ပြည်သူ့ လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကန့်ကွက်စာကို စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက လက်မှတ်ရေးထိုးပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကာ မိတ္တူကို နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌတို့ထံ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

ကန့်ကွက်စာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များ သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးသူများ၊ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ တွင် တက်ကြွစွာ အဆိုတင်သွင်းသူနှင့် ထောက်ခံသူများ ဖြစ်ကြသည့် အပြင် အမှုတွင် ပါဝင် ပတ်သက်သူများ ဖြစ်ကြောင်း ထင်ရှားပြီး ဖြစ်သဖြင့် မည်သည့် နည်းနှင့်မျှ တရားမျှတမှု ရှိလိမ့်မည်ဟု မမျှော်သည့်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားလုံးကို ကန့်ကွက်ကြောင်း ရေးသားခဲ့သည်။

ထို့အပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားမ အထွေထွေမှု အမှတ် ၁၁၅/၁၂ တွင် စာချွန်တော် လျှောက်ထားဆဲ ဖြစ်သဖြင့် ထိုအမှုကို စီရင်ဆုံးဖြတ်ပြီးသည် အထိ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ပေးရန် စာပေးပို့ထားပြီး ဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို သြဂုတ်လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်း လိုက်ပြီး အဆိုပါအဖွဲ့တွင် ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များအဖြစ် ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါ်ဒွဲဘူ၊ ဦးမောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဒေါ်တင်နွယ်ဦး၊ ဦးစိုးဝင်းတို့ ပါဝင်ကြသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၃ဦး၏ ထောက်ခံချက်ဖြင့် အတည်ဖြစ်ခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံးကို စွပ်စွဲချက်အဆိုအား ပြည်သူ့လွှတ်တော်တွင် ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ စာချွန်တော် လျှောက်ထားခဲ့ခြင်း ဖြစ်ပါသည်။ လွှတ်တော်များ အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းနှင့် အဆို တင်သွင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဝက်ဘ်ဆိုက်တွင် သြဂုတ်လ ၂၉ ရက်နေ့က သတင်းဖော်ပြခဲ့ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်းဆောင်ရွက်ခဲ့မိကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ၂၂ ဦးက သြဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးမှုများအပြီးတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေး အဆိုကို လျို့ဝှက်ဆန္ဒမဲပေးမှုဖြင့် ဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးအနက် ၄၄၇ ဦးက ထောက်ခံခဲသဖြင့် အဆိုအတည်ဖြစ်ခဲ့ ပါသည်။

Myanmar Express

အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် စည်းကြပ်တော့မည်

ယခင်အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် ယခုနှစ်မှ စတင်စည်းကြပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ဝင်ငွေခွန်အား လစာအပေါ်တွင် ကောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းပေါ်တွင် ကောက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအပေါ် ကောက်ခြင်း၊ ပစ္စည်းများ ငှားရမ်းခရသည့်အပေါ်တွင် ကောက်ခြင်း၊ အစုရှယ်ယာ အမြတ်ရသည့်အပေါ်တွင် ကောက်ခြင်း အစရှိသည်တို့ကို ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် လစာဝင်ငွေအပေါ် ကောက်မည့်အခွန်နှုန်းမှာ ငါးသိန်းအထိကို ၁ ရာခိုင်နှုန်းဖြစ်ပြီး၊ သိန်း ၂၀၀ အထက်ကို ၂၀ ရာခိုင်နှုန်း သမဝါယမလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများအပေါ် ကောက်မည့်အခွန်နှုန်းထားမှာ ယခုငါးသိန်းအထိကို နှစ်ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထိကို ၂၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။

“အခွန်ကင်းလွတ်ခွင့် ရတဲ့ဟာတွေလဲ ရှိပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့် ရှိတယ်။ ဒေသဆိုင်ရာအဖွဲ့ရဲ့ ဝင်ငွေမှာ အခွန်ကင်းလွတ်ခွင့်ရှိတယ်၊ ငွေစုဘဏ်တွေမှာ စုဆောင်းငွေပေါ်မှာ ရတဲ့အပေါ် အခွန်ကင်းလွတ်ခွင့်ရှိတယ်။ ဒါပေမယ့် နည်းဥပဒေနဲ့ ပြဋ္ဌာန်းရတဲ့ ငွေတစ်ရပ်ရပ်စုတာ ဖြစ်တဲ့အတွက် အစိုးရငွေစုဘဏ်မှာ ရတဲ့အတိုးကိုပဲ ပြောတာဖြစ်တယ်။

ပုဂ္ဂလိကဘဏ်ကရတဲ့ အတိုးအပေါ်မှာ အခွန်ကင်းလွတ်ခွင့် မရှိပါဘူး။ ပင်စင်၊ သေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိတဲ့ လျော်ကြေး၊ အာမခံလျော်ကြေး၊ အဖန်တလဲလဲ မဟုတ်ဘဲ တစ်ခါတစ်ရံရရှိတဲ့ ငွေတွေက အခွန်ကင်းလွတ်ခွင့် ရှိတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

ယခင် အမြတ်ခွန်ဥပဒေကို ၁၉၇၆ ခုနှစ်မှစပြီး ပြဋ္ဌာန်းခဲ့ကာ အခွန်ကင်းလွတ်ခွင့် တစ်နှစ်လုံးကို ကျပ် ၈၀၀၀ ပေးထားခြင်း၊ ၁၉၈၉ ခုနှစ်တွင် တစ်နှစ်လုံးကို ကျပ် ၁၀၀၀၀ အထိ ကင်းလွတ်ခွင့်ပေးပြီး ၁၀၀၀၁ ကျပ်မှ စည်းကြပ်ခဲ့ကြောင်း သိရသည်။ “အဲဒီ ၁၉၈၉ တုန်းက ပြင်ခဲ့တဲ့ဟာတွေက မနှစ်ကအထိ ဒီအတိုင်းပဲ ဖြစ်တယ်။ မနှစ်ကအထိ ဒီနှုန်းအတိုင်းပဲ စည်းကြပ်ခဲ့တာ ဖြစ်တဲ့အတွက် သုံးသိန်းကျော်တာနဲ့ ၅၀ ရာခိုင်နှုန်းဆိုတော့ ငွေကြေးဖောင်းပွမှုနှုန်း အနေနဲ့က မလျော်ညီတော့ဘူး၊ ဘယ်သူမှ ပေးဆောင်ချင်တဲ့ အခွန်နှုန်းတွေ မဟုတ်တော့ဘူး။

ပွင့်လင်းလာတဲ့ခေတ်မှာ အားလုံးလိုက်နာနိုင်အောင် ဆောင်ရွက်နိုင်အောင် အခွန်နှုန်းထားတွေ ပြောင်းလဲခဲ့တာ ဖြစ်တယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ တစ်နှစ်လုံးတွင် လုပ်ခဲ့သည့် အကျိုးအမြတ်ကို နှစ်ကုန်မှသာ သိရှိမည် ဖြစ်သည့်အတွက် ယင်းတစ်နှစ်လုံးသုံးသည့် လုပ်ငန်းအပေါ်တွင် စည်းကြပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် စည်းကြပ်မည့်နှုန်းမှာ နှုန်းဟောင်းနှင့်ဖြစ်ပြီး ယခုနှစ်တွင် လုပ်မည့်ကိစ္စကို လာမည့်နှစ်တွင် နှုန်းအသစ်ဖြင့် စည်းကြပ်မည် ဖြစ်သည့်အတွက် ဝင်ငွေကြော်ငြာစာ တင်ရမည့်အချိန်နှင့် စည်းကြပ်ရမည့် အချိန်များဖြစ်ကြောင်း သိရသည်။

ယခု အခွန်ထမ်း လုပ်ငန်းရှင်များသည် မိမိလုပ်ငန်း၏ ဝန်ထမ်းများအပေါ်တွင် ဖြတ်တောက်ပေးသွင်းရမည့် တာဝန်ရှိသည့်အတွက် လစဉ်ဖြတ်တောက် ပေးသွင်းပြီး ဘဏ္ဍာနှစ်မကုန်မီမှာ အပိုအလို ပြန်ညှိနှိုင်းပြီး အတိုးအလျှော့ ပြုလုပ်နိုင်ကြောင်းသိရသည်။

Myanmar Express

ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင် အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအား ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

“ ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ အခု လောလောဆယ် ၅ ယောက် ဖမ်းဆီး ထားပါတယ်။ ဒါပေမဲ့ ခုတ်တာက တယောက်တည်းဖြစ်တဲ့ အတွက် သူတစ်ယောက်တည်းကိုဘဲ ဖမ်းဆီး တရားစွဲဆိုထားပြီး တခြားသူတွေကိုတော့ သက်သေ အဖြစ် ခေါ်ထားတာ ဖြစ်ပါတယ်။ ဖမ်းလာ တာမဟုတ်ပါဘူး” ဟု ဘူးသီးတောင်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။

အမှုနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသည့် အာဘူကာဆိမ်းမှာ အသက် ၁၉ နှစ်ဖြစ်ပြီး သူနှင့် တစ်ခြား အပေါင်းအပါ ၅ ဦးတို့အား ယမန်နေ့က ကျေးရွာသားများက ၀ိုင်းဝန်း ကူညီ ဖမ်းဆီးပေးခဲ့ကြောင်း အဆိုပါ ရဲဝန်ထမ်းမှ ပြောသည်။

ဓါးခုတ်ခံရသူ အမျိုးသမီးငယ်မှာ ရီရီသန်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ အဘ ဦး စံကျော်လှသမီး ဖြစ်သည်။ ဓါးခုတ်ခံရသဖြင့် ဘယ်ဘက်ခြေဖနှောင့် အထက်တွင် ဒဏ်ရာရရှိသွားပြီး ယခုအ ခါ ဘူသီးတောင် ဆေးရုံတွင် ဆေးကုမှု ခံယူနေရ ကြောင်း သိရသည်။

မရီရီသန်းမှာ အစ်ကိုဖြစ်သူ ကျော်သန်းလှိုင်၊ မောင်ဖြစ်သူ ကျော်သန်းဌေးတို့နှင့်အတူ စက်တင်္ဘာလ (၁) ရက်နေ့က အေရာချာ (ခမီး အမျိုးသားကျေးရွာမှ) အပြန်တွင် ယခုကဲ့သို့ ဓါးခုတ်ခံရခြင်းဖြစ် ကြောင်း ဖြစ်ပျက် ခဲ့ပုံနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ သူတို့က အေရာချ ဆိုတဲ့ ခမီးရွာမှာ ယာတောင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ၀ယ်ဖို့သွား တယ်။ အဲဒီရွာမှာ တညအိပ်ပြီး မနက်ပိုင်းမှာ ဟင်းသီးဟင်းရွက်တွေနဲ့ဆင်းလာတယ်။ အုတ်တောင် ရွာ တောင်ဘက်က ဘုန်းကြီးကျောင်းဟောင်း နေရာကို နေ့လည် ၁ နာရီ မိနစ် ၂၀ ခန့်မှာ ရောက်ပါ တယ်။ အဲဒီ နေရာကို ရောက်တဲ့အခါ ဘင်္ဂလီ ၂၀ ခန့်နဲ့တွေ့ပါတယ်။ အဲဒီမှာ ဘင်္ဂလီ လူငယ်တဦးက ရီရီသန်း နောက်က လိုက်လာပါတယ်။ ရှေ့ကသွားနေတဲ့ မောင်ဖြစ်သူနဲ့ နည်းနည်း အလှမ်းဝေးနေ တဲ့အတွက် မောင်ဖြစ်သူကို မှီအောင် အော်ပြီး ပြေးလိုက် တဲ့အခါ လဲကျသွားတယ်။ အဲဒီနေရာမှာ မရီရီသန်းကို ဘင်္ဂလီလူငယ်က ဓါးနဲ့ ခုတ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မရီရီသန်းမှာ စိုးရိမ်ရသော အခြေအနေတွင် မရှိသော်လည်း ခြေထောက်တွင်ဓါးခုတ်ခံရသဖြင့် အချိန်ယူ ဆေးကုသရမည်ဟု သိရသည်။

Myanmar Express

NLD ၊ တပ်မတော်သား နှင့် တိုင်းရင်းသား များ တစ်သားတည်းရှိနေကြောင်း လွှတ်တော်တွင် တွေ့ရ


ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့်မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။

ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ်စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်းလက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။

" ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်" ဟု ဥက္ကဌ က ပြောကြားသည်။

အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" အဆိုဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ 'တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍ လည်းကောင်း၊ ကုမ္ပဏီ အမည်ဖောက်၍ လည်းကောင်း၊ ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ သီးစားခ ရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ် လုပ်ကိုင်နေသူများကို ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ချထားပေးသင့်ကြောင်း' အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သင့် မသင့်ကို ဆုံးဖြတ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦးက ''ယင်းအဆိုတွင် စားကျက်မြေများဟု ဆိုထားသော်လည်း ဆွေးနွေးရာတွင် လယ်ယာမြေ များဟု ဆွေးနွေးခဲ့သဖြင့် လယ်ယာမြေဥပဒေကို ကျော်လွန် ဖောက်ဖျက်ရာရောက်ကြောင်း၊ စားကျက်မြေများနှင့်ပတ်သက်၍ ယခုခေတ်တွင် ကျွဲနွားများ ပိုနေသည်ဆိုသည်မှာ လုံးဝမှားယွင်းနေကြောင်း၊ ကျေးလက်နေပြည်သူများနှင့် ယင်းတို့နှင့် ထိတွေ့ဆက်ဆက်နေရသူများမှာ ထိုအကြောင်းကို ပိုမိုသိရှိပြီးဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတွင် စက်မှုလယ်ယာအဆင့်သို့ လုံးဝပြောင်းလဲနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျွဲနွားများမှာ မိရိုးဖလာလုပ်ငန်းများအတွက် အဓိကဖြစ်ကြောင်း၊ ၄င်းတို့၏ အစားအစာအတွက် စားကျက်မြေများကို မည်သည့်ခေတ် မြေယာဥပဒေများတွင်မှ ထိပါးခြင်း၊ ဖျက်သိမ်းခြင်း မပြုခဲ့ကြောင်း၊ ထို့ကြောင့် ဦးအောင်သိန်းလင်း၏ အဆိုကို ကန့်ကွက်ပါကြောင်း၊ စားကျက်မြေနှင့် ပတ်သက်သည့် ဥပဒေများတွင် စားကျက်မြေများကို ဒီအတိုင်းထားရှိဖို့ကိုလည်း ဖော်ပြထားပါကြောင်း၊ တောင်သူလယ်သမားများအပါအ၀င် ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများက စားကျက်မြေများကို ဖျက်သိမ်း၍ အခြားမြေများအဖြစ် ဖန်တီးခြင်းငှာမသင့်သည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန် မသင့်ပါကြောင်း ကန့်ကွက်တင်ပြခဲ့သည်။

ထို့ကြောင့် အဆိုကို ဆွေးနွေးရန်မသင့်ကြောင်း ကန့်ကွက်သဖြင့် မတ်တပ်ရပ်စေခြင်းဖြင့် ဆန္ဒမဲခွဲဆုံးဖြတ်ခဲ့ရာ အစည်းအဝေး တက်ရောက်သူ ၃၅၂ ဦးရှိပြီး ၁၇၇ ဦးက ထောက်ခံခဲ့သဖြင့် လိုအပ်သည့် သုံးပုံတစ်ပုံ ကျော်လွန်ခဲ့သဖြင့် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ကန့်ကွက်ကသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။''လိုအပ်တဲ့ သုံးပုံတစ်ပုံကျော်လွန်တဲ့အတွက် ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းအဆိုကို အတည်ပြုရန် အတွက် ဆွေးနွေးချက်များပေါ်တွင်သာ မူတည်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

Myanmar Express

အရွယ်မရောက်သေးသူ ၄၂ ဦးအား စစ်မှုထမ်းဆောင်ခြင်းမှ နုတ်ထွက်ခွင့်ပြု


တပ်မတော်အတွင်း စစ်မှုထမ်းဆောင်လျက်ရှိသည့် အရွယ်မရောက်သေးသူကလေးသူငယ် ၄၂ ဦးကို စစ်မှုထမ်းဆောင်ခြင်းမှနုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံမှုကို ယနေ့(စက်တင်ဘာ ၃ရက်)တွင် ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့သည်။

တပ်မတော်မှနုတ်ထွက်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အရွယ်မရောက်သေးသူကလေးသူငယ်များ မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းခြင်းမှကာကွယ်ရန်နှင့် အသက်မပြည့်သေးသောတပ်သားသစ်များ လွတ်မြောက်ခွင့်ပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့်ဇွန်လအတွင်းက ပြုလုပ်ခဲ့သည်။



ထိုးပွဲသို့ UN,UNICEF,ILO စသည့် အဖွဲ့အစည်းများ နှင့် တပ်မတော် မှ တာဝန်ရှိသူများ ၊ စစ်သည်များ ၊ ၄င်းတို့ ၏ မိဘများနဲ့ ပြည်တွင်းပြည်ပ သတင်းထောက်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

နောက်ဆုံးပေါ် မာစီးဒီးနှင့် လပ်ဇပ်အစီး ၁၀၀ နီးပါးဝယ်ရန် အစိုးရတင်ဒါခေါ်


မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသည် ၂၀၁၁ နှင့် ၂၀၁၂ နောက်ဆုံးပေါ် မော်ဒယ်လ်မာစီးဒီးနှင့် လပ်ဇပ်အစီး ၁၀၀ ခန့်ကို နိုင်ငံခြားငွေဖြင့် ဝယ်ယူလိုသည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က တင်ဒါခေါ်ယူလိုက်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

မာစီးဒီးနှင့် လပ်ဇပ် အပါအဝင် အော်ဒီစသည့် ကားအမျိုးအစား ငါးမျိုး စုစုပေါင်း ၁၇၂ စီးကို ဈေးပြိုင်အဆိုပြုလွှာ တစ်စောင်လျှင် ကျပ်တစ်သိန်းအထိ သတ်မှတ်ထားပြီး နေပြည်တော် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဌာန ရုံးအမှတ် ၃၂ ရှိ တင်ဒါပုံးသို့ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်သွင်းရန် ယင်းသတင်း၌ ဖော်ပြပါရှိသည်။

ယင်းကဲ့သို့ တင်ဒါခေါ်ယူ ဝယ်ယူခြင်းမှာ မြန်မာနိုင်ငံတွင် လာမည့်နှစ်များအတွင်း ကျင်းပရန်ရှိသည့် အာဆီယံ အစည်းအဝေးများ အပါအဝင် နိုင်ငံတကာ အစည်းအဝေးများတွင် တက်ရောက်မည့် ဧည့်သည်များအတွက် ဝယ်ယူခြင်း ဖြစ်ကြောင်း နေပြည်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ကားဈေးကွက် တိုယိုတာလပ်ဇပ်ကားသည် ပြည်တွင်း၌ ဈေးမြင့်သည်ဆိုသည့် လင်ခရုဇာကားထက် ဈေးတစ်ဆခွဲမြင့်ပြီး အနည်းဆုံး ကျပ်သိန်း ၃၅၀၀ ခန့်ရှိနိုင်ကြောင်း ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

Myanmar Express

စက်မှုဇုန် အလုပ်သမားများ ပူးပေါင်း ဆန္ဒပြ

ဆန္ဒပြပွဲတွင် စက်ရုံပေါင်း ၃၆ ရုံမှ အလုပ်သမားများ ပူးပေါင်းပါဝင်ခဲ့သည်
(ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

အလုပ်သမား အခွင့်အရေးအတွက် စက်ရုံအလုပ်သမားများ ပူးပေါင်းဆန္ဒပြခြင်းကို ပထမဦးဆုံး အကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအသီးသီးမှ အလုပ်သမားများ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စက်ရုံပေါင်း ၃၆ ရုံမှ အလုပ်သမား ကိုယ်စားလှယ် ၂၀၀ ကျော်သည် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမှ ကျန်စစ်သားလမ်းကို ဖြတ်၍ ရန်ကုန်-ညောင်တုန်းလမ်းရှိ လှိုင်သာယာမြို့နယ် အားကစားကွင်းသို့ ချီတက်ဆန္ဒ ပြခဲ့ကြသည်။

“ရွှေပြည်သာ စက်မှုဇုန်က အလုပ်သမားတွေကိုလည်း ကျနော်တို့ ဖိတ်ခေါ်ထားတယ်။ အခုလောလောဆယ်တော့ လှိုင်သာယာစက်ရုံ အများစုက အလုပ်သမားတွေ လာပူးပေါင်းပါတယ်။ အများဆုံးက အထည်ချုပ်စက်ရုံတွေကပါ” ဟု အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သည့် ခွန်းပိုင် ဘလောက်တုံးစက်ရုံမှ ကိုပြည့်ဖြိုးအောင်က ပြောသည်။

အလုပ်သမားများ စုစည်း ဆန္ဒထုတ်ဖော်ကြခြင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ၊ ကြိုတင် ခွင့်ပြုချက်တောင်းခံပြီးမှ ချီတက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။

စက်မှုဇုန် အလုပ်သမားများက နေ့တွက် လုပ်ခ ၈ နာရီအတွက် အနည်းဆုံး ၃၀၀၀ ကျပ် ရရှိရေး၊ နေ့စား လရှင်းများအား လခစား အလုပ်သမားများအဖြစ် သတ်မှတ်ပေးရေး၊ အလုပ်ထုတ်ပစ်မှု ရပ်ဆိုင်းရေး၊ ကလေး အလုပ်သမားအရေး ကာကွယ်ဖြေရှင်းပေးရေး၊ အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာ ထူထောင်ရေးအတွက် အလုပ်ရှင်၏ လွှမ်းမိုးချုပ်ကိုင်မှု ရပ်ဆိုင်းပေးရေး စသည့် အချက်များအပါအ၀င် ၈ ချက် တောင်းဆိုထားကြောင်း သိရသည်။

“ကျမတို့ အနိမ့်ဆုံး Day ကြေး လစာ၊ အိုတီတို့၊ ရက်မှန်ကြေးတို့၊ ဘောနပ်စ်တို့ မပါတဲ့ Day ကြေး လစာသက်သက်ကို အနည်းဆုံး ၂၀၀၀ အထိ ညှိနှိုင်းပေးနိုင်ပါတယ်။ အခု ကျမတို့ တောင်းဆိုထားတာ ၃၀၀၀ ပါ။ ဒါပေမယ့် ၂၀၀၀ အထိပေးရင်ကို ကျမတို့ ကျေနပ်ပါတယ်။ နောက်ပြီးတော့ အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်၊ ပါဝင်ခွင့်၊ အဲဒါကို ကျမတို့ လိုချင်ပါတယ်” ဟု ငွေကံ့ကော် အထည်ချုပ်စက်ရုံမှ အလုပ်သမတဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ မြောင်းတကာ စသည့် စက်မှုဇုန်များတွင် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး စက်ရုံအတွင်း အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရရှိရေးအတွက် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို ဆန္ဒထုတ်ဖော်မှုများကြောင့် စက်ရုံအတွင်း ဦးစီးဦးဆောင် ပြုသည့် အလုပ်သမားများ၊ ပါဝင်သူများကို အလုပ်မှ ထုတ်ပစ်ခြင်း၊ အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကို ခံစားနေရကြောင်း အလုပ်သမားများက ပြောသည်။

“စက်ရုံမှာ ကိုယ့်လိုအပ်ချက်ကို တောင်းဆိုခဲ့ပြီးပြီ။ စက်ရုံပိုင်ရှင် အများစုက ဆန္ဒပြတုန်းက ချုပ်ဆိုထားတဲ့ စာချုပ်တွေကို မလိုက်နာဘူး။ ကျမတို့ ထပ်ခါ ထပ်ခါ ချိုးဖောက်ခံနေရတယ်” ဟု ငွေကံ့ကော် အထည်ချုပ်စက်ရုံမှ အလုပ်သမက ဆိုသည်။

အထည်ချုပ် လုပ်ငန်းရှင်များကလည်း ကျွမ်းကျင် အလုပ်သမား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒများကြောင့် လုပ်ငန်းအကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သြဂုတ်လ ၂၄ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စက်ရုံများ ပူးပေါင်း ဆန္ဒထုတ်ဖော်မှုကို ခွင့်ပြုချက်ရသရွေ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်လိုပြီး တောင်းဆိုထားသည့် အခြေခံအခွင့်အရေးများ ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

မန္တလေး ဆန္ဒဖော်ထုတ်ပွဲ ၂ မြို့နယ်တွင်သာ ဆက်လက် ခွင့်ပြုမည်

ယမန်နေ့က မန္တလေးတွင် ပြုလုပ်သည့် သမ္မတ ဦးသိန်းစိန် ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲ
(ဓာတ်ပုံ – မန်းသားလေး)

သမ္မတ ဦးသိန်းစိန်၏ ရခိုင်အရေး ရပ်တည်ချက်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့နယ် ၂ မြို့နယ်သာ လုပ်ခွင့်ပေးမည်ဖြစ်ပြီး ကျန်သည့် ၄ မြို့နယ် လုပ်ခွင့်မပေးတော့ကြောင်း သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့က မြို့နယ် ၆ မြို့နယ်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် တရားဝင်စာတင်ထားပြီး စက်တင်ဘာလ ၂ ရက်နေ့မှစတင်၍ ဆန္ဒပြခွင့်ကို တမြို့နယ်လျှင် တနေရာနှင့် တရက် တချိန်သတ်မှတ်ကာ စီတန်းလှည့်လည်ခွင့် ပြုမိန့်ရခဲ့သည်။ မြို့နယ် ၆ မြို့နယ် ဖြစ်သည့်အတွက် ၃ ရက် တရားဝင် ဆန္ဒပြခွင့် ရရှိထားပြီး ဖြစ်သည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက်၁၀နာရီ အချိန်တွင် မဟာအောင်မြေမြို့နယ်မှ ပထမဆုံးအချိန် လှည့်လည် လမ်းလျှောက်ခဲ့သည်။ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၅ လမ်းထောင့်မှ စတင်ပြီး လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ ရဟန်းရှင်လူ အင်အား ၁ သောင်းကျော် ပါဝင်ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီအထိသာ စီတန်းလှည့်လည်ခဲ့သည်။

နေ့လည် ၁ နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ ရဟန်းရှင်လူပေါင်း ၁ သောင်းကျော်တို့ကလည်း လမ်း ၈၀ နှင့် ၁၂ လမ်း စတင်ပြီး စနစ်တကျ စီတန်းလှည့်လည် ဆန္ဒပြခဲ့သေးသည်။

ဆန္ဒပြသည့်အချိန်တွင် ပြဿနာ တစုံတရာ ပေါ်ပေါက်လာခြင်း မရှိသော်လည်း စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁ နာရီတွင် ကျန်မြို့နယ် ၄ မြို့နယ်ကို ဆန္ဒပြခွင့်မပေးတော့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက င်းဆန္ဒပြပွဲကို ဦးဆောင်သည့် ဆရာတော် ဦးဝီရသူထံ ဖုန်းဆက် အကြောင်းကြားလာသည်ဟု သိရသည်။

ထို့နောက် စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင်ပင် ဆန္ဒပြခွင့်ကို ပြန်လည်ရုတ်သိမ်းသည့်စာ ထုတ်ပြီး ပိတ်ပင်ခဲ့သည်။ ‘‘သူတို့ ချထားတဲ့ ဥပဒေကို သူတို့ပဲ ပြန်ပြီးချိုးဖောက်သွားတာပါ။ ဦးဇင်းကတော့ တရားဝင်နည်းလမ်းတကျ လုပ်ဆောင်ခဲ့တာပဲ။ ပြန်လည် ရုတ်သိမ်းခွင့်ရှိတဲ့ အနေထားက သဘာဝဘေးအန္တရာယ် ကျရောက်မှပဲ ဒီလိုလုပ်ခွင့်ရှိတယ်ဆိုတာ သူတို့စည်းကမ်းချက်မှာလည်း ပါတာပဲ။ ခုဟာက ဘာမှ မဖြစ်ဘဲ ခွင့်ပြုထားတဲ့ ဥပဒေကို ချက်ခြင်း ရုတ်သိမ်းသွားတာပါ။ သိပ်ပြီး ကြောက်အားကြီးနေသေးတယ်။ ဒီလိုလုပ်တာ လုံးဝမှ ဒီမိုကရေစီ နည်းလမ်းမကျပါဘူး” ဟု ဦးဝီရသူက မိန့်သည်။ ဆန္ဒပြခွင့်မရရှိသော မြို့နယ်များမှာ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၌ ပြုလုပ်မည့် ဆန္ဒပြပွဲကိုလည်း ရုတ်သိမ်းခိုင်းခဲ့ကြောင်း၊ ရန်ကုန်- မန္တလေး အဝေးပြေးကားလမ်းမပေါ်ရှိ ပြည်ကျောင်းတိုက်တွင် စုစည်းနေသည့် ရဟန်းနှင့် လူအများကို စုရပ်တွင် ဆက်လက် မစုရုံးကြရန် ရဲအရာရှိများက ဆော်သြခဲ့ကြောင်း တွေ့ရသည်။

သို့သော်လည်း နေ့လည် ၁ နာရီတွင် ချမ်းအေးသာစံမြို့နယ်မှ ဆန္ဒပြပွဲကို သက်ဆိုင်ရာ အာဏာပိုင်များက မတားဆီးနိုင်ခဲ့ကြောင်း၊ သံဃာများ ဦးဆောင်သည့် ရာနှင့်ချီသောသူများသည် ၄၂ လမ်းမှတဆင့် မြတောင်တိုက်သို့ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်မည့် ကျန်မြို့နယ် ၂ မြို့နယ်သည်လည်း ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိုသည်။

‘‘သူတို့က ဆက်မလုပ်နဲ့လို့ အမိန့်ထုတ်တော့ ဦးဇင်းတို့ကတော့ ဆက်မလုပ်ဘူး။ ဒါပေမယ့် စိတ်အားထက်သန်တဲ့ လူတွေနဲ့ ရဟန်းတွေ ဆက်လုပ်တာကတော့ ဦးဇင်းတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဦးဇင်းတို့ တာဝန်မယူဘူး။ အဲလို ဖြစ်လာရင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တာဝန်ပဲလို့ ပြောခဲ့တယ်။ အစောကြီးကတည်းက ဒီလူအုပ်ကြီးကို ထိန်းသိမ်းဖို့နဲ့ ပွဲမဆူဖို့ သံဃာတွေ လိုက်ပါစောင့်ရှောက်ခွင့် ပြုထားတာ” ဟု ဦးဝီရသူက မိန့်သည်။

ဆန္ဒဖော်ထုတ်ပွဲသည် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က UNHCR နှင့် နေပြည်တော်တွင် ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် သမ္မတ၏ ရပ်တည်ချက်ကို ထောက်ခံခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်အဖွဲ့စည်း ကိုမဆို အကြမ်းဖက်သည့်ဝါဒကို မကျင့်သုံးပါက ဘာသာပေါင်းစုံ လက်ခံနိုင်ကြောင်း ဆရာတော်က ဆက်လက် မိန့်သည်။

ဆရာတော် ဦးဝီရသူသည် ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ကာ ငွေသိန်း ၄၀၀ ကျော်နှင့် ကား ၁၀ စီးစာ ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သေးသည်။

ဗိုလ်ချုပ်ကြီးတို့က ၀ါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်ကို အမည်ပျက်စာရင်း သွင်းခဲ့


စစ်ဗိုလ်ချုပ်ကြီးတို့က ၎င်းတို့အတွက် ၀ါဒဖြန့်ချိရေး ဇာတ်ကားများ ရိုက်ကူးသရုပ်ဆောင်ပေးခဲ့သည့် မင်းသမီးကြီး မို့မို့မြင့်အောင်ကို ပြီးခဲ့သည့် ရက်ပိုင်းကာလအထိ အမည်ပျက်စာရင်း သွင်းထားခဲ့ကြသည်။

ရာပေါင်းများစွာသော မြန်မာပြည်သားတို့၏ အမည်များကို အမည်ပျက်စာရင်းမှ ယခင်တပတ်က ထုတ်ပြန်ရာတွင် ၀ါရင့်မင်းသမီးကြီး အကယ်ဒမီ မို့မို့မြင့်အောင်၏ အမည် ပါဝင်နေသည်ကို တွေ့ကြရသည်။

ထိုကဲ့သို့သော ထူးခြားအံ့သြဖွယ်ဖြစ်ရပ်ဆန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်အခြေစိုက် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်က မင်းသမီးကြီးကို ဆက်သွယ် မေးမြန်းခဲ့သည်။

မင်းသမီးကြီးက “ဘယ်တုန်းက ပိတ်ထားမှန်း မသိခဲ့ပါဘူး။ အဲ့ဒီစာရင်း ထွက်လာတဲ့အချိန်မှာ ကိုသူရ (ဇာဂနာ )နဲ့တောင် ပြောဖြစ်သေးတယ်။ နာမည်ရော၊ အဖေနာမည်ရော မှန်နေတယ်။ မှတ်ပုံတင်နံပါတ်က အရင်တုန်း ကထုတ်ပေးထားတဲ့ ကဒ်နံပါတ်ပါ” ဟု အဆိုပါ ဂျာနယ်ကို အသေးစိတ် ရှင်းလင်းပြောပြခဲ့သည်။

မြ၀တီသတင်းဌာန အွန်လိုင်းတွင် တွေ့ရသည့် အချက်အလက်များအရ မို့မို့မြင့်အောင်သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက သတ်မှတ်ထားသည့် နာမည်ပျက်စာရင်းတွင် ပါဝင်နေသည်။

မည်သည့်အတွက် ထိုသို့ အမည်ပျက်စာရင်း သွင်းထားသည်ကို ဖော်ပြထားခြင်း မရှိချေ။

ရုပ်ရှင်လောကသားများထဲမှ မို့မို့မြင့်အောင် တစ်ဦးတည်းသာ နာမည်ပျက်ခြင်း မဟုတ်ဘဲ သရုပ်ဆောင် ရဲမင်းပိုင်လည်း အမည်ပျက်စာရင်းတွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ရဲမင်းပိုင်သည် နို့ဘိုးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ထိုမှတဆင့် တတိယနိုင်ငံတခုသို့ သွားရောက် ခိုလှုံခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ်မှ လာသော သတင်းများက ဆိုသည်။


မို့မို့မြင့်အောင်ကို ရုပ်ရှင်/ဗီဒီယို ဇာတ်ကားများစွာတွင် ထောင်ထွက်၊ ကနားစီး၊ ခေါင်းရွက်ဈေးသည်၊ အထက်တန်းကျောင်းသူ၊ သီလရှင် စသည့် ဇာတ်ကောင်စရိုက်မျိုးစုံဖြင့် တွေ့မြင်ကြရသည်။

လက်ဝှေ့သမားအဖြစ်လည်း သရုပ်ဆောင်ခဲ့ဖူးသည်။ သူကိုယ်တိုင်လည်း လက်ဝှေ့ပွဲကြည့်ခြင်းကို ၀ါသနာပါသူဖြစ်သည်။

“မမို့က လက်ဝှေ့ပွဲတွေကို အရမ်းသဘောကျတာ၊ ပွဲကောင်းတွေဆိုရင် လူမမှတ်မိအောင် ရုပ်ဖျက်ပြီး သွားကြည့်ရတယ်” ဟု မို့မို့မြင့်အောင်က ပြောကြားခဲ့ဖူးသည်။

မို့မို့မြင့်အောင်သည် ၁၉၈၀ ပြည့်နှစ်က မွန်းတည့်ချိန်တွင် နေ၀င်သည် ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။

နှလုံးသားမြို့တော် (၁၉၈၅)၊ ခပ်စိမ်းစိမ်း နေပါ့မယ် (၁၉၈၉)၊ သမီးနှင့်အမေများ (၁၉၉၁)၊ မသုဓမ္မစာရီ (၁၉၉၆) ၊ မြင့်မိုရ်ထက်က သရဖူ (၂၀၀၈) ဇာတ်ကားတို့တွင် အကယ်ဒမီဆုများ ရခဲ့သည်။

အမည်ရင်း မမွှေး၊ ကျောင်းအမည် မြင့်မြင့်ခိုင် ဖြစ်ခဲ့သော အကယ်ဒမီများရှင် မို့မို့မြင့်အောင်သည် အသက် ၅၂ နှစ် ရှိပြီဟု သိရသည်။

ပလတ်စတစ်အိတ်ဆိုက်ကြီးများ ပစ္စည်းထည့်ပြီးနောက် အမှိုက်စွန့်ရာတွင်သုံးရန် အရောင်ထည့် ထုတ်မည်

လူသုံးကုန် ပစ္စည်းများ ထည့်ရန် အသုံးပြုသည့် ပလတ်စတစ် အိတ်ဆိုက် ကြီးများတွင် အမှိုက်စွန့်ပစ်အိတ် အရောင်ထည့်၍ ထုတ်လုပ်ရန် ရန်ကုန် စည်ပင်မှ ပလတ် စတစ် လုပ်ငန်းရှင် များသို့တောင်းဆို ထားကြောင်းသိရသည်။ ”အရင်က ထုတ်တဲ့ ပလတ်စတစ် အိတ်တိုင်း ကိုအမှိုက် စွန့်ပစ်အိတ် အရောင် ထည့်ဖို့ပြောတယ်။ အဲဒီအ တိုင်း ကျွန်တော်တို့ ထုတ်ကြည့်သေး တယ်။အသေးတွေ ကအစား အသောက် ထည့်တာဖြစ်လို့ အရောင်ထည့်တော့ အဆင်မပြေဘူး။ ဒီအတွက် ဆိုက် အကြီးတွေ ပဲ အရောင် ထည့်ထုတ်ဖို့ စည်ပင် ကတောင်းဆိုလို့ လုပ်ငန်းရှင်တွေ ကလက်ခံ လိုက်ပါတယ်” ဟု ပလတ်စ တစ် လုပ်ငန်းရှင် တစ်ဦးကပြောသည်။

(၁၂လက်မ * ၂ဝလက် မ) နှင့် အထက် ပလတ်စတစ် အိတ်များ အားလုံးကို အမှိုက်စွန့်ပစ် အိတ်အရောင် ဖြစ်သည့် အစိမ်းနုနှင့် အပြာနုရောင် များထည့်၍ ထုတ်လုပ် သွားမည်ဟု ပလတ်စတစ် လုပ်ငန်း ရှင် များ ထံမှ သိရသည်။ ”သုံးစွဲသူတွေ က အရောင်မပါ အိတ်တွေနဲ့ ကျင့်သားဖြစ်နေလို့ ကျွန် တော်တို့ဘက်က ကွင်းဆင်း စည်းရုံး ရေးတော့ လုပ်ရမှာပါ။

အိတ် အကြီး တွေဖြစ် လို့ ပစ္စည်းထည့်တဲ့နေရာမှာ သုံးပြီးရင် အမှိုက်စွန့်ပစ်အိတ်အနေ နဲ့ ပြန်သုံးလို့ရလို့ အားလုံးက လက်ခံနိုင်မယ် လို့ထင်ပါတယ်” ဟု အ ထက်ပါ ပလတ် စတစ် လုပ်ငန်း ရှင် က ဆက်လက်ပြောသည်။

လက်ရှိ၌ ရန်ကုန်စည်ပင်နှင့် ပလတ်စတစ် လုပ်ငန်းရှင် များ ပူးပေါင်း ၍ အမှိုက်စွန့် ပစ်အိတ်များအား recircle ပြုလုပ် ကာ ဈေးနှုန်းလျှော့ ချရောင်းခြင်းကို ဆောင်ရွက်နေပြီး နောင်တွင် အမှိုက် ခွဲခြား စွန့်ပစ်ရန် အတွက် အမှိုက်စွန့်ပစ် အိတ်သီးသန့် ဝယ်ယူရခြင်း မျိုးမရှိစေရန် လူသုံးကုန် ပစ္စည်း ထည့်အိတ် များတွင် အမှိုက် အိတ်အရောင် များထည့်သွင်း၍ ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

အမှိုက်ခွဲခြား စွန့်ပစ်ရန်အတွက် ပညာပေး ကာလပြီးဆုံးမည်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အများပြည်သူ များစွန့်ပစ်အမှိုက်များ အားအစို၊အခြောက် ခွဲခြားကာ သတ်မှတ် အရောင်အိတ်နှင့် သာစွန့်ပစ်ရ မည်ဖြစ်ပြီး ခွဲခြား အမှိုက် စွန့်အိတ် အရောင်နှင့် မပစ်သည့်အမှိုက်များ ကိုလက်ခံသိမ်းဆည်းမည်မဟုတ်ဟု ရန်ကုန်စည်ပင်မှအကြီးတန်း အရာရှိ တစ်ဦး ကပြောသည်။

မီးဖိုချောင် အမှိုက်၊ ဘုရားပန်း စသည့် အမှိုက် အစိုများကို အပြာနုရောင်ပလတ်စ တစ်အိတ်နှင့် ပလတ် စတစ်အိတ်၊ ဖော့ဘူး အစရှိသည့်အမှိုက် အခြောက် များကို အစိမ်းနုရောင် ပလတ်စတစ် အိတ်နှင့် စွန့်ပစ် ရမည်ဖြစ်သည်။

မြန်မာပုဂ္ဂလိကသတင်းစာတွေ ၂၀၁၃ မှာ ထုတ်ဝေခွင့်ပြုမည်


မြန်မာနိုင်ငံအတွင်းက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ဥပဒေပြဌာန်းနိုင်ရေး လွှတ်တော်မှာ အဆိုပြု တင်ပြသွားမှာဖြစ်သလို နောက်နှစ်ပိုင်းလောက်မှာ ပုဂ္ဂလိက နေ့စဉ်ထုတ်ခွင့်ပေးနိုင်ရေးအတွက်လည်း စီစဉ်နေတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က သတင်းစာဆရာအသင်းကို ပြောလိုက်ပါတယ်။ စက်တင်ဘာလ နှစ်ရက်နေ့က ပြန်ကြားရေးဝန်ကြီး အသစ် ဦးအောင်ကြည်နဲ့ သတင်းစာဆရာ အသင်း၊ ရုပ်ရှင်အစည်အရုံးတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကြစဉ်မှာ အဲဒီလိုပြောလိုက်တာပါ။

ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က သတင်းစာဆရာအသင်းနဲ့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေကို စက်တင်ဘာလနှစ်ရက်၊ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သီးခြားစီ တွေ့ဆုံခဲ့တာပါ။

သူ့အနေနဲ့ အနုပညာလောကနဲ့ အလှမ်းဝေးတာကြောင့် သူ့မှာ အားနည်းချက်ရှိတယ်ဆိုတာကို ၀န်ခံပြောကြားရင်း ရုပ်ရှင်နဲ့ စာပေ အဖွဲ့အစည်းတွေအပေါ် သူ့ရဲ့ သဘောထားနဲ့ပတ်သက်လို့ ၀န်ကြီးဦးအောင်ကြည်က အဲဒီ တွေ့ဆုံဆွေးနွေးပွဲအတွင်း အခုလို ပြောကြားခဲ့ပါတယ်။

“အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ကျနော့်ရဲ့သဘောထား- ကျနော်တို့အနေနဲ့ ရုပ်ရှင်အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ စာပေအဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ ဂီတအဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့လေ- ဒါ- ကျနော်တို့နဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းမျိုးတွေပါ။ ဒါတွေ အားလုံးက civil societies ပဲဖြစ်ပါတယ်။ civil society ဟာ ကောင်းမွန်သော အုပ်ချုပ်ရေး စံနစ်တခုအောက်မှာ အစိုးရ ရယ်၊ ပြည်သူရယ်၊ civil societies ရယ်ဆိုတာ ဇာတ်ကောင်သုံးခုပဲ ရှိပါတယ်။

civil society ကတော့ အဓိကဇာတ်ကောင်တခုပဲ ဖြစ်ပါတယ်။ ဒီ Civil Society ဟာ သူ့ရဲ့ ဇာတ်ကောင် လုပ်ငန်းကိုသူ ကျကျနနလုပ်နိုင်ရအောင် ကျနော်တို့ ကူညီမှာ ဖြစ်ပါတယ်။ အဲဒီတော့ Civil Society ရဲ့ သဘောသဘာဝက Strategy မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းပြဌာန်းပြီးတော့မှ ဒီအတိုင်း လိုက်နာ၊ ဒီအတိုင်း ဆောင်ရွက်ဆိုတာမျိုး ကျနော်တို့ လုပ်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖာသာ ကိုယ် ပြဌာန်းပြီးတော့မှ ကိုယ့်ဖာသာကိုယ် စောင့်ထိန်းလိုက်နာပြီးတော့မှ Credibility အတွက် ဆောင်ရွက်သွားတဲ့ အနေအထားမျိုး ဖြစ်အောင် ကျနော် ဆောင်ရွက်သွားပါမယ်။”

ဒါ့အပြင် သတင်း စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင် လွှတ်တော်မှာ ဥပဒေသစ် တင်သွင်း အဆိုပြုသွားမယ်လို့ ၀န်ကြီးက ပြောကြားခဲ့တဲ့အကြောင်းလည်း ဒီအခမ်းအနား ကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ဝံသ က ပြောပါတယ်။

“စာနယ်ဇင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဆွေးနွေးပါတယ်။ စာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့လည်း သူက နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေအထိ တိုးချဲ့ပြီးတော့ ဆောင်ရွက်ရမယ်၊ အဲဒီလိုပြောပါတယ်။ နောက်ပြီးတော့ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အနုပညာ လောကသားအားလုံးက ကျေကျေနပ်နပ်နဲ့လက်ခံနိုင်တဲ့ မီဒီယာ ဥပဒေမျိုးဖြစ်အောင် ပြင်ဆင်ပြီးတော့မှ ပြဌာန်းမယ်။”

မြန်မာနိုင်ငံထဲမှာ လက်ရှိ မီဒီယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ က နေ့စဉ် သတင်းစာတွေထုတ်ဝေခွင့်ပြုဖို့ အစိုးရထံမှာ ခွင့်ပြုချက် လျှောက်ထားနေကြတဲ့ ကာလဖြစ်တဲ့အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်ရှိတယ်ဆိုရင် နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရှိရမယ်လို့ မီဒီယာ လွတ်လပ်ခွင့်အတွက် တောင်းဆိုနေကြသူတွေက မြင်နေကြတာပါ။

ဒီကိစ္စအပေါ် ၀န်ကြီးက သူ့ရဲ့ သဘောထားကို ပြောပြခဲ့တယ်လို့လည်း ဆရာမောင်ဝံသက အခုလို ဆက်ပြောပြပါတယ်။

“ဟုတ်တယ်၊ နေ့စဉ်သတင်းစာထုတ်ဝေခွင့်ကို မြန်မြန် ပေးချင်တယ်-တဲ့။ တတ်နိုင်သမျှ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုဖို့ မြန်မြန်လေး ဆောင်ရွက်ချင်တယ်လို့ အဲလို ပြောတယ်။ စာနယ် ဇင်းကောင်စီကို ဖွဲ့ပြီးတော့မှ နေ့စဉ် သတင်းစာတွေ ထုတ်ဝေရေး ကိစ္စကို စီစဉ်မယ်လို့ ပြောတယ်။ ”

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ သတင်းထောက်အများစုကတော့ ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေကို ရှေ့နှစ် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ လုပ်ကိုင်ခွင့် ပြု လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတာပါ။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကတော့ သူတို့ ရုပ်ရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့ တားဆီး ပိတ်ပင်မှုတွေ လျှော့ပေါ့ပေးဖို့ ဒီတွေ့ဆုံပွဲမှာ တောင်းဆိုခဲ့တာပါ။

“ဆင်ဆာကို လျှော့ပေါ့ဖို့ လိုသလို လက်ရှိဖွဲ့စည်းထားတဲ့ ဆင်ဆာဘုတ်အဖွဲ့ကိုလည်း ပြောင်းလဲပြင် ဆင် ဖွဲ့စည်းဖို့ လိုပါတယ်။ လက်ရှိ ဆင်ဆာဘုတ်အဖွဲ့ကို လူဦးရေ ၁၇ ဦးနဲ့ ဖွဲ့ပါတယ်။ ကျနော်တို့ ရုပ်ရှင်ကို၊ ဗွီဒီယိုကို ဆင်ဆာဖြတ်တဲ့အဖွဲ့ထဲမှာ ရုပ်ရှင် ပညာရှင် တစ်ဦးတည်း ပါပါတယ်။ ကျန်တဲ့ ၁၆ ဦးသည် ဌာနဆိုင်ရာများက စုဖွဲ့ထားတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒီ့အတွက် ဒါလောက် အရေအတွက် များများနဲ့ ဖွဲ့စည်းထားတဲ့၊ ရုပ်ရှင်နဲ့သက်ဆိုင်ခြင်းမရှိတဲ့ ဆင်ဆာ အဖွဲ့ကို ကျနော်တို့ ရုပ်ရှင်လောက-က ပညာရှင်များပါဝင်တဲ့၊ တဘက်ကလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းက ပါဝင်တဲ့ ကျစ်လျစ်တဲ့ အဖွဲ့အစည်းတစ်ခုအထိ ပြန်လည် ဖွဲ့စည်းသင့်ပါပြီ-လို့ ကျနော်က တင်ပြလိုပါတယ်။”

လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း အစိုးရကထုတ်ဝေနေတဲ့ နေ့စဉ်သတင်းစာ၊ အင်္ဂလိပ်လိုနဲ့ မြန်မာ လို သုံးစောင်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့သတင်းစာနဲ့ပါဆို စုစုပေါင်း လေးစောင် ရှိတာပါ။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ထုတ်ဝေနေတဲ့ အပတ်စဉ်ဂျာနယ်၊ မဂဇ္ဇင်း အရေအတွက် ကတော့ ပျှမ်းမျှအားဖြင့် ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ အရင်ရှိနေခဲ့တဲ့ ဆင်ဆာဘုတ်အဖွဲ့ကို သြဂုတ်လ ၂၀ ရက်နေ့မှာ အာဏာပိုင်တွေက ဖျက်သိမ်းပေးလိုက်ပြီး အရင်ဆင်ဆာဘုတ် အဖွဲ့ကို တင်ပြီး ဂျာနယ်၊ မဂဇ္ဇင်းတွေ ထုတ်ဝေနေရတဲ့ တင်-ထုတ်ကနေ ဂျာနယ်တွေ ထုတ်ပြီးမှ တင်ရတဲ့ ထုတ်-တင်အဖြစ်ကို ပြောင်းလဲလျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

စာရင်းစစ်ချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေအတွက် အမည်တင်သွင်း


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားကောင်းလာစေဖို့ဆိုတဲ့ ရည်ရွယ်နဲ့ မကြာသေးခင် ရက်ပိုင်းက စလို့ ၀န်ကြီးနေရာ အပြောင်းအရွှေ့တွေ လုပ်ဆောင်လာတာမှာ ဒီကနေ့ လည်း ၀န်ကြီးနေရာတချို့ ပြောင်းရွှေ့ခန့်အပ်မှုနဲ့ ပတ်သက်ပြီး သမ္မတရုံးကနေ ပြည် ထောင်စု လွှတ်တော် နာယကဆီကို သ၀ဏ်လွှာ ၂ စောင် ပေးပို့ခဲ့ပါတယ်။ ဒီသ၀ဏ်လွှာအရ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး နေရာ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နေရာနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်တွေအတွက် သမ္မတက ရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့ ပတ်သက်ပြီး ၄-၉-၂၀၁၂ အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်မှတ်နဲ့ စက်တင်ဘာလ သုံးရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယကထံ သမ္မတရုံးက ပေးပို့ခဲ့ တဲ့ သ၀ဏ်လွှာ ပထမတစောင်ထဲမှာ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ်တဲ့ အပေါ်မှာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်တဲ့အပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ ဆီက သဘောတူညီချက်ရယူပြီး အတည်ပြုပေးဖို့အတွက် ဖော်ပြထားတာပါ။

အရင်က ဒီ ပြည်ထောင်စု စာရင်းစစ်ချုပ်တာဝန်ကို ဦးလွန်းမောင်က တာဝန်ယူထားတာဖြစ်ပြီး မကြာသေးခင်က သူ နုတ်ထွက်ခဲ့တဲ့ အတွက် သူ့နေရာမှာ ၀န်ကြီး ဦးသိန်းထိုက်ကို အစားထိုးခန့်အပ်ဖို့ သမ္မတက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်မယ့် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနေရာမှာ ဒုဗိုလ်ချုပ်ကြီး လှမင်းက လက်ရှိ တာဝန်ယူ ထားတာ ဖြစ်ပါတယ်။

ဒုတိယသ၀ဏ်လွှာမှာတော့ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဘက်ဆိုင်ရာကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့နဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RNDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“သမ္မကြီးကနေ - နဂိုရ်က သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ် လိုပါသဖြင့်.. အဲ့လိုပဲ ပါ ပါ တယ်ခင်ဗျ။ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။ မနက်ဖြန် ပြည်ထောင်စု လွှတ်တော်ကျမှ အတည်ပြုမှာပါ။ ဗိုလ်ချုပ်ကြီးဝေလွင် က ရန်ကုန်တိုင်းမှာလည်း သူ့ကို ခေတ္တခဏ တာဝန် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ဒုတိယ သမ္မတဖြစ်မယ်လို့ ထင်ကြေးပေးခဲ့တုန်းက။ အဲ့ဒီနေရာကနေပြီးတော့ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒုသမ္မတ မဖြစ်လာတော့ ဒုဗိုလ်ချုပ်ကြီးဝေလွင်က ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနေရာမှာ အစားထိုးပေးလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး လှမင်းကတော့ နဂိုရ် စစ်ဘက်ဆိုင်ရာ တာဝန်တွေ ပြန်လည်ထမ်းဆောင်မယ် ဆိုပြီး ပြောပါတယ်။ ဒုဗိုလ်ချုပ်ကြီးဝေလွင်ကလည်း ကျနော်တို့ ကြားသိရတာကတော့ တော်တော့ ကို ဖြောင့်မတ်မှန်ကန်တဲ့ စစ်သားကြီး တယောက်လို့ ကျနော်တို့ နားလည်ထားပါတယ်။”

မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ ရှိနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ တပတ် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ဆက်တိုက်ဆိုသလို ၀န်ကြီးနေရာတွေအပြောင်းအရွှေ့နဲ့ အစိုးရတာဝန်ရှိသူတချို့ နုတ်ထွက်တဲ့အကြောင်းတွေကို သမ္မတရုံး က ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ခန့်အပ်ခံရတဲ့ ၀န်ကြီးတွေ စာရင်းမှာ - သမ္မတရုံးဝန်ကြီး လေးနေရာ အပါအ၀င် ပြန်ကြားရေး၊ သမဝါယမ၊ မွေးမြူရေးနဲ့ရေလုပ်ငန်း၊ စက်မှုနဲ့ အာကစား ၀န်ကြီးဌာန ၀န်ကြီးနေရာတွေကို အပြောင်းအရွှေ့တွေ လုပ်ခဲ့တာပါ။ ဒီလိုပဲ ဒုဝန်ကြီး တာဝန်တွေကိုတော့ ပြည်ထဲရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးနဲ့ အခွန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းစတဲ့ ၀န်ကြီးဌာနတွေမှာ အပြောင်းအလဲတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့အတွင်း အခုလို ၀န်ကြီးနေရာ အပြောင်းအရွှေ့တွေ ဆက်တိုက် လုပ်ဆောင်လာတဲ့ အပေါ် သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မှာဖြစ်ပြီး ပြုပြင် ပြောင်းလဲ ရေး လိုလားသူတွေလို့ အများက သတ်မှတ် ထားသူတွေ က နေရာ ပိုရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ်ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက် ကုန်တာလို့လည်း မြန်မာ့ အရေး လေ့လာသူတွေက မြင်ခဲ့ကြပါတယ်။

KNU နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေး

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း (လယ်)၊ KNU မှ နော်စီဖိုးရာစိန် (ဝဲ)

ကေအန်ယူ ကရင့်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဖားအံမြို့ ဇွဲကပင်ဟိုတယ် က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုမှာတော့ နှစ်ဘက် တပ်နေရာ ချထားရေး အတွက် အကျေအလည် ဆွေးနွေးခဲ့ကြ ပါတယ်။ ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး ကရင်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ လည်း ဆိုပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဘက်ကလည်း သဘောတူနိုင်တဲ့ အချက်တွေနဲ့ သဘောမတူနိုင်သေးတဲ့ အချက်တွေကို ပြည်ထောင်စုဝန်ကြီးတွေ ဦးဆောင်ဆွေးနွေးခဲ့ကြပါ တယ်။ ကေအန်ယူနဲ့ မြန်မာ အစိုးရတို့ရဲ့ တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက် နေ့တွေမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ ကျော် သဘောကွဲလွဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင့် အမျိုးသား အစည်း အရုံး ကေအန်ယူနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ကရင်ပြည်နယ် ဖားအံမြို့က ဇွဲကပင် ဟိုတယ်မှာ ငြိမ်းချမ်းရေးအတွက် နှစ်ဘက်တပ်တွေ လိုက်နာ ရမယ့် အချက်အလက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် တပ်မှူးတပ်သားတွေ လိုက်နာရမယ့် စည်းကမ်း စုစုပေါင်း စာမျက်နှာ ၆၀ ကျော်ကို ဥပဒေပညာရှင်တွေနဲ့ပါ ညှိနှိုင်းကြတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“တပ်မှူးတပ်သားတွေ လိုက်နာရမယ့် စည်းကမ်းတွေမှာ ဘာမှ အခက်အခဲ ဖြစ်တာမျိုး မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတွေက များလွန်းလို့ ခင်ဗျ။ နောက်တခါ ဒီ ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး ဆိုင်ရာရှုထောင့်နဲ့ နောက်တခါ ကရင်ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ကို ၁၀၀ % ရအောင်ဆိုတဲ့ အနေအထားဘက်က ချဉ်းကပ်တာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။ ဒီအပေါ် မှာလည်း အစိုးရဘက်က တစုံတရာ ငြင်းဆိုတာ မရှိပါဘူး။ တပ်ခွဲခြားရေး- တချို့တပ်တွေရဲ့ နေရာ အနေအထား ပေါ်မှာပေါ့နော်- တယောက်နဲ့တယောက် သံသယရှိမှုအပေါ်မှာ အခြေခံပြီးတော့ ခုနကပြောတဲ့ တပ်ပြောင်း သွားတဲ့ကိစ္စကို မသိလိုက်တဲ့ကိစ္စမျိုး၊ နောက်တခါ တချို့တွေမှာ မှားယွင်း မှုတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်း နေကြတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် ဆွေးနွေးနေတာတွေ ရှိပါတယ်။”

ကေအန်ယူဘက်ကတော့ လူ့အခွင့်အရေး၊ ကရင်ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အဓိက ထား ဆွေးနွေးခဲ့ကြပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေကလည်း သဘောတူနိုင်တယ်၊ မတူနိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ဦးညိုအုန်းမြင့်က ဆိုပါတယ်။

“တကယ် အပစ်အခတ် ရပ်စဲတယ်ဆိုတာ ဥပမာ ပြောရရင် စာရွက်ပေါ်မှာ ရေးပေမယ့်လည်း တကယ် လိုက်နာရမယ့် စည်းကမ်းတွေ၊ နောက်တခါ ဒါကို စောင့်ကြည့်မှုတွေ၊ ဒီယန္တရားကို ဘယ်လို ဖြည့် ဆည်းမလဲဆိုတဲ့ဟာက ထူးခြားတယ်လို့ ပြောလို့ ရပါတယ်။ ကေအန်ယူဘက်က တချို့ကိစ္စတွေမှာ စိုးရိမ်မှု ရှိတယ်ဆိုတာ တွေ့ရတယ်။ သူတို့ရဲ့ စိုးရိမ်ချက်က ဥပမာ ဒီ Code of Conduct မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာက ရှင်းရှင်းပြောရရင် အထဲမှာ လိုအပ်တဲ့ အချက် အလက်တွေ၊ နောက်တခါ ပြည်သူတွေ၊ နောက်တခါ ထပ်ပြီးတော့ တယောက်နဲ့တယောက် စစ်ပွဲတွေ မဖြစ်အောင် ဆိုတဲ့အပေါ်မှာ ဒါတွေကို ပိုပြီးသေချာချင်တယ်ဆိုတဲ့ အချက်က အကောင်းဘက်က စိုးရိမ်တယ်လို့ ကျနော် ထင်ပါတယ် ဗျ။” မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာတော့ သမ္မတရုံး ၀န်ကြီးတွေဖြစ်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း တို့ အပါအ၀င် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဦးခင်ရီ၊ သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ ဦးဆောင်ဆွေးနွေးနေကြပါတယ်။ ကရင့်အမျိုးသား အစည်းအရုံးဘက်ကတော့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဖဒိုအားတိုတို့ ဦးဆောင် ဆွေးနွေးနေကြပါတယ်။ အပစ်အခတ် ရပ်စဲရေးအတွက် တိတိကျကျ သတ်မှတ်နိုင်ဖို့ နှစ်ဘက် လိုက်နာရမယ့် အချက် အလက်တွေကို ဆွေးနွေးနေကြတာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် ရှေ့တိုးခြေလှမ်းတခု ဖြစ်လာမယ် လို့လည်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဆိုပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာကတော့ အဆင့်တွေ အများကြီး သွားရဦးမှာပေါ့နော်။ ဒီအဆင့် မှာတော့ နှစ်ဘက်လုံး လနဲ့ချီ ၂ လလောက် ပြင်ဆင်ထားတာ ဖြစ်လို့ တော်တော် များများကတော့ နီးနီးစပ်စပ် သဘောတူလို့ ရမှာပါ။ နောက် နှစ်ဘက်လုံး အတွက် အကျိုးလည်း ရှိမှာပါ။”

ကေအန်ယူနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ကြား အခု ဆွေးနွေးပွဲဟာ တတိယ အကြိမ်မြောက် ဖြစ်ပြီး အရင်နှစ်ကြိမ် ဆွေးနွေးမှုတွေအပြီးမှာတော့ နှစ်ဘက် ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တတိယအကြိမ် ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က ဆွေးနွေး ဖို့ ရှိနေတာကို မြန်မာအစိုးရဘက်က အဆင်သင့် မဖြစ်တာကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ဒီကနေ့မှ ကျင်းပနိုင် တာလည်း ဖြစ်ပါတယ်။ နှစ်ရက်ကြာမြင့်မယ့် အခုတခေါက် ဆွေးနွေးမှုကတော့ အပစ်အခတ် ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဘက်လုံးက လိုက်နာရမယ့် အချက်အလက်တွေနဲ့ တပ်နယ်မြေ သတ်မှတ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာပါ။ ရလဒ်ကောင်းတွေ ထွက်လာဖို့လည်း နှစ်ဘက်လုံး က မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ကော့သောင်းမှာ ကျပ်ငွေ ၅,၀၀၀ တန် အတုမိ


ကော့သောင်းမြို့ရဲတပ်ဖွဲ့ကနေ ဒီရက်ပိုင်းတွေမှာ မြန်မာငွေကျပ် (၅,၀၀၀)တန် အတု ကာလ တန်ဖိုး သိန်း(၄၀)ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီငွေအတုတွေဟာ ဒေသခံတွေကြားမှာ ပျံ့နှံ့နေတဲ့ အတွက် ကော့သောင်းမြို့ ဒေသခံတွေအကြားမှာ ဒီငွေအတုကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အခုဆို ငွေအတု ကိုင်ဆောင်သူ အမျိုးသမီးကိုလည်း ကော့သောင်း မြို့ ရဲစခန်းကနေ စစ်ဆေးမေးမြန်းနေဆဲလို့လည်း ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

တနသာင်္ရီတိုင်း၊ ကော့သောင်းမြို့မှာ ငွေအတုသိန်း (၄၀) ကျော်ကို နယ်မြေခံ ရဲတပ်ဖွဲ့တွေကနေ ဒီ ရက်ပိုင်းတွေမှာ ဖမ်းဆီးမိခဲ့ပါတယ်။ အခုဆိုရင် ကော့သောင်းမြို့ထဲမှာ ငွေအတုတွေ ပျံ့နှံ့နေတဲ့ အတွက် ရောင်းဝယ်လဲလှယ်ထားတဲ့ ဒေသခံဈေးဆိုင်တွေနဲ့ ငွေလဲလှယ်ရေးဆိုင်တွေအနေနဲ့ စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ ငွေလဲလှယ် ရေးဆိုင်ရှင်တဦးကပြောပါတယ်။

“ငါးထောင်တန်ဖမ်းမိတော့ ဒီကမြို့သူမြို့သားတွေ အဲဒါ စိုးရိမ်နေတယ်။ ဈေးထဲမှာလည်း တော်တော် များများ ၀ယ်ထားတယ်။ ဟိုကောင်မလေးကိုတော့ဖမ်းချုပ်ထားတယ်။ မြို့ထဲမှာ ဈေး ဆိုင်တွေရော၊ ရွှေဆိုင်တွေရော ဒီ ဘတ်လဲတဲ့ဆိုင်တွေရော အကုန်မေးကြည့်တော့ မြန်မာ ငွေနဲ့ ထိုင်းငွေတွေ လဲလှယ်တဲ့နေရာ အကုန်မေးကြည့်တော့ သူတို့ တော်တော်များများ လဲထား တယ်- တဲ့။ ငွေအတု၊ အစစ်ဆိုတာ ကျနော်တို့ ခွဲခြားလို့ မသိဘူးတဲ့။ ပြည်သူလူထုက ဥပဒေ အရပေါ့နော်။ ဒီ(၅၀၀၀)တန်ပေါ့နော်။ သူတို့ လိုက်ဝယ်ထားတာ တော်တော်များများ ၀ယ် ထားတာကိုး။ (၅၀၀၀) တန်က။ ပြည်သူတွေက ထိတ်လန့်နေတာ။ (၅၀၀၀) တန်တောင် မကိုင်ရဲဘူး။”

ငွေအတုကိုင်ဆောင်သူ မဝေယံဖြိုးကို စက်တင်ဘာလနှစ်ရက်နေ့မှာ ကော့သောင်းမြို့နယ်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

ဒီငွေအတုတွေကို ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်နေ အသက် (၂၄) နှစ်အရွယ် မဝေယံဖြိုး ကနေ ရွှေဆိုင်တွေနဲ့ ထိုင်း-မြန်မာ ငွေလဲလှယ်ရေးဆိုင်တွေမှာ ငွေလဲလှယ်၊ ရွှေတွေ ၀ယ်ရာကနေ သင်္ကာမကင်းဖြစ်ပြီး ဖမ်းဆီးမိခဲ့တယ်လို့ အဆိုပါ ငွေလဲလှယ်ရေး ဆိုင်ရှင်က ဆက်ပြောပါတယ်။

“ရွှေဆိုင်တဆိုင်မှာ ပထမရွှေ (၄) ကျပ်သား သွားဝယ်လိုက်တယ်။ ဒုတိယ ငွေဘတ် လေး သောင်း ဆိုလား သွားလဲတယ်။ ထိုင်းငွေနဲ့ မြန်မာငွေ လဲလှယ်တဲ့နေရာတွေမှာ သူတို့ ငွေအတု အစစ်ခွဲခြားလို့ သိတယ်လေ။ သွားလဲတဲ့အချိန်မှာ ငွေကပါးပါးလေးဖြစ်နေတော့ သူတို့က အလဲမခံဘူး။ အဲဒီမှာ ရွှေ ဆိုင်မှာ တခါထပ်ပြီးတော့ သွားဝယ်တယ်။ အဲဒီမှာ ရွှေဆိုင်ကနေ မယုံမသင်္ကာဖြစ်တော့ ငွေလဲတဲ့ လူတွေကလည်း ရွှေဆိုင်ကို ပြန်လာပြောတော့ အဲဒီတော့ ငွေ အသေ အချာပြန်ကြည့်တော့ ငွေအတုတွေ ဖြစ်နေတယ်။ ကောင်မလေးနံမယ်က ဝေယံဖြိုး။ လဲတာတွေရော အားလုံး သူဝယ်ထားတဲ့ဟာတွေရော ဆိုလို့ရှိရင် အားလုံးပေါင်း သိန်း လေးဆယ်ကျော်တယ်။”

ငွေအတုရောင်းဝယ်သူ မဝေယံဖြိုးကိုတော့ ကော့သောင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး အခုဆိုရင် ရဲစခန်းကနေ စစ်ဆေးနေဆဲလို့ ကော့သောင်းမြို့၊ နယ်ထိန်းဦးကျော်မိုးဦးက ပြောပါတယ်။

“ငွေအတုတော့ ဖမ်းမိထားတယ်။ ကျနော်တို့ဆီက အရာရှိတွေကနေပြီးတော့ စစ်နေတယ်။ ဒီနေ့မှ ကျနော်တို့က စစစ်တယ်။”

ငွေအတုကိုင်ဆောင်သူ မဝေယံဖြိုးဟာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ဒီ (၅၀၀၀) တန် ငွေအတုတွေကို ထိုင်းနိုင်ငံကနေတဆင့် တင်သွင်းလာနိုင်ဖွယ်ရာရှိတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ (၁၉၉၆) ခုနှစ်ကလည်း ထိုင်းနိုင်ငံသားနှစ်ဦးကနေ ထိုင်းဘတ်ငွေ (၅၀၀) အတု သိန်း (၂၀) လောက် ကော့သောင်းမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်ကနေ ဖမ်းဆီးထောင်ချ ခဲ့ပါ တယ်။

ဒီနှစ် သြဂုတ်လ (၂၄) ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်ခွဲမှာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ အမျိုးသမီးတဦးကို (၅၀၀၀) တန် မြန်မာငွေအတု သိန်း (၁၅၀) ခန့်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။