နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တန်ဖိုးနည်း အိမ်ရာများကို ဝင်ငွေနည်းသော ဝန်ထမ်းများနှင့် လက်လုပ်လက်စား ပြည်သူများ ဝယ်ယူနေထိုင်နိုင်ရန်နှင့် အဆိုပါ စီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်များကလည်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် တို့အတွက် ယခုလို တွေ့ဆုံရခြင်း ဖြစ်ကြောင်းဖြင့် နိုဝင်ဘာလ ၁၄ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သင့်တင့်လျောက်ပတ်သော တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဆောက်လုပ်ရေးဆိုင်ရာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် စီမံကိန်းဖြစ်မြောက် အောင်မြင်ရေးအတွက် ဆောင်ရွက်ရာတွင် စီမံကိန်း ပြီးစီးသည်အထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲသွားမှာဖြစ်ကြောင်း၊ စီမံကိန်းအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ရန်ကုန်မြို့တော် စည်ပင်ဘဏ်နှင့် အခြားဘဏ်များ ပူးပေါင်းဆက်စပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ဆက်လက်ပြောကြားသည်။
စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ဒီဇိုင်းပညာရှင်၊ အသိပညာရှင်များ အနေဖြင့် ခေတ်စနစ် ပြောင်းလဲမှုနှင့်အတူ အဆောက်အအုံများတွင် လေဝင်လေထွက်ရှိအောင်၊ အလင်းရောင်ရရှိအောင်၊ နေထိုင်သူများ၏ အပန်းဖြေ နေရာများ ပါဝင်အောင် တည်ဆောက်သွားရန်လိုကြောင်း။ ယနေ့ ရန်ကုန်မြို့တွင် နှစ်စဉ် လူဦးရေပျမ်းမျှတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းအရ လူနေတိုက်ခန်း နှစ်စဉ် သုံးသောင်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ လူနေထိုင်မှုသည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း သိသိသာသာ တိုးတက်မြင့်မားမှုနှုန်း မြန်ဆန်လာသဖြင့် ၁၉၅၈ ခုနှစ်တွင် သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့သစ်များကို တိုးချဲ့တည်ဆောက် ပေးခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် မြို့ပြဧရိယာကို အင်းစိန်မြို့နယ်အထိ စည်ပင်သာယာ နယ်နိမိတ်အဖြစ် တိုးချဲ့သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉ဝ ခုနှစ်နောက်ပိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ (မြောက်ပိုင်း)၊ ဒဂုံ(တောင်ပိုင်း) မြို့နယ်များကို ထပ်မံတိုးချဲ့ပေးခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်သည် ၃ဝ၆ စတုရန်းမိုင် ရှိလာပြီး လူဦးရေသည်လည်း ၅ ဒသမ ၂ သန်း ရှိလာပြီဖြစ်ကြောင်း၊ မြို့ပြ ဗဟိုနေရာများတွင် လူနေကျပ်တည်းလာမှုကြောင့် အိမ်ရာစီမံကိန်းများကို တိုးချဲ့တည်ဆောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အကြံပေးပုဂ္ဂိုလ် ဒေါက်တာကျော်လတ်က ပြောသည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို ဒဂုံ(မြောက်ပိုင်း) မြို့နယ်တွင် ဗိုလ်ဗထူးအိမ်ရာစီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း၊ ပင်လုံအိမ်ရာစီမံကိန်း၊ ဒဂုံ(တောင်ပိုင်း) မြို့နယ်တွင် ဧရာဝဏ် အိမ်ရာစီမံကိန်းနှင့် ဒဂုံ(အရှေ့ပိုင်း) မြို့နယ်တွင် ယူနီဗာစတီ အိမ်ရာစီမံကိန်းများကို အိမ်ခန်းပေါင်း ၉ဝဝဝ ကျော်ဖြင့် တိုးချဲ့ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
ဒီကပါ။
Friday, November 16, 2012
မုဒိန်းကျင့်ရန်ကြိုးစားသော ကုလားအား အာမခံဖြင့်ပြန်လွှတ်
နိုဝင်ဘာလ(၁၁)ရက်နေ့က တောင်ဥက္ကလာပတွင် ရခိုင်အမျိုးသမီးတစ်ဦးအား မဒိန်းကျင့်ရန်ကြိုးစားသော ကုလားတစ်ဦးအား ရဲစခန်းမှ အာမခံဖြင့် နိုဝင်ဘာလ (၁၁)ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
တောင်ဥက္ကလာ(၇)ရပ်ကွက်၊ မင်းရဲကျော်စွာကုန်းလမ်းနေ အဘ ဦးထွန်းအောင်ကျော်၏သမီး မသွယ်သွယ်ထွန်း အသက်(၁၈)နှစ်၊ ရခိုင်ကျောင်းသူအား ၄င်းရပ်ကွက်မှ ကုလားဖြစ်သူ ကျော်ဇင်အောင်(ခ)အာလူး အသက်(၂၆)နှစ်မှ မုဒိန်းကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။
"အဲဒီကုလားက နေ့လည်(၁၁)နာရီလောက်မှာ မသွယ်သွယ်ထွန်းကို မုဒိန်းကျင့်ဖို့ ဆွဲလားရမ်းလား လုပ်နေတာကို လူတွေကတွေ့တော့ ရပ်ကွက်က အချိန်မီဝင်ပြီး တားဆီးနိုင်ခဲ့ပါတယ်၊ မိန်းခလေးမှာ အင်္ကျီအားလုံး စုတ်ပြဲသွားပြီးတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနည်းနည်းရသွားပါတယ်။ မုဒိန်းကျင့်ဖို့ ကြိုးစားတဲ့ ကုလားကိုတော့ တောင်ဥက္ကလာပ ရဲစခန်းကိုပို့လိုက်ပါတယ်၊ မိန်းခလေးကိုတော့ လုံခြုံတဲ့ တစ်နေရာမှာ နေခိုင်းထားပါတယ်" ဟု ယင်းရပ်ကွက်နေ တစ်ဦးမှပြောသည်။
ယင်းကုလားအား တောင်ဥက္ကလာရဲစခန်းတွင် ပုဒ်မ ၃၅၊ ၄၅၁၊ ၉၅၄ စသည့် ပုဒ်မသုံးခုဖြင့် နိုဝင်ဘာလ (၁၁)ရက်နေ့ကတည်းက အမှုဖွင့်ထားခဲ့သော်လည်း အမှုနှင့်ပတ်သက်၍ အသိသက်သေများ၊ မျက်မြင် သက်သေများ ရှိနေသည့်တိုင် စစ်ဆေးအရေးယူခြင်း တစ်စုံတစ်ရာမပြုလုပ်ဘဲ အာမခံဖြင့် ပြန်လည် လွှတ်ပေးထားကြောင်း သိရှိရသည်။

တောင်ကုတ်မြို့နယ် NLD ကျေးရွာအုပ်စု ညီလာခံများ ဆက်လက် ပြုလုပ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျေးရွာအုပ်စု ညီလာခံများ ဆက်လက် ကျင်းပ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။
“ တောင်ကုတ်မြို့နယ်မှာ NLD က ကျေးရွာအုပ်စု ညီလာခံတွေ ဆက်လို့ ပြုလုပ် နေပါတယ်။ ဒီနေ့ တပြိုင် တည်း ကျေးရွာအုပ်စု ၁၂ အုပ်စုမှာ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ အုပ်စုတွေမှာလဲ ဆက်လို့ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်စီး အဖွဲ့ဝင် ကိုမင်းအောင်က နိရဉ္စရာသို့ ပြောသည်။
နိုဝင်္ဘာလ ၁၄ ရက်နေ့ တွင် တပြိုင်တည်း ညီလာခံကျင်းပခဲ့သော ကျေးရွာအုပ်စုများမှာ တရဂူကျေးရွာအုပ်စု၊ ညောင်ဖေါက်ကျေးရွာအုပ်စု၊ ကိုင်းရှည်ကျေးရွာအုပ်စု၊ ၀က်ကျိတ်ကျေးရွာအုပ်စု၊ မီးချောင်းထိုးကျေးရွာအုပ်စု၊ မောင်း ကျေးရွာအုပ်စု၊ ကျောက်ဆိတ်တောင်ကျေးရွာအုပ်စု၊ ဇမ်ဗူရာဇ်ကျေးရွာအုပ်စု၊ ပန်းတင်းအရှေ့ဘက် ကျေး ရွာအုပ်စု၊ နတ်ကန်ကျေးရွာအုပ်စု၊ လမူးမော်ကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာအုပ်စုတို့ ဖြစ်သည်။
ကျေးရွာအုပ်စု ကော်မီတီများကို ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး အပါအ၀င် ကော်မီ ၃ ဦး၊ ၅ ဦး စသည်ဖြင့် အဖွဲ့ဝင်အင်အား အနည်းအများကို မူတည် ဖွဲ့စည်းနေခြင်း ဖြစ်သည်ဟု သိရသည်။
ကျေးရွာအုပ်စုများတွင် ညီလာခံများကို ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့ နယ်စီး ဥက္ကဌ ဦးစိုးချစ်မောင်က နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ကျေးရွာအုပ်စု NLD ရုံးတွေ ဖွင့်ကတည်းကပင် ကျေးရွာအုပ်စုတွေမှာ ရှိတဲ့ အောက်ခြေ လူ တန်းစားတွေရဲ့ အခက်အခဲတွေကို တိုက်ရိုက်ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်တာဆိုတော့ အခုလို ဖွင့် လှစ်ပြီးတဲ့ ကျေးရွာအုပ်စုတွေမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးဖို့ အတွက် လုပ်ငန်း ကော်မီတီတွေ ရွေးချယ်တင်မြှောက်နေတာ ဖြစ်ပါတယ် ” ဟု ဆိုသည်။
နိုဝင်္ဘာလ ၁၂ ရက်နေ့က တောင်ကုတ်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၃ ခုတွင် ကျေးရွာ အလုပ်အမှု ဆောင် ကော်မီတီဝင်များကို မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။
တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ညီလာခံကို ဒီဇင်္ဘာလအတွင်း ကျင်းပသွားရန် စီစဉ် နေသည်ဟုလည်း ကိုမင်းအောင်က ပြောသည်။
“ ကျန်တဲ့ ကျေးရွာအုပ်စုတွေကို ဒီလ ၁၆ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်။ ကျေးရွာ အုပ်စု ညီလာခံတွေ ကျင်းပပြီးတဲ့ နောက်ပိုင်း ဒီဇင်္ဘာလ အတွင်းမှာတော့ တောင်ကုတ်မြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင်တွေကို ကျေးရွာ အုပ်စု အလုပ်အမှုဆောင်ကို အခြေခံပြီး ဒီမိုကရေစီစနစ်နဲ့ ရွေးချယ် တင်မြှောက်သွားမှာ ဖြစ်ပါတယ်။”
တောင်ကုတ်မြို့နယ်တွင် ကျေးရွာ အုပ်စု ၅၁ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၃၅ အုပ်စုတွင် ရုံးများ ဖွင့် လှစ်ထားပြီးဖြစ်သည်။
ဒီကပါ။
မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသောကြောင့် အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း Myanmar Climate Change Watch မှ နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
်။ တောင်တရုတ် ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ရန် အလားအလာ တိုးလာသည်နှင့်အမျှ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်လည်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ် ဖြစ်ပေးလာမည်ဆိုပါက ကိုကိုးကျွန်း အနောက်ဖက်အနီးမှ စတင်ကာ အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ကြောင်း Myanmar Climate Change Watch မှ ထုတ်ပြန်ထားချက်များအရ သိရှိရပါသည်။
ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်အတွင်း မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ရခိုင်၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း၊ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်များ အရ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဝက်ဘ်ဆိုက်များ ဖြုတ်ချပေးဖို့၊ ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ ထုတ်ပြန်ပေးဖို့ ကမ္ဘာ့အစိုးရများက ဂူဂဲလ်ထံ မေတ္တာရပ်ခံနှုန်းများ သိသိသာသာ မြင့်တက်လာ
ကမ္ဘာတစ်ဝန်းမှ အစိုးရများသည် ၎င်းတို့ မနှစ်သက်သည့် အချက်အလက်များ ပါရှိသော ၀က်ဘ်ဆိုက်များကို ဂူဂဲလ်က ရှာဖွေဖော်ပြခြင်း မပြုဘဲ ဖြုတ်ချပေးရန်၊ အစိုးရများ မနှစ်သက်သော ၀က်ဘ်ဆိုက်များကို ရေးသားသူများ၏ ကိုယ်ရေး အချက်အလက်များကို ဂူဂဲလ်က သက်ဆိုင်ရာ အစိုးရများအား ထုတ်ပေးရန်ဟူ၍ ဂူဂဲလ်ကို ကမ္ဘာတစ်ဝန်း အစိုးရများက အကြောင်းကြားမှု၊ မေတ္တာရပ်ခံမှု၊ အကျပ်ကိုင်ခဲ့မှုပေါင်းသည် ၂၀၁၂ ပထမခြောက်လအတွင်း အကြိမ်ပေါင်း ၂၁၀၀၀ နီးပါးထိရှိခဲ့ကြောင်း သိရသည်။ တစ်ရက်လျှင် ပျမ်းမျှ ၁၁၅ ကြိမ်နီးပါး ဖြစ်သည်။
ဂူဂဲလ်သည် ပွင့်လင်းမြင်သာ အစီရင်ခံစာ (Transparency Report) ကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိရာ ၂၀၁၂ ပထမခြောက်လ ကြိမ်နှုန်းစာရင်းများအရ ကမ္ဘာတစ်ဝန်း အစိုးရများ၏ အွန်လိုင်းမီဒီယာများအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများသည် သိသိသာသာကို ရှိန်နှုန်းမြင့်လာနေပြီဖြစ်ကြောင်း တွေ့ရသည်။ အွန်လိုင်းတွင် ရေးသားဖော်ပြထားသော အချက်အလက်များ၏ မူရင်းပိုင်ရှင်များနှင့်ဆိုင်သော ကိုယ်ရေးအချက်အလက်များ တောင်းခံမှုတွင် အမေရိကန်အစိုးရက ၇၉၆၉ ကြိမ်ဖြင့် ကြိမ်နှုန်းအများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ ဂူဂဲလ်က ရှာဖွေပေးနေသည့် ၀က်ဘ်ဆိုက်များထဲတွင် မည်သည့် ၀က်ဘ်ဆိုက်များကို ရှာဖွေ ဖော်ပြပေးခြင်း မပြုပါနှင့်ဟု မေတ္တာရပ်ခံမှုတွင်မူ တူရကီအစိုးရက ထိပ်ဆုံးတွင်ရှိကြောင်းလည်း သိရသည်။
ဂူဂဲလ်သည် ထိုသို့ ကမ္ဘာတစ်ဝန်း အစိုးရများ၊ တရားရုံးများက တောင်းခံသည့် ကြိမ်နှုန်းများကို ၂၀၀၉ ခုနှစ်မှစ၍ ခြောက်လတစ်ကြိမ် စုစည်းပြီး ပွင့်လင်းမြင်သာ အစီရင်ခံစာအဖြစ် ထုတ်ပြန်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ် ပထမခြောက်လ ဦးဆုံး အစီရင်ခံစာတွင် ထိုသို့ မေတ္တာရပ်ခံမှုပေါင်း ၁၂၅၃၉ မှု ရှိခဲ့ပြီး ၂၀၁၂ ပထမ ခြောက်လတွင် ၂၀၉၃၉ မှုထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ခြောက်လတစ်ကြိမ် ထုတ်ပြန်တိုင်း ဂူဂဲလ်က ရှာဖွေပေးနေတဲ့ တစ်ချို့ သတင်းအချက်အလက်တွေ မရှာပေးဖို့၊ သက်ဆိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထုတ်ပေးဖို့ မေတ္တာရပ်ခံမှုတွေက ကြိမ်နှုန်း တက်သထက် တက်လာနေတာကို ကြည့်ခြင်းဖြင့် ကမ္ဘာအရပ်ရပ် အစိုးရများသည် အွန်လိုင်းစောင့်ကြည့်စစ်ဆေးမှုများ ပိုမိုထိထိရောက်ရောက် ပြုလုပ်လာနေသည်ကို တွေ့ရကြောင်း ဂူဂဲလ်က ပြောသည်။
အင်တာနက်ပေါ်မှ အချို့သော အချက်အလက်များကို ရှာဖွေဖော်ပြပေးခြင်း မပြုရန် အစိုးရများ မေတ္တာရပ်ခံကြသည့် အဓိက အကြောင်းရင်း သုံးရပ်မှာ အသရေ ဖျက်မှု၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ထိပါးမှု၊ လုံခြုံရေး စိုးရိမ်ရမှုတို့ဖြစ်ကြောင်းလည်း သိရသည်။ အခြားသော အချက်များတွင် လိင်ဆိုင်ရာ ညစ်ညမ်းမှု၊ လူမျိုးရေး အမုန်းပွားစေသော စကားလုံးများ ပါဝင်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှုတို့ဖြစ်ကြောင်းလည်း သိရသည်။
ရှာဖွေဖော်ပြပေးနေခြင်းကို ရပ်ဆိုင်းသင့် မရပ်ဆိုင်းသင့်ကို ဂူဂဲလ်သည် အခြေခံအချက်သုံးချက်ဖြင့် ဆုံးဖြတ်ကြောင်း သိရသည်။ အစိုးရများ၏ မေတ္တာရပ်ခံမှုတွင် ခိုင်လုံသော အထောက်အထား ပြည့်ပြည့်စုံစုံ ပါဝင်ရမည်၊ တိကျသေချာသော ၀က်ဘ်ဆိုက်ကို ညွှန်ပြနိုင်ရမည်၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း အထောက်အထား ခိုင်လုံရမည်ဟူ၍ ဖြစ်သည်။
အချို့အချက်အလက်များ ရှာဖွေဖော်ပြပေးခြင်း မပြုရန် ကမ္ဘာ့အစိုးရများ မေတ္တာရပ်ခံမှု ကြိမ်နှုန်း
(၂၀၁၂ ပထမခြောက်လအတွင်း စာရင်းဖြစ်သည်)
- တူရကီ ( ၅၀၁ ကြိမ် )
- အမေရိကန် ( ၂၇၃ ကြိမ် )
- ဂျာမနီ ( ၂၄၇ ကြိမ် )
- ဘရာဇီး ( ၁၉၁ ကြိမ် )
- ဗြိတိန် ( ၉၇ ကြိမ် )
အချက်အလက် ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံသည့် ကြိမ်နှုန်း
- အမေရိကန် ( ၇၉၆၉ ကြိမ် )
- အိန္ဒိယ ( ၂၃၁၉ ကြိမ် )
- ဘရာဇီး ( ၁၅၆၆ ကြိမ် )
- ပြင်သစ် ( ၁၅၄၆ ကြိမ် )
- ဂျာမနီ ( ၁၅၃၃ ကြိမ် )
- ဗြိတိန် ( ၁၄၂၅ ကြိမ် )