Friday, May 25, 2012

မန္တလေးမြို့ ရှိ ဓာတ်အားလိုအပ်လျက်ရှိသော နေရာများကို ဓာတ်အားဖြန့့်ဖြူးနိုင်ရန် မီးစက်များရောက်ရှိလာ


မန္တလေးမြို့ မှာ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့ မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့  လည်ပိုင်းက မန္တလေးမြို့ ကို ရောက်ရှိလာပါတယ်။

လောလောဆယ် ရောက်လာတဲ့ မီးစက်များကတော့ ၅၀၀ ကေဗွီအေ (၂)လုံး။ ၃၀၀ ကေဗွီအေ (၆)လုံး၊ စုစုပေါင်း (၈)လုံးဖြစ်ပါတယ်။ နောက်ထပ် မီးစက်တွေ ထပ်ရောက်ဖို့ ရှိတယ်လို့ လည်းသိရပါတယ်။

အခုရောက်ရှိလာတဲ့ မီးစက်တွေက mobile တွေဖြစ်လို့  ဓာတ်အား အရေးပေါ် လိုမယ့် နေရာတွေကို လိုက်လံဖြန့်ဖြူးပေးမယ်လို့ သိရတယ်။ အထူးသဖြင့် ဆေးရုံတွေ၊ အများပြည်သူကို ရေဖြန့် ဖြူးပေးဝေမယ့် နေရာတွေကို အဓိကထားပြီး ဓာတ်အားပေးစက်များ ချထားမယ်လိုသိ ရပါတယ်။

ဒါအပြင့် အရေးပေါ် ဓာတ်အားလိုအပ်မယ်နေရာများကို လိုက်လံ မောင်းနှင်ဓာတ်အား ဖြန့် ဖြူးပေးဖို့ ရှိကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

Myanamar News Now အသစ်ရောက်ရှိလာတဲ့ မီးစက်တွေကို မန္တလေးမြို့ မှာ လိုက်လံနေရာချထားပုံများ အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။












မူရင်းသတင်းက ဒီမှာပါ။

သမ္မတ အကြံပေး ကိုကိုလှိုင့် ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ


သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင် အကြောင်း စပြီးပြောပြဖို့ ဖေါ်ပြဖို့ လိုပါပြီ။ ဒီ နိုင်ငံရေးအကြံ ပေးအဖွဲ့ ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့မှာပါ။ နိုင်ငံတကာ ရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတဦးဆိုတာကို။

တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာ သုတေသီ လိုလိုနဲ့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့ နအဖသန်းရွှေတို့အတွက် အကြီးစားလက်ပါးစေ ဖြစ်ခဲ့သူပါ။ ဒီလို နအဖပြန်ကြားရေး ၀န်ကြီး ကျော်ဆန်း လက်အောက်မှာ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ဝါဒဖြန့် ချိရေးခြေလှမ်းတခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တ ဦးပါ။ ကိုကိုလှိုင် တို့ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။ ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့အတုအယောင် အမျိုးသားညီလာခံအောင်မြင်ရေးအတွက် ကလောင် နာမည်အမျိုးမျိုးနဲ့ ဆောင်းပါးတွေရေးခဲ့တယ်။ အာဏာရှင် သန်းရွှေ အလိုကျ ဆောင်းပါးတွေရေးသားဖေါ်ပြခဲ့တယ်။

သိန်းစိန် အခု သမတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ဖွတ်က စိမ်းလဲ့ရွှေပြည်နဲ့ နွယ်သာကီဂျာနယ်စာစောင်တွေကို ထုတ် နေချိန်မှာ တဘက်ကလည်း ကိုကိုလှိုင်တို့က ဒီ Northen Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေ အကြီး စား ကိုကိုလှိုင်တို့ဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ဆောင်းပါးတွေ ကို ရေးသားခဲ့ကြတယ်။

နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့ကလောင်အမည်ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင်(မြင်းမူ) နဲ့ လှိုင် အောင် ဆိုတဲ့အမည်တွေက အများဆုံး အမည်ခံရေးသားပါတယ်။

မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဝင်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခကြုံနေစဉ်အတွင်းမှာ နအဖရဲ့ဝါဒဖြန့်ချိရေးသတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတပုဒ်ကြောင့် ဖတ်ရသူ သိရ သူတိုင်း ဒေါသအမျက်မျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တခုကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ (၂၉) ရက်နေ့ ထုတ် နအဖရဲ့ကြေးမုံသတင်းစာ စာမျက်နှာ (၈) မှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်”ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံအနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့ နာဂစ်မုန်တိုင်းကြီးကို ကျေးဇူး တင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကို သိန်းပေါင်းမြောက်မြား စွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှ တာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ရဲ့ နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်းကောင်းဖို့အတွက် အလိမ် အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်း အလှူ ပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား၊ ဖားရှာစားဖို့ကို ပြောဆိုရေးသားထားတာကတော့ အလွန်ကို မိုက်ရိုင်းစော်ကားလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သား မုန်တိုင်းဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန် စွာနဲ့ ပေးပို့လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာ ရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက်ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာ တရား ခေါင်းပါးစွာနဲ့ ဒီဆောင်းပါရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်း ဆောင် “ကိုကိုလှိုင်” ပဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။

ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင် အမည်ခံ လူယုတ်မာ ကိုကိုလှိုင် ရဲ့ ဆောင်းပါးကို အပြည့်အစုံ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

ဆောင်းပါးရှင် လှိုင်အောင် က “လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ် လေဘေးဒုက္ခသည်တွေဟာ” နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်” …. ဒါ့ အပြင် “ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်း အိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ် နာဂစ်မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း” ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင် ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဘူး။ ဆောင်းပါးရှင်ကို ကြိုးနဲ့တုတ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသက ချောင်းမြောင်းတွေထဲ သွားပစ်ချပြီး သေဆုံးသွားရတဲ့ ပြည်သူတွေအလောင်းတွေကြားထဲ နှစ်သတ်ပြီး သူ့ကို ငါးစာ ဖားစာ လုပ်ပစ်ချင်လောက်တဲ့ထိ အများပြည်သူတွေ ဒေါသထွက်ကြရပါတယ်။ ငါးရှာစား ဖားရှာစားဆိုပြီး ပြောခဲ့တဲ့ လှိုင်အောင် ကတော့ အာဏာရူး သန်းရွှေ တို့ရဲ့လက်ပါးစေအကြီးစား ယခု သိန်းစိန် ရဲ့ နိုင်ငံရေးအကြံပေးခေါင်းဆောင်လုပ်နေတဲ့ ကိုကိုလှိုင် ဖြစ်တယ်ဆိုတာ ပြည်သူအများ သိကြပြီမို့ ဒီ လူယုတ်မာ ကိုကို လှိုင် ကို ငါးစာ ဖားစာကျွေးဖို့ ဆောင်ရွက်ကြဖို့ပဲ လိုပါတော့တယ်။

ယခုလည်း မြန်မာပြည်သူပြည်သားတွေ မီးမလာလို့ အမှောင်ထဲမှာ နေ့စဉ် နေထိုင်နေရတဲ့ဘ၀၊ ရေမရှိလို့ ရေငတ်ဒဏ်ကို ခံစားနေကြရတဲ့ ဘ၀တွေကို ကိုယ်ချင်းမစာသူတွေထဲမှာ ကိုကိုလှိုင် လည်း ထိပ်ဆုံးထဲက တယောက်ဖြစ်နေပြန်ပါပြီမို့ ကိုကိုလှိုင်ကို ပြည်သူ့ပေးတဲ့ အပြစ်ဒဏ်ခံစေဖို့သာ ရှိပါတော့တယ်။

ဒီ လူယုတ်မာ ကိုကိုလှိုင် က သမတ အကြံပေးတက်လုပ်နေပြီး လျှပ်စစ်မီးမလာလို့ ဆန္ဒပြကြတဲ့ ပြည်သူတွေကို အကြံ ပေးတဲ့ စကားတဲ့ “ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေ အကုန် ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျနော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ် ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။” လို့ ပြောသွားပါတယ်။ ဒီနေ့ နိုင်ငံတော် သမတ အကြံပေးအဖွဲ့ရုံးခန်းတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

လျှပ်စစ်မီးထုတ်လုပ်တယ်ဆိုတာ ရေလာမှာ ဖြစ်တာလားဆိုတာနဲ့၊ အခုမှ လျှပ်စစ်မီးက မလာတာလား၊ အခုမလာတဲ့ ရေ ကြောင့် မြန်မာပြည်ကြီး လျှပ်စစ်မီး မရတာလားဆိုတာတွေကို မေးမြန်းလိုပါတယ်။

ပြည်သူအပေါ်မှာ စာနာတရား လုံးဝမရှိတဲ့ ကိုကိုလှိုင် ရဲ့ ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ၊ ပြည်သူ့မျက်နှာကို ငဲ့ ညှာကြည့်ဖေါ်မရတဲ့ ကိုကိုလှိုင် ရဲ့ ပါးစပ်ကထွက်ဆိုရဲတဲ့စကားတွေကို လက်ခံကြတဲ့သူတွေ အကြံပေးတဲ့သူရော အကြံ ယူတဲ့ရော အတူတူနဲ့အနူနူကြီးပဲလို့ ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်ရပါတယ်။

နစ်နေမန်း (နေ့ သစ်)

မူရင်းသတင်းက ဒီမှာပါ။

သီဟသူရဦးတင်အောင်မြင့်ဦး ရာထူး၌ရှိနေဆဲဟု သမ္မတအကြံပေးပြောကြား


နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၃ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီး ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါနေတယ်ဆိုလို့ရှိရင် သူသည် တရားဝင် position အရ ဒုတိယသမ္မတကြီးက ရှိနေတုန်းပဲ ဆိုတာ ကြေငြာချက်အရ ရှင်းနေပါပြီ" ဟုပြောကြားခဲ့သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် မေလ ၃ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်စာ တင်သွင်းခဲ့သည်ဟု VOA မြန်မာပိုင်း အစီအစဉ်၏ ထုတ်လွှင့်ချက်ကို ကိုးကား၍ ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) အဖြစ် ထမ်းဆောင်ခဲ့သူ အသက် ၆၁ နှစ်အရွယ်ရှိ ဒုတိယသမ္မတသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူရာမှ ပြန်လာပြီးနောက် ကျန်းမာရေးကြောင့် နှုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အစိုးရအဖွဲနှင့် နီးစပ်သူ အချို့ထံမှ သိရသော သတင်းများအရ ဒုသမ္မတ နှုတ်ထွက်စာ တင်သည့် သတင်းမှာ မှန်ကန်ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်က ဒုသမ္မတ နှုတ်ထွက်မှုကို လက်ခံခြင်း မရှိသေးဟု သိရှိရသည်။

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ကျောင်းဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် သီဟသူရဘွဲ့ ရှိခဲ့ပြီးနောက် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် ဗျူဟာမှူးနှင့် ဒုတိယ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြီးကြပ်မှုဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

ကမ္ဘာလုံးဆိုင်ရာ လူငယ်အလုပ်လက်မဲ့ နှုန်းမှာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေ


ဥရောပ ကြွေးမြီပြဿနာတွေရဲ့ အကျိုးဆက်ကြောင့် ယခုနှစ်အတွင်း လူငယ်အလုပ် လက်မဲ့နှုန်းထား မြင့်တက်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ အခုနှစ်အတွင်း အသက် ၁၅နှစ်မှ ၂၄နှစ်အရွယ် လူငယ်အလုပ် လက်မဲ့နှုန်းဟာ ၁၂.၇ရာခိုင်နှုန်းထိ မြင့်တက်လာပြီး အသက် ၂၅နှစ်အထက် အလုပ်လက်မဲ့ နှုန်းထက် ၈မှတ် မြင့်တက်လျက်ရှိ ပါတယ်။

စစ်တမ်းကောက်ယူမှုတွေအရ အလုပ်လက်မဲ့ လူရွယ်အရေအတွက်ဟာ အခုနှစ်အတွင်း ၇၅.၆သန်း နီးပါးထိရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် လူဦးရေ တစ်သိန်းနီးပါးထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ်္ဂ နိုင်ငံတွေ အပါအ၀င် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လူရွယ် အလုပ်လက်မဲ့နှုန်းဟာ ၁၈ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိပါတယ်။

ဒီလိုကမ္ဘာတစ်လွှားရှိ အလုပ်လက်မဲ့ လူငယ်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ကတော့ ၂၀၁၆ခုနှစ်တိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ မဟုတ်သေးကြောင်း ပညာရှင်တွေက ခန့်မှန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး ရာနှုန်းပြည့် မပါဝင်ဟုဆို


သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရသစ် လက်ထဲသို့ အာဏာ လွှဲပြောင်း ခဲ့သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် နိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက် အတွက် တိုင်ပင်ခြင်းမရှိဘဲ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သွားရောက် ဂါရဝ ပြုခြင်းသာ ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လန်ဒန်မြို့သို့ရောက်ရှိစဉ် ဘီဘီစီမြန်မာပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ရာနှုန်းပြည့် ပါဝင်ခြင်းမရှိတော့ ကြောင်း၊ လက်ရှိ အစိုးရတာဝန် ရှိသူအချို့နှင့် ညှိနှိုင်းမှုအချို့ရှိသော် လည်း အရေးကြီးသော ဆုံးဖြတ် ချက်များအတွက် ၄င်းနှင့် တိုင်ပင် ခြင်းမရှိကြောင်း၊ သို့ရာတွင် အခါ ကြီး ရက်ကြီးများတွင် သွားရောက် ဂါရဝပြုမှုရှိကြောင်း သူရ ဦးရွှေမန်း က ဆိုသည်။

“လောလောဆယ်မှာ ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ တိုင်ပင် မှုမရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဖြစ်ပေါ်လာတဲ့ အစိုးရကို တာဝန် လွှဲပြီး နောက်ပိုင်းမှာ လက်ရှိ အစိုးရ မှာ တာဝန်ရှိတဲ့ ခေါင်းဆောင်ပိုင်း၊ သက်ဆိုင်သူများနဲ့ ညှိနှိုင်းဆောင် ရွက်တာပဲ ရှိပါတယ်။

ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာ သာများ ထုံးတမ်း အစဉ်အလာအရ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ စုပေါင်းပြီးတော့ လူကြီးကို ဂါရဝပြုတဲ့သဘော ရှိပါတယ်။

အလုပ် ကိစ္စနဲ့ ပတ်သက်လို့ ကတော့ မရှိဘူးလို့ ပြောလို့ရပါတယ်။ ဘယ် လောက်ထိမရှိဘူးလဲဆိုရင် ရာခိုင်နှုန်းပြည့်မရှိဘူးလို့ ပြောလို့ရပါ တယ်”ဟု သူရဦးရွှေမန်းက ဘီဘီစီ သတင်းဌာန၏ အမေးကို ပြန်လည် ဖြေကြားသည်။

သွားရောက် ဂါရဝ ပြုချိန်တွင်လည်း ဗိုလ်ချုပ်မှူးကြီး က နိုင်ငံရေးအကြောင်း ပြောဆို မေးမြန်းမှု မရှိကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုသည်။ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ကလည်း ဗိုလ်ချုပ်မှူးကြီးသည် နေအိမ်တွင် အေးအေးဆေးဆေး စာဖတ်နေကြောင်း ၂၀၁၁ ခုနှစ် အတွင်း ပြည်ပ သတင်း ဌာန တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြော ဆိုခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်၏ ရှင်းလင်းပြောကြားချက်


၁။ ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အရ ရှင်းလင်းပြောကြားရခြင်း ဖြစ်ပါကြောင်း၊

၂။ ယင်းအိတ်ဖွင့်ပေးစာမှာ ဒေါက်တာဦးမြင့်မှ ယင်း၏ပုဂ္ဂလိကဆန္ဒအလျောက် ရေးသားခဲ့ခြင်း ဖြစ်ပြီး သမ္မတရုံးအနေဖြင့် ကြိုတင်သိရှိခြင်းလည်း မရှိ၊ နိုင်ငံတော်သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ လည်း ထင်ဟပ်ခြင်းလည်း မရှိပါကြောင်း၊

၃။ ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာဂုဏ်သိက္ခာကို ပြန်လည်ထွန်းပြောင် လာစေရန် တည်ဆောက်ထူထောင်ရေးမှာ ဒေါက်တာဦးမြင့်နှင့်တစ်ကွ ကျောင်းသား/ကျောင်းသူ ဟောင်း သစ်များ၊ ဆရာ/ဆရာမ ဟောင်းသစ်များ လိုလားတောင့်တကြသကဲ့သို့ နိုင်ငံတော်ကလည်း အထူးလိုလားဆန္ဒ ရှိသည့် ကိစ္စဖြစ်ပါကြောင်း၊ စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒ ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့် ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကိုသာ အထူးတလည် ဦးစားပေး တည် ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ် နိုင်ပါကြောင်း၊

၎။ အလျဉ်းသင့်၍ နိုင်ငံ၏ တက္ကသိုလ် အဆင့်မြင့်ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံတော်က ဆောင်ရွက်ကြိုးပမ်းနေမှုများကို မိမိသိသမျှ တင်ပြလိုပါကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်းက တောင်ကြီး တက္ကသိုလ်တွင် အမျိုးသားပညာရည် မြင့်မားရေး (အဆင့်မြင့်ပညာကဏ္ဍ) နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ရာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဆရာ/ဆရာမ များက စာတမ်းပေါင်း ၇၁ စောင် တင်သွင်းဆွေးနွေးခဲ့ကြကြောင်း၊ ယင်းစာတမ်းများမှာ တက္ကသိုလ်များ၌ ပညာရည်မြင့်မားရေးအတွက် ဆရာ၊ ကျောင်းသား၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ငွေကြေး စသည့်ကဏ္ဍအလိုက် လိုအပ်ချက်များ ဖြည့်ဆည်း ပြုပြင်နိုင်ရန် လက်တွေ့ ပါဝင်ဆောင်ရွက်သင် ကြားနေသော ဆရာများကိုယ်တိုင် လိုအပ်ချက်ဆန်းစစ်မှု Need Analysis နှင့် အရည်အသွေး စိတ်ချသေချာအောင် ဆောင်ရွက်မှုလုပ်ငန်းစဉှ်Quality Assurance Process များကို လေ့လာသုံးသပ်အကြံပြုထားသည့် စာတမ်းများ ဖြစ်ကြောင်း၊ ယင်းစာတမ်းများမှ ထွက်ပေါ်လာသည့် ရလာဒ်များအပေါ် မူတည်၍ လုပ်ငန်းစီမံချက် Action Plan များ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်ရေးဆွဲကာ နိုင်ငံတကာ အကူအညီများပါ ရယူပြီး လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

၅။ ပညာရည်မြင့်မားအောင် ဆောင်ရွက်ရာတွင် အပြောလွယ်သလောက် လက်တွေ့ ချက်ချင်းပြောင်းပြန် ပြောင်းလဲ၍ မရနိုင်ကြောင်း၊ အချိန်ယူကာ ငွေကြေးများစွာ ရင်းနှီးမြုပ်နှံပြီး ဆောင်ရွက်ရသည့် လူသားစွမ်းရည် ရင်းနှီး မြုပ်နှံမှုလုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတော်က ပညာရေးကဏ္ဍတွင် အသုံးစရိတ်ကို ယခုနှစ်မှစ၍ နှစ်ဆတိုး သုံးစွဲခဲ့ကြောင်း၊ သို့ရာတွင် ထိုမျှနှင့် မလုံလောက်နိုင် သေးကြောင်း၊ အစိုးရတစ်ခုတည်းနှင့်လည်း ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင် မည် မဟုတ်၍ Private Public Partnership အသွင်ဖြင့် ပုဂ္ဂလိကနှင့် ပြည်သူများပါ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများကိုလည်း ရယူသွားရမည် ဖြစ်ပါကြောင်း၊

၆၊ တက္ကသိုလ်များနှင့်ပတ်သက်၍ နိုင်ငံပိုင်အစိုးရတက္ကသိုလ်များ သက်သက်ပုံစံမှ ကြီးကြပ်စီမံအုပ်ချုပ်မှုကို ဘုတ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည့် ပုံစံသို့ ပြောင်းလဲသွားရန် ရှိပြီး သက်ဆိုင်ရာ ဒေသခံရပ်မိရပ်ဖ ပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့ဒေသရှိ တက္ကသိုလ်များ တိုးတက်ဖွံ့ဖြိုးလာစေရန် ကိုယ်တိုင် ပါဝင် ကြိုးပမ်းခွင့် ရကြမည် ဖြစ်ကြောင်း၊

၇၊ တက္ကသိုလ်များ ပညာရည်မြှင့်တင်ရေးအတွက် ယခုဆောင်ရွက်နေသော မဟာဗျူဟာနည်းလမ်းတစ်ရပ်မှာ တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အရည် အသွေး မြှင့်တင်ပျိုးထောင်လေ့ကျင့်ရေး Training for Trainers ဖြစ်ကြောင်း၊ ဆရာကောင်းမှ တပည့်ကောင်းများ မွေးထုတ်နိုင်မည် ဖြစ်၍ ဆရာ/ဆရာမများ ကို အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲမြှင့်တင်ပေးရန် ဖြစ်ကြောင်း၊ ယင်းအတွက် နိုင်ငံတကာရှိ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံရှိ အဓိကတက္ကသိုလ်ကြီးအချို့တွင် သုတေသနနှင့် နည်းပြမွေးထုတ် လေ့ကျင့်ရေး စံပြပညာရေး ဗဟိုဌာနများအဖြစ် ဦးတည် ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်တွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို ယင်း Center of Excellence များအဖြစ် စံနမူနာပြ တည်ဆောက်သွားမည် ဖြစ်သကဲ့သို့ မန္တလေး တက္ကသိုလ်ကို CEO အဖြစ် မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရေးအတွက် အမေရိကန်နိုင်ငံမှ John Hopkins တက္ကသိုလ်၊ တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ်များ၊ ဥရောပမှ တက္ကသိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိကြောင်း၊ ဂျွန်ဟော့ကင်း တက္ကသိုလ်ဆိုလျှင် မြန်မာဆေးတက္ကသိုလ်များနှင့် ပူးပေါင်းဆက်သွယ်ကာ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊

၈။ ယခု အိတ်ဖွင့်ပေးစာပါ တင်းနစ်ကွင်းကိစ္စများလည်း တင်ပြလိုပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခြားအကြောင်းများကြောင့် ယခင်က ရန်ကုန်တက္ကသိုလ်တွင် အားကစားလုပ်ငန်းများ တက်ကြွစွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ လွန်ခဲ့ သည့် ငါးနှစ်ခန့်မှစ၍ တက္ကသိုလ်များတွင် အားကစားလုပ်ငန်းများကို ပြန်လည် မြှင့်တင်အားပေးခဲ့ကြောင်း၊ တင်းနစ်ကွင်းများနှင့်ပတ်သက်၍ ယခင် ရှိရင်းစွဲ တင်းနစ်ကွင်း ၉ ကွင်းအပြင် မြို့တော်စည်ပင်က ကွင်းသစ် ၆ ကွင်း ဆောက်လုပ်ပေးခဲ့၍ ၁၅ ကွင်း ဖြစ်လာခဲ့ကြောင်း၊ အားကစားရုံနှင့် ကိုယ်လက် ကြံ့ခိုင်ရေး အားကစားပစ္စည်းများမှာလည်း Public Private Partnership ပုံစံဖြင့် ပုဂ္ဂလိကနှင့်တွဲဖက်၍ ပြန်လည်ထူထောင်ထားခဲ့ပြီး တက္ကသိုလ် ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့(သို့မဟုတ်) အထူး ချိုသာသော လစဉ်ကြေးဖြင့် ကစားနိုင်ခဲ့ကြကြောင်း၊

၉။ ယခု အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် တင်းနစ်ကွင်းများကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင် တည်ဆောက်မည်ဆိုခြင်းမှာလည်း ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းများအား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် များလက်သို့ ၀ ကွက် အပ်လိုက်ခြင်း မဟုတ်ကြောင်း၊ အားကစားပြိုင်ပွဲ ပြီးလျှင် တက္ကသိုလ်ပိုင် ကွင်းများအဖြစ်သာ ရှိပြီး တက္ကသိုလ်များမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများသာ ကစားကြရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ကွင်းသစ် အဆောက်အအုံသစ်များ ရရှိပိုင်ဆိုင်သွားမည် ဖြစ်ကြောင်း၊ အားကစားရုံကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲပစ်မည် ဟု ဆိုခြင်းမှာလည်း နားလည်မှု လွဲမှားခြင်းသာ ဖြစ်ဖွယ် ရှိကြောင်း၊ အားကစားပြိုင်ပွဲကာလတွင် အားကစားသမားများအတွက် စားသောက်ခန်းမအဖြစ် ယာယီ အသုံးပြုခြင်းသာ ဖြစ်ပြီး ပြိုင်ပွဲ ပြီးလျှင် အားကစားရုံအဖြစ်သာ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပါကြောင်း၊ ဤသို့ နိုင်ငံတော်မှ စိတ်ကောင်း စေတနာထား၍ လုပ်ဆောင်ပေးခြင်းကို နားလည် သဘောပေါက်ကြစေလိုကြောင်း၊ နားလည်သဘောပေါက်ကြလိမ့်မည် ဟုလည်း ယုံကြည်ပါကြောင်း၊

၁၀။ ယခု အိတ်ဖွင့်ပေးစာပါ ကန့်ကွက်ပြောဆိုမှုသည် ရန်ကုန်တက္ကသိုလ် အတွက် စိတ်ကောင်းစေတနာဖြင့် ပြောဆိုခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့ရာတွင် ပြည့်စုံသော သတင်းအချက်အလက် မရရှိ သောကြောင့် နားလည်မှု အကောက်အယူ လွဲမှားကာ စိုးရိမ်မှုဖြင့် ပြောဆိုခြင်း ဖြစ်နိုင်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ မူဝါဒဆိုင်ရာအရ အရေးပါပြီး အထူး ထိလွယ်ရှလွယ် အတိမ်းအစောင်းမခံသော ကိစ္စဖြစ်၍ အထင်လွဲမှုများ ပြေလည်သွားစေရန် ပြန်လည်ရှင်းလင်းရခြင်း ဖြစ်ကြောင်း၊

၁၁။ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်သင်တန်းများ ဖွင့်လှစ်ရေး နှင့် သမဂ္ဂကိစ္စရပ်များမှာ သက်ဆိုင်ရာ အမျိုးသားပညာရေးကောင်စီ စသည့် အဖွဲ့အစည်းများက သေချာစွာ လေ့လာသုံးသပ် စဉ်းစား ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်၍ ယခုရှင်းလင်းပွဲတွင် တစ်စုံတစ်ရာ ပြောကြားရန် မရှိပါကြောင်း။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ယောကျာ်းများ ထိပ်ပြောင်ရခြင်း အကြောင်းရင်း တွေ့ပြီ

အမျိုးသားများ ထိပ်ပြောင် သည့်ပြဿ နာဟာ ရိုးရိုးမျက်စိဖြင့် မမြင်ရ သော အလွန်သေးငယ်သည့် ဆံပင် ထုတ်လုပ်မှု ဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း သိရသည်။ ဆံပင်အသစ်ဖြစ်စေသော ပင်မကလာပ်စည်းထဲတွင် ချို့ယွင်းချက် များ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ဤချို့ယွင်း ချက်ကို ပြုပြင်ပေး ခြင်းအားဖြင့် ပုံမှန်အတိုင်း ဆံပင်ပြန်ပေါက်လာစေနိုင်မှာဖြစ်ကြောင်း သိရသည်။ လိမ်းဆေးတစ်ခုအဖြစ် ဖော်ထုတ်ပြီး ဦးရေပြားပေါ် ဆိုးလိုက်ခြင်းအားဖြင့် ပင်မကလာပ်စည်းများမှ ကျန်းမာသောဆံပင်များ ပေါက်လာနိုင်မည်ဟု ဆိုသည်။ ထိပ်ပြောင်ရခြင်း ဖြစ်စဉ်ရဲ့အသေးစိတ်အတိအကျကို မသိရသေးသော်လည်း တက်စတိုစတီရုန်း ဟူသည့် ယောကျာ်းဟော်မုန်း ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ထားကြသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ငြိမ်းချမ်းရေးကိစ္စ မြို့ကြီးများသို့ သွားရောက် လေ့လာဆွေးနွေးနေ


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည် ယခုလအကုန် အထိ မြို့ကြီးများသို့ သွားရောက် လေ့လာ ဆွေးနွေးလျက် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ ရုံးတွင် ကျင်းပသော ဆွေးနွေးပွဲမှ သိရသည်။

တိုင်းရင်းသား ညီအစ်ကို အချင်းချင်း အပြန်အလှန် နားလည်မှု ပိုမို တည်ဆောက်နိုင်ရန်၊ စည်းလုံး ညီညွတ်ရေး ပိုမို ဖြစ်ထွန်း ဖော်ဆောင် နိုင်ရန်၊ တိုင်းရင်းသား လူမျိုးများ၏ မူလအခွင့်အရေးနှင့် တာဝန်ဆိုင်ရာများ လေ့လာရန်၊ ဘာသာစာပေ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာရန်နှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှု စီးပွားဘဝများကို နယ် မြေဒေသ ကွင်းဆင်း လေ့လာရန် ရည်ရွယ်ထားကြောင်း ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

ဦးသိန်းဇော် (ပြည်သူ့လွှတ်တော်) ဦးဆောင်သော ကွင်းဆင်း လေ့လာရေး အဖွဲ့သည် ရန်ကုန်၊ စစ်တွေ၊ မြစ်ကြီးနား၊ မန္တလေး၊ မုံရွာ နှင့် ဟားခါးသို့ သွားရောက် မည် ဖြစ်ပြီး ဦးဆိုင်ပေါင်းနပ် (အမျိုးသား လွှတ်တော်) ဦးဆောင်သော အဖွဲ့မှ ရန်ကုန်၊ ထားဝယ်၊ ဘားအံ၊ မော်လမြိုင်၊ တောင်ကြီးနှင့် လွိုင်ကော်တို့ သို့ သွားရောက် မည် ဖြစ်ကြောင်း၊ ခရီးစဉ် အပြီးတွင် နေပြည်တော်၌ ပြန် လည် တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။

ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ ဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ် မှုခိုင်မာရေး၊ နိုင်ငံတော်၏ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စသည့် အဓိက အချက် ၃ ချက်ကို ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မြို့ပတ်ရထား စီမံကိန်းများ အဆင့် မြှင့်တင်ရန် ယခုလပိုင်း အတွင်း ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက် မည်



ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်မြို့ မြို့ပတ် ရထား စီမံကိန်း အဆင့်မြှင့် တင်မှုများ ကူညီများ ပေးသွား နိုင်ရန် အတွက် ဂျပန်နိုင်ငံမှ ပညာရှင် အဖွဲ့ဟာ လာရောက် လေ့လာမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အဖွဲ့ဟာ ဂျပန်နိုင်ငံ အစိုးရမှ စေလွှတ်တဲ့ ပညာရှင် အဖွဲ့ ဖြစ်ပြီး ရန်ကုန်မြို့ပတ် ရထား စီမံကိန်း အဆင့်မြှင့်တင် မှုများ ပြုလုပ်နိုင်ဖို့ အတွက် ကူညီ ဆောင်ရွက် ပေးနိုင်ရန် လေ့လာမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရန်ကုန်မြို့ပတ် ရထား စီမံကိန်းဟာ ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များ ထံသို့ လွှဲပြောင်း ပေးဖို့ စီစဉ်ထား ပါတယ်။ ဒါပေမယ့် အဆိုပါ စီစဉ်မှုကိုတော့ ပြည်တွင်း လုပ်ငန်းရှင်များထက် ပြည်ပနိုင်ငံ အချို့မှ စိတ်ဝင်စားမှု ရှိပြီး လာရောက် လုပ်ကိုင်နိုင်ဖို့ လေ့လာမှု များလည်း ပြုလုပ်လျက် ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အတွင်း နိုင်ငံတော် သမ္မတကြီးမှ ဂျပန်နိုင်ငံသို့ သွားရောက် ခဲ့တဲ့ ခရီးစဉ် မှာလည်း ဂျပန် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေကို မြို့ပတ် ရထား စီမံကိန်း အပါအ၀င် စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့ ဖိတ်ခေါ်မှုများ ရှိခဲ့ပါတယ်။

ဒါပေမယ့် မြို့ပတ်ရထား စီမံကိန်းဟာ ပြည်ပ နိုင်ငံများမှ စိတ်ဝင်စားမှုများ ရှိပေမယ့် ယခုလက်ရှိ မှာတော့ လေ့လာမှု တွေသာ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဂျပန် နိုင်ငံမှ ပညာရှင် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လေ့လာမှု အနေနဲ့ မြို့ပတ် ရထား စီမံကိန်း အပြင် သီလ၀ါ ဆိပ်ကမ်းနဲ့ လောပိတ ရေအား လျှပ်စစ် စီမံကိန်း ကိုလည်း လေ့လာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လောပိတ ရေအား လျှပ်စစ် စီမံကိန်းမှာ နည်းပညာ ပိုင်းဆိုင်ရာ တွေကို ဂျပန်နိုင်ငံမှ ယခင်က ကူညီပေးခဲ့ပြီး နောက်ပိုင်း မှာတော့ ရပ်နား ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဂျပန်နိုင်ငံမှ နှစ်ပေါင်း ၂၀ ကျော် ရပ်နား ထားတဲ့ နည်းပညာပိုင်း ဆိုင်ရာ ကူညီမှု တွေလည်း ပြန်လည် ပေးအပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပြည်တွင်းဖြစ်ပညာရှင်တွေ မနည်းပါဘူး...

လူအမျိုးမျိုးနဲ့တွေ့ဆုံပြီး စရိုက်အထွေထွေကို လေ့လာခွင့်ရတဲ့ သူတွေအဖို့ စာရေးတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

စိတ်တိုတတ်ရင် ၀တ္ထုဖတ်.

လူ့သဘာဝကိုသဘောပေါက်တော့ စာရေးတဲ့အခါမှာ ယထာ ဘူတကျအောင် ဆင်ခြင်သုံးသပ်မှု သာမန်ထက်ပိုပြီး လုပ်နိုင်တယ်။ လူ့စရိုက်သဘာဝကို သဘောပေါက်နားလည်နိုင်တဲ့အတွက် သည်းခံစိတ်ပိုရှိလာပြီး အလွယ်တကူ နဲ့ ခွင့်လွှတ်လာနိုင်တယ်။ အဲဒါကြောင့် စိတ်တိုလွယ်တဲ့သူတွေ အထိမခံ ကြွေပန်းကန်စိတ်ရှိသူတွေနဲ့ အခဲမကြေ တတ်သူတွေ ၀တ္ထုတွေ များများဖတ်ဖို့ တိုက်တွန်းလိုက်ချင်တယ်။

မုန်းတီးတာထက် သနားတာပို.

ပုထုဇဉ် မှန်သမျှ စိတ်တိုတတ်၊ ဒေါသထွက်တတ်ပါတယ်။ ဒါပေမယ့် စာဖတ်များတဲ့အတွက် လူ့စရိုက်သဘာဝတွေ ကို သဘောပေါက်သူကဒေါသဖြစ်ရင်လည်း ခဏနဲ့ပြေပျောက်သွားတယ်။ မုန်းတီး စက်ဆုပ်စရာလူမျိုးကိုတွေ့ရင် လည်း အဲဒီလူမျိုးကို မုန်းတီးတာထက် သနားစရာ၊အသိဥာဏ်နုံနဲ့သူအဖြစ် အလွယ်တကူ ခွင့်လွှတ်လိုက်နိုင်တယ်။ ကျောင်းသားတပည့်တွေထဲမှာလူတိုင်းဝေးဝေးကရှောင်တဲ့သူတစ်ယောက် ရှိဖူးတယ်။ သူက စိတ်ရင်းသဘောထား ကောင်းပေမယ့် အငြင်းသန်ပြီး စကားကြီးစကားကျယ်တွေပြောလွန်းတဲ့အတွက် သူ့ကိုမြင်တာနဲ့ လူတိုင်း ဝေးဝေး က ရှောင်ကွင်းသွားတတ်ကြတယ်။ ဟိုစပ်စပ် ဒီစပ်စပ်.

သူက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စာတွေတော့ဖတ်တယ်။ ပီတာဒရပ်ကားတို့၊ ဖူကူးယားမားတို့၊ ဒီဘိုးနိုးတို့၊ စတစ်ဂလစ် တို့၊ ဖရိုက်မင်းတို့ စာအုပ်မျိုးတွေဖတ်လေ့ရှိတယ်။ ၀တ္ထုတွေ ဘာတွေတော့ မဖတ်ဘူး။ ဖတ်ပြီးရင် သူ့အကျင့်က ဖတ်ခဲ့သမျှကို လူတကာ လိုက်ပြောတယ်။ တစ်ဖက်သား စိတ်ဝင်စားမှု ရှိတာ / မရှိတာ အလေး မထားဘူး ။ သူပြောချင်တာ မပြီးမချင်း ဆက်ပြောတာပဲ။ ကြာတော့ ဘယ်သူမှ သည်းမခံနိုင်တော့ဘဲ သူ့မြင်တာနဲ့ ဝေးဝေးကရှောင်ကြတော့တယ်။ သူက ဒါတွေ မသိဘူး။ သူ့အချိုး မပြင်ဘူး ။ နောက်ရောက်လာတဲ့ ကျောင်းသူ/ကျောင်းသား အသစ်တွေဝိုင်းမှာ ထိုင်ပြီး သူ့လက်ချာတွေ ပေးမြဲပေးနေလေ့ရှိတယ်။

စပါးပင်မြင်ဖူးရဲ့လား.

တစ်ခါတော့ သူ ကောင်းကောင်းခံလိုက်ရတယ်။ နယ်က ကျောင်းသူတစ်ယောက်က သူ့ကို ပညာပေးလိုက်တာ။ စကားဝိုင်းမှာ သူက ထုံးစံအတိုင်း ဖရိုက်မင်းတွေ၊ စတစ်ဂလစ်တွေပြောပြီး ဒီလို ပညာရှင်တွေ ရေးတဲ့စာတွေ ဖတ်ရကောင်းမှန်းမသိကြလို့ တိုင်းပြည်ကြီး မတိုးတက်တာ။ ဒီလို ပညာရှင်ကြီးတွေရဲ့ အကြံဥာဏ်ကို ရယူပြီးစီမံကိန်းတွေ ရေးဆွဲသင့်တယ်၊ ဘာညာနဲ့ ကောက်ချက်ချလိုက်တယ်။ အဲဒီကျောင်းသူက ... " ရှင့် ပညာရှင်ကြီးတွေ စပါးပင်ကို မြင်ဖူးရဲ့လား၊ ဂျုံပင်ကြားကနေပြီး ဂျုံစားတဲ့လူတွေက စပါးစိုက်တဲ့နိုင်ငံက လူတွေကို ဘာအကြံကောင်း ပေးနိုင်မှာလဲ " လို့ ပြန်မေးလိုက်တယ်။ သူပါးစပ် အဟောင်းသားဖြစ်သွားတယ်။

လက်တွေ့လုပ်ငန်းထဲက သူ..

အဲဒီကျောင်းသူက စိုက်ပျိုးရေးတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တယ်။ စိုက်ပျိုးရေးဘွဲ့အပြင် MBA ဘွဲ့လည်း ရထားသေးတယ်။ တစ်ချိန်လုံး အဲဒီ ဆရာမက သူ့ကို လက်ချာပေးနေတာ သူငြိမ်ပြီးနားထောင်နေရတယ်။ ဘာမှ ပြန်မပြောနိုင်ဘူး။ ဘယ်ပြောနိုင်မှာလဲ။ သူက စာအုပ်တွေထဲကဟာလောက် ပြန်ပြောတတ်တာ။ ဟိုက လက်တွေ့လုပ်ငန်းခွင်ထဲက စိုက်ပျိုးရေး ဆရာမ ဖြစ်ရုံမက MBA လို ဘွဲ့မျိုးရထားတာ ဆိုတော့ စိုက်ပျိုးရေးတို့ စီးပွားရေးတို့အကြောင်း ကောင်းကောင်းကြီး ပြောနိုင်သူဖြစ်တယ်။ နောက်ရက်တွေမှာတော့ အတန်းထဲမှာ အဲဒီကျောင်းသူရှိနေရင် .. သူ သိပ်ပြီးလေလုံးမထွားရဲတော့ဘဲ ငြိမ်နေတော့တယ်။

မြေကြီးရှိတိုင်း စိုက်လို့ရတာ မဟုတ်..
စာအုပ်ကြီးသမားနဲ့ လက်တွေ့သမား ဘယတူနိုင်မှာလဲ။ လက်တွေ့လုပ်နေသူကသာ အခြေအနေမှန်ကို အသိနိုင် ဆုံးပေါ့။ စာအုပ်ကြီးတွေက ဘယ်လိုရေးပြီး ဘယ်လိုသင်ထားထား ကိုယ့်နိုင်ငံလက်တွေ့အခြေအနေနဲ့ ကိုက်ညီမှ အသုံးဝင်မှာဖြစ်တယ်။ သူတို့က သူတို့နိုင်ငံရဲ့ အခြေအနေနဲ့ သူတို့ရဲ့ သဘာဝတွေအပေါ် အခြေခံပြီး ရေးသားပြုစု ထားကြာတွေဖြစ်တော့ သူတို့နိုင်ငံအတွက်တော့ ရာနှုန်းပြည့် အသုံးဝင်နိုင်ပါတယ်။ မြန်မာပြည်လို နိုင်ငံအတွက် တော့ သူတို့ရေးသားချက်တွေဟာ 25%တောင် အသုံးဝင်ချင်မှ ၀င်နိုင်ပါလိမ့်မယ်။ မြန်မာပြည် မှာတောင် မြစ်ဝ ကျွန်းပေါ်ဒေသ အတွက် သင့်တော်တဲ့ နည်းစနစ်က အထက်အညာက မိုးခေါင်ရေရှား ဒေသအတွက် အသုံးတည့်ချင်မှ တည့်မှာပေါ့ ။ မြေကြီးတိုင်း စိုက်ချင်ရာစိုက်လို့ ရနိုင်တာမျိုးမှ မဟုတ်တာ။

ကိုဖိုးသိတွေ..

မြို့ပေါ်က ပညာတတ်တွေ အများစုဟာ စာအုပ်တွေဖတ်ပြီး သိပ်ဟုတ်လှပြီလို့ ထင်တတ်ကြတယ်။ ဘာမဆို သူတို့ မှ ကိုဖိုးသိ (Mr.Know All) ဆိုတဲ့အထင်ရောက်ပြီး တခြားလူတွေ ... အထူးသဖြင့် တောကလူတွေကို ငုံ့ကြည့်လေ့ရှိတယ်။

ကိုယ်တိုင်ရေးနိုင်ဖို့လို ..

နိုင်ငံခြားသား ပညာရှင်တွေရဲ့ စာအုပ်ကြီးတွေဟာ သူတို့နိုင်ငံ၊ သူတို့လူမျိုးတွေအတွက်တော့ အကျိုးရှိမှာပါ ။ သူတို့ နဲ့ ပထ၀ီ အနေအထား၊ ရာသီဥတု၊ ဓလေ့ထုံးစံ ယဉ်ကျေးမှု၊ စီးပွားရေးဖြစ်ထွန်းတိုးတက်မှု အခြေအနေ စတဲ့ နေရာတွေမှာ ၀င်ရိုးစွန်းနှစ်ဖက်လောက် ကွာဟချက်ကြီးမားတဲ့နိုင်ငံတွေမှာတော့ သိပ်ပြီး အသုံးဝင်လိမ့်မယ် မထင်ပါဘူး။ သူတို့ စာအုပ်ကြီးတွေကို နမူနာအဖြစ် ထားပြီး ကိုယ့်နိုင်ငံရဲ့ ရာသီဥတု၊ ရေမြေ အနေအထား၊စီးပွားရေး အခြေအနေတို့နဲ့ ကိုက်ညီအောင် မြန်မာလူမျိုး ပညာရှင်တွေကိုယ်တိုင် စာအုပ်စာတမ်းတွေ ရေးသား ပြုစုကြရပါလိမ့်မယ်။ စက်မှုတက္ကသိုလ်ဆင်းတွေ၊ စိုက်ပျိုးရေးတက္ကသိုလ်ဆင်းတွေ၊ စီးပွားရေးတက္ကသိုလ်ဆင်း တွေ ကျွန်တော့်ဆီမှာ မနည်းပါဘူး။ ဒီကျောင်း ဆင်းတွေ ကိုယ်တိုင် လေ့လာ သုတေသနပြုပြီး စာအုပ်တွေရေးနိုင် အောင် ၀ိုင်းဝန်းဖန်တီးပေးသင့်ကြပါတယ်။ အခုလို နိုင်ငံခြားသားတွေရေးတဲ့ စာအုပ်တွေ အားကိုး အားထား ပြုနေရုံနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာ သေချာတယ်။ ပြည်တွင်းဖြစ် ပညာရှင်တွေ ကိုယ်တိုင်ရေးတဲ့ စာအုပ်တွေ ပေါပေါ များများကြီး ထွက်လာမှ တိုင်းပြည်အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမှာပါ။ ပြည်တွင်းဖြစ် ပညာရှင်တွေ ကျွန်တော်တို့ဆီမှာ မနည်းပါဘူး။

Myanmar Express မူရင်းသတင်းက ဒီမှာပါ။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ (၉) မိုင်၊ ပြည်လမ်း၊ အမှတ် (၂၆) တွင် ပါတီရုံးချုပ်တည်ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမီမိုကရေစီအီအဖွဲ့ချုပ် က နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၃-၅-၂ဝ၁၂ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထား ရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြ ပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါ သည်။

ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာ သည့်နေ့မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်ပါ ကြောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်း ဥပဒေများ ၁၄ (ဃ) အရ အများသိစေရန် ကြေညာ အပ်ပါသည်။

မူရင်းသတင်းက ဒီမှာပါ။

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မေလ (၂၄) ရက် )

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွှေမင်းဘုန်းဒေသ ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ကွက်သည် ကလောမြို့နယ် ဒေသခံတိုင်းရင်းသားများဖြစ်သော ပလောင်း ဓနု စသည့် တိုင်းရင်းသားများနှင့် ရေဝေ ရေလဲ ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လယ်ပြင် ၊ ရေပူ ၊ လွန်းထိုးကျေးရွာမှ ဒေသခံကျေးရွာသူကျေးရွာသားများသည် နှစ်ပေါင်းများစွာ ၎င်းတို့မိသားစုများ ဘဝရပ်တည်ရေးအတွက် မိရိုးဖလာ အသက်မွေးဝမ်းကျောင်းပြုသည့် လုပ်ငန်းဖြစ်ပါသည်။

ကျားပါးစပ်တောင်နှင့် အနီးဆုံးလယ်ပြင်ကျေးရွာသည် ၎င်းလုပ်ငန်းပေါ်တွင် မှီခိုအားထားပြုလုပ်နေရပါသည်။ထိုကျေးရွာ၌ စားဝတ်နေရေးအတွက် ထွန်ယက်ပြုလုပ်၍ ရသောလယ်ဧကမှာ (၄၆) ဧကခန့်သာရှိပါသည်။ ယခုအချိန်အခါ၌ အာရှကမ္ဘာမြေ (တရုတ်တို့ပိုင်ဆိုင်သော)က အကျယ်အဝန်းဧရိယာ (၇၆၀၀) ဧက နှစ်၂၀ ခန့်ထိလုပ်ခွင့်ရထားကြောင်း ၁ရက်လျှင် ၁ပိဿာ သွင်းရမည်ဖြစ်ကြောင်း တစ်နှစ်လျှင် ၂.၂၅ တန်သွင်းရန်စာချုပ် ချုပ်ဆိုပြီးကြောင်းသိရှိရသည်။

ထို့အပြင် ယန္တရားများဖြင့် မြေပြုန်း တူးမည်ဖြစ်၍ လက်ရှိတစ်ပိုင်တစ်နိုင်လုပ်ငန်းများအနေဖြင့် နေရာရွှေ့ပြောင်းပေးရမည်ဖြစ်သည်။ ၎င်းဒေသကို ပြည်ထောင်စုအစိုးရ ၏သတ္တုတွင်း ဝန်ကြီးဌာနနှင့် ဖက်စပ်ပူးပေါင်းသည်ဟုဆိုကာ ၎င်းရွှေတူးဖော်ရေးလုပ်ငန်းကို သိမ်းယူပြီး ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်ငယ်များကို မောင်းထုတ်ခဲ့ပါသည်။ ၎င်းလုပ်ငန်းရှင်ငယ်များ မထွက်ခွာပါက ဖမ်းဆီးမည်ဟုကြေငြာထားပါသည်။ ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်ငယ်များသည် နိုင်ငံတော်နှင့် ဖက်စပ်လုပ်ကိုင်သည်ဟုဆိုသော အထက်ဖော်ပြပါ ကုမ္ပဏီနှင့် ပဋိပက္ခ မဖြစ်လိုသဖြင့် ၎င်းတို့၏ ငွေကြေးများစွာကိုအဆုံးရှုံးခံ၍ ထွက်ခွာကာ နိုင်ငံတော်အစိုးရ သို့တင်ပြရန်ပြင်ဆင်နေကြောင်း ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်ငယ်များထံမှ သိရှိရပါသည်။

၎င်းကုမ္ပဏီက သိမ်းယူခဲ့သဖြင့် လုပ်ကိုင်စားသောက်ရန် လယ်ယာမြေဧကနည်းပါးသော ဒေသခံကျေးရွာသူ ကျေးရွာသားများ အနေဖြင့်မိသားစုစားဝတ်နေရေး အခက်ခဲများဖြစ်နေပါသည်။ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းရင်းသားလုပ်ငန်းရှင် ငယ်/လတ် များထွက်ပေါ်လာရေး ဆိုသောလမ်းညွှန်ချက်များနှင့်လည်း ဆန့်ကျင်လျှက်ရှိနေပါသည်။ အာရှကမ္ဘာမြေဆိုသော ကုမ္ပဏီသည် နိုင်ငံခြားသားတရုတ်လူမျိုးများပိုင်သော ကုမ္ပဏီဖြစ်သဖြင့် တိုင်းရင်းသားဒေသခံ ကျေးရွာသူ ကျေးရွာသားများအပေါ် လက်ဝါးကြီးအုပ်မှုကို နိုင်ငံတော်အစိုးရအနေဖြင့် စဉ်းစားစေလိုကြောင်းတင်ပြပေးလိုက်ရပါသည်။

အင်တာဗျုးထားသော ဗွီဒီယိုဖိုင် လင့်ခ်များ

အပိုင်း (၁) http://youtu.be/tQJuciVO7Co

အပိုင်း (၂) http://youtu.be/8IPzVrYFCzU

အပိုင်း (၃) http://youtu.be/6xsbKxdrcHs

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂၄.၅.၂၀၁၂)

မူရင်းသတင်းက ဒီမှာပါ။