Wednesday, October 17, 2012

ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်သည့် ခံစားမှုပေးမည့် ဂျာကင်အင်္ကျီ ၀တ်ဆင်နိုင်တော့မည်

ဖေ့စ်ဘွတ်ခ်တွင် ကိုယ်တင်လိုက်သည့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယို စသည်များကို မိတ်ဆွေများက Like လုပ်သည့်အခါ ကိုယ့်ကို ချစ်သူခင်သူများရှိသည်ဟူသော ခံစားမှုပေါ်လာကာ လူက ရင်ထဲတွင် နွေးထွေးလာတတ်သည်။ ယခုအခါ ထိုသို့ ရင်ထဲတွင် နွေးထွေးရုံသာမက မိတ်ဆွေများက Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်အားပေးသည့်နှယ် ခံစားရမည့် ဂျာကင်အင်္ကျီကို တီထွင်လိုက်ပြီဖြစ်သည်။ ထိုဂျာကင်အင်္ကျီကို မိုဘိုင်းဖုန်းဖြင့် ကြိုးမဲ့စနစ်သုံးကာ ချိတ်ဆက်ထားရမည် ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် မိတ်ဆွေတစ်ယောက်က ကိုယ်တင်လိုက်သည်ကို Like လုပ်တိုင်း မိုဘိုင်းဖုန်းက ဂျာကင်အင်္ကျီထံသို့ အချက်ပေးမည်ဖြစ်သည်။ ထိုအခါ ဂျာကင် အင်္ကျီသည် လေဖြင့် ပြည့်တင်းလာကာ ၀တ်ဆင်ထားသူကို ပွေ့ဖက်လိုက်သည့် ခံစားမှုမျိုး ပေးအောင် စီမံထားသည်။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ကျောင်းသူ မလီဆာ ချိုးက ထိုဂျာကင်ကို ဆန်းသစ်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဝေးကွာနေသူချင်း အနီးကပ်ဆုံးရှိနေသည့်အလား ခံစားမှုပေးမည့် နည်းလမ်းများ ဖော်ထုတ်ရေး ပရောဂျက်အရ တီထွင်ဆန်းသစ်မှုတစ်ခုမျှသာ ရှိသေးပြီး နောက်ထပ် အလားတူ တီထွင်ဆန်းသစ်မှုများလည်း ထွက်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။ ထိုဂျာကင်ကို Like-A-Hug ဟု အမည်ပေးထားသည်။

ပန်းချီများ၊ ကာတွန်းသရုပ်ဖော်ပုံများကို သက်ဝင်လှုပ်ရှားလာစေမည့် အိုင်ဖုန်း အပလီကေးရှင်းသစ်

ငြိမ်သက်နေသော ပန်းချီကားများ၊ ကာတွန်းသရုပ်ဖော်ပုံများကို အိုင်ဖုန်း ကင်မရာနှင့် ရိုက်လိုက်ရုံဖြင့် ထိုပုံများသည် သက်ဝင်လှုပ်ရှားလာကာ လက်တွေ့ဘ၀ ခံစားမှုကို ပေးစွမ်းမည့် အပလီကေးရှင်းကို အိုင်ဖုန်းသုံးသူများ အသုံးပြုနိုင်ကြတော့မည်ဖြစ်သည်။ ထို အပလီကေးရှင်းကို AART ဟု အမည်ပေးထားသည်။ ထိုအပလီကေးရှင်းကို ဂျပန်နိုင်ငံမှ အနုပညာဒီဇိုင်နာ ကာမတ်ဆု မာဆာယူကီနှင့်အဖွဲ့က တီထွင်ခဲ့ခြင်း ဖြစ်သည်။ AART ကို အသုံးပြုခြင်းဖြင့် ပန်းချီကားများထဲတွင် မြုပ်ဝင်နေသော အသက်ဓာတ်ကို ဖော်ထုတ်ခံစားနိုင်မည်ဟု ဒီဇိုင်းအဖွဲ့က ဆိုသည်။ မိုနာလီဇာ ပန်းချီကား၊ ဗန်ဂိုး၏ နေကြာပန်း ပန်းချီကားနှင့် အခြားသော ကမ္ဘာကျော် ပန်းချီကားများအတွက် ရုပ်ကြွများကိုလည်း ထိုအပလီကေးရှင်းတွင် ထည့်သွင်းထားပြီး အခြားသော အနုပညာလက်ရာများအတွက်လည်း စဉ်ဆက်မပြတ် ချဲ့ထွင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနည်းပညာကို အသုံးပြု၍ စာအုပ်များတွင်လည်း သက်ဝင်လှုပ်ရှားနေသော ရုပ်ကြွပုံများ ထည့်သွင်းထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဦးဆုံးအနေနှင့် Alice in Wonderland စာအုပ်ကို စမ်းသပ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ Viber စနစ်ဖြင့် မိုဘိုင်းဖုန်းသုံးခြင်း တရားမဝင်၍ လိုင်းဖြတ်မည်

မိုဘိုင်းဖုန်းမှတစ်ဆင့် နည်းပညာအသုံးပြု၍ တရားမဝင်ဖုန်းခေါ်ဆိုမှုများကို ဖုန်းလိုင်းဖြတ်တောက်သွားတော့ မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ယင်းသို့ လိုင်းဖြတ်တောက်ရာတွင် မိုဘိုင်းဖုန်းများ အပြင် လက် ရှိ ကျေးလက်ဒေသများသို့ အရစ်ကျ ရောင်းချပေးနေသည့် ဂျီဖုန်းများကိုပါ သုံးစွဲသည်ဟုယူဆပါက လိုင်းဖြတ် တောက်ခံရမည်ဟု ထုတ်ပြန်သည်။

''နိုင်ငံတော်ရဲ့ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ထိခိုက်ပါတယ်၊ ဖုန်းနဲ့ပတ်သက်တဲ့ စာရွက်၊ စာချုပ် တွေမှာလည်း ဒီအချက်ကိုထည့်သွင်း ထားတယ်၊ ဒါကိုဂရုမစိုက်ဘဲ နည်း ပညာသုံးပြီး ဖုန်းခေါ်ဆိုနေရင်တော့ ဖုန်းခေါ်ဆိုတာတွေကို ဝင်ရောက်စစ် ဆေးပြီးမသင်္ကာရင် ဖုန်းလိုင်းပိတ်ပစ် သွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေး မှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြော သည်။ လက်ရှိတွင် Skype, Viber, Pfingo တို့ကို အသုံးပြု၍ မိုဘိုင်းဖုန်း များမှတစ်ဆင့် ပြည်ပသို့တရားမဝင် ဖုန်းခေါ်ဆိုနေကြသည်ဟု ၄င်းက ပြော သည်။

''တရားဝင် ဖုန်းခေါ်ဆိုဖို့အတွက် ဆက်သွယ်ရေးတွေ PCOဖုန်းတွေနဲ့ Y-Talk စနစ်တွေ ထားရှိပေးထားတယ်၊ ဖုန်းခေါ်ဆိုခနှုန်း ထားကိုလည်း တရားမဝင်ဖုန်းခေါ်ဆိုတဲ့ နှုန်းထား နီးပါ့း Y-Talk မှာ ထားရှိပေးထားတယ်'' ဟု ၄င်းကဆက်ပြောသည်။

ယင်းသို့ တရားဝင်ဖုန်းခေါ်ဆိုမှုများထား ရှိပေးထားသော်လည်း ဖုန်းခေါ်ဆိုရာတွင် ခေါ်ဆိုသည့်နိုင်ငံ အပေါ်မူတည်၍ ဈေးနှုန်းကွာခြားခြင်း၊ လွတ်လပ်စွာဖုန်းပြောနိုင်မှု မရှိခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် သုံး စွဲသူအများစုမှာ တရားမဝင်ဖုန်းခေါ် ဆိုမှုကိုသာ အသုံးပြုနေကြကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ နိုင်ငံ ခြားသို့ တရားဝင်ဖုန်းခေါ်နှုန်းထား မှာ နိုင်ငံအပေါ်မူတည်၍ တစ်မိနစ် ကျပ် ၃ဝဝဝ နှုန်းမျှကျသင့်ပြီး တရားမဝင် ဖုန်းခေါ်ဆိုသည့်နှုန်းမှာ တစ်မိနစ် ကျပ် ၁ဝဝ မှ ကျပ် ၃ဝဝ နှုန်းသာ ရှိသည်။

ကန်ဒေါ်လာ အဟောင်းအနွမ်းများလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်


ကန်ဒေါ်လာ အဟောင်းအနွမ်း၊ အစုတ်အပြဲများကို အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေးတော့မည်ဟု ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောသည်။

တင်းကျပ်သော စနစ်တို့ဖြင့် ကန်ဒေါ်လာ လက်ခံမှုကို ဆောင် ရွက်နေသော ဘဏ်တို့အပေါ် လက်ရှိတွင် ဝေဖန်မှု ပြစ်တင်မှု များ ရှိနေသည်။ နိုင်ငံ ၏ ငွေကြေး ဈေးကွက်အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ် သည့် ဗဟိုဘဏ် က ထိုသို့ လက်ခံ ဖြေရှင်းပေးခြင်း ကို မည်သည့်အချိန်တွင် စတင် ဆောင်ရွက်ပေးမည်ဟု အတိအကျ ပြောကြားခြင်း မရှိပေ။

ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ''အချိန်အတိအကျ ပြောဖို့ထက် ကျွန်တော်တို့ လုပ်ထုံး လုပ်နည်းတွေအရ ပုဂ္ဂလိကဘဏ် တွေကို အစည်းအဝေး အရင်ခေါ် ရပါဦးမယ်။ ဆွေးနွေးသဘောတူ ညီချက် နဲ့ ငွေကြေးဌာနကနေ တရားဝင် ကြေညာချက်ထုတ်ပြီး တော့မှ လဲလှယ်ပေးသွားဖို့ ရှိပါ တယ်'' ဟု ဆက်ပြောသည်။

ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ၄င်းတို့အနေဖြင့် အမေရိ ကန်၏ စီးပွားရေးဆိုင်ရာ ပိတ်ဆို့ မှု ခံရခြင်းနှင့် ဗဟိုဘဏ်က ချိတ် ဆက် ဆောင်ရွက်နေသည့် စင်ကာ ပူဘဏ်က အမေရိကန် ဒေါ်လာ အပေါ် အတွန့်အကျေ၊ အစွန်းအ ထင်း၊အပြဲအစုတ်တို့ကို စိစစ်လက် ခံမှုတို့ကြောင့် ပြည်တွင်းတွင် လက်ခံ၍ မရခဲ့ကြောင်း၊ သို့သော် စင်ကာပူဘဏ်နှင့် လက်ခံပေးရန် ညှိနှိုင်းနေရာ လက်ခံမည့် အနေ အထားရှိ၍ ကန်ဒေါ်လာ အဟောင်း၊ အနွမ်း၊ အစွန်းအထင်း၊ အပြဲအစုတ် များကို လဲလှယ်ပေးသွားနိုင်မည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။

ပြည်ပမှ ကားတင်သွင်းမည့် လူအချို့က အစွန်းအထင်း မဆို ထားနှင့် ခေါက်ရာပါလျှင်ပင် နိုင်ငံ ခြားငွေလဲလှယ်ခွင့်ရ ပုဂ္ဂလိက ဘဏ်တို့က မယူသည့်ပြဿနာကို ဆိုးရွားစွာ ကြုံတွေ့နေသည်ဟု ပြော သည်။လသာမြို့နယ် နေထိုင်သည့် ပြည်ပမှ ကားတင်သွင်းသူတစ်ဦးက ''သူတို့ ထုတ်ပေးထားတဲ့ ဒေါ်လာ ကိုတောင် ရက်ကြာသွားလို့ ကျေ တယ်၊ တွန့်တယ်ဆိုပြီး ပြန်လက် မခံခဲ့ဘူး'' ဟု ပြောသည်။

''လက်ရှိ ပေါက်ဈေးထက် တစ်ဆင့်နိမ့်မှာတို့၊ ဘာတို့တော့ မရှိလောက်ဘူးထင်တယ်။ ဈေးတူ ပဲ ဖြစ်မှာပါ'' ဟု ထပ်လောင်း ဆို သည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် အမှု ဆောင် ဒါရိုက်တာ ဒေါက်တာ သန်း ထွန်းက ၄င်းတို့ဘဏ်အနေဖြင့်မူ ပြည်ပ ဘဏ်နှင့် ကန်ဒေါ်လာ လဲ လှယ်မှု ချိတ်ဆက်ထားမှုကြောင့် အစွန်းအထင်း အနည်းငယ်နှင့် အတွန့်အကျေတို့ကိုမူလက်ခံပေး နိုင်ပါကြောင်း ပြောသည်။ ဗဟိုဘဏ်ကFEC လဲလှယ် မှုကို အတွန့်အကျေ၊ အစွန်း အထင်း၊ အပြဲအစုတ်တို့ကိုပင် ဘဏ်တို့က လက်ခံပေးသွားရန် ကြေညာချက်ကို ထုတ်ပြန်ပေးခဲ့ဖူး သည်။