Wednesday, August 8, 2012

လိမ်ပြန်ပဟေ့ နောက်တစ်မျိုး


Freedom News Group ရဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်မိတယ်။ လားလား တကယ်ကိုရင်ထုမနာဖြစ်ရလောက်အောင်ကောင်းတဲ့ သတင်းပဲ။ ပြည်မြို့မှာဖြစ်တာတဲ့ သတင်းခေါင်းစဉ်က "အခမဲ့ စာသင်ကျောင်းက ကလေး တွေ ကို အာဏာပိုင် တွေ က ဖမ်းခေါ် ပြီး တောထဲ မှာစွန့် ပစ်" ဆိုပဲဗျ။ ကိုယ်ကလဲ ပြည်မြို့ပေါ်မှာ ခြေရာချင်းထပ်လောက်အောင် အချိန်အကြာကြီးနေခဲ့ဖူးတော့ စိတ်ဝင်စားတာနဲ့ အစအဆုံးအသေးစိတ်ဖတ်ကြည့်မိတယ်။ အဲဒီမှာတွေ့တာပဲ ပြည်မြို့ခံမီဒီယာသမားဆိုသူရယ်၊ FNG ရယ်၊ လွတ်လပ်သောအာရှအသံရယ် သုံးပွင့်ဆိုင် ပူးပေါင်းလိမ်ညာမှုကြီးတစ်ခုကိုပေါ့။ အဲဒီအလိမ်တွေကို တစ်ခုချင်းဖော်ပြပေးပါမယ်။ ပြည်မြို့ပတ်ဝန်းကျင်မှာနေခဲ့ဖူးသူတွေ ဖတ်မိမယ်ဆိုရင် ကိုယ်ရေးထားကို သေချာသဘောပေါက်နိုင်ပါလိမ့်မယ်။

အချက်တစ်ချက်က "၀က်ထီင်္းကန်နဲ့ရခိုင်ဖက်အထွက် ဥသျှစ်ပင်အနီးက တောနက်ထဲ" သဘောကတော့ ဥသျှစ်ပင်ဟာ ၀က်ထီးကန်နဲ့ ရခိုက်ဖက်သွားတဲ့လမ်းပေါ်ကနေရာတစ်ခုလို့ရေးချင်တာဖြစ်မယ်။ ဒါဟာ လုံးဝအမှားကြီး။ ၀က်ထီးကန်ဟာ ဧရာဝတီမြစ်ရဲ့အရှေ့ဖက်ခြမ်း၊ ပြည်မြို့ရဲ့ မြောက်ဖက်လောက် အောင်လံ(မြေထဲ)နဲ့ ပြည်မြို့ကြားမှာ တည်ရှိပါတယ်။ နောက်တစ်ခု ဥသျှစ်ပင်ဆိုတာ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ခြမ်း ပြည်မြို့ရဲ့ အနောက်တောင်ဖက် လောက်မှာရှိတာပါ။ နေရာချင်းတခြားစီပါ။ ဒါကို ပြည်မြို့ခံဆိုတဲ့သူက မသိဘူးလား။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းဆိုသူကရော မသိဘူးလား။

နောက်တစ်ခုက အပေါ်ဆုံးစာပိုဒ်မှာ ကလေးငယ် ယောက်(၄၀)ကို ဖမ်းခေါ်သွားတယ်လို့ရေးထား ပြီးတော့ နိုင်ငံရေးအကျဉ်းသားဟောင်းဆိုသူပြောတာကျတော့ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပြန်ရောက်လာတယ်တဲ့။ ကျန်တဲ့ ကလေးငယ် ၂၀ လောက် ဘယ်ရောက်သွားလဲ။ တောထဲမှာ ကျားပဲဆွဲသွားလား၊ မြစ်ကူးတုန်း ရေထဲကျသေကုန်လား။ ထမင်းမစားရလို့ ငတ်ကြီးကျပြီးပဲသေကုန်ကြသလား။ လုပ်ကြပါအုံး။

နောက်ထပ်တစ်ခုက ကလေးတွေထဲက တစ်ချို့ဟာ ဥသျှစ်ပင်ကနေလမ်းလျှောက်ပြီး ပြည်ကိုပြန်လာကြတယ်လို့ ရေးထားတယ်။ ပြည်နဲ့ ဥသျှစ်ပင်ဆိုတာ အဝေးကြီး ပြည်ကနေထွက်ပြီးတော့ န၀ဒေးတံတားကို ဖြတ်လျှောက်ကြည့်ပါ။ ပေ ၁၄၄၀ ရှိတယ်။ တံတားက ဆင်းတာနဲ့ ဆင်တဲဆိုတဲ့ရွာကိုလမ်းလျှောက်ရင် လူလတ်ပိုင်း ခပ်သွက်သွက်လျှောက်တာတောင် ၃ နာရီကြာအောင် လျှောက်ရတယ်။ အဲဒီဆင်တဲကနေ ပန်းတောင်းမြို့ကို ၆ မိုင် ထပ်လျှောက်ရအုံးမယ်။ ပန်းတောင်းကနေမှ ကားလမ်း အတိုင်း ဥသျှစ်ပင်ကို အနည်းဆုံး ၉ မိုင် ၁၀ မိုင်လောက်လျှောက်ရအုံးမယ်။ အဲဒါကို ဒီ ကလေးငယ်တွေက တောင်းရမ်းစားသောက်ပြီး ၂ ရက်လောက် လမ်းလျှောက်ပြန်တယ်ဆိုတာ အာဂ ကလေးတွေမှဖြစ်နိုင်မယ်ထင်တယ်။ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းမသိပဲ အရမ်းကာရောလျှောက်ရေးထားတာတွေ့ရတယ်။

နောက်ပြီး တောထဲမှာချထားခဲ့တဲ့ကလေးတွေက ဥသျှစ်ပင်မြို့ကိုတောင်ရောက်အောင် ထောက်လှမ်းပြီးပြန်လာနိုင်တယ်ဆိုတော့ စူပါမင်းရဲ့ မြေးလေးတွေများလား၊ 007 ရဲ့ မြစ်လေးတွေများလား။ ကြည့်လဲလုပ်ကြပါအုံးဗျာ။

သတင်းကို ရေးရရင်ပြီးရောဆိုပြီး အရမ်းကာရောလျှောက်မရေးကြပါနဲ့ဗျာ။ သိတဲ့သူနဲ့သွားတွေ့တော့ ရှက်စရာကြီးပါ။ ရှက်တတ်ရင် ပေါ့လေ။ သတင်းမှန်ဆိုရင်တောင် ဖြစ်နိုင်ခြေရှိသလောက်ပဲ ရေးတင်ဖို့သင့်ပါတယ်။ ကိုယ်မသိနားမလည်တာကို သုံးသပ်ချက်တွေ ဆုံးဖြတ်ချက်တွေနဲ့လျှောက်ရေးတော့ လူဟားစရာကြီးဖြစ်ကုန်တာပေါ့။ နောက်ကို မီဒီယာသမားအမည်ခံချင်ရင် ချင့်ချိန်ပြီးရေးကြဖို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ပါတယ်။

ပြည်သား

စာဖတ်သူများအနေနဲ့ မူရင်းသတင်းကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

MLN

ဧရာဝတီ သတင်းစာမျက်နှာ၏ လိမ်လည်မှုတစ်ခုအား ဖော်ထုတ်ခြင်း


ကျနော် အင်တာနက်သတင်းတွေကို အမြဲတမ်း ဖတ်ရှုတဲ့သူတစ်ယောက်ပါ။ အထူးသဖြင့် ဧရာဝတီ၊ မဇ္ဈိမ၊ DVB တို့ရဲ့ ပရိသတ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။ သတင်းတွေက တိကျမှန်ကန်တယ်ဆိုပြီးတော့လည်း အားပေးခဲ့ပါတယ်။ သတင်းတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ အလွန်ကို အံ့အားသင့်မိပါတယ်။ အဲဒီ သတင်းကတော့ " ပေါင်းလောင်းဆည် ဖောက်ချမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီး" ဆိုပြီး ဖြစ်ပါတယ်။

ကျနော်ပျဉ်းမနားသား တစ်ယောက်ပါ။ အခြေ အနေ တစ်ရပ်ကြောင့်သာ အခြားမြို့မှာ နေနေတာ။ ပျဉ်းမနား အကြောင်းအကုန်သိပြီး ဆွေမျိုးတွေလည်း အများကြီးပါ။ တစ်နေ့ ပျဉ်းမနားမှာ ရေကြီးတဲ့ အကြောင်းကို ဖတ်ရှုလိုက်ရပါတယ်။ နောက်တော့ မြ၀တီ facebook မှာရေကြီးတဲ့ ပုံတွေ၊ စစ်တပ်နဲ့ ကြက်ခြေနီက ကယ်ဆယ်ရေး လုပ်နေတဲ့ပုံတွေကို တွေ့လိုက် ရတယ်။

နောက်တော့ ဧရာဝတီကနေ " ပေါင်းလောင်းဆည် ဖောက်ချမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီး" ဆိုပြီး အင်တာနက်မှာ တွေ့လိုက်ရတယ်။ ဓာတ်ပုံကိုကျတော့ မြ၀တီ facebook က ယူတယ်ဆိုပြီး ရေးသားထားတာ တွေ့ရတယ်။ ပျက်ဆီးမှုစာရင်းတွေက မြ၀တီ facebook ကယူထားတာ၊ ကယ်ဆယ်ရေးတွေလည်း ပါပါတယ်။ မြို့နယ် မီးသတ်ဦးစီးအရာရှိတစ်ဦးလို့ ပြောထားတယ်။ အတိအကျလည်း မဟုတ်ဘူး။ ပါတဲ့ စာသားတွေ အားလုံးကလည်း ရေကြီးသမျှ သတင်းစာက သတင်းတွေကို စုထားတာပါ။



ဒါနဲ့ ကျနော် ပျဉ်းမနားကို ဖုန်းဆက်ကြည့်ပါတယ်။ ရေကြီးတာက မှန်ပါတယ်။ ဒါပေမဲ့ ပေါင်းလောင်း ဆည် ဖောက်ချလို့တော့ မဟုတ်ပါဘူး။ ပေါင်းလောင်းဆည်က သတ်မှတ်တဲ့ ရေအမှတ် မရောက်လို့တောင် အခက်တွေ့နေပါတယ်လို့ ပြောပါတယ်။ ဒီမှာ ကျနော် အယုံကြည်ဆုံး သတင်းဌာနက သတင်းတွေကို ဘယ်လို ယုံရမလဲဆိုသာ စဉ်းစားသွားရပါပြီ။ စိတ်လည်း မကောင်းပါဘူး။ အခုလိုမျိုး သတင်းတွေလိုလည်း မလုပ်သင့် ဘူးလို့ ထင်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုမျိုး သတင်းတွေကို တင်တာလို့ မေးစရာဖြစ်လာပါပြီ။ သေချာ သိချင်ရင် http://www.facebook.com/media/set/?set=a.253444354772710.54892.246194712164341&type=3 မှာ သွားကြည့်နိုင်ပါတယ်။

Myanmar Express

RCSS/SSA နှင့် ဖြစ်နေသည့်ပြဿနာ ဖြေရှင်း၍မရသည့်အဆင့်မဟုတ်ဟု UWSA ခေါင်းဆောင်ပိုင်းပြော

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်

ဒုက္ခသည်အရေးကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တို့အကြား တပတ်ကျော်ကြာ စစ်ရေးတင်းမှာနေမှုအား နှစ်ဘက်ဖြေရှင်း၍ မရသည့် ကိစ္စမဟုတ် ကြောင်း ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေါင်းဆောင်ပိုင်းတဦးက ပြောပါသည်။

“အလှူရှင်တွေက ဒုက္ခသည်တွေအတွက် ထောက်ပံ့စရိတ် လျှော့ချလိုက်လို့ ဝမ်းရေးအတွက် အခက်အခဲ ကြုံလာရ တယ်။ အဲဒီ့အတွက် ကျနော်တို့ ဒုက္ခသည်တချို့နဲ့ စပါး၊ ပြောင်း၊ ပဲစိုက်ခင်းလုပ်ဖို့ ထွန်ယက် စိုက် ပျိုးဖို့ သွားတယ်။ ဝ တပ်ဖွဲ့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့နဲ့ လူထု တချို့ ကို ဖမ်းသွားတယ်၊ အဲဒီကနေ စဖြစ်လာတာပါ” - ဟု RCSS/SSA အရာရှိတဦးက ပြောပါသည်။

ဂျူလိုင်လနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သောပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ ကိုယ်စား လှယ် နှစ်ကြိမ်စေလွှတ်ခဲ့သော်လည်း ဝ တပ်ဖွဲ့က လက်ခံဖြေရှင်းခြင်းမရှိခဲ့ဟု သျှမ်းပြည်တပ်မတော် အရာရှိအချို့က ပြော၏။

ယနေ့ ဩဂတ်စ် ၇ ရက် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ခေါင်းဆောင်ပိုင်းတဦးက - ဖြစ်ပွားနေ သည့် ပြဿနာအား ဖြေရှင်း၍ မရသည့် ပြဿနာမဟုတ်ကြောင်း၊ ထိပ်တိုက်မှုဖြစ်ပွားလာလျှင် လူထု ရော တပ်ထုပါ ဆုံးရှုံးနစ်နာမှုများမည်ကို သိရှိကြောင်း၊ ထို့အတွက် သျှမ်းပြည်တပ်မတော်အနေဖြင့် ဖြေရှင်းနိုင် မည့် အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်ရန် လိုအပ်ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောကြားပါသည်။

အဆိုပါပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ နှစ်ကြိမ်ထက်မနည်း ကိုယ်စားလှယ်စေလွှတ်ရာမှာ မြို့နယ်အဆင့်အုပ်ချုပ်ရေးပိုင်းသာ စေလွှတ်ခဲ့သည့်အတွက်ကြောင့် ဝ ဘက်မှ လက်ခံတွေ့ဆုံခြင်း မပြုခဲ့ဟု လည်း ပြောပါသည်။

မြန်မာစစ်တိုင်းရုံးကလည်း ၎င်းတို့၏ လက်အောက်ခံ တပ်ရင်းများအပေါ် - ပြဿနာဖြစ်နေ သည့်နယ်မြေသို့ လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခွင့် မပြုရန် ၊ မျက်နှာလိုက်ခြင်း၊ တဖက်ဖက်အား အားပေးအား မြောက်ပြုခြင်း မပြုရန် တားမြစ်ထားသည်- ဟု တိုင်းရုံးနှင့်နီးစပ်သည့်ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့် သို့ပြောပြသည်။

ဂျူလိုင် ၃၀ ရက်နေ့က သျှမ်းပြည်တပ်မတော်မှ ဒုက္ခသည် အချို့နှင့် လုံခြုံရေးယူပေးသည့် တပ်သားအချို့ က မိုင်းတုံမြို့နယ် ပုံတောင်းဒေသတဝိုက် စိုက်ခင်းနှင့်နေထိုင်ဖို့ တဲများဆောက်လုပ်နေစဉ် ဝ တပ်ဖွဲ့က သျှမ်းပြည် တပ်မတော်အား ကျူးကျော်မှုပြုသည်ဟုဆိုကာ အင်အားဖြည့် ဝိုင်းပိတ်၍ လူသူ လက်နက် အစုံ ၁၄ ဦး၊ စကားပြောစက် ၄ လုံး နှင့် ဒုက္ခသည် ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားခဲ့သည်ဟု သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းကပြောပါသည်။

Myanmar Express

အသက် ၆၈ နှစ် မှာ နေရာတစ်နေရာ ရပြီဖြစ်လို့ သေပျော်ပါပြီ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အစိုးရအဖွဲ့မှာ အနိမ့်ဆုံး အဆင့် ဝန်ကြီး မှ အမြင့်ဆုံး နိုင်ငံ့ဦးသျှောင် သမ္မတ နေရာရရှိရေး ၂၄ နှစ် လုံး ကြိုးစား ဆုတောင်းလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လွှတ်တော် မှာ ကော်မတီ တစ်ခုရဲ့ ဥက္ကဌ နေရာကို သနားသဖြင့် အပ်ချီးမြှောက်ခြင်း ခံရတာကြောင့် အလွန်အမင်း ပျော်ရွှင်ကာ သေပျော်ပါပြီလို့ တီးတိုးရေရွတ်မိကြောင်း အမည်မဖော်လိုသူ လွှတ်တော် အမတ် တစ်ဦးက ဆိုပါတယ်။

ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အသစ်ထပ်မံဖွဲ့စည်းတဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ မှာ ဒေါ်အောင်ဆန်းစုကြည် ကို ဥက္ကဌအဖြစ် ခန့်အပ်ကြောင်း ပြောဆိုသွားပါတယ်။

အဆိုပါ ရေးရာ ကော်မတီတွင် ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်များမှာ

(၁) ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆန္ဒနယ်၊ ဥက္ကဋ္ဌ
(၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင်
(၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး

တို့ပါဝင်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သာမက ၎င်းကို ထောက်ခံသူ အများအပြားဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူထု ခေါင်းဆောင် အဖြစ် တင်စားကြပြီး လူ သန်း ၆၀ ကျော် ရဲ့ ဥက္ကဌ အဖြစ် ပြောဆိုလေ့ ရှိကြပေမယ့် ယခုတော့ ၁၅ ဦး ပါဝင်သော အဖွဲ့မှာသာ ဥက္ကဌ ဖြစ်ခဲ့ရပါတယ်။


လူထု့ ဆန္ဒ အစစ်အမှန်

ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိန်ခေါ်မှုတွေ အများအပြားရှိနေကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အများအပြားက သုံးသပ်လျှက် ရှိကြပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ တုန်းက မဲ ရဖို့အတွက် မြို့အနှံ့လှည့်လည်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများက ဥပဒေ စိုးမိုးမှု လုံးဝမရှိပဲ လမ်းစည်းကမ်းဖောက်ဖြတ်ခြင်းများ၊ ဆိုင်ကယ်ဦးထုတ်မဆောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ အချင်းချင်း တိုက်မိ၊ တိမ်းမှောက်ခြင်းများ အများအပြားရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ကတော့ ၎င်း ကို ထောက်ခံသူများဖြစ်လို့ မသိချင်ဟန်ဆောင်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့တွင် လမ်းပြောင်းပြန် စီးနေကြသော NLD ထောက်ခံသူများ

ဒါ့အပြင် တိုးဂိတ် များတွင်လည်း လည်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားက စပြီး မီးဖွင့်မောင်းကာ ယဉ်ဖြတ်သန်းခ မပေးခဲ့လို့ တိုင်ကြားခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက် များကလည်း ဥပဒေ စိုးမိုးမှု လုံးဝမရှိပဲ express time ဂျာနယ်မှ သတင်းထောက် တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားတာတွေ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သို့ တိုင်ကြားခဲ့ပေမယ့် ဒေါ်စုက မသိချင်ဟန်ဆောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘာမှ အရေးမယူတဲ့ တိုင်ကြားစာ

အင်္ဂလန်က အပြန်မှာလည်း ရခိုင်တိုင်းရင်းသားများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့နောက်လိုက်များက ဥပဒေ စိုးမိုးမှုမရှိ ထိုးကြိတ်ခဲ့ပြီး ယခု နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်လိုက် တစ်ဦးမှ အမျိုးသမီး အိမ်သာတွင်း ဓာတ်ပုံရိုက်မှုအတွက် တိုင်ကြားစာတွေ ပို့ခဲ့ပေမယ့် ဥပဒေ စိုးမိုးရေး ဥက္ကဌ လုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးကို မသိချင်ဟန်ဆောင်နေခဲ့ပါတယ်။

ကားပေါ်မှ ဆင်းကာ ဥပဒေ စိုးမိုးမှု မရှိ ထိုးကြိတ်ကြသူများ

ဒေါ်အောင်ဆန်းစုကြည် ဘာမှ အရေးမယူတဲ့ တိုင်ကြားစာ

ရန်ကုန်မြို့မှ ဥပဒေရေးရာ အရာရှိဟောင်းတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိက္ခာဆည်ဖို့အတွက် NLD တွင်းက ဥပဒေ မဲ့လုပ်ရပ်တွေကို အရင်ဆုံး ဥပဒေ နားလည်အောင် နှင့် ဒေါ်စု ကိုယ်တိုင်က ကိုယ့်လူ ဥပဒေ ဖောက်ရင် မသိကျိုးကျွံပြုပြီး သူများဖောက်မှ ပုံကြီးချဲ့တဲ့အကျင့်ကို အရင်ပြင်သင့်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

ဒေါ်စု ဖိနပ်ကိုင်ရန် NLD မှ မျိုးဆက်သစ်လူငယ်များ အလိုရှိသည်

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အများအပြားက လူ ၁၅ ယောက်ပါတဲ့ အဖွဲ့မှာ ဥက္ကဌဖြစ်သွားတဲ့ ဒေါ်စုအတွက် ပျော်ရွှင်စွာ အောင်ပွဲခံလျှက်ရှိကြောင်း သတင်းရရှိပါတယ်။

Myanmar Express

နိုင်ငံတကာမီဒီယာများ၏မှားယွင်းလွန်ကျူးစွာမဟုတ်မမှန်ဖော်ပြနေမှုကို နိုင်ငံတကာသိအောင်လုပ်နေပြီဟုသမ္မတအကြံပေးပြောကြား

နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးကို လွန်ကျူးစွာဖော်ပြ သတင်းလွှင့်နေမှုများမှာ မဟုတ်မမှန်သတင်းများ လွှင့်တင်မှုများသာဖြစ်ပြီး အခြေအနေမှန်ကို နိုင်ငံတကာက သိအောင် လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။ ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်ခဲ့သော အဆိုပါဖြစ်စဉ်၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် လူမျိုးရေးအုံကြွမှု အချို့အထိပါ ဖြစ်ခဲ့ရခြင်းကို နိုင်ငံတော်က တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံတကာ မီဒီယာများက မဟုတ်မမှန် သတင်းလွှင့်နေမှုများ ရှိလာခဲ့ကြောင်း သိရသည်။

“နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေတာတွေ အတော်များများက သူတို့ထင်ရာတွေ ရေးသားဖော်ပြမှုတွေ ဖြစ်နေတယ်။ ဒါကို အထင်အမြင် လွဲတဲ့သူတွေလည်း ရှိလာသလို တချို့ကိစ္စတွေမှာဆိုရင် အများကြီးပဲ မမှန်သတင်းတွေ ရှိနေတယ်။ ဥပမာအားဖြင့် ဆိုလို့ရှိရင် မွတ်ဆလင်တွေ အများကြီးကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေပါတယ် ဆိုတာမျိုးဆိုရင် တိဘက်မှာ ဆန္ဒပြတဲ့ မီးရှို့တဲ့ဟာတွေကို လိမ်ပြီးတင်တာတွေ ဖြစ်နေတယ်။ မသိတဲ့သူတွေအတွက် အထင်အမြင် လွဲစရာ ဖြစ်လာတယ်” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ “ဒါတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြေရှင်းသွားမှာပါ။

အခြေအနေမှန်ကို နိုင်ငံတကာသိအောင်လည်း လုပ်ဆောင်နေပါပြီ” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးမှာ တည်ငြိမ်စ ပြုလာနေပြီ ဖြစ်ကြောင်း သိရပြီး နိုင်ငံတကာ မီဒီယာများကို ချပြမှုနှင့် ပတ်သက်သော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အတွင်းမှာပင် နိုင်ငံတကာ မီဒီယာများ ရှိနေပြီး ၎င်းတို့ကလည်း မှန်ကန်စွာ တင်ပြလိမ့်မည်ဟု ယူဆကြောင်း ပြောကြားထားသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

စက်မှုဇုန်ဂျစ်ကားတစ်စီး သိန်းသုံးဆယ်


ယခုအခါ စက်မှုဇုန်ထုတ်ဂျစ် ကားတစ်စီးကို ကျပ် ၂၅ သိန်း၊ သိန်း ၃၀ နဲ့လက်တင်မောင်းဝယ် ယူလို့ရကြောင်းနှင့် တစ်နှစ်တာ ကာလအတွင်းမှာ ကားနဲ့ ပတ်သက် တဲ့ မူဝါဒတွေအမျိုးမျိုးချမှတ်ပြီး နောက်ပိုင်း ကားဈေးတွေ အလဲ လဲအပြိုပြိုဖြစ်ခဲ့ရာက နောက်ဆုံး မှာ ယခုဈေးဖြစ်ခဲ့ကြောင်း သိရှိရ သည်။

ဇုန်ထုတ်ဂျစ်ကားတွေဟာ တူးစီ၊ သရီးစီစတဲ့ ဂျပန်အင်ဂျင် တွေတပ်ဆင်ထားတာဖြစ်ပြီး ကား နံပါတ်တွေက (၂၈/-) (၃၈/-) စတဲ့ နံပါတ်တွေနဲ့ ထုတ်ပေးထား တာဖြစ်ဖြစ်ပါကြောင်း၊ ဇုန်ထုတ် ဂျစ်ကားတွေ ဈေးကောင်းစဉ်က သရီးစီအင်ဂျင်တင်ထားတဲ့ ဂျစ်ကား တစ်စီးကို ကျပ် ၁၀၀ တန်းကျင် အထိ ဈေးပေးခဲ့ကြရကြောင်း သိရသည်။

ကားဝယ်ရောင်းတစ်ယောက် က ကားဝိုင်းမှာ လာထိုးထားတဲ့ ဇုန်ထုတ်ဂျစ်ကားတစ်စီးကို မေးငေါ့ ပြရင်း ယခုလိုပြောကြားရာတွင် “အဲဒီကားဆိုရင် အင်ဂျင်နဲ့ ဂီယာ ဘောက်စ်တင် ၁၇ သိန်းလောက် တန်တယ်၊ ဒါပေမဲ့ လက်ရှိကား ပေါက်ဈေးအရ ၂၅ သိန်းဝန်းကျင် ပဲ ရနိုင်တယ်”လို့ဆိုသည်။ စက်မှု ဇုန်ထုတ်ကားတွေက ဖျက်သိမ်း ယာဉ်ထဲ မပါဝင်တာကြောင့် ဈေးကွက်မ၀င်တာဖြစ်တယ်လို့ ၀ယ်ရောင်းအချို့က ပြောကြား ချက်အရ သတင်းရရှိသည်။

Myanmar Express

လွှတ်တော်ဂျာနယ် ယခုလအတွင်း ထွက်မည်

လွှတ်တော်မှ ထုတ်ဝေမည့် လွှတ်တော်ဂျာနယ်အား ယခုသြဂုတ်လအတွင်း ထွက်ရှိတော့မည်ဟု ဂျာနယ်ထုတ်ဝေရေး ကော်မတီအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ “လွှတ်တော် ဂျာနယ်ကို အခု ရှစ်လပိုင်း ၂၀ ရက်ကျာ်ရင် ထုတ်ဝေသွားမှာပါ။ ပထမအကြိမ်မှာတော့ အုပ်ရေ ၁၀၀၀ ထုတ်ဝေပြီး လွှတ်တော်အတွင်းက ကိုယ်စားလှယ်တွေကို အရင်ဖြန့်မှာဖြစ်တယ်။ ဂျာနယ်ကိုတော့ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသွားမှာပါ။ ဂျာနယ်ဆိုဒ်က (၂၂x၁၅) လက်မပါ။ ဂျာနယ်မှာ လွှတ်တော်အကြောင်း၊ နိုင်ငံတကာ လွှတ်တော်အကြောင်း၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်တွေရဲ့ အဆိုတွေ၊ မေးမြန်းမှုတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်းပါးတွေ ပါဝင်မှာပါ” ဟု ယင်းကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ပန်းသီးနှင့် အသည်းရောင်ဘီပိုး

တစ်နေ့ ပန်းသီးတစ်လုံး စားပါက သက်ရှည်ကျန်းမာပြီး ဆရာဝန်နဲ့ ဝေးဝေးနေခွင့် ရပါလိမ့်မယ်တဲ့။ တကယ်တော့ လူတွေဟာ မိမိစားနေကျ အစာအပြင် အသီးအနှံ တစ်မျိုးမျိုးကို နေ့စဉ် စားမယ်ဆိုရင် ကျန်းမာရေး ကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး စသဖြင့် မှန်မှန်စားရင် ကျန်းမာရေးနဲ့ ပြည့်စုံမယ်လို့ ထင်တယ်။ ပန်းသီးမှာ ဗီတာမင်စီ များများပါတယ်။ Immune System ခေါ်တဲ့ ကိုယ်ခံစွမ်းအားကို တက်စေတယ်။ အဆီဓာတ် Cholesterol ကိုလည်း ကျစေတယ်။ ကန်စွန်းဥတို့၊ ငှက်ပျောသီးတို့ စားသလို ကိုက်စားရင် သွားချေးမကပ်ဘဲ ခံတွင်းရှင်းတယ်၊ ဦးနှောက်အား ကောင်းတဲ့အတွက် သူငယ်ပြန်မှု နည်းစေတယ်။ ကယ်လိုရီ နည်းတဲ့အတွက် ငှက်ပျောသီးစားတာလို ဝတာအားမပေးဘူး။

ပန်းနာရင်ကျပ်ရောဂါတို့၊ အဆုတ်ရောဂါတို့ နည်းစေတယ်လို့ ပြောကြတယ်။ တစ်ခါက အားကစားသမား တစ်ယောက်က ပြောတယ်။ သူ့မှာ အရင်တုန်းက အသည်းရောင် ဘီပိုး မရှိဘူးတဲ့။ နိုင်ငံခြားကို သွားပြိုင်ဖို့ စခန်းသွင်းပြီး လေ့ကျင့်တဲ့အခါမှသာ အသည်းရောင်ဘီပိုး ပေါ်လာရတယ်လို့ ဆိုတယ်။ အဆောင်အတူနေသူတွေ အများကြီးရှိပေမယ့် သောက်ရေခွက်လည်း သီးသန့်သုံးတယ်၊ သွားပွတ်တံလည်း သုံးတယ်၊ ဟင်းချိုခွက်နဲ့ဇွန်း သီးသန့်သုံးတယ်။ ဘီးနဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေလည်း သီးသန့်သုံးတယ်။ ဘာကြောင့် ကူးရတာလဲလို့ ဆိုတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အလွန်ခင်မင်တယ်၊ ပန်းသီးတစ်လုံးရရင် သူတစ်ကိုက်၊ ကိုယ်တစ်ကိုက် စားကြတယ်။

လက်ဖက်သုပ်ကိုလည်း ဇွန်းတစ်ချောင်း၊ နှစ်ချောင်းနဲ့ ဝိုင်းစားကြတယ်၊ ဒါပဲလို့ ဆိုတယ်။ ဘီပိုးဟာ သွေးသွင်းရာ၊ ဆေးထိုးရာ၊ လိင်ဆက်ဆံရာက အဓိကကူးတဲ့ ရောဂါပိုးဖြစ်တယ်။ အတိအကျ ကူးတယ်လို့ ပြောနိုင်တဲ့နည်း ရှိသလို အတိအကျ မပြောနိုင်တဲ့ နည်းတွေနဲ့လည်း ကူးမှာပါပဲ။ ဒီနှစ် ကမ္ဘာ့အသည်းရောင် အထိမ်းအမှတ်နေ့ “World Hepatitis Day” ရဲ့ဆောင်ပုဒ်က “This is hepatitis...It is closer than you think” အသည်းရောဂါပိုးဟာ မင်းထင်တာထက် ပိုကူးလွယ်တယ်၊ လက်တစ်ကမ်းမှာပဲ အသည်းရောင်ပိုးက ရှိနေတယ်။ အသည်းရောင်ပိုးတွေရဲ့ ရောဂါလက္ခဏာတစ်ခုက ရောဂါလက္ခဏာ မပြတာဘဲ။ ဒါကြောင့် သွေးစစ်ကြည့်ရတယ်၊ သွေးစစ်ကြည့်မှ ရှိမှန်းသိမယ်။ မရှိရင် ကာကွယ်ဆေးထိုးမယ်။

သိလည်းသိ၊ စစ်လည်းစစ်၊ ကာကွယ်ဆေးလည်းထိုး လုပ်တာကို လုပ်ရမယ်။ အသည်းရောင် ဘီပိုးကို ရန်ကုန် သံဃာ့တက္ကသိုလ်က စစ်ဆေးတယ်၊ ကာကွယ်ဆေးထိုးတယ်။ မှော်ဘီ၊ ရွှေပေါက်ကံ၊ ပဲခူးက တောရကျောင်း စာသင်တိုက်တွေမှာ သွေးစစ်၊ ကာကွယ်ဆေးထိုး ပြုလုပ်တယ်။ တရုတ် (တိုင်ပေ) ဆရာတော်တစ်ပါးက မန္တလေးက ကျောင်းတိုက်တွေမှာ အသည်းရောင်ဘီပိုး ကာကွယ်ဆေးလှူတယ်။ မန္တလေးက သံဃာတွေကိုလည်း ထိုးပေးတာ ဖတ်ရတယ်။ မွန်ပြည်နယ်၊ ဇင်းကျိုက်က အထက်တန်းကျောင်းသား၊ ကျောင်းသူတွေက အသည်းရောင်ဘီပိုးကို စစ်ကြည့်တယ်၊ ကာကွယ်ဆေး ထိုးကြတယ်၊ ဒါဟာ ကောင်းတဲ့ ခြေလှမ်းတွေပဲ။

တစ်နေ့မှာ သတင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စ ကြည့်လိုက်တော့ ပန်းသီးဖောင်ဒေးရှင်းက မိဘမဲ့ကလေးတွေနဲ့ အမျိုးသမီး မူလတန်းကျောင်းက ကလေးတွေကို သွေးစစ်ပြီး အခမဲ့ ကာကွယ်ဆေး ထိုးနေတာကို တွေ့ရတယ်လို့ ထင်တယ်။ အရမ်းဝမ်းသာမိတယ်။ စားဝတ်နေရေး ပြည့်စုံရုံ၊ ပညာသင်ကြားရုံသာမက အသည်းရောဂါ ကင်းစင်တဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်လေးတွေကိုပါ ဖန်တီးစပြုနေကြပြီ။ အသည်းရောင်ရောဂါကင်းစင် အနာဂတ်မျိုးဆက်သစ်တွေလို့လည်း ဆိုနိုင်လာတော့မယ်။ အားကူကြိုးပမ်းကြပါစေ။

Myanmar Express

ရေကြောင်းတက္ကသိုလ် ကျောင်းဆင်းများ အလုပ်ရရှိရန် ကမ္ဘကျာ် သင်္ဘောကုမ္ပဏီများနှင့် ပူးပေါင်းမည်

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ကျောင်းဆင်းလူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် ကမ္ဘာကျော် သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အလုပ်အကိုင် ရရှိရေးအတွက် နော်ဝေ၊ ဆိုက်ပရပ်စ် နိုင်ငံများနှင့် ပညာရေးပိုင်း ဆိုင်ရာများတွင် နည်းပညာ အကူအညီများ ရယူဆောင်ရွက်နေပြီ ဖြစ်ရာ ကျောင်းဆင်း လူငယ်များအား အဆိုပါ နိုင်ငံများမှ ခေါ်ယူမှုများ ရှိလာကြောင်း သိရသည်။ “ဆရာတို့ဆီမှာ အာရှနိုင်ငံတွေ အပါအဝင် နော်ဝေနိုင်ငံက နည်းပညာ အကူအညီတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ ကျောင်းဆင်းပြီး ကလေးတွေကို အလုပ်အကိုင်အတွက် နော်ဝေ သင်္ဘောကုမ္ပဏီတွေက ခေါ်မယ်။ ကျောင်းနဲ့ ပညာရေးပိုင်းဆိုင်ရာတွေ ပူးပေါင်းသွားမယ်။ အိန္ဒိယတို့ ဂျပန်တို့နဲ့လဲ သင်္ဘော တည်ဆောက်ရေး နည်းပညာအတွက် လေ့လာမှုတွေ လုပ်မယ်။ အရင်ကတည်းက ကိုရီးယားတို့ ဂျပန်တို့ကလဲ ထူးချွန် ကျောင်းသားတွေ ခေါ်နေကျပါပဲ။ အခု နောက်ပိုင်းမှာ တစ်ခါခေါ်ရင် ကျောင်းသား သုံးဆယ်၊ လေးဆယ်လောက် ခေါ်ယူလာကြပြီ” ဟု မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာချာလီသန်းက ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် ပညာသင်ကာလအတွင်း Workshop skill ရရှိရေးအတွက် မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပြီး တက္ကသိုလ်ပြင်ပ၌ တက်ရောက်ရမည့် အခြား သင်တန်းများကိုလည်း မိမိအစီအစဉ်ဖြင့် တက်ရောက်ရမည် ဖြစ်သည်။ ထို့ပြင် ပင်လယ်ပြင် လုပ်သက်တစ်နှစ် ရရှိရေးအတွက်လည်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရကြောင်း သိရသည်။ “ဘာသာရပ်တစ်ခု သင်ပြီးရင် ကလေးတွေ အလုပ်ရဖို့အတွက်ပါ စဉ်းစားတာကြောင့် အလုပ်ရဖို့ အတွက်က အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ဒီကျောင်းကို လာကြတာ အလုပ်အတွက် အခွင့်အလမ်း ပိုရလို့ လာကြတာ များပါတယ်” ဟု ဒေါက်တာချာလီသန်းက ပြောသည်။ ထိုကဲ့သို့ အလုပ်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်နေသည့်အတွက် ရေကြောင်းပညာ တက္ကသိုလ်၌ တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား လူငယ်များ၏ အနာဂတ်ရည်မှန်းချက် အမှန်တကယ် ဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။

Myanmar Express

အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ဒေါ်စု ရုပ်တု ထားရှိမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ပလာစတာ ရုပ်တု တခုကို အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ထားရှိမည်ဖြစ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် ဒေသခံ အဖွဲ့တခုဖြစ်သည့် မဏိပူရပြည်နယ် အခြေစိုက် Solidarity committee for Burma’s Democracy (SCBD) အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်သည်။

ရုပ်တုဖွင့်ပွဲကို မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ၈၈၈၈ နှစ်ပတ်လည် သြဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မိုးရေးမြို့ သတင်းထောက်များအသင်းခန်းမ၌ အခမ်းအနား ကျင်းပကာ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

ရုပ်တုကို မိုးရေးမြို့ရှိ Social science study center (လူမှုသိပ္ပံ လေ့လာရေးစင်တာ) တွင် ထားရှိသွားမည်ဟု SCBD အဖွဲ့ဝင်တဦးဖြစ်သည့် ရှေ့နေကြီး Mr. Ratan က မဇ္စျိမကို ပြောသည်။

“Mr. Ksh. Santa နဲ့ Com. Sotin Kumar တို့ ခေါင်းဆောင်တဲ့အဖွဲ့ မနက်ဖြန်မှာ မိုးရေးမြို့ကို သွားမယ်။ တမူးဘက်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖိတ်ကြားမှာလည်း ဖြစ်ပါတယ်။ နှစ်ဘက်စလုံးမှာရှိတဲ့ စိတ်ဝင်စားတဲ့ ပြည်သူတွေ တက်ရောက်နိုင်ပါတယ်” ဟုဆိုသည်။

SCBD တွင် နာယက Mr. Ksh. Santa နှင့်အတူ အိန္ဒိယ ကွန်မြူနစ်ပါတီ (CPI) ဒေသတွင်း ခေါင်းဆောင်တဦးဖြစ်သည့် Com. L. Sontin Kumar တို့ ဦးဆောင်ကာ သဘာပတိ အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့အရေး စိတ်ပါဝင်စားသူ ဒေသခံ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ရှေ့နေများ၊ အရာရှိဟောင်းများ ပါဝင်ကာ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုများကို အစဉ်တစိုက် အားပေးခဲ့သည်။

လေးစား၊ အတုယူဖွယ် ကောင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တု ထားရှိရန် မိုးရေးမြို့ကို ရွှေးချယ်ရခြင်းနှင့် ပါတ်သက်ပြီး ရှေ့နေ Mr.Ratan က “မဏိပူပြည်နယ်က ပြည်သူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသတာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ အရေး လှုပ်ရှားတဲ့ ပြည်သူတွေကို ဂုဏ်ပြုတာပါ။ အဲဒါကြောင့် ကျနော်တို့ နယ်စပ်မြို့ တခုဖြစ်တဲ့ မိုးရေးမှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို ထားဖို့ ရွှေးချယ်တာပဲ ဖြစ်ပါတယ်။ မဏိပူ ပြည်သူတွေရော မြန်မာနိုင်ငံက ပြည်သူတွေပါ မြင်တွေ့နိုင်အောင်ပါ” ဟု ဆိုသည်။

SCBD အဖွဲ့သည် အိန္ဒိယ နယ်စပ်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့်အတူ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနားများ ကျင်းပလေ့ရှိသည်။

နေမျိုး | နယူးဒေလီ (မဇ္ဈိမ)

ရိုဟင်ဂျာ၏ ဇာစ်မြစ်


ရိုဟင်ဂျာ ဟူသော အသုံးအနှုံးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင် နှင့် စစ်တွေ တို့တွင် ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်သော ဘင်္ဂလီများကို အကူအညီပေးနေသော နိုင်ငံတကာ အဖွဲ့ အစည်း များကြောင့် ဖြစ်ရ -----

လွန်ခဲ့ တဲ့ ဇွန်လ လောက် က ဘူးသီးတောင်၊ မောင်တောက စလို့ စစ်တွေ တောင်ကုတ်မြို့ အထိ ပြဿနာတက်ခဲ့ တာ အားလုံးအသိပါ။ အဲဒီတော့မှ မြန်မာ ပြည်သူ အများစု သတိထားမိ ကြတာ တစ်ခု ရှိပါတယ်။ မြန်မာ နိုင်ငံမှာ မိုးပေါ်က ကျလာတာလား၊ ငရဲပြည်က တက်လာတာလား၊ တောထဲက ထွက်လာတာလား မသိတဲ့ အရှင်လတ်လတ် လူမျိုးတစ်ခု ရောက်နေပြီဆိုပဲ။ အတန်းကျောင်း တွေမှာတောင် မသိခဲ့ ရတဲ့ လူမျိုး တစ်စု က မြန်မာ ဆိုပြီး တစ်ကမ္ဘာ လုံးက တောင် သိနေကြပြီတဲ့။ မသိတာက တော့ မြန်မာပြည်သူတွေပါ။ ပုံစံက ကိုယ်နေတဲ့ အိမ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး အိမ်ရှင်တွေ အိပ်ရာက နိုးလာချိန်မှာ “ငါက ဒီအိမ်က လေ မင်းတို့ မသိဘူးလား” လို့ မေးလိုက်သလိုပေါ့။

သူတို့ နာမယ်က ရိုဟင်ဂျာတဲ့၊ ဒါနဲ့ မြန်မာပြည်သူတွေလဲ ခေါင်းရှုပ်သွား တယ်လေ။ ၈၈ အရေး အခင်း တုန်းက တောင် မကြားဘူးခဲ့တာ ၊ အခုကြမှ ဘယ်လိုလုပ်ပြီး ဒီနာမည်တွေက ထွက်နေတာလဲ လို့။ ကမ္ဘာက ရိုဟင်ဂျာလို့ သိပါတယ် တဲ့ ။ ထူးဆန်းတယ်၊ သူတို့ တွေ က ဘယ်ကနေ ဘယ်လို သိနေကြရတာပါလိမ့်၊ သေခြာတာ ကတော့ သူတို့ ကို အဲဒီ လို လုပ်ကြံ စကား ပြောနိုင်တဲ့ ၊ သူတို့ ကိုနားဝင်အောင် ၊ ကမ္ဘာကို (ဆိုလိုတာက နောက်နိုင်ငံကြီးများနဲ့၊ တစ်ချို့သော နိုင်ငံများကို) ပြောနိုင်တဲ့ (ဒါမှမဟုတ်) စကားပေါက်တဲ့သူတွေ ရှိလို့ ပေါ့။ ကဲ … ဒါဆို ဘယ်သူတွေများလဲ …

တွေ့ပါပြီ ၊ မြန်မာ နိုင်ငံမှာ အကူအညီလို့ ဗန်းပြထားတဲ့ အဖွဲ့တွေ။ တစ်ခြားသူတွေ ဟုတ်ရိုးလား၊ ရခိုင်ဒေသမှာ ဘင်္ဂလီ တွေကို ကူညီနေတဲ့ အဖွဲ့ တွေ ပေါ့။ အင်း ပြောရမယ်ဆိုရင် ခေါင်းဆောင်ကြီး UNHCR, နောက်ထပ် UNDP, WFP, UNFPA စသဖြင့် ကု လ သမဂ္ဂ လက်အောက်ခံ လျှို့ဝှက် ပဉ္စမံ တပ်ဖွဲ့တွေနဲ့ အမျိုးသား သစ္စာ ဖောက် လောက်ကောင် တွေပြည့်နှက်နေတဲ့ AZG, ACF, Malteser International, Care International စသဖြင့် မြန်မာနိုင်ငံ ရဲ့ အမျိုးသားလုံခြုံ ရေးအတွက်အန္တရယ် အရှိဆုံး အဖွဲ့ အစည်းတွေပဲဖြစ်ပါတယ်။

အရင်းစစ်လိုက်တော့ သူတို့ကို တွေ့တယ်။ သူတို့ က အင်္ဂလိပ်စကားပေါက်တယ်။ အနောက်နိုင်ငံတွေ အနောက်က မီဒီယာ တွေကို စကားပေါက်တယ်လေ၊ ကုလ သမဂ္ဂ ကိုလည်း ပြောနိုင်တာ သူတို့ပဲရှိတယ်လေ။ ဇာတ်လမ်းကို ပြန်လိုက် ကြည့်လိုက်တော့ တွေပါပြီး၊ ၁၉၉၀ ကျော် ခုနှစ်လောက် ကတည်းက UNHCR က ရခိုင်မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်တောကို စပြီးဝင်တယ်။ သူတို့က ဘင်္ဂလားမှာအနေရကြပ်နေတဲ့ ဘင်္ဂလီတွေကို လက်ခံတယ်။ တိုးတိုးတစ်မျိုး ပေါ်တင် တစ်မျိုးပေါ့။ ပြီးတော့ ဒီဘက်မှာ စောင့်ရှောက်ထားတယ်။ ဘင်္ဂလီ တွေကို ဒုက္ခသယ်လို့ ပြောရရင် ဘင်္ဂလားဒေ့ရှ် ကို ပြန်ပို့ရမယ် ၊ ဘင်္ဂလားဒေ့ရှ် က လူဦးရေသိပ်များနေတော့ လက်ခံ နိုင်ဘူးလို့ပြောတယ်။ ဒီတော့ အဲဒီ အဖွဲ့အစည်း တွေ ဝင်ရောက်လာပြီး ကူညီမယ်လို့ လုပ်ကြတယ်။

ဘယ်လိုကူညီ ခဲ့ သလဲဆိုတော့ သူတို့ အရှေ့အလယ်ပိုင်း တွေက လာတဲ့ ရံပုံငွေ တွေကို ယူတယ်၊ ပြီးတော့ အဖွဲ့အစည်း တွေမှာ ဘင်္ဂလီတွေကို ခန့်တယ်။လက်အောက်ခံ လူ တွေမွေးတော့တယ်။ ဒါပေမဲ့လည်း မြန်မာ အစိုးရက သိမှာ စိုးလို့ တိုးတိုးတိတ်တိတ်ပဲလုပ်ကြတယ်။ လူဦးရေ တွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေတော့ အဲဒီအဖွဲ့အစည်းတွေက ဒီလူဦးရေ ကိုမြန်မာနိုင်ငံ ထဲကို သွတ်သွင်းဖို့ကြံကြတယ်။ နောက်ဆုံးတော့ အဲဒီ လောက်ကောင်တွေက အကြံ တစ်ခုရသွားတယ်။ ရခိုင်လို ရွင့်ဂျာ လို့ ခေါ်တဲ့ အခေါ် အဝေါ်ပဲ။ ရွင့်ဂျာ ဆိုတာက အခြေအနေ မရှိဘဲ တစ်ခြားနိုင်ငံက လာနေတဲ့သူတွေကို ပြောတာ။ ဒီတော့ အဲဒီ အဖွဲ့အစည်းတွေက ဘင်္ဂလီ လို ရိုဟင်ဂျာလို့ နာမည်ပြောင်းလိုက်ကြတယ်လေ။ ဒါကိုတော့ မြန်မာနိုင်ငံကို ချက်ချင်း အသိမပေးပဲ၊ သူတို့ရဲ့ အဖေတွေရှိတဲ့ အနောက်အုပ်စု မီဒီယာတွေ၊ အနောက်ကမ္ဘာက မြန်မာနိုင်ငံကို တောင် မကြားဘူးတဲ့သူတွေကို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု တစ်ခုရှိကြောင်း သူတို့ က အရမ်း ဆင်းရဲကြောင်း နဲ့ ဆယ်စုနှစ်ပေါင်းများစွာ အဖိအနိပ် ခံ နေရကြောင်းကိုပါပြောခဲ့တယ်လေ။ ၁၉၉၀ ကျော်လောက်ကတည်း က အခု အချိန် ထိ ပြောခဲ့ကြတော့ အနောက်ကမ္ဘာက လူတွေက မြန်မာကို မသိတော့ပဲ ရိုဟင်ဂျာကို ပဲ သိသွားတော့ တယ်။ ရိုးသားလှတဲ့ မြန်မာပြည်သူတွေကို ယုတ်မာစွာနဲ့ လုပ်ခဲ့ ကြတဲ့ ၊ ကြာကူလီ ဇာတ်ခင်းခဲ့ကြတာ ကတော့ လူ့အခွင့်အရေး ကိုဗန်းပြထားကြတဲ့ ၊ရခိုင်ပြည်နယ် မှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံတကာ က အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

သူတို့မှာ က အဖွဲ့အစည်း ရဲ့ မူဝါဒတွေရှိတယ်၊ ဒါပေမဲ့ ဘယ်လို လူ့အခွင့်အရေးကို ပဲဗန်းပြ ထားထား၊ သူတို့ ကြောက် ကြတာက တော့ အလှူရှင်တွေပဲဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းကို လှူတဲ့ အလှူရှင်တွေက မွတ်စလင်တွေကို တောက်လျှောက် ထောက်ပံ့ နေတဲ့ အရှေ့ အလယ်ပိုင်း က လေ။ သူတို့ က ဥရောပ သမဂ္ဂ နဲ့ ကုလသမဂ္ဂ ကနေ တဆင့် မြန်မာနိုင် ငံ သို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ လှူတယ်လေ၊ လှူလိုက်တဲ့ ငွေတွေကိုတော့ ခုနက ပြောခဲ့တဲ့ သစ္စာဖောက်လောက်ကောင် တွေရှိတဲ့ အဖွဲ့ တွေက ဘင်္ဂလီတွေအတွက်ပဲ သုံးတယ်။ ဒါမှ အ လှူရှင်တွေက ကြည်ဖြူမှာကိုး။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံကို အကြပ်ရိုက်စေတဲ့ အမျိုးသား ရေးအတွက် အန္တရယ် လှတဲ့ ရိုဟင်ဂျာ ပြဿနာ ဖြစ်သွားတော့ တာပါပဲ။

အဲဒီတော့ သူများမျက်နှာ (အလှူရှင့်မျက်နှာ) ကိုကြည့်ရတော့တဲ့ အဲဒီ အဖွဲ့အစည်းတွေဟာ သူများရိုဟင်ဂျာ ရင် ကိုယ်လည်း ဂျာ ရတော့ တာပါပဲ။ မဟုတ်ရင် ပိုက်ဆံမရတော့ပဲ ခွက်ဆွဲ ရတော့မယ်လေ။ (အခုလည်း လူကြီးလူကောင်း ဆန်ဆန် ခွက်စွဲ တောင်း စား နေရတာပါပဲ။) ပြောရမယ်ဆိုရင်တော့ ရခိုင် မြောက်ပိုင်း မှာ ခိုးဝင်နေတဲ့ ဘင်္ဂလီတွေဟာ သူတို့ အတွက်တော့ မျောက် အကြီးစားကြီးပါ ပဲ။ ဒါမှ ဆန်ကောင်းကောင်းများများ တောင်းလို့ရမယ်လေ။ ဥပမာ အခုနှစ် UNFPA အတွက် ချထားပေးတဲ့ အကူအညီပေးရေး ဒေါ်လာ ခုနှစ်သန်း မြန်မာနိုင်ငံကို ပေးခဲ့ ရာမှာ ရခိုင် မြောက် ပိုင်း က ဘင်္ဂလီတွေ အတွက် က ၄ သန်းတဲ့ လေ။ ကဲဒီလောက်ဆိုရင် မြန်မာကို ဒုက္ခ ပေးနေတဲ့ အကြံတွေကို သိလောက် ရောပေါ့။

Myanmar Express

ရေးရာကော်မတီများမှာ လွှတ်တော်ငယ်များဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

ဇူလိုင်လ (၉)ရက်နေ့ က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
ထမင်းစား နားချိန်တွင် ခေတ္တတွေ့ဆုံနှုတ်ဆက်နေကြစဉ်။
ဓာတ်ပုံ-သီဟ

ရေးရာကော်မတီ များသည် လွှတ်တော်တွင်းမှ လွှတ်တော် အငယ်လေး များဖြစ်ကြပြီး ကော်မတီများ၏ စွမ်းဆောင်အား မြင့်မားမှုအပေါ်မူတည်၍ လွှတ်တော်၏ တာဝန်ဖြစ်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အတွက် ဖော်ဆောင်နိုင် မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လွှတ်တော်အတွင်း၌ မေးခွန်းများ အဆိုများ ဥပဒေကြမ်းများ ဆွေးနွေးတင်ပြရုံမျှဖြင့် လွှတ်တော်လုပ်ငန်း တာဝန်များ ကျေပွန်ပြီ ဟု မှတ်ယူ၍ မရကြောင်း ဥက္ကဋ္ဌကပြောကြားသည်။ “ကော်မတီအသီးသီးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆက်နွှယ်ဆက်စပ်သည့် အဖွဲ့အစည်းများအချင်းချင်းအပြန် အလှန် ထိန်ုးညှိကူညီဆောင်ရွက်မှုများ ပါဝင်မှသာလျင် လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းကပြောကြားသည်။

သူရဦးရွှေမန်းက သြဂုတ်(၇) ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ကိုယ်စားလှယ်များအား မှတ်ချက်ပြုပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

7Day News Journal

သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား


ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်သော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်း တိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံး အခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

မစန်းစန်းဝင်း သေဆုံးမှု မြန်မာသံရုံးက အမှုဖွင့်ရန်ပြင်ဆင်


ဘန်ကောက်မြို့အနီးမဟာချိုင်နယ်မြေ အုန်းနွဲ့ စိုင်ဟတ် တွန်းစွန် ကြက်သားအလုပ်ရုံ အလုပ်သမား မစန်းစန်း ၀င်း အဓ္ဓမပြုကျင့်ခံရပြီး၅ထပ်တိုက်ပေါ်မှပစ်ချ၍ သေဆုံးမှုအတွက် မြန်မာသံရုံးကထိထိရောက်ရောက်ကူညီ နေပြီဖြစ်ေ ကြာင်း သိရှိရသည်။သြဂုတ်လ ၂ ရက်နေ့က ငါးထပ်တိုက်ပေါ်မှ ပစ်ချခံရပြီးမဟာချိုင်အမှတ်၂ဆေးရုံတွင် ဆေးဝါးကုသမှုခံရင်း သြဂုတ်လ ၄ ရက်နေ့ ညဥ့် ၈နာရီခန့် ကသေဆုံးခဲ့သောမစန်းစန်းဝင်းအလောင်းအားအဆိုပါ ဆေးရုံမှ ဘန်ကောက်မြို့ စီရီလတ်(ဘုရင်ဆေးရုံ) ဆေးရုံကြီးသို့ဆောင်ပေးခဲ့ကြောင်း မြန်မာသံရုံက ဆက်လက် စုံစမ်း သည့်အခါမှ သိရှိရသည်။

မြန်မာအလုပ်သမား အရာရှိ ဦးကျော်ကျော်လွင် က“ သေဆုံးသူအတွက်သဂြိုဟ် စရိတ်နဲ့ နစ်နာ ဆုံးရှုံးမှုတွေ ရရှိအောင်ကျနော်တို့စီစဉ်နေပါတယ်”ဟုပြောသည်။မစန်းစန်းဝင်း ဆေးရုံပေါ်တွင် ရှိနေစဉ်အတွင်း မစန်းစန်းဝင်း ၏ ခင်ပွန်းကိုအောင် နှင့် မိသားစုဝင် အချို့ အပါအ၀င် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့က PHOKAEN ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့ကြသော်လည်း ရဲစခန်းက အမှုဖွင့်လက်မခံခဲ့ပါ။

အလုပ်သမားများအား အချက်အလက်ယူခြင်း ဓါတ်ပုံရိုက်ခြင်းများလာရောက်လုပ်ကိုင်သည့် BAT အဖွဲ့ ကို ကွန်တို တိုက်ပိုင်ရှင်ထိုင်းအမျိုးသားက လုပ်နိုင်မှ ဓါတ်ပုံရိုက်ပါ မေးမြန်းပါ ဟုပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်ကျော်ခန့် က လည်း အဆိုပါ ကွန်တိုတိုက် ၄ထပ် တွင်မြန်မာအမျိုးသမီးငယ်တစ်ဦးအား အဓ္ဓမပြုကျင့်ပြီး လည်ပင်း ကိုလှီးဖြတ်သေဆုံးမှုဖြစ်ခဲ့သော်လည်း အမှုမှန်ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့ကြောင်း၎င်းကွန်တို တိုက်တွင် ၃နှစ်ခန့် နေထိုင်ဖူးသူ အလုပ်သမား ကိုမိုးဇော်ဝေကပြောသည်။

မစန်းစန်းဝင်း သေဆုံးပြီးနောက်နေ့မှာပင် အလားတူ ဘုန်းကြီးေ ကျာင်းအလှူ ခံစာရွက်နှင့် ထိုင်းများလာရောက် အလှူခံနေပြန် သဖြင့် မြန်မာအလုပ်သမားများ မှာ ပိုမိုစိုးရိမ်နေကြသည်။

ကျောက်တန်းရေလယ်ဘုရား ရေလွှမ်းသတင်းအားငြင်း ပယ်ပါသည်


သြဂုတ်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းသတင်းဂျာနယ်မှာ သတင်းထောက် “ဖူးပွင့်သော်”က ““ကျောက်တန်းရေလယ်ဘုရား ၀ါဆိုလပြည့်နေ့၌ ရင်ပြင်ပေါ် အထိ မကြုံစဖူးရေလွှမ်း””ဆိုပြီး ကိုယ်တိုင် ကြုံတွေ့ခြင်းမဟုတ်ဘဲ သတင်းကြားနဲ့ ရေးလိုက်တဲ့ သတင်းကို ဖတ်လိုက်ရတဲ့အခါ နယ်ခံသတင်းထောက်တစ်ယောက် အနေနဲ့ အံ့သြတုန်လှုပ်ခဲ့ရသလို ရပ်ဝေးမိတ်ဆွေများရဲ့ စုံစမ်းမေး မြန်းသည်ကို ဖြေပေးနေရတဲ့ ပင် ပန်းမှုဒုက္ခကိုလည်း ခံစားရပါ တယ်။

သတင်းမှာပါသလို ဘုရား ပေါ်ရောက်နေကြတဲ့လူတွေအား လုံးကြောက်ပြီး ကမ္ဘာပျက်မတတ် ဘဲ ရေတွေတက်လာတာ အရမ်း မြန်တယ်။ လူကြီးအရပ်တောင် ဒူးလောက်မြုပ်တယ်ဆိုတာတွေက တော့ လွန်လွန်း(ပိုလွန်း)ပါတယ်။ မြို့ဘက်ရေလယ်ဘုရားလမ်း ပေါ် ရေကျော်လို့ ရေထဲလျှောက် သွားနေတဲ့အချိန်မှာ စေတီတော် ရင်ပြင်မှာ ရေကျော်ခြင်းမရှိတာ ဒေသခံပြည်သူတွေအသိ ဖြစ်ပါ တယ်။ မည်သည့်ကာလတွင်မှ မဖြစ်ခဲ့ဖူး၊ မမြင်တွေ့ခဲ့ဘူးပါ။

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီ တော်တည်ရှိရာ မှော်ဝန်းမြစ်ဟာ ပင်လယ်နဲ့နီးတဲ့အတွက် ရေတက် ရေကျရှိပေမယ့် ဒီရေတက်သလို မပြင်းထန် မမြန်ပါ။ အခုသတင်း က ဆူနာမီလာသလို ရေးထား တာဖြစ်နေပါတယ်။ နာဂစ်မုန် တိုင်းကာလ ရေကြီးစဉ်ကလည်း စေတီရင်ပြင်ကို ရေမလွှမ်းခဲ့ပါ။ မြတ်ဗုဒ္ဓတန်ခိုးတော်ကြောင့် စေတီတော်အောက်မှာ အပျက် အစီးမရှိ၊ အုန်းပင်များပင် ပကတိ အတိုင်းရှိနေတာ ဘုရားဖူးများ မြင်တွေ့နေကြပါတယ်။

ဤကဲ့သို့ တန်ခိုးတော်အနန္တ နှင့် ပြည့်စုံတော်မူသော စေတီ တော်သို့ လာရောက်ဖူးမြော်ကြ မည့်သူများ ထိတ်လန့်စေရန် မမှန် သတင်းရေးသားခြင်းများကို ရှောင်ရှားသင့်ပါသည်။

သတင်းတွင် ရေးသားသကဲ့ သို့ ဘုရားဖူးများ အန္တရာယ်မဖြစ် ပေါ်စေရန် ထပ်မံစေလွှတ်ခြင်း မရှိ ဆိုသည်မှာလည်း မမှန်ပါ။ ဘုရားဖူးပြီး ပြန်လိုသူများ များ ပြားသည့်အတွက် စက်သမ္ဗန်များ အားလုံး သွားရောက်ကြိုဆိုခြင်း ဖြစ်ပြီး ကျန်ဘုရားဖူးများကိုလည်း ညနေ ၅ နာရီအထိ ပို့ဆောင်ပေး ကြောင်း တာဝန်ကျ ရေယာဉ် တာဝန်ရှိသူများအား အသိပင် ဖြစ်ပါသည်။

ရန်ကုန်တိုင်းဂျာနယ်က သတင်းထောက်ဖူးပွင့်သော်၏ မမှန်သတင်း တင်ပြခြင်းကြောင့် ဒေသခံပြည်သူများ စိတ်မချမ်း မြေ့ ၀မ်းနည်းမှုဖြစ်ကြရသလို ပြည်ပမှလာရောက်ကြသူများအနေ ဖြင့် ရှေးဟောင်းသမိုင်းဝင် ကျိုက် မှော်ဝန်းရေလယ်စေတီအပေါ် သက်ဝင်ယုံကြည်မှု လျော့ပါး သွားမည်ဆိုပါမူ…။

ရှစ်လေးလုံး အခမ်းအနားအတွက် ၀န်ကြီးများ ငွေလှူ


မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းရဲ့ ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုတွေထဲက အကြီးမားဆုံး လှုပ်ရှားမှုကြီးလို့ ဆိုရမယ့် ရှစ်လေးလုံး အရေးတော် ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ ၂၄ နှစ် ပြည့် နှစ်ပတ်လည် အခါသမယမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေး ဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ ဒီအတောအတွင်း ဒီ နှစ် ပတ်လည် ပွဲ ကျင်းပဖို့ အခမ်းအနား ပြင်ဆင်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဆီကို ပြည်ထောင်စု ၀န်ကြီးတွေ ကိုယ်တိုင် သွားရောက် အားပေးခဲ့ပြီး အခမ်းအနား ကျင်းပရေး အတွက် အလှုငွေ ထည့်ဝင် လှုဒါန်းသွားခဲ့ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့အနေနဲ့ အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးသင့်ပြီလို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီး က တောင်းဆို လိုက်ပါတယ်။

ကိုကိုကြီး ။ “နိုင်ငံသားတွေအားလုံး ပါဝင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ဆိုရင် ထောင် အသီး သီးမှာ အကျဉ်းကျနေကြခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဆက်စပ်ပြီးတော့ ထိန်းသိမ်း ခံနေရတဲ့ သူတွေကို လွှတ်ပေးဖို့က အရေးကြီးဆုံးပါ၊ နောက် ကျနော် တို့ နိုင်ငံမှာ အရေးတကြီးလိုအပ်နေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ပြောရင် သမိုင်း ကို မှန်မှန်ကန်ကန် လက်ခံနိုင်ဖို့ အရေးကြီးပါတယ်၊ အဲလို လက်ခံတဲ့ နေရာမှာ နိုင်ငံရေး အကျဉ်း သားတွေ နိုင်ငံရေးကြောင့် ထိန်းသိမ်း ခံထားရတဲ့သူတွေကို အသိအမှတ်ပြုဖို့ဟာလည်း အရေးကြီး ဆုံးပါ၊ ဒီတော့ ဒီနေ့ ဒီအချိန်ခါမှာ ထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်ရေးနဲ့ နိုင်ငံအသီးသီးမှာ ရောက်ရှိ နေ တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ အားလုံး အာမခံချက်ရှိရှိနဲ့ ကိုယ့်နိုင်ငံကို ပြန်လာနိုင်ဖို့ ဟာ နိုင်ငံ ပြုပြင်ပြောင်းလဲရေး၊ ပြန်လည် ထူထောင်ရေး အတွက် အရေးကြီးဆုံး လို့ ပြောချင်ပါ တယ်”

ရှစ်လေးလုံးရဲ့ ထူးခြားချက်ဟာ ခေါင်းဆောင် တဦးတယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ဖြစ်ပေါ်ခဲ့တာ မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖိနှိပ်ခံ တပါတီ အာဏာရှင်စံနစ်အောက်က လွတ်မြောက်အောင် တတိုင်းပြည်လုံးက တညီတညွတ်တည်း တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တဲ့ အတွက် ဒါဟာ တိုင်းပြည် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေမှာ လူထုရဲ့ အခန်းကဏ္ဍ အရေးကြီး တယ်ဆိုတာကို ပြသလိုက်တာပဲလို့လည်း ကိုကိုကြီးက ပြောပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ အဲဒီ လူထု ဆန္ဒပြပွဲတွေ၊ သပိတ်စခန်းတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေလည်း တခုချင်း ဖြိုခွင်း ဖျက်ဆီးခံ ခဲ့ရပြီး ထောင်ပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ကြရတာပါ။ အဲဒီအချိန်က စလို့ မြန်မာနိုင်ငံဟာလည်း စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အမှောင်ဖုံးတဲ့ ခေတ်တခေတ် ကို ဖြတ်သန်းခဲ့ရပြန်ပါတယ်။

ဒီနှစ်ပတ်လည်ပွဲ ကျင်းပဖို့ အခမ်းအနား ပြင်ဆင်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရှိရာ မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးကျောင်း အလယ် တိုက် ရှိရာကို အင်္ဂါနေ့ ညနေစောင်း မှာပဲ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်ကြတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်း တို့ လာရောက် အားပေး ခဲ့ကြပြီး အလှုငွေတွေပါ ထဲ့ဝင်သွားတဲ့အတွက် ဒါဟာ အစိုးရအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို တနည်းအားဖြင့် အသိအမှတ်ပြုလိုက်တာပဲလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

ကိုကိုကြီး ။ “ပြည်ထောင်စုဝန်ကြီးတွေပေါ့နော်.. စက်မှုဝန်ကြီး ဦးစိုးသိန်း နဲ့ ရထားဝန်ကြီး ဦးအောင်မင်း.. သူတို့အဖွဲ့ လာပြီးတော့ ကျနော်တို့ အခမ်း အနား ပြင်ဆင်နေတဲ့ နေရာကို လာပြီးတော့ ဆရာတော်တွေကိုလည်း န၀ကမ္မအလှူငွေ နှစ်သိန်း လှူဒါန်းသွားတယ်၊ ပြီးတော့ ကျနော် တို့ကိုလည်း ဒီအခမ်းအနားအတွက် ၁၀ သိန်းပေါ့၊ ဦးအောင်မင်းက ၅ သိန်း၊ ဦးစိုးသိန်းက ၅သိန်း၊ ကျနော်တို့ကို လှူဒါန်း သွားတယ်၊ ဒါ ပြည်ထောင်စု ၀န်ကြီးတွေ အနေနဲ့ ၈ လေးလုံး အထိမ်းအမှတ်ပွဲကို အခမ်းအနားနေ့မှာ မတက်ရောက်နိုင်ပေမဲ့ သူတို့ ခုလို လာပြီးတော့ ပူးပေါင်း ဆောင်ရွက်မှု ပြတယ်ဆိုတာဟာ ကျနော်တို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာကောင်းတွေလို့ ကျနော်တော့ မျှော်လင့်ပါတယ်။ ခုလိုမျိုး ပြည်ထောင်စု ၀န်ကြီး တွေ အဆင့် လာရောက်ပြီးတော့ အခမ်းအနား ပြင်ဆင်နေတဲ့ နေရာမှာ လာရောက်ပြီးတော့ အားပေး သွားတယ်၊ ဆွေးဆွေးနွေးနွေးနဲ့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လက္ခဏာဟာ ၈လေးလုံး အရေးတော်ပုံကြီးအပေါ်မှာ ထားတဲ့ သဘောထားပေါ့လေ၊ ဒါ ပျော့ပြောင်းတဲ့ သဘောထား၊ အရေးတော်ပုံကြီးကို အသိအမှတ်ပြုတဲ့ သဘောထားကို ပြသတယ်လို့ ကျနော်တော့ အဲသလို ယူဆပါတယ်”

မနက်ဖြန် ကျင်းပမယ့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲဟာလည်း ဖြတ်သန်းလာခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွင်း အသက်ပေး စတေး ခဲ့ကြသူ တွေ၊ အနစ်နာခံခဲ့ကြသူတွေအားလုံးအတွက် ရည်စူးပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသားခေါင်းတဦးဖြစ်သူ ကိုပြုံးချိုက ပြောပါတယ်။

ကိုပြုံးချို ။ “ကျနော်တို့က အနစ်နာခံ ဆုံးရှုံးသွားခဲ့ရတဲ့ လူတွေအတွက် အမြဲတမ်း အမှတ်ရနေ တာ ဖြစ်တယ်၊ ကျနော်တို့ ဘာတွေပဲ လုပ်နေ လုပ်နေ သူတို့တတွေရဲ့ ရည်မှန်းချက်တွေ၊ ယုံကြည် ချက်တွေ အပေါ်မှာပဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်နေတာ ဖြစ်တယ်၊ ကျနော်တို့နဲ့အတူတူ လက်တွဲ ခဲ့ကြ တဲ့ သူတွေ ဒီလို လမ်းခွတ်လပ်မှာ ကျဆုံးခဲ့ကြရသူတွေအတွက် ကျနော်တို့ တတ်နိုင် သလောက် ကုသိုလ်ပြုတယ်၊ အမျှအတန်း ပေးဝေတာ ဖြစ်တယ်၊ ပြီးတော့ သူတို့ရဲ့ ယုံကြည် ချက်တွေ အတွက် သူတို့ရဲ့ လိုလားမှုတွေအတွက်၊ ကျနော်တို့ ဒီမှာ စုဝေးကြပြီးတော့ ဘယ်လို အကောင်းဆုံး ဖော်ဆောင် နိုင်မလဲ.. သူတို့ရဲ့ ရည်မှန်းချက်တွေ၊ ကျနော်တို့ ပေးခဲ့တဲ့ ကတိတွေကို ဘယ်လောက်ထိ ပြည့်ပြည့်၀၀ နဲ့ ညီညီညွတ်ညွတ် ပါဝင်ဆောင်ရွက်နိုင်မလဲ ဆိုတာတွေပါ ကျနော် တို့ ဒီမှာ အချင်းချင်း မျှဝေကြမှာ ဖြစ်ပါတယ်”

ဒီ အခမ်းအနားကို နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေ၊ ပြည်နယ်တိုင်းအသီးသီးက ကိုယ်စားလှယ်တွေ တတ်နိုင်သလောက် အများဆုံး တက်ရောက်နိုင်အောင် စီစဉ် ဖိတ်ကြားထား တယ် လို့ ကိုပြုံးချိုက ပြောပါတယ်။ မနက်ဖြန်ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ရဲ့ Facebook အင်တာနက် စာမျက်နှာကနေလည်း တိုက်ရိုက် ထုတ်လွှင့် သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ခင်ဗျား။

ရိုဟင်ဂျာတွေကို အကူအညီပြန်ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂ တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အကူအညီ ပြန်ပေးခွင့်ပြုဖို့ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အကူအညီတွေသာ ဆက်ပေးလို့ မရဘူးဆိုရင် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာ ကြီးမားတဲ့အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့လည်း ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက သတိပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox Bazar ဒေသမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံ တကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO သုံးခုကို သူတို့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေး နေ့မှာ ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

သြဂုတ်လ ၇ ရက်၊ အင်္ဂါနေ့မှာတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ Action Against Hunger နဲ့ Muslim Aid UK အဖွဲ့တွေရဲ့ အကူအညီပေး လုပ်ငန်းတွေကို ပြန်လုပ်ခွင့်ပြုဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။

“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြပြီး တရားဝင် မှတ်ပုံတင် မထားရသေးတဲ့ လူ ၄၀,၀၀၀ လောက်အတွက် အကူအညီတွေ ဆက်ပေးခွင့်ပြုဖို့ UNHCR က ဘင်္ဂလားဒေ့ရှ်အစိုးရကို ပန်ကြားထားပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင်န် နီဆားကီး (Martin Nesirky) က သြဂုတ်လ ၇ ရက်နေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း UNHCR ရဲ့ တိုက်တွန်းချက် ကို ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဲဒီညွှန်ကြားချက်အတိုင်းသာ လိုက်နာရမယ်ဆိုရင်တော့ Leda နဲ့ Kutupalong ဒေသတွေက ဖြစ်သလိုဆောက်ထားတဲ့ စခန်းတွေမှာ နေနေကြတဲ့ မကြာသေး ခင်နှစ်တွေအတွင်း မြန်မာနိုင်ငံကနေထွက်ပြေးသွားကြသူ လူပေါင်း ၄၀,၀၀၀ လောက်ဟာ ဆိုးရွားတဲ့ လူသား ဘေးဒုက္ခ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြရပါမယ်လို့ UNHCR ရဲ့ ပြောရေး ဆိုခွင့်ရှိ သူ အေဒရီယန် အက်ဒွပ်ဒ်စ် (Adrian Edwards) ကလည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် NGO တွေဆီကနေ အခြေခံ ၀န်ဆောင်မှုတွေကို ရနေတဲ့ အဲဒီစခန်းတွေနဲ့ အနီးအနား မှာ နေထိုင်ကြတဲ့ ဒေသခံတွေ အပေါ်မှာလည်း သက်ရောက်မှုရှိလိမ့်မယ်လို့ အေဒရီယန်က ဆိုပါ တယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြန်စဉ်းစားဖို့ UNHCR က တိုက်တွန်းပါတယ်။

“နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့လူတွေအပေါ် နွေးထွေးစွာ ကြိုဆို အကူအညီပေးခဲ့တဲ့ အစဉ်အလာအတိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြီး စဉ်းစားဖို့ ဒုက္ခသည်အေဂျင်စီက တိုက်တွန်းထားပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆားကီးပါ။

နိုင်ငံတကာ NGO တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတာဟာ သူတို့ကိုခွင့်ပြု ထားတဲ့ လုပ်ပိုင်ခွင့်ဘောင်ထက် ကျော်လွန် လုပ်ဆောင်နေသလို သူတို့ လုပ်ရပ်တွေက နောက်ထပ် ဒုက္ခသည်တွေ ထပ်ပြီး ထွက်ပြေးလာအောင် အားပေးသလိုဖြစ်နေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ၊ NGO ရေးရာဆိုင်ရာဌာနကနေ NGO သုံးဖွဲ့ဆီ ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် အကူအညီ ပေးနေတာတွေကို ရပ်ပစ်ပါလို့ ညွှန်ကြားခဲ့တာပါ။

အခု ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အိမ်မီးရှို့တာတွေ ထပ်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ လည်း UNHCR အနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်နေတယ်လို့ မစ္စတာ နီဆားကီးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ရတဲ့ အဓိကရုဏ်းတွေကြောင့် ဘေးဒဏ်သင့်ရသူ လူပေါင်း ၄၀,၀၀၀ ကျော် အတွက် ပလပ်စတစ် အခင်းတွေ၊ စောင်တွေ၊ ဖျာတွေ၊ ခြင်ထောင်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို UNHCR က အကူအညီပေးခဲ့တယ်လို့ ဇူလိုင်လ ၇ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP လို တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း စားနပ်ရိက္ခာ အကူအညီတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဘက် ရောက်တဲ့အချိန်တုန်းကတော့ ဒေသခံတချို့က ကုလသမဂ္ဂအလိုမရှိဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး ဆန္ဒပြတာကို ကြုံခဲ့ရပါတယ်။