Monday, November 26, 2012

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင် စက်ရုပ် ပညာရှင်


စက်ရုပ်လို့ သိထားကြတဲ့ (Robot) ဆိုတဲ့ စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလို ဗက်ကီးယား စာရေး ဆရာ Karel Capek က သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင် အသုံးပြု ခဲ့တယ်လို့ ဆိုကြပါတယ်။

Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက် လာတာဖြစ်ပြီး ချက်ဘာသာ စကားအရ အလုပ်ကို တကုပ်ကုပ် လုပ်နေရတဲ့ အလုပ်သမား၊ စလိုဗက်ခ်ဘာသာ စကားအရ အလုပ်လို့ ဆိုလိုကြောင်း သိရပါတယ်။

မှတ်တမ်းများ အရ ရှေးဦး စက်ရုပ်ကို ၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ ဂျက်ကွက်ရက်က တည်ဆောက် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စက်ရုပ်ဟာ စာရေးတဲ့ စက်ရုပ်ဖြစ်ပြီး စာလုံးလေးဆယ်ကျော်ရေးသားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ရှေးဦး စက်ရုပ်တွေထဲက ကျွန်တော် သဘော အကျဆုံး စက်ရုပ်ကတော့ ဂျပန် ပညာရှင် တစ်ဦး တီထွင်ခဲ့တဲ့ လူတူ စက်ရုပ်ဖြစ်ပါတယ်။

ဂျပန် အက်ဒီဆင်လို့ ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့လူတူစက်ရုပ်ပါ။

အဲဒီ စက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ လိုက်ပို့ပေးနိုင်သလို မြှားကျည်တောက်ထဲက မြှားကိုလည်း ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန် အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စက်မှု လုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို လွန်ခဲ့တဲ့နှစ်များစွာ အတွင်း အင်ဂျင်နီယာ တစ်ဦးက အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့ဖူးပါတယ်။ အဲဒီမြန်မာ့ရှေ့ဆောင် စက်ရုပ် ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။

ဆရာဦးကြည်ကို ၁၉၃၄ ခုနှစ်၊ ဇွန်လ၊ ၁ရက်နေ့၊ ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က ထားဝယ်မြို့ အထက်တန်းကျောင်းမှာ ပညာ သင်ကြား ခဲ့ပါတယ်။

ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန် စက်မှု လက်မှု သိပ္ပံမှာ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို ဆည်းပူး ခဲ့ပါတယ်။

ဒါပေမယ့် ဆရာဟာ စက်မှုအင်ဂျင်နီယာ ဘာသာ ရက်ကို ပိုစိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၅၄ ခုနှစ်မှာ ဆရာဟာ အင်းစိန် စက်မှုလက်မှု သိပ္ပံမှာ A.G.T.I(civil) ဒီပလိုမာ ဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

နောက်ပိုင်း ဆရာဟာ ကလောစက်မှု လက်မှု သိပ္ပံမှာ လက်ထောက် ကထိက အဖြစ် တာဝန် ထမ်းဆောင်ပြီးနောက် အမေရိကန်ကို နှစ်ရှည် သင်တန်း တက်ရောက်ဖို့ စေလွှတ် ခံခဲ့ရပါတယ်။

နိုင်ငံရပ်ခြားမှာ ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ် တီထွင်ဖို့ အကြံရခဲ့တာလို့ ဆိုပါတယ်။

ဆရာဟာ နိုင်ငံခြားကပြန်လာပြီးတဲ့နောက် အင်းစိန် စက်မှု လက်မှု သိပ္ပံမှာ တာဝန် ထမ်းဆောင်ရင်း စက်ရုပ် တီထွင်ဖို့ စလုပ်ပါတယ်။

ဆရာဟာ တပည့်တွေကို စာသင်ကြားပေးရင်းနဲ့ သက်ဆိုင်ရာ စာအုပ် စာတမ်းများကို ရှာဖွေလေ့လာဖတ်ရှုရင်း တပည့်တွေ အကူအညီနဲ့ အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေ စုဆောင်းပါတယ်။ အဆင်သင့်ဖြစ်သွားတဲ့ အချိန် ၁၉၈၆ ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ ၀ါသနာပါတဲ့ ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင် တီထွင် တပ်ဆင်ကြပါတယ်။

စက်ရုပ်အတွက် ကုန်ကျ စရိတ် အားလုံးကို ထိုစဉ်က စက်မှု၊စိုက်ပျိုးနှင့် အသက်မွေး ပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ခြောက်လ အကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြပါတယ်။

အဲဒီစက်ရုပ်ကို မော်တော်ကား ဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ် တီထွင် ခဲ့တာပါ။ အဲဒီ စက်ရုပ်ဟာ ကောင်းမွန်စွာ ထိုင်နိုင်၊ ထနိုင်၊ လမ်းလျှောက်နိုင်ပြီး ဆေးမှုတ်တဲ့ နေရာမှာလည်း တိကျသေချာတယ်လို့ ဆိုပါတယ်။ ၁၉၈၆ခုနှစ် ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက် အများဆုံး တီထွင်မှုဖြစ်ခဲ့ပါတယ်။

ဆရာဟာ အဲဒီ စက်ရုပ် မထွင်ခင်ကတည်းက အလိုအလျောက် ဖွင့်ပိတ် တံခါး၊ နိုင်ငံခြားမှာ ယခုတိုင် သုံးနေကြဆဲ ကော်ဖီ ရောင်းစက်ကဲ့သို့သော လက်ဖက်ရည် ရောင်းစက်၊ Remote control မော်တော်ကား တို့ကိုလည်း တီထွင်ခဲ့ပြီး ဖြစ်ပါတယ်။

Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင် သိပ်မတွင်ကျယ်သေးတဲ့ အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာလူး အကောင်းနဲ့ အပုပ်ရွေးတဲ့စက်၊ ဘီစကွတ် အမျိုးအစား အဆိုးအကောင်းရွေးတဲ့ စက်တွေလည်း တီထွင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဆရာဟာ စက်ရုပ်ကို လူတို့ရဲ့ အမိန့်ပေး စကား နာခံနိုင်စေရန်နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေးကူညီမှု နည်းပါးခြင်းတို့ကြောင့် လက်လျှော့ခဲ့ရတယ်လို့ဆိုပါတယ်။ ဆရာရဲ့ပြိုင်ပွဲဝင် စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။

ဆရာဟာ ဆက်လက်ပြီး နိုင်ငံ့တာဝန်များကို ရာထူး အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး အောင်ဆန်းစက်မှုလက်မှုသိပ္ပံနှင့် အထွေထွေ ပြုပြင်ရေး ကျောင်းအုပ်ကြီး အဖြစ်မှ ၁၉၉၄ ခုနှစ်မှာ အနားယူ ခဲ့ပါတယ်။

ဆရာရဲ့ ဘ၀ တစ်လျှောက်မှာ နိုင်ငံခြားတိုင်းပြည်များမှ ကုမ္ပဏီတွေက အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ လုံးဝ ထွက်မသွားဘဲ နိုင်ငံအတွက် ပြည်တွင်းမှာပဲ တပည့်တွေကို ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။

အဲဒီ အချိန်တုန်းက စက်ရုပ်တီထွင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့ အလုပ်မှန်း လူတိုင်းသိနိုင်ပေမယ့် ဆရာဦးကြည်ကတော့ အောင်မြင်အောင် လုပ်ဆောင်ပြသွား ခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated circuit)တွေကိုတောင် ပေါပေါများများ သိပ်သုံးနိုင်မယ် မထင်ပါဘူး။

အဲဒီလို IC နဲ့ Gear (ဂီယာ)ခေတ်က အင်ဂျင်နီယာ တစ်ယောက်ဟာ လူတူစက်ရုပ် တစ်ရုပ်ကို အစအဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့အကြောင်း ယနေ့ microprocessor နဲ့ servo motor ခေတ်မှ လူငယ်များ သိရှိအားကျ အတုယူနိုင်ကြစေရန် ရေးသား တင်ပြ လိုက်ရပါတယ်ခင်ဗျာ။

အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်

ဒီကပါ။

မကြောက်တဲ့အပြင် ပြုံးတောင်ပြလိုက်သေးတယ်


ရန်ကုန်တိုင်းဒေသကြီးစက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီ ရဲ့ ကွင်းဆင်းစစ်ဆေးချက်အရ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေ အခြင်အတွယ်မပြည့်မီကြောင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရပါတယ်။ ဒီအရောင်းဆိုင်တွေ ကို ၂၀၁၀ခုနှစ်၊ဇွန်လက စပြီး ခွင့်ပြုပေး ခဲ့တာကြောင့် ဒီနေ့ဆိုရင် (၂)နှစ်ကျော် ခဲ့ပါပြီ။ဆိုင်တွေမှာ ဆီဖြည့်တုန်း ပန့်မှာ ရှိတဲ့ ကိန်းဂဏန်းကိုကြည့်လိုက်ရင်ကွက် တိပါပဲ။ဒါပေမဲ့ ကွက်တိမဖြစ်တာကတော့ ကားရဲ့ဆီတိုင်ကီမှာပါ။ကျွမ်းကျင်ရာ လိမ္မာရာဆိုတဲ့စကားလိုဖြစ်နေလားမသိ ဘူး။ တစ်ခါတလေ သံသယကို ဖျောက် ချင်တာနဲ့ဆီကိုတိုင်ကီထဲမဖြည့်ခိုင်းတော့ ဘဲ ပုံးထဲကို ထည့်ခိုင်းလိုက်တယ်။ တစ် ဂါလံကို (၄.၅)လီတာပဲထားပါတော့။ ရေသန့်ဗူးနဲ့ခြင်ရင် သာမန်ရေသန့်ဗူး (၄)ဗူးခွဲရှိရမှာပါ။ဒါပေမယ့် တစ်ချို့ဆိုင် က(၄)ဗူးနဲ့ လက်တစ်လုံးလောက်ဘဲရှိ တာကို တွေ့ရတယ်။ကိုယ်တွေ့ပါ။

အချင်းမများချင်တာနဲ့ ဆိုင်ပြောင်း ပြီးဝယ်လိုက်တယ်။ဆိုင်(၅)ဆိုင်က ပြည့် ပါတယ်။ ကျန်(၂)ဆိုင်က လက်တစ်လုံး နဲ့နှစ်လုံးဆိုတော့ တစ်ခုခုတော့ လွဲနေ တာသေချာပါတယ်။ခက်တာက ပြည့်တဲ့ ဆိုင်ပဲ လိုက်ဝယ်ဖို့ကလဲ ကိုယ်သွားနေတဲ့ လမ်းနဲတစ်ခြားစီဖြစ်နေရင် အဲဒီဆိုင်ကို ရောက်ဖို့ သွားရတဲ့ လမ်းမောင်းဆီက ပိုကုန်တာမို့ ဘာထူးမှာလဲ။

အရင်ကစက် သုံးဆီကို အစိုးရက ရောင်းတယ်ဂါလံမပြည့်လဲ အစိုးရဈေးနဲ့ရတော့ တန်းစီကျ တာ တစ်မျှော်တစ်ခေါ်ကြီးပဲ။တစ်ချို့ဆို ရင် မိုးလင်းမိုးချုပ်တန်းစီတိုးစားကြတယ်။ တန်းစီဖို့အချိန်မပေးနိုင်တဲ့သူတွေက လမ်းဘေးဆိုင်မှာ ၀ယ်ကြတယ်။အပြင်ဆိုင်ဆို တော့ အရောအနှောလေးတွေပါတတ် တာကြောင့် (အင်)နဲ့မိရင် အင်ဂျင်ကို ဒုက္ခပေးရော။

ဒါကြောင့်အချိန်ပေးရပေမယ့် စိတ်ချရတဲ့ ပန့်ဆိုင်တွေမှာ တန်းစီ ကြတာများပါတယ်။နောက်ပိုင်းစာအုပ်စနစ်ပေါ်လာတယ်။ တစ်နေ့ (၂)ဂါလံနဲ့ တန်းစီတော့။ဒါလည်းအလုပ်မဖြစ်ပြန် ဘူး။

ဒါကြောင့်(၄/၅)ရက်စာ ရောင်းပေး တဲ့စနစ်ကို ပြင်ကြတယ်။စာအုပ်အတု လုပ်တဲ့ ပြဿနာတွေ၊ယာဉ်နံပတ်ပြား ပြောင်းတပ်ထားတဲ့ ပြဿာနာတွေပေါ်ခဲ့ ပြီး နောက်ပိုင်းဈေးနှုန်းထိန်းချုပ်မှုကို လျော့ပေးလိုက်တယ်။ဆီကိစ္စကြောင့် (၂၀၀၇)ခုနှစ် အရေးအခင်းက ဥပမာ တစ်ခုပါ။

ပုဂ္ဂလိက အရောင်းဆိုင်တွေကို ကြည့်ရင် အပြင်အဆင်ကတော့ အပျံ စားပဲ။ညဘက်ဆိုမီးရောင်စုံနဲ့ ၀န်ထမ်း တွေကလဲ ယူနီဖောင်းကိုယ်စီနဲ့ကိုယ်တိုင် ဆင်းပြီး စလစ်ဖြတ်စရာမလိုအောင် ၀န် ဆောင်မှုတွေကောင်းတယ်။တစ်ချို့ဆိုင် တွေမှာ ကားဘီးအခမဲ့လေထိုးလို့ရသလို ရေသန့်ဗူးတောင်လက်ဆောင်ပေးကြ တယ်။ တစ်ခါတလေတော့လည်း ဆီ ထည့်ဖို့စောင့်နေရင် အတင်းလာရောင်း တဲ့ ထီသည်တွေ၊အတင်းလာတောင်းတဲ့ သူတွေရှိပေမယ့် ကြာကြာစောင့်ဖို့မလို တာရယ်၊၀န်ဆောင်မှုတွေကောင်းတာ ရယ်ကြောင့် ၀ယ်ရကျိုးနပ်ပါတယ်။

အခု (၂)နှစ်ကျော်လာတဲ့အခါ အခြင်အတွယ် နည်းနည်းပါးပါးလိုတာကလွဲရင်ပေါ့။

တစ်နေ့က မြောက်ဥက္ကလာမီးသတ် နားက ပုဂ္ဂလိကကစက်သုံးဆီအရောင်း ဆိုင်တစ်ခုမှာဆီဝင်ထည့်ဖြစ်တယ်။ဆိုင်ကပြင်နေဆဲဆိုတော့ အုတ်ပုံ၊သဲပုံ၊ကျောက် ပုံတွေလဲ ရှောင်ပြီးမောင်းရတယ်။ ဆိုးတာက ပန့်ပါပဲ။ပန့်က အဟောင်းကြီးဖြစ် နေတဲ့အပြင်ဂဏန်းတွေကလဲ မြင်တစ် ၀က်၊မမြင်တစ်ဝက်ဆိုတော့ ဘာကိုကြည့် ရမှန်းမသိဘူး။

တစ်ခြားဆိုင်တွေလိုထည့် မယ့်ဆီကို အော်တိုဖွင့်၊အော်တိုပိတ်မဟုတ် ဘူး။ဖွင့်/ပိတ်ခလုတ်ကို တစ်ယောက်က ကိုင်ပြီး တစ်ယောက်က ပိုက်ကိုင်ထား တယ်။ဒါနဲ့ ဘယ်ဂဏန်းကို ကြည့်ရမှာလဲ မေးတော့ ပန့်တိုင်မှာ ကပ်ထားတဲ့စာ ရွက်ကို လက်ညှိုးထိုးပြတယ်။တစ်ဂါလံ ကို(၄.၅)လီတာတဲ့။ အဲဒီ(၄.၅)လီတာ ကြောင့် အချင်အတွယ်မပြည့်တာကို ခု လဲ (၄.၅)လီတာဘဲဆက်လုပ်တယ်။

ဒါနဲ့ အသုံးဝင်လိုဝင်ငြားဆိုပြီး ကားမှာကပ် ထားတဲ့ ရုံးတံဆိပ်ကို လက်ညှိုးထိုးပြ လိုက်တယ်။ကြောက်များကြောက်သွား မလားပေါ့။ပန့်ကိုင်တဲ့ ၀န်ထမ်းက ပြုံးပြီး ပြန်ပြောတယ်။ကျွန်တော်လဲ အဲဒီဌာနက ထွက်လာတာပါဘဲ။မကြောက်တဲ့အပြင် ပြုံးတောင်ပြလိုက်သေးတယ်။ဘာပြောရ မှန်းမသိတာနဲ့ ကားမောင်းထွက်လာရင်း စိတ်ထဲက ရေရွတ်လိုက်မိတယ်။(ပြင်ချိန် တန်ပါပြီ)လို့။

http://www.hotnewsweekly.com/archives/14307

ဒေါပုံမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် လာရောက်တည်းခိုနေသော အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများနှင့် သေဆုံးကြောင်း သိရ

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါပုံမြို့နယ် ဆိပ်ကမ်းသာလမ်းနှင့် န၀ဒေးလမ်းထောင့်ရှိ သီရီစံဟိုတယ်တွင် လာရောက်တည်းခိုနေသော အသက်သုံးဆယ်ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးသည် ၄င်းတည်းခိုရာ အခန်းအတွင်းတွင် ဓားဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းရရှိပါသည်။

''နေ့လည် ၂ နာရီဝန်းကျင်မှာ အခန်းသန့်ရှင်းရေးလုပ်တဲ့ ကောင်လေးက သန့်ရှင်းရေးလုပ်ဖို့ အခန်းထဲဝင်မှ ဓါးဒဏ်ရာနဲ့သေဆုံးနေတဲ့ အမျိုးသမီးကို စတွေ့တယ်လို့ သိရပါတယ်။ ဟိုတယ်ဝန်ထမ်းတွေလည်း သက်ဆိုင်ရာကို အကြောင်းကြားတယ်လို့ သိရပါတယ်။ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို ည ၇ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်မှာ ဟိုတယ်ကနေ သက်ဆိုင်ရာက သယ်သွားတာမြင်ရပါတယ်'' ဟု အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသော ဟိုတယ်သို့ လာရောက်ကြည့်ရှုနေသော ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသော ဟိုတယ်မှတာဝန်ရှိသူ ၀န်ထမ်းတစ်ဦးက ''အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်တာ မှန်ပါတယ်။ ဖြစ်စဉ်ကို မပြောဖို့ကိုတော့ သူဌေးက မှာသွားပါတယ်'' ဟု ပြောပါသည်။

ဒေါပုံမြို့နယ်မှ ရဲအမှုထမ်းတစ်ဦးကလည်း ''သေဆုံးတဲ့အမျိုးသမီးက အသက်သုံးဆယ် ၀န်းကျင်ခန့်ပါ။ သေဆုံးနေတဲ့ အမျိုးသမီးအိပ်ခန်းထဲမှာ တရားခံလို့ ယူဆရတဲ့အမျိုးသားတစ်ဦးရဲ့ ယာဉ်မောင်းလိုင်စင်တစ်ခုကို သက်သေအဖြစ် ရထားပါတယ်။ ယာဉ်မောင်းလိုင်စင်မှာပါတဲ့ အမျိုးသားကို လိုက်လံရှာဖွေဖို့ လမ်းကြောင်းတွေအားလုံးကို အကြောင်းကြားထားပြီး ဖြန့်ကြက်ထားပါတယ်'' ဟု ပြောပါသည်။

ဒေါပုံမြို့နယ်ရှိ ရဲစခန်းအား အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သွားရောက်အတည်ပြု မေးမြန်းရာတွင် အဆိုပါ ရဲစခန်းမှ တာဝန်ကျ ရဲအမှုထမ်းတစ်ဦးက ''ဟိုတယ်မှာ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးမှုဖြစ်ပွားတာ ဟုတ်ပါတယ်။ စခန်းက လူကြီးတွေလည်း အခုဖြစ်စဉ်နောက်ကို လိုက်နေတဲ့အတွက် နောက်နေ့မှ လာရောက်မေးမြန်းပါ'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒီကပါ။

စစ်တွေ - ဘူးသီးတောင် သင်္ဘောကြီးများပေါ်ရှိ လောင်းကစားမှုများအား တင်းကျပ်စွာ တားမြစ်


ရခိုင်ကမ်းရိုးတန်း ရေကြောင်းပို့ဆောင်ဆက်သွယ်ရေးမှ စစ်တွေ-ဘူးသီးတောင်ပြေးဆွဲသည့် သင်္ဘောများပေါ်၌ ဖဲရိုက်၊ ပဆိတ်၊အရက်သေစာ သောက်စားခြင်းအစရှိသည့် မကောင်းမှုများအား တင်းကျပ်စွာ တားမြစ်ဆောင်ရွက်လာရာ ပပျောက်နေပြီ ဖြစ်ကြောင်း ရေကြောင်းပို့ဆောင် ဆက်သွယ်ရေးမှ သင်္ဘောအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

ရေကြောင်းခရီးအကွာအဝေး မိုင်ပေါင်း(၉၀)ကျော်ရှိသော အဆိုပါခရီးစဉ်အား ဒီရေ အတက်အကျ ပေါ် မူတည်၍ ခရီးသွားကြာချိန် စုစုပေါင်း(၉)နာရီမှ(၁၀)နာရီထိ ကြာမြင့်လေ့ရှိကြောင်းကိုလည်း သိရသည်။

ထိုသို့ လမ်းခရီးကြာချိန်များအတွင်း အပျင်းပြေ စိတ်ပြေလက်ပျောက်သဘောဖြင့် အစုလိုက်ဝိုင်းဖွဲ့ ဖဲရိုက်ခြင်း၊ ပဆိတ် လောင်းကြေး ကစားခြင်းနှင့် အရက်သေစာသောက်စားပြီး စိတ်ဆန္ဒအလျှောက် ပျော်ပါးမြူးထူးကခုန်မှုများလည်းရှိရာ ခရီးသွားများအနေဖြင့် အတိတ်တလန့်ဖြင့် စိတ်မချမ်းမသာ ဖြစ်ရခြင်းနှင့် ၄င်းလုပ်ရပ်မှာ ခရီးသွားပုံစံ အင်္ဂါရပ်နှင့်မညီညွတ် သဖြင့် ဌာန၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆင်းစေသည့်အတွက်ယခုကဲ့သို့တင်းကျပ်စွာတားမြစ် ဆောင်ရွက် လာရခြင်းဖြစ်ကြောင်း သိရသည်။

“သင်္ဘောပေါ်မှာ ဘာအကြောင်းကြောင့် ဖဲရိုက်တာ၊ပဆိတ်လောင်းကြေးထိုးတာ၊ အရက် သေစာသောက်စားတာတို့က မပြုလုပ် မပြုအပ်တဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေပါ။ သင်္ဘောကြီးများ( ဓည၀တီ (၁) ၊(၂) ၊(၃) (သင်္ဘောများကို ဆိုလိုခြင်းပါ) စတင်ပြေးဆွဲလာတဲ့ (၁၉၉၆) ခုနှစ်ကတည်း ကပင် ဒီအပြုအမူလုပ်ရပ်တွေကို တားမြစ်လာခဲ့တာပါ။ ဒါပေမဲ့ ခရီးသွား အချို့က ခရီးကြာချိန်ကို အကြောင်းပြပြီး အပျော်စိတ်အပန်းဖြေသဘောဖြင့် တားမြစ်တဲ့ ကြားထဲကပဲ ပြုမူလာတာကို တွေ့ ရပါတယ်။ တစ်ခါတလေမှာ အဲဒီဝိုင်းတွေက ခိုက်ရန်ဖြစ်တာတို့၊ ဆဲရေးတိုင်းထွာတာတို့၊မကြားဝံ့ မနာသာ ရိုင်းပြတဲ့ အော်ဟစ် ဆူညံတာတို့ကြောင်း ခရီးသည်တွေ အထိတ်တလန့် စိတ်မချမ်းမသာ ဖြစ်ရသလို့ ဌာနရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက် ကျဆင်းစေတဲ့အတွက်အခုနှစ်မှစပြီး တင်းကျပ်စွာတားမြစ် ပိတ်ပင် ဆောင်ရွက်လာခဲ့တာပါ“ ဟု အထက်ပါသင်္ဘောသား အရာရှိက ပြောကြားသည်။

ထို့အပြင် သင်္ဘောပေါ်၌ စီးနင်းလိုက်ပါလာသော ခရီးသည်များစားသုံးရန် ထမင်း၊ဟင်းများ ချက်ပြုတ် ရောင်းချခြင်းမှလွဲပြီး အရက်ရောင်းချခြင်း ၊အကြော်အလှော်များ ပြုလုပ်ရောင်းချခြင်းများကိုပါ တင်းကျပ်စွာ တားမြစ်ပိတ်ပင်လာကြောင်းလည်း ၄င်းကဆက်ပြောသည်။

အဆိုပါခရီးစဉ်တွင် နေစဉ် နံနက်(၇း၀၀)အချိန်တွင်စစ်တွေမှ ဘူးသီးတောင်သို့ အသွားတစ်စီးနှင့် ထိုအချိန်အတိုင်း ဘူးသီးတောင်မှစစ်တွေသို့ အလားတူ တစ်စီးနှုန်းဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ရေကြောင်းခရီးစဉ်အတွင်း ပုဂ္ဂလိကမှ ရွှေပြည်တန်၊ မလိခ ၊NCR ရှပ်ပြေးအမြန် ရေယာဉ်များ ၀င်ရောက်ပြေးဆွဲပေးလျှက် ရှိသော်လည်း ခရီးသွားကုန်သည် အများစုတို့မှာ ခရီးဆိုက်ရောက်ချိန် နောက်ကျသော်လည်း စရိတ်စကကျဉ်းသည့်အတွက် အစိုးရပိုင် သင်္ဘောများကိုသာ ရွေးချယ်စီးနင်း လိုက်ပါမှုများကြောင်းကိုလည်းသိရသည်။

“ လောင်းကစားမှုတွေကို ပိတ်လိုက်တော့ စိတ်အေးသက်သာစွာနဲ့ သွားလာရတာ။ အရင်ကဆို ဟိုဝိုင်းက ရန်ဖြစ်လိုက်၊ဒီဝိုင်းက ဆူညံလိုက်နှင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်“ ဟု စစ်တွေ-ဘူးသီးတောင် ပုံမှန်ခရီးသွား ကုန်သည်တစ်ဦးကပြောကြားသည်။

စစ်တွေ -ဘူးသီးတောင် ရေကြောင်းလမ်း မယူမြစ်ကြော နေရာ အချို့၌ရွံ့အနည်များပို့ချလာမှုများကြောင့် မြစ်အောက် ကြမ်းပြင် မြင့်တက်လာမှုကြောင့် ဒီရေအတက်အကျပေါ်မူတည်ပြီး သင်္ဘော၏ ပုံမှန်အမြန်နှုန်ုးကိုလျော့ချမောင်းနှင် လာရခြင်းဖြစ်ရာ အဆိုပါ သင်္ဘောများစတင်ပြေးဆွဲလာသောနှစ်များက စစ်တွေ -ဘူးသီးတောင် ခရီးစဉ်အား (၅)နာရီခန့် အကြာသာခုတ်မောင်းရကြောင်း သိရသည်။

ဒီကပါ။

ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ တွေ့ဆုံမည်

လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ အစိုးရအဖွဲ့အစည်းကြားမှာ ညှိနှိုင်းလို့ မရသေးဘဲ မပြေမလည် ဖြစ်နေတဲ့ ကြေးနီတောင် စီမံကိန်းနဲ့ပတ်သက်တဲ့ အခြေအနေကို သိရဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံဖို့ရှိပါတယ်။ ဒီ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုနဲ့ လယ်ယာမြေ ဆုံးရှုံးမှုတွေ ဖြစ်ရတယ်ဆိုပြီး ဒေသခံတွေက လတွေနဲ့ချီ ကန့်ကွက် ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း မုံရွာမြို့ ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဒေသ အနီးက ဒေသခံပြည်သူတွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောဆိုပါတယ်။

“ဟုတ်ပါတယ်။ ၂၉ ရက်နေ့မှာ ကျမတို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင်ဘက်ကို လာမှာပါ။ လာမယ့်အဓိက အချက်ကတော့ ဒီကနေ့ လက်ပန်းတောင်းတောင် စီမံကိန်းကြောင့်မိုလို့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တွေ့ဆုံ အားပေးဖို့နဲ့ ပြည်သူ့အသံကို နားထောင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင် ပြည်သူတွေဆီကိုပဲ သွားမှာပါ။”

အခုလို လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်းဒေသကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ့်အပေါ် လက်ပန်းတောင်းတောင် ဒေသခံပြည်သူတွေက အားတက်ပြီး ဝမ်းသာနေကြတယ် လို့ မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတခုကို အခုလက်ရှိ ရောက်ရှိနေတဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလိုင်က ပြောပါတယ်။

“အားလုံးကတော့ ၀မ်းသာပါတယ်။ အားလုံးကတော့ ဒါကလည်း အားလုံး လေးစားကြည်ညိုတဲ့ အတွက်ကြောင့်မိုလို့ သူ ဒီကိုလာရောက်မယ် ဆိုတော့ အားလုံးကလည်း မျှော်လင့်နေပါတယ်။”

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ ဒေသခံပြည်သူတွေကြား လအတန်ကြာ တင်းမာမှုတွေဖြစ်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေး ရေတို၊ ရေရှည် အကျိုးသက်ရောက်မှုတွေကို ပညာရှင်တွေကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပေးဖို့ အရေးပေါ်အဆိုကို ပြည်သူ့ လွှတ်တော်မှာ သောကြာနေ့က တင်သွင်းခဲ့တာမှာ အတည်ပြုချက် ရခဲ့တယ်လို့ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ကျမ သောကြာနေ့က ဒီ လက်ပန်းတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီး ဒီစီမံကိန်းရဲ့ ဆိုးကျိုး ဆိုးပြစ်တွေနဲ့ ဒီစီမံကိန်း ရပ်တန့်ဖို့ အခြေအနေ၊ ဒီစီမံကိန်းကြောင့် လက်ရှိပြည်သူတွေ ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေကို လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီးတော့ ပြည်သူလူထု ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်တခုက ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့အတူ ဒီ ကော်မရှင်ကနေပြီးတော့ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးတဲ့ ကော်မရှင်တရပ် အမြန်ဖွဲ့စည်းပေးဖို့ရာ ကျမတို့ တောင်းဆိုထားတဲ့အတွက်ကြောင့် ကော်မရှင် ဘယ်တော့ ဖွဲ့စည်းပေးမလဲ ဆိုတာတော့ ကျမတို့လည်း စောင့်မျှော်နေပါတယ်။ ကော်မရှင် ဖွဲ့စည်းတယ်ဆိုတာလည်း တကယ်တမ်းတော့ ဒီလောက်တော့လည်း ကြာစရာ မရှိဘူး။ ပြည်သူလူထု ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ ဆိုတာကလည်း ကျမတို့တိုင်းပြည်မှာ ဒါတွေက ရှိပြီးသားပါ။ အဲဒီအတွက်ကြောင့်မိုလို့ အလျင်အမြန် ဖွဲ့စည်းနိုင်ရင်၊ အလျင်အမြန် ဖြေရှင်းနိုင်ရင်တော့ဖြင့် အကောင်းဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်မယ်လို့ ကျမတို့လည်း မျှော်လင့်ထားပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဖြစ်နိုင်သလောက် အမြန်ဆုံး ဖြစ်စေချင်ပါတယ်။”

အခုဆိုရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်တန့်ရေးအတွက် ဒေသခံတွေက သပိတ်စခန်းတွေ ဖွင့်ပြီး တောင်းဆိုမူတွေ လုပ်ဆောင်နေတာကို ပြည်ထောင်စုဝန်ကြီး ဦအောင်မင်းနဲ့အဖွဲ့ကလည်း ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ဒေသခံ ဆန္ဒပြခေါင်းဆောင်တွေ၊ ကျေးရွာသူ ကျေးရွာသားတွေနဲ့ လာရောက် တွေ့ဆုံသွားခဲ့ပါတယ်။ ၀န်ကြီး ဦးအောင်မင်းက သူ့အနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ ကတိမပေးနိုင်ဘဲနဲ့ လက်ရှိ အခြေအနေကိုသာ လာရောက် စုံစမ်းပြီးတော့ သမ္မတဦးသိန်းစိန်ကို တင်ပြပေးမှာဖြစ်တယ်လို့ ပြောဆို သွားပါတယ်။ မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ တရုတ်ရဲ့ ကျေးဇူးကို ပြည်သူတွေ အနေနဲ့ ထောက်ထားသင့်တယ် လို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ လက်ပန်းတောင်းတောင် ဒေသခံပြည်သူတွေ၊ အစိုးရဦးပိုင်လုပ်ငန်း၊ ဒီကြေးနီစီမံကိန်း လာရောက် လုပ်ကိုင်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ကြားမှာ လနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်နေခဲ့တာပါ။ အခုအခါမှာတော့ တရုတ်ဝမ်ပေါင် ကုမ္ပဏီရှေ့အပါအဝင် ကြေးနီစီမံကိန်း နေရာတဝိုက်မှာ ဆန္ဒပြ သပိတ်စခန်းတွေ ဖွင့်လှစ်ပြီး စီမံကိန်း မဖျက်သိမ်းမချင်း ဆိုပြီး ဆန္ဒပြနေကြပါတယ်။ အခုဆိုရင် ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဟာ ၆ ခုအထိ တိုးလာနေပြီ ဖြစ်ပါတယ်။

ဒီကပါ။

အိမ်တစ်လုံးတန်ဖိုးထက်ပို၍ ဈေးကြီးသော iPhone ဟန်းဆက်

Uunique London ကုမ္ပဏီက ကမ္ဘာ့ဈေးအကြီးဆုံး iPhone ဟန်းဆက်ကို တီထွင်ထုတ်လုပ်ခဲ့သည်။ အဆိုပါ iPhone ဟန်းဆက်အား အီတလီနိုင်ငံလုပ် သားရေ၊ ၁၈ ကာရက်ရှိ ရွှေရောင်နှင်းဆီပွင့် ကြီးနှင့် ရှားပါးသည့် ပန်းရောင်နှင့် အဖြူရောင် စိန်များကို အသုံးပြု၍ အလှဆင်ဖန်တီး ထားသည်။

၎င်း iPhone ဟန်းဆက်၏ တန်ဖိုး မှာ အိမ်တစ်လုံး တန်ဖိုးထက်ပို၍ တန်ဖိုး ကြီးကြောင်း၊   မြင်ရသူ တိုင်းက ကြိုက်နှစ်သက်၍ လိုချင်ကြမည် ဖြစ်ကြောင်း အဆိုပါဟန်းဆက်ကို တီထွင်ဖန်တီးသူ ဒီဇိုင်နာ က ပြောကြားခဲ့သည်။

၎င်းဟန်းဆက်အား ဖုန်းပြပွဲ တွင် မော်ဒယ်လ် မစ်ချာဘာတန် က ပြသခဲ့ပြီး တန်ဖိုးမှာ စတာလင်ပေါင် ၁၈၉ဝဝဝ ရှိ ကြောင်း သိရသည်။

ဒီကပါ။

ခုနှစ်ရက်သားသမီးများအတွက် ( ၂၆.၁၁.၁၂) မှ (၂.၁၂.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

လေယာဉ်ခရီး၊ ပျော်ရွှင်သောခရီးသွားရခြင်းများ ဖြစ်တတ်သည်။ နိုင်ငံခြားသွားရန်ပြင်ဆင်နေ သူများနိုင်ငံရပ်ခြားခရီးလည်းဖြစ်တတ်သည်။ အလုပ်တွင်နေရာကောင်းရနေခြင်း၊ နာမည်ကောင်း ရခြင်းထက်အလုပ်များလည်း မိမိတာဝန်ဖြစ်သလိုဖြစ်နေတတ်သည်။ အထက်လူကြီးဆရာသမားကောင်းခြင်း၊ လက်အောက်ငယ်သားကောင်းခြင်းကြောင့်အလုပ်များနေသော်လည်း အဆင်ပြေနေသည်။ ငွေများဝင်သည်။ သို့သော်ဝင်သလောက်အဖတ်မတင်ဖြစ်နေတတ်သည်။ မကြာခင်အစစအရာရာအဆင်ပြေမည်။

ကျန်းမာရေး။ အစာအိမ်ရောဂါကြောင့်ဆေးစားဆေးသောက်လုပ်နေရတတ်သည်။
အချစ်ရေး။ အစစအရာရာနားလည်ပေးသောသူအနားတွင်ရှိနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီး (၆) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

ထီပေါက်တတ်သည်၊ ဆုသေးဖြစ်တတ်သည်။ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရတတ်သည်။ အခန်းသစ်ရခြင်း၊ ကားသစ်ရခြင်းဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း ဖြစ်တတ်သည်။ ပြည်တွင်းပြည်ပခရီးတခုခုထွက်ရတတ်သည်။ ငွေများစွာဝင်ခြင်း၊ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်း များဖြစ်တတ်သည်။ အလုပ်တွင်စိတတိုင်းမကျစရာများဖြစ်နေတတ်သည်။ လက် အောက်ငယ်သားကြောင့်ဖြစ်နေတတ်သည်။ ငွေလူလိမ်ခံရသလိုဖြစ်နေတတ်သည်။ သတိထားပါ။

ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ မျက်စိကိုက်နေခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စန်းပွင့်နေသည်။ မိမိကိုလက်ထပ်ရန်ပူဆာနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမာလာကာသီး( ၉) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၇ ၂)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ရွှေလက်ကောက်ဝင်ခြင်း၊ ငွေဝင်သော်လည်းငွေကုန်များနေသောကြောင့်စိတ်ညစ်နေတတ်သည်။ ငွေအတွက်ပူပင်သောကဖြစ်နေရတတ်သည်။ စာရွက်စာတမ်း၊ စာရင်းအင်းများမှားတတ်သည်။ သတိထားပါ၊။ ခင်မင်သောမိတ်ဆွေနှင့်မိတ်ပျက်တတ်သည်။ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊ သူတပါးကိုစိတ်တိုင်းမကျခြင်းဖြစ်နေတတ်သည်။ ဖုန်းထွက်ခြင်း၊ ကြာသပတေးနံထွက်ခြင်းဖြစ်နေ တတ်သည်။ စိတ်များလေနေတတ်သည်။ အလုပ်တွင်စိတ်မ၀င်စားသောကြောင့် အလုပ်များလည်းပိနေတတ်သည်။ စိတ်အေးအေးထားပြီးလုပ်ပါ။

ကျန်းမာရေး။ အစားမှားပြီးသွေးတိုးတတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းလိမ္မော်သီး (၈) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၂ ၁ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်နေတတ်သည်။ ငွေများဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ ကြာသပတေးနံများဝင်ခြင်းဖြစ်နေတတ်သည်။ မြေ၊ အမွေကိစ္စကြောင့်စကားများနေရတတ် သည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အမိနိုင်ငံပြန်ရတတ်ခြင်းဖြစ်နေတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ ဖုန်းအကောင်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းများဖြစ်တတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ် ပြောင်းချင်စိတ်ဖြစ်နေခြင်းဖြစ်နေတတ်သည်။ အလုပ်မပြောင်းပါနှင့်၊ ပြောင်းကပိုပြီးပိုဆိုးတတ်သည်။ လက်ရှိအလုပ်တွင်သာနေပါ။ အစစအရာရာအဆင်ပြေပါလိမ့်မည်။

ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားလိမ္မော်သီး (၅) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၅ ၄ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်ခြင်း၊ စန်း၊ စုတ်အားကောင်းနေခြင်း၊ လက်ဆောင်ပစ္စည်းများရနေခြင်း၊ ပျော်ရွှင်သောခရီးသွားရန်ဖြစ်လာခြင်းများဖြစ်နေတတ်သည်။ အိမ်ထောင်ရှင်များ သားသမီးရတတ်ခြင်း၊ လက်အောက်ငယ်သားကောင်းများရောက်လာတတ်ခြင်းဖြစ် တတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်တတ်သည်။ ရွှေဟန်းချိန်းဝင်တတ်သည်။ ခင်မင် သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ စီးပွားတက်နေတတ်သည်။ အလှူတခုခုလုပ်ဖြစ်အောင်လုပ်လိုက်ပါ။

ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီး ( ၃) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၁ ၁ )

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များ၏ငွေကြေးအခက်အခဲများအကူအညီတောင်းခံခြင်းခံနေရသောကြောင့် စိတ်ညစ်နေရတတ်သည်။ လက်အောက်ငယ်သားကြောင့်၎င်းစိတ်တိုင်းမကျဖြစ်နေရတတ်သည်။ လူမျိုးခြားများ၏ကူညီမှုရတတ်သည်။ ရွှေပြင်ရခြင်း၊ ရွှေဖြူ (သို့) ရွှေဝါလက်ကောက်ဝင်တတ်သည်။ မိမိသုံးသောစက်ပစ္စည်းပျက်နေသောကြောင့်စိတ်ညစ်နေရတတ်ခြင်း၊ ငွေကုန်ရခြင်းဖြစ်နေတတ်သည်။ မိမိအလုပ်တွင် နာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ စီးပွားရေးတိုးတက်နေခြင်းဖြစ်နေတတ်သည်။ ဘာသာရေးတတ်နိုင်သလောက်လုပ်ခြင်း၊ မေတ္တာပို့ခြင်းများပြုလုပ်ပါ။

ကျန်းမာရေး။ သွားဒုက္ခပေးနေတတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းသာယာပျော်ရွှင်မှုများဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသစ်တော့သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၅ ၇ ၅)

စနေသားသမီးများ၏ကံကြမ္မာ

ဆိုင်ခန်းဝင်ခြင်း၊ စာရွက်စာတမ်းနှင့်ပတ်သက်သောကိစ္စများအဆင်ပြေနေခြင်း၊ မျက်မှန်ဝင်ခြင်း၊ မိတ်ဆွေသစ်များရခြင်း၊ စက်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ဆိုင်ကယ်ဝင်တတ်သည်။ ကောင်းသော ၀င်ခြင်းဖြစ်သည်။ လက်ခံပါ၊ ၀ယ်ပါ။ စီးပွားတက်မည့်အချိန်ဖြစ်နေသည်။အလုပ်တွင်အစစ အရာရာအဆင်ပြေနေတတ်သည်။ သို့သော် လုပ်ဖေါ်ကိုင်ဖက်များအချင်းချင်းရန်ဖြစ်တတ်သည်။ သတိထားပါ။ အလုပ်ပြောင်းရန်ဖြစ်လာတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ ပြောင်းလိုကပြောင်းလိုက်ပါ။

ကျန်းမာရေး။ လေထိုးလေအောင့်ဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်ခြင်း၊ ဘ၀အတွက်လက်တွဲဖေါ်ကောင်းဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ဘာသာမှဘုရားသခင်အားနှင်းသီး (၁၀) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၃ ၄)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)


ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6 016 6903 513 ,+6018 2250 510
E-mail:swezinwati@gmail.com

http://freedomnewsgroup.com/2012/11/26/bay-din-27/

GSM ဖုန်းဈေး ကျပ် တစ်သိန်းငါးသောင်းအောက် လျှော့ချမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချလျက်ရှိသည့် GSM ဖုန်းများကို ကျပ်တစ်သိန်း ငါးသောင်းအောက် ဈေးနှုန်းဖြင့် လာမည့်ငါးလအတွင်း ဈေးလျှော့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။

“တစ်သိန်းလည်း ဖြစ်နိုင်တယ်။ ငါးသောင်းလည်း ဖြစ်နိုင်တယ်။ သေချာမပြောနိုင်သေးပါဘူး။ တစ်သိန်းခွဲအောက် ရောက်နိုင်မယ် ဆိုတာပဲ ပြောနိုင်ပါတယ်” ဟု ဈေးနှုန်းလျှော့ချမည့် အစီအစဉ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေးအနေနှင့် ဇန်နဝါရီလအတွင်း ဖုန်းဈေးနှုန်း လျှော့ချပေးနိုင်ရန် ဆောင်ရွက် လျက်ရှိပြီး နောက်အကျဆုံး ဧပြီလတွင် ကျိန်းသေ လျှော့ချသွားမည်ဖြစ်ကြောင်း ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ လျှော့ချပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိ မိုဘိုင်းလ်ကွန်ရက်ကို တိုးချဲ့ရန်အတွက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ZTE, Huawei, ASB(Alcatel Shanghai Bell) ကုမ္ပဏီသုံးခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး 3G ဖုန်းလိုင်းတစ်သန်းကို နှစ်လအတွင်း အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

“ဈေးတွေကတော့ အမျိုးမျိုး ပြောနေကြတာပဲ။ ရှစ်သောင်း ပြောလိုက်၊ တစ်သိန်းပြောလိုက်နဲ့။ ကျွန်တော့်အနေနဲ့တော့ ငါးသောင်းလောက်ဆို ဝယ်နိုင်မယ် ထင်ပါတယ်” ဟု ဈေးနှုန်းအသစ်နှင့် ပတ်သက်၍ သန်လျင်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းဖြစ်သူ ဦးမောင်မောင်သန်းက ပြန်လည်ဖြေကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ်ဖုန်း ဈေးနှုန်းများကို ကျပ်ဆယ့်ငါးသိန်းမှ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကျပ်ငါးသိန်း၊ ယင်းမှ ကျပ်နှစ်သိန်းနှင့် ကျပ်နှစ်သိန်းငါးသောင်းသို့ အသီးသီးလျှော့ချ သတ်မှတ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ်နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဦးအောင်မင်း ပြောသွားတာ အမှန်တွေချည်းပဲ လို့ ဆို

လက်ပံတောင်းတောင်ဒေသက ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ခဲ့သူ မသွဲ့သွဲ့ဝင်းနှင့် ညီအမတစု၊
ဓာတ်ပုံ- ဧရာဝတီ

မကြာသေးမီက သမ္မတရုံး ၀န်ကြီး ဦးအောင်းတယောက် လက်ပံတောင်းတောင် ဒေသကို သွား၊ သပိတ် ခေါင်းဆောင်တွေနဲ့တွေ့ပြီး ပြောဖြစ်ဆိုတဲ့ စကားလုံးတချို့ကြောင့် ဖေ့စ်ဘုတ် လောကမှာ အသံတွေ အတော် ဆူညံသွားပါတယ်။

ဦးအောင်မင်းက ဒီလက်ပံတောင်းတောင် စီမံကိန်းဟာ အရင်ကတည်းက စလာတဲ့ စီမံကိန်းဖြစ်ကြောင်း၊ အခု အစိုးရလက်ထက်မှာ ရပ်ပေးပါဆိုလို့ မလွယ်ကူတဲ့ စဉ်းစားစရာတွေ ရှိကြောင်း၊ မြစ်ဆုံ ဆည် စီမံ ကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် တရုတ်ဘက်က ပြောလာရင် လျော်ကြေး အမေရိကန် ဒေါ်လာ သန်း ၃ ထောင် ပေးရဖွယ်ရှိကြောင်း စသဖြင့် ပြောသွားခဲ့ပါတယ်။

"တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား၊ ၂ ချက်ရှိတာပေါ့၊ နံပတ် ၁ အချက်က ၊ ၁၉၈၈ ခုနှစ် တိုင်းပြည် ပျက်တဲ့အခါ တပည့်တော်တို့မှာ စားစရာ မရှိဘူး။ စားစရာ မရှိတဲ့အခါမှာ တရုတ်ဆီ ကနေ မူဆယ် လမ်းကြောင်း ကနေ သွင်းရတယ်။ သွင်းရတဲ့အခါကျတော့ မူဆယ် လမ်းကြောင်း က သွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ ရတာ။ အဲဒီ ကျေးဇူးလေးတော့ သူ့ကို ပြန်ပြီးတော့ ကြည့်ရမယ်" လို့ ဦးအောင်မင်းက ပြောသွားခဲ့တာပါ။

တချိန်က ဗကပ ကို တရုတ်က ထောက်ပံ့ခဲ့ပြီး မြန်မာပြည်မှာ ဗကပကို တိုက်နေရလို့ တိုင်းပြည် ထူထောင်ရေး မလုပ်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း တရုတ်အစိုးရက ဗကပကို ထောက်ပံ့မှု ဖြတ်လိုက်လို့ ဗကပ ချုပ်ငြိမ်းသွားရကြောင်း၊ ဒါကြောင့် တရုတ်ကို စိုးရိမ်ရကြောင်း ပြောသွားခဲ့ပါသေးတယ်။

ဦးအောင်မင်း ပြောသွားခဲ့တာတွေကို DVB TV က ထုတ်လွှင့်တဲ့ ဤနေရာမှာလည်း သွားကြည့်နိုင်ပါ တယ်။


သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ဓာတ်ပုံ- ဧရာဝတီ

ထိုနေ့က ပြောဆိုမှုအပေါ် မှတ်ချက်တွေ အမျိုးမျိုး ရှိတဲ့အထဲက အောက်ဖော်ပြပါ မှတ်ချက်ကိုတော့ ပရိသတ် များ အတွက် ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ အတွက် အသုံးဝင်မယ်ထင်လို့ ပြန်လည် ကူးယူမျှဝေပေး လိုက်ပါတယ်။

"ဝန်ကြီး ဦးအောင်မင်း မဆီမဆိုင် သူ့အကြောင်းပြောသွားတာလေး တစ်ချို့ကလွဲရင် ၊ ဦးအောင်မင်း ပြော သွားတာတွေက အမှန်တွေချည်းပါဘဲ ။

သူ အမှန်တွေကို တော်တော် ပြောရဲတာပဲ ။ ချီးကျူးပါတယ် ။ Face Book ပေါ်မှာ လေ နှင့် မျိုးချစ်ပြ တာကတော့ လွယ်တာပေါ့နော် ။ တကယ့်တကယ်ကျတော့ ခြေ လက် ပြတ်ပြီး အသေခံရတော့ စစ်သားတွေကိုး ။

တရုတ်က သူကိုယ်တိုင် တိုက်စရာတောင်မလိုပါဘူး ၊ သူ့နိုင်ငံထဲက Expire ဖြစ်ခါနီး လွှင့် ပစ်ရတော့မယ့် လက်နက်တွေကို ၊ ရှမ်း ၊ ဝ ၊ ကချင်တွေကို ( 1 Billion ဖိုးလောက် ) ပေးလိုက်ယုံနှင့်တင် ၊ မြန်မာပြည် အပေါ်ပိုင်း ပြည်ပျက်သလိုကို ဖြစ်သွားမှာ ။

အဓိက က လူသောင်း သိန်းချီပြီး အသေခံနိုင်တယ်ထားအုံး ၊ စစ်ဖြစ်နေပြီ ဆိုကတည်းက မြန်မာပြည် တစ်ပြည်လုံးလဲ ၊ နောက် နှစ် ၅၀ လောက် ဆင်းရဲခြင်း သံသရာထဲ ထပ်ဝင်ရဦးမှာ ။

မှန်တာပြောရရင် ၊ စစ်တပ်ထဲမှာလဲ တရုတ် ကိုကြိုက်တဲ့သူ မရှိသလောက် နဲပါတယ် ။ ဒါပေမယ့် ၊ Real Politic ပေါ့လေ ။ မကြိုက်ပေမယ့် အောင့်ကာနမ်းနေရတာပါ ။

ကိုယ်တွေကမှ ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မတည်ဆောက်နိုင်သေးပဲကိုး ၊ ခံကြပေါ့ ။ နည်းတစ်ခုပဲ ကျန်တယ် ၊ ပြီးခဲ့တဲ့ စီမံကိန်းတွေကတော့ မတတ်နိုင်တော့ဘူး ။ နောက်ကို အမေစု နှင့် လက်တွဲပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တည်ဆောက် ။ အမေစု Power ၊ အမေရိကန် Power နှင့် တရုတ်ကြီးကို Balance ပြန်ဟန့်ရမှာပဲ။

http://blog.irrawaddy.org/2012/11/blog-post_7114.html

ရခိုင်မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိသော လူငယ်ခေါင်းဆောင်များအတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအား အလေးပေးကာ ဆောင်ရွက် ကြမည့် မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိသော ရခိုင် လူငယ်ခေါင်းဆောင်များအတွက် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ရခိုင်လူငယ်များဖိုရမ် (ရန်ကုန်)မှ ဦးဆောင်ကာ ရန်ကုန်မြို့၊ သမိုင်းမြို့မကျောင်းတွင် နိုဝင်ဘာ ၂၄ မှ ၂၅ ရက်ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူငယ်များမှ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့် သတင်းနည်းပညာ ကဏ္ဍများကို ခေါင်းစဉ်တစ်ခုချင်းစီအပေါ်တွင် အုပ်စုလိုက်ဖွဲ့၍ ဆွေးနွေးခဲ့ကြပြီး ဖိတ်ကြားထားသည့် ပညာရှင်များမှ သက်ဆိုင်ရာခေါင်းစဉ်များတွင် လိုအပ်သည့် အချက်အလက်များကို ဟောပြောသည်။

ရခိုင်လူငယ်များမှ မီဒီယာအား အကျိုးရှိရှိ အသုံးမချနိုင်ကြသေးကြောင်းကို "ရခိုင်လူငယ်တွေဟာ မီဒီယာရဲ့ အခန်းကဏ္ဍကို ထိထိရောက်ရောက် အသုံးမချနိုင်ကြသေးဘူး၊ ရခိုင်လူငယ်တွေနဲ့ ရခိုင်ပြည်နယ်က မီဒီယာကို အကျိုးရှိရှိ အသုံးချနိုင်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊" ဟု မတင်ထက်မြတ်က ပြောသည်။

"လူငယ်တွေရဲ့ နိုင်ငံရေးဦးဆောင်မှု ပါဝင်ခွင့်တွေလည်း နည်းပါးနေပါတယ်၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့လည်း လူငယ်တွေ နိုင်ငံရေးမှာပါဝင်ခွင့် နည်းပါးသလို ရခိုင်လူငယ်တွေအတွက်ဆိုရင် ပိုပြီးအားနည်းပါတယ်၊ ရခိုင်လူငယ်ဖိုရမ် ဖွဲ့စည်းဖို့အတွက် ရခိုင်အသင်းတွေကို ဖုန်းနဲ့ဆက်သွယ်တဲ့အခါ သူတို့အဖွဲ့မှာ အသက် ၃၅ နှစ်အောက် လူငယ်တွေမရှိလို့ပြောပါတယ်၊ ဒါက သာရေးနာရေးအသင်း လောက်သာဖြစ်တာ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာဆိုရင် လူငယ်တွေပါဝင်မှု အလွန်းနည်းပါးတယ်၊ လူငယ်ခေါင်းဆောင်တွေ ပါဝင်ခွင့်ကို အားမပေးတဲ့ကဏ္ဍတွေ တွေ့ရတယ်၊ လူငယ်တွေလုပ်ချင်စိတ်ရှိပေမယ့် လုပ်ခွင့်မရ၊ ဒါကြောင့် လူငယ်တွေရဲ့ အသံကို ဖော်ထုတ်ဖို့လိုလာပါတယ်၊" ဟု မတင်ထက်မြတ်က ဆက်ပြောသည်။

ရခိုင်လူငယ်ဖိုရမ်(ရန်ကုန်)မှ နှစ်ရက်တာ ပြုလုပ်ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များကို ဦးစွာပထမ ကြေငြာချက် တစ်စောင်ထုတ်ပြန်သွားမည်ဖြစ်ပြီး ရလဒ်များကို စာတမ်းတစ်စောင် ဖြစ်လာသည်အထိ ပြုစုသွားကာ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများထံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ရာ လူငယ်ရေးရာမူဝါဒ ချမှတ်ရာတွင် လူငယ်ထုအတွက် အထောက်အကူဖြစ်မည့် လက်တွေ့ လုပ်ငန်းစဉ်များ ချမှတ်လုပ်ကိုင်သွားရန်အထိ တိုက်တွန်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့သော ရခိုင်လူငယ်များ သမိုင်းမြို့မကျောင်းတွေ့ဆုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်ပညာရေးသည် အနိမ့်ကျဆုံးပြည်နယ် ဖြစ်လေရာ ရခိုင်ပြည်ပညာရေးတိုးတက်ရန်အတွက် အခြေခံမူလတန်းပညာကို နိုင်ငံတော် အစိုးရမှ အခမဲ့သင်ကြားနိုင်ရန်၊ ပညာထူးချွန်သော်လည်း ချို့တဲ့သောကျောင်းသားများကို Scholarship ပေးရေး၊ ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ် ရေမြေဒေသ၊ လူမှုစီးပွါးတိုးတက်စေမည့် ဘာသာရပ်များကို သင်ကြားပေးသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံတကာ အဆင့်မီသော ပညာရေးစနစ်ပေါ်ထွက်လာစေရန် စသည့်အချက်များ လူငယ်နှင့် ပညာရေးကဏ္ဍ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် ကွမ်း၊ အရက်သေစာ၊ ဆေးလိပ်၊ စိတ်ကြွဆေးလုံး၊ ဆေးခြောက်၊ ဖန်စီဒိုင်းအပါအ၀င် ထိုးဆေးများ၊ ရာမနှင့် ဘိန်းစသည့် မူးယစ်ဆေးဝါးများကို လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြခြင်းဖြစ်ရာ ဆေးလိပ်၊ ကွမ်းနှင့် အရက်သေစာများကို အသက်(၁၈)နှစ်အောက် လူငယ်များအား ရောင်းချခြင်းများကို ဥပဒေအရကြပ်ကြပ်မတ်မတ်တားမြစ်အရေးယူပေးရန်၊ လူငယ်များ၏ သုံးစွဲချင်စိတ်ကို ဖြစ်ပေါ်စေသဖြင့် ကြော်ငြာစာများသည် တားဆီးပိတ်ပင် အရေးယူပေးရန်၊ ရပ်ရွာများတွင် အရက်သေစာ တရားမဝင် ရောင်းချခြင်းကို အဂတိလိုက်စားမှုကင်းရှင်းစွာဖြင့် တားမြစ်ပိတ်ပင်ကာ ချိုးဖောက်သူများအား ထိရောက်စွာ အရေးယူပေးရန်၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေးဝါး လုံးဝ ကင်းစင်သည့် နယ်မြေများအဖြစ် သတ်မှတ်ပြီး ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ဆေးလိပ်သောက်ရန် နေရာများ သီးခြားသတ်မှတ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် စသည့် လူငယ်နှင့် မူးယစ်ဆေးဝါးကဏ္ဍ ဆွေးချက်ရလဒ်များကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အား တိုက်တွန်းသည့်အချက်များ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် ရခိုင်ပြည်နယ်၏ မီဒီယာ အခန်းကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး ဒုတိယနေရာ၌ရှိနေခြင်း၊ မီဒီယာလွတ်လပ်ခွင့်မှာ အဓိကဖြစ်သည်ဟု ရခိုင်လူငယ်ဖိုရမ်မှ ယုံကြည်ကြောင်း လူငယ်များ၏ မီဒီယာ စိတ်ဝင်စားမှုကို မြှင့်တင်ပေးရန်နှင့် ရခိုင်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကိုယ်ပိုင်မီဒီယာ အုပ်စုများ ဖန်တီးကာ ထိုမှတဆင့် မီဒီယာအသင်းအဖွဲ့တစ်ရပ် ပေါ်ပေါက်လာပြီး ရခိုင်ပြည်နယ်အနှံ့ အချိန်နဲ့ တပြေးညီ ဖြန့်ဝေပေးနိုင်သော ကိုယ်ပိုင် သတင်းမီဒီယာများ ပေါ်ပေါက်လာစေရန် လိုအပ်ပြီး ကမ္ဘာ့သတင်းနည်းပညာကို ရခိုင်ပြည်သူများထိတွေ့ခွင်ရရန် လိုအပ်သော IT နည်းပညာကို တွင်ကျယ်စွာအသုံးချလာနိုင်ရေးအတွက် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓါတ်အားရရှိနိုင်ရေး အစိုးရမှ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။

လူငယ်များ နိုင်ငံရေးဦးဆောင်မှုတွင်ပါဝင်လာရန် နိုင်ငံရေးဆွေးနွေးပွဲများ၊ လူမှု့အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများကို ပိုမိုလွတ်လပ်စွာ ဖွဲ့စည်း တည်ထောင်ခွင့် ပြုရမည်ဖြစ်ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အစိုးရကျောင်းများတွင် သင်ရိုးညွန်းတန်းအနေဖြင့် ထည့်သွင်းသင်ကြားပေးရမည့် အပြင် နိုင်ငံရေးကို ကျွမ်းကျင်သော လူကြီးများကလည်း မျိုးဆက်သစ်လူငယ်များကို အတူတကွ လက်တွဲ ခေါ်ဆောင်ရန် လိုအပ်ပြီး လူငယ်များ၏ ဆန္ဒ၊သဘောထား ထုတ်ပြန်ချက်များကို လွှတ်တော်များတွင် တင်ပြ ဆွေးနွေးနိုင်ရန် နိုင်ငံတော် အစိုးရမှ အခွင့်အရေး ပေးခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း စုစည်းသော လူငယ့်အသံမှ တိုက်တွန်းနိုးဆော်သည်။

ရခိုင်လူငယ်ဖိုရမ်(ရန်ကုန်)ဖြစ်ပေါ်လာရခြင်းမှာ မြန်မာလူငယ်ဖိုရမ်အား အကြောင်းပြုကာ ပေါ်ပေါက်လာခဲ့ပြီး ရည်ရွယ်ချက်မှာ တိုင်းနှင့် ပြည်နယ်မှ လူငယ်များ၏အသံအား စုစည်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ လူများငယ်များ၏ အသံအဖြစ် ပေါ်ထုတ်ရန်ရည်ရွယ်ရှိပြီး တိုင်းနှင့် ပြည်နယ်မှ အသံများထွက်ပေါ်လာ ရန်အတွက် ဖိုရမ်များတည်ဆောက်နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်တွင် ရခိုင်လူငယ်များ၏ အသံ၊ သဘောထားများ ထင်ဟတ်နိုင်ရေး၊ ရခိုင်လူငယ်အဖွဲ့အစည်းအချင်းချင်းအကြားတွင် အချိတ်အဆက်မိကာ စည်းလုံးပြီး ရခိုင်လူငယ် ကွန်ယက်ကြီးတစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်ချက်ဖြင့် ရခိုင်လူငယ်ဖိုရမ်အားဖွဲ့စည်းကာ ဖိုရမ်၏ နောက်ဆုံးပန်းတိုင်မှာ လူငယ့်ရေးရာမူဝါဒ တစ်ခုဖြစ်ပြီး ၎င်းမူဝါဒများအား မြန်မာဖိုရမ်နှင့် ပေါင်းကာ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ဖိုရမ်မှ ထွက်ပေါ်လာသော အသံများကို ပြည်နယ်လွှတ်တော်တွင် တင်သွင်းသွားမည်၊ လက်ရှိတွင် ရှိနေသော အင်အားကို ထန်းသိမ်းကာ ဒေသအဖွဲ့အစည်းများ၏ အကူအညီအားရယူ၍ ဖိုရမ်အားကောင်းလာရန် တည်ဆောက်သွားမည်ဖြစ်သည်။

ဒီကပါ။