Friday, August 24, 2012
KIO ပညာရေးဌာနမှ ၄င်းတို့နယ်မြေအတွင်းရှိကျောင်းများတွင် မြန်မာစာနှင့်သမိုင်းစာများအားပယ်ဖျက်
သြဂုတ်လ(၂၁)ရက်နေ့က KIA ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေအရ KIA ပညာရေးဌာနမှ ၄င်းတို့နယ်မြေအတွင်း မှာရှိတဲ့ ပညာရေးကျောင်းတွေမှာ မြန်မာစာနဲ့သမိုင်းစာတွေကို ပယ်ဖျက်ခဲ့တယ်လို့သိရှိရပါတယ်။ဒီလိုဖျက်သိမ်းခဲ့တဲ့ သင်ရိုးညွှန်းတမ်း တွေအစား ကချင်နိုင်ငံရေးစာအုပ်၊ ကချင်ရိုးရာယဉ်ကျေးမှုစာအုပ်၊ကချင်တော်လှန်ရေးစတင်ပေါ်ပေါက်လာပုံ၊ ကချင်သန့်ရှင်းကျန်းမာရေး စာအုပ်နဲ့၊ လက်နက်ခဲယမ်းအကြောင်း စာအုပ်တွေကိုအစားထိုးပြီး သင်ကြားသွားရမှာဖြစ်တယ်လို့ သိရှိရပါတယ်။
Myanmar Express
စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြည်တွင်း MPU Debit Card များ စတင် သုံးစွဲနိုင်မည်
ပြည်တွင်းရှိ ဘဏ် ၁၇ ဘဏ်က ပူးပေါင်း တည်ထောင်ထားသည့် MPU (Myanmar Payment Union) ၏ Debit Card များကို စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ကာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) မှ သတင်း ရရှိသည်။
အဆိုပါ Debit Card များကို MPU အဖွဲ့ဝင် ဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူနိုင်ခြင်းနှင့် MPU ကတ် လက်ခံသော ဆိုင်များတွင် ဈေးဝယ်ယူနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။
ယခင်က ထုတ်ပေးထားသော ATM ကတ်များကိုမူ သက်ဆိုင်ရာ ဘဏ်များက ၎င်းတို့၏ အစီအစဉ်ဖြင့် MPU ကတ်များနှင့် လဲလှယ်ပေးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဘဏ်များအသင်းက MPU စီမံခန့်ခွဲမှု ကော်မတီတစ်ရပ်ကို ၁၅-၉-၂၀၁၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။
ထို့နောက် MPU သည် ၂၀၁၂ ဇူလိုင်လအတွင်း Test ကတ်များဖြင့် စမ်းသပ်သုံးစွဲမှုများကို ပြုလုပ်ခဲ့ပြီး စမ်းသပ်ကာလကိုလည်း ရက်သတ္တပတ်ခြောက်ပတ်မျှသာ အချိန်ယူခဲ့ကြောင်း သိရသည်။
MPU Debit ကတ်များ သုံးစွဲရာတွင် အနည်းဆုံး ကျပ် ၁၀၀၀၀ မှ အများဆုံး သိန်း ၅၀ အထိ သတ်မှတ်ကာ သုံးစွဲခွင့် ပြုထားသည်။
အာရှဒေသတွင်းရှိ နိုင်ငံများနှင့် ဘဏ်များအလိုက် ကတ်များကို ထုတ်ဝေအသုံးပြုလျက်ရှိရာတွင် ဂျပန်နိုင်ငံမှ JCB ကတ်နှင့် တရုတ်နိုင်ငံမှ CUP ကတ်တို့မှာ အထူး ထင်ရှားသည်။
Myanmar Express
ဦးအောင်သိန်းလင်း အမတ်ဖြစ်မှ ရုတ်သိမ်းပေးရန် ကော်မရှင်ကို တင်တော့မည်
တောင်ဥက္ကလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သောကြာနေ့တွင် တင်ပြသွားမည်ဟု အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်သူ ဦးမင်းအောင်က ပြောသည်။
ထိုသို့ ကန့်ကွက်စာ တင်ရန်အတွက် ဇူလိုင် ၂၈ ရက်နေ့က စတင်သော သဘောထား လက်မှတ်ကောက်ယူမှုတွင် တောင်ဥက္ကလာ မဲဆန္ဒရှင် ၁,၃ဝဝ က လက်မှတ်ရေးထိုးပြီး ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ)အရ လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ တောင်ဥက္ကလာမြို့နယ်တွင် ၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၈ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ယခုရရှိထားသော လက်မှတ်သည် မဲပေးခွင့်ရှိသူ၏ ၁.၆၃ ရာခိုင်နှုန်း ဖြစ်သည်။
ထိုသို့ ဦးအောင်သိန်းလင်း အား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရန် တောင်းဆိုမှုသည် Southern Weekend China သတင်းစာနှင့် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းမှုအတွင်း မြစ်ဆုံဆည် စီမံကိန်းဆိုင်းငံ့ထားမှုအပေါ် သဘောမတူမှုနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကို ထောက်ခံသော ပြည်သူများအား Crazy ဟူသည့် အသုံးအနှုန်း ပါရှိလာရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ဝေဖန်မှုများ များပြားလာပြီးနောက် ကြံ့ခိုင်ရေးပါတီက ဦးအောင်သိန်းလင်း အား ပါတီတွင် ထမ်းဆောင်နေသော တိုင်းတာဝန်ခံ ရာထူးနေရာတွင် တနင်္သာရီတိုင်းမှ ဦးမောင်မောင်သိမ်း အား အစားထိုးခန့်အပ်ခဲ့သည်။ ပါတီ၏ ဗဟိုအလုပ်မှုဆောင် နေရာတွင်မူ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က လုံခြုံရေး တိုးချထား
ဘင်္ဂါလီ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၀င်မလာစေရန်
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ စောင့်ကြည့်နေစဉ် (ဓာတ်ပုံ – Reuters)
မကြာသေးမီက အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်းတရင်း နစက (နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး) စခန်းတွင် လာရောက် တပ်စွဲထားကြောင်း မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲမှ ဒေသခံတဦးက ပြောသည်။
“ကျနော်တို့ဆီကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ရောက်လာကြတာ။ စကခ ၁၅ လက်အောက်ခံ တပ်ရင်းပါ။ သူတို့က နစက စခန်းထဲမှာပဲနေတော့ အင်းအား ဘယ်လောက်များလည်းဆိုတာတော့ ခန့်မှန်းလို့ မရဘူး” ဟု အဆိုပါ တောင်ပြိုမြိုခံက ဆိုသည်။
မူစလင် လက်နက်ကိုင်အဖွဲ့တချို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကျော်ဖြတ်လာနိုင်ကြောင်း၊ လူစုရုံးကာ အင်အားတိုးချဲ့နေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းသို့ လုံခြုံရေး တိုးမြှင့်ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို လုံခြုံရေး တိုးချဲ့ထားသည်မှာ မှန်ကန်ကြောင်းနှင့် အဓိကတိုးချဲ့ထားသည့် နေရာများမှာ ကုန်းမြေချင်း ထိစပ်နေသည့် ဧရိယာများဖြစ်ကြောင်း မောင်တောမြို့အခြေစိုက် နစကနှင့် နီးစပ်သူတဦးက ဆိုသည်။
၎င်းက “လုံခြုံရေး တိုးချဲ့ထားတာ မှန်ပါတယ်။ တရားမဝင် မူစလင်အဖွဲ့တွေကလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်နားမှာ ရှိနေတယ်လို့ အစိုးရဘက်ကလည်း ယုံကြည်နေတယ်။ ပြီးတော့ ရခိုင်ပြည်ထဲကို အချိန်မရွေးဝင်လာနိုင်တဲ့ သတင်းတွေလည်း ထွက်နေတယ်” ဟု ရှင်းပြသည်။
ဘူးသီးတောင်မြို့နယ် အခြေစိုက် စကခ (၁၅) လက်အောက်ခံ ခမရ ၃၅၃၊ ၃၅၄၊ ၅၆၅၊ ၅၆၄၊ ၃၇၄၊ ၃၇၅ တို့ အပါအဝင် တပ်ရင်း ၁၀ ရင်း ခန့်ကို နစက နယ်မြေ (၁) ဗန္ဓုလကျေးရွာ၊ နစက နယ်မြေ (၂) အောင်သပြေနှင့် နစက နယ်မြေ (၃) တောင်ပြိုမြို့နယ်ခွဲရှိ နယ်မြေစခန်း ဌာနချုပ်နှင့် စခန်းခွဲများတွင် ဖြန့်ကျက်ထားကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်၊ လေမူစရီဒေသတွင် Rohingya Solidarity Organization (RSO) ပါတီ အခြေစိုက်လှုပ်ရှားသော နေရာဟု မြန်မာ အာဏာပိုင်များက သံသယရှိနေပြီး ယင်းနေရာသည် မြန်မာနိုင်ငံဘက်ခြမ်း မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲအတွင်းရှိ ဗန္ဓုလကျေးရွာနှင့် မျက်နှာချင်းဆိုင် အနေအထားတွင် ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ စတင်ကတည်းက နယ်စပ်ဒေသ လုံခြုံရေးကို ပုံမှန်စောင့်ကြပ်နေကြောင်း၊ မြန်မာဘက်မှ ဒုက္ခသည်များ ဝင်းရောက်လာနိုင်မည့် လမ်းများတွင် နယ်ခြားစောင့်ဂိတ်များကို တိုးချဲ့ထားကြောင်း သိရသည်။
“မြန်မာဘက်က ထွတ်ပြေးလာတဲ့လူတွေကို ဒီ မော်ရီကြာဂိတ်က BGB (ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်) တွေက လုံးဝအဝင်မခံဘူး။ နေမကောင်းလို့ ဆေးကုဖို့ လာတဲ့လူတွေကိုတောင် အဝင်မခံဘူး။ နောက်ပြီးတော့ ဆပ်ဒါလာ ရွာနားမှာ တောလမ်းကနေ ဒုက္ခသည်တွေ ဝင်လာနိုင်တဲ့လမ်းတွေရှိလို့ BGB တွေက ဂိတ်သစ်တဂိတ်တောင် ထပ်ဖွင့်ထားတယ်” ဟု ဘင်္ဂလာဒေ့ရှ်နိုင်ငံ မော်ရီကြာကျေးရွာမှ ဒေသခံ နူဒူမာမွတ်က ပြောသည်။
ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ
ပဲခူးတိုင်း က၀မြို့နယ်အတွင်း ရေကြီးနေစဉ် (ဓာတ်ပုံ – သီဟ)
စပါးစိုက်ပျိုးသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းဒေသများတွင် ရေကြီးမှုများကြောင့် စပါးအထွက် နောက်ကျနိုင်သည့်အတွက် ဆန်ဈေးကွက်တွင် ၀ယ်ယူသိုလှောင်မှု များပြားလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။
ယခုနှစ်အတွင်း ဧရာဝတီတိုင်းတွင် စပါးစိုက်ဧက ၁ သိန်းခန့် နစ်မြုပ်နေပြီး ရေကျဆင်းမှု မရှိသေးသဖြင့် ပြန်လည်စိုက်ပျိုးရန် အချိန်ယူရမည်ဖြစ်ရာ စပါးအထွက်နောက်ကျပြီး ဆန်ထုတ်လုပ်မှုကိုပါ ထိခိုက်လာနိုင်သည့်အတွက် ကြိုတင် သိုလှောင်မှုများကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ ဘုရင်နောင် ဆန်ဈေးကွက်မှ ပွဲရုံပိုင်ရှင်တဦးက ဆိုသည်။
“ရေပြန်ကျဖို့ မလွယ်ဘူး၊ ဆန်ဈေးက နောက်ပိုင်းဆို တက်ရိပ်ပါသွားမှာဆိုတော့ ကြိုရောင်းထားတဲ့ သူတွေအနေနဲ့လည်း တက်ဈေးနဲ့ အပ်ရမှာစိုးလို့ ၀ယ်ကြတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ၂၅ ရာခိုင်နှုန်း အကျိုးအကြေပါသည့် ဆန်ကြမ်းဈေးသည် တတင်းခွဲ တအိတ်လျှင် ၁၃၃၀၀ ကျပ်၊ မြောင်းမြ ဒေသထွက် အပျော့ဆန်မှာ ၂၉၀၀၀ ကျပ်၊ ရွှေဘိုဒေသထွက် ပေါ်ဆန်းမွှေး (ခွန်နီ) မှာ ၃၄၀၀၀ ကျပ်ရှိ ဈေးရှိပြီး ယနေ့တွင်မူ ဆန်ကြမ်းမှာ ၁၄၀၀၀ ကျပ်၊ အပျော့ဆန်မှာ ၃၁၅၀၀ ကျပ်၊ ခွန်နီဆန်မှာ ၃၆၅၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှ ပွဲရုံပိုင်ရှင် ကိုနေလင်းကလည်း လူအများစားသုံးသည့် ဆန်ကြမ်းဈေးမှာ ၁၄၅၀၀ ကျပ်မှ ၁၅၅၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း ဆိုသည်။
“သာမန်အခြေအနေမှာ ဒီအချိန်ဆို စပါးမထွက်ခင် စပ်ကူးမတ်ကူးကာလ ဆန်ဈေးက ပုံမှန်တက်နေကြပါ။ ဒါပေမယ့် ဒီနှစ်ကတော့ ဧရာဝတီတိုင်းဘက်မှာ ရေကြီးတဲ့အပြင် ရခိုင်ဘက်ကိုလည်း ဆန်တင်ပို့နေရတော့ ဈေးကပိုတက်လာတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရခိုင်ဒေသတွင် မကြာသေးမီက ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ရခိုင်လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို သွားရောက်နိုင်ခြင်း မရှိသေးကြောင်း၊ ထိုအချက်သည်လည်း ဆန်ထုတ်လုပ်မှုကို အနည်းနှင့်အများ ထိခိုက်နိုင်ကြောင်း ကိုနေလင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း (MRIA) က အဓိက ဆန်ထုတ်လုပ်ရာ ပြည်တွင်းဆန်ဈေးကွက်ကို ထိခိုက်ခြင်း မရှိစေရန် အရန်ဆန် ရောင်းချရေးကော်မတီက ဆန် ၄၆၆၆ တန်ကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် သမ၀ါယမအသင်း အပါအ၀င် ကုမ္ပဏီ ၆ ခုသို့ မကြာသေးမီက ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
MRIA အသင်းအတွင်းရေးမှူး ဦးရဲမင်းအောင်က “စပါးပြန်စိုက်တဲ့အချိန် နောက်ကျမှာ ဖြစ်တဲ့အတွက် ဆန်စပါးအထွက်ကိုတော့ ထိခိုက်မှာပါ။ ဒါပေမယ့် ကြီးကြီးမားမား ထိခိုက်မယ်လို့တော့ ပြောမရဘူး၊ စိုက်ပျိုးရာသီ မကုန်သေးတော့ စောင့်ကြည့်ရမယ်” ဟု ဆိုသည်။
ထို့အပြင် ရေကျသွားလျှင် တောင်သူများ လျင်မြန်စွာ စိုက်ပျိုးနိုင်ရန် အဓိက လိုအပ်နေသည့် မျိုးစပါး တင်း ၃ သောင်းခန့်နှင့် ပျိုးပင်များကို ရေကျမှု အခြေအနေအပေါ် မူတည်ပြီး အချိန်မီ ဖြန့်ဖြူးရန် ပြင်ဆင်ထားကြောင်း၊ သို့သော်လည်း တချို့သော ဒေသများတွင် ရေကျမှု နှေးကွေးသည့်အတွက် စပါးပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်သည့် အခြေအနေများလည်း ရှိနိုင်ကြောင်း ဦးရဲမင်းအောင်က ရှင်းပြသည်။
MRIA က ထုတ်ပြန်သည့် စာရင်းများအရ ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ သာပေါင်း၊ အသုတ်၊ ရေကြည်၊ ပဲခူးတိုင်း အရှေ့ခြမ်းရှိ သနပ္ပင်၊ က၀၊ ဝေါ၊ ရွှေကျင်၊ မဒေါက် စသည့်ဒေသများတွင် အများဆုံးခံခဲ့ရပြီး စိုက်ဧက ၁ သိန်း ၁ သောင်းနီးပါး ရေနစ်မြုပ်ခဲ့သည်ဟု သိရသည်။
လက်ရှိအခြေအနေတွင်မူ ရေနှုတ်မြောင်းများ ပိတ်ဆို့နေခြင်း၊ တာတမံများ ပျက်ဆီးနေခြင်းကြောင် ရေများ အမြန်ကျဆင်းသွားခြင်း မရှိသေးသည့်အတွက် စိုက်ပျိုးပြီးသော စပါးပျိုးပင်များမှာ ရေကြောင့် ပျက်စီးသွားရန် သေချာသလောက် ရှိနေကြောင်း ဒေသခံ တောင်သူများက ပြောဆိုနေကြသည်။
မော်တော်ဆိုင်ကယ်လိုင်စင်သစ်ပြုလုပ်ပေးရာမှာ တရားမ၀င်ငွေတောင်းခံခြင်း
ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့ နယ် ရေကြည်မြို့ တွင် ပုသိမ်ခရိုင်၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ (၂၀.၈.၁၂)နေ့တွင် မော်တော်ဆိုင်ကယ် လိုင်စင်သစ်များ လာရောက်ပြုလုပ်ပေး ခဲ့ပါသည်။
ထိုသို့ လာရောက်ပြုလုပ်ပေးရာတွင် ရေကြည်မြို့မှ ဦးထွန်းရီဆိုသူမှ မည်သည့်အကြောင်းပြချက်မှ မရှိပဲ လိုင်စင်လုပ်မည့်ဆိုင်ကယ်များကို (၅၀၀၀)ကျပ်တောင်းပြီး စာရင်းသွင်းခိုင်းပါသည်။
ဆိုင်ကယ်(၄၂၅)စီးခန့် ပိုက်ဆံတောင်းယူ ခဲ့ပါသည်။ ရေကြည်မြို့နယ် အတွင်း ဒေသအများစုတွင် ရေလွှမ်းမိုးနေသဖြင့် သွားလာရေး အလွန်ခက်ခဲပြီး ထိုနေ့မှ လာရောက်သူများကို လိုင်စင်ပြုလုပ်ပေးရာ စက်မှုလယ်ယာဝန်း အတွင်းသို့ ပေးမ၀င်စေခြင်း ၊ လိုင်စင်ပြုလုပ်လိုပါက ငွေ(၅၀၀၀)ပေးမှ ၀န်းအတွင်းသို့ ၀င်စေခဲ့ပါသည်။
ထိုကဲ့သို့ လိုင်စင်ပြုလုပ်ပေးရာတွင် အမှန်တကယ်ကျသင့်သည့် ငွေကြေးကိုပေးဆောင်ရန် ၀န်မလေးသော်လည်း မတရားကောက်ခံသည့် ငွေတောင်းယူခြင်းကို လိုင်စင်ပြုလုပ်သူများမှ မကျေနပ်ကြပါ။ ယခုစီးရေ လေးရာကျော်အတွက် ငွေကျပ်သိန်း(၂၀)ကျော်ကို ကိုယ်ကျိုးရှာသူ လူတစ်စုက၀န်ထမ်းများနှင့်ပေါင်းကာ မတရားကောက်ခံ သွားခြင်းကို သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် တင်ပြအပ်ပါသည်။
ရေကြည်မြို့ မှ ပြည်သူတဦး
တည်ဆဲဥပဒေကို ဆန့်ကျင်ဆုံးဖြတ်ခဲ့၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမှ ပြန်လည် ကြေညာချက် ထုတ်ပြန်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တင်သွင်း
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့ စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက် အတွက် လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေကို ဆန့်ကျင် ဆုံးဖြတ်ခဲ့ကြောင်းကို ခုံရုံးအနေဖြင့် ကြေညာချက် ပြန်လည်ထုတ်ပြန်ပေးရေး ပြည်ထောင်စု လွှတ်တော်မှ တိုက်တွန်းကြောင်းအဆိုကို အရေးကြီး အဆိုအဖြစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက တင်သွင်းခဲ့ပါသည်။
"ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ တပါးအခြား မဖြစ်နိုင်ပါ။ သို့ဖြစ်ပါ၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများအပေါ် မှားယွင်း ဆုံးဖြတ်ခဲ့ကြောင်းကို တွေ့ရှိရပါတယ်။ ဒီနေ့အစည်းအဝေးကို ကြွရောက်လာကြတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များဟာ အိုးအိမ်ကိုပစ်၊ မိသားစုဘ၀ကို လျစ်လျူရှု ပစ်ထားပြီးတော့မှ ရပိုင်ခွင့် အဆောင်အယောင်တွေကို ပဓာနမထားဘဲ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ အပင်ပန်းခံပြီးတော့ ပြည်သူ့အကျိုးကို ရှေးရှုပြီးတော့မှလွှတ်တော်ကို လာရောက်ဆောင်ရွက် နေကြသူများ ဖြစ်ကြပါတယ်။ ခုပြောနေတဲ့ ကိစ္စကလည်း ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ မှာ အာဏာသုံးရပ်ကို ကိုင်စွဲတဲ့လူတွေ အနေနဲ့ အပြန်အလှန် ထိန်းကျောင်း ရမယ်ဆိုတဲ့ သဘောတရားအရ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူ့ငွေကြေး၊ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ လုပ်ဆောင်ချက်တွေကို စိစစ်တဲ့အခါမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ ပြည်ထောင်စုအဆင့် ဖြစ်မှသာ ပြည်သူ့အကျိုးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၃ ပါ ပြဋ္ဌာန်းချက်ကို လျစ်လျူရှု ဆုံးဖြတ်မှုဟာ ပြည်သူ့အကျိုးကို ကာကွယ်ရေးကို ရိုက်ချိုးပစ်ရာ ရောက်ပါတယ်။ အချုပ်အားဖြင့် တင်ပြရမယ်ဆိုရင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဟာ အထက်ပါ ပြောခဲ့တဲ့အတိုင်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့တဲ့အတွက် သူတို့မှားတယ်ဆိုတာကို သူတို့ကိုယ်တိုင် ပြန်လည် ကြေညာ ပေးသင့်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကြီးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်းဆုံးဖြတ်ချက် ချမှတ်ခြင်း အပေါ် သူတို့ကိုယ်တိုင် ပြန်လည် ကြေညာပေးဖို့ တိုက်တွန်း ပေးသင့်ပါတယ်" ဟု ဦးမြင့်စိုးက အဆိုတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အရေးကြီးအဆိုကို ကမာရွတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်မှ ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း အရေးကြီးအဆို ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ဦးရေ၏ ထောက်ခံမဲ သုံးပုံတစ်ပုံ ရရှိမှသာ အတည်ဖြစ်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
ထို့နောက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၅၂မဲ၊ ကန့်ကွက်မဲ ၁၅၃မဲ၊ ကြားနေမဲ ၁၀မဲ ရရှိခဲ့သဖြင့် စုစုပေါင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးရေ၏ သုံးပုံ တစ်ပုံထက် ကျော်လွန် ရရှိခဲ့သဖြင့် အဆို အတည်ဖြစ်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၆၂၂ ဦး အနက် ထောက်ခံဆန္ဒမဲ ရရှိသည့် အရေအတွက်မှာ ၄၅၂ ဦးဖြစ်သဖြင့် ထောက်ခံမဲ ရရှိခဲ့သည့် ရာခိုင်နှုန်းမှာ သုံးပုံနှစ်ပုံကျော် ရရှိခဲ့သည်။ ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၆၅၄ ဦး ရှိသည့်အနက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၁၆၅ ဦး ပါဝင်သည်။
မဲခွဲဆုံးဖြတ်သည့်နေ့တွင် တက်ရောက်လာသူ လွှတ်တော် ကိုယ်စားလှယ် ၆၂၂ ဦး အနက် တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၁၆၄ ဦး ပါဝင်သည်။ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၆၅၄ ဦးရှိရာ စွပ်စွဲပြစ်တင်မှု အထမြောက်ရန် ၃ပုံ ၂ပုံ ပမာဏဖြစ်သည့် ၄၃၆ ဦး လိုအပ်မည် ဖြစ်ပြီး စွပ်စွဲပြစ်တင်စဉ် ကာလအတွင်း မဲခွဲဆုံးဖြတ်သည့်အခါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၅ ဦးကို ထည့်သွင်း မစဉ်းစားဘဲ ကျန်ကိုယ်စားလှယ်များ၏ ထောက်ခံမဲကို ယခု အရေအတွက် အတိုင်းသာ ရရှိခဲ့ပါက စွပ်စွဲပြစ်တင်မှု အထမြောက်ရန် လိုအပ်သည့် ပမာဏ ဖြစ်သော ၃ပုံ၂ပုံကို ကျော်လွန် ရရှိမည် ဖြစ်သည်။
အဆိုပါ အရေးကြီး အဆိုနှင့် ပတ်သက်၍ ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားပြီး အနီးစပ်ဆုံး ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသည့် သ၀ဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် လွှတ်တော်သို့ တင်ပြမှုရွှေ့ဆိုင်း
ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံး၏ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇ (၁)/၈/သမ္မတရုံးဖြင့် ပေးပို့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုများ ရှိလာသဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က "ယနေ့ အစည်းအဝေးမှာ အစီအစဉ် ၆ ကို ကန့်ကွက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ရွှေ့ဆိုင်းပါတယ်"ဟု ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတမှ ပေးပို့သည့် သ၀ဏ်လွှာနှင့်အတူ သတင်းသုံးသပ်ချက် မှတ်တမ်းများပါရှိသည်။ သတင်းသုံးသပ်ချက် မှတ်တမ်းများတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများ၊ အလုပ် အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှု အခြေအနေ၊ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ၊ ဘင်္ဂါလီမူဆလင်များ၏ အခြေအနေ၊ နိုင်ငံတကာ၏ တုံပြန်မှုများ၊ လတ်တလော ဖြေရှင်ဆောင်ရွက်မှုများ၊ ရေရှည်ဆောင်ရွက်ရန် အစီအမံများ၊ စီးပွားရေး၊ ဥပဒေစိုးမိုးရေး၊ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းပေးပို့ထားကြောင်း သိရှိရသည်။
သတင်းလွှာတွင် ရခိုင်တိုင်းရင်းသားများ၏ အခြေအနေကို သုံးသပ်ရာတွင်
(က)နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချည်းကပ်စည်းရုံး ဆောင်ရွက်လျက်ရှိသည်။
(ခ)နိုင်ငံအနှံ့ အများတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အဆက်မပြတ်ကြံစည် လုပ်ဆောင်လျက်ရှိသည်။
(ဂ) မြန်မာ နိုင်ငံ၏ ခေတ်အဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်း လုံးညီညွတ်မှု ပြိုကွဲစေသည့် လှုံဆော်မှုမျိုး တွေ့ရှိရသည်။
(ဃ) ရခိုင်ပြည် နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာ တားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများအပေါ် အဂတိလိုက်စားသော ၀န်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ် စွပ်စွဲမှုအချို့ ရှိသည်။
(င) ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူဆလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။
(စ) ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ဘင်္ဂါလီမူဆလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည်လက်ခံနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။
(ဆ) ဘင်္ဂါလီများကိုသာ တစ်ဖက်သတ် ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် ငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင် မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။
(ဇ) ရခိုင်တိုင်း ရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေး လုပ်ငန်းများကို အချောင်ရယူရန် ကြိုးပမ်းလာကြောင်း တွေ့ရှိရသည်။
(ဈ) ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ဆိုင်ရာ ထိခိုက်ခံစားရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည် စသည့်အချက်များပါဝင်သည်။
ဘင်္ဂါလီမူဆလင်များ၏ အခြေအနေကို သုံးသပ်ရာတွင်
(က)ဘင်္ဂါလီမူဆလင်များတွင် သာမာန်ပြည်သူများနှင့် ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများဟု အပိုင်း(၂)ပိုင်း တွေ့ရသည်။
(ခ)သာမန် ပြည်သူများသည် ဘ၀ရပ်တည်ရေး အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေရသည်။ အမျိုးသမီးနှင့် ကလေးများသည် လူဦးရေ၏ လေးပုံသုံးပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရသည်။
(ဂ) ပညာတတ်မြောက်မှု နည်းပါးပြီး ဘာသာရေးအစွန်းရောက်များ၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ရခြင်း၊ မည်သည့် မီဒီယာနှင့်မျှ ထိတွေ့မှု မရှိခြင်း၊ ဗဟုသုတ နည်းပါးခြင်းတို့ကြောင့် အဆမတန်လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန် နားမလည်ခြင်းတို့သည် ဘင်္ဂါလီများ၏ လက်တွေ့ဘ၀ ဖြစ်နေသည်။ အစွန်းရောက် အစ္စလမ်မော်လ၀ီအချို့သည် ဘာသာရေးမှိုင်းပြ၍ လူဦးရေများပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည်။
(ဃ) အစ္စလာမ်ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းများသည် ပြည်ပရှိ အစ္စလာမ်ဘာသာဝင်နိုင်ငံများ၊ အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ထောက်ပံ့မှုများ ရယူလျက် ၎င်းတို့အလိုကျ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဒုက္ခဆင်းရဲမှုအခြေအနေကို ဗန်းပြ၍ နိုင်ငံတကာ၏ အမြင်တွင် လူသားချင်းစာနာမှုရှုထောင့်မှ အသာစီးရရန် ကြိုးစားလျက်ရှိသည်ဟု ဖော်ပြထားသည်။ ထိုသို့ ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "ကန့်ကွက်တဲ့ အထဲမှာ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးပါတယ်။ ကျွန်တော်တို့က အခုဆို စုံစမ်းစစ်ဆေးရေး လွတ်လပ်တဲ့ ကော်မရှင်တစ်ခု ဖွဲ့ထားပြီးပြီ။ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာ မှာပါတဲ့ အချက်ခြောက်ချက်က ယေဘုယျကောင်းပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ နောက်ထပ် သုံးသပ်ချက်ဆိုတဲ့ အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သုံးသပ်ထားတာ။ စွပ်စွဲထားတာ ပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း ပြန်ကြည့်တဲ့ အခါမှာ အခြေအမြစ် မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ကန့်ကွက်လွှာကို ကျွန်တော်တို့ တင်တာပါ။
ဥပမာ ဆိုပါတော့ဗျာ။ အဲဒီထဲက တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွားရေး သမားတွေရဲ့ နေရာကို ရခိုင် တိုင်းရင်းသားတွေက အချောင်ရလိုစိတ် ရှိတယ်ဆိုတဲ့ သဘောမျိုး သုံးသပ်တယ်။ ဘဂါင်္လီ စီးပွားပျက်တယ် ဆိုတာက ရခိုင်လည်း စီးပွားပျက်မှာပဲ။ ဘင်္ဂါလီစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နေရာကို အချောင်ရလိုတဲ့စိတ်၊ အဲဒါမျိုး သုံးထားတယ်။ ဒါမသုံးသင့်၊ မသုံးအပ်တဲ့ ကာလ။ အဲဒါမျိုး ကျွန်တော်တို့ ယုဆတယ်။ ဘာစီးပွားရေးတွေလဲ။ ဘယ်လိုအချောင် ရယူချင်တာလဲ။ စွပ်စွဲတဲ့ပုဂ္ဂိုလ်က ဘယ်လို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်က ဒီလိုကိစ္စကို စုံစမ်းစစ်ဆေးတာလဲ။ ဘာကြောင့် ဒီလိုကောက်ချက် ချတာလဲ။ ဘယ်လိုအချက်အလက်တွေ အခိုင်အမာရှိလဲ။ ဒါတွေကို မဖော်ပြဘဲနဲ့ ဒီလိုအချောင်ရလိုမှု ရှိတယ်ဆိုတာကို ဒီကာလ၊ ဒီလို ပြည်ထောင်စုလွှတ်တော်လို ဟာမျိုးမှာ ဒီလိုသုံးသပ်ချက် မပါသင့်ဘူး။
နောက်တစ်ခုက နိုင်ငံရေး ပါတီတွေ၊ သံဃာတော်တွေ၊ တချို့ ရခိုင်ပုဂ္ဂိုလ်တွေက ဒီပြဿနာ ဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ သဘောလို။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်ပြီးကာမှ လူမျိုးရေးစိတ်ပိုပြီးတော့ ပေါက်ကွဲလာအောင် လှုံ့ဆော်တယ်။ အဲဒါမျိုး သုံးသပ် ထားတာရှိတယ်။ အဲဒါမျိုးတွေလည်း ဒီကာလ၊ ဒီလိုအခြေအနေမျိုးမှာ မသုံးသင့်၊ မသုံးအပ် သေးဘူးလို့မြင်တယ်။ ဘယ်လို အထောက်အထားတွေနဲ့ ပြောတာလဲ။ တစ်ကယ်ကော ဟုတ်ရဲ့လား။ ဒီဖြစ်စဉ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်။ သုံးသပ်ချက်တစ်ခု ရှိရင်တော့ အထောက်အထားတော့ လိုမယ်လေ။ စွပ်စွဲချက်တစ်ခု ရှိရင်တော့ အထောက်အထား ခိုင်ခိုင်မာမာ ကျွန်တော်တို့က မသိရဘူး"ဟု ပြောပါသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက "သမ္မတကြီးရဲ့သ၀ဏ်လွှာချည်းပဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ရိုးရိုးလေးပဲ သုံးသပ်ထားတာပါ။ နောက်ကသတင်း သုံးသပ်ချက်မှာ ရခိုင်ကအခြေအနေကို ပြောတဲ့အခါမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေတွေကို ဘင်္ဂါလီတွေရဲ့ အခြေအနေတွေလည်း ပါတယ်။ နောက် အခြားခေါင်းစဉ်တွေလည်း ပါပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေကို ပြောတဲ့အခါမှာ တင်းမာသွားပြီး ထိခိုက်တာတွေရှိတယ်။ ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်"ဟု ပြောဆိုခဲ့ပါသည်။