Wednesday, July 4, 2012
ဒုသမ္မတ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်နိုင်မည်လော?
ရာထူးမှ နှုတ်ထွက်စာ တင်ထားတဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာမှာ အလားအလာရှိသူတွေ၊ ဖြစ်နိုင်ချေရှိသူတွေကို စစ်ဘက် နယ်ဘက် နီးစပ်သူများနဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာနေသူများက ထင်ကြေး အမျိုးမျိုး ပေးနေကြပါတယ်။ မကြာသေးမှီကလေးကမှ စစ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးနဲ့ ဆက်သွယ်မှုရခဲ့ရာ သူ့ရဲ့ ထင်မြင်ယူဆချက်ကို အခုလို တင်ပြလာပြန်ပါတယ်။
“ကျွန်တော့်အမြင် ပြောရရင် ဒုသမ္မတ လစ်လပ်သွားတဲ့နေရာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အစားထိုးနိုင်တယ်ဗျ။ သူ့ကို ဒုသမ္မတအဖြစ် သမ္မတ ဦးသိန်းစိန်က ဆွဲတင်လိုက်နိုင်တယ်ဗျ။ နောက်ထပ် ဆက်ခံမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ်ဟာ ဦးသိန်းစိန်ရဲ့ တပည့်လက်ရင်း ဗိုလ်ချုပ်တစ်ဦးဦးကို ခန့်အပ်လိုက်ရင် စစ်တပ်ထုံးစံအရ အမိန့်ပေးစနစ် ပိုမို ချောမွတ်သွားသလို သမ္မတရဲ့မူဝါဒကို တသွေမသိမ်း လိုက်နာ အကောင်အထည် ဖေါ်ရမဲ့ပုံစံမျိုး အနေအထား ရောက်သွားတော့ မကောင်းဖူးလားဗျာ။ ဘယ်သူမဆို ဒီနေရာတွေ ရောက်ရင် ဒီလိုဘဲ လုပ်ကြမှာဘဲ”
ဒါပေမဲ့ မဖြစ်နိုင်တဲ့ အခြေအနေတရပ် ရှိနေသေးတယ်လို့ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်အဖွဲ့က အခုလို ဆွေးနွေးခဲ့ပါတယ်။
“ညီလေးရေ ကိုမင်းအောင်လှိုင်ကို ဦးသန်းရွှေက စိတ်ကြိုက်တင်ခဲ့တယ် မဟုတ်လား။ သူ့ကို ဖယ်ရင် ရှော့ကြီး ဝင်သွားနိုင်တယ်၊ ကိုသူရမြင့်အောင်ဇာတ်လမ်း မေ့နေပြီလား” လို့ ထောက်ပြခဲ့ပါတယ်။
“အကိုကြီးရေ ဦးသိန်းစိန်ကိုကော ဦးသန်းရွှေက တင်ခဲ့တာဘဲ မဟုတ်လား။ သမ္မတနဲ့တပ်ချုပ် နှိုင်းယှဉ်ရင် ဘယ်ဟာကပို အရေးကြီးတယ်လို့ မြင်သလဲ? သမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်လွန်းအားကြီးရင်လည်း ဦးသန်းရွှေဘက်ကို မျှားဦးလှည့်နိုင်တယ် မဟုတ်လား။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က အင်မတန် သဘောထားကြီးတယ်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်ကို လွှတ်လိုက်တာ အံ့သြတယ်၊ ဦးသိန်းစိန်ဟာ အချက်အလက်၊ အထောက်အထား၊ အကျိုးအပြစ်၊ သုံးသပ်ချက် ခိုင်ခိုင်မာမာ ကိုးကားတင်ပြနိုင်တာ စစ်ရုံးမှာ သူတစ်ဦးတည်းရှိတယ်။ သူ့ကို ဘယ်သူမှ မမှီဘူး။ S.D Expert (staff duty - စစ်ဦးစီးတာဝန် စနစ်တကျကျွမ်းကျင်ပြီး လူကြီးအား ပိုင်နိုင်စွာတင်ပြနိုင်သူ) လို့ ခေါ်ကြတယ်။ ဦးသန်းရွှေကို ဦးသိန်းစိန်က အဲဒီကိစ္စ တင်ပြဖို့ ကြိုးစားကြည့်မှာဘဲ” လို့ ပြောဆို ဆွေးနွေးသွားပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်
လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းသူတစ်ဦး လွှတ်တော်မှ အမည်စာရင်းတင်သွင်း သူတစ်ဦးနှင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရသည့် ပါတီမှ အမည်စာရင်း တင်သွင်းသူတစ်ဦး စုစုပေါင်း ၃ ဦးကိုတင် သွင်း၍ ယင်းတို့အနက်မှ သမ္မတကိုရွေးချယ် သည့်စနစ်ဖြစ်ရာ ဒုတိယ သမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး သည် တပ်မတော်မှ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတများ နေရာလစ်လပ်မှု ဖြစ်ပေါ်၍ အစားထိုး ရွေးချယ်ခံရပါက အဆိုပါ ရွေးချယ်ခံရသူသည် ဒုတိသမ္မတ ၀ါစဉ်၏ အနိမ့်ဆုံးအဖြစ်သတ်မှတ် ခံရမည် ဖြစ်ရာ ဦးဌေးဦးသည် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရပါက လက်ရှိဒုတိယ သမ္မတဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း၏ နောက်တွင် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ယူရ မည် ဖြစ်ကြောင်း သိရသည်။
ဇော်ထိုက် - Yangon Media Grou
မူရင်းသတင်းက ဒီမှာပါ။
တပ်မတော်သားများမှ ဒု-သမ္မတသစ် တစ်ဦးကို တပတ်အတွင်း ရွေးချယ်မည်
ရာထူးမှ နုတ်ထွက်ခွင့် တင်ပြထားသော ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးအစား ဒုတိယသမ္မတတစ်ဦးကို လွှတ်တော်အတွင်းရှိတပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခုနစ်ရက်အတွင်း (လာမည့် ဇူလိုင် ၁၀ရက်အတွင်း) ရွေးချယ်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက က တပ်မတော်သားကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားလိုက်သည်။
သီဟသူရဦးတင်အောင်မြင့်ဦးမှာ ကျန်းမာရေးအခြေအနေအရ ဧပြီ ၁၈ ရက်မှ မေ ၁ ရက်အထိ ပြည်ပသို့သွားရောက် ဆေးကုသမှု ခံယူခဲ့သည်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီးနောက် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိဆေးခွင့်နှစ်လကို အစိုးရက ပေးခဲ့သည်။ သို့သော် ကျန်းမာရေးအခြေအနေကြောင့် သီဟသူရဦးတင်အောင်မြင့်ဦးက ဇူလိုင် ၁ ရက်တွင် နုတ်ထွက်စာတင်ပြီး သမ္မတက ဇူလိုင် ၄ ရက်တွင် နုတ်ထွက်ခွင့်ပြုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတတစ်ဦး နုတ်ထွက်လျှင် ခုနစ်ရက်အတွင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးရမည်ဖြစ်သည်။ သီဟသူရဦးတင်အောင်မြင့်ဦးကို တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လစ်လပ်နေသော ဒုတိယသမ္မတရာထူးတစ်နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်က ရွေးချယ်သောအခါ လွှတ်တော်အတွင်းမှ ဖြစ်စေ၊လွှတ်တော်ပြင်ပမှ ဖြစ်စေ ဒုတိယသမ္မတအရည်အချင်းနှင့်ကိုက်ညီသော ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ကြောင်းလည်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။
တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကို ဒုသမ္မတ ရွေးချယ်ပေးရတော့မည်နှင့် ပတ်သက်၍ မေးမြန်းရာ ပြင်ပတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးတိုင်ပင်၍ သေသေချာချာ စဉ်းစားပြီး ရွေးချယ်မည်ဖြစ်ကာ၊ ရွေးချယ်ပြီးပါကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို တင်ပြသွားမည်ဖြစ်ကြောင်းပြောသည်။ သို့သော် ယခုလောလောဆယ်တွင် အမည်စာရင်း မစဉ်းစားရသေး ကြောင်း ၄င်းကဆိုသည်။
နိုင်ငံတော် ဒုတိယသမ္မတတစ်ဦး ရာထူးသက်တမ်းမကုန်မီ နုတ်ထွက်ခြင်း ကွယ်လွန်ခြင်း ထာဝစဉ် စွမ်းဆောင် နိုင်တော့ခြင်းစသည်ဖြင့် ရှိခဲ့ပါက ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော လွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့ကသာ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၇၃ (စ)တွင် အတိအလင်းဖော်ပြထားသည်။
ယနေ့ကျင်းပနေသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုထ္ထပုံမှန်အစည်း အဝေး ပထမနေ့တွင် -
၁) ဥပဒေနှင့် အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခြင်း မေးခွန်း
၂) ဗဟိုဝန်ထမ်း တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရန် (သို့မဟုတ်) ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း
၃) မြစ်ချောင်းများအား လိုင်စင် (C) ဆွဲဝယ်ခြင်းများ ကင်းလွတ်ခွင့် ပြု၊ မပြု မေးခွန်း
အစရှိသည်တို့ကို လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းမည် ဖြစ်ပါသည်။
ပထမအကြိမ် စတုထ္ထ ပုံမှန်အစည်းအဝေးများသို့ သတင်းထောက် စုစုပေါင်း (၁၄၇) ဦး တက်ရောက် သတင်းရယူမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရပါသည်။
အဆိုပါ သတင်းထောက် (၁၄၇)ဦးတွင် ပြည်ပရှိ နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက် (၂၃) ဦး၊ ပြည်တွင်ရှိ နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက် (၄၀)ဦးနှင့် ပြည်တွင်း ဂျာနယ်/ရုပ်မြင်သံကြား ဌာနများမှ သတင်းထောက် (၈၄) ဦး ပါဝင်ကြောင်း သိရပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
အခွင့်အရေးသမားများအကြောင်း
အခွင့်အရေးရလိုသူ နှင့် ရပိုင်ခွင့်ယူလိုသူ မတူညီနိုင်ဟု စာရေးသူမှယူဆပါသည်။
ရပိုင်ခွင့်ဆိုသည်မှာ မိမိကလုပ်ဆောင်လိုက်သော ကိစ္စတစ်ခုအတွက် သတ်မှတ်ထားသော စည်းကမ်း ဘောင်အတွင်းမှ မိမိရရှိရမည့် တန်ဖိုးတစ်ခုဖြစ်သည်။ ငွေကြေးသော်လည်းကောင်း၊ ပစ္စည်းဥစ္စာသော် လည်းကောင်း ဖြစ်မည်။ ထိုရပိုင်ခွင့်ကို တာဝန်ကျေပွန်အောင်လုပ်ဆောင်ပြီးမှ အပြည့်အ၀ခံစားပိုင်ခွင့်ရှိသည်။
အခွင့်အရေးပိုပြီးယူလိုသူဆိုသည်မှာ အဘယ်နည်း။
စာရေးသူနားလည်သလိုပြောပါမည်။ မိမိလုပ်ဆောင်သောကိစ္စတစ်ရပ်သည် တစ်စုံတရာ ခံစားပိုင်ခွင့် ရရှိပြီးဖြစ်သော်လည်း ထို့ထက်ပိုပြီး မတန်မရာ ရယူလိုသူများကို ဆိုလိုသည်ဟုထင်မြင်ယူဆပါသည်။
လူ့ဘောင်လောကတွင် လုပ်ငန်းပေါင်းမြောက်များစွာ၊ အဖွဲ့အစည်းပေါင်းမြောက်များစွာရှိပါသည်။ ထိုအထဲတွင် အခွင့်အရေးသမားများလည်း မြောက်များစွာပါဝင်လျက်ရှိသည်။ ထိုသူများသည် မိမိလုပ်ငန်း၊ အဖွဲ့အစည်းအတွက် မိမိဘယ်လောက်အကျိုးပြုနိုင်မလဲ၊ မိမိဘာတွေလုပ်ပေးနိုင်မလဲဟု စဉ်းစားကြံဆခြင်း အလျဉ်းမရှိ။ ဒါတစ်ခုလုပ်လိုက်ရင် ဘာတွေရမည်လဲ၊ မည်မျှရမည်လဲဟုသာ အဆင့်အတန်းနိမ့်နိမ့် စဉ်းစားလေ့ ရှိကြသည်။ အမှန်မှာ မိမိကိုပေးအပ်သည့်တာဝန်ကို မိမိထမ်းဆောင်နေခြင်းသာဖြစ်သည်ဆိုသည်ကို မသိကြပေ။ ရှိစေတော့။ ရသင့်တာထက်ပိုရအောင်ရော မိမိက ဘာတွေများထူးထူးချွန်ချွန်လုပ်ပြနိုင်သလဲ မိမိမှာရော လုပ်ပြစရာ ဘာအရည်အချင်းများရှိသလဲဆိုတာ ပြန်လည်သုံးသပ်ခြင်းမျိုးလည်း မပြုနိုင်ကြချေ။ အတ္တကြီးစွာ၊ တကိုယ်ကောင်းဆန်စွာ ကိုယ့်အတွက်ဘာရမလဲဆိုတာကိုသာ စဉ်းစားလေ့ရှိသည်။ “မပြည့်သောအိုးဘောင်ဘင်ခတ်”ဆိုသလို ထိုသူများသည် မိမိမည်မျှတော်ကြောင်း၊ တတ်ကြောင်းကို ဂုဏ်ယူစွာဖြင့် လူအများကိုလျှောက်ပြောလေ့ရှိကြသည်။ သို့သော် တကယ်လုပ်ပြဆိုလျင် ယခုခေတ် အသုံးများ သော စကားနှင့် ပြောရမည်ဆိုပါက နှာစေးနေတော့သည်။ ခက်ပေစွ။
အခွင့်အရေးသမားများသည် အခြားသူများကို ချိုးဖဲ့နှိမ်ချပြောဆိုရန်လည်း ၀န်မလေးတတ်ကြ။ မိမိသာလျင်အတော်ဆုံး၊ အသိဆုံးဟုယူဆပြီး အောက်ခြေလွတ်နေလေ့ရှိသည်။ အရာရာကို မိမိလောက် ဘယ်သူမှမသိ၊ မိမိအားလုံးသိသည်ဆိုပြီး ဘ၀င်မြင့်နေလေ့ရှိသည်။ အခြားသူများကိုလည်း အထင်သေး အမြင်သေးလေ့ရှိသည်။ အခွင့်အရေးသမားများသည် အတ္တတရားအလွန်ကြီးမားကြသော်လည်း အများအမြင် တွင် ဘာသာရေးသမား၊ မေတ္တာသမား၊ သစ္စာသမားအဖြစ် ထင်မြင်အောင်လည်း နေထိုင်တတ်ကြပြန်ပါသည်။ ထူးဆန်းပေစွ။
အခွင့်အရေးသမားများပြောသော တစ်ဦးဦးအကြောင်း အတင်းအဖျင်းစကားများကို မကောင်းတတ်၍ သော်လည်းကောင်း၊ ကြောက်ရ၍သော်လည်းကောင်း၊ ကျေးဇူးခံကျေးဇူးစားရှိ၍သော်လည်းကောင်း နားထောင် ချင်ယောင်ဆောင်ကြရသည်။ ၀ဋ်ကြီးပေစွ။ (ကြောက်ရ၍ဆိုသည်မှာ ကိုယ့်ကိုလည်း ကွယ်ရာတွင် အလားတူအပြောခံရမည်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။)
သို့သော်လည်း နားထောင်သူများသည် ဒီဖက်နားက၀င်ပြီး ဟိုဖက်နားကထွက်သွားကြပေသည်။ တစ်ချို့လည်း ထောက်ခံသလိုလိုနှင့် မြှောက်ပေးကြသည်။ ထိုသူများ ပို၍စိတ်ကြီးဝင်သွားကြတော့သည်။ သနားစရာကောင်းပေစွ။ ထိုသူများသည် လောဘရမက်လွန်စွာကြီးရကား၊ အခွင့်အရေးကို ရသလောက် ထပ်ခါထပ်ခါ လိုချင် ကြသည်။ မိမိနှင့်လျော်ကန်သည်၊ မလျော်ကန်သည်မသိ အခြားသူများထိုက်သင့်၍ရတာများကိုပါ လိုချင်ကြသည်။ ထိုသူတို့၏ဆန္ဒ ဘယ်တော့များမှပြည့်မည်လဲမသိတော့ပါ။ ဆန္ဒအရ လိုချင်တပ်မက်မှုများလွန်းသော်လည်း သိက္ခာနှင့်ထိန်းသိမ်းရမည်ကိုလည်း မသိကြ။ သိက္ခာမဲ့ပေစွ။
ကိုယ်ရသလို အခြားသူများလည်းရပါစေ၊ လုပ်ကြပါစေဆိုသော¬¬ မုဒိတာတရားပွားများနိုင်မှုမရှိကြ။ ပါးစပ်ကတော့ အလွန်ချိုသာသည်။ အကြောင်းမသိသောနားထောင်သူများက သူတို့ကို အလွန်အားကျ အတုယူ ချင်လာလောက်အောင်၊ အခွင့်အရေးတွေဆုံးရှုံးနေပါလားလို့ သနားလာအောင်ကို ပြောဆိုတတ်ကြသည်။ ဒါမှလည်း လူအများက သူတို့ကို လူတော်များလို့ထင်လိမ့်မယ်၊ အခွင့်အရေးအသစ် တွေလည်း ရလိမ့်မယ်ဟု ယူဆထားပုံရသည်။
အခွင့်အရေးသမားများသည် ကိုယ့်အဆင့်နဲ့ ကိုယ့်တာဝန်ရှိတာကို တိုးတက်အောင်လုပ်မည်ဟု စိတ်ကူး မရှိ။ အသေးအဖွဲကအစ လိုက်လုပ်ပြီး အလုပ်များကြောင်း၊ လုပ်တတ်ကြောင်း ဂုဏ်ယူဝံ့ကြွားလေ့ရှိသည်။ သူ့တာဝန်၊ ကိုယ့်တာဝန် ခွဲခြားနာမလည်းပဲ အခွင့်အရေးကိုသာ ပို၍ပို၍လိုချင်ကြသည်။ အံ့သြဖွယ်ကောင်းပေစွ။
ထို့အပြင် ထိုသူများသည် သူများတစ်ခုခုချို့ယွင်းပါက ထောက်ပြပြီး အသံအကျယ်ကြီးနှင့်ပြောလေ့ ရှိသော်လည်း သူတို့ တစ်ခုတစ်စုံတရာချို့ယွင်းပါက အသံမထွက်ကြတော့ချေ။ ကိုယ့်လိပ်ပြာကိုယ်မလုံသဖြင့် ကိုယ့်အမှားကိုပင် သူများဖက်လှည့်လက်ညှိုးထိုးပြီး ကာကွယ်လေ့ရှိကြသည်။ သူများကြောင့်သာ ချို့ယွင်းမှုဖြစ်ရတာ ကိုယ့်ကြောင့်ဆိုရင် ဒီလိုဘယ်ဖြစ်လိမ့်မလဲဟု ယူဆထားကြပုံရသည်။ ရှက်စရာကောင်းပေစွ။
ကိုယ့်အရည်အချင်းကိုအားကိုးပြီး တိုးတက်မှုရှိအောင်လုပ်ဆောင်ပြခြင်း၊ အခြားသူများအပေါ် စာနာစိတ်ထားခြင်း၊ ကူညီဖေးမခြင်း၊ လူသားအချင်းချင်း တတ်နိုင်သလောက် စောင့်ရှောက်ကာကွယ်မှုပေးခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် လူချစ်လူခင်ပေါများလာအောင်မလုပ်ဘဲ၊ သူများကို တက်ကျော်နင်း ၍သာ အပေါ်သို့တက်ချင်စိတ်ရှိကြသည်။
မြန်မာစကားပုံရှိပါသည် “ဟောင်လွန်းသောခွေး လူမလေး” ။ ရှေးလူကြီးများထားခဲ့သောစကားပုံ များမှာ အလွန်မှန်ပါသည်။ ထိုသူများ၏စကားများသည် စကားလုံးသာပြောင်းသွားသော်လည်း အဓိပ္ပါယ်မှာ သိသာစွာ မပြောင်းလှသဖြင့် အပြောခံရသူများက အထူးတလည်ခံစားမှုမဖြစ်ကြတော့ပါ။ အခွင့်အရေးသမားများပြောသမျှ လိုက်နားထောင်ပြီး စိတ်မောနေရမယ့်အစား ကိုယ့်လုပ်ငန်းကိုကိုယ်လုပ်ပြီး စိတ်ဖြေကြရပါမည်။
တစ်ချို့ အခွင့်အရေးသမားများသည် လက်ရှိ မိမိလုပ်နေသောအလုပ်ကို အထင်သေးပြီး အခွင့်အရေး အမျိုးမျိုးကိုသာ ပို၍အလိုရှိနေတတ်သည်။ အမှန်က မိမိအလုပ်ကိုသာတန်ဖိုးထားပြီး ပိုမိုကျွမ်းကျင်အောင် ကြိုးစား ဆောင်ရွက်ကာ အခွင့်အရေးကိုမျှော်ကိုးသင့်သည်ဟု ဆိုချင်ပါသည်။
ဥပမာတစ်ခုပြောပါမည်။ သိပံ္ပပညာရှင်တစ်ဦးသည် ဈေးထဲတွင်ကန်စွန်းရွက်လာရောင်းပါက သိပ္ပံပညာအကြောင်းမပြောဘဲ ကန်စွန်းရွက်ကိုသာအမြတ်များများရအောင် ဘယ်လိုလုပ်၊ ဘယ်လိုရောင်းမလဲ ဆိုတာသာ စဉ်စားရန်ဖြစ်ပါသည်။ သိပ္ပံပညာနှင့်လုပ်စားလိုပါက သိပံ္ပပညာနှင့်ဆိုင်သော ဓါတ်ခွဲခန်းများသို့ သွားရောက်အလုပ်လျှောက်ကြပြီး ထိုက်တန်သောအခွင့်အရေးကိုရရှိအောင်ဆောင်ရွက်ခြင်းသာ သဘာဝကျ ပါသည်။
အချုပ်ဆိုရသော် လူ့ဘောင်၊ လူ့အဖွဲ့အစည်း တိုးတက်ကြီးပွားချမ်းသာစေလိုပါက ဖော်ပြပါ အခွင့်အရေး သမားသက်သက်များ မရှိသင့်ပါ။ ၎င်းတို့သည် နတ်အိုးကွဲများဖြစ်ကြသဖြင့် ချော့မော့စည်းရုံးရန်လည်း ခက်ခဲမည် ဖြစ်ပါသည်။ အခွင့်အရေးသမားများသာရှိနေပါက လုပ်သလောက်မဖြစ်၊ သွားသလောက်ခရီးမတွင် ဖြစ်ကြရ ပါမည်။ လူအများကောင်းကျိုးအတွက် အနှီလူနည်းစုမရှိမှသာ လုပ်သလောက်ဖြစ်၊ သွားသလောက် ရောက်ကြ မည်ဟု ထင်မြင်မိပါကြောင်းနှင့် ယနေ့ မြန်မာ့နိုင်ငံရေးတွင် ပါတီစုံစနစ်ဖြစ်ရာ ပါတီပေါင်းစုံတို့သည် မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ထက် ကိုယ်ရေးကိုယ်တာတစ်ခုတည်းအကျိုးအတွက် အခွင့်အရေးဘယ်လိုရမလဲဆိုပြီး ၀င်ရောက်လာသော အခွင့်အရေးသမားများလည်းရှိမည်ဖြစ်ရာ ပါတီခေါင်းဆောင်များအနေဖြင့် ကြီးစွာသောသတိ ဖြင့် စိစစ်လက်ခံကြရန် အထူးလိုအပ်သည်ဟု ယူဆပါကြောင်း တင်ပြလိုက်ရပါသည်။
MLN
ရာသီပေါ် လုပ်ငန်းများနှင့် အဆင်ပြေနေသော်လည်း ခရီးစရိတ်များပြားမှုကြောင့် အဖွဲ့တွင်းသဘောထားကွဲလွဲ
မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်တို့ဦးဆောင်သည့် (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်အလှူခံ၍ ရရှိထားသောအဝတ်အထည်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများနှင့် ငွေကျပ်သိန်း(၂ဝဝ)ကျော် တန်ဘိုးရှိပစ္စည်းများ (၂၅-၆-၁၂)ရက်နေ့အထိ ရရှိထားမှုများကို ဆန်အိတ်(၂ဝဝ)ခန့်ဝယ်ယူကာ (၃၁-၆-၁၂)ရက်နေ့တွင် ရန်ကုန် မြို့မှ သင်္ဘောဖြင့်ပို့ ဆောင်လှူဒါန်း ရန်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။
မည်သည့်ပုဂ္ဂိုလ် မည်သည့်နိုင်ငံမှမဆို လှူဒါန်းနိုင်သည်ဟု (၈၈)မျိုးဆက်အဖွဲ့မှနှိုးဆော်ထားကြောင်း၊ (၈၈) မျိုးဆက်အဖွဲ့၏ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကိုလှူဒါန်းသည့်လုပ်ငန်းစဉ်အတွက် AAPP (ခ)နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း(ပြည်ပ)၊ ABSDF မြန်မာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး စသည့်အဖွဲ့ များမှလည်း တစ်ဖွဲ့လျှင်ငွေကျပ် သိန်း(၅ဝ)စီကို ဇူလိုင်လ၊ ပထမပတ်တွင် ပေးပို့လှူဒါန်းရန်အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
(၈၈)မျိုးဆက်အဖွဲ့၏ လူမှုရေးလုပ်ငန်းများအတွက် လှူဒါန်းငွေများစွာစဉ်ဆက်မပြတ်ရရှိ နေသော်လည်း ခရီးစရိတ်၊ အသုံးစရိတ်လွန်စာများပြားနေသဖြင့်အဖွဲ့အတွင်းမကျေလည်မှု များရှိနေကြောင်း မင်းကိုနိုင် ၏နယ်လှည့် ခရီးစဉ် အသုံးစရိတ်များသည် သိန်း ဆယ်ဂဏန်းကျော်နေပြီး ဘီယာဆိုင် ထိုင် သည့်ကအစ ဖေါ်ပြထားကြောင်း၊ ကိုကိုကြီးသည် ရန်ကုန်မြို့တွင်းခရီးစဉ်များသာရှိပြီ ကုန်ကျစရိတ်နည်းပါးသည့်အတွက် မင်းကိုနိုင် ကဲ့သို့ အသုံးစရိတ်ညီမျှရန်ပြောဆိုမှုများရှိလာကြောင်း၊ ဒါအပြင့်အဆိုးဆုံးမှာ ဌေးကြွယ် သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီက စန္ဒာမင်းနှင့် ပုဂံသို့ ဘုရားဖူး အတူသွားခြင်းကို ဌေးကြွယ်မှ စည်းရုံးရေး ခရီးစဉ်အဖြစ် သတ်မှတ် ကုန်ကျငွေပြထားသည့် အတွက် ကိုကိုကြီးမှ လုံးဝ လက်မခံကြောင်း ပြောဆိုနေမှုများကို (၈၈) အသိုင်းအ၀ိုင်းအဖွဲ့ဝင် အောင်သူ(ဘ)ရှေ့နေကြီးဦး ဖိုးအောင် မှ ဗားကရားလက်ဖက်ရည်ဆိုင်တွင် ပြောဆိုနေကြောင်း သိရှိရပါသည်။
မူရင်းသတင်းက ဒီမှာပါ။
အပြောင်းအလဲများနှင့် ဇေယျာသော်
တစ်ချိန်က လူငယ်တွေကြားမှာ ACID လို့ ပြောလိုက်ရင် HipHop အဆိုတော် ဇေယျာသော်ကိုပါ တွဲပြီးမြင်ကြမှာပါ။ ဘာသာတရားကိုင်းရှိုင်းတဲ့ လူကြီးတွေအမြင်မှာတော့ အဲဒီအချိန်ကတဲက ဇေယျာသော်ကို မျက်စိထဲမှာကန့်လန့်ကြီး ဖြစ်နေခဲ့တာပါ။ ကျွန်တော်လည်း အဲဒီအချိန်ကတဲက ACID အဖွဲ့နဲ့အတူ အဆိုတော် ဇေယျာသော်ဆိုသူကိုလည်း စတင်သိရှိခဲ့ပါတယ်။
နဲနဲကြာလာတော့လည်း အနုပညာလောကမှာ အားပေးတဲ့ပရိသတ်မရှိတော့ဘဲ ပျောက်ကွယ် သွားတဲ့ အဆိုတော်ဇေယျာသော် ဘာတွေလုပ်နေလဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတာတွေ ထင်ထင်ရှားရှား မရှိတော့ပေမယ့် ဆေးချလိုက်၊ မိန်းကလေးတွေနဲ့ပျော်ပါးလိုက်၊ HipHop သံစဉ်တွေရေးလိုက်နဲ့ ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေတယ်လို့တော့သိရပါတယ်။
၂၀၀၈ မှာ တစ်ခါ သူ့ကိုပြန်ပြီး သတိထားမိလိုက်တာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ မတရားအသင်းတည်ထောင်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ကျသွားပါတယ်။ GW လို့ခေါ်တဲ့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)ဆိုတဲ့အဖွဲ့ကို ဖွဲ့လို့ပါ။
၂၀၁၁ ခုနှစ်မှာတော့ ဇေယျာသော် ကော့သောင်းထောင်ကလွတ်လာပြီဆိုတဲ့အကြောင်း ကြားသိရပြန်ပါတယ်။ HipHop အဆိုတော်ကနေ ထောင်ထွက်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတိုးလာတာပေါ့။ အဲဒီလိုနဲ့ပဲ ထောင်ကထွက်လာတော့လည်း ဘာမှမယ်မယ်ရရလုပ်တာကိုင်တာတွေ သတင်းမရဘဲ ထုံးစံအတိုင်း ဆေးချလိုက်၊ မိန်းမတွေနဲ့ ပျော်ပါးလိုက်နဲ့ပဲ ဘဝကိုဖြတ်သန်းနေတော့တာပါပဲ။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကျတော့ ဧပြီလမှာလုပ်မယ့် ကြားဖြတ်ရွေးကောက်မှာ ဇေယျာသော်က NLD ပါတီကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမယ်လို့ကြားသိလိုက်ရတော့ တော်တော်အံ့သြသွားတယ်။ ဘိန်းစား၊ ဘိန်းကြောင်-ကြောင်ပြီး ထင်ရာမြင်ရာတွေလျှောက်ဖွဲ့လို့ ထောင်ကျသွားတဲ့ ထောင်ထွက် တစ်ယောက်က ဘယ်အချိန်မှာ NLD ပါတီကိုရောက်သွားတယ်ဆိုတာ မသိလိုက်ရဘူး။
နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားပြည်သူတွေအရေး၊ တိုင်းပြည်ရဲ့လတ်တလောအခြေအနေ၊ ဘာဆိုဘာတစ်ခုမှ မသိဘဲနဲ့၊ ဘာမှ လုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံလည်းမရှိဘဲနဲ့ နိုင်ငံတော်ဆိုတာတောင် ဝေဝေဝါးဝါးသာသိတဲ့သူတစ်ယောက်က ရွေးကောက်ပွဲမှာဝင်ပြီး အရွေးခံမယ်ဆိုတော့ သူနဲ့ သူ့ကိုလက်ခံတဲ့ NLD ပါတီကို တော်တော်အံ့သြမိပါတယ်။ ဒါပေမယ့် ဒေါ်စုကြည်မျက်နှာနဲ့ သူ ရွေးကောက်ပွဲ နိုင်သွားတယ်ဗျာ။ အဲဒီနယ်မှာ ရှိတဲ့ရွာတွေကလူတွေကို ဘယ်လိုများစည်းရုံးလိုက်လို့လဲ မသိပါဘူး။ တော်တော်အံ့သြဖို့ ကောင်းပါတယ်။
မဲနိုင်သွားပြီးတဲ့နောက် သူ့ကို အဲဒီပုဗ္ဗသီရိနယ်မှာ တစ်ခါမှ လာတယ်လို့မကြားရတော့ဘဲ NLD ဥက္ကဌကြီး ဒေါ်စုကြည်နားမှာပဲ တပူးတွဲတွဲရှိနေတယ်လို့ သိရပါတယ်။ ဒေါ်စုကြည်ရဲ့ ဥရောပခရီးစဉ်တစ်လျှောက်မှာလည်း ၈၈ ကျောင်းသားဟောင်းတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေထဲက ဘယ်သူ့မှ မခေါ်သွားဘဲ ဇေယျာသော်ကို ခေါ်သွားလို့ မကျေမနပ်ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။ သတင်းမီဒီယာတွေမှာလည်း ဒေါ်စုကြည်ဘေးက ထမိန်ထုပ်ပိုက်ပြီးလိုက်တတ်တဲ့ အရည်အချင်းသာရှိတဲ့ HipHop အဆိုတော် ဆေးသမားကိုကြည့်ပြီး မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်ကြီးများက သူနဲ့တတန်းတစားတည်း လွှတ်တော်တက်ရမှာကို ခပ်ရွံ့ရွံ့ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဇေယျသော်က လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် ကျမ်းကြိမ်သစ္စာမဆိုရသေးဘူး ဆိုတော့ လွှတ်တော်အမတ်တစ်ယောက်တော့ တရားဝင်မဟုတ်သေးပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်သာ တရားဝင်ဖြစ်ရင် နိုင်ငံတော်သီချင်းကို HipHop ပုံစံပြောင်းဖို့ လွှတ်တော်မှာ အဆိုတင်သွင်းအုံးမှာလား လို့တောင် စိုးရိမ်မိပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
အကြိမ်ရေအကန့်အသတ်မရှိ ငွေဖြည့်သွင်းနိုင်မည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီ
အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှုလက်ခံသော ၀က်ဘ်ဆိုက် များတွင် ငွေပေးချေနိုင် ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူကပြောသည်။
၎င်းဆောင်ရွက်ချက်ကို www.shwemoney.com မှတစ်ဆင့် မှတ်ပုံ တင်ကာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Shwe Money Virtual Visa Card မှာ Debit Visa Card အမျိုးအစားဖြစ်ပြီး ၎င်းကတ်အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင် ထည့်ပေးထားရန်လိုအပ်ကြောင်း မြန်မာကျပ်ငွေမှ အမေရိကန်ဒေါ်လာဖြင့် အကြိမ်ရေအကန့်အသတ်မရှိ အလွယ်တကူဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိပြည်တွင်း၌ Virtual Visa Card အမျိုးအစားအချို့ကို ရောင်းချလျက်ရှိသော်လည်း Shwe Money မှာ Reloadable ဖြစ်၍ အကြိမ်ကြိမ်ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ပထမတစ်ကြိမ် Virtual Visa Card လျှောက်ပြီးတာနဲ့ နောက်ထပ်အကြိမ်ကြိမ် ထပ်မံဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။
အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀ ကနေ အများဆုံးတစ်ထောင်အထိ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတစ်ထောင်ကို အများဆုံးသတ်မှတ်ထားပေမယ့် တစ်ထောင်ထက်ပိုပြီး ဖြည့်သွင်းချင်တဲ့လူတွေအနေနဲ့ Shwe Money ကို အကြောင်းကြားရမှာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော မည်သည့် ၀က်ဘ် ဆိုက်တွင် မဆို ဈေးဝယ် ယူခြင်း၊ ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကတ်၏သက်တမ်းမှာ ပုံမှန်အားဖြင့် တစ်နှစ်ဖြစ်ကြောင်း၊ သက်တမ်းကုန်ဆုံးပါက နောက်ထပ်ငါးကြိမ်အထိ ထပ်မံသက်တမ်းတိုးနိုင်ကြောင်း သိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မျက်နှာမအီ မသာဒေါ်စု သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ)
မျက်နှာမအီ မသာဒေါ်စု
ယောက်ကျားရှာ ကြီးများလား
ဝမ်းနည်းမတ်တပ် ဖြေကြားလျှက်
ငိုချင်ရင်လည်း ငိုချလိုက်ပါ အမေစုရယ်
ဒေါ်အောင်ဆန်းစုကြည်ကို မအီမသာ ဖြစ်အောင်လုပ်သူ သုံးဦး ရှိသည် -
၁။ ရွေးကောက်ပွဲ ကော်မရှင်
၂။ ရခိုင်တိုင်းရင်းသားများ
၃။ Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မိန်းကလေးများ အပျိုစင်ဘ၀ကိုတန်ဖိုးထားဖို့လိုပြီ
ညသည်မှောင်လွန်းလှ၏ ထိုညထက်ပိုလို့မှောင်သသည်ကား ညကိုတောင်ချောက်လှန့်ကုန်၏ အမှောင်ညကို အမှောင်ဖြင့်ပေါင်းလိုက်သောအခါ ညသည်မှောင်ထက် မှောင်သွား၏။ ယခုဆောင်းပါးကိုရေးဖို့စာရေးသူအတော်စဉ်းစားခဲ့ရ၏။ရေသင့်မရေးသင့်ချင့်ချိန်ရ၏။အထပ်ထပ်စဉ်း စားကြည့်လိုက်သောအခါရေးသင့်သည်ဟု ယူဆမိလာ၏။ဟုတ်သည် မှန်တာကိုရေးတာပဲအပြစ်တင်မယ်ဆိုလဲ တင်စေတော့ ရေးချင်တာတော့ရေးကိုရေးရမည်။
အမှန်အားဖြင့်ညသည်မှောင်၏။ သို့သော် အမှောင်ကြီးတော့မဟုတ် မှောင်တစ်ဝက်လင်းတစ်ဝက်သာ ဖြစ၏်။လသာညများမှာ အလင်းဓါတ်တော့ရှိသေး၏။ သို့သော် လသာသာမသာသာ ည သည်မှောင်၏။ အ ဘယ့်ကြောင့်ပါနည်း။ ပြီးခဲ့နှစ်ပိုင်းအတွင်း ကျနော် ရန်ကုန်သို့စာပေကိစ္စဖြင့်ခဏတိုင်း ရောက်ရှိခဲ့ရာ ည၏မှောင်မိုက်ခြင်းများ ကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရ၏။ရင်လေးမိသည်။ပုဇွန်တောင် ဘူတာအနီးသံလမ်းတစ်လျှောက် ပြည်သူ့ရင် ပြင် နှင့် ကျနော် ရောက်ခဲ့သမျှ လူလွတ်လပ် ရာမြို့တွင်းလမ်းဘေး မှန်သမျှ သူတို့တွေပျော်တော်ဆက်နေကြ ၏။
ညဟုသာဆိုလိုက်ရသော် လည်း ညသာမကနေ့ပိုင်းတွင်ပင်နှစ်ပါးသွားနေကြပြီ။အံ့သြမိသည်။ယနေ့ ခေတ်လူငယ်များ မလွယ်တော့ပြီ လူမြင်သောနေရာပါမကျန်မရှက်နိုင်တော့ပဲစိတ်အလိုကိုလိုက်နေကြသည်။မ ယုံသူများကိုယ်တိုင်သွားလေ့လာစေလိုသည် နေ့ပိုင်း လျှော်ကားဥယျာဉ် တိုင်းရင်းသားကျေးရွာ ပြည့်သူ့ရင် ပြင် ကန်တော်ကြီး တို့လိုနေရာမျိုးက စ ဥယျာဉ်ပန်းခြံမှန်သမျှ နှင့် စေတီဘုရားများပေါ်ထိ သွားကြည့်လိုက်ကြ စေချင်သည်။
လူငယ်တို့သဘာဝချစ်ကြိုက်ကြလို့ ချိန်းတွေ့ကြသည်ကားအပြစ်မဆိုသာ။ သို့သော် ချိန်းတွေ့ရုံတင် ဆို ဘယ်သူက သ၀န်ကြောင် ဒီလိုမျိုးရေးချင်မည်နည်း။ထီးတစ်ချောင်းနဲ့ သူတို့ခရီးသွားကောင်းနေကြသည့် မြင်ကွင်းကားမည်သို့နားလည်နိုင်မည်နည်း။ သေချာလိုက်ကြည့်နေလို့ မြင်ခဲ့ရတာမဟုတ်ပါ လူမြင်ကွင်းမသိမ သာ စိတ်အလိုလိုက်နေကြသည်မှာ ယိုသူမရှက်မြင်သူရှက်ရသည်။ ထီးကာရုံဖြင့်အပြည့်မလုံပါ အချို့အတွဲများ ထီးပင်မကာ ပန်းပင်ဘေးမှာ ဖြစ်ချင်ရာဖြစ်နေကြသည်။ တွေ့လိုက်သည့် စုံတွဲတိုင်းနီးပါ ထိုသို့အတူနေခြင်းမျိုး မဟုတ်သော်မှ အနည်းဆုံး ပါးစပ်ခြင်းဆက်သွယ်နေကြသည်။
အိမ်ထောင်မပြုမှီ အပျိုလူပျိုတို့ အတူနေသောဝါဒဆိုးကြီးသည် ။မြန်မာနိုင်ငံသို့ချိန်းခြောက်လို့လာပေပြီ ယနေ့အမျိုးသမီးပျိုလေးများ ကိုယ့်ရဲ့ဘ၀ကို ရိုက်ချိုးနေကြသည် တန်ဖိုးမထားကြ နွမ်းပါးအောင်လုပ်နေကြ ခဏတာဖြစ်ပေါ်လာသော စိတ်ကိုသူတို့လိုက်ရောလွန်းသည် မနူးလိုက်နှင့်လိုက်ဖို့အဆင်သင့်ဖြစ်နေကြသည် ဒီအားနည်းချက်ကို သိနေကြသောကိုကို လူလည်တို့ကလဲ မျောက်လက် ငပိအပ်လိုက်သည့်ပမာ ရသာရှိသာ ၏တစ်ဆိုဆိုလုပ်နေကြသည်။
စိတ်ထားခြင်းမတိုက်ဆိုင်လို့ ချစ်သူဘ၀မှ လမ်ခွဲလိုက်သောအခါ ဘယ်လိုလုပ်မည်နည်း။ဘ၀မှာအမည်း စက်တို့ကလိုက်နေတော့မည်။ချစ်သူသစ်ရှာဖို့ပင်ကိုယ့်စိတိမလုံမလဲဖြစ်ရတော့မည်။ဆေးသောက်ပျောက် ခေတ်ကြီးမှာ ဒါမျိုးရေးမနေပါနဲ့ဆိုကြဦးမည်။ဆေးဆိုသည်မှာ တန်ဆေးလွန်ဘေးဖြစ်သည်။ ဆရာဝန်တို့ရဲ့ ပြောပြချက်အရ တားဆေး သုံးလွန်းသောအမျိုးသမီးများသည် အသားအိမ်ရောဂါရနိုင်ကြောင်းနှင့် ဆေးမတိုး တော့ပဲ ကိုယ်ဝန် တည်နိုင်ခြင်း မွေးလာသောသားသမီးများလူစဉ်မမှီဖြစ်တတ်ခြင်းတို့အပြင် အခြားဆိုးကြိုး များစွာ ခံစားရကြောင်းသိရသည်။
အိမ်ထောင်မပြုသေးလို့ အပျိုလူပျိုဟုခေါ်နေရသော်ငြားယနေ့ခေတ်သည် အပျို လူပျိုဂုဏ်ရည်တို့မရှိ ကြတော့ လှပသောဖြူစင်သောဘ၀ကိုမပိုင်ဆိုင်ကြတော့အများစုမှာ ဒီသို့သာဖြစ်သည်။လူ့ဘ၀ကိုရလာဖို့ အလွန်ခက်ခဲလှသည် ။အလွယ်ရလာသည်မဟုတ် ။ထိုသို့သောဘ၀ကို ကိုယ်ကျင့်သီလမဲ့ စွာ ဘ၀ပျက်သုဉ်း သည့်အဖြစ်မျိုးရှောင်ကြဉ်စေလိုပါသည်။
ဆိုးဝါးဆုံးအခြေနေကို ယနေ့လူငယ်များနှင့်မိဘ များသတိထားဖွယ်တင်ပြစေလိုသေးသည်။ယနေ့အ လုပ်သွားအလုပ်ပြန်လူ ငယ်များ အလုပ်သွားတစ်ခါ အလုပ်ပြန်တစ်ခါ အတူတွေ့ဆုံနေကြသည်။ရိုးရိုးတွေ့ခြင်း မျိုးမဟုတ် နှီးနှောခြင်းအမြဲပြုနေကြသည် ။မနက်ပိုင်းအလုပ်အသွားမသိသာလှသော်လည်း ညနေအလုပ်ဆင်း မှောင်ရီချိန်တွင် ပိုလို့သိသာစွာတွေ့ရသည်။ ပုဇွန်တောင်ဘူ တာနှင့် ဘူတာကြီးကြားအလွန်ပေါ သည် ထမင်း ချိုင့်လေးများဘေးမှာ ချ နှစ်ပါးသွားကြသည် ပြီးမှအိမ်ပြန်သည်။ကဲ ဘယ့်နဲ့လုပ်ရပါ့။ မြို့တွင်းလူလပ်ရာနေရာ လည်းထိုတိုင်းပင် လူထူထပ်ရာနေရာများမှာပင် လမ်းဘေးကားရပ်ခါအလုံပိတ်ပြီး ကားလှုပ်အောင်ကနေကြပြီ ဆိုးဝါးလိုက်ပါဘိ။
ရန်ကုန်မြို့အချို့ပန်းခြံဥယျာဉ်ကြီးများသည် ည ၁၀ နာရီကျော်သည်ထိမပိတ်ပဲ ဖွင့်ပေးထားသည်မှာ သူ တို့အတွက်မဟာအခွင့်ရေးကောင်းကြီးဖြစ်နေကြသည်။ရန်ကုန်မြို့ကိုဦးတည်ရေးနေသောကြောင့် အခြားမြို့ များမပါမထင်လိုက်ပါနှင့် သိပ်တော့မထူးလှပေ ။ မန္တလေးလိုမြို့ကြီးများတွင် မန်းတောင်ခြေတောတောင်ကြား နေ့ခင်းပိုင်းပင်ဆိုင်ကယ်နဲ့သွား ခါ စိတ်အလိုလိုက်နေကြသည်။ ညပိုင်း ဘူတာကြီးအနောက်ဘက် ၇၉ လမ်း ၃၁x၃၄လမ်းကြားတွင် အလွန်ပေါသည် ရန်ကုန်လိုမျိုးလမ်းဘေးကားရပ် အလုံပိတ်ခါ ဖြစ်ချင်ရာဖြစ်နေကြသည် လဲရှိသည်။ မိဘများသတိထားပေးကြစေချင်ပါသည်။
အဆိုးဝါးဆုံးသောမြင်ကွင်းတစ်ခုကို ကျနော်မြင်ခဲ့ဖူးသည် မန္တလေးမြို့ရှိ ဘုရားဝန်းတစ်ခုအတွင်းစုံတွဲ အလွန်ပေါလွန်းလှသည်။ ဘုရားရင်ပြင်ပန်းပင်နားမှာ သူတို့ အတူနေကြသည်။ကျနော်ဘုရားဖူးသွားခဲ့သော ထိုဘုရားမယ်မှောင်ရီပျိုးသောအချိန်ဖြစ်သာ ဘုရားဥမှင်လိုင်ထဲတွင် မောင်မယ်နှစ်ဖော်အတူလှဲအိပ်ခါမ တော်တရောပြုလုပ်နေကြသည်အံ့ရော။ဘုရားအထဲတွင်ထိထိုသို့မဖွယ်မရာပြုလုပ်ခြင်းမှာရိုင်းလွန်းလှသည်။ ပုဂံ ညောင်ဦး ရှိဘုရားများတွင်လည်းထိုနည်းတူများစွာတွေ့ရသည်။ဒီလောက်ထိဆိုးနေသည်မို့ကျနော်ဒီစာ ကိုရေးသည်မှာလွန်အံ့မည်မထင်။
ရေးဖို့ကျန်နေပါသေးသည်။ ထို့သို့ဖောက်ပြန်နေသော အထဲတွင် အလွန်ငယ်နေသေးသောအထက် တန်း နှင့်တက္ကသိုလ် ကျောင်းသား ကျောင်းသူလေးများပင် ပါနေသည်မှာ ကြောက်မက်ဖွယ်အတိဖြစ်သည်။ ကျောင်းဝတ်စုံများဖြင့် တွေ့နေကြသည်ကို ကြုံခဲ့ဖူးသည်။အော် အားလုံးဖောက်ပြန်နေကြပေပြီ။ ကျနော့်မိတ်ဆွေများက ပြောဖူးသည် ခုခေတ်ကတော့ဒီတိုင်း ကြီးပဲ မောင်ရေ့ ချစ်သူသမီးရည်းစားတိုင်း နေ့စဉ်ချိန်းတွေ့တိုင်း သူမပါမပြီးဖြစ်နေပြီ လမ်းဘေး ပန်းခြံ ဘုရားတွေတင်မက ငွေသုံးရင်သုံးနိုင်သလို တည်း ခုခန်း ဟိုတည် တွေမှာ တစ်ဆက်ရှင်ဘယ်လောက်ဆိုတဲ့အခန်းတွေ ယူပြီး ကာမမှာနစ်မွန်းနေကြပြီ။အချို့ဆို အိမ်ကို ဒီညဘယ်အိမ်မှာအိပ်မလို့ ခရီးသွားမလို့နဲ့အကြောင်းပြပြီး ညလုံးပေါက်ချစ်သူနဲ့အတူဟိုတယ်မှာသွား အိပ်ကြတယ်တဲ့။ မိဘတွေသားသမီးကိုမယုံသင့်တော့ပါ။
ချစ်သူခြင်းကာမဆက်စပ်မှုကို ယနေ့ ထမင်းစားရေသောက်ပမာအလွယ်တကူပြုလုပ်နေကြသည်။ရိုင်း သလိုဖြစ်သွားမလားတော့မသိ။ဘယ်အဆင့်ထိယနေ့အမျိုးသမီးတွေ နှိမ့်ကျသွားသလဲ တန်ဖိုးမဲ့သွားသလဲဆို လျှင် ပြည်တန်ဆာမများလောက်ပင် တန်ဖိုးမရှိဟု ဆိုနိုင်သည်။ ဘာကြောင့်ဆိုသော် အလုပ်သွားအလုပ်ပြန်နေ့ စဉ်ပုံမှန် ဒါမှမဟုတ်ချစ်သူနဲ့တွေ့တိုင်းအမြဲ စိတ်လိုလိုက်ခါအတူနေကြသောကြောင့်ပင်။ပြည်တန်ဆာမ များက ငွေရမှ ကာမကိုပေးကြသည်။ ယနေ့သမီးပျိုတော်တော်များများကတော့ ချစ်သူနဲ့တွေ့တိုင်း ဖတီး အလွတ် တန်းပေးဆပ်နေကြသည် စည်းမရှိကမ်းမရှိ။ ဒါကြောင့် ပြည်တန်ဆာက တောင်စည်းရှိနေသည်။ပြည်တန်ဆာ ထက်တန်ဖိုးကျနေကြပြီ။
အော်ခေတ် ခေတ် ဆိုးဝါးလိုက်တဲ့အဖြစ် ။ဒီလိုအဖြစ်မျိုးမကြုံရအောင် တန်ဖိုးမမဲ့အောင် မေပျိုတို့ဘ၀ကို တန်ဖိုးထားကြပါ ။ နှမျှောကြပါ ။ လို့ဆိုခြင်သည်။မိဘများလည်း သားသမီးများကို အထူးဂရုပြုကြဖို့တိုက်တွန်း ပါသည်။ကဲကျနော် ရေးသည့်သလား ရေးတော့ပြီးပြီ မှန်တာကိုရေးလို့ စိတ်တိုလဲတိုစေတော့ မြန်မာအမျိုးသမီး တိုင်းဘ၀ကိုတန်ဖိုးထားလာတတ်ရင်ကျေနပ်သည်။
ကိုကို ညီညီ တို့ကိုလည်းမှာချင်ပါသည်။ အခွင့်ရတိုင်းမယူကြပါနှင့် သူ့ကိုတကယ်ချစ်လျှင်သူ့ဘ၀ကို တန်ဖိုးထားရမည်။ ကိုယ်တိုင်လည်း ထိန်းသိမ်းနိုင်ရမည်။ လူပျိုဘ၀ ကိုအလွယ်မစွန့်ပါနှင့် ကိုယ်ကျင့်တရား ကိုချစ်မြတ်နိုးပါ။ မိန်းကလေးဆိုတာ ပျော့ သည် ထို့ကြောင့်ယောက်ကျားလေးတို့စွဲရာပါတတ်သည်။ဒါကိုအ ခွင့်ကောင်းမယူကြစေချင်။မကောင်းသည့်ဘက်မှာ အခွင့်ကောင်းယူလျှင် ကောင်းသည့်ဘက်မှာ ပျော့ညံ့မှန်း သိပ်သိသာ သည် အားကိုးထိုက်သောယောက်ကျားလေးမဟုတ်တော့။
ထို့ကြောင့် …..
ယနေ့ခေတ်မောင်မယ်များ စိတ်အလိုလိုက်မှုအစဉ်ထား
ကိုယ့်ဘ၀ကိုတန်ဖိုးထား ကိုယ်ကျင့်တရားမြဲစို့လား
ဟုဆိုလိုက်ချင်ပါသည်။
ဘ၀လေးများလှပစေလိုသောဆန္ဒဖြင့်…
စာဖတ်သူကိုလေးစားလျှက်
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဘောလုံးပွဲ အားပေးသူများနဲ့ ဘောလုံးသမားများကို ဒေါ်အောင်ဆန်းစုကြည် စိတ်ပျက်
ယခု ကျင်းပလျှက်ရှိတဲ့ ၂၂ နှစ်အောက် အာရှဖလား ဘောလုံးပြိုင်ပွဲများမှာ အားပေးသူများနဲ့ ဘောလုံးကန်သူများကို နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က အလွန်စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။ ဘောလုံးပွဲ အားပေးသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန့်ကျင်ပြီး ဗမာ လို့ သုံးရမယ့် နေရာမှာ မြန်မာ လို့ သုံးစွဲ နေကြခြင်းကြောင်း ဖြစ်တယ်လို့ NLD ပါတီဝင် တစ်ဦးက ဆိုပါတယ်။
အခြားကိစ္စများမှာ ဒေါ်အောင်ဆန်းစုကြည်လုပ်သမျှကို လူအများက မျက်စိစုံမှိတ်ပြီး ထောက်ခံကာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း လိုက်လုပ်ခဲ့ကြပေမယ့် မြန်မာ ဗမာ ကိစ္စမှာတော့ ဦးတင်ဦး၊ ဦးဝင်တင် နဲ့ ဦးဥာဏ် ဝင်း အပါအဝင် NLD ပါတီ အနည်းအကျဉ်းကသာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ကာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း ပြောလျှက် ရှိပါတယ်။

မြန်မာ ကို မြန်မာလို့ မသုံးပဲ ဗမာ လို့ သုံးဆွဲမှုကြောင့် ရွှေးကောက်ပွဲ ကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ကို (၂) ကြိမ်တိတိ သတိပေးထားပြီး ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုထိ အမှားကိုသိကာ အမှန်မပြင်နိုင်သေးပဲ အဓိပ္ပါယ်မရှိ ခေါင်းမာနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ကလည်း NLD ပါတီဝင်အများအပြားက မြန်မာ ဆိုတဲ့ အသုံးအနှုံးကို ဆိုင်းဘုတ်များတွင် ရေးသားကာ ကိုင်ဆောင်ခဲ့ကြလို့ ဒေါ်အောင်ဆန်းစုကြည်က ဆူပူကျိန်းမောင်း အရေးယူခဲ့တာတွေ ရှိခဲ့ပြီး အခုလည်း မြန်မာ မြန်မာ လို့ အော်ဟစ် နေကြတဲ့ ဘောလုံးပွဲအားပေးသူများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလွန်တင်းမာနေတာကြောင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဘယ်လောက် ဖိတ်ကြားပစေ ဘောလုံးပွဲ လုံးဝ သွားမကြည့်တော့ဘူးလို့ သိရပါတယ်။
လက်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ ဗမာ ပြဿနာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်သူ များပြားလာပြီး ထောက်ခံသူအရေအတွက်လည်း သိသိသာသာ ကျဆင်းလျှက် ရှိကြောင်း သတင်းရရှိပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ငါးရပ် ထုတ်ပြန်
မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်ငါးရပ် ထုတ်ပြန်လိုက်ပြီဖြစ်ကာ အထက်ဖော်ပြပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဟိုတယ်တာဝန်ခံ(GM) များအား အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဟိုတယ်လုပ်ငန်းဆောင်ရွက်ခွင့် သက်တမ်းတိုးမြှင့်ရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ အခန်းခဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ အခန်းခနှုန်းထားများ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများကြား အခန်းများ ဘွတ်ကင်ရရှိရေးနှင့် ပတ်သက်၍ ကန်ထရိုက်ကိစ္စရပ်များကို ဖြေရှင်းပေးရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားခရီးသည် ဝင်ရောက်မှု လွယ်ကူစေရေး လုပ်ငန်းစဉ် လေးရပ်အပေါ်တွင် အကောင်အထည်ဖော်နိုင်ရေးတို့ ရည်ရွယ်၍ ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုတယ်အခန်းခတွေ အရမ်းမြင့်နေတာကို သိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လဲ ဝန်ကြီးဌာနအနေနဲ့ အထူးစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ ဟိုတယ်တွေမှာ ရာနှုန်းပြည့် အခန်းရရှိမှုရှိ မရှိ၊ ကြိုတင်အခန်းဝယ်ယူမှု စတာတွေ စစ်ဆေးတာ ဘယ်ဟိုတယ်မှ ဒီလိုရာနှုန်းပြည့် ရတာမျိုးတွေ မရှိခဲ့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ဒီလိုမျိုးတွေ မဖြစ်ရအောင် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ အခြေခံအဆင့်ရှိသော(Standard Room) အခန်းခနှုန်းထားများ အမေရိကန်ဒေါ်လာ ၁၅၀ ထက်မပိုရန်၊ အခန်းခနှုန်းထားများသည် ကျိုးကြောင်းဆီလျော်မှုရှိရန်နှင့် ပတ်ဝန်းကျင်နိုင်ငံများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်၊ ဟိုတယ်အခန်းခ ကြိုတင်ဝယ်ယူပြီးသော သို့မဟုတ် နှဟ်ဖက်သဘောတူညီချက်ဖြင့် စပေါ်တင်ဝယ်ယူထားသော အခန်းခနှုန်းထားများ ပြောင်းလဲမှုမရှိစေရန်၊ ကြိုတင်ဝယ်ယူထားခြင်း သို့မဟုတ် စပေါ်တင်ဝယ်ယူခြင်းမျိုး မရှိပါက အဆိုပါဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများသည် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့်သာ ဆောင်ရွက်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီအကြား သဘောတူညီမှု သို့မဟုတ် ကန်ထရိုက်ပြုလုပ်ခြင်းတို့ကို စာချုပ်ချုပ်ပြီးနောက် ဝန်ကြီးဌာန၌ မှတ်ပုံတင်ထားရှိရန်၊ တစ်ဖက်ဖက်မှ ဖောက်ဖျက်ပါက ဝန်ကြီးဌာနသို့ တင်ပြ၍ အဆုံးအဖြတ်ခံယူရန် ပါရှိကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်များကို ဖောက်ဖျက်ပါက အရေးယူဆောင်ရွက်မည့် အခြေအနေ ခုနှစ်ရပ်ရှိသည့်အနက် ဝန်ကြီးဌာနမှ ဟိုတယ် GM များ၏ ဗီဇာသက်တမ်း တိုးမည့်ကိစ္စများကို ထောက်ခံချက်ပေးမည် မဟုတ်ကြောင်း၊ ဝန်ကြီးဌာနနှင့် ဟိုတယ်များကြား သဘောတူ ချုပ်ဆိုထားသော BOT စာချုပ်အရ ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခွင့်သက်တမ်း တိုးမြှင့်ရေး ပြန်လည်စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအကြား အခန်းဝယ်ယူခြင်းနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုရာတွင် နှုန်းထားငှားရမ်းမည့်ကာလ၊ အခန်းအရေအတွက်တို့ကို ထည့်သွင်းဖော်ပြရန်၊ ဖောက်ဖျက်မှုရှိပါက ဖောက်ဖျက်သူဘက်မှ သတ်မှတ်ထားသော ငွေပမာဏအတိုင်း ပေးလျော်ရန် ထုတ်ပြန်ကြေညာထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဒေါ်စု သတင်းစာရှင်းလင်းပွဲတွင် ခင်ရွှန်းလဲ့ဝေအကြောင်း နှင့် ၄၃ နှစ်မတိုင်ခင် နိုင်ငံခြားက ပြန်မလာတဲ့အကြောင်းများကို လုံးဝ မေးခွင့်မပြု
လူသန်းပေါင်းများစွာ စိတ်ဝင်စားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေးဗစ်လှမြင့် တို့ရဲ့ သမီး ခင်ရွှန်းလဲ့ဝေ အကြောင်း နှင့် အသက် ၄၃ နှစ် မတိုင်မှီ မြန်မာနိုင်ငံကို မေ့ကာ နိုင်ငံခြားမှာ မိသားစုနှင့် နေထိုင်ပျော်ပါးနေသည့်အကြောင်းများကို မမေးရန်အတွက် အယ်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပုဂ္ဂိုလ်ရေး အကြောင်းများကို မေးမြန်းခြင်း မပြုကြရန် မီဒီယာများ ကို သတိပေးလိုက်ပါတယ်။လန်ဒန်မှ သားမြေးများထံ ၅ ရက်ခရီးအပါအဝင် ဥရောပခရီးစဉ်မှအပြန် ဇူလိုင် ၃ ရက်တွင်အယ်န်အယ်ဒီ ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ပုဂ္ဂိုလ်ရေးမေးခွန်းမမေးပါနဲ့။ ကျွန်မပုဂ္ဂိုလ်ရေးမေး ခွန်းတွေဖြေလေ့ ဖြေထမရှိပါဘူး'' ဟု ၎င်း က ဆိုပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြည်တွင်း ပြည်ပမှ မီဒီယာ ၄၀ ကျော်ခန့်တက်ရောက် ခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းတွင် ဥရောပခရီးစဉ်နှင့် မသက် ဆိုင် သည့် မေးခွန်းများကိုပါ ဖြေကြားပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေး နှင့် ပတ်သက်သည့် မေးခွန်း အချို့အား ဖြေဆိုခြင်းမရှိခဲ့ပေ။
၈၈ ကျောင်းသားများနှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး သတင်း ထောက်တစ်ဦး၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ''၈၈ မျိုးဆက်ကျောင်းသား တွေ ကလာတွေ့ ချင်တယ်ဆို လို့ တွေ့တာပါ။ ဆွေးနွေး တဲ့ ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ကို ကိုကြီးတို့၊ကိုပြုံးချိုတို့ဆွေးနွေးချင်တဲ့ ကိစ္စတွေဖြစ် ပါတယ်။ အဲဒီဟာတော့ ကာယကံရှင် ကိုမေးပါ။ ကျွန်မတို့ကတော့စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေကဘာပြော တယ်ဆိုတာ ထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှထူးထူး ထွေထွေ တော့ မဟုတ်ပါ ဘူး။ မူအရပြောတာပါ။'' ဟု ပြန်လည် ဖြေကြားခဲ့ပါတယ်။
ထို့အတူဥရောပခရီးစဉ် အတွင်းနော်ဝေနိုင်ငံအော်စလိုမြို့တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံစဉ်မည်သည့် အရေးကိစ္စများ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက် တစ်ဦး၏မေးမြန်း ချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည် ကမူအရဖြေကြား ဖို့မရှိကြောင်းပြော ကြားပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်သုံးစကားကတော့ "ပွင့်လင်း မြင်သာရမယ်" ဆိုတဲ့ စကားဖြစ်ပြီး အနှစ် ၂၀ လုံးလုံး အစိုးရကို ပွင့်လင်းဖို့နဲ့ လုပ်ဆောင်မှုများကို ပွင့်လင်းမြင်သာ စွာ ချပြဖို့ ဝေဖန်နေခဲ့သူဖြစ်ပါတယ်။
မေးခွန်းအချို့ကို ပါးစပ်ပိတ်ကာ မဖြေကြားမှု၊ မမေးရန် သတိပေးမှုနဲ့ အပြောနဲ့အလုပ် မညီမျှ မှုတို့ကြောင့် သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက် အများအပြားက ကျေနပ်မှုမရှိကြကြောင်း သတင်းရရှိပါတယ်။
Myanmar Express မူရင်းသတင်းက ဒီမှာပါ။
မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်တွင် ဟိုတယ်ဇုန် အသစ် တိုးချဲ့ တည်ဆောက်ရန် အတွက် စီစဉ်
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တံတားဦး မြို့နယ်ရှိ ဒေသ အချို့တွင် ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်ဖို့ အတွက် မန္တလေး ဟိုတယ်ဇုန်မှ တာဝန်ရှိ
သူတွေနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတွေ ညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ မန္တလေးတိုင်း ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။အဆိုပါ မန္တလေးတိုင်း ဒေသကြီးတွင် ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်ရာ မှာတော့ ဧရာဝတီမြစ်ဘေး မှာရှိတဲ့ ရှမ်းကလေးကျွန်းဒေသ၊ ပြင်ဦးလွင်မြို့နယ် အတွင်းမှာ ရှိတဲ့ ပြင်ဇာကျေးရွာ၊ မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်းရှိ အင်းဝဒေသ စတဲ့ နေရာ ၃၀ နေရာထဲမှ မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်းရှိ အင်းဝ ဒေသမှာ ဟိုတယ်ဇုန် ဆောက်ရန် အတွက် အကောင်းဆုံး နေရာအဖြစ် သတ်မှတ်ပြီး ရွေးချယ် ထားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ နေရာမှာ ဟိုတယ်ဇုန်သစ် ဆောက်ဖို့အတွက် ယခင်က စီစဉ်ခဲ့ပေမယ့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲမှာ ပါဝင်နေ တာကြောင့် ဟိုတယ်ဇုန် တည်ဆောက်မှုကို ခေတ္တဆိုင်းငံ့ ထားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ယခင် အကောင်အထည် ဖော်မယ့်နေရာ မဟုတ်ဘဲ တံတားဦး မြို့နယ် အတွင်းက အခြားနေရာ ဒေသတစ်ခုကို ထပ်မံ ရွေးချယ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ မြန်မာ တစ်နိုင်ငံလုံးမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်များကို ထိန်းသိမ်း ထားတဲ့ ဇုန်အဖြစ် နေရာ ၄၂ နေရာကို သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဂျက်ကီချန်း၏ မြန်မာပြည် ၃ ရက်ခရီး ယခုတပတ်အတွင်း အစပြုမည်
တရုတ်သိုင်းမင်းသား ဂျက်ကီချန်းသည် ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် အဖြစ် မြန်မာပြည်သို့ ယခုတပတ်အတွင်း သွားရောက်မည်ဟု သိရသည်။ကလေးငယ်များကို ကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသည့် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များတွင် ပါဝင် ကူညီမည်ဖြစ်ကြောင်း၊ ခရီးစဉ်က ၃ ရက်ကြာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။
“ကလေးတွေကို ကုန်ကူးတာ၊ အသုံးချအမြတ်ထုတ်တာတွေဟာ ရာဇ၀တ်မှုကြီးတွေပါ။ ဒီလုပ်ရပ်တွေကြောင့် ကလေးတွေ ဘ၀တသက်တာ စိတ်ဒဏ်ရာရသွားကြသလို ကလေးဘ၀တွေလည်း ဆုံးရှုံးကြရပါတယ်” ဟု အက်ရှင်မင်းသား ဂျက်ကီချန်းက ပြောကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်ကို တွေ့ရှိရသည်။
ကလေးများသည် ရောင်းကုန်မဟုတ်၊ ကမ္ဘာပေါ်ရှိကလေးများအတွက် အဆိုပါရာဇ၀တ်မှုများတိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ အစွမ်းကုန် အားစိုက်ကြရမည်ဟုလည်း မင်းသားက ပြောသည်။
ခရီးစဉ်အတွင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာစီမံကိန်းနယ်မြေများ၊ သင်တန်းများသို့ သွားရောက်မည်ဟု သိရသည်။
မြန်မာပြည်တွင်လည်း ထင်ရှားသည့် အက်ရှင်မင်းသား ဂျက်ကီချန်းသည် ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် အဖြစ် ၂၀၀၄ ခုနှစ်ကတည်းက ကူညီဆောင်ရွက်ခဲ့သူဖြစ်သည်။
သူ၏ စေတနာဝန်ထမ်းလုပ်ငန်းများနှင့် ပတ်သက်ပြီး http://www.hivinfo4mm.org/?p=1091 တွင်လည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည်ကို တွေ့ရှိရသည်။
မူရင်းသတင်းက ဒီမှာပါ။
မိကွန်ထောလေးများ ဖတ်ဖို့
ဆုံးသွားရှာပြီဖြစ်တဲ့ ဂီတပညာရှင် ထူးအိမ်သင် မွေးနေ့ အထိမ်းအမှတ် မိသားစု ဆွမ်းကျွေးအလှူ မှာ တွေ့ရတဲ့ မိကွန်ထော ဓာတ်ပုံမြင်ရတော့ ထူးအိမ်သင် သမီးလေးတောင် အရွယ်ရောက်ပါပေါ့လို့ တွေးမိတယ်။ တပါတည်း သူ့အဖေ၊ သူငယ်ငယ် လူမမည် အရွယ်ကလေးတုန်းကတည်းက “သမီးကို သိုင်းသင်ပေးချင်တယ်၊ သမီးအရွယ်ရောက်လို့ သူကိုယ်တိုင် သဘောတူလို့ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး..၊ ဒါပေမယ့် သူမနှစ်သက်၊ အလိုမတူတဲ့ ယောင်္ကျားတစ်ဦးဦးက အင်အားသုံးပြီး အနိုင်ကျင့်ခံရမှာကိုတော့ စိုးရိမ်တယ်..၊ “ လို့ ပြောဖူးခဲ့တဲ့ စကားကိုပါ သတိရမိတယ်..။ တဆက်တည်း သိုင်းပညာရပ်ရဲ့ လူငယ်တွေအပေါ် အကျိုးသက်ရောက်နိုင်မှု ကျေးဇူးကို ဆက်လက်တွေးမိလာတယ်..။သိုင်းပညာဟာ အပေါစား ရုပ်ရှင်တွေရဲ့ ဖျက်ဆီးခြင်းခံရတဲ့ အတွက် လူအများရဲ့ စိတ်ထဲမှာ အနှစ်မပါ၊ အကြမ်းဖက်မှုသက်သက် သဘော ပုံဖော်ခြင်းခံနေရတယ်။ တကယ်တော့ သိုင်းပညာ (Martial Arts) ဆိုတာမှာ လူတစ်ယောက်နဲ့ တစ်ယောက် ကန်ကျောက်ထိုးကြိတ်၊ သတ်ပုတ်ခြင်းဟာ အပေါ်ရံ သဘောသာဖြစ်ပြီး အတွင်းသဘောက တွေးခေါ်မြော်မြင်နိုင်တဲ့ ဒဿနိက တစ်ခုခု၊ ဆင်ခြင်မှု တစ်ခုခုကို အခြေပြုကာ ကိုယ်ခန္ဓာ လှုပ်ရှားမှု နဲ့ စိတ် ဝိညဉ် အသိကပ်မှု တို့ကို အချိုးကျပေါင်းစပ်ထားတဲ့ အနုပညာတစ်ရပ် ဖြစ်တယ်။ ကမ္ဘာ့လူမျိုးအသီးသီးရဲ့ သိုင်းပညာတိုင်းဟာ မိမိ အင်အားကို ရှာဖွေ၊ စုစည်းပြီး မိမိကိုယ်ကိုအောင်နိုင်ခြင်းက အဓိက ဖြစ်တယ်။ ပရမတ္တသစ္စာ (Absolute Truth) ကို မိမိ အတွင်းစိတ်မှာ ခွဲခြမ်းစိတ်ဖြာ ရှာဖွေ ရှုမှတ်တဲ့ ဘာသာတရားတွေရဲ့ အကျင့်၊ လမ်းစဉ်တွေကို သိုင်းပညာတိုင်းရဲ့ အဆင့်မြင့် နုနယ်တဲ့ အစိတ်အပိုင်းတွေမှာ တွေ့နိုင်တယ်..။ ဒါဟာ မိမိရဲ့ အဇ္ဈတ္တသန္တာန် (Inner Nature) ကို ချုပ်ထိမ်းအောင်နိုင်ခြင်းဖြင့် အေးချမ်းအောင် လုပ်ခြင်း တစ်မျိုးဖြစ်တယ်။ အပူ၊ အအေး၊ အချစ်၊ အမုန်း၊ ငြိမ်းချမ်းခြင်း၊ စစ်ပွဲ စတဲ့ ဆန့်ကျင်ဘက် ဝိရောဓိ (Contradiction) တွေ ဆုံစည်းချုပ်ငြိမ်းရာကို ရှာဖွေခြင်းဖြစ်တယ်။
ဒီလို အခြေခံသဘောကြောင့် သိုင်းပညာဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဖွံ့ဖြိုးတိုးတက်စေဖို့ကို အများကြီး အထောက်အကူပေးတယ်..။ ဒါအပြင် အပေါ်ရံ တိုက်ရိုက်သဘော မြင်သာတဲ့ အချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာမှု ဖြစ်တယ်။ ဒီလို ကာယ၊ စိတ္တ တိုးတက်ဖွံ့ဖြိုးစေတဲ့ အတွက် တချို့နိုင်ငံကြီးတွေမှာဆိုရင် သိုင်းပညာရပ် တစ်ခုခု မဖြစ်မနေ သင်စေဖို့ ကျောင်းပညာရေး သင်ညွှန်းတမ်းတွေမှာ ပြဋ္ဌာန်းတယ်။
ဒါ့အပြင် သိုင်းပညာဟာ ယနေ့ခေတ်လို လူ့အခွင့်အရေးအကြောင်း၊ ဒီမိုကရေစီ သဘောတရားတွေ တွင်တွင်ပြောနေကြတဲ့ ခေတ်ကြီးမှာ တောင် မတရား အနိုင်ကျင့် ဖျက်စီး၊ ကာမကို လုယူခံနေရတဲ့ အမျိုးသမီးငယ်လေးတွေအတွက် မိမိအခွင့်အရေး နဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်ရာ လက်နယ်တစ်မျိုးလည်း ဖြစ်တယ်။ လူ့အခွင့်အရေးအကြောင်းတွေ အာပေါက်မတတ် ပြောတတ်တဲ့ ယောင်္ကျားကြီးတွေဟာ သူတို့ကို လူဖြစ်စေတဲ့ အမျိုးသမီးတွေရဲ့ ဘဝ၊ ဂုဏ်၊ မာန နဲ့ အခွင့်အရေးကိုကြတော့ ချယ်လှယ်၊ ချုပ်ကိုင်၊ လွှမ်းမိုး၊ မတရား ပြုချင်ကြတယ်။ ယောင်္ကျားကြီးဝါဒ ကို မသိစိတ်အနေနဲ့ဖြစ်ဖြစ် တွင်တွင်ကျယ် ကျင့်သုံးနေကြတယ်။ လူသားမျိုးနွယ်တူ၊ မျိုးပွား အင်္ဂါ နဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းတချို့ကလွဲလို့ ခြေ၊လက်၊ ခေါင်း စတဲ့ အင်္ဂါစုံ အားလုံး အတူတူပါသူချင်း အတူတူ ခွဲခြား၊ ဖိနှိပ်၊ အနိုင်ယူချင်ကြတယ်။ ယထာဘူတ ကျကျစဉ်းစားရင် ဒီလို လူသားတည်ဆောက်ဖွဲ့စည်းပုံအရ အားလုံးတူသူချင်း အတူတူ အနိုင်ယူစရာ၊ အခွင့်အရေးပိုယူစရာ ရှိရင် လူသားမျိုးနွယ်ကို ဖန်တီးပေးနိုင်တဲ့ ကြီးမြတ်တဲ့ မိခင်မျိုးနွယ်၊ မိခင် အလောင်းအလျာ အမျိုးသမီးများသာ ဖြစ်သင့်တယ်။
ဒီလို အမျိုးသမီး ဦးစားပေး သဘောဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရှိကို ရှိရမယ့် အချက်ဖြစ်တယ်။ သို့သော် တဘက်ကပြန်စဉ်း စားကြည့်ရင် ဒီသဘောဟာ ကောင်းပေမယ့် တနည်းအားဖြင့် ဒီလို ဦးစားပေး ခြင်းကလည်း အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ၊ ခွန်အားအရ အားနည်းသူမလို့ ညှာတာတဲ့ ပုံစံထက် စွမ်းဆောင်ရည်ကွာလို့ ခွဲခြားထားသလိုဖြစ်နေတဲ့ အတွက် တကယ့် အမျိုးသမီးဝါဒီ စိတ်ရှိတဲ့ တိုးတက်တဲ့ အမျိုးသမီးတွေက လက်ခံလေ့မရှိဘူး။ တန်းတူအခွင့်အရေးပဲ တောင်းဆိုတယ်။ သူတို့အတွက် အပို ဘာမှ စဉ်းစားပေးစရာ၊ လုပ်ဆောင်ပေးစရာ မလိုတဲ့ သဘော ဖြစ်တယ်။ ဒီလို စိတ်ဓာတ်မျိုးရှိတဲ့ အမျိုးသမီးတွေနဲ့ ကြုံတွေ့ချိန်မှာ အမျိုးသားတွေဟာ အားလုံး တန်းတူသဘောဖြစ်စေပြီး သာမန် အမျိုးသမီးတွေအတွက်တော့ ညှာတာစဉ်းစား၊ အခွင့်အရေးပိုပေးခြင်းဟာ ခေတ်သစ် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ ရှိရမယ့်၊ ရှိသင့်တဲ့ ကျား/မ လိင်ကွဲပြားသူချင်း ဆက်ဆံမှု သဘောဖြစ်တယ်။
ယနေ့ခေတ်လို အာကသကိုတောင် အမျိုးသမီးတွေ ခရီးဆန့် စူးစမ်းရှာဖွေ လူသားအကျိုးပြုနေတဲ့၊ ကမ္ဘာ့ကြီးကို အကြီးအကျယ် ပြောင်းလဲ အကျိုးပြုစေတဲ့ နိုင်ငံရေး၊ လူမှုရေး အမျိုးသမီးခေါင်းဆောင်ကြီးတွေ ပေါ်ထွန်းနေတဲ့ မျက်မှောက် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းစရာအနေနဲ့ အမျိုးသမီးတွေကို နိုင်လိုမင်းထက် လုပ်ချင်နေသေးတဲ့၊ ကျောက်ခေတ်က ရှေးဦး ယောင်္ကျားကြီးတွေ လောက် တောင် အသိဥာဏ်မရင့်သန်နိုင်သေးတဲ့၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးတဲ့ ယောင်္ကျားကြီးတွေဟာ ထုနဲ့ထည်ရှိနေဆဲ၊ စက်ဆုပ်ဖွယ် တွေ့မြင်နေရဆဲပဲဖြစ်တယ်။ ဒီလို လက်မခံနိုင်တဲ့ အခြေအနေမျိုးတွေဟာ အမြစ်တွယ်ရှင်သန်ဆဲ ဖြစ်တာကြောင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတဲ့ သိုင်းပညာရပ်ဟာ အမျိုးသမီးလေးတွေ မိမိ အခွင့်အရေး ကို တကိုယ်ရည် ကာကွယ်နိုင်မှုကြောင့် အရေးပါတဲ့ အခန်းကဏ္ဍ မှာ ရှိနေတယ်..။
[စကားချပ် - ကျောက်ခေတ် က လူသားတွေဟာ လူဦးရေ တိုးပွားမှု အင်အားလိုတဲ့ သဘောကို ကောင်းကောင်း သိတဲ့အတွက် မျိုးပွားမှုမှာ အဓိကကျတဲ့ အမျိုးသမီးတွေကို တန်ဖိုးထားတယ်၊ ကိုးကွယ်တယ်၊ အကြီးအမှုး ပြုတယ်၊ (အရင် ရေးဖူးတဲ့ ယဉ်ကျေးမှုဆောင်းပါးမှာ ဖတ်ပါ)။ မျက်မှောက်ခေတ်မှာကို တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသွားလာ (Nomadic)၊ ပင်လယ်အခြေပြု ယဉ်ကျေးမှု ကျင့်သုံးတဲ့ ဆလုံလူ့အဖွဲ့အစည်းမှာ အမျိုးသမီးဗဟိုပြု အုပ်ချုပ်မှုကို တွေ့နိုင်သေးတယ်။]
ကာမ ကို အဓမ္မယူလိုမှု (သို့) အင်အားကြီးမားမှု အားကိုးနဲ့ သက်သက် အနိုင်ကျင့်လိုမှုတွေကို အထိုက်အလျေက် ကာကွယ်နိုင် ဖို့အတွက် အမျိုးသမီးတွေဟာ ကိုယ်လုံပညာ သိုင်းပညာရပ် တစ်ခုခုကို စနစ်တကျ သင်ယူထားနိုင်ရင် ကောင်းတယ်။ အထက်မှာ ဆိုခဲ့သလို တွဲလျက် စိတ်ဓာတ်ကြံ့ခိုင်၊ ကိုယ်ကျန်းမာ မှုလည်း ရနိုင်မယ်။
ဒါ့အပြင် သိုင်းပညာရပ် တစ်ခုခုကို အမျိုးသမီးတွေလေ့လာ လိုက်စားခြင်းဟာ အမျိုးသမီးအခွင့်အရေးကို တိုက်ပွဲဝင်တဲ့ အမှတ် သင်္ကတ လည်းဖြစ်တယ်။ ရှေးရိုးစွဲ၊ ဘာသာအယူဝါဒီ တွေ ကြီးစိုးတဲ့ ကမ္ဘာ့ တချို့နိုင်ငံတွေမှာ ဆိုရင် အမျိုးသမီးငယ်လေးတွေဟာ မိမိတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းရည် ကို ပြနိုင်ဖို့၊ သာတူညီမျှ ဖြစ်တဲ့ သဘောကို ဖော်ဆောင်နိုင်ဖို့အတွက် သိုင်းပညာရပ်တွေကို စိတ်ဝင်တစား ကြိုးစားလေ့ကျင့်သင်ယူလာကြတယ်။ ဥပမာ – ရှေးရိုးစွဲ ဘာသာအယူဝါဒ အခြေပြု သူတွေ အာဏာရနေတဲ့ အီရန်နိုင်ငံမှာ ဆိုရင် အမျိုးသမီးငယ်လေးတွေဟာ လွတ်လပ်စွာ ဝင်စားဆင်ယင်ပိုင်ခွင့်အပါအဝင် မိမိတို့ရဲ့ မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးတွေ ပျက်သုန်းနေရတာကို ဆန့်ကျင်တဲ့ အထိမ်းအမှတ် အနေနဲ့ နင်ဂျာ သိုင်းပညာ၊ နင်ဂျစ်ဆု သိုင်းပညာတွေကို ထူးချွန်ထက်မြက်အောင် သင်ကြားလေ့ကျင့်တဲ့ ယဉ်ကျေးမှု ခေတ်စားလာတယ်။ ရှေးရိုးစွဲ ယောင်္ကျားကြီးတွေ အဓမ္မ သတ်မှတ်ပြဋ္ဌာန်းထားလို့ ဝင်ဆင်ရတဲ့ သူတို့ရဲ့ ရိုးရာ ဝတ်ဆင်ပုံနဲ့ ဆင်တူတဲ့ ရှေးနင်ဂျာ စစ်သူရဲကောင်းတွေရဲ့ ဝတ်ရုံတွေကိုဝတ်၊ ဓားရှည်ကြီးတွေကို လက်မှာ ဝံ့ကာ..၊ ဝံ့ကာ နဲ့ နင်ဂျာသိုင်းအတတ်ကို အနုပညာ အကတစ်ရပ်လို လှလှပပ ရဲရဲဝံ့ဝံ ကစားပြရင်းနဲ့ မိမိတို့ရဲ့ လူသား စွမ်းဆောင်နိုင်ရည် ဖော်ထုတ်ရင်း ယောင်္ကျားကြီးတွေ့ရဲ့ နိုင်ထက်စီးနင်းလုပ်လိုမှုသဘောကို သွယ်ဝိုက်တဲ့နည်းနဲ့ ဆန့်ကျင်ကြတယ်။
ဗမာလူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးအခွင့်အရေးကို ကြည့်ပြန်ရင်လည်း ရှေးအစဉ်အဆက်ကတည်းက နိုင်ငံအဝှမ်း အမျိုးသမီးတွေဟာ အရေးပါတဲ့ နေရာ အခန်းကဏ္ဍ မှာ ရှိနေပြီး အိမ်နီးချင်းတိုင်းပြည်များမှ အမျိုးသမီးများထက်စာရင် နှိမ်ချ၊ ခွဲခြားဆက်ဆံခံရမှု နည်းတယ်လို့ ဆိုနိုင်ပေမယ့် ကျားဗဟိုပြု သဘောထား နဲ့ အတွေးအခေါ်ဟာ အနည်း၊ အများဆိုသလို ရှိနေသေးတယ်။ ဥပမာ – တစ်ကမ္ဘာလုံးက အလေးထား၊ ဂုဏ်ပြုရတဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်လိုမျိုး တိုင်းပြည်မှာ ထင်ထင်ရှားရှား ရှိပါလျက်နဲ့ လက်ရှိ တိုင်းပြည်ရဲ့ ဥပဒေပြုလွှတ်တော်နှစ်ရပ်မှာ ပါဝင်ခွင့်ရနေတဲ့ အမျိုးသမီး လွှတ်တော် အမတ် အရေအတွက် အင်မတန် နည်းနေသေးတယ်။ ဒါ့အပြင် နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေတဲ့ လူမှုစီးပွား (Socioeconomic) အခြေအနေကြောင့် ဗမာ့လူ့အဖွဲ့အစည်းက အမျိုးသမီးတွေ (မိခင် နဲ့ နှမ အကြီး၊ အငယ်တွေ) ဟာ မိမိတို့ရဲ့ တကိုယ်ရည် ဆန္ဒ သဘောထားထက် မိသားစုအတွက် မဖြစ်မနေ ငဲ့ညှာစဉ်းစား ဦးစားပေးနေရတဲ့ အတွက် ပညာသင်ယူနိုင်မှု အခွင့်အရေး၊ ကျန်းမားရေး စောင့်ရှောက်ခံရမှု၊ ဝါသနာပါရာ အနုပညာ၊ စာပေ၊ အားကစား စတဲ့ ပင်ကိုယ် စိတ်ဗီဇ နဲ့ ဆက်စပ်တဲ့ အလုပ်တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှုမှာ ယောင်္ကျား၊ သား၊ မောင်ဘွားတွေ နဲ့ ယှဉ်ရင် အားနည်းနေပြီး မွေးရာပါ လူတစ်ဦးချင်းရဲ့ ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေသလို ဖြစ်နေရတယ်။
အမျိုးသမီးတွေ အိမ်ထောင်ပြုရင်လည်း အထက်မှာ ဆိုခဲ့တဲ့ လူမှုစီးပွားအခြေအနေကြောင့် မိမိဘဝ ပင်ကိုယ် အရည်အသွေး တိုးတက်အောင်လုပ်ဆောင်နေရခြင်းမျိုး မဟုတ်ဘဲ၊ အိမ်ထောင့်စီးပွားအတွက် သက်သက် ယောင်္ကျားများနဲ့ ယှဉ် လမ်းထွက် စီးပွာရှာဖွေမှု တွဲလျက် လုပ်နေရခြင်းကလွဲလို့ ယဉ်ကျေးမှု၊ ရိုးရာ၊ အစဉ်အလာ သတ်မှတ်ချက်မှာတော့ ဗမာ့လူ့အဖွဲ့အစည်းမှ အမျိုးသမီးတွေဟာ တကိုယ်ရည်ဆန္ဒ ဝါသနာပါရာ လုပ်ဆောင်ခွင့်ရခြင်းမျိုးမရှိဘဲ အိမ်ထောင်ထိမ်းသိမ်းမှု တာဝန်ထမ်းရွက်ဖို့သာ အဓိက လို သတ်မှတ်ခံထားနေရဆဲ ဖြစ်တယ်။
တိုင်းပြည်မှာ နှစ်ရှည်လများ ခံစားနေရတဲ့ ပြည်တွင်းစစ်မီးရဲ့ ဒဏ်ကြောင့် ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ အမျိုးသမီးများဟာ သားမယားပြုကျင့်ခံရမှု အပါအဝင် အဓမ္မ လုပ်အားပေးရမှု စတဲ့ မတရားမှုဒဏ်တွေကိုလည်း ခါးစည်းခံနေရဆဲပဲ ဖြစ်တယ်။ ပဋိပက္ခဒေသ မဟုတ်တဲ့ မြို့ကြီး၊ ပြကြီးတွေမှာလည်း တိုင်းပြည်ရဲ့ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်၊ စာရိတ္တမဏ္ဍိုင်တွေရဲ့ အကျိုးဆက်အနေနဲ့ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင် တရားမဲ့ အနိုင်ကျင့်မှုတွေရဲ့ အဓိက သားကောင်ဖြစ်နေဆဲပဲ ဖြစ်တယ်။
ဒီလို အခြေအနေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပေးတဲ့ သိုင်းပညာရပ်တစ်ခုခုကို အမျိုးသမီးငယ်လေးတွေ စိတ်အားထက်သန်စွာ လေ့လာလိုက်စားတဲ့ ယဉ်ကျေးမှုတစ်ရပ် ဗမာ့လူ့အဖွဲ့အစည်းမှာ ရှင်သန်ကြီးထွားလာခဲ့ရင် မိမိ အလိုမတူဘဲ အဓမ္မ ကာမ လုယူခံရမှု နဲ့ အကြမ်းဖက်ခံရမှု ကို ထိရောက်စွာ ပင်ကိုယ်စွမ်းရည်ဖြင့် ကာကွယ်လာနိုင်မှာဖြစ်သလို ကာယ၊ စိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ အမျိုးသမီးကောင်းလေးတွေ တိုင်းပြည်ရဲ့ နယ်ပယ်စုံ၊ ကဏ္ဍအသီးသီးမှာ ယခုထက် ပိုမို လွှမ်းမိုးနေရာယူလာနိုင်မှာ ဖြစ်တယ်။
သမီးငယ် မိကွန်ထောလေး အပါအဝင် နှမ၊ အမ အမျိုးသမီးငယ်များ သိုင်းပညာ တစ်ရပ်ရပ်ကို လိုက်စားခြင်းအားဖြင့် အမှီအခိုကင်းတဲ့ မိမိ တကိုယ်ရည် ဘဝ လုံခြုံမှုကို ဖန်တီိးပြီး တွဲလျက် စိတ်ဓာတ်ကြံခိုင်၊ ကာယ သန်စွမ်း၊ စဉ်းစာတွေးခေါ်၊ အသိဥာဏ်၊ ပညာရည်မြင့်မားလာခြင်းဖြင့် ဗမာလူ့အဖွဲ့အစည်းမှာ ယခုထက်ပိုမိုနေရာယူပြကာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြီးရာသာ အောင်နိုင်ရာလို့ ထင်နေဆဲ ရှိတဲ့ ယောင်္ကျာထုကြီး အသိတရားရလာအောင် စွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
အနှောင်အတည်းနှင့် လွတ်လပ်မှု
လွတ်လပ်မှုတန်ဖိုးကို မလွတ် လပ်သည့်အခါမှ ကောင်းစွာ သိ ပေသည်။ အရှင်းဆုံး ဥပမာပေးရ လျှင် ပြင်ပလောက၏လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သော အခြေ အနေနှင့် ချုပ်ချယ်ကန့်သတ်မှုများ ရှိသော ထောင်တွင်းအခြေအနေ တို့မှာ သိသာထင်ရှားသော ဥပမာ များဖြစ်ပါသည်။ လူတစ်ဦး၏ အခွင့်အရေးများ လုံးဝနီးပါး ဆုံးရှုံးနေသော အကျဉ်းထောင်၏ အနေအထားကိုမဆိုနှင့် လက်နက်ကိုင် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သည့်၊ အစိုးရရုံးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သည့်သူများလည်း ထိုဌာနဆိုင်ရာများ၏ စည်းကမ်းများကြောင့် မိမိတို့၏ သဘောဆန္ဒအတိုင်း လုပ်ပိုင်ခွင့်မရှိပေ။ တစ်စုံတစ်ရာ လွတ်လပ်ခွင့်မရှိ ဟုလည်း ဆိုချင်ဆိုနိုင်ပါသည်။ လူတစ်ဦး၏ ရပိုင်ခွင့်များကို ချုပ်ချယ်ကန့်သတ်သောဥပဒေများ မဖြစ်သင့်ပေ။
အကျဉ်းထောင်သည် လွတ် လပ်မှုကို တားဆီးပိတ်ပင်သော အဆိုးရွားဆုံးနေရာဖြစ်ပါသည်။ စားသောက်အိပ်စက်ခြင်းကို ကန့်သတ်ထားခြင်း၊ သွားလာလှုပ်ရှားမှု မှန် သမျှကို ပိတ်ပင်ထားခြင်း၊ အဆိုး ရွားဆုံးနေရာမှာ တိုက်ခန်းများ ဖြစ်သည်။ ခြောက်ပေသို့မဟုတ် ရှစ် ပေသာရှိသော အခန်းထဲတွင်သာ နေရပြီး လူတစ်ယောက်၏ လွတ် လပ်မှုအားလုံးကို ပိတ်ပင်ခြင်းခံရပါသည်။ ထောင်တွင်းရှိတိုက်ခန်းများမှာ လူအများထားသော အဆောင် များမှနေ၍ ထောင်မှစည်းကမ်းချိုး ဖောက်သူများအား ပြစ် ဒဏ်ဖြင့် ပို့လိုက်သော နေရာဖြစ်သည်။ တစ်ယောက်လျှင်တစ်ခန်းထားသည့် တိုက်ခန်းများဖြစ်လေသည်။ သို့သော် စည်းကမ်းချိုးဖောက်သူများ၊ ခိုက်ရန်ဖြစ်သူ များ၊ ထောင်မှ ထွက်ပြေးရန် ကြိုးစားသူများ၊ ထောင်အမှု ထမ်းများကို ပြန်လည်တိုက်ခိုက်သူ များအား ထားရှိသောနေရာဖြစ် သော်လည်းနောင်အခါတွင် နိုင်ငံရေး သမားများကိုသာ ထားရှိသော နေရာဖြစ်လာပါသည်။ ပုံမှန်အား ဖြင့် တိုက်ခန်းများမှာ ၈ ပေ၊ ၁ဝ ပေခန့်သာ အများဆုံးကျယ်၏။ အထဲ၌ အပေါ့အလေးသွားရန် အင်တုံတစ်လုံးထားပေးသည်။ ထိုအင်တုံကို ထောင်အခေါ် ဂန်ဖလားဟု ခေါ်ပါသည်။ မနက်၊ ညနေထမင်းစားချိန်တွင် အခန်းရှေ့မှနေ ထမင်းကျွေးသည်။ ဒန်နှင့်လုပ်ထား သော ဟင်းပန်းကန်တစ်လုံးနှင့် ထမင်းပန်းကန်ပြားတစ်ချပ် ပေးထား သည်။ ပလတ်စတစ်ဇွန်းကို အသုံး ပြုခွင့်ရှိပြီး သံဇွန်းကို သုံးခွင့်မပြုပေ။ မနက်ပိုင်းတွင် ရေချိုးခန်းသို့ အမှု ထမ်းကခေါ်သွားသည့်အခါ ရေချိုးရ ၏။ ထိုအချိန်မှလွဲ၍ ထိုတိုက်ခန်း ထဲမှာပင်ထောင်ကကျွေးသည့်ထမင်း၊ ဟင်းကလွဲ၍ ဘာမှ မစားရ၊ ဘယ် မှမသွားရဘဲ လွတ်လပ်ခွင့်အားလုံး ကို ပိတ်ပင်ခြင်း ခံရပါသည်။
ကျွန်တော်အသက် အစိတ် ကျော် လူငယ်ဘဝက ထောင်တွင်း ရှိ အဆိုးဆုံးတိုက်ခန်းတွင် စုစုပေါင်း သုံးနှစ်ခန့်နေရလေသည်။ ထိုအဆိုး ရွားဆုံးသော နေရာမှာ အမှောင် တိုက်ဖြစ်သည်။ အမှောင်တိုက်ဆို သည်မှာ အထက်က တင်ပြခဲ့သော တိုက်ခန်းထက် ဆိုးပါသည်။ တိုက် ခန်းကတံခါးကြီးမှနေ၍ ရှေ့မျက်နှာ စာအုတ်နံရံကို မြင်ရသည်။ အပေါ် ကြည့်လျှင် ကောင်းကင်ကြီးကို မြင် ရသေးသည်။ လေဝင်လေထွက် ကောင်း၏။ ပျံသွားသော ငှက်များ၊ ရှေ့မှဖြတ်သွားသော အမှုထမ်းများ ကို မြင်ရသည်။ သို့သော် အမှောင်တိုက်ကား ထိုသို့မဟုတ်ပေ။ ရှေ့တွင် သစ်သားတံခါးကြီးဖြင့် အလုံပိတ်ထားပြီး သစ်သားတံခါးကြီး အတွင်း လေးပေခန့်အကွာတွင် သော့ခတ် ထားသော သံတံခါးကြီး ရှိသည်။ သစ်သားတံခါးကြီးမှာ အဆက်များကို စေ့နေအောင် ဖွဲ့ထားသဖြင့် အပြင်မှအလင်းရောင်တန်းကိုပင် မမြင်ရပေ။ တိုက်ခန်းထဲမှ သံ တံခါးကိုကျော်၍ ရှေ့ကြည့် လျှင် သစ်သားတံခါးကိုသာ မြင်ရ ၏။ အခန်းထဲ ထွန်းထားသော ၆ဝ အားမီးလုံးသည် ၁၂ ပေအကွာ မျက်နှာကြက်မှ တွဲလောင်းကျနေ သည်။ နောက်ဘက်၌ အလျား ၂ ပေ၊ အနံ ၁ ပေရှိသော သံတိုင် စိုက်ထားသော လေဝင်ပေါက်လေး တစ်ခုကသာ အပြင်ကလေနှင့် အလင်းရောင်ရရှိစေပါသည်။ ထို အမှောင်တိုက်ကိုနေ့ရောညပါ တံခါး နှစ်ချပ်စလုံး ပိတ်ထား၏။ စဝင်ခါစကဆိုလျှင် တစ်ပတ်၊ နှစ်ပတ်အထိ ရေထွက်ချိုးခွင့်မရှိပေ။ အကျဉ်းသားများအတွက် ထပ်မံအကျဉ်းကျစေ သောနေရာဖြစ်သည်။
ကျွန်တော်သည် ထိုအမှောင် တိုက်ထဲ သုံးလရောက်လိုက်၊ ခြောက်လရောက်လိုက်၊ တစ်နှစ် ရောက်လိုက်နှင့် ထောင်သက်တမ်း တစ်လျှောက် သုံးနှစ်ခန့်ထိုထဲ ရောက်နေ ခဲ့ရသည်။ သို့သော် ကျွန်တော်စိတ်မဖောက်ပြန်သွားဘဲ ထိုအမှောင်တိုက်ထဲမှာ ကိုယ့်စိတ်ကို ဘယ်လိုလွတ်အောင်လုပ်မလဲဟု အလေးအနက်စဉ်းစားဆုံးဖြတ်ခဲ့သည်။ အစပိုင်းက ကျွန်တော့်စိတ်ထဲက ယောင်ကတမ်းဖြစ်လာသည်။နံနက် ပိုင်း ထမင်းလာပို့ချိန်နှင့် ညနေပိုင်း ထမင်းလာပို့ချိန်သာ ရှေ့မှ သစ်သား တံခါးကြီးဖွင့်သဖြင့် အလင်းရောင် ဝင်လာပါသည်။ သို့သော် ပြင်ပလေ နှင့် အလင်းရောင်ကို တစ်ခဏသာ ရရှိလိုက်၏။ ထမင်းလာပို့သူက ထမင်းဟင်းထည့်ပေးပြီး သစ်သား တံခါးကို ဝုန်းခနဲ ပြန်ပိတ်လိုက်ကာ အပြင်မှ သော့ခတ်လိုက်သည်။ ဆေးလိပ်လည်းမသောက်ရ၊ သီချင်း ဆိုလိုက်လျှင် သို့မဟုတ် စကား ပြောလိုက်လျှင် အသံမှာအပြင်ဘက် မထွက်ဘဲ တိုက်ခန်းထဲမှာ သာ လုံးနေ၏။ ဘေးအခန်းကို အော်ခေါ် ဖို့လည်းအလုံပိတ်ထားသဖြင့် ခေါ်၍ မရပေ။ မိမိအသံက အပြင်မထွက်သလို တစ်ဖက်ကအသံကို လည်း မကြားရပေ။ တစ်ရက်လည်းမဟုတ် နှစ်ရက် သုံးရက်လည်း မဟုတ်၊ တစ်ပတ်လည်း မဟုတ်၊ နှစ်ပတ် သုံးပတ် လည်းမဟုတ်၊ တစ်လ၊ နှစ်လလည်း မဟုတ်ပေ။ သုံးလ လောက်မှ အမှောင်တိုက်မှ ထွက်ရ သည်။ တချို့ခြောက်လ ကြာ သည်။ တချို့ တစ်နှစ်ကြာ၏။ ကျွန်တော်သည် ခြောက်လ၊ တစ်နှစ်ထဲတွင် ပါဝင်ခဲ့သူဖြစ်ပါသည်။ စိတ်ကယောင်ချောက်ချားဖြစ်သူ၊ သို့မဟုတ် စိတ်ဖောက်ပြန်သွားသူများကို အမြန်ဆုံးထုတ်၍ ဆေးရုံပို့ကြသည်။ ထိုအကျဉ်းဆုံးကာလမှ လွတ်မြောက်ဖို့မှာ ထို စိတ်ဖောက်ပြန်ဖို့ လမ်းသာရှိသလို ဖြစ်နေသည်။ ကျွန်တော်က ထိုလမ်းကိုမရွေးပါ။ ကျွန်တော်က မာန်ကိုတင်းလိုက်၏။ အစပိုင်းက သီချင်းများ ဆိုပါသည်။ နောက်ရသော သီချင်းများ ကုန်သွားသည်။ တစ်ဖက်ခန်းနှင့် ဆက်သွယ်ကြည့်ပါသည်။ အုတ်နံရံကို လက်ဖြင့်ခေါက်ပြီး အဆက်အသွယ် လုပ်သည်။ A ဆိုလျှင် တစ်ချက်၊ Bဆို လျှင် နှစ်ချက်၊ C ဆိုလျှင် သုံး ချက်ဖြင့် အဆက်အသွယ်ပြု၏။ ထိုနည်းမှာလည်း တစ်ဖက်က နားလည်လက်ခံနိုင်စွမ်းရှိမှ အောင်မြင်သည်။ နားမလည်လျှင် မအောင်မြင်နိုင်ပေ။ တစ်ဖက်နှင့် နားလည်မှုရှိလျှင် အချိန်သည်ကုန်မှန်းမသိ ကုန်သွားခဲ့၏။ သူ့နာမည်ကို မေး၊ သူ့အမှုကိုမေး၊ ကိုယ့်အကြောင်း ပြောနှင့် အချိန် ကိုကျော်ဖြတ်သွား နိုင်ပါသည်။
ထိုနည်းထက် ကောင်းသော နောက်နည်းကို ကျွန်တော်ထပ် စဉ်းစားမိသည်။ ထိုနည်းလမ်းမှာ အချိန် ဇယားဆွဲပြီး အချိန်ကို ကုန်လွန်စေ အောင်လုပ်သောနည်းဖြစ်၏။ ကျွန်တော်၏နည်းမှာ မနက်ပိုင်းတန်းစီ လူစစ်ချိန်ပြီးသည်နှင့် တစ်နာရီ လမ်းလျှောက်သည်။ အခန်း၏ အလျားအတိုင်းခေါက်တုံ့ခေါက်ပြန် နာရီသံ ချောင်းခေါက်သံ နားထောင်ပြီး လမ်း လျှောက်သည်။ နောက်ခေတ္တနားရင်း ခဏမှေးသည်။ နာရီဝက်ခန့် မှေးပြီးသည်နှင့် နောက်ထပ်တစ်နာရီ ကြာအောင် သီချင်းဆိုချင်ဆို၊ မဆိုချင် ကဗျာစပ်၏။ နောက်စိတ်ကူးထဲ ဝတ္ထုရေး၏။ ကိရိယာလွတ် လေ့ကျင့်ခန်းလုပ်သည်။ နောက် ရေချိုးခွင့်ရလျှင် ရေထွက်ချိုးသည်။ နောက်အခန်းထဲ နာရီဝက်ခန့် နား သည်။ ထမင်းလာပို့သောအခါ မနက်စာစားသည်။ စားပြီးသောအခါ နာရီဝက်ခန့် အိပ်စက်သည်။ နောက် နှစ်နာရီခန့် လမ်းလျှောက်သည်။ လမ်းလျှောက်ပြီးချိန်၊ နားချိန်နှင့် ဆိုလျှင် ညနေစာကျွေးချိန် ရောက်လာသည်။ ညနေစာကို ယူ ထားပြီး သက်သောင့်သက်သာ လမ်းလျှောက်၍ လေးနာရီခွဲ၊ ငါး နာရီခွဲလောက်ရောက်သောအခါ ညနေစာ စားပါသည်။ ညနေစာ စားပြီးသည်နှင့် ခေတ္တနားကာ သီချင်းဆိုသည်။ ပြင်ပမှ မိမိသံယောဇဉ်ရှိသူများအကြောင်း တွေးသည်။ ခုနစ်နာရီလောက်တွင် လမ်းထလျှောက် ပါသည်။ ညကိုးနာရီ လောက်တွင်အိပ်ပါသည်။ မနက်ငါး နာရီ လူစစ်ချိန်ထရပြီး တစ်နေ့တာ ထိုသို့လည်ပတ်သွားသောအခါ ငြီး ငွေ့စရာ၊စိတ်ဆင်းရဲစရာမရှိတော့ပေ။
ကျွန်တော့်နည်းလမ်းမှာ လွတ်လပ်မှုကို စိတ်ဓာတ်ဖြင့်ရယူသော နည်းလမ်းဖြစ်ပါသည်။ ထိုကဲ့သို့ စိတ်၏ လွတ်လပ်မှုကို ရှာတွေ့သွား သည့်နောက် လှုပ်ရှားရသည်မှာ ပေါ့ ပါးသွားပါတော့သည်။ ထို့ကြောင့် လွတ်လပ်မှု၏ တန်ဖိုးကို လွတ်လပ် မှု မရှိသည့်အခါမှသာ ကောင်းစွာ သဘောပေါက်နားလည်နိုင်ပါသည်။ ကျွန်တော်တို့သည် အပြင်လောက မှ ထောင်ထဲရောက်သောအခါတွင် လည်း ထို့ထက်ဆိုးသော ပိတ်ပင်မှု များကို ကြုံခဲ့ရသည်။ ထိုပိတ်ပင်မှု များမှလွတ်မြောက်ရန်ထောင်ထဲတွင် လည်း တိုက်ပွဲဝင်ခဲ့သည်။ ထောင် မှ လွတ်၍ ပြင်ပကမ္ဘာတွင်လည်း ဆက်၍ တိုက်ပွဲဝင်ခဲ့ပါသည်။ လွတ် လပ်မှုတောင်းဆိုရေးကို ဒီမိုကရေစီ ရေးတောင်းဆိုမှုဟု နားလည်ကြ ပါသည်။ လွတ်လပ်စွာပြောဆို၊ ရေး သား၊ နေထိုင်ရေးများအတွက် ဒီမို ကရေစီပေးပါဟုတောင်းဆိုကြသည်။ လူငယ်အများအပြားမှာ ထိုသို့တိုက် ပွဲဝင်ရင်း တချို့ သေဆုံးသွားသည်။ တချို့ အဖမ်းခံရသည်။ တချို့ လက် မှိုင်ချသွားကြသည်။ လွတ်လပ်မှု တောင်းဆိုသူအများအပြားမှာ လူ ငယ်များဖြစ်ပါသည်။ ကျွန်တော်တို့ လူငယ်ဘဝက လွတ်လပ်မှုတောင်းဆိုရင်း ထောင်ထဲနေခဲ့ရသလို ယခု မျိုးဆက်သစ်လူငယ်များကလည်း တောင်းဆိုခဲ့ကြ၏။ လွတ်လပ်မှုကို ရနိုင်သောနည်းလမ်းမှာ မိမိ၏စိတ်ကို လွတ်လပ်အောင်ထားခြင်းသာ ဖြစ်ပေသည်။ မိမိ၏လွတ်လပ်မှုကိုရော၊ မိမိပတ်ဝန်းကျင်နှင့် မိမိတိုင်းပြည်၏ လွတ်လပ်မှုကို ဦးစီးဦးဆောင် လက်တွေ့ လုပ်နိုင်သူမှာ လူငယ်များသာဖြစ်ပါသည်။ ဒီမိုကရေစီတိုက်ပွဲ ဆိုသည်မှာလည်း လွတ်လပ်မှု တိုက်ပွဲသာဖြစ်၍ ဒီမိုကရေစီ တောင်းဆိုသည်မှာလည်း လွတ်လပ်မှု တောင်း ဆိုခြင်းသာ ဖြစ်ပါသည်။ ”လွတ်လပ်ခြင်းဆိုတဲ့ စကား လုံးနှင့် ဒီမိုကရေစီဆိုတဲ့ စကားလုံး ကိုများသောအားဖြင့် ယှဉ်တွဲသုံးကြ တာ များပါတယ်။ လွတ်လပ်လို့သာ ဒီမိုကရေစီလို့ခေါ်နိုင်တာ ဖြစ်ပါ တယ်။ မလွတ်လပ်တဲ့ ဒီမိုကရေစီ မရှိပါဘူး။ လူတွေဟာတစ်ပါးသူက လာပြီး နဖားကြိုးထိုးတာ၊ ထမ်းပိုး တပ်တာတွေ၊ အဓမ္မစေခိုင်းတာ တွေကို မလိုလား၊ မနှစ်သက်ကြ ပါဘူး။ ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ပြည်သူတွေဟာ မိမိတို့ ဘာသာအချင်းချင်းတိုင်ပင်ပြီး ဥပဒေတွေကို ရေးဆွဲထုတ်ပြန်ကြ ပါတယ်။ ဒါကြောင့်လည်း ဒီမို ကရေစီနိုင်ငံတွေမှာ ပြည်သူတွေ ဟာ ဥပဒေတွေကို လိုလိုချင်ချင်နဲ့ လိုက်နာကျင့်သုံးကြပါတယ်။ ဒီမိုက ရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ မကောင်းတဲ့၊ မတရားတဲ့ ဥပဒေဆို တာ မရှိပါဘူး။ ဥပဒေပြဋ္ဌာန်းတဲ့အခါ မှာ လူတိုင်းလွတ်လပ်စွာငြင်းခုန်ခွင့် ဟာဒီမိုကရေစီရဲ့အသက်သွေးကြော လို့တောင် ဆိုနိုင်ပါတယ်။ လူတွေမှာ လွတ်လပ်တဲ့အတွေး အခေါ်၊ အပြောအဆို၊ အပြုအမူရှိဖို့ဟာ အလွန်လိုအပ်ပါတယ်။ လွတ်လပ်စွာနေချင်တဲ့လူတိုင်းဟာ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ မိမိကိုယ်တိုင် အစွမ်းရှိသလောက် စဉ်းစားဆင်ခြင်နိုင်ပါတယ်။ အဲ့ဒီလို စဉ်းစားဆင်ခြင်နိုင်အောင်လည်း မှန်ကန်တဲ့ သတင်းတွေ၊ အကြောင်းအချက်တွေကို ရှာဖွေရပါ မယ်။ စဉ်းစားသုံးသပ်တတ်ဖို့လည်းလိုပါတယ်။ ပြည်သူပြည်သားများအနေနဲ့ အချောင်သမားတွေရဲ့ သဘော၊ သဘာဝတွေကိုအချင်းချင်း အမြဲ မပြတ် သတိပေး နှိုးဆော်နေဖို့လဲ လိုအပ်ပါတယ်”ဟု ဆရာကြီး သခင်ဘသောင်းက သတိပေး ရေးသားခဲ့သည်ကိုဆင်ခြင်ဖို့ လိုအပ်ပါတော့သည်။

လွှတ်တော်စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် သုံးရက်ခွင့်ယူထား
ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သုံးရက်ခွင့်ယူထားပြီး လွှတ်တော် မတက်ရောက်နိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Eleven Media Group သို့ ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။
အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာဇွန်လ ၁၃ ရက်နေ့မှဇွန်လ ၂၉ ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ဥရောပ ငါးနိုင်ငံခရီးစဉ်အပြီး ကျန်းမာရေးအရ ခရီးပန်းလာသောကြောင့် ထိုသို့ ခွင့်ယူရခြင်းဖြစ်ကြောင်းလည်းဦးဉာဏ်ဝင်းက ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လွှတ်တော် စတင်ကျင်းပမည့် ဇူလိုင်လ ၄ရက်နေ့မှ ၆ ရက်နေ့အထိ စုစုပေါင်း သုံးရက်ခွင့်ယူထားခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောပါသည်။
''စိုးရိမ်စရာမရှိပါဘူး။ ခရီးပန်းလို့ပါ။ အခုအနားယူနေပါတယ်။ ခွင့်ရက်ပြည့်ရင် လွှတ်တော် တက်မှာပါ''ဟု ဦးဉာဏ်ဝင်းက ဆိုပါသည်။
ဥရောပငါးနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက် ပါသွားသော နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်က ''ခရီးပန်းလို့ဆိုတာထက် ခရီးစဉ်တွေကဆက်နေလို့ ခဏအနား ယူဖို့ ကျွန်တော်တို့ တောင်းပန်ခဲ့တာပါ'' ဟုပြောပါသည်။
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှ သုံးရက်ခွင့်ယူထား၍ တက်ရောက်နိုင်ခြင်း မရှိသေးသော်လည်း ကျန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များမှာ ဇူလိုင်လ ၄ ရက်နေ့မှစ၍ တက်ရောက်မည်ဖြစ်ကြောင်းလည်း ဦးဖြိုးဇေယျာသော်က ပြော ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားမျာနှင့် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါရှိ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ရန်ကုန်(ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အသွင်းကူးပြောင်းရေးကာလနှင့် ပတ်သက်သော အကြောင်းအရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားများက ဥပဒေ၊ နည်းဥပဒေကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးကိစ္စများနှင့် ပြည်ပရောက် နိုင်ငံရေးအင်အား စုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အသက်ဝင်လာဖို့၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ . . . ''ဒါ ပထမဆုံး စတွေ့တဲ့ပွဲဖြစ်ပြီး လက်ရှိကျွန်တော်တို့နိုင်ငံမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေ ပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အ သက်ဝင်လာဖို့၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ အဲဒါတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အကြောင်းကိစ္စတစ်ခုရှိရင် ဆက်သွယ်နိုင်ဖို့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းလေးတစ်ခု ထားသွားဖို့လည်း ဥက္ကဋ္ဌကြီးက အ လေးအနက် ပြောသွားပါတယ်''ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ စီးပွားကူးသန်းရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တို့ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် စသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Shopping center များတွင် လုပ်ကိုင်လျက်ရှိသော ဆိုင်ဝန် ထမ်းများ အခွင့်အရေး ပြင်ဆင်ဖို့ လို
မြန်မာနိုင်ငံအတွင်းရှိ Shopping center များတွင် လုပ်ကိုင်လျက်ရှိသော ဆိုင်ဝန် ထမ်းများ
မနက်(၉)နာရီ ၊ ည(၉)နာရီ စုစုပေါင်း အလုပ်ချိန် တစ်နေ့(၁၂)နာရီ အလုပ်ချိန်ဖြင့်
လုပ်ကိုင်နေရပါတယ်။
အခြေခံ လစာဥပဒေ မရှိသဖြင့် အချိန်ပိုလုပ်အားခ မရရှိပါ။ အရောင်းဝန်ထမ်းအများစု အခြေခံလုပ်ခလစာမှာ (၃-သောင်းကျပ်)ခန့်သာ-----
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

မူရင်းသတင်းက ဒီမှာပါ။
အခြေခံ လစာဥပဒေ မရှိသဖြင့် အချိန်ပိုလုပ်အားခ မရရှိပါ။ အရောင်းဝန်ထမ်းအများစု အခြေခံလုပ်ခလစာမှာ (၃-သောင်းကျပ်)ခန့်သာ-----
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

မူရင်းသတင်းက ဒီမှာပါ။
စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လ၀က၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံ
ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့သည် မီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ယင်းတွေ့ဆုံပွဲမှ ရရှိသည့် သတင်းများအား စုစည်းတင်ပြအပ်ပါသည်။
လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင်ဂုံးကျော် တည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက် အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်စရာမရှိဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းပြောကြား

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရှင်းလင်းနေစဉ်
လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင် ဂုံးကျော်တံတားများတည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက်ကာ အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်ကျစရာ မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင်ဂုံးကျော်များ တည်ဆောက်မှုအတွက် ကုန်ကျငွေတောင်းခံသည့် မေးမြန်းချက်ပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက''အမေရိကန်ဒေါ်လာ ၄၅ သန်းက နောက်မှ ဖြစ်ပေါ်လာတဲ့ကိစ္စပါ။ သူက(ဂုံးကျော်တံတားများ)Cost တွက်ရတယ်။ အဲဒီ Costing ကို မြို့တော်ဝန်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာက စစ်ဆေးတယ်။ အဲဒါလည်း ခင်ဗျားတို့ သွားစစ်ရင်လည်း အချိန်မရွေး စစ်ဆေးခွင့်ရှိတယ်။ ခင်ဗျားတို့က စစ်ချင်တယ်ဆိုလည်း ကျွန်တော်က ပြောပြပေးမယ်။ သွားကြည့်ပါ''ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်၍''ဘုရင့်နောင်ကျတော့ တခြားအဖွဲ့ လုပ်တာ ဘုရင့်နောင်လမ်းကလည်း အလွန်တရာ အခက်အခဲ ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကိုတင် ဒီဇိုင်းကိုစစ်၊ ကြိုက်ရင် ခင်ဗျားတို့နဲ့ စာချုပ်ချုပ် ဘယ်လောက်ကျမလဲ အ သေးစိတ် တွက်ရမယ်။ နောက်ပြီးတော့မှ အတည်ပြုပေးမှာ။ အတည်ပြုပြီးမှ ဘယ်လောက်ကျသလဲဆိုတာ ကြေညာမှာ။ အခုတော့ တန်းလန်းဖြစ်နေတယ်။ ပြီးရင်ကြေညာမှာ အခုတော့ မကြေညာဘူး။ သွားကြည့်ရင်ရတယ်။ ဘယ်ကုမ္ပဏီဗျာ ကျွန်တော်ကြည့်ချင်ပါတယ်ဆို ရတယ်။ မရှိမဖြစ်တော့ ဒီလိုသွားနေရတယ်။ အစိုးရအနေနဲ့ကလည်း ဘတ်ဂျက်က Law အနေနဲ့ သွားထားတော့ မပါဘူး။ လတ်တလောမှာလည်း ဒီပြဿနာရှိနေတယ်။ ရှိ တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီလိုလုပ်ပါ ဘယ်လောက်ကျတယ်ဆိုတာ တိတိကျကျတွက်ပြီးမှ ကျွန်တော်တို့ ဘယ်လိုကောက်မလဲ။ ဂုံးကျော်တံတားပေါ်မှာတော့ တိုးဂိတ်က ကောက်လို့မရဘူးလေ။ BOT လည်း မဟုတ်ဘူး။ Build Transfer ပြီးရင် လွှဲမယ်။ Opreate လုပ်ရမှာက ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်ရမှာ။ သူတို့မလုပ်ဘူး (တည်ဆောက်သည့် ကုမ္ပဏီ)၊ သူတို့လည်း အကြာကြီး ဒီလိုပေးတာ မဟုတ်ဘူး။ အပ်လိုက်တဲ့သဘောပဲ။ အဲဒါတွေ ကျွန်တော်တို့ လုပ်နေတယ်။ တာမွေကျတော့ လုပ်ဖို့မလိုဘူး။ ပလက်ဖောင်းတွေ လှီးလိုက်ရင် Traffic နဲ့ အဆင်ပြေတယ်ဆိုတော့ မလုပ်တော့ဘူး။ နောက်တစ်ခုက ရွှေဂုံတိုင်နဲ့ မြေနီကုန်းက လိုအပ်တယ်။ ရွှေဂုံတိုင်ကို အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရက စဉ်းစားပြီး ဒီဇိုင်းထုတ် နေတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်က ၀ိုင်းဝန်းပြီးတော့ ကူညီပေးတဲ့အကြောင်းပဲ ရှိပါတယ်။ ၄၅ သန်း ကုန်ကျစရာလည်း အကြောင်းမရှိပါဘူး။ ၀န်ကြီး ဦးအောင်မင်းက ကားဟောင်းလဲပြီး ကားသစ်သွင်းရာကနေ Tax တွေက နိုင်ငံခြားငွေအနေနဲ့ ရှိနေတော့ သူက ဒီငွေတွေနဲ့ ရန်ကုန်တိုင်းမှာ လမ်းတွေဖွံ့ဖြိုးစေချင်တယ်။ အဲဒီအထဲက ငွေအချို့ကို သုံးလို့ရတယ်လို့ သမ္မတကြီးဆီ အကြံပြုတယ်။ သမ္မတကြီးက မူအားဖြင့် သဘောတူ ထားတော့ ဒါလုပ်တုန်း Process ပါ။ ၄၅ သန်းလုံးကို ဒီတံတားအတွက် ပေးတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ထည့်ပေးတယ်။ ပြီးမှ ကျတာပြန်ချေရမှာ''ဟု ပြောကြားခဲ့သည်။
တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို ၂၀၁၅ မတိုင်မီ နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
''ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ Road Map မှာ အဆင့် ၃ ဆင့် ပြောထားပြီးဖြစ်ပါတယ်။ အဲဒီအဆင့် ၃ ဆင့်ထဲမှာ ပထမဆင့်မှာ အပစ်အခတ်ရပ်စဲဖို့ ဒုတိယအဆင့်မှာ Political Dialouge တွေ လုပ်မယ်။ နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေလုပ်ပြီးလို့ စိတ်ချရတဲ့အနေ အထား ရောက်လာရင် တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးရှိပါတယ်။ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အစည်းအဝေးကြီး၊ အဲဒီ အစည်းအဝေးမှာ နိုင်ငံရေးပါတီတွေလည်း ပါမယ်။ အန်င်ဂျီအိုတွေလည်း ပါမယ်။ အဲဒီအဖွဲ့တွေ ပါဝင်တဲ့ အစည်းအဝေးကြီး တစ်ခု နေပြည်တော်မှာ ကျင်းပပါမယ်။ ကျင်းပတဲ့ အကြောင်းရင်းကလည်း သူတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ တန်းတူညီတူ အခွင့်အရေးတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ အုပ်ချုပ်ခွင့်ရရှိရေးတွေ ဒါတွေ တောင်းဆိုကြမယ်။ သူတို့တောင်းဆိုတဲ့အခါမှာ ကျွန်တော်တို့ ဖွဲ့စည်း ပုံ အခြေခံဥပဒေထဲမှာ ပါတဲ့ဟာတွေ အားလုံးကို ကျွန်တော်တို့ ပေးလို့ရပါတယ်။ အခြေခံဥပဒေမှာ မပါတဲ့ဟာ တွေတောင်းလာရင် ပေးလို့ မရပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြီးမှ ပေးလို့ရမယ့်ဟာတွေဆိုရင် ကျွန်တော် လုပ်လို့မရပါဘူး။ အစည်းအဝေးကြီးကို နေပြည်တော်မှာ လုပ်မယ်။ လွှတ်တော်ကလည်း နေပြည်တော်မှာ ရှိနေတယ်။ ဒီဘက်ကလည်း မဖြေရှင်းနိုင်တဲ့ ဥပဒေကို လွှတ်တော်ထဲကို ပို့လိုက်မယ်။ လွှတ်တော်ထဲကနေ ဒီဥပဒေကို ပြင်ပေးပြီးရင် ဒီကိုပြန်ပို့မယ်။ ဟိုဘက်စားပွဲ ဒီဘက်စားပွဲ ဟိုဘက်အဆောက်အဦ ဒီဘက်အဆောက်အဦ ဒီလိုကျွန် တော်တို့က လုပ်သွားမှာဖြစ်တယ်။ တိုင်းရင်းသားတွေက ပြောတယ်။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေမဟုတ်ပဲနဲ့ ကျွန်တော်တို့က ဒီအခွင့်အရေးကို ဘယ်လိုလုပ်ရမှာလဲ။ မဟုတ်ဘူး အဲဒီအခွင့်အရေးကို မရလို့ ရအောင်လုပ်ပေးတာ ဖြစ်တယ်။ နေပြည်တော်မှာ တိုင်း ရင်းသားတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကြီး လုပ်တာဖြစ်တယ်။ အဲဒီကနေမှ လွှတ်တော်ကိုပို့မှာဖြစ်တယ်။ လွှတ်တော်က ပြင်ပေးလို့ရတဲ့ ကိစ္စကို ပြင်ပေးမှာပဲဖြစ်တယ်။ ဒီအခွင့်အရေးကို ရအောင်လုပ်ပေးတာပဲဖြစ်တယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက''ကျွန်တော်တို့အစိုးရဟာ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူပေးထားတာ ဖြစ်တယ်။ အဲဒီတော့နောက် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ နောက်တက်မယ့် အစိုးရလက်ထဲကိုတော့ ဒီတာဝန်တွေကို လွှဲမပေးခဲ့တော့ဘူးဗျာ။ ၂၀၁၅ ခုနှစ်မတိုင်ခင်မှာ ကြိုးစားပြီးတော့ ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ဘယ်တော့လောက်လဲဆိုတာတော့ ကျွန်တော်လည်း မဖြေနိုင်သေးဘူး။ သူတို့ ပူးပေါင်းဆောင်ရွက်တာ မြန်မယ်ဆိုရင် မြန်မြန်ရောက် မှာပါပဲ။ သို့သော်လည်း နောက်အကျဆုံးအချိန်ဟာ ၂၀၁၅ ခုနှစ်မတိုင်ခင် လုပ်သွားမယ်ဆိုတာကို တင်ပြလိုပါတယ်''ဟု ပြောကြားခဲ့သည်။
နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ ဆိုက်ရောက်ဗီဇာဖြင့် ပြည်ဝင်ခွင့်ပေးမည့်စနစ် တိုးချဲ့မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ရှိ၌ ဆိုက်ရောက် ဗီဇာစနစ်ဖြင့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ပေးသည့်စနစ်ဖြင့် ခွင့်ပြုပေးထားပြီး နေပြည်တော်နှင့် မန္တလေးလေဆိပ်များတွင်ပါ တိုးချဲ့သွားရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်လေဆိပ်မှ Arrival Visa ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ခွင့်ပြုလျက်ရှိရာ Business Visa အမျိုးအစားတစ်မျိုးကိုသာ Arrival Visa ထုတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ ခွင့်ပြုပေးထားကြောင်း သိရသည်။
''Arrival Visa ကို ဇွန်လ ၁ ရက်နေ့မှ စလုပ်ခဲ့တယ်။ Business Visa ကို စပြီးခွင့်ပြုပေးတာ။ သက်ဆိုင်ရာသံရုံးက ဗီဇာယူစရာ မလိုဘူး။ ဒီကိုလာခဲ့လိုက်။ တန်းပြီးထုပြီး အစစ်အဆေးမရှိပေးတယ်။ သူ့မှာ Black List ပါရင်တောင် နောက်မှ လိုက်စစ်တဲ့စနစ်ပါ။ ဇွန်လ ၁ ရက်နေ့ကစပြီး ဇွန်လ ၃၀ ရက်နေ့အထိ ၉၁၄ ယောက်ကို ပေးပြီးဖြစ်ပါတယ်။ အခုဆို တစ်ရက်ကို ပျမ်းမျှ ၅၀ ကျော်လောက် လာနေပါတယ်။ လုပ်ငန်းတွေကို ရန်ကုန်လေဆိပ်မှာပဲ စလုပ်ခဲ့တာပါ။ နောက်ပိုင်းမှာ မန္တလေး၊ နေပြည်တော်လေဆိပ်တွေမှာပါ တိုးချဲ့ပါမယ်''ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးစင်တာ ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
ငြိမ်းချမ်းရေးစင်တာ Peace Center အား ရန်ကုန်မြို့တွင် ယခုဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံတကာမှ အလှူရှင်များ၊ INGO များအကြား ပေါင်းကူးပေးရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
Peace Center အား ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ၀င်္ဒါမီယာအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အဆိုပါစင်တာတွင် မီဒီယာပါ ထည့်သွင်းတည်ထောင်ကာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုသတင်းများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထာ ၀ရငြိမ်းချမ်းရေး ဖော်ဆောင်နေမှု သတင်းများကို Facebook ပေါ်သို့ တင်သွားမည်ဖြစ်ကြောင်း၊ Peace Media တွင် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများကို ငှားရမ်းအသုံးပြုသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA မပါကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စုစုပေါင်းအင်အားမှာ ၆၀၀၀၀ ကျော်ရှိကြောင်း၊ နယ်မြေမလုံခြုံ၍ တိမ်းရှောင်နေရသူပေါင်း ၄၃၀၀၀၀ ရှိကြောင်း၊ နယ်စပ်များရှိ ဒုက္ခသည်စခန်း ၁၀ ခုတွင် မှီခိုနေရသူပေါင်း ၃၅၀၀၀၀ ရှိကြောင်း သိရသည်။
ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်၍ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အင်အားနှင့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာပါက စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ လူမှုရေး၊ ပညာရေးစရိတ်ထောက်ပံ့ခြင်း၊ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်းစသည်ဖြင့် အဆင့်များစွာ ပြုလုပ်ရေးရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးနိုင်ရန်အတွက် Peace Donar Supporting Group ကို ဖွဲ့စည်းထားပြီး နော်ဝေနိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် အခြားနိုင်ငံများမှ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့မှ ကူ ညီပေးမည့်အစီအစဉ်များအပေါ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက''နော်ဝေအပါအ၀င် ကူညီမှာပါ။ အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိပါတယ်။ မလောက်ပါဘူး။ ကုန်ရင်ထပ်ပေးမယ် လို့လည်း ပြောပါတယ်။ ငွေကို အစိုးရက မကိုင်ပါဘူး။ PDSG ကပဲ ကိုင်မှာပါ။ ထပ်ထည့်မယ်လို့ ပြောထားတဲ့နိုင်ငံတွေလည်း ရှိပါသေး တယ်။ အခုငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်တိုင်းပြည် အကူအညီမှမပါပဲ ကိုယ့်ပြည်တွင်းမှာပဲ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာပါ။ အောင်မြင်ရင် Myanmar Model ဆိုပြီးထွက်လာမယ်။ ဒါကိုတစ်ခြား နိုင်ငံတွေက ပြန်ပြီး သုံးစွဲကြလိမ့်မယ်။ ဂုဏ်ယူဖို့ကောင်းပါတယ်'' ဟု ပြောကြားခဲ့သည်။
သေမင်းတမန်ရထားလမ်းကို ယခုမိုးရာသီအကုန်တွင် ပြန်လည်ဖောက်လုပ်ရန် လုပ်ငန်းစတင်သွားမည်
သေမင်းတမန်ရထားလမ်းအား ယခုမိုးရာသီကုန်သည်နှင့် ပြန်လည်ဖောက်လုပ်ရန်အတွက် တိုင်းတာခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်သွားရန် စီစဉ်ထားပြီးဖြစ်သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
သေမင်းတမန်ရထားလမ်းမှာ သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ ၆၅ မိုင်ရှည်လျားကြောင်း၊ လက်ရှိတွင် ရထားလမ်းအူကြောင်းအား ကားများဖြတ်သန်းသွားလာမှုအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ရထားလမ်း ပြန်လည်ဖောက်လုပ်ရာတွင် မူလသေမင်းတမန် ရထားလမ်းဟောင်း တာဘောင်အတိုင်း ပြန်လည်အသုံးပြုတည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုရထားလမ်း ပြန်လည်ဖောက်လုပ်ပြီးပါက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွက် စီးပွားရေးအရ အဆင်ပြေမှုများ ရရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့်လည်း စီးပွားရေးလမ်းကြောင်း ပိုမိုပွင့်လာမည် ဖြစ်ကြောင်းလည်း သိရသည်။
ပြည်ထောင်စုဝန်ကြီးများ ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူအပေါ် အကျိုးဆောင်ရွက်သွားမည့် အဆင့်အထိ စီစဉ်ထားမှု ရှိမရှိမေးမြန်းချက်အပေါ် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကအချိန်မရွေးပေးလို့ရကြောင်း၊ စာရင်းပြခြင်းထက် စိတ်ကခံစားပြီး စိတ်ရှင်းရှင်းဖြင့် လုပ်ခြင်းက ပိုပြီးတန်ဖိုးရှိကြောင်း ပြန်လည်ဖြေကြား
ပြည်ထောင်စုဝန်ကြီးများအနေဖြင့် အများပြည်သူ ယုံကြည်အားကိုးမှု ပိုရစေရန် ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူ အကျိုးဆောင်ရွက်မည့် အဆင့်အထိ စီစဉ်ထားမှုရှိ မရှိ မေးမြန်းချက်အပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အချိန်မရွေးပေး၍ရကြောင်း ဖြေကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြန်လည်ဖြေကြားရာတွင် "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကရှိခဲ့တယ်။ ဒါတွေက အချိန်မရွေး ပေးလို့ရတယ်။ သို့သော်လည်း တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ၀န်ကြီးတွေချည်းပဲ မဟုတ်ပါဘူး။ အခြားကဏ္ဍတွေလည်း အများကြီးရှိပါတယ်။ စာရင်းတွေ ပြနေတာထက် လူကိုယ်၌ စိတ်ကခံစားပြီး ရှင်းရှင်းလုပ်တာ ပိုပြီးတန်ဖိုးရှိမယ်လို့ ထင်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကလည်း စာရင်းတွေပြပြီး ပိုင်ဆိုင်မှုတွေပြပြီး ဒီလိုဆောင်ရွက်ခဲ့ပါတယ်။ အဲဒီခေတ်မှာလည်း အခြားအမှားအယွင်း တွေကြုံတွေ့ခဲ့ရတာ ခင်ဗျားတို့အသိပဲ။ တစ်ဦးချင်းရဲ့တိုင်းပြည်အပေါ်မှာထားတဲ့စိတ်နဲ့ ရှင်းရှင်းလင်းလင်း တိုင်းပြည်အကျိုးကို ဆောင်ရွက်မယ်ဆိုတာကလည်း ပိုအဓိကျပါတယ်။ ဒီအကြောင်းအရာကို သက်ဆိုင်ရာနဲ့ ဆွေးနွေးပေးပါမယ်။ ကျွန်တော့်အနေနဲ့ No Problem ၊ကျွန်တော့်မိတ်ဆွေတွေ No Problem ပါ။ ဒါကဥပဒေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ကျွန်တော်က ပြောချင်ပါတယ်"ဟု ဖြေကြားခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း) စုစည်းရေးကော်မတီ ဖွဲ့စည်း
အကြောင်းအမျိုးမျိုးကြောင့် အနယ်နယ်အရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ လူ့ဘောင်သစ် ပါတီဝင်များနဲ့ ဒီမိုကရေစီအင်အားစုများကို စုစည်းနိုင်ဖို့အတွက် စုစည်းရေးကော်မတီ တစ်ရပ်ကို (၁၊ ၇၊ ၂၀၁၂) မှာ ဖွဲ့စည်းခဲ့ပါတယ်။
ကော်မတီမှာ ပါဝင်တဲ့သူတွေကတော့
၁။ ကိုဇေယျ (ရန်ကုန်)(တာဝန်ခံ)
၂။ ကိုအောင်ဇေယျ (ရွှေဘို)
၃။ ခွန်ရဲသွေး (တောင်ကြီး)။
၎။ ကိုညီညီ (ကျောက်တံတား)
၅။ မတင်တင်ချို(မရမ်းကုန်း)
၆။ ကိုမျိုးမြင့် (အင်းစိန်)
၇။ ကိုသီဟ (ပြည်) (ပြောရေးဆိုခွင့်ရှိသူ)
၈။ မနှင်းနှင်းမွှေး (သာကေတ) (ပြောရေးဆိုခွင့်ရှိသူ)
ကော်မတီဝင်များ
၁။ ကိုကျော်မိုးလွင်အောင် (သံတွဲ)
၂။ ကိုငြိမ်းချမ်း (မန္တလေး)
၃။ ကိုကျော်စိုး (မန္တလေး)
၎။ ကိုအေးကို (မန္တလေး)
၅။ ကိုကျော်ကြီး (ပဲခူး)
၆။ မသီတာ (မုံရွာ)
၇။ ကိုဘစိုးထွန်း (တွံတေး)
အရံကော်မတီဝင်များ
၁။ ကိုသန်းဝင်း (ပြည်)
၂။ ကိုဇော်ဇော် (ဗိုလ်တထောင်)
၃။ ကိုအိုက်ပွန် (ဟိုပုန်း)
၎။ ကိုအေးသွင် (အောင်လံ)
၅။ ကိုရန်နိုင်စိုး (သာကေတ) တို့ ဖြစ်ကြပါတယ်။
ကော်မတီအနေနဲ့....
အမျိုးသားရင်ကြားစေ့ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊
ပြည်ထောင်စုသားချင်းများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊
ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အနှစ်သာရရှိရှိထွန်းကားရေး အခြေခံများအပေါ်ရပ်တည်ပြီး နိုင်ငံနဲ့လူထုအတွက် လက်ရှိနိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးလိုအပ်ချက်အရ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့တွင် ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် မြန်နိုင်သမျှအမြန်ဆုံး ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ခုနှစ်ရက်သားသမီးများအတွက် (၂.၇.၁၂ ) မှ (၈.၇.၁၂) ထိတပတ်စာဗေဒင်ဟောစာတမ်း
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
မိမိကိုအထင်ကြီးခံနေရတတ်သည်။ အလုပ်ကောင်း၊ နေရာကောင်းရနေမည်။ အလုပ်အကိုင်တိုးတက်နေမည်။ ဆွေမျိုးသားချင်းများရောက်လာတတ်ခြင်း၊ မိတ်ဆွေများရောက်လာခြင်းဖြစ်တတ်သည်။ ရွှေဝင်ခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောပုံတော်များရောင်လာခြင်းဖြစ်တတ်သည်။ ကောင်းသည်။ ထွက်ထားသောစက်ပစ္စည်းများပြန်ဝင်မည်။ မိမိ၏လက်ဝတ်ရတနာပစ္စည်းကျောက်ထွက်တတ်သည်။ သတိထားပါ။ မိမိအိမ်ပြုပြင်ရတတ်သည်။
ကျန်းမာရေး။ ခံတွင်းနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ယောင်္ကျာဖြစ်ကမိန်းကလေးတဦးဒုက္ခပေးခြင်း၊ မိန်းကလေးဖြစ်က အိမ်ထောင်ရှင်နှင့်ပတ်သက်ခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြွေပုဂံပြားထဲတွင်ရှောက်သီးတလုံးထည့်ပြီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၄ ၆ ၃)
တနင်္လာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ နိုင်ငံခြားခရီးသွားရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ အလုပ်နေရာသစ်ပြောင်းရခြင်း၊ စီးပွားတိုးတက်ခြင်းများဖြစ်နေမည်။ ကွန်ပြူတာထွက်ခြင်း၊ ဖုန်းထွက်ခြင်း၊ အဟောင်းအသစ်ပြောင်းရခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းများပျက်ခြင်း၊ ထွက်ခြင်းဖြစ်တတ်သည်။ စီးပွားရေးအလွန်ကောင်းနေသည်။ အလှူအတန်းပြုလုပ်ပေးပါ။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ သွေးလျံခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မိမိကိုစိတ်ဝင်စားသူများနေမည်။ စိတ်ကြိုက်ရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားလိမ္မော်သီး (၇)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၆)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ စာအုပ်စာပေနှင့်ပတ်သက်သောကိစ္စများအဆင်ပြေခြင်း၊ စာအုပ်ကောင်းများလက်ဆောင်ရခြင်းဖြစ်တတ်သည်။ အိုးပိုင်အိမိပိုင်ဖြစ်တတ်သည်။ မြေထွက်ခြင်း၊ ပြန်ဝင်ခြင်းဖြစ်မည်။ ကားဝင်ခြင်း၊ ကားအဟောင်းမှအသစ်ဝင်ခြင်းဖြစ်မည်။ ငွေလူလိမ်ခံရတတ်သည်။ စီးပွားမတိုးချဲ့ပါနှင့်ဆုံးရှုံးမှုများမည်။ စာချုပ်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။ အစစအရာရာသည်းခံခြင်း၊ သတိထားခြင်းများနှင့်လုပ်ကိုင်ပါ။
ကျန်းမာရေး။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ကံကောင်းနေသည်။ ချစ်သူရည်းစားရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းသီးစိတ် ( ၄) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၃ ၃ ၁)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လူပင်ပမ်းခြင်း၊ စိတ်ပင်ပမ်းခြင်းဖြစ်နေမည်။ နိုင်ငံရပ်ခြားခရီသွားရခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းရခြင်း၊ စာမေးပွဲထူးချွန်စွာအောင်မြင်ခြင်း၊ အင်တာဗြူးများ အဆင်ပြေခြင်း ဖြစ်မည်။ အလုပ်အကိုင်တွင် စိတ်တိုင်းမကျခြင်း၊ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊ သူတပါးကိုစိတ်တိုင်းမကျခြင်းများဖြစ်မည်။ လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်တတ်သည်။ ငွေဝင်သော်လည်း အထွက်များနေမည်။ ထီပေါက်တတ်သည်။
ကျန်းမာရေး။ ဗိုက်အောင့်နေမည်။ အစားအသောက်သတိထားပါ။
အချစ်ရေး။ မိမိကိုအဆက်အသွယ်ဖြတ်ထားသောကြောင့် အသဲကွဲသလိုဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသစ်တော့သီး ( ၃)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၄ )
ကြာသပတေးသားသမီးမျာ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ လုပ်ငန်းတိုးချဲ့ရန်အကြောင်းပေါ်လာခြင်း၊ လုပ်ငန်းတွင်အောင်မြင်နေမည့်အချိန်ဖြစ်သည်။ စီးပွားတက်နေမည်။ အလုပ်တွင်နာမည်ကောင်းရနေမည်။ အလှူအတန်းလုပ်ရခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရခြင်းဖြစ်နေမည်။ ပြည်တွင်းပြည်ပခရီးသွားရတတ်သည်။ စာရွက်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။ သတိထားပါ။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မင်္ဂလာပွဲလုပ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမင်းဂွတ်သီး ( ၉) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း( ၂ ၀ ၃ ၃ )
သောကြာသားသမီးများ၏ကံကြမ္မာ
မျက်မှန်ဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ အလုပ်တွင်အတိုက်အခံနှင့်ရင်ဆိုင်နေရတတ်သည်။ ငွေဝင်ကောင်းနေမည်။ သိုသော်ငွေထွက်လည်းများနေမည်။ ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေပြင်ခြင်း၊ ရွှေထွက်ခြင်းဖြစ်တတ်သည်။ အိမ်ပြင်ခြင်း၊ အိမ်ပြောင်ခြင်းပြုလုပ်ရတတ်သည်။ လူမျိုးခြားများ၏ကူညီမှုရမည်။
ကျန်းမာရေး။ နားနှင့်ပတ်သက်သောရောဂါ၊ ဒူးနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်ပျော်ရွှင်စရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီး ( ၆)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၆ ၅ )
စနေသားသမီးများ၏ကံကြမ္မာ
ထီပေါက်ခြင်း၊ အပိုဝင်ငွေရခြင်း၊ လစာတိုးခြင်း၊ ၀င်ငွေတိုးခြင်း၊ အလုပ်ပြောင်းရွှေ့ရခြင်း၊ လုပ်ငန်းသစ်လုပ်ရန်ဖြစ်ခြင်းများဖြစ်နေမည်။ စီးပွားတက်နေမည်။ အပျော်အပါးသတိထားပါ။ အပျော်လွန်ပြီးဆုံးရှုံးမှုများတတ်သည်။ သတိထားပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်လျှင်လဲအောင်မြင်သောအချိန်ဖြစ်သည်။ အစစအရာရာအဆင်ပြေမည့်အချိန်ဖြစ်နေသည်။
ကျန်းမာရေး။ လက်ကိုက်ခြင်း၊ အကြောနာခြင်းဖြစ်နေမည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေမည်။
ယတြာ။ မွေးနေ့န့နက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားကြက်မောက်သီး ( ၁၀ )လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၅ ၅ ၄)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း +6016 6903 513 / +6018 2250 510
E-swezinwati@gmail.com
Facebook.www.facebook.com/swezinwati
မူရင်းက ဒီမှာပါ။