Tuesday, September 25, 2012

အင်္ဂလန် ဘောလုံး နည်းပြဟောင်း အဲရစ်ဆင် မြန်မာပြည် ရောက်

အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာသော အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း
မစ္စတာ အဲရစ်ဆင်ကို ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း (YUFC) မှ လာရောက်ကြိုဆိုသူများနှင့် တွေ့ရစဉ်
(ဓာတ်ပုံ – YUFC)

မြန်မာဘောလုံးလောက ဖွံဖြိုးရေးနှင့် လက်ရွေးစင် ဘောလုံးအသင်း တိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများပေးရန် အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဆွီဒင်လူမျိုး ဆဗန်ဂိုရန် အဲရစ်ဆင်သည် ယနေ့ နေ့လည် ၂ နာရီခန့်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

အဲရစ်ဆင်သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း (YUFC) ၏ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရက်တာ နေထိုင်မည်ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတာဝန်ခံ ကိုဇွဲက ဆိုသည်။

“မြန်မာ့နိုင်ငံကို အလည်အပတ်လာရင်းနဲ့ ဘောလုံးလောက တိုးတက်ဖို့ သူကူညီတဲ့သဘောပါ။ ညနေမှာတော့ ကျနော်တို့ လေ့ကျင်ရေးကွင်းကို လာကြည့်မယ်၊ နောက်သူ့ကို ညစာစားပွဲနဲ့ ဂုဏ်ပြုမယ်” ဟု ၎င်းက ဆိုသည်

ခရီးစဉ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ သွားရောက်ကာ နည်းပြများနှင့် ဘောလုံးသမား စွမ်းရည်တိုးတက်ရေး အတွက် ဆွေးနွေးအကြံပြုမည်ဖြစ်သည်။

မစ္စတာ အဲရစ်ဆင်သည် အင်္ဂလန် လက်ရွေးစင်အသင်းကိုသာမက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မက္ကဆီကို၊ အိုင်ဗရီကို့စ် အသင်းများကိုလည်း ကိုင်တွယ်လေ့ကျင်ပေးခဲ့ဖူးသည်။

အလားတူ ဥရောပ ကလပ်အသင်းကြီးများဖြစ်သည့် ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာ၊ အီတလီ စီးရီအေ ကလပ်အသင်းများဖြစ်သည့် ဖီအိုရင်တီးနား၊ ရိုးမား၊ လာဇီယို စသည့် အသင်းကြီးများကို ကိုင်တွယ်ခဲ့သည်။

လာဇီယိုအသင်းသည် သူကိုင်တွယ်သည့်နှစ်တွင် စီးရီးအေ ချန်ပီယံသာမက ဥရောပတွင်လည်း အောင်မြင်သည့်အသင်း ဖြစ်လာခဲ့သည်။ ထို့နောက် အင်္ဂလန်မြေသို့ ပြောင်းရွေ့ကာ လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သည်။

အင်္ဂလန် လက်ရွေးစင်အသင်းတွင် အောင်မြင်မှု မရသည့်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ၀ယ်ယူခဲ့သည် မန်စီတီးအသင်းတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။

လက်ရှိအချိန်တွင် နည်းပြကြီး အဲရစ်ဆင်သည် ထိုင်းနိုင်ငံ၏ နာမည်ကြီး ဘီအီးစီ တယ်ရိုဆက်စနာအသင်းတွင် အားကစား နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။

မကြာသေးမီကလည်း မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် ကမ္ဘာကျော် ဘောလုံးသမားများဖြစ်သည့် ဂျပန်လက်ရွေးစင်ဟောင်း နာကာတာ၊ လီဗာပူး ကစားသမားဟောင်း ဂျွန်ဘမ်းတို့လည်း လာရောက်အကြံပြုကြောင်း သိရသည်။

ငြိမ်းချမ်းရေးနေ့ ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူများကို အမှုဖွင့်ပြီ

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက် ဆန္ဒပြပွဲ ကျင်းပစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကမ္ဘာ့ငြိမ်းချမ်းရေး နေ့က ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်စေရေး လမ်းလျှောက်ချီတက် ဆန္ဒ ထုတ်ဖော်ပွဲများ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့မှုဖြင့် ဦးဆောင်သူ ၁၂ ဦးကို အာဏာပိုင်များက အမှုဖွင့် အရေးယူ လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က ကျရောက်သော ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဦးဆောင်ပြီး အဖွဲ့အစည်းပေါင်း ၁၉ ခုဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး အပါအ၀င် တနိင်ငံလုံးတွင် လမ်းလျှောက် ချီတက်ဆန္ဒပြပွဲများ၊ ဆုတောင်းပွဲများကို သက်ဆိုင်ရာ အာဏာပိုင်များ တားမြစ်သည့်ကြားမှ ကျင်းပပြုလုပ် ခဲ့ကြကြောင်း၊ ထိုသို့ ပြုလုပ်သဖြင့် ရန်ကုန်နှင့် တောင်ကြီးမြို့မှ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ၁၂ ဦးကို အာဏာပိုင်များက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု ပုဒ်မ ၁၈ ဖြင့် အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။

“အခုအထိ ရန်ကုန်မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်ပွဲ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်မှုနဲ့ မြို့နယ်ရဲစခန်း ၁၀ ခုက ရန်ကုန်မှာ ဦးဆောင်တဲ့ ၉ ဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ ကျနော်တို့ကို ရဲစခန်းကနေပြီး တရားရုံးတင်မယ် ဆိုရင် လာပါမယ်ဆိုတဲ့ ၀န်ခံကတိ စာရွက်တွေကို အတင်းအကျပ် လက်မှတ် ထိုးခိုင်းတယ်” ဟု ရန်ကုန်မြို့တွင် ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ တဦးဖြစ်သည့် ကိုမိုဃ်းသွေးက ဆိုသည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့ကြသော ကိုဂျော်ဂွန်း၊ ဒေါ်မေစပယ်ဖြူ၊ ကိုမိုဃ်းသွေး၊ မခင်စန္ဒာညွန့်၊ မဖွေးယုမွန်၊ ကိုကျော်ဘိုဘို၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဦးဝင်းချို၊ ကိုဝေဠု တို့ကို စမ်းချောင်း၊ ကမာရွတ်၊ ကျောက်တံတား၊လှိုင်၊ ဗဟန်း၊ ကြည့်မြည်တိုင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်ရဲစခန်းများက အမှုဖွင့် အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ တောင်ကြီးမြို့တွင်လည်း ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်ခဲ့သည့် တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ကိုအောင်သူ၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုဘိုဘိုဟန်နှင့် တောင်ကြီးမြို့ခံ တဦးဖြစ်သည့် ကိုနေမျိုးအောင်တို့ ၃ ဦးကို တောင်ကြီးမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လိုက်ပြီး မကြာမီ တရားရုံးတင် စစ်ဆေး အရေးယူသွားမည်ဟု တောင်ကြီးမြို့ NLD ရုံးက ဆိုသည်။

“တောင်ကြီးမြို့ အာဏာပိုင်တွေက မင်းတို့အားလုံးကို တရားစွဲလိုက်ပြီ။ မနက်ဖြန် တရားရုံးတင်မယ့် ရက်ကို အတိအကျ သိရမယ်လို့ ပြောတယ်” ဟု တရားစွဲဆိုခံရသည့် ကိုအောင်သူက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများက ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူများကို အရေးယူနေခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း အသေးစိတ် တိတိကျကျ ဖြေဆိုရန် ငြင်းဆန်ကြသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ထွေးက စက်တင်ဘာ ၂၁ ရက်နေ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲ ဦးဆောင်သူများအပြင် ပါဝင်သူများကို စစ်ဆေး ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်သော အထူး သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်မြို့တွင်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆန္ဒထုတ်ဖော်ပွဲကို ပေါ်တော်မူကျောင်းတိုက် (တောင်ပေါ်) တွင် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပွဲကျင်းပချိန် နာရီပိုင်းအလိုမှ တိုင်းသာသနာရေးဦးစီးမှူး ဦးဝင်းသိန်းက တားမြစ်ခဲ့ပြီး အကယ်၍ တားမြစ်သည့်ကြားမှ ကျင်းပလျှင် ကျောင်းထိုင်ဆရာတော်ကို ထောင် ၃ နှစ်ချနိုင်သည်ဟု ဖုန်းဆက် ပြောလာသဖြင့် ပြင်ပ ကျူရှင်တခုတွင် အကူအညီတောင်းပြီး အကျဉ်းရုံး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲကျင်းပခဲ့သဖြင့် ဦးဆောင်သူ ၁၀ ဦးကို ယမန်နေ့က ပြည်မြို့နယ်ရဲစခန်းမှ ခေါ်ယူ သတိပေးခဲ့သည့် အပြင် ပေါ်တော်မူ တောင်ပေါ်ကျောင်းထိုင် ဆရာတော် ဦးဝိမလကိုလည်း ၂ ရက်ဆက်တိုက် ရပ်ကွက် သံဃမဟာ နာယက အဖွဲ့ရုံးက ခေါ်ယူပြီး နောက်နောင် လူမှုအဖွဲ့အစည်းများနှင့် မပတ်သတ်ရန် ခံဝန်ကတိ လက်မှတ် ရေးထိုးစေခဲ့သည်ဟု မြို့ခံများက ဆိုသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူ ခံထားရသူများ အနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၃ သောင်း၊ ထောင်ဒဏ်နှင့်ငွေဒဏ်ပါ ပူးတွဲ ချမှတ်နိုင်ကြောင်း ဥပဒေတွင် တရားဝင်ပြဋ္ဌာန်းထားသည်။

ပါတီထောင်ရန် ၈၈ အဖွဲ့ စဉ်းစားနေ




၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေဖြင့် အနာဂတ် အခင်းအကျင်းတွင် နိုင်ငံရေး ပါတီတရပ် ထူထောင်ရန် အလေးအနက် စဉ်းစားနေကြောင်း သိရသည်။

“လွတ်ပြီးခါစ သတင်းစာရှင်းလင်းပွဲတွေက စပြီး တောက်လျှောက် ပြောပြီးသားပါ။ တရားဝင် ဆုံးဖြတ်ပြီးတဲ့ အခါကျရင် အားလုံး သိရမှာပါ။ အခု အချိန်အထိကတော့ ကျနော်တို့ လေးလေးနက်နက် စဉ်းစားနေတုန်းပါ” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီး က ဧရာဝတီသို့ ပြောသည်။

တခြား ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေးကလည်း တနေ့နေ့တချိန်ချိန်တွင် တဦးချင်း အားသန်ရာအလိုက် နိုင်ငံရေးပါတီပုံစံ သွားမည့်သူများ ရှိနိုင်ကြောင်းလည်း ပြောသည်။

“တချို့နိုင်ငံရေး လောကထဲမှာ လုံးလုံးလျားလျား နိုင်ငံရေးပါတီတခုခုမှာ ၀င်တာမျိုး၊ ဒါမှမဟုတ် နိုင်ငံရေးပါတီ တခုခုကို ထောင်တာမျိုး၊ ဒါမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ CSO, NGO လိုင်းမှာ ကျန်ခဲ့သူတွေလည်း ကျန်ခဲ့မယ်။ အဲဒါက ကာလတရပ်မှာ ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် လောလောဆယ်တော့ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာ အစီအစဉ်မှတော့ မရှိသေးဘူး” ဟု ဦးမြအေးက ဆိုသည်။

မြန်မာနိုင်ငံသို့ ခတ္တရောက်ရှိနေသည့် ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်က ၈၈ မျိုးဆက် ကျောင်းသားများအား နိုင်ငံရေး အင်အားစုတခုအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်စေလိုကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ ၀င်ရောက်ခြင်းနှင့် နိုင်ငံရေးပါတီ သီးခြားတည်ထောင်ပါကလည်း ကြိုဆိုထောက်ခံ သွားမည်ဖြစ်ကြောင်း ပြောသည်။

“၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို တိုက်တွန်းချင်တာကတော့ NLD ထဲ ၀င်လိုက်ရင် ပိုပြီးတော့ အဆင်ပြေမယ်၊ ပိုပြီးတော့ ကောင်းမယ်ပေါ့လေ။ NLD ပါတီလည်း ပိုပြီး အင်အားရှိသွားမယ်၊ မျိုးဆက်သစ်တွေအနေနဲ့ ဆက်လက် ဦးဆောင်သွားနိုင်တာပေါ့၊ ပါတီသစ်တရပ် တည်ထောင်ဖို့၊ အရှည်သဖြင့် တည်တံ့အောင်လုပ်ဖို့ဆိုတာ အလွန် ခက်ပါတယ်” ဟု လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သူ ဦးမိုးသီးဇွန်က ပြောသည်။

အကယ်၍ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် ပါတီသစ်တခု တည်ထောင်ရန်၊ ခိုင်မြဲရန် အခက်အခဲများ၊ စိန်ခေါ်မှု များရှိသည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း လိုကြောင်း သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကလည်း ၈၈ မျိုးဆက် ကျောင်းသားများအား ပါတီတွင်း ၀င်ရောက်လာရန် လမ်းဖွင့်ပေးထားကြောင်း NLD သတင်းရပ်ကွက် အဆိုအရ သိရသည်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ပတ်သက်၍ သဘောထား မေးမြန်းမှုတခုတွင် အနုပညာအားကောင်းသူ၊ လူမှုရေး စိတ်အားထက်သန်သူ၊ နိုင်ငံရေး စိတ်အားထက်သန်သူများဖြင့် စုဖွဲ့နေသည့်အတွက် ရေရှည်တွင် ယခုကဲ့သို့ အုပ်စုလိုက်ကြီး သွား၍ မဖြစ်နိုင်ကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့သည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး ၀န်းကျင်အပေါ် သက်ရောက်မှုအပေါ် မူတည်ပြီး ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ဖြည့်ဆည်းလျှင် အကောင်းဆုံးဖြစ်မည်ကိုသာ အခြေခံ စဉ်းစားလေ့ရှိကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့သည် အသွင်အမျိုးမျိုးဖြင့် တဦးချင်း အားကောင်းမှု၊ အစုအဖွဲ့လိုက် စိတ်အားထက်သန်မှု စသည်ဖြင့် ရှိသော်လည်း အနာဂတ်တွင် ထီးရိပ် တခုတည်းအောက်၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

“ကျနော်တို့ထဲမှာ နိုင်ငံရေးကို ဇောက်ချလုပ်တဲ့အစုတစု၊ အင်အားစုတခုအဖြစ် ကျနော်တို့ထဲမှာ ထွက်လာမှာပါ။ တခြား လူမှုရေး လုပ်ငန်းတွေမှာ ဆက်ပြီးတော့ တက်တက်ကြွကြွ လုပ်တဲ့သူတွေလည်း ရှိနေမှာပါ။ ကျနော်တို့ တခုခု ဆုံးဖြတ်ပြီးတဲ့အခါမှာ တယောက်နဲ့ တယောက် သဘောထားကွဲလွဲတာ မဟုတ်ဘဲနဲ့ ထီးရိပ်တခုတည်းအောက်မှာ လုပ်ငန်းခွဲဝေ လုပ်ကိုင်တာတွေ ရှိလာမှာပါ” ဟု ဦးကိုကိုကြီးက ဆိုသည်။

ဦးမြအေးကလည်း “အန်တီစု ပြောသွားသလိုပဲ လူမှုရေး၊ နိုင်ငံရေး၊ အနုပညာ အစရှိသည်ဖြင့် အားသန်တဲ့လူတွေ စုထားကြတာကိုး။ အချိန် ကာလတရပ်မှာတော့ ကျနော်ထင်ပါတယ်၊ သူ့လိုင်းသူ ကိုယ့်သန်ရာ သန်ရာ အဲဒီလိုမျိုး သွားကြမှာပေါ့ဗျာ။ ဒါပေမယ့် ဆိုလိုတာက ကွဲသွားမှာ မဟုတ်ဘူး။ ကွဲသွားဖို့လည်း ကျနော်တို့ မှာ မရှိဘူးဗျ” ဟု ဆိုသည်။

မြန်မာ့နိုင်ငံရေးတွင် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ၀န်းရံရေးသည် မူဝါဒ တခု လည်း ဖြစ်ကြောင်း၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေရမှုကို နားလည်ရန်လိုပြီး ဒီမိုကရက်တစ် အင်အား စု များအားလုံး တစုတဝေးတည်း ရပ်တည်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း ဦးမြအေးက ဆိုသည်။

“ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ၈၈ ဟာ NLD ရဲ့ ပြိုင်ဖက်မဟုတ်ဘူး၊ ပြိုင်ဖို့လည်း ကျနော်တို့မှာ စိတ်ကူးမရှိဘူး။ ၈၈ ရဲ့ ပေါ်လစီမှာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ၀န်းရံမယ်ဆိုတဲ့ဟာက ပါပြီးသား။ အန်တီစု အခု လုပ်နေရတဲ့ အခြေအနေမျိုးဟာ အလွန်တရာ ခက်ခဲပါတယ်။ အဲဒီအပေါ်မှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ တထိုင်တည်း မဖြစ်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တာမျိုးကတော့ ကျနော်တို့ လက်မခံဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယခုတလောတွင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို အစိုးရဘက်မှ ဘက်လိုက်သူများ၊ အစိုးရနှင့် နီးစပ်သူ စီးပွားရေး ကုမ္ပဏီကြီးများဘက်က ရှေ့နေလိုက်ပေးသူများ စသည်ဖြင့် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများလည်း ရှိနေရာ အဆုံးအဖြတ်သည် ပြည်သူလူထုသာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ဆိုသည်။

“လူတဦးတယောက်ချင်း၊ အဖွဲ့အစည်း တခုချင်းမှာ သမိုင်းကြောင်းရှိပါတယ်။ လုပ်ထားတဲ့လုပ်ရပ်တွေ သက်သေရှိပါတယ်။ ကျနော်တို့ အလုပ်သမား ပဋိပက္ခမှာ ဘယ်လိုဖြေရှင်းတယ်၊ လယ်ယာသိမ်းကိစ္စတွေမှာ ဘယ်လိုဖြေရှင်းတယ်၊ ငြိမ်းချမ်းရေး ကိစ္စတွေမှာဘာတွေ လုပ်နေတယ်ဆိုတာတွေ အားလုံးဟာ အကောင်အထည်တွေနဲ့ ရှိပါတယ်။ အဓိက ကတော့ ပြည်သူ အဆုံးအဖြတ်ပေးပါလိမ့်မယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

မကြာသေးမီက ဦးမင်းကိုနိုင်၏ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု မမျှတသည့်အတွက် အမေရိကန် ပြည်ထောင်စုသို့ ဆုသွားရောက်ယူမည့် ခရီးစဉ် ပယ်ဖျက်ခဲ့သည်။ ထို့ကြောင့် ပထမ အသုတ်အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၉ ဦး ၏ နိုင်ငံကူးလက်မှတ်များ ရရှိသည်ဟု ဆိုသော်လည်း တချို့သာ ထုတ်ယူပြီးသေးကြောင်း၊ လတ်တလော နိုင်ငံခြား ခရီးစဉ် မရှိသေးကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်များအား နိုင်ငံတကာမှ ပညာသင်ဖိတ်ခေါ်ခြင်း၊ လူသားအရင်းအမြစ် တိုးတက်ရေး သင်တန်းများ တက်ရောက်ရန် ဖိတ်ကြားခြင်း၊ ဆွေးနွေးပွဲများ၊ လေ့လာရေး ခရီးစဉ်များ၊ ပညာရေးဆိုင်ရာ ထပ်မံ လေ့လာ ဆည်းပူးနိုင်ရေးတို့အတွက် နိုင်ငံတကာက ဖိတ်ကြားမှုများ ရှိကြောင်း သိရသည်။

ကြော်ငြာ နဲ့  အရောင်းမြှင့်တင်ရေး တွေ မှာ မော်ဒယ်(လ)တွေ ရဲ့ ခန္တာကိုယ် အလှ အရေးပါလာ


မြန်မာ ဖက်ရှင် နဲ့  မော်ဒယ်(လ) လောက မှာ အပြောင်း အလဲ တွေ ဖြစ်လာရာ ABC ဘီယာ ၏ အရောင်း မြှင့် တင် ရေး ဉ် မော်ဒယ် များ ၏ ပြောင်းလဲ လာသည့် ဖက်ရှင် ကို ဤ သို့  တွေ့ ရစဉ်။

ယခင်က ခန္တာကိုယ် အလှ ကို ဖော်ပြခွင့် မရခဲ့ စဉ် က မော်ဒယ်(လ) များ သည် မျက်နှာ နှင့် ခန္တာ ကိုယ် ပြင်ပန်း သဏ္ဍန် လှ ပ မှု ရှိ လျှင် မော်ဒယ်(လ) လောက ထဲ ကို ၀င်ရောက် ၍ ရပြီ ဟု ဆို နိုင်သော် လည်း နောက်ပိုင်း တွင် မူ ပကတိ အလှ ကို အသား ပေး လာမှု ကြောင့် ခန္တာ တစ်ခု လုံး လှပ ကျော့ရှင်းမှ သာရ သည် ဟု မော်ဒယ်(လ) ဧဂျင်စီ မှ သင်တန်း ဆရာမ တစ်ဦး က ပြောသည်။






ကိုသိန်းစိန် လက်ပေးတတ်ပြီ


ကာတွန်း - ကူမိုးကြိုး
မိုးမခ

မူးယစ် နယ်စားနော်ခမ်း က သတ်ဖြတ်ခဲ့မိသည့် တရုပ်လူမျိုး တို့အတွက် လျော်ကြေးပေးလို။

၊ရွှေကြိဂံနယ်မြေတွင် အပိုင်စိုးသော မူးယစ်နယ်စားနော်ခမ်းသည် မဲခေါင်မြစ်ကြောင်းတလျောက်ေ ပြေးဆွဲနေသော ကုန်စည်သဘောင်္များကိုပြန်ပေးဆွဲခြင်း၊ဆက်ကြေးကောင်ခြင်းနှင့် အဓိကစီးပွား ရေးလုပ်ငန်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန်ချီခြင်းလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။ ကမ္ဘာတလွှားတွင် အက်ဖက်တမင်းမူးယစ်ဆေးဝါးများကို ရွှေတြိဂံဒေသမြန်မာဖက်ခြမ်းတွင်ထုတ်လုပ်ပြီး အများစုမှာ ထိုင်းနိုင်ငံကိုဖြတ်ကျော်၍ ကမ္ဘာဈေးကွက်သို့တင်ပို့ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းအက်ဖက်တမင်းမူးယစ် ဆေးဝါးအန္တရာယ်ကြီးမြှင့်လာမှုကြောင့် မူးယစ်နယ်စားနော်ခမ်းကို ဆုငွေထုတ်ခဲ့ပြီးနောက်မကြာခင် လာအိုနိုင်တွင်ဖမ်းဆီးရမိပြီး တရုပ်နိုင်ငံသို့လွဲပြောင်းပေးအပ်ခဲ့သည်။ ၂၀၁၁ခုနှစ် အောက်တိုဘာလတွင် မဲခေါင်မြစ်အတွင်းခုတ်မောင်းနေသော တရုပ်သဘောင်္ ၂စီးအား တိုက်ခိုက်ပြီး တရုပ်သဘောင်္သား ၁၃ဦးသတ်ဖြတ်ခဲ့မှုဖြင့် နော်ခမ်းအပါအဝင် (၅)ဦးအား ယူနန်ပြည်နယ်မြို့တော်ကူမင်းတရားရုံးတွင်တရားစွဲဆိုခဲ့သည်။အဆိုပါတိုက်ခိုက်မှုတွင် နော်ခမ်းအဖွဲ့အပြင် ထိုင်းစစ်သားအချို့ပူးပေါင်းပါဝင်ကြောင်းလည်းစွဲချက်တင်ထားသည်။

နော်ခမ်းနှင့်အဖွဲ့အား အရေးယူအပြစ်ပေးရန်အတွက် ကူမင်းတရားရုံးတွင် အမှုစစ်ဆေးနေစဉ် အတွင်း တရားသူကြီးနှင့်အဖွဲ့အား မူးယစ်နယ်စားနော်ခမ်းက ” မိမိမှာငွေသားပိုင်ဆိုင်မှု ဒေါ်လာ ၁သန်းလျောလျော့ရှိပါတယ်။ မိမိသတ်ဖြတ်ခဲ့မိတဲ့သူတွေအတွက်ဝမ်းနည်းရပြီး ကျန်ရစ်သူ မိသားစုဝင်တွေအား မိမိ အနေဖြင့် နစ်နာလျော်ကြေးပေးလိုကြောင်း” အား defendant တင်ပြတောင်းဆိုခဲ့ကြောင်း တရုပ်မီဒီယာသတင်းများကိုကိုးကားပြီး UPI သတင်းတွင်ဖေါ်ပြထားသည်။

အထက (၂) ကမာရွတ်တွင် ဓားပြတိုက်ခံရ


မြန်မာပြည်မှာ မိမိကိုယ်ပိုင်ကားများကို ထုခွဲရောင်းချကာ ကျောင်းဆောင်သစ်ဆောက်လုပ်နေသော ကျောင်းအုပ်ကြီးတစ်ယောက်အ ကြောင်းကတော့ နဲနဲဆန်းမည်ဟုထင်ပါသည်။

အထက (၂) ကမာရွတ်၊ ရန်ကုန်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီသည် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် ကျောင်းသားမိဘများကို တစ်ရက်လျှင် တစ်တန်းစီ အစည်းအဝေးခေါ်ယူပြီး ကျောင်းသားမိဘတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်းစီ ထည့်ဝင်ရန် အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေပါသဖြင့် ငွေကြေးမတတ်နိုင်သော ကျောင်းသားမိဘများအတွက် အခက်ကြုံနေရပါ သည်။


ကျောင်းသားမိဘများ အတင်းအကျပ်ဖြည့်စွက်ရသည့်ဖောင်

အစည်းအဝေးမတက်ရောက်သော မိဘများကိုလည်း နောက်တစ်နေ့ ကျောင်း လွှတ်ချိန်တွင် ကျောင်းသားငယ်များနှင့် အလှူခံပုံစံ ဖြည့် စွက်စေပါသည်။ ငွေတစ်သိန်းလှူမည်ဟု ကတိပြုစေပြီး အရစ်ကျပေးသွင်းနိုင်ကြောင်းပြောပါသည်။

MRTV 4 မှ ကျောင်းသားမိဘများနှင့်တွေဆုံခြင်းအခန်းတွင်လည်း ဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်းမှ ကျောင်းအုပ်ကြီးထံပေးအပ်သော အလှူငွေ သိန်း ၃၀၀၀ မှာ စက္ကူပုံးသာရကြောင်း ငွေတစ်ပြားမှမရကြောင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် MTP ဆောက်လုပ်ရေးနှင့် သိန်း ၅၀၀၀ သဘောတူညီပြီး စတင်ဆောင်ရွက်နေကြောင်း၊ လောလောဆယ် သိန်း ၅၀၀၀ ကို MTP ဆောက်လုပ်ရေးမှ စိုက်ထုတ်ထားသဖြင့် အရစ်ကျပြန်ပေးရမှာဖြစ်ကြောင်း ၊ မိမိ(ကျောင်းအုပ်ကြီး) suzuki R + ကားများကိုလည်း ရောင်းချပြီး စိုက်ထုတ်ထားရသဖြင့် မိမိမှာလည်း ကုန်ပြီဖြစ်ကြောင်း၊ အလှူငွေများပြန်ရလျှင် မိမိကားဖိုးပြန်ဖြတ်ယူမည်ဖြစ်ကြောင်း၊ မိမိသတင်းများ အင်တာနက်ပေါ်တွင် ပလူပျံနေသည်ကို သိရှိပါကြောင်း၊ အမှတ် (၃) အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဆောက်လုပ်နေဖြင်းဖြစ်သဖြင့် လူကြီးများလည်းသိရှိပြီးဖြစ်ပါသဖြင့် အင်တာနက်သတင်းများကို ဂရုမစိုက်ကြောင်း၊ မိမိမှာလည်း ပင်စင်ယူရန် လပိုင်းသာလိုသဖြင့် ပြုတ်မှာမကြောက်ကြောင်း၊ ပင်စင်မယူခင် အပြီးဆောက်မှာဖြစ်သဖြင့် အမြန်ဆုံးလှူဒါန်းကြရန် တိုက်တွန်းကြောင်းပြောကြားသွားပါသည်။

အစည်းအဝေးခန်းမ အတွင်း Projector ဖြင့် အဆောက်အဦကိုရှင်းပြစဉ် ကျောင်းသားမိဘ အင်ဂျင်နီယာတစ်ဦးမှာ ယင်းခြောက်ထပ် အ ဆောက်အဦ သိန်း ၅၀၀၀ ကုန်သည်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါသည်။

၎င်းဆရာမကြီးသည် နှစ်စဉ် သူငယ်တန်းကျောင်းသား မြို့နယ်ကျော် ၂၀၀ အတွက် ကျောင်းသားတစ်ဦးလျှင် အသားတင် ၅ သိန်းနှုန်းဖြင့် သိန်း ၁၀၀၀ အပြင် ၄ တန်းမှ ၅ တန်းပြောင်းရွှေ့လာသော မြို့နယ်ကျော်ကျောင်းသားများ တစ်ဦး ၅ သိန်းနှုန်းဖြင့် ၂၀၀ ဦးအတွက် သိန်း ၁၀၀၀ နှစ်စဉ် ကန်တော့ငွေများ (လာဘ်ငွေများ) ရရှိနေကြောင်း၊ ၎င်းဖြစ်စဉ်ကို အထက (၂) ကမာရွတ်ကျောင်းသားမိဘတိုင်း သိရှိပါ ကြောင်း၊ ကျောင်းဖွင့်ရာသီတွင် လာရောက်မေးမြန်းစုံစမ်းနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကျောင်းသားမိဘများ
အထက (၂) ကမာရွတ်

မြန်မာပြည်သွားသည့် မဇ္စျိမသတင်းဌာန ဂျာနယ်ထုတ်ပြီ၊ ယနေ့ စတင် ဖြန့်ဝေ

ယနေ့ ထုတ်ဝေသော မဇ္ဈိမဂျာနယ် မျက်နှာဖုံး

ပြည်ပအခြေစိုက် မဇ္ဈိမ သတင်းဌာနက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပြီးနောက် အပတ်စဉ်ထုတ် မြန်မာသတင်းဂျာနယ်ကို ယနေ့ စတင် ဖြန့်ချိလိုက်ပြီဖြစ်သည်။

”တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အနယ်နယ်အမြို့မြို့ကို ရောက်ရှိအောင် ကြိုးစားထားပါတယ်”ဟု မဇ္ဈိမအယ်ဒီတာ စိန်ဝင်းက သူ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

အမေရိကန်GE ကုမ္မဏီထုတ် ခေတ်မှီဂျက်လေယာဉ်(၂)စီး မြန်မာနိုင်ငံသို့ရောက်မည်

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့အရေးယူဒါဏ်ခတ်မှုလျော့ပေါ့ပေး လိုက်ပြီးနောက် မေရိကန်ကုမ္မဏီကြီး တခုဖြစ်သည့် GE ကုမ္မဏီမှမြန်မာနိုင်ငံသို့ စတင် ရင်နှီးမြုပ် နှံ ရန်ဆောင်ရွက်ခဲ့သည်။

GE ကုမ္မဏီ၏ ယူနစ်တခုဖြစ်သော မြို့ ပြ ဆိုင်ရာလေကြောင်းထုတ်လုပ်မှုလီမိတက် (GECAS) မှ မြန်မာလေကြောင်းလိုင်းအတွက် ခေတ်မှီဂျက်လေယာဉ် Embraer E190 (၂)စီးကို ငှားရမ်း ခဲ့သည်။

အဆိုပါလေယာဉ်( ၂)စီးကို လာမည့် နိုဝင်ဘာလနှင့် ဒီဇင်္ဘာလတွင် ရန်ကုန်မြို့သို့ ပိုဆောင် မည်ဖြစ်ကြောင်း GECAS ဥက္ကဌ Norman C.T. Liu ကကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း( ၄၉)ကြာစစ်အာဏာရှင်လက်အောက်တွင် အမေရိကန်ကုမ္မဏီကြီးတခု၏ အရပ်ဖက်ဆိုင်ရာ လေယာဉ် ငှားရမ်း မှုမှာပထမဆုံးဖြစ်သည်။

GE ကုမ္မဏီသည် ပြီးခဲ့သည့်ဂျူလိုင်လအတွင်းက မြန်မာ့အရောင်းကိုယ်စားလှယ်တဦးမှတဆင့် ပုဂ္ဂလိက ဆေးရုံ(၂)ရုံသို့ ခေတ်မှီဓါတ်ရိုက်ကရိယာများနှင့်အခြားစက်ပစ္စည်းများရောင်းချဖို့ သ တောတူညီချက်ရရှိပြီးဖြစ်သည်။

GE ကုမ္မဏီအနေဖြင့် အရပ်ဖက်သုံး စက်မှုပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံအတွင်း ရောင်းချခွင့်ရှိသော်လည်း စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် စစ်ဖက်ဆိုင်ရာအသုံးပြု ပစ္စည်းများကို အမေရိကန် ဥပဒေအရပိတ်ပင်ထားဆဲဖြစ်သည်။

Embraer E190 ခေတ်မှီဂျက်လေယာဉ်ကို မတ်လ၁၂ရက်၊၂၀၀၄ခုနှစ်တွင်ပထမဆုံးပျံသန်းခဲ့ပြီး နိုင်ငံတော်တော်များတွင်အသုံးပြုနေကြပြီဖြစ်သည်။ လေယာဉ်အင်ဂျင်ကို GE အင်ဂျင် (၂)လုံးတပ် ဆင်ထားပြီး တောက်လျောက် (၄၄၄၈) ကီလိုမီတာပျံသန်းနိုင်သည်။ လေယာဉ်တွင် စီးပွားရေး ပထမတန်းထိုင်ခုံ(၉)ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ (၈၈)ခုံပါရှိသည်။

ကမ္ဘာကျော် Orient Express ကုမ္ပဏီ ချင်းတွင်းမြစ် အပျော်စီး သင်္ဘောပြေးဆွဲမည်


နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ အပန်းဖြေ လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လျက် ရှိသော နာမည်ကျော် ဗြိတိန် နိုင်ငံ အခြေစိုက် Orient Express ကုမ္ပဏီက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အတွင်း အပျော်စီး သင်္ဘော ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ Ground Operations Manager ဖြစ်သူ Nina Sophie Tomaschko က The Voice Weekly သို့ ပြောကြား သည်။

ယခင် ပြေးဆွဲလျက် ရှိသော Road to Mandalay အပျော်စီး သင်္ဘော အပြင် ယခု ချင်းတွင်းမြစ် အတွင်းတွင် Orcaella အမည်ရှိ သင်္ဘောသစ်ဖြင့် ခုနစ်ညအိပ် ခရီးစဉ်နှင့် ၁၁ ညအိပ်ခရီး စဉ်များကို ပြေးဆွဲ သွားမည် ဖြစ်ကြောင်း၊ ၁၁ ည အိပ် ခရီး စဉ်တွင် မန္တလေးမှ ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် ဖြတ်သန်းမည် ဖြစ်ပြီး ပုဂံတွင် ခရီးစဉ် အဆုံးသတ်မည် ဖြစ်ကြောင်း၊ ခုနစ်ညအိပ် ခရီးစဉ်တွင် ရန်ကုန်မှ ပုဂံသို့ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယင်းအပျော်စီး သင်္ဘောဖြင့် ခရီးစဉ် တစ်လျှောက် ကျသင့်ငွေမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ ငါးထောင် ကုန်ကျမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ချင်းတွင်းမြစ်က သွားလာရတဲ့ အနေအထားက ခက်ခဲပါတယ်။ ဒါကြောင့် ရေတက်တဲ့ ကာလမှာပဲ သွားဖို့ စီစဉ် ထားပါတယ်။ ဒါပေမဲ့ လမ်းခရီး တစ်လျှောက်လုံးက အပန်းဖြေ လို့ ကောင်းအောင် စိတ်ဝင်စား စရာတွေ များလို့ ဒီချင်းတွင်းမြစ်ကို ရွေးချယ်တာ ပါ" ဟု ၎င်းက မြစ်ကြောင်း သွားလာရေး ခက်ခဲမှု အခြေအနေကို ပြောကြား သည်။

လက်ရှိတွင် အဆိုပါ သင်္ဘောကို Orient Express က ပညာရှင်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက်နေဆဲ ဖြစ် ခြင်းကြောင့် မြစ် အတွင်း အပျော်စီး သင်္ဘော ပြေးဆွဲခြင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှသာ စတင်နိုင်မည် ဖြစ် ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ Orcaella အမည်ရှိသော အပျော်စီး သင်္ဘောတွင် ခရီးသည်ဦးရေ ၅၀ ခန့် နေထိုင် စီးနင်းနိုင်မည်ဖြစ်ကာ အပန်းဖြေ နားနေ စားသောက်ခန်းများ၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ရေကူး ကန်များ၊ ကျန်းမာရေး စောင့်ရှောက်ခန်း များ စသည့် ဝန်ဆောင်မှု ဧရိယာများ ပါဝင်အောင် ဒီဇိုင်း ရေးဆွဲ တည်ဆောက် ထားကြောင်း ယင်းကုမ္ပဏီထံမှ သိရှိ ရသည်။

Orient Express ကုမ္ပဏီသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် နာမည်ကျော် ဟိုတယ်များကို ဖွင့်လှစ်ထားပြီး မီးရထားလိုင်းများ ပြေးဆွဲခြင်း၊ အပျော်စီး သင်္ဘောများ ပြေးဆွဲခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။

Myanmar Express

တနင်္သာရီမြို့နယ်တွင် GSM မိုဘိုင်းလ်ဖုန်းများ စတင်အသုံးပြုနိုင်ပြီ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းလ်ဖုန်း (၄) သန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ချောင်းငယ်ရပ်ကွက် ရေတွင်းတောင်ပေါ်တွင် HUAWEI TECHNOLOGIES MYANMAR ဆက်သွယ်ရေးကုမ္ပဏီမှ တပ်ဆင်လျက်ရှိသော GSM ဆက်သွယ်ရေး တာဝါတိုင်သည် စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီခွဲမှ စတင်၍ ဆက်သွယ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင်ကြောင့် GSM မိုဘိုင်းလ်တယ်လီဖုန်းများ ပြောဆိုဆက်သွယ်မှု ကောင်းမွန်စွာ ရရှိပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ ဝမ်းမြောက်ပျော်ရွှင်နေကြကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

အာဆီယံ နိုင်ငံများမှ ထုတ်သည့် ကားသစ်များ တင်သွင်းမှုကို အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်


အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အာဆီယံ နိုင်ငံများမှ ထုတ်လုပ်တဲ့ မော်တော်ယာဉ် အသစ်များ တင်သွင်း ပါက ထုတ်လုပ်တဲ့ နိုင်ငံရဲ့ ပင်ရင်းနိုင်ငံ လက်မှတ် ATIGA Form-D ကို တင်ပြ နိုင်ပါက အာဆီယံ ကုန်စည် ကုန်သွယ်ရေး သဘောတူ စာချုပ် (ASEAN Trade in Goods Agreement-ATIGA) အရ အင်ဂျင်ပါဝါ အားလုံး အတွက် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကောက်ခံ တာဟာ အာဆီယံ ကုန်သွယ်ရေး သဘောတူ စာချုပ် ASEAN Trade in Goods Agreement-ATIGA) အရ အခုလို ကောက်ခံ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက် ရာမှာ အာဆီယံ အဖွဲ့ဝင် မဟုတ်တဲ့ ပြည်ပ နိုင်ငံ များမှ ထုတ်လုပ်တဲ့ မော်တော် ယာဉ်များ တင်သွင်းပါက အင်ဂျင်ပါဝါ ၂၀၀၀ စီစီနဲ့အောက် မော်တော်ယာဉ် များကို အကောက်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံလျက် ရှိပါတယ်။ ဒါ့အပြင် အင်ဂျင်ပါဝါ ၂၀၀၀ စီစီ အထက် ယာဉ်တွေ ကိုတော့ အကောက်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆီယံ နိုင်ငံများမှ ထုတ်လုပ်တဲ့ အခြားသော ကုန်ပစ္စည်းများ တင်သွင်းရာ မှာလည်း အကောက်ခွန် သက်သာခွင့် ခံစားနိုင်ဖို့ အတွက် အာဆီယံ ကုန်စည် ကုန်သွယ်ရေး သဘောတူ စာချုပ်ပါရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အဆိုပါ စာချုပ် မပါရှိဘူး ဆိုရင်တော့ တင်သွင်းလာတဲ့ ကုန်ပစ္စည်း အမျိုးအစားကို မူတည်ပြီး မြန်မာ အကောက်ခွန် နှုန်းထား ၂၀၁၂ ပါ အကောက်ခွန် နှုန်းထားများ အတိုင်း ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

ပြည်တွင်းရှိ ပုဂ္ဂလိက လေကြောင်း လိုင်းတစ်ခုတွင် E-Ticketing စနစ်အား စတင် အသုံးပြု သွားမည်


ပြည်တွင်းရှိ ပုဂ္ဂလိက လေကြောင်း လိုင်းတစ်ခုဖြစ်တဲ့ အဲပုဂံ လေကြောင်း လိုင်းဟာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး Industrial Standard နဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက် Reservation System နဲ့ E-Ticketing စနစ်အား ပြည်တွင်းမှာ စတင် အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း လိုင်းဟာ Computerized Reservation System(CRS) ကို စတင် အသုံးပြုပြီး Distribution Channel များဖွင့်ကာ GDS System များ၊ အင်တာနက်မှ Online Booking များ အစရှိတာတွေ ကိုလည်း ပြည်တွင်း ခရီးစဉ်များ အတွက် မကြာမီ မိတ်ဆက် ပေးနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Air Bagan ရဲ့ ပြည်တွင်း လေယာဉ် လက်မှတ်များ ရောင်းချနေတဲ့ Ticketing agent အချို့ဟာ E-Ticketing စနစ်အား စတင် အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ E-Ticket စနစ်ကို ပြည်တွင်းမှာ တွင်ကျယ်စွာ အသုံးပြု လာနိုင်တာ နဲ့အမျှ လက်မှတ် ကိုင်ဆောင် ထိန်းသိမ်း နေရခြင်းနဲ့ လက်မှတ် ပျောက်ဆုံးမှု ကိစ္စရပ်များလည်း လျော့နည်း သွားမှာပဲ ဖြစ်ပါတယ်။ အခုလို E-Ticket စနစ်ဖြင့် လေယာဉ် လက်မှတ်များ မှာယူနိုင်ဖို့ အတွက်ကို ပြည်တွင်းရှိ အေဂျီဒီ ဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက် နေသလို ပြည်ပ နိုင်ငံများမှ မှာယူမှု အတွက် ကိုလည်း ထိုင်းနိုင်ငံရှိ ကေဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

Myanmar Express

ပြခန်း(၁၆၄) ခန်းဖြင့် Yangon Lifestyle Furniture ပြပွဲ ကျင်းပမည်

Yangon Lifestyle Furniture Fair ကို မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၏ ကြီးကြပ်မှုဖြင့် Thousand Islands Business Group မှ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြသရောင်းချသွားမည်ဖြစ်ပြီး ပြပွဲတွင် ပြခန်းပေါင်း (၁၆၄) ခန်းဖြင့် အိမ်သုံးပရိဘောဂပစ္စည်းများ ပြည်တွင်း ဈေးကွက်အတွင်းနှင့် သုံးစွဲသူတို့ကြား တိုက်ရိုက် ရောင်းချနိုင်စေရန်၊ ပရိဘောဂပစ္စည်းများအား ယှဉ်ပြိုင်ရောင်းချခြင်း၊ ကုန်ပစ္စည်း၏ အားနည်းချက်၊ အားသာချက်ကို သိရှိရန်၊ ပစ္စည်းအရည်အသွေးကို ပိုမိုမြှင့်တင်နိုင်စေရန်၊ ဈေးနှုန်းများယှဉ်ပြိုင်ပြီး ဈေးကွက်စီးပွားရေး စနစ်ကို တစ်စိတ်တစ်ပိုင်း အထောက်အပံ့ ဖြစ်စေရန်နှင့် နိုင်ငံတကာအဆင့်မီ ပရိဘောဂပြပွဲကြီး ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြပွဲခင်းကျင်း ပြသသည့် အပြင် ကုမ္ပဏီများအား ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ကျွန်းနှင့်သစ်မာ၊ အခြားသားများဖြင့် ပြုလုပ်သောအဆင့်မြင့် Luxury Furniture များ၊ အိမ်သုံးပရိဘောဂများ၊ ကြမ်းခင်းများနှင့် ခေတ်မီပရိဘောဂများကို မြန်မာ့သစ်လုပ်ငန်းနှင့် Sinma, Casabella ကုမ္ပဏီအပါအဝင် အခြားကုမ္ပဏီနှင့် လုပ်ငန်းများစွာတို့ ပြသရောင်းချသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express