Monday, May 28, 2012
UK က အဝေးရောက် NLD ဘာလဲ၊ ဘယ်လဲ
အညာသား မောင်ဝလေး၏ ပေးစာ၊ မေ ၂၈၊ ၂၀၁၂
ယူကေရောက်တဲ့ ဗမာပြည်သားတွေ အဝေးရောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ပြီး တည်ဆောက်ခဲ့တာ ဒီနေ့ဆိုရင် ငါးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ငါးနှစ်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဝေးရောက်ယူကေရဲ့ မျက်မှောက် အခြေအနေကို တစေ့တစ်စောင်း ပြန်ပြောင်းပြီး ကြည့်ကြရအောင်ပါ -
၉၀ ခုလွန်ကာလ မိမိယူကေစရောက်ပြီး ဝေလနယ်မြေကနေ ယူကေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထောင်ပါရစေ ခွင့်တောင်း လိုက်တော့ ”ယူကေအစိုးရဟာ ဗမာ့နိုင်ငံရေးမှာ အရေးပါလို့မို့ အဖွဲ့မထောင်ဘဲ ပံ့ပိုးရေးဘဲ လုပ်ဆောင်ပေးပါဆရာ” ဆိုလို့ ယူကေရှိ ဒီမိုကရေစီ ဘက်တော်သားတွေ၊ တိုင်းရင်းသား ညီအစ်ကိုတွေ ပူးပေါင်းပြီးတော့ အဝေးရောက် အစိုးရ (NCGUB) ရဲ့ ညွန်ကြားမှုအောက်က တစ်နိုင် တစ်ပိုင်ပဲလုပ်ခဲ့ပါတယ်။
ဒီလိုနဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အဝေးရောက် ဌာနချုပ် (ထိုင်းဗမာနယ်စပ်) အခြေကျလာသလို နိုင်ငံတကာ အဖွဲ့ခွဲတွေလဲ တစ်စပြီးတစ်စ ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာတစ်ခွင်မှာ ဗမာ့နိုင်ငံရေးဟာပိုမိုပြီး ရေပန်းစားလာသလို ယူကေမှာလည်း ဗမာဆိုရင် အရင်က မသိခဲ့ကြပေမယ့် ၂၀ရာစုအလယ်မှာတော့ တော်တော်လေး ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ၂၀၀၇ အလယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဝေးရောက်ဌာနချုပ်က ထိုင်းဗမာနယ်စပ်ကနေ ယူကေအဖွဲ့ခွဲကို ဦးဆောင်ပြီး ဖွဲ့ပေးပါဆိုလို အဲဒီနှစ် မေလ၂၇မှာ ရှိတဲ့လူနဲ့ ဖြစ်အောင် ဖွဲ့ခဲ့ကြပါတယ်။
ဖွဲ့စဉ်တုံးက ဆယ်ဂဏန်းသာရှိခဲ့တဲ့ ယူကေဌာနခွဲဟာ ဗမာတွေ တိုင်းရင်းသားတော်တော်များများ ပါဝင်ပြီး ရောက်တဲ့အရပ်မှာ တတ်နိုင်သလောက် တာဝန်တွေ ကျေကျေပြွန်ပြွန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဗြိတိသျှအစိုးရရဲ့ နိုင်ငံခြားရေးနှင့် ဓနသဟာယဌာန (FCO) Prospect Burma, Burma Campaign UK, Christian Solidarity Worldwide, Amnesty International, All Party Parliamentary Group, Tibet နှင့် တိုင်းရင်သားအဖွဲ့အစည်းတွေနဲ့ စုစုစည်းစည်းတိုက်ပွဲဝင်ကြတာမှာ ဆန္ဒပြပွဲတွေ၊ လက်မှတ်ထိုး campaign တွေ၊ လူထုလမ်းလျှောက်ပွဲတွေ၊ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ရံပုံငွေရှာတဲ့အစားအသောက် ရောင်းချပွဲတွေ၊ နေ့ထူးနေ့မြတ်တွေမှာ အမှတ်တရပွဲတွေကို ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။ ဒီကာလတွေကို ကြံ့ကြံ့ခံပြီး တစ်ပိန်ပိန် တစ်လိမ်လိမ်နဲ့ ခရီးကြမ်းကို ရေဆန်ကိုလှော်၊ လေဆန်ကို ပြန်ပြီး ခရီးထွင်ခဲ့ကြတာ ၅နှစ်တာခရီး တင်းတင်းပြည့်ခဲ့ပါပြီ။
ငါးနှစ်သားအရွယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွတ်မြောက်နယ်မြေ ဘယ်မှာလဲ ဘာတွေ လုပ်နေပြီလဲ? ငါးနှစ်သားဟာ အခုဆိုရင် ငါးနှစ်သားရဲ့ အတိုင်းအတာနဲ့အမျှ ဒူပေဒါပေခံခဲ့ကြတဲ့ အတွေ့အကြုံတွေနဲ့ အခုဆိုရင် ရာဂဏန်းမျှသော အဖွဲ့ဝင်အရေအတွက်နဲ့အတူ ယူကေရဲ့ နိုင်ငံရေးပလက်ဖောင်းမှာ တော်ရာတန်ရာ နေရာကို ရောက်ခဲ့ပါပြီလို့ဆိုရပါမယ်။
လစဉ်လို ကျင်းပခဲ့တဲ့ နိုင်ငံရေး စီစဉ်ဆောင်ရွက်မှု အစည်းအဝေး (Political Strategic Committee Meeting) ဗြိတိသျှအစိုးရရဲ့ FCOက ကျင်းပခဲ့တဲ့ Burma Brefing ပွဲတွေမှာ မှန်မှန်တက်ရောက် ဆွေးနွေးခဲ့သလို ထိုင်းဗမာနယ်စပ်မှာ အခြေစိုက်တဲ့ “မင်းမဟော်” ပညာရေးဖောင်ဒေးရှင်း ကို မှန်မှန်ထောက်ပံ့ခဲ့တာ သုံးနှစ်ရှိပါပြီ။
အဲဒီက ကျောင်းသားတွေ နိုင်ငံတစ်ကာတက္ကသိုလ်တွေမှာ တက်ရောက်ပြီး ပညာတွေ သင်ကြားနေကြပါပြီ။
တိုင်းရင်းသားများရဲ့ ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေးနေ့၊ ဒေါ်စုမွေးနေ့ပွဲတွေကို ဦးဆောင်ကျင်းပခဲ့သလို ဗုဒ္ဓရဲ့ အမွေနှင့် ရိုးရာယဉ်ကျေးမှုတွေ ဖြန့်ဝေပေးတဲ့ သာသနရံသီဝိဟာရမှာလည်း သာရေး၊ နာရေးတွေ ဆောင်ရွက် လျက်ရှိပါတယ်။ ဥရောပသမဂ္ဂ၊ ဥရောပဘုံဈေး၊ ကုလသမဂ္ဂ၊ အာစီယံတွေနဲ့ ဆက်သွယ်ခဲ့ကြသလို မြန်မာသံရုံး ဗြိတိသျှဝန်ကြီးချုပ်ရုံး၊ ဂျာမန်သံရုံး၊ ကိုရီးယာသံရုံးနဲ့ တရုပ်သံရုံးတွေမှာလည်းဆန္ဒပြပွဲတွေ ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။
ငါးနှစ်သား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေယူကေအဖွဲ့ရဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ ရှေ့ခရီးစဉ်ရည်မှန်းချက်တွေဟာ ဘာတွေလဲ?
လွတ်မြောက်နယ်မြေ စတင်တည်ထောင် စီစဉ်ကတည်းက ရည်ရွယ်ခဲ့တဲ့ မိခင်အဖွဲ့ချုပ်မလုပ်ဆောင်နိုင်တာတွေကို ပြည်ပမှာ ပြင်ပကမ္ဘာ့သူ ကမ္ဘာသားတွေနဲ့ လက်တွဲပြီး မိခင်အဖွဲ့ချုပ်ရဲ့ လမ်းညွန်မှု၊ ညွှန်ကြားချက်၊ ပေးအပ်တဲ့တာဝန်တွေကို ဦးလည်မသုန် ဆောင်ရွက်ပြီး စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကြီးပေါ်ပေါက်ရေး၊ လူ့အခွင့် အရေးရရှိသည်အထိ အရိုးကျေကျေ အရေခမ်းခမ်းနဲ့ တော်လှန်ရေးတာဝန်များကို ဦးလည်မသုန် ဆောင်ရွက်မည့် သန္နိဌာန်ဖြင့် ဆက်လက်လျှောက်လှမ်းနေပါသည်ဟု အစီရင်ခံအပ်တင်ပြပါသည်။
(မိုးမခမှတ်ချက် – လက်ခံရရှိသောပေးစာ၏ ခေါင်းစဉ်ကို မိုးမခက ပြောင်းထားပါသည်)
(Photo – NLD(LA-UK) Fund Raising Pwe Photo from their blog)
မူရင်းက ဒီမှာပါ။
မျိုးကျော့မြိုင် စိတ်ဖောက်ပြန်ပြီး ကလေးတစ်ယောက်ကို ထိုးပြန်
အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တဲ့ သတင်းနဲ့ အဲဒီလို နှိပ်စက်ခံထားရတဲ့ ကလေးရဲ့ ဓါတ်ပုံတွေကို အင်တာနက်အီးမေးတွေ ကနေ တဆင့် လက်ခံရရှိခဲ့ပါတယ်။
နှိပ်စက်ခံရတဲ့ ကလေးအမည်က မောင်ဟိန်းမင်းသူ ဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံခဲ့ရပြီးတာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်လို့ မောင်ဟိန်းမင်းသူ နဲ့ အဆိုတော် မျိုးကျော့မြိုင်တို့ကို RFA အဖွဲ့သားတွေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ကိုနေရိန်ကျော်ရဲ့ တင်ပြချက်ကို နားဆင်ပါ။
http://www.rfa.org/burmese/news/child-abuse-05262012131106.html/b0526nrk7.mp3
အရင်တုန်းကလည်း မျိုးကျော့မြိုင် ဟာ မင်းသမီး ထွန်းအိန္ဒြာဗိုလ် နဲ့ ကာမ အကြောင်း ပြောထားတဲ့ အသံဖိုင်တွေ ထွက်ခဲ့ဖူးသလို မင်းသား ပြေတီဦးရဲ့ ဒီဇိုင်နာ အမျိုးသမီးနဲ့ ကာမ ဆက်ဆံနေတဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ခဲ့ဖူးပါတယ်။
အခုတော့ မျိုးကျော့မြိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဝင်ထွက် သွားလာနေတယ်လို့ သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မောင်ဟိန်းမင်းသူ

ဒီသံသရာထဲက မထွက်နိုင်တဲ့ NLD (ပေးစာ - ၁၄၄)
ဖွဲ့စည်းပုံမရှိ၊စည်းစနစ်မရှိ၊၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လို့ရသော NLD ပါတီ
အစိုးရဘာလုပ်လုပ် မကောင်းမြင်ရေးက သူတို့မူဝါဒ၊ ဒါကို ပြည်သူတွေယုံကြည်ရေးက သူတို့ လုပ်ဆောင်ချက်၊ တိုင်းပြည်နဲ့ အာဏာရရှိရေးက သူတို့ရည်မှန်းချက်။ ဒေါ်စုကြည်နဲ့ NLDပါတီ ဘာလိုချင်နေတာလဲမေးရင် ရှင်းပါတယ် တိုင်းပြည်ပဲ။ ဒါကလည်း မြန်မာနိုင်ငံ ပထ၀ီနိုင်ငံရေးအနေအထားအရ အာရှပစိဖိတ်ဒေသတွင်းအရေးပါမှု၊ တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်နဲ့တိုးတက်နေမှုတို့ကို ထိန်းချုပ်လိုမှုတို့အတွက် အနောက်နိုင်ငံတွေက (အထူးသဖြင့် အမေရိကန်) သူတို့ကြိုးကိုင်နိုင်မယ့် အစိုးရကို တင်မြှောက်နိုင်ရေးကျိုးပမ်းလာခြင်းရဲ့အကျိုးဆက်ပါပဲ။
နှစ်ပေါင်းနှစ်ကျော်ကြာ အုပ်ချုပ်လာတဲ့ နယက အစိုးရကို အမျိုးမျိုးဖိအားပေး ကြိုးကိုင်နိုင်ဘို့ကျိုးစားခဲ့ပေမယ့် နိုင်ငံရေးခိုင်မာမှု(Political Might)ကို ယိုင်နဲ့အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။
သူတို့ရရှိသွားတာကတော့ (၂၁)ရာစုရဲ့ကမ္ဘာ့ အရေးအပါဆုံး အာရှ ပစိဖိတ်ဒေသတွင်း စီးပွားရေးနဲ့ မူဝါဒရေးရာ ဖြန့်ကျက်လွှမ်းမိုးနိုင်ရေးဟာ တရုတ်နိုင်ငံရဲ့ နောက်ရောက်သွားခဲ့ရတာပါပဲ။
ဒါကြောင့် အတိုက်အခံခေါင်းဆောင်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိကပေးဆပ်သူ ပြည်သူ့ခေါင်းဆောင် အဖြစ် အရောင်တင်ခဲ့ကြတယ်။ ဘာကြောင့်ပေးမှန်းမသိတဲ့ ဆုပေါင်း (၁၀၀)ကျော်ကိုပေးအပ်ခဲ့တယ်။
ဂေါ်ဘာချော့ ကိုနိုဘယ်ဆုပေးအပ်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအောင် သပ်လျှိုပေးခဲ့တာကိုတောင် ပြန်သတိရမိတယ်။
ဒေါ်စု အစိုးရအာဏာရမှ မြန်မာနိုင်ငံထဲကို လွတ်လပ်စွာဝင်ထွက်ပြီး အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက် နိုင်မှာဖြစ် သလို၊ သူတို့ရဲ့ တရုတ်ဝိုင်းရံပိတ်ဆို့ရေးမူဝါဒ (China Containment Policy)ကိုလည်း ပုံဖော်နိုင်မှာပဲဖြစ်ပါတယ်။
အသက်အရွယ်ကြီးရင့်လာသော်လည်း အသက်နဲ့တန်းတူဦးနှောက်မရှိသေးတဲ့ အမေစု
တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးလာမှာကို မလိုလားတဲ့အတွက် ပိတ်ဆို့ဖြတ်တောက်ရေး (Doctrine of Emptic Action) ကျင့်သုံးဘို့ နိုင်ငံတကာကိုတောင်းဆိုတယ်။
ခရီးသွားတွေမလာကျဘို့ သတင်းမှားတွေ ဖြန့်ပြီးတော့ ပြည်တွင်း အခြေအနေမှန်များဖုံးကွယ် မတည်မငြိမ်ဖြစ်နေသယောင် လုံခြုံမှုမရှိသယောင် သတင်းမှားတွေ ဖြန့်ပြီးတော့ တားဆီး တယ်။
စီးပွားရေးအရ အင်အားနည်းလာတဲ့အတွက် ပြည်သူအတွက်ဝန်ဆာင်မှုတွေကို အတိုင်းအဆဖြင့်သာ ဆောင်ရွက် ပေးနိုင်စေခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး မပြည်စုံမှု အခြေခံစားဝတ်နေရေးအကြပ်အတည်းများကို ထင်သာမြင်သာရှိ အောင် (Highlight) လုပ်ပေးပြီး အထွေထွေမကျေနပ်မှုများအသွင်ပြောင်းစေခဲ့တယ်။
အခွင့်အရေးရလျင်ရသလို ပြည်သူ တွေ လမ်းပေါ်ထွက်အောင်ကျိုးပမ်းခဲ့တယ်။ Signature Campaign, Letter Campaign, White Campaign စုံလို့ပါပဲ နောက်ဆုံးမလုပ်သင့်မလုပ်ထိုက်တဲ့ ရွှေဝါရောင်တော်လှန်ရေး( Saffron Revolution )ကိုပါဖန်တီးခဲ့ကြတယ်။ အာဏာ ရဘို့အတွက် အမျိုးဘာသာ သာသနာကိုပါ စတေးဘို့ဝန်မလေးတဲ့ စိတ်ဓါတ်ပါပဲ။
ထေရ်ဝါဒဗုဒ္ဓဘာသာ ထွန်းကား တဲ့နိုင်ငံမှာ အစိုးရနဲ့ ရဟန်းသံဃာတော်များကို ရန်တိုက်ပေးပြီး၊ နိုင်ငံတကာနဲ့ ဘားသာခြား တွေရဲ့အမြင်မှာ သာသနာ တော် ညှိုးနွမ်းအောင် ရည်ရွယ်ချက်ကြီးဖြင့် ဆောင်ရွက်ခဲ့ကြခြင်းပဲဖြစ်တယ်။ အစိုးရနဲ့ သံဃာထု ကြားတွင်သာမက သံဃာထုအတွင်းမှာလဲ အချင်းချင်းမသင့်မြတ်မှု ဂိုဏ်းဂဏကွဲမှုများ ဖြစ်ပေါ်လာခဲ့ရတယ်။ တစ်ဘက်ကကြည့်မယ်ဆိုရင် ကွန်မြူနစ်ဝါဒအစွန်းရောက်တွေ NLD ထဲမှာရှိနေတယ်ဆိုကို တွေရမှာဖြစ်ပါတယ်။
အခြေအမြစ်မရှိ၊ ဖွဲ့စည်းပုံမရှိ၊စည်းစနစ်မရှိသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဦးတင်ဦးနှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
လက်ရှိအခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင် စဉ်းစားစရာတွေအများကြီးပါနေတယ်။ မြို့ကြီးတော်တော် များများမှာ ဖယောင်းတိုင်ထွန်းပြီး (၂၄)နာရီမီးရရှိရေးအတွက် ဆန္ဒပြကြတယ်၊ ဘယ်သူတွေ ဦးဆောင်တာလဲ၊ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ၊ နေရာတိုင်းမှာ NLD ကဦးဆောင်ပြီးလုပ်ကြတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
မဂ္ဂါဝပ် (၁၀၀၀၀) ကျော်ထုတ်နိုင်မယ့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမဖြစ်မြောက်ရေး အားထုတ်လုပ်ဆောင်တယ်။ မဂ္ဂါဝပ် (၄၀၀၀)ကျော် ထုတ်နိုင်မယ့် ထားဝယ် ကျောက်းမီးသွေးသုံး ဓါတ်အားပေးစက်ရုံကို မဖြစ်မြောက်အောင် တားဆီးတယ်။ ရိုးသားတဲ့ ပြည်သူတွေအပေါ် အခွင့်ကောင်းယူတယ်။ ပြည်သူအားကို တလွဲအသုံးပြုပြီး၊ အများသဘောဆန္ဒအရပဲ ဒါဒီမိုကရေစီပဲလို့ ကြွေးကြော်တယ်။
အခုလည်းကြည့် ရွှေလီ-မန်စံ ဓါတ်အားပေးတာဝါတိုင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့်မဂ္ဂါဝပ်(၂၀၀) ကျော် ဆုံးရှုံးမှာဖြစ်လို့ ပြည်သူများအနေဖြင့် ဓါတ်အားပြတ်တောက်မှုများ ကြုံတွေရမည်ဖြစ်ကြောင်း အမြန်ဆုံးပြန်လည် ပြင်ဆင် ဆောင်ရွက်သွားမှာဖြစ်လို့ သည်းခံခွင့်လွှတ်နိုင်ကြဘို့ တရားဝင်ပန်ကြားထားပါရက်နဲ့ ဒီအခြေအနေအပေါ်အခွင့်အရေး ယူပြီး ပြည်သူတွေကို လမ်းပေါ်ဆွဲထုတ်တယ်။ ပြည်သူကတော့မီးလာစေချင်လားဆို လာစေချင်တာပေါ့ ဒါရိုးရှင်းပါတယ်။ တစ်နိုင်ငံလုံး ဓါတ်အားလုံလောက်မှုမရှိစေရေး တစ်ဘက်ကကျိုးပမ်းတယ် ဒီဘက်ကျတော့လည်း မီးမလာတာကို ပြဿနာ တစ်ရပ်ဖန်တီးတယ်။
ဆက်စပ်ပြီးတော့ပြောရမယ်ဆိုရင် တာဝါတိုင် ဗုံးခွဲတိုက်ခိုက်တဲ့ကိစ္စမှာ သူတို့ တနည်းနည်နဲ့ ပါဝင်ပတ်သက်နေတယ်လို့ ပြောရမှာပဲ။ ဘာလို့ဆိုတော့ အခုပြဿနာတွေရဲ့အစက တာဝါတိုင် ပြိုလဲသွားလို့ ပုံမှန်ဓါတ်အား မဖြန့်ဖြူးနိုင်ခြင်းကစတာပဲ။ ဒါဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် လုံးဝ နှောက်ယှက်ဖျက်ဆီးလိုတဲ့ လုပ်ဆောင်ချက်တွေပဲ။
ဒီကြားထဲမှာ ဇာတ်ရှိန်ကိုထပ်မြှင့်ဖို့လုပ်တယ် အစိုးရသစ်က ဒီလောက်ဖြေလျော့ထားပြီပဲ၊ ဒါကို မကျေနပ်သေးတဲ့ ဒေါ်စုကြည်က မီးလင်းရေးတင်မဟုတ်ဘူး ဒီမိုကရေစီအရေးကိုလည်းတောင်းဆိုကြဘို့ တိုက်တွန်းတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဘို့ထောက်ခံပါတယ်တွေ ဘာတွေကပါလာပြန်တယ်။ ဒါဘာ သဘောလဲ ဘာ(Campaign)လို့ နာမည်တပ်အုံးမလဲမသိပါဘူး။
အစိုးရက နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ကတိပေး ထားတာပဲ။ သူက ပြန်လှည့်နေတာပဲ။ လူထုလှုပ်ရှားမှုကိုပဲ လုပ်တတ်တာလား။ ပါတီကိုကောင်းကောင်းမတည်ဆောက်ပဲ ခေတ်ပျက် မှပဲ နိုင်ငံလုပ်နိုင်တာလား စဉ်းစားစရာပဲဖြစ်ပါတယ်။
စွပ်စွဲလှချည်လားလိုတော့မပြောပါနဲ့ စဉ်စားရင် ရင်မောရ တာတော့ အမှန်ပါပဲ။ တကယ်တော့ ပြည်သူမျှော်လင့်တာအများကြီးပါ NLDက ကျေနပ်လောက်အောင်လည်း လုပ်မပေး၊ တခါလာလည်း ဒီနည်းဗျူဟာ နောက်တခါလာလည်း ဒီနည်းဗျူဟာနဲ့ ဒီသံသရာထဲက ဘယ်တော့လွန်မြောက်ပြီးတော့ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ကြမှာလဲ မေးရတော့မှာပဲဖြစ်ပါတယ်။
Myanmar Express
မူရင်းက ဒီမှာပါ။
ဂျပန် ဆူမီတိုမို မစ်ဆူအီ ဘဏ်ကြီးက ကမ္ဘောဇ ဘဏ်ကို ကူညီမည်
ကိုကို ဘာသာပြန်သည်။
မြန်မာတိုင်းမ်း၊ အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
တိုကျို - ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေထိုင်မှုကို စွန့်လွှတ်ပြီး ပြုပြင်ပြောင်းလဲရေးများ စတင်လုပ် ဆောင်နေသော မြန်မာ နိုင်ငံတွင် ရင်းနှီးလုပ်ကိုင်ရန် ရည်ရွယ်လျက် ဂျပန်နိုင်ငံမှ 'ဆူမီတိုမို မစ်ဆူအီ'ဘဏ် လုပ်ငန်းကော်ပိုရေးရှင်းကြီး (SMBC) သည် မြန်မာနိုင်ငံ၏ အကြီးဆုံးကူးသန်း ရောင်းဝယ်ရေးဘဏ်ကြီး ဖြစ်သော 'ကမ္ဘောဇဘဏ်'ကို နည်းပညာအထောက် အပံ့များ ပေးတော့မည်ဟု မေလ ၂၂ ရက်နေ့တွင် ကြေညာသည်။
SMBC ကြီး၏ လက်လီဘဏ်လုပ်ငန်းအဖွဲ့ တစ်ခုဖြစ်သော ဆူမီတိုမို မစ်ဆူအီဘဏ္ဍာရေးအုပ်စုသည် မြန်မာ နိုင်ငံတွင် စီးပွားရေး လုပ်ငန်းချဲ့ထွင်ရန် ရည်ရွယ်လျက် အကြီးဆုံးကူးသန်း ရောင်းဝယ်ရေးဘဏ်ဖြစ်သော ကမ္ဘော ဇဘဏ်နှင့် မေ ၂၂ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးလိုက်သည်။
ဂျပန် ဘဏ်သည် ကမ္ဘောဇဘဏ်မှဘဏ်လုပ် ငန်းတွင် အကြံဉာဏ်များပေးပြီး ဘဏ် ၀န်ထမ်းများအား လေ့ကျင့်သင်ကြားပေး မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ မကြာမီက လုပ် ဆောင်လာခဲ့ပြီးနောက် ဂျပန်ဘဏ်နှင့် မြန်မာပုဂ္ဂလိကဘဏ်တစ်ခုအကြား ပထမဆုံးသဘောတူလက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆူမီတိုမိုဘဏ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဂျပန်နှင့် မြန်မာဘဏ်နှစ်ခုအကြား အနာဂတ်တွင် လုပ်ငန်းပူးတွဲလုပ်ဆောင် နိုင်ရေးသာမက မြန်မာနိုင်ငံအတွင်း စီးပွားရေးသွား ရောက်လုပ်ကိုင်ကြမည့် ဆူမီတိုမို၏ ဖောက်သည်များကို ကူညီ ထောက်ပံ့ရေးစနစ် ထူထောင်ရန်လည်း ရည်ရွယ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်း များစွာ စစ်တပ်အုပ်ချုပ်မှုအောက်တွင် နေခဲ့ရပြီးနောက် စီးပွားရေးပြန်လည် ထူထောင်ရန် ပြင်ဆင် နေရာ ကမ္ဘာ တစ်လွှားမှ စီးပွားရေးလုပ်ငန်းများသည် အလားအလာကောင်းသော မြန်မာ ဈေးကွက်သစ်တွင် ဈေးကွက်ဝေစုရရေး စိတ်ဝင်စားလျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာခဲ့ရာ အနောက်နိုင်ငံများမှ ထောက်ခံချီးမွမ်း မှုကို ရရှိခဲ့သည်။
ဂျပန် နိုင်ငံကလည်း မြန်မာနိုင်ငံက တင်ရှိနေ သော ကြွေးမြီဒေါ်လာသန်း ၃,၇၀၀ ကို လျော်ပေးခဲ့ပြီး ယခင်က ရပ်ဆိုင်းထား ခဲ့သော အကူအညီများကိုလည်း ပြန်ပေးတော့မည်ဟု ကတိပြုခဲ့သည်။
ဂျပန်နှင့် မြန်မာတို့သည် ရင်းနှီးမြှုပ်နှံမှု စာချုပ်တစ်ခု ချုပ်ဆိုနိုင်ရန် နေပြည်တော်တွင် မေလ ၂၃ ရက်နေ့၌ ဒုတိယအကြိမ် ဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရှိ ရသည်။

၂၄ နာရီ မီးရဖို့ တရုတ်နိုင်ငံ ကသာ ကူညီမည်
မြန်မာနိုင်ငံတွင်းမှာ ၂၄ နာရီ မီးရရှိရေးအတွက် တောင်းဆိုနေတာ ၆ ရက်ရှိပြီဖြစ်ပေမယ့် ဘယ်နိုင်ငံက မှ အကူအညီမပေးခဲ့ကြပါဘူး။ အထူးသဖြင့် နိုင်ငံတကာနဲ့ ပိုင်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၄ နာရီ မီးရဖို့ ဘာမှ လုပ်မပေးနိုင်သလို ဒေါ်အောင်ဆန်းစုကြည် နဲ့ ပိုင်တဲ့ နိုင်ငံတကာ ကလည်း ဘာအကူအညီမှ မပေးပဲ ရပ်ကြည့်နေကြပါတယ်။
၈၈ မျိုးဆက် ဆိုတဲ့လူတွေကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဘာမှ ဖြည့်စည်းပေးနိုင်ခြင်း မရှိပဲ ပန်းတွေ လည်ပင်းမှာ စွဲပြီး ဖယောင်းတိုင် ထွန်းနေတာနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ ဒါပေမယ့် ၇ ရက်မြောက်နေ့မှာတော့ တရုတ်နိုင်ငံက အကူအညီပေးမယ်လို့ ထုတ်ပြောလာပါတယ်။
တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ သူ ဟောင်လီက နိုင်ငံခြားရေး ၀န် ကြီးဌာန မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြန်မာနိုင်ငံက မီး လင်း ရေး ဆန္ဒပြပွဲတွေအပေါ်အမြင်နဲ့ မီးပေး နိုင်ရေး အ တွက် အကူ အညီ ပေးဖို့ ဆန္ဒ ရှိကြောင်းကို အခုလို ပြောဆိုခဲ့ တာ ဖြစ်ပါ တယ်။
မစ္စတာဟောင်လီက “ကျနော်တို့ နားလည်တာကတော့ ဒီဆန္ဒပြပွဲတွေမှာ လူတော်တော်များများက အခုမြန်မာနိုင်ငံ တချို့နေရာတွေမှာ မီးမရဘူး ဆိုတဲ့ အပေါ်မှာ ဘယ်မှာ ပြဿနာ ဖြစ်တယ် ဆိုတာကို သေ ချာ သိကြပါ တယ်။ မီးမရတဲ့အပေါ်မှာ ကျနော်တို့ နားလည်တာ ကတော့ မြန်မာ နိုင် ငံမှာ သုံးနေတဲ့ လက်ရှိ လျှပ်စစ် ဓာတ်အားပေး လိုင်းစ နစ်တွေ က တော် တော် ဟောင်း နွမ်းနေပြီ ဖြစ်တာ ကြောင့်ပါ။ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အနေနဲ့ မြန်မာ ပြည်သူ လူထုရဲ့ နေထိုင်မှု ဘဝကို ပိုကောင်း လာအောင် ဒီလျှပ်စစ် ဓာတ်အားပေး လိုင်းတွေကို အဆင့် မြှင့်ဖို့ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက် လိုတဲ့ ဆန္ဒ ရှိပါတယ်” လို့ ပြောပါ တယ်။
လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ မိုင်းထိပျက်စီးသွားတဲ့ ၂၃၀ ကေဗီ ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ပြုပြင်ရေး လုပ်ငန်းကိုလည်း လူ အင် အားများစွာနဲ့ အရှိန်မြှင့် လုပ်နေသလို အမေရိကန်နိုင်ငံ နဲ့ စင် ကာပူနိုင်ငံက မီးစက် ၆ လုံးစီ တပတ်အတွင်း ရောက်ဖို့ ရှိတယ်လို့ ပြည်သူကို အသိပေးပါတယ်။
ဒါ့ပြင် အမေရိကန်နိုင်ငံ ဂျင်နရယ် အီလက်ထရွန်နစ် ကုမ္ပဏီကနေ ဂက်စ်တာဘိုင် ၂ လုံး အမြန်ဆုံး ရောက်ရှိလာဖို့လည်း ကြိုးစားနေ တယ် လို့ ကြေညာချက် ထုတ်ပြန်ပြီး အသိပေး တာတွေ ပြုလုပ်ခဲ့ ပါ တယ်။

မရိုးသား မဖြောင့်မတ်သူတို့ ၏ လက္ခဏာများ
( ၁ ) ကိုယ်ကျိုးကိုသာ ကြည့်လျှက် မဟုတ်မမှန် ပြောဆိုခြင်း။
( ၂ ) မိမိ အပြစ်ကို သူတစ်ပါးတို့  လွဲချတတ်ခြင်း။
( ၃ ) အလိုရှိမှသာ လာရောက်ပြောဆိုဆက်ဆံပြီး အလိုမရှိက အသိအမှတ်မပြုပဲ နေခြင်း။
( ၄ ) အကျိုးတစ်စုံတစ်ရာကို ရမည်ဟု မြင်သောအခါ နှိမ့်ချဆက်ဆံတတ်ခြင်း။
( ၅ ) မိမိအတွက် အကျိုးမရှိက သူတစ်ပါးအား ကူညီလိုစိတ်မရှိခြင်း။
( ၆ ) ချစ်ဟန် မုန်းဟန် ဆောင်တတ်ခြင်း။
( ၇ ) မပွင့်မလင်း ဝှက်ကွယ်တတ်သော သဘောရှိခြင်း။
( ၈ ) အပြောင်းအလဲမြန်ခြင်း။
( ၉ ) တရားနှင့် အညီ ကျင့်ကြံနေထိုင်မှုမရှိခြင်း။
( ၁၀ ) ကွယ်ရာ၌ သူတစ်ပါးတို့၏ အပြစ်ကို ဖော်ထုတ်ပြောဆိုတတ်သော သဘော သဘောရှိခြင်း။
( ၁၁ ) လိုလျှင် ချီးမွမ်းတတ်၍ မလိုလျှင် ရှုံ့ချတတ်ခြင်း။
( ၁၂ ) အခြေအနေအရ အလိုက်အထိုက် ဆက်ဆံတတ်ခြင်း။
( ၁၃ ) ငွေ, ပစ္စည်း၊ အခွင့်အရေးတို့ ဖြင့် ဖြားယောင်းတတ်ခြင်း တို့ဖြစ်သည်။
Myanmar Express
မူရင်းက ဒီမှာပါ။
ကျောင်းအပ်နှံရာတွင် အလှူငွေ ကောက်ခံမှုများ ပြင်းထန်စွာ အရေးယူမည်
The Voice
ကျောင်းအပ်နှံချိန် ကာလဖြစ်သည့် မေလ ၂၅ ရက်နေ့အတွင်း ကျောင်းအပ်နှံသူ မိဘများထံမှ အလှူငွေ ကောက်ခံပါက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများကို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားသည်။
အလှူငွေ ကောက်ခံကြောင်း သိရှိရပါက အဆင့်ဆင့် စစ်ဆေးမည် ဖြစ်ပြီး မှန်ကန်ပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယခင် ပညာသင်နှစ်အတွင်း ငွေကြေးတတ်နိုင်သော မိဘအချို့ထံမှ အလှူငွေ ကောက်ခံမှုများကို တွေ့ရှိ၍ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို အပြစ်ပေးမှုများ ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းကဲ့သို့ မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားကြောင်း၊ စစ်ဆေးတွေ့ရှိပါက အလုပ်ထွက်စာ ချက်ချင်း တင်ရမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့် မြို့ နယ် ပညာရေးမှူး ဒေါ်ခိုင်ရွှေညွှန့်က မေလ ၂၂ ရက်နေ့တွင် ကျင်းပသော မြို့ နယ်အဆင့် ကလေး ဗဟိုပြု ချဉ်းကပ်သင်ယူမှု ဆိုင်ရာ သင်တန်းဆင်းပွဲတွင် ပြောကြားသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်က ဒဂုံ (၁) မှာ ကျောင်းအပ်တုန်းက တောင်ဒဂုံက ဆိုတော့ နှစ်သိန်းလောက် ပေးရတယ်။ နောက်နှစ်ကျတော့ ဖောင်ဖိုးလောက်ပဲ ပေးရတယ်” ဟု မြို့ နယ်ကျော် ကျောင်းအပ်နှံခဲ့သူ ဒဂုံမြို့ သစ် (တောင်ပိုင်း) မြို့ နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။
အလှူငွေ ကောက်ခံခြင်းကို တားမြစ်ထားခြင်းကြောင့် ကျောင်းအပ်နှံချိန်တွင် အလှူငွေများ မကောက်ခံ သော်လည်း ကျောင်း၏ ပြင်ပ ပြင်ဆင်မှုများအတွက် မတည် ပြုပြင်ပေးမှုကို ကျောင်းသားမိဘများက လုပ်ဆောင်ပေးသည့် သဘောမျိုး ရှိကြောင်း အ.ထ.က (၂) ဗဟန်း အထက်တန်းပြ ဆရာမ တစ်ဦးက ပြောသည်။
“ဒီနှစ်က အရင်လို ပိုက်ဆံပေးတိုင်း မရဘူး။ ကျောင်းဝင်ခွင့် ဖောင်တွေတောင် အခု ပိတ်သွားပြီ။ အပ်ချင်တောင် လက်ခံလို့ မရဘူး” ဟု ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ကမာရွတ်) ၏ ကျောင်းဝင်ခွင့် လက်ခံပုံကို အဆိုပါ ကျောင်းမှ ဆရာမ တစ်ဦးက ရှင်းပြသည်။
ပညာရေး ဝန်ကြီးဌာနက ပေးသော ထောက်ပံ့ငွေသည် ရန်ပုံငွေ နည်းပါးသော ကျောင်းများ အတွက် လုံလောက်မှု မရှိကြောင်း၊ အလှူငွေ ကောက်ခံခွင့် မပြုပါက ထောက်ပံ့ငွေ တိုးမြှင့်ပေးပါလျှင် ပို၍ အဆင်ပြေ နိုင်ကြောင်း မင်္ဂလာတောင်ညွှန့် မြို့ နယ် အမှတ် (၁၄) မူလတန်းလွန် ကျောင်းမှ ကျောင်းအုပ် ဆရာကြီးက ပြောသည်။
ကျောင်းအုပ်ဆရာ၊ ဆရာမများ အတွက် မြို့ နယ် ပညာရေးမှူးရုံးများက တစ်နှစ်လျှင် ကျပ်သုံးသောင်း တိတိ ထောက်ပံ့ပေးသော်လည်း ကုန်ကျစရိတ် လိုအပ်ချက်များ ရှိသောကြောင့် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်မှ စတင်၍ ကျောင်းသား ၂၀၀ အောက် ကျောင်းများအတွက် ငါးသောင်းကျပ်၊ ကျောင်းသား ၂၀၀ နှင့်အထက် ကျောင်းများအတွက် ကျပ်တစ်သိန်းအထိ တိုးမြှင့်ပေးမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အား ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေးစီမံဆောင်ရွက်နေ
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
အနာဂတ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၂၄ နာရီလျှပ်စစ်မီး ရရှိရေး အတွက် ရေအားလျှပ်စစ်စက်ရုံများ အပြင် ပြည်ပအကူအညီဖြင့် ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တည် ဆောက်သွားရန် နိုင်ငံ တော်အစိုးရက စီမံဆောင်ရွက်နေကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင် သန်းဦးက မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် မေလ ၂၁ ရက်နေ့ညနေပိုင်းက ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲနှင့် လူထုတွေ့ဆုံ ပွဲတွင် ပြောကြားသည်။
"ပထမဦးဆုံး ဂျပန်အကူနဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ရုံနဲ့ ကိုရီးယား နိုင်ငံအကူ အညီနဲ့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့သုံး ဂက်စ်တာပိုင်စက်ရုံတစ်ရုံစီကို ရန်ကုန် မြို့နဲ့ အနီးတစ်ဝိုက်မှာ မကြာမီ တည် ဆောက်သွားမှာပါ။ ကျောက်မီးသွေး စက်ရုံကတော့ သုံးနှစ်ကနေ လေးနှစ် လောက်ကြာနိုင်တယ်၊ ဂက်စ်တာဘိုင် စက်ရုံကတော့ တစ်နှစ်လောက်နဲ့ပြီး နိုင်ပါတယ်" ဟု လျှပ်စစ်ဒုတိယ၀န်ကြီး က ပြောသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံး စွဲမှုပမာဏမှာ ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ လက်ရှိတွင် မိုးရာသီအချိန်၌ တစ်နိုင်ငံလုံးလျှပ်စစ် ဓာတ်အားသုံးစွဲမှုပမာဏ မဂ္ဂါဝပ် ၁,၄၅၀၊ နွေရာသီတွင် မဂ္ဂါဝပ် ၁,၈၅၀ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရေအား လျှပ်စစ်စီမံကိန်း ၁၉ ခုတွင် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှု တပ်ဆင်အင်အား မဂ္ဂါဝပ် ၁,၂၀၀ နှင့် ကျောက်မီးသွေးနှင့် ကုန်းတွင်း သဘာဝဓာတ်ငွေ့သုံးစက်ရုံ များ၏ ထုတ်လုပ်မှု တပ်ဆင်အင်အားမှာ ၂၅၂ ဒသမ ၅ မဂ္ဂါဝပ်သာရှိ သဖြင့် လက် ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားထုတ် လုပ်မှုနှင့် သုံးစွဲမှုအခြေအနေမမျှဖြစ်နေ ကြောင်းလည်း သိရသည်။
"လျှပ်စစ်ဓာတ်အားကို နောက်နေ့မှ သုံးမယ်ဆိုပြီး သိမ်းထားလို့မရပါဘူး။ လောလောဆယ် လျှပ်စစ်ဓာတ်အား ပြတ် တောက်နေတဲ့ အခြေအနေက ရေအား လျှပ်စစ်စီမံကိန်းတွေက လျှပ်စစ် ဓာတ်အားအပြည့်အ၀ မရတဲ့အတွက် ကြောင့်ပါ။ "နွေရာသီရောက်တိုင်း လျှပ်စစ် မီးပျက်တဲ့ ပြဿနာကို ပြေလည်စွာ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ကြိုးစားနေပါတယ်။ အနာဂတ်မှာ ၂၄ နာရီပုံမှန် လျှပ်စစ်မီးရဖို့ဆိုရင် ကျောက် မီးသွေးလို တခြားလျှပ် စစ်ဓာတ်အား ရနိုင်မယ့် စီမံကိန်းတွေကို အားကိုးရ မှာပါ"ဟုလည်း အမှတ် (၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ် လုပ်သော လျှပ်စစ်ဓာတ်အားများကို အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန သို့ တစ်ယူနစ်လျှင် ကျပ် ၂၀ ဖြင့်ရောင်း ချပေးခြင်းဖြစ်ပြီး၊ အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အိမ်သုံးမီတာ စနစ်ဖြင့် အများပြည်သူသို့ တစ်ယူနစ် လျှင် ၃၅ ကျပ်နှုန်း ရောင်းချဖြန့်ဖြူးပေး နေခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိကလုပ်ကိုင်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ ကမ်း လှမ်းထားသော်လည်း အရှုံးများသော လက်ရှိအခြေအနေအရ ပုဂ္ဂလိကလုပ် ကိုင် ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ ချေးငွေဖြင့် ကမ်းလှမ်းထားမှုများကို ညှိနှိုင်းနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သော ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်မီး သွေးနှင့် သဘာဝ ဓာတ်ငွေ့သုံး တာပိုင် စက်ရုံများကို အမှတ် (၁) လျှပ်စစ်စွမ်း အား ၀န်ကြီးဌာနနှင့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဓာတ်အားခ ကောက်ခံရေးလုပ်ငန်းများကို အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနများက လုပ်ကိုင်နေခြင်းဖြစ်ပြီး ကမ်းလွန်သဘာဝ ဓာတ်ငွေ့နှင့် ပိုလျှံသောကုန်းတွင်း သဘာဝဓာတ်ငွေ့များကို ပြည်ပနိုင်ငံ များသို့ ရောင်းချခြင်းလုပ်ငန်းကို စွမ်း အင်ဝန်ကြီးဌာနမှ လုပ်ကိုင်နေခြင်းဖြစ်သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
လျှပ်စစ်ဓာတ်အား အချိန်ပြည့်ရရှိရေး ဆန္ဒဖော်ထုတ်သူများကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်

ဂျပန်ကားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာဖွယ်ရှိ
မြန်မာတိုင်းမ်း ၊ အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
ဂျပန်နိုင်ငံမှ ကားထုတ်လုပ်တင်ပို့ ရောင်းချသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သည့် စက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံရန် အလားအလာများစွာ ရှိနေသည်ဟု ပြည်တွင်းကားအရောင်းစင်တာပိုင်ရှင်များက ပြောသည်။
"နောက်ပိုင်းမှာ ကားကိုတင်သွင်းတာထက် ကားကုမ္ပဏီတွေ ပြည်တွင်းမှာ ထုတ်လုပ်တာတွေ ဖြစ်လာမှာပါ။ အလုပ် အကိုင်အခွင့် အလမ်းတွေလည်း ရှိလာပြီး ၀ယ်လက်တွေအတွက် ပိုပြီးအဆင်ပြေ လာမယ်။ ကားအပိုပစ္စည်းတွေ ပေါလာ မှာပေါ့။ ကားပြင်ချင်ရင် ကုမ္ပဏီပို့လိုက် တာနဲ့ကို အသစ်အတိုင်းပြန်ဖြစ်လာမှာ"ဟု ဆာကူရာကားအရောင်းစင်တာ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဂျပန် ခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံမှ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပိုမို စိတ်ဝင်စား လာပြီး တိုယိုတာ၊ နစ်ဆန်း၊ ဆန်နီ၊ မစ်ဆူဘီရှီ အစရှိသည့် ကား ကုမ္ပဏီများလာရောက်နိုင်ဖွယ်ရှိသည် ဟု ကားအရောင်းစင်တာ လုပ်ငန်းရှင် များက ခန့်မှန်းသည်။
"မစ်ဆူဘီရှီအနေနဲ့ ပြည်တွင်းမှာ စက်ရုံလာရောက်တည်ဆောက်ဖို့ ရှိပါ တယ်။ ကားထုတ်လုပ်တဲ့ လုပ်ငန်းကို လည်း ပြည်တွင်းမှာ လုပ်ချင်ပါတယ်။လုပ်ဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်" ဟု မစ်ဆူဘီရှီ ရန်ကုန်ရုံးခွဲလက်ထောက် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင် မောင်တင်က ပြောသည်။
မစ်ဆူဘီရှီနည်းပညာဖလှယ်ပွဲကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် မေလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး မစ်ဆူဘီရှီနည်းပညာ ကုန်ပစ္စည်းများ အား မိတ်ဆက်ပေးခဲ့သည်။
"နောက်ပိုင်း ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပြည်တွင်းဝင်လာမယ်ဆိုရင် ကျွန်တော်တို့ ကားအရောင်းစင်တာတွေ အနေနဲ့ လက်တွဲ လုပ်ဆောင်သွားရမှာ ပါ။ ရေရှည်မှာ ဒီလိုပဲသွားရမှာပဲ" ဟု ဦးဌေးအောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော ယာဉ်အိုယာဉ်ဟောင်းလဲလှယ်သည့် မူဝါဒမထွက်ရှိခင်ကပင် ဂျပန်ကားဟောင်း များကိုသာ တင်သွင်းအသုံးပြုခဲ့ကြသည်။
ကားအသစ်များ တင်သွင်းခွင့်ပြုရာ တွင်လည်း ဂျပန်ကားများကိုသာ ပိုမို ကြိုက်နှစ်သက်သည်ကို တွေ့ရသည်ဟု ကားဝယ်ရောင်း သမားများက ပြောသည်။
"မြန်မာလူမျိုးတွေက ဂျပန်ကားနဲ့က ရင်းနှီးပြီးသား၊ အခုလည်း ဂျပန်ကားတွေကိုပဲ လူကြိုက်များတယ်။ ဈေးတွေ ကျိုးသွားလို့ အရောင်းအ၀ယ်တော့ နည်းနည်းအေးနေတယ်" ဟု ကားအရောင်းအ၀ယ်လုပ်သူ ဦးအေးမင်းက ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ဒေါ်အောင်ဆန်းစုကြည် မောင်နှမချင်း ငြိမ်းချမ်းမှု မရသေး
ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ဆိုတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယ ပင်လုံ တဖွဖွ ပြောဆိုနေသူ ဒေါ်အောင်ဆန်းစုကြည် ဟာ မောင်နှမချင်း ငြိမ်းချမ်းမှု မရသေး၊ ရင်ကြားစေ့လို့ မရနိုင်သေးဘူးဟု သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄- ၅၆)ရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ ထုံးတမ်းဓလေ့ ဥပဒေအရ အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင် ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး (အစ်ကိုဖြစ်သူ)က လျှောက်ထား တရားစွဲ ဆိုခဲ့မှုကို ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး၏ရုံးတွင် ယနေ့ နှစ်ဖက်အကျိုးဆောင် များက အပြီးသတ်လျှောက်လဲချက်များ ပေးကြသည်။
တရားလိုဦးအောင်ဆန်းဦး၏ အကျိုးဆောင် ဦးအေးလွင် (မိုးဟိန်းကျော်)နှင့် တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ဦးကြည်ဝင်းတို့ အပြီးသတ် လျှောက်လဲချက်ပေးပြီးနောက် ဦးကြည်ဝင်းက အမှုနှင့်ပတ်သက်၍ နောက်တိုးငြင်းချက် ထပ်မံတောင်းဆို သည်။
ယင်းသို့တောင်းဆိုခြင်းကို ဦးအေးလွင်က သက်သေများစစ်ဆေး ကာ လျှောက်လဲချက်ပေးပြီးဖြစ်၍ နောက် တိုးငြင်းချက် ထပ်မံ တောင်း ဆို ခြင်းကို ကန့်ကွက်သည်။
ယင်းသို့ နောက် တိုးငြင်း ချက် ထပ်မံတောင်း ဆိုသည့်ကိစ္စ နှင့်ပတ်သက်၍ နှစ်ဖက်အကျိုးဆောင်များ ကြားဖြတ်လျှောက် လဲချက် ပေးရန် အမှုကို တရားရုံးက မေလ ၂၅ ရက်နေ့ သို့ ချိန်းဆိုထားသည်။
အမွေ မှုဖြစ်ပွားခဲ့ပုံမှာ လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦးက တရားရုံးတွင် လျှောက်ထားတရားစွဲဆိုခဲ့သည်။
ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဦးအောင် ဆန်းဦး၏ အကျိုးဆောင်ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ထပ်မံတရား စွဲဆိုခဲ့မှုဖြစ်ပြီး တရားမကြီးအမှတ်မှာ ၉၆၁ ဖြစ်သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိထားပြီး မောင်နှမှချင်း မငြိမ်းချမ်းနိုင်ဖြစ်နေမှု၊ မောင်နှမချင်း ရင်ကြားမစေ့နိုင်ပဲ အမွေလုနေမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန်များအတွက် လျှပ်စစ်မီးပေးရန် စီစဉ်ဆောင်ရွက်ထား
မြန်မာတိုင်းမ်း၊ အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန် သုံးဇုန်တည်ဆောက်ရန်အစီအစဉ်ရှိ ကာ စက်မှုဇုန်များအတွက်လိုအပ်မည့် လျှပ်စစ်မီးပေး ရန်ကိုလည်း စီစဉ်ဆောင် ရွက်ထားကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ယခု လ ၁၇ ရက်နေ့၌ ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ၀ါး ခယ်မ၊ မအူပင်တွင် စက်မှုဇုန်သုံးဇုန် ဆောက်လုပ်ရန် စီစဉ်ထားကာ စက်မှု ဇုန် များအတွက်သာ လျှပ်စစ်မီးပေးရန် အစီ အစဉ်ရှိကြောင်း ဦးသိန်းအောင်က ပြောသည်။
"လောလောဆယ် နိုင်ငံတော်က ၂၃၀ ကေဗွီတစ်လုံး ဆောက်ထားတယ်။ ပုသိမ်ဧရိယာအတွက်ပေါ့။ ပြီးလို့ရှိရင် မအူပင်ဘက် တစ်လိုင်းဆွဲမယ်။ မအူပင် ဘက်မှာလည်း နိုင်ငံတော်ကနေပြီး ၂၃၀ ကေဗွီတစ်လိုင်းဆွဲမယ်။ အဲဒါလော လောဆယ် နိုင်ငံတော် အစီအစဉ်ပေါ့။ ပြီးရင် PTTEP ကုမ္ပဏီက M3 ဆိုတဲ့ ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့စီးပွား ဖြစ် တွေ့ထားတယ်။ အဲဒါနဲ့ ပုသိမ် ဧရိယာကို ပိုက်လိုင်းတင်မယ်။ တင်ပြီးရင် ပုသိမ်ဧရိယာလောက်မှာ ဖြစ်ဖြစ်၊ သင့်တော်တဲ့နေရာမှာ ဓာတ်ငွေ့ တာဘိုင် တင်မယ်။ တာဘိုင်တင်ပြီးရင် အဲဒီနေရာ ကနေပြီးတော့ စက်မှုဇုန်တွေကို လုံလောက်အောင်ပေးမယ်။ ပြီးရင် ပိုရင် လျှံရင် မြို့ရွာတွေပေးမှာ ပေါ့လို့ စီမံထား တယ်"ဟု ဦးသိန်းအောင်ကပြောသည်။
ဓာတ်ငွေ့တာဘိုင်များမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို ဧရာဝတီ တိုင်းဒေသကြီးမှ ရာနှုန်းပြည့်ရရှိမည်ဖြစ်သည်ဟုဆိုသည်။
"ဓာတ်ငွေ့ကရတဲ့ လျှပ်စစ်ကို ဧရာဝတီတိုင်းဒေသကြီးအတွက် ၁၀၀ ရာခိုင်နှုန်းပေးမှာပါ။ ပိုမှသာ သူများပေးမှာပါ"ဟု ဦးသိန်းအောင် က ပြောသည်။ ဈေးနှုန်းများမှာမူ နိုင်ငံ တကာဈေးနှုန်းအတိုင်း ဖြစ်မည်ဟု သိရသည်။

လျှပ်စစ်ဓာတ်အားပြဿနာအတွက် အစိုးရအဖွဲ့ အရေးပေါ် ဆွေးနွေး
ရန်လိုကျွဲ
မေ ၂၈၊ ၂၀၁၂
အိနြေ္ဒရှိသော ဒီမိုကရေစီကို ဖော်ဆောင်နေသော နိုင်ငံတခုတွင် ဖြစ်သည်။ လျှပ်စစ်ဓာတ်အား အချိန်ပိုင်း အလှည့်ကျရနေသည့် မြို့ကြီးများကို ဓာတ်အား ရုတ်တရက် လျှော့ချ၊ ဖြတ်တောက်သဖြင့် ဆန္ဒပြမှုတို့ ဖြစ်ပွားနေသည်။
ယင်းအခြေအနေကြောင့် “လေလုံးကြီး၊ မိုက်လုံးကြီးသော စစ်ဗိုလ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့” က အရေးပေါ်အစည်းအဝေး ခေါ်ရလေသည်။
အရေးပေါ်အစည်းအဝေးကို ဒုက္ခသီရိမြို့တွင် တည်ရှိသော နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်ရာ သတင်းထောက် ရန်လိုကျွဲ တက်ခွင့်ရလေ၏။
ရန်လိုကျွဲသည် ဒုက္ခသီရိ၏ အထင်ကရ မီဒီယာတစ်ခုဖြစ်သော “မိုးမခ ညနေခင်းသတင်းစာ”၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။ ယင်းသတင်းစာက ၀ါဒဖြန့်ချိရေးဝန်ကြီးဌာနမှ အကောင်ကြီးကြီးများအား ရှယ်ယာခွဲပေးသဖြင့် ယခု အရေးပေါ်အစည်းအဝေးတက်ခြင်းကဲ့သို့သော အခွင့်အရေးမျိုးကို ရန်လိုကျွဲ ရရှိခြင်းပေတည်း။
အရေးပေါ်အစည်းအဝေး အစပြုလေပြီ။
သမ္မတ ။ ။ မင်္ဂလာ နံနက်ခင်းပါ ၀န်မင်းများ။ ၀န်မင်းတို့ကို အရေးပေါ်ခေါ်ယူရတဲ့အကြောင်းရင်းက မီးကိစ္စပဲကွဲ့။ ဒီ မီးကိစ္စကို ၀န်မင်းတို့လည်း Facebook ကနေ သိရှိပြီးသား ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
လယ်ယာပြန်စားရေးဝန်ကြီး ။ ။ မီးကိစ္စ မသိပါဘူးခင်ဗျ။ Facebook လည်း မသုံးတော့ မီးအကြောင်း မသိပါဘူး။ သတင်းစာတော့ ဖတ်ပါတယ်။ သတင်းစာမှာလည်း အားလုံးကောင်းပါသည်ခင်ဗျား ဆိုပြီး ရေးထားတာပဲမဟုတ်လား သမ္မတကြီးရဲ့။
(၀န်ကြီးက ထိုသို့ တုန့်ပြန်ပြီးနောက် “မီးကိစ္စဆိုရင်တော့ အရမ်း စိတ်ဝင်စားပါတယ်။ မီးဆိုတာက ဘူလေးလဲဟင်။ အသက်က ဘယ်လောက်လဲ။ ဖြူသလား ညိုသလား။ ငါးရံ့ကိုယ်လုံးလေးနဲ့လား။ လုံးကြီးပေါက်လှလား” ဟု စိတ်ထဲမှ ပြောလိုက်လေသည်။)
သမ္မတ ။ ။ ဒီဝန်ကြီးနဲ့တော့ ခက်တော့တာပဲကွယ်။ Facebook ဆိုတာ မသုံးမဖြစ် သုံးရတယ် ကွဲ့။ အကောင့်တခု အမြန်ဖွင့်လိုက်။ ပြီးရင် ငါ့ကို သူငယ်ချင်းအဖြစ် invite လုပ်လိုက်။ ငါက accept လုပ်လိုက်ရင် မင်းနဲ့ငါ Facebookသူငယ်ချင်းဖြစ်ပြီ။ မင်းမှာ သူငယ်ချင်း များလာရင် သတင်းတွေကအစ ဟိုပုံတွေ ဒီပုံတွေ အဆုံး အကုန်လုံး မင်း သိရပြီကွာ။ ခက်တော့တာပဲကွာ။ ၀န်ကြီးတိုင်း Facebook သုံးရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းရတော့မယ် ထင်တယ်။
လယ်ယာပြန်စားရေးဝန်ကြီး ။ ။ ဟုတ်ကဲ့ခင်ဗျ။ သမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော် Facebook ၀ယ်ဖို့ နိုင်ငံခြားရောက်နေတဲ့ သားကို ခိုင်းလိုက်ပါ့မယ်။
သမ္မတ ။ ။ သေလိုက်ပါတော့ကွာ …။ တော်တော့ … ဆက်မပြောနဲ့တော့ …။ အိုင်တီအကြောင်းတော့ နောင် အစည်းအဝေးတွေမှာ ထည့်ပြောလို့ မဖြစ်တော့ဘူး။ အိုင်တီ ပါလာရင် လိုရင်းရောက်တော့မယ် မထင်ဘူးကွယ်။ ကဲ … ကဲ … ကဲ … အမှတ် ၃ လျှပ်စစ်ဝန်ကြီးကပဲ ဖြစ်နေတဲ့ ပြဿနာကို အတိုချုပ် ရှင်းလိုက်ပါကွယ်။
အမှတ် ၃ လျှပ်စစ်ဝန်ကြီး။ ။ အတိုချုပ် ပြောရရင် – မသိနားမလည်တဲ့ ပြည်သူအနည်းစုက အမြဲတမ်း ဆန္ဒပြချင်ကြပါတယ်။ သူတို့ ဒီမိုကရေစီ တောင်းခဲ့လို့ ကျွန်တော်တို့က “အိနြေ္ဒရှိတဲ့ ဒီမိုကရေစီ” ဆိုတာကို ဖော်ဆောင်လိုက်ပါပြီ။ ဒီမိုကရေစီ ရသွားပြီ ဆိုတော့ လျှပ်စစ်မီး ရချင်တယ်လို့ အော်နေပါတယ်။ တခုမဟုတ် တခု အော်နေရမှ ကျေနပ်တဲ့သဘော ရှိပါတယ်။ လူ့အလို နတ်မလိုက်နိုင်သလို ကျွန်တော်တို့ ၀န်ကြီးဌာနကလည်း မလိုက်နိုင်ပါဘူးခင်ဗျာ။ ဒါပါပဲ။
သမ္မတ ။ ။ ဟုတ်ပြီ။ ပြဿနာကို သိပြီ ဆိုတော့ ကဲ … ဘယ်လို ရှင်းမလဲ။ ကျုပ်ရဲ့ အကြံပေးလိုတော့ မလုပ်နဲ့နော်။ ဒီဆရာက ဖယောင်းတိုင်ထွန်းကြဖို့ ခပ်နောက်နောက် ပြောလိုက်တာ လူတွေက အတည်ယူပြီး သူ့ကို မေတ္တာပို့နေကြတယ်။ သူ့ကို အမှုန့်ကြိတ်ချင်တဲ့သူတွေတောင် ရှိသေးတယ်။ ထားပါတော့ ဒါကို။ ကဲ … မီးကိစ္စ ဘယ်လို ရှင်းမလဲ။
လယ်ယာပြန်စားရေးဝန်ကြီး ။ ။ ကျွန်တော့အတွေ့အကြုံအရ ဆိုရင် ကျွန်တော့်ရဲ့ မီးလေး ပြဿနာရှာတော့ ကားတစ်စီး နဲ့ တိုက်ခန်းတခန်း ၀ယ်ပေးလိုက်တာ အဆင်ပြေသွားပါတယ်။ နိုင်ငံတော်မှာ ဒီလိုဖြစ်လာတာတော့ ကျွန်တော်လည်း အကြံမပေးတတ်ဘူး။
ဝါဒဖြန့်ချိရေးဝန်ကြီး။ ။ သြော် … ခင်ဗျားနဲ့တော့ ခက်တော့တာပဲ။ မပေးတတ်ရင်လည်း ငြိမ်ငြိမ်နေလေကွာ။ (သမ္မတဘက် လှည့်၍) သမ္မတကြီးခင်ဗျာ … ကျွန်တော် အကြံမပေးခင် မေးစရာတစ်ခု ရှိပါတယ်။ အစည်းအဝေးက ဘာကြောင့် လေအေးစက် မဖွင့်ရတာလဲ။ ဒီ စားပွဲ နဲ့ ထိုင်ခုံတွေကရော ဘာကြောင့် သံစားပွဲ၊ သံထိုင်ခုံတွေ ဖြစ်နေရတာလဲ။
ထိုမေးခွန်းကြောင့် တခြားဝန်ကြီးများလည်း အိပ်ငိုက်ပြေသွားသည်။ သူတို့လည်း ဤအချက်ကို မေးလိုကြသည်။ သမ္မတ မည်သို့ ဖြေရှင်းမည်ကို စိတ်ဝင်တစား နားစွင့်နေကြလေသည်။
သမ္မတ။ ။ အခု လုပ်နေတာ လျှပ်စစ်မီး ပြဿနာ ဖြေရှင်းရေး အစည်းအဝေးလေကွာ။ လေအေးစက်တွေ ပိတ်ပြီး လုပ်တယ် ဆိုတာ မင်းရဲ့ သတင်းစာထဲမှာ မနက်ဖြန် ထည့်ရေးနိုင်ဖို့ပေါ့ကွ။ အအေးဓာတ်ပေးတဲ့ ဒီစားပွဲတွေ၊ ထိုင်ခုံတွေက မင်းတို့ ဖင်မပူ ကျောမပူအောင်လို့ အထူး စီစဉ်ထားပေးတာကွာ။ ကဲ … ၀ါဒဖြန့်ချိရေးဝန်ကြီးရေ … ဒါတွေ ထည့်ရေးပြီး ၀ါဒဖြန့်ကွာ။ ငါတို့ ဘယ်လိုချွေတာတယ် ဆိုတာကို မျက်နှာဖုံးမှာ တင်ကွာ။
ဝါဒဖြန့်ချိရေးဝန်ကြီး။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒါတွေကိုတော့ ကျွန်တော် ပိုင်ပါတယ်။ ဟဲဟဲ … လုပ်လာတာလည်း ကြာပြီလေ။ ဒါပေမယ့် သမ္မတကြီးခင်ဗျာ … ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သောက်သုံးမကျလို့ တက်ခဲ့တဲ့ ပြဿနာတွေ အများကြီးပါ။ ဒီလျှပ်စစ်မီးကိစ္စကိုလည်း ကျွန်တော်တို့ ဆက်ပြီး သတင်းအမှောင်ချထားရင် မကောင်းဘူးလားခင်ဗျာ။
သမ္မတ ။ ။ တော်တော့ …. မင်း တော်လိုက်တော့။
မင်း တော်လိုက်တော့ ဟူသော စကားကြောင့် ၀ါဒဖြန့်ချိရေးဝန်ကြီး လန့်သွားသည်။ မနှစ်ကပဲ ဓာတ်ရှင်မင်းသမီးတဦးက သတင်းထောက်တစ်ဦးအား ထိုနည်းနှင်နှင် ပြောဆိုပြီး ရိုက်နှက်ခဲ့သည်မဟုတ်လား။ အင်း .. တို့သမ္မတကြီးကတော့ ငါ့ကို ဆံပင်ဆွဲ ပါးရိုက်မယ် မထင်ပါဘူးဟု တွေးလိုက်မိသည်။
သမ္မတ ။ ။ ဒီမယ် ၀န်ကြီးရဲ့ .. Facebook ခေတ် ရောက်နေပြီဗျ။ ခင်ဗျားရဲ့ သတင်းစာက သိပ် အလုပ်မဖြစ်တော့ဘူး။ လူတွေက သတင်းစာမဖတ်ရင်သာ နေမယ်၊ Facebook ကိုတော့ နေ့တိုင်း အကြိမ်ကြိမ် တစိမ့်စိမ့် ကြည့်နေကြသဗျ။ ကျုပ်တို့ သတင်းအမှောင်ချတာက ဆေးမြီးတို ဖြစ်သွားပြီ။ ကဲ … ဘယ်သူတွေ ဘာအကြံပေးချင်ကြသေးလဲ။
အမှတ် ၃ လျှပ်စစ်ဝန်ကြီး။ ။ အခက်အခဲတခုကို ဌာနဆိုင်ရာတွေ ညီညီညာညာ ၀ိုင်းပြီး ဖြေရှင်းရင် ရပါတယ်။ ဒါကြောင့် အင်အားကောင်းဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနကို အမှတ် ၄ နဲ့ ၅ အထိ တိုးချဲ့လိုက်ဖို့ ကျွန်တော် အကြံပြုပါတယ်။
သမ္မတ ။ ။ အင်း … ဟုတ်ပြီလေ။ ဒါလည်း နည်းလမ်းတစ်ခုပဲ။ ကဲ … ဘာရှိသေးလဲ။
မွေးမြူရေးဝန်ကြီး။ ။ ပိုးစုန်းကြူးတွေက အလင်းရောင် ထုတ်ပေးပါတယ်။ ပိုးစုန်းကြူးတွေကို အများကြီးမွေးမြူမယ်၊ မျိုးဆက်ပြန့်ပွားပညာပေး အစီအစဉ် အကြီးအကျယ် လုပ်မယ်ဆိုရင် ကောင်ရေ တိုးပွားလာတာနဲ့အမျှ အလင်းရောင်လည်း တိုးလာမှာပါ။ ဒီအလင်းရောင်က ဆန္ဒပြသူတွေရဲ့ ဖယောင်းတိုင်အလင်းရောင်ထက် သာမယ် ဆိုရင် ဆန္ဒပြတာတွေလည်း အလိုလို ချုပ်ငြိမ်းသွားနိုင်ပါတယ်။
သမ္မတကြီး အနည်းငယ် တွေဝေသွားသည်။ ထို့နောက် ဘယ်သူတွေ ဘာအကြံပေးချင်ကြသေးလဲဟု မေးလိုက်ပြန်သည်။
ပြည်တွင်းလုံခြုံရေးရာဝန်ကြီးကမူ မည်သည့် အကြံမျှ ပေးစရာ မရှိပေ။ သို့သော်လည်း သမ္မတကြီး ပြောပြောနေသည့် Facebook ဆိုသည်ကို တစ်ခုလောက်တော့ ၀ယ်ထားသင့်သည်ဟု တွေးနေလေသည်။ Facebook သုံးသည်မှာ အန္တရာယ် ရှိမည်မဟုတ်၊ သူက ၀န်ကြီးဖြစ်နေသောကြောင့် နာမည်ကျော် အီလက်ထနစ်ဥပဒေ ဆိုတာနှင့်တော့ ထောင်ထဲ ရောက်မည် မဟုတ်ဟုလည်း တွေးမိလေသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး။ ။ နေ့ဘက်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အလင်းရောင်တွေကို နည်းပညာတမျိုးမျိုးနဲ့ သိုလှောင်ပြီး ညဘက်မှာ ထုတ်သုံးခြင်းအားဖြင့် ညဘက်မှာ လင်းနေပါလိမ့်မယ်။ ဘယ်လို သိုလှောင်မယ် ဆိုတာကိုတော့ နည်းပညာဝန်ကြီး သိပါလိမ့်မယ်။
နည်းပညာဝန်ကြီး။ ။ ဒါကတော့ ကျုပ်ကို တမင်သက်သက် ချောက်တွန်းတာပဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဆိုပြီး သစ်ကုမ္ပဏီတွေနဲ့ ပေါင်းစားနေတာ ကျုပ် မသိဘူးထင်နေသလား။ ကျုပ်က သန့်သန့်ရှင်းရှင်း နေတာ။ အားလုံးကို ဖွင့်ချလိုက်မယ်၊ ဘာမှတ်သလဲ။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ထိုသို့ အပြောခံရသဖြင့် ဆတ်ဆတ်ခါ နာသွားပြီး ရှေ့တွင် ရှိသော ရေပုလင်းဖြင့် ကောက်ပေါက်လိုက်သည်။
ရေပုလင်းက နည်းပညာဝန်ကြီး၏ နဖူးကို အရှိန်ပြင်းစွာ ထိမှန်လေသည်။ တခြားသော ၀န်ကြီးများကလည်း ကျုပ်က သန့်သန့်ရှင်းရှင်း နေတာ။ အားလုံးကို ဖွင့်ချလိုက်မယ် ဟူသော စကားကြောင့် မကျေမနပ်ဖြစ်ပြီး နည်းပညာဝန်ကြီးကို ရေပုလင်းများဖြင့် လှမ်းပေါက်ကြလေသည်။ ပုလင်းထဲမှ ရေများဖိတ်လျှံပြီး သံစားပွဲ၊ သံထိုင်ခုံတို့လည်း စိုရွှဲကုန်၏။
အထိနာသွားသော နည်းပညာဝန်ကြီးက အလွန် စိတ်ဆိုး ဒေါသထွက်ပြီး ပုဆိုး ပင့် မ ကာ ရှေ့တွင် ရှိသော ကွန်ပျူတာကို ၀ုန်းခနဲ ဆောင့်ကန်လိုက်လေသည်။ ၀ါယာကြိုးများ ပြတ်တောက်သွားသည်အထိ ကန်အား ပြင်းလေသည်။
ဝါယာကြိုးတချို့ ပြတ်တောက်ခြင်း နှင့် သံစားပွဲ၊ သံထိုင်ခုံတို့ စိုရွှဲခြင်းတို့ပေါင်းမိပြီးသကာလ အကြီးအကျယ် ဓာတ်လိုက်ခြင်း ဖြစ်ပေါ်လေ၏။ သံစားပွဲ သံထိုင်ခုံတို့နှင့် ထိတွေ့နေသူမှန်သမျှ ဓာတ်လိုက်ကြလေ၏။
အခင်းဖြစ်ပွားမှုကို ဓာတ်ပုံရိုက်ယူနေသော သတင်းထောက် ရန်လိုကျွဲသာ ဓာတ်လိုက်ခြင်းမှ ကင်းလွတ်လေ၏။
ယင်းနေ့နှောင်းပိုင်းတွင် ထွက်ရှိလာသော မိုးမခ ညနေခင်းသတင်းစာတွင် ဤ အရေးပေါ် အစည်းအဝေး အရေးပေါ် အဆုံးသတ်လိုက်ရပုံအကြောင်း မျက်နှာဖုံးသတင်းအဖြစ် ပါလာလေသည်။
ထိုသတင်းကို လျှပ်စစ်ဓာတ်အားပြဿနာအတွက် အစိုးရအဖွဲ့ အရေးပေါ် ဆွေးနွေး သမ္မတနှင့်ဝန်ကြီးအားလုံး ဓာတ်လိုက်ပြီး ဆေးရုံတင်လိုက်ရ ဟု ခေါင်းစည်းတပ်ထားလေသတည်း။

စစ်တုရင်
စစ်တုရင်
ကျော်ဟုန်း
မေ ၂၈၊ ၂၀၁၂
စကတည်းက လူကြမ်းလို့တရားသေထား
မင်းသားတက်လုပ်လဲ မင်းသားရုပ် မမြင်နိုင်ကြ
ကြိုးစားခွင့်မရှိတော့ဘူးလား နေရာရယ်။
ကိန်းသေအသွင်နဲ့  ကြည့်ကြတဲ့မြင်ကွင်းများ
ဆတိုးပြေးရင် ဆတိုးမောမယ်ဆိုလဲ မောရော့
ဘဝအမောတွေနဲ့  ကစားခဲ့တဲ့သူများ
သက်လုံကောင်းတဲ့ဆုတော့ ရနိုင်သေးရဲ့။
ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်တဲ့လား
ဟန်ချက်ထိန်း မယိမ်းသရွေ့တော့
ကျွန်းပင်ထက်က သစ်ခွပန်း
နမ်းခွင့်ကြုံနိုင်ပါသေးတယ်။
ဘဝကို စာတမ်းထိုးပြီး
အလောင်းအစားလုပ်ရဲလား
ကံဆိုတာအလုပ်မို့ 
ဆက်လုပ် ဆက်ရွှေ့ ဆက်ဟေ့။
အစွဲသည်းတဲ့သူတွေကြား အစွဲမြဲတဲ့သူ
ဘယ်မူနဲ့  လက်ကိုင်ဖမ်းမလဲ ချုပ်မလဲ။
စိတ်များ
ပုံစံခွက်ထဲက ရေခဲတုံးမဟုတ်
အသက်
အခက်ကြုံရင် ပဓာနမဟုတ်။
ပြီး ပြီးရောနေတတ်ခဲ့ရင်
လူ့သမိုင်း ဘယ်တိုးတက်ခဲ့ပါ့မလဲ
စပရိန်လို ဖိလေကြွလေ နိုးထတတ်သူ
အစွဲကို အစွဲနဲ့ချေဖျက်
အရုဏ်ဦးကို ဖယောင်းမီးတသန်းနဲ့ပူဇော်နိုင်ဖို့ 
ရန်သူ – မင်းရှေ့မှာ မီးထွန်းညှိခဲ့ပြီ။ ။
(ဆန္ဒမှန်ကို ထုတ်ဖော်ရဲသူများသို့)
မူရင်းက ဒီမှာပါ။
ခုနှစ်ရက်သားသမီးများအတွက် (၂၈.၅.၁၂) မှ (၃.၆.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း
တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ
မိတ်ဆွေသစ်ရခြင်း၊ အလှူ၊ မင်္ဂလာပြုလုပ်ရခြင်း၊ စိန်လက်စွပ်၊ ရွှေလက်စွပ်ဝင်ခြင်းများဖြစ် တတ်သည်။ ဖုန်းလဲရတတ်သည် (သို့) ရေကြောင့် ဖုန်းပျက်စီးတတ်သည်။ ဆိုင်ခန်းရောင်း ရန်ရှိခြင်း၊ ဆိုင်ကယ်ရောင်းရန်ဖြစ်လာခြင်းဖြစ်နေမည်။ စာချုပ်စာတမ်းလက်မှတ်ရေးထိုးမိ၍ စိတ်အနှောင့် အယှက်ဖြစ်ခြင်းဖြစ်တတ်သည်။ စာရင်းအင်းမှားတတ်သည်။ သတိထားပါ။ ငွေဝင်မည်။ အကြောင်းမဲ့ငွေကုန်များနေမည်။ အလုပ်တွင် အခက်အခဲဖြစ်နေခြင်း၊ အတိုက် အခံဖြစ်ခြင်း များနှင့်ရင်ဆိုင်နေရမည်။
ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ အချစ်ရေတွင်စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရှောက်သီးသုပ် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၀ ၀ ၁)
တနင်္လာသားသမီးများ၏ကံကြမ္မာ
ငွေများအလုံးအရင်းနှင့်ဝင်ကိန်းရှိနေသည်။ လာဘ်အလွန်ကောင်းနေသည်။ ပျော်ရွှင်သော ခရီးကောင်းရှိသည်။ စီးပွားတက်နေမည်။ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ နိုင်ငံခြားခရီး သွားရခြင်း၊ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရခြင်း၊ လက်အောက်ငယ်သားကောင်း များရောက်လာခြင်းများဖြစ်မည်။ ကွန်ပြူတာပျက်နေတတ်သည်။ မြေထွက်ခြင်း၊ ရပ်ဝေးမှ နာရေးသတင်းကြားရခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်ပြီးဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မမှားအောင်စုံစမ်းပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီး သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၇ ၂ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
ပြည်တွင်းပြည်ပခရီးနှစ်မျိုးလုံးသွားရတတ်သည်။ ဆုံးဖြတ်ရခက်နေသောကိစ္စများဖြစ်နေမည်။ ဝေခွဲရခက်အောင်ဖြစ်နေမည်။ စိတ်တိုင်းမကျစရာများ၊ စိတ်အလိုမကျစရာများဖြစ်နေမည်။ ရွှေလက်စွပ်ထွက်ခြင်း၊ လူလိမ်ခံရခြင်း၊ သူခိုးခိုးခံရခြင်းဖြစ်တတ်သည်။ ငွေအချေးအဌားမလုပ်ပါနှင့်။ ပြန်ရဖို့ခက်မည်။ ဘာပဲလုပ်လုပ်အဆင်မပြေတာများနေမည်။ သည်းခံပြီးနေပါ။
ကျန်းမာရေး။ သွေးတိုးခြင်း၊ ဆိုင်ကယ်၊ ကားတို့ကြောင့်ကွဲပြဲပြီးချုပ်ရတတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အဆင်မပြေ၍စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ် သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၅)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ရောက်ရတတ်သည်။ အလုပ်သစ်လုပ်ရန်ပေါ်လာလိမ့်မည်။ လုံးဝမလုပ်ပါနှင့်။ လုပ်သမျှကုန်မည်။ လက်ရှိအလုပ်ကိုသာဂရုတစိုက်လုပ်ပြီးနေပါ။ စာရွက်စာတမ်းကိစ္စကြောင့်၎င်း လက်အောက်ငယ်သားကြောင့်၎င်းစိတ်ညစ်စရာဖြစ်နေမည်။ ကိုယ်ကိစ္စမဟုတ်ဘဲသူတပါးကိစ္စကြောင့် စိတ်ရှုပ်နေရတတ်သည်။ ယခုအချိန်တွင်အသွားအလာ၊ အပြောအဆို၊ အနေအထိုင်သတိရှိရှိနေပါ။ အစစအရာရာညံ့နေသည်။
ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ညစ်စရာဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၅ ၆)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ လာဘ်ပိတ်နေတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်လမ်းခွဲရတတ်သည်။ သောကနှင့်ယှဉ်သော ခရီးသွားရတတ်သည်။ သားသမီးရှိက သားသမီးအိမ်မှထွက်တတ်သည်။ သတိထားပါ။ မြေထွက်ခြင်း၊ ဖုန်းထွက်ခြင်းဖြစ်တတ်သည်။ လူလိမ်ခံရတတ်သည်။ အလောင်းအစားမလုပ်ပါနှင့်။ ဘ၀ပျက်တတ်သည်။ ငွေပျောက်တတ်သည်။
ကျန်းမာရေး။ လေဖျန်းခြင်း၊ လေဖြတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရတတ်သည်။ ဘ၀လက်တွဲဖေါ်မဖြစ်နိုင်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားခေါက်ဆွဲသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၀)
သောကြာသားသမီးများ၏ကံကြမ္မာ
စန်းပွင့်ခြင်း၊ စုတ်လာဘ်ဝင်ခြင်း၊ အပိုဝင်ငွေရခြင်း၊ လစာတိုးခြင်း၊ စီးပွားတက်ခြင်းများနှင့်ဖြစ်နေမည်။ စီးပွားတက်နေသောကြောင့်အပျာ်အပါးသတိထားပါ။ ပျော်ရွှင်သောခရီးသွားရခြင်း၊ အခန်းပြောင်းရခြင်း၊ ပြုပြင်ရခြင်းများပြုလုပ်ရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကိစ္စများ ပိုပြီးလုပ်ဆောင်နေရမည်။ ဘုရားပုံတော်များ၊ ဆင်းတုတော်များေ ရာက်လာတတ်သည်။ ကောင်းသည်။
ကျန်းမာရေး။ အစားမှာပြီးဗိုက်အောင့်တတ်သည်။ ၀မ်းလျောဝမ်းပျက်ဖြစ်တတ်သည်။
အချစ်ရေး။ အရွေးရခက်အောင်ချစ်သူကြိုက်သူများ အလွန်များပြားနေပါသည်။
ယတြာ။ မွေးနေ့နံနက်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၈ ၂)
စနေသားသမီးများ၏ကံကြမ္မာ
ထီပေါက်ခြင်း၊ မြေ၀င်ခြင်း၊ ရေခြား၊မြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်းဖြစ်မည်။ စီးပွားတက်ခြင်း၊ မိဘကိုပိုပြီးကျေးဇူးဆပ်နိုင်မည်။ တိုက်ခန်းဝင်ခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ ပုဆိုးဝင်ခြင်း ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ အလုပ်တွင်အစစအရာရာအဆင်ပြေသော်လည်း လက်အောက်ငယ်သား အချင်းချင်းရန်ဖြစ်တတ်သည်။ သတိထားပါ။ ရွှေလက်စွပ်၊ စိန်လက်စွပ်ထွက်တတ်သည်။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ သွေးတိုးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မိမိဘ၀အတွက်စိတ်ချမ်းသာမှုရမည့်သူနှင့်တွေ့ရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဆီထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၂ ၆)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း၊
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)
ဖုန်း-+6016 690 3513 ,+6012 9133 093
E-mail: swezinwati@gmail.com
www.facebook.com၊/ swezinwati
*မလေးရှားမဟုတ်သော တခြားနိုင်ငံမှဗေဒင်ဝါသနာပါသူများဗေဒင်မေးမြန်းလိုသူများ အီးမေးလ်ဖြင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်။
မူရင်းက ဒီမှာပါ။