Thursday, July 5, 2012
ဘင်္ဂလီဆိုင်ခန်းများအား ပြောင်းရွှေ့ခိုင်းပြီးနောက် စစ်တွေမြို့မဈေးကြီး ပြန်ဖွင့်မည်
လွန်ခဲ့သည့်(၂)ပါတ်အကြာကတည်းကပိ တ်ထားရသောစစ်တွေမြို့မဈေးကြီးကိုဇွန်လ(၄)ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရှိရရှိသည်။
“ဈေးအတွင်းမှာရှိတဲ့ဘင်္ဂလီတွေပိုင်တဲ့ဆိုင်ခန်းတွေကပစ္စည်းတွေကိုထုတ်လိုက်ပါပြီ၊ရခိုင်ဆိုင်ခန်းတွေပဲ ကျန်ပါတော့တယ်’’ဟု မြို့မဈေး အနီးမှ ဒေသခံတစ်ဦးကပြောသည်။
ယနေ့တွင်စစ်တွေမြို့မြို့မဈေး၌တာဝန်ရှိသူတို့အစည်းဝေးပြုလုပ်၍ဇွန်လ(၄)ရက်နေ့ဖွင့်လှစ်နိုင်ရန် ဆုံးဖြတ်ခဲ့ပြီးစစ်တွေမြို့မဈေး အတွင်းရှိဘင်္ဂလီဆိုင်ခန်းများမှပစ္စည်းများကိုပိုင်ရှင်များသို့ပေးအပ်ခဲ့ပြီးနောက်ဈးကို ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
“မနက်ဖြန် မနက် ၈နာရီမှာ သံဃာတော်တွေပင့်ပြီးတော့ ဈေးကို ပရိတ်နာပါမယ်၊ နေ့လည်ပိုင်းလောက် မှာတော့ ဖွင့်ဖြစ်ဖို့ များပါတယ်၊အခု စည်ပင်က လူကြီးတွေနဲ့ ဈေးက တာဝန်ရှိသူတစ်ချို့ အစည်းဝေး လုပ်ကြ ပါတယ်”ဟု စစ်တွေမြို့မဈေးကြီးတွင် တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။
လူမျိုးရေးအဓိကရုဏ်းများကြောင့်စစ်တွေမြို့ မြို့မဈေးကြီးကိုယခုလ (၈)ရက်နေ့က အရေးပေါ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
“စစ်တွေအခြေနေမှာတည်ငြိမ်နေပါတယ်၊ပထမတော့ဈေးကိုဘင်္ဂလီတွေလာပြီးမီးရှို့မယ်ဆိုတဲ့သတင်းတွေထွက် လာကြောင့် မြို့မဈေးကို မဖွင့်ပါဘူး၊ အခုဆိုရင် မြို့မဈေးမှာဘင်္ဂလီဈေးဆိုင်ခန်းတွေက ပစ္စည်းတွေ ကို ပိုင်ရှင်တွေနဲ့ထုတ်ယူပြီး ဘင်္ဂလီတွေနေထိုင် တဲ့နေရာတွေဆီ ရွှေ့ပြောင်းလိုက်ပါပြီ၊ ဒါကြောင့် ဈေးဆိုင်ကို လည်းဖွင့်ဖို့အတွက် တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ’’ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
ဒေသခံအများစုကမူစစ်တွေမြို့မဈေးကြီးအမြန်ဖွင့်ရန် လိုလားနေကြကြောင်းသိရသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့မဈေးကြီးအတွင်း လုံခြုံရေးချထားဆဲဖြစ်သည်။
“မေယုဈေးတော့ဖွင့်ထားပါပြီ မြို့မဈေးကြီးပဲဖွင့်ဖို့ကျန်ပါတော့တယ်’’ဟုမေယုဈေးတွင်း ဈေးရောင်းနေသူ ဦးလှဝင်းကပြောသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ( ၉ ) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ တက်ရောက်ကြသည်။ရှေးဦးစွာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားသည်။
ပြောကြားချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-
ကျွန်တော်တို့ အစိုးရဟာ ပြည်သူများက ရွေးချယ်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့သဘောထားကို လေးစားလိုက်နာရမှာဖြစ်ပြီး ပြည်သူအများစုရဲ့ဆန္ဒကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တာဝန်ရှိလာ ပါတယ်။ပြည်သူရဲ့ သဘောထားဟာ စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ ပြောင်းလဲရန် ဖြစ်ပြီး ပြည်သူအများစုရဲ့ဆန္ဒဟာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးပင် ဖြစ်ပါတယ်။စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက် ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲ (Change) ကို လိုလား နေခြင်းဖြစ်ပါတယ်။ ထိုသို့ပြောင်းလဲရာမှာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ နိုင်ငံရေးနှင့် စီးပွားရေးကို ဦးတည်ပြောင်းလဲရမှာ ဖြစ်ပါတယ်။
သို့သော်လည်း ပြုပြင်ပြောင်းလဲမှု အားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် အဲဒီလုပ်ငန်းစဉ် အားလုံးသည်ပင် စနစ်သစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်ရန် ဖြစ်ပါတယ်။နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ အရာရာကို Rule of Law အတိုင်းဖြစ်ရန် အားထုတ်ကြိုးပမ်းရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ပဋိပက္ခ၊ တစ်နည်း အားဖြင့် လူမျိုးစု လက်နက်ကိုင် တိုက်ပွဲများ အဆုံးမသတ်နိုင်ခြင်းဟာ စီးပွားရေးတိုးတက်မှု ကို အဟန့်အတားဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုများ ပြန့်နှံ့တည်ရှိနေခြင်းဟာ ဒီမိုကရေစီနိုင်ငံရေးကျင့်စဉ် တည်ဆောက်ရာမှာ Rule of Law ခိုင်ခန့်မှုကို များစွာအားနည်းစေပါတယ်။
ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပဋိပက္ခ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရေးဟာ နိုင်ငံတော် တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ပင် ဖြစ်ပါတယ်။စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ခိုင်မာနေရန် လိုအပ်ပါတယ်။ အလားတူ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ခိုင်မာရန်အတွက် တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်စေရန် နိုင်ငံရေးနဲ့ စီးပွားရေးအခွင့်အလမ်းများကို တန်းတူညီမျှ ဖန်တီးပေးရန် လိုအပ်ပါတယ်။အဲဒီလို ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ တိုင်းရင်းသားပဋိပက္ခများ ပြေလည်ရေးကိုပါ ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။
အဲဒီလိုပြုပြင်ပြောင်းလဲ ဆောင်ရွက်မှသာ အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေး နဲ့ တိုင်းရင်းသားပဋိပက္ခများ ပြေလည်မှာနိုင်မှာ ဖြစ်ပါတယ်။ကျွန်တော်တို့ တိုင်းရင်းသားအားလုံးဟာ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်း အမိုးအကာ တစ်ခုထဲအောက်မှာ သမိုင်းအစဉ်အဆက် အတူတကွ နေထိုင်လာကြသူများ ဖြစ်ကြပါတယ်။ အိမ်ထောင်စုတစ်စုအတွင်းမှာပင် ဒီအဖေ၊ ဒီအမေကမွေးဖွားလာကြပေမယ့် သားသမီးများထဲမှာ အသားအရောင်မတူသူ၊ အရပ်အနိမ့်အမြင့် မတူသူ၊ စိတ်နေစိတ်ထား မတူသူ၊ ဓလေ့စရိုက်မတူသူ ဆိုပြီး ရှိတတ်ကြတဲ့အတွက် တိုင်းရင်းသားအချင်းချင်း မတူကွဲပြားမှုဟာ အဓိက မဟုတ်ဘဲ ပြည်ထောင်စုကြီးကိုချစ်မြတ်နိုးတဲ့ ပြည်ထောင်စု စိတ်ဓာတ်သည်သာ အဓိကဖြစ်ပါတယ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြတဲ့အတွက် တန်းတူရည်တူဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေး ရသင့်သူများဖြစ်ကြပါတယ်။
တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ ပြည်ထောင်စုအတွင်း တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာအခွင့်အရေးရရှိရေးပင် ဖြစ်ပါတယ်။၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသား များ၏မူလအခွင့်အရေးများ ပုဒ်မ ၃၄၈ မှာ “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ” ဆိုပြီးတော့ ဥပဒေဖြင့် အကာအကွယ် ပေးထားပြီးဖြစ်ပါတယ်။ တဖန် ပုဒ်မ ၃၄၇ မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာ တွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ဆိုင်ခွင့်ပေးရမည် ” လို့ ပါရှိပါတယ်။
တိုင်းရင်းသားများ လူမျိုးစုအလိုက် မိမိတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဓလေ့ထုံးတမ်းများနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၅ မှာ “နိုင်ငံသားတိုင်း သည် ဥပဒေနှင့် အညီ မိမိတို့ အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်” လို့ ဖော်ပြပါရှိတာကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မထိခိုက်အောင်၊ အခြား တိုင်းရင်းသားလူမျိုးတစ်ဦး သို့မဟုတ် အများကို မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများပြဋ္ဌဌာန်းပေးပြီး ခေတ်စနစ်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုရင် တိုင်းရင်းသား တို့ရဲ့ လိုအင်ဆန္ဒပြည့်ဝကြမယ့်အပြင် အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနဲ့ တိုင်းရင်းသားပဋိပက္ခများကိုပါ ပြေလည်သွားစေမယ်လို့ ယုံကြည် ပါတယ်။
ဒါ့ကြောင့် တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးတဲ့ ဥပဒေအရ ပြဋ္ဌဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများနဲ့ အခြားသော တိုင်းရင်းသား အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌဌာန်း ပေးမယ်ဆိုရင် မိမိတို့တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျှင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီကို အဖွဲ့ဝင် (၁၁) ဦး ဖြင့် ၂၀၁၂ ခုနှစ်၊ မေလ (၃) ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဦးစီးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကိုလည်း အဲဒီနေ့မှာပဲ အဖွဲ့ဝင်(၅၀) ဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါတယ်။ အဖွဲ့ဝင်များထဲမှာ တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီး (၈) ဦး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့ များမှ ဝန်ကြီးချုပ် (၁၀) ဦး၊ တပ်မတော်မှ တိုင်းမှူး(၁၀) ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တိုင်းရင်းသား (၁၀) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသား (၉) ဦး၊ ဒုတိယဝန်ကြီး (၁) ဦးနဲ့ ဒုတိယရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နဲ့ ပြည်ထောင်စုလွှတ်တော်အဆင့် ဆိုပြီး အဆင့် (၃) ဆင့် ပိုင်းခြားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှာ လုပ်ငန်းတာဝန် (၅) ရပ်နဲ့ ပြည်ထောင်စုအဆင့်မှာ လုပ်ငန်းတာဝန်(၈)ရပ်တို့ကို မူဝါဒအဖြစ် ချမှတ် ပေးထားပြီး ဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားပေါင်းစည်း ညီညွတ်ရေးနဲ့ တိုင်းရင်းသားပဋိပက္ခများ ပြေငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုများနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ချမှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်များ အတိုင်း အောင်မြင်သည်အထိ စိတ်ရှည်သည်းခံမှု၊ နားလည် စာနာမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားအပ်ပါတယ်။
ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဌ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြ ကြသည်။ယင်းနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို နံနက် (၁၀) နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။
မူရင်းသတင်းက ဒီမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သူ ပြင်သစ် သမ္မတဟောင်း နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များ ရှာဖွေ
တရားမဝင် ရွေးကောက်ပွဲ ရန်ပုံငွေ ကောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး ပြင်သစ် သမ္မတဟောင်း ဆာကိုဇီ၏ နေအိမ်နှင့် ရုံးခန်းကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေလျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
၂၀၀၇ ရွေးကောက်ပွဲ ကာလအတွင်း L’Oreal အလှကုန် လုပ်ငန်းပိုင်ရှင် ပြင်သစ် နိုင်ငံ၏ အချမ်းသာဆုံး အမျိုးသမီး Liliane Bettencourt ထံမှ တရားမဝင် ရွေးကောက်ပွဲ ရန်ပုံငွေ ကောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမူများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် သမ္မတဟောင်း ဆာကိုဇီသည် မိသားစုဝင်များ နှင့်အတူ ကနေဒါနိုင်ငံသို့ ရောက်ရှိ နေကြောင်း ၎င်း၏ ရှေ့နေဖြစ်သူ Thierry Herzog က AFP သတင်းဌာနကို ထုတ်ဖော် ပြောကြားသွားသည်။
ပြင်သစ်နိုင်ငံတွင် လူတစ်ဦးချင်းစီ၏ ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင်နိုင်မူ ပမာဏကို ၄၆၀၀ ယူရိုငွေ ထိသာ ခွင့်ပြုထား သော်လည်း L’Oreal အလှကုန် လုပ်ငန်းပိုင်ရှင် ထံမှ ရန်ပုံငွေ ယူရို ၁၅၀,၀၀၀ ထိ တရားမဝင် ကောက်ခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဆာကိုဇီသည် မေလအတွင်းက ကျင်းပခဲ့သော ပြင်သစ် သမ္မတရွေးကောက်ပွဲတွင် ဆိုရှယ်လစ် သမ္မတလောင်း ဟော်လန်ဒီကို ရှုံးနိမ့်ခဲ့၍ ပြင်သစ်သမ္မတ အဖြစ်မှ နုတ်ထွက် ခဲ့ရသည်။
ထိုကြောင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပါက တရားစွဲဆိုခြင်းမှ ယာယီကင်းလွတ်ခွင့် ပေးသည့် အကာအကွယ်မှာ ဇွန်လ ၁၆ ရက်နေ့မှစ၍ သက်တမ်း ကုန်ဆုံးခဲ့ရာ ယခုကဲ့သို့ ပြင်သစ် ရဲတပ်ဖွဲ့ဝင်များက သမ္မတဟောင်း ဆာကိုဇီ၏ နေအိမ်အတွင်း ဝင်ရောက် ရှာဖွေကြခြင်း ဖြစ်သည်။
သို့သော်လည်း စွပ်စွဲ ပြောကြားချက်များမှာ လိမ်ညာမှုများသာ ဖြစ်ပြီး မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် တမင်လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း သမ္မတဟောင်း ဆာကိုဇီက တုံ့ပြန်ပြောကြား သွားသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဂျာမိုင်ကောင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်အယောင်ဆောင် KIA တပ်ဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိ
မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ဂျန်မိုင်ကောင်နှစ်ခြင်းဘုရားရှစ်ခိုးကျောင်းတွင် ဖွင့်လှစ်ထားတဲ့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ KIA တပ်ဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသော ဒုက္ခသည် ယောင်ဆောင်နေသည့် လထော်ဘရန်ရှောင် ဆိုသူအား (၁၇ - ၆ - ၂၀၁၂) ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းကို မြစ်ကြီးနားရှိ သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော်နဲ့ သိက္ခာတော်ရ ခရစ်ယာန် ဆရာတချို့မှ ဦဆောင်ပြီး ၄င်းဖမ်းဆီးထားသူအား ချွင်းချက်မရှိ လွတ်ပေးရန် ဇူလိုင်လ (၆)ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်း ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အမှန်မှာ လထော်ဘရန်ရှောင်သည် KIA တပ်ဖွဲ့မှ ကိုယ်ပိုင်အမှတ် A- ၁၈၅၅၅ တပ်ကြပ်ကြီး အဆင့်ရှိသူဖြစ်ပြီး ၎င်း၏ KIA တပ်ဖွဲအတွင်းလုပ်ဆောင်ချက်များနှင့် ပတ်သတ်၍ မြစ်ကြီးနားမြို့ ရာဇ၀တ်တရားသူကြီးထံ ၀န်ခံထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
လထော်ဘရန်ရှောင် အနေဖြင့် တရားသူကြီးထံဖြောင့်ချက်ပေး ပြောဆိုသည်မှာ ၄င်းအနေဖြင့် ၂၀၀၄ ခုနှစ် ဇွန်လခန့်က ဂရားယန်ရွာတွင် တောင်ယာလုပ်ကိုင်နေစဉ် KIA အဖွဲ့၏ လူသစ်စုဆောင်းခြင်းခံရပြီး မုန်ဆန်ယန်တွင် စစ်သင်တန်း (၆)လခန့် တက်ခဲ့ရကြောင်း၊ သင်တန်းပြီသောအခါ ဒုတပ်ကြပ်အဆင့်ပေးပြီး ကိုယ်ပိုင်အမှတ်မှာ၊ A-၁၈၅၅၅ ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် တရုတ်နိုင်ငံ ယန်ကျင်းမြို့သို့ သွားရောက်ပြီး KIA တပ်ဖွဲ့အတွင်း အသုံးပြုရန်အတွက် AK-47 (၁၀) လက်၊ G-4 (၂၀)လက် ၊ M22 (၁၀)လက် ၊ M21 (၁၅) လက် ၊ စက်လက် (၂) လက် ၊ မိုင်းသေတ္တာ (၂)လုံး၊ ကျည်ဆံသေတ္တာ (၄)လုံး တို့ကို လားများနှင့် သယ်ဆောင်သည့် တာဝန်ကို ထမ်းဆောင်ရကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလခန့်တွင် လိုင်စင်စခန်းမှ အင်ဂွန်လစခန်းသို့ လူအင်အား (၂၀)ကို ဦးဆောင်ကာ သေနတ်ပေါင်းစုံ (၁၅)လက်နဲ့ မိုင်းသေတ္တာ (၁)လုံးတို့ကို ပို့ဆောင်ပေးရကြောင်း၊ ၄င်းနောက် အင်ဂွန်လစခန်းတွင် (၁)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရကြောင်း၊၂၀၀၉ ခုနှစ် (၁၁)လပိုင်းတွင် လိုင်စင်စခန်းသို့ ပြန်လည်ရောက်ရှိကာ မုန်ဆန်ယန်တွင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ရကြောင်း၊ သင်တန်း ဆင်းသောအခါ တပ်ကြပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် (၆)လပိုင်းတွင် အင်အား (၅၀)ဦးခန့်ဖြင့် ဗန်းမော်ဘက်သို့စစ်ကူသွားရာ လမ်းတွင်တိုက်ပွဲဖြစ်ပွားသဖြင့် ၎င်းအဖွဲ့မှ (၁၅)ယောက်သေဆုံးပြီး (၉)ဦး ဒဏ်ရာရသဖြင့် မုန်ဆန်ယန်သို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထို့နောက် ပိုက်ဆာပါစခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းစခန်းတွင် ဒုဗိုလ်နော်ရာနှင့် လူခြောက်ဦးမှ ဗမာတစ်ဦးအား ချုပ်နှောင်ကာ ဓားနှင့်ထိုးပြီး ညှင်းပန်းနှိပ်စက် ထားသည်ကို တွေ့ရှိရကြောင်း၊ ၄င်းမှာသွေးသံတရဲရဲနှင့် သေမလိုဖြစ်နေပြီး စကားမပြောနိုင်တော့ကြောင်း၊ ဗိုလ်နော်ရာက ၄င်းဗမာအား သတ်ခိုင်းရာ ဒုတ်ဖြင့် လည်ပင်းကို (၃)ချက်ရိုက်၍ သတ်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် လိုင်စင်စခန်းသို့ထွက်ခွါခဲ့ကြောင်း၊ ၄င်းနောက် မိန်းမမီးဖွားရန် အကြောင်းပြပြီး လိုင်စင်စခန်းမှ ထွက်ခွာလာရာ (၂၈-၆-၂၀၁၁)ရက်နေ့တွင် မြစ်ကြီးနားရှိ အဒေါ်အိမ်တွင် (၁)လခန့်နေထိုင် ခဲ့ကြောင်း၊ ၄င်းမှတဆင့် ဂျန်မိုင်ကောင်ဒုက္ခသည် စခန်းသို့ ၀င်ရောက်ခိုလှုံခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
ယခုအခါ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်အတွင်းရှိ ဒုက္ခသည်စခန်းများကို တာဝန်ယူထားသော ခရစ်ယာန် သိက္ခာတော်ရ ဆရာအများစုမှာ ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်အမျာကို ကာကွယ် ပေးထားလျက်ရှိပြီး ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အယောင်ဆောင် KIA အများအပြားရှိ ကြောင်းသိရှိပါသည်။ ၎င်း KIA တပ်ဖွဲ့ဝင်များအနေဖြင့် လမ်းတံတားများအား ဖောက်ခွဲခြင်း ပြည်သူလူထုအား တုန်လှုပ်ခြောက်ခြားအောင် ဆောင်ရွက်နေခြင်းတို့ကို ဆောင်ရွက်နေပါသည်။
ထို့ကြောင့် လာရောက်ခိုလှုံနေသော အမှန်တကယ် ဒုက္ခရောက်နေသည့် စစ်ဘေးဒုက္ခသည်များမှာ ပိုမိုစိတ်သောက ရောက်နေရကြောင်း သိရှိရပါသည်။ ထို့ကြောင့် KIA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို မကျေနပ်သဖြင့် ဒုက္ခသည်စခန်းအတွင်းမှ ကချင်ဒုက္ခသည်များ၏ သတင်းပေးမှုကြောင့် ဒုက္ခသည်ယောင်ဆောင် KIA တပ်ဖွဲ့ဝင်များကို ဖော်ထုတ်အရေးယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ၏ အရည်အချင်းများ
(က) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။
(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံးနိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့်မြန်မာနိုင်ငံသား ဖြစ်ရမည်။
(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည အနည်းဆုံးအသက်၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်။
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်းအနည်းဆုံးအနှစ်၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့်နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ်ထည့်သွင်းရေတွက်ရမည်။
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသော အခွင့်အရေးများနှင့်ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်းပြည့်စုံရမည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
အောက်တိုဘာလမှ စတင်ကာ ရန်ကုန်-ကိုးရီးယား လေကြောင်းလိုင်း တိုက်ရိုက် ပြေးဆွဲ သွားနိုင်ရန် စီစဉ်
တောင်ကိုရီးယား နိုင်ငံ အင်ချွန်းနိုင်ငံတကာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တို့ ကို အောက်တိုဘာ လအတွင်းမှာ ကိုရီးယား အဲလေကြောင်း လိုင်းမှ တိုက်ရိုက် ပြေးဆွဲနိုင်ရန် အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း လိုင်းဟာ တောင်ကိုရီးယား နိုင်ငံ အင်ချွန်း နိုင်ငံတကာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နှစ်နိုင်ငံ လေကြောင်း လိုင်းပျံသန်းရာမှာ ပျံသန်းချိန်နဲ့ ခရီးသွားများ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ဖို့ ပြေးဆွဲ သွားမှာဖြစ်ပြီး တစ်လကို လေးကြိမ်ခန့် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပြေးဆွဲမှု ကိုတော့ အောက်တိုဘာလ ၀န်းကျင်မှာ ပြေးဆွဲနိုင်ရန် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိမှာ အဆိုပါ လေကြောင်း ပြေးဆွဲရန် အတွက်ကို လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှာ လာရောက် လေ့လာခြင်းများ ပြုလုပ် လျက်ရှိပြီး ပျံသန်း ပြေးဆွဲနိုင်ရန် အတွက်ကို လည်းပဲ စီစဉ်လျက် ရှိတယ်လို့ လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒီလို မြန်မာနိုင်ငံမှာ ပြည်ပမှ တိုက်ရိုက် လေကြောင်း လိုင်းတွေ ပြေးဆွဲဖို့ စီစဉ် နေခြင်းဟာ မြန်မာနိုင်ငံမှာ ခရီးသွားများ လာရောက်မှု များပြားလာတာ နဲ့အမျှ ခရီးသွားများ အဆင်ပြေ လွယ်ကူစေဖို့ ပြည်ပ လေကြောင်းလိုင်းတွေ တိုးချဲ့တာဖြစ်ပြီး ယခုနှစ် စက်တင်ဘာ လမှာပဲ ရန်ကုန်နဲ့ ဂျပန်၊ နာရီတာ တိုက်ရိုက် လေကြောင်း လိုင်းလည်း စတင်ပြေးဆွဲ သွားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဒုသမ္မတလောင်း အဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေး
ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား အမည်စာရင်း တင်သွင်းရမည် ဖြစ်ရာ ဒုတိယ သမ္မတလောင်းအဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေးနေကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပီပီပြင်ပြင် လုပ်ဆောင်နေသော စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှာ ဒုတိယသမ္မတ ဖြစ်ရန် ထိပ်ဆုံးက တစ်ပြေးနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အရ ဒုတိယသမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ရန် မဖြစ်နိုင်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့သာ ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
အဆိုပါ ထင်ကြေးပေးခံရသူများ စာရင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို တို့လည်း ခန့်မှန်းထားကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။
ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင်လ ၁ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့် ပေးရန် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ လစ်လပ်နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တင်မြှောက်ပေးရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားကြောင်း ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ မွန်းလွဲ ၁ နာရီခန့်က စတင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယကက ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်ခြင်းနှင့် စပ်လျဉ်းသည့် သမ္မတကြီး၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း ကြေညာသည့် အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော် နာယကက ယင်းသို့ ညွှန်ကြားခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အစိုးရသစ်တွင် ဒုတိယ သမ္မတများအဖြစ် သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့က စတင် တာဝန်ယူ ခဲ့ကြသည်။
သီဟသူရ ဦးတင်အောင်မြင့်ဦးကို တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက သမ္မတလောင်းနှင့် ဒုတိယ သမ္မတလောင်းအဖြစ် အဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် သီဟသူရဘွဲ့ ရှိခဲ့ပြီး အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် ဒုတိယတပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက် အရွေးခံကာ အနိုင်ရခဲ့သည်။
၂၀၁၁ ခုနှစ် မတ် ၃၀ ရက်နေ့တွင် ဒုတိယသမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ၎င်းသည် ၁၉၅၀ မေလ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဟိုတယ်ဇုန် အချို့တွင် ဧည့်သည် ၀င်ရောက်မှု များပြား
ပုဂံ၊ ချောင်းသာ၊ မန္တလေး အစရှိတဲ့ ဟိုတယ် ဇုန်များရှိ ဟိုတယ် များမှာ ဧည့်သည် ၀င်ရောက်မှုမှာ အရင်နှစ်တွေကထက် ပိုမိုများပြား လျက်ရှိတာ ဖြစ်ပါတယ်။
အဆိုပါ ခရီးသွား ဧည့်သည် ၀င်ရောက်မှု မှာတော့ ပြည်တွင်းမှ ၀င်ရောက်မှုမှာ ပိုမို များပြားပြီး ပြည်ပမှ အနည်းငယ်သာ လာရောက်မှု ရှိတယ်လို့ သိရပါတယ်။ အဆိုပါ နေရာဒေသများ ထဲမှ ပုဂံဒေသ မှာတော့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများစွာ ရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စား လာရောက် ကြတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မိုးတွင်းရာသီ ရောက်ပေမယ့် ခရီးသွား ၀င်ရောက်မှုမှာ လာရောက် တည်းခိုသူ တစ်ရက်ကို ၂၀၀ ဦးထိ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချောင်းသာရှိ ဟိုတယ် များမှာ ဧည့်သည် ၀င်ရောက်မှုဟာ အရင်နှစ်တွေထက် ပိုမိုများပြား နေတာ ဖြစ်ပါတယ်။ အဆိုပါ ချောင်းသာရှိ ဟိုတယ် များကို လာရောက် နိုင်တဲ့ ချောင်းသာ-ပုသိမ် လမ်းမှာ ယခုနှစ် အတွင်း ပြုပြင် ခင်းကျင်းခဲ့တဲ့ အတွက် လမ်းကောင်းမွန် သွားကာ ယခုလိုမျိုး ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမိုများပြား လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဟိုတယ်များ မှာတော့ မိုးတွင်း ကာလမှာ နွေရာသီ ထက်တော့ ခရီးသွား ၀င်ရောက်မှု နည်းပါး တယ်လို့ သိရပါတယ်။ အဆိုပါ မန္တလေး တိုင်းဒေသကြီး မှာလည်း ဟိုတယ်ဇုန်များကို တိုးချဲ့ တည်ဆောက် နိုင်ဖို့အတွက် တာဝန်ရှိ သူတွေက ကြိုးပမ်းလျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်ပြီး ဖြေလျော့မှု များစွာရှိ လာတဲ့အတွက် နောက်ပိုင်းမှာ ပြည်ပ ခရီးသွား ၀င်ရောက်မှုဟာ ပိုမိုများပြား လာဖွယ် ရှိတယ်လို့ ဟိုတယ် လုပ်ငန်း လုပ်ကိုင် လျက်ရှိတဲ့ လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
Apple ထုတ်ကုန်များ ပြည်တွင်း၌ တရားဝင် ဖြန့်မည်
ပြည်တွင်း နည်းပညာဈေးကွက်အတွင်းသို့ ကမ္ဘာကျော် အိုင်တီကုမ္ပဏီကြီးဖြစ်သည့် Apple Inc က မကြာမီအချိန်အတွင်း တရားဝင် ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သည့် Apple က မြန်မာနိုင်ငံ ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် ပြည်တွင်းရှိ အိုင်တီကုမ္ပဏီအချို့နှင့် ထိုင်းနိုင်ငံတွင် နှစ်ကြိမ်၊ မြန်မာနိုင်ငံတွင် တစ်ကြိမ် သုံးကြိမ်တိုင် တွေ့ဆုံပြီးဖြစ်သည်။
ထို့ကြောင့် Apple ၏ နည်းပညာ ထုတ်ကုန်ပစ္စည်းများသည် မကြာမီ အချိန်အတွင်း ပြည်တွင်းဈေးကွက်သို့ ပထမဦးဆုံးအကြိမ် တရားဝင် ထိုးဖောက်လာတော့မည်ဟု သတင်းရရှိသည်။ Apple က လက်ရှိ ဆွေးနွေးညှိနှိုင်းနေသည့် ကုမ္ပဏီများအနက်မှ ၄င်းတို့၏ စည်းကမ်းချက်များကို အတိအကျ သဘောတူညီ လက်ခံနိုင်ပြီး ငွေကြေးစိုက်ထုတ်နိုင်မှု တတ်နိုင်သည့် ကုမ္ပဏီအချို့ကိုသာ တရားဝင် လုပ်ပိုင်ခွင့် ခန့်အပ်ပေးသည့် Authorized Distributor အဖြစ် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် ပြည်တွင်းကုမ္ပဏီ လုပ်ငန်းရှင်အချို့နှင့် Apple ကုမ္ပဏီတို့ စတုတ္ထအကြိမ်မြောက် ထပ်မံတွေ့ဆုံကြမည်ဖြစ်ပြီး ယင်းနောက်တွင် နှစ်ဖက်ညှိနှိုင်းမှုဖြင့် လုပ်ကိုင်ခွင့်ရရှိလာမည့် ကုမ္ပဏီများအနေဖြင့် ပြည်တွင်းတွင် Apple အမှတ်တံဆိပ် သီးသန့်အရောင်းပြခန်းများကို ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်သည်။
ထိုသို့ ရောင်းချရာတွင် ပြည်တွင်း၌ ဖွင့်လှစ်ရောင်းချမည့် Apple Show Room များအနေဖြင့် ယင်းကုမ္ပဏီမှ သတ်မှတ်ထားသည့် အရောင်းပြခန်း တည်ဆောက်ပုံစံအတိုင်း တိတိကျကျ လိုက်နာရမည်ဖြစ်ပြီး ဆက်စပ်ပစ္စည်းများ ရောင်းချမှုကိုလည်း Apple မှ သတ်မှတ်ထားသည့် ပစ္စည်းများကိုသာ ရောင်းချရမည် ဖြစ်သည်။
မကြာမီ အချိန်အတွင်း ပြည်တွင်းဈေးကွက်၌ လာရောက်ဖွင့်လှစ်တော့မည့် Apple Show Room များတွင် ရောင်းချမည့် Apple ထုတ်ကုန်မှန်သမျှသည် နိုင်ငံတကာဈေးနှုန်းများအတိုင်း ဖြစ်မည်ဟု ကေအမ်ဒီကုမ္ပဏီ၏ ဒုတိယအထွေထွေ မန်နေဂျာက ပြောသည်။
ယခုလက်ရှိ ပြည်တွင်း၌ Apple က တရားဝင်ခန့်အပ်ထားသည့် Authorized Distributor တစ်ဦးမျှ မရှိသေးကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
7- July မလုပ်ရလို့တဲ့လား .....စိတ်မညစ်ပါနဲ့
ဇူလိုင် ၇ မှာ အထိမ်းအမှတ်ပွဲ မလုပ်ရလို့ စိတ်ဆိုးကြတဲ့သူတွေ၊ စိတ်တိုနေတဲ့သူတွေ ရှိကြောင်း ကြားရပါတယ်။ စိတ်လည်း မတိုကြပါနဲ့၊ စိတ်လည်း မညစ်ကြပါနဲ့.တကယ်ပဲ ပွဲလုပ်ဖို့အတွက် ကုန်ကျမဲ့ ငွေတွေကို သုံးရမဲ့ နေရာတွေ မြန်မာပြည်မှာ အပြည့်ရှိပါတယ်။
အဲဒီငွေတွေကို လယ်စိုက်စရိတ် အခက်အခဲရှိနေတဲ့ တောင်သူလယ်သမားတွေကို ပေးလို့ရပါတယ်။ အဲဒါက တကယ့်ကို ထိရောက်ပါတယ်။ ပြည်သူကလည်း တကယ့်ကို ကျေးဇူးတင်ကြမှာပါ။ပိုနေသေးရင် မြန်မာပြည်မှာ ဒုက္ခသည်စခန်းတွေ အများကြီး ရှိပါတယ်။ အဲဒီနေရာတွေကို လှူလိုက်တာ ကောင်းပါတယ်။
ကျမအနေနဲ့ကတော့ ပွဲတွေ၊ အထိမ်းအမှတ်တွေ မဖြစ်လို့လည်း စိတ်လည်း မဆိုးဘူး၊ ၀မ်းလည်းမနည်းဘူး၊
ပြည်သူတွေ အဓိက လိုအပ်နေတာက တော်ဝင်နှင်းဆီမှာကျင်းပနေကြတဲ့ ပွဲတွေ မဟုတ်ပါဘူး။
အဲဒီလို ရေးတဲ့ကျမကို မုန်းချင်လည်း မုန်းပါ၊ ဒီအချိန်မှာကျမတို့ ပြည်သူတွေအတွက် အရေးကြီးတာက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တိုင်းပြည် အေးချမ်းဖို့ပါပဲ။
နောက်ဆုံး ဇူလိုင် ၇ အထိမ်းအမှတ်ဆိုပြီးပွဲလုပ်မှ သမိုင်းပေါ်လွင်တာ မဟုတ်ပါဘူး။သမိုင်းပေါ်လွင်ဖို့အတွက် နောက်လာနောက်သားတွေ သိဖို့အတွက်ဆိုရင် တခြားနည်းလမ်းတွေ ရှိမှာပါ။
နောက်ဆုံး အဲဒီပွဲလုပ်ရင် ကုန်မဲ့ပိုက်ဆံ၊ပွဲလုပ်ဖို့အတွက် ရထားကြတဲ့ ပိုက်ဆံတွေကိုဆင်းရဲတဲ့ ကျောင်း မပြည့်စုံတဲ့ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာသွားရောက် ပြီး အထိမ်းအမှတ်ကုသိုလ်ကောင်းမှု လုပ်လိုက်တာက အကောင်းဆုံးပါ။
ခုလို အမြင်မျိုးနဲ့ ရေးတဲ့ ကျမကို စိတ်ဆိုးချင်လည်း ဆိုးကြပါ။ သဘောထားကွဲလွဲခွင့်လည်း ရှိပါတယ်။
မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခု ကမ်းလှမ်း
လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် သက်ဆိုင်ရာနှင့် လာရောက်ညှိနှိုင်းမှု ပြုလုပ်ထားသော နိုင်ငံတကာ လေကြောင်းလိုင်း ခုနစ်လိုင်းအထိ ရှိကြောင်း သတင်းရရှိသည်။ ဂျပန်နိုင်ငံအခြေစိုက် ANA၊ ကာတာနိုင်ငံအခြေစိုက် Qatar ၊ ဂျာမနီအခြေစိုက် Condor ၊ ကိုရီးယားလေကြောင်း၊ ဟောင်ကောင် အခြေစိုက် PIA လေကြောင်း၊ ထိုင်ဝမ်အခြေစိုက် EVA လေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် Biman လေကြောင်းလိုင်းများ ဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။
“အများစုကတော့ ပျံဖြစ်မှာပါ။ မန္တလေးကို ပျံဖို့ တရားဝင် လျှောက်ထားတာတော့ Air Asia လေကြောင်းလိုင်း တစ်ခုပဲ ရှိသေးတယ်။ ဒါကိုလည်း ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” ဟု ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ ထို့အပြင် မန္တလေးမြို့သို့ တိုက်ရိုက်ပျံသန်းလိုသော လေကြောင်းလိုင်းများ အားလုံးကိုလည်း ဖိတ်ခေါ်ကြောင်းနှင့် ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။
လက်ရှိ စီစဉ်နေသော လေကြောင်းလိုင်း ၆ လိုင်းမှ ကာတာလေကြောင်းလိုင်းမှာ အောက်တိုဘာလ ၁ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး Condor လေကြောင်းလိုင်းမှာလည်း အောက်တိုဘာလတွင် စတင်ပျံသန်းမည် ဖြစ်သည်ဟု သတင်းရရှိသည်။ ရန်ကုန်လေဆိပ်သို့ ဝင်ထွက်သွားလာနေသော ဧည့်သည်ဦးရေမှာ ဇွန်လကုန်ထိ တစ်သန်းခွဲခန့်ရှိပြီး ယခုနှစ်တွင် သုံးသန်းခန့် ဝင်ထွက်သွားလာနိုင်ကြောင်းနှင့် ထိုပမာဏမှာ ရန်ကုန်လေဆိပ်၏ လက်ခံနိုင်သော ပမာဏထက် ကျော်လွန်နေကြောင်း ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။
လက်ရှိတွင် ရန်ကုန်လေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်း ၆ လိုင်း၊ နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်း ပျံသန်းပေးနေပြီး ၂၀၁၁ ခုနှစ်က ခရီးသည် ၂ ဒသမ ၄ သန်း ဝင်ထွက်သွားလာခဲ့သည် ဟု သတင်းရရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
“အများစုကတော့ ပျံဖြစ်မှာပါ။ မန္တလေးကို ပျံဖို့ တရားဝင် လျှောက်ထားတာတော့ Air Asia လေကြောင်းလိုင်း တစ်ခုပဲ ရှိသေးတယ်။ ဒါကိုလည်း ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” ဟု ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ ထို့အပြင် မန္တလေးမြို့သို့ တိုက်ရိုက်ပျံသန်းလိုသော လေကြောင်းလိုင်းများ အားလုံးကိုလည်း ဖိတ်ခေါ်ကြောင်းနှင့် ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။
လက်ရှိ စီစဉ်နေသော လေကြောင်းလိုင်း ၆ လိုင်းမှ ကာတာလေကြောင်းလိုင်းမှာ အောက်တိုဘာလ ၁ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ပြီး Condor လေကြောင်းလိုင်းမှာလည်း အောက်တိုဘာလတွင် စတင်ပျံသန်းမည် ဖြစ်သည်ဟု သတင်းရရှိသည်။ ရန်ကုန်လေဆိပ်သို့ ဝင်ထွက်သွားလာနေသော ဧည့်သည်ဦးရေမှာ ဇွန်လကုန်ထိ တစ်သန်းခွဲခန့်ရှိပြီး ယခုနှစ်တွင် သုံးသန်းခန့် ဝင်ထွက်သွားလာနိုင်ကြောင်းနှင့် ထိုပမာဏမှာ ရန်ကုန်လေဆိပ်၏ လက်ခံနိုင်သော ပမာဏထက် ကျော်လွန်နေကြောင်း ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။
လက်ရှိတွင် ရန်ကုန်လေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်း ၆ လိုင်း၊ နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်း ပျံသန်းပေးနေပြီး ၂၀၁၁ ခုနှစ်က ခရီးသည် ၂ ဒသမ ၄ သန်း ဝင်ထွက်သွားလာခဲ့သည် ဟု သတင်းရရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
အင်္ဂလန်မှ အတိုက်အခံ များရဲ့ အရှုတ်တော်ပုံများကို ဆက်လက်ဖွင့်ချမည်
တကယ်တော့ ဒီပို.စ်ကို ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာတွေနဲ. တွေ.ဆုံပွဲပြီးကတည်း အစပျိုးထားခဲ့ပြီး အကြောင်းကြောင်းကြောင့် လက်စမသတ်ဖြစ်ခဲ့ပါဘူး ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေးအဖြေတွေနဲ. ပါတ်သတ်ပြီး အားလုံးလည်း သိပြီးသားတွေ ဖြစ်ကြတဲ့အတွက် အထူးတလည် ရေးစရာ မလိုတော့ပေမယ့် လန်ဒန်မှာ ရှိတဲ့ နိုင်ငံရေးသမားဆိုတဲ့ လူတွေအကြောင်း တော့ ပြောကိုပြောမှ ဖြစ်တော့တာမို. ရေးသားလိုက်ပါတယ် ။လန်ဒန်ကို မယောင်မလည်နဲ. ရောက်လာခဲ့တဲ့ အူတူတူ မစပ်စု စင်းပဲဗျူး ကိုယ်တွေ.ကြုံခဲ့ရတာလေးတွေ လို.လဲ ဆိုနိုင်ပါတယ် ။
လန်ဒန်မှာ နိုင်ငံရေးကြီးကြီးမားမားလုပ်နေတဲ့ပါတီကတော့ NLD.LA အမည်ခံထားတဲ့ အဖွဲ.ပါ ။ အဓိက ဦးဆောင်သူကတော့ ဒေါက်တာဝင်းနိုင် နဲ. ၈၈ ကျောင်းသား အမည်ခံ ကိုအောင်ပါ ။ ဒါပေမယ့် ငွေကြေးပြဿနာဖြစ်ပြီး ဒေါက်တာဝင်းနိုင်နဲ. ကိုအောင် တို. ခွာပြဲသွားကြပါတယ် ။ အဲ့နောက် ကိုအောင်က asylum လျှောက်ချင်ကြတဲ့ လူငယ်တွေ အားကိုးနဲ. အဖွဲ.တစ်ဖွဲ.ထပ်ဖွဲ.ပါတယ် ။ဆန္ဒပြပွဲလုပ်ကြရင်လည်း သူပါရင် ငါမလာဘူး ဆိုတာမျိုးကလည်း ရှိပြန်ပါသေးတယ် ။ နောက် ကိုမျိုးသိန်း ဦးဆောင်တဲ့ BDC (Burma Democratic Concern) ၊ တိုင်းရင်းသားအဖွဲ.အစည်းများ ၊ ရိုဟင်ဂျာ အမည်ခံ မူဆလင် ကုလား အဖွဲ.အစည်း တွေ လည်း ရှိကြပါတယ် ။
မြန်မာကို ကမ္ဘာက ဘယ်အချိန်မှာ ပိုသိသွားသလဲဆိုတော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာပါ ။ အစိုးရရဲ့ အသုံးမကျခဲ့မှု.ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံ ပိုစိုက်လာစေသလို ပြည်ပရောက် နိုင်ငံရေးသမား များအတွက် စားပေါက်ထွင်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ တလ ရက်ပေါင်း ၃၀ လောက်ဆိုသလို ဆန္ဒပြပွဲတွေ မရပ်မနား ပေါ်ပေါက်ခဲ့ပါတော့တယ် ။ နိုင်ငံရဲ့ အရေးကြီးတဲ့ အချိန်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ် ထပ်တိုးလိုက်ရင်လည်း အော် ၊ အရေးမပါတဲ့ ခွေးနှစ်ကောင်ကိုက်တာပါ ထအော်တဲ့ အဆင့်ထိ လန်ဒန် နိုင်ငံရေးလောက တိုးတက်ခဲ့ပါတယ် ။
သတင်းမီဒီယာတွေက လာရောက် သတင်းယူတဲ့အချိန် တွေမှာတော့ ကင်မရာသမားတွေနဲ.အတူ ဦးဝင်းနိုင် ကိုအောင် နဲ. တခြားနိုင်ငံရေးသမား အမည်ခံများကို တွေ.ရမှာ ဖြစ်ပြီး သတင်းထောက်တွေ မပါတဲ့ပွဲတွေဆိုရင်တော့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံ့အရေး စိတ်ဝင်စားသူတချို.နဲ. asylum မရမချင်း ဝဋ်လာခံနေကြရသူတချို.ကို ကျိုးတို.ကျဲတဲ တွေ.ရမှာ ဖြစ်ပါတယ်။ လန်ဒန်မှာ ဗီဇာသက်တမ်းကုန်ပြီး အိုဗာစတေး ဖြစ်သွားသူတွေ ၊ ကျောင်းသားဗီဇာနဲ.လာပြီး ကျောင်းမတက်ချင်သူတွေ (သို.) နောက်ထပ် ဗီဇာလျှောက်ဖို. မလွယ်ကူတော့ တဲ့သူတွေ ဒီလူတွေက ဆန္ဒပြပွဲတွေ နောက်လိုက် ၊ ဓါတ်ပုံရိုက် ၊ ဖေ့ဘွတ်ပေါ်တင် (သို.) နိုင်ငံရေး သမား တယောက်ယောက်နဲ.တွဲရိုက် လုပ်လိုက်ရင်ဖြင့် asylum လျှောက်ရင် ၅၀% လောက် ကျိန်းသေသွားပါပြီ ။ ဒါကြောင့် ဒေါက်တာဝင်းနိုင် တို. ကိုအောင် တို.က ဒီလို လူငယ်တွေကို အားကိုးပါတယ် ။ သူတို.အဖွဲထဲ ဝင်မယ်ဆိုရင်ဖြင့် နောက် asylum လျှောက်တဲ့အခါ ထောက်ခံစာရေး လက်မှတ်ထိုးပေးပါတယ် ။ ဒါမှ အဖွဲ.ဝင်အင်အားတိုးလာမှာ ဖြစ်သလို အကြောင်းမသိတဲ့ နိုင်ငံခြားသားတွေ ရှေ.မှာ ဟန်ပြတောင်းစားလို. ရမှာကိုး ။
ဒေါ်အောင်ဆန်းစုကြည် မလွတ်လေ သူတို. လုပ်စားလို.ကောင်းလေ ပါပဲ ။ ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင် ကာလတွေဟာ သူတို.အတွက် လက်ဖျား ရွှေသီးချိန်ပါပဲ ။ ကိုအောင် ဆိုရင် ဟိုး ထိုင်း ကနေ လူတွေ ခေါ်လာပြီး ရိုက်စားပါတယ် ။ asylum လျှောက်ပြီးတဲ့ အထိ ကူညီပါတယ် ။ အရင် က biometric လို.ခေါ်တဲ့ လက်ဗွေနှိပ်တဲ့ စနစ် အသုံးမပြုခင်တုန်းက အင်္ဂလိပ်တွေကို ပို လိမ်ညာလို.ကောင်းပါတယ် ။ နာမည် အတုတွေ သုံးပြီး asylum လျှောက်ကြပါတယ် ။ ဘယ်လိုလာလဲဆို ပွဲစားနဲ.လာတယ်ပေါ့ ၊ ပါတ်စ်ပို.စ်မေးရင် ပွဲစားသိမ်းထားတယ် ဖျောက်ပစ်လိုက်တယ်ပေါ့ ၊ ပွဲစားက လာကြိုပြီး လမ်းမှာ ထားပစ်ခဲ့သလိုလို ၊ ပွဲစားက ငှားထားတဲ့အိမ်ပို.ပေးပြီး ပေါ်မလာတော့သလိုလို ဇာတ်လမ်းဆင်ကြပါတယ် ။ အခု biometric သုံးလာတဲ့ အခါကြတော့ နာမည် အရင်းနဲ. ပါတ်စ်ပို.အစစ်နဲ. တင်ရပါတယ် ။ တစ်ယောက်နဲ. တစ်ယောက်က တော့ ဇာတ်လမ်းမတူကြပါ ဘူး ။ အရင်တုန်းက asylum တင်ဖို. ဇာတ်လမ်းရေးခ ပေါင် ၅၀၀ ဝန်းကျင်ပေးရပါတယ် ။ ဒါ လွန်ခဲ့တဲ့ ၄ နှစ်လောက်ပါ ။ နောက်တော့ ဇာတ်လမ်းတစ်ပုဒ် ပေါင် ၁၀၀၀၊ ၁၅၀၀ ဖြစ်လာပါတယ် ။ ဒါတောင် ရေးခိုင်းတဲ့သူများလို. တန်းစီရပါတယ် ။ ဒုက္ခသည် ဇာတ်လမ်းယူမလား ၊ နိုင်ငံရေးဇာတ်လမ်း ယူမလား ၊ ဘာသာရေးဇာတ်လမ်း ယူမလား ၊ ရိုဟင်ဂျာ ဇာတ်လမ်း ယူမလား ဇာတ်လမ်းစုံ ရှိပါတယ် ။ ဒါပေမယ့် asylum လျှောက်ရင် ကိုယ့်မှာ ငွေကြေးခိုင်ခိုင်လုံလုံ ရှိရပါမယ် ။ ဇာတ်လမ်းရေးခ ပေးရမယ် ။ ဇာတ်လမ်းတင်ပြီး အစိုးရ ချပေးတဲ့ နေရာတွေ မှာ ပေးတဲ့ စရိတ်လေးနဲ. သွားနေရမယ် ။ ဥပမာ Liverpool , Manchester, Reading စသည်ဖြင့် လန်ဒန် မြို.ပြင် တွေမှာပါ ။ အချိန်ဘယ်လောက်ကြာမှရမယ် ဆိုတာ မသိနိုင်ပါဘူး ။ ကိုယ့်ဇာတ်လမ်းကိုင်လို. တရားရုံးကို ဆင့်ခေါ်ပြီဆိုရင် ဝိုင်းဝန်းမေးမြန်းကြမယ့် ဒါဏ်ကိုလည်း ခံနိုင်ရပါမယ် ။ အချက်အလက် မမှားယွင်းဖို. ပီပြင်အောင် သရုပ်ဆောင်နိုင်ရပါမယ် ။ မိန်းကလေးဆိုရင်တော့ ပြောရင်း ငိုသာချလိုက် ၊ asylum အောင်ပြီပဲ ။
ဒါကတော့ လန်ဒန်ကို တရားဝင် လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည် မပြန်ချင်ပဲ လျှောက်ကြတဲ့ လန်ဒန်ရောက် မြန်မာများပါပဲ ။
နောက် တစ်စုကတော့ နယ်စပ် ဒုက္ခသည် စခန်းတွေကနေ တတိယ နိုင်ငံကို ကူးလာကြတဲ့ သူတွေကိုတော့ Sheffield (ရှဖီး) မှာ ထားတာများပါတယ် ။ သူတို.အများစုကတော့ benefits ထိုင်စားကြသူတွေ များပါတယ် ။
အစိုးရဆီမှာ asylum အောင်ပြီးသူတွေကို များသောအားဖြင့် ၅ နှစ် ဗီဇာ ချပေးပါတယ် ။ နာရီ ၄၀ အလုပ်လုပ်ခွင့် ရှိပါတယ် ။ ၅ နှစ်ပြည့်ပြီး မှ ထပ်လျှောက်ရပါတယ် ။ တချို.တွေလဲ နိုင်ငံသားဖြစ်ကုန်ကြပါပြီ ။ အများစုကတော့ အစိုးရဆီမှာ benefits ထိုင်စားပြီး အလုပ် ခိုးလုပ်ကြပါတယ် ။ နှစ်သီးစား ပေါ့ရှင် ။
အဲ့ဒါ ဒီမိုကရေစီ ကျင့်သုံးတဲ့ လူ.အခွင့်အရေးနိုင်ငံတွေ ရဲ့ မဟာ အားနည်းချက်ပဲ ။
အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုတော့ စားပေါက်တွေ ပိတ်ကုန်သလို အင်္ဂလိပ် အစိုးရက ဥပဒေတွေ တင်းကျပ်လိုက်တော့ လူလဲ ရိုက်လို. မရတော့ပါဘူး ။ အဲ့လိုပဲ လန်ဒန်ရောက် ဘုန်းဘုန်းတွေ ရဲ့ ဘဝကလည်း သနားစရာ ကောင်းနေပြန်ပါသေးတယ် ။ ဒီနိုင်ငံမှာ နေခွင့်ရဖို. ဟိုလူခေါ်လဲ လိုက်ပေးရ ၊ ဒီ ဆန္ဒပြပွဲလဲ ဘုမသိ ဘမသိ လိုက်ရ ။ ဘုန်းဘုန်း ဦးဥတ္တမ ကတော့ နိုင်ငံရေးပဲ လုပ်ပါတယ် ။ ဒီဘုန်းဘုန်းကတော့ နိုင်ငံရေးသမားတွေ နဲ. ပိုကျွမ်းဝင်ပါတယ် ။ နိုင်ငံရေးပွဲတွေဆိုလည်း အဲ့ဒီ Collindale (ကောလင်းဒေး) ကျောင်းမှာပဲ လုပ်တာ များပါတယ် ။ ဘုန်းဘုန်း က ကျောင်းသားတွေ asylum လျှောက်ချင်ရင် လက်မှတ်ထိုး ထောက်ခံပေးပါတယ် ။ အလှုငွေတော့ ထည့်ရပါတယ် ။
ဒါတွေဟာ လန်ဒန်မှာ တကယ်ဖြစ်ပျက်နေတာတွေပါ ။ နောက်မှ ရောက်လာကြတဲ့ နောက်ပေါက်လေးတွေ က မသိသူရှိသလို ၊ သိတဲ့သူတွေကလည်း asylum လျှေက်ချင်လို. ပြေးကပ်ကြသူတွေလည်း ရှိပါတယ် ။ တကယ်တော့ အဲ့ဒီ နိုင်ငံရေးလုပ်စားတွေဟာ ဆန္ဒပြပွဲလုပ်ကြရင်တောင်မှ အသံတူမထွက်နိုင်တာ ၊ အချင်းချင်းခွပ်နေကြတာ ၊ ဘယ်လို လုပ်စားနေကြတယ်ဆိုတာကို မြန်မာပြည်တွင်းမှာ ရှိကြတဲ့ မြန်မာပြည်သားတွေ သိစေချင်တာပါ ။ ရမ်းအထင်မကြီးကြဖို.ပါ ။ ထို.နည်းတူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တကယ့် အဖြစ်မှန်တွေကို သိစေချင်တာပါ ။
အချိန်တန်တော့ ဘီလူးရုပ်ပေါ်ဆိုသလို ၈၈ ကျောင်းသားအမည်ခံ ကိုအောင်က ရိုဟင်ဂျာ အမည်ခံတွေနဲ. အတူ ဘင်္ဂလားဒေ့ရှ် ကော်မရှင်ရုံးရှေ.မှာ အရေးဆိုနေတာ တွေ.လိုက်လို. သူ.အကြောင်းကို မြန်မာပြည်သားများ ကွက်ကွက်ကွင်းကွင်း သိသင့်ပါပြီ ။ ရိုဟင်ဂျာ အမည်ခံပြီး asylum ရထားတဲ့ မူဆလင်တွေ ထဲမှာလည်း စိတ်သဘောထား မတိုက်ဆိုင်မှု.တွေ ဖြစ်နေပါတယ် ။ တချို.က ရိုဟင်ဂျာအနေနဲ. မြန်မာပြည်တွင်းမှာ နေလာတာကြာလို. နေခွင့်လေးပေးပါလို. တောင်းဆိုရင် ဖြစ်နိုင်သေးတယ် ၊ အခုတော့ နယ်မြေတောင်း ၊ တိုင်းရင်းသားအဖြစ်လောဘကြီး တောင်းဆိုမိတော့ အဖြစ်မှန်ပေါ်ခဲ့ရင် သူတို. ပြန်ပို.ခံရမှာစိုးနေသလို တချို.ကတော့ ပေါက်တဲ့နဖူး မထူးပါဘူး ၊ ထွန်းခင်နောက်သာ လိုက်ကြတာပေါ့ ဆိုသူတွေအကြား စိတ်သဘောထား မတိုက်ဆိုင်ဖြစ်နေကြပါတယ် ။
ဒီလောက်ဆို လန်ဒန်က နိုင်ငံရေးသမား ဆိုသူတွေ ၊ ရိုဟင်ဂျာ ဆိုသူတွေရဲ့ သရုပ်မှန်ကို သိကြလိမ့်မယ်လို. မျှော်လင့်ပါတယ် ။ ထပ်ပြီး သတိပေးချင်တာက လန်ဒန်တင်မက ပြည်ပရောက် နိုင်ငံရေးသမားတိုင်း အတူတူဆိုတာ ပါ။
တကယ့်ကို နှိပ်စက်ခံခဲ့ရပြီး ဘဝစတေးခဲ့သူများ ကို မရည်ရွယ်ပါ။
နိုင်ငံကို တကယ်ချစ်နိုင်ကြပါစေရန် ရည်ရွယ်ရေးသားလိုက်ပါသည် ။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။









