ရန်ကုန်မြစ်အတွင်း နှစ်ပေါင်း(၂၀)ကျော် ကာလအတွင်း ပထမဦးဆုံးအနေဖြင့် ခရီးသည် (၃၀၀)ဆန့် လူစီးကူးတို့ တံလျှပ်ရေယာဉ် အား နေ့စဉ်ပြန်လည် ပြေးဆွဲပေး မည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း လိုင်း၊ မြစ်ဝကျွန်းပေါ်ဌာနခွဲက သိရှိရသည်။
ဘုရင့်နောင်အတွင်း ယာဉ်ကြောလမ်းပိတ်ဆို့မှု အဆင်ပြေစေရန် လုပ်သားပြည်သူများအတွက် အဓိက ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ပြီး အဆိုပါ ကူးတို့ရေယာဉ်အား ပို့ဆောင်ရေးဝန်ကြီးဌာနပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ် ဌာနခွဲမှ နိုဝင်ဘာ (၁၂)ရက်နေ့မှ စတင်ကာ ပြေးဆွဲပေးမည်ဖြစ်သည်။
ရေယာဉ်ပြေးဆွဲခြင်းကို လှိုင်သာယာမြို့သစ် အကောင်အထည်ဖော်စ ဘုရင့်နောင်တံတား မဆောက်လုပ်ခင် ၁၉၉၀ခုနှစ် ဖေဖော်ဝါရီလ အတွင်း က လှိုင်သာယာမှ မြို့တွင်းသို့ နေ့စဉ်ရေယာဉ် (၂)စီး ပြေးဆွဲ ပေးခဲ့ပြီး ဘုရင့်နောင် တံတားဆောက် လုပ်ပြီး ၁၉၉၄ ခုနှစ် ဇွန်လ တွင် ရေယာဉ် ပြေးဆွဲမူ ရပ်နားထားခဲ့ရာမှ ယခုမှ ပြန်လည်ပြေးဆွဲပေးခြင်းဖြစ် သည်။
“ဒီ ကူးတို့ယာဉ်ဆွဲပေးတာကို တစ်လလောက်က ဆာဗေး လုပ်ထားတာပါ။ ၁၉၉၀ တုန်းကတော့ နှစ်စီးပြေးဆွဲခဲ့ပါတယ်။ အခုက ပြန်ပြေးဆွဲတာပါ။ ၂၂နှစ်အတွင်းမှာ ပထမ ဦးဆုံးပါ။ နောက်ပိုင်းမှာ လည်း ခရီးသည်တွေ အပေါ်မူတည်ပြီး ထပ်တိုးချဲ့ပေးသွားမှာပါ ” ဟု ပြည်တွင်း ရေကြောင်းလိုင်း၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ထောက်မန်နေဂျာ ကိုဇော်သက်အောင် က ပြောသည်။
ပြည်တွင်းရေကြောင်းလိုင်းပိုင် တံလျှပ်ရေယာဉ် အမျိုးအစားဖြင့် ဘုရင့်နောင် FMI ရှမ်းဘုန်းကြီး ကျောင်း ကူးတို့ဆိပ်နှင့် စဉ့်အိုးတန်း(လမ်းမတော်)သို့ နေ့စဉ်အသွား/အပြန် နေ့/ည တစ်ခေါက်စီ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရှိရသည်။
“ဘုရင့်နောင် ကားပိတ်ရင် အနည်းဆုံး နာရီဝက်လောက် ကြာတယ်။ ကျွန်မတို့ဆို ရုံးချိန်မှီအောင် နေ့တိုင်း ၄၅မိနစ်လောက် ကြိုထွက်ရတယ်။ ကားလမ်းပိတ်မှာလည်း မပူ ရတော့ ကောင်းပါတယ်။ ခရီးသည်တွေ အတွက် အဆင်ပြေသွားတာပေါ့ ” ဟု ဘုရင့်နောင်၊ FMIတွင် နေထိုင်သော ရုံးဝန်ထမ်း မရင်နုက ပြော သည်။
ယခုပြေးဆွဲမည့် ရေယာဉ်မှာ ကြာမြင့်ချိန် တစ်နာရီခရီးအား ခရီးသည်တစ်ဦးလျှင် စီးနှင်းခ(၂၅၀)ကျပ် ကောက်ခံမည်ဖြစ်ပြီး ကာရေယာဉ်ပေါ်တွင် ခရီးသည်များ သက်တောင့်သက်သာ စီးနှင်းနိုင်ရန် ထိုင်ခုံနှင့် ရေသန့်ဗူးကြီးများ တင်ထားပေးမည်ဖြစ်ပြီး၊ လက်ဖက်ရည်ဆိုင်ပါဝင်မည် ဖြစ်သည်။
လှိုင်သာယာမြို့နယ် ဘုရင့်နောင်ကူတို့ဆိပ်မှ နံနက်( ၇)နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး စဉ့်အိုးတန်း ဆိပ်မှ ညနေ(၅)နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
http://myitmakhamediagroup.com/detail.php?newid=3079
Friday, November 9, 2012
မြန်မာ့ တရားရေးစနစ် ဥရောပ သမဂ္ဂ ပညာရှင်တွေ ကူညီမယ်
ဥရောပ သမဂ္ဂမှ ကျွမ်းကျင်ပညာရှင်များ မြန်မာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုလာတွေ့ဆုံပုံ၊
ဓာတ်ပုံ- ကြေးမုံ သတင်းစာ
မြန်မာနိုင်ငံရဲ့ တရားရေး စနစ် ပြုပြင်ပြောင်းလဲမှုတွေမှာ ဥရောပသမဂ္ဂက တရားရေး ကျွမ်းကျင် ပညာရှင် တွေက မြန်မာ တရားသူကြီးတွေကို သင်တန်းတွေပေးပြီး နည်းလမ်းတွေ ကူညီပေးတော့မှာဖြစ်ပါတယ်။
ဥရောပ သမဂ္ဂက Mr. Richard Samuel Horsey ဦးဆောင်တဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို နေပြည်တော်မှာ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က လာရောက်တွေ့ ဆုံဆွေးနွေးခဲ့ကြတာကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဆိုပါတယ်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ဥပဒေရေးရာ၊ တရားစီရင်မှုရေးရာ တွေနဲ့ ပတ်သက်ပြီး အသားကျ အကျွမ်းတ၀င် ရှိပြီးသားဖြစ်တဲ့ ဥရောပ သမဂ္ဂအနေနဲ့ မြန်မာပြည်က တရားသူကြီးတွေကို အခုလို သင်တန်းတွေပေး၊ နည်းလမ်းတွေကူညီ၊ အတွေ့အကြုံတွေမျှဝေပေးမှု ဟာ မြန်မာနိုင်ငံရဲ့ တရားရေး စနစ်ကို အဓိက ပြုပြင်ပြောင်းလဲသွားရေးမှာ အထောက်အကူကြီး တခုဖြစ် မှာပါ။
တချိန်ကတော့ မြန်မာ့ တရားရေး စနစ်ဟာ လာဘ်ပေး၊ လာဘ်ယူမှုတွေနဲ့ အလွန် အငြင်းပွားဖွယ် ရာတွေ ဖြစ်ခဲ့ပါတယ်။ ခေတ်တွေ၊ စနစ်တွေပြောင်းလဲလာပြီးနောက်မှာ မြန်မာ့တရားရေး စနစ် ဂုဏ်သိက္ခာ နဲ့ သီးခြား လွတ်လပ်စွာ ရပ်တည်ရေး ကြိုးစား လုပ်ဆောင်လာနေတာတွေကို တကယ်ဖြစ်လာမလားဆို တာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက်ရန် လိုဟု ဒဲရစ်မစ်ချယ် ဆို
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ဖော်ဆောင်လျက် ရှိသည့် မြန်မာနိုင်ငံ အနေနှင့် မြေမြှုပ်မိုင်း အန္တရာယ် ကင်းရှင်းရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ် က အကြံပြု ပြောကြားသည်။
နေပြည်တော် ၌ နိုဝင်ဘာ လ ၇ ရက်နေ့ မှ ၉ ရက်နေ့ အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန် လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ မြေမြှုပ် မိုင်း ရှင်းလင်းရေး အဖွဲ့အစည်း များ သုံးရက်ကြာ ပြုလုပ်သည့် မိုင်းအန္တရာယ် ပညာပေးရေး အလုပ်ရုံ အစည်းအဝေး တွင် အမေရိကန် သံအမတ်က အထက်ပါ အတိုင်း အကြံပြု ပြောကြား ခဲ့ခြင်း ဖြစ်သည်။
မိုင်းအန္တရာယ် ပညာပေး ဖြစ်စေ၊ ရှင်းလင်းရေး ဖြစ်စေ၊ အကူအညီ ပေးရေး ဖြစ်စေ ပြည်သူ လူထု ကို စဉ်းစား ပေးခြင်းပင် ဖြစ်ပြီး မြေမြှုပ်မိုင်း ရှင်းလင်း မှသာ မိုင်းအန္တရာယ် ကျရောက်လျက် ရှိသော ဒေသ မှ ပြည်သူများ လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာ အလုပ် လုပ်ကိုင် နိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ် မြတ်မြတ်အုန်းခင် ကလည်း ငြိမ်းချမ်းရေး လုပ်ငန်း များနှင့် ယင်းဒေသများ ဖွံ့ဖြိုးရေး အတွက် မိုင်း အသိပညာ ပေးခြင်း၊ ဒုက္ခ ရောက်သူများ ကို ထောက်ပံ့ခြင်း၊ မိုင်း ရှာဖွေခြင်း တို့ကို ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လ မှ စတင်ကာ ဒေသခံ ပြည်သူများ နှင့် အဖွဲ့အစည်း များ ဆွေးနွေးပွဲ များ ပြုလုပ်၍ ယင်း ရလဒ်များ အရ လုပ်ငန်းစဉ် များ ဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကတိပြု ပြောကြား သည်။
ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) ကမူ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးက ကချင်ပြည်နယ် သို့ သွားရောက် လေ့လာ ခဲ့ပြီးမှသာ မြန်မာနိုင်ငံ ၌ မြေမြှုပ်မိုင်း ပညာပေးရေး များ စတင် လုပ်ကိုင် လာခြင်း ဖြစ်ကြောင်း ထောက်ပြသည်။
ကချင်ပြည်နယ် အတွင်း၌ လယ်မြေ၊ ယာမြေ များသို့ သွားရာလမ်း များတွင် ထောင်ထားသည့် မြေမြှုပ် မိုင်း အန္တရာယ် ကြောင့် တောင်သူ များမှာ လယ်မလုပ်ရဲ တော့ကြောင်း ယခုနှစ် ဇူလိုင်လ အတွင်းက ကချင်ပြည်နယ် သို့ သွားရောက် လေ့လာ ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ဆိုသည်။
မြန်မာနိုင်ငံ တွင် မြေမြှုပ်မိုင်း များကို ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း တို့ရှိ မြို့နယ် များတွင် မြှုပ်နှံ ထားကြောင်း မြေမြှုပ်မိုင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (Landmine Monitor) က ကြေညာ ထားသည်။
The Voice Weekly

ဟောပြောပွဲအတွက် နောက်တကြိမ်လာရန် သက်ဆင်ကို မြန်မာအစိုးရ ဖိတ်
သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို မြန်မာနိုင်ငံသို့ နောက်တခေါက် ထပ်လာရန် ဖိတ်ကြားထားသည်ဟု သိရသည်။
မစ္စတာ သက်ဆင် ရှင်နာဝပ်က သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်တွင် ယမန်နေ့က သွားရောက် တွေ့ဆုံဆွေးနွေးစဉ် ထပ်မံ ဖိတ်ကြားခြင်းဖြစ်ကြောင်း၊ မစ္စတာ သက်ဆင်ကို စီးပွားရေးဖွံ့ဖြိုးမှု၊ ဆင်ရဲမွဲတေမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံဖြိုးရေးတို့နှင် ပတ်သက်၍ ဟောပြော ပို့ချပေးရန် ဦးသိန်းစိန်က ဖိတ်ကြားခြင်းဖြစ်ကြောင်း မစ္စတာ သက်ဆင်၏ ဥပဒေဆိုင်ရာ အကြံပေးအရာရှိ နော့ပဒုံ ပတ္တမာ (Noppadon Pattama) က ပြောသည်ဟု ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။
“သက်ဆင်က ဒီမိုကရေစီအတွက် မြန်မာ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ချီးမွမ်းစကားဆိုခဲ့ပြီး ဒါဟာ အနောက်နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိထားမိစေတဲ့ အချက်လည်းဖြစ်တာကြောင့် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်” ဟု နော့ပဒုံ ပတ္တမာက ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
မစ္စတာ သက်ဆင်သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အာဆီယံ အနာဂတ်အပါအဝင် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မစ္စတာ သက်ဆင်သည် ယမန်နေ့က ရောက်ရှိလာပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း၊ တာချီလိတ်မြို့ကို ၂ ရက်ခန့်အကြာ သွားရောက်လည်ပတ်ပြီး ၎င်းကို ထောက်ခံသည့် ရှပ်နီများနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း အသက်အန္တရာယ် လုပ်ကြံမည် ဟူသော ကောလာဟလများကြောင့် လုံခြုံရေး အခြေအနေအရ ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဝန်းကြီးချုပ်ဟောင်း သက်ဆင်သည် အောင်မြင်သော စီးပွားရေးသမားဖြစ်ပြီး ထိုင်းနိုင်ငံ စီးပွားရေး တိုးတက်ခဲ့သဖြင့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများသို့ အလည်ရောက်စဉ်က စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့ဖူးသည်။
မစ္စတာ သက်ဆင်သည် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံတွင် ထိုစဉ်က အာဏာရယူထားသည် စစ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းတွင် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် အာဏာ အလွဲသုံးစားလုပ်မှု၊ ခြစားမှု စွပ်စွဲချက်များဖြင့် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် မစ္စတာ သက်ဆင်သည် ဒူဘိုင်း၊ မွန်တီ နီဂရိုး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများသို့ လှည့်လည် သွားလာနေထိုင်ခဲ့သည်။
ယင်းအမှုများကို ရင်ဆိုင်ရန် ထိုင်းတရားရုံးချုပ်မှ ဆင့်ခေါ်ထားပြီး အတိုက်အခံ အဖွဲ့တခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝကလည်း ၀ရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်ကို ဖမ်းဆီးကာ ထိုင်း တရားဥပဒေအတိုင်း ရင်ဆိုင်ခိုင်းသင့်ကြောင်း မစ္စတာ သက်ဆင်၏ ညီမ၊ လက်ရှိဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။
မစ္စတာ သက်ဆင်သည် အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများကို လာရောက်လည်ပတ်လေ့ရှိပြီး ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အာဏာရခါစ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ တကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/25017
ကုန်း၊ရေ နှစ်မျိုးမောင်းနှင်နိုင်မည့် လေးဘီးဆိုင်ကယ် စတင်ရောင်းချ
၂၀၀၆ ခုနှစ်က Prototype စတင်မိတ်ဆက်ပြီး အမေရိကန်မှာ ယခု စတင်ရောင်းချပြီ ဖြစ် တဲ့ လေးဘီး ဆိုင်ကယ် ဖြစ်ပါတယ်။
ကုန်းပေါ်မောင်း လေးဘီးဆိုင်ကယ်တစ်ဖြစ်လဲ ရေပေါ်မှာလည်း ရေဆိုင်ကယ် အနေနဲ့ မောင်းနှင်ရမယ့် မော်တော်ယာဉ် ဖြစ်ပါတယ်။
ကုန်းပေါ်မှာရော၊ ရေပေါ်မှာပါ တစ်နာရီ ၄၅ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်။ ၁၀၀ ကီလိုဝပ်အားထုတ်တဲ့ အင်ဂျင် ပါရှိပြီး ရေပေါ်မှာဆိုရင် ၂ နာရီ ကုန်းပေါ်မှာဆိုရင် မိုင်ပေါင်း ၃၇၀ မောင်းနှင်နိုင်အောင် ဆီအလုံအလောက် ပါဝင်ပါတယ်။
နယူးဇီလန်အခြေဆိုက် Gibbs Technologies ကုမ္မဏီက ထုတ်လုပ်ပြီး အမေရိကန်မှာပဲ စတင်ရောင်းချအုံးမှာ ဖြစ်ပါတယ်။ ကုန်းပေါ်မှာ ဘီးနဲ့ မောင်းပေမယ့် ရေပေါ်သွားတဲ့အခါ ပန်ကာနဲ့မောင်းမှာ ဖြစ်ပါတယ်။ ဘီးကို ခေါက်ပြီး သိမ်းထားမှာ ဖြစ်ပါတယ်။
ဒီလို အဆင့်မြင့်နည်းပညာနဲ့ လေးဘီးဆိုင်ကယ်ကို Gibbs Quadski လို့ အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၀၀၀ (လေးသောင်း) နဲ့ ရောင်းချတယ်လို့ သိရပါတယ်။
ဒီကပါ။
သီဟသူရ ဦးတင်အောင်မြင့်ဦး ဆေးကုသခံယူရန်ထွက်ခွာ
မေလ အတွင်း က ဒုတိယ သမ္မတ ရာထူး မှ အနား ယူခဲ့ သည့် အသက်
၆၃ နှစ် အရွယ် ရှိ သီဟ သူရ ဦးတင်အောင်မြင့်ဦးသည် ယနေ့  နံနက် အစော ပိုင်း တွင် စင်္ကာပူ နိုင်ငံ ဉ် ဆေးဝါး ကုသခံ ရန် လေကြောင်း ခရီးစဉ်
ဖြင့် ထွက် ခွာ သွား ရာ သမ္မတ ရုံးမှ တာဝန် ရှိသူ အချို့  ၊ စစ်ဘက် အရာရှိ
များ နှင့် စီးပွား ရေး လုပ်ငန်း ရှင် များ ရန် ကုန် နိုင်ငံ တကာ လေဆိပ် တွင်
လိုက် ပါ ပို့ ဆောင် ကြသည်။
ဦးတင်အောင်မြင့်ဦး နှင့် တပ်မတော် ဆေးတပ် မှ အရာ ရှိ များ နှင့် ၎င်း ၏ မိသားစု ၀င် များ လည်း လိုက်ပါ သွား သည် ဟု သိရသည်။
ဒီကပါ။
ဦးတင်အောင်မြင့်ဦး နှင့် တပ်မတော် ဆေးတပ် မှ အရာ ရှိ များ နှင့် ၎င်း ၏ မိသားစု ၀င် များ လည်း လိုက်ပါ သွား သည် ဟု သိရသည်။
ဒီကပါ။
ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှစ်ခု ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်မည်
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနက ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်တွင် ဧရာဝဏ် အိမ်ရာ စီမံကိန်းနှင့် ရတနာ အိမ်ရာ စီမံကိန်း နှစ်ခု ဆောက်လုပ်သွားမည် ဖြစ်ရာ အရစ်ကျ စနစ်ဖြင့် အမှန်တကယ် နေထိုင် သူများသို့ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ဧရာဝဏ် စီမံကိန်းမှာ မြေဧက ၁ဝ၂ ဒသမ ၄ ဧကပေါ်တွ င် ရှစ်ခန်းတွဲ ကိုးထပ်တိုက် ၄၃ လုံး၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် ၂၁ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက် ၁ဝလုံး တည်ဆောက်သွား မည်ဖြစ်သည်။
ရတနာ အိမ်ရာ စီမံကိန်းမှာ မြေဧက ၁ဝ၇ ဒသမ ၇ ဧကပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် ၄၆ လုံး၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် ၃၃ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက် ၁၃ လုံး တည်ဆောက် သွားမည် ဖြစ်သည်။ အဆိုပါ အိမ်ရာ စီမံကိန်းတွင် ပန်းခြံ၊ အားကစားကွင်း၊ အပန်းဖြေ စခန်း၊ လမ်းနှင့် ရေမြောင်းစနစ်၊ ဟိုတယ်၊ စူပါမား ကတ်၊ ကျောင်း၊ ဆေးခန်း၊ ဓမ္မာရုံနှင့် ရပ်ကွက်ရုံးများ ပါဝင်မည် ဖြစ်သည်။
တိုက်ခန်း ဈေးနှုန်းကို တန်ဖိုးနည်း၊ တန်ဖိုးလတ်၊ တန်ဖိုးမြင့် ခွဲခြားထားပြီး ၁ဝ နှစ်မှ နှစ် ၃ဝ အထိ အရစ်ကျ ငွေချေ စနစ်ဖြင့် တိုက်ခန်းခ ဈေးနှုန်းကိုအခြေပြု တွက်ချက်ထားရာ တန်ဖိုးနည်း တိုက်ခန်းအတွက် လစဉ် ငွေကျပ် ၄ဝဝဝဝ ဝန်းကျင်သာ ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း ကာလ ၃ နှစ် သတ်မှတ်ထားရာ စီမံကိန်း ပြီးစီးပါက အမှန်တကယ် အိမ်ပိုင် မရှိဘဲ နေထိုင်မည့် သူများကိုသာ ဝန်ကြီးဌာန မူဝါဒနှင့် အညီ စနစ်တကျ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒီကပါ။
ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့
နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ် ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး၁၅၀ခန့် တင်ဆောင်လာသော ကွန်တိန်နာသင်္ဘောတစ်စီး ၀င်ရောက် လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူ သုံးဦးခန့်သာပါဝင်ကြောင်း သိရသည်။
၎င်းတို့သင်္ဘောအနေဖြင့် မလေးရှားနိုင်ငံသို့ သွားစဉ် မြန်မာရေပိုင်နက် အတွင်းလမ်းမှား ၀င်ရောက်လာခြင်းဖြစ်ကြောင်းပြောခဲ့သည်ဟုသိရသည်။ တပ်မတော်(ရေ) မှအဆိုပါသင်္ဘောကိုရိက္ခာများဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ထပ်မံဝင်ရောက်ခြင်းမပြုရန် သတိပေးကာ နိုင်ငံတကာရေပိုင်နက်အတွင်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။
ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော စက်လှေတစ်စီး သည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ) မှနိုင်ငံတကာရေပိုင်နက် သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ ရကြောင်း သိရသည်။
Myanmar Express

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိရန်စီစဉ်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းရန် စီစဉ်ထားကြောင်း သိရသည်။
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ်လုပ်ငန်း စနစ်အား ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ထိုသို့ပြောင်းလဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြင်ဆင်ပြောင်းလဲရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက် ရက်စွဲပါ စာအမှတ် ၁၀၇ (၁)/၈/သမ္မတရုံးဖြင့် သ၀ဏ်လွှာ ပေးပို့ထားကြောင်းလည်း သိရသည်။
အဆိုပါ သ၀ဏ်လွှာတွင် ကမ္ဘာ့ဘဏ်များ၊ ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းလိုပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး လက်ရှိ ကျင်းပလျက်ရှိသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ကာလအတွင်း တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမပြဋ္ဌာန်းမီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြည်ထောင်စုအဆင့် ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦးတို့ဖြင့် ခန့်ထားဖွဲ့စည်း ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော် အတည်ပြုချက် ရယူပေးရန် သ၀ဏ်လွှာပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
အရှေ့တောင်အာရှ ကျောင်းများ၏ ဘေးအန္တရာယ်လျှော့ချရေး ဆုရွေးချယ်ပွဲတွင် မြန်မာပထမဆုရ
ကောင်းမွန်သော ဘေးအန္တရာယ်လျှော့ချရေး ဆောင်ရွက်ချက်များအတွက် အရှေ့တောင်အာရှ တစ်ဝန်းမှ ကျောင်းများအနက်မှ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး ပထမဆုကို မြန်မာနိုင်ငံမှ ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အသင်းနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းကျင်းပသည့် အရှေ့တောင်အာရှ တစ်ဝန်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ပညာရေးဆုအတွက် ယခုနှစ်အတွက် ခေါင်းစဉ်မှာ ဘေးအန္တရာယ်လျှော့ချရေးအတွက် ပညာရေးဖြစ်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ပထမ ရရှိခဲ့သည်။
ပထမဆုအဖြစ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကွမ်းခြံကုန်းသည် အမေရိကန်ဒေါ်လာ ၁,၅၀၀ နှင့် ကျောင်းအဖွဲ့ဝင် လေးဦးမှ ခြောက်ဦးသည် ဂျပန်နိုင်ငံသို့ သုံးရက်ကြာ သွားရောက်လေ့လာခွင့် ရရှိမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ ပြိုင်ပွဲသို့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ အပါအဝင် ပြိုင်ပွဲဝင် ၇၀ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ “ကွမ်းခြံကုန်းမြို့နယ် ပညာရေးမှူးနဲ့ ဆရာ၊ ဆရာမတွေဟာ ၂၀၀၉-၁၀ မှာ ယူနက်စကိုနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး သူတို့ရဲ့ ဗဟုသုတတွေကို ပြန်မျှဝေတာ၊ ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းတွေကို ကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖော်ဆောင်တာမျိုးတွေ ဆောင်ရွက်ခဲ့ကြပါတယ်” ဟု ဘေးအန္တရာယ် လျှော့ချရေး သင်တန်းများ၏ တာဝန်ခံ ပညာရေးဝန်ကြီးဌာနမှ ဒေါ်ခင်သင်းဖြူက ပြောသည်။
ကျောင်းအနေဖြင့် ခံစားရနိုင်ဖွယ်ရှိသော ဘေးအန္တရာယ်များကို လေ့လာကာ ဆရာများ၊ ကျောင်းသားများ၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် ရပ်ရွာလူထု အားလုံးအတွက် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် လျှော့ချရေးဆိုင်ရာ အလေ့အကျင့်များ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ရေးဆွဲထားရှိကြောင်း အထက(၁) ကွမ်းခြံကုန်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောဖုန်းကြည်က ပြောသည်။
“ကျွန်မတို့ကျောင်းဟာ နာဂစ်မှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့အတွက် နောက်ဖြစ်လာမယ့် ဘေးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျောင်းရဲဘေး အန္တရာယ် စီမံခန့်ခွဲမှု ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဘေးအန္တရာယ်လျှော့ချရေး လှုပ်ရှားမှုတွေကိုလည်း ကျောင်းပြက္ခဒိန်မှာ ထည့်သွင်း ရေးဆွဲထားတဲ့ အစီအစဉ်အလိုက် ဆောင်ရွက်ပါတယ်” ဟု အထက(၁) ကွမ်းခြံကုန်းမှ ဆရာမတစ်ဦးက ဆိုသည်။
ဆုချီးမြှင့်ပေးအပ်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အသင်း၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့် လက်နက်ပုန်းများသယ်ဆောင်ပြီး သွားလာနေသည့် ယာဉ်များကို စီမံချက်ဖြင့် အရေးယူမှု စတင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့် တုတ်၊ ဓား စသည့် လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသော ယာဉ်များကို ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် အထူးစီမံချက်ချမှတ်ကာ စတင်အရေးယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနှင်နေသူများ အများဆုံး မောင်းနှင်နေသည့် နေရာများတွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ အဖွဲ့များခွဲပြီး စောင့်ကြည့် ဖမ်းဆီးသွားမည်ဖြစ်ပြီး တုတ်၊ ဓားစသည့် လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသော ယာဉ်များကို ပိတ်ဆို့ စစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ''အခု ကားပြိုင်မောင်းနေတဲ့ အုပ်စုတွေနဲ့ လက်နက်ပုန်းတွေ သယ်ဆောင်ပြီး သွားလာနေတဲ့ ယာဉ်တွေကို အထူးစီမံချက် အနေနဲ့ ချမှတ်ပြီးတော့ ဖမ်းဆီးအရေးယူ နေပါပြီ။
ရန်ကုန်မြို့ ညပိုင်းအချိန်တွေမှာ ကားပြိုင်မောင်းနေတဲ့ နေရာတွေဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ပြည်လမ်းတစ်လျောက်ကို အဖွဲ့တွေခွဲပြီးတော့ စောင့်ကြည့်စစ်ဆေးပြီးတော့ ဖမ်းဆီးသွားပါမယ်။ တချို့ဖြစ်စဉ်တွေကို ချက်ချင်းဖမ်းဆီး အရေးယူသွားမယ်။ တချို့ဖြစ်စဉ်တွေကိုတော့ မှတ်သားပြီး ဖမ်းဆီးသွားပါမယ်၊၊
အဲဒီကားတွေက လိုင်စင်မဲ့ယာဉ်တွေဖြစ်ခဲ့ရင် လိုင်စင်မဲ့ဥပဒေနဲ့ ထပ်မံ အရေးယူသွားပါမယ်။ ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာ ပူးပေါင်းအဖွဲ့တွေက ယာဉ်ပိတ်ဆို့ စစ်ဆေးမှုတွေကို အမြဲပြုလုပ်သွားပြီးတော့ လက်နက်ပုန်းတွေ သယ်ဆောင်သွားလာနေတဲ့ ယာဉ်တွေတွေ့ရင်လည်း အရေးယူသွားပါမယ်'' ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အထူးစီမံချက်ဖြင့် စစ်ဆေးအရေးယူမှုကို နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်အတွင်း ကားပြိုင်မောင်းနေသူများကို က.ည.န၊ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ် ထိန်း၊ မ.ထ.သ၊ စည်ပင်စသည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့ဖွဲ့ စည်းပြီး အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုပါသည်။
ယင်းကဲ့သို့ ညပိုင်းအချိန်များတွင် ကားပြိုင်မောင်းနေသူများကို ယခင်ကလည်း အရေးယူမှုများရှိသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ယခုရက်ပိုင်းအတွင်း ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ် နှင့်ကမာရွတ်မြို့နယ်တို့တွင် ကားပြိုင်မောင်းသူများက အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းရိုက်နှက်သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
Myanmar Express
စစ်ဆင်ရေး အရှိန်မြှင့် နေသ၍ ပြည်တွင်း၌ တွေ့ဆုံ နိုင်လိမ့်မည် မထင်ကြောင်း KIO ဘက်ကဆို
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နယ်မြေ ထဲ၌ နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသ၍ ပြည်တွင်း နေရာ ထဲ၌ တွေ့ဆုံ ဆွေးနွေးရန် အစိုးရ ငြိမ်းချမ်းရေး ကော်မီတီ ၏ တောင်းဆို ချက်ကို လက်ခံရန် KIO ၌ အခက် အခဲ ဖြစ်နိုင်ကြောင်း နိုင်ငံခြား ဆက်ဆံရေး ဌာန ဒုတာဝန်ခံ ဂျိမ်းလွန်းတောင်က ဆိုပါသည်။
“ တိုက်ပွဲက နေ့တိုင်း ဖြစ်နေတယ် ဆိုတော့ ဦးအောင်မင်း တောင်းဆို ထားတဲ့ ပြည်တွင်းမှာ တွေ့ဆုံ ဆွေးနွေး ကြရေး ကိစ္စကိုတော့ ကျနော်တို့ ဘက်မှ ဆုံးဖြတ်ရ နည်းနည်း ခက်နေတာပေါ့။ တဖက်နဲ့ တဖက် ယုံကြည်မှု ရှိသွားရင် နေပြည်တော် အထိ သွားရလဲ စဉ်စားနေဖို့ မလိုဘူးလေ။ အခုဟာက တဖက်က စစ်ပြင်ပြီး တိုက်နေမှတော့ ယုံယုံကြည်ကြည်နဲ့ ပြည်တွင်းမှာ တွေ့မယ်ဆိုတာ ကိုက မဖြစ်နိုင်တာပါ” ဟု ဆိုပါသည်။
ပြည်တွင်း၌ တွေ့ဆုံ ဆွေးနွေး ကြရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံ ရွှေလီ အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက တောင်းဆို ခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ၏ တောင်းဆိုချက်ကို (KIO) ဗဟို ကော်မတီ အစည်းအဝေး၌ တင်ပြပြီး အဆုံးအဖြတ် ပေးမည်ဟု ဂျိန်းက ဆိုပါသည်။ KIO သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ထက် နိုင်ငံရေး ကိစ္စများ ဆွေးနွေး အဖြေရှာ ရေးကိုသာ အဓိက တင်ပြ ဆွေးနွေး ခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ် များကမူ အပစ်အခတ် ရပ်စဲရေးကိုသာ ပထမ ခြေလှမ်း အဖြစ် သဘော တူညီချက် ရရန် အဓိက တင်ပြ ခဲ့ပါသည်။ ယခုလက်ရှိ အခြေအနေတွင် ကေအိုင်အို ထိန်းချုပ် နယ်မြေ တွင်းရှိ အထူးသဖြင့် ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာနယ်မြေ ဖြစ်သော တပ်မဟာ (၅) ဧရိယာအတွင်းနှင့် ဖားကန့် မော်လဂင် ကျေးရွာဘက်တွင် တိုက်ပွဲများ ဖြစ်ပွား နေသည်ဟု KIO ဖက်က ဆိုပါသည်။
ဦးအောင်မင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်
အောက်တိုဘာ (၃၀) ရက်နေ့ ညနေပိုင်းတွင် ဗန်းမော် အခြေစိုက် အစိုးရ တပ်ဖွဲ့ ခလရ (၅၆) တပ်မှ ၁၂၀ မမ အမြောက် (၁) လက်နှင့် လေယာဉ်ပစ် စက်သေနတ် (၃) လက်၊ စစ်တပ် အင်အား (၁၅၀) ကျော်ခန့် တို့သည် ဘွမ်ဆောန်ဘွမ် စခန်း ဖက်သို့ အင်အားဖြည့် ထားသည့် အပြင် ခမရ ၃၈၇ နှင့် ခလရ ၁၄၂ ပူးပေါင်း လှုပ်ရှား စစ်ကြောင်း တို့ကိုပါ ထပ်မံ လှုပ်ရှားခိုင်းကြောင်း KIA တို့နှင့် ပတ်သက် နေသည့် မီဒီယာများမှ သတင်း ထုန်ပြန် နေပါသည်။ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဖားကန့် အခြေစိုက် အစိုးရတပ်ဖွဲ့ ဗျူဟာကုန်းမှ ဗလခ ရပ်ကွက်နေ ကချင်ပြည်သူများကို လက် နက်ကြီး အချက် (၂၀) ခန့် ပစ်ခတ်ခဲ့ရာ အရပ်သား (၃) ဦး ဒဏ်ရာ ရသွားသည်ဟု ဖားကန့်မြို့ခံ တစ်ဦးဖြစ်သူ ဆိုင်းခွန်က ပြောပါသည်။
အလားတူ ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ပူးပေါင်း တပ်ဖွဲ့နှင့် အစိုးရ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ တို့၏ တိုက်ပွဲများ၊ KIA တပ်မဟာ (၃) တပ်ဖွဲ့နှင့် အစိုးရ ခလရ (၂၂၃) တို့၏ တိုက်ပွဲများ၊ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများ နှင့် အစိုးရ၏ တာပိန် ရေအားလျှပ်စစ် လုံခြုံရေး တပ်ဖွဲ့ တို့၏ တိုက်ပွဲများသည် နေ့စဉ် ဆိုသလို တနေရာ မဟုတ် တနေရာ ဖြစ်ပွားနေခဲ့သည်ဟု ပန်းဆိုင်းမှ ကေအိုင်အေ ဗိုလ်ဇော်ဆိုင်းက ဆိုပါသည်။
လှုပ်ရှားတပ်များနှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်နေသလို ဒေါ့ဖုန်းယန် အခြေစိုက် ၁၄၂ အမြောက်တပ်နှင့် ၃၇၀ အမြောက် တပ်တို့သည်လည်း လိုင်ဇာ ဌာနချုပ်နှင့် နီးစပ်ရာ ဒေသများကို (၁၀၅) အမြောက်နှင့် ရက်ခြား ပုံမှန် ပစ်ခတ်နေပါသည်။ ဤကဲ့ သို့သော အခြေအနေကို နေ့စဉ် ရင်ဆိုင်နေရသော KIA အဖို့ အစိုးရ အဖွဲ့မှ တောင်းဆို ထားသော နောက်တကြိမ် ဆွေးနွေးပွဲကို ပြည်တွင်းထဲ၌ ကျင်းပရန် ကိစ္စကို လက်ခံရန် ဆုံးဖြတ်ရ ခက်ခဲ စေသည်ဟု ဂျိန်းက ဆိုပါသည်။
KIO သည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး လိုကြောင်း အစိုးရအား တင်ပြထားပါသည်။ သို့သော် နိုင်ငံရေး အရ ဆွေးနွေးသည့် အခါတွင်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နှင့်သာ ဆွေးနွေးမည် ဖြစ်ကြောင်း KIA ဖက်မှ အတိအလင်း ထုတ်ဖေါ် ပြောကြားပြီး ဖြစ်ပါသည်။
“ အပစ်အခတ် ရပ်စဲတဲ့ နေရာမှ တစ်ပါတီချင်း သွားလုပ်လို့ ရတယ်လေး။ နိုင်ငံရေး တွေ့ဆုံး ဆွေးနွေးတဲ့ အခါမှာ တစ်ပြည် လုံးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်တဲ့အတွက် UNFC နဲ့ဘဲ ဆွေးနွေးသွားမည်” ဟု ဂျိမ်းလန်းတောင်း ကဆိုပါသည်။
နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေးကို အတတ်နိုင်ဆုံ ကေအိုင်အို ဘက်မှ လုပ်ဆောင်လိုသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်မူ မူ (၈) ချက်အတိုင်း ဆွေးနွေးမည် ဆိုပါက ကေအိုင်အို ဘက်မှ လက်ခံနိုင်မည် မဟုတ်ဟု KIA ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၏ မီဒီယာ မေးမြန်ခန်း တစ်ခု၌ ပြောကြား ထားပြီး ဖြစ်ပါသည်။ http://burma.irrawaddy.org/archives/24576 နိုင်ငံရေးအရ UNFC အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရေး ပြေလည်မည် ဆိုပါက အစိုးရက လိုလားသော အပစ်အခတ် ရပ်စဲရေး သည်လည်း အလိုလို ပြေလည် သွားလိမ့်မည်ဟု KIO ဖက်မှ ယုံကြည်ထားပါသည်။

ပေါက်တောမြို့တွင် သားအဖနှစ်ယောက် ယမ်းထောင့်သေနတ် ပစ်ခံရ၍ ဒဏ်ရာရ
နိုဝင်ဘာလ(၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် ပေါက်တောမြို့နယ်၊ စောမဲကျီကျေးရွာမှ သားအဖနှစ်ဦးဖြစ်သော ဦးလပြည့်ဦး(ဘ)ဦးသာတူးအောင်၊ အသက်(၄၄)နှစ်နှင့် သားဖြစ်သူမောင်ဝင်းဝင်းချေ အသက်(၉)နှစ်တို့အား ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သဖြင့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
၎င်းတို့ သားအဖနှစ်ဦးသည် ဆံတော်ရှင်ကျွန်းအနီးတွင် ငါးဖမ်းနေစဉ် ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သောကြောင့် ဦးသာတူးအောင်မှာ ဒူး၊ လက်မောင်း၊ ရင်ဘတ်နှင့် ပေါင်များတွင် ကျည်ထိဒဏ်ရာ ပြင်းထန်စွာရရှိသွားပြီး သားဖြစ်သူ ဦးလပြည့်ဦးမှာ မျက်နှာတွင် ကျည်ထိဒဏ်ရာ ရရှိသွား၍ သားအဖနှစ်ဦးအား စောမဲကျီကျေးရွာဖက်ကို သယ်ယူသွားကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာပုံကို စစ်တွေမှ ဒေသခံတစ်ဦးမှ " ဒီနေ့ ညနေ (၁၀)နာရီလောက်မှာ ဆေးရုံကို သတိမေ့ပြီး ရောက်လာပါတယ်။ ဦးသာတူးအောင်က ဒူး၊ လက်မောင်း၊ ရင်ဘတ်နှင့် ပေါင်မှာ ကျည်ထိဒဏ်ရာက ပြင်းထန်တာမို့လို့ စစ်တွေဆေးရုံကို ယူလာပါတယ်။ သူ့သားကတော့ မျက်နှာမှာပဲ ကျည်ထိတာဆိုတော့ ရွာမှာဆေးကုဖို့ ကျန်ခဲ့ပါတယ်။ အသက်အန္တရာယ်က စိုးရိမ်စရာ တော့ မရှိတော့ပါဘူး။ " ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် တစ်ကျော့ပြန် အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်သူများသည် သူတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းသိရသည်။ နိုင်ငံတော်အစိုးရက လုံခြုံရေးများ တင်းကြပ်စွာချထားပြီး အကြမ်းဖက်မှု ဖြစ်ပွားနိုင်တဲ့ လက်နက်တွေကို သုံးရက်အတွင်း ပြန်အပ်ရမည်ဟု နိုဝင်ဘာလ(၂)ရက်နေ့က ထုတ်ပြန်ထားသော်လည်း ယခု အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော အကြမ်း ဖက်မှုကို ပြန်လည်ဖြစ်ပွားနိုင်သော လက်နက်မျိုးဖြင့် တိုက်ခိုက်ခံရပြန်သဖြင့် နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်သူများ၏ လုံခြုံရေးကို ဦးစားပေး စဉ်းစားသင့်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/634-2012-11-08-15-04-16