Tuesday, August 21, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၁ .၈.၁၂) မှ ( ၂၆.၈.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရလိမ့်မည်။ နိုင်ငံခြားခရီးသွားရခြင်း၊ မြန်မာပြည်ပြန်ရတတ်ခြင်း၊ လေယာဉ်ခရီး၊ပျော်ရွှင်သောခရီးသွားရခြင်းဖြစ်တတ်သည်။ကွန်ပြူတာဝင်ခြင်း၊ ဖုန်းကောင်းသောပြောင်းခြင်းပြုလုပ်ရတတ်သည်။ရွှေ၊ နာရီထွက်ပြီးလျှင်ပြန်ဝင်ခြင်းများဖြစ်လိမ့်မည်။ အလုပ်တွင်စိတ်တိုင်းမကျဖြစ်နေတတ်သည်။ အလုပ်ပြောင်းချင်စိတ်ပေါ်နေမည်။ သို့သော်မပြောင်းလျှင်ပိုကောင်းမည်။ အစစအရာရာသည်းခံပြီးနေပါ။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ချစ်သူနှင့်အဆင်မပြေဖြစ်ခြင်း၊အိမ်ထောင်ရှင်များစကားများနေခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၆ ၃ ၆)

တနင်္လာသားသမီးများ၏ကံကြမ္မာ

ရွှေဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ အိမ်ခန်းပြုပြင်ပြောင်လဲခြင်း၊ ရွှေလက်စွပ်၊ စိန်လက်စွပ်အထားမှားတတ်ခြင်းဖြစ်တတ်သည်။ စာရွက်စာတမ်းသတိထားပါ။ ပျောက်တတ်သည်။ စာရွက်စာတမ်းကိစ္စ၊ စာအုပ်ကိစ္စများကြောင့်စိတ်ညစ်စရာဖြစ်နေ တတ်သည်။ငွေရေးကြေးရေးအတွက်သောကဖြစ်နေတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်လမ်းခွဲရတတ်သည်။ အလုပ်တွင်အတိုက်အခိုက်များနှင့်ရင်ဆိုင်နေရမည်။ သည်းခံပါ။

ကျန်းမာရေး။ အကြောနာခြင်း၊ ကိုက်ခဲနေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ချစ်သူရည်စား၏နားလည်ပေးမှု၊ကြင်နာမှုများနှင့်စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါက်ပေါက်ပွင့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၀)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

လာဘ်ကောင်းခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းရောက်လာခြင်း၊ အလှူ၊ မင်္ဂလာပြုလုပ်ရခြင်း၊ ရွှေ၊ နာရီဝင်ခြင်း၊ ငွေများစွာ ၀င်ခြင်း၊စီးပွားရေးကောင်းနေခြင်း၊လစာတိုးခြင်း၊ရာထူးတိုးခြင်းအပိုဝင်ငွေရခြင်းဖြစ်နေတတ်သည်။ ပျော်ရွှင်သောခရီးသွားရခြင်း ဖြစ်တတ်သည်။ ပြည်တွင်း၊ ပြည်ပခရီးဖြစ်တတ်သည်။

ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်ခြင်းဖြစ်တတ်သည်။(အစားအသောက်သတိထားပါ)။
အချစ်ရေး။ စန်းကောင်းနေသည်။ မိမိကိုစိတ်ဝင်စားသူများနေမည်။အိမ်ထောင်ရှင်များအစစအရာရာနားလည်မှုများနှင့်နေပါ။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့(၂)ခွက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၄)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

စက်ပစ္စည်းဝင်ခြင်း၊ စာအုပ်ကောင်းလက်ဆောင်ရခြင်း၊ စနေနံပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ အခန်းပြောင်ခြင်း၊ အိမ်ပြောင်းခြင်း ဖြစ်တတ်သည်။ သူခိုးခိုးခံရတတ်ခြင်း၊ ငွေပျောက်ခြင်းဖြစ်တတ်သည်။ ဆိုင်ခန်းရောင်းရန်ခက်ခဲနေခြင်း၊ ပေးစရာငွေများရှိနေခြင်း၊ ရရန်ငွေများလည်းရှိနေခြင်းဖြစ်နေမည်။ ဘာဘဲဖြစ်ဖြစ်မကြာခင်အဆင်ပြေသွားပါလိမ့်မည်။

ကျန်းမာရေး။ အဆုတ်အအေးမိခြင်းဖြစ်တတ်သည်။
အချစ်ရေး။မိမိကိုတဖက်သတ်ကြိုက်နေသူများနေသောကြောင့်စဉ်းစားမရဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၅ ၄ ၇ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အလုပ်များနေသောအချိန်ဖြစ်နေသည်။ ဆွေမျိုးသားချင်းများထဲမှကျန်းမာရေးမကောင်းသောကြောင့်ဆေးရုံဆေးခန်းသွား လာခြင်း၊ပြုစုစောင့်ရှောက်ရခြင်းဖြစ်နေသည်။ ငွေများလဲကုန်နေမည်။ သို့သို့သော်ငွေဝင်ကောင်းခြင်း၊ အပိုဝင်ငွေရခြင်းဖြစ်နေမည်။ နိုင်ငံရပ်ခြားမှစက်ပစ္စည်းလက်ဆောင်ရတတ်သည်။

ကျန်းမာရေး။ သွေးတိုးခြင်း၊ ခြေထောက်နာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ဘ၀လက်တွဲဖေါ်ကောင်းရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၅ ၃ ၄)

သောကြာသားသမီးများ၏ကံကြမ္မာ

စီးပွားရေးကောင်းနေသည်။ လူမူရေးများလုပ်ရခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလည်းလုပ်ကိုင်ရခြင်းများဖြစ်နေသည် ။ရွှေဆွဲကြိုးဝင်ခြင်း၊ စက်ပစ္စည်းဝင်ခြင်းဖြစ်မည်။ ကွန်ပြူတာနှင့်ပတ်သက်ပြီးစိတ်ညစ်စရာဖြစ်နေလိမ့်မည်။သို့သော်ကူညီပေးမည့် သူတွေ့ပြီးကောင်းသွားမည်။ပညာတခုသင်နေရင်းဆက်မသင်ဖြစ်တတ်ခြင်းဖြစ်မည်။

ကျန်းမာရေး။ ဖျားခြင်း၊ ချောင်းဆိုးခြင်းဖြစ်နေမည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၅)

စနေသားသမီးများ၏ကံကြမ္မာ

အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်း၊ မြေ၀င်ခြင်း၊ အမွေရစရာရှိကရတတ်ခြင်း၊ ကားကိစ္စနှင့်ပတ်သက်ပြီးစာချုပ်စာတမ်းပြုလုပ်ရခြင်း၊ ကားအဟောင်းမှအသစ်လဲရခြင်းဖြစ်တတ်သည်။ ကွန်ပြူတာဝင်မည်။ ကြာသပတေးပစ္စည်းများကြောင့်စိတ်ချမ်းသာမှုများဖြစ်နေမည်။ စီးပွားရေးထင်သလောက်မအောင်မြင်သေးပါ။ လုပ်ငန်းမတိုးချဲ့ပါနှင့်။

ကျန်းမာရေး။ အမျိုးသားများလေထိုးလေအောင့်ခြင်း၊ အမျိုးသမီးများ သားအိမ်ကျန်းမာရေးညံ့နေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ရှုပ်ထွေးနေသည်။ စဉ်းစားရခက်နေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမုန့်လက်ဆောင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၀)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)

ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- + 6016 6903 513, +6018 2250 510
E-mail:swezinwati@gmail.com

နိုင်ငံတော်သမ္မတ ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့သည့် သဝဏ်လွှာ

လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သတ်မှတ်ပေးရေးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဌက ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။ ယင်းသဝဏ်လွှာပါ အကြောင်းအရာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်သူလွှတ်တော် ဥကဌထံသို့သဝဏ်လွှာတစ်စောင် ယနေ့ပေးပို့သည်။

နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ပေးပို့သော သဝဏ်လွှာပါ ဖော်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည် ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ကျနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများ အားလုံး အတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်းကျသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန် စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။

ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ် ပြောကြားနေခြင်းနှင့်စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စု အဆင့် အဖွဲအစည်းများ ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့် ငွေကြေးကိစများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက် ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ရန်လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထား သည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်ကို အနက်အဓိပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည် လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း” ဆုံးဖြတ်ချက် ချမှတ်ပြီး ဖြစ်ပါသည်။

ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်ပါသည်။ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲ အဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့်လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအား အစိုးရအဖွဲ့ အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။

ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင် များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျှောက် တာဝန်မှ အနားယူစေရေးကိစနှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရန်အတွက်သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်း တာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအားတာဝန်မှ အနားယူသွားစေရေး အတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည်မဟုတ် သည့်အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စဖြစ်ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့်ပုဂိုလ်များသည် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဌ (၂)ဦးတို့မှ ရွှေးချယ်၍ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။ ထိုပုဂိုလ်များ သည် ဥပဒေရေးရာကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိသူ များဖြစ်သည့်အပြင် အချို့သောပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။

ဤဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စ အပေါ်အမှားမှား အယွင်းယွင်းသော်လည်းကောင်း၊ ဘက်လိုက်၍ သော်လည်းကောင်း အဆုံးအဖြတ်ပေးကြမည့် ပုဂိုလ်များမဖြစ်နိုင်ဟု ယုံကြည်ပါသည်။

မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင်ကျင်းပစဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာ သို့မဟုတ် ကျမ်းသစ္စာပြုထားကြသူများဖြစ် ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၂၃ ပါ ပြဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာ ပွင့်လန်းကာစ အခြေအနေတွင်သာ ရှိပါသေးသည်။ သို့ဖြစ်ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿနာကြောင့် မြန်မာနိုင်ငံဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည် ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန်လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့မဏ္ဍိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက် လည်းကောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့် အစား ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါသည်။

သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြား ပါသည်။

Myanmar Express

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲ နေပြည်တော်တွင် ပြုလုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲတစ် ရပ်ကို နေပြည်တော် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များအနေဖြင့် နုတ်ထွက်ရန် မရှိကြောင်း အဆိုပါသတင်းစာ ရှင်းလင်း ပွဲတွင် အတိအလင်းပြောကြားလိုက်သည်။

လွှတ်တော်ရေး ရာကော်မ ရှင်၊ ကော်မတီများ အနေဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းများ အဖြစ် သတ်မှတ်ခြင်း မပြုကြောင်း ကို အဆိုပါ ခုံရုံးမှ ဆုံးဖြတ်ခြင်း အပေါ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ၃၀၁ဦးက လက်မှတ်ရေး ထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲင ယ်(၄) အရ ဖောက်ဖျက်ကျူး လွန်ခြင်းနှင့် ပုဒ်မခွဲ ငယ်(၅)အရ တာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား မိမိတို့ဆန္ဒအ လျောက် ဩဂုတ် ၂၁ရက် နောက် ဆုံး ထား ၍ တာဝန်မှ နုတ်ထွက်သွား စေရေး ကို အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ချေပ ပြောဆို လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပေးရသည့် အဖွဲ့ဖြစ်သည့် အတွက်

(၁). နိုင်ငံတော်ကို သစ္စာစောင့်သိတယ်
(၂).ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ဖောက်ဖျက်မကျူးလွန်ဘူး
(၃).အကျင့်ပျက်မှု မရှိဘူး
(၄) ခုံရုံးအဖွဲ့ အရည်အချင်းပျက်ယွင်းမှုလည်း မရှိဘူး
(၅).ခုံရုံးအဖွဲ့တာဝန်ကျေပြွန် ပျက်ယွင်းမှုလည်း မရှိဘူး ဟူသည့် အစရှိသည့် အချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိသည့် အတွက် ယင်းအဖွဲ့မှနှုတ်ထွက်ရန်မရှိကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဥက္ကဋ္ဌဦးသိန်းစိုးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ကြိုင်၊ဦးခင်ထွန်း၊ဦးထွန်းကြည် ၊ဒေါက်တာတင်အောင်အေး ၊ဒေါ်ခင်လှမြင့်၊ဒေါ်မိမိရီ၊ဦးစိုးသိမ်း၊ဦးသန်းမြင့်တို့ ပါဝင်ကြောင်းသိရသည်။

Myanmar Express

FMI က နေပြည်တော်-ရန်ကုန် တစ်ရက်လေးကြိမ် လေးကြောင်း ခရီးစဉ် စက်တင်ဘာ ၉ တွင် စတင်မည်


ပထမမြန်မာ့ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ FMI သည် နေပြည်တော်နှင့် စီးပွားရေးမြို့တော် ရန်ကုန်တို့အကြား တစ်နေ့လေးကြိမ်လေကြောင်း ပျံသန်းမှုခရီးစဉ်ကို လာမည့် စက်တင်ဘာ ၉ ရက်မှ စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း Financial Time သတင်းစာက သတင်းဖော်ပြသည်။

ယခုကဲ့သို့ နေ့စဉ်လေယာဉ်ခရီးစဉ် ပြေးဆွဲမှုမှာ ရန်ကုန်မှ နေပြည်တော်အသွားအပြန် ပြုလုပ်မည့် အစိုးရအရာရှိများ၊ နိုင်ငံခြားသံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအတွကf ချက်ချင်း အကျိုးသက်ရောက်စေမည်ဖြစ်ပြီး၊ လာမည့် ၂၀၁၃ တွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ကမ္ဘာစီးပွားရေး ဖိုရမ်ကဲ့သို့ ပွဲကြီးများကို လက်ခံကျင်းပရန် ရှိခြင်းအတွက်လည်း ကြိုတင်ပြင်ဆင်မှုတစ်ရပ်ဖြစ်သည်။

FMI ကုမ္ပဏီ၏ဥက္ကဋ္ဌ မစ္စတာဆာ့ပန်းက ၄င်းသည် ရန်ကုန်-နေပြည်တော်ခရီးကို ကားလမ်းဖြင့် သွားရခြင်းအား အချိန်ကုန်လွန်းသည်မြင်၍ ယခုကဲ့သို့ လေကြောင်းခရီးစဉ် ပြေးဆွဲရန် စဉ်းစားဆုံးဖြတ်မိခဲ့ကြောင်း ပြောသည်။ ၄င်းက ''ကျွန်တော်က လေကြောင်းလိုင်းလုပ်ငန်းလောကထဲက မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းကို အမြဲလုပ်ချင်ခဲ့တာပါ။ (ရန်ကုန်-နေပြည်တော်) ၁၁ နာရီခရီးကို ကျွန်တော်မကြိုက်ဘူးဗျ။ ဒါဟာ ဈေးကွက်က လိုအပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်'' ဟု ပြောသည်။

FMI Air Charter ဟုခေါ်သော ယခုခရီးစဉ်တွင် ထိုင်ခုံ ၄၄ ခုပါဝင်သော ATR 42 လေယာဉ်တစ်စင်းနှင့် ထိုင်ခုံ ၁၆ ခုပါဝင်သော Beechcraft လေယာဉ်တစ်စင်းပါဝင်ကာ ပျံသန်းချိန် မိနစ် ၅၀ ဖြင့် ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်အတွက် လက်မှတ်တစ်စောင်ကုန်ကျစရိတ်မှာ ပြည်တွင်းလေကြောင်းခရီးစဉ်များ ဈေးနှုန်းထက် သုံးဆနီးပါးခန့်ရှိပြီး ဒေါ်လာ ၁၆၀ ခန့်ကျသင့်မည်ဟု သိရသည်။

မစ္စတာဆာပန်းက ခရီးစဉ်၏ဈေးနှုန်းနှင့်ပတ်သက်၍ “ကျွန်တော်က သိပ်ပြီးအကောင်းမြင်သူပါ။ နေပြည်တော်ကို ရန်ကုန်နဲ့အပြန်အလှန်အလုပ်ကိစ္စ ခရီးသွားချင်တဲ့ လူတိုင်းကတော့ ဒီခရီးစဉ်ကို လိုအပ်နေတာပါ”ဟု ဆိုသည်။ ယခုဈေးနှုန်းမှာ နည်းပါးသောဈေးနှုန်းတစ်ရပ်သာဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။

Myanmar Express

ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD မှ ကော့သောင်းတွင် ကိုယ့်ပါတီ ကိုယ် ပြန်ပြီး ဆန္ဒပြ

ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD မှ ကော့သောင်းတွင်း ကိုယ့်ပါတီ ကိုယ် ပြန်ပြီး ဆန္ဒပြ မှုတစ်ခုကို မနေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD တွင် ခရိုင်/မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဖွဲ့ စည်းခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူ ပါတီဝင်တချို့က ယနေ့ မွန်းလွှဲပိုင်း၌ ပါတီရုံးရှေ့တွင် ဆန္ဒပြကြသည်။

တနင်္သာရီတိုင်းဒေသကြီး NLD အနေဖြင့် ပါတီညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုပြီး မကျေ နပ်မှုများ ဖြစ်ပွားခဲ့ရာမှ ယင်းကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် NLD ဥက္ကဌ ဦးမြင့်မောင်က ပြောသည်။

ဦးမြင့်မောင်က “ဒီညီလာခံလုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဘဲ သူတို့လိုလားတဲ့ လူလောက်နဲ့ပဲ ဖွဲ့ခဲ့ပြီးတော့ အကောင်အထည် ဖေါ်တဲ့အပေါ် မကျေနပ်ဘူး။ အဖွဲ့ဝင်ဟောင်းတွေ ၉၀ပြည့်နှစ်က လုပ်လာတဲ့ လူဟောင်းတွေ မပါဘူး။ အဖွဲ့ဝင်တောင် မကျသေးဘူးဗျာ။ ဖေါင်တင်ထားတဲ့သူတွေနဲ့ အဲဒီလူတွေနဲ့ ဖွဲ့စည်းတယ်”ဟု ပြောဆိုသည်။

ယင်းဆန္ဒပြပွဲကို ကော့သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က ဦးဆောင်ပြီး ပါတီဝင်အင်အား ၁၅၀ ဦးခန့် ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့တဲ့ အပတ်ကလည်း မြိတ်မြို့ NLD မှလည်း ပါတီအတွင်း စုန်းမရှိတယ် ဆိုပြီး ဆန္ဒပြမှု တစ်ခု ပြုလုပ်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း အနယ်နယ်အရပ်ရပ်မှ NLD ပါတီ တွင်း ပြိုကွဲမှု များ ဆက်တိုက်ဖြစ်ပေါ်လျှက် ရှိပြီး ပါတီတွင်း ငြိမ်းချမ်းရေး မရသေးတဲ့ NLD ၏ ပါတီ ဥက္ကဌမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

Myanmar Express

မြန်မာ့လေကြောင်း လေယာဉ် လက်မှတ်များအား အွန်လိုင်းမှ တဆင့် ၀ယ်ယူနိုင်ပြီ

ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ လေကြောင်းမှ လေယာဉ် လက်မှတ်များကို အွန်လိုင်းမှ တဆင့် e-Ticketing System နဲ့ စတင် ၀ယ်ယူနိုင်ပြီ ဖြစ်တယ်လို့မြန်မာ့ လေကြောင်းမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ e-Ticketing System နဲ့ ၀ယ်ယူမှုဟာ မြန်မာ့ စီးပွားရေး ဘဏ်မှာ အီလက်ထရောနစ် အကောင့်ရှိတဲ့ လူတိုင်း လေယာဉ် လက်မှတ်များကို စတင် ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ လေကြောင်း e-Ticketing များကို ၀ယ်ယူပါက www.myanmaairways.aero မှာ ၀င်ရောက် ရမှာဖြစ်ပြီး အဆိုပါ ၀က်ဘ်ဆိုက်ရှိ Flight Schedule menu ကိုနှိပ်ပြီး မြန်မာ့ လေကြောင်းမှ တင်ပြထားသော Flight Schedule များမှ မိမိသွားလိုတဲ့ ခရီးစဉ်ကို ရွေးချယ်ကာ ၀ယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ လက်မှတ် ၀ယ်ယူမှုတွေ ကိုတော့ အီလက်ထရောနစ် အကောင့် ရှိသူများသာ ၀ယ်ယူနိုင်မှာ ဖြစ်ပြီး ယခုလက်ရှိ မြန်မာ့ စီးပွားရေး ဘဏ်မှာ အီလက်ထရောနစ် အကောင့် ဖွင့်လှစ်ထားသူ နှစ်ထောင် ကျော်သာ ရှိတယ်လို့ သိရပါတယ်။

ဒါ့ပြင် မြန်မာ့ လေကြောင်းမှ မာကက်တင်း ကောင်းမွန်ရေး အတွက် အီလက်ထရောနစ် ထရန်စဖာ ပြုလုပ်နိုင်မယ့် အခြား ပုဂ္ဂလိက ဘဏ်များနဲ့လည်း ယခုလ အတွင်းမှာ ညှိနှိုင်း ဆွေးနွေးမှု များပြုလုပ်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး MPU မှဘဏ်လုပ်ငန်း တွေမှာ စတင် အသုံးပြုမယ့် Debit Card နဲ့ Credit Card များ စတင် အသုံးပြုလာ ပါကလည်း E-Tacketing စနစ်နဲ့ ဆက်စပ် အသုံးပြုနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိပါတယ်။

Myanmar Express

ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရရှိ


သြဂတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာအား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

“ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေခ်ျ့က အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ကဒ်တွေ၊ စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ ဖမ်းမိတယ်” ဟု သူက ပြောသည်။

သို့သော် လက်နက်တွေ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရရှိမိခြင်း မရှိကြောင်း ဆိုသည်။

ကုလားချောင်းကျေးရွာမှ ဆရာမ တစ်ဦးကလည်း သူတို့ဒေသ၏ နောက်ဆုံး အခြေအနေကို ယခုလို ပြောသည်။

“ အခုတော့ အခြေအနေ အေးအေး ဆေးဆေး ရှိပါတယ်။ သူတို့ထဲက တစ်ဦးကိုဘဲ ဖမ်းမိပါတယ်။ ကျန်တဲ့သူတွေကို မမိသေးပါဘူး။ လိုက်လံရှာဖွေနေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။


သိမ်းဆည်ရမိသော သက်သေခံ ပစ္စည်းများကို တွေ့ရစဉ်။

အဆိုပါ ဘင်္ဂလာမှ အဖွဲ့သည် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းတွင် တည်ရှိသော ကုလားချောင်းကျေးရွာ အနီး ပြင်ချောင်းထဲတွင် ဘင်္ဂလာဒေခ်ျ့ အလံများကို ထောင်ပြီး စက်လှေ နှစ်စီးနှင့် ၀င်ရောက်လာစဉ် ဒေသခံ ကျေးရွာသားများနှင့် ထိပ်တိုက်တိုးပြီး ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။ ၎င်းနောက်ပိုင်း စစ်သားများ လိုက်လာသဖြင့် ထွက်ပြေးရာ စက်လှေ တစ်စီးကို ဖမ်းမိပြီး ကျန်တစ်စီးမှာ လွှတ်မြှောက်သွားခဲ့သည်။

ယခု ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများမှာ စက်လှေပေါ်မှာ ရှာဖွေတွေ့ရှိသော ပစ္စည်းများ ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယခု ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်ရောက်လာသူများမှာ ဒေသခံများတိုက်ခိုက်ရန်နှင့် မတည်ငြိမ်မူများကို ဖန်တီးရန် ၀င်ရောက် လာသူများ မဟုတ်ဘဲ ကျွဲနွားများကို ခိုးယူရန် ၀င်ရောက်လာသူများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက ပြောဆိုသည်ဟု သူက ဆိုသည်။

သို့သော်လည်း အာဏာပိုင်များက အဆိုပါ ဒေသတွင် ယခုအခါ လုံခြုံရေးကို တင်းကျပ်ထားပြီး စစ်သားများလည်း ကင်းလှည့် သွားလာနေကြသည်ဟု ဒေသများက ပြောဆိုသည်။

Myanmar Express

မိုဘိုင်းဖုန်းမှတစ်ဆင့် Y pay နှင့် Y store အသုံးပြုနိုင်ရန် ဆောင်ရွက်မည်


မိုဘိုင်းဖုန်း အသုံးပြုကာ Y pay နှင့် Y store အွန်လိုင်းငွေပေးချေမှု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Y pay online payment gateway မှ တာဝန်ရှိသူက ပြောသည်။ Y pay ဆိုသည်မှာ အင်တာနက် ဝက်ဘ်ဆိုက်များပေါ်မှ အလွယ်တကူနှင့် လုံခြုံမှုရှိစွာ ငွေပေးချေနိုင်သော ငွေလက်ခံနိုင်သော online payment gateway ဖြစ်ပြီး အွန်လိုင်းပေါ်တွင် လွှင့်တင်ထားသော store များမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Y pay နှင့် Y store ကို အသုံးပြုရာတွင် ကွန်ပျူတာများ၊ လက်ပ်တော့များနှင့်သာမက မိုဘိုင်းဖုန်းများပေါ်တွင် အသုံးပြုနိုင်စေရန် မိုဘိုင်းဗားရှင်းအဖြစ် လွှင့်တင်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိ Y pay စနစ် အသုံးပြုနိုင်ရန်အတွက် ပါဝင်ဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ မိုဘိုင်းဗားရှင်းအဖြစ် အသုံးပြုရာတွင် အခြားပုံစံများဖြင့် အသုံးပြုသကဲ့သို့ မှတ်ပုံတင်အကောင့် ပြုလုပ်ကာ အသုံးပြုရမည်ဖြစ်သည်။

Y pay account တွင် မိမိချိတ်ဆက်ထားသော Bank Account Verification ပြီးစီးပါက online shopping စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Y pay Account နှင့် Bank Account Verification Process ပြီးစီးပါက Y pay account ကို အသုံးပြုပြီး Y pay နှင့် ချိတ်ဆက်ထားသော Merchants Website များတွင် online ဈေးဝယ်ထွက်ခြင်း၊ online ပေါ်မှ ငွေပေးချေခြင်းများ၊ ငွေလက်ခံခြင်းများကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ချက်ကို ရတနာပုံဝက်ဘ်ပေါ်တယ် လိပ်စာဖြစ်သော www.yatanarpon.com.mm မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အကောင်အထည်ပေါ်ပါက မိုဘိုင်းဖုန်းမှတစ်ဆင့် ဈေးဆိုင်များနှင့် ဆက်စပ်သောလုပ်ငန်း၊ ပစ္စည်း၊ ဝန်ဆောင်မှုကြော်ငြာများကို ရယူကောက်ခံနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

စာနယ်ဇင်းများ စိစစ်ဖြတ်တောက်မှု မရှိဘဲ ထုတ်ခွင့်ရပြီ

ရန်ကုန်မြို့ရှိ ဂျာနယ်အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ – ကျော်စွာမိုး/ ဧရာဝတီ)

မြန်မာနိုင်ငံတွင် ၄၈ နှစ်ကြာ ကျင့်သုံးခဲ့သော စာပေစိစစ်ရေး လုပ်ငန်းများကို ဖြေလျော့လိုက်ပြီး သတင်းဂျာနယ်များ အပါအဝင် စာအုပ်စာတမ်း အားလုံး ထုတ်ဝေပြီးမှ စာပေစိစစ်ရေး တင်ပြရသော ထုတ်/ တင် စနစ်သို့ ပြောင်းလဲ ကျင့်သုံးပြီ ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနရုံးတွင် ယနေ့ ကျင်းပ ပြုလုပ်သော စာပေစိစစ်ရေး၏ မူဝါဒများ ပြောင်းလဲကျင့်သုံးရေး အစည်းအဝေး၌ ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“၁၉၆၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က စတင်ကျင့်သုံးခဲ့တဲ့ စာပေစိစစ်ရေး လုပ်ငန်းတွေက ၄၈ နှစ် ၁၄ ရက်အကြာ ဒီကနေ့ဆိုရင် အဆုံးသတ်သွားပါပြီ။ သတင်းဂျာနယ် ၈၀၊ ဘာသာရေးဂျာနယ် ၆ စောင်နဲ့ တခြား ဘာသာရေးဆိုင်ရာ စာအုပ်စာစောင်တွေ အားလုံး စာပေစိစစ်ရေးကို ကြိုတင်ပြစရာမလိုဘဲ ထုတ်/ တင်စနစ်နဲ့ ဒီနေ့ကစလို့ ထုတ်ဝေခွင့် ပြုလိုက်ပါပြီ” ဟု ဦးတင့်ဆွေက ပြောသည်။

ထုတ်/ တင် စနစ် ခွင့်ပြုလိုက်သော်လည်း အသေးစိတ် အခြေခံရမည့် မူ ၁၆ ချက်ကို ဆက်လက် လိုက်နာရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသေးစိတ်လိုက်နာရမည့် မူ ၁၆ ချက်တွင် နိုင်ငံရေး ၅ ချက်၊ စီးပွားရေး နှစ်ချက်၊ လူမှုရေး ၇ ချက်၊ အထွေထွေ လိုက်နာရမည့်အချက် ၂ ချက်တို့ ပါဝင်ကြောင်း၊ နိုင်ငံရေးတွင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးခြင်းမပြုရ၊ နိုင်ငံတော်၏ မူဝါဒနှင့် နိုင်ငံတော်အစိုးရကို အဖျက်သဘော ဝေဖန်ရေးသား ဖော်ပြခြင်းမပြုရ၊ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမည့် အချက်များအား ဖော်ပြခြင်းမပြုရ၊ အဂတိ လိုက်စားမှု၊ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး သတင်း အရင်းအမြစ် မခိုင်မာဘဲ ရေးသားဖော်ပြခြင်းမပြုရ၊ နိုင်ငံတော်အား ဆန့်ကျင်နှောင့်ယှက်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ နှင့်ပတ်သက်ပြီး လှုံ့ဆော်အားပေး ထောက်ခံသည့် အရေးအသားများ ရေးသားဖော်ပြခြင်းမပြုရ ဆိုသော အချက် ၅ ချက်တို့ကို လိုက်နာရမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များမှာ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒများအား အဖျက်သဘော ထိခိုက်ရေးသားခြင်း မပြုရ၊ သတင်းအရင်းအမြစ် မခိုင်မာသော စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ သတင်း၊ ဆောင်းပါးနှင့် ဓာတ်ပုံများအား ရေးသား ဖော်ပြခြင်း မပြုရဆိုသော အချက်များဖြစ်၍ လူမှုရေးနှင့် ပတ်သက်ပြီး မြန်မာ့ယဉ်ကျေးမှုအရ ဖော်ပြရန် မသင့်လျော်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းများအား ဖော်ပြခြင်း၊ ဟီရိသြတ္တပ တရားနှင့် မညီသော ၀တ်စား ဆင်ယင်မှုနှင့် ကိုယ်ဟန်အမူအရာများအား ဖော်ပြခြင်း တို့ကို ရှောင်ကျဉ်ရန်၊ အားကစားပွဲစဉ် ခန့်မှန်းချက်နှင့် ပတ်သက်၍ လောင်းကစားကို အားပေးရာရောက်သည့် ရေးသားချက်များ၊ သရဲ၊ တစ္ဆေ၊ ကြတ်၊ သိုက်သမိုင်း၊ လူခြောက်စသည့် ထူးခြားဆန်းကျယ် ဇာတ်လမ်းများတွင် ကလေးနှင့်လူငယ်များကို အယူအဆလွဲမှား စေနိုင်သော ယုတ္တိမတန်သည့် အကြောင်းအရာများ ဖော်ပြခြင်းမပြုရန်၊ အရက်နှင့် ဆေးလိပ်ကြော်ငြာများ ထည့်သွင်း ဖော်ပြခြင်းမပြုရန်၊ အရွယ် မရောက် သေးသော ကလေးသူငယ် တဦးဦး ပြစ်မှုကျူးလွန်သည့် သတင်းဓာတ်ပုံများ ရေးသား ဖော်ပြခြင်းမပြုရန်၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် သတင်းနှင့်ဓာတ်ပုံများ ဖော်ပြခြင်းမပြုရန်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ အသုံးအနှုန်း ဝေါဟာရများကို တခြား ဘာသာရေးဆိုင်ရာ စာပေများတွင် ထည့်သွင်းအသုံးပြု ရေးသားခြင်းမပြုရန် ဆိုသော အချက်များကို လိုက်နာရမည် ဖြစ်သည်။

အထွေထွေ လိုက်နာမည့် အချက်များတွင် ဌာနဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၏ အားနည်းချက်များအား ထောက်ပြ ဝေဖန်ရာတွင် အချိန်၊ နေရာ၊ အဖွဲ့အစည်း အမည် စသည်ဖြင့် သတင်းအရင်းအမြစ်နှင့် အထောက်အထား ခိုင်လုံစွာ ရေးသားဖော်ပြရမည်၊ သတင်းခေါင်းစည်း၊ စာအုပ်အမည်များ ရေးသားရာတွင် နိုင်ငံခြား ဘာသာဖြင့် ရေးသားဖော်ပြခြင်းထက် မြန်မာဘာသာဖြင့် တတ်နိုင်သမျှ ဆီလျှော်အောင် ပြန်ဆိုရေးသား ရမည်ဆိုသော အချက်များ ပါဝင်သည်။

လတ်တလော နိုင်ငံရေးနှင့် ဘာသာရေး သတင်းနှင့်စာပေ အမျိုးအစားများကို ထုတ်/ တင် စနစ်ခွင့်ပြုလိုက်ခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက အဆင့်ဆင့် ပြောင်းလဲလာသော မူဝါဒကြောင့်သာ ဖြစ်ပြီး တခြား မည်သည့်အကြောင်း ကြောင့်မျှ မဟုတ်ကြောင်း၊ ထုတ်/ တင်စနစ် ထုတ်ဝေရမည် ဖြစ်သော်လည်း ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေမှာ ဆက်လက် အကျုံးဝင်နေဆဲ ဖြစ်ကြောင်း ဦးတင့်ဆွေက ရှင်းပြသည်။

မီဒီယာဥပဒေကိုလည်း နိုင်ငံတော်သမ္မတရုံးသို့ သြဂုတ်လ ၇ ရက်နေ့က တင်ပြထားပြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပါက မကြာမီ လွှတ်တော်သို့ တင်ပြသွားတော့မည် ဖြစ်ကြောင်း သူက ဆိုသည်။

ထုတ်/ တင်စနစ် ပြောင်းလဲကျင့်သုံးခြင်းကို ပြည်တွင်း စာနယ်ဇင်းသမားများက ကြိုဆိုကြသော်လည်း လတ်တလော မီဒီယာ ဥပဒေမှာ သတင်းသမားများ မသိရှိရဘဲ ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ အရေးကြီးသည့် မီဒီယာဥပဒေ မည်သို့ ထွက်ရှိ လာမည်ကို မသိရသည့်အတွက် ယခု ထုတ်/ တင်စနစ် ပြောင်းလဲလိုက်ခြင်းအပေါ် အပြည့်အဝ ဝမ်းမသာနိုင်သေးကြောင်း၊ သတင်းဂျာနယ်များ အနေဖြင့် ပိုမိုသတိထားကာ ကျင့်ဝတ်နှင့် အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အပြည့်အဝ မရရှိသေးသည့် အတွက် ပြည်တွင်း သတင်းသမားများ ပါဝင် ဖွဲ့စည်း ထားသော သတင်းလွတ်လပ်ခွင့် ကော်မတီက လာမည့် သြဂုတ်လ ၂၁ ရက်နေ့တွင် ဥပဒေနှင့်အညီ တရားဝင် ဆန္ဒပြခွင့် စတင် လျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။

စာပေစိစစ် ဖြတ်တောက်မှုများ မရှိတော့သော်လည်း သတင်းသမား အတွက် ပိုမို တာဝန်ကြီးလာကြောင်း၊ သတင်း လွတ်လပ်ခွင့် အပြည့်အဝ မရသေးသောကြောင့် ဆန္ဒဆက်လက် ထုတ်ဖော်ရဦးမည် ဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီက ဆိုသည်။

ဧရာဝတီ

အမှိုက်အမျိုးအစားမခွဲပါက စက်တင်ဘာလမှစ၍ ဒဏ်ငွေကျပ်(၁)သောင်း ပေးဆောင်ရမည်


ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာ(၁)ရက်နေ့မှ စတင်၍ စွန့်ပစ်အမှိုက်များအား အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်မှုမရှိပါက ဒဏ်ငွေ (၁)သောင်းကျပ် ပေးဆောင် စနစ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရှိရသည်။

''ရန်ကုန်တိုင်းဒေသကြီးက အတည်ပြုချက်နဲ့ ဒဏ်ကြေး(၁)သောင်း တိုးမြှင့် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ နဂိုကတည်းက ဥပဒေရှိပြီးသားပါ။အခုမှ ဒေသန္တရကျန်းမာရေး အတွက်ဆိုပြီး တိုးမြှင့်လိုက်တာ မဟုတ်ပါဘူး။ မြို့ပြလိုအပ်ချက်ကြောင့်ပါ ''ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ( ပတ်ဝန်းကျင်နှင့်ထိန်းသိမ်းရေးဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း(၃၃)မြို့နယ်တွင် အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားစွန့်ပစ် စနစ် အား ဧပြီလ(၁)ရက်နေ့မှ စတင်ကာ ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ယနေ့(သြဂုတ်လပိုင်း)ထိ (၂၈)ရာခိုင်နှုန်းသာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရှိရသည်။

ယခင်က အမှိုက်အစို၊ အခြောက်ခွဲခြားစွဲစွန့်ပစ်မူမရှိပါ ဒဏ်ငွေ ရာဂဏန်းသာ ပေးဆောင် ခဲ့ရာမှယခုလို ဒဏ်ကြေးငွေ သောင်းဂဏန်းအထိ တိုးမြှင့် ကောက်ခံရခြင်းမှာ မြို့ပြဥပဒေ အရ ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အတွက် ထိန်းသိမ်းမူများပြုလုပ်ကာကျန်းမာရေး အတွက် အထောက်အကူပြုနိုင်ရန်နှင့် စည်းကမ်းလိုက်နာမှုများရှိလာစေရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း စည်ပင်သာယာဌာနက သိရှိရသည်။

''အရင်တုန်းကတော့ အမှိုက်စွန့်ပစ်ပြီဆိုရင် ကြွပ်ကြွပ်အိတ်ကို လုံအောင်ချည်ပြီးတော့ ပစ်လိုက်တာပဲ။ အခုဒဏ်ကြေးတွေ အဆမတန်တိုးလာတော့ဆိုရင် သေချာပစ်ရတော့မှပဲ ''ဟု ကမာရွတ်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်မူ ရှိ/မရှိအား စည်ပင်သာယာရေးဝန်ထမ်းများမှ စောင့်ကြည့်သွားမည်ဖြစ်ပြီး တွေ့ရှိပါက စည်းကမ်းလိုက်နာခြင်းမရှိသူအား မေးမြန်းကာ အိမ်အမှတ်၊ စွန့်ပစ်သူနံမည်များအား သေချာမှတ်သား၍ သက်ဆိုင်ရာ တပ်ခွဲမှူးများမှ တဆင့် တရားရုံး၌ စနစ်တကျ ပေးဆောင်သွားရမည်ဖြစ်ကြောင်း စည်ပင်ဌာနမှ သိရှိရသည်။

ယခင်အစိုးရလက်ထက်၌ စည်ပင်သန့်ရှင်းရေးဝန်ထမ်းပေါင်း (၂၉၈၅)ဦးရှိခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် (၃၅၅၄)ဦးထိ တိုးချဲ့လာနိုင်ခဲ့ပြီး လက်ရှိတွင် တနေ့လျှင် စွန့်ပစ်အမှိုက် တန်ချိန် (၁၇ဝဝ)တန်အား သန့်ရှင်းမှုပြုလုပ်နေကြောင်း သိရှိရသည်။

ယမင်း(မြစ်မခ)
by Shwe Myitmakha Media Group

ဦးအောင်သိန်းလင်းကို ကန့်ကွက်ရန် မဲဆန္ဒရှင်လက်မှတ် ၁,၃၀၀ ကျော် စုဆောင်းရရှိပြီဟုဆို


ပြည်ခိုင် ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများအား မနှစ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူဆန္ဒမဲ လက်မှတ်များ စုဆောင်းရာတွင် လက်မှတ်ပေါင်း ၁,၃၀၀ ကျော်ရ ရှိနေပြီ ဖြစ်ကြောင်း ဦးဆောင် ဦးရွက်ပြုသူ ဦးမင်းအောင်ကပြောသည်။

“လက်မှတ်ထိုးဖို့ပေးထားတဲ့ စာရွက်တွေကိုတော့ လူငယ်တွေ ပြန်စုနေပြီ။ ဒီအပတ်ထဲမှာတော့ သေချာပေါက်တင်ဖြစ်ပါပြီ” ဟု ဦးမင်းအောင်က သြဂုတ် ၂၀ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်က မိမိ၏သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေပြန်လည်တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ သဖြင့် ယခုကဲ့သို့ ဇူလိုင်လကုန်မှစ၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြရန် လက်မှတ်စတင်စုဆောင်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရပြီး ဦးအောင်သိန်းလင်းမှာလည်း ရန်ကုန်တိုင်း တာဝန်ခံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ်-၃၉၆(ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ မဲပေးသူရှစ်သောင်းကျော်ရှိပြီး၊ ၈၀၀ ပြည့်လျှင် ၁ ရာခိုင်နှုန်းပြည့်ကြောင်း ဦးမင်းအောင်ကပြောသည်။ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

7Day News Journal

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ


မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမှ ထိခိုက်မှု မရှိစေပဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါသည်ဟု ဖော်ပြထားရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ကော်မ ရှင် နှင့် ကော်မတီ များသည်ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ် ခဲ့ခြင်းကြောင့် အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား ဖွဲ့စည်းပုံ အခြေခံပါပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ အနားယူရန်နှင့် အနားယူခြင်း မရှိပါက စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ် ရန် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ကိုယ်စာလှယ်များ လက်မှတ်ရေးထိုးခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတို့ က ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။

ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာတွင် ကျွမ်းကျင်၍ တရားစီရင်ရေးတွင်နှစ်ပေါင်း များစွာ ဆောင်ရွက် ခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စပေါ်တွင် ဘက်လိုက်၍ သော်လည်းကောင်း၊ မှားယွင်း၍သော် လည်းကောင်း ဆုံးဖြတ်ကြမည့်သူများ မဟုတ်ပါဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစားဖြည့်စွပ်ပြင်ဆင်မှု အခြေအနေနှင့် ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်အား ဆက်သွယ် မေးမြန်းခဲ့ရာ “လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ပတ်သတ်ပြီးအခြေခံဥပဒေ ဖြည့်စွပ်ချက် မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က တင်ထားခဲ့ပါတယ်။ ရှေ့ တစ်ပတ် ပြည်ထောင်စုလွှတ်တော်ကြရင် ပြင်ဆင်ခွင့် အဆိုကို တင်သွင်းနိုင်မယ် ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

The Voice Weekly

ခုံရုံးအငြင်းပွားမှုတွင် ဥပဒေအဆုံးအဖြတ် ခံယူမည်ဟု ခုံရုံးဥက္ကဋ္ဌ ပြောကြား


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးတွင် လက်ရှိဖြစ် ပွားနေသော အငြင်းပွား မှုပြဿနာအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ခုံရုံးဥက္ကဌ ဦးသိန်းစိုးက ဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံဆိုင် ရာဥပဒေနဲ့ ပဲဆုံးဖြတ်တဲ့ အတွက် နှုတ်ထွက် မလားဆိုတဲ့ အမေးကို ဖြေစရာ မလိုတော့ ပါဘူး ” ဟု ခုံရုံးဥက္ကဌ ဦးစိုးသိန်းက ပြောသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဥပဒေများနှင့်ပတ်သတ်၍ ညှိနိုင်းဆောင်ရွက်သည့် အလေ့အထ မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဥက္ကဌကပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံးရဲ့ အခြေခံဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေများကတော့ တည်ဆဲဥပဒေသာလျှင် ဖြစ်ပါတယ်။ တည်ဆဲဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်လျှင် တည်ဆဲဥပဒေများသာ ပျက်ပြားရပါမယ်”ဟု ဥက္ကဌ ဦးသိန်းစိုးက ဆက်ပြောသည်။

လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ပေါင်း (၃၀၁) ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်မူပြုလုပ်ရန် ပြည်သူ့လွတ်တော် ဥက္ကဌထံ ၂၀၁၂ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။

စွပ်စွဲပြစ်တင်ခြင်းနှင့် ဆက်လျဉ်း၍ ပုဒ်မ (၃၀၂)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာမျက်နှာ (၁၄၇) ပုဒ်မ-၃၃၄ (ခ)တွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မူသည် မှန်ကန်၍ စွပ်စွဲ ခံရသူသည် ပြည်ထောင်စု တရားသူကြီးချုပ် (သို့မဟုတ်) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြ အစီရင်ခံရမည်ဟု ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ(၁၃၁) ပုဒ်မ -၃၀၂(ခ)(၈)တွင် ဖော်ပြပါရှိသည်။

ထိုစွပ်စွဲပြစ်တင်မူအား အခြေခံဥပဒေပုဒ်မ ၇၁ (ခ)အရ ပြည်သူ့လွှတ်တော် (သို့) အမျိုးသားလွှတ်တော် တစ်ရပ်ရပ်က ဆောင်ရွက်နိုင်သည်။ စွပ်စွဲချက်ကို တင်သွင်းလိုသည့် လွတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၏ လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ သတ်ဆိုင်ရာ လွတ်တော်သို့ တင်သွင်းရမည်။ အပိုဒ်ခွဲ (ဂ)တွင် ယင်းစွပ်စွဲ ချက်ကို ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး ၃ပုံ၂ပုံက ထောက်ခံမှသာလျှင် ဆက်လက်အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအနေဖြင့် ၂၀၁၂ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည့်သူလွတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထုတ်ပြန်ပြောဆိုသည်။

မေသင်္ကြန်ဟိန် နေပြည်တော်-(မြစ်မခ)
by Shwe Myitmakha Media Group

 UN/INGOS များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်၍ ရခိုင်အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ခန့်ဖြင့် သဘောထားထုတ်ဖော်မှု ပြုလုပ်..


UN/INGOs များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက် ဆံခြင်းနှင့်ပတ်သက်၍ ရခိုင် အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ခန့်ဖြင့် သဘောထားထုတ် ဖော်မှုကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၉ရက် နေ့ နေ့လည် ၁၁နာ ရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

''UN ကိုယ်တိုင်ကိုက ပရိပက္ဓကာကွယ်ရေး (Conflit Prevention) ဆိုတာရှိတယ်။ အခုသူတို့က ပရိပက္ဓကို ကာကွယ်ဖို့ လုပ်တာမဟုတ်ပဲနဲ့ ဖန်တီးဖို့လုပ်တဲ့ပုံစံ ဖြစ်နေတယ်။ ဒီလို လူမျိုးနှစ်မျိုးရှိနေတဲ့ ပရိပက္ဓများနိုင်တဲ့ နယ်မြေမျိုးမှာဆိုရင် ပိုပြီးတော့ သတိထား လုပ်ကိုင်ရမှာ။ သူတို့ မလုပ်ဘူး။ များသောအားဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးမှုကိစ္စ(Human Development Issue) တွေလုပ်တာ၊ Program တွေ လုပ်တာအကုန်လုံးကို သူတို့ ဘင်္ဂါလီတွေအတွက်ပဲ လုပ်ပေးတယ်။ ရခိုင်တွေအတွက် မ လုပ်ပေးဘူး။ သွားကြည့်လို့ရှိရင် ရခိုင်တွေမှာ သူတို့တူးပေးထားတဲ့ ရေတွင်းတစ်တွင်းတောင် မရှိဘူး။ ဆေးဝါး ထောက်ပံ့တာကအစပေါ့။ ရခိုင် တွေမှာလည်း ဆင်းရဲတဲ့သူတွေ ရှိတာပဲ။ အလုပ်လိုနေတဲ့သူတွေ လည်းရှိတာပဲ။ နောက်ဆုံးသူ တို့ဆီမှာ အလုပ်တွေပေါ်လာ ရင်လည်း ကျွန်တော်တို့ ရခိုင်တွေရတာ တစ်အားနည်းပါတယ်။ အဓိကပြောချင်တာက နောက်တစ်ခါ ၀င်လာမယ်ဆိုရင် နှိမ့်ချခွဲခြားဆက်ဆံခြင်း (Discrimination) ကို ရပ်ပေးရမယ်။



UN မှာကျွန်တော်တို့ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့က UN ကို ပစ်ပယ်လို့တော့ မရဘူး။ ဒါပေမယ့် ၀င်လာမယ်ဆိုရင် မျှတမှု ရှိရမယ်။ တရားသဖြင့်ဖြစ်ရမယ်လို့ တောင်းဆိုချင်ပါတယ်''ဟု ခေါင်းဆောင် ကိုခိုင်ကျော်မိုးမှ ပြောကြားခဲ့သည်။ အဆိုပါ UN/INGOs များမှ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်၍ တရားဝင်ခွင့်ပြုချက်ဖြင့် သဘောထား ထုတ်ဖော်မှုကို နေ့လည် ၁၁နာရီခွဲအချိန်မှ ၁၂ နာရီအချိန်ထိ မိနစ်သုံးဆယ်ကြာ ရန်ကုန်တိုင်းဒေသကြီး၊ ရှင်စောပုလမ်းပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဒီမိုဝေယံ