ကျာ်နီမော်ကျေးရွာရှိ စရဖရုံးအား ဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသော အကျဉ်းသားထွန်းဝင်း(ခေါ်) ဂျော်မာလာဒိန် အသက်-၃၉နှစ် အဘ-သန်းအောင် သည် ထောင်မှူးတင်စိုးနှင့်ပူးပေါင်းကာ ထောင်ပြင်ပတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သတင်းရရှိသည်။
ယင်းနှစ်ကြီး တရားခံသည် ရခိုင်ပြည် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ ဘင်္ဂလီမူဆလင်တစ်ဦးဖြစ်ပြီး ပြစ်ဒဏ်ကျခံနေရစဉ် ထောင်မှူးဦးတင်စိုးနှင့်ပေါင်းကာ ထောင်ပြင်ပ၌အရပ်ဝတ်ဖြင့် ထောင်ခြံဝန်းအတွင်း အုတ်လုပ်ငန်းကို လုပ်ကိုင်နေကြောင်း၊ ကျောက်နီမော် ဘင်္ဂလီများထံသို့ ကျောက်ဖြူမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ အစရှိသော လောင်စာဆီများ၊ ဆန်၊ ဆီ၊ ဆား စသော စားသောက်ကုန်ပစ္စည်းများကို တင်ပို့လျှက်ရှိပြီး ရရှိသော အမြတ်ငွေများကို ထောင်းမှူးဦးတင်စိုးအား ရာခိုင်နှုန်းအလိုက်ခွဲဝေပေးကြောင်း သိရှိရသည်။
"သူအဲဒီလို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အဲဒီဂျော်မာလာဒိန်ရဲ့ ဇနီးဒေါ်ခင်ခင်နိုင်ကနေ လိုအပ်တဲ့ ငွေကြေးတွေကို ပေးပို့ပါတယ်၊ ပြီးတော့ ကျော်နီမော်ကနေ ထွက်ရှိတဲ့ ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ငါးတွေကို ကျောက်ဖြူကို တင်ပို့ပြီးတော့ ထောင်မှူးတင်စိုးနဲ့ အတူ ထောင်အပြင်ကိုထွက်ကာ အရပ်ဝတ်တွေ ၀တ်ပြီးတော့ ကျောက်ဖြူမြို့အတွင်းမှာ ရောင်းချစီးပွားရှာနေတာကို ကျနော်တို့တွေ့နေရပါတယ်"ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောသည်။
၎င်းတရားခံဂျော်မာလာဒိန်အား ထောင်မကျမီအချိန်အတွင်း သံတွဲမြို့ အာမီဆတ်အဖွဲ့မှ တရားခံအား ငွေကြေးများထောက်ပံ့ပေးလျှက်ရှိကြောင်း၊ ကျောက်နီမော် စရဖရုံးအားဖြိုခဲ့စဉ် ပါရှိသည့် တခြားတရားခံ (၁၀)ဦးအားလည်း ငွေကြေးအမြောက်အမြားပေးဆောင်ကာ အမှုပပျောက်ရန် ပြုလုပ်ခဲ့မှုများရှိပြီး ဂျော်မာလဒိန်မှာ ယင်းအမှု၌ခေါင်းဆောင်ဖြစ်နေသဖြင့် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
"အခုလို နိုင်ငံတော်ပိုင် အဆောက်အအုံကို ဖျက်ဆီးပြီး ပြစ်ဒဏ်ကျခံနေရသူတစ်ဦးကို အခွင့်အရေးတွေပေးပြီး စီးပွားရေးတွေအတူလုပ်ကိုင်နေတာဟာ တရားဥပဒေစိုးမိုးရေးကို ထိုက်ခိုက်စေနိုင်ပြီးတော့ အစိုးရ၀န်းထမ်းတွေအပေါ် ပြည်သူတွေအနေနဲ့ ယုံကြည်မှုပျက်တာပေါ့"ဟု ယင်းလူငယ်၏ အမြင်ကိုဆက်ပြောသည်။
ဂျော်မာလာဒိန်ခေါင်းဆောင်သည့် လူတစ်စုသည် ၂၀၀၉ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့တွင် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာရှိ စရဖရုံးအား ၀င်ရောက်စီးနင်း ဖြိုဖျက်ကာ ကျောက်နီမော် ရဲစခန်းကို လူအုပ်ဖြင့်ဝိုင်းကာ ရမ်းကားခဲ့၍ သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးကာ တရားရုံးမှ ၂၁ ရက်၊ ၁ လပိုင်း၊ ၂၀၁၁ ခုနှစ်တွင် ပြစ်ဒဏ်(၂၀)နှစ် ချမှတ်လိုက်ကြောင်း၊ တရားခံဂျော်မာဒိန်မှာ အယူခံဝင်၍ အောင်သွားရာ ပြဒဏ်(၆)နှစ်လျှော့ချပြီး ထောင်ဒဏ်(၁၄)နှစ် ပြန်လည်ချမှတ်လိုက်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ထောင်ဒဏ် (၄နှစ်၊ ၆လ)နှင့် ပြစ်ဒဏ်လျှော့ကျခွင့်ရရှိကာ ယင်းတရားခံမှာ နောက်ထပ် ထောင်ဒဏ်(၆)နှစ်နှင့် (၂)လ ကျခံနေရဦးမည်ဖြစ်ကြောင်း သိရှိရသည်။
Sunday, October 14, 2012
KNU အတွင်း ပြေလည်မှု ရရှိ
KNU ဗဟိုကော်မတီဝင်များ။ လာမည့် ၂၂ ရက်နေ့တွင် ဗဟိုကော်မတီ အစည်းအဝေး
စတင်ကျင်းပမည်ဖြစ်သည် (ဓာတ်ပုံများ - ဧရာဝတီ)
ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့အတွင်း လတ်တလော ဖြစ်ပွားနေသည့် ပြဿနာများကို ဆွေးနွေးညှိ နှိုင်းမူများမှတဆင့် ပြေလည်မှု ရရှိသွားကြောင်း သိရသည်။
KNU ဗဟိုကော်မတီဝင်တဦးက ”ဗဟိုကော်မတီအစည်းအဝေးလုပ်ဘို့ မနေ့က လေးဝါးစခန်းမှာ ဗဟိုကော်မ တီနဲ့ခရိုင်ဥက္ကဌအချို့ ဆွေးနွေးခဲ့ကြတာ အဆင်ပြေသွားပြီ။ အစည်းအဝေးကို အရံဗဟိုကော်မတီဝင်များအပါ အ၀င် ဗဟိုကော်မတီဝင် ၄၅ ဦး တက်ရောက်ကြမှာဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ပြောသည်။
KNU အဖွဲ့၏ ၁၄ ကြိမ်မြောက် ညီလာခံသက်တမ်း နောက်ဆုံးအစည်းအဝေးဖြစ်သည့် ဗဟိုကော်မတီ အစည်းအဝေးသို့ ယခုလ ၂ ရက်နေ့က အဖွဲ့မှ ထုတ်ပယ်ခြင်းခံရသူ ၃ ဦးကိုလည်း ဖိတ်ကြားထားသည်။
ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည့် နေရာနှင့်အချိန် သတ်မှတ်နိုင်ရန်အတွက် ယမန်နေ့က လေးဝါးတပ်စခန်းတွင် ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဖာပွန်ခရိုင်ဥက္ကဌ ပဒိုစောထဲဒယ်က ပြဿနာများပြေလည်မှုရရှိခဲ့သည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟု ပြောသည်။
KNU အရပ်ဘက် ခေါင်းဆောင်များ၊ စစ်ဘက်ခေါင်းဆောင်များ၊ တပ်မှူးများ
အဖွဲ့အတွင်း မကြေလည်မှုများ ပေါ်ပေါက်ခဲ့သဖြင့် မူလစီစဉ်ထားသည့် ဗဟိုကော်မတီအစည်းအဝေးကို ယခုလ ၈ ရက်နေ့က မကျင်းပနိုင်ခဲ့ပေ။ ထိုမကြေလည်မှုနောက်ဆက်တွဲအဖြစ် ထိပ်တန်းခေါင်းဆောင် ၃ ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ ထိုသို့ ထုတ်ပယ်မှုကို ထောက်ခံသူများနှင့်မထောက်ခံသူများ သဘောထားတင်းမာမှုများ ဖြစ်ပွားခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေး ဌာနတာဝန်ခံဗဒိုဒေးဗစ်ထောနှင့် ဗဟိုလူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံပဒိုရောဂျာခင်တို့ကို ဗဟို၏ခွင့်ပြုချက်မရဘဲ ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံးသွားရောက်ဖွင့်လှစ်မှုအပါအ၀င် အဖွဲ့၏စည်း မျဉ်းစည်းကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သည်ဟုဆိုကာ ယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်အ သီးသီးမှရပ်စဲကာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု ဗဟိုက အမိန့်စာထုတ်ပြန်ခဲ့သည်။
KNU အဖွဲ့အတွင်း ပြည်လည်ရင်းကြားစေ့နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိကရင် အမျိုးသားရေး ဆောင်ရွက်နေကြသည့် ကရင်နိုင်ငံရေးပါတီနှင့် လူထုအခြေပြု အဖွဲ့အစည်းများ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အခြားမဟာမိတ်အဖွဲ့အစည်းက တိုက်တွန်းမှုနှင့် တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြ သည်။
လိုအပ်ပါက အကူအညီများပေးရန် အသင့်ရှိသည်ဟုလည်း မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီနှင့် ထိုင်းအာဏာပိုင်အချို့က သဘောထားများပေးကာ ချဉ်းကပ်မှုအချို့ ပြုလုပ်ခဲ့သည် ဟု KNU ခေါင်းဆောင်တဦးကပြောသည်။
အဖွဲ့၏ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီးစီးပါက ၁၅ ကြိမ်မြောက် KNU ညီလာခံကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး လာမည့် ၄ နှစ် ညီလာခံ သက်တမ်း အတွက် ခေါင်းဆောင်များကိုလည်း အသစ် ရွေးချယ်ကြမည် ဖြစ်သည်။
မြန်မာရဲ့ နိုင်ငံတကာကြွေးမြီများ လျှော်ရေး ကမ္ဘာ့ဘဏ် ကူညီမည်
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim။ (ဧပြီလ ၁၁ ရက် ၂၀၁၂)။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် ကူညီနေတဲ့အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ လက်ရှိ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဒီ့ထက်မက ပိုပြီး ခရီးရောက်အောင် ထောက်ခံ အားပေးနေပါကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
၂၀၁၃ ခုနှစ်ဆန်း ပိုင်းလောက်မှာ မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် အကောင်အထည် ဖော်နိုင်ဖို့ စတင် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း လည်း ပြောပါတယ်။ ပြုပြင် ပြောင်းလဲရေး အကောင်အထည် ဖော်နေတာကို ချီးကျူးလိုက်ပေမဲ့လို့ လုပ်စရာတွေ အများကြီး ရှိနေဆဲပါပဲလို့လည်း ဆိုပါတယ်။
မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကလည်း နိုင်ငံပိုင် စီးပွားရေးစနစ်ကနေ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို ဘက်ပေါင်းစုံကနေ အသွင်ကူးပြောင်းနေတာ မကြုံစဖူး အကောင်အထည်ဖော် ကြိုးစားနေတဲ့အကြောင်း ပြောဆိုသွားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ် ဒေါ်လာ သန်း ၄၀၀ နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပေါ် ဒေါ်လာ သန်း ၅၀၀ အကြွေးတင်နေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကတော့ ဒေါ်လာ သန်းပေါင်း ၃,၈၀၀ ကို ဧပြီလတုန်းက လျှော်ပစ်ခဲ့ပါသေးတယ်။
NLD မှာ ဒေါ်စု မရှိလျှင် ဥက္ကဌ လုပ်နိုင်တဲ့သူ မရှိသော်လည်း ပြည်ခိုင်ဖြိုးတွင် ပါတီဥက္ကဌ လုပ်နိုင်သည့် လူတော် အများအပြားရှိနေ
NLD မှာ ဒေါ်စု မရှိလျှင် ဥက္ကဌ လုပ်နိုင်တဲ့သူ မရှိသော်လည်း ပြည်ခိုင်ဖြိုးတွင် ပါတီဥက္ကဌ လုပ်နိုင်သည့် လူတော် အများအပြားရှိနေ ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်ဥက္ကဋ္ဌရာထူးနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်တော့မည် ဖြစ်ကြောင်း ယနေ့ကျင်းပလျက်ရှိသော ပထမအကြိမ်ပါတီညီလာခံမှ သိရှိရသည်။
နေပြည်တော်တွင် ယနေ့စတင်ကျင်းပလျက်ရှိသော ပထမအကြိမ် ပါတီညီလာခံတွင် တစ်နိုင်ငံလုံးရှိ ပြည်ခိုင်ဖြိုး ပါတီဝင၊် တိုင်းရင်းသားပါတီဝင်ပေါင်း အားလုံးစုစုပေါင်း (၉၁၃) ဦး တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခို င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော ပထမအကြိမ်ပါတီညီလာခံသို့ တက်ရောက်လာကြသော ပါတီကိုယ်စားလှယ်များအား ယနေ့ နံနက် ၈း၃အချိန်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဥက္ကဋ္ဌမှာ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌမှာ ဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူးမှာ ဦးဋ္ဌေးဦးတို့ ဖြစ်ကြောင်း၊ ဦးသိန်းစိန်မှာ နိုင်ငံတော် သမ္မတတာဝန်ကို ထမ်းဆောင်လျက်ရှိသောကြောင့်ပါတီ ကိစ္စများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ သူရဦးရွှေမန်းမှ (၉း၄၅)ခန့်တွင် အဖွင့်အမှာစကားပြောကြားသည်။
တကယ်တော့ ပါတီညီလာခံမှာ အဖွင့်မှာစကားကို ပါတီဥက္ကဌဖြစ်သူ ကပြောရမှာဖြစ်ပေမယ့်ပါတီဥက္ကဌဖြစ်သူ ဦးသိန်းစိန်ဟာနိုင်ငံတော်သမ္မတ တာဝန်ကို ထမ်းဆောင်နေရတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ ရထူးသက်တမ်းကာလအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဆိုသော ပြဌာန်းချက်ပါရှိတာေ ကြာင့် ပါတီဥက္ကဌကိုယ်စား ပါတီဒု-ဥက္ကဌဖြစ်သူ ကျွန်တော်က စကားပြောခွင့်ရခြင်း ဖြစ်ကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။
ဦးရွှေမန်းကပါတီညီလာခံအတွင်း ပြောဆြို ပုမူ ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ကြတဲ့ အခါတွင် ဒီမိုကရေစီကျင့်စဉ်များနဲ့ ညီညွှတ်ဖို့နဲ့ ညီလာခံက ထွက်ပေါ်လာမည့် အဖြေ၊ ရလာဒ်နှင့် ဆုံးဖြတ်ချက်များသည် ပြည်သူ့အကျိုးစီးပွား၊ ပြည်ထောင်စုအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် စေတနာထား ကြိုးစားဆောင်ရွက်သွားကြပါရန်တိုက်တွန်းရင် နိဂုံးချုပ်ပြောကြားသွားခဲ့သည်။
ပါတီညီလာခံကို အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါရက်အတွင်း ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဗဟိုကော်မတီများကိုလည်း ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို လက်ရှိအခြေအနေတွင် ပါတီဒုတိယဥက္ကဋ္ဌဖြစ်သော ဦးရွှေမန်းကပင်ဦးဆောင်ရမည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
"ဥက္ကဋ္ဌက ဥက္ကဋ္ဌပဲလေ။ တာဝန်ပဲယူမှာပေါ့။ တာဝန်တွေကတော့ ခွဲလုပ်နေတာပဲ။ ရွေးလည်း ဒီအတိုင်းပဲထွက်လာမှာပဲ။ အခုဆန္ဒယူလည်းဒီအတိုင်းပဲ။ ယူပြီးပြီတချို့တွေက ယူထား ပြီးပြီ။ ဒုတိယဥက္ကဋ္ဌက မဦးဆောင်လို့မရဘူး။ ဦးဆောင်ရမှာပေါ့။ ဒီမှာရှိနေတဲ့သူထဲ အကြီးဆုံး၊ ၀ါအရင့်ဆုံး လုပ်ကိုင်နိုင်တဲ့သူက ဦးဆောင်ရမှာပေါ့။ မဦးဆောင်လို့ ဘယ်ရမလဲ။ ဒုဥက္ကဋ္ဌကနေ ဥက္ကဋ္ဌတာဝန်ကိုယူပြီး ဦးဆောင်မှာပါ။ ဥက္ကဋ္ဌက လာမလုပ်နိုင်ဘူးလေ။ ဒီတော့ဦးဆောင်ရမှာပေါ့"ဟုဦးဌေးဦးကပြောသည်။
ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်နေရသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရသောကြောင့် ပါတီ၏ ဥက္ကဋ္ဌ ကိုယ်စားဒုတိယဥက္ကဋ္ဌဦးရွှေမန်းက ဦးဆောင်ရခြင်းဖြစ်သည်။
ဗဟိုကော်မတီဝင်များနှင့် ဥက္ကဋ္ဌကို ရွေးချယ်ခြင်း၊ အတည်ပြုခြင်းကို အောက်တိုဘာ ၁၆ ရက်အစည်းအဝေးတွင် ပြုလုပ်မည်ဖြစ်သည်။ "လက်ရှိဗဟိုအလုပ်အမှုဆောင်တွေက ဒီ အတိုင်းပြန်ပါမယ်။ နောက်ဖြည့်ချင်တဲ့သူလည်း ထပ်ဖြည့်မယ်။ ဒီထဲမှာ မဖွဲ့စည်းရသေးတာက တချို့ပြည့်ပြည့်စုံစုံမဖွဲ့ရသေးတာက၊ ဗဟိုကော်မတီဝင်နဲ့ အရန်ကော်မတီဝင်တွေ မဖွဲ့ရသေးဘူး။ ဒါကတော့ ကျိန်းသေပေါက်အသစ်တွေ တိုးလာမယ်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌကလည်း သဘောအရတော့ပြန်ရွေးရမှာပဲ။ သို့သော်လည်း ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးက ရွေးမယ်။ ဒီမှာအတည်ပြုမယ်။ ၀န်ကြီးအဖွဲ့ရောက်သွားတဲ့သူတွေက သူ့နေရာကို အစားဖြည့်တာ မဖြည့်တာနဲ့စာရင် ကျွန်တော်တို့ ဗဟိုအမှုဆောင်ကော်မတီလက်ရှိ ရှိ နေတာသည် လက်ရှိလုပ်ငန်းတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်လား၊ အောင်မြင်စွာ ထမ်းဆောင်နိုင်ရင် မဖြည့်ဘူး။ ထမ်းဆောင်နိုင်မှု မရှိဘူး လူနည်းတယ်ဆိုရင် ထပ်ဖြည့်မယ်"
Myanmar Express

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်
ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အခမ်းအနားသို့ နံနက် ၉နာရီဝန်းကျင်တွင် ရောက်ရှိလာကာ ၁၀ မိနစ်ခန့်အကြာ ပါတီဝင်များအားနှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးအဖွဲ့ ၀န်ကြီးအားလုံးတို့လည်း အဆို ပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
သမ္မတဦးသိန်းစိန်သည် ပါတီဝင်များအား တစ်ဦးချင်းနှုတ်ဆက်ရင်း "ပါတီဝင်တွေအားလုံး မတွေ့တာကြာပြီ၊ အဆင်ပြေကြရဲ့လား" ဟုလည်း မေးမြန်းနှုတ်ဆက်သွားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံကို အောက်တိုဘာ ၁၄ ရက် မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
Myanmar Express

.jpg)
.jpg)
.jpg)
.jpg)