Tuesday, October 9, 2012

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုံးခွ နှင့် ကော့မှူးမြို့ နယ်များကို သွားရောက်မည်

မဲဆွယ် စည်းရုံးရေး ကာလအတွင်း သုံးခွမြို့ ကို သွားရောက်ခဲ့စဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၁.၁၀.၂၀၁၂ နေ့(ကြာသပတေးနေ့) နံနက်(၈)နာရီမှ နေ့ လယ် (၁၂) နာရီအထိ သုံးခွမြို့နယ်သို့ သွားရောက်မည် ဖြစ်ပါသည်။

သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၊ မြို့နယ် တရားရေးရုံး ၊ ကျန်းမာရေးဌာန နဲ့  ပညာရေးဌာနတွေကို သွားရောက်ကာ တာဝန်ရှိသူတွေနဲ့  တွေ့ဆုံဖို့ ရှိပါသည်။

အဲဒီနောက် သုံးခွမြို့ NLD ရုံးချုပ်မှာ ကော်မရှင် ဖွဲ့ စည်းရေး အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါသည်။

သုံးခွမြို့  NLD ရုံးမှာ နံနက်စား စားသုံးမှာဖြစ်ပြီး နေ့ လည် (၁၂)နာရီမှာ ရန်ကုန်မြို့ ကို ပြန်လည် ထွက်ခွါမှာ ဖြစ်ကြောင်း သုံးခွမြို့ နယ် NLD ပါတီ တာဝန်ရှိသူများက Myanmar News Now ကို ပြောကြားပါသည်။

အောက်တိုဘာလ(၁၀) ရက်နေ့ မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကော့မှူးမြို့ နယ်ကို သွားရောက်ဖို့ ရှိပါသည်။

Myammar News Now

ဦးသိန်းစိန် ပြောပြတဲ့ ဦးသိန်းစိန်အကြောင်း


ဦးသိန်းစိန် ပြောပြတဲ့ ဦးသိန်းစိန် အကြောင်းကို တကယ်တမ်းသိရှိလိုတယ်ဆိုရင် အောက်မှာဖေါ်ပြထားတဲ့ မေး/ဖြေ ၃ ခုကို လေ့လာကြည့်လိုက်ပါ။

- The New York Times သတင်းစာပင်တိုင်ဆောင်းပါးရှင် Mr.Bill Keller နဲ့ ဦးသိန်းစိန် မေး/ဖြေ
- (ဘီဘီစီ) ဌာနမှူး ဒေါ်တင်ထားဆွေ နဲ့ ဦးသိန်းစိန် မေး/ဖြေ
- ဘီဘီစီ Hardtalk နဲ့ သမ္မတဦးသိန်းစိန် မေး/ဖြေ

တဆင့်စကား၊တဆင့်နားနဲ့ကြားကြရတာမျိုးဆိုရင် ပြန်ပြောတဲ့သူက (သူ့ဆန္ဒနဲ့)လိုတိုး ပိုလျော့လုပ်တာတွေလည်း ပါချင်ပါနိုင် တာပေါ့။ အခုဟာကတော့ ဦးသိန်းစိန် ကိုယ်တိုင် အရှင်လတ်လတ်ကြီး ထုတ်ဖေါ်ပြောပြထားတာတွေမို့ ကျနော်တို့အနေနဲ့ ဦးသိန်းစိန် သဘောထားကို ကွက်ကွက်ကွင်းကွင်းသိရှိကြရပါပြီ။ စကား၊ စကား ပြောပါများ စကားထဲက ဇာတိပြတယ်လို့ ဆိုကြပါတယ်။ အခုအခါ သတိထားကြည့်မြင်တတ်သူ မည်သူမဆို ဦးသိန်းစိန်ပြောတာတွေထဲကနေ စစ်အုပ်စုရဲ့ဇာတိ ကိုသာမက၊ စစ်အုပ်စုရဲ့ မျိုးဗီဇ (DNA) ကို ပါ တွေ့မြင်ရပါလိမ့်မယ်။

ဦးသိန်းစိန်ပြောပြတာတွေထဲမှာ ဦးသိန်းစိန် က “(နအဖ) စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို ကာကွယ်ရုံတင်မကဘူး။ သိက္ခာ ထပ်ပြီး၊ သိဒ္ဓိပါတင်ပေးနေတာဖြစ်တယ်။

“လမ်းပြမြေပုံ ၇ ချက် ချမှတ်ပေးခဲ့တာ၊ ဒီကနေ့ ဒီမိုကရေစီကျင့်သုံးတဲ့ ကျွန်တော်တို့ အစိုးရဖြစ်လာတာ” (နအဖ) စစ်အစိုးရ က ချမှတ်ပေးခဲ့လို့၊ ပြောင်းလဲပေးခဲ့လို့ဖြစ်တယ်လို့ အတိအလင်းပြောပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့ “ဆယ်စုနှစ် ၂ စု ခန့် အချိန်ယူခဲ့ရတယ်” လို့ ပြောလည်းပြောပါတယ်။

ဒါကြောင့်အကြမ်းဖျင်းတွက်ကြည့်ရင် ၁၉၉၂ လောက်ကစတင်ခဲ့တာလို့ ပြောချင်ပုံပါပဲ။ ဟုတ်ပါတယ်။ အဲဒီအချိန်ကာလမှာပဲ “၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်”လို့ ပြောခဲ့တဲ့ ဗိုလ်စောမောင်ကို ဖြုတ်ပြီး ဗိုလ်သန်းရွှေ (နဝတ) ဥက္ကဋ္ဌဖြစ်လာခဲ့ချိန်ဖြစ်ပါတယ်။ အဓိကဆိုလိုချင်တဲ့အချက်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီးသားဖြစ် တယ်။ ဒီအပြောင်းအလဲကို ဗိုလ်သန်းရွှေ ကစတင်ခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ကို ပေါ်လွင်စေဖို့ ဖြစ်ဟန်တူပါတယ်။

၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ (နဝတ) ကို (နအဖ) လို့ အမည်ပြောင်းခဲ့တယ်။ ဦးသိန်းစိန် ဟာ အဲဒီအချိန်က (နအဖ) စစ်ကောင်စီဝင် တြိဂံဒေသစစ်တိုင်းမှူး အဖြစ်ပါဝင်ခဲ့သူပါ။ နောက်ပိုင်းမှာ ဦးသိန်းစိန်ဟာ ဗိုလ်ခင်ညွန့်၊ ဗိုလ်စိုးဝင်း ပြီးရင် အတွင်းရေးမှူး (၁) နဲ့ဝန်ကြီးချုပ်ရာထူး ဆက်ခံခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် “၂၀၀၈အခြေခံဥပဒေ” စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ (ညောင်နှစ်ပင်)အမျိုးသား ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဟာ (နအဖ) အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် ပဲဖြစ်ပါတယ်။

ဒီတော့ (နအဖ)စစ်အစိုးရရဲ့ “ဖိနှိပ်ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နောင်တရပါသလား၊ ဝန်ချတောင်းပန်ဖို့ စိတ်ကူးရှိပါသလား၊ တာဝန်ယူပါသလား” စတဲ့ မေးခွန်းတွေကို ဦးသိန်းစိန် ဆင်ဝှေ့ရန်ရောင် ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုထိပ်သီးတွေ၊ စစ်အုပ်စုဝင်တွေ လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးနဲ့ဘဏ္ဍာရေးကိစ္စတွေ မေးရာမှာလည်း ဦးသိန်းစိန်က သတ္တုတွင်း လုပ်ငန်းတစ်ခုသာ ရှိပါတယ်လို့ မျက်နှာပြောင်တိုက်ပြီးလိမ်ညာကာကွယ်သွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဝန်ကြီးချုပ် ဗိုလ်သန်းစိန်ကို အပြစ်ဖို့လို့ မဖြစ်နိုင်ဘူးမဟုတ်လား။ (နအဖ) စစ်အစိုးရလုပ်ခဲ့သမျှ မှားပါတယ်၊ နောင်တရပါတယ်၊ ဝန်ချတောင်းပန်ပါတယ်။ တာဝန်ယူပါတယ်လို့ ပြောလိုက်ရင် (နအဖ) အတွင်းရေးမှူး(၁) အဖြစ်တာဝန် ယူခဲ့တဲ့ သူ့ကိုယ်သူ စွပ်စွဲအပြစ်တင်ရတော့မှာမဟုတ်ပါလား။ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မှာပေါ့။ ဒီတော့သူဟာ ယခင် အစိုးရလုပ်ခဲ့သမျှတွေ ကို “ဘူးခံကာကွယ်” ခဲ့တော့တာပါပဲ။ ဒါကြောင့် “ဂိုဘာချော့ဗ်”နဲ့ မတူပါဘူးလို့ ပြာပြာသလဲ ငြင်းပယ်ခဲ့တာပါ။

သူ့ကိုယ်သူ “မြန်မာဂိုဘာချော့ဗ်” ပါလို့ဆိုလိုက်ရင် ကိုယ်လွတ်ရုန်းသလိုဖြစ်ပြီး (နအဖ)စစ်ကောင်စီဝင်တွေရဲ့အမျက်မာန် ရှခြင်းကို ခံရပါလိမ့်မယ်။

ခင်ဗျားတို့ “ထိပ်ပြောင်တာခြင်း” တူမှာပါလို့ အထွန့်တက်ပြီးမေးခဲ့မယ်ဆိုရင် ဂိုဘာချော့ဗ်ထိပ်မှာ “အမှတ်”ပါတယ်၊ ကျနော့်မှာ မပါဘူးဗျလို့ ငြင်းပယ်ဦးမလားတော့မသိပါဘူး။

ဒါကြောင့် သူဒီလိုငြင်းပယ်ခဲ့တာတွေဟာမဆန်းပါဘူး။ သူဟာ တစ်ချိန်က(နအဖ) စစ်အုပ်စုဝင် ထိပ်သီး တစ်ဦးဖြစ်ခဲ့သလို ယခုလည်း (နအဖ)စစ်အုပ်စုရဲ့ အာဏာအမွေဆက်ခံထားသူ သမ္မတတစ်ဦးပဲ မဟုတ်ပါလား။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ယခင် (နအဖ)စစ်အုပ်စုရဲ့အာဏာအမွေဖြစ်သလို၊ ယခင်(နအဖ) စစ်အုပ်စုဝင်ဟောင်းတွေရဲ့ အကျိုး စီးပွား(ဟောင်း/သစ်) မှန် သမျှ အတိအလင်းကာကွယ်ပေးထားတဲ့ ခံကတုတ်ယန္တယားလည်းဖြစ်တယ်။ဒါကြောင့် သမ္မတ ဦးသိန်းစိန်ဟာ (နအဖ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေကို အသေအလဲခုခံကာကွယ်နေတာဖြစ်တယ်။ သိက္ခာထပ်၊ သိဒ္ဓိတင် ပေးနေတာဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေကို ကာကွယ်တဲ့နေရာမှာ ဦးသိန်းစိန်သဘောထား ဘယ်လောက်ထိ ပြတ်သားသလဲဆိုတော့ ဒီချုပ်ဥက္ကဋ္ဌ သမ္မတဖြစ်ရေး စိတ်ကူးယဉ်နေသူတွေရဲ့ဆောင်းအိပ်မက် မက်နေရာကနေ လန့်နိုးသွားစေခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာအပြတ်အသတ် နိုင်ရုံနဲ့မရဘူး။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှဖြစ်မယ်လို့ ယတိပြတ်ပြောသွား တယ်။ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်နိုင်မှသာ ဒီချုပ်ဥက္ကဋ္ဌသမ္မတဖြစ်ရေးကို စိတ်ကူးယဉ်နိုင်မှာဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတာကလည်း ၂၀၁၅ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရုံနဲ့ မဖြစ်သေးဘူး၊ ၂၅% စစ်သားအမတ်တွေကို စည်းရုံးနိုင်မှ ပြင်ဆင်နိုင်မှာဖြစ်တယ်။

ဒီချုပ်ဥက္ကဌကလည်း “တပ်မတော်က သဘောမတူရင် အခြေခံဥပဒေ ကိုပြင်ဆင်နိုင်မှာမဟုတ်ဘူး” လို့ဝန်ခံထားပြီးသားပါ။ စစ်သားအမတ်တွေ စည်းရုံးဖို့ဆိုတာကလည်း ကျောက်ခဲရေညှစ်ရတာက ပိုလွယ် ဦးမယ်။ လွှတ်တော်အမတ် ဦးဘုန်းမြင့်အောင် ပြည်ပမီဒီယာတစ်ခုနဲ့ပြောတာမှာ “ကာချုပ်” က စစ်သားအမတ်တွေကို ဘာကို ထောက်ခံ ပြီး ဘာကိုကန့်ကွက်ရမယ်ဆိုတာ တစ်ခါထဲ အမိန့်ပေးပြီး စေလွှတ်လိုက်တာလို့ကြားလိုက်ရတယ်။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါ တာပဲ လိုချင်တယ်လို့ အပြတ်မှာလိုက်ပုံပဲ။

ဒါ့အပြင် ဦးသိန်းစိန်က“ကာချုပ်” ဟာ “သူ့သဘောနဲ့သူအရေးပေါ်အခြေအနေ ကြေညာခြင်း/ အာဏာသိမ်းခြင်း/ အစိုးရတာဝန် လွှဲပြောင်းယူခြင်းတွေကို သူ့သဘောဆန္ဒအတိုင်းမလုပ်နိုင်ပါဘူး” ပြောပါတယ်။ ဒီကိစ္စမမှန်ဘူးလား။ မှန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ထဲမှာ “ကာချုပ်” အနေနဲ့အာဏာဘယ်လိုသိမ်းရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို အတိအလင်းထည့်သွင်းပြဋ္ဌာန်းပေးထားပြီး မဟုတ်ပါ လား။ ဒီအချက်ဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ထူးခြားချက်ဖြစ်သလို ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေတွေနဲ့ မတူခြားနားတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်က တရားဝင်အာဏာသိမ်းခွင့်ရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဗြောင်လိမ်သွားတဲ့အချက်ကတော့ “ကျွန်တော်တို့ တပ်မတော်ဟာ အင်မတန်မှစည်းကမ်းကြီးပါတယ်၊ မုဒိမ်းမှု၊ လူသတ်မှုတို့ဆိုတာ ဘယ်လိုမှ ကျွန်တော်တို့လုပ်စရာ အကြောင်းမရှိပါဘူး” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

အစိုးရစစ်တပ်များက တိုင်းရင်းသားဒေသတွေမှာ သတ်ဖြတ်ကျူးလွန်စော်ကားခဲ့တဲ့ များပြားလှသော လူသတ်မှု၊ မုဒိမ်းမှုတွေ ထဲက တိုင်းရင်းသားအင်အားစုတွေ နိုင်ငံတကာအဖွဲ့အစည်းများထံ တစ်ချိန်ကတင်ပြခဲ့ဖူးတဲ့ “licence to rape” ဆိုတဲ့ အစီရင်ခံစာ နဲ့ ထလရ ဗိုလ်အောင်လင်းထွဋ် ထုတ်ဖေါ်ဝန်ခံဖူးတဲ့ “ခရစ္စတီးကျွန်းလူသတ်မှု”ကို ကျနော် ဖျတ်ခနဲသတိရမိတယ်။

နိုင်ငံရေးအကျဉ်းသား/ယုံကြည်ချက်အကျဉ်းသားကိစ္စတွေနဲ့ပတ်သက်လို့လဲ ဦးသိန်းစိန်သဘောထားက ပြတ်သားလှပါတယ်။ တိုင်းပြည်အတွက် ကိုယ်ယုံကြည်တာကို လုပ်ခဲ့ကြတာဖြစ်တယ်တဲ့၊ သူတို့လည်း ယုံကြည်တာကိုလုပ်ခဲ့ကြတာလို့ဆိုတယ်။ ဒီတော့ “လွတ်ငြိမ်းချမ်းသာခွင့်” ကို ကလေးငယ် မုန့်တောင်းသလို တစာစာတောင်းနေသူတွေ သတိချပ်ဖို့ပါ။ ယုံကြည်ချက် အတွက် စွန့်လွှတ် စွန့်စားလုပ်ခဲ့ကြတာဟာ ဒူးထောက်ခယပြီး လွတ်ငြိမ်းချမ်းသာခွင့်တောင်းဖို့ မဟုတ်ဘူး။

ဦးသိန်းစိန်ဟာ ဟိုင်းကြီးကျွန်းနားက ရွာသိမ်ရွာငယ်လေးမှာမွေးလို့၊ မိဘတွေက သာမန်လယ်သမားဖြစ်လို့ဆိုတာနဲ့လည်း မလုံ လောက်ဘူး။ လက်ရှိဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်တယ်။ (နအဖ) စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်။ ပိုအရေးကြီးတဲ့အချက်က သမ္မတဦးသိန်းစိန်ဟာ (နအဖ)စစ်အုပ်စုနဲ့ ၂၀၀၈အခြေခံဥပဒေကို ခုခံကာကွယ်နေသူ၊ အမွှမ်းတင်၊ သိက္ခာထပ်၊ သိဒ္ဓိတင်ပေးနေသူသာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ စစ်အုပ်စုရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွားမှန်သမျှကို ၂၀၀၈အခြေခံဥပဒေနဲ့အညီကိုယ်စားပြု နေသူ၊ ဆက်ခံ၊ ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့နေသူသာဖြစ်တယ်။

နိဂုံးချုပ်ရရင် မည်သူမဆို၊မည်သည့် နိုင်ငံရေးပါတီ၊အဖွဲ့အစည်းမဆို ဦးသိန်းစိန်ရဲ့ပြောလုံးလေးတွေ၊ “ဦးသိန်းစိန်ကိုယုံတယ်” ဆိုတဲ့စကားလုံးတွေအပေါ်မှာ ရေလိုက်လွဲ သာယာနေကြမယ်ဆိုရင် ဒီမိုကရေစီရေတိမ်နစ်ပြီး၊ တိုင်းရင်းသားအရေး၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး စတာတွေ ရေစုန်မျောပါလိမ့်မယ်။

Photo - Supporters of Burmese President Thein Sein hold posters as they await his arrival at Rangoon International Airport on Monday. (Photo: The Irrawaddy)

ဒီက ယူပါတယ်။

စီးနင်းသူများအတွက် အန္တရာယ်မရှိနိုင်သော လမ်းလျှောက်ကစားနည်း ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်


လွန်ခဲ့သော(၃)လလောက် ကစ၍ ပြည်သူ့ရင်ပြင်အရှေ့၌ ပျော်ပျော်ပါးပါးရေပေါ်လမ်း လျှောက်ရမည့် အစီစဉ်မကြာခင် လာတော့မည်ဟူသော ဆိုင်းဘုတ် ကြီးများစိုက်ထူထားခဲ့သည်။ဤ ရေပေါ်လမ်းလျှောက်ကစားနည်း မှာ ရေပေါ်ဘောလုံးအတွင်း၌ ၀င်ရောက်စီးနင်းကာ ရေပေါ်၌ လမ်းလျှောက်ရမည်ဖြစ်သော ကြောင့် စီးနင်းသောသူများအဖို့ လုံးဝအန္တရာယ်မရှိနိုင်အောင် စနစ်တကျ စီစဉ်ထားသော ကစား နည်းမျိုးအား ပြည်သူ့ရင်ပြင်တွင် လွန်ခဲ့သော အောက်တိုဘာ(၆) ရက်နေ့၌ ပထမဦးဆုံးစတင်ဖွင့် လှစ်ခဲ့သည်။

““အစ်မတို့က ဒီကစားနည်း ကို လွန်ခဲ့တဲ့(၃)လ(၄)လလောက် ကတည်းကစပြီး အစီစဉ်လုပ်နေ တာပါ။အရင်တုန်းကတော့ ဒီရေ ပေါ်လမ်းလျှောက်ကစားနည်းက ပြည်သူ့ရင်ပြင်ရဲ့ကစားနည်းတွေ ထဲမှာ မပါဘူးပေါ့။နောက်ပိုင်းကျ မှ အစ်မတို့က အပြင်က ကစား နည်းအသစ် ဘာလေးတွေထပ် ထည့်မလဲဆိုပြီး ကြည့်ရင်းကြည့် ရင်းနဲ့အသစ်အဆန်းဖြစ်တဲ့ ဒီကစားနည်းကိုတွေ့ခဲ့တယ်။

အစ်မတို့ ဒီပြည်သူ့ရင်ပြင်မှာလည်း ရေကန်ကရှိပြီးသားဖြစ်တယ်။နောက်ပြီးကျယ်လည်းကျယ်တယ်၊ ကောင်းလည်းကောင်းတယ်။လှ လည်းလှတယ်။ဒါကြောင့်ဒီလို ကစားနည်းမျိုးထည့်ရင်ပိုပြီး အဆင်ပြေမယ်လို့ယူဆတဲ့အတွက် ဒီကစားနည်းကို စတင်အကောင် အထည်ဖော်ခဲ့တာပါ။ဒီကစား နည်းမှာ ကစားတဲ့သူတွေအတွက် အန္တရာယ်လုံးဝမရှိနိုင်ပါဘူး။

အန္တ ရာယ်လုံးဝမရှိအောင်လည်း စနစ် တကျဆောင်ရွက်ထားပါတယ်။ ပြီးတော့ အစ်မတို့အနေနဲ့ကစား မယ့်သူတွေအတွက် ဆောင်ရန် ရှောင်ရန်အချက်လေးတွေပေါ့။ ဥပမာ-ခြောက်လအောက်ကလေး များ မစီးရ၊ခါးနာရောဂါရှိသူနဲ့ ၀က်ရူးပြန်ရောဂါရှိတဲ့သူတွေမစီး ရဆိုပြီး စည်းကမ်းချက်လေးတွေ ကပ်ပေးထားမယ်။နောက်ပြီး ဒီ ကစားနည်းက ရေနဲ့ကစားတာဖြစ် တဲ့အတွက်ကြောင့် သက်ကယ် ဘောတွေပြီးတော့ အန္တရာယ်မရှိ အောင် ဒီရေပေါ်ဘောလုံးကိုကြိုး နဲ့လည်းဆွဲထားတယ်။တကယ်လို့ သာ အန္တရာယ်တစ်ခုခုရှိမယ်ဆို ရင် ဒီကြိုးကနေပြန်ဆွဲတင်လို့ လည်းရပါတယ်။

ပြီးတော့ ဒီမှာရှိ တဲ့လူက၀င်ပြီးတော့မှ ရေပေါ်မှာ လျှောက်ရမှာဖြစ်တဲ့အတွက် ဒီ ဘောလုံးတွေမှာ လူတစ်ယောက် ၀င်စာ ဇစ်ဆွဲတစ်ခုပါတယ်။လူမ ၀င်ခင်မှာ အစ်မတို့က ဒီဘောလုံး ကိုလေအရင်ထိုးတယ်။နောက်ပြီး တော့ ဇစ်ဖွင့်ရင်လူက၀င်မယ်။ ပြီးရင် နောက်အပေါက်(၁)ပေါက်က နေလျော့သွားတဲ့လေကို တင်း အောင်ပြန်ဖြည့်တယ်။

ပြီးရင်အဲဒီ လူဝင်ထားတဲ့ဘောလုံးကို ရေထဲ ချတယ်။ ဒီဘောလုံးထဲကို အောက်စီဂျင်ထည့်ထားတဲ့အတွက် ကန့်သတ်ချိန်(၅)မိနစ်ကနေ အလွန်ဆုံး(၁၀)မိနစ်အထိ ကန့် သတ်ထားပါတယ်။(၅)မိနစ်က နေ(၁၀)မိနစ်ဆိုပေမယ့်အစ်မတို့ လက်မှတ်တစ်စောင်ကို(၁၀၀၀)ပါ လက်မှတ်(၁)စောင်ကို လူတစ် ယောက်ပဲစီးလို့ရပါတယ်။””ဟု ပြည်သူ့ရင်ပြင်(ကစားကွင်း)၏ Marketing Manager မမအေးအေး အောင်မှ ရေပေါ်လမ်းလျှောက် ကစားနည်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့သည်။

ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်တွင် သတ်မှတ်ချိန်ကျော်သွား၍ ၀န်ထမ်းတစ်ဦးမှ ပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့်လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့

ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ဝန်ထမ်းတစ်ဦးမှ ညကိုးနာရီကျော်သွား၍ ပြန်ခိုင်းရာမှစ၍ မကျေမနပ်ဖြစ်နေသူများက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာဖြင့် အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁ရက်နေ့ ည ၉နာရီကျော်တွင် ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင် လုံခြုံရေးဝန်ထမ်းတစ်ဦးက ကန်ဘောင်ပေါ်မှ ဆင်းခိုင်းခဲ့သဖြင့် မကျေမနပ်ဖြစ်နေသောသူများက ည ၁၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းကို ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့်သူများက လုံခြုံရေးဝန်ထမ်းအပြင် ကန်ဘောင်တွင်ရှိနေသည့် ဆိုင်ဝန်ထမ်းများကိုလည်း လိုက်လံ၍ ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အင်းယားကန်ဘောင်တွင်ဖွင့်လှစ်ထားသည့် ရွှေမိသားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကျော်မင်းစိုးက '' ကန်ဘောင်က လုံခြုံရေးဝန်ထမ်းတွေက ည ၉နာရီကျော်ရင် လာပြီးလည် ပတ်တဲ့သူတွေကို ပြန်ဖို့ပြောနေကြတာပဲ။ အဲဒီနေ့က အုပ်စုတစ်စုက ကန်ဘောင်မှာရှိတဲ့ အမှိုက်ပုံးကိုကန်လိုက်တာ လဲသွားလို့ အဲဒီလုံခြုံရေးဝန်ထမ်းက ပြန်ထောင်ဖို့ သွားပြောခဲ့တာကိုလည်း သူတို့မကျေနပ်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ သူတို့အဖွဲ့က ဆိုင်ကယ် ၉စီးနဲ့ ကန်ဘောင်အနောက်ဘက်ကနေ ပြန်တက်လာပြီးတော့ ရန်ရှာသွားတယ်။ ည ၁၁နာရီလောက် မှာ အယောက်အစိတ်နဲ့ သုံးဆယ်ကြားမှာရှိတဲ့သူတွေက ကန်ဘောင်ပေါ်ကို ဖြန့်တက်လာပြီးတော့ အဲဒီလုံခြုံရေးကို ရှာပြီး ၀ိုင်းဝန်းထိုးတယ်။ ပြီးတော့ တွေ့တဲ့သူတွေကိုလည်း သူတို့ပါလာတဲ့ ဓားတွေ၊ တုတ်တွေနဲ့ ၀ိုင်းရိုက်တယ်။ ကျွန်တော်ကတော့ ကံကောင်းလို့ ခုတ်တာကိုရှောင်နိုင်ပြီး ပြေးလို့လွတ်ခဲ့ပေမယ့် ရိုက်လို့ ထိထားတဲ့ဒဏ်ရာကြောင့် ဆေးရုံတက်ပြီးတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ အားလုံး လေး၊ ငါးယောက်လောက် ဒဏ်ရာတွေရခဲ့တယ်။ တစ်ယောက်ဆိုရင် ဓားနဲ့ခုတ်တာ ထိသွားတဲ့အတွက်ကြောင့်မို့လို့ လက်သန်းပြတ်သွားပါတယ်'' ဟု ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့သည်။

ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားပြီးသည့် ည ၁၁နာရီကျော်အချိန်တွင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ အကြောင်းကြားတိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက နံနက် ၁နာရီကျော် အချိန်တွင်ရောက်ရှိပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး ထိုးကြိတ်ရိုက်နှက်သူများကို အောက်တိုဘာလ ၈ရက်နေ့အထိ ဖမ်းမိသေးခြင်းမရှိကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်မော်က '' ကျွန်တော်တို့အနေနဲ့ အခုလို ပြစ်မှုကျူးလွန်သွားတဲ့သူတွေကို စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ အခု ဒီဖြစ်စဉ်ဖြစ်သွားပြီးတဲ့နောက်မှာတော့ ကမာရွတ်မြို့နယ်ရဲတပ် ဖွဲ့ဝင် ၁၀ဦးနဲ့ လှိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် ၆ဦးတို့က လှည့်ကင်းတွေလှည့်ပြီးတော့ လုံခြုံရေးကိုဆောင်ရွက်နေပါတယ်။ ကန်ဘောင်ကို ညပိုင်းလာတဲ့သူတွေအများစုက မူးယစ်နေတဲ့သူတွေနဲ့ သောက်စားဖို့လာတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ညပိုင်းတွေမှာလာ အပန်းဖြေတဲ့သူတွေ သတိထားပြီးတော့ သွားလာသင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဖြစ်စဉ်ကို ကမာရွတ်ရဲစခန်း (ပ)၄၀၅/၂၀၁၂ ပုဒ်မ ၂၉၄/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်း အတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊ ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ် နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည် မသိလူ (၁) ဦး၊ နေအိမ် အနောက်ဘက်တွင် အမည်မသိ လူ(၂)ဦး၊ နေအိမ် အရှေ့ဘက် ထိုင်ခုံတွင် မျက်နှာအား ပုဆိုးစည်း ထားသော လူ(၁)ဦး၊ ရာဘာခြံ အပြင်ဘက်တွင် အမည်မသိ လူ (၂) ဦး၊ ပေါင်း (၆) ဦးအား ဓားကိုယ်စီ ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့ပြီး လူ (၃) ဦးမှာ ဒေါ်------နှင့် သမီးအကြီး ဖြစ်သူ ------- (၁၄)နှစ်၊ (ဘ) ဦးသန်းလွင်၊ ရာဘာခြံ အလုပ်သမ (၂) ဦးတို့ အား ဒေါ်------၏ နေအိမ် အနောက်ဘက်တွင် ရှိသော ဒေါ်------- (၃၀) နှစ် (ဘ) ဦးတင်ထွန်း၊ ရာဘာခြံ အလုပ်သမ၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

၂။ ဒေါ်-------၏ နေအိမ်သို့ ရောက်ရှိသောအခါ နေအိမ် အတွင်း ခင်ပွန်းဖြစ်သူ ဦးချစ်ဝေ၊ ကလေးငယ် (၂) ဦးနှင့် အိပ်ပျော်နေစဉ် အဆိုပါ လူ(၃)ဦးမှ တံခါးအား တွန်းဖွင့်ပြီး “အိမ်ရှင် တို့ ထကြထကြ” ဟု အော်နှိုးခဲ့ သဖြင့် ဦးချစ်ဝေမှ သောင်းကျန်းသူအဖွဲ့ဟု ထင်မှတ်ကာ ထွက်ပြေး သွားခဲ့ပြီး ဒေါ်------နှင့် ဒေါ်------တို့ သားအမိအား ”ပိုက်ဆံပေး ရင်ပေး၊ မပေးရင် လူခေါ်သွားမည်” ဟု ပြောဆိုသဖြင့် ဒေါ်-----မှ ပိုက်ဆံ ချေးပေးမည်ဟု ပြောပြီး ခြံအပြင်သို့ ထွက်ခွာသွားခဲ့ရာ လူ(၁)ဦးမှ ဒေါ်----၏ နောက် လိုက်သွား ခဲ့ကြောင်း၊ ကျန်လူ (၂)ဦး အနက် (၁)ဦးမှ ဒေါ်------အား ခဏလိုက်ခဲ့ဦး ဟုပြောကာ ရာဘာခြံ အပြင်ဘက်သို့ ခေါ်ဆောင်သွား ခဲ့ပြီး ခြံဝတွင် သားမယား အဖြစ် (၁)ကြိမ် ပြုကျင့်၍ ၎င်းလူနှင့် ရာဘာခြံ အပြင်ဘက်တွင် စောင့်နေသူ (၂)ဦးတို့မှ ပေ ၁၀၀ ခန့် ဝေးသော လမ်းကြား တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ပြီး ပထမ ပြုကျင့်သူနှင့် ရာဘာခြံ အပြင်ဘက်တွင် စောင့်နေသူ (၂)ဦး အနက် (၁)ဦး တို့မှ သားမယားအဖြစ် တစ်ကြိမ်စီ ပြုကျင့်ကာ ကျန် လူတစ်ဦးမှ ရာဘာခြံနှင့် (၂) ဖာလုံခန့် ဝေးသော လယ်တဲ တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ပြီး သားမယား အဖြစ် (၁) ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

၃။ ဒေါ်-----မှ နေအိမ်သို့ ပြန်ရောက်လာစဉ် ၎င်း၏ နောက်လိုက်လာသူ (၁) ဦးနှင့် ဒေါ်------ ၏ နေအိမ်တွင် ကျန်ရှိနေသူ (၁)ဦး တို့မှ မ------- အား ရာဘာခြံ၏ တောင်ဘက် (၁) ဖာလုံခန့် အကွာ လမ်းဘေး သစ်ပင်အောက် နေရာသို့ ခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့ (၂)ဦးမှ မ-------၀တ်ဆင် ထားသော ဘောင်းဘီရှည်အား ခ္မျတ်၍ သားမယား အဖြစ် (၁) ကြိမ်စီ ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

၎။ အထက်ပါ အမှုနှင့် ပတ်သက်၍ အမည်မသိ တရားခံ (၆) ဦးအား ဖမ်းဆီးရ မိရေး အတွက် သတင်းရယူ စုံစမ်းခဲ့ရာ အောက်တိုဘာ ၄ ရက် ညနေ ၃ နာရီ အချိန်တွင် မသင်္ကာဖွယ် တရာခံ ခေါဇုန်း (၁၉)နှစ် (ဘ) ဦးတိခေါ၊ ရာဘာခြံ လုပ်သား၊ အမှတ် (၃။၂၁၄)၊ တြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့ နေသူအား ဖမ်းဆီး ရမိခဲ့ပြီး အမှတ် (၁) ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်း၏ အစ်မဖြစ်သူ မယောဆွေနှင့် အခင်းဖြစ် ရာဘာခြံဝင်း အတွင်း နေထိုင်သူ ကိုသူ (ခ) ကျော်မင်းသူ၏ တို့ ချစ်ကြိုက် နေကြောင်း သိရှိရသဖြင့် သဘော မတူ၍ အပေါင်းအပါ (၇) ဦးအား ခေါ်ဆောင်ကာ ကိုသူ(ခ) ကျော်မင်းသူအား ထိုးကြိတ်ရန် ရည်ရွယ်ချက်ဖြင့် ရာဘာခြံဝင်းသို့ သွားရောက်ခဲ့ရာမှ ပြစ်မှုများ ကျူးလွန် ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်ရာတွင် ၎င်းနှင့် အတူ အောက်ပါ (၇) ဦး ပါဝင်ကြောင်း သိရှိရသည်။

(က) မာနော်(ခ) ထွယ်နန်လီအောင် (၁၈)နှစ်၊ (ဘ) ဦးထွယ်ဆိုင်၊ တောင်သူ၊ ရာဒါကောင်း (အေ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့။
( ခ) တူးခေါန်(၃၅)နှစ်၊ (ဘ)ဦးဇော်ရိန်၊ တောင်သူ၊ ရာဒါကောင်း (အေ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့။
( ဂ) ဇုန်းတိန့် (၂၀) နှစ်၊ (ဘ) ဦးခေါဇုန်း၊ (အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။
(ဃ) ဘွမ်ဆောင်(၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။
( င) ယောဘွမ် (၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။
( စ) ဘွမ်ယိန်း (၂၀) နှစ်၊ (ဘ) ဥိီးဘောမ်ယိန်း၊ (အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။
(ဆ) ဘွမ်ချန်း (၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊နေရပ် စိစစ်ဆဲ)။

၅။ စစ်ဆေး ဖော်ထုတ် ရရှိသော တရားခံများအား သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းစုံစမ်း ဖမ်းဆီး ဆောင်ရွက်လျက်ရှိရာ ညနေ ၇ နာရီအချိန်တွင် ထူးခေါန်နှင့် ဓာနော်(ခ) ထွယ်နန်လီအောင်တို့ (၂)ဦးအား ထပ်မံ ဖမ်းဆီးရ မိခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီး ရမိရေး ဆက်လက် စုံစမ်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မြ၀တီ

'' Facebook Account တွေ အဖျက်ခံရတော့ မှာလား ဘယ်လိုလုပ်မှာလဲ"

အောက်မှာမြန်မာလိုရေးသားထားပါတယ်။

his coming 11pm,all facebook account will be CUT. This is according from the creator of facebook. All the activities that was being done this time will be delay, SORRY FOR THE INCONVENIENCE. To save you're facebook accounts, please forward this message to 25 FB users for us to make sure that you are active user of FB. If can't pass this to 25 users you're account will be cut without any hesitancy "911"

Chat Conversation End

FB က . . .

Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . . .
ဖျက်ပစ်မယ် . . .
အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .
Activate User 25 ယောက်ကို . . .
ပို့ပေးရမယ် . . .
ဒါကို ကူးပြီးတော့ . . .
မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .
ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . . .
အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . .
လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . .
ဒီနေ့ ည ဘက်က Last Date . . .

ကဲ.............. အထက်ပါ စာမျိုးတွေ ကိုယ့် ဆီရောက်လာပါပြီဆိုပါတော့  သင့် အနေနဲ့  အနည်းငယ်တော့ လန့် သွားမယ်ထင်တယ် သေချာပါတယ်လန့် ကိုလန့် သွားမှာပါ ပြီးရင် ဘာလုပ်မလဲ သူပြောထားတဲ့ အတိုင်းပဲပေါ့  ဒီစာကိုပြန် Share တော့ မှာပေါ့ ဟုတ်တယ်မလား

ဘာကြောင့် လဲဆိုတော့ ကိုယ့် ရဲ့  Facebook Account လေး အဖျက်ခံရမှာကြောက်လို့ ပေါ့  ဟဲ ဟဲ Facebook သုံးစွဲသူ 100 ရှိရင် 99 ယောက်ကတော့ သေချာပေါက် ကို ခုပြောထားတဲ့ အတိုင်းပဲလုပ်ကြမယ်ထင်ပါတယ် ကျန်တဲ့ တစ်ယောက်ကတော့ မလုပ်ဘူး ( ကျွန်တော်ပဲ :P ) ဘာကြောင့် လဲဆိုတော့ ကျွန်တော့် မလုပ်လဲ ကျွန်တော့် အကောင့် အဖျက်ခံရမှာမဟုတ်လို့ ပါ အဲ့ ဒါကြောင့်  ကိုယ့် ရဲ့  Facebook Account လေးပျက်သွားမှာကိုသိပ်ပြီးတော့ ကြောက်မနေပါနဲ့ 

အိုကေဗျာ

ကြောက်နေတယ်ဆိုရင်တော့  အားပေးစကားလေးပြောချင်တယ် ဒါပေမယ့် အရင်မေးခွန်းလေးနည်းနည်းလောက်ဖြေကြည့် ပေးပေါ့ 

နံပါတ် ( 1 )သူငယ်ချင်းအနေနဲ့  Facebook ကို
တနေ့ တခါသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား ?

ဟုတ်ပြီ နံပါတ် ( 2 ) တပတ်တခါရောသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား ?
နံပါတ် ( 3 ) တလတခါရော သုံးဖြစ်ရဲ့ လား ? မသုံးဖြစ်ဘူးလား ?

နံပါတ် ( 4 ) တနှစ် နေလို့ တောင်မှတခါလောက်တောင် သုံးဖြစ်ရဲ့ လား မသုံးဖြစ်ဘူးလား ?


ဟုတ်ပီ ကျွန်တော် ဘာကြောင့် ဒါတွေမေးလဲဆိုတာပြောပြမယ် ဒီမေးခွန်းတွေရဲ့ အဖြေတွေမှာ နံပါတ်စဉ် 1 ကနေ 3 အထိကို မသုံးဖြစ်ဘူးလို့ ဖြေခဲ့ ရင်တောင် သင့် ရဲ့ အကောင့် အဖျက်ခံရမှာမဟုတ်ပါဘူး နံပါတ်စဉ် 4 ထိသာ မသုံးဖြစ်ဘူးဆိုတဲ့ အဖြေကို ဖြေခဲ့ မိရင်တော့  သေချာပါပြီ သင့် ရဲ့ အကောင့် ကို အဖျက်ခံရဖို့  99 % ရာခိုင်နှုန်းသေချာသွားပါပြီ

ကျွန်တော်သေချာပြောရဲ တာကတော့ လလောက်ထိမသုံးဖြစ်တဲ့ အကောင့် ဥပမာပေါ့  တလတခါ နှစ်လ တခါပေါ့  အဲ့ လောက်မှအသုံးမပြုဖြစ်တဲ့ အကောင့် တွေကတော့ သိပ်ပြီးတော့ ကြောက်ဖို့ မလိုသေးပါဘူး ဒီထက် လပိုသွားတာမျိုး 5 လကနေ တနှစ်လောက်ထိ မသုံးပဲနေလိုက်မိတဲ့ အကောင့် ဆိုရင်တော့  အဖျက်ခံရဖို့ နီးစပ်သွားပါပြီ အိုကေဗျာ.... ဒီနေရာမှာ ဥပမာတခုလောက်ပြောပြမယ် ဗျာ သင့် အနေဲ့ အကြောင်းအမျိုးမျိုးကြောင့်  ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ ဘူး ( လများစွာကြာသွားတယ် ...နှစ်နဲ့ တောင်ချီသွားတယ် ) ဆိုပါလျှင် သင့် အကောင့် အဖျက်ခံရပြီပေါ့  ဒီနေရာမှာ သင်ဟာ နိုင်ငံတခု သို့ မဟုတ် စီးပွားရေး လုပ်ငန်းတခုခုမှာ အရေးပါအရာရောက်နေသူ တစ်ဦးတစ်ယောက်ဖြစ်နေခဲ့ မယ် ဆိုပါလျှင် ( ဒါကဥပမာပေးတာပါ ရိုးရိုးသာမန် User တစ်ယောက်အနေဲ့ လဲ ဒီအခွင့် အရေးမျိုးရနိုင်ပါတယ် ) မတတ်သာလို့ ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ တာပါဆိုလျှင် သင် သုံးစဉ်က သိမ်းဆည်းထားခဲ့ တဲ့  Data တွေ ကိုပြန်လိုချင်ရင် နှမြောတသဖြစ်ပီးတော့ ဒီတိုင်းပဲထိုင်ပြီးနေမလား ပြန်ရဖို့ ကြိုးစားမလား ဟုတ်ပီဗျာ

အဲ့ ဒီအချက်အလက်လေးတွေပြန်လို့ ချင်လို့  သင့် ရဲ့ အဖျက်ခံလိုက်ရတဲ့  Facebook Account လေးကို နှစ်တွေကြာမှပြန်လိုချင်တယ်ဆိုရင် ဒီလိပ်စာ https://www.facebook.com/help ကိုသာမှတ်ထားလိုက်ပါ အဲ့ ဒီနေရာမှာ သင့် ရဲ့ အကောင့် ကိုပြန်လိုချင်ပါတယ်ဆိုပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံပြသနိုင်တယ် သင့် အတွက် ဒီအကောင့် က အချက်အလက်တွေက အရမ်းကိုအရေးကြီးလို့ ပါဆိုပါလျှင်သူတို့ ဆီမှာပြန်လည်တောင်းဆိုပြီး သင့် ရဲ့ ကိုယ်ပိုင် Data ( အချက်အလက် ) တွေကို ပြန်လည်ရယူနိုင်ပါတယ် ဒါပေမယ့် အရေးကြီးတာက အဲ့ ဒီအကောင့် ကိုသုံးတဲ့ E- Mail လေးရှိနေဖို့ တော့ လိုတယ်ဗျနော် ;) သင့် ရဲ့ အကောင့် ဟာ ပြစ်မှုတွေကျူးလွန်ထားမျိုး အဓိကရုဏ်တွေဖြစ်ပွားအောင်ဖန်တီးခဲ့ တာမျိုး နောက်ဆုံး ကုန်ကုန်ပြောရရင် လုပ်ကြံဖန်တီးထားတဲ့ အကောင့် မဟုတ်ဘူးဆိုရင်ပြန်လည်ရယူဖို့ အဆင်ပြေပါလိမ့် မယ်

ဘာလို့ လဲဆိုတော့  Facebook Community ကသင့် ရဲ့ အချက်အလက်တွေကို ဒီတိုင်း ပြီးစလွယ်ဖျက်ပစ်သွားမှာမဟုတ်လို့ ပါ သူ့ တို့ က သင့် ရဲ့  Profile,Page, Group တွေက Data တွေကို ဖျက်မပစ်ပဲနဲ့  တကယ်အသုံးမပြုတောတာတို့  ( လုပ်ကြံဖန်တီးထား တာ ) တို့  မှန်ရင်တော့  အသုံးပြုလို့ မရတော့ အောင် ပိတ်ပဲပိတ်ပစ်ပြီး အချက်အလက်တွေကိုတော့ သူတို့ ရဲ့ှဆာဗာထဲမှာ သိမ်းဆည်းထားမှာပါ အဲ့ ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ့  ကိုယ့် အကောင့် လေးပျက်မှာပူမနေကြပါနဲ့  ဗျာ ကျွန်တော်သိပါတယ် ဖေ့ ဘွတ် သုံးနေကျလူတွေ တနေ့ ကို အနည်းဆုံး တခါလောက် Notifications လေးတွေမဖတ်ရရင် Comment လေးတွေ မပေးရရင် Photo လေးတွေများမတင်ရရင် မနေနိုင်ကြဘူးဆိုတာကို သိထားပါတယ် :Pေိခိ အဲ့ ဒီတော့ အနော် ပြောတဲ့  တလတခါ တနှစ် တခါလောက်တောင် မသုံးဖြစ်လို့ အကောင့် အဖျက်ခံရမယ့် သူစာရင်းထဲမှာမပါဘူးဆိုတာသေချာနေပါတယ်ဗျာ ဒါကြောင့် ပူပန်တွေးတောပြီးကြောက်မနေကြပါနဲ့  အားတိုင်းလိုက်ပီးတော့  Share မနေကြပါနဲ့  အမြင်ကတ်စရာဖြစ်နေပါဦးမယ် Share ချင်ရင်တော့ ဒီပို့ စ်လေးကို သာရှဲပေးဗျာ ဒါကအကောင်းဆုံးပါ အိုကေ .............. ;)

သင့် ရဲ့  Facebook Account နဲ့ ပါတ်သက်လို့ လေ့လာချင်တယ်ဆိုရင်တော့  https://www.facebook.com/help/search/?q=how+do+i+delete+my+account နေရာလေးမှာသွားရောက်လေ့ လာလို့ ရပါတယ်ဗျာ

လူထုလိုလားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်

ပြည်သူလူထု လိုလားရင် သူ့အနေနဲ့ သမ္မတ တာဝန်ကိုလည်း ယူနိုင် တယ် လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။

မကြာသေးခင်က အမေရိကန် ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ကနေ ပြန်လည် ရောက်ရှိ လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ခရီးစဉ် နဲ့ ပတ်သက်လို့ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောသွားတာပါ။

စက်တင်ဘာလ ၁၇ ရက်နေ့ကနေ အောက်တိုဘာလ ၃ ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့တဲ့ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ ၄၅ မိနစ်လောက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရုံး မှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့တာပါ။

သူ အမေရိကန်ပြည်ထောင်စုကို ဘာကြောင့် သွားခဲ့တယ် ဘယ်သူတွေနဲ့ တွေ့ခဲ့တယ် ဆိုတာကစလို့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားတွေ အပါအ၀င် အကြောင်းအရာ အတော်များများနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ပြည်သူလူထု လိုလားရင် သမ္မတ တာဝန်ယူဖို့လည်း ၀န်မလေးတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

“ကျမ ပြောတယ်၊ ကျမက နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင်ပဲ လို့။ နိုင်ငံရေးပါတီတခု ခေါင်းဆောင်နေမှတော့ သမ္မတ လည်း လုပ်ရဲတဲ့ သတ္တိ ရှိရမယ်။ အဲဒီတော့ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ။

အဲဒီတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ဆိုတာတော့ ဒါကတော့ လွှတ်တော် ကနေ ပြင်ရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကျမတို့ လုပ်သွားမယ် ဆိုတာဟာ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ကတည်းက ကျမတို့ မူတခုအနေနဲ့ ချထားပြီးသားပါ။ အဲဒီတော့ ဒီဟာ ပြင်ဆင်ရေးကိုတော့ ကျမတို့ တစိုက်မတ်မတ် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျမ သမ္မတဖြစ်ရေး ကိစ္စ တခုတည်းကို မဟုတ်ပါဘူး။ တခြားဟာတွေလည်း ပြင်စရာတွေ လိုပါတယ်။”

ဒါနဲ့ ပတ်သက်ပြီးတော့ပဲ သမ္မတ ဦးသိန်းစိန်ကလည်း ပြီးခဲ့တဲ့လ သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း - ပြည်သူလူထု ထောက်ခံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ်ဆိုရင် သူ အနေနဲ့ လက်မခံနိုင်စရာ မရှိဘူး၊ လူထုရဲ့ သဘောထားဆန္ဒသာ အဓိက ဖြစ်တယ်လို့ ဆိုပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းက BBC သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ ဥပဒေ ဥပဒေအရ ဆိုတော့ မိသားစုဝင်တွေထဲမှာ နိုင်ငံခြားသားတိုင်းပြည်တခုရဲ့ နိုင်ငံသား ခံယူထားသူတွေ ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ အဖြစ် အရွေးခံခွင့် မရဘဲ ဖြစ်နေတာပါ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ခါစ အခြေအနေမှာပဲ ရှိသေးတယ်ဆိုတာကို သတိမူဖို့ ကိုလည်း ဒီသတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး ပြောသွား ခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ စနစ်ဟာ ဒီမိုကရေစီ စနစ်လို့ ပြောလို့မရသေးပါဘူး။ ကျမတို့ရဲ့ အခုလက်ရှိ အခြေအနေဟာ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့ အခြေအနေ ရောက်နေတယ်ဆိုတာကို ရှင်းပြဖို့ ကျမသွားတာပါ။ ဒီတော့ ကျမတို့ အခု ဒီမိုကရေစီ လမ်းစကို ရောက်တယ် ဆိုတာဟာ ကျမ ခဏခဏ ပြောပါတယ်၊ ဒါ ဖြူးဖြောင့်နေတဲ့ လမ်း မဟုတ်ပါဘူး။ ကျမတို့ ကိုယ်တိုင် ဆောက်ယူရမယ့်လမ်းပါ။

ကျမတို့ ကိုယ်တိုင် ဆိုတာ ဘယ်သူတွေလဲ ဆိုတော့ အဓိက ကတော့ ပြည်သူလူထုပါ။ ပြည်သူလူထုနဲ့ ကျမတို့ အမြဲပဲ လက်တွဲပြီးတော့ လုပ်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေက ဆောက်တည်ရမယ့်လမ်း ဖြစ်ပါတယ်။

ဒီတော့ အစိုးရကရောလို့ တချို့ မေးလိမ့်မယ်။ အစိုးရက ပြည်သူလူထုရဲ့ အင်အားအရ လိုက်လုပ်ရမှာ။ ဒါမှလည်း ဒီမိုကရေစီကျမှာ။ ဒါကို ကျမတို့ ဆောက်တဲ့နေရာမှာ အများကြီး သတိထားဖို့လိုတယ်။ အများကြီးလည်း ကြိုးစားဖို့ လိုတယ် ဆိုတာကို ကျမ ပြောချင်ပါတယ်။ တချို့က ဆိုလို့ရှိရင် အခုအခြေအနေကို အားလုံး ကောင်းနေပြီ ဆိုပြီးတော့ အလွန်အကဲ အကောင်းမြင်တယ်လို့ ပြောရမှာပေါ့နော်။ ဒီလို အားလုံး ကောင်းနေတဲ့ အခြေအနေ မဟုတ်သေးပါဘူး ဆိုတာကိုလည်း ကျမတို့ သဘောပေါက်ဖို့ လိုပါတယ်။ အားလုံးကောင်းအောင် လုပ်ရမယ့် အခြေအနေပါ။ လုပ်နိုင်ဖို့လည်း အခွင့်အလမ်းတော့ ရှိလာပြီ။ ဒါပေမဲ့ ဒီအခွင့်အလမ်းကို ကျမတို့ မှန်မှန်ကန်ကန် သုံးနိုင်မှ ကျမတို့ လိုချင်တဲ့ နိုင်ငံမျိုး ဖြစ်ပေါ်လာမှာပါ။ လွယ်မှာလည်း မဟုတ်ပါဘူး။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အတွက် အမေရိကန် ပြည်ထောင်စုက အစဉ်တစိုက် အားပေးကူညီခဲ့တဲ့အကြောင်းနဲ့၊ ခုချိန်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းခဲ့တာမှာလည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေး တိုင်ပင်ပြီးမှ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဒီလို ကူညီမှုတွေကြောင့်လည်း မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးတင်စကားပြောဖို့ သူ အမေရိကန်ကို သွားရောက်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းသွားပါတယ်။ မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံအတွက် ရေရှည် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခု မြန်မာပြည်မှာ ၀င်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့က ရသမျှ ယူမယ်ဆိုပြီးတော့ စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် အမှားတွေ လုပ်မိမှာပဲ။ စဉ်းစဉ်းစားစားနဲ့ ယူသင့်တာကိုပဲ ယူရပါမယ်။

ကျမတို့ရဲ့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေ ကလည်း တကယ်ပဲ ကျမတို့နိုင်ငံရဲ့ ရေရှည်အကျိုးရော၊ မိမိတို့ရဲ့ အကျိုးရော ကြည့်ပြီးတော့ စဉ်းစဉ်းစားစား လုပ်သင့်တာပေါ့။ မပေါင်းသင့်တဲ့ သူတွေနဲ့ ပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရေရှည်မှာ ကျမတို့နိုင်ငံအတွက်လည်း အကျိုးမဖြစ်ဘူး။

ရင်းနှီးမြှုပ်နှံတဲ့သူတွေ အတွက်လည်း အကျိုးမဖြစ်ဘူး။ မပေါင်းသင့်တဲ့သူတွေနဲ့ ပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံရင် ကျမတို့ကတော့ သိရင်တော့ သိသလို သတင်းဖြန့်ရမှာပဲ။ ဒါကတော့ ကျမတို့ တာဝန်တခုအနေနဲ့ လုပ်ရမှာဖြစ်ပါတယ်။ ဒါဟာ သတင်းလောကရဲ့ တာဝန်တခုလည်း ဖြစ်တယ်လို့ ကျမ သတိပေးပါရစေ။”

မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ အစိုးရမှာ အဓိက တာဝန်ရှိသလို ဒီလို လာဘ်ပေး လာဘ်ယူ ကိစ္စတွေ နဲ့ ပတ်သက်လို့ သတင်း မီဒီယာတွေအနေနဲ့ ဖော်ထုတ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“လာဘ်ပေးလာဘ်ယူ ကိစ္စ ဆိုတာဟာ အစိုးရနဲ့ အများကြီး ဆိုင်ပါတယ်။ ဥပဒေနဲ့လည်း ဆိုင်ပါတယ်။ အဲဒီတော့ ဒါကိုလည်း ကျမတို့အနေနဲ့ တတ်နိုင်သလောက် လုပ်သွားပါမယ်။ အဲဒီတော့ ကျမ ပြောပါရစေ၊ မီဒီယာကို ကျမ တခုတော့ မေတ္တာရပ်ခံချင်တယ်။ ဒီလာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားသမျှ သတင်းတွေတော့ ဖော်ထုတ်ပါ။ ဖော်ထုတ်တဲ့အခါကျရင် ပုဂ္ဂိုလ်ရေး မဆန်ပါနဲ့။ ပုဂ္ဂိုလ် အဓိက မဟုတ်ဘဲနဲ့ တိတိကျကျလုပ်ပါ။ မသိဘဲနဲ့ မစွပ်စွဲပါနဲ့။ မသိဘဲနဲ့ စွပ်စွဲတဲ့ဟာ လူတယောက်အတွက် အင်မတန်မှ နာပါတယ်။ နောက်တော့မှ မဟုတ်ဘူး ဆိုပေမဲ့ ညှိသွားရော။ ဥပမာ - သူတို့တွေက ပြောတာရှိတယ်မလား။ မီးမရှိဘဲ မီးခိုးမထွက်ဘူး ဆိုတာ မီးမရှိဘဲနဲ့ မီးခိုးစက်တွေ ရှိတာ ရှိပါတယ်နော်။ အဲဒီတော့ မီးခိုးစက် ဖြစ်အောင်တော့ မလုပ်ပါနဲ့။ အဲဒါတော့ သတိထားပါ။”

တချိန်က ကမ္ဘာ့ အဆင့်အတန်းမီခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် နစ်ပေါင်းများစွာ ညံ့ဖျင်းသွားခဲ့ရတဲ့ အခြေအနေ အကျိုးဆက်ကို ဒီကနေ့ လူငယ်တွေ ခံစားနေရတဲ့ အကြောင်းနဲ့ ခုချိန်မှာ မြန်မာ့ပညာရေးကို ကမ္ဘာ့အဆင့်အတန်း ပြန်ဝင်အောင် ကြိုးပမ်းကြရမယ့် အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိဖို့ အရေးကြီးတာကြောင့်မိုလို့ နှစ်နိုင်ငံအကြား ပိုပြီးတော့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိချင်တဲ့အကြောင်းနဲ့ ဖြစ်နိုင်ရင် တရုတ်နိုင်ငံကို သူ သွားချင်ပါတယ်လို့လည်း ဒီနေ့ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

VOA (မြန်မာပိုင်း)

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှ စ၍အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီတောင်းခံမှုကြောင့် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေ အိုင်စီသို့ ပြောသည်။

၎င်းက “အရင်က တရားဝင်ရော၊ တရားမ၀င်ရော အကုန်ရတယ်။ အခုနောက်ပိုင်း မရတော့ဘူး။ လမ်းတွေပိတ်ပြီးတော့ ဖမ်း တာ။ ပိုက်ဆံပေးလည်း မရတော့ဘူး။ ဆိုင်ကယ်လည်း အ၀င်မခံတော့ဘူး”ဟု ပြောဆိုသည်။

လက်ရှိ ဆိုင်ကယ်ဖမ်းဆီးသည့် ထိုဒေသမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) လှုပ်ရှားရာ နယ်မြေဖြစ်ပြီး လွန် ခဲ့သည့် သီတင်းတစ်ပတ်ခန့်က ထိုင်းမှ မြန်မာဘက်သို့ ၀င်ရောက်လာသော ဆိုင်ကယ်ခိုးဂိုဏ်းသား ၃ဦးကို ဆိုင်ကယ် ၅စီးနှင့် အတူ KNU တပ်ဖွဲ့ဝင်များက ဖမ်းဆီးရရှိပြီး ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်။

ယခင်က တရားမ၀င် ဆိုင်ကယ်များနှင့် ခိုးရာပါ ဆိုင်ကယ်များကို လမ်းတစ်လျှောက် အစိုးရစစ်တပ်များ ဖြစ်ကြသော ရှေ့တန်း အမှတ်-၂ နည်းဗျုဟာမှူး ဗိုလ်မှူးကြီးဇော်လွင်ဌေးမှ ဆင်ဖြူတိုင်ရွာတွင်လည်းကောင်း၊ ရှေ့တန်း ခမရ(၅၉၅) တပ်ရင်းမှူး ဗိုလ်မှူး အောင်ကျော်နှင့် ဗိုလ်ကြီးသန့်ဇင်ဦးတို့မှ အိုင်ဝိုင်းစခန်းတွင် ဂိတ်များဖွင့်၍ ကောက်ခံခဲ့သည်။

အဆိုပါဂိတ်များမှာ တရားဝင်ဂိတ်များ ထားရှိခြင်းမျိုး မဟုတ်ဘဲ အလျဉ်းသင့်သလို ဆိုင်ကယ်တစ်စီးကို အမျိုးအစားအလိုက် ဘတ်ငွေ ၅၀၀မှ ၁၀၀၀အထိ တောင်းခံပြီး ပြန်လွှတ်ပေးလေ့ရှိရာမှ တရားမ၀င်ဆိုင်ကယ် များပြားလာခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ဒေသခံတစ်ဦးက “အခု ဒီနယ်မှာရှိတဲ့ ဆိုင်ကယ်အားလုံးလိုလိုက တရားမ၀င်တဲ့နည်းနဲ့ ၀င်ရောက်လာ ချည်းပါပဲ။ အရင်က ပိုက် ဆံပေးပြီးတော့ သယ်လို့ရတယ်။ အဲဒီလို လွှတ်ပေးတာများတော့ ပြဿနာက တဖြည်းဖြည်း ကြီးလာတဲ့အခါကျတော့ ပြန်ပြီး တင်းကြပ်တဲ့သဘော ဖြစ်မယ်”ဟု ပြောသည်။

ယခုမတိုင်မီကာလ၌ ထိုင်းဘက်ခြမ်းမှ ဆိုင်ကယ်များကို ၀ယ်ယူရန် ပြည်တွင်းရှိ ၀ယ်ယူသူများက လူကယ်ရီများကို ဘတ်ငွေ ၄၀၀၀မှ ၅၀၀၀ခန့် ငှားရမ်း၍ တရားမ၀င် သယ်ဆောင်စေခဲ့သည်ဟု သိရသည်။

တရားမ၀င် ဆိုင်ကယ် အရေအတွက် များပြားလာသည့် ယင်းဒေသတွင် ယခင်က အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် နယ်မြေတည်ငြိမ်မှု မရှိခဲ့ခြင်းတို့ကြောင့် ယခုအချိန်ထိ တရားဝင်ဆိုင်ကယ်များကို လိုင်စင်များ ထုတ်ပေးနိုင်ခြင်း မရှိသေး ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ကေအိုင်စီ

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးနှိပ်စက်ခံရသူမှာ အမ်းမြို့ တပ်တောင် ရွာမှ ဦးမောင်ခိုင်စိုး ဖြစ်ပြီး သူ့အား ကျောက်ဖြူမြို့နယ် ငသန့်သာကျွန်းတွင် ပိုက်ချနေစဉ် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံရခြင်း ဖြစ်ကြောင်း နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ဖုံးထဲမှ တဆင့် ဖြေကြားခဲ့သည်။

“ ကျွန်တော်ကို ဖမ်းဆီးနှိပ်စက်တာပါ။ သူတို့ထဲက လူနှစ်ယောက်က ရေတပ်က ဆရာကြီးတွေဆိုပြီး ကျွန်တော်ကို စစ်ဆေး မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ယူသွားပါတယ်။ စက်လှေပေါ်ကို ရောက်တာနဲ့ ကျွန်တော်ကို ချည်နှောင်ပြီး အသားကုန် နှိပ်စက်ပါတယ်။ လည်ပင်းပေါ်ကို ဓါးတင်ပြီလည်း လိုတဲ့ဆုကို တောင်း၊ ဒီနေ့ဟာ ခင်ဗျားရဲ့ နောက်ဆုံးနေ့လို့ ပြောပါတယ်။ ကျွန်တော်ကတော့ ငါသေသွားရင် ဥပဒေက ရှင်းပေးလိမ့်မယ်လို့ ပြန်ပြောပါတယ်။ စက်လှေနဲ့ ကျွန်တော်ကို အသိုင်းကြီး ကျေးရွာကို ခေါ်သွားခဲ့ပါတယ်။ ကျွန်တော်ကို ညနေ ၈ နာရီမှာ ဖမ်းခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။

သူတို့က ဘာကြောင့်ခုလို နှိပ်စက်ရပါသလဲဟု မေးမြန်းရာ ဦးမောင်ခိုင်စိုးက ယခုလို ဆက်ပြောသည်။

“ ကျွန်တော်က သူတို့ကို ငွေမလှူဘဲ အသိုင်းကြီးရွာ ဘုရားဂေါပကကို ငွေလှူတဲ့ အတွက် ဖြစ်ပါတယ်။ ကျွန်တော်က မော်လာပိုက်ချတိုင်း အသိုင်းကြီးရွာ ဂေါပကို ငွေ ၅၀၀၀ စီ လှူပါတယ်။ အဲဒါကို သူတို့ကို မလှူရကောင်းလားဆိုပြီး ဖမ်းဆီးပြီး နှိပ်စက်တာ ဖြစ်ပါတယ်။ တစ်ခြား သူတို့နဲ့ ဘာပြဿနာမှ မရှိပါ” ဟု ဆိုသည်။

ရေတပ်သား အယောင်ဆောင်ပြီး ဖမ်းဆီးနှိပ်စက်သူမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး သားဖြစ်ကြောင်း သူက ပြောသည်။

“ သူတို့က အသိုင်းကြီးရွာကို ခေါ်ယူသွားပြီး ကျွန်တော် မျက်နာကို လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန် အဲသလို လုပ်နေစဉ်မှာ မမြင်နိုင်တဲ့ ဘုရား ဂေါပကကနေ ဒီငွေဟာ မင်းတို့နဲ့ မဆိုင်ဘူး။ ငါတို့ ဘုရားဂေါပကို လှူတာသာ ဖြစ်တယ်လို့ ၀င်ပြောတဲ့ အတွက် သူ့ကိုလည်း ၀ိုင်းပြီး လက်သီးတွေနဲ့ ထိုးတဲ့အတွက် ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးနှိပ်စက်ခြင်းမှာ တစ်ခြားအကြောင်းအရာ မရှိဘဲ သူတို့အား ငွေမလှူသဖြင့် အာဏာပြ နိုင်ထက် စီးနှင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ဦးမောင်ခိုင်စိုးအား အသိုင်းကြီးကျေးရွာမှ တဆင့် ဇင်ကျွန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူး အိမ်သို့ စက်လှေဖြင့် ဆက်လက် ခေါ်ယူလာခဲ့ကြောင်း၊ ရွာကို စက်တင်္ဘာလ ၃၀ ရက်နေ့ နံနက် အာရုံတက်ချိန် ၂ နာရီမှာ ရောက်ရှိကြောင်း၊ ဇင်ကျွန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ အိမ်တွင် မရှိဘဲ ဇနီးသာ ရှိနေသဖြင့် ဇနီးဖြစ်သူ နှင့် နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးနှစ်ဦးမှ အမူမလုပ်ကြောင်း၊ ကျေအေးကြောင်း လက်မှတ် ရေးထိုး ပေးလိုက်ပြီးမှ ဦးမောင်ခိုင်စိုးကို လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

“ ကျွန်တော်လည်း လက်မှတ်ရေးထိုးခိုင်းပါတယ်။ ကျွန်တော်လည်း စကားထပ်မများချင်တာနဲ့ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ အခု ရပ်ရွာက လူကြီးတွေရဲ့ အကူအညီနဲ့ ပြည်နယ် အစိုးရ အပါအ၀င် နိုင်ငံရေး ပါတီတွေကို တိုင်ကြားထားလိုက်ပါပြီ” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ အသိုင်းကြီးကျေးရွာမှ အရိုက်ခံရပြီး ဆေးရုံတင်ခဲ့ရသူ ဘုရားဂေါပ လူကြီး သားမှ တရားစွဲဆိုမည် ဖြစ်သဖြင့် သက်သေ အဖြစ် လိုက်ပါ ဆောင်ရွက်ပေးရန် ဦးမောင်ခိုင်စိုးကို ယမန်နေ့က ဖုံးဆက် အကြောင်းကြားလာသည်ဟု ကျေးရွာ လူကြီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောပြသည်။

ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်


ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“သူတို့ဘက်က ရမ်းတန်းပစ်နေတာ အခုလဲပစ်နေတုန်းဘဲ ခန့်မှန်းပြီးပစ်နေကြတယ်။ ခုလဲ မြည်နေတယ်။ ကျနော်တို့ဘက်ကတော့ ဘာမှ မဖြစ်ဘူး။ အခု ကျနော်တို့နဲ့အနီးကပ်မှာ ရှိနေတယ်။ အစိုးရတပ်ဘက်မှာ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ်ရာရတာ မသိသေးဘူး။ ခုဆက်တိုက်ဖြစ်နေလို့။” ဟုဆက်ဆိုသည်။

မြန်မာအစိုးရတပ်သည် နောင်ဟမ် (Nawng Hem) တွင် အင်အား ၁၀၀ ကျော်ရှိပြီး ယနေ့ နံနက်တွင် ၎င်းသို့တပ်မှ ထွက်လာချိန် KIA တပ်ဖွဲ့များနှင့် တွေ့ဆုံပြီး ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမြန်မာအစိုးရတပ်သည် မုန်ဂိုးဒေသ ကချင်ကျေးရွာများတွင် လှည့်လည်ကျက်စားနေသော တပ်ဖွဲ့ဖြစ်ပြီး ဒေသခံပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားကြောင်းသိရသည်။

ယမန်နေ့ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီခွဲတွင်လည်း ကချင်ပြည်နယ် အသိမ်းပိုက်ခံ KIA ဌာနချုပ်ဟောင်း နာဖေါ့ (Na Hpaw) မြန်မာအစိုးရ တပ်စခန်းမှ ဒဏ်ရာရ အရာရှိတဦးနှင့် တပ်သားတဦးကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“မနေ့က ရဟတ်ယာဉ်နဲ့ သယ်သွားတာ အားလုံး ၆ ယောက်ဟုတ်တယ်။ ဒဏ်ရာပြင်းတာက ၂ ယောက် ကျန်တဲ့ ၄ ယောက်က ဘာမဖြစ်ဘူး လူနာစောင့်လား။ လူလဲတာလား တော့မသိဘူး။”

ရဟတ်ယာဉ်အား KIA တပ်များ လေယာဉ်ပစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သော်လည်း အဝေးမှပစ်ခတ်ခြင်းကြောင့် ထိမှန်ခြင်းမရှိကြောင်းသိရသည်။

“၁၀ နာရီလောက်မှာ လာဆင်းတယ်။ အဲ့ချိန် ပစ်တာ ဒါမယ့် ၂ မိနစ်လောက်ပျံသွားပြီး ၁၀ ခွဲမှာ လူနာတွေကို ပြန်သယ်သွားတာ။” ဟု ရှေ့တန်းမှဆိုသည်။

ထိုလူနာတင် ရဟတ်ယာဉ်သည် မြစ်ကြီးနားဘက်သို့ ပျံသွားကြောင်းသိရသည်။ ၎င်း နာဖေါ့ (Na Hpaw) တွင်ရှိသော မြန်မာအစိုးရတပ်သည် ယခုချိန်တွင် ရဟတ်ယာဉ်ဖြင့်သာ ရိက္ခာများ ပို့နေရကြောင်း KIA အရာရှိများ ဆိုသည်။

ယင်း တပ်စခန်းပတ်ဝန်းကျင်တွင် KIA တပ်များ နေရာယူထားသောကြောင့် ကုန်းလမ်းဖြင့် ရိက္ခာပို့ရန် မဖြစ်နိုင်ကြောင်းသိရသည်။ နာဖေါ့ (Na Hpaw) စခန်းတွင် ယခုချိန် မြန်မာအစိုးရ စစ်သား ၁၀၀ ကျော် ရှိကြောင်းသိရသည်။

သင်္ဃန်းကျွန်း(ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကိုယ်ကျိုးရှာ မလျော်အာဏာ သုံးမှုနှင့် ပတ်သက်၍ ရပ်ကွက်တွင်းမကျေနပ်မှုများဖြစ်ပေါ်


ရန်ကုန်အရှေ့ပိုင်းခရိုင်သင်္ဃန်း ကျွန်းမြို့နယ်(ဂ)ရက်ကွက်အုပ်ချုပ် ရေးမှူးအနေဖြင့် ရပ်ကွက်တွင်း ဧည့်စာရင်းကိစ္စများ၊အိမ်ရောင်း ၀ယ်၊ငှားကိစ္စများမိမိကိုယ်ကျိုး အတွက် ပြည်သူထံမှ နည်းမျိုးမျိုး ဖြင့် ငွေတောင်းခံလျက်ရှိနေပြီး ရပ်ကွက်တွင်းပြည်သူအချင်းချင်း ကြားပဋိပက္ခဖြစ်စေမည့် လှုံ့ဆော် စကားများပြောကာမလျော်အာဏာ စသုံးရသည့်အတွက် (ဂ)ရပ် ကွက် လူထုကြားမကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရ သည်။

““ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ရဲ့ကိစ္စ၀ိစ္စအားလုံးကို ကိုယ်နဲ့မဆိုင်သလိုလျစ်လျူရှုထား တယ်။ရပ်ကွက်က ပြည်သူနဲ့ဆက် ဆံတဲ့အခါမှာလည်း အရမ်းကို မောက်မောက်မာမာဆက်ဆံတယ်။ အိမ်ငှားတာတို့ အိမ်ရောင်းဝယ် ကိစ္စတွေပဲ သူကဦးစားပေးလုပ် တယ်။တစ်အိမ်ကို ငါးသောင်း၊ မိမိငှားရင်သူ့ရုံးခန်းမှာစာချုပ်ချုပ် တာတို့ကိုလည်း သူ့ရုံးခန်းမှာပဲ လုပ်တယ်။သူ့နာမည်စိုးမြင့် အိမ် ရောင်းဝယ်ကိစ္စတွေမှာဆို အလုပ် ဖြစ်သွားရင် တစ်သိန်း သူ့ကို ပေး ရတာ စစချင်းဧည့်စာရင်းစယူရင် နှစ်ထောင်တောင်းတယ်။ထောက် ခံစာလုပ်ရင် ငါးရာတောင်းတယ်။

ဧည့်စာရင်းတိုင်ရင်လည်း အလှူ ငွေဆိုပြီး ကောက်သေးတယ်။ အိမ်တွေဆောက်ရင် ပိုက်ဆံကို တောင်းတတ်တယ်။အဲ့ဒါတစ်ခု ပဲသိတယ်။မြောင်းတွေပိတ်နေ တာတွေဘာတွေ သူဘာမှစိတ် မ၀င်စားဘူး။ခုရပ်ကွက်ထဲမှာ မြောင်းတွေကပိတ် အချို့အိမ်တွေ မှာ ပိုးလောက်လန်းတွေပေါက်ပြီး ရေတွေအိုင်နေတာ ဒီလိုအခြေ အနေမျိုးမှာ ရပ်ကွက်အုပ်ချုပ်ရေး မှူးက ဦးဆောင်ပြီး ရပ်ကွက်သား တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ရမယ် လေ ခု ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီအုပ်ချုပ်ရေးမှူး စိုးမြင့်ဆိုတဲ့ လူကိုရော သူ့ကိုမြှောက်ပင့်ပြီး သတင်းပေးနေကြတဲ့ သူတွေကို ရော တစ်ရပ်ကွက်လုံးက မကျေ နပ်ဘူး””ဟု (၈)ရပ်ကွက်နေ လူထု မှ Hot News ဂျာနယ်သို့ပြော ကြားသွားခဲ့သည်။

““ကျွန်မအနေနဲ့ ဒီရပ်ကွက်ကို ဆင်းတဲ့အခါ လူထုကပြောတယ်။ အုပ်ချုပ်ရေးမှူးက ဒီကဘာသာ ၀င်အချင်းချင်းကြား ပြဿနာဖြစ် စေနိုင်တဲ့ လှုံ့ဆော်စကားတွေပြော နေပါတယ်။အဲ့ဒါဘာလဲဆိုရင် သူက ကုလားစော်နံတယ်ဆိုပြီး ပြောပြောနေတယ်။ဒီမှာ ဗုဒ္ဓဘာ သာဝင်ရော၊အစ္စလာမ်ဘာသာဝင် ရော ကျန်ဘာသာဝင်တွေရော ညီညွတ်စွာနဲ့ရိုင်းပင်းကြတာ သူ ခုလိုပြောတော့ ဘယ်သင့်မလဲ””ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်စန်းစန်းမြင့် မှလည်း အုပ်ချုပ်ရေးမှူး၏ ဘာ သာရေးသွေးခွဲစကားပြောနေမှု အပေါ်သုံးသပ်ပြောကြားသွားခဲ့ သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး အနေဖြင့်နည်းမျိုးစုံဖြင့် မလျော် အာဏာသုံးကာ ကိုယ်ကျိုးရှာလျက် ရှိနေပြီး လမ်းသူလမ်းသားများ စုပေါင်းထည့်ဝင်ကြေးများဖြင့် ခင်းထားသော ရပ်ကွက်တွင်းရှိ ကွန်ကရစ်လမ်းအားလည်း ဆက်လက်လုပ်ကိုင်ဆောင်ရွက် နိုင်ခြင်းမရှိရန် တားမြစ်ထားသဖြင့် လူထုမှ မကျေမနပ်ဖြစ်ကာ ယင်း အား အထက်ဌာနဆိုင်ရာ တာဝန် ရှိသူများမှ ဖြေရှင်းပေးခြင်းမပြုပါ က ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့် လူထုကြားပြဿနာများပိုမိုကြီး ထွားလာနိုင်ကြောင်း စုံစမ်းသိရှိ ရသည်။

ဘဏ်ငွေထုတ်လာသူ အမျိုးသမီးထံမှ ငွေထုတ်လုယက်သူကို မကွေးတိုင်းရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်းဖော်ထုတ်နိုင်ခဲ့


မကွေးတိုင်းဒေသကြီးမကွေး ခရိုင်မကွေးမြို့ ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီးပြန်လာသူ မိန်းကလေး နှစ်ဦးထံမှလမ်းမှဖြတ်၍ ငွေ ထုပ်အားအမည်မသိ ဆိုင်ကယ် စီးယောင်္ကျားသားတစ်ဦးက လုယူထွက်ပြေး သွားမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထက်ဌာနအဆင့်ဆင့်တို့၏ စီမံ ညွှန်ကြားကွပ်ကဲ ဆောင်ရွက်မှု များကြောင့် ငွေထုပ်လုယူသွား သူအမည်မသိ အမျိုးသားအား (၂၄)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ (၄.၁၀.၂၀၁၂) နေ့ နေ့လည်(၁၁း၀၀)ကျော် ခန့်က မကွေးမြို့ဆုံရပ် (၁၃) လမ်းနေ (ဘ) ဦးဖိုးတာ ၏ သမီး မထက်ထက်ခိုင် (၂၅)နှစ်နှင့် သူငယ်ချင်းဖြစ်သူအောင်စေတနာ ရပ်ဟိုက်ကလပ်ကဖေးအနီးနေ (ဘ)ဦးမောင်သန်း၏ သမီးမခိုင် ရွှေရည်ဦးတို့သူငယ်နှင်းနှစ်ဦး သည် ငွေကျပ်(၁၅)သိန်းအား ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမပေါ်ရှိကမ္ဘောဇဘဏ်မှ ထုတ်ယူပြီး စူပါကတ်မော်တော် ဆိုင်ကယ်ရှေ့ခြင်းထဲသို့ထည့်၍ ပြန်လာခဲ့ရာပြည်တော်သာ လမ်းနှင့် သစ်္စာလမ်းထောင့် အရောက်တွင်ဆိုင်ကယ်စီးအမည် မသိယောက်ျားသားတစ်ဦးက ညာဘက်မှကပ်ပြီး ရန်ကင်းဈေး ဘယ်နားမှာလဲဟု မေးယောင် ပြုကာဆိုင်ကယ်ခြင်းထဲရှိ ပလတ်စတစ်အိတ်ဖြင့်ထည့်ထား သော ငွေ(၁၅)သိန်းထုတ်အား နှိုက်ယူထွက်ပြေးသွားခဲ့သည် ဆို၏။

ယင်းသို့ လုယူသွားစဉ် ပြည်တော်သာလမ်းအတိုင်း အနောက်မှလိုက်ကာပတ်ဝန်းကျင် သို့အော်ဟစ်အကူအညီတောင်း လိုက်သော်လည်း မရရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်လမ်းမအနောက်ရှိယာဉ် ထိန်းရဲမှ ကျော်လွန်သွားသော ဆိုင်ကယ်စီးသူ၏ ဦးထုပ်အရောင် အား အမှတ်အသားပြု၍ အရှေ့ ဂိတ်အာရှဓါတ်ပုံအနီးရှိယာဉ်ထိန်း တို့အား စက်ဖြင့်အကြောင်းကြား သော်လည်းအမည်မသိဆိုင်ကယ် စီးအမျိုးသားမှဦးထုပ်အားလွှင့်ပစ် ထားခဲ့ခြင်း၊ အပေါ်အင်္ကျီချွတ်ပစ် ထားခဲ့ခြင်း၊ ဗိုလ်ချုပ်ကြေးရုပ် မြောက်ဘက်မှ ရုံးကြီးအရှေ့ ဘက်လူသွားလမ်းသို့ချိုးကွေ့ လွတ်မြောက်သွားခဲ့သည်ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့ အမှတ်(၁)ရဲစခန်းမှ (ပ)၂၄၀/၂၀၁၂ ပြစ်မှုပုဒ်မ (၃၈၂)ဖြင့် အမှုဖွင့်လှစ်ထားခဲ့ သည်။

ယင်းနောက်မကွေး အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲလွင်က အခင်းဖြစ်ပွားမှု များအား မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ တိုင်းရဲတပ်ဖွဲ့မှူးတို့ထံ အချိန်နှင့် တပြေးညီတင်ပြခဲ့ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကွေးတိုင်း ရဲတပ် ဖွဲ့မှူးဦးဝင်းကြည်၏ စီမံညွှန်ကြား မှု ခရိုင်ရဲတပ်ဖွဲ့မှူး ဦးသိန်းဝင်း၏ အနီးကပ် ကွပ်ကဲဆောင်ရွက်မှု မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင်မျိုး အောင်နှင့် ရဲအုပ်စခန်းမှူးရဲလွင် တို့မှ ကိုယ်တိုင်ဦးစီး၍နယ်မြေ အတွင်းရပ်ကင်း/လှည့်ကင်း/ ၀ပ်ကင်းများ နေရာအနှံ့ချမှတ် ထားပြီး မြို့ဝင်/မြို့ထွက် လမ်း များ ပိတ်ဆို့ခြင်းနီးစပ်ရာမြို့များ မှရဲစခန်းများအားအကြောင်းကြား ပိတ်ဆို့စေခြင်းများ ပြုလုပ်ပြီး ဒုစရိုက်သမားများအတွက်နေရာ မရှိစေရ၊ ရဲတပ်ဖွဲ့၏ဆောင်ပုဒ်နှင့် အညီဒုစရိုက်သမားနောက်သို့ ခြေရာကောက်နောက်ကြောင်းခံ၍ နယ်မြေအတွင်းအသွင်အမျိုးမျိုး ဖြင့် စုံစမ်းထောက်လှမ်းရာမှ အမည်မသိဆိုင်ကယ်စီး ငွေထုတ် လုယူသွားသူ ကျော်သူ (၂၆)နှစ် (ဘ)ဦးစိုးမြင့် ပြည်ကြီးတံခွန် (ဘ-၁၃)ရပ်ကွက် မန္တလေးမြို့နေသူ အား(၂၄)နာရီအတွင်းလက်ရဖမ်း ဆီးနိုင်ခဲ့ပြီး သက်သေခံလုယူ သွားသော ငွေ(၁၅)သိန်းအား အချိန်မီ သိမ်းဆည်းနိုင်ခဲ့သည်။

ယင်းအမှုအားမကွေးအမှတ် (၁)ရဲစခန်းမှ ဆက်လက်စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူရဲအရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဟင်္သာ (တောင်တွင်းကြီး)