Wednesday, October 10, 2012

ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ကလေးတစ်ယောက်မွေးဖွားပေးလျှင် သိန်း သုံးဆယ် ပေးမည်ဟု လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် စည်းရုံးမှုများ ခေတ်စားလာကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က သိရှိရသည်။

“ကလေးတစ်ယောက် မွေးပေးရမယ်။ တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ သိန်းသုံးဆယ် ရမယ်။ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ပြောသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှအဆင့်မြင့် အရာရှိများ အောက်တိုဘာလအတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အဖွဲ့ များက ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့များက သိရှိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ အမျိုးသမီးလိုအက်ချက်ဦးရေမှာ သန်း ၂၀၀ လောက်ရှိနေကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဒေါ်လှလှစိုးက ဆိုသည်။

ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုက်လံတားဆီးလျှက်ရှိကြောင်း ဒုရဲမှူးကြီး ညွှန့်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများ လူကုန်ကူးရောင်းစားခံရမှု အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်း နိုင်ငံတွင် လူကုန်ကူးမှု ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူးခံရမှုအမျိုးအစားများတွင် အဓမ္မထိမ်းမြား ခြင်းမှာ (၆၀) ရာခိုင်နှုန်း ရှိကြောင်း မြန်မာအစိုးရကဘက်က တရားဝင်ထုတ်ပြန်ထားသည်။

From-မြစ်မခ

ကချင်မှာ မြန်မာ့ စစ်တပ် စစ်နည်းဗျူဟာသစ်ကြောင့် KIA အကျအဆုံးများနေ

အောက်တိုဘာ (၉) ရက်တွင် အစိုးရတပ်များ ခံစစ်ယူထားသော ဒေါ့ဖုန်းယန်မှ ၅ မိုင်ခန့်အကွာရှိ လွယ်ဂျေဘွမ်စခန်းအား KIA တပ်မဟာ(၅) တပ်ရင်း (၂၄) မှ ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းတွင် အစိုးရတပ်ရင်းတစ်ရင်းမှ ခံစစ်ယူထားစဉ် KIA တပ်များမှ နေ့လည် (၁) နာရီခွဲခန့်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ အစိုးရတပ်၏ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုကြောင့် KIA တပ်များ အကျအဆုံးများစွာဖြင့် ညနေ(၃) နာရီခန့်တွင် ပြန်ဆုတ် သွားကြောင်း သိရပါသည်။

“ အရင်တုန်းက အဲ့ဒီစခန်းမှာ ဗမာစစ်သား အယောက်(၂၀)ကျော်နဲ့ စခန်းတည်ထားတာ၊ ခု အချိန်ဆိုတော့ တပ်ရင်းတစ်ရင်းကျော်လောက်ရှိမယ်ထင်တယ်။ အဲဒါကို KIA က အရင်လိုဘဲထင်လို့လား မသိဘူး၊ သွားတိုက်တာ၊ စပစ်ကြကတည်းက ဗမာတပ်တွေရဲ့ ကတုတ်ကျင်းတွေထဲကနေ ဘာသေနတ်တွေနဲ့လဲ မသိဘူး၊ ပြန်ပစ် လိုက်တာ၊ KIA တွေ ပြန်လန်ကျတာ မြင်လို့တောင်မကောင်းဘူး၊ KIA ကတော့ အပိုင်ဆိုပြီး သွားတိုက်တာ ဟိုက ကျင်းထဲ ကနေ အပိုင်ပြန်ပစ်လိုက်တာ၊ နောက်ဆုံး KIA တွေ အလောင်းတောင် ပြန်မကောက်နိုင်ဘူး။ ပြန်ဆုတ်သွားကြတယ်” ဟု ဒေသခံတောင်ယာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွင် KIA မှ အယောက် ၂၀ ခန့် ကျမည်ဟု ၎င်းဒေသခံ ဦးလဒွန်ဂွမ်က ခန့်မှန်းပြောဆိုသွားပါတယ်။

KIA တပ်တွေဟာ အောက်တိုဘာလအတွင်း အစိုးရတပ်များကိုယခင်ကထက်ပို၍ ပြင်းပြင်းထန်ထန် ပြန်လည်ထိုးစစ်ဆင်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲများတွင် နှစ်ဘက်အကျအဆုံးများ လျက်ရှိပြီး စက်တင်ဘာလ(၂၄) ရက်နေ့က ဖြစ်ပွားခဲ့သော နန့်မော်တိုက်ပွဲတွင်လည်း KIA ဘက်မှ အယောက် (၃၀) ကျဆုံးသွားပြီး (၄၀) ခန့်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ အောက်တိုဘာလ(၅)ရက် တွင်လည်း ဖားကန့်ဂွေခါမော်တိုက်ပွဲမှာ KIA (၃) ယောက်ကျခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့သားကောင်း

အရှိန်မကုန်သေးတဲ့ ရေပေါ်ဆီညရပ်ကွက်များ

နိုက်ကလပ်များနှင့် လမ်းမများပေါ်မှ ကားပြိုင်ပွဲများ၊ ရန်ပွဲများမှာ တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်ဆောင်နေသည်ဆိုသည့် ယခုကာလတွင်ပင် အရှိန်မကုန်နိုင်သေးဘဲ ထင်ထင်ပေါ်ပေါ် ပါဝါပြိုင်နေကြဆဲဖြစ်သည်။ ရန်ကုန်မြို့တွင်ရှိသည့် နိုက်ကလပ်များတွင် အထက်တန်းလွှာနှင့် လူကုံထံအသိုင်းအ၀ိုင်းမှ လူငယ်များဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီး ညလူခြေတိတ်ချိန်တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်ခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်းများမှာ ၎င်းတို့အတွက် မဆန်းကြယ်တော့ကြောင်း နိုက်ကလပ်လုံခြုံရေးများကို ဆယ်စုနှစ်နှစ်ခုကျော်ကြာ ဆောင်ရွက်လာခဲ့သည့် လုံခြုံရေးဝန်ထမ်းတစ်ဦးကဆိုသည်။

“ဒါတွေက အမြဲဖြစ်နေကျဆိုတော့ မဆန်းတော့ပါဘူး။ အခုလို လူသိရှင်ကြားဖြစ်ပြီး လာမေးကြတာကပဲ ဆန်းနေတယ်”ဟု သူကပြောသည်။

အထက်တန်းလွှာနှင့် အလယ်အလတ် လူတန်းစားများအတွက် ဖွင့်လှစ်ထားသော နိုက်ကလပ်များတွင် ဖြစ်ပေါ်လာသည့် ပြဿနာများကို ထိုအသိုင်းအ၀ိုင်း အချင်းချင်းကပင် ဖြေရှင်းလိုက်ကြလေ့ရှိသည်။ သို့မဟုတ်ပါကလည်း နိုက်ကလပ်များတွင် ခန့်အပ်ထားသော လုံခြုံရေးဝန်ထမ်းများကသာ သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းလိုက်ကြသည်က များသည်ဟု သိရသည်။

“နိုက်ကလပ်တွေက သူတို့လုံခြုံရေးတွေရှိတယ်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာမှ ရဲဆီကို ရောက်လာတတ်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အောက်တိုဘာလ ၆ ရက် နံနက် ၂ နာရီခွဲခန့်က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်တစ်တိုင်အောက်တွင် တန်ဖိုးကြီးမားသည့် အနီရဲရဲပြိုင်ကားတစ်စီး ရောက်ရှိနေသည်။ ပြိုင်ကားအနီပေါ်တွင် ဓာတ်တိုင်က အလယ်တည့်တည့်မှ ပိကျနေခြင်းဖြစ်ပြီး ကားတစ်စီးလုံး ကြေမွနေသည့် မြင်ကွင်းက ယင်းပြိုင်ကားငယ်၏ အရှိန်ပြင်းထန်စွာ မောင်းနှင်လာမှုကို ပေါ်လွင်နေစေသည်။

ထိုအချိန်မှာပင် ပြိုင်ကားနှစ်စီးခန့် ရောက်လာကာ တစ်ဦးက ယာဉ်ထိန်းရဲအရာရှိထံ လျှောက်သွား၍ တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်ပြီး ကားတစ်စီးပေါ် ပြန်တက်သွားသည်ကို တွေ့ရသည်။ ကားနံပါတ်ပြားပေါ်တွင် အင်္ဂလိပ်စာတန်းများ ရေးခြစ်ထားသော ပြိုင်ကားတစ်စီးကလည်း အခြေအနေကို ခေတ္တမေးမြန်းပြီးနောက် လီဗာကို အစွမ်းကုန်နင်းကာ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်။

လိုင်းကားများအား ရုံးတက်ရုံးဆင်းချိန်တွင် ရပ်တန့်ခိုင်းကာ ယာဉ်မောင်းကို မကြာခဏ စစ်ဆေးလေ့ရှိတတ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးကတော့ ဘာမှတ်ချက်မှ မချနိုင်လောက်အောင် အလုပ်များနေခဲ့ကြပြီး မောင်းထွက်သွားသည့် ပြိုင်ကားနံပါတ်ပြားပေါ်မှ စိတ်ကူးပေါ်ရာ ရေးခြစ်ထားသည့် စာတန်းများကို ဂရုပြုမိကြပုံမရပေ။

အဆိုပါယာဉ်တိုက်မှုသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် နံနက် သန်းခေါင်ကျော်ဝန်းကျင်က ရန်ပွဲတစ်ပွဲ လတ်တလော ဖြစ်ပွားခဲ့သည့် အင်းလျားလိတ်ဟိုတယ်အတွင်းမှ ဒီဂျေဘား၊ ဂျီတီအာရ်နိုက်ကလပ်များနှင့် မနီးမဝေးမှာပင် ဖြစ်ပွားခြင်းဖြစ်သည်။

ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထားရပြီး မြန်မာဘုရင်များ နောက်ဆုံးနန်းစိုက်ခဲ့သည့် မြို့ဖြစ်သည့် မန္တလေးမြို့တွင်လည်း နာမည်ကြီးရန်ပွဲတစ်ခုကြောင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း နာမည်ကြီးအဆင့်မြင့် ကလပ်နှစ်ခုကို ပိတ်ပင်ခဲ့မှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

၎င်းအပြင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှုများလည်း ရှိခဲ့ကြောင်း၊ မန္တလေးကျုံးပတ်လည်တစ်လျှောက်၊ မန္တလေးတောင်ခြေ လမ်းတစ်လျှောက်နှင့် ပြင်ဦးလွင်သို့သွားသည့် လမ်းတစ်လျှောက်တွင် လွန်ခဲ့သည့် တစ်နှစ်ကျော်က ပြိုင်ကားခြောက်စီး၊ ခုနစ်စီးခန့် အပြိုင်မောင်းနှင်လေ့ရှိကြောင်း၊ ၂၀၁၂ ခုနှစ်ရောက်မှ မန္တလေးတွင် ပြိုင်ကားများ အပြိုင်မောင်းနှင်မှု မတွေ့မိတော့ကြောင်း ၎င်းကပြောသည်။

အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားကလပ်တွင် ခရိုနီအသိုင်းအ၀ိုင်းမှ နာမည်ကျော်သူဌေးကြီးတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ကလပ်သို့ လာရောက်သူများ ရပ်နေသည့် နေရာအတွင်းသို့ ကားဖြင့် အရှိန်ပြင်းစွာ ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသော ဒဏ်ရာရရှိသူမှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်ပွားခဲ့သည့် ကာယကံရှင်များမှာ ဒီဂျေဘားသို့ လာရောက်ကြသည့် လူငယ်အချင်းချင်းဖြစ်ပြီး ကလပ်အတွင်း စကားများခဲ့ရာမှ လုံခြုံရေးဝန်ထမ်းများက ဇော်ဇော်(ခ)ဇော်စိုးဝင်း (ထူးထရေးဒင်းကုမ္ပဏီဝန်ထမ်း)ကို အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။ ဇော်ဇော်သည် သူနှင့်အချင်းများသည့် အာကာပြည့်ဇော်၏ ဟွန်ဒါဘေ့စ်ယာဉ်ကို ၎င်း၏လင့်ခရူဇာယာဉ်ဖြင့် နောက်မှဝင်တိုက်ခဲ့သည်။ ထို့အပြင် လူအများရပ်နေသည့်နေရာသို့ ထပ်မံဝင်တိုက်ရာ အခြားသူများက ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ဝေအောင်မှာ မလွတ်မြောက်ခဲ့ပေ။

ထိုသို့ လင့်ခရူဇာဖြင့် အတိုက်ခံရမှုကြောင့် မောင်ဝေအောင်မှာ ညာဘက်ညှပ်ရိုးကျိုး၊ ညာနောက်စေ့ကွဲ၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကွဲ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရပြီး ဇော်ဇော်အား အမှုဖွင့်ထားခြင်းဖြစ်သည်။

“အဲဒီကိစ္စကို ပြောလို့မရဘူး။ ဘယ်သူမေးမေး မပြောရဘူးလို့ ကျွန်တော်တို့ကို မှာထားတယ်”ဟု ဒီဂျေဘားမှ လုံခြုံရေးဝန်ထမ်းတစ်ဦးကပြောသည်။

သို့သော် ဒဏ်ရာရသူမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့နှင့် တူတော်စပ်သူတစ်ဦး ဖြစ်သောကြောင့် အဆိုပါသတင်းမှာ လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာပေါ်၌ ပျံ့နှံ့သွားခဲ့သည်။

“ကိုယ့်မှာပိုက်ဆံရှိတယ်၊ ဘာရှိတယ်ဆိုတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ပြီးတော့ ဒီလိုနိုင်ငံမှာ လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း မရှိစေချင်ပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဌေးကြွယ်ကပြောသည်။ “လူငယ်ချင်း ထိခိုက်မိတာကနေ ဖြစ်သွားတဲ့သဘောပါပဲ။ ကိုဌေးကြွယ်၊ ကိုဖြိုးမင်းသိန်းတို့နဲ့ တူဖြစ်နေတာပဲ ရှိပါတယ်။ ဒဏ်ရာရတဲ့ ကောင်လေးရဲ့ အမေက ခရီးထွက်နေတော့ ပြန်ရောက်လာရင် အမှုကို ကျေအေးဖို့ရှိပါတယ်။ ဒဏ်ရာကလည်း စိုးရိမ်စရာမရှိတော့ဘူးလို့ ကျွန်တော်တို့ သိထားပါတယ်”ဟု ဇော်ဇော်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် နိုက်ကလပ်ယဉ်ကျေးမှုကို ၁၉၉၅ ခုနှစ်ဝန်းကျင်ခန့်မှ အစပျိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှုမှာ ၂၀၀၂ နောက်ပိုင်းတစ်လျှောက် ပီပြင်စွာ အမြစ်တွယ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အရောက်တွင် ရန်ကုန်တစ်မြို့တည်း၌ နိုက်ကလပ်ပေါင်း ၂၀ နီးပါး ရှိလာနေခဲ့ပြီဖြစ်သည်။

အဆိုပါ နိုက်ကလပ်များတွင် လူငယ်များ၏ တစ်ညစာသုံးဖြုန်းကြသည့် ငွေကြေးပမာဏများ၊ တန်ဖိုးကြီးမော်တော်ယာဉ်များ၊ မလုံ့တလုံ အ၀တ်အစားများကိုကြည့်၍ ဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း မည်သူမျှ ယုံနိုင်ဖွယ်မရှိပေ။

နိုက်ကလပ်များတွင် အပတ်စဉ် သောကြာ၊ စနေနေ့များ၌ ကားပါကင်နေရာလွတ် မရှိတော့သည်အထိ လူစည်ကားလေ့ရှိပြီး အဆိုပါနေ့များတွင် ကလပ်တစ်ခုလျှင် လူပေါင်းရာနှင့်ချီ ရောက်ရှိလာလေ့ရှိကြောင်း နိုက်ကလပ်လုံခြုံရေး ၀န်ထမ်းတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် အကြမ်းဖျင်းအားဖြင့် သိမ်ကြီးဈေး၊ မင်္ဂလာဈေးတို့တွင် ဖွင့်လှစ်ထားသည့် ဈေးနှုန်းသက်သာစွာဖြင့် ၀င်ရောက်နိုင်သည့် ကလပ်များ၊ ဈေးနှုန်းအသင့်အတင့်ရှိသော အလယ်အလတ်တန်းစားကလပ်များ၊ ဟိုတယ်များနှင့်တွဲလျက် ဖွင့်လှစ်ထားသည့် ကလပ်များဟူ၍ သုံးမျိုးသုံးစား ရှိသည်ဟု သိရသည်။ ပြဿနာဖြစ်ပွားမှု အများဆုံးမှာ အောက်ကလပ်ဟု ခေါ်ဝေါ်ကြသော ဈေးနှုန်းသက်သာသည့် ကလပ်များပင်ဖြစ်ကြောင်း နိုက်ကလပ်အသိုင်းအ၀ိုင်းက ဆိုသည်။

“အမြင့်ကလပ်တွေမှာက သိပ်မဖြစ်ရဲကြဘူး။ အမြင့်ကောင်တွေ အချင်းချင်းပဲဖြစ်ကြတာ။ သူတို့ဖြစ်ရင်လည်း အပြင်ကလူတွေက ၀င်မဆွဲရဲဘူး။ လုံခြုံရေးတွေတောင်မှ ၀င်မဆွဲရဲဘူး။ အသိုင်းအ၀ိုင်းတစ်ခုတည်းကလူတွေ ရန်ဖြစ်ရင် ဘယ်သူမှမဆွဲရဲဘူး”ဟု နိုက်ကလပ်များတွင် နှစ်အတော်ကြာ ကျင်လည်ခဲ့သူတစ်ဦးကပြောသည်။

ပြိုင်ကားယှဉ်မောင်းခြင်းများ၊ ရန်ပွဲများအပြင် နိုက်ကလပ်များနှင့် ဆက်နွှယ်နေသည့် နောက်ထပ်အကြောင်းအရာ တစ်ခုကတော့ အရက်နှင့် မူးယစ်ဆေးဝါးပင်ဖြစ်သည်။ အရက်ပုလင်းတစ်လုံးကို အဖုံးဖွင့်လိုက်သည်နှင့် အနည်းဆုံး ခုနစ်သောင်းကျပ် ပေးဆောင်ရသည့် နိုက်ကလပ်များတွင် ငွေပေးနိုင်သလောက် အရက်ပုလင်းအဖုံးမျိုးစုံကို ဖွင့်နိုင်မည်ဖြစ်သည်။ နိုက်ကလပ်များတွင် ငွေပေးနိုင်သလောက် အရက်ပုလင်းအဖုံးမျိုးစုံကို ဖွင့်နိုင်မည်ဖြစ်သော်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲခြင်းကို တွေ့ရှိလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားမည်ဟုလည်း နံရံတွင် စာကပ်ထားရသည့် အခြေအနေများလည်း ရှိနေခဲ့သည်။

သို့သော် မီးရောင်စုံကြားတွင် နာရီပေါင်းများစွာ စည်းချက်ကျကျ မမောနိုင်မပန်းနိုင် ကခုန်နေကြသည့် လူငယ်များထဲတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် လူငယ်များ မပါဝင်ကြောင်း တပ်အပ်ပြောဆိုရန် ခက်ခဲသည်ဟု အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

“ဆေးပြားတွေက တစ်ညလုံး မအိပ်ဘဲနဲ့ မစားဘဲနဲ့ ကနိုင်တယ်၊ ခုန်နိုင်တယ်၊ ဆိုနိုင်တယ်၊ စိတ်ကိုကြွစေတယ်၊ ရန်လိုချင်တဲ့ဆန္ဒတွေ ပြင်းပြလာတယ်။ မိန်းကလေးတွေ စိတ်တက်ကြွလာရင် ပိုရှုပ်ကုန်မယ်”ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ခိုင်ကပြောသည်။

သန်းခေါင်ကျော် မီးရောင်စုံအောက်တွင် မူးယစ်ပျော်ပါးနေသော အမျိုးသားများအတွက် ပြည့်တန်ဆာဈေးကွက်ကလည်း နိုက်ကလပ်အတော်များများမှာ တွင်ကျယ်လျက်ရှိပြီး အချို့ရန်ပွဲများအတွက် ရင်းမြစ်တစ်ခု ဖြစ်နေတတ်သည်ဟု သိရသည်။

ရန်ပွဲတစ်ပွဲဖြစ်ပွားသည်နှင့် ကိုယ်ခံပညာ တတ်ကျွမ်းထားသော လုံခြုံရေးများက အမြန်ဆုံးရောက်ရှိလာမည်ဖြစ်ပြီး ပြဿနာမကြီးထွားရန် ထိန်းသိမ်းကြမည်ဖြစ်သည်။ လွန်ကဲစွာ မူးယစ်ရမ်းကားနေသူကို ကလပ်အပြင်ဘက်သို့ ဆွဲထုတ်သွားလေ့ရှိပြီး ကလပ်အတွင်း၌ ပြဿနာမဖြစ်ပွားစေရန် အဓိကဆောင်ရွက်ကြကြောင်း နိုက်ကလပ်လုံခြုံရေးတစ်ဦးက ပြောပြသည်။

အမြင့်ကလပ်များတွင် ပြဿနာမှာ အချိန်ခဏအတွင်း ပြီးဆုံးသွားတတ်သော်လည်း ဈေးများတွင် ဖွင့်လှစ်ထားသည့် ၀င်ကြေးသက်သာသည့် ကလပ်များမှာတော့ ပြဿနာက မမျှော်လင့်ဘဲ ကြီးမားသွားတတ်ကြောင်း သိရသည်။

“အဲဒီ့ကလပ်တွေမှာ ပြဿနာတက်ပြီး ရန်ဖြစ်ရင် လုံခြုံရေးတွေက သမတယ်။ အပြင်ကို ဆွဲထုတ်ခံရရင် အပြင်မှာရှိတဲ့ လူခေါ်ပွဲစားတွေက သမတယ်။ တက္ကစီသမားတွေက သမတယ်။ ရန်ပွဲတစ်ပွဲဖြစ်ရင် ဆွမ်းကြီးလောင်းကြတာ အများကြီးပဲ”ဟု နိုက်ကလပ်များတွင် လူစောင့်လေ့ရှိသည့် အငှားယာဉ်မောင်းသူတစ်ဦးက ပြောပြသည်။

“နိုက်ကလပ်တွေအတွက် သီးသန့်လုံခြုံရေးပေးတာ မရှိဘူး။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးတာက ကျောင်းတို့၊ ဈေးတို့လို အများပြည်သူတွေရှိတဲ့ နေရာတွေမှာ လုံခြုံရေးပေးတယ်။ ရဲကိုလာတိုင်ပြီ ဆိုရင်တော့ ရဲကမေးတယ်။ အခင်းဖြစ်တဲ့နေရာအနီး ပတ်ဝန်းကျင်ကို စုံစမ်းတယ်။ ပြီးရင် သံသယရှိသူပုံကို ပန်းချီဆွဲတယ်။ စခန်းအချင်းချင်း ချိတ်ဆက်ပြီးတော့ လိုက်ရှာတယ်။ လာတိုင်ပြီဆိုရင် ရဲကတော့ မပေါ်မချင်း စုံစမ်းနေရမှာပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“နိုင်ငံတကာမှာလည်း ဒီလိုနိုက်ကလပ်တွေ ရှိနေတာပဲလေ။ သူတို့ ကျောင်းသွားမယ်၊ အလုပ်သွားမယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ ဒီမှာလာပြီး ဖြေလျှော့မယ်၊ ကမယ်၊ ပြီးတော့ ပြန်သွားကြတယ်။ လွတ်လွတ်လပ်လပ် ပျော်ပါးတာ၊ ဆုံစည်းတာ၊ အပြင်ထွက်ကြတာ ရှိတာပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာရှိနေတဲ့ နိုက်ကလပ်ဆိုတဲ့ဟာက တစ်မျိုးဖြစ်နေတယ်ပေါ့။

အချိန်နဲ့ငွေကို ပေါပေါသုံးနိုင်တဲ့သူတွေ။ ပြီးတော့ ဒီနေရာမှာ ငွေရှာလို့ရတဲ့သူတွေ။ ဒီလိုမျိုးတွေ လာရောက်ပြီးတော့ စုဝေးတာမျိုး မဖြစ်စေချင်ဘူး”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဆိုသည်။

ရောင်စုံဆလိုက်မီးများသည် ပေ ၄၀ x ပေ ၆၀ ခန့် ကျယ်ဝန်းသော အခန်းတွင်း၌ လှည့်ပတ်ကစားလျက် ရှိသည်။ ကခုန်ရန် သတ်မှတ်ပေးထားသော နေရာထဲတွင် လူငယ်အမျိုးသား၊ အမျိုးသမီးလေးများ နှစ်ယောက်တွဲတစ်မျိုး၊ အုပ်စုလိုက်တစ်ဖုံ စည်းချက်ညီညီ လှုပ်ရှားနေကြသည်။ ကပွဲဘေးပတ်ပတ်လည်ရှိ စားပွဲခုံငယ်လေးများတွင် ဈေးမြင့်သည့် အရက်မျိုးစုံကိုယ်စီဖြင့် ထိုင်နေကြသည့် လူငယ်များကို တွေ့ရသည်။ နိုင်ငံခြားသားတချို့ကလည်း အမျိုးသမီးငယ်တချို့နှင့်တွဲလျက် စကားစမြည်ပြောဆိုရင်း တလှုပ်လှုပ်ဖြစ်နေသည်။

အဆိုပါမြင်ကွင်းသည် အင်းလျားလိတ်ဟိုတယ်အတွင်း ဖွင့်လှစ်ထားသော ဒီဂျေဘားနိုက်ကလပ်၏ အောက်တိုဘာလ ၅ ရက်နေ့၊ လူစည်ကားချိန် Friday Night ပင် ဖြစ်ပါသည်။ ထိုအချိန်တွင် စင်မြင့်ပေါ်မှ ဒီဂျေပညာရှင်က လတ်တလော ရေပန်းစားနေသည့် ကိုရီးယားနိုင်ငံရှိ လူကုံထံရပ်ကွက်တစ်ခုအကြောင်း သရော်သီဆိုထားသော တေးသီချင်းကို စဖွင့်လိုက်သည်။ ဒီဂျေဆီမှ ထွက်လာသည့် တေးသီချင်းအား နိုက်ကလပ်အတွင်း ရောက်ရှိနေကြသော လူပေါင်း ၁၀၀ ကျော်မှ ပြိုင်တူလိုက်ဆိုကြသံက ကလပ်အပြင်သို့တိုင် လျှံထွက်သွားပါသည်။

“အိုပါး..ဂန်းနား.. စတိုင်”။ From -7Day News Journal

ကျပ်နှစ်သိန်းဖုန်း လာမည့် ဧပြီတွင် ဈေးလျှော့ရောင်းမည်

ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီ လတွင် ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအမည် ဖြင့် ရောင်း ချခြင်းမပြုဘဲ မြန်မာ့ တယ်လီကွန်း ကုမ္ပဏီအမည်ဖြင့် ရောင်းချ မည် ဟု သိရသည်။ ၄င်းအပြင် ဖုန်းများရောင်းချခြင်းကို တယ်လီကွန်း အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီများကပါ ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

''လက်ရှိကျပ်နှစ်သိန်းနှုန်းအောက် ဈေးလျှော့ပြီး ရောင်းချသွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ဆက်လက်၍ ၄င်းက ''၄ လပိုင်း ဖုန်းရောင်းပေးမယ်ဆိုပေမယ့် ရက်တော့ သတ်မှတ် မ ထားရသေးဘူး။ ဖုန်းတန်ဖိုး ဘယ်လောက်ရှိမယ်ဆိုတာလဲ၊ ကုန်ကျ စ ရိတ် တွက်ချက်ပြီးမှ သိရမှာပါ။

ကုမ္ပဏီအပြိုင်အဆိုင် ရောင်းရမှာ ဆိုေ တာ့ တခြား ကုမ္ပဏီဈေးနှုန်းလျှော့ရင် ကိုယ်လည်းလျှော့ရောင်း သွား ရမှာ ပါ'' ဟု ပြောသည်။

From -ပေါ်ပြူလာ

ကညန၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီပွားရေးဘဏ်တို့ရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ၅-၆-၂၀၁၂ နေ့မှစတင်၍ ဆိုင်ကယ်များကို တရားဝင်လိုင်စင်ပြုလုပ်ပေးလျှက်ရှိရာ၌ ကညန၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီပွားရေးဘဏ်တို့မှ အခွန်ထမ်းပြည်သူများအပေါ် ခေါင်းပုံဖြတ်မှုများရှိနေကြောင်း သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာလုပ်သား အများစုနေထိုင်ရာဒေသဖြစ်ခြင်းအပြင်၊ နှစ်စဉ်ရေလွမ်းမိုးမှုဒဏ်ကိုခံစားနေရသော တိုင်းဒေသကြီးဖြစ်သောကြောင့် လယ်ယာလုပ်ငန်းကို နှစ်ကြိမ် နှစ်ခါ ပြန်လည်ပြုလုပ်နေရပါသည်။ ထို့ကြောင့် ဆိုင်ကယ်လိုင်စင်ဝင်ရာတွင် (၈) လပိုင်းမှသာလာရောက်၍ လိုင်စင်ဝင်နိုင်ခဲ့သောကြောင့် ဆိုင်ကယ်စီးရေနှင့် ကန့်သတ်ရက်မလုံလောက်မှုကို အခွင့်ကောင်းယူ၍ ဌာန ဆိုင်ရာဝန်ထမ်းများက ပွဲစားများနှင့်ပေါင်းကာ အမြန်ပြုလုပ်ပေးမည်ဆိုကာ ဆိုင်ကယ်တစ်စီးကို ၁၅၀၀၀ ကျပ်တောင်းခံကာ စီနီယာ ကျော်ပြီး ပြုလုပ်ပေးမှုကြောင့်၊ ရိုးရိုးသာမန်လိုင်စင်ဝင်မည့်သူများ (ထိုပွဲစား၊ ဌာနဆိုင်ရာဝန်ထမ်းနှင့်) မပြုလုပ်သူများမှာ (၆) ရက် မှ (၈) ရက် အထိ ဘုရားဆိုင်ခန်း၊ ဘုန်းကြီးကျောင်း၊ တည်းခိုခန်း အစရှိသည်တို့တွင် တည်းခိုပြီး စောင့်ဆိုင်းနေရမှုကို သည်းမခံနိုင်၍ (၂-၁၀-၂၀၁၂) နေ့မှစတင်ပြီး တောင်းဆိုမှုများပြုလုပ်လာကြရာ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှုး၊ အကောက်ခွန်မှ တာဝန်ခံအရာရှိ ဒု-အကောက် အခွန်မှုး မောင်မောင်ဦးနှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သော ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့်ညှိနှိုင်းပြီး နံပါတ်စဉ်အလိုက် ပြု လုပ်ရန် ညှိနှိုင်းခဲ့ပါသည်။ သို့သော်လည်း ယခင်ရက်များကတည်းက က.ည.န ၀န်ထမ်းများ၊ အထူးသဖြင့် ဒုဦးစီးအင်ဂျင်နီယာ စက်မှုကျွမ်း ကျင်ဌာနမှ ၀န်ထမ်း၊ လုပ်အားပေး ၀န်ထမ်းများ အဆင့်ဆင့် ပွဲစားများနှင့်ပေါင်း၍ လိမ်လည်မှုတို့ကြောင့် အစီးရေ (၁၂၀၀) ကျော် အမှုတွဲ များထဲမှ (၈၀) လောက်ပျောက်ကာ ၁၀ ရက်အထိ ကြန့်ကြာခဲ့မှုအပေါ် စသုံးလုံးမှ လာရောက်စစ်ဆေးရာ အဓိကမှားယွင်းမှုမှာ ကညနမှ ဖြစ်ကြောင်း ဦးစီးမှူး ဦးအောင်ဝင်းမှ ၀န်ခံပြောဆိုခဲ့ပါသည်။

(၃-၁၀-၂၀၁၂) အစည်းအဝေးတွင် အကောက်အခွန် ဦးမောင်မောင်ဦးမှ ခရိုင်အုပ်ချုပ်ရေးမှူးရှေ့တွင် သူ၏လက်မှတ်မပါဘဲ ဘဏ်ကို ငွေ သွင်းခိုင်းမှုအပေါ် မှားယွင်းကြောင်းတင်ပြရာ က.ည.နဦးစီးမှူး ဦးအောင်ဝင်းမှဝန်ခံပြီး ပြည်တွင်းအခွန်မှ အစီရင်ခံစာရေးတင်ပြရန် ပန် ကြားခဲ့ပါသည်။ ထိုသို့ ကြန့်ကြာမှုဖြစ်ရခြင်းအကြောင်းကို မှုခင်းသတင်းတပ်ဖွဲ့မှုး ဦးထွန်းသိန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီး၊ စသုံးလုံးမှ တာဝန်ရှိသူများတင်ပြပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကန့်သတ်ရက်အတွင်း လိုင်စင်ဝင်၍မပြီးလျှင် အဖမ်းခံရမည်။ ပြီးအောင်လုပ်ပေးစေလိုလျှင် ဆိုင်ကယ်တစ်စီးကို ၁၅၀၀၀ ကျပ်ပေးရမည်ဟု ကညန ဒုဦးစီးမှစ၍ ၀န်ထမ်းအဆင့်ဆင့်နှင့် လုပ်အားပေးအမည်ခံ ပွဲစားများဖြစ်သော မောင်ဝဏ္ဍ (ဘ-ဦးဉာဏ်ထွန်း တာကလေးရပ်ကွက်)၊ အေးမြနန္ဒာ (၄) လမ်းမှ ကိုအောင်ကြိုင် (ပိုင်ကဖီး) နှင့် ဒူးယားမှ နေလင်း လုပ်အားပေးများနှင့် အပြင်ပွဲစားများ ပေါင်းကာ မိမိပြုလုပ်ပေးရသော ဆိုင်ကယ်အမှုတွဲများကို ထင်သလိုပြုလုပ်ခြင်းကြောင့် အပေါ်အောက် ပြောင်းပြန်တွေဖြစ်ကာ အချိန် ကြန့်ကြာ မှုများ ဖြစ်ခဲ့ရပါသည်။

ဆိုင်ကယ်တစ်စီး ခဲခြစ်ပြီးလျှင် နံပါတ်ပြားဘိုး ၇၀၀၀ ကျပ် ပေးရပါသည်။ သို့သော် နံပါတ်ပြားမှာ ချက်ခြင်းမရသောကြောင့် လောလောဆယ် ဓါတ်ပုံရိုက်ရန် အပြင်ဆိုင်မှ ၁၀၀၀/ကျပ် ပေး၍ ၀ယ်ရပါသည်။ ထိုနံပါတ်ပြားဆိုင်နှင့် ကညနပေါင်းကာ ဆိုင်ကယ်အစီးရေ ၂၀၀၀၀ နှစ် သောင်းကျော်အတွက် ကျပ်သိန်းနှစ်ဆယ်ကို မျှစားခဲ့ပါသည်။ ခဲခြစ်ပြီးလျှင် တစ်စီးကို ၇၀၀၀ ကျပ်ရသောကြောင့် တရားမ၀င် စာရွက်စာ တမ်းများနှင့် လမ်းမပေါ်အထိလိုက်၍ ခဲခြစ်ပေးခဲ့သည်အထိ ကညနမှ ၀န်ထမ်းများ၊ ပွဲစားများ သောင်းကျန်းခဲ့ကြပါသည်။

ထိုသို့ ကြန့်ကြာမှုများဖြစ်အောင်၊ အခွန်ထမ်းပြည်သူများနစ်နာအောင်ပြုလုပ်သော က.ည.န၊ ပြည်တွင်းအခွန်မှ ၀န်ထမ်းများအား အရေးယူ ဖော်ထုတ်ပေးရန် တင်ပြအပ်ပါသည်။

မှတ်ချက် ။ ။ အမြန်ကြေး ၁၅၀၀၀ ကျပ်မှာ ၀န်ထမ်းနှင့်ပွဲစား တစ်ယောက်တစ်ဝက်ရပါသည်။

ဌာနပေါင်းစုံမှ ၀န်ထမ်းများအပြင် ကညနမှ လုပ်အားပေးနှင့် ပွဲစားတွဲလုပ်သော လူစာရင်း

(၁) ၀ဏ္ဍ (ဒု-ဦးစီးနှင့် တွဲလုပ်သည်)
(၂) ကျော်ကျော် (အင်ဂျင်နီယာဌာနနှင့် တွဲလုပ်)
(၃) အောင်ကြိုင်-ပိုင်ကဖီး (လူ့အခွင့်အရေးအကြောင်းပြ လိမ်ညာ)
(၄) နေလင်း-ဒူဒယား (လူ့အခွင့်အရေးအကြောင်းပြ လိမ်ညာ)
(၅) ထွန်းထွန်း-အပြင်ပွဲစား

မိုးမခ

“၀”တပ်ဖွဲ့ကို အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သီးခြား ဖဲ့ထုတ်ဖို့ ကြံစည်နေသလော

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် သျှမ်းပြည် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်များအား ယခုလ ၆ ရက်နေ့က သျှမ်းပြည် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်းစစ်ဋ္ဌာနချုပ်တွင် သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း စစ်ဘက်သတင်းများအရ သိရသည်။

တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦး အောင်ကျော်ဇော( ဓါတ်ပုံ- MG/SHAN)

၎င်းတွေ့ဆုံမှုအပေါ် တရုတ် - မြန်မာနယ်စပ် စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကို သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ ဆက် သွယ်မေးမြန်းထားချက်အား တင်ပြလိုက်ပါသည်။

မေး - ကာကွယ်ရေးဦးစီးချုပ်က ၀ နဲ့ မုံးလားတပ်ဖွဲ့ ခေါင်းဆောင်တွေကို အခုအချိန်မှာ ဘာကြောင့် ခေါ်ယူတွေ့ဆုံတာလို့ ပြောနိုင်မလဲဗျ။

ဖြေ - မင်းအောင်လှိုင်ခေါ်တွေ့တဲ့ ကိစ္စတွေမှာ နှစ်ပိုင်းရှိမယ်လို့ထင်တယ်၊ သာမာန်အားဖြင့် သူအရင်က ဆက်ဆံခဲ့ဘူးတဲ့ ကိစ္စတွေရှိတယ်။ အဲဒီပုဂ္ဂိုလ်ရေးဆက်စပ်မှုတွေလည်းပါတယ်၊ နောက်တစ်ခုက KIA , SSA တို့နဲ့မပတ်သက်ဖို့တို့ အဲဒီကိစ္စ တွေလည်းပါတယ်၊ ဗိုလ်မှူးကြီး အောင်သူ ဆိုတဲ့လူက သံလွင်မြစ်ကူးတို့ဆိပ် တွေကနေ SSA ဦးပန်ဖအဖွဲ့တွေ လုံးဝဆုတ် ပေးဖို့ တောင်းဆိုနေတယ်၊ ဒါက “၀”နဲ့ ဆက်စပ် မှုအားလုံးကို ဖြတ်တောက်ဖို့ ကြိုးစားနေတာဖြစ်တယ်

“၀” အနေနဲ့ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးယူထားပေမဲ့ အမျိုးသားရေးအခြေခံရှိတယ်၊ အဲဒီအောက်မှာ အမျိုးသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ စာနာစိတ်ရှိတယ်၊ အဲဒီဟာတွေကို လိုက်လံပိတ်ပင်တာပေါ့၊ အခိုင်အမာကတော့ ခုနကပြောသလို SSA ကို ကူးတို့ဆိပ်တွေ ကနေဆုတ်ပေးဖို့ ကိစ္စမျိုးတွေအပါ “၀”ကို ၀ယ်ယူတဲ့နည်း တွေနဲ့ကြိုးစားနေတာဖြစ်တယ်၊ နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စကို လည်း ၂၀၁၅ ကနေပြီး ၂၀၁၉ အထိနောက်ဆုတ်ပေးတယ်၊ ဒါတွေဟာ “၀” ကို ရည်ရွယ်တဲ့ နည်းပရိယာယ်တွေလို့ယူဆရတယ်။

မေး - ကာကွယ်ရေးဦးစီးချုပ်ကို “၀”နဲ့ မိုင်းလားတပ်ဖွဲ့က ဘယ်ခေါင်းဆောင်တွေ သွားတွေ့ခဲ့သလဲဗျ။

ဖြေ - “၀”တပ်ဖွဲ့က ဒုဥက္ကဋ္ဌ လျှောက်မီလျံ သွားတွေ့ပါတယ်၊ သူကတော့ ခပ်အေးအေး ခပ်ပျော့ပျော့ လူဆိုတော့ ဗမာ အစိုးရရဲ့ အပျော့ဆွဲကို “၀”ဘက်ကလည်း ခပ်ပျော့ပျော့ခေါင်းဆောင်နဲ့ ဆက်ဆံစေ တယ်လို့ ထင်ရပါတယ်။ BGF တင်းတင်းမာမာ ဖြစ်ချိန်တုန်းက လျှောက်မီလျံကို ပွဲမထုတ်ခဲ့ဘူး။

မိုင်းလားက ဥက္ကဋ္ဌ စိုးလင်း သွားတွေ့ပါတယ်၊ စိုင်းလင်းကိုကျတော့ “၀”တပ်ဖွဲ့ရဲ့ပေါ်လစီအောက်မှာ မလွဲသာမရှောင်သာ ပျော့ပျော့ ပြောင်း ပြောင်း ဆက်ဆံနေရတယ်လို့ထင်ပါတယ်၊ BGF တုန်းက မိုင်းလားကိုဗမာတပ်ကတိုက်မလို့လုပ်တော့ ၀ တပ်ဖွဲ့က အင်အားတချို့သွားရောက် ကာကွယ်တဲ့အခါမှ ဗမာတပ်က ဆက်မလုပ်တော့တာ ဖြစ်တာကိုး။

မေး - “၀” တပ်ဖွဲ့ဘက်က ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံမှုအပေါ် ဘယ်လိုသဘောထားရှိနိုင်မလဲ။

ဖြေ - “၀”တပ်ဖွဲ့အနေနဲ့ကတော့ ဒီလိုဖဲ့ထုတ်စည်းရုံးဖို့ ကြိုးစားတာကို လက်ခံမှာမဟုတ်ဘူးလို့ ယူဆရပါတယ် ဘာဖြစ်လို့ လဲဆိုတော့ လူမျိုးငယ်တွေ တိုင်းရင်းသားငယ်တွေဖြစ်တဲ့အခါ ကျတော့ သူတို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံမှုတွေ တစ် လျှောက်လုံး အများကြီးရှိခဲ့တာပဲ စီးပွားရေးအခွင့်အရေးတွေ ပေးထားသော်ငြားလည်း “၀” ခေါင်းဆောင် တွေရဲ့ကြားမှာ အမျိုးသားရေး စိတ်ဓါတ်အတော်လေး ပြင်းပြတယ် အဲဒီတော့ ဒီစိတ်ဓါတ်က အချိန်ကာလတစ်ခုအထိတော့ ဆက်လက် တည်မြဲနေမယ်လို့တော့ ထင်ပါတယ်။

မေး - မြန်မာအစိုးရဘက်ကရော ၀ နဲ့ပတ်သက်လို့ ဘယ်လိုအမြင်တွေရှိနေနိုင်သလဲ။

ဖြေ - “၀”တွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ခက်တယ် “၀”လောက်အင်အားမများတဲ့ ကေအိုင်အေကိုတောင်မှ တပ်ရင်းပေါင်း ၁၀၀ ကျော်သုံးပြီး တစ်နှစ်ကျော်လောက် တိုက်တာတောင်မှ စကားပြောတဲ့အခါအပေါ်စည်း ရအောင်လည်း မလုပ်နိုင်ဘူး အမြစ်ပြတ်အောင်လည်း မတိုက်နိုင် ခဲ့ဘူး “၀”နဲ့ ကျရင် ပိုခက်မယ် ကိုယ်ပိုင်အခြေခံဒေသကြီးရှိတယ် တောင့်တင်းတဲ့ လက်နက်ကိုင်အင်အားကြီးရှိတယ် ဘယ်လိုမှ လက်နက် ကိုင်နည်းနဲ့ ဖြေရှင်းလို့မရဘူး။

ဒါပေမဲ့ ၀ တွေရဲ့အားနည်းချက်က ကေအိုင်အေနဲ့မတူတာက ဗမာပြည်နိုင်ငံရေးကို ထဲထဲဝင်ဝင်နားမ လည်ဘူး၊ အဲဒီတော့ မလိမ့်တစ်ပတ် ကိစ္စမျိုးတွေလုပ်နိုင်တယ်၊ နောက်တစ်ခုက ၀ ထဲမှာကအကျိုးစီးပွား ဆိုင်ရာ ပြဿနာတချို့ရှိတယ်၊ အိမ်နီးနားချင်းနိုင်ငံနဲ့ဆက်စပ်နေမှုတွေ အဲဒီအောက်မှာ နည်းနည်းလေး complicate (ရှုပ်ထွေးမှု) ပိုဖြစ်တာပေါ့၊ အဲဒီဟာတွေပေါ်ကနေ လှည့်ပတ်ပြီးတော့ ဖြိုခွဲဖို့အစဉ်အမြဲကြိုးစား နေတာဖြစ်တယ်။

ဒီနေ့အမေရိကန်နဲ့ စစ်ရေးအရ အဆင့်တိုးပြီးဆက်ဆံနေတဲ့ ရည်ရွယ်ချက်တွေထဲမှာ တချို့ဟာ “၀”ကို ရည်ရွယ်တာလို့ ယူဆရတယ်။ သူတို့အထဲမှာ အာဏာရအုပ်စုအများစုဟာ “၀”ကို ဒီအတိုင်းဆက်ထားဖို့ လက်မခံနိုင်ကြဘူး၊ ဘယ်လိုမှ မတတ်သာလို့ ထိုင်ကြည့်နေရ တာဖြစ်တယ်၊ ဒါကြောင့်လည်း နည်းသဏ်ဏ္ဍန်မျိုးစုံနဲ့ “၀”ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတာဖြစ်တယ်၊ သူတို့ရဲ့ constitution ထဲမှာ ယာယီအပစ်ရပ်ဆဲရေးလုပ်ရုံနဲ့မလုံလောက်ဘူး၊ ၀ ကိုလည်းသီးခြား တပ်မတော် တစ်ခုအဖြစ်လည်း မပေးနိုင်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ပဲနဲ့ ၀နဲ့မှမဟုတ်ဘူး၊ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ သေနတ်သံပြန်မထွက်ဖို့ မလုပ်နိုင်ဘူးဖြစ် နေတယ်။

မေး - လက်ရှိ “၀” တပ်ဖွဲ့ရဲ့စစ်ရေးပြင်ဆင်မှု အနေအထားကရော ဘယ်လိုရှိပါသလဲ။

ဖြေ - “၀သပ”ကတော့ သူ့ဒေသ ၀င်ရောက်မစွက်ဖက်ရေးပဲ “၀”အမျိုးသားတွေရဲ့ လုံခြုံရေး “၀” အမျိုးသားတွေရဲ့ ကာကွယ်ရေးဆိုတဲ့ အခြေ ခံပေါ်ကနေပြီး သူ့ဒေသကို မထိပါးဘူး၊ ကျူးကျော်ဝင် ရောက်တိုက်ခိုက်မှုမရှိဘူးဆိုရင်တော့ သူ့ဘက်ကသေနတ်သံမထွက်ဖို့များတယ်။ ဒါပေ မဲ့လို့ လက်ရှိ “၀”တပ်ဖွဲ့ရဲ့ အနေအထားကို ဗမာအစိုးရက လက်ခံနိုင်မဲ့ အခြေအနေမရှိဘူး။

မေး - “၀”တပ်ဖွဲ့ကို အစိုးရဘက်က ကိုင်တွယ် ဖြေရှင်းရေးအပေါ်ရော ဘယ်လိုယူဆပါသလဲ ။

“၀”ရဲ့လက်ရှိအခြေအနေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ကိုက်မကိုက်ဆိုတာ သူတို့အသိဆုံးဖြစ်တယ်၊ လက်နက်ကိုင် အင်အားဟာ ၃ သောင်းနဲ့ ၄ သောင်းကြားမှာ ရှိနေပြီ၊ လူအင်အား ၊ လက်နက်တပ်ဆင်မှုအင်အား၊ လေ့ကျင့် မှုအင်အား ဒါကို BGF တုန်းကလို Push လုပ်လို့မရဘူး။ ဒါကြောင့်မို့ “၀” ပြည်နယ်ရဲ့အခြေ အနေကိုလည်း လူထုကို မပြောရဲဘူး ထောက်ပြကြမဲ့ လူအများကြီး constitution နဲ့မကိုက်တာတွေ အများကြီးပါတယ်။ ဒါကိုဗမာအစိုးရက ကြိတ်ပြင်နေတာ တရုတ်ပြည်နဲ့ ဆက်ဆံရေး နိုင်ငံတကာလှုပ်ရှားမှုတွေ “၀”နဲ့ဆက်ဆံ ရေးမှာ ဗမာ အစိုးရအတွက် ကြီးမားတဲ့ အခန်းကဏ်ဏ္ဍကပါဝင်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင် တွေကို ဒီလိုနည်းနဲ့ချဉ်းကပ်မယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။

မေး - ဘာများ ထပ်ဖြည့်ပြောချင်ပါသလဲ ။

ဖြေ - ဗမာအစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးလုပ်နေတာမှမဟုတ်တာ နိုင်ငံတကာမှာ ပြောင်းလဲနေပါတယ်လို့ ဖေါ်ပြချင်လို့တာ လက်မှတ်ထိုး နေတာ ဗမာအစိုးရအဆက်ဆက်ပေါ့ ဦးနုအပါအဝင် အစိုးရက စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ခဲ့တာ တစ်ခါမှမရှိခဲ့ဘူး လူမျိုးကြီး ၀ါဒ စစ်တပ်ကြီးစိုးရေးဝါဒ စစ်ဘုရင်ဝါဒတွေ ကျင့်သုံးလာတဲ့အခါကျတော့ လူမျိုးစုတွေနဲ့ သဟဇာတလုံးဝမဖြစ်တော့ဘူး ရည်ရွယ် ချက်က တိုင်း ပြည်ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတာ မဟုတ်ဘူး လက်နက်ကိုင်တွေကို စစ်ရေးနည်းနဲ့ သော်လည်းကောင်း အခြားနည်းနဲ့ သော်လည်းကောင်း တစ်လျှောက်လုံး ဖြိုခွဲလာခဲ့တာဖြစ်တယ်။

တကယ့်အပြောင်းအလဲဆိုတာ စစ်တပ်ပြောင်းလဲမှသာ ဖြစ်မှာပါ စစ်တပ်ရဲ့အခြေခံပြောင်းလဲမှု အဓိကနှစ် ချက်ရှိတယ်၊ စစ်တပ်က တိုင်းပြည် ရဲ့ ကယ်တင်ရှင်ဆိုတဲ့ ခံစားမှုရယ်၊ ဖက်ဒရယ်ဆိုတာရယ် ဒီနှစ်ခုကို နားလည်သဘောပေါက်မှ ဖြစ်မယ်၊ ဒီလိုဖြစ်အောင် ပညာပေးနိုင်မယ် ၊ ပြုပြင်နိုင်မယ်ဆိုရင် ဗမာပြည်ဟာ တကယ်ပြောင်းလဲလာပြီလို့ ပြောလို့ရမယ်၊ အခုပြောင်းလဲမှုလို့ပြောနေတဲ့ဟာက အချိန်မရွေးနောက်ပြန် လှည့်သွားနိုင်တယ်၊ စစ်တပ်ကိုမပြောင်းလဲနိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံအထက်မှာ စစ်တပ်ရှိနေတယ် အဲဒါပါဘဲ။

KNU ခေါင်းဆောင်များ ပြန်လည်စည်းလုံးရန် ကြိုးပမ်းနေ

ကရင်ပြည်နယ် ဖာပွန်ခရိုင် တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ကရင် အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အချင်းချင်း ပြန်လည်စည်းလုံး ညီညွတ်မှုရရှိရန် ယခုရက်ပိုင်း တွင် ကြိုးပမ်း နေကြသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး KNU ခေါင်းဆောင်များကြား သဘောထား အမြင် ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီ အပေါ်မှာ ဗိုလ်ချုပ် မူတူးစေးဖိုးကတော့ ပြီးခဲ့တာတွေကို သင်ပုန်းချေကြပြီးတော့ ညီညီညာညာ ဆက်လက် ချီတက်သွား ကြ စို့ ဆိုတဲ့ခံယူချက် ရှိတယ်”ဟု KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် KNU ဗဟို အဖွဲ့တို့ ပြန်လည် စည်းလုံးညီညွတ်မှု ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

KNLA တပ်မဟာ ၅ နယ်စပ်တနေရာတွင် မကြာခင်ရက်ပိုင်း၌ KNUအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ထားပြီး တပ်မဟာ ၅ ၊ တပ်မဟာ ၃ ခေါင်းဆောင်များ အပါအ၀င် ထားဝယ်ခရိုင် ဥက္ကဌ ဖဒို ကွယ်ထူးဝင်း နှင့် ဗိုလ်မှူး တူးတူးလေးတို့လည်း သွားရောက် မည် ဖြစ်ကြောင်း သိရသည်။

“ဘယ်လို မှားသလဲ၊ တဘက်က အမြင်ကတော့ လာဘ်စားမှုတို့၊ ခြစားမှုတို့ စွပ်စွဲထားတယ်”ဟု ဖဒို စောအောင်မော်အေးက ပြော ဆိုသည်။ ထိုစွပ်စွဲချက်များအပေါ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ ဘက်က ပြန်လည်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း ပြောဆိုသည် ဟု လည်း သိရသည်။

ကရင်လူထု အခြေပြု အဖွဲ့အစည်း များကလည်း အချင်းချင်း ပြန်လည်စုစည်း ညီညွတ်စေလိုသည်ဟု KNU ခေါင်းဆောင်များ ထံ သွား ရောက် အသိပေးခဲ့ကြောင်း ယမန်နေ့က ကရင်သတင်းစဉ်(KIC) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်ပြီး KNU အနေ နှင့် ဆောက်ရွက်ခြင်း မဟုတ်သည့်အပြင် KNLA ဗဟို စစ်ဌာနချုပ်၏ အစီအစဉ်လည်း မဟုတ်၍ KNU ဗဟိုမှ တစုံတရာ မသိရကြောင်း KNU ဗဟို က ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ထုတ်ပြန်ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် ဗဟို တရားရေး ဌာန ဖဒို ဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင် တို့ကို KNU ဗဟိုက တာဝန်မှ ရပ်စဲခဲ့သည်။

တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ခဲ့သည့် အမိန့်စာကိုလည်း KNU ဗဟို အလုပ်အမှုဆောင် ၁၁ ဦးထံ ပေးပို့ထားကြောင်း သိရ သည်။

ဘားအံ KNU ဆက်ဆံရေးရုံး ဖွင့်ပွဲသို့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း လည်း တက်ရောက်ခဲ့သည်။

ထို ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် အတွက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တပ်မဟာ ခေါင်းဆောင်တချို့ကို ဦးဆောင်၍ KNU ဗဟိုကော်မတီ ၀င်များနှင့် တိုင်ပင် ဆွေးနွေးခြင်း မရှိဘဲ သွားရောက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

KNLA တပ်ဖွဲ့ သည် KNU ၏ ဌာန ၁၄ ခုရှိသည့်အနက် ကရင်အမျိုးသား ကာကွယ်ရေး ဌာန အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ရှိသော အဖွဲ့တခု ဖြစ်သည်။

KNU ခေါင်းဆောင်များအကြား ယင်းသို့ သဘောထား ကွဲလွဲမှုနှင့် ပတ်သက်ပြီး မကြာမီ ရက်ပိုင်းအတွင်း သတင်းစာ ရှင်းလင်းပွဲ တရပ် ကျင်းပရန် ရှိကြောင်း သိရသည်။

ချင်း နှစ်ပါတီ ပူးပေါင်းရေး စနစ်တကျလုပ်ရန် CNP သဘောထားရှိ

ချင်းအမျိုးသားပါတီ CNP နှင့် ချင်းတိုးတက်ရေးပါတီ CPP တို့ ပူးပေါင်းရေးမှာ စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း CNP ခေါင်းဆောင်တဦးက ပြောဆိုလိုက်သည်။

၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ချင်းပါတီနှစ်ခု ပူးပေါင်းလိုက်ပြီဟု သတင်း များ ထွက်ပေါ်နေသော်လည်း ဆက်လက် ကြိုးပမ်းရန် လိုသေးကြောင်း CNP လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့က သဘောတူလို့လည်း လုပ်ထားတယ်။ စနစ်တကျပေါင်းဖို့ ရည်ရွယ်ထားတာ” ဟု မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ်ကိုယ်စားပြု ပါတီကြီးအဖြစ် နှစ်ပါတီပူးပေါင်းရေးကို မေလအတွင်းမှ စတင်ကာ ပူးပေါင်းရေးကော်မတီ များဖွဲ့၍ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လာခဲ့ကြပြီး ဗဟိုအဆင့်တွင် မူအားဖြင့် သဘောတူညီမှုများ ရရှိထားခဲ့ကြသည်။

ထိုနှစ်ပါတီအပြင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးပါတီ (ENDP) ပါတီပါ သုံးပါတီ ပူးပေါင်းရေးအတွက် ဇွန်လအတွင်းက အတွင်းရေးမှူးအဖွဲ့များ ညှိနှိုင်းကာ အောက်ခြေအဆင့်များသို့ အကြံဉာဏ် တောင်းခံမှုများ ပြုလုပ်နေခဲ့သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် CPP ပါတီက လွှတ်တော်အမတ် ၁၂ နေရာ၊ CNP ပါတီက လွှတ်တော် အမတ် ၉ နေရာနှင့် ENDP က ၁ နေရာ အနိုင်ရခဲ့သည်။

ဟားခါးမြို့ရှိ ပြည်နယ်လွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် ၂၄ ဦးအနက် တပ်မတော်သားကိုယ်စားလှယ်က ၆ ဦး၊ CNP မှ ၆ ဦး၊ CPP မှ ၅ ဦး ရှိသည်။

mizzimaburmese

သင်္ချိုင်းမြေက သေသူတွေ ရှင်သူတွေနဲ့အတူ ပါဝင်လာကြပြီ

လက်ပန်တောင်းတောင်စီမံကိန်း ရပ်စဲရေးအတွက် သင်္ချိုင်းမြေက သေသူတွေ ရှင်သူတွေနဲ့အတူ ပါဝင်လာကြပြီ

လက်ပန်တောင်းမှာ သေသူတွေရဲ့ ၀ိညာဉ်များက သားစဉ်မြေးဆက်များ ဘိုးဘွားပိုင်မြေအား မျိုးဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်း အမွေးပေးပြီး အမိမြေကို အသက်ပေးလို့ ကာကွယ်ရ မယ်ဆိုတာ သင်္ချိုင်းမြေတွေရုံးကြွ မြေပြင်အောက် က ကြုံးဝါးသံတွေနဲ့ နိုးထလာခြင်းတွေ အမိမြေကို ကာကွယ်နေကြတဲ့ သားမြေးတွေနဲ့အတူ လက်ပန်တောင်းတောင်နဲ့ ဒေသကျေးရွာ သဘာဝတွေ မပျောက်ပျက်ဖို့အရေး ယှဉ်တွဲရှိနေမယ်ဆိုတာ ဒီနေ့ ပါဖော့မတ်စ်အတ် တခုအနေနဲ့ ဒေသ ခံတွေကြား စိတ်ဓာတ်ခွန်အားတွေ ပိုမိုနိုးကြားလာစေဖို့ အဘိုးအဘွားတွေသာရှိနေရင်ဆိုတဲ့ အတွေးစတွေနဲ့ ရွာသား တွေက အမိမြေအတွက် အရာရာကိုလုပ်ဖို့ ပေးဆပ်ဖို့ အသင့်ရှိတယ်ဆိုတာကို ဘယ်လိုလူတွေက ရူးတယ်ထင်ရင်ထင် ဂရုမစိုက်ပဲ မိမိတို့ ယာမြေ၊ ရွာတွေ၊ ဘာသာ သာသနာ၊ ဒေသအလှသဘာဝနဲ့ လက်ပန်တောင်းတောင်ကြီး မပျောက် ပျက်ရေးအတွက် အရာရာကို ပေးစပ်လုပ်ဆောင်ဖို့ဝန်မလေးကြောင်း သင်္ချိုင်းမြေမှာ ဝိညာဉ်များထမြောက်ခြင်း ပွဲတော် ကြီးကို ကျင်းပခဲ့ကြတယ်။

လက်ပန်တောင်းတောင် စီမံကိန်းမရပ်သ၍ သင်္ချိုင်းမြေက သူတို့ရွာသားတွေနဲ့အတူ တရားမျှတမှု တိုက်ပွဲအတွက် ဒုတိယ အကြိမ်သေမယ်ဆိုရင်တောင် ဒီတိုက်ပွဲကို တိုက်ရမယ်တဲ့ဗျာ။
…………………………………………………………

နောက်ဆက်တွဲသတင်း တချို့ကပြောကြတယ်။ ဆန္ဒပြသူတွေ ရူးကုန်ပြီလားတဲ့။ တချို့ကပြောကြတယ်။ ရိုးသားတဲ့ လယ်သမားတွေကို ခုတုံးလုပ်ပြီ ပေါက်ကရတွေ လုပ်နေတယ်တဲ့။ တချို့ကတော့ အမင်္ဂလာတွေကွာတဲ့။ ရူးကြောင် ကြောင်နဲ့တဲ့။ ဘာဖြစ်လာမှာမို့လဲတဲ့ စသည် စသည်

ဟုတ်ကဲ့ ကျွန်တော်တို့ကတော့ ဒီလိုမြင်ပါတယ်။ ရူးကုန်ပြီလားဆိုရင် ဟုတ်တယ် သူတို့ ရူးသွတ်ကုန်ကြပြီ။ သူတို့ဒေသ သဘာဝနဲ့ သူတို့လူသားဖြစ်တည်မှုအတွက် လက်ပန်တောင်းတောင်စီမံကိန်းရပ်စဲဖို့အတွက် သူတို့ ဘိုးဘွား ခြေချခဲ့ရာ မြေကျခဲ့ရာနေရာအပေါ် မစွန့်လွှတ်နိုင်မှုအတွက် သရုပ်ပြအနုပညာ သဘောအခြေခံကို မမြင်ဘူး မကြားဘူး သို့မဟုတ် အပြစ်မြင် မျက်လုံးနဲ့မကြည့်ဘဲ သူတို့ဟာ သူတို့ ရည်ရွယ်ရာကို မဆုတ်မနစ်နဲ့ သူတို့ဘိုးဘွား သေသူများသာရှိခဲ့ရင်ဆို တဲ့ စိတ်အတွေးနဲ့ သေသူတွေ ဘာပြောချင်မလဲ ဆိုတာကို အနုပညာခံစားမှုနဲ့ ပေါင်းစပ်ပြီး သရုပ်ပြလို့ လူထုကို သူတို့ ဘ၀ရဲ့ရည်ရွယ်ချက်အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ အသိပေးလိုက်တာလို့ပဲ မြင်မိပါတယ်။

အမင်္ဂလာတွေတဲ့ ဟုတ်တယ် သူတို့ဘ၀မှာ မင်္ဂလာဆိုတာ တော်တော်ကြာအောင်ပျောက်နေခဲ့ရပြီ။ သင်္ချိုင်းမရောက်ခင် ကတည်းက ဘ၀တွေက သေသူတွေလို အာမခံချက်မရှိတဲ့ ဘ၀မှာနေနေရသူတွေ။ ထုတ်ခွင့်မရှိတဲ့ ဥပဒေပုဒ်မ (၁၄၄) အထုတ်ခံရပြီးရိုးသားစွာနဲ့တစ်သက်တာနေလာမှုကိုခရိုနီနဲ့လက်ကိုင်တုတ်တွေကြောင့်အမဲရောင်နယ်မြေတခုမှာ စိုးတ ထိတ်ထိတ်နေနေရသူတွေ သူတို့ မင်္ဂလာရှိချင်နေကြပြီ။ သူတို့ မင်္ဂလာရှိတဲ့ ရွာလေးကို မင်္ဂလာ မရှိအောင်အဖြစ်တွေက များခဲ့ပြီ။ အဲဒီတော့ အမင်္ဂတွေပါဆိုသူတွေက သူတို့ဘ၀တွေကို ဘယ်လို မင်္ဂလာရှိအောင် ကယ်တင်ကြမလဲဆိုတာ သူ တို့ကို အပြစ်ပြောနေတာထက် ဘယ်လိုပူးပေါင်းပါဝင် အကြံပေးသင့်တယ်ဆိုတာ စဉ်းစားစေချင်ပါတယ်။

ရူးကြောင်ကြောင်နဲ့ဆိုတာကတော့ အထက်မှာဆိုခဲ့သလို သူတို့ရူးလောက်ကြောင်လောက်အောင် တိုင်းဒေသကြီးအစိုးရ ကိုယ်တိုင်က ပြဿနာကိုပြေလည်အောင် မဖြေရှင်းပဲ ရူးကြောင်ကြောင်လုပ် ခရိုနီအကြိုက် အမှုဖွင့်ဆိုဖွင့်၊ ဖမ်းဆိုဖမ်း၊ တရားစွဲဆို တရားစွဲ၊ ထောင်ထဲ ပို့ဆိုပို့၊ ပြည်သူမျက်နှာကို မကြည့်ဘဲ ရပ်တည်ပြနေတော့ကာ ဒီတိုင်းဒေသကြီး အစိုးရ အောက်မှာ သူတို့ကိုမှ ရူးကြောင်ကြောင် နိုင်တယ်လို့ ပြောလာရင်တော့ ဒေသခံတွေဘက်က လုံးဝမခံနိုင်ကြောင်းနဲ့ အသွင်သဏ္ဌာန်ထက်အနှစ်သာရကိုသာ ကြည့်ပြီး ဆုံးဖြတ်စေချင်ပါကြောင်း မိမိအမြင်ကို တင်ပြရေးသားအပ်သည်။

ကိုဝေဠု
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်တာဝန်ခံ

နေ့သစ်

ဆူဇူကီ ကား စက်ရုံ မြန်မာမှာ တည်ဆောက်မယ်

ဂျပန်နိုင်ငံက ဆူဇူကီ မော်တာ ကော်ပိုရေးရှင်းကြီးက မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အစီအစဉ်ရှိပြီး တနှစ်မှာ ကား အစီးပေါင်း ၂၀၀၀၀ က ၃၀၀၀၀ ( ၂ သောင်းကနေ ၃ သောင်းထိ) တပ်ဆင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်တဲ့။

ကမ္ဘာ့ အကြီးဆုံး စက်မှု ပေါင်းစုံ ကုမ္ပဏီတွေထဲက တခုရဲ့ မြန်မာ့ တိုးတက်မှုတွေကို တွန်းအားပေး ဖို့ ဖြစ် တယ်လို့ သတင်းရင်း မြစ်တခုက ဆိုပါကြောင်း ယနေ့နေ့စွဲနဲ့ အာဆာအိ ရှင်ဘွန် သတင်းတပုဒ်မှာ ဆိုပါ တယ်။

ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ကားတပ်ဆင် စက်ရုံတွေ ရောက်လာမယ်ဆိုတော့ အလုပ်အကိုင်တွေလည်း ရဖို့ ရှိပြီး ကား ဈေးတွေလည်း အခုထက် ပိုကျလာဖို့ ရှိနိုင်ပါတယ်။

ဧရာဝတီ

ရန်ကုန်ရှိ ပုဂ္ဂလိက စက်သုံးဆီ ၂၁ ဆိုင် ဂါလန်မပြည့်ဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင် အရောင်းဆိုင် ၂၃ ဆိုင်အနက် အရောင်းဆိုင် ၂၁ ဆိုင်သည် သတ်မှတ် အခြင်အတွယ် (ဂါလန်) ပြည့်မီခြင်းမရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်လိုက်သည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရောင်းဝယ်ရေးအရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာအတွင်း အထက်ပါပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အရောင်းဆိုင် ၂၁ ဆိုင်မှ ဆီပန့်များသည် သတ်မှတ်အခြင်အတွယ် (ဂါလန်) ပြည့်မီခြင်းမရှိဘဲ လျော့နည်းနေကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “စက်သုံးဆီ အရည်အသွေး၊ အခြင်အတွယ်နဲ့ တရားမဝင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေမှုတွေကို လိုက်လံပြီး ရှောင်တခင်စစ်ဆေးတာပါ။ အဲဒီမှာ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဆိုင်ပေါင်း ၂၁ ဆိုင်က အခြင်အတွယ် မပြည့်တာကို တွေ့ရတယ်။ အပြင်အခေါ်တော့ ခြင်ခွက်မပြည့်ဘူးပေါ့ဗျာ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်း တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ အနေဖြင့် ယင်းသို့ အခြင်အတွယ် လျော့နည်းခြင်းကို စစ်ဆေးတွေ့ရှိခဲ့သည့် အရောင်းဆိုင် ၂၁ ဆိုင်နှင့် ၄င်းဆိုင်ပိုင်ရှင်များဖြစ်သည့် သက်ဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီ အဖွဲ့အစည်းများထံသို့ ပထမအကြိမ်အဖြစ် တရားဝင် သတိပေးစာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ယင်းကပြောသည်။

ယင်းအပြင် သတိပေးခံရသည့် အရောင်းဆိုင်များအနေဖြင့် ထပ်မံပြီး အခြင်အတွယ် လျော့နည်းကြောင်း စစ်ဆေးတွေ့ရှိပါက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူးဖြစ်ပြီး ပုဂ္ဂလိကစက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်ဖြစ်သူ ဒေါက်တာဝင်းမြင့်က “ဌာနအနေနဲ့ တရားဝင် စစ်ဆေးပြီးမှ ထုတ်ပြန်လိုက်တာဆိုတော့ အသင်းအနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ဒီလိုထုတ်ပြန်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့လဲ နောက်ထပ်ဒီလို မဖြစ်ရအောင် ပြုပြင် လုပ်ကိုင်သွားဖို့ လိုတာပေါ့” ဟု မှတ်ချက်ပေး ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အင်တာနက် အဆင့်မြှင့်တင်ရေးနှင့် မိုဘိုင်းတိုးချဲ့ တပ်ဆင်ရေး လုပ်ငန်းများကို ချေးငွေသန်း ၃၀၀ ဖြင့် လုပ်ကိုင်သွားမည်


ဂျပန်အကူအညီဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် ဦးဆောင်၍ ချေးငွေသန်း ၃၀၀ ဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ရဲ့ ဒုတိယဝန်ကြီး ဦးသောင်းတင်ဟာ ဂျပန်အကူအညီနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများအပြင် အများသိကြတဲ့အတိုင်း ချေးငွေသန်း ၃၀၀ နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်နေတဲ့အတွက် ကျွန်တော့်အဖို့ အင်မတန်အားရှိပါတယ်” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။

အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးသောင်းတင်သည် ကိုရီးယားနိုင်ငံရှိ Ministry of Public Adminastration and Security နှင့်ပူးပေါင်း၍ နိုဝင်ဘာလ ဒုတိယအပတ် အတောအတွင်း သုတေသန လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်သွားရန် ရှိသည်ဟု သိရသည်။ အစီအစဉ်ကို စမ်းသပ်ကာလအဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆင်ပြေ တိုးတက်မှုများ ကြုံတွေ့လာခဲ့ရပါက နှစ်နိုင်ငံအကြား အိုင်စီတီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် သဘောတူညီမှုစာချုပ် ချုပ်ဆို၍ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။

“Trial အနေနဲ့ပါ။ Public ကို အင်တာနက်နဲ့ ပတ်သက်ပြီး Training တွေလုပ်မယ်။ အဲဒီကနေ Research တွေလုပ်မယ်။ ပြီးတော့ Discussion တွေ ဆက်လက် လုပ်ကြမယ် ဆိုတာကို အသိပေးချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အလားတူပင် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများအတွက် လုပ်ကိုင်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ အထိ ရောက်ရှိအောင် စီမံကိန်းများ ရေးဆွဲ၍ လုပ်ကိုင်ဆောင်ရွက်နေသည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ပြောဆိုခဲ့သည်။

အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းနှင့် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ဝန်ကြီးဌာနအတွင်း၌ အစည်းအဝေးများ ကျင်းပ၍ စတင်လုပ်ကိုင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

ရာဇသံလည်း အထုတ်ခံရပြီး ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ထပ်မံ ဖိအားပေးခြင်း ပါခံရသော SSPP

ရာဇသံ အမိန့်အတိုင်း ထပ်မံ ဆုတ်ပေးဖို့ ဦးသိန်းဇော်နှင့် ဦးဇော်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် ယနေ့ နံက်ပိုင်းတွင် ဗိုလ်မှူး စိုင်းလ ဦးဆောင်သော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) မှ ကိုယ်စားလှယ် များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု SSPP ဗိုလ်မှူးကြီးဟောင်း တဦးက ပြောပါသည်။

“ ဒီနေ့ တွေ့ကြတယ်။ လာရှိုးမြို့မှာ အဓိက ကတော့ ရှမ်းရဲ့ နယ်စပ် ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူရဲ့ ရာဇသံ ကိစ္စပါဘဲ။ အသေးစိပ်တော့ မသိရသေးဘူး။ အခုလာတဲ့ ဦးသိန်းဇော်က အရင်ဇွန်လ ကတည်းက ရာဇသံ ပေးခဲ့ဘူးသူဗျ။ သူမေတ္တာ ရပ်ခံပါတယ်တဲ့ တပ်ဆုတ်ပေးပါ။ မဆုတ်ပေးဘူးဆိုလျှင် စစ်တပ် အင်အားနဲ့ လာတိုက်မယ် ဆိုတဲ့ စကားမျိုး ခြိမ်းချောက်ခဲ့တဲ့ လူတွေဘဲ ” ဟု ဆိုပါသည်။

ရှမ်းပြည်နယ်၊ နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူသည် ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူးမြို့နယ်ရှိ တာ့ဆမ်းဖူး ကူးတို့ဆိပ် ပတ်ဝန်းကျင် နေရာအား အောက်တိုဘာ (၅) ရက်နေ့ နောက်ဆုံး ထားပြီး တပ်ဆုတ်ပေးရန် ရာဇသံ ပေးထား ခြင်း ဖြစ်ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2196-2012-10-05-11-03-10.html

SSPP သည် ဤနေရာမှ ဆုတ်ပေးနိုင်မည် မဟုတ်တော့ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လဆန်း ကတည်းက ကျင်းပသော SSPP ၏ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးမှ ဆုံးဖြတ်ပြီးသား ဖြစ်ပါသည်။ SSPP သည် ယခင်က ပေးခဲ့သော အစိုးရ ရာဇသံ (၃) ကြိမ် စလုံးတွင် ဆုတ်ပေး ခဲ့သော်လည်း ယခု (၄) ကြိမ်မြောက် ရာဇသံတွင် ဆုတ်ပေးတော့မည် မဟုတ်သည့် အတွက် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့က လာရောက် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပေသည်။ http://www.phophtaw.org/burmese/index.php/news/local-news/1952----ssa-n--.html

မိုင်းရှူးမြို့နယ်ရှိ တာ့ဆမ်းဖူး ကူးတို့ဆိပ်သည် SSPP ၏ ဌာနချုပ်နှင့် (၈) မိုင်ခန့်သာ ရှိပါသည်။ ဤနေရာသည် SSPP ၏ တောင်ပိုင်း ထွက်ပေါက် လည်းဖြစ်သလို ဗဟို စခန်းအတွက် အရေးကြီးသည့် နေရာလည်း ဖြစ်ပါသည်။ ဤနေရာမျိုးကို ရာဇသံပေး ဆုတ်ခိုင်းပြီး တံတား ဆောက်ရန်ဟု အကြောင်းပြ ထားကြောင်း ဗိုလ်မှူးကြီးက ဆိုပါသည်။

“ သူတို့ တောင်းဆိုထားတဲ့ တာ့ဆမ်းဖူး ကူးတို့ဆိပ်ဟာ ကျနော်တို့ တောင်ပိုင်း မိုင်းနောင် ဘက်က ထွက်တဲ့လမ်းလေ။ အ ရေးကြီးတဲ့ လမ်းပါ။ ကျနော်တို့က တန့်ယန်းသွားတဲ့ လမ်းလဲ ပေးလိုက်ပြီးပြီး ။ မိန်အွန် လမ်းဘက်ကလဲ ပေးလိုက်ပြီးပြီး အခုတစ်ခါ ထပ်ပေး ပြန်ရင် ဝမ်ဟိုင်း ဌာနချုပ် စခန်းကိုပါ ထပ်ပြောင်း ခိုင်းတာနဲ့ အတူတူဘဲ။ ဒီတော့ အရင်တုန်းက ရာဇသံ တွေမှာ ကျနော်တို့ ဆုတ်ပေး လိုက်လို့ ဝ ဘက်က ထွက်ပေါက်ဟာ ပိတ်သွားခဲ့တယ်။ အခုဟာက တောင်ပိုင်းက ထွက်ပေါက်ကို ထပ်ပိတ်ချင်တဲ့ သဘောဘဲ။ သူတို့အတွက် အရေးကြီး နေတာက လက်နက်ကျည်ဆံ ယူသွားဖို့နဲ့ လက်နက်ကြီးတွေ ယူသွားဖို့ လမ်းစ ဖော်ပြီးသား ဖြစ်တယ်” ဟု ဆိုပါသည်။

SSPP_4hhfssmတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ဒုတိယ ဥက္ကဌနှင့် မိုင်းလား အဖွဲ့ ဥက္ကဌ တို့ကို ပြီးခဲ့သည့် အောက်တိုဘာ (၈) ရက်နေ့က ရှမ်းပြည် အရှေ့ပိုင်း တြိဂံတိုင်း ဌာနချုပ်ကို ရောက်ရှိစဉ် တွေ့ဆုံ ခဲ့ပါသည်။ ဤလုပ်ရပ်သည် SSPP အား သွေးခွဲပြီး ချေမှုန်းရန် အတွက် ပြင်ဆင်ဖွယ် ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ http://www.mwdmedia.net/2012/10/blog-post_6543.html

SSPP သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားသည်ဟု ဆိုသော်လည်း အစိုးရ တပ်များ၏ တိုက် ခိုက်မှုကို အကြိမ် (၄၀) ထက်မနဲ ခံခဲ့ရပါသည်။ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ် ကမူ အစိုးရသည် (၅) ရက် အတွင်း ၄င်းတို့ တပ်များကို ရုတ်သိမ်း ပေးမည်ဟု ဂတိ ပေးထား ခဲ့သလို နှစ်ဖက် တပ်ဖွဲ့များ သူ့နေရာနှင့် သူ အခြေစိုက် ထားရန် ဂတိပေး ထားခဲ့ပါသည်။

စင်္ကာပူတွင် သင်ကြားနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဒီပလိုမာသင်တန်းများ

ဘဏ်လုပ်ငန်း၊ စတော့လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးနိုင်မည့် အင်္ဂလန်နိုင်ငံ Charterred Institute for Securities and Investment မှ အသိအမှတ်ပြု စီးပွားရေးဒီပလိုမာသင်တန်းအား စင်္ကာပူနိုင်ငံတွင် တက်ရောက် သင်ကြားတော့  မည်ဖြစ်သည်။ ပြည်တွင်း၌ မကြာမီဖွံ့ဖြိုးတိုးတက်လာတော့မည့် ဘဏ်လုပ်ငန်းစုကြီးများတွင် အသက်မွေးဝမ်း ကြောင်းပြုလိုသည့် လူငယ်များအတွက် The Diploma in Banking, Securities and Investment Management ဘာသာရပ်များအား စင်င်္ကာပူရှိ Kaplan Higher Education Academyတွင် လေ့လာသင်ယူနိုင်ကြောင်း သိရှိရသည်။ “လာမယ့်အောက်တိုဘာ(၂၇)ရက်နေ့ Summit Parkview မှာကျင်းပပြုလုပ်မယ့် Singapore-UK-Australia ပညာရေးပွဲတော်မှာ ဘဏ်လုပ်ငန်းဒီပလိုမာနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားသွား မှာပါ”ဟု ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CROWN Education မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်၊၊

The Diploma in Banking, Securities and Investment Management ဘာသာရပ်ပြီးဆုံးပြီး နောက် CISI မှ ချီးမြင့်မည့် The Investment Operations Certificate နှင့် The International Certificate in Investment Management (ICertIM) နှစ်ခုရရှိမည်ဖြစ်သည်။ အဆိုပါ ဒီပလိုမာကို အင်္ဂလန်နိုင်ငံရှိ Chartered Institute for Securities and Investment (CISI) မှ အသိအမှတ်ပြုထား၍ CISI သည် လန်ဒန်စတော့အိတ်ချိန်းမှ အသင်းဝင်များဖြင့်ဖွဲ့ စည်းထားသည့် အကျိုးအမြတ်အတွက် မရည်ရွယ်သည့်အဖွဲ့  အစည်းတစ်ခုဖြစ်သည်၊၊ CISI သည် နိုင်ငံပေါင်း (၉၀)တွင် ၀န်ထမ်းပေါင်း လေးသောင်းကျော်ဖြင့်လုပ်ကိုင်နေပြီး ယူကေရှိ Securities and Investment နယ်ပယ်၌ ဂုဏ်သိက္ခာကြီးမားသော UK အခြေစိုက်အဖွဲ့အစည်း ကြီးတစ်ခုလည်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကျောင်းသူကျောင်သားအများစုက စီမံခန့် ခွဲမှု့ဘာသာရပ် ( Business Management) တွေကို လေ့လာဖို့ ပိုပြီးအားသန်ကြ ပါတယ်၊၊ Banking, Securities & Investment လို ဒီပလိုမာအမျိုးအစားက မြန်မာနိုင်ငံမှာလည်း မသင်ကြားပေးနိုင်သေးဘူး၊ အခုဆိုနိုင်ငံတကာ ဘဏ်တွေ ၀င်ရောက်လာတော့မယ်၊ ပြည်တွင်းက ဘဏ်တွေကလည်း နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ကြတော့မယ်၊၊ စတော့ဈေးကွက်တွေလည်း မဖြစ်မနေလုပ်ဆောင်ရမှာဆိုတော့ Banking တို့  Investment Management လိုဘာသာရပ်မျိုးတွေက နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်း မှာ သာမကပဲ မြန်မာနိုင်ငံမှာကို အများကြီးလိုအပ်လာမယ့် ဘာသာရပ်မျိုး တွေဖြစ်ပါတယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊

၊ The Diploma in Banking, Securities and Investment Management တွင် သင်ယူရမည့် ဘာသာရပ်များမှာ • Elements of Economics • Business Statistics • Principles of Management • Rules & Regulations for Financial Advisory Services• Business Accounting •Introduction to Securities & Investment (International) • Operational Risk • International Certificate in Investment Management စသည်တို့ဖြစ်သည်။ အဆိုပါ ဒီပလိုမာဘာသာရပ်သင်ယူပြီးပါက UK နှင့် သြစတြေးလျ ထိပ်တန်းတ္ကသိုလ်ကြီး များဖြစ်ကြသည့် Northumbria Unversity ၊ University College Dublin နှင့် Murdoch University ပေးအပ်မည့် Banking and Finance ၊ Banking and Wealth Management ၊ Banking and Management စသည်တို့ကို ဆက်လက်သင်ယူနိုင်ကြောင်းကိုလည်း သိရသည်။

The Diploma in Banking, Securities and Investment Management တတ်ရောက်သင်ကြားလိုသူများအနေဖြင့် လာမည့် (၈)လခန့် သင်ကြားရမည်ဖြစ်ပြီး စင်္ကာပူဒေါ်လာ(၁၄၀၈၆.၉၀)၀န်းကျင်ကျသင့်မည်ဖြစ်ကြောင်း၊ Bechelor of Commerce မှာ (၁၆)လသင်ကြားရမည်ဖြစ်ပြီး စင်္ကာပူဒေါ်လာ(၂၃၅၅၆.၅၀)ကျသင့်မည်ဖြစ်ပြီး၊ Bechelor of Science အတွက်မူ(၁၈)လ သင်ကြားပြီး စင်္ကာပူဒေါ်လာ(၂၅၈၄၀.၅၀) ကျသင့်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး IELTS 5.5 တင်ပြရမည်ဖြစ်သည်။ IELTS ရမှတ်မရှိသူများ အနေဖြင့်လည်း CROWN Education တွင် Kaplan English Placement Test ဖြေဆိုနိုင်ကြောင်းကိုလည်း သိရသည်။ လျှောက်ထားလိုသူများအနေဖြင့် CROWN Education အမှတ်-၂၇၀၊ ပထမထပ်၊ အခန်း 1C ၊ ပြည်လမ်း ၊ မြေနီကုန်း၊ ဖုန်း - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

Myanmar Express

မြန်မာပြည်တွင် နောက်ထပ်အစိုးရပိုင်စက်ရုံ ၂၆ ခု လေလံပစ်တော့မည်ဟု တရုတ်စင်ဟွာသတင်း ဖော်ပြ


တရုတ်စင်ဟွာသတင်း ဌာနရဲ့ ဖော်ပြချက်အရ မြန်မာ နိုင်ငံမှာ အစိုးရပိုင်စက်ရုံအလုပ်ရုံ များ၊ ပုဂ္ဂလိကသို့ အသွင်ပြောင်း လျက် ရှိရာ နောက်ထပ်အစိုးရပိုင် ၂၆ ရုံ လေလံပစ်ဦးမယ်လို့ ဖော်ပြ ထားပါတယ်။

... ထိုသို့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆောင်ရွက်ရာမှာ လေ လံ ပစ်ခြင်း၊ ငှားရမ်းအသုံးပြုခွင့် ပေးခြင်းနဲ့အစိုးရနှင့်ဖက်စပ်ဆောင်ရွက်မှုကို ဒေသခံ သို့မဟုတ် နိုင်ငံ ခြား အဖွဲ့အစည်း များနဲ့ ရင်းနှီးမြှုပ်နှံဆာင်ရွက်စေခြင်း နည်းလမ်း များနဲ့ အသုံးပြုမယ်လို့ ဆိုပါ တယ်။

အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရပိုင် မွေးမြူရေး နဲ့ ရေလုပ်ငန်းဝန်ကြီး ဌာန၊ မွေးမြူရေးအစား အစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဌာနပိုင် စက်ရုံများ အဓိကပါဝင် မယ်လို့သိရပါတယ်။ အစိုးရပိုင် စက်ရုံတွေကို ပိုမိုထိရောက်ထက် မြက်ပြီး အမြတ်အစွန်းရတဲ့ စက် စွမ်းအားပြည့် လည်ပတ်နိုင်တဲ့ ဈေးကွက်စီးပွားရေး အခြေခံစက်ရုံ များအဖြစ် ပြုပြင်ပြောင်းလဲမှာဖြစ် တယ်လို့ ဆိုပါတယ်။

စက်ရုံ ၂၆ ရုံအနက် ၆ ရုံကို လေလံ၊ ၁ဝ ရုံကို ငှားရမ်း၊အခြား ၁ဝ ရုံကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖက် စပ်လုပ်ကိုင်စေမယ်လို့ သိရပါ တယ်။ ယခင်အစိုးရ ဝန်ကြီးဌာနရုံး များဖြစ် တဲ့ နိုင်ငံခြားရေး၊ စွမ်းအင်၊ ဟိုတယ်ခရီး၊ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားကူးသန်းရုံးတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ဖို့ရှိကြောင်း လည်း သိရ ပါတယ်။

Myanmar Express

ပိုင်ရှင် ဆက်သွယ်ပါ

အဆိုပါဓါတ်ပုံပိုင်ရှင် အမည် မခင်ဇာနည်ဇော်၊ အဘ ဦးသိန်းဇော်၊ တိုက်ကြီးမြို့ဇာတိဟုယူဆရပါသည်။ မြေနီကုန်းမီးပွိုင့်တွင် မခင်ဇာနည်ဇော်၏ဖိုင်(၁)ဖိုင်ကောက်ရထားပါသည်။ ၄င်းဖိုင်ထဲတွင်ဘွဲ့လက်မှတ်မူရင်း၊ သန်းခေါင်စာရင်းမူရင်းနှင့်တကွ မိတ္တူများပါ ပါသည်။ ဖိုင်တွဲကောက်ရထားသူမှ တိုက်ကြီးအထိလိပ်စာအတိုင်းလိုက်လံရှာပြီးပြန်ပေးခဲ့ပါသည်။ အိမ်ရှာမတွေ့ဘဲမည်သို့ဆက်သွယ် ရမှန်းမသိသဖြင့် Facebook သူငယ်ချင်းများထဲမှ တဆင့် share ပေးစေလိုပါသည်။ မခင်ဇာနည်ဇော်ကိုသိသောသူငယ်ချင်းများရှိပါလျှင် ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံပါသည်။ ဖိုင်တွဲပိုင်ရှင်မှာပျောက်သွားသည့်အချိန်မှစ ယခုချိန်ထိမည်မျှစိတ်ဆင်းရဲပူပန်နေမည်ဆိုသည်ကို ကိုယ်ချင်းစာမိပါသည်။ မခင်ဇာနည်ဇော်အား ပြန်ဆက်သွယ်နိုင်ရန် ကြိုးစားနေပါသည်။ ကံကောင်း ထောက်မစွာဖြင့် Facebook မှတဆင့်ဆက်သွယ်နိုင်လျှင်လည်းပိုအဆင်ပြေနိုင်ပါသည်။ အဆိုပါဖိုင်တွဲကိုလာရောက်ယူမည်ဆိုပါလျှင်ပုံပါအတိုင်းမခင်ဇာနည်ဇော်ကိုယ်တိုင်လာရွေးမှသာ ပြန်လည်ပေးမည်ဖြစ်ပါသည်။ ဆက်သွယ်ရန်- 09-421014414

Myanmar Express

မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့်မစားသင့်)


အချို့သောလူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ်ကြ ပါတယ်။ အချို့ ကျတော့ အဆီကျစေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာထချိန်မှာ မှီဝဲတတ်ကြပါတယ်။ အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့အခါမှ စားသင့်တဲ့ သွားရည်စာ တစ်မျိုးဖြစ်ပါတယ်။ နိုင်ငံတကာမှ ဆေးပညာရှင်သုတေသနအဖွဲ့များက အမျိုးမျိုးအဖြေထုတ် ကြပါတယ်။

တွေ့ရှိချက် ၁။ ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ အစာမရှိတဲ့အချိန် ငှက်ပျောသီး စားမိရင် သွေးထဲမှာ မဂ္ဂနီဆီယမ် ဓာတ် မြင့်တက်လာပြီး သွေးလည်ပတ်မှုနှုန်းကို မြန်ဆန်စေပါတယ်။ အကျိုးဆက်အားဖြင့် heart attack လို့ခေါ်တဲ့ ရုတ်တရက် နှလုံးခုန်ရပ် တန့်ခြင်း၊ မူးမေ့ခြင်းများ ဖြစ်တတ်ပါတယ်။

တွေ့ရှိချက် ၂။ ငှက်ပျော်သီးမှာ ကယ်လိုရီ ၆၀ မှ ၁၈၀ အထိပါဝင်ပါတယ်။ ကယ်လိုရီဓာတ် အင်မတန်ကြွယ်ဝတဲ့အစားအစာဖြစ်ပြီး မနက်စာအနေနဲ့ ငှက်ပျော်သီး စားသုံးလိုက်ပြီး နေ့လည်၊ညနေ တွေမှာ သာမန်အစားအသောက်များ စားသုံး တဲ့အခါ ကယ်လိုရီဓာတ် လွန်ကျွန်မှုကို ဖြစ်စေပါတယ်။

အကျိုးဆက်ကတော့ တစ်ရက်၊တစ်ရက်ကို ကယ်လိုရီ ထောင်ကျော် တိုးနေစေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပိုဝလာနိုင်ချေများပါတယ်။ အခြား ကျန်းမာရေး ဆိုးကျိုးများလည်း ဖြစ်နိုင်ချေရှိပါတယ်။

ငှက်ပျောသီးဆိုတာ အစာစားပြီးနောက် စားသုံးခြင်းသာ အကောင်းဆုံး ဖြစ်ပြီး မလိုအပ်တဲ့ အခြား ခန္ဓာကိုယ်မှ မလိုအပ်သည့် ဓာတ်များကို လောင်ကျွမ်းစေ ပါတယ်။

ဒါမှ အမှန်တကယ် ပိန်လာစေမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အစာမရှိချိန် စားသုံးမိရင်တော့ အထက်ပါ တွေ့ရှိချက်များ အတိုင်း Heart attack ဖြစ်ခြင်း၊ ပိုဝလာနိုင်ချေ ရှိခြင်းတို့ ကို ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ ----

Myanmar Express

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်

စစ်တွေတွင် ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။

Photo by: Coral Arakan

“ အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက ၇၀၀နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ် ထင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့ သံရုံးရှိရာ အနောက်စံပြ ရပ်ကွက်ကနေ လမ်းမကြီးတလျှောက် လူတွေ ပြည့်နေပါတယ်။ အခု ငြိမ်းချမ်းစွာဘဲ လိုလားချက်တွေကို တောင်ဆို ဆန္ဒပြနေကြရပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဆရာတော် ဦးပညာဇောတက ပြောသည်။

ဦးဇင်းတို့ တောင်းဆိုတာက “ OIC ကို မြန်မာပြည်မှာလည်း အလိုမရှိ၊ ရခိုင်ပြည်နယ် အတွက်လည်း အလိုမရှိ၊ ငြိမ်းချမ်း ယှဉ်တွဲ အတူနေထိုင်ရေး အတွက် အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးပါ၊ ဘင်္ဂလာဒေခ်ျ့ရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးပါ၊ (၅) တရားမ၀င် ဘင်္ဂလီ ကိစ္စနှင့်ပတ် သက်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီးအား ထောက်ခံအပ်ပါသည် ဆိုပြီး အချက် ၅ ချက် တောင်းဆိုပါတယ်” ဟု သူက ပြောသည်။

OIC ကို ကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီးလည်း ဆရာတော်က ယခုလို မိန့်ကြားသည်။

“ OIC က နိုင်ငံခြား အဖွဲ့အစည်းလေ။ မွတ်ဆလင်နိုင်ငံတွေက အဖွဲ့အစည်းလေ။ သူတို့က ဒီနိုင်ငံမှာ ဘာမှ ၀င်ရောက် လုပ်ကိုင်စရာ အကြောင်း မရှိဘူး။ အခုလို ရုံးလာဖွင့်တယ်ဆိုတော့ ပြည်တွင်းရေး ကိစ္စကို ၀င်စွက်ဖက်တာ ဖြစ်ပါတယ်။ အခု ဖြစ်တာက ပြည်တွင်းရေး ကိစ္စတယ်။ ဒါကြောင့် ခုလို ၀င်စွက်ဖက်တာကို ဦးဇင်းတို့က လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

ယခုအခါ ပြည်သူများမှလည်း OIC အလိုမရှိ၊ အင်ဘာလာကို ရွှေ့ပေးပါ စသော ကြွေးကြော်သံများကို ကြွေးကြော် ကာ ဆန္ဒပြနေကြသည်ဟု သိရသည်။

ညနေ ၄ နာရီထိ လူစု မကွဲသေးဘဲ ဆက်လက် ဆန္ဒပြနေကြကြောင်း၊ အာဏာပိုင်များမှလည်း တစ်စုံတစ်ရာ နှောင့်ယှက် မူများ မရှိသေးကြောင်း ဆရာတော်က မိန့်ကြားသည်။



Myanmar Express

ကချင်ငြိမ်းချမ်းရေး မဖြစ်မနေလုပ်မည်ဟု ဦးသိန်းဇော် ဆို


ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိုမဖြစ်မနေဖော်ဆောင်သွားမည် ဟုပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဌတစ်ဦးဖြစ်သည့် ဦးသိန်းဇော်က ပြောကြားလိုက်သည်။ အောက်တိုဘာ (၆)ရက် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သောလွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ငြိမ်းချမ်းရေးကိုတော့ မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ပြောတယ် ၊ လွှတ်တော်အတွင်းမှာလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေကြတယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်လိုတွေ လုပ်ဆောင်နေကြတယ်ဆိုတာတော့ မပြောသွားဘူး” ဟု ဦးသိန်းဇော်၏ ပြောကြားချက်ကို ကိုယ်တိုင်နားထောင်ခဲ့သည့် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြန်လည်ပြောပြသည်။

ဦးသိန်းဇော်က ယခုလိုပြောကြားခဲ့သော်လည်း ကချင်ပြည်နယ်ငြိမ်းရေးကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုအကြား မီဒီယာများမှတဆင့် တစ်ဖက်နှင့်တစ်ဖက်ပြစ်တင်ပြောဆိုနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်လွှတ်တော်အတွေ့အကြုံနှင့် လူထုတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်ရှိပါတီစုံနှင့် အလွှာအသီးသီးမှ လူထုများ တက်ရောက်ခဲ့ကာ လူထု၏ မေးမြန်းချက်များကိုလည်း ဦးသိန်းဇော်မှ ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေါ်ဘောက်ဂျာထံက သိရသည်။

“မည်သူမဆို စိတ်ဝင်စားသူတိုင်း ဒီတွေ့ဆုံပွဲကို လာတက်လို့ ရတယ်။လူထုကလည်း သူတို့သိချင်တာလေးတွေကို မေးမြန်းခဲ့တယ်။ ကချင်ပြည်နယ် အစိုးရကလည်း လူထုတွေ့ဆုံပွဲကို တစ်လတစ်ခါလုပ်ပါတယ် ”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည့် ဦးသိန်းဇော်ကနယ်မြေလုံခြုံရေးအရ ခေတ္တပြောင်းရွှေ့လာသော ကချင်ပြည်သူများအတွက်ဆန်အိတ်(၁၀၀) လှူဒါန်းသည်ကိုလည်း လက်ခံခဲ့သည်ဟု ဒေါ်ဘောက်ဂျာကဆိုသည်။

ယနေ့ အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ် လုံခင်း ကျေးရွာအနီးတွင် နှစ်ဘက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ အစိုးရစစ်တပ်နှင့်ကေအိုင်အေလက်နက်ကိုင်အဖွဲ့များ အကြား စစ်ပွဲများဆက်လက်ဖြစ် ပွားလျက်ရှိပြီး ယခုနှစ်အစောပိုင်းကရွှေလီတွင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်း၌ ထပ်မံဆွေးနွေးမှုများမရှိတော့ပေ။

Myanmar Express

ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း

ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။ ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ………

Myanmar Express