တပ်မတော် သားအစု အဖွဲ့မှ ဒုသမ္မတဖြစ်လာသော ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေ အနေကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင်နှုတ်ထွက်လွှာ တင်သွင်း ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားမှ ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နှုတ်ထွက် သွားသော ဒုသမ္မတ နေရာတွင် ၇ ရက်အတွင်း အစားထိုး ခန့်အပ်ရန် ဖြစ်သော်လည်း ယခုအချိန်ထိ ဒုသမ္မတသစ် ခန့်အပ်နိုင်ခြင်း မရှိသေးချေ။
ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ယခင် ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေအား အမည်စာရင်း တင်သွင်း ထားသော်လည်း ဦးမြင့်ဆွေသည် အခြေခံ ဥပဒေတွင် ပါရှိသော အချက်များနှင့် ကိုက်ညီမှုမရှိဟု လွှတ်တော် အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ ပါသည်။
ပြည်ခိုင်ဖြိုး ပါတီနှင့် နီးစပ်သော အသိုင်း အဝိုင်းအနေဖြင့် တပ်မတော်တွင် ဗိုလ်ချုပ် အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဖြစ်သူ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးအား ဒုသမ္မတ နေရာအတွက် မျှော်မှန်း လျက်ရှိကြသည်။ စစ်ဘက်နှင့် နီးစပ်သော အသိုင်း အဝိုင်း ဘက်မှလည်း ယခင် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းတို့အား ရွေးချယ် နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။
ဦးဌေးဦးသည် တပ်မတော်တွင်တာဝန်ထမ်းဆောင်စဉ်တွင် လည်းကောင်း၊ပြည်ခိုင် ဖြိုးပါတီ၌ တာဝန် ထမ်းဆောင်စဉ် တွင်လည်းကောင်း ပေါင်းသင်း ဆက်ဆံရေးပြေပြစ်ပြီး ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း တပည့် တစ်ဦးအဖြစ် နာမည်ရှိသူ တစ်ဦးဖြစ်ပါသည်။
ဦးတင်အေးသည် ဗိုလ်ချုပ်ကြီး တာဝန်ထမ်း ဆောင်စဉ်က တပ်မတော်၏ စစ်လက်နက် ပစ္စည်းကိစ္စ များနှင့် တပ်မတော်၏ ဦးပိုင် ကော်ပိုရေးရှင်းကို ဦးဆောင်ခဲ့  သူတစ်ဦး ဖြစ်ပါသည်။ တပ်မတော် တစ်ရပ်လုံး၏ သက်သာချောင်ချိရေး ကိစ္စရပ်များအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ခဲ့သူ ဖြစ်ပြီး စီးပွားရေး အမြင်ရှိသူ တစ်ဦး ဖြစ်ပါသည်။
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် လက်ရှိရေတပ် ဦးစီးချုပ် ဖြစ်ပြီး ၎င်းသည် ရေတပ်နှင့် ပတ်သက်၍ တိုးတက် ခေတ်မီအောင် စွမ်းဆောင်နိုင်သူ တစ်ဦးဟု အသိအမှတ်ပြုခံရသူ တစ်ဦးဖြစ်ပါသည်။ခေတ်မီ စစ်ရေယာဉ်နှင့် လက်နက်ပစ္စည်းများ များစွာ တည်ဆောက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။
နေပြည်တော် ဝန်ထမ်းရပ်ကွက်နှင့် နီးစပ်သော အသိုင်းအဝိုင်း ကလည်း ဦးတင်အေးနှင့် လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုတို့အားရွေးချယ်နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိပါသည်။ ဗိုလ်ချုပ်ကြီး ကိုကိုသည် အလုပ်လုပ် ကိုင်ရာတွင် တိကျပြတ်သား မှုရှိသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လည်း အသိအမှတ်ပြုထား ခြင်းခံရသူတစ်ဦး ဖြစ်ပါသည်။
ဒုသမ္မတ ရာထူးနှင့် ပတ်သက်၍ အသိုင်းအဝိုင်း အမျိုးမျိုးတို့က ထင်ကြေး အမျိုးမျိုးပေးကာ ခန့်မှန်း ကြလျက် ရှိသကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် အများစုကလည်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ တင်သွင်းခံရမည့် ဒုသမ္မတလောင်း အမည်စာရင်းကို စိတ်ဝင် တစား မျှော်လင့် စောင့်စားလျက် ရှိကြောင်း သိရှိရပါသည် ။
Myanmar Express
Sunday, August 12, 2012
မလေးရှားရောက် ရခိုင်လူငယ် ၃၀၀ ကျော် အိမ်ပြန်
ရခိုင်ပြည်နယ်တွင် ယခုအပတ်အတွင်း ကျောက်တော်မြို့နယ်ရှိ သန်တာလီရွာနှင့် အင်ဘာလီရွာတို့ မီးရှို့ ခံခဲ့ရသောကြောင့် မိဘများက ပြန်ခေါ်ခဲ့သည့်အတွက် မလေးရှားရောက် ကျောက်တော်မြို့နယ်မှ လူငယ် ၃၀၀ ကျော် စုစည်းပြီး အိမ်ပြန်သွားခဲ့ကြသည်ကို မောင်ဆန်းဝင်းက သတင်းပေးပို့ထားသည်။
အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းနှင့်ပက်သက်ပြီး ကျောက်တော်မြို့နယ် အပေါက်ဝမှ ကိုသာကျော် ပြောပြသည်မှာ " ရခိုင်ရွာတွေမှာ လူငယ်တွေမရှိ သလောက်ဘဲ။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေသာ အများဆုံးရှိတယ်။ မိဘတွေကလည်း ခေါ်နေတယ်။ ပြည်ထောင်စု သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်လာကြဖို့ ခေါ်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ " ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနောက်ပိုင်း စစ်တပ်က အာဏာ သိမ်းယူကာ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်သည့် အချိန်မှစပြီး ရခိုင်ပြည်နယ်အတွင်း စီးပွားရေး တဟုန်ထိုးကျဆင်း ခဲ့ရသည်ကိုသိရပြီး လူငယ်များ အလုပ်လက်မဲ့ ဖြစ်ခဲ့ရာမှ မြန်မာနိုင်ငံအတွင်း တခြားဒေသများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်ရှာဖွေ လုပ်ကိုင်နေကြပြီး အများစုမှာ စားဝတ်နေရေး၊ အလုပ်အပြောင်းအလဲများနှင့် အချိန်ကုန်နေကြ၍ အိမ်ပြန်လမ်း ပျောက်ဆုံးနေကြသည်ကို သိရသည်။
" ကျနော်တို့ ရွားသားတွေလည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ မလေးရှားမှာလည်း အဲဒီလို ရခိုင်တွေကို လိုက်သတ်နေတယ်လို့ ကြားတယ်။ ကျနော်တို့မှာ ကိုယ်မိသားစု၊ ကိုယ်အိမ်၊ ကိုယ့်ရွာ၊ ကိုယ်မြေ၊ ကိုယ့်လူမျိုးကိုကာကွယ်ဖို့ တာဝန်ရှိတယ်ဗျ။ ကျနော်ကတော့ပြန်ပြီ။ တခြားလူငယ်တွေကိုလည်း အချိန်ဖြုန်းမနေကြဘဲ အိမ်အမြန်ပြန်ကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။" ဟု ယခင်လက ပြန်သွားခဲ့သော ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ မောင်သိန်းဦးက ပြောကြားသွားခဲ့သည်။
ယခုအကြိမ်သည် ပထမဆုံး မလေးရှားရောက် ရခိုင်လူငယ်များ အများဆုံး အိမ်ပြန်ကြခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် အတွင်း ရခိုင်များကို UNHCR မှ မှတ်ပုံတင်ခွင့် လုံးဝမရရှိကြပြီး တတိယနိုင်ငံသို့ ထွက်ခွာမည့်သူများမှာလည်း အလွန်တရာနည်းပါးလာကြောင်းနှင့် ရခိုင်ဒုက္ဒသည်များမှာ အနှိမ်ခံနေရကြောင်း ပြောဆိုနေ ကြသည်ကိုလည်း သိရသည်။
လွန်ခဲ့သော သြဂုတ်လ လဆန်းပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များမှ မလေးရှားရောက် လူငယ်များ မိမိဇာတိနေရပ်သို့ ပြန်သွားခဲ့ကြပြီး ယခင်က မလေးရှားမှ ရခိုင်သို့ လူတစ်ဦးလျှင် မလေးငွေ ရင်းဂစ် ၉၀၀ ရှိရာမှ ယခုအချိန်တွင် ၈၀၀ မျှသာပေးရ၍ မလေးရှား၊ ထိုင်း၊ ရန်ကုန်၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် အလုပ်လုပ်နေကြသည့် ရခိုင်လူငယ် သုံးသိန်းကျော် ရှိကြောင်း မလေးရှားရောက် ရခိုင်များက ခန့်မှန်း ပြောဆိုနေကြသည်။
Myanmar Express
ကျေးလက်ဒေသတွင် တပ်ဆင်ထားသော ကြိုးဖုန်းများအဆင်မပြေ ကြိုးမဲ့ဖုန်းများ အစားထိုး အသုံးပြုနေကြပြီး
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်း မြို့နယ်၊ ကျေးလက်ဒေသတွင် လွန်ခဲ့ သော (၇)နှစ်ကပင် နိုင်ငံတော်၏မူဝါဖြင့် လူနေ မှုအဆင့်မြင့်ရေးအတွက် မိမိတို့ဝတ်ဆင် ထားသော ရွှေ၊စုဆောင်းထားသော စပါး များကို ထုတ်ရောင်းပြီး ကြိုးဖုန်းတစ်လုံး ၅ သိန်းအကုန်ခံ၍ တပ်ဆင်ခဲ့ကြသည်။
““ကြိုးဖုန်းတပ်ဆင်ခြင်းဖြင့် စီးပွား ရေးဝန်ဆောင်မှု အားကောင်းသည်၊လူမှု ရေးအဆင်ပြေချောမွေ့သည်””ဟူသော အသိ အတွေကိုယ်စီဖြင့် ကောလင်းမြို့ နယ်၊ အရှေ့ခြမ်း ကျောက်ပြင်သာ၊ခံသာ၊ ကောလင်းအနောက်ခြမ်း ချောင်းနား၊ ဥက္ကံနယ်မြေများ၌တပ်ဆင်လာကြသည်။ ကျေးရွာတစ်ရွာတွင် ကြိုးဖုန်းအနည်းဆုံး တစ်လုံး၊နှစ်လုံးမှ အလုံး ၂၀ထိ ထားရှိ လာကြသည်။
နိုင်ငံတော်က ကျေးလက်နှင့်မြို့ပြ ဆက်သွယ်မှုအဆင်ပြေချောမွေ့ရေး၊ကုန် ပစ္စည်းစီးဆင်းမှု သွက်လက်မြန်ဆန်ရေး အတွက် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက တပ်ဆင်ပေး သော ကြိုးဖုန်းများသည် အလုံးရေ ၁၂၀၀ ခန့်ရှိပြီဖြစ်သည်။
ကြိုးဖုန်းများသည် မူလတပ်ဆင်ပြီး စ ကာလတွင်သာ အဆင်ပြေသော်လည်း ယခုအခါ ဖုန်းဆက်သွယ်၍မရ။ ဖုန်းကြေး ၀န်ဆောင်ခပေးဆောင်မှုမရှိ၍ ဌာနက ဖြတ်တောက်ခြင်းဖြင့် သံသရာလည်လာ သည်။ကြိုးဖုန်းအသုံးပြုများက မိမိတို့ ဆက်သွယ်မှုအရ ဖုန်းအခွန်အခများကို တာဝန်ကျေရမည်ဖြစ်သကဲ့သို့ ဌာနဆိုင် ရာတာဝန်ရှိသူများကလည်း မိမိတို့ဌာန ပိုင်နယ်မြေအလိုက် လိုင်းများကို ပစ်မ ထာကြဖို့လိုသည်။ဆက်သွယ်မှုမရနိုင် သောဖုန်းကြိုးများကိုလည်း အချိန်နှင့်တ ပြေးညီ ချက်ချင်းဝန်ဆောင်မှုပေးဖို့လိုသည်။
ယခုအခါ ၅သိန်းတန်၊၂သိန်းတန် CDMA800 MHZ ဖုန်းများအသုံးပြုသူ များလာကြသည်။
သို့ရာတွင် နှစ်သိန်းတန်ဖုန်းများကို လမ်းဘေးဆိုင်၊ဆိုက်ကားသမား၊တက္ကစီ အဝေးပြေးကား ယာဉ်မောင်းများကအစ အသုံးပြုလာကြသည်။ဖုန်းရောင်းအား မြင့်မားရေး၊အများပြည်သူ ဖုန်းကိုင်နိုင် ရေးအတွက် လခစားဝန်ထမ်းများကို တစ်လ ငါးသောင်း၊လေးလဆိုင်းငံ့စနစ်ဖြင့်ရောင်း ချမှုကို ၀န်ဆောင်နေသည်။
၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ စတင် အ သုံးပြုလာကြသော ၅သိန်းတန် CDMA ဖုန်းများနေရာတွင် ၂သိန်းတန် GSM ဖုန်းများအစားထိုးဝင်ရောက်လာကြပါပြီ။
၂၀၁၂ခုနှစ်မှစပြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ပြင်ပကုမ္ပဏီများနှင့်အကျိုး တူပူးပေါင်းဆောင်ရွက်ပြီး တန်ဖိုးနည်းမို ဘိုင်းဖုန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေကြပါသည်။(၂၆.၃.၂၀၁၂) နေ့မှ စတင်၍ FORTUNE ကုမ္ပဏီက တာဝန်ယူ၍ တစ်ပြည်လုံးသို့ ဖြန့်ချိနေ ပြီး။ကောလင်းမြို့တွင် WCDMA ဖုန်း သုံးစွဲ၍ရသော်လည်း FORTUNE မှ WCDMA ဖုန်းရောင်းချခြင်းမရှိ၍ ပြင်ပ အီလက်ထရောနစ်ဆိုင်များနှင့် မန္တလေး၊ မုံရွာ၊ရွှေဘိုတို့မှ အမြတ်ပေးဝယ်ယူနေကြ ရသည်။
တန်ဖိုးနည်း မိုဘိုင်းဖုန်းများ၏ အ ကျိုးဆက်ကြောင့် ခရီးသည်များ ခရီး သွားရင်း ကား၊ရထားစီးရင်း ဖုန်းပြောဆို ခွင့်ရကြပါသည်။စစ်ကိုင်းတိုင်းဒေသကြီး မှာ နန့်စီးအောင်မှ နဘား၊မဲဇာမှ ကင်း၊ ကောလင်းမှ ကျွန်းလှ၊ကန့်ဘလူမှ ခင်ဦး၊ ရွှေဘိုမှရွာထောင်လမ်းခရီးတစ်လျှောက် ကချင်ပြည်နယ် ပင်းဘောမှ ဆားမှော် လမ်းခရီးတစ်လျှောက် GSM ဖုန်းလိုင်း များဆက်သွယ်မှုအခက်အခဲတွေ့ရသည်။
မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ တန်ဖိုနည်းတယ်လီဖုန်းများအား နှစ်အ လိုက် ဒေသအလိုက် ဈေးနှုန်းလျော့ချ ခြင်းနည်းဖြင့်လည်းကောင်း၊ချုပ်ကိုင်မှု တစ်ပတ်လျော့ချသောနည်းဖြင့်လည်း ကောင်း လူတိုင်း တယ်လီဖုန်းသုံးစွဲမှုနှုန်း အပြည့်အ၀ရရှိရေးအတွက်လည်းကောင်း၊ တံခါးဖွင့်စီးပွားရေးမျက်နှာစာဝယ် သွက် လက်ထက်မြက်ဖို့လိုနေပါပြီ။သတ်မှတ် ထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ဖို့လိုပါပြီ။
နိုင်ငံဝန်ထမ်းများကို ကျပ်နှစ်သိန်း တန် GSM ဖုန်း၊ကျပ်နှစ်သိန်းခွဲတန် CDMA မိုဘိုင်းဖုန်းများကို မူလဈေး အတိုင်း အရစ်ကျစနစ်၊တစ်လကျပ်ငါး သောင်းပေးသွင်းခွင့်ရသဖြင့် ၀န်ထမ်း အ လွှာဆယ်ပုံတစ်ပုံခန့်ဖုန်းကိုင်ခွင့်ရကြပါပြီ။
ဒီမိုကရေစီခေတ်ဝယ် ၀န်ထမ်းများ အတွက် ပြည်တော်သာသော လုပ်ရပ် တစ်ခုဖြစ်၍ လှိုက်လှဲစွာ ကြိုဆိုနေကြပါပြီ။
Myanmar Express
Facebook အကောင့် ၈၃ သန်းမှာ အတုအယောင် တည်ရှိနေခြင်းဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်
လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook သည် ယခုအခါ အသုံးပြုသူဦးရေ ၉၉၅ သန်းအထိ မြင့်မားလာခဲ့သော်လည်း ထိုအထဲမှ ၈၃ သန်းမှာ အသုံးပြုသူများ ရှိနေခြင်းမဟုတ်ဘဲ အကောင့်သာ ပြုလုပ်ထားသည့် အတုအယောင် တည်ရှိမှုများ ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုထုတ်ပြန် ကြောညာလိုက်သည်။ ထိုပမာဏမှာ လက်ရှိ Facebook အသုံးပြုသူ၏ ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး အသုံးပြုသူတစ်ဦးလျှင် အကောင့်များစွာ ရှိနိုင်သည့်နည်းတူ အိမ်မွေးတိရစ္ဆာန် ချစ်ကြသည့် အချို့ Facebook အသုံးပြုသူများက ၎င်းတို့ တိရစ္ဆာန်လေးများ၏ အမည်ကို အကောင့်ပြုလုပ်ထားကြကြောင်း တွေ့ရှိရသည်။ အတုအယောင် အကောင့်များကို အုပ်စုခွဲခြားရာတွင် သုံးမျိုးထွက်ပေါ်လာပြီး ၎င်းတို့ထဲတွင် အများဆုံးမှာ လူတစ်ဦးတည်းက အကောင့်နှစ်ခုပြုလုပ် သုံးစွဲနေခြင်းပင်ဖြစ်သည်။
ပြီးခဲ့သည့်လက ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်သည့် BBC မှ Facebook အသုံးပြုသူများနှင့် ပတ်သက်၍ စုံစမ်းထောက်လှမ်းမှုတစ်ခု ပြုလုပ်ရာတွင် အတုအယောင် အကောင့်များ တည်ရှိနေခြင်းက Facebook ၏ ကြော်ငြာစီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ Facebook က တစ်စုံတစ်ရာ ငြင်းဆိုခြင်း မပြုလုပ်ခဲ့သော်လည်း ထိုသို့တည်ရှိခြင်းသည် ကြော်ငြာရှင်များအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဆိုသည့် အချက်ကို ငြင်းပယ်ခဲ့သည်။ ပြီးခဲ့သည့်လက Facebook ၏ ရှယ်ယာတန်ဖိုးများသည် ကျဆင်းခဲ့ရပြီး ကြော်ငြာဝင်ငွေနှင့် ပတ်သက်၍ ထိခိုက်မှုအနည်းငယ် ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်မှစတင်၍ လူမှုကွန်ရက်ဝက်ဘ်ဆိုက်အဖြစ် နာမည်ကြီးလာခဲ့သည့် Facebook သည် ၂၀၁၁ ခုနှစ်အကုန်တွင် အအောင်မြင်ဆုံး အွန်လိုင်းဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ခဲ့ပြီး လူသုံးစွဲမှုမြင့်မားခြင်းတွင် တိုးတက်မှုအမြန်ဆုံး ဝက်ဘ်ဆိုက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ Facebook ကုမ္ပဏီ၏ ထုတ်ပြန်မှုတွင် အသုံးပြုသူ တစ်ဦးချင်းစီက အလုပ်အကိုင်နှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်း၊ အဖွဲ့အစည်းနှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
Myanmar Express
လူ့သမိုင်းအကြို သတ္တဝါ တစ်မျိုး၏ ရုပ်ကြွင်းတွေ့ရှိ
နိုင်ငံတကာမှ သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ တစ်ခုမှာ လူ့သမိုင်း အကြို သတ္တဝါ မျိုးစိတ် ၂ မျိုးတို့မှာ အာဖရိက တိုက်တွင် လွန်ခဲ့သည့်နှစ် ၂ သန်းခန့်က နေထိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ အမေရိကန် ၊ ဂျာမန်နှင့် ဗြိတိန် နိုင်ငံသား လူသားဆင့်ကဲ ပြောင်းလဲ ဖြစ်တည်မှု ဗေဒ ပညာရှင်များမှ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့က ဗြိတိန် သိပ္ပံ မဂ္ဂဇင်း ဖြစ်သည့် Nature တွင် ရေးသား ဖော်ပြခဲ့သည်။
၎င်းတို့အဖွဲ့မှာ အဆိုပါ လူသားများ၏ သွားရိုး ကျောက်ဖြစ်ရုပ်ကြွင်း ၃ ခုကို ကင်ညာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ခဲ့ရပြီးနောက် ယခုလို ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရိုးများမှာ သိပ္ပံအခေါ် Homo erectus ခေါ် ရှေးလူသားများ၏ အရိုးစု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ လေ့လာချက်များ အရ အဆိုပါ အရိုးထဲမှ ၂ ခုမှာ အစောပိုင်း Homo များထံမှ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁.၉၅ သန်းမှ ၁.၇၈ သန်းကြားတွင် ဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ယခုလို တွေ့ရှိချက်ကြောင့် သမိုင်းဦး အကြို လူသားများမှာ အချင်းချင်း ကပ်ရက် နေထိုင်ခဲ့ပုံရကြောင်းလည်း ပြောကြားခဲ့သည်။ ယခုလို တွေ့ရှိမှုကြောင့် လူသားများ အကြား ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကို ပိုမို သိရှိစေနိုင်မည် ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသွားခဲ့သည်။
Myanmar Express

