Tuesday, June 26, 2012

ဘင်္ဂလီများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော် ဂွမြို့တွင် ဖမ်းဆီးမိ


ဂွမြို့မှ တံတားကို မြင်ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

ဘင်္ဂလီ လူမျိုးများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။

သူတို့မှာ မည်သို့ မည်ပုံ ဂွကျွန်းသို့ ရောက်ရှိလာသည်ကို အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ တာဝန်ရှိ အာဏာပိုင်တွေက အခုလို ဖမ်းမိတယ်ဆိုတာ အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ခုလို အခြေအနေမျိုးမှာ သူတို့ ဘာကြောင့် ဒီကျွန်းကို လာကြသလဲဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် ဒီကိစ္စ အမြန်ဆုံး လူသိရှင်ကြား ဖေါ်ထုတ်ပေးဖို့ ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို စာရေး တောင်းဆိုထားပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ပြီးနောက် ဂွမြို့နယ်တွင် တစ်စုံတစ်ရာ ပြဿနာများ မပေါ်ပေါက်ရအောင် မြို့ပေါ်နေ ပြည်သူများ၊ အစိုးရ ၀န်ထမ်းများဖြင့် ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို လူပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သို့အတွက် ဒေသခံ ဂွမြို့နယ်တွင် နေထိုင်သူများက ဂွကျွန်းပေါ်တွင် ရောက်ရှိလာသူ ဘင်္ဂလီများ အကြောင်းကို မြို့နယ် လူထု သိရှိအောင် သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စာရေး တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

“ သူတို့အထဲက ၄ ယောက်ပါ အုပ်စု တစ်စုဟာ ဂွကျွန်းအနီးက ရွှေယချိုင်ကျေးရွာကို ဇွန်လ ၂၂ ရက်နေ့က ၀င်လာတယ်။ ၂၃ ရက်နေ့မှာ ၅ ယောက်ပါ အုပ်စု တစ်စု နောက်ထပ် ၀င်လာတယ်။ အားလုံးကို ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေလည်း အသုတ်လိုက်ခွဲပြီး ၀င်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မြို့နယ် အတွင်းက လူတွေ စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဘင်္ဂလီများ ဂွမြို့နယ်တွင် ဖမ်းဆီးမိသည်ဆိုသော သတင်း အပေါ် အတည်ပြုနိုင်ရန် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ သူတို့ လူပေါင်း ၁၃၀ ပါတယ်လို့ ပြောတယ်။ ဒီလ ၂၀ နေ့က ကျွန်းပေါ်ကို ရောက်လာတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ မလေးရှားကို သွားတာ လှေပျက်ပြီး ဂွကျွန်းကို ရောက်လာတယ်လို့ ဒီလိုဘဲ ကြားပါတယ်။ အခုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ လူများတော့ ဂွမြို့ပေါ်ကို မခေါ်လာနိုင်သေးဘဲ အဲဒီ ကျွန်းပေါ်မှာဘဲ ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

တခြားရဲစခန်းမှူး တစ်ဦးကလည်း အဆိုပါ သတင်းကို သူကြားသိရကြောင်း သို့သော်လည်း တစ်ခြားနေရာ တစ်ခုသို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိနေ၍ အသေးစိတ် မသိရှိရသေးကြောင်း ပြောကြားသည်။

နိရဉ္စရာမှ တယ်လီဖုံးမှ တဆင့် ဂွမြို့နယ် ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို သူတို့ မရရှိသေးကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

နိရဉ္စရာ

မူရင်းသတင်းက ဒီမှာပါ။

လုပ်အားခေါင်း ပုံဖြတ်နေ ခြင်းကို လုံးဝအကာ အကွယ် ပေးသွားမည်


လုပ်အားခေါင်း ပုံဖြတ်ခံရတဲ့  မြန်မာအလုပ် သမားများ

အလုပ် သမားများ၏ လုပ်အားခေါင်း ပုံဖြတ်ခံ ရခြင်းမှ အကာအ ကွယ်ပေးနိုင်ရန် ယခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေ(မူကြမ်း)တွင် ဦးစားပေးအချက်အဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမား များအပေါ် လုပ်အားခေါင်းပုံ ဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။ ယခုလ ပထမပတ်က ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းအစည်းအဝေး၌ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားခြင်းဖြစ်သည်။

“နိုင်ငံတကာနဲ့ညီတဲ့ အနည်းဆုံး အခကြေးငွေ ဖြစ်လာအောင် ဖန်တီးပေးမယ်။ လုပ်အားခေါင်းပုံဖြတ်တဲ့ကိစ္စကို လုံးဝအကာအကွယ် ပေးရမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ “အလုပ်သမားတွေအပေါ်မှာ အလုပ်ရှင်ရဲ့ အဓမ္မလုပ်အား ညှစ်ထုတ်ခိုင်းစေမှုတွေ ရှိနေပါတယ်။ လုပ်အားနဲ့ လုပ်ခမျှတဖို့ လိုပါတယ်။ အခြေခံလစာ တိတိကျကျ သတ်မှတ်ပေးရပါမယ်။ မုန့်ဖိုးတို့၊ ဆုကြေးဆိုတာ အလုပ်သမားကို သက်သက် ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုပါပဲ” ဟု ဆောက်လုပ်ရေး အခြေခံအလုပ်သမားသမဂ္ဂမှ ဦးကိုဆိုင်းက ပြောသည်။ ယခုအခါ မေလကုန်အထိ လုပ်ခလစာတိုးမြှင့်ရန် တောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံပေါင်း ၅၇ ရုံရှိကာ ယင်းမှ အလုပ်သမား ကျား၊ မပေါင်း ၃၆၈၁၀ ရှိနေကြောင်း သိရသည်။

“အလုပ်ရှင်နဲ့ အလုပ်သမားဟာ မိတ်ဖက်အကျိုးတူ စီးပွားဖက်တွေအဖြစ် စဉ်းစားကြပါ။ ဆက်ဆံကြပါ။ နောက်တစ်ခုက ရှင်းရှင်းလင်းလင်းဖြစ်တဲ့ လစာ တွက်ချက် သတ်မှတ်မှုမျိုး ဖြစ်သင့်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။ ယင်းအပြင် အလုပ်သမားများ၏ အဆင့်အတန်းကို လက်ခံနိုင်ဖွယ်အဆင့်အထိ ရောက်ရှိရန် မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းသတင်းက ဒီမှာပါ။

ရခိုင် ဆူပူမူကြောင့် ဘင်္ဂလာ ဒေခ်ျ့တွင် သောင်တင်နေသူ မြန်မာ စီးပွားရေး သမား ၄၄ ဦးကို ပြန်ပို့

ရခိုင်ပြည် နယ်တွင် ပေါ်ပေါက် ခဲ့သော ဆူပူအ ကြမ်းဖက်မူ များကြောင့် မြန်မာ ဘက်ကို မပြန်နိုင်ဘဲ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံတွင် သောင်တင်နေသူ မြန်မာနိုင်ငံမှ စီးပွားရေးသမား ၄၄ ဦးကို ဇွန်လ ၂၄ ရက်နေ့က တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီး ကြပ်ရေးဌာနမှ သောင်တင်နေသော မြန်မာ စီးပွားရေးသမား ၄၄ ဦးကို တရားဝင်ပြန်လည် ပို့ဆောင် လိုက်ခြင်း ဖြစ်ကြောင်း တက်ကနက် ဆိပ်ကမ်း ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် အာဘဒူလ် ကာဒဲလ်ကတ်က ဒေသခံ သတင်းထောက်များသို့ ပြောသည်။

“ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက စီးပွားရေး သမား ၂၆ဦး၊ တခြား ရိုးရိုး အလုပ်သမား ၁၈ ဦး စုစုပေါင်း ၄၄ ဦးကို တရားဝင် မြန်မာသို့ ပို့ပေးလိုက်ပါတယ်။ နောက်ထပ် စီးပွားရေးသမား ၂၂၇ ဦးကိုလည်း ပြန်ပို့ပေးဖို့ရှိနေတယ်” ဟု သူက ပြောသည်။

အဆိုပါ စီးပွားရေး သမားများမှာ ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှု မဖြစ်ခင်ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ရောက်ရှိသူများဖြစ်ကြောင်း၊ ရခိုင်တွင် ပဋိပက္ခ မတည်ငြိမ်မှုကြောင့် အိမ်မပြန်နိုင်ဘဲ သောင်တင်နေကြခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ယခုအခါ မြန်မာအစိုးရနှင့် ညိုနှိုင်းပြီး ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီးကြပ်ရေး ဌာနမှ စိစစ်ပြီး ပြန်ပို့နေခြင်း ဖြစ် ကြောင်း သူက ပြောကြားသည်။

ရခိုင် ဆူပူမှုကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ စီးပွားရေးသမား ၁၀၀ ကျော် မြန်မာဘက်တွင် ပိတ်မိနေခဲ့ပြီး ယခုအခါ အများစု ပြန်လာကြပြီ ဖြစ်သော်လည်း နောက်ထပ် ၄ဦးမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တရားဝင် ၀င်ရောက် လာခြင်းမရှိသေးကြောင်း သိရသည်။ သို့သော်လည်း တခြားလမ်း တခုခုမှ ၀င်ရောက်လာနိုင်ကြောင်း ၄င်းပုဂ္ဂိုလ် ကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ငြိမ်သက်မှုမရှိသေး သည့်အတွက် နယ်စပ် ကုန်သွယ်ရေးမှာ ယခုအချိန်ထိ ရပ်တန့်နေပြီး ဘင်္ဂလားဒေ့ခ်ျ- မြန်မာ နယ်စပ် စီးပွား ရေးကို အကြီးအကျယ် ထိခိုက်နေကြောင်း သိရသည်။

ထွန်းထွန်း-နိရဉ္စရာ

မူရင်းသတင်းက ဒီမှာပါ။

ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်



ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။

ဖယ်ရီကားမှာ ၁၄ ပေ ဒိုင်နာဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်(၃)ရှိ UIBအထည်ချုပ်စက်ရုံမှ စက်မှုအလုပ်သမားများအတွက် ကြို/ပို့ ဖယ်ရီ မောင်းနှင်ပေးနေသောကားဖြစ်ပါသည်။ အခင်းဖြစ်ပွားချိန်တွင် ကားပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် အဖော် အဖြစ် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတဦး လိုက်ပါလာပြီး ၎င်းတို့မှာ ပရဟိတကျောင်းမှ မွေးစားထားသူများဖြစ်ပါသည်။

အဆိုပါရိုက်နှက်ခံရမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန်သူနှစ်ဦးမှာလဲ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။

" ဖယ်ရီကားက စက်ရုံအလုပ်သမားတွေကို အပြန်လိုက်ပို့တဲ့အခါမှာ အဲ့ဒီ အရက်ဆိုင်ရှေ့မှာ လူတစုနဲ့ စကားအခြေအတင်များကြပြီး ရွာသစ်ရွာဘက် အလုပ်သမားတွေကို သွားပို့ပြီးအပြန်မှာတော့ ကားလမ်းမအလယ်မှာ အုတ်နီခဲတွေ ပုံ ဝါးလုံးတန်း တားထားပြီး ကားကို တားလို့ ကားရပ်ပေးလိုက်တော့ ကားလမ်းမဘေးက လူ ၃ယောက်က ကားပေါ်တက်ရိုက်ပါတယ်။ ဆိုင်ရှင် အမျိုးသမီး ဒေါ်အေးမြင့်ကပါ ဘေးက ရပ်နေတဲ့သူကိုပါ တွန်းလွှတ်ပြီး ဝင်ရိုက်ခိုင်းပါတယ်။ ကားစပယ်ယာက သွေးအလူးလူးနဲ့ လဲကျသွားတော့မှ အဲ့ဆိုင်ရှင်အမျိုးသမီးက ဝါးလုံးတန်းကို ဖယ်ပေးပြီး မောင်းခိုင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတော့လဲ ဝိုင်းကြည့်နေကြပြီး ဝင်ကူညီပေးတာမျိုး မရှိပါဘူး။" ဟု အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇေယျာနန္ဒက ဖြစ်စဉ်ကို ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

ရိုက်နှက်မှုဖြစ်ပွားသည့် ညမှာပဲ ထန်းတပင်ရဲစခန်းသို့ အမှုဖွင့် အကြောင်းကြားခဲ့ပေမယ့် ဝိုင်းရိုက်ခဲ့သူ ၃ ဦးကိုသာ သာမန် ပြဿနာဖြစ်မှုနှင့် အမှုဖွင့်ပေးထားပြီး ဆိုင်ရှင် ဒေါ်အေးမြင့်နှင့် နောက်တယောက် အမည်ကို ဖုံးကွယ်ထားပါသည်။ ထန်းတပင် စခန်းမှူး၊ နယ်ထိန်းရဲနှင့် အမှုလိုက်ရဲ ဇော်မင်းဦးတို့က အမှုဖြစ်ပွားသည့်အရက်ဆိုင်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီ၏ ညီမဖြစ်သူ ဒေါ်အေးမြင့် ရောင်းချသည့် အရက်ဆိုင်ဖြစ်သောကြောင့် အမှုကို ဖုံးဖိပေးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြပါသည်။

"ဘုန်းဘုန်းတို့ လှိုင်သာယာနဲ့ ထန်းတပင် သွားတဲ့ ကားလမ်းပေါ်မှာ ညဘက်လုယက်မှုက တော်တော်လေး များလာပါတယ်။ ဟိုတလောကလဲ လူသတ်ပြီး ဆိုင်ကယ်လုသွားတာ ဖြစ်သေးတယ်။ ဆိုင်ကယ်ကိုတော့ ပြန်ရပြီး တရားခံ ကို အခုထိ ဖမ်းမမိသေးပါဘူး။ ဒိုင်နာသမားတွေလဲ ခဏခဏ အရိုက်ခံရတယ်။ ရိုက်တဲ့လူတွေကလဲ သိန်းရီ အမျိုးဟေ့ ဘယ်သူ့မှ ဂရုမစိုက်ဘူျးဆိုတော့ အာဏာပိုင်တွေကလဲ ဘာမှမလုပ်ပဲ ကြည့်နေသလိုဖြစ်နေတယ်။ အခု ဘုန်းဘုန်းကလေးတွေ အရိုက်နှက်ခံရတဲ့အမှုမှာလဲ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးတာမျိုးမရှိပဲ ဦးသိန်းရီရဲ့ ညီမဖြစ်တာကြောင့် ကာကွယ်ပေးနေတာမျိုးဖြစ်နေပါတယ်။ ဘုန်းဘုန်းသဘောကတော့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း သွားလာနေရပြီး တရားဥပဒေ စိုးမိုးစေချင်ပါတယ်။ တရားဥပဒေထက်မှာ မည်သူမှ မရှိစေရဆိုတာမျိုးလို့ ဖြစ်စေချင်ပါတယ်။” လို့ ဆရာတော်က ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်းသည် ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိပြီး မူလတန်းသင်ပညာရေးမှ တက္ကသိုလ်ပညာရေးအထိ ထောက်ပံ့ပေးနေသည့် ကျောင်းတကျောင်းဖြစ်ပါသည်။

မူရင်းသတင်းက ဒီမှာပါ။

လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို

မြန်မာနိုင်ငံက အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အစီစဉ်တွေမှာ နိုင်ငံတကာက အကူအညီတွေ ပိုပြီးရလာဖို့အတွက် လမ်းကြောင်းတွေ ပိုပြီးပွင့်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက်နေတဲ့ မင်္ဂလာမြန်မာအဖွဲ့က ညှိနှိုင်းရေးမှူး မမြတ်စုက သမ္မတမိန့်ခွန်းနဲ့ ပတ်သက်လို့ ပြောပြတာက -

"သမ္မတကြီးအနေနဲ့ သူ့အနေနဲ့ပေါ့၊ ဒီမြန်မာနိုင်ငံမှာ အခုတံခါးဖွင့်ပေးနေတယ်ပေါ့နော်၊ တခါးဖွင့်ပေးနေတဲ့ အတွက် ပြည်ပက အကူအညီပေးဖို့ အဓိကအားဖြင့် အလုပ်လက်မဲ့တွေ၊ ဝင်ငွေနိမ့်ပြည်သူတွေကို အကူအညီပေးဖို့ အတွက်ပေါ့၊ လူမှုရေး အကာအကွယ် လုပ်ပေးဖို့ အတွက်ပေါ့။ နောက်တစ်ခုက တတိယဦးစားပေးပေါ့နော်၊ မက်ခရိုအဆင့် လူမှုရေးတွေကိုလည်း ကောင်းအောင်လုပ်ပေးပါ အဲဒီလိုပြောသွားပါတယ်ရှင့်"

အခုလို အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေ ပိုပြီးရလာဖို့ လမ်းကြောင်းတွေ ဖွင့်ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေတဲ့ ကလေးသူငယ်တွေကို အရင်ကထက် ပိုပြီး ကာကွယ် စောင့်ရှောက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မမြတ်စုက ပြောပါတယ်။

သမ္မတရဲ့အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျနေ ဆဲ ဖြစ်တာကြောင့် ကျေးလက်နေ ပြည်သူတွေနဲ့ နယ်စပ်ဒေသက တိုင်းရင်းသား နယ်မြေတွေမှာ ဆင်းရဲမွဲတေမှုဟာ မြို့ပြဒေသတွေနဲ့ ကွာဟမှုတွေ ရှိနေသေးကြောင်း၊ ဒါ့အပြင် ၀င်ငွေကွာဟမှု ကြီးမားနေ တာကြောင့် ဆင်းရဲသားတွေရဲ့ လူမှုဖူလုံရေးအတွက် အားလုံး လက်တွဲ လုပ်ဆောင်မှ ရမယ့်အခြေအနေ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွား ပါတယ်။

ဒီညီလာခံကို အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute နဲ့ ကုလသမဂ္ဂ လက်အောက် UNICEF တို့က ဦးစီးကျင်းပတာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ပညာရှင်တွေနဲ့ အစိုးရ ၀န်ကြီးဌာန ပေါင်းစုံက တာဝန်ရှိသူတွေ အပြင် လူမှုအဖွဲ့ အစည်း ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

မူရင်းသတင်းက ဒီမှာပါ။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အဖွဲ့တွေနဲ့တွေ့

မြန်မာနိုင်ငံတွင်း နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည်ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိ လာပြီလို့ မျှော်လင့်တဲ့အကြောင်း ဒီကနေ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည် ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့တချို့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီကနေ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည် ပရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့အဖွဲ့တချို့က ခေါင်းဆောင်တွေ တွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ထိုင်း-မြန်မာအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့တော့ လူ့ဘောင်သစ် ဒီမိုရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အခုလို ပြောပြပါတယ်။

“အဓိက-ကတော့ သုံးချက်ပါပဲ။ ကျနော်တို့ဘက်က တစ်-အချက်က ကျနော်တို့ပါတီအနေနဲ့ တိုင်းပြည်ရဲ့ ဒီမို ကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီ တခု အနေနဲ့ တရားဝင်ပါဝင်ပြီးတော့ ဆောင်ရွက်ချင်တယ်။ အဲဒီအတွက် ကျနော်တို့ပါတီကို မတရားသင်း သတ်မှတ်ထားတာနဲ့ပတ်သက်လို့ ဖျက်သိမ်းပေးဖို့၊ နော် ကျနော်တို့အားလုံးပြန်ပြီးတော့ အထဲမှာ နိုင်ငံရေး ခိုင်ခိုင်မာမာလုပ်ခွင့်ရဖို့- အဲဒီကိစ္စတွေကို ဆွေးနွေးပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီးဦးခင်ရီတို့ဘက် က ပြန်ပြီး ဆွေးနွေးတာကတော့ မတရားသင်းပြန်ပြီး ဖျက်သိမ်းပေးဖို့ကိစ္စ၊ နောက်တခုက ကျနော်တို့ အားလုံး ပြန်လာပြီး အထဲမှာ နိုင်ငံသားအခွင့်အရေးနဲ့ အညီ နိုင်ငံရေး လုပ်ကိုင်နိုင်မှုဆိုတာတွေနဲ့ ပတ်သက်လို့ ဒီ နှစ်ချက်ကို သမ္မတကြီးဆီကို စာရေးပါ။ သူတို့ အနေနဲ့ ဝိုင်းဝန်းပြီးတော့ ဒီကိစ္စတွေကို မဖြစ် ဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ပါ့မယ်လို့ ကျနော်တို့ကို ပြောပါတယ်။”

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ အခုတကြိမ်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး နောက်တကြိမ် တွေ့ ဆုံဖို့စီစဉ်နေတဲ့ အကြောင်းလည်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည်ပမှာ ဆယ်စုနှစ်နဲ့ချီ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ မြန်မာနိုင်ငံတွင်း တရားဝင် နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည် ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိလာပြီလို့ မျှော်လင့်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

“ဒီကနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ကျနော့်အနေနဲ့ အားရမှုရှိတယ်။ ကျနော့်အနေနဲ့ပေါ့- မျှော်လင့်ချက် ပိုပြီးတော့ များလာတယ်လို့ ပြောချင်ပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီး ဦးခင်ရီတို့ရဲ့ ပြောဆိုချက်တွေ အရဆိုရင် မတရားအသင်းအဖြစ် ကြေညာထားတာကို ဖျက်သိမ်းပေးမယ့် အလားအလာ၊ နောက်တခုက ကျနော်တို့ပြန်ရနိုင်တဲ့အလားအလာ၊ ပြန်ပြီးတော့ တိုင်းပြည်ထဲမှာ နိုင်ငံရေးပါတီတခု အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ အလုပ်လုပ်နိုင်တဲ့အလားအလာ ပိုများလာတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ နေ့လယ် ၂ နာရီလောက်ကနေ ၄ နာရီလောက်အထိ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB နဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့သလို မနက်ဖြန် မှာတော့ ကရင်အမျိုးသား အစည်းအရုံး KNU အပါအ၀င် နယ်စပ်လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုမှာတော့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့အပြင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဖြစ်တဲ့ ဦးလှမောင်ရွှေနဲ့ ဒေါက်တာ ကျော်ရင်လှိုင် အစရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြသလို လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဘက်ကတော့ ပါတီဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ တခြားခေါင်းဆောင်နှစ်ဦး ပါဝင်တယ်လို့လည်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် တစုံတရာ ရယူခဲ့တာမျိုး မဟုတ်ပေမဲ့လို့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ဒီနှစ်အစောပိုင်းကစလို့ ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်လာနေတာဖြစ်ပါတယ်ရှင်။

မူရင်းသတင်းက ဒီမှာပါ။

နယ်ခြားကိစ္စဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သွားမည်

သမ္မတဦးသိန်းစိန်ဟာ ဂျူလိုင်လလယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလောလောဆယ်မှာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေ တိုး တက် ကောင်းမွန်နေပြီး နယ်စပ်ဒေသမှာလည်း ငြိမ်းချမ်းမှုရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြော သလို မြန်မာအစိုးရဘက်ကလည်း ရခိုင်ပြည်နယ်ထဲမှာ အရေးပေါ်အခြေအနေ မရုပ်သိမ်းသေးပေမဲ့ တချို့ဒေသတွေက ညမထွက်ရ အမိန့်တွေပါ မရုပ်သိမ်းနိုင်သေးတဲ့အခြေအနေတွေ ရှိနေပေမယ့်လို့လည်း အခြေအနေဟာ တစစနဲ့ ကောင်းမွန်လာပြီလို့ ဆိုပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့လလယ်မှာ လာရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဂိုလန်ဆာလ်ဝါရ် (Golam Sarwar) က VOA ကို ပြောပါတယ်။

“ဂျူလိုင်လလယ်လောက်မှာ လာဖို့ ရှိပါတယ်။ အခုလောလောဆယ်မှာ ဒီ့ထက်ပိုမပြောနိုင်ပေမယ့် ဒီကိစ္စ အတွက် ကျနော်တို့ ဆောင်ရွက်နေတယ်ဆိုတာနဲ့ နှစ်နိုင်ငံ အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ် မှာ ရောက်နေပါတယ်ဆိုတာ ပြောနိုင်ပါတယ်”

သမ္မတဦးသိန်းစိန်ဟာ ဂျူလိုင်လ ၁၅ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်တဲ့အခါ နှစ်နိုင်ငံနယ်စပ်ဒေသက မတည်မငြိမ်ဖြစ်နေမှုတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကို ဆွေးနွေးဖို့ရှိနေတယ်လို့ ရန်ကုန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ပြောကြား ခဲ့ကြောင်းနဲ့ ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) အပါအ၀င် ဘင်္ဂလားဒေ့ရှ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဒီတကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး သေသေချာချာဆွေးနွေးဖို့ ရှိတယ် လို့ ဗိုလ်ချုပ် Anup Kumar Chakma ရဲ့ပြောကြားချက်ကို AFP သတင်းကဖော်ပြပါတယ်။

မစ္စတာ ဆာလ်ဝါရ် ကတော့ သမ္မတဦးသိန်းစိန်ရဲ့ခရီးမှာ ဘာတွေဆွေးနွေးမယ်ဆိုတာ ထုတ်မပြောနိုင်သေးပေ မယ့် အခုအချိန်မှာ နှစ်နိုင်ငံ ဆက်ဆံရေး အကောင်းဆုံးအနေထားမှာရှိနေသလို နယ်စပ်အခြေနေဟာလည်း သိပ်ကောင်းနေတယ်လို့ ဆိုပါတယ်။

“အေးအေးချမ်းချမ်းပါပဲ။ သိပ်ကောင်းနေပါတယ်။ နယ်စပ်အခြေအနေသိပ် ကောင်းနေပြီး နှစ်နိုင်ငံဆက်ဆံရေး လည်း အကောင်းဆုံးအနေထားမှာ ရှိနေပါတယ်။”

ရခိုင်ပြည်နယ်ထဲမှာ သမ္မဦးသိန်စိန်က အခုထိ အရေးပေါ်အခြေအနေထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့မောင်တော အပါအ၀င် တချို့ဒေသတွေမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကိုလည်း အခုထိပြန်မရုပ်သိမ်းသေးပါဘူး။ ဒါပေမယ့် အခြေနေတွေဟာ အရင်ကနဲ့မတူဘဲ ကျောင်းတချို့ပြန်ဖွင့်နိုင်ပြီဖြစ်ပြီး တချို့လည်း နေရပ်ပြန်နိုင်တဲ့ အထိ အခြေအနေ တစ တစ ကောင်းလာနေပြီလို့ ရခိုင်ပြည်နယ်မှာ အခြေအနေ ထိန်းသိမ်းနိုင်ဖို့ ဖွဲ့စည်းထား တဲ့ ကွပ်ကဲရေးအဖွဲ့ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

“စစ်တွေကလည်း ဒီကနေ့ဆို အကုန်လုံးကောင်းပါပြီ။ တချို့ကျောင်းတွေတောင်မှ ပြန်တက်နေကြပါတယ်။”

မေး။ ။ အခြေနေကောင်းနေတယ်ဆိုတော့ ညမထွက်ရ အမိန့်ထုတ်ထားတာရော ပြန်ရုပ်သိမ်းဖို့ ရှိပါသလား။

“လောလောဆယ် မသိသေးဘူးခင်ဗျ။ ဖြေးဖြေးချင်းတော့ ရုပ်သိမ်းဖို့ ရှိမှာပါ။ တဆင့်ချင်း တဆင့် ချင်းတော့ လျှော့ပေးဖို့ ရှိပါတယ်။ ဒီမှာ အခြေအနေတွေ အကုန်လုံးကောင်းသွားတယ် ဆိုလို့ရှိရင်လည်း တခါတည်း ပြန်ရုပ်သိမ်းဖို့လည်း ရှိရင်ရှိမှာပါ။”

မေး။ ။ ဒုက္ခသည်တွေ သူတို့ အိမ် သူတို့ ပြန်နိုင်ပါပြီလား။

“အဲဒါကတော့ မပြန်နိုင်သေးဘူး။ မီးလောင်ပြင်ဆိုရင် သူတို့ ရှင်းတုန်းလင်းတုန်း ရှိပါသေးတယ်။ ရန်ကုန်က လာတဲ့ မီးသတ်အဖွဲ့တွေနဲ့ ဒီကရှိတဲ့ လူတွေနဲ့ အဲဒီ မီးလောင်ပြင် တွေ အကုန်လုံးကို ရှင်းတုန်း ရှိပါသေး တယ်။”

မေး။ ။ စစ်တွေ အခြေအနေအေးချမ်းနေပြီဆိုတော့ ဘူးသီးတောင်၊ မောင်တော၊ နောက် တခြား ရခိုင်ပြည်နယ် တခုလုံးရဲ့အခြေနေလေး ခြုံပြီးပြောပြပေးပါ။

“ခြုံပြီးပြောရရင် အကုန်လုံးက ကောင်းနေပါပြီ ခင်ဗျ။ ဘူးသီးတောင်၊ မောင်တောမှာလည်း ကောင်းတဲ့ အပိုင်းတွေ အချို့ကောင်းနေပါပြီ။ တချို့ဆိုရွာတွေ ပြန်ကြတယ်။ ဝေးတဲ့ရွာတွေဆို ရိက္ခာပါပေးပြီးတော့ ပြန်ကြတာရှိပါတယ်။”

မေး။ ။ မီးရှို့မှုတွေရောရှိပါသေးလား။ ထပ်ပြီးတွေ့ရသေးလား။

“မီးရှို့မှုကတော့ မရှိတော့ပါဘူးခင်ဗျ။”

မေး။ ။ ကူညီတဲ့ အဖွဲ့တွေက ဘယ်အဖွဲ့တွေ အများဆုံး လာပါသလဲ။

“ဒီမှာ ရန်ကုန်က နာရေးကူညီမှုအသင်းက လာတယ်။ UNHCR က လာတယ်။ သူတို့ မနေ့ကရောက် ကြပြီးတော့ စခန်းတွေကို လိုက်ကြည့် နေပါတယ်။ နောက် WFP ကတော့ ဆန်ထောက်ပံ့ဖို့ အရင်မြေပုံဘက်မှာနေရာကနေ ဒီဘက်ကူးလာပါတယ်။”

မေး ။ စခန်းတွေရဲ့ ကျန်းမာရေးအခြေနေရောဘယ်လိုရှိပါသလဲ။

“စခန်းကျန်းမာရေးကလည်း အားလုံး အခြေအနေကောင်းပါတယ်။ ဆိုးဆိုးဝါးဝါး တခုမှ မရှိပါဘူး။ အပြင်မှာပြောနေသလို ၀မ်းရောဂါတွေ ဘာတွေလည်း မရှိပါဘူး။ သရက်သီးပေါ်တဲ့အချိန်မှာ ရခိုင်မှာဖြစ်နေကြ ပဲ။ ၀မ်းလျှောတာပဲ ရှိပါတယ်။”

ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ အချိန်မရွေးပြန်ပြီး ဆူဆူပူပူ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေ ကပြောဆိုသလို ဇွန်လ ၁၀ ရက်နေ့ကတည်း က ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်အတွက် အရေးပေါ် အခြေအနေကိုလည်း အခုအချိန်မှာ ပြန်ပြီး မရုပ်သိမ်းသင့်သေးဘူးလို့လည်း အများက ယုံကြည်ကြပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အယူခံဝင်မည်


ဓာတ်ပုံ ASSOCIATED PRESS
အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော မိခင်ဒေါ်ခင်ကြည်၏အိမ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ ရန်ကုန်မြို့ နေအိမ်ကို ပိုင်ဆိုင်ခွင့် အတွက် လျှောက်ထားခဲ့တဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို မကြာသေးခင်ကပဲ အနိုင်ပေးခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲဥပဒေမှာ နိုင်ငံခြား သားတဦးအနေနဲ့ ရွှေ့ပြောင်းလို့ မရတဲ့ အရာတွေကို ပိုင်ဆိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းချက်အပေါ် အခြေခံ ပြီးတော့ လျှောက်လဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သားဖြစ်သူ ဦးအောင်ဆန်းဦးရော သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပါ တ၀က်စီ ပိုင်ဆိုင်ခွင့် ရှိကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးရဲ့ ဇွန်လ ၂၂ ရက်နေ့က ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က အယူခံဝင်ဖို့ ပြင် ဆင်နေတာပါ။ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားတဲ့ ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသား တယောက်ဖြစ်နေတဲ့အချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲ အမွေခွဲဝေ ပိုင်ဆိုင်ခွင့်ဥပဒေနဲ့ မကိုက်ညီတာကြောင့် ဒီအပေါ်မှာ အယူခံဝင်သွားမှာဖြစ်တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။

“ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျနော်တို့ အယူခံ ဆက်တက်မှာပါ။ ဥပဒေအရ နိုင်ငံခြားသားတဦးဟာ မြန်မာနိုင်ငံရဲ့မြေ အပါအ၀င် နေအိမ်အဆောက်အဦးတွေ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဘယ်တော့ အယူခံဝင်မယ်ဆိုတဲ့ ရက်ကို ကျိမ်းသေ မပြောနိုင်ဘူး။ တရားရုံးရဲ့ တရားဝင်မိတ္တူစာ ရပြီးမှ အယူခံတက်ရမှာပါ။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အခုလို အမိန့်ချမှတ်ချိန်ဟာ နို ဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်တွေ ထွက်ခွာနေချိန်နဲ့လည်း တိုက်ဆိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ဗြိတိန်နိုင်ငံမှာ ရှိနေတာဖြစ်ပါတယ်။ ဦးအောင်ဆန်းဦးဘက် က ဒီ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄-၅၆ နေအိမ်ကို အမွေခွဲဝေပိုင်ဆိုင်ခွင့် တရားရုံးမှာ အမှုဖွင့်ထားတာဟာ အခုဆိုရင် ၁၁ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၉ ခုနှစ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲတော်သူ ဦးခင်မောင်အေးကနေ ဒီခြံရဲ့ မြေကွက်တချို့ကို စိတ်ပိုင်း ရောင်းချခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကန့်ကွက်ခဲ့ဖူး ပါသေးတယ်။

လောလောဆယ် ဥရောပခရီးစဉ် ထွက်ခွာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဇွန်လ ၂၉ ရက်နေ့မှာ သူ့ရဲ့ ဥရောပခရီးစဉ်အဆုံးသတ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာလည်းဖြစ်ပါတယ်ရှင်။

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်က မြန်မာပြည်သူများကို ကူညီရန် ဆန်ဖရန်ဘေးမြန်မာမိသားစုများ ရန်ပုံငွေအလှူပွဲကျင်းပမည်


ရခိုင်ပြည်က မြန်မာပြည်သူများကို ကူညီရန် ဆန်ဖရန်ဘေးမြန်မာမိသားစုများ ရန်ပုံငွေအလှူပွဲကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဇွန် ၂၆၊ ၂၀၁၂

မြန်မာပြည်အရေးတွင် အစဉ်လက်မနှေး တက်ကြွစွာ ကူညီဆောင်ရွက် လှူဒါန်းလေ့ရှိသော ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများက လက်ရှိ ရခိုင်ပြည်အထွေထွေဘေးဒုက္ခများကို ရင်ဆိုင်ခံစားနေကြရသော မြန်မာပြည်သူများကို ကူညီအားပေးရန် ဈေးပွဲတော်ကို ကျင်းပပြီး အလှူခံကြမည် ဖြစ်သည်။

လာမည် ဇူလိုင်လ ၈၊ ကျင်းပနေကြ Newark Pavilion, Thornton Ave, East Bay ကွန်မြူနီတီရိပ်သာတွင် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ မြန်မာနှင့် အာရှရိုးရာ စားသောက်ဖွယ် ဈေးပွဲတော် ကျင်းပပြီး လက်ခံရရှိသော ဈေးရောင်းရငွေအားလုံးကို မြန်မာပြည်တွင်းရှိ ရခိုင်ပြည်သူများကို အားပေးကူညီနေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အဖွဲ့ကြီးကို အမှူးပြုပြီး လှူဒါန်းမည် ဖြစ်သည်။

ကြိုတင် အလှူခံသည့် မုန့်စားလက်မှတ် (Food Coupon) တစောင်ကို အမေရိကန် ၅ ဒေါ်လာနှုန်းဖြင့် ယခုကတည်းက စတင်ရောင်းချနေပြီး၊ ယခုလက်ရှိ မုန့်ဈေးတန်း လာရောက်ဖွင့်လှစ်မည့် မြန်မာမိသားစု အလှူရှင် ဆိုင်ခန်းပေါင်း ၁၅ ဆိုင် ကျော်ပြီဟု သိရသည်။

ဘေးဧရိယာရောက် မြန်မာကွန်မြူနီတီသည် မြန်မာပြည်ကူညီရေး ဈေးရောင်းပွဲတော်များဖြင့် အလှူခံပြီး တက်ကြွစွာ ကူညီ အားပေးသည့် အစဉ်အလာဖြင့် ထင်ရှားသည်။ ၂၀၀၇ ရွှေဝါရောင်သံဃာတော်များ ကူညီရေး၊ ၂၀၀၈ နာဂစ်ဘေးသင့် ဒုက္ခသည်များ ကူညီရေး၊ နှစ်တိုင်း ဆက်တိုက်ဆိုသလို ၂၀၁၀ ပဲခူးရေ အငတ်ဘေးသင့်သူများ ကူညီရေး၊ ၂၀၁၀ ရခိုင် ဂီရိမုန်တိုင်းသင့်သူများ ကူညီရေး၊ ၂၀၁၁ ဧရာဝတီအရေး၊ ကချင်ပြည်နယ် စစ်ဘေးသင့်သူများ ကူညီရေး စသည့် အရေးပေါ် အလှူဒါနလှုပ်ရှားမှုများကို အများပြည်သူ အင်အား၊ အများ ပြည်သူ ကောင်းမှုအဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။

ယခုလည်း ၂၀၁၂ နှစ်ဆန်းကာလ ရခိုင်ပြည်က ဒုက္ခသည်ပြည်သူများအတွက် ကိုယ်စွမ်းနိုင်သမျှ အများပြည်သူကောင်းမှု ပြုကြမည်ဖြစ်ရာ မိုးမခမှ တဆင့်လည်း ၀ိုင်းဝန်းကူညီကြဖို့ နှိုးဆော်လိုက်ရပါသည်။ ၅ ဒေါ်လာတန် မုန့်စားလက်မှတ်များကို အလှူအဖြစ် ၀ယ်ယူ အားပေး ထည့်ဝင်လိုပါက မိုးမခမှ တဆင့်၎င်း၊ ပိုစတာပါ ဖုံးနံပါတ်များမှ တဆင့်၎င်း မှာယူပါ။ စာတိုက်ကနေ ၃ ရက်အတွင်း ရောက်အောင် ပို့ပေးမည်။ စာတိုက်ခကို မိုးမခက လှူပါမည်။




မူရင်းသတင်းက ဒီမှာပါ။

ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး

၂၀၁၁ နှစ်လည်ကတည်းက ကြံ့ဖွံ့အစိုးရသစ်၏ သမ္မတကြီး ဦးသိန်းစိန်က အကြိမ်ကြိမ်အခါခါ ပြည်ပရောက်မြန်မာများ ပြည်တော်ပြန်ကြဖို့အရေး ဖိတ်ခေါ်နေခဲ့သည်။ အစိုးရ၏ ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပြည်တော်ပြန်ကြသူ မြန်မာများကိုလည်း ပြည်တွင်း ပြည်ပမီဒီယာများတွင် သတင်းအဖြစ် တွေ့နေကြရသည်။ သို့သော်လည်း ပြည်တော်ပြန်လိုသူ မြန်မာတိုင်း လွတ်လပ်စွာ ပြန်ခွင့်ရနေသည်မဟုတ်ဟု အမေရိကန်ပြည်ရောက် မြန်မာအချို့က မိုးမခသို့ ပြောကြားသည်။

ဥပမာအားဖြင့် တပ်မတော်ကို တော်လှန်ပြီး ထွက်ခွာလာသူ မြန်မာစစ်မှုထမ်းများ၊ အစိုးရ၀န်ထမ်းအဖြစ်မှ မိမိသဘောအလျောက် နှုတ်ထွက်သွားသူ မြန်မာအစိုးရ၀န်ထမ်းများ ပြည်တော်ပြန်ရေးအတွက် တိကျသော သဘောထားနှင့် တုန့်ပြန်မှုများ မရှိသေးကြောင်း အချို့က ပြောကြားသည်။

လွန်ခဲ့သည့် လက ပြည်တော်ပြန်ရန် လျောက်ထားသော အမေရိကန်နိုင်ငံသားခံယူထားသူ ပါရဂူဘွဲ့ရတဦးက ပြောကြားရာတွင် မိမိ၏ မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူကိုပါ ပေးပို့ပြီး ပြည်ဝင်ခွင့်ကို လျှောက်ထားခဲ့ကြောင်း၊ အဆိုပါ ပတ်စ်ပို့အချက်အလက်အပြည့်အစုံကို တင်သွင်းသည့်အတွက် မိမိလျောက်လွှာကို နေပြည်တော်သို့ ပေးပို့ခဲ့သည်ဟု သိရကြောင်း၊ သို့သော်လည်း မိမိလျောက်လွှာကို အကုန်လုံး ပြန်ပို့ပေးလိုက်ကြောင်း၊ အဖြေကို မပြန်ကြားသည့်အတွက် မိမိ၏ ပြည်ဝင်ခွင့်ကို ငြင်းလိုက်သည်ဟု ယူဆနိုင်ကြောင်း ပြောကြားလိုက်သည်။

၂၀၁၀ နိုဝင်ဘာလတုန်းက မိုးမခသတင်းတခုတွင် မြန်မာတပ်မတော်၏ ဒီအက်စ်အေ အပတ်စဉ် ၁ ဆင်း တပ်မတော်အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရစ်ချတ်အောင်မြင့်ကို အစိုးရက မင်္ဂလာဒုံလေဆိပ်တွင် ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့သည်။ ဦးရစ်ချတ်အောင်မြင့်ကို အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက ဗီဇာပေးခဲ့သော်လည်း လေဆိပ်က ၀င်ခွင့်မပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာပြည်ပရှိ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့်ဟု ဆိုသည်။

ယခုလက်ရှိတွင် အမေရိကန်ပြည်ရှိ မြန်မာသံရုံးဝန်ထမ်းများက မြန်မာပြည်ကို လည်ပတ်ရန်လျောက်ထားသော အမေရိကန်နိုင်ငံသားခံ မြန်မာများကို လျင်မြန်ချောမွေ့သည် ၀န်ဆောင်မှုများ ပေးနေကြောင်း၊ မြန်မာပတ်စပို့ကိုင်ထားပြီး ပြည်တော်ပြန်လိုသည့် မြန်မာအမျိုးသားများကိုလည်း ၀င်ငွေခွန်ဆောင်ခြင်း၊ ပတ်စ်ပို့ သက်တမ်းတိုးခြင်းတို့အတွက် သတ်မှတ်ထားသည့် နှုန်းထားများ ပေးဆောင်စေခြင်းဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Photo Credit – http://www.flickr.com/photos/tianyake/3165703178/sizes/o/in/photostream/ မူရင်းသတင်းက ဒီမှာပါ။

လိုင်စင်ဝင် နောက်ကျ ဒဏ်ကြေးပြန်လည် စဉ်းစားသင့်ဟု ကားအရောင်း စင်တာအချို့ဆို

ကားအရောင်းစင်တာများမှ တင်သွင်းလာသောကား လိုင်စင်ဝင်နောက်ကျပါက ကညနသို့ ဒဏ်ကြေး ပေးဆောင်ရမှုအပေါ် ပြန်လည်စဉ်းစားသင့်သည်ဟု စင်တာ အချို့က ပြောသည်။

”ဆိပ်ကမ်းကနေ ကားထုတ် တဲ့ရက်ကစပြီး လိုင်စင်ဝင်ရမယ်။ သတ်မှတ်အချိန်ကျော်ရင် ဒဏ် ကြေးကောက်တယ်၊ တစ်ဦးချင်း တင်သွင်းသူအနေနဲ့ ပေးဆောင်ရ တဲ့ ဒဏ်ကြေးနဲ့ ကားရှိုးရွန်းဖွင့်ထား သူတွေကိုပါကောက်တော့ကားပြခန်း ဖွင့်ထားသူတွေဒုက္ခရောက်နေတယ်” ဟုKSE ကားအရောင်း စင်တာမှ ဒေါက်တာခန့်ဝင်း က ပြောသည်။

ကားတင်သွင်းရာတွင် တစ်ဦး ချင်း တင်သွင်းသူများမှာ မိမိတို့ လိုချင်သော အက္ခရာနံပါတ်ရရန် အတွက် လိုင်စင်နောက်ကျ ဝင်ခြင်း ကြောင့် ဒဏ်ေ ကြးပေးဆောင်ရခြင်း မှာ နည်းလမ်းမှန်သော်လည်း ကား အရောင်းစင်တာ ဖွင့်လှစ်ထားသူ များမှာ ကားကိုရာနှင့်ချီတင်သွင်း ထားပြီး ဝယ်ယူသူရှိမှသာ လိုင်စင် ဝင်ခြင်းကြောင့် ဆိပ်ကမ်းမှ ရောက် ရှိချိန်နှင့် ဝယ်ယူသူရှိချိန်မှာ လနှင့် ချီကြာမြင့်နိုင်သည့်အတွက် ဒဏ် ကြေး ပေးဆောင်နေရမှုမှာ အဆင် မပြေဖြစ်ရကြောင်း၊ ဒဏ်ကြေးကို တစ်ရက်လျှင် ကျပ် ၃ဝဝဝ နှုန်းဖြင့် တစ်လလျှင် ကျပ် တစ်သိန်းနှုန်း ကျသင့်ကြောင်း ကားအရောင်းစင် တာဖွင့်သူများက ပြောသည်။

မြေနီကုန်းရှိ ကားအရောင်းစင် တာ ပိုင်ရှင်တစ်ဦးက ”ဆိပ်ကမ်း ရောက်ပြီးသားကားကို ရှိုးရွန်းမှာ တင်ထားတာ တစ်နှစ်နေမှ ရောင်းရ ရင် ဒဏ်ကြေးတစ်နှစ်စာ ကျပ် ၁၂ သိန်းကို ရှိုးရွန်းက ဆောင်ရရောလား၊ ဝယ်ယူသူကို ခင်ဗျားတို့ တစ်နှစ်ကြာ မှ လာဝယ်လို့ ဒဏ်ကြေး ကျပ် ၁၂ သိန်းကို ခင်ဗျားတို့ ဆောင်ပါ လို့ ပြောလို့လည်း မရဘူးလေ၊ ဝယ် သူဆိုတာ ဝယ်ချင်တဲ့ အချိန်ဝယ် မှာပေါ့”ဟု ပြောသည်။

ဒဏ်ကြေးပေးဆောင်နေရမှု ကို ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခြင်းအပေါ် ပါမစ်ထုတ်ပေး သည့်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ အား တင်ပြထားပြီးဖြစ်သော်လည်း ကားထုတ်လုပ် တင်သွင်းရောင်းချ သူများအသင်း (ယာယီ) အနေဖြင့် အဆိုပါဒဏ်ကြေးနှင့် ပတ်သက်၍ စာဖြင့်တင်ပြရန်ရှိကြောင်းဒေါက်တာ ခန့်ဝင်းထံမှ သိရသည်။

ဝေယံမိုးမြင့်

မူရင်းသတင်းက ဒီမှာပါ။

ကိုရီးယားနိုင်ငံကပြန်ရောက်ပြီး ဂရိတ်ဦးဘိုးစိန်ပွဲမှာ သမားစဉ်အတိုင်းကပြခဲ့တဲ့ မို့မို့မြင့်အောင်

မို့မို့မြင့်အောင်က Coreana အလှကုန်ပစ္စည်း ကိုယ်စားလှယ်တွေ၊ ကံစမ်းမဲပေါက်သူတွေနဲ့ တတိယအကြိမ် ကိုရီးယားခရီးစဉ်ကို ဇွန်လ၁၂ရက်နေ့က သွားခဲ့ပြီး ဇွန်လ ၁၈ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။ ခရီးသွားရတာ ပင်ပန်းပေမယ့် ကိုယ့်ကိုချစ်ခင်တဲ့ ကိုယ်စားလှယ်ကြီးတွေ၊ ကံစမ်းမဲ ပေါက်သူတွေကြောင့် ဘယ်လောက် ပင်ပန်းပင်ပန်း သူတို့ကိုချစ်တဲ့ သံယောဇဉ်ကြောင့် ဒီခရီးစဉ်ကို လိုက်ပါသွား ဖြစ်တာဖြစ်ကြောင်း၊ နေရာအနှံ့တော်တော် အစုံသွားခဲ့ရပြီး KBS ရုပ်သံဌာနကိုလည်း ဝင်ရောက်လေ့လာဖြစ်ခဲ့ကြောင်း ပြောပါတယ်။

ကိုရီးယားခရီးစဉ်နဲ့ပတ်သက်ပြီး မို့မို့မြင့်အောင်က ”တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား ၂ဖက်စလုံးကို မြင်နေရတဲ့ နေရာ ကိုလည်း ရောက်ခဲ့တယ်။ KBS ရုပ်သံဌာနလည်း ရောက်တယ်။ ပြဇာတ်ကတဲ့နေရာလည်း ရောက်တယ်။ အစ်မတို့ရောက်တဲ့အချိန်က KBSမှာ ကလေးတွေ ဒီမှာ ‘ဂီတ တံခါးလေး ဖွင့်ပါဦး’လိုပုံစံနဲ့သီချင်းတွေဆိုနေကြတယ်။ သူတို့က အုပ်စုလိုက်တွေ ပြိုင်နေကြတယ်။ တစ်ယောက်ချင်းက ၂ယောက်လောက်ပဲ ပြိုင်ကြတယ်။ သူတို့ က တော်တော့်ကိုတော်ကြတယ်။ ဒါပေမဲ့ ဒီကလေးတွေက ပိုတော်ကြတာပေါ့။

ပထမရက်က ကြည့်တဲ့ပြဇာတ်က စကားမပြောဘဲနဲ့ ရယ်ရတာပေါ့။ ၃နာရီလောက် က ပြဇာတ်ထဲမှာ အချိန်အလကားဖြစ်သွားတော့ နည်းနည်းလေးပျင်းစရာ ကောင်းတယ်။ အချိန်လေးပုပ်သွားတာပေါ့။

ခုတစ်ခေါက်က လူတွေကျန်ခဲ့လို့ ရှာနေရ တယ်။တစ်နေရာသွားရင် ဘယ်နှနာရီ အရောက်ပြန်လာဆို ပြန်မလာဘူး။ ရှာနေရ တယ်။ ခရီးစဉ်က ကွက်တိလုပ်ထားတာလေ။ Coreanaက သူတို့ရှင်းပြရင် မပြည့်စုံမှာ စိုးလို့ ဂိုက်နဲ့သွားရင်ပိုပြီး ပြည့်စုံလို့ ဂိုက်ပါခေါ်သွားတာ။ အစ်မတူမလည်း ပါလာတယ်။ သူတောင်တောင်ပေါ်မှာ လျှောက်အကြည့်ကောင်းလို့ ကျန်ခဲ့သေးတယ်။ စိတ်ဆိုး လို့ထားဖြစ်ခဲ့တယ်။

ကျန်ရစ်ခဲ့ကျတော့ တချို့ခရီးစဉ်က ၂ခု၊၃ခုလောက် ဖျက်လိုက်ရတယ်။ ငါးဈေးကို မသွားလိုက်ရဘူး။ တစ်ယောက်ဆိုလည်း ဟောင်ကောင်မှာ ကျန်ခဲ့တယ်။ ဟောင်ကောင်ကနေ ထိုင်းကိုလေယာဉ်ပျံ စီးရမှာဆိုတော့ အချိန်ရသလောက်ဝယ်ဖို့ကိုအချိန် မရတော့ဘူး။ ဟောင်ကောင်မှာ အချိန်တွေ ပုပ်သွားတယ်။ လူကျန်လို့ရှာနေ ရတာနဲ့ ဘာမှ သိပ်မဝယ်ဖြစ်ခဲ့ဘူး။

‘ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’မှာ အွန်စောတို့၊ဂျွန်စောတို့ ရိုက်တဲ့ကမ်းစပ်နေရာကို ရောက်ခဲ့တယ်။ ရထား ဘူတာလေးတွေကိုလည်း ရောက်ခဲ့တယ်”လို့ပြောပါတယ်။

မို့မို့မြင့်အောင်က ဂရိတ်ဦးဘိုးစိန်ရဲ့ နှစ်၁၃ဝပြည့်ပွဲမှာ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ မို့မို့မြင့်အောင်က ပရိသတ်ကို ရှေးခေတ်က သမားစဉ်အတိုင်း ပြင်ဆင်ခြယ်သထားတာကိုပဲ မြင်ဖူးစေချင်တဲ့အတွက် အဲဒီလိုပြင်ဆင်ဖို့လည်း စီစဉ်ခဲ့ကြောင်း၊ မြေ ဝိုင်းအကကိုကမယ့် မို့မို့ မြင့်အောင်က မြေဝိုင်းအကသီချင်းကိုလည်း ကိုယ်တိုင်ဝင်ဆိုထားခဲ့တယ်လို့ပြောပါတယ်။

”မြေဝိုင်းအကက သိပ်တော့ မခက်ပါဘူး။ မင်းသားနဲ့အတွဲညီတဲ့ အခန်းတွေပဲသတိထားရမယ်။ မြေဝိုင်းသီချင်းလည်း ကိုယ်တိုင်ဆိုထားတယ်။ ပထမပေးထားတဲ့ သီချင်း က တော်တော်အော်ရတယ်။ ဒါပေမဲ့အစ်မက ရအောင်ကျင့်တယ်။ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့အကျင့် ရှိတယ်လေ။ ဒါပေမဲ့ မြေဝိုင်းသီချင်းအစစ် မဟုတ်လို့ သီချင်းပြောင်းလိုက်တယ်။

ကိုမိုးမင်းကလည်း မမို့ကိုယ်တိုင် ဆိုမယ်ဆိုတော့ သူလည်းဝင်ဆိုထားတယ်။ သီချင်းကတစ်ပိုဒ်ပါပဲ။ နှာသံနဲ့မေးရိုက်တဲ့ အသံလေးတွေ ပါတယ်”လို့ ပြောပြီး သဘင့်ဦးသျှောင်ဖြစ်တဲ့ ဂရိတ်ဦးဘိုးစိန်ရဲ့ပွဲမှာ သမားစဉ်နဲ့အားဖြည့်ထားခဲ့တဲ့ အကြောင်း၊ အမေဒေါ်ကြည်ကြည်ဋ္ဌေးရဲ့ ကျေးဇူးကိုလည်း ဆပ်တဲ့ အနေနဲ့ ကခဲ့ကြောင်းကို မို့မို့ မြင့်အောင်က ပြောပါတယ်။

ခိုင်ဝေလွင်

မူရင်းသတင်းက ဒီမှာပါ။

ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ မြန်မာ ဝက်ဘ်ဆိုက် အချို့အား တိုက်ခိုက်

ဘင်္ဂလားဒေ့ရှ်ဆိုက်ဘာတိုက်ခိုက်ရေးအဖွဲ့မှ မြန်မာ့ဝက်ဘ်ဆိုက်အချို့အား ဝင်ရောက်ဖျက်ဆီး မှုများပြုလုပ်ခဲ့ရာ၌ တစ်ခုသာထိခိုက်မှုရှိခဲ့ေ ကြာင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ ဟက်ကာအဖွဲ့ တိုက်ခိုက်မှုမှာ ဇွန်လ ၁၈ ရက် နေ့တွင်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံမှ လွှတ်တင်ထားသည့် ပုဂ္ဂလိက ဆိုင်ရာ ဝက်ဘ်ဆိုက်အချို့၊ ပညာရေးဆိုင်ရာ ဝက်ဘ်ဆိုက် အချို့နှင့် နိုင်ငံပိုင်ဝက်ဘ်ဆိုက် အချို့အား နှောင့်ယှက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ယင်းတို့၏ င်္Facebookု စာမျက်နှာတွင် ကြေ ညာထားသည်။

ယင်း အဖွဲ့ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် ဝက်ဘ်ဆိုက် များမှာ www.myanmar. gov. mm,www.myancoop.gov. mm, www.construction.gov. mm, www.csostat.gov.mm, www. myanmarteak.gov.mm နှင့် www.moai.gov. mm စသည့် ဝက်ဘ်ဆိုက်များ ပါဝင်ခဲ့ကြောင်း ၄င်းအဖွဲ့မှ တင်ထားသည့် Face book မှ သိရသည်။

”ဝက်ဘ်ဆိုက်တစ်ခုပဲ နှောင့် ယှက်တာခံလိုက်ရတယ်၊ ဘာမှ ဆိုးဆိုးရွားရွားတော့ မဖြစ်ပါဘူး။ ဘယ်ဝက်ဘ်ဆိုက်ဆိုတာတော့ ထုတ်မြေ ပာချင်ဘူး။ ကျန်တဲ့ ဝက်ဘ်ဆိုက်တွေကတော့ အချိန်မီ သိလိုက်တဲ့အတွက် server ဖြုတ်ချမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင် နီယာ ချုပ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ဆိုက်ဘာတိုက် ခိုက်မှု၊ ဝက်ဘ်ဆိုက်အချို့ နှောင့် ယှက်မှုများမှာ မကြာခဏဖြစ်ပွားခဲ့ရ သော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်း ငယ်သာရှိခဲ့ကြောင်း၊ ယင်းသို့ အင် တာနက်လုံခြုံမှုအားနည်းနေသည် ကို တရုတ်နိုင်ငံ၏ အကူအညီ ဖြင့် ကာကွယ်တားဆီးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။

”ဆိုက်ဘာတိုက်ခိုက်တာ ကတော့မဆန်းပါဘူး။နိုင်ငံတကာ မှာလည်းရှိနေတယ်။ အဓိကလုံခြုံ ရေးအားနည်းနေ လို့ပါ။(Hard ware Fire wall) တွေကိုပါ တိုး မြှင့် ဆောင်ရွက်လိုက်ရင်တော့ တိုက်ခိုက်မှုတွေ နည်းသွားမှာပါ” ဟု ABC ကွန်ပျူတာနှင့် အီလက် ထရောနစ်မှကွန်ပျူတာပညာရှင် ကိုအောင်မျိုးလွင်ကပြောသည်။

အောင်ဇော်

မူရင်းသတင်းက ဒီမှာပါ။