Monday, November 19, 2012

စင်ကာပူမှ မြန်မာသို့ငွေလွှဲနိုင်ပြီ


စင်ကာပူနိုင်ငံမှ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ(၂၀)ရက်နေ့မှ စတင်ကာ ငွေလွှဲနိုင်ပြီဖြစ်သည်။

စင်ကာပူနိုင်ငံ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံရှိ (CB Bank) ဘဏ်ခွဲရှိရာ မြို့များသို့ ငွေလွှဲပို့နိုင်ခြင်းဖြစ်သည်။

ငွေလွှဲပို့လိုသူများအနေဖြင့် တစ်နေ့လျှင် စင်ကာပူဒေါ်လာ (၃၅၀၀) ထက်မပိုသည့်ငွေကြေးအား Sing-Post ၏ ရုံးခွဲများမှတဆင့် မြန်မာနိုင်ငံရှိCB ဘဏ်ခွဲရှိရာမြို့များသို့ လွဲပို့နိုင်ခြင်းဖြစ်ကြောင်း ဘဏ်မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဟုတ်ပါတယ်၊နိုဝင်ဘာ(၂၀)ရက်နေ့ မနက်(၉)နာရီက စပြီး ဒီမှာရှိတဲ့ ဘဏ်တွေမှာ ထုတ်ယူ လွှဲပြောင်းလို့ရပါပြီ”ဟု CB Bank မဂံလာဈေးဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငွေလွှဲခအနေဖြင့် ပုံသေ SGD 95 ဒေါ်လာကျသင့်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

မြန်မာနိုင်ငံတွင် CB Bankဘဏ်ခွဲ (၂၉)ဘဏ်နှင့် ၄င်းတို့နှင့်ချိတ်ဆက်ထားသည့် မိတ်ဘက် ဘဏ်ခွဲပေါင်း(၂၂၃)ဘဏ်တို့မှ လွှဲပို့လာသည့် ငွေများအား ထုတ်ယူနိုင်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။

“ အခုလို စင်ကာပူနဲ့ ဘဏ်ကတဆင့်ငွေလွဲလို့ရပြီဆိုတော့ အရင်လို ငွေလိမ်လည်မှုတွေအတွက် မပူရတော့ဘူးပေါ့၊ ” ဟု တောင်ဥက္ကလာပမြို့နယ်မှ သစ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ယခင်က ပုဂ္ဂလိက ငွေလွှဲဝန်ဆောင်မှုများမှတဆင့် လွှဲငွေများအား လိမ်လည်မှုများ ရှိခဲ့ကြောင်းကို လည်း သိရသည်။

“ နိုင်ငံခြားငွေလွှဲအတွက် မလေးရှားနိုင်ငံအပြင် ထိုင်းနိုင်ငံနှင့်လည်း ချိတ်ဆက်စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံတွင်းမှာ လူတော်တော်များများက ထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြပါတယ်။ ရွာတစ်ရွာမှာ ဆို ထက်ဝက်ခန့် ထိုင်းမှာအလုပ်လုပ်တာ တွေ့နေရလိုပါ။” ဟု မလေပြေဦးက CB ဘဏ်အား အကြံပြုပြောကြားခဲ့သည်။

လက်ရှိတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံနှင့်အခြားအာဆီယံဒေသတွင်း အင်အားကြီးနိုင်ငံများနှင့် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ AGD ဘဏ်နှင့် CB Bank မှ နိုင်ငံတကာဘဏ်များ နှင့် ချိတ်ဆက်ကာ ငွေလွဲလုပ်ငန်း များဆောင်ရွက်နေကြောင်းကိုလည်း သိရသည်။

http://myitmakhamediagroup.com/detail.php?newid=3182

၂၀၁၃ နှစ်ဆန်းပိုင်းမှစပြီး မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဟုဆို

ပြည်တွင်း မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၃ နှစ်ဆန်းတွင် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

“လက်ရှိ Inbound စနစ်ကို အာဆီယံ၊ ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေရနေပြီ။ Outbound ကို ရှေ့နှစ်ဆန်းမှာ အသုံးပြုလို့ရအောင် ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ဂျပန်နှင့် အာဆီယံနိုင်ငံများရှိ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုနိုင်မည့် Inbound စနစ်ကို အကောင်အထည်ဖော်ခဲ့သည့် နည်းတူ Outbound စနစ်ကိုလည်း အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

ခေါ်ဆိုခနှုန်းထားများ အနေဖြင့် လက်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ဖြစ်သည်ဟု သိရသည်။

မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများသို့ အပြန်အလှန် ချိတ်ဆက်၍ သယ်ဆောင်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ Inbound စနစ်နှင့် Outbound စနစ်ဟူ၍ ခွဲခြားဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

GSM ဖုန်းများမှာ နိုင်ငံတကာကွန်ရက်ဖြစ်၍ Outbound စနစ် အသုံးပြုနိုင်မည်ဆိုပါက GSM ဖုန်းများသာ အကျုံးဝင်နိုင်ကြောင်း မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဖုန်း သန်းသုံးဆယ် စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး ၄င်းစီမံကိန်းတွင် GSM ဖုန်း အများဆုံး ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27826

နိုင်ငံတော် အစိုးရမှ ပြည်သူ့လွတ်တော် ဥက္ကဌကြီး မိသားစုကို အရေးယူရန်ပြင်

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွတ်တော် ပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ် ချုပ်၏ ပြည်ထောင်စု စာရင်း စစ်ချုပ် ဦးသိန်းထိုက်က အစိုးရ၀န်ကြီးဌာန ၁၅ ခုအား အလွဲသုံးစားမှု၊ မသမာသော သဘောဆောင်ရွက်မှုတို့ကြောင့် နိုင်ငံတော်မှ နစ်နာငွေ ကျပ်သန်း ၅ သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သိန်း ကျော်ရှိခဲ့သဖြင့် ပြောဆိုခဲ့သည်။

နိုင်ငံတော်သို့ ပေးသွင်း ရမည့် ရရန် ကြွေးအများဆုံးမှာ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃.၇ ၀၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅.၀၂၀ တို့ ဖြစ်ကြောင်း သိရှိရသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာနမှ ရရန်ငွေ အများစုမှ ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း၏ သားများ ပိုင်သော ဇေယျာရွှေဝါ ကုမ္မဏီမှ ဖြစ်ကြောင်းသိရသည်။ ၎င်းငွေကြေးများအား ဦးရွှေမန်း ပုသိမ်တိုင်းမှူး ဘ၀တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးမောင်မောင်သိန်းထံမှ အာဏာ အလွဲသုံးစား ပြုလုပ်ပြီး ချေးယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်အထိ ပြန်မဆပ်နိုင်သေးကြောင်း သိရသည်။

ထိုသို့ ပေးရန်ငွေများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မကုန်မီ ပြန်လည်ပေးသွင်းရန်နှင့် မပေးဆပ်နိုင်ပါက ဒဏ်ကြေး များချခြင်း ဥပဒေအရ တရားစွဲဆိုခြင်းပြုလုပ်မည်ဟု သိရသည်။

ဦးရွှေမန်း၏ သားများ ပိုင်ဆိုင်သော ဇေယျာရွှေဝါကုမ္မဏီသည် ဧရာဝတီ တိုင်းအတွင်း ဆန်စပါး လုပ်ငန်း အပါအ၀င် လုပ်ငန်း အများစုကို လုပ်ကိုင်ခဲ့သည်။ ဦးရွှေမန်း၏ သားတစ်ဦး ဖြစ်သော တိုးနိုင်မန်းမှာလဲ အရာရှိငယ်ဘ၀တွင် ကား ပြိုင် မောင်းသဖြင့် အရာရှိငယ် ၂ ဦး သေဆုံးသွားပြီး ၎င်းနေရာတွင် အခြားတစ်ယောက် အစားထိုး ထောင်ကျခံစေကာယ ခုထိ အရေးယူ ခံရခြင်း မရှိကြောင်း သိရှိ ရသည်။

http://www.phophtaw.org/burmese/index.php/2012-04-04-10-49-44/2380-2012-11-19-04-02-53.html

မစ္စတာအိုဘားမား မြန်မာနိုင်ငံကို Myanmar ဟုသုံးနှုံးပြောဆို


အမေရိကန်သမ္မတ မစ္စတာအိုဘားမားဟာ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံကို Myanmar ဟု သုံးနှုံးပြောဆိုသွားတာကိုတွေ့ရပါတယ် ။

ဒီကပါ။

လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများစာရင်း

သာယာဝတီ အကျဉ်းထောင်၊ မန္တလေး အိုဘိုထောင်၊ တောင်ငူ အကျဉ်း ထောင်၊လှိုင်ကော် အကျဉ်းထောင် တို့မှ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၃ ဦး လွတ်မြောက် လာပြီး ၊လူသိများသော လူ့အခွင့်အရေး လူပ့်ရှားသူအချို့နှင့် ဒီမိုကရေစီ အရေး လူပ်ရှားသူ များပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့က အတည်ပြုသည်။အဆိုပါထောင်များမှ လွတ်မြောက် လာသူများမှာ အောက်ပါအတိုင်း ဖြစ်သည် -

၁။ လက်ျာထွန်း
၂။ ကိုသိန်း (ခေါ်) သိန်းထွန်း
၃။ ကိုကိုနိုင်
၎။ ဝင်းသိန်း
၅။ ကျော်သူ
၆။ မြင့်ဟန် (ခေါ်) ကိုမြင့်
၇။ နိုင်အောင် (ခေါ်) ပါထွေး
၈။ ကြည်အောင်
၉။ သန့်ဇင် (ခေါ်) သန့်ဇော်ဆွေ
၁၀။ နိုင်လင်းအောင် (ခေါ်) ထွန်းထွန်း
၁၁။ တိုက်ယဉ်
၁၂။ အေးလွင်
၁၃။ကိုအောင်သီဟ
၁၄။ ကိုစိုင်းကျော်အောင်
၁၅။ကိုကျော်ဌေး
၁၆။ကိုမောင်မောင်ဦး
၁၇။မျိုးသန့်
၁၈။ သန်းဇော် (ခေါ်) သူရိန်
၁၉။နော်ချိုချိုအေး
၂၀။စောလှအောင်
၂၁။ကိုမြင့်အေး
၂၂။ရဲဇော်ထိုက်
၂၃။ရန်ရွှေ တို့ဖြစ်ကြသည်။

ဒီကပါ။

ရခိုင်ပဋိပက္ခ မျက်ခြည်မပြတ် စောင့်ကြည့်ရန် ပြည်နယ်အစိုးရ အဖွဲ့ကို နိုင်ငံတော်သမ္မတ သတိပေး

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ လတ်တလော အနေအထားအရ ယာယီအားဖြင့် တည်ငြိမ်နေသော်လည်း အချိန်မရွေး ဆူပူ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သဖြင့် မိမိတို့ အစိုးရ အဖွဲ့အနေဖြင့် မျက်ခြည် မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက အစိုးရအဖွဲ့ကို နိုဝင်ဘာ ၁၆ ရက်နေ့က သတိပေး ပြောကြား လိုက်သည်။

ရခိုင်ပြည်နယ် ဒေသခံ များ၏ စိတ်တွင် အခဲမကြေ မှုများ၊ လက်စားချေလို မှုများ၊ ကြောက်ရွံ့ စိုးရိမ်မှုများ ဖြစ်ပေါ် နိုင်သည့် အတွက် အချိန်မရွေး ဆူပူအကြမ်းဖက် မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သဖြင့် မိမိတို့ အစိုးရ အဖွဲ့က အထူး အလေးထား သင့်ကြောင်း နိုင်ငံတော် သမ္မတကြီးက သတိပေး ခဲ့သည်။

ရခိုင်ပြည် အရေးနှင့် ပတ်သတ်၍ ဝန်ကြီးဌာန အလိုက် ဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည် များကို ကူညီဆောင်ရွက် သွားရမည် ဟု၎င်းက ညွန်ကြားခဲ့သည်။

ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် အပါအဝင် ရခိုင်နိုင်ငံရေး ပါတီအချို့ ကမူ ရခိုင်ပြည် တွင် နိုဝင်ဘာလ ဒုတိယ အပတ်က စပြီး အုပ်စုလိုက် ရမ်းကားမှုများ ရှိနေကြောင်း ပြောဆိုသည်။ ”ရခိုင်ပြည် အခြေအနေက မထင်မှတ်ပဲ ပေါက်ကွဲ သွားနိုင်တယ်။ အဲဒီလို ဖြစ်လာအောင် လည်း တစ်ဖက်က အကွက်ကျကျ စီမံချက် ရှိရှိ လုပ်နေကြတယ်။ ဒါကို အစိုးရနဲ့ ကျွန်တော်တို့ ပူးပေါင်း ဖြေရှင်းရမယ်။” ဟု ဝန်ကြီး ဦးဇော်အေးမောင် က ဆိုသည်။

ရခိုင်ပြည်နယ် တွင် ရာဇဝတ်မှု တစ်ခုကို အကြောင်းပြု၍ အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့ရာမှ လူမျိုးစု၊ ဒေသစွဲ ပြင်းထန်သူ လူ တစ်ချို့၏ နောက်ကွယ်မှ သွေးထိုး မြှောက်ပင့်မှု၊ နိုင်ငံအချို့ အဖွဲ့အစည်း အချို့မှ မမှန်သတင်း ထုတ်ပြန် လှုံ့ဆော်မှုကြောင့် လူမျိုးရေး၊ ဘာသာရေး အသွင် ဆောင်သော ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ် လာရကြောင်း နိုင်ငံတော် သမ္မတရုံး သတင်းထုတ် ပြန်ချက်တွင် ဖော်ပြ ထားသည်။

http://www.facebook.com/thevoiceweekly/posts/493008014052796

ဆက်သွယ်ရေး ဥပဒေမူကြမ်း ကို ကန့်ကွက်စာ တင်မည်

ပြည်သူများ အကြားတွင် ဝေဖန်မှု များစွာ ဖြစ်ပေါ်နေသော ဆက်သွယ်ရေး ဥပဒေ မူကြမ်းနှင့် ပက်သက်ပြီး ရှေ့နေများ ကွန်ယက်က ကန့်ကွက်စာ တင်သွင်းသွားမည် ဖြစ်ကြောင်း ယင်းကွန်ယက် အဖွဲ့ဝင် တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က The Voice Weekly သို့ ပြောကြား သည်။ ဆက်သွယ်ရေး ဥပဒေ မူကြမ်းတွင် ဥပဒေကို လိုသလို အဓိပ္ပါယ် ဖွင့်ဆို၍ ပြည်သူ များကို အပြစ် ပေးနိုင်သော အချက်အလက် များ ပါရှိသဖြင့် ရှေ့နေများ ကွန်ယက် အစည်းအဝေး တွင် တင်ပြပြီး အများ သဘောဖြင့် ကန့်ကွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “မူအားဖြင့်တော့ မကြိုက်ဘူး။” ဟု ၄င်းတို့၏ သဘောထားကို ပြောပြသည်။

ရှေ့နေများ ကွန်ယက် အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးစိုးတင်ရီ ကမူ ဆက်သွယ်ရေး ဥပဒေ မူကြမ်းတွင် ပြည်သူလူထု ၏ ဆက်သွယ်ရေး ဆိုင်ရာ အဝင်အထွက် များကို ချုပ်ကိုင်သည့် သဘောများ ပါဝင် နေသည်ဟု ပြောဆို သော်လည်း အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိပေ။ ၄င်းအပြင် ကန့်ကွက်စာ တင်မည့် အချိန်ကိုလည်း သတ်မှတ် ပြောဆိုခြင်း မရှိပေ။

လက်ရှိ ကြေငြာ ထားသော ဆက်သွယ်ရေး ဥပဒေ မူကြမ်းတွင် ၁၈၈၅ခုနှစ် မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ခုနှစ် မြန်မာ့ ကြိုးမဲ့ ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း ဖော်ပြ ထားသော်လည်း ယခင် အစိုးရများ လက်ထက်က အသုံး ပြုခဲ့သော အီလက်ထရွန်းနစ် အက်ဥပဒေ ကိုမူ လက်ရှိ အချိန်ထိ ဖျက်သိမ်းရန် ကြေငြာခြင်း မရှိသေးကြောင်း အိုင်တီ ပညာရှင် ဦးရဲမြတ်သူက The Voice Weekly သို့ ပြောကြားသည်။

၂ဝဝ၇ ခုနှစ် လောင်စာဆီ ဈေးနှုန်း မြင့်တက်မှု ဆန္ဒပြပွဲ တွင် ပါဝင်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ပြန်လည် လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသား များတွင် အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃ နှင့် ငြိစွန်းသည် ဆိုကာ အီးမေးလ် တစ်စောင် လျှင် ၁၅ နှစ်ဖြင့် ထောင်ချ ခံရသူများ ပါဝင်သည်။

ပြည်ထောင်စု လွှတ်တော်က နိုဝင်ဘာ ၇ ရက်နေ့တွင် ကြေငြာ ခဲ့သော ဆက်သွယ်ရေး ဥပဒေမူကြမ်း အခန်း ၁၉၊ အပိုဒ် ၆၀ တွင် “မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင် ရာတွင ဖြစ်စေ၊ ဆက်သွယ်ရေး ပစ္စည်းကို သုံးသည် ဖြစ်စေ၊ အောက်ပါ ပြုလုပ်မှု တရပ်ရပ် ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ခုနစ်နှစ် မှ အများဆုံး တစ်ဆယ့်ငါးနှစ် အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ဖော်ပြ ပါရှိသည်။

http://www.facebook.com/thevoiceweekly/posts/493201024033495

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂/၂၀၁၂)
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်
၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတကာစံနှုန်းများနှင့် အညီ ဖြစ်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ကာကွယ်နိုင်စေရန်၊ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန် အောက်ပါကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

၁။လူ့အခွင့်အရေးကိစ္စများ

မြန်မာနိုင်ငံအစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross- ICRC)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင်များအတွင်း သန့်ရှင်းသော မိလ္လာစနစ်များ၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးတို့ကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ရာ ယခုဆက်လက်၍ ဆေးဝါးကုသမှုနှင့် အကျဉ်းထောင်အတွင်း အကျဉ်းသား များ၏ လူမှုဖူလုံရေးကိစ္စများနှင့် နေရေးထိုင်ရေးကိစ္စများကို ကူညီခွင့်ပြုသွားမည် ဖြစ်သည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရနာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ် များစာရင်းကိုလည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေးတာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။

၂။ အကျဉ်းသားများကိစ္စ

ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့်အခြားသက်ဆိုင်ရာအစိုးရဌာနများ နှင့် အဖွဲ့အစည်းများအကြား ယခုနှစ် ဒီဇင်ဘာလမကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များကို ပြန်လည်စဉ်းစားသုံးသပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ ပဋိပက္ခများဖြေရှင်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး

ပြည်ထောင်စုအစိုးရအနေနှင့် တာဝန်ယူသည့်အချိန်မှစတင်၍ ငြိမ်းချမ်းရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်လာခဲ့ရာ ယခုအခါ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးဖြစ်သည့်အပြင် ဆက်လက်၍ နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ကချင် ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိနိုင်စေရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ထို့အပြင် ပြည်ထောင်စုအစိုးရအနေနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် တိုင်းရင်းသားအခွင့်အရေးများကို ရေရှည်အာမခံချက်ပေးနိုင်ရန် နိုင်ငံရေးနည်းလမ်းများကို အသုံးပြု၍ လိုအပ်သည်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ထံ ပေးပို့သော စာတွင် ဖော်ပြပါရှိသည့်အတိုင်း ရခိုင်ဒေသတွင် ပဋိပက္ခများ တစ်ကျော့ပြန်မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါသည်။ ရခိုင်ဒေသခံ ပြည်သူများ လိုအပ်သော လူသားချင်းစာနာသည့် အထောက်အပံ့များ ရရှိရေးကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူမျိုးစုနှစ်ခုကြားရှိ အဓိကပြဿနာဖြစ်စေသည့် ရင်းမြစ်များကိုလည်း ကြိုးပမ်းဖြေရှင်း သွားမည်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်သော နိုင်ငံရေးအရ ဖြေရှင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများတွင် အခြားနိုင်ငံတကာလူသားချင်းစာနာသော အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော အကူအညီများ ကူညီထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

၎။ အဏုမြူမပြန့်ပွားရေး

ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။

၅။ ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်ဖြစ်ပေါ်ရေး

ပြည်ထောင်စုအစိုးရအနေနှင့် ၂၀၁၆ တွင် Open Government Partnership (OGP) အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ OGP အစီအစဉ်မှာ အစိုးရများ၏ ပွင့်လင်း မြင်သာမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားများ၏ပါဝင်မှုကို မြှင့်တင်ခြင်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ထိရောက်စေခြင်းနှင့် နည်းပညာကဏ္ဍကို မြှင့်တင် ပေးခြင်းတို့ဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော စွမ်းဆောင်ရည်မြင့် အစိုးရ ဖြစ်ပေါ်စေရန် နိုင်ငံစုံပူးပေါင်းပါဝင်သော အစီအစဉ်ဖြစ်ပါသည်။

၆။ လူကုန်ကူးမှုတိုက်ဖျက်ရေး

ပြည်ထောင်စုအစိုးရအနေနှင့် “လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်-မြန်မာ ပူးပေါင်း အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့်လည်းပူးပေါင်း၍ အဓမ္မခိုင်းစေမှုများ ပပျောက်စေရေး အစီအစဉ်များနှင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသစ်”နှင့်အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ပါသည်။ ယင်းစီမံချက်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ပါသည်။

(သတင်းထုတ်ပြန်ရေးအဖွဲ့)

http://www.facebook.com/thevoiceweekly/posts/493298407357090

ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပြု

ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် အကျဉ်းသား ၆၆ ဦးအနက်မှ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်ခဲ့ရာ သာယာဝတီထောင်မှ ကိုလက်ယျာထွန်း၊ ကိုသိန်း (ခေါ်) ကိုသိန်းထွန်း၊ ကိုမြင့်ဟန်၊ ကိုနိုင်အောင်နှင့် ကိုသန့်ဇင် (ခေါ်) သန့်ဇော်ဆွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ဦးဝန်းကျင် လွတ်မြောက်မည်ဟု အကျဉ်းသားများ၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုထွန်းကြည်က နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီ အချိန်က ပြောကြားခဲ့သည်။

“ရမည်းသင်းထောင်မှ ကိုဇော်ဇော်အောင် လည်းလွတ်မယ်လို့ ကြားရတယ်။ကိုဇော်ဇော်အောင် လွတ်တယ်ဆိုရင် သူနဲ့အမှုတွဲ အတူဖြစ်တဲ့ လွိုင်ကော်ထောင်က ကိုမြင့်အေး၊ ကလေးက ကိုရန်ရွှေတို့လည်း လွတ်မြောက်ဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ လူ့အခွင့်အရေး လှုပ်ရှားမှု ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး အကျဉ်းချခံထားရသူတွေပါ၊ အကိုတို့ အဖွဲ့အနေနဲ့ အကျဉ်းသားတွေ လွှတ်ပေးတယ်လို့ သတင်းမှာ ကြေငြာကတည်းက အကျဉ်းထောင်အသီးသီးကို ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး နိုင်ငံရေးအကျဉ်းသား ဘယ်လောက်လွတ်တယ်ဆိုတာကို စုံစမ်းနေပါတယ်၊ အကိုတို့အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကြိုဆိုပါတယ်။ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးပါလို့ တောင်းဆိုပါတယ် ” ဟု ကိုထွန်းကြည်က ပြောပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည့် အကျဉ်းသားများအား ကြိုဆိုရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ သာယာဝတီထောင်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒီကပါ။

အိုဘားမား မြန်မာ ခရီး၊ ဒေါ်စု စကားနဲ့ ဦးသိန်းစိန်ရဲ့ စာ


မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ လတ်တလော မြန်မာနိုင်ငံ ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ တိုက်ရိုက် ပတ်သက်နေတာမို့ ခုတလောမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းစာတွေမှာ သာမက သူ့နိုင်ငံက ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း ၂၀ ကျော်မှာ နေ့စဉ် ထုတ်လွှင့် ပြသနေတာကို တွေ့နေရပါတယ်။

ဒီအထဲမှ ဦးစားပေး ဖေါ်ပြနေတာကတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်၊ မြန်မာ ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယ ခရီးစဉ်အတွင်းမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ အင်တာဗျူးနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေှးမှူး ဘန်ကီးမွန်း ဆီကို ရေးသား ပေးပို့တဲ့ စာ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်က လူနည်းစု နိုင်ငံမဲ့ ဘင်္ဂလီ မွတ်ဆလင် ( သူတို့ အခေါ် ရိုဟင်ဂျာ) အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ဖိအားပေးမယ်ဆိုပြီး အကြီးအကျယ် ဘင်္ဂလာက သတင်းတွေမှာ ဖေါ်ပြနေကြပါတယ်။

အမေရိကန် သမ္မတ အိုးဘားမားဟာ သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ရခိုင်ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရနဲ့ ဆွေးနွေးသွားမှာ ဖြစ်သလို ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို အလေးပေး ပြောကြားမယ်လို့ ဆိုပါတယ်။

အိုအိုင်စီလို့ ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ရခိုင်ပြည်နယ် အတွင်းမှာ မွတ်ဆလင် လူနည်းစုတွေကို လူမျိုးတုန်း သတ်ဖြတ်နေတယ်လို့ စွပ်စွဲထားပြီး မြန်မာ အစိုးရကို သူရဲ့ ခရီးစဉ် အတွင်းမှာ ဖိအားပေးဖို့ အမေရိကန် သမ္မတ အိုဘားမားကို မနေ့က တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိ အိုအိုင်စီရဲ့ ယာယီဥက္ကဌ Djibouti နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မူဟာမောက် အာလီ ယူဆော့က အမေရိကန် သမ္မတ အနေနဲ့ မြန်မာ အစိုးရကို ပြင်းပြင်းထန်ထန် သတိပေး ပြောကြားလိမ့်မယ်လို့ သူမျှော်လင့်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု ရခိုင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အိန္ဒိယက NDTV နဲ့အင်တာဗျူး ပေးရာမှာ ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်ဆလင်တွေ အပေါ်မှာ ရပ်တည် ပေးတဲ့ စကားမျိုး မပြောရကောင်းလားဆိုပြီး သောကြာနေ့က နယူးဒေလီမြို့က အမျိုးသမီး ကောလိပ်ကျောင်း တစ်ခုရှေ့မှာ ကန့်ကွက် ဆန္ဒပြပွဲ တစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ ဘင်္ဂလာ သတင်းစာတွေက ဆိုပါတယ်။

အဲဒီ ဆန္ဒပြပွဲကို The Association for Protection of Civil Rights and the Democratic Student’s Union က ဦးဆောင်ပြုလုပ်တယ်လို့ ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခု ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဘက်နှစ်ဘက်စလုံးက ကျူးလွန်ခဲ့ကြတာမို့ ဘက်တစ်ဘက်က ရပ်တည်ပြီး ထောက်ခံပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောဆို လိုက်သလို အခု ရခိုင် ပြဿနာဟာ နယ်စပ် လူဝင်မူ ပြဿနာနဲ့ ပတ်သက် နေတာမို့ မြန်မာ နိုင်ငံ တစ်ခုတည်းမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ဘင်္ဂလာဒေခ်ျ့ မှာလည်း တာဝန် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး တဘက်ဘက်က ရပ်တည် ထောက်ခံပေးဖို့ ဆိုတာထက် လူမျိုးနှစ်ခုအကြားမှာ သင့်သင့်မြတ်မြတ်နဲ့ ပြန်လည် ရင်ကြားစေ့ရေးကိုသာ လုပ်ဆောင် သွားလိုတယ်လို့ ပြောဆိုပါတယ်။

အခုလို ပြောဆိုတာဟာ ခေါင်းဆောင် တစ်ဦးရဲ့ သမာသမတ်ကျတဲ့ စကား ဖြစ်ပေမယ့် ရိုဟင်ဂျာ အရေး လူပ်ရှားနေသူတွေကတော့ လူနည်းစု ရခိုင် ပြည်နယ်က မွတ်ဆလင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမူတွေ အပေါ်မှာ မသိကျိုးကျွန် ပြုရာ ရောက်တယ်လို့ စွပ်စွဲ ပြောဆို ကန့်ကွက် မူတွေလည်း ပေါ်ထွက်နေတယ်လို့ ဆိုပါတယ်။

ခုလို အချိန်မှာ မြန်မာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းဆီကို စာတစ်စောင် ရေးသား ပေးပို့လိုက်တယ်လို့ သတင်းစာတွေက ဖေါ်ပြပါတယ်။

ခုလို စာရေးသားတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ္ဂတာဝန်ရှိသူတွေကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့က သတင်းစာတွေမှာ မြန်မာ အစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးတော့ မယ်လို့ စီစဉ်နေတဲ့ အကြောင်း ဖေါ်ပြပါတယ်။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ပြောတာဟာ သိပ်ကွဲကွဲပြားပြား မရှိသလို ယခင် သူပြောဆိုခဲ့တဲ့ မွတ်ဆလင် လူနည်းစု နိုင်ငံသား ဖြစ်မူ အပေါ်မှာ ထားရှိတဲ့ သဘောထားဟာ ပြောင်းလဲ သွားပြီလား ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်သေးဘူလို့ သတင်းစာတွေက ရေးပါတယ်။ မြန်မာ နိုင်ငံ လွတ်လပ်ရေး မရမှီ ၁၉၄၈ ခုနှစ် အရင်က ဘင်္ဂလာဒေခ်ျ့ဘက်က ၀င်လာတဲ့ သူတွေကို နိုင်ငံသား အဖြစ် မြန်မာ အစိုးရက စဉ်စား ပေးသွားမယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့စာထဲမှာ ဆူပူ အကြမ်းဖက်မူတွေက ထွက်ပြေးလာကြပြီး ဒုက္ခသည် စခန်းတွေ မှာ နေထိုင် နေကြတဲ့သူတွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ စိစစ် ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ သူတို့ကို နိုင်ငံ တကာ စံနုန်းတွေနဲ့ အညီ လွတ်လပ်စွာ အလုပ် လုပ်ပိုင်ခွင့်နဲ့ တနိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့်တွေ ပေးမယ်ဆိုတဲ့ အကြောင်း စာထဲမှာ ဖေါ်ပြထားတယ်လို့လည်း ဆိုပါတယ်။

အခု ရခိုင်မှာဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မူကြောင့် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမူကို ထိခိုက် နေတယ်လို့လည်း စာထဲမှာ ရေးသားထားပြီး ဒီအရေးအခင်း အပေါ် ရှုတ်ချတယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ရေးသား ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန်ရဲ့ စာအပေါ်မှာတော့ ကုလသမဂ္ဂ္ဂ အတွင်းရေးမှူးက အပြုသဘော ကြိုဆိုကြောင်း တုန့်ပြန်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ရခိုင် အရေးဟာ နိုင်ငံတကာက အထူးစိတ်ဝင်စားနေ အရေး ကိစ္စ တစ်ခု ဖြစ်နေသလို အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံကိုလည်း တိုက်ရိုက် ရိုက်ခတ်မူတွေ ရှိနေတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံက သတင်းစာတွေမှာတော့ နေ့တိုင်းလိုလို မြန်မာ သတင်းတွေကို သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းကနေ ဖေါ်ပြနေကြတာကို တွေ့နေရပါတယ်။

ဒီကပါ။