Wednesday, August 22, 2012

လားရှိုးမြို့ အခြေအနေ ဆိုးရွားနေဆဲ... ပြည်သူတွေ အန္တရယ် ကြုံတွေ့လာချိန် စစ်တပ်မှ တပါး အားကိုးစရာမရှိ


လားရှိုးမြို့တွင် သြဂုတ်လ ၁၈ ရက်က စတင်ရွာသွန်းခဲ့သည့် စံချိန်တင်မိုးကြောင့် ရက်ပိုင်းအတွင်း လူနေအိမ်ခြေ ၂၀၀ နီးပါးခန့် နစ်မြုပ်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ၊ ရေနစ်မြုပ်နေသည့် ရပ်ကွက်အချို့မှ ဒေသခံများအား လတ်တလောတွင် ကယ်ဆယ်နေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

၂၂ နာရီကြာ မိုးဆက်တိုက် ရွာသွန်းရာမှ လားရှိုးမြို့ အေတီချောင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရပ်ကွက် (၁)၊ (၁၀)၊ (၁၁)၊ (၁၂) တို့တွင် နေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။



"(၁၁)နဲ့ (၁၂) ရပ်ကွက်တွေကတော့ ပြန်ကျသွားပြီ။ လောလောဆယ်တော့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီးပြီ။ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတုန်းဆိုတော့ မိသားစုဘယ်လောက်ရှိမယ် မှန်းလို့မရသေးဘူး"ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ရေနစ်မြုပ်လျက်ရှိသည့် နေအိမ်များမှ ဒေသခံများအတွက် အမှတ်(၁)ရပ်ကွက်အတွင်းမှ နယ်မြေ(၇)၊ နယ်မြေ(၉)နှင့် ရပ်ကွက်(၁၀)တို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး ရေလွတ်သည့် မြို့ပေါ်ရပ်ကွက်မှ ဒေသခံများနှင့် သက်ဆိုင်ရာက ထမင်းထုပ်များ ဝေငှပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။



Myanmar Express

ခေါက်သိမ်းနိုင်သည့် ကားများ လာမည့် ၂၀၁၃ တွင် ဈေးကွက်ထဲသို့ ရောက်မည်

သုတေသန ပညာရှင်များမှာ နေရာကျဉ်းကျဉ်းထဲတွင် ပုံစံချပြီး ခေါက်ထားနိုင်မည့် မော်တော်ကား တစ်မျိုးကို ဒီဇိုင်းထွင် ထုတ်လုပ်လိုက်ပြီ ဖြစ်ကာ ကားမောင်းသူများ အနေဖြင့် ကားပါကင် အခက်အခဲမှ ကင်းဝေးစေမည် ဖြစ်ကြောင်း ပြောကြားလိုက်ပြီ ဖြစ်သည်။

အဆိုပါ ကားကို MIT ၏ Changing Places အုပ်စုနှင့် စပိန် နိုင်ငံ Basque ရှိ ဖွံ့ဖြိုးရေး အေဂျင်စီ ဖြစ်သည့် DENOKINN တို့မှ ပူးပေါင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ ကားကို Hiriko Fold ဟု အမည်ပေးထားပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လျှော်ညီအောင် ထုတ်လုပ်ထားသည့် အပြင် အားတစ်ကြိမ် သွင်းထားပါက ၇၅ မိုင် အထိ မောင်းနှင်နိုင်ကြောင်းလည်း သိရသည်။

ယခုကားမှာ အလွန်ပင် ဝန်ကျဉ်းပြီး မြို့ပြမော်တော်ယာဉ် ကဏ္ဍအတွက် အထူး တီထွင်ထားခြင်းလည်း ဖြစ်သည်။ ယခုကား၏ ရှေးပြေး ပုံစံကို ဥရောပတွင် စတင် စမ်းသပ်နေပြီ ဖြစ်ကာ လာမည့် ၂၀၁၃ တွင် ပေါင်ငွေ ၁ သောင်းခန့်ဖြင့် ရောင်းချနိုင်ရန် လျာထားကြောင်းလည်း သိရသည်။

source : presstv.ir

မိမိအကျိုးစီးပွားကိုသာကြည့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်ကွက်ခြင်းများ ရပ်ရန် ကုန်သည်/စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ပြောကြား


မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကိုသာ မကြည့်သင့်ဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုသင့်ကြောင်း ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ထုတ်ဖော်ပြောကြားသည်။

“ဘယ်သူ့ကိုမှ ဦးတည်ပြီးပြောတာ မဟုတ်ပါဘူး။ လူတစ်စုရဲ့ အကျိုးစီးပွား ယှဉ်ရင်တော့ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ဦးစားပေးပါလို့ ပြောချင်ပါတယ်” ဟု ဦးဝင်းအောင်က သြဂုတ် ၉ ရက်က UMFCCI တွင် ပြောသည်။

ယခုအခါတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည်ကို စိုးရိမ်လျက်ရှိကြပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ကန့်ကွက်လျက်ရှိကြကြောင်း သိရသည်။

မြန်မာစီးပွားရေးသမား အများစုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက တိုင်းပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသို့တင်ပြကြသဖြင့်ယခုအခါတွင်အမျိုးသားလွှတ်တော်သို့ပင် ရောက်ရှိနေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှ ပြန်လည်ပြင်ဆင် ရေးဆွဲနေကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

အရစ်ကျဖြင့် ဝယ်နိုင်မည့် တန်ဖိုးနည်းအိမ်ရာများ မြန်မာနိုင်ငံအနှံ့ ဆောက်လုပ်မည်


အစိုးရဝန်ထမ်းများ အားလုံးအတွက် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် စင်ကာပူ Local Housing ကဲ့သို့ တန်ဖိုးနည်း အိမ်ရာများကို မြန်မာတစ်နိုင်ငံလုံးတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဆောက်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်သွားမည်ဖြစ်ပြီး ဦးစွာအနေဖြင့် ရန်ကုန်တွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

“၁၅နှစ်၊ နှစ် ၂၀ စသည်ဖြင့် အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးသွားပါမယ်။ အဆင့်မြင့်တဲ့ တန်ဖိုးနည်း အိမ်ရာတွေ ဖြစ်မှာပါ။ အသေးစိတ်တွေကို အခုထိ ဆွေးနွေးနေတုန်းပဲ။ ဒီနှစ်အတွင်းမှာ အကောင်အထည် ဖော်ဖြစ်မှာပါ” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ရန်ကုန်-ပဲခူးမြစ်ကမ်းတွင် ရတနာစီမံကိန်း အနေဖြင့် ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

“အိုးအိမ်ကပဲ ဦးစီးပြီးဆောက်မလား၊ ဘယ်ကုမ္ပဏီကို တာဝန်ယူပြီး ဆောက်ခိုင်းမလဲဆိုတာတော့ မသိသေးဘူး။ ဆွေးနွေး တိုင်ပင်နေတုန်းပဲ။ အသေးစိတ် ပြောဖို့တော့ အချိန်နည်းနည်း စောင့်ရဦးမယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည် ရန်ကုန်တိုင်ဒေသကြီးတွင် အိမ်ရာစီမံကိန်းများစွာကို တည်ဆောက်ထားပြီး လက်ရှိအချိန်တွင်လည်း ကမ်းသာယာ ကမာကြည် အိမ်ရာစီမံကိန်း အပိုင်း(၃)ကို ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ဝန်ထမ်းအတွက်ပဲဖြစ်ဖြစ် သာမန်လူတန်းစား အတွက်ပဲဖြစ်ဖြစ် အိုးအိမ်အနေနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို တည်ဆောက်တဲ့အခါ တကယ်တန်ဖိုးနည်းပြီး ဝယ်ယူနိုင်တဲ့ အခြေအနေ ရှိနေဖို့လိုတယ်။ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ အဓိက အရေးကြီးတယ်။ ဒီလိုဖြစ်ပါစေလို့ ဆုတောင်းပါတယ်” ဟု သာကေတ(၉) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက ချီးကျူးဂုဏ်ပြုသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်


ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနသို့ ၁၅-၈-၂၀၁၂ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရသည် တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံကာ ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့် ပေးခဲ့ခြင်းကြောင့် ယခုအခါတွင် မြန်မာနိုင်ငံအပေါ် ကမ္ဘာက အမြင်စောင်းမှုများ လျော့ကျသွားခဲ့ပြီဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းကို နောက်ပြန်မဆုတ်ဘဲ သွားနေပြီဆိုသည်ကို ယခု ရခိုင်အရေးက သက်သေပြခဲ့ပြီ ဖြစ်ကြောင်း၊ အစ္စလာမ်အဖွဲ့အစည်းများကို ရခိုင်ဒေသသို့ လေ့လာခွင့်ပေးခြင်းအတွက် ကုလသမဂ္ဂအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မြန်မာအစိုးရ၏ လုပ်ရပ်များကိုလည်း လေးစားချီးကျူးပါကြောင်း၊ OIC အတွင်းရေးမှူးအား ဖိတ်ခေါ်ခဲ့သည့် သမ္မတကြီး၏ စိတ်ဓာတ်သည် ဒီမိုကရေစီ သူရဲကောင်းတစ်ဦး၏ စိတ်ဓာတ်ဖြစ်ပါကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်၏ ထုတ်ပြန်ချက်၊ ယခု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များကြောင့် မြန်မာနိုင်ငံအပေါ် အမြင်စောင်းနေကြသည့် အစ္စလာမ်နိုင်ငံများသည် ယခုအခါ မြန်မာ၏ လက်ရှိအခြေအနေများကို ကွက်ကွက်ကွင်းကွင်း သိရှိနားလည်ကြပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ရှမ်းလက်နက်ကိုင်တွေ နဲ့ မြန်မာ စစ်တပ်ကြား တင်းမာမှုတွေကြီးထွား


အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ရှေ့တန်းတပ်စခန်းတခုကို အစိုးရတပ်ဖက်က ဒီရက်ပိုင်းအတွင်း ထပ်မံရုပ်သိမ်းခိုင်းနေတဲ့အပေါ် လက်မခံရာက စစ်ရေးအရ တင်းမာမှုတွေ ပေါ်ပေါက်နေပါတယ်။ ရှမ်းတိုင်းရင်းသား နောက်ထပ် လက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေဟာလည်း ၀တပ်ဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စ အချေအတင် ဖြစ်စရာတွေ ကြုံနေရတာပါ။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAဟာ ဒီနှစ် ဇန်န၀ါရီလက အပစ်အခတ်ရပ်စဲခဲ့တဲ့အဖွဲ့ဖြစ်ပေမယ့် ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်က မိုင်းရှုးမြို့နယ်အတွင်းက SSA မြောက်ပိုင်းရဲ့ စခန်းတခုကိုရုတ်သိမ်းခိုင်းတာကြောင့် နှစ်ဖက်အကြား စစ်ရေး တင်းမာမှုတွေ ဖြစ်နေပါတယ်။ လောလောဆယ်မှာ နှစ်ဘက်တပ်တွေအကြား တင်းမာနေတဲ့အခြေအနေကို ရှမ်းပြည်နယ်အလယ်ပိုင်း ၀မ်ဟိုင်းဒေသမှာ အခြေပြုတဲ့ SSAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလကအခုလိုပြောပါတယ်။

“မိုင်းရူးမြို့နယ် ကျနော်တို့ ဟိုးအရင်ကတည်းက နေထားတဲ့ တာ့ဆန်ပူး ကုတို့ဆိပ်မှာပေါ့ အဲ့ဒီ့မှာမိုင်းရှုးတပ်ကနေ ဖယ်ခိုင်းတယ်။ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကပေါ့။ ကျနော်ကတော့ မရုပ်ပေးနိုင်တော့ဘူးလေ။ အခုတော့ သူတို့ တပ်လည်း ရှေ့မတိုးလာသေးဘူးလေ။ နည်းနည်းတော့ အလှမ်းဝေးနေတာပေါ့။ ဒါပေမယ့် သူတို့လည်း တပ်ရင်းနှစ်ရင်းနဲ့ လာတယ်။ သူတို့ရှေ့တိုး လာရင်တော့ အတင်းဖယ်ခိုင်းရင်တော့ အခြေအနေတော့ သိပ်မကောင်းဘူးပေါ့။”

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း SSA မြောက်ပိုင်းနဲ့ အစိုးရတပ်တွေအကြားမှာတိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အစိုးရတပ်ရဲ့ တောင်းဆိုချက်အတိုင်း SSA မြောက်ပိုင်းကတပ်စခန်း ၂ခု ရုတ်သိမ်းပေးခဲ့ ရပါတယ်။ SSA မြောက်ပိုင်းနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက်မှာ တိုက်ပွဲပေါင်းအကြိမ် ၂၀ကျော် လောက်ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အပစ်အခတ်ရပ်စဲပေမဲ့ အခြေအနေတွေက တိုးတက်မလာဘူးလို့  SSA မြောက်ပိုင်းဘက်ကသုံးသပ်တာလည်း ရှိနေပါတယ်။

“ကျနော်တို့က အစိုးရနဲ့ လက်မှတ်ထိုးတာက တပိုင်းပေါ့နော်။ သူတို့ စစ်တပ်ပိုင်းနဲ့ လုပ်တာက တခြားစီဖြစ်နေတယ်။ မကိုက်ညီဘူးပေါ့နော်။ ဆိုလိုတာက နည်းနည်းပါးပါး ငြိမ်သွားတာကလွဲပြီးတော့ ဘာမှ သိပ်ထူးခြားမလာဘူးပေါ့။ တပ်တွေ ဆက်ဆံရေးကလည်း တစ်ယောက်နဲ့တစ်ယောက် တဘက်နဲ့တဘက် အယုံအကြည်လည်းမရှိကြသေးဘူးပေါ့။”

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ရှမ်းတပ်ဖွဲ့ဌာနချုပ်အနီးက အစိုးရတပ်တွေကို ၅ရက်အတွင်း ရုတ်သိမ်းဖို့ ပါရှိပေမဲ့ အခုချိန်ထိရုတ်သိမ်းတာမရှိကြောင်းလည်း သူကဆက်ပြောပါတယ်။

SSA မြောက်ပိုင်းဖက်ကတော့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက်တော့ ဆက်လက်ပြီး တွေ့ဆုံသွားမှာဖြစ်ကြောင်း ဗိုလ်မှုးစိုင်းလကပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားလို့ စစ်ရပ်စဲရေး လက်မှတ်ထိုးတာ။ အဲ့တာ တွေ့ဆုံဆွေးနွေးဖို့ နောက်တဆင့်တက်ပြီးတော့ ဆွေးနွေးဖို့ကိုလည်း သူတို့အပေါ်ပဲ မူတည်တာပေါ့။ သူတို့ကမ်းလှမ်းလာမယ်ဆိုရင် ကျနော်တို့လည်း နှစ်ဘက်ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။”

ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး အဲဒီ့နောက်ပိုင်းမှာအနည်းဆုံးတိုက်ပွဲပေါင်းအကြိမ် ၃၀လောက် ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေပေါ်မှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌကြီး ဒုတိယဗိုလ်ချုပ်ကြီး ယွတ်ဆစ်က နိုင်ငံတော် သမ္မတ ဆီကိုစာရေးသားခဲ့ပေမဲ့ အကြောင်းပြန်တာမရှိသေးဘူးလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“စာထဲမှာလေ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးတဲ့ နောက်ပိုင်း ပြဿနာ တွေ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ကျနော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ပြန်လည်ပြီးတော့ သုံးသပ်ပေးစေလိုတဲ့ အကြောင်းတွေ ကျနော်တို့ ဥက္ကဌကြီး ကနေ တောင်းဆိုထားတာတွေရှိပါတယ်။ ပါပါတယ်ခင်ဗျ။ အခုထက်ထိတော့ ဘာမှမပြန်ဘူး။”

တချိန်တည်းမှာတော့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီခေါ် ၀တပ်ဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စတွေမှာ မပြေလည်မှုတွေ ရှိနေပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံမြို့နယ်အတွင်းမှာ ရှမ်းတပ်ဖွဲ့ဝင် တချို့ကိုဝတပ်ဘက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေအတွက် အသက်မွေးကြောင်း အလုပ်အကိုင်တွေရှိဖို့အတွက် တောင်ယာတွေ စိုက်ခင်းတွေကို ကျနော်တို့က ဖန်တီးပေးရမယ့်အချိန်မှာ သူတို့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီးတော့ စစ်ရေးနဲ့ ဖိအားပေးလာတာပါ။ သူတို့ဖမ်းထားတာကတော့ ၁၄ယောက်ရှိပါတယ်။ သေနက်လည်း ၁၄လက်ပါ။ မိုင်းတုံနယ်မြေထဲမှာ လူပ်ရှားနိုင်တဲ့တပ်ဖွဲ့တွေကို ၀ိုင်းဖမ်းတာပါ။”

လောလောဆယ်မှာတော့ ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်သေးပါဘူး။ အဖမ်းခံထားရတဲ့လူတွေ ပြန်လွှတ်ဖို့ကိုတော့ ဆွေးနွေးဖြေရှင်းသွားမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နယ်မြေမသတ်မှတ်ရသေးတာနဲ့ ဆက်ဆံရေးရုံးတွေ မဖွင့်ရသေးတာကြောင့် ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဆင့်ပြီးတဆင့် လုပ်ဆောင်ပြီးရင်တော့ ပြဿနာတွေ ပြေလည်သွားမှာဖြစ်တယ်လို့ မနေ့က ပြည်သူ့လွှတ်တော်မှာပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကတော့ အပစ်ရပ်ရေး ဆောင်ရွက်မှုတွေ ဟာ အခန့်မသင့်ရင် အချိန်မရွေး ပျက်ဆီးသွားနိုင်ကြောင်း ဒီလ ၁၂ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

VOA

မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး မရှိတော့ သော်လည်း ဗြိတိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားသူကို မလွှတ်ပေးသဖြင့် ဝဘ်ဆိုက်များ Hack ခံနေရ

တရားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် အပါအဝင် ဗြိတိန် အစိုးရ ဝက်ဘ်ဆိုက် အတော်များများမှာ wkileaks ထူထောင်သူ Julian Assange ကိုလွှတ်ပေးရန် အတွက် ဟက်ကာများ၏ လက်စားချေ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။

ယခုလို တိုက်ခိုက်မှု ပြုရန် လှုံဆော်သည့် အထိမ်းအမှတ်ကို “#OpFreeAssange,” ဟု အမည်ပေးထားပြီး Anonymous အဖွဲ့မှ တိုက်ခိုက်မှု ပြုလုပ်လိုက်ခြင်း ဖြစ်ကာ justice.gov.uk နှင့် ဗြိတိန် ဝန်ကြီးချုပ် ရုံးဝက်ဆိုက်ဖြစ်သည့် number10.gov.uk တို့ကိုလည်း တိုက်ခိုက်ခဲ့ကာ ဆိုက်များမှာ ဝင်ရောက်၍ မရ ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။သို့ရာတွင် များမကြာမီ အချိန် အတွင်းတွင် ဆိုက်ပြန်လည် ရရှိခဲ့ကြောင်းလည်း သိရသည်။ ယခုလို တိုက်ခိုက်မှုနှင့်အတူ အလုပ်သမားနှင့် ပင်စင်ရေးရာဌာ န ဝက်ဆိုက်ကိုလည်း တိုက်ခိုက်မှု ပြုခဲ့ကြောင်း Anonymouse အဖွဲ့မှ ပြောသည်။ Assange မှာ ဗြိတိန် အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် ဆွီဒင်သို့ လွှဲပြောင်းပေးရန် အမိန်ချခံခဲ့ရကာ လက်ရှိတွင် အီကွေဒေါ သံရုံး၌ ရှိနေပြီး နိုင်ငံရေး ခိုလှုံခွင့် ရရှိသွားပြီ ဖြစ်သည်။ယခုလို ခိုလှုံခွင့် ရရှိခဲ့သော်လည်း ဗြိတိန် နိုင်ငံမှ ၎င်းအား နိုင်ငံ အတွင်းမှ ထွက်သွားခွင့် မရအောင် တားဆီးမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

source : rt.com

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား Transnational Institute (TNI) အဖွဲ့မှ Researcher Mr.Tom Kramer နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား နယ်မြေကျော်လွန် ဖွဲ့စည်းထားသော Transnational Institute (TNI) အဖွဲ့မှ Researcher Mr.Tom Kramer ခေါင်းဆောင်သော အဖွဲ့ဝင် (၈) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ ညနေပိုင်း(၃) နာရီ (၄၀) မိနစ် အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား နယ်မြေကျော်လွန် ဖွဲ့စည်းထားသော Transnational Institute (TNI) အဖွဲ့မှ
Researcher Mr.Tom Kramer ခေါင်းဆောင်သော အဖွဲ့လာရောက်တွေ့ဆုံစဉ်

တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး Transnational Institute (TNI) Resercher Mr. Tom Kramer နှင့်အတူ Dr. LI Chenyang Professor and Vice Dean, School of Humanities, Yunnan University; Director, Center for Myanmar Studies, Yunnan University၊ Dr. Yang Baoyun, Professor. School International Relations, Benjing University; Yunnan University၊ Dr. Yang Baoyun, Professor, School International Relations, Benjing University; Deputy Chairman of the Chinese Society for Southeast Asian Studies; Mr.YE Hailin Head of Editorial office of the journal of South Asian Studies, Institute of Asia-Pacific Studies, Chinese Academy of Social Science၊ Dr. FAN Hongwei associate Professor, Center for Shoutheast Asian Studies, Xiamen University၊ Dr. LU Guangsheng,Professor and Director, Institute of Southeast Asian Studies, Yunnan University၊ Dr.ZHU Xianghui, Associtae Professor Institute of Shotheast Asian Studies Yunnan University၊ Mr. Kevin Woods TNI နှင့် Dr. Khin Zaw Win Tampadipa Institute တို့ တက်ရောက်ကြသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ နယ်မြေကျော်လွန် ဖွဲ့စည်းထားသော Transnational Institute (TNI) အဖွဲ့မှ
Researcher Mr.Tom Kramer အား အမှတ်တရလက်ဆောင် ပေးအပ်စဉ်

ထိုသို့တွေ့ဆုံရာတွင် လက်ရှိကျင့်သုံးလျှက်ရှိသော ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်မှု ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ရည်မှန်းနိုင်ငံတော်သစ် ထူထောင်နိုင်ရန် ကြိုးပမ်းနေမှု အခြေအနေများ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ နိုင်ငံတကာ ဆက်ဆံရေးအား ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးအတွက် ပူးပေါင်းဆောင် ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် Transnational Institute (TNI) အဖွဲ့မှ Researcher Mr. Tom Kramer နှင့် အဖွဲ့ဝင်များမှ သိလိုသည်များကို မေးမြန်းရာ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက TNI အဖွဲ့ဝင်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြကြောင်း သတင်းရရှိသည်။

Myanmar Express

မြန်မာနိုင်ငံတွင် အာဟာရဆန် ထုတ်လုပ်ရန်ညှိနှိုင်း

မြန်မာနိုင်ငံတွင်း အာဟာရချို့တဲ့မှုများကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်အခြေစိုက် PATH အဖွဲ့အစည်းနှင့် အာဟာရဆန်များ ထုတ်လုပ်နိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ ယင်းအဖွဲ့အစည်းမှ အာဟာရဆန် ထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းသို့ သြဂုတ် ၉ ရက်က လာရောက်ဆွေးနွေးသွားပြီး စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်အချို့နှင့် ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ကုန်သွယ်လယ်ယာမှ တာဝန်ရှိသူများနှင့်ပါ ဆွေးနွေးသွားပြီး မြန်မာနိုင်ငံတွင် ယင်းအာဟာရဆန် ထုတ်လုပ်ရန် အခြေအနေကောင်းများရှိကြောင်း သိရသည်။

ယင်း PATH အဖွဲ့မှ ဒေါ်အေးအေးခိုင်က “မြန်မာနိုင်ငံက ဆန်စက်တွေကို လေ့လာကြည့်တဲ့အခါမှာ အာဟာရဆန် ထုတ်လုပ်ဖို့ အခြေအနေကောင်းတွေ ရှိတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်ကွဲတွေ အထွက်များလို့ပါပဲ” ဟု ဆိုသည်။

ယင်းအာဟာရဆန် ထုတ်လုပ်ရန်အတွက် ဆန်ကို အမှုန့်ကြိတ်ကာ ထိုဆန်အမှုန့်ထဲတွင် လိုအပ်သော အာဟာရများ ထည့်သွင်းကာ ဆန်စေ့အဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြစ်ကြောင်း ယင်းကရှင်းပြသည်။

မြန်မာနိုင်ငံ လူများအနေဖြင့် အာဟာရ ချို့တဲ့မှုတွင် သံဓါတ်ချို့တဲ့ခြင်း၊ ဗီတာမင်ချို့တဲ့ခြင်း၊ အရပ်ပုခြင်း၊ ခန္ဓာကိုယ်သေးကွေးခြင်းများ ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အာဟာရချို့တဲ့မှုမှာ ဒေသတစ်ခုနှင့်တစ်ခု မတူညီဘဲ တောင်တန်းဒေသ များတွင် ဝေးလံခေါင်သီ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အာဟာရချို့တဲ့မှု ပိုမို များပြားကြောင်း သိရသည်။ ယင်းကဲ့သို့ လိုအပ်သော အာဟာရများဖြစ်သည့် ဇင့်ဓါတ်။ သံဓါတ်၊ ဗီတာမင်ဓါတ်များ ပါဝင်သော ဆန်များကို ထုတ်လုပ်ပြီး ပုံမှန်စားသုံးနေသော ဆန်များထဲတွင် ဆယ်ပုံတစ်ပုံ ရောကာ ချက်စားရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအာဟာရဆန်များ ထုတ်လုပ်ရန်အတွက် အမျိုးသားအာဟာရဌာနတွင် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ယင်းဌာနအနေဖြင့်လည်း ခွင့်ပြုထားကြောင်း PATH မှ စီမံကိန်းမန်နေဂျာ ဒေါ်စန်းစန်းမြင့်က ပြောသည်။ ယင်းအာဟာရဆန်များကို ထုတ်လုပ်ရန်အတွက် စက်များမှာ ဒေါ်လာ ၃၀၀၀၀ မှ ၄၀၀၀၀ ဝန်းကျင် အထိ ပေါက်ဈေးရှိပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ စိတ်ဝင်စားပါက လာရောက် တပ်ဆင်ကာ သင်တန်း များပေးမည် ဖြစ်ကြောင်း PATH အဖွဲ့က ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံ၌ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်းအတွက် အာဟာရဆန်နှင့် မုန့်များ ထုတ်လုပ်ပေးနေသော စက်ရုံနှစ်ခုရှိကြောင်း သိရကာ ယခုအာဟာရဆန်ထုတ်စက်သည် လက်ရှိ လည်ပတ်နေသည့် ဆန်စက်များနှင့် တွဲဖက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အာဟာရဆန် ထုတ်လုပ်မှုကို လုပ်ဆောင်နေသည့် PATH အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၁၃၈ နိုင်ငံတွင် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

Myanmar Express

ရွှာကိုမီးရှို့တဲ့ကုလား..ရဲဖမ်းတော့ ရဲကိုပါ ဓါးနဲ့ပိုင်းလိုက်သတဲ့


ဓါးဖြင့်အခုတ်ခံရသော ဒုရဲ့အုပ် ဖြိုးဝေအောင်

မီးရှို့တရားခံအား ဖမ်းဆီးစဉ် တရားခံမှ ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင် များအား ဓါးဖြင့်လိုက်လံခုတ်သော ဖြစ်စဉ်တစ်ရပ် ဖြစ်ပွါးခဲ့ပါသည် ။

နစက၊ နယ်မြေ(၈) စခန်း(၁၇) ဥဒေါင်း ကင်းစခန်းမှူး ဒုရဲအုပ် ဖြိုးဝေအောင် ဦးစီး တပ်စိတ် တစ်စိတ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ရက်နေ့ ၀၀း၃၅ ချိန်တွင် ဥဒေါင်း ကျေးရွာ အုပ်စု ကုန်းတန်း ကျေးရွာတွင် လှည့်ကင်း ဆောင်ရွက်နေစဉ် နလက ကျေးရွာအား မီးရှို့ ဖျက်ဆီး ရန်ကြီုးစားမှု တွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင် နေသူ ဆော်လီမူလာ (ဘ) ရှော်မူ လုပ် သည် နေ အိမ်သို့ ပြန်လည်ရောက် ရှိနေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့မှ သတင်း ပေးပို့ခဲ့ သဖြင့် ၄င်းအဖွဲ့ နှင့် အတူ တရားခံ၏ နေအိမ်အား ၀၁း၀၀ နာရီတွင် ၀င်ရောက် ဖမ်းဆီး ခဲ့ပါသည် ။၊

ထိုသို့ ဖမ်းဆီးစဉ် တရားခံမှ အဖမ်း ခံခြင်း မရှိဘဲ ဓားရှည် ဖြင့်ခုတ်ရာ ဒုရဲအုပ် ဖြိုးဝေအောင် ၏ ၀ဲဘက် လက်မောင်းတွင် ၂ လက်မ ခန့် ပြဲရှ ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းမှ အမ်အေ ၁၃ သေနတ် ဖြင့် ၁ ချက်ခန့်ချောက်လှန့် ပစ်ခတ် ခဲ့ရာ တရားခံ၏ ၀ဲဘက် လက်မောင်းတွင် သေနတ် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရပြီး ဒုရဲအုပ် ဖြိုးဝေအောင် နှင့် တရားခံ ဆော်လီမူလာ တို့အား နယ်မြေ ဆေးခန်းတွင် ဆေးကုသ လျက်ရှိပြီး တရားခံ အသုံးပြု ခဲ့သော ဓားအား ရှာဖွေ ပုံစံဖြင့် သိမ်းယူ၍ တရားခံကို တရား ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။


ရဲကို ဓါးနဲ့ခုတ်သည့် တရားခံ



ပစ်ခတ်ဖမ်းဆီးခဲ့ရသည့် အမ်အေ ၁၃ သေနတ်(ပုံစံတူ)

Myanmar Express

ဘီအိုစီခေတ်က ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်ရာက ပေါက်ကွဲမှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျောက်ဆောင်းကျေးရွာ၏ မြောက်ဘက် လေးဖာလုံခန့် အကွာတွင် ၁၃-၈-၂၀၁၂ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်ခန့်က မပည( Fu ၈၈၉၂၅၈) ရှိ ဘီအိုစီခေတ်မှ အနက်ပေ ၈၀ နှင့် အဝကျယ် လေးပေအချင်းရှိ ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၏ မှတ်တမ်းများ အရ ၁၅-၈-၂၀၁၂ ရက်က သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဆောင်းကျေးရွာနေ တောင်ယာ လုပ်ကိုင်သူများ ဖြစ်သော သိန်းဌေး(၃၂နှစ်)၊ ဝင်းကို(၃၈နှစ်)၊ နိုင်လင်းဦး (၂၈နှစ်) တို့က ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်စဉ် တွင်းဟောင်းမှ လေ(Gas) ကန်၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် နိုင်လင်းဦးသည် တွင်းဝတွင် သေဆုံးသွားခဲ့ပြီး သိန်းဌေးနှင့် ဝင်းကို တို့နှစ်ဦးမှာ တွင်းဟောင်းအတွင်း ပိတ်မိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနံတွင်း ပေါက်ကွဲ သံကြောင့် ကျောက်ဆောင်းကျေးရွာနေ ဦးလှအေး (၄၀နှစ်)၊ သန်းဇော် (၂၈နှစ်)၊ အရာတော်ကျေးရွာနေ ခင်မောင်ဝင်း (၄၇နှစ်)၊ ဖိုးထောင်(၂၀နှစ်) တို့က ယင်းရေနံတွင်းဟောင်းရှိရာသို့ ကယ်ဆယ်ရေး သွားရောက် လုပ်ကိုင်နေစဉ် မိနစ် ၃၀ ခန့်အကြာ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့သောကြောင့် ၎င်းတို့လေးဦးမှာ မီးလောင်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် သက်ဆိုင်ရာက ညောင်ဦးဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူ လေးဦးအနက် ဦးခင်မောင်ဝင်းသည် ယာခြေသလုံးကျိုး ဒဏ်ရာ၊ ဖိုးထောင်မှာ ယာဘက်ညှပ်ရိုး ထိခိုက်မိသဖြင့် ပခုက္ကူဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ကြောင်း သိရသည်။

ရေနံတွင်းဟောင်းမှာ လက်ရှိအခြေအနေတွင် ထပ်မံ မီးလောင်ပေါက်ကွဲမှု မရှိသော်လည်း ထပ်မံတူးဖော်ပါက ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိသည့်အတွက် တွင်းအတွင်း ပိတ်မိနေသည့် သိန်းဌေးနှင့် ဝင်းကိုတို့ကို ကယ်ဆယ်နိုင်ခြင်း မရှိသေးကြောင်း၊ အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှူးနှင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၁၀ ဦး သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကချင်တွင် တပ်တိုးချဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကချင်ဒေသအတွင်း တွေ့ရသော
အစိုးရ စစ်ကြောင်းတခု (ဓာတ်ပုံ – Kachinnet)

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အကြား ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဖားကန့်မြို့နယ်ထဲရှိ ဘာသာရေးကျောင်းများတွင် မှော်မောင်းကုန်း၊ မှော်ဝမ်းကြီးနှင့် မှော်ဝမ်းကလေး၊ သူဌေးချောင်း စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀ နီးပါး လတ်တလော ခိုလှုံနေကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။

ဘာသာရေးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအများစုသည် ကချင်တိုင်းရင်းသားများဖြစ်ပြီး ဖားကန့် မြို့ပေါ်ရှိ ဒေသခံများက ပူးပေါင်း၍ ဆန်အိတ်များ သွားရောက်ထောက်ပံ့ပေးကြကြောင်း ၎င်းက ဆိုသည်။

“KIA ဘက်ကလည်း သူတို့အနေနဲ့ စစ်ဖြစ်လာမှာကို စိုးရိမ်ပြီးမှ အဲဒီမှာရှိတဲ့ ရွာသားတွေကို သူတို့က ရှောင်ခိုင်းလိုက်တဲ့ အနေအထားမှာ အခုလိုမျိုး ရွာသူရွာသားတွေကလည်း ရှောင်ကြရင်းနဲ့ ဖားကန့်မြို့ထဲကို ရောက်လာကြတယ်” ဟု ဦးဒါချီလစိုင်းက ဆက်ပြောသည်။

ဦးဒါချီလစိုင်း၏ အဆိုအရ ယခင်က အစိုးရ တပ်အင်အား ၆၀၀ ခန့်သာ ရှိပြီး ယခုရက်ပိုင်း အစိုးရတပ်အင်အား ၁၀၀၀ ခန့် ထပ်မံတိုး ချဲ့လာကြောင်း ကြားသိရကြောင်း၊ စစ်ရေးအရ နှစ်ဖက် တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကမှု “အစိုးရစစ်တပ်တွေ နဂိုမရှိတဲ့နေရာမှာ အစိုးရတပ်တွေ အင်အား အလုံးအရင်းနဲ့ ၀င်လာတဲ့ အတွက်ကြောင့် ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေပဲ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း KIO တပ်မဟာ ၂ ထိန်းချုပ်ဒေသဖြစ်သည့် ဖားကန့်ဒေသ အပါအ၀င် တပ်မဟာ ၃ ဗန်းမော် ဒေသအနီးရှိ ခြေကုတ်ယူထားသည့် အစိုးရ တပ်စခန်းများတွင် အစိုးရတပ်များက တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ရေကြောင်း၊ ကုန်းကြောင်းများမှတဆင့် ဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အစိုးရရဲ့ တပ်အင်အားကို တဖြည်းဖြည်းချင်း နေရာအလွတ် မရှိအောင် သူတို့ တပ်ဖွဲ့တွေကို ကချင်ဒေသအနှံ့မှာ စစ်စခန်းတွေ တည်ဆောက်သွားနိုင်အောင် စီစဉ်မှုတွေ ရှိတယ်။ ဒါကတော့ ကျနော့်တို့ရဲ့ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုကို ပိတ်ဆို့သွားအောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည်။

အလားတူပင် မိုးညှင်းခရိုင်တွင်လည်း ကူညီရေးစခန်းများ၊ မြို့ပေါ်များ၊ နယ်စပ်ဒေသများနှင့် အလှမ်းဝေးသည့် တောတောင်များအတွင်း ပုန်းအောင်းနေသော ဒုက္ခသည် ၂၀၀၀ ခန့်ရှိကြောင်း၊ ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြောများတွင်လည်း ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေရကြောင်း ကချင် ဒုက္ခသည်စခန်းများ ကော်မတီက ပြောဆိုထားသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။

ယခုနှစ်ဆန်းပိုင်းက KIO အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့ သော်လည်း ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဒီမိုကရေစီ ခေါင်းဆောင်များကို အမေရိကန် ဆုပေးမည်

ဩဂုတ်လ ၁၃ ရက် ပုဂံမြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆိုင်ရာ ဆွေးနွေးပွဲတွင် တွေ့ရသော
ကိုမင်းကိုနိုင် (ဓာတ်ပုံ-88 Generation Students)

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများဖြစ်သော ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ဦးကျော်သူတို့ ၃ ဦးသည်ဒီမိုကရေစီ ဆု(The Democracy Award) လက်ခံရယူရန်အတွက် လာမည့် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

အမေရိကန် ၏ ဒီမိုကရေစီအရေး အားပေး ပံ့ပိုး ကူညီနေသော အဖွဲ့တဖွဲ့ဖြစ်သည့် National Endowment for Democracy (NED) က နှစ်စဉ် ကမ္ဘာတ၀န်းရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဆုချီးမြှင့်လျက်ရှိရာ ယခုနှစ်အတွက် ဒီမိုကရေစီဆု ကို မြန်မာနိုင်ငံသား ၅ ဦး ရရှိကြောင်း သိရသည်။

ဆုရရှိသူများမှာ မြန်မာနိုင်ငံတွင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူတို့ ၃ ဦးဖြစ်ပြီး အမေရိကန်တွင် မြန်မာ့ အရေး လှုပ်ရှားနေသည့် USCB အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်၊ ထိုင်း-မြန်မာနယ်စပ်၌ ကျန်းမာရေး စောင့်ရှောက် မှု အကူအညီများ ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်တို့ ဖြစ်သည်။

“ကျနော်တို့ မှန်းတာတော့ စက်တင်ဘာ ၁၄၊ ၁၅ လောက် ဖြစ်မယ်ထင်တယ်။ အခုထိတော့ ဗီဇာကတော့ မရသေးဘူး။ ဒါက အရေးမကြီးပါဘူး။ အဆင်ပြေသွားမှာပါ။ ပါ့စ်ပို့က ဟိုတုန်းက သွားမှာစိုးလို့ ထစ်ထားတာ၊ အခုတော့ လွတ်လွတ်ကျွတ်ကျွတ် သွားလို့ ရပါပြီ”ဟု ဦးခွန်ထွန်းဦး က ဧရာဝတီကို ပြောသည်။

NED အဖွဲ့၏ ဖိတ်ကြားမှုကို လက်ခံထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်က ယခုအခါ မည်သူမဆို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုသည်ဟု ပြောဆိုထားပြီးဖြစ်ကြောင်း၊ အမေရိကန်တွင် ရက်သတ္တပတ် တပတ်ခန့်ကြာမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြော သည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကမူ NED မှ ၄င်းအား ဖိတ်ကြားထားသော်လည်း ယခုအထိ နိုင်ငံကူး လက် မှတ် လက်ဝယ်မရရှိသေးကြောင်း ပြောဆိုသည်။

“အခုထိက ပါ့စ်ပို့စာအုပ် လက်ထဲ မရသေးပါဘူး”ဟု သူက ဆိုသည်။

နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူကလည်း ၄င်းအနေဖြင့် လူမှုရေးအဖွဲ့ကိုယ်စား ဆုလက်ခံရန် ရှိကြောင်း၊ ဆွေမျိုးများ နှင့် တွေ့ဆုံရန်အတွက် ယခုလကုန်တွင် မြန်မာနိုင်ငံမှ အမေရိကန်သို့ ကြိုတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ကြိုး ပမ်းချက်များကို အသိအမှတ်ပြုသည့် ဆုပေးသည်ကို ၀မ်းမြောက်ကြောင်း၊ သို့သော် နိုင်ငံသည် စစ်မှန်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အပြည့်အ၀ မရောက်သေးကြောင်း ပြောသည်။

“ကိုယ့်စည်းကမ်း၊ ကိုယ့်လူ့ကျင့်ဝတ်တွေကို အားလုံးက လိုက်နာကျင့်သုံးမှ ဒီမိုကရေစီနိုင်ငံ သေချာ ရောက်မယ်။ ယုံကြည် တယ်။ အဂတိလိုက်စားတာတွေ ပပျောက်ဖို့ လူတွေက လူ့ကျင့်ဝတ်သိက္ခာတွေ စောင့်ထိန်းဖို့ စည်းကမ်း စနစ်ရှိဖို့တွေက အရေးကြီးပါတယ်”ဟု သူက ဆိုသည်။

ယခု ဆုရသည့်အတွက်ပျော်နေ၍ မရကြောင်း၊ ကိုယ့်ရည်မှန်းချက် ပန်းတိုင်၊ ရောက်ချင်သည့်အနေအထားမျိုး မ ရောက်သေးကြောင်း၊ ထို့ကြောင့် အားလုံးက ယခုထက်မက ကြိုးစားသွားကြရန် လိုအပ်ကြောင်းလည်း ဦးကျော်သူက ဆက်ပြောသည်။

အဆိုပါ ဆုသည် ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ တီယန်နန်မင် အရေးအခင်းတွင် တည်ဆောက်ခဲ့သည့် Goddess of Democracy ရုပ်တု ပုံစံအတိုင်း ဆုကိုဖန်တီးခဲ့ပြီး ၁၉၉၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် ပေးအပ်ချီးမြှင့်နေခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကွန်ဂရက် အောက်လွှတ်တော် မှ စက်တင်ဘာလ ၁၈ ရက်နေ့ ၀န်းကျင်တွင် ချီးမြှင့်မည့် ဆုလက်ခံရန်အတွက် အမေရိကန်သို့ သွားရောက်ရန်ရှိနေသည်။

ထို့အပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင်လည်း Global Citizen Award ဆုကို နယူးယောက်မြို့တွင်လက်ခံယူပြီး ညစာစားပွဲသို့လည်း တက်ရောက်မည်ဖြစ်သည်။

အလားတူ သမ္မတ ဦးသိန်းစိန်သည်လည်း အမေရိကန် သို့ စက်တင်ဘာ ၂၃ ရက်နေ့တွင် သွားရောက်ရန် ရှိကြောင်းလည်း သိရ သည်။

အမေရိကန် နိုင်ငံသည် မြန်မာ့ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို အခိုင်အမာ အားပေး သည့် အပြင် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း ထောက်ခံ ပံ့ပိုးနေသောကြောင့် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်များ အပါအ၀င် နိုင်ငံတော် သမ္မတကိုပါ ရှေ့ဆင့်နောက်ဆင့်လာရောက်ရန် ဖိတ်ကြားခဲ့ခြင်းမှာ မြန်မာ့ အပြောင်းအလဲအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း အကဲခတ်များက ယူဆနေကြသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရပြီးပေးမယ့် ဘယ့်အတွက်ကြောင့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာလဲလို့ မေးပြီ

ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့ကို ၂၀-၈-၂၀၁၂ မွန်း လွဲ(၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည် သူ့လွှတ်တော်ခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၉၁)ဦး တက် ရောက်ကြပြီး ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ ၀င်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့ တက် ရောက်ကြကြောင်းသိရသည်။

မေခွန်းများ မေးမြန်းဖြေ ကြားခြင်းကဏ္ဍ၌ ““လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် မည်သည့်အတွက် ကြောင့် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်းကို သိရှိလိုပါ ကြောင်း”” မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ မေးမြန်း ချက်နှင့်ပတ်သက်၍ ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဖြေကြားရာတွင်—

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် တိုင်းရင်းသား များ၏အရေးကိစ္စသည် မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ဖြစ်ပေါ်လာသည့်အချိန်ကာလရှည် စွာ ဖြစ်ပွားခဲ့သော ကိစ္စများဖြစ် ပါကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် သံသယများပျောက်ပြီး အမှန် ဘ၀ရောက်ရှိရန်အတွက် ကြိုးစား ရန်လိုအပ်ပါကြောင်း၊ နှစ်ပေါင်း (၆၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော ပြဿနာများကို တစ်ရက်တည်း၊ တစ်ထိုင်တည်းဖြေရှင်းရန် မလွယ် ကူသည့် ကိစ်္စဖြစ်ပါကြောင်း၊နိုင်ငံ တော်သမ္မတက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အ ဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုလွှတ်တော်အဆင့် ဟူ၍ အဆင့်(၃)ဆင့် ပိုင်းခြားသုံး သပ်ပြီးဆောင်ရွက်သွားကြရန် လမ်းညွှန်ထားပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်တွင် လုပ်ငန်းတာဝန် (၅)ရပ်နှင့် ပြည်ထောင်စုအဆင့် တွင် လုပ်ငန်းတာဝန်(၈)ရပ်ကို မူဝါဒချမှတ်ပေးထားပါကြောင်း၊ ယခုအခါတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်သဘော တူညီချက်တွင်ပါရှိသည့် မူဝါဒ (၅)ချက်အနက် အပစ်အခတ်ရပ် စဲရေးကို ဆောင်ရွက်ပြီးဖြစ်သော် လည်း နှစ်ဦးနှစ်ဖက်သဘောတူ ညီမှု ညှိနှိုင်းရရှိထားသည့် သတ် မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊ သတ်မှတ်နေရောမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ်္စနှင့် ဆက် ဆံရေးစခန်းကို နှစ်ဖက်သဘော တူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ)ထားရှိရန်ကိစ္စရပ် များကို ဆောင်ရွက်ဆဲဖြစ်ပါ ကြောင်း။

ရှမ်းပြည်နယ်အတွင်းဖြစ်ပွား ခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင်ပါရှိသည့် နှစ်ဖက် တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းကို သုံး သပ်မိပါကြောင်း၊ နိုင်ငံတော် သမ္မတမှ ချမှတ်ပေးသော ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မူဝါဒများကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင် ပြီးချိန်တွင် ဤကဲ့သို့ပြဿနာများ ကွယ်ပျောက်သွားမည်ဖြစ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အမြန်ဆုံး ကြိုးပမ်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖြင့်ဖြေကြားသွားကြောင်းသိရ သည်။

အောင်ကောင်းစည်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ဒီမို/ငြိမ်းချမ်းရေးပါတီ သဘောထားထုတ်ပြန်

အမျိုးသားလွှတ်တော် ပြည် သူ့လွှတ်တော်တို့ကတစ်ဖက် နိုင်ငံ တော်သမ္မတကိုယ်စား နိုင်ငံတော် ရှေ့နေချုပ်ကတစ်ဖက် အငြင်း ပွားနေသည့် ““လွှတ်တော်အသီး သီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့ တို့အား ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းရှိမရှိ…”” အငြင်းပွားမှု တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ၏ (၂၈-၃-၂၀၁၂)ရက်နေ့က အပြီးသတ်ဆုံးဖြတ်ချက်ချမှတ် ဖြေဆိုမှုကို အကြောင်းပြုလျက် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ယခု အထိပေါ်ပေါက်ခဲ့၊ ပေါ်ပေါက် နေဆဲ ပြဿနာများ၊ ထိုပြဿနာ များကို ချဉ်းကပ်အဖြေရှာမှုများ နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဌာနချုပ်တွင် ပါတီဗဟိုအလုပ် အမှုဆောင် အရေးပေါ်အစည်း အဝေးတစ်ရပ် ယနေ့ နေ့လယ်က ကျင်းပဆွေးနွေးကြပြီး သဘော ထားထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။

““နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ (၂၈-၃-၂၀၁၂)ရက်နေ့က ချမှတ် သည့် အပြီးသတ်ဆုံးဖြတ်ချက် အပေါ် ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေးပါတီ၏ သဘောထားထုတ် ပြန်ကြေညာချက်”” ခေါင်းစဉ်ဖြင့် (၂၀-၈-၂၀၁၂)ရက်စွဲပါ ၎င်း ကြေညာချက်တွင် အပိုဒ် ၆ ပိုဒ် ပါဝင်ပြီး ဒီမို/ငြိမ်းချမ်းပါတီ အနေဖြင့် (၂၈-၃-၂၀၁၂)ရက်နေ့ နေပြည်တော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး(စုံညီ)၏ ““လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်း…”” ဖြေဆို ဆုံးဖြတ်ချက်သည် အခြေခံ ဥပဒေနှင့်အညီ ဆုံးဖြတ်ထား သည်ကို တွေ့ရသဖြင့် အလွန် သင့်မြတ်လျော်ကန်ကြောင်း၊ ဆိုခဲ့ပါအငြင်းပွားမှုနှင့် ထိုအငြင်း ပွားမှုအပေါ် ဖွဲ့စည်းပုံခုံရုံးက အပြီးသတ် အဆုံးအဖြတ်ပေးပြီး နောက် ဖြစ်ပေါ်လာခဲ့သည့် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်များ ၏ ဆောင်ရွက်လှုပ်ရှားနေမှုများ၊ နိုင်ငံတော်သမ္မတ၏ သဘော ထားနှင့် ဆောင်ရွက်မှု စသည်တို့ ကို လေ့လာသုံးသပ်ကြည့်မှုအရ ထိုအငြင်းပွားမှုသည့် သာမန်ကိစ္စ တစ်ရပ်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြီးမားသည့် ပြဿနာအဖြစ် တွေ့မြင်သုံးသပ် ရရှိကြောင်း၊ မိမိတို့ပါတီအနေဖြင့် မူ အဆိုပါခုံရုံး ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ ပါ ပြဋ္ဌာန်းချက်အရ အပြီးအပြတ် အတည်ဖြစ်၍ လွှတ်တော်ကိုယ် စားလှယ်တိုင်း ကျေနပ်သည်ဖြစ် စေ၊ မကျေနပ်သည်ဖြစ်စေ ထို ဆိုင်ရာဥပဒေကို မပြင်သေးသမျှ လိုက်နာရမည်ဖြစ်ကြောင်း၊ သို့ သော် လွှတ်တော်ကိုယ်စားလှယ် တချို့သည် လိုက်နာရန် ပျက် ကွက်နေသည်ကို ၀မ်းနည်းဖွယ် တွေ့ရကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ တော်၊ ပြည်ထောင်စု၊ ပြည်သူ လူထုအကျိုးကို ဗဟိုပြုလျက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီး အရှိန်မပျက်ရေး ကိုသာ သမ္မတ၊ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး၊ လွှတ်တော်အသီးသီးတို့က တသမတ်တည်း ရှေ့ရှုအာရုံပြု ဖြေရှင်းသွားကြပါရန် ဗြဟ္မာစိုရ် မေတ္တာအခြေခံလျက် အလေး အနက် တိုက်တွန်းပါကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြ ထားသည်။

ကြည်စင်သော်

ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် တိုးချဲ့မည်

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းတွေကို စတင်နိုင်ဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာလည်း ပြည်ထောင်စု နယ်စပ်ရေးရာ ၀န်ကြီးကိုယ်တိုင် လာရောက်ပြီး နိုင်ငံတော်အစိုးရက လုပ်ဆောင်ထားတာတွေကို သမ္မတရဲ့ကိုယ်စား ကော်မရှင်အဖွဲ့ဝင်တွေကို လာရောက် ရှင်းပြခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းတွေရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ မျက်နှာစုံညီ စည်းဝေးပွဲတခု ကျင်းပခဲ့ကြတာပါ။

အဲဒီမှာ ကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဘယ်လို ချဉ်းကပ်လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ အချင်းချင်း အကြံဉာဏ် ဖလှယ်တာတွေ လုပ်ဆောင်ခဲ့ကြတာပါ။

သြဂုတ်လ ၂၁ ရက်နေ့မှာတော့ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေး ရောက်လာပြီး အစိုးရဖက်က လုပ်ဆောင်ထားသမျှကို သမ္မတကိုယ်စား ရှင်းလင်း တင်ပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်၊ NDF အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။

“နယ်စပ်ရေးရာဝန်ကြီးက ဒီအဆင့်ဟာ ပြည်ထောင်စုအဆင့် ခန့်ထားတာဖြစ်တယ်။ ဒါကြောင့်မို့ ကော်မရှင်ဟာ လွတ်လပ်စွာနဲ့ သီးခြားဖြစ်တဲ့ ကော်မရှင်ဖြစ်တယ်။ ဒါကြောင့်မို့ လွတ်လပ်စွာ စစ်ဆေးမေးမြန်းခွင့်လည်းရှိတယ်။ ဆောင်ရွက်ဖို့မှာလည်း ဘာမှ အနှောင့်အယှက်မရှိဆောင်ရွက်နိုင်ပါတယ်။ သူတို့အနေနဲ့ ပံ့ပိုးပေးဖို့ သမ္မတကိုယ်စား လာပြီးတော့ ရှင်းပြရခြင်းဖြစ်ပါတယ်လို့ စပြီးပြောပါတယ်။ နောက်ပြီး နယ်စပ်ရေးရာဝန်ကြီး လုပ်ဆောင်ထားတဲ့ ရခိုင်ပြည်နယ်ကိစ္စတွေပေါ့ဗျာ။ ဗီဂျေနမ်ဗီးယားလာတာတို့ တူရကီဝန်ကြီးချုပ်လာတာတို့ မစ္စတာကင်တာနားလာတာတို့ ပတ်သတ်တဲ့ ခရီးစဉ်တွေနဲ့ ဓာတ်ပုံတွေကို ပြပြီး ဘယ်နေရာကိုသွားသင့်တယ်ဆိုတာ သူ့အတွေ့အကြုံတွေကို ရှင်းပြတဲ့ကိစ္စပါပဲ။”

ယေဘုယျအားဖြင့်တော့ ဒီစုံစမ်းရေး ကော်မရှင်အနေနဲ့ သမ္မတက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေအတိုင်း သူတို့ရဲ့ စုံစမ်း စစ်ဆေးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဆွေက ဆက်ပြောပါတယ်။

“သမ္မတက ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း စုံစမ်းစစ်ဆေးဖို့ နယ်တွေသွားပြီးတော့ သက်ဆိုင်ရာ တွေ့သင့် တွေ့အပ်တဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဖို့ တွေ့တဲ့အခါမှာ ကျနော်တို့ ပြည်နယ်ကနေ အစိုးရတာဝန်ယူပေးဖို့၊ သွားတဲ့လာတဲ့နေရာတွေမှာ လုံခြုံရေးယူပေးဖို့ နောက်ပြီးတော့ သက်သေခံဥပဒေတို့ ရာဇ၀တ်မူဥပဒေတို့နဲ့ ပတ်သတ်တဲ့ ကိစ္စများကို တရားရုံးလိုပဲ ခေါ်ယူစစ်ဆေးခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ခရီးသွားတဲ့အခါမှာ လေယာဉ်နဲ့သွားတဲ့ ကိစ္စတွေပေါ့ သမ္မတရုံးက စီစဉ်ပေးမယ်ဆိုတဲ့အကြောင်းတွေဆိုပါတယ်ဗျ။ အချက်၈ချက်ကို ၈ဖွဲ့ခွဲပြီး လုပ်ရမယ့်သဘောရှိနေတာပေါ့။ အားလုံး သဘောပေါက် နားလည်ကြတယ်။ လုပ်ငန်းအဆင့်ဆင့်ကို ဘယ်လိုလုပ်ကြမယ်ဆိုတာ ၂၅ရက်မှကျမှ တိတိကျကျ စဉ်းစားနိုင်မှာပါ။”

ကော်မရှင်အနေနဲ့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ဆပ်ကော်မီတီလေးတွေ ထပ်ဖွဲ့စည်းတာအပြင် ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကိုလည်း တိတိကျကျ သတ်မှတ်သွားဖို့ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုတော့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေမှာ ၀င်ရောက် လုပ်ဆောင်နေသူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အဖွဲ့ဝင်တွေ အပါအ၀င် အဖွဲ့ဝင်စုစုပေါင်း ၂၇ ဦးနဲ့ သြဂုတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တာပါ။

သြဂုတ်လ၂၁ရက်နေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ပြည်သူ့လွှတ်တော် ဥက္ကဌထံ သ၀ဏ်လွှာ ရေးသားပြီး လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ သ၀ဏ်လွှာနဲ့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

သဝဏ်လွှာထဲမှာ အဓိကအားဖြင့် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက စုံစမ်းသိရှိထားတဲ့ အချက်တွေကို လွှတ်တော်အမတ်တွေထံ အသိပေးအကြောင်းတဲ့ သဝဏ်လွှာဖြစ်ပေမယ့် ရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သတ်ပြီး အစိုးရရဲ့ သုံးသပ်ချက်ကိုလည်း ကဏ္ဍအလိုက်ခွဲပြီး ထည့်သွင်း ဖော်ပြထားပါတယ်။

သမ္မတရုံးက လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်တဦးက ဗွီအိုအေကို ဖတ်ပြခဲ့တာမှာတော့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ - နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊ လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည် စသည်ဖြင့် က ကနေ ဈ အထိ အချက်လိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂါလီ မူဆလင်များ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သာမာန်ပြည်သူများနှင့် ဘာသာရေး အစွန်းရောက်ဟူ၍ ၂ ပိုင်း တွေ့ရကြောင်းနဲသာမာန်ပြည်သူများကတော့ ဘ၀ရပ်တည်ရေးနဲ့ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေကြရသည်၊ အမျိုးသမီးနှင့် ကလေးငယ်တွေဟာ လူဦးရေ၏ ၄ ပုံ ၃ ပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရ သည်၊ အစွန်းရောက် အစ္စလာမ် မော်လ၀ီအချို့သည် ဘာသာရေး မှိုင်းပြု၍ လူဦးရေ များပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည် စသည်ဖြင့် ဖော်ပြထားပြီး အစီရင်ခံစာနှင့် သ၀ဏ်လွှာ စုစုပေါင်းမှာ စာမျက်နှာ ၁၀ မျက်နှာ နီးပါးရှိတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

ကိုဇော်ဝင်းလှိုင်း (ဗွီအိုအေ မြန်မာဌာန)

ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ

(နဝတ-နအဖ) စစ်အစိုးရကာလမှာတုန်းက စစ်အုပ်စုတွင်း အာဏာစားခွက်လုမှုတွေနဲ့ပတ်သက်ပြီး ဘယ်သူကိုတော့ ဖြုတ် လိုက်ပြီ/ ထုတ်လိုက်ပြီဆိုတဲ့ ကောလဟလဆန်ဆန်သတင်း စတင်ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီနောက်မှာ ဘယ်သူတော့ဖြင့် ပြုတ် သွားပြီဆိုတာကို ကျနော်တို့ပြည်သူတွေသိခဲ့ကြရတာပါ။

အခုကတော့ အရင်နဲ့မတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရေကိုခြုံထားရလေတော့ အာဏာစားခွက်လုမှုတွေဟာ “ဥပဒေ ဆိုင်ရာ အငြင်းပွားမှုပုံစံ” နဲ့ပေါ်ထွက်လာတာကို ကျနော်တို့ပြည်သူများ ရှုစားကြရတာဖြစ်ပါတယ်။ ဒါဟာပွဲဦးထွက်ပါ။ ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။ နောက်ထပ် “ဥပဒေအရ၊ ဥပဒေနဲ့အညီ” အကျိုးစီးပွားအငြင်းပွားမှုတွေ လာဦးမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မဖျက်သိမ်းနိုင်သေးသမျှပေါ်ထွက်နေဦးမှာပါ။

ယခုပေါ်ပေါက်ဖြစ်ပွားနေတဲ့

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဟုတ်/မဟုတ်”

ဆို တဲ့ဖြစ်ရပ်က(နဝတ-နအဖ) စစ်အုပ်စုရဲ့ အာဏာအမွေခံ၊အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေရဲ့ အာဏာလုမှု၊ ကိုယ်ကျိုးစီးပွား လုယက် မှုတွေကိုထင်ဟပ်ဖေါ်ပြချက်သာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့အရေကိုခြုံထားတာမို့ ဥပဒေဆိုင်ရာ အငြင်းပွားမှု ပုံစံအဖြစ် ဖေါ်ပြတာပဲဖြစ်ပါတယ်။ ယခင်က စစ်အုပ်စုတွင်း ဂိုဏ်းအုပ်စုအကျိုးစီးပွားပြဿနာတွေကို “နံပတ်ဝမ်း”က အမိန့်မနာခံမှု၊ လာဘ်စားမှုဆိုတာတွေနဲ့ ကိုင်ပြီး ဖြုတ်ပစ်ခဲ့တာပဲ။ ဒီနည်းနဲ့ ဗိုလ်ကျော်ဘ – ဗိုလ်ထွန်းကြည်တို့ကိုထုတ်ခဲ့တာ၊ ဗိုလ်ခင်ညွန့်(ထလရ) ဂိုဏ်းပြုတ်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ကန့်လန့်ကာနောက်ကွယ်က “နံပတ်ဝမ်း” လည်း မတတ်နိုင်တော့ပြီ။ ထိန်းထိန်း၊ သိမ်းသိမ်း ၊ညှိညှိ၊ နှိုင်းနှိုင်း လုပ်ကြလို့ သြဝါဒပေးနေတဲ့ပုံပါပဲ။

သြဂုတ်လ ၁၅ ရက်နေ့က မိုးမခအွန်လိုင်းတွင် ရေးသားဖေါ်ပြခဲ့သော ကျနော့်ဆောင်းပါး “လွှတ်တော်၊ခုံရုံးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ” တွင်

“လောလောဆယ်မှာတော့ ကျနော်တို့ နိဂုံးကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ စောလွန်းနေပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ခုံရုံးအဖွဲ့ဝင်များရဲ့ တုန့်ပြန်မှုနဲ့အသံကို လေ့လာစောင့်ကြည့်ဖို့ လိုပါသေးတယ်” ဖေါ်ပြခဲ့ပါ တယ်။

သြဂုတ်လ ၂၀ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ခုံရုံးရဲ့ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဆိုတာ အခုပေါ်ထွက်လာခဲ့ပါပြီ။ တပြိုင်နက်တည်းလိုလိုပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့တဲ့သဝဏ်လွှာ လည်း ပေါ်ထွက်လာခဲ့ပြီ။ ဒါကြောင့် အခုလို မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်ထွက်လာတဲ့ တုန့်ပြန်ချက်များအပေါ် ကျနော်တို့လေ့လာကြပါစို့။

ဦးသိန်းစိန်ထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံပေးပို့တဲ့သဝဏ်လွှာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ သတင်းစာရှင်းလင်းပွဲနဲ့ ခုံရုံး သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) တို့ကို အတိုချုပ်ပြောရရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သြဂုတ် ၁၄ ရက်ဖြင့်ပေးပို့သော သဝဏ်လွှာ ကို လုံးဝလက်မခံဘဲ၊ ပြတ်ပြတ်သားသားတညီတညွတ်တည်း ပယ်ချလိုက်တာပဲဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သြဂုတ် ၁၄ ရက်ဖြင့်ပေးပို့သော သဝဏ်လွှာမှာ အဓိကအာဖြင့် အောက်ပါ အချက် ၂ ခုပဲပါဝင် တာဖြစ်ပါတယ်။

- သမ္မတကိုယ်စား ရှေ့နေချုပ်မှ (၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်)နေ့တွင် တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည် ရုတ်သိမ်းရန်

- သြဂုတ် ၂၁ ရက်မတိုမီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဆန္ဒအလျောက်တာဝန်မှ နုတ်ထွက် အနားယူ ရန်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံပြန်ကြားလိုက်တဲ့ သမ္မတသဝဏ်လွှာ (၂၀ သြဂုတ်) က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်း လမ်းကိုတင်ထားပြီး၊ ထိန်းထိန်း၊သိမ်းသိမ်း၊ ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ အချက်ပြထားပေမယ့် အထက်မှာဖေါ်ပြခဲ့တဲ့အချက် ၂ ချက်နဲ့ ပတ် သက်လို့တော့ သမ္မတဦးသိန်းစိန်ဟာ ဦးသိန်းစိုးတို့ခုံရုံးနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိတယ်ဆိုတာကို ရှင်းရှင်းပြတ်ပြတ်ဖေါ်ပြထားတာ ပေါ်လွင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသုံးရပ် အညီအမျှခွဲဝေထားတယ်ဆိုတာ အမြင်ကောင်းအောင်ပြထားတာ ပေါ်လွင်အောင် သူ့သဝဏ်လွှာနိဂုံးပိုင်းမှာ “လွှတ်တော်နဲ့ ခုံရုံး” ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့သီးခြားလွတ်လပ်သော အဖွဲ့အစည်းတွေ ဖြစ်လို့ မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်” ရှိတယ်လို့လမ်းဖွင့်ပေးထားရပါတယ်။

ဆိုလိုချင်တာကတော့ ပြည်သူ့လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ (က) (၂) ပုဒ်မခွဲငယ်(၅) တို့အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲ ပြစ်တင်မယ့်အဆိုကိုတင်ခြင်းလည်း တင်နိုင်တယ်လို့ ပြော တာဖြစ်ပါတယ်။

“ခုံရုံးဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်းနေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှဆန္ဒ အလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း”

ဆိုတဲ့ ဦးသိန်းစိုးရဲ့ပြောဆိုချက်ကလည်းပြတ်သားလှပါတယ်။ လွှတ်တော်ပရိသတ်တွေနဲ့ လုံးလားထွေးလားလုပ်နေပြီး မျှော်မှန်းချက်ကြီးလှတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကို ငေါ့လိုက်တာ ထင်ပါတယ်။

ပြည်သူ့လွှတ်တော်က ဒီလိုပြစ်တင်စွပ်စွဲမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)စည်းဝိုင်းထဲက (နဝတ-နအဖ)စစ်အုပ်စု ရဲ့ အာဏာအမွေခံ၊ အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေဟာ သူတို့စိတ်ကြိုက် ရေးဆွဲချမှတ်အတည်ပြုပြဋ္ဌာန်းခဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို သူတို့ဘာသာသူတို့ ဖျက်ဆီးပစ်လိုက်တာပဲလို့ ကောက်ချက် ချယုံမှတပါးအခြားမရှိပါ။ နှမျောတသဝမ်းနည်းစရာလည်းမရှိပါ။

ဦးသိန်းစိန်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်းလမ်း”ကို တင်ထားပါတယ်။ သူတို့လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့သာလျှင် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတဲ့ပြင်ဆင်ရေးမျိုးနဲ့လည်း တူလိမ့်မယ်တော့ မထင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ဘယ်လိုပြင်ဆင်ရေးလဲဆိုတာ တိတိကျကျ မသိရသေးတော့ နှိုင်းယှဉ်ပြီးတော့မပြောနိုင်သေးပါဘူး။

ဒါ့အပြင် စစ်အုပ်စုရဲ့ အာဏာအမွေခံ၊အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေအချင်းချင်း ဖွဲ့စည်းပုံအခြခံဥပဒေ (၂၀၀၈) စည်း ဝိုင်းထဲမှာ ဗိုလ်လုမှု၊ အာဏာပါဝါပြိုင်ဆိုင်မှု၊ “ဥပဒေအရ/ ဥပဒေနဲ့အညီ အငြင်းပွားမှု”တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာတတ် ပညာရှင်တွေ ဆွဲသွင်း၊ အသုံးချမခံရဖို့နဲ့ ကြားညှပ်မခံရဖို့ သတိကြီးကြီးထားကြရပါလိမ့်မယ်။

အရေးအကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ဟိုတစ်ပိုင်းဒီတစ် ဆန်စင်ရာကျည်ပွေ့လိုက် ဆိုသလိုပြင်ဆင်နေလို့ မဖြစ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ဖျက်သိမ်းပစ်ပြီး စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်သောပြည်ထောင်စု စနစ် ကို တိတိကျကျ အာမခံနိုင်မယ့် အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲကြဖို့သာဖြစ်ပါတယ်။

ညွန်း

- ၂၁ သြဂုတ် ၂၀၁၂ မြန်မာ့အလင်းသတင်းစာ
- 20 aug 2012_EMG
- မိုးမခ အွန်လိုင်း ၊ “လွှတ်တော်၊ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ” တူမောင်ညို