Thursday, November 15, 2012

သတင်းဆိုးတွေထဲက သတင်းကောင်း

အလုပ်သမားတွေအတွက် သတင်းကောင်းတပုဒ် လာပါပြီ။


ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်-၂၊ လင်းလက်ဝတီ ငါးပုစွန်လုပ်ငန်းက အလုပ်သမားတွေအကြောင်း ဖြစ်ပါတယ်။ မကြာခင်မှာ သူတို့ရဲ့ ငါးပုစွန်လုပ်ငန်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ရွှေ့တော့မယ်လို့ သိရပါတယ်။ မလိုက်ချင်တဲ့ အလုပ်သမားတွေကို တခြား ရေလုပ်ငန်းတခုဖြစ်တဲ့ King Fish စက်ရုံကို ပြောင်းလုပ်ဖို့ အလုပ်ရှင်က ပြောခဲ့ပါတယ် တဲ့။

ကျောက်ဖြူလည်း မလိုက်ချင်၊ King Fish ကိုလည်း မပြောင်းချင်တဲ့ အလုပ်သမားတွေကို နစ်နာကြေးပေးမယ် - သို့သော် ... လက်ရှိ တလလုံးလုပ်မယ့် သူတို့ရဲ့ လစာ အပါအ၀င် နောက်တလစာကို ပေါင်းပြီး နှစ်လစာပဲ ပေးတယ်လို့ သိရပါတယ်။ အလုပ်သမားတွေက နစ်နာကြေးကို ၃လစာ ပေးဖို့ တောင်းပေမယ့် အလုပ်ရှင်က မပေးတာကြောင့် အလုပ်သမားရုံးကို ရောက်သွားကြတာပါ။



တခြားအလုပ်သမားတွေကတော့ အလုပ်ရှင်ပေးတဲ့ နစ်နာကြေးအတိုင်း ကျေနပ်ပြီး အလုပ်က ထွက်လိုက် ကြပေမယ့် ဒီ ၃၉ ဦးကတော့ လက်မခံပါ။

တလလုံးလုံး လုပ်ထားတဲ့ သူတို့ရဲ့လုပ်အားခကို နစ်နာကြေးလို့ သတ်မှတ်တာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။


ဆိုခဲ့သလိုပဲ အလုပ်သမားတွေက မကျေနပ်လို့ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးကို တိုင်တန်းရာမှာ ဒီပြဿနာက အခုတော့ အဆင်ပြေ အောင်မြင်သွားပါပြီ။

မနေ့က အလုပ်သမား ၃၉ ဦး အတွက် စုစုပေါင်း နစ်နာကြေးငွေ ၄,၄၈၆,၀၀၀ ရခဲ့ပါတယ် တဲ့။ တွက်ကြည့်ရင် တယောက်ကို တသိန်းကျော်ကျော် ရသွားတဲ့ သဘောပါ။ လစာအပြင် သူတို့ရဲ့ အလုပ်လုပ်ခဲ့တဲ့သက်တမ်းပေါ် မူတည်ပြီး နစ်နာကြေး ရသွားကြတာလို့ သိရပါတယ်။


http://blog.irrawaddy.org/2012/11/blog-post_8696.html

လုယူခံ ဗုဒ္ဓရုပ်ပွားတော် ဘင်္ဂလီဒုက္ခသည်စခန်းမှ ရှာဖွေတွေ့ရှိ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်သို့ အကြမ်းဖက်သောင်းကျန်းသူများက စက်တင်္ဘာ ၂၉ ရက်နေ့က စတင်တိုက်ခိုက်ပြီး ဗုဒ္ဓရုပ်ပွားတော် အများအပြားကို လုယူသွားခဲ့ရာ ယခုအခါ ဘင်္ဂလီဒုက္ခသည်စခန်းနှင့် ဒေသအများအပြားမှ ဗုဒ္ဓရုပ်ပွားတော်များ ရှာဖွေတွေ့ရှိ ရမိကြောင်း သတင်းရရှိသည်။

ကော့စ်ဘဇားမြို့ဂိတ် အခြေစိုက် Rapid Action Battalion (RAB-7) က ဒေသအတွင်း ရာဇ၀တ်နှင့် မူးယစ်ဖေါက်ကား ကျူးလွန်သူများကို လိုက်လံရှာဖွေနေရာမှ အိုခီးယားမြို့နယ် ကိုတိုးပါလောင် ဘင်္ဂလီဒုက္ခသည်စခန်းအတွင်းမှ နိုဝင်္ဘာ ၇ ရက်၊ ဗုဒ္ဓဟူးနေ့က ဗုဒ္ဓရုပ်ပွားတော် ၃ ဆူကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်ကြောင်း bdnews24.com တွင် ၈ ရက်နေ့က ဖေါ်ပြခဲ့သည်။

ကိုတိုးပါလောင် ဘင်္ဂလီ ဒုက္ခသည်စခန်း ဈေးဆိုင်မှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဆိုင်ရှင် Jafar Alam Dipu (35)နှင့်အတူ အပေါင်းအပါ Iman Hossain တို့အား လက်ရဖမ်းဆီးရမိခြင်းဖြစ်ကြောင်း RAB-7မှ ဗိုလ်မှူး Sarwar-e Alam က တရားဝင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။

ဒေသခံသတင်းထောက်များနှင့် လူထုများက ပန်းဝါမြို့နယ်မှာ ယင်းတို့အခေါ် (ရိုဟင်ဂျာ)များထံ အဓိက အငြိုးထား တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းနှင့် ဗုဒ္ဓရုပ်ထုတော်များမှာ ယင်းတို့ထံ အများအပြား လုယူအခိုးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ဆက်လက်ပြီး ဒေသခံများက "အဲဒီ ဘုရားရုပ်တွေကို ရွှေ၊ စိန် စတဲ့ တန်ဖိုးကြီးတဲ့ ရုပ်ထုတွေအထင်နဲ့ ခိုးယူသွားကြတာပါ၊ ဥာဏ်တော်က သယ်ယူရလွယ်ကူတဲ့ အငယ်မျိုးတွေက ပိုပြီးသပ်ပါယ်ပါတယ်၊ အဲဒီ ရုပ်ပွားတော်တွေကို ဖျက်ဆီးတဲ့ သူတွေအကြားမှာ ကြောက်လန့်နေကြပါတယ်၊ တချို့ပြောတာက ငါက ဘုရားအသေးကိုဖျက်ဆီးတာ၊ အပြစ်သိပ်မရှိဘူး အဲသလိုမျိုး ရဲဋ္ဌာန တွေမှာ ထွက်ဆိုနေကြပါတယ်။"ဟု ရှင်းပြသည်။

ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးပြီး လုယူခံရပြီးနောက် ဘင်္ဂလီဒုက္ခသည်စခန်းအနီး အိုခီးယားမြို့နယ်အတွင်းမှ တချို့ဆင်းတုတော်များ ကိုပါ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဒေသသတင်းများက ဆိုခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ပန်းဝါမြို့နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ရှေ့ဟောင်းဗုဒ္ဓကျောင်းဘုရားသိမ်ဆောင်များနှင့် ဟိန္ဒူကျောင်းများ တိုက်ခိုက်ခံရမှုမှာ မည်သည့်အကြောင်းပြချက် ခိုင်လုံမှုတစုံတရာမရှိဘဲ အသားလွတ်အနိုင်ကျင့် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

တာခ်နာမြို့နယ် ဘင်္ဂလီဒုက္ခသည် နော်ယာပါရာ စခန်းမှ လက်လုပ် သေနပ်တလက်နှင့်အတူ မိုဟာမတ် ဖေါ်ယေဇေရ် (နေအိမ်အမှတ် ၆၆၁)အား စခန်းတာဝန်ကျ BGBက နိုဝင်္ဘာ ၈ ရက်နေ့က ဖမ်းဆီးဖေါ်ထုတ်ရမိခဲ့ကြောင်း ဒေသထုတ် သတင်းစာများက ဆိုခဲ့သည်။

ဒီကပါ။

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈၁ /၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်
(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ" သတင်းထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါ အတိုင်းဖွဲ့စည်းလိုက်သည်-

(က) ဦးအောင်သိမ်း                                                         အဖွဲ့ခေါင်းဆောင်
       ဒုတိယဝန်ကြီး
       သမ္မတရုံးဝန်ကြီးဌာန

(ခ) ဦးရဲမင်း                                                                    အဖွဲ့ဝင်
     ဒုတိယညွှန်ကြားရေးမှူးချုပ်
     သမ္မတဦးစီးရုံး

(ဂ) ဦးရဲနိုင်                                                                     အဖွဲ့ဝင် 

     အထွေထွေမန်နေဂျာ 
     သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း 
     ပြန်ကြားရေးဝန်ကြီးဌာန 

(ဃ) ဦးမိုးကျော်အောင်                                                     အဖွဲ့ဝင် 
        ညွှန်ကြားရေးမှူး
        နိုင်ငံတော်သမ္မတရုံး

(င) ဦးအောင်စိုးသိန်း                                                        အဖွဲ့ဝင် 
      ညွှန်ကြားရေးမှူး
      ပြည်ထောင်စုအစိုးရအဖွဲ့ရုံး 

(စ) ဦးဉာဏ်ထွန်း                                                            အတွင်းရေးမှူး 
      ညွှန်ကြားရေးမှူး 
     နိုင်ငံတော်သမ္မတရုံး 

၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်- 

(က) နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊ 

(ခ) အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊ 

 (ဂ) သတင်းထုတ်ပြန်ချက် (Press Statement)များ ထုတ်ပြန်ပေးရန်၊ 

 (ဃ) ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ (Reactive Media) လုပ်ငန်းများဆောင်ရွက်ရန်၊ 

 (င) ပြည်တွင်း ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊ 

 (စ) ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်။ 

 (ပုံ) ဇော်သန်းသင်း 
အတွင်းရေးမှူး 
 ပြည်ထောင်စုအစိုးရအဖွဲ့

 http://www.president-office.gov.mm/zg/briefing-room/news/2012/11/15/id-1735

ရန်ကုန်မြို့တော်စည်ပင် အကျင့်ပျက်ခြစားဝန်ထမ်းများအား တရားစွဲဆိုမည်

ပြီးခဲ့သည့် လအတွင်း အကျင့်ပျက်ခြစားမှုဖြင့် ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့သော ရန်ကုန်မြို့တော် စည်ပင် သာယာ ရေးကော်မတီ ယာယီမြို့တော်ဝန်(မြို့တော်စည်ပင် အတွင်းရေးမှူး)ဟောင်း အပါအ၀င် အကျင့် ပျက် ၀န်ထမ်း ၅ ဦးနှင့် လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ခဲ့သော စီးပွားရေးသမားများကို ဥပဒေနှင့်အညီ တရား စွဲဆို သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ အမည်မဖော်လိုသူ အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ရန်ကုန်စည်ပင်အတွင်းရေးမှူး အနေဖြင့် ယာယီမြို့တော်ဝန် ရာထူးထမ်းဆောင်နေစဉ် ကာလ အတွင်း မတော်သြဇာကျင့်သုံးပြီး စည်ပင်ပိုင်မြေကို ဂရန်ပိုင်အမည်ပေါက် ရရှိအောင် ဆောင်ရွက်ပေးကာ သိန်းထောင်ချီ လာဘ်စားမှု ကျူးလွန်ခဲ့ခြင်းကြောင့်ြ ဖစ်ကြောင်း အဆိုပါ အရာရှိကြီးကြေ ပာကြားသည်။

အဆိုပါ အမှု ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ယူ စစ်ဆေး ခဲ့ပြီး အပြစ်ရှိကြောင်းေ ပ်ါလွင်ခဲ့သဖြင့် ဌာနမှ ထုတ်ပယ် ခဲ့ပြီးဖြစ်သည်။

အဆိုပါ လာဘ်ပေး လာဘ်ယူမှု တွင် ပါဝင်ခဲ့သူများကို လာဘ်ပေး လာဘ်ယူမှု တားမြစ်ရေးဥပဒေနှင့် တရားစွဲဆိုမည်ဟု ယူဆရကြောင်းနှင့် ယခုလက်ရှိ အစိုးရလက်ထက် တွင် အကျင့်ပျက် ၀န်ထမ်းများကို ပထမဆုံး တရားစွဲဆိုသော အမှုဖြစ် လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.oppositeyes.info/2012/11/blog-post_8164.html

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင်မိန့်ခွန်း ပြောကြားမည်


မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏သမိုင်းဝင်ခရီးစဉ်တွင် မိန့်ခွန်းပြောကြားမည့်နေရာကိုအမေရိကန်သံရုံးက လောလောဆယ်တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီဖြစ်သည်။

ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်းခွန်းပြောကြားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟုခန့်မှန်းပြောဆိုနေကြသည်။

အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့်ပတ်သက်ပြီးနှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။

Myanmar Express

မြန်မာ့နိုင်ငံကို အဆိုးမြင်ပေးဖို့ အိန္ဒိယအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရအနေနဲ့ အကောင်းမြင် တာမျိုး မဖြစ်စေသင့်ပဲ အဆိုးမြင်ပေး ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ ဒေါ်အောင်ဆန်း စုကြည်က ခရီးမစခင်က အိန္ဒိယ နိုင်ငံ ထုတ် The Hindu သတင်းစာနဲ့ အင်တာဗျူး ပြောကြားရာမှာ မြန်မာနိုင်ငံက အခြေအနေကို ဘက်ပေါင်းစုံက အသေအချာ လေ့လာ အကဲခတ်ဖို့ လိုအပ်ကြောင်း၊ အကောင်းမြင်တာ လွန်ကဲသွားရင် အမှားလုပ်နေတာတွေကို သတိမမူ မိဘဲ ဖြစ်တတ်ကြောင်း အိန္ဒိယအစိုးရကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ပထမဆုံး ဝန်ကြီးချုပ် Jawaharlal Nehru အထိမ်းအမှတ် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။အဲဒီနောက်ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအပြင် တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို သူငယ်စဉ်က နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ ဘွဲ့ယူခဲ့တဲ့ The Lady Shri Ram College ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်နေတာအပြင် ၂၀၁၆ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံအထိ လမ်းမကြီး ဖေါက်လုပ်ရေးမှာလဲ အိန္ဒိယအစိုးရက အဓိက တာဝန်ယူမယ်လို့ ဆိုပါတယ်။

အဲဒီလို ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှပ်နှံမှုတွေဟာ လူ့အခွင့်အရေးနဲ ဒီမိုကရေစီအရေးကို ထည့်သွင်းစဉ်းစားတဲ့ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေဖြစ်ဖို့လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

Myanmar Express

စီဒီအမ်အေဖုန်းများ ထုတ်လုပ်ရောင်းချတော့မည် မဟုတ်


CDMA ဖုန်းများကို ထုတ်လုပ်ရောင်းချခြင်း ပြုလုပ်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “နောက်ပိုင်း 3G စနစ်ကိုပဲ အကောင်အထည် ဖော်တော့မှာပါ။ အဲဒီကမှ တစ်ဆင့် 4G စနစ်ကို ဆက်လက် ဖော်ဆောင်တော့မှာ ဖြစ်တဲ့အတွက် စနစ်ဟောင်းတွေကို မလုပ်တော့တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

လက်ရှိတွင် CDMA ဖုန်းများ ရောင်းချပေးခြင်းကို ရပ်ဆိုင်းထားလျက်ရှိပြီး CDMA 800MHz ဖုန်း အင်တာနက် လျှောက်ထားခြင်းကိုမူ အကန့်အသတ်မရှိ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ CDMA ဖုန်းများကို ၂၀၁၀ ခုနှစ်က ကျပ်ငါးသိန်း နှုန်းဖြင့် စတင်ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများအနက် CDMA 800MHz ဖုန်းများမှာ လူကြိုက်များကာ ရန်ကုန်တွင် သုံးစွဲမှု အများဆုံး ဖုန်းအမျိုးအစားတစ်ခု ဖြစ်ခဲ့သည်။

သို့သော် နယ်မြေ ကန့်သတ်ချက်ဖြင့်သာ သုံးစွဲခွင့်ရရှိခဲ့၍ သုံးစွဲသူအချို့ ကျေနပ်မှုမရှိခဲ့ကြောင်း ၎င်းဖုန်းသုံးစွဲသည့် ဈေးကွက်မှ သိရသည်။

“၇၃ ကို အရမ်းကြိုက်ခဲ့ပါတယ်၊ ဒါကြောင့်လည်း ဝယ်ဖြစ်ခဲ့တာပါ၊ အခုတော့ ဒီဖုန်းဝယ်မိတာ စိတ်ပျက်သွားပါပြီ၊ ၃ နှစ်လောက် ရှိနေတာတောင် တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုခွင့်မရဘူး၊ နှစ်သိန်းတန် ဂျီဖုန်းတောင် ခရီးသွားလို့ ရတယ်၊ ၇၃ ဖုန်းကိုင်ပြီး ရန်ကုန်က မခွာဘဲ နေမှရမယ်” ဟု ဖုန်းသုံးစွဲသူ မဇာခြည်ဝင်းက ပြောသည်။

လက်ရှိတွင် CDMA ဖုန်းများတွင် CDMA 800MHz ဖုန်းတစ်မျိုးသာလျှင် သုံးစွဲမှုနှင့် ပြန်ရောင်းချနိုင်သည့် နှုန်းထား အနည်းငယ်ရှိနေပြီး CDMA 450 MHz ဖုန်းများမှာမူ အင်တာနက်စနစ် မရှိခြင်းကြောင့် ဖုန်းအရောင်းဈေးကွက်တွင် အရောင်းအဝယ်မှာ မရှိသလောက် နည်းပါးသွားကြောင်း မိုဘိုင်းဖုန်း ဝယ်ရောင်းဈေးကွက်မှ သိရှိရသည်။

Myanmar Express

Facebook ၏ ၀န်ဆောင်မှုအသစ်


Facebook တွင် မိမိ၏ Friend ဖြစ်စေ၊ မိမိကြိုက်နှစ်သက်၍ Like လုပ်ထားသော Page ဖြစ်စေ post တစ်ခုခုတင်သည့်အခါတိုင်း မိမိအား အသိပေးရန် ပြုလုပ်ထားနိုင်ပြီ ဖြစ်သည်။

Facebook Page တစ်ခုခုတွင် post အသစ်တင်တိုင်း သိရှိလိုပါက အဆိုပါ page တွင်သွားရောက်၍ ပုံ (၁) တွင် ပြထားသည့်အတိုင်း Liked button ပေါ်တွင် mouse pointer တင်ထားလိုက်ပါက menu ပေါ်လာပါမည်။ ထို menu မှ အပေါ်ဆုံးရှိ Get Notifications ကို ရွေးချယ်ပေးရမည် ဖြစ်သည်။
Facebook Friend တစ်ဦး ၎င်း၏ wall တွင် post အသစ်တင်တိုင်း သိရှိလိုပါကလည်း ထို Friend ၏ wall ကို သွားရောက်၍ ပုံ (၂) တွင် ပြထားသည့်အတိုင်း Friends button ပေါ်တွင် mouse pointer တင်ထားလိုက်ပါက menu ပေါ်လာပါမည်။ ထို menu မှ အပေါ်ဆုံးရှိ Get Notifications ကို ရွေးချယ်ပေးရမည် ဖြစ်သည်။

ဒီကပါ။

ကိုခင်မောင်တိုးရဲ့ ပရိသတ်များနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်


ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သူ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ၀မ်းနည်းခြင်း ပို့စ်တခုကို တင်ထားတာပါ။ ဦးရဲထွဋ်ကလည်း ကိုခင်မောင်တိုးကြီးရဲ့ သီချင်းတွေနဲ့ ဗိုလ်လောင်းဘ၀ကတည်းက ရင်းနှီးခဲ့တာပါတဲ့။

ပြန်ကြားရေး ဒု ၀န်ကြီးရဲ့ အသုံးအနှုန်းအရဆိုရင်တော့ ကိုခင်မောင်တိုး ကွယ်လွန်သွားတာ ဟုတ်မှန်တယ် လို့ ဆိုရမှာပါ။

ကိုခင်မောင်တိုး ကောင်းရာ သုဂတိ လားပါစေ။


http://blog.irrawaddy.org/2012/11/blog-post_5986.html

ကြွက်ကြောင့်ပျက်ရတဲ့ တောင်ကြီးက စိုက်ခင်း


တောင်ကြီးမြို့နယ်၊ ထီသယမ်းရွာ ကြက်ခြံလုပ်ငန်းမှာ ကြက်တွေ တိုးပွားခြင်း ရှိမရှိ မသေချာပေမယ့် အမှန်တကယ် တိုးပွားခြင်း ဖြစ်နေတာကတော့ ကြွက်တွေပါပဲ လို့ ဆိုပါတယ်။ အဲဒီ ကြွက်တွေက အနီးတ၀ိုက်မှာရှိတဲ့ ပဲစင်းငုံ၊ ဂျုံ၊ ကန်စွန်းဥ စိုက်ခင်းတွေကို စားသောက် ဖျက်ဆီးနေကြတယ်လို့ သိရပါတယ်။

ဒေသခံတို့ ဆုံးရှုံးနစ်နာနေရကြောင်း ထီသယမ်းရွာနေ လယ်စိုက်သူ ဦးခွန်ထွန်းက ပြောပါတယ်။

ထီသယမ်း ကျောင်းတိုက် ဆရာတော် ဦးနန္ဒကလည်း ထိုနည်းတူ မိန့်ကြားပါတယ်။ ကြက်ခြံမရှိခင်က ကြွက် မပေါဘူး၊ အဲဒီ ကြက်ခြံက သန့်ရှင်းရေး စနစ်တကျ မလုပ်ဘူး၊ ကြက်ခြံလုပ်ငန်း သက်တမ်း သုံးနှစ်ခန့်ရှိပြီလို့ မိန့်ကြားပါတယ်။

နောင်လေကျေးရွာ၊ ပါမွန်းကျော်တံတားအနီးတွင်လည်း ရွာသူရွာသားတွေ နှင့် သံဃာတော်များ သောက်သုံးရေအတွက် အားကိုးရတဲ့ ရေထွက်ဦးကန်ကလည်း အနံ့အသက်ဆိုးများထွက်နေကြောင်း၊ မိုးရာသီဆို အနံ့အသက် ပိုဆိုးကြောင်း ရွာခံများဖြစ်သည့် ခွန်ခေတ်စံ၊ ဦးခွန်ထွန်း၊ ဆရာတော် ဦးနန္ဒ တို့ထံက သိရပါတယ်။

အကြောင်းရင်းကတော့ ကြက်ခြံက ထွက်တဲ့ အညစ်အကြေးတွေ ဖြစ်တဲ့ ကြက်ချေး၊ ကြက်မွေး၊ ကြက်ဥပုတ်ခွံတို့ကြောင်ပါပဲ တဲ့။

ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာရေးအတွက် ဒီကြက်ခြံကို အခြားသင့်သော်ရာနေရာသို့ ရွှေ့ပြောင်းပေးစေလိုကြောင်း၊ ဒေသခံတို့၏ ကျန်းမာရေး အခြေအနေ နှင့် လယ်စိုက်ခင်းများအတွက် သက်ဆိုင်ရာက ကြတ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတို့က ပြောပါတယ်။

http://blog.irrawaddy.org/2012/11/blog-post_15.html

စာနယ်ဇင်းကျင့်ဝတ် မူကြမ်း ထုတ်ပြန်

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက မီဒီယာ လွတ်လပ်ခွင့် အတွက် စာနယ်ဇင်း သမားများ
လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

လွန်ခဲ့သည့် ၂ လက ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က အချက် ၁၅ ချက်ပါ စာနယ်ဇင်းကျင့်ဝတ် မူကြမ်းကို ရေးဆွဲထုတ်ပြန်လိုက်ပြီး အကြံပြုချက်များ တောင်းခံထားကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြုလုပ်သော ၅ ကြိမ်မြောက် အစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်တွင် စာနယ်ဇင်းကျင့်ဝတ်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

စာနယ်ဇင်းကောင်စီကို စက်တင်ဘာလ ၁၇ ရက်နေ့က အဖွဲ့ဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ယခု ဖော်ပြလိုက်သော စာနယ်ဇင်းကျင့်ဝတ်သည် ကောင်စီအဖွဲ့တွင်း သဘောတူထားချက်များသာဖြစ်ပြီး သတင်းမီဒီယာသမားများထံမှ အကြံပြုချက်များ ရယူနိုင်ရန် တင်ပြခြင်းဖြစ်ကြောင်း၊ ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံလည်းဖြစ် Open News Weekly ဂျာနယ် အယ်ဒီတာချုပ်လည်းဖြစ်သည့် ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။

“အခုလောလောဆယ် ကော်မတီတွေ ခွဲထားတယ်။ စာနယ်ဇင်းကျင့်ဝတ်ကို ဆွဲထားတယ်။ ဒါ အတည် မဟုတ်သေးပါဘူး။ အခု မီဒီယာကလူတွေကို ချပြတယ်။ သူတို့တွေက အကြံပြုချက်တွေပေးမယ်။ ဖြုတ်ချင်တာ၊ ထည့်ချင်တာတွေက ကောင်းတဲ့အချက်တွေကို တို့ယူမယ်။ အားလုံး ၀ိုင်းရေးတာကို အားလုံး လိုက်နာတဲ့ ပုံစံမျိုး ဖြစ်စေချင်တာ” ဟု ဦးသီဟစောက ဆိုသည်။

စာနယ်ဇင်းကျင့်ဝတ် မူကြမ်းသည် သတင်းစာစောင်နှင့် ရုပ်သံမီဒီယာများအတွက်သာမက အွန်လိုင်းသတင်းအေဂျင်စီများအတွက်ပါ အကျုံးဝင်သည်ဟု ဦးသီဟစောက ဆိုသည်။

ကောင်စီက ရေးဆွဲသော စာနယ်ဇင်းကျင့်ဝတ်တွင် ဘက်မလိုက်ရန်၊ သတင်းမှားယွင်းပါက ဖြေရှင်းချက် ထင်ရှားစွာထည့်ရန်၊ သတင်းရင်းမြစ်ကို ကာကွယ်ရန်၊ တရားရုံး ကြားနာဆဲအမှုများတွင် တရားစွဲဆိုခံရသူကို အပြစ်ကင်းသူအဖြစ် မှတ်ယူရန်၊ သတင်းယူရာတွင် သတင်းဌာနအမည် ထုတ်ဖော်ပြောဆိုရန်၊ မူရင်းဖန်တီးသူမှ ခွင့်ပြုချက်ရယူကြရန် စသည့်အချက်များပါဝင်သည်။

စာနယ်ဇင်းကောင်စီ (ယာယီ) မှ လုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ရန် ကော်မတီ လေးရပ်ကိုလည်း ဖွဲ့စည်းခဲ့ပြီး တာဝန်ခံ ၄ ဦးက ဦးဆောင်သည်။ ထိုကော်မတီလေးရပ်မှာ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ၊ ကျင့်ဝတ်နှင့် ဥပဒေလေ့လာရေးဆွဲရေး ကော်မတီ၊ စီမံရေးရာနှင့် ဘဏ္ဍာရေး ကော်မတီ နှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီ တို့ဖြစ်သည်။

အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီတွင် ကြေးမုံသတင်းစာ အယ်ဒီတာဟောင်း ဦးကိုကိုကြီးက တာဝန်ခံဖြစ်ပြီး ကျင့်ဝတ်နှင့် ဥပဒေလေ့လာရေးဆွဲရေး ကော်မတီတွင် ကောင်စီ အထွေထွေအတွင်းရေးမှူးဖြစ်သည့် The Voice Weekly ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက တာဝန်ခံသည်။ စီမံရေးရာနှင့် ဘဏ္ဍာရေးကော်မတီကို ဦးသောင်းစုငြိမ်းက တာဝန်ခံပြီး ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီ တာဝန်ခံအဖြစ် ဦးသီဟစောက ဆောင်ရွက်သည်။

အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီက တိုင်စာများ လက်ခံရရှိနေပြီး ယခုအပတ်အတွင်း စတင် ကိုင်တွယ် ဖြေရှင်းတော့မည်ဖြစ်ကြောင်း သိရသည်။

“တိုင်စာတွေက အစောကြီးတည်းက ရောက်နေပြီ။ ၄-၅ စောင်လောက်ရောက်နေပြီ။ ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့ထားတဲ့ စာအပါအ၀င်ပေါ့။ ကော်မတီတာဝန်ခံတွေက စတင် ဆောင်ရွက်ပါလိမ့်မယ်။ ကော်မတီက အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တွေအကြား အငြင်းပွားမှုတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တာဝန်ယူ ဖြေရှင်းမှာပါ။ ဒါပေမယ့် တိုင်ကြားမှုက ကြီးမားတဲ့ ရှုတ်ထွေးတဲ့ ကိစ္စရပ်မျိုးတွေကိုတော့ ကောင်စီအဖွဲ့ဝင်အားလုံးရဲ့ သဘောဆန္ဒ ရယူမှာ ဖြစ်ပါတယ်” ဟု ဦးသီဟစောက ဆိုသည်။

စာနယ်ဇင်းကောင်စီဥပဒေနှင့် မီဒီယာဥပဒေတို့ကို ရေးဆွဲရမည့် စာနယ်ဇင်းကောင်စီက ထိုဥပဒေများ ရေးဆွဲရန် အချိန်ယူရမည် ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် ကောင်စီ ဖွဲ့စည်းပုံကို ရေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။ ကျင့်ဝတ်ချိုးဖောက်သူများအတွက် အရေးယူမှုများကို ကောင်စီက လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ကောင်စီဖွဲ့စည်းပုံအရသာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လတွင် ပထမတကြိမ် အစိုးရမှ ဖွဲ့စည်းပေးခဲ့သည့် အမြုတေ စာနယ်ဇင်းကောင်စီတွင် စာနယ်ဇင်းသမား အနည်းငယ်သာ ပါဝင်ပြီး စာပေစိစစ်ရေး၏ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရမည့် တာဝန်များ ပါလာသောကြောင့် စာနယ်ဇင်းသမားများက လက်မခံဘဲ ပယ်ချခဲ့သည်။ သို့သော် သြဂုတ်လမကုန်ခင် စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက် စာနယ်ဇင်းသမားများကို ကိုယ်စားပြုသော ယာယီ စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသည့် မီဒီယာဥပဒေမူကြမ်းကို မယူတော့ဘဲ စာနယ်ဇင်း သမားများနှင့်အတူ ဥပဒေမူကြမ်းသစ် ရေးဆွဲမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က စက်တင်ဘာလဆန်းပိုင်းက ပြောဆိုခဲ့သည်။

ထို့အပြင် အစိုးရပိုင် မီဒီယာများဖြစ်သည့် နေ့စဉ်ထုတ် သတင်းစာများ၊ ရေဒီယို၊ ရုပ်သံနှင့် စာပေဗိမာန်တို့အား အများပြည်သူ ဝန်ဆောင်မှုမီဒီယာများအဖြစ် ၂၀၁၃ သြဂုတ်လမှ ၂၀၁၅ သြဂုတ်လအတွင်း အပြီးပြောင်းလဲဆောင်ရွက်မည်ဟုလည်း နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာပြုပြင်ပြောင်းလဲရေး စီမံချက် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် ဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းကို ယခုလ ၉ ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ယုဇနတာဝါ အခန်းအမှတ် (၉၀၂) ၌ တရားဝင်ဖွင့် လှစ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ စာနယ်ဇင်းကောင်စီ ရုံးခန်းနှင့် လည်ပတ်မှု အသုံးစရိတ်များကို အဖွဲ့ဝင်များက ထည့်ဝင်ကြောင်း၊ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ရုံးခန်းနေရာနှင့် တခြား ကမ်းလှမ်းမှုရှိသော်လည်း လက်မခံကြောင်း ဦးသီဟစောက ဆိုသည်။

http://burma.irrawaddy.org/archives/25442

အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ


ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာမည့်သူများကို
အင်းစိန်ထောင်ရှေ့ တွင် စောင့်ကြို နေကြသူများ (ဓာတ်ပုံ - ဧရာဝတီ)

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာနိုင်ငံ အစိုးရက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ကြေညာပါတယ်။

အကျဉ်းထောင်တွေထဲက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ နိုင်ငံခြားသား အကျဉ်းသားတွေ စုစုပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာ ကြေညာခဲ့ပါတယ်။


အခုလို အကျဉ်းသားပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာမှာ လူအများမျှော်လင့်သလို သမ္မတ အိုဘားမားလည်း မျှော်လင့်နေမယ့် နိုင်ငံရေးအကျဉ်းသားဆိုသူ၊ သို့မဟုတ် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံရသူများ ဆိုတာ အရေအတွက် ဘယ်လောက်ပါလာမလဲ ဆိုတာ သဲသဲ ကွဲကွဲ မရှိပါဘူး။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ၀န်း ကျင် ကျန်ရှိနေကြပါတယ်။

ဒီအထဲမှာ ကိုလက်ျာထွန်းတို့လို၊ ဦးမြင့်အေးတို့လို သူတွေပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။

အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု ဘယ်လို ရှိတယ်ဆိုတာ ကို စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။

သမ္မတရုံး အင်တာနက်စာမျက်နှာပေါ်က ကြေညာချက်ကို အောက်မှာ မူရင်းအတိုင်း ဖော်ပြပေး လိုက်ပါတယ်။

ပြစ်ဒဏ်အသီးသီးမှလွတ်ငြိမ်းချမ်းသာခွင့်ပြု

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

http://blog.irrawaddy.org/2012/11/blog-post_4606.html

အကျင့်ပျက် ခြစားမှုကို အရှိန်ပြင်းပြင်း တိုက်ဖျက်နိုင်မှ ဖြစ်တော့မည်

အကျင့်ပျက် ခြစားမှု (Corruption) ဆိုတာ ငွေကြေးကိစ္စ ဟုတ်သည်ဖြစ်စေ- မဟုတ်သည်သည်ဖြစ်စေ ကိုယ်ကျိုး အတွက် အာဏာကို အလွဲ သုံးစားလုပ်တာ ဖြစ်ပါတယ်။ ကိုယ်ကျိုး ဆိုရာမှာ မဆိုစလောက် အနေအထားကနေ ပုဂ္ဂိုလ် တဦးချင်း အလိုက်၊ အဖွဲ့အစည်းအလိုက် ယုံကြည်စွာ လွှဲအပ် ခံထားရတဲ့ သြဇာအာဏာကို လွဲမှားစွာ အသုံး ပြုတတ်တာ ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှုတွေဟာ စီးပွားရေး တခုတည်းမှာသာ ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ တခါတလေမှာ ဥပဒေပြု မဏ္ဍိုင်မှာတောင် ဖြစ်တတ်လေ့ ရှိပါတယ်။ ဥပမာ- အာဏာရှင်စနစ်မှာ အများပြည်သူရဲ့ သဘော တူညီမှုကို မရယူဘဲ အာဏာရှင် ပုဂ္ဂိုလ် တဦးတယောက် (သို့) တဖွဲ့က ဥပဒေ ပြဋ္ဌာန်း တာမျိုး ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ၂ဝ၁၂ တနှစ်တာ အခု နိုဝင်ဘာလ မတိုင်မီအထိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ် သက်ပြီး တာဝန်ရှိတဲ့ အစိုးရဘက်က တရားဝင် ပြောဆို တိုက်တွန်းတာတွေ ရှိနေခဲ့ပေမယ့် လက်တွေ့မှာ ထိထိ ရောက်ရောက် ဖော်ထုတ် အရေးယူတာ သိပ်မတွေ့ရဘူးလို့ ထင်ပါတယ်။

၂ဝ၁၁ ခုနှစ် နိုင်ငံတကာ ကိန်းဂဏန်းအရ နယူးဇီလန်၊ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်နဲ့ စင်ကာပူတို့ဟာ အကျင့်ပျက် ခြစားမှု အသန့်ရှင်းဆုံး နိုင်ငံတွေ ဖြစ်ကြပြီး တရုတ်က နံပတ် (၇၅) ဖြစ်ပါတယ်။ မြန်မာက အာဖဂန်နစ္စတန်နဲ့အတူ နံပါတ် (၁၈ဝ) ဖြစ်ပြီး အောက်ဆုံးမှာ မြောက်ကိုရီးယားနဲ့ ဆိုမာလီတို့ပဲ ကျန်ပါတော့တယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေပြု မဏ္ဍိုင်ဘက်မှာ အနည်းငယ် တိုးတက်မှု ရှိလာပြီး အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်မှာလည်း ဖြေ လျော့မှုတွေ အနည်းငယ် ရှိလာတာ အမှန်ပါ။ တရားရေး မဏ္ဍိုင်မှာဆိုရင် မဆိုစလောက် နည်းပါးတဲ့ အဖြစ် လောက် သာလူသိရှင်ကြား ကျေနပ်စရာ ဖြစ်ခဲ့ရတာ ရှိပါတယ်။ ဒါပေမယ့် ၂ဝ၁၂ အကျင့်ပျက်ခြစားမှု နိုင်ငံစုံအဆင့် စာရင်း ထွက်လာရင် မြန်မာနိုင်ငံအဖို့ ထူးထူးခြားခြား ရှိနေဦးမှာ မဟုတ်သေးဘူးလို့ ဆိုရမလားပါပဲ။

ဘာပဲဖြစ်ဖြစ် ဒါဟာ အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား ထားပြီး ကြိုးပမ်းနေတဲ့ သမ္မတဦးသိန်းစိန် အစိုးရအတွက် ၂ဝ၁၂ အကျင့်ပျက်ခြစားမှု နိုင်ငံစုံအဆင့် စာရင်းမှာ အနုတ်လက္ခဏာ ဆက်ဖြစ်နေပါဦးမယ်။ ဒါက တော့ စိန်ခေါ်မှုတွေကို ရင်မဆိုင်နိုင်သေးတဲ့ လက္ခဏာလို့ ဆိုရမှာဖြစ်ပြီး တကယ့်ကို စိတ်မကောင်း စရာဆိုပေမယ့် ဆက်လက် အားတင်းပြီး ရင်ဆိုင်ကျော်လွှားဖို့ကလွဲလို့ အခြား မရှိပါဘူး။

အကျင့်ပျက် ခြစားမှု ရှိနေလို့ နိုင်ငံတကာ အလယ်မှာနဲ့ ပြည်တွင်းမှာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။ ဒါ့အ ပြင် မလိုလားအပ်တဲ့ စရိတ်စက ကြီးထွားမှုကို ဖြစ်စေပါတယ်။ လူမှန်နေရာမှန် ကျင့်သုံးရမယ့်စနစ်ကိုဖျက်ဆီးရာ ရောက်ပါတယ်။ အကျင့်ပျက်ခြစားမှုကို အားမပေး ချင်သူတွေ အဖို့ အချိန်နဲ့တကွ အခြားကိစ္စတွေမှာ နစ်နာဆုံးရှုံးရတာ ရှိတတ်ပါတယ်။ လူတန်းစား ခွဲခြားမှု၊ ဖိနှိပ်မှုတို့ရှိလာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာစေပါတယ်။

စီးပွားရေး ဘက်မှာ ဆိုရင် ခရိုနီစနစ်ကို အားပေးသလို ဖြစ်နေတာကြောင့် စီးပွားရေးသမား အများစုက အစိုးရအပေါ် အယုံ အကြည် ကင်းတဲ့ သဘော ဖြစ်လာတတ်ပါတယ်။ သူလုပ်လို့ ငါလည်း လိုက်လုပ်ရတော့တယ် ဆိုတဲ့ စိတ်ဓါတ် တွေ မွေးလာတတ်ကြပါတယ်။ အများမိုးခါးရေ သောက်သလို ဖြစ်လာတဲ့အခါ နောက်ဆုံး စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်ကျင့်တရား ပျက်ပြားလာတတ်ပါတယ်။ ပြိုင်ဆိုင်မှုကို ထိခိုက်စေလို့ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အမှန်ပဲ ထိခိုက်စေပါတယ်။ အဲဒီလို ဖြစ်ရတဲ့ ဆိုးကျိုးသက်ရောက်မှုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ သာမက ပြည် တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေလည်း ခံရမှာ ဖြစ်ပါတယ်။

တရားစီရင်ရေးဘက်မှာဆို လာဘ်ပေးလာဘ်ယူမှုတွေ၊ ဥပဒေကို အထက်ကနေ စိတ်ထင်သလို ပြုမုတာတွေ၊ ဥပဒေဘက်တော်သားတွေ ကိုယ်တိုင်က ဥပဒေကို ကျောခိုင်းပြီး ပြုမူတာတွေ၊ တနည်းအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်တာတွေဟာ အကျင့်ပျက်ခြစားမှု ရှိနေလို့ ဖြစ်လာရတာပါပဲ။

ဥပဒေပြုရေးအပိုင်းမှာဆိုရင် ကိုယ်ကျိုးစီးပွား လိုချင်လို့၊ ကာကွယ်ချင်လို့ ဥပဒေတွေကို “အများညီ ကျွဲကို ဤ ဖတ်သည်” ပုံစံမျိုးနဲ့ အဓမ္မ အတည်ပြု ပြဋ္ဌာန်းတာတွေဟာ အကျင့်ပျက် ခြစားမှု ဖြစ်ပါတယ်။

နိုင်ငံအဆင့် သတိထားသင့်ဆုံးတွေထဲက တချက်ကတော့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ကိစ္စမှာ အကြမ်းဖက်သမားတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေ၊ လူကုန်ကူးသူတွေ၊ လက်နက်မှောင်ခို ရောင်းဝယ်သူတွေ၊ စီးပွားရေး မှောင်ခိုသမားတွေ၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ဖောက်ဖျက်ပြီး ခိုးဝင်သူတွေဟာ အကျင့်ပျက်ခြစားမှုကို အခွင့်ကောင်းယူတတ်ကြတာ ဖြစ်ပါတယ်။

အကောင်းဆုံး မျှော်လင့်နိုင်တာကတော့ အကျင့်ပျက် ခြစားမှုတွေကို အခုကတည်းကစပြီး အရှိန်အဟုန် ပြင်းပြင်းနဲ့ စတင် ပြုပြင်ယူဖို့သာ ဖြစ်ပါတယ်။ အကျင့်စာရိတ္တ မကောင်းတာကို ပြင်ဖို့ ဘယ်တော့မှ အချိန်မဆွဲသင့်ပါဘူး။ စောစောပြင်နိုင်လေ ကောင်းလေပါပဲ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ တံခါးဝကို ရောက်နေပြီလို့ နိုင်ငံတကာက အသိအမှတ် ပြုလာကြပါတယ်။ဒီမိုကရေစီနဲ့ နိုင်ငံဖွံ့ဖြိုးရေးတို့ဘက်မှာ တကယ်တိုးတက်ချင်ရင် တကယ်လုပ်နိုင်ဖို့ တကယ့်အခွင့်ကောင်းကြီးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အစိုးရအပါအဝင် ကျနော်တို့ မြန်မာတွေဟာ “စာရိတ္တကောင်းကောင်းနဲ့ ကြိုးစားကြမယ်ဟေ့” ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူနိုင်ရပါမယ်။ လူတိုင်းမှာ ဒီလိုစိတ်ဓါတ်မျိုး ရှိလာအောင် အစိုးရတွေရော မီဒီယာနဲ့တကွ တာဝန်ရှိသူတွေ အားလုံးကပါ ဝိုင်းဝန်း တိုက်တွန်း အားပေးရပါမယ်။ အသိပညာတွေ ဖြန့်ပေး ကျင့်သုံးစေရပါမယ်။

လွင်အောင်စိုး

၁၄-၁၁-၂ဝ၁၂

မှတ်ချက် - အောက်ပါ Link မှာ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတနဲ့ တိုက်ဖျက်ရေး နည်းလမ်းတ ချို့ အကြောင်း ပိုမိုပြည့်စုံစွာ လေ့လာဆည်းပူးနိုင်ပါမယ်။

Transparency and Anti-corruption

ဒီကပါ။

မိတ်ဆွေ ၁၀ ပါတီမှ ကျားဖြူပါတီ နုတ်ထွက်

တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ပိုမိုလှုပ်ရှားနိုင်ရန် ဒီမိုကရေစီ မဟာမိတ် ၁၀ ပါတီ၏ လှုပ်ရှားမှုများ တွင် ကျားဖြူ ခေါ်သျှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ ပါဝင်တော့ မည်မဟုတ်ကြောင်း ပါတီဝင် တဦးက ပြောသည်။

“ကျနော်တို့မှာ တိုင်းရင်းသား ၁၃ ပါတီမှာက လုပ်စရာတွေ များလာတယ်။ နောက်တခုကလည်း ကျနော်တို့ က ဒီ ၁၀ ပါတီထဲမှာသာ ပါတယ်ပြောတာ။ တချို့ထုတ်ပြန်ကြေငြာချက်တွေမှာ ကျနော်တို့က မှတ်တမ်းလက်မှတ်ဘဲ ထိုးတယ်။ တချို့ကြေငြာချက် တွေမှာလဲ ကျနော်တို့ သဘောမတူ လက်မခံနိုင်တဲ့ အချက်အလက်တွေ ပါသွားတယ်။ ကျနော်တို့ပါဝင်တယ်ဆိုပြီးတော့ ဒီလိုလေးတွေရှိတယ်။ ဒါကြောင့် ဒီ ၁၀ ပါတီလှုပ်ရှားမှုမှာ မပါတော့ဖို့ဘဲ” ဟု ကျားဖြူ ပါတီ၏ လဲချားမြို့နယ် လွှတ်တော်အမတ်ကပြောသည်။

မကြာသေးခင်က နေပြည်တော်၌ တင်ပြခဲ့သော ၁၀ ပါတီ၏ တင်ပြတောင်းဆိုချက်တခုဖြစ်သည့် ၂၀၁၅ ရွေးကောက် ပွဲ ကို အချိုးကျကိုယ်စားလှယ်စနစ် PR (Proportional Representation) ကျင့်သုံးရန် ကိစ္စ ကျားဖြူပါတီမှ လက်မခံ၊ သဘောမတူကြောင်း အဆိုပါလွှတ်တော်အမတ်က ဆက်ပြောသည်။

“PR စနစ်ဆိုတာ ကျေးလက်ဒေသ တိုင်းရင်းသား ပြည်သူလူထု တွေမပြောနဲ့ ကျနော်တို့ လွှတ်တော်အမတ်တွေထဲမှာ တောင် မသိ နားမလည်တာ ရှိနေသေးတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင်တော့ လူထုက ဇဝေ ဇဝါဖြစ်စေမယ်။ အဲဒီတုန်းက ကျနော်တို့ အစည်းအဝေးဘဲသွားတက်တယ်။ ထုတ်ပြန်တော့ ကျနော်တို့ပါ သဘောတူ တယ် လို့ ပါထားတယ်။ ၂၀၁၀ ကတောင်မှ ဘယ်အကွက်ကို ဘယ်လိုခြစ်ရမယ် ဆိုတာ မသိသေးတဲ့လူတွေအများ ကြီး ရှိပါသေးတယ်” ဟုလည်း ဆိုသည်။

PR ခေါ် အချိုးကျကိုယ်စားလှယ်စနစ် ဆိုသည်မှာ - ဥပမာ လွှတ်တော်အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ၊ ပါတီတခုက ၅၀%၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀%၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် - ၅၀% ဖြင့်ထောက်ခံမဲရရှိသည့်ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိ သည့်ပါတီက ၂ ဦး - စသဖြင့် အမတ်ဦးရေသတ်မှတ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲက သုံးသော Winner take all လမ်းစဉ်သည် ဥပမာ -(က) မြို့၌ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်း နှစ်ယောက်အနက် တယောက် မှာ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်း တယောက်မှာမူ ထောက်ခံမဲ ၄၉ ရာခိုင်နှုန်း ရရှိပါက ၅၁ ရာခိုင်နှုန်း ရရှိ သည့်ပုဂ္ဂိုလ်က လုံးဝအောင်နိုင်သူ ဖြစ်၏။ ၄၉ ရာခိုင်နှုန်း ရရှိသူက လွှတ်တော်အတွင်း ရောက်ရှိလာနိုင်ခြင်း လုံးဝမရှိ ဟုဆိုသည်။

ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) ၊ ချင်းအမျိုးသားပါတီ (CNP)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) (DPM) ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ (DPP) ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ UPP တို့ဖြစ်ပါသည်။

ညီနောင်တိုင်းရင်းသား ၁၃ ပါတီမှာမူ - ၁။ ရခိုင် (RNDP) ၂။ ကျားဖြူ(သျှမ်း) SNDP ၃။ မွန် (AMRDP) ၄။ ကရင် (ဖလုံ စဝေါ်) PSDP ၅။ ချင်း (CNP) ၆။ ကယန်း (KNP)၊ ၇။ သျှမ်းနီ (TNDP)၊ ၈။ ဓနု (DNDP) ၉။ အရှိုချင်း (ACNP) ၁၀။ အင်းသား (INDP)၊ ၁၁။ ပအိုဝ်း (PNO) ၁၂။ တအာင်း(ပလောင်)TNP နှင့် ၁၃။ ဝ တိုးတက်ရေးပါတီ ( WDP) တို့ဖြစ်သည်။

ဒီကပါ။

ဘင်္ဂလီ ၂၄၁ ဦး မြန်မာအကျဉ်းထောင်အတွင်းရှိဟု နစက ဆို

မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အကျဉ်းကျထောင်သား ၂၄၁ ဦး ရှိနေပြီးဖြစ်ကြောင်း နစကမှ BGBသို့ တရားဝင် အကြောင်းကြားစာ ပေးပို့ချက်အရ သိရှိရသည်။

နစက ပေးပို့သော ဘင်္ဂလီအကျဉ်းသား ၂၄၁ ဦး စာရင်းအရ တာခ်နာမြို့နယ်အတွင်းမှ ဖမ်းဆီးခံရသော ငါးဖမ်းသမား ၂၅ ဦးအား လွဲပြောင်းပေးရန် တာခ်နာမြို့ အခြေစိုက် BGB အမှတ် (၄၂)တပ်ရင်းက သက်ဆိုင်ရာ နစကသို့ တောင်းဆိုခဲ့သော်လည်း သီးသန့် ၂၅ ဦးလွှဲပြောင်းပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြန်ကြားခဲ့သည်ဟု ကော့စ်ဘဇားမြို့ ယနေ့ထုတ် teknafnews.com တွင် ဖေါ်ပြထားသည်။

BGB တောင်းဆိုမှုအား နစက အနေဖြင့် ပယ်ချလိုက်ကြောင်းနှင့် ၂၄၁ ဦးအား တခါတည်း လက်ခံယူရန် အကြောင်းပြန်ကြားခဲ့ကြောင်း ဆိုသည်။

နစကမှ ယင်း ဘင်္ဂလီအကျဉ်းသား ၂၄၁ ဦး မြန်မာအကျဉ်းထောင်အတွင်း ရှိနေကြောင်း BGB သို့ တရားဝင် သတင်းပေးပို့ခြင်းမှာ BGB မှ တောင်းဆိုချက်အရ နစက စစ်တမ်းကောက်ချက်ကြောင်း ယခုကဲ့သို့ စာရင်းအတိအကျ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာအကျဉ်းထောင်အတွင်းရှိ ဘင်္ဂလီအများအပြားမှာ ဘင်္ဂလာပိုင်နက် နတ်မြစ်မှ မလေးရှားသို့ မှောင်ခိုထွက်ခွာသည့်အချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် စက်ဘုတ်နစ်မြှုပ်၍ မြန်မာရေတပ်ထံ ဖမ်းဆီးခံရသူများ၊ မြန်မာ့ပိုင်နက်အတွင်း ငါးခိုးဖမ်းဆီးသူများနှင့် သစ်ခိုးခုတ်သူများဖြစ်ကြောင်း သိရှိရသည်။

ဦးသိန်းစိန်၏ နောက်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် မော်လမြိုင်ထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ဦးကို လွှတ်ပေးခဲ့ကာ ရခိုင်ပြည်မောင်တောမြို့မှတဆင့် ဘင်္ဂလာသို့ တရားဝင်လွှဲပြောင်းပေးရန် စီစဉ်ခဲ့ပြီး မောင်တောမြို့မှတဆင့် လွှဲပြောင်းပေးအပ်ခြင်း ရှိမရှိကိုမူ ယခုအချိန်ထိ နစက အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။

ဒီကပါ။

ကျာက်တော် တောင်ဘွေ ကျေးရွာ အုပ်ချုပ်ရေးမှူး ကြိုးဆွဲချ သေဆုံး

စစ်တပ် ပစ်ခတ်မူကြောင့် လူပေါင်း ဒါဇင်ဝက်နီးပါးခန့် သေဆုံးခဲ့ရသည့် အထိ ပြဿနာ ကြီးကျယ်ခဲ့သော ကျောက်တော်မြို့ နယ် တောင်ဘွေ   ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံး စီရင်သွားကြောင်း သတင်း ရရှိသည်။

အဆုံးစီရင်သွားသူ ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ဦးမောင်အေးတင် (၄၅) နှစ်ပြီး ရွာဦးရှိ သရက်ပင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်က ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်သည်။

“ ဟုတ်ပါတယ်။ မနက်က သူ့အလောင်းကို ကျောက်တော် ဆေးရုံကို ယူလာပါတယ်။ ကျွန်တော် သွားကြည့်ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ တွေ့မလို့ပါဘဲ။ ဒါပေမယ့် သူမက ဘုရားသွားတယ်ဆိုတဲ့ အတွက် တွေ့ခွင့်မရခဲ့ဘူး။ ဘာကြောင့် ခုလို သတ်သေသွားတယ်ဆိုတာကို မေးမလို့ပါဘဲ။ ဒါပေမယ့် မေးခွင့် မရခဲ့ပါဘူး” ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

“ သူ့ရဲ့ ညီဖြစ်တဲ့သူကတော့ ပယောဂ မပါဘဲ ကိုယ်ဟာကိုယ် သတ်သေသွားတယ်လို့တော့ ကျွန်တော်ကို ပြောသွားပါတယ်” ဟု ဦးစောငြိမ်းက ဆက်ပြောသည်။

သို့သော်လည်း ဒေသခံ ကျေးရွာသားများက စိတ်ဖိစီးမူဒဏ်ကြောင့် နောက်ဆုံး ယခုကဲ့သို့ အဆုံး စီရင်သွားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ဦးမောင်အေးတင်အား တောင်ဘွေ ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တပ်မှ အကြိမ်ကြိမ် ခေါ်ယူ စစ်ဆေးခြင်း ရှိခဲ့ပြီး ကြိုးဆွဲချ မသေမီ တရက် အလိုကလည်း စစ်တပ်က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ဆဲဆို ကြိမ်းမောင်းမူများလည်း ရှိခဲ့ကြောင်း သိရသည်။

သူ့အလောင်းအား ဆေးရုံမှ စစ်ဆေးပြီးနောက် နေ့လည်ပိုင်းတွင် ရွာသို့ သဂြိင်္ုလ်ရန် ပြန်လည် သယ်ယူသွားခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် တွင် တောင်ဘွေကျေး ရွာတွင် စစ်တပ်က ပစ်ခတ်၍ အနည်းဆုံး ရခိုင်လူမျိုး (၄) ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာ ရရှိခဲ့ သည်။

ဦးမောင်အေးတင်တွင် ဇနီး ဒေါ်မဲမကြီးနှင့် ၂ နှစ်အရွယ်သား တစ်ယောက်နှင့် သမီး (၄) ယောက် ကျန်ရစ်ခဲ့ပြီး သမီးအကြီးဆုံးမှာ အသက် ၁၃ နှစ်ခန့်သာ ရှိသေးကြောင်းသိရသည်။

ဒီကပါ။

လက်ပ်တော့သုံးမျိုး ကြမ်းခင်းဈေး ကျပ်တစ်သိန်း သတ်မှတ်၍ လေလံတင်ရောင်းမည့် နည်းပညာနှင့် မိုဘိုင်းပြပွဲ

ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်အဖြစ် တောင်ငူမြို့၌ ကျင်းပမည့် အိုင်တီနှင့် မိုဘိုင်းပြပွဲ (IT & Mobile Fair) ၌ လက်ပ်တော့ အမှတ်တံဆိပ် သုံးမျိုးမှ လက်ပ်တော့များကို ကြမ်းခင်းဈေး ကျပ်တစ်သိန်း သတ်မှတ်ကာ လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီပြပွဲမှာ Dota Game ပြိုင်ပွဲပါမယ်။ Lenovo, HP, Acer Brand Laptop တွေကို ကြမ်းခင်းဈေး တစ်သိန်း သတ်မှတ်ပြီး လေလံစနစ်ဖြင့် ရောင်းချပေးမှာပါ။ နယ်ဒေသဆိုတော့ အိုင်တီဖွံ့ဖြိုးမှုက ရန်ကုန်လောက်မရှိဘူး။ နယ်မြို့က လူတွေ အိုင်တီမှာ ပိုမိုစိတ်ဝင်စားလာအောင် စာပေဟောပြောပွဲ၊ အိုင်တီဟောပြောပွဲ၊ အိုင်တီစကားဝိုင်း၊ နက်ဝါ့ခ် စကားဝိုင်းတွေ ပါမှာပါ” ဟု ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးထိုက်လင်းက ပြောသည်။

ပြပွဲတွင် ရောင်းချမည့် လက်ပ်တော့များမှာ အလုံးရေ ကန့်သတ်ချက်ရှိကြောင်း ဦးစားပေး စနစ်ဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ကေတုမတီ(တောင်ငူ)မြို့ နန်းတည်နှစ် ၅၀၂ နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်နှင့်အတူ ပြပွဲကို ဘုရင့်နောင်ခန်းမ၌ နိုဝင်ဘာ ၂၃၊ ၂၄ ရက်တို့တွင် နံနက် ၉ နာရီမှ ၆ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မှ ကွန်ပျူတာကုမ္ပဏီ ၂၄ ခု ပါဝင်ပြသမည် ဖြစ်သည်။

“ဒီပြပွဲက တိုင်းဒေသကြီးအနေနဲ့ ပထမဦးဆုံးပါ။ ပဲခူးတိုင်းဒေသကြီးက ကွန်ပျူတာပညာရှင်အသင်းနဲ့ လုပ်ငန်းရှင်အသင်း ပူးပေါင်းပြီး တောင်ငူမြို့မှာ ကျင်းပတာပါ” ဟု ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဘဆွေက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။