခမ်းအနားပြုလုပ်နေသည့် သာသနာ့ဗိမာန်မှ ထွက်ခွာသွားခဲ့သည်။
“ဒါက ဆင်ခြေပေးတာပါ။ သူတို့ပြောချင်တာပြောတာ၊ ပြည်သူတွေက ဘာမှ မသိဘူး။ ဒီလိုမျိုး အခမ်းအနား လုပ်မယ်ဆိုတာလည်း မသိရပါဘူး။ ပင့်လာတဲ့ဘုန်းကြီးတွေကလည်း ဒီကိစ္စနဲ့ဘာမှ မပက်သက်တဲ့သူတွေ ” ဟု သာသနာ့ဗိမာန် အပြင်ဘက်သို့ အော်ဟစ်ကာထွက်လာသူ မုံရွာမြို့ခံတဦးက ပြောသည်။
“တောင်းပန်ပါတယ်၊ မှားပါတယ်လို့ တခွန်းမှ မပြောသွားဘူး။ ပြောတဲ့လေသံကလည်း မာထန်နေတာပဲ။ မီးခိုးဗုံးပဲ သုံးတယ်ဆိုရင် ဘယ်လိုလုပ် မီးလောင်တာလဲ။ ဒီလိုပြောတာတွေကို မုံရွာကလူတွေ လုံးဝလက်မခံသလို မကျေနပ်ဘူးလို့ ပြောပါရစေ” ဟု ယင်းမြို့ခံက ပြောသည်။
“ကန်တော့တောင်းပန်တဲ့သူတွေက အနောက်ဘက်ကမ်းက လူတွေ ပါ မပါ မသိဘူး ” ဟု ယင်းသြ၀ါဒခံယူပွဲသို့ တက်ရောက်လာသူ ရဲအရာရှိတဦးက ပြောသည်။ လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးကြီး ဦးစန်းယုက “ဖြေဖို့ကို မရှိတာ” ဟု မီဒီယာများ၏ အမေးကို တုန့်ပြန်ခဲ့သည်။
“ဘုန်းကြီးတို့ လုံးဝလက်မခံပါဘူး။ သွားစရာအကြောင်းလဲ မရှိပါဘူး ” ဟု သပိတ်အောင်မြင်ရေးကော်မတီမှ ဆရာတော် ဦးတေဇက ပြောသည်။
ယင်းသြ၀ါဒခံယူပွဲနှင့်အပြိုင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ရှုတ်ချသည့်လှုပ်ရှားမူ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သြ၀ါဒခံယူပွဲ ပြုလုပ်စဉ် ပြင်ပတွင် မုံရွာမြို့သားများက ၀ိုင်းအုံကြည့်ရှုခြင်းသာ ပြုလုပ်ခဲ့သည်။
ထိုသြ၀ါဒခံယူပွဲသို့ မုံရွာမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး ဆရာတော်အပါး ၂၀ သို့ ဒဏ်ရာရ ကိုယ်တော်များအတွက် စောင်၊ သင်္ကန်းနှင့် တခြားပစ္စည်းများ လှူဒါန်းခဲ့သည်။
http://burma.irrawaddy.org/archives/27036
ပင်လယ်ထဲမှ ရေကူးလာသည့် ဘင်္ဂလီ ၂ ဦးကို မာန်အောင် ရဲကျွန်းတွင် ဖမ်းဆီးမိ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့က ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။
“ သူတို့ကို ပင်လယ်ထဲက ရေကူးလာပြီး လယ်တဲ တစ်ခုမှာ နားနေစဉ် ရွာသားတွေက ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ သူတို့က ရခိုင်စကားလည်း မပြော တတ်ဘူး။ ကုလားစကား တတ်တဲ့ သူတစ်ယောက် က မေးကြည့်တော့ ဘင်္ဂလာနိုင်ငံ တက်ကနက်လို့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
သူတို့အား ဖမ်းဆီးမိပြီးနောက် အထက်သို့ တိုင်ကြားရာ နေ့လည် ၂ နာရီခန့်တွင် မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး မာန်အောင်မြို့သို့ ခေါ်ယူသွားသည်ဟု သိရသည်။
“ ကျွန်တော်တို့က ဘာမှ မလုပ်ပါဘူး။ သူတို့က ဒုက္ခရောက်နေတော့ ကယ်ဆယ်ထားပြီး သက်ဆိုင်ရာကို အပ်လိုက်ပါတယ်။ သူတို့ကို တရား ဥပဒေနဲ့ အညီ ဆောင်ရွက်ရင်ပြီးပါပြီ” ဟု ဒေသခံက ပြောသည်။
သူတို့သည် ပင်လယ်ထဲရှိ စက်လှေပေါ်မှ ကူးပြီးလာသူများဟု ပြောကြောင်း၊ တစ်ခြား လူများ ရှိသေးသလား၊ စက်လှေက ဘယ်နားမှာရှိနေသလဲ၊ ဘာကြောင်းလာသလဲဟု မေးမြန်းရာ နားမလည်ဟု ဆိုကာ တစ်ခွန်းမှ ပြန်မပြောကြောင်း ဒေသခံများက ပြောသည်။
မာန်အောင်မြို့နယ် ရဲကျွန်းတွင် တောင်ပိုင်းရွာနှင့် မြောက်ပိုင်းရွာဟု အိမ်ခြေ ၅၀၀ ခန့်ရှိ ရွာ (၂) ရွာရှိပြီး အဆိုပါ ဘင်္ဂလီ (၂) ဦးကို ဖမ်းဆီရမိပြီးနောက် ရွာ (၂) ရွာ၏ လုံခြုံရေးကို တိုးမြှင့်လိုက်သည်ဟု ရွာသူ တစ်ဦးက ပြောသည်။
“ အခုက ရွာမှာလူတွေ ကင်းလှည့်နေကြတယ်။ ညဆိုရင်လည်း ကင်းချပြီး ရွာတွေကို စောင့်ကြပါတယ်။ အခု သတင်းကြားတာက ရေလယ်မှာ စက်လှေနဲ့ နောက်ထပ် လူတွေ ရှိတယ်လို့ ကြားရတယ်။ ဟုတ် မဟုတ်ကိုလည်း မသိတော့ ရွာက လူတွေလည်း သွားမကြည့်ရဲဘူး။ ဒါပေမယ့် အဖေတို့က အခု ကမ်းနားကို ထွက်သွားကြတယ်” ဟုသူမက ဆိုသည်။
ယခုကဲ့သို့ ဘင်္ဂလီ ၂ ဦး ရေကူးပြီး ကျွန်းပေါ်တက်လာသဖြင့် ကျေးရွာသားများ အနေဖြင့် လုံခြုံရေး စိုးရိမ်နေကြသည်ဟု သူမက ဆိုသည်။
လွန်ခဲ့သော နိုဝင်္ဘာလ ၂၅ ရက်နေ့ကလည်း စက်လှေပျက်၍ ကမ်းကပ်လာသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၄၇ ကို ကျောက်ဖြူတွင် ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင် စက်ကို ပြန်လည် ပြုပြင်ပေးပြီး အစားရေစာများ ကူညီကာ ပင်လယ်ထဲကို ပြန်လွှတ်လိုက်သည်ဟု သိရသည်။
ဒီကပါ၊

ရန်ကုန်တိုင်းဒေသကြီးအတွက် ငွေကျပ်တစ်သိန်းခွဲအောက် GSM ဖုန်းအလုံးရေတစ်သန်း ချပေးသွားမည်
၂၀၁၃ ဇန်န၀ါရီလတွင် ထွက်ရှိလာမည့် တစ်သိန်းခွဲအောက် GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွက် အလုံးရေတစ်သန်းခန့်ချထားပေးသွား မှာဖြစ်တယ်လို့မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြား ချက်အရ သိရ သည်။
“အခုလိုချထားပေးရာမှာ လည်း ရန်ကုန်တိုင်းဒေသကြီးမှာ တင်မကဘဲ မန္တလေးတိုင်းဒေသကြီး မှာတော့ ဖုန်းလိုင်း (၂) သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့မှာတော့ ဖုန်းလိုင်းခြောက်သောင်းခန့်တပ် ဆင်ပေး သွားမှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ သည်။
အဆိုပါတန်ဖိုးနည်းဖုန်းများ တပ်ဆင်မှုကိုတော့ယခုနှစ်အတွင်း အပြီးပြုလုပ်သွားနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပကုမ္ပဏီ (၃) ခုဖြစ်သောHawei၊ ZTE နှင့် ASBတို့နဲ့လည်း စာချုပ်ချုပ်ဆို ထားကြောင်း သိရ သည်။
http://www.hotnewsweekly.com/archives/14470

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်ကုမ္ပဏီတွေ ထွက်သွားရေး သံဃာနဲ့ ပြည်သူတချို့ ချီတက်ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၂)။
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်း မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်သွားရေး တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ကို ရာနဲ့ချီတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေဟာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ သံရုံးရှေ့မှာတော့ လုံထိန်းရဲတွေက လုံခြုံရေးအပြည့် ယူထားပြီး ဆန္ဒပြသူတွေဘက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။ ဒီအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်ပိုင်းက မုံရွာမှာ ကြေးနီတောင် စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုကြတဲ့ သံဃာတော် တွေရဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေဘက်က မျက်ရည်ယိုဗုံး၊ မီးလောင်းဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နောက်ပိုင်း ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မှာ ဒုတိယမြောက်နေ့အဖြစ် စနေနေ့မှာ သံဃာ အပါး ၅၀ လောက်နဲ့ လူအင်အား ၂၀၀ ကျော်ကနေ ဆက်လက် ဆန္ဒပြခဲ့ကြတာပါ။ အဓိကကတော့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားရေးနဲ့ နောင်အခါ အခုလို အာဏာပိုင်တွေဘက်က ဓာတုပစ္စည်းတွေ အသုံးပြုပြီး ဖြိုခွင်းတာမျိုးကို လက်မခံကြောင်း၊ ဒီကိစ္စတွေကို အာဏာပိုင်တွေဘက်ကနေ တာဝန်ယူပေးရမယ် ဆိုတာတွေကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးပဉ္စင်း ဦးဇောတိပါလ က အခုလို မိန့်ကြားခဲ့ပါတယ်။
“ကြေးနီတောင်စီမံကိန်း ဆန္ဒပြတဲ့ သံဃာတွေကို ရက်ရက်စက်စက် လူသားမဆန် အာဏာရှင်ဆန်ဆန် လုပ်တဲ့အတွက်ကို ဦးပဉ္စင်း တို့က ရင်ထဲမှာ မချိလွန်းတဲ့အတွက်ကို လာပြီးတော့ ဆန္ဒထုတ်ဖော်တာပါ။ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို ဒီလိုလုပ်တယ်ဆိုတာဟာ သူတို့က ဘာလူမျိုးတွေလဲ၊ ဘယ်လို နိုင်ငံသားတွေ လဲ။ ပြည်ပနိုင်ငံသားတွေလည်း မဟုတ်ဘဲနဲ့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ လူတွေက ကိုယ့်ဗုဒ္ဓဘာသာ သာသနာ့ ခေါင်းဆောင်တွေကို ဒီလို လုပ်တယ်ဆိုတာ ဘယ်လိုမှ လူသားမဆန်တဲ့ အတွက်ကြောင့်မိုလို့ ဦးပဉ္စင်းတို့က ရင်ထဲ မချိလွန်းလို့ မိုလို့ တရုတ်နိုင်ငံ သံရုံးကို လာပြီးတော့ ဦးပဉ္စင်းတို့က တောင်းပန်တာပါ။ မလုပ်ပါနဲ့။ နောက် အစိုးရ ၀န်ထမ်းတွေ သံဃာ့ဒဏ်တွေ မသင့်ပါစေနဲ့လို့ ဆိုပြီးတော့ ဦးပဉ္စင်းတို့ကနေ ပြီးတော့ မေတ္တာရှေ့ထားပြီးတော့ လာပြီး ဆန္ဒထုတ်ဖော်ပြီး တားမြစ်တာပါ။”
တရုတ်သံရုံးရှေ့မှာတော့ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း အဲ့ဒီမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးက အခုလို ပြောပြပါတယ်။
“လုံထိန်းအဖွဲ့ကလည်း အေးအေးဆေးဆေး ပါပဲ။ သူတို့ဘာမှ ပြဿနာ မရှာဘူးလေ။ အဲဒီသံရုံး အရှေ့ကိုတော့ မလာဖို့တော့ ၀ါယာတွေ ချပြီး တားထားတယ်။ သံရုံး အရှေ့မှာတော့ လုံခြုံရေး လုံထိန်းကားတွေ ရပ်ထားတာ တွေ့တယ်။ လုံထိန်းကား ဆိုတာ လုံထိန်း အရာရှိ ကားတွေပေါ့ဗျာ။ နစ်ဆန်းပက်ထရို တို့၊ ဟိုင်းလက် တို့ အဲဒီလိုကားမျိုးတွေကို ရပ်ထားတယ်။ ဒီဘက်မှာတော့ လုံခြုံရေးအဖွဲ့က လမ်းကို ပိတ်ထားတာ ဆိုရင်တော့ ခန့်မှန်းချေ အင်အား ၂၀ လောက် ရှိမှာပေါ့လေ။ အဲဒါကတော့ လမ်းကို ဖြတ်ပြီးတော့ ပိတ်ထားပြီးတော့ ရှေ့မှာ ၀ါယာ တားထားတယ်။ အဲဒီတော့ ကျနော်တို့နဲ့ ဒီဘက်က ဘုန်းကြီးတွေနဲ့ လုံထိန်းတွေနဲ့ မျက်နှာချင်းဆိုင်ပဲ ပြောကြတယ်ဗျာ။ ဟိုဘက်က လုံထိန်းတွေ ဘက်ကတော့ ဘာမှ ပြန်မပြောကြဘူး။”
အစောပိုင်း တရုတ်သံရုံးရှေ့ကို ချီတက်ချိန်မှာတော့ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာ မရှိသေးပေမဲ့ ဆက်မလုပ်ဖို့တော့ ဟန့်တားမှုတွေ လုပ်ခဲ့တယ်လို့လည်း အဲ့ဒီ သတင်းထောက်က ပြောပြခဲ့ပါတယ်။ ဆန္ဒပြသူတွေဘက်ကတော့ ဒီကြေးနီတောင် စီမံကိန်းကြီး မရပ်မချင်း ဆက်လက်ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုခိုင်နေလင်း က ပြောပြခဲ့ပါတယ်။
“လက်ပံတောင်းတောင် ကိစ္စက ရပ်တန်းက မရပ်သ၍ ကျနော်တို့ လှုပ်ရှားမှုတွေက ရပ်မှာမဟုတ်ပါဘူး။ အမြဲတမ်း ကျနော်တို့က ကြိုးစားနေမှာပါ။”
ဒါကတော့ ဒီကနေ့ ရန်ကုန် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့အကြောင်းပါ။ မနေ့ကတော့ သံဃာ နဲ့ လူအင်အား ၄၀ လောက်ဟာ ဆူးလေဘုရား ရင်ပြင်တပတ်ပတ်ပြီး လမ်း ၅၀ ထိပ်က မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီရုံးချုပ်ရှေ့ကို ချီတက်ခဲ့ပါသေးတယ်။ လက်ပန်းတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲမှာ အာဏာပိုင်တွေ အကြမ်းဖက်မှုကြောင့် မီးလောင်ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပြီး ဦးပိုင်ကုမ္ပဏီ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ပခုက္ကူဒေသ သံဃာတော်တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေက စနေနေ့မှာပဲ ကြေညာချက်တွေ ထုတ်ပြန် ရှုတ်ချခဲ့ကြပါတယ်။ အပြင်းအထန် နှိမ်နင်းမှုအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မုံရွာမြို့မှာ စနေနေ့က သံဃာအဖွဲ့အစည်းတွေနဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဦးဆောင်တဲ့ လုံခြုံရေး တပ်ဖွဲဝင်တွေ တွေ့ဆုံမှု အတွင်းမှာတော့ ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သံဃာတော်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အပေါ်မှာတော့ တောင်းပန်လိုကြောင်း လျှောက်ထားသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။
ဒီကပါ။
မြန်မာ-ဘင်္ဂလာ နယ်စပ်စီးပွားရေးသမားများ တပတ်အတွင်း ၃၀၀ ကျော် အသွားအပြန်ရှိ
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံကြား နယ်စပ်စီးပွားရေး ကူးလူးဆက်ဆံမှုကို အကြမ်းဖက်သမားများကြောင့် ၅ လနှင့် ၂ ရက်ပိတ်ထားခဲ့ရာမှ နိုဝင်္ဘာလ ၂၄ ရက်နေ့က စတင်ဖွင့်လှစ် ပေးခဲ့ရာ ယနေ့အထိ နိုင်ငံကူးခွင့် တစ်ပတ်ဗီဇာရ ပါ့စ်ပို့ဖြင့် စီးပွားရေးသမား စုစုပေါင်း သွားလာခဲ့သူ ၃၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း နယ်စပ်စောင့်ကြည့်လေ့လာသူများက အတည်ပြုပြောဆိုသည်။
ယင်း နယ်စပ်စီးပွားရေး တစ်ပတ်ဗီဇာပါ့စ်ပို့ဖြင့် အသွားအလာရှိခဲ့သူများမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့ဆိပ်ကမ်းနှင့် ဘင်္ဂလာ တာခ်နာဆိပ်ကမ်းတို့အကြားဖြစ်သည်။
Bagalanအဆိုပါ ၃၀၀ ကျော်အနက် ရခိုင်ပြည်မှ ၂၇၀ ကျော် ဘင်္ဂလာသို့ သွားရောက်ခဲ့ကြောင်းနှင့် ဘင်္ဂလာမှ ၃၀ ခန့် ရခိုင်ပြည်သို့ နယ်စပ်စီးပွားရေးဖြစ်သော ရေလမ်းမှ အပြန်အလှန်သွားရောက်ခဲ့ကြကြောင်း မောင်တောမြို့နှင့် တာခ်နာမြို့တို့မှ နယ်စပ် စောင့်ကြည့်သူများက ပြောသည်။
မြန်မာဘက်မှ နယ်စပ်စီးပွားရေးကို တရားဝင် ပါ့စ်ပို့ဖြင့် ကူးဖြတ်မည့်လမ်းကို နိုဝင်္ဘာ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဘင်္ဂလာ အနေဖြင့် နယ်စပ်စီးပွားရေးလမ်း အမြန်ဖွင့်လှစ်ပေးရန် မြန်မာသို့ အကြိမ်ကြိမ် ပန်ကြားခဲ့ကြောင်း၊ ဘင်္ဂလီ စီးပွားရေးသမားများက ၂၆ ရက်နေ့တွင် တပတ်ပါ့စ်ပို့ဖြင့် ၂ ဦး၊ ၂၇ ရက်နေ့တွင် ၅ ဦး၊ ၂၈ ရက်နေ့တွင် ၆ ဦး၊ ၂၉ ရက်နေ့တွင် ၅ ဦး၊ ၃၀ ရက်နေ့တွင် ၈ ဦးနှင့် ဒီဇင်္ဘာ ၁ နှင့် ၂ ရက်နေ့တို့တွင် စုစုပေါင်း ၃၀ ခန့် ရခိုင်ပြည်သို့ တရားဝင် လာရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ရခိုင်ပြည် မောင်တောမြို့နယ် လ၀ကတွင် ခွင့်ယူပြီး မြန်မာ့စီးပွားရေးသမားများက ၂၄ ရက်နေ့တွင် ၅ ဦး၊ ၂၅ ရက်နေ့တွင် ၁၅ ဦး၊ ၂၆ ရက်နေ့တွင် ၂၅ ဦး၊ ၂၇ ရက်နေ့တွင် ၄၁ ဦး၊ ၂၈ ရက်နေ့တွင် ၂၇ ဦး၊ ၂၉ ရက်နေ့တွင် ၆၂ ဦး၊ ၃၀ ရက်နေ့တွင် ၆၆ ဦးနှင့် ဒီဇင်္ဘာ ၁ နှင့် ၂ ရက်နေ့တို့တွင် စုစုပေါင်း ၂၇၀ ကျော် ဘင်္ဂလာသို့ တရားဝင် သွားရောက်ခဲ့ကြောင်း လ၀က စာရင်းများက ဆိုသည်။
မြန်မာ့တင်ပို့ကုန်များမှ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ တာကာ ၆၂၄၀၀၀၀၀ အား တာခ်နာဆိပ်ကမ်း အကောက်အခွန်ဋ္ဌာနမှ နိုဝင်္ဘာလအတွင်း ရရှိခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ယင်းအကောက်အခွန်ဋ္ဌာနမှ နိုဝင်္ဘာအတွင်း တာကာ ၅၆၁၀၀၀၀၀ ရရှိရန် ခန့်မှန်းထားခဲ့ကြောင်းနှင့် ဘင်္ဂလာမှ မြန်မာသို့ ကုန်ပစ္စည်း တာကာ ၁၁၈၀၀၀၀၀ တန်ဖိုးအား နိုဝင်္ဘာအတွင်း ပို့ဆောင်ခဲ့ကြောင်း နယ်စပ်စီးပွားရေးသတင်းများက ဆိုသည်။
တခြားတဘက်တွင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စီးပွားရေးအရ အသွားအလာရှိနေကြသူများမှာ တပတ်ပါ့စ်ပို့ဖြင့် မဟုတ်ဘဲ နစက-BGBများနှင့် နားလည်မှုယူပြီး နယ်စပ်အတွင်း စီးပွားရေးလုပ်နေသူများနှင့် မှောင်ခိုလုပ်နေသူများလည်း အများအပြားရှိနေသေးကြောင်း နှစ်နိုင်ငံနယ်စပ်စီးပွားရေးသမားများက ဆိုသည်။

UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ
UWSA ဒုဥက္ကဌကျောက်ဝင်ကွမ်း
ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP ဒုဥက္ကဌကျောက်ဝင်ကွမ်း လေဖြတ်ရောဂါ ခံစားနေရကြောင်း ၀ တပ်ဖွဲ့ အရာရှိများ သတင်းရပ်ကွက်ကဆိုပါသည်။
“ကျောက်ဝင်ကွမ်းဟာ ၀ တပ်ဖွဲ့ထဲမှာ သက်တမ်းရင့်တဲ့ သူ အတွေ့အကြုံများတဲ့သူ တယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ်ခေတ်ကတည်းက ၀ တပ်ဖွဲ့ ထဲမှာတာဝန်ထမ်းဆောင်လာခဲ့တဲ့ သူဘဲ” ဟု ၀ တပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမှ အရာတဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ထို့အပြင် ကျောက်ဝင်ကွမ်းသည် ခွန်ဆာ၏ မုံးတိုင်း တပ်မတော် နှင့် လွယ်လန်းတိုက်ပွဲ (၁၉၈၉ မှ ၁၉၉၆ အထိ) တွင်လည်း ပါဝင်ခဲ့သူတဦးဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ တွင် ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ၁ ရှောက်မင်လျှံ၊ ဒုဥက္ကဌ ၂ ကျောက်ဝင်ကွမ်းတို့ဖြစ်သည်။ ဒုတိယ စစ်သေနာပတိချုပ်မှာ ကျောက်ကျုံးတန်းနှင့် တာ့အိုက်လွန်းတို့ဖြစ်သည်။
ဥက္ကဌကြီး ပေါက်ယူချမ်း၏ လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေး ပါတီတွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်း ရှိသေးကြောင်းပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးကပြောသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်ကြသည်။
တဖက်တွင်လည်း ယခုနှစ် ဩဂတ်စ်လက UWSA တပ်မတော်၏ အကြီးဆုံးတပ်မဟာတခုဖြစ်သော မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၏ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု အား မိုင်းပေါက် အုပ်ချုပ်ရေးမှူး အဖြစ် ရာထူးပြောင်းပြီးနောက် ၎င်းနေရာတွင် ပေါက်ယူချမ်း၏တူတော်စပ် သည့် တာ့ပန်းအား အစားထိုးခန့်အပ်ရာ နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ တာဝန်များ စတင်ထမ်းဆောင် နေပြီဖြစ် ကြောင်း ၀တပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။
တာ့ပန်းသည် ၂၀၀၅ ခုနှစ်က ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် ဖမ်းဆီးမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရပြီး ရခိုင်ပြည်နယ် အကျဉ်းထောင်မှ ယခုနှစ်ဆန်းပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူဖြစ်သည်။

အမေရိကန်တက္ကသိုလ် ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးပူးပေါင်း မြှင့်တင်မည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေး၌ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်
အမေရိကန်တက္ကသိုလ်များဆိုင်ရာ ကိုယ်စားလှယ် IIE ဥက္ကဋ္ဌ Allan လာရောက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည့်ရန်ကုန်တက္ကသိုလ်အား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ တက္ကသိုလ်ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Institute of International Education (IIE) မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ယင်းဝက်ဆိုက်၌ သတင်းထုတ်ပြန် ဖော်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမေရိကန်နိုင်ငံအခြေစိုက် ထင်ရှားသည့် တက္ကသိုလ်များဖြစ်သော မက်ဆာချူးဆက်တက္ကသိုလ်၊ ဆမ်ဖို့ဒ်တက္ကသိုလ်၊ ၀ါရှင်တန်တက္ကသိုလ်၊ အရီဇိုးနားတက္ကသိုလ်၊ ဟာဝိုင်အီပစိဖိတ် တက္ကသိုလ်၊ ဘောလ်တက္ကသိုလ်၊ မြောက်အီလီနွိုက်တက္ကသိုလ်၊ မြောက်အရီဇိုးနားတက္ကသိုလ်နှင့် အမေရိကန် တက္ကသိုလ်များမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီး မည်သည့်တက္ကသိုလ်များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်သွားမည်ကို ဖေဖော်ဝါရီလ အတွင်း ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် သိရှိရဖွယ်ရှိကြောင်း သိရသည်။
မက်ဆာချူးဆက်တက္ကသိုလ်၊ ဆမ်ဖို့ဒ်တက္ကသိုလ်၊ ၀ါရှင်တန်တက္ကသိုလ်၊ အရီဇိုးနားတက္ကသိုလ်၊ ဟာဝိုင်အီပစိဖိတ်တက္ကသိုလ်၊ ဘောလ်တက္ကသိုလ်၊ မြောက်အီလီနွိုက်တက္ကသိုလ်၊ မြောက်အရီဇိုးနား တက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ်များမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မည် . . .
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း IIE ဥက္ကဋ္ဌ Allan သည် အမေရိကန် တက္ကသိုလ်များဆိုင်ရာ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာ နေထိုင်မည်ဖြစ်ကာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပညာရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာတက္ကသိုလ်များမှ တာဝန်ရှိသူများအနေဖြင့် ၄င်းတို့၏ ပညာရေး ဦးစားပေးလုပ်ဆောင်မည့် အချက်များအား ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း IIE ၀က်ဆိုက်ဘ်တွင် ဖော်ပြထားချက်အရလည်း သိရှိရပါသည်။
လက်ရှိတွင် ရန်ကုန်တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်တို့ ပညာရေးမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ်၌ မဟာဘွဲ့လွန်တန်း၊ ဘွဲ့ကြိုသင်တန်းများအား ဖွင့်လှစ်နိုင်ရန် ပူးပေါင်းမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့အပြင် ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံအတွင်း မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား ဆည်းပူးနေသူ ၇၉၆ ဦး ရှိကြောင်း IIE ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဒီကပါ။

+(5).jpg)