Tuesday, May 22, 2012

မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

သင်္ဘောများ တည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက် ချထားပေးမှု နည်းပါးသဖြင့် မူလက နှစ်၂၀ ခန့် အချိန်ယူ တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများသည် နှစ်ပေါင်း ၃၀၊ ၄၀ခန့် အထိ ကြာမြင့် သွားနိုင်ကြောင်း ရေတပ် အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


RFA
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။

KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။

"ကျွန်တော်တို့ မနက်ပိုင်း ၈ နာရီခွဲလောက်ကနေ နေ့လည် ၁၂ နာရီလောက်အထိ ကျွန်တော်တို့ အလွတ်သဘော တွေ့ကြတာပါ။ တမနက်လုံးလို့ ပြောလို့ရပါတယ်။ ရှေ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆွေးနွေးတယ်။ ထပ်ပြီးတွေ့ကြဖို့ကို သဘောတူတယ်။ အဲတာပါပဲ။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတာက ရှေ့လုပ်ငန်း အစီအစဉ်တွေကို အဓိက ပြောဆိုတာပါ"

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နှစ်ဘက်လုံးက ပြောဆိုခြင်း မပြုပါဘူး။ ဆွေးနွေးပွဲမှာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ၊ ဦးခင်ရီနဲ့ ဦးစိုးသိန်းတို့ ပါဝင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ၊ ဦးခရာခွန်းအောင်တို့ ပါဝင်ကြောင်း သိရပါတယ်။

RFA-Burmese

မူရင်းသတင်းက ဒီမှာပါ။

စစ်သားတွေရဲ့ ဘ၀နဲ့ ခံစားချက်



ကျွန်တော်က တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း(၁၆)ကျော်ကြာခဲ့ပါပြီ။ တပ်မတော်ထဲဝင်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘာမှရည်ရွယ်ချက်ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဓိက ကတော့ ၀ါသနာပါလို့ပါ။ ဘယ်လောက်ဝါသနာပါလည်းဆိုရင် ငယ်ငယ်က ကစားရင်တောင် စစ်တိုက်တမ်းပဲ ကစားခဲ့တာ။ ဒါနဲ့ ၁၉၉၅ ခုနှစ် အသက်(၂၀)ကျော်မှာ တပ်မတော်ထဲ ၀င်ရောက်ခဲ့ ပါတယ်။

အစပိုင်းမှာတာ့ စစ်ပညာအခြေခံသင်တန်းကို ပင်ပန်းဆင်းရဲစွာ သင်ခဲ့ရပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ ၀ါသနာအရင်းခံထားတာမို့ ဒါလောက်တော့ မမှုပါဘူးဆိုတဲ့ ဇွဲ၊ သတ္တိနဲ့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပါတယ်။ သင်တန်းပြီးဆုံးလို့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေမှာ စတင်တာဝန်ထမ်းဆောင်နေ့ကစပြီး ငါစစ်သားဖြစ်ပြီ၊ ငါဟာရဲရင့်တဲ့ယောကျာင်္း၊ တိုင်းပြည်အတွက် အားထားရတဲ့စစ်သား အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင်ကြွားစွာနဲ့ နယ်မြေအသီးသီးမှာ စစ်ဆင်ရေးတာဝန်တွေကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့နိုင်ခဲ့ပါတယ်။

စစ်သက် (၁၀)နှစ်ကျော်လာတဲ့အခါကျတော့ ကျန်းမာရေးက တဖြည်းဖြည်းယိုယွင်းလာခဲ့တယ်။ ဆေးခန်းခဏခဏပြရတယ်။ ရှေ့တန်းမလိုက်နိုင်တဲ့အကြိမ်က များလာတယ်။ အဲဒီအခါကျတော့ ကျွန်တော့်ကို အထက်အရာရှိများက ကျန်းမာရေးချို့ယွင်းလို့ သနားစရာကောင်းတဲ့သူအဖြစ် မရှုမြင်ကြတော့ဘဲ ရေသာခိုချင်လို့၊ ဂယ်ရှာချင်လို့ ဒီလိုလုပ်တယ်လို့ ထင်ကြတယ်။ အဲဒီတော့ ကျွန်တော်လည်း စိတ်ဓာတ်ကျလာတယ်။ အရင်က စစ်သားကောင်းတစ်ယောက်လို့ အသိအမှတ်ပြုခံထားရတဲ့ ကျွန်တော်ဟာ အခုတော့ အလွန်အသုံးမကျတဲ့ စစ်သားတစ်ယောက်ဖြစ်နေပါပြီလားလို့ တွေးရင်း စိတ်အားငယ်မိတယ်။

အဲဒီတော့ စစ်သက်ကလည်း (၁၂)နှစ်လောက်ရှိပြီ ဆိုတော့ ဘာပဲဖြစ်ဖြစ် တပ်မတော်မှာ အသုံးမ၀င်မယ့် အတူတူ တပ်မတော်ကထွက်ပြီး အိုးမင်းမစွမ်းဖြစ်နေတဲ့ မိဘရင်ခွင်မှာပဲ မိဘကို လုပ်ကျွေးပြီး ပြန်လည်ကျေးဇူး ဆပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ နောက်ပြီး တပ်ရင်းမှူးဆီ နှုတ်ထွက်စာတင်ဖို့ ရုံးအုပ်ကြီးဆီသွားလိုက်တယ်။ အဲဒီတော့ ရုံးအုပ်ကြီးက မင်းနှုတ်ထွက်စာတင်ချင်ရင် တင်နိုင်တယ်။ ဒါပေမယ့် ငါတို့တပ်မတော်မှာ ဘယ်တုန်းကရိုးရိုးနှုတ်ထွက်ခွင့်ရတာ မင်းတွေ့ဖူးလို့လဲ၊ ထောင်ကျပြီးမှ ထွက်ရတယ်ဆိုတာ မင်းမသိဘူးလား၊ တပ်မတော်ဆိုတာ ပြန်လမ်းမရှိဘူးကွလို့ပြောလိုက်တယ်။ ကျွန်တော် တော်တော်ကို အံ့အားသင့်ပြီး တုန်လှုပ်သွားတယ်။ တပ်မတော်မှာ (၁၀)နှစ်ကျော်အောင် တာဝန်သိသိ၊ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်ဟာ တပ်မတော်မှ ထွက်ပြေး၊ ပြန်အဖမ်းခံ၊ ထောင်ချခံပြီးမှထွက်ရမယ်ဆိုတဲ့ သဘောတရားဟာ အင်မတန်ဆိုးဝါးတဲ့လမ်းကြောင်းတစ်ခုပါလို့လဲ တွေးမိတယ်။

ယနေ့တပ်မတော်မှာ အဲဒီနည်းနဲ့ ထောင်နန်းစံ ရတဲ့ တပ်မတော်သားတွေ တော်တော်များပါတယ်။ နေ့စဉ် အင်းစိန်ထောင်နဲ့ ထောင်တော်တော်များများမှာ ရေး-၃ တပ်ကြပ်ကြီးနဲ့ တပ်ရဲတွေဟာ ထောင်ပို့ဝရမ်းကိုင်ပြီး စစ်ပြေးမှုနဲ့ ထောင်ကျတဲ့ မိမိရဲ့ရဲဘော်ရဲဘက်တွေကို လက်ထိပ်၊ ခြေထိပ်တွေခတ်ပြီး လာပို့နေလိုက်ကြတာအခုဆိုရင် ထောင်ကျတဲ့ စစ်သားအရေအတွက်ဟာ တိုင်းစစ်ဌာနချုပ်တစ်ခုမှာ ရှိတဲ့ စစ်သားအရေအတွက်တောင် များမယ်ထင်ပါတယ်။ အဲဒီလို သားသမီးတွေကို မွေးထုတ်လိုက်တဲ့ မိဘတွေရဲ့ ရင်တွင်းမီးဟာလည်း ဘယ်လောက်တောင် တောက်လောင်နေမလဲ စဉ်းစားကြည့်စေချင်တယ်။ မိမိရဲ့သားသမီးကို ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာပညာရှင်တွေရယ်လို့ မြင်တွေ့ချင်မှာ အမှန်ပါပဲ။

တကယ်တော့ အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်ထဲရောက်သွားရရှာတဲ့ ကျွန်တော်တို့လို တပ်မတော်သားအများစုဟာ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလိုက်ရတဲ့ အချိန်မှာ ဘယ်လိုမှာ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ မြန်မာဆိုရိုးစကားတစ်ခုကို “အိမ်ထောင်မှုဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး၊ အဆင်မခြင် စစ်ထဲဝင် ဤလေးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုးဆိုပြီး ပြင်ရေးရမယ်လို့ ထင်ပါတယ်။

တပ်မတော်မှာ ကျွန်တော်တို့လို အခြေအမြစ်မရှိတဲ့ ရဲဘော်တွေအတွက် ငရဲလို့ဆိုရလောက်အောင် ဆိုးဝါးပေမယ့် အရာရှိများနဲ့ တစ်ချို့ အရာရှိ အလိုတော်ရိတွအတွက်တော့ သုခဘုံပါပဲ။ တပ်ရင်းမှူးတစ်ယောက်ဖြစ်လာရင် ရန်ကုန်လိုမြို့ကြီးနဲ့ အခြားမြို့တွေမှာ တိုက်တွေကားတွေနဲ့ အင်မတန်ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ အတွက်ကတော့ နိုင်ငံတော်က ပေးတဲ့မြေကွက်တွေ၊ တိုက်တွေ၊ ကားတွေနဲ့ ဝေဆာနေတဲ့ အချိန်မှာ ကျွန်တော်တို့ အခြားအဆင့် တပ်မတော်သားတွေမှာတော့ ကိုယ့်ယူနီဖောင်းကိုယ်ဝယ်ဝတ်ပြီး စစ်တိုက်ထွက်နေရတုန်းပါပဲ။ ရဲဘော်လေးတစ်ယောက် တစ်ခါတစ်လေ ကံကောင်းထောက်မပြီး ငွေလေး နဲနဲရှိလို့ ဆိုင်ကယ်စုတ်ကလေးတစ်စီးလောက် စီးလိုက်ရင် အရာရှိများက မျက်စောင်းထိုးပြီး ဒီကောင်ဘယ်ကရတာလဲလို့ မေးချင်ကြတယ်။ အခုဆိုရင် တယ်လီဖုန်းတွေ နှစ်သိန်း၊ နှစ်သိန်းခွဲ အထိ ဈေးကျလာတာတောင် မ၀ယ်နိုင်ကြသေးပါဘူး၊ ၀ယ်နိုင်တဲ့သူကလည်း မ၀ယ်ရဲသေးပါဘူး၊ သူတို့ နှိပ်ကွပ်မှာကို ကြောက်နေရတယ်လေ။ ဒါကြောင့် ညီငယ်လေးတွေကို မှာချင်တာကတော့ ပြန်လမ်းမရှိတဲ့ တပ်မတော်ထဲကို မလာကြပါနဲ့အုံး။ တိုင်းပြည်ကို ချစ်ရင် တစ်ခြားနည်းနဲ့ပဲ ချစ်တတ်အောင်လုပ်ကြပါအုံးလို့ ပြောလိုက် ပါရစေ။

ဆက်လက်တင်ပြပါအုံးမည်။

စစ်သည်တော်တစ်ဦး

မူရင်းသတင်းက ဒီမှာပါ။

သူနာပြုဆရာမများ၏ ဒုက္ခ


ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင် တိုင်းကျန်းမာရေးဦးစီးဌာနမှူးတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာလှမြင့်သည် သူနာပြုဆရာမများကို ရာထူးတိုးစာမေးပွဲဖြေဆိုခိုင်းခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ဆေးရုံများမှ ဆရာမများအားလုံး ၁၅၀ နီးပါးခန့်ဖြေဆိုကြရပါသည်။ ရာထူးတိုးစာမေးပွဲဖြေဆိုသည့်အခါ ဒေါက်တာလှမြင့်အား ဆရာမတစ်ယောက်လျှင် ငွေကျပ် ၅ သိန်း၊ ၃ သိန်း ထက်မနည်း ပေးခဲ့ကြရပါသည်။ ဒေါက်တာလှမြင့်မှ ထိုငွေများကို လက်ခံကာ ရာထူးတိုးပေးခြင်းများ လုပ်ပေးခဲ့ပါသည်။ သို့သော် ဆရာမ အယောက် ၃၀ လောက် ကျန်သောအခါ ဒေါက်တာလှမြင့်မှ နေပြည်တော်သို့ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ ညွှန်ကြားရေးမှူးရာထူးသို့ အဆင့်တိုးကာ ပြောင်းရွှေ့ခဲ့ပါသည်။

ရာထူးတိုးပေးသောအခါတွင်လည်း ငွေပိုပေးသော သူများကိုသာ အဓိကထား တိုးပေးခဲ့ပါသည်။ ၎င်းနေပြည်တော်သို့ ပြောင်းသွားသောအခါ ကျန်နေသောဆရာမများကို ရာထူးတိုးမပေးဘဲ ပြောင်းရွှေ့သွားပါသည်။ ထိုဆရာမများထံမှ ယူထားသောငွေများကိုလည်း လုံးဝ ပြန်ပေးခြင်း မရှိခဲ့ပါ။ ဆရာမများအနေနှင့်မူ ဒေါက်တာလှမြင့်အား ပေးသောငွေများမှာ ချေး ငှား ရှာဖွေ ပေးခဲ့ရခြင်းဖြစ်ပါသည်။ ဤကိစ္စများအားလုံးကို တိုင်းကျန်းမာရေးဦးစီးဌာနမှာရှိသည့် သူနာပြုဌာနမှ ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနများမှ ၀န်ထမ်းများအားလုံး သိရှိပြီးသားဖြစ်ပါသည်။ အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါသည်။

တိုင်းကျန်းမာရေးဦးစီးဌာနမှူးအသစ်ဖြစ်သော ဒေါက်တာအေးကိုကိုအား ဆရာမများအနေနှင့် တင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့သော် ဒေါက်တာအေးကိုကိုမှ သူ့လက်ထက်တွင် သူ့အား ငွေများပေးထားခြင်းမရှိသည့်အတွက် တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိခဲ့ပါ။ ဒေါက်တာလှမြင့်မှ ယခင်ကလည်း ငွေရေး ကြေးရေးနှင့် ပတ်သတ်၍ ခရမ်းမြို့နယ်မှ တိုင်ကြားခြင်း ခံခဲ့ရပါသည်။ သူနှင့်အတူ အတိုင်ခံရသော ခရမ်းမြို့နယ်ဆရာဝန် ဒေါက်တာမြင့်စိုးအား အရေးယူခဲ့သော်လည်း အဓိကကျသော ဒေါက်တာလှမြင့်အား လူကြီးများမှ လုံးဝ အရေးယူခြင်း မရှိဘဲ ရာထူးပင်တိုးပေးခဲ့ပါသည်။

ဤသို့ဖြင့် ရာထူးတိုးလျှောက်ခဲ့၍ ဒေါက်တာလှမြင့်အား ပိုက်ဆံပေးခဲ့ရသော ဆရာမများ၏ဒုက္ခကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ လူကြီးများ သိစေရန် တင်ပြအပ်ပါသည်။

သူနာပြုဆရာမတဦး

မူရင်းသတင်းက ဒီမှာပါ။

မန္တလေးတွင် လူဖမ်းပွဲကြီးစနေပါပြီ


ယနေ့မနက်ပိုင်းတွင် ယမန်နေ့ညများတွင်ပြုလုပ်ခဲ့သော ၂၄နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ပါတ်သက်ခဲ့သူ အချို့အား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၂ခုမေလ၂၀ရက် ၂၁ရက် မန္တလေးမြို့ပြည်သူများ၏ မီးထွန်းဆန္ဒဖော်ထုတ်ပွဲနှင့် ဆက်စပ်၍ ယနေ့၂၂ရက်မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး NLD မှ ဦးဇော်ဝင်းအောင်၊ဦးလှမိုး၊ဦးချစ်တင်၊ဒေါ်ခင်သန်းညွှန့်(မန်းတိုင်း NLD ဘဏ္ဍငွေရှာဖွေရေးအဖွဲဝင်)တို့ကို သက်ဆိုင်ရာက ၀ရမ်းမပါဘဲ မန္တလေးတောင်ခြေအနီးရှိ SBရုံးသို့ ခေါ်ယူမေးမြန်လျှက်ရှိကြောင်းသိရသည်။

ထိုသူတို့၏ နောက်ဆက်တွဲအခြေအနေ မသိရှိရသေးပါ။

မန္တလေး လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှုနောက်ဆက်တွဲအဖြစ်....

အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၏ လက်ခွဲ အာရှအလင်းရောင်ဖောင်ဒေးရှင်း(မန္တလေး)တာဝန်ခံ၊ မန္တလေးတိုင်း NLD ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင် လူမှုရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းမြင့် အား ယနေ့နံနက်အစောပိုင်းက SB (သို့) ရဲများက ဖမ်းဝရမ်းမပါဘဲ ခေါ်ဆောင်ဖမ်းဆီးသွားကြောင်း သိရသည်။

မန္တလေး လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီး မန္တလေးမှ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော် (ကလေး ၄ ယောက်၏ ဖခင်)လည်း ၄င်းနေထိုင်ရာ မြို့သစ်နေအိမ်မှ ယနေ့ နံနက် ၅ နာရီခန့်က SB (သို့) ထောက်လှမ်းရေး (သို့) ရဲများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း သိရသည်။ ယခုအထိ ၄င်းနှင့် အဆက်အသွယ်မရရှိသေးပါ။

၂၀၁၂ ခုနှစ်၊ မေ (၂၀/၂၁) ရက်များတွင် မန္တလေး၌ ဖြစ်ပွားခဲ့သော လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီးယခုအခါ မန္တလေးမြို့ပေါ်၌ တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံ (သို့မဟုတ်) ခေါ်ယူစစ်ဆေးမေးမြန်းခံနေရရာ ယခုအထိ နောက်ဆုံးကြားသိရသော သတင်းအရ လူဦးရေ အယောက် ငါးဆယ် ကျော်သွားပြီဟု CJMyanmar က သတင်းရရှိပါသည်။

ယနေ့ (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း မန္တလေးမြို့၌ လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒပြု ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု တတိယမြောက်ရက်အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သော အလားတူ လှုပ်ရှားမှုတွင် ဖြန့်ဝေခဲ့သော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာများအရ သိရှိခဲ့ရရာ ယနေ့အင်္ဂါနေ့ညတွင် တတိယရက်မြောက် ဖယောင်းတိုင်မီးထွန်းဆန္ဒပြုပွဲ မန္တလေးတွင် လုပ်ဖြစ်မဖြစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးက CJMyanmar သို့ ပြောကြားလိုက်သည်။

True News ဂျာနယ်၏ မန္တလေးသတင်းထောက်၊ စိမ်းရောင်စိုလှုမှုကူညီရေးအဖွဲ့နှင့် အခြားသော လှုမှုရေးရာအဖွဲ့များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ကိုမင်းထက်ငြိမ်းချမ်းလည်း SB/ရဲများ၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း CJMyanmar က သတင်းရရှိသည်။

CJMyanmar

မူရင်းသတင်းက ဒီမှာပါ။

ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။


NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins တက္ကသိုလ်ရဲ့ထုတ်ပြန် ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘ၀တာရဲ့အချိန်ကာလအများစုကို စစ်အစိုးရ ဆန့်ကျင်ရေးအတွက် ပေးဆပ်ခဲ့ကြောင်းနဲ့ အရင်လအတွင်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပါတီဝင်တွေ အနိုင်ရရှိတာကို အစိုးရက အသိအမှတ်ပြုခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အဲဒီ ဆုပေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ နော်ဝေနိုင်ငံကရရှိတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လ ၁၆ ရက်နေ့မှာ ၁၉၉၁ ခုနှစ်မှာ သူရရှိခဲ့တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်လက်ခံရယူပြီး မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက တနင်္လာနေ့မှာ တရားဝင် ပြောကြားလိုက်ပါတယ်။

ဆုပေးပွဲကို အော်စလိုမြို့တော်ခန်းမမှာ ကျင်းပမှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

RFA-Burmese

မူရင်းသတင်းက ဒီမှာပါ။

၂၄ နာရီ လျှပ်စစ်မီး အပြည့်ရရှိစေဖို့ ရုရှားနိုင်ငံ ပြန် နူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓတ်အားပေးစနစ် အကြောင်း ပညာတော်သင် များကို အားကိုးစို့

နျူကလီးယားဓာတ်ပေါင်းဖို ( Nuclear Reactors ) များတွင် 235U ကို Fission reaction ဖြစ်စေသောအခါ ထွတ်လာသော အပူစွမ်းအင် ( Thermal energy ) ဖြင့် ရေကို အငွေ့ပျံစေသောအခါ ထွတ်ပေါ်လာသော ရေနွေးငွေ့များဖြင့် တာဘိုင် ကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ရရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ 17% ကို နျူကလီးယားစက်ရုံများ မှရရှိသည်။ ၂၃၅ ဂရမ် 235U ပြိုကွဲခြင်းမှ ထွတ်လာတဲ့ စွမ်းအင်ပမာဏသည် လူငါးသန်းနေထိုင်ရာ မြို့တစ်မြို့ကို ညလုံးပေါက် မီးအလင်းပေးနိုင်သည်။

၂၄ နာရီ လျှပ်စစ်မီး အပြည့်ရရှိစေဖို့ ရုရှားနိုင်ငံ သို့ နူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓတ်အားပေးစနစ် အကြောင်း ပညာတော်သင် များကို အားကိုးစို့ ....။

နျူကလီးယား=ယူရေနီယမ် ( Uranium )



ယူရေနီယမ် ( Uranium )သည် အက်တမ်အမှတ်စဉ် ၉၂ ဖြစ်ပြီး ၊အင်္ဂလိပ် အတိုကောက် သင်္ကတေ U ဖြင့် သတ်မှတ် သည်။ ယူရေနီယမ်ကို ၁၇၈၉-ခုနှစ် ၊ဂျာမန် ဓာတုပညာရှင် Martin Heinrich Klaproth က ရှာဖွေ တွေ့ရှိခဲ့ပြီး ၊ယူရေးနပ်ဂြိုလ်ကို အစွဲပြုကာ ယူရေနီယမ်ဟု အမည်ပေးခဲ့သည်။ ယူရေနီယမ်ကို ၁၉-ရာစုနှစ်ထိ ရေဒီယိုသတ္တကြွ သတ္တုအဖြစ် မသိရှိခဲ့ကြပေ။ ၁၈၉၆ခုနှစ်တွင် ပြင်သစ် ရူပပညာရှင် Antoine Henri Becquerel ကယူရေနီယမ်နှင့် ထိတွေ့ထားတဲ့ ပလိပ်ပြားများမှ မမြင်နိုင်သော ရောင်ခြည်များ ထုတ်လွှင့်ခြင်းကို သိရှိခဲ့ရာမှ ၊ယူရေနီယမ် သည် ရေဒီယိုသတ္တိကြွ သတ္တုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။




၁၉၃၄-ခုနှစ်တွင် အမေရိကန် သိပ္ပံပညာရှင် Enrico Fermi ခေါင်းဆောင်ပြီး နျူကလီးယားစွမ်းအင် စက်ရုံတွင် ယူရေနီယမ်ကို လောင်စာအဖြစ် အသုံးပြုခဲ့ပြီး၊ ယူရေနီယမ် နျူကလိယက်စ် ပြိုကွဲရာမှ စွမ်းအင်ထွတ်ပေါ်လာမှု့ကို သိရှိပြီးနောက် နျူလက်နက် ကိုစမ်းသပ် လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဟီရိုရှီးမားနှင့် နာဂါစကီမြို့ နျူကလီးယားဗုံးကြဲ ခံရခြင်းတွင် နျူကလီးယားစွမ်းပကားကို တွေ့မြင်ခဲ့ကြရသည်။ ယူရေနီယမ်သည် စက်မှု့စွမ်းအားအတွတ် အဓိကပင်မ အရင်းအမြစ် ဖြစ်လာတာနဲ့အမျှ ၁၉၅၄-ခုနှစ်တွင် အမေရိကန်တို့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကို စမ်းသပ်ရေချနိုင်ခဲ့သည်။ သက္ကရာဇ် 2000ပြည့်နှစ်တွင် တကမ္ဘာလုံး လျှပ်စစ်စွမ်းအင် ၄၀% ကို နျူကလီးယား ဓာတ်ပေါင်းဖို ( Nuclear Reactors ) များမှ ရရှိသည်။ ထို့ကြောင့် ၂၁ရာစုတွင် နျူစွမ်းအင်သည် စက်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် ၊ဓာတ်ပေါင်းဖိုများမှ လျှပ်စစ်စွမ်းအင် ရရှိရန် အရေးပါလာသည်မဟုတ် သုတေဿန ပြုလုပ်ဆောင်ရွက်ချက်များ ၊နှင့်ဆေးပညာဆိုင်ရာ လုပ်ငန်းများတွင်ပါ စမ်းသပ်လုပ်ဆောင် လာကြသည်။ နျူစွမ်းအင်သည် လူသားတို့အတွတ် အကျိုးပြု သည်မဟုတ် ၊နျူကလီးယားဗုံး ပေါက်ကွဲရာမှ ထွတ်လာသော ရောင်ခြည်များ၊ နျူဓာတ်ပေါင်းဖိုများမှ ထွတ်လာသော စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းရန် ၊နျူဓာတ်ပေါင်းဖိုများနှင့် နျူစမ်းသပ် လုပ်ဆောင်သော လုပ်သားများ အနေဖြင့် အန္တာရာယ် ရှိလှသည်။
Uranium Ore
Uranium Ore


ယူရေနီယမ် သတ္တုကို သမုဒ္ဒရာကြမ်းပြင်များ ၊ကျောက်တောင် များနှင့် မြေထုထဲတွင် တွေ့ရှိ ရသည်။ ယူရေနီယမ်သည် ကမ္ဘာ့မြေသား တစ်သန်းပုံ နှစ်ပုံခန့်သာ တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် ယူရေနီယမ်ကို သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ကာဇက်စတန်၊ ရုရှား၊ ဥဇဘက်ကစ္စတန် နိုင်ငံများတွင် အဓိကတွေ့ရသည်။ သဘာဝတွင် သန့်စင်သော ယူရေနီယမ် ကို သီးသန့်မတွေ့ရှိရပဲ အောက်ဆိုက် များအနေနဲ့ဖြင့် Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) အနေဖြင့် တွေ့ရသည်။

သဘာဝတွင် ယူရေနီယမ် အိုက်ဆိုတုပ် အမျိုးအစားသုံးမျိုးကို ပါဝင်ကိန်း အားဖြင့် 238U-99.284% ,235U-0.711% နှင့် 234U-0.0058% တွေ့ရ သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုများ အတွတ် 235U 3-5% နှင့် နျူကလီးယား လက်နက်များထုတ်ရန် 235U 90% သန့်စင်ရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ယူရေနီယမ် အိုက်ဆိုတုပ် - ၂၃၅ ( 235U ) သည်သာ fission reaction ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ Fission reaction ဆိုသည်မှာ ယူရေနီယမ် အက်တမ်များကို နျူထရွန်နှင့် ဆက်တိုက် ဆက်ခါ ခွဲစိတ်တဲ့အခါ အပူစွမ်းအင် ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝတွင် 235U ကို ပမာဏ အနည်းငယ် ( 0.7% ) သာတွေ့ရတာကြောင့် ပေါများအောင် ( Enrichment ) လုပ်ပေးရသည်။ Fission reaction မဖြစ်နိုင်သော 238U အိုက်ဆိုတုပ်ကို Fertile material ဟုခေါ်ပြီး fission reaction ဖြစ်နိုင်အောင် ၄င်းအိုက်ဆိုတုပ်ကို 239Pu အဖြစ်ပြောင်းယူရသည်။ ယူရေနီယမ်သတ္တုရဲ့ သက်တမ်းဝက် (Half-life)သည် 4.5 ဘီလီယမ်နှစ် ကြာမြင့်သည်။ သက်တမ်းဝက် (Half-life) ဆိုသည်မှာ မူလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်သည်။ ဆိုလိုသည်မှာ ယူရေနီယမ် ၁၀၀ ဂရမ် ရှိသည် ဆိုပါဆို့။ နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် အချိန်ကြာမြင့်လျှင် ၅၀ ဂရမ်သာ ကျန်ရှိပေလိမ့်မည်။ နောက်နှစ်ပေါင်း ၄.၅ ဘီလီယမ်နှစ် ကြာမြင့်လျှင် ၂၅ ဂရမ်သာ ကျန်ရှိပေတော့မည်။

Type of Radiation

ရေဒီယိုသတ္တိကြွခြင်း ( Radioactivity ) ဆိုသည်မှာ မတည်မြဲသော နျူးကလိယက်စ်မှ အယ်လ်ဖာရောင်ခြည် ( Alpha Ray ) ၊ဘီတာရောင်ခြည် ( Beta Ray ) ၊နှင့် ဂမ်မာရောင်ခြည် ( Gamma Ray ) များ ထွတ်လွှတ်နေခြင်းသာ ဖြစ်သည်။ အယ်ဖာရောင်ခြည် (α-ray) သည် ဟီလီယမ် (4He2) အက်တမ်၏ နျူးကလိယက်နှင့် ဆင်တူပြီး အပေါင်းဓာတ် ( Positive Charge ) ဆောင်သည်။ အယ်လ်ဖာရောင်ခြည်သည် အရေပြား ၊စက္ကူစသည် ဖောက်ထွင်းမသွားနိုင်ပေ။ ဘီတာရောင်ခြည် (β-ray) သည် မှန်၊ သတ္တုပြားစသည် မဖောက်ထွင်းနိုင်။ ဂမ်မာရောင်ခြည် (γ-ray) သည် ဖောက်ထွင်မှု့ အကောင်းဆုံးရောင်ခြည် ဖြစ်သည်။ ဂမ်မာရောင်ခြည်ကို ခဲတုံး ( Lead - ဓာတုသင်္ကေတ Pb ) ဖြင့်ဖောက်ထွင်းနိုင်မှု့ကို နည်းအောင် ပြုလုပ်နိုင်သည်။ နျူထရွန် ( neutron ,n0 )ကို သဘာဝအတိုင်း မတွေ့နိုင်။

တူးယူရရှိလာတဲ့ Uranite ( UO2 ) သို့မဟုတ် Pitchblende ( UO3 ,U2O5 ) ယူရေနီယမ် ပါဝင်တဲ့သတ္တုရိုင်းများကို အမှုန့်ကြိတ်ပြီး၊ အ၀ါရောင် ယူရေနီယမ်အောက်ဆိုက် ( Na2U2O7.6H2O ) ခေါ် Yellow Cake ရအောင် အဆင့်ဆင့် ပြုလုပ်ရယူသည်။

Yellow Cake

Yellow Cake တွင် အလေးချိန် အားဖြင့် ထရိုင် ယူရေနီယမ် အောက်တာ အောက်ဆိုက် U3O8 70-90% ၊ ယူရေနီယမ် ဒိုင်အောက်ဆိုက်UO2 နှင့် ယူရေနီယမ် ထရိုင်အောက်ဆိုက် UO3 တို့ပါဝင်သည်။ Yellow Cake မှသန့်စင်တဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3 ) ကိုခွဲထုတ်ယူရသည်။

ထို့နောက် နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များအတွတ် အသုံးပြုရန် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ (235U ) ပေါများအောင် ပြုလုပ်ယူရသည်။ သဘာဝတွင် 235U 0.7% သာပါဝင်သည်။ ရရှိလာတဲ့ ယူရေနီယမ် ထရိုင်အောက်ဆိုက် ( UO3) မှ ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ ( 235U ) ခွဲထုတ်ရန် ယူရေနီယမ် ဟက်ဆာဖလိုရိုက် ( UF6 ) အဖြစ် ပြုလုပ်ရယူသည်။

ရရှိလာတဲ့ ယူရေနီယမ် ဟက်ဆာဖလိုရိုက်တွင် ယူရေနီယမ် အိုက်ဆိုတုပ်-၂၃၅ မှာ 0.7% သာပါဝင်သောကြောင့် နျူဓာတ်ပေါင်းဖိုများနှင့် နျူလက်နက်များတွင် သုံးရန် 235U အိုက်ဆိုတုပ်ကို Centrifugal Method သို့မဟုတ် Gaseous diffusion Method တို့ဖြင့် ပေါများအောင် ( Enrichment ) လုပ်ယူရသည်။ ထို့နောက် ယူရေနီယမ် ဟက်ဆာဖလိုရိုက်ကို ယူရေနီယမ် ဒိုင်အောက်ဆိုက် ( UO2 ) အဖြစ် ပြောင်းလဲလိုက် သောအခါ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နျူကလီးယား လက်နက်များတွင် လောင်စာအဖြစ်သုံးရန်အသင့်ရရှိသည်။

Simple Centrifugal Mechine

Centrifugal Method နည်း သည် 235U ပေါကြွယ်ဝစေရန် အသုံးများသော နည်းလမ်း ဖြစ်သည်။ ဒီနည်းတွင် အရှိန်မြင့်လှည့်ပေးတဲ့အခါ ပိုလေးတဲ့ 238U အိုင်ဆိုတုပ်သည် ပြွန်အောက်ခြေ တွင်စုပြီး ၊ ပေါ့တဲ့ 235U ကို သီးသန့်ထုတ်ယူသည်။ သည်နည်းအတိုင်း ထပ်ခါထပ်ခါ ပြုလုပ်ယူရသည်။ ဒီလိုထပ်တလဲလဲ ဆက်တိုက်လုပ်ဖို့ ဗဟိုခွာအားစက်တွေ ထောင်နဲ့ချီပြီး အတန်းလိုက် တပ်ဆင်ထားရပါတယ်။

Gaseous Diffusion Method

Gaseous diffusion နည်းတွင် ယူရေနီယမ်ဟက်ဆာ ဖလိုရိုက်ဒ် ဓာတ်ငွေ့သည် အမှေးပါးတခုကို ဖြတ်သန်းလိုက်သောအခါ ပိုပေါ့တဲ့ 235U ကို ဖိအားအနည်းငယ်ဖြင့် ခွဲထုတ်ရယူသည်။ ဗဟိုခွာအား နည်းလိုပဲ ဒီနည်းတွင်လည်း သန့်စင်သော 235U အိုက်ဆိုတုပ် ပမာဏ တိုးပွားလာအောင် အမှေးပါးဖြတ်ခြင်းကို ထပ်တလဲလဲ လုပ်ယူသည်။

Sample Nuclear Reactor

235U + n0 = 140Ba + 96Kr + 2≅3 n0 + 200 MeV (Thermal energy)

နျူကလီးယားဓာတ်ပေါင်းဖို ( Nuclear Reactors ) များတွင် 235U ကို Fission reaction ဖြစ်စေသောအခါ ထွတ်လာသော အပူစွမ်းအင် ( Thermal energy ) ဖြင့် ရေကို အငွေ့ပျံစေသောအခါ ထွတ်ပေါ်လာသော ရေနွေးငွေ့များဖြင့် တာဘိုင် ကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ရရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးရုံ (၄၀၀) ကျော်ရှိနေပြီး တကမ္ဘာလုံးသုံးတဲ့ လျှပ်စစ်ပမာဏရဲ့ 17% ကို နျူကလီးယားစက်ရုံများ မှရရှိသည်။ ၂၃၅ ဂရမ် 235U ပြိုကွဲခြင်းမှ ထွတ်လာတဲ့ စွမ်းအင်ပမာဏသည် လူငါးသန်းနေထိုင်ရာ မြို့တစ်မြို့ကို ညလုံးပေါက် မီးအလင်းပေးနိုင်သည်။

၂၄ နာရီ လျှပ်စစ်မီး အပြည့်ရရှိစေဖို့ ရုရှားနိုင်ငံ သို့ နူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓတ်အားပေးစနစ် အကြောင်း ပညာတော်သင် များကို အားကိုးစို့ ....။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒီကနေ့ လျှပ်စစ်မီး ပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ ထားဝယ် ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို တည်ဆောက်စို့

နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ခေတ်မီဖို့ ဆိုတာဟာ လျှပ်စစ်စွမ်းအင်ရဲ့ အခန်းကဏ္ဍဟာ အဓိကကျ အရေးပါလှတယ်ဆိုတာ ငြင်းစရာမရှိပါဘူး ၊ ဒါကြောင့် မြန်မာနိုင်ငံခေတ်မီချင်ရင် လုံလောက်တဲ့ လျှပ်စစ်ရှိရမယ်ဆိုတာ သေချာနေပါပြီ ၊ ဒါဆိုရင် နိုင်ငံမှာလျှပ်စစ်လုံလောက်အောင် ဘယ်လို လုပ်ကြမလဲ မစဉ်းစားခင် တစ်ကမ္ဘာလုံးမှာလျှပ်စစ်စွမ်းအင်ကို ဘယ်လိုအရင်းအမြစ်တွေကနေ ထုတ်ကြသလဲဆိုတာ အရင် လေ့လာကြည့်ရအောင်ပါ ....


Data from the BP Statistical Review

ဒီပုံကိုကြည့်လိုက်ရင် ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအများဆုံးဟာ ကျောက်မီးသွေးကဖြစ်ပြီး တစ်ကမ္ဘာလုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုရဲ့ ၄၁ % ဖြစ်တယ်ဆိုတာတွေ့ရမှာပါ သူ့နောက်မှာမှ သဘာဝဓါတ်ငွေ့က ၂၁% နဲ့ ဒုတိယ ၊ ရေအားက ၁၆ % နဲ့ တတိယ ၊ ညူကလီးယားက ၁၄ %းနဲ့ စတုတ္ထ အသီးသီး ရပ်တည်နေတာကို တွေ့ရမှာပါ ။

အကြောင်းအရာတစ်ခုကို စဉ်းစားရင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကို စံထားပြီး နှိုင်းယှဉ်ချိန်ထိုးလေ့ရှိကြပါတယ် ။ ဒါဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအခြေအနေကို လေ့လာကြည့်ရအောင်ပါ ....

Source: International Energy Agency 2011

ဒါကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအခြေအနေပါ ၂၀၁၀ ခုနှစ် စာရင်းအရ သူလည်း ကျောက်မီးသွေးကနေထုတ်လုပ်မှုဟာ ၄၅%နဲ့ အများဆုံးဖြစ်ပြီး သဘာဝဓါတ်ငွေ့ကနေ ၂၄% ၊ ညူကလီးယားကနေ ၁၉% ၊ ရေအားကနေ ၆% အစရှိသဖြင့် ထုတ်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။


ဒီစာရင်းကတော့ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စာရင်းပါ ၊ အမေရိကန်ပြည်ထောင်စုမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ ၆၁၅ ရုံရှိတာဖြစ်ပြီး စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်မှုစွမ်းအားအလိုက် စာရင်းပြုစုထားတာဖြစ်ပါတယ် ။

အိမ်နီးချင်းနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်မှု ရဲ့ ၇၉% ကို ကျောက်မီးသွေးကထုတ်ပါတယ် ။အိန္ဒိယနိုင်ငံကတော့ တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုပမာဏရဲ့ ၆၉% ကို ကျောက်မီးသွေးကနေထုတ်ပါတယ် ။

Source: International Energy Agency 2011

ဒီဇယားကတော့ ကမ္ဘာ့ကျောက်မီးသွေးထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံတွေရဲ့ စာရင်းဖြစ်ပါတယ် တန်(သန်းပေါင်း) နဲ့ စာရင်းကိုပြထားပါတယ် ။ ဒီနိုင်ငံတွေဟာ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတွေ ဖြစ်သလို ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အရေးတယူလုပ်တဲ့ နိုင်ငံတွေ ပါနေတာကို တွေ့ရမှာပါ ။

Coal Consumption by Country

ဒါကတော့ ကမ္ဘာ့ကျောက်မီးသွေး အသုံးအပြုဆုံး (၁၀) နိုင်ငံစာရင်းပါ ၊ ဒီစာရင်းအရဆိုရင် မြန်မာနိုင်ငံဟာ အဆင့် ၈၀ မှာရှိပါတယ် ၊ ဒီကမ္ဘာ့ကျောက်မီးသွေးအသုံးဆုံးပါဆိုတဲ့တိုင်းပြည်တွေကိုကြည့်ရင် ဒီမိုကရေစီစံနစ်အထွန်းကားဆုံးနိုင်ငံတွေ ၊ စီးပွားရေးအရ အတိုးတက်ဆုံးနိုင်ငံတွေ ၊ စက်မှုနည်းပညာအဆင့်မြင့်ထွန်းကားတဲ့နိုင်ငံတွေဖြစ်ကြလို့ ဒီနိုင်ငံတွေကို အုပ်ချုပ်နေတဲ့အစိုးရတွေနဲ့ အဲဒီမှာနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေဟာ သဘာဝပတ်ဝန်းကျင်ကို အလေးမထားပဲ နေမှာမဟုတ်ပါဘူး ၊ တစ်ချိန်တည်းမှာပဲ အမျိုးသားအကျိုးစီးပွားကိုလဲ လက်လွှတ်ပြီး စဉ်းစားကြမှာမဟုတ်ပါဘူး ဒီနှစ်ခုကိုအဘက်ဘက်က နှိုင်းယှဉ် ချိန်ထိုးပြီး လုပ်သင့်တဲ့ဘက် ၊ အလေးသာတဲ့ဘက်၊ ကောင်းကျိုးပိုတဲ့ဘက် ကိုလုပ်နေတယ်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ် ။

ဒါဆိုရင် မြန်မာနိုင်ငံမှာကော ?????????

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်မည်


ဇွန်လမှ စတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ ခွင့်ပြုချက်ဖြင့် ၈-၅-၂၀၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Kasikorn ထိုင်းဗဟိုဘဏ် ဌာနချုပ်တွင် မြန်မာနှင့်ထိုင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ငွေလွှဲခြင်း လုပ်ငန်းကို ထိုင်းနိုင်ငံ Kasikorn ဘဏ်နှင့် မြန်မာနိုင်ငံ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ တရားဝင် ငွေလွှဲပို့နိုင်ရန် ဆောင်ရွက်ခြင်းမှာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အန္တရာယ်ကင်းစွာဖြင့် မိမိ၏ နေအိမ်သို့ ငွေလွှဲပို့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ငွေလွှဲစံနှုန်းကိုလည်း ယူရိုငွေပေါ်တွင် မူတည်ပြီး သတ်မှတ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် စာချုပ် ချုပ်ဆိုပြီးသော်လည်း လုပ်ငန်းစဉ် စနစ်တကျ ဖြစ်ရန်အတွက် ဇွန်လမှသာ မြန်မာအလုပ်သမား အများဆုံး တည်ရှိသည့် မဟာချိုင် ဒေသတွင်ရှိသည့် Kasikorn ဘဏ်ခွဲတွင် စတင်ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံရှိ Kasikorn ဘဏ်ခွဲများ အားလုံး၌ ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး ထိုဘဏ်များ၌ မြန်မာဘာသာပြန် ဝန်ထမ်းများလည်း ထားရှိသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

Kasikorn ဘဏ်သည် ထိုင်းနိုင်ငံအတွင်း အသုံးပြုနေသည့် အလိုအလျောက် ငွေထုတ်စက် (ATM) တွင် မြန်မာဘာသာကို ပထမဆုံး ထည့်သွင်းပေးထားသည့် ဘဏ်တစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်


ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်တွင် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ခန့်ကို ရရှိတော့မည် မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အား ဖြတ်တောက်ထားမည် ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ ရက်နေ့မှ စတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျှင် ၆ နာရီ အလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က “မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင် လဲသွားတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေ အမြန်ဆုံး ပြန်လည်ပြုပြင်သွားပါမယ်။

အခုဖြစ်တဲ့နေရာက လုံခြုံရေး ကန့်သတ်ချက် ရှိတဲ့အတွက် လိုအပ်တာထက် ပိုကြာနိုင်ပါတယ်။ ဘယ်လောက်ကြာနိုင်တယ် ဆိုတာတော့ အတိအကျခန့်မှန်းလို့ မရသေးပါဘူး။

ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေး အဖွဲ့အစည်းပါ။ လျှပ်စစ်ဓာတ်အား ရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကို လခပေးနိုင်မှာပါ။ စောနိုင်သမျှ စောအောင် မီးပြန်ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အရေးပေါ်လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေး မီးပေးနိုင်ရန် မီးစက်များထားရှိ


အရေးပေါ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေးမီး၊ လမ်းမီးများ ပေးနိုင်ရန် မီးစက်များထားရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ အရေးကြီးနေရာများကို အုပ်စုသီးခြားသတ်မှတ်ကာ လျှပ်စစ်မီး ပေးသွားမည် ဖြစ်သော်လည်း လူစည်ကားရာနေရာများတွင် အရေးပေါ် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းမီးပြန်ပေးနိုင်ရန် မီးစက်ကြီးများကို ထားရှိစီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

''အရေးကြီးနေရာတွေ ဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ ရဲစခန်း၊ လေဆိပ်၊ ဘူတာကြီးတွေကို ၂၄ နာရီ လျှပ်စစ်မီးပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဓာတ်အားပေးတဲ့အခါမှာ အရေးကြီးတဲ့ နေရာတွေကို မီးပေးထားမှာ ဖြစ်သော်လည်း မီးပွိုင့်တွေလိုမျိုး လူစည်ကားတဲ့ နေရာတွေမှာ အရေးပေါ် မီးပြတ်သွားရင် လုံလုံခြုံခြုံ သွားလာနိုင်ဖို့၊ လုံခြုံရေးမီး၊ လမ်းမီးတွေ ပေးနိုင်ဖို့ မီးစက်ကြီးတွေကို နေရာ ၈ နေရာမှာ တပ်ဆင်ချထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ဆီမှာ အရံမီးစက် ၁၀လုံး ရှိပါသေးတယ်။ လိုအပ်ရင် ပိုချသွားဖို့ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

မီးစက်ကြီးများ တပ်ဆင်ထားသည့် နေရာအချို့မှာ ပြည်လမ်းနှင့် လှည်းတန်းလမ်းဆုံ၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်၊ ဆူးလေဘုရားလမ်း (ဗဟိုဘဏ်ဘေး)နှင့် သာကေတအ၀ိုင်း စသည့်နေရာများ ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

စင်ကာပူမှာ အချိန်ပိုင်းအလုပ်လုပ်နေသူများ နှင့် စတေးရှောင်လိုသူများအထူးသတိထား


မြန်မာလူမျိုးတွေဟာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများရဲ့ စီးပွားပိတ်ဆို့မှုများကြောင့် စိတ်ပျက်ပြီး နီးစပ်ရာနိုင်များသို့ထွက်ကြသည်။ စင်ကာပူသို့လာရောက်သူများနှင့် မလေးရှားသို့လာရောက်သူများ သည် ယခင်နှစ်များက ထက်ပိုမိုများပြားလာပြီဖြစ်သည်။

နိုင်ငံခြားသို့ရောက်သောအခါ အလုပ်ရှာဖွေရင်း သို့မဟုတ် private school တဖက်ဖြင့်အလုပ်ရှာရင်း Part time လုပ်လေ့ရှိကြသည်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး စင်ကာပူအစိုးရမှ မြန်မာနိုင်ငံသားများအပေါ် ပိုမိုတင်းကြပ်လာပြီး နေ ထိုင်ခွင့်နှင့် အချိန်ပိုင်းလုပ်ကိုင်သောအလုပ်တို့တွင် ပိုမိုတင်းကြပ်လာခဲ့သည်။ ယနေ့ မေလ ၂၀ ရက်နေ့ညနေပိုင်းတွင်Mustafa Shopping Center (စင်္ကာပူ၏ နာမည်ကြီး လူသိများသောကုလားဈေး) နှင့်အနီးတ၀ိုက်တွင် စီမံချက်ဖြင့် လိုက်လံစစ်ဈေးခဲ့ရာ မြန်မာကျောင်းသားအများစုနှင့် Visit Visa ကိုင်ဆောင်ထားသူများကို စင်ကာပူရဲမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မေလ ၁၇ ရက်နေ့တွင်လည်း ပင်နီစူလပလာဇာ တွင် အချိန်ပိုင်းအလုပ်လုပ်နေသော မြန်မာများကို စင်ကာပူရဲမှ စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆိုင်မှုများရှိခဲ့ သည်။အလားတူပင် ယခု ၂၀၁၂ မေလအတွင်း မြို့ လယ်ခေါင် Orchard Road ရှိ ရှော့ပင်းမောများတွင်လည်း တရားမ၀င် အချိန်ပိုင်း အလုပ်လုပ်နေ သူများ ကို လိုက်လံစစ်ဆေးဖမ်း ဆီးလျှက်ရှိသည်။ ဖမ်းဆီးမိသူများကို ပထမအကြိမ် Warning ပေးပြီးပြန်လွှတ်နိုင်သလို၊ရဲများက အမှုချဲ့ ပါက မြန်မာနိုင်ငံသို့ပြန်ပို့ ခြင်းခံရနိုင်သလို့ Fine and Warning သော်လည်းကောင်း သို့မဟုတ် Black List လည်းဖြစ်နိုင်ပါသည်။ Police Officer အပေါ်မူတည်ပြီး အမှူအကြီးအသေးဖြစ်နိုင်ပါသည်။

ထို့ ကြောင့် စင်ကာပူသို့ လာရောက်ကြမည့် မြန်မာလူမျိုးများ လူသတင်း လူချင်းဆောင် ဆိုသလို ကြိုတင် ရှောင်ကြဉ်မှူများရှိစေရန် အသိပေးနှိုးဆော်လိုက်ပါသည်။ တရားခံအားဖမ်းဆီးနေစဉ်။ အကယ်လို့ များ စင်ကာပူတွင်အလုပ်လာရှာလိုပါက ၁ လ Visit Stay ရရှိနိုင်ပြီး သက်တမ်း တိုးရန် အလွန် ခက်ခဲနေသော ကာလဖြစ် ပါသည်။ Stay ရှောင်လိုသော မိတ်ဆွေများ သည် အိမ်နီူးချင်း နိုင်ငံများ ဖြစ်သော အင်ဒိုနီးရှာ နှင့် မလေးရှား သို့ ခဏတာအထွက်ပြပြီး စင်ကာပူသို့ပြန်ဝင် လာပါက စင်ကာပူမှ ပြန်ထွက်ပါမည်ဆိုသည့် လေယာဉ်လက်မှတ် အထောက်ထားပါရှိမှသာ စင်ကာပူနိုင်ငံသို့ ဒုတိယအကြိမ်ပေးဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသားများ စတေးရှောင်ပြီး Visit Visa နောက်ဆုံးရက်မှ ပြည်ဝင်ခွင့်မရ လျှင် အခက်ခဲတွေ့ နိုင်သည့် အတွက်ကြို တင်သတိပေး အပ်ပါသည်။ မြန်မာပြည်သူ ပြည်သားများ အလုပ်အကိုင် များအဆင်ပြေပြီး ဘ၀တွင်ပျော်ရွှင်စွာ အနာဂတ်ခရီးလမ်းကိုလျှောက်လှမ်း နိုင်ကြပါစေ.......။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ကျွဲနှစ်ကောင်ကြားက မြေစာပင်


မြန်မာ့နိုင်ငံရေးလောကမှာ ကြံ့ခိုင်ရေးနဲ့ NLD ဆိုပြီးပါတီ(၂)ခုကလွှမ်းမိုးထားပါတယ်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံအင်အားစုရဲ့ ထောက်ခံမှုကို ရရှိ ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် အစရှိတဲ့ အနောက်နိုင်ငံများမှ ထိပ်တန်းအရာရှိတွေလာရောက်ခဲ့ပါတယ်။

အနောက်နိုင်ငံများမှမြန်မာ့ဒီမိုကရေစီအပြောင်းအလဲများကို လေ့လာပြီး၊ စီးပွားရေးပိတ်ဆို့မှုများအပါအ၀င် ကြွေးမြီလျော်ပေးခြင်း၊ ငွေကြေးအထောက်အပံ့များပေးခြင်း များကိုဆောင်ရွက်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာမြန်မာ့နိုင်ငံရေးလောကကိုဝင်ရောက်ချယ်လှယ်ဖို့ ကြိုးစားနေတဲ့အတွက်ကြောင့် NLD ပါတီကိုထောက်ခံနေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက တရုတ် ထိန်းချုပ်ရေးမူဝါဒအရ မြန်မာနိုင်ငံကိုချဉ်းကပ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုနိုင်ငံရေးသြဇာခံအဖြစ် သွတ်သွင်းပြီးစိတ်တိုင်းကျချယ်လှယ်မှာဖြစ်ပါတယ်။

အမေရိကန်က၀င်ရောက်ချယ်လှယ်လို့ကိုယ့်နိုင်ငံကို ကိုယ်တိုင်မအုပ်ချုပ်နိုင်တဲ့နိုင်ငံတွေအများကြီးပါ။ ငွေကြေး၊ နည်းပညာတွေအကူအညီပေးပေမယ့်အချုပ် အခြာအာဏာဆုံးရှုံးသွားရတဲ့နိုင်ငံတွေဟာသက်သေခံနေပါတယ်။

ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ အနောက်နိုင်ငံနဲ့ဆက်ဆံမှုနည်းပါးပြီး တရုတ်နိုင်ငံနဲ့ပိုမိုကောင်း မွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ယခုလည်း တရုတ်ကွန်မျူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ၀န်ဂမ်ခေါင်းဆောင်တဲ့အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ဦးဌေးဦးတို့ နေပြည်တော်တွင်တွေ့ ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွင် မစ္စတာဝန်ဂမ်မှ မြန်မာနိုင်ငံ ၏နိုင်ငံရေးအပြောင်း အလဲကိုကြို ဆိုပါကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့အကူအညီကိုပေးဖို့အသင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ယခင်အစိုးရ လက်ထက် ကတည်းက ကောင်းမွန်သော ဆက်ဆံရေးကိုတည် ဆောက်နိုင်ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့ ထားသောနှစ်(၂၀)ကျော် ကာလအတွင်း တရုတ်နိုင်ငံမှ စီးပွားရေး ရင်းနှီးမြှပ်နှံမှုများ ကိုပြုလုပ်ခဲ့တဲ့အပြင် စွမ်းအင်အတွက်လည်းမြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ကိုဝယ်ယူသုံး စွဲနေပါတယ်။ တရုတ်နိုင်ငံအနေ နဲ့လည်း မြန်မာနိုင်ငံကိုအနောက် ဘက်ကုန် စည်စီးဆင်းမယ့် ပင်လယ်ထွက် ပေါက် အဖြစ်အ သုံးချဖို့ရည်ရွယ်ထားကြောင်း ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းနဲ့ ရိုးမဖြတ်ကျော်ရထား လမ်းများအထင် အရှားပါဘဲ။ အမေရိကန် ရဲ့မဟာဗျူဟာကိုသိရှိထားတဲ့တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ဆက် ဆံရေးကိုတိုးမြှင့်ဖို့ ရည်ရွယ်လုပ်ဆောင် လာတာကိုတွေ့ရမှာပါ။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ယခင်က တရုတ်ရဲ့အထောက်အပံ့နဲ့ ဖြိုးစေတနာ ဆိုတဲ့ ဆေးခန်းတွေ ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။

ယခုလက်ရှိအခြေအနေက မြန်မာနိုင်ငံရေးလောကမှာအဓိကပါတီကြီး ၂ ခုကို ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံက ကိုယ်ကျိုးအတွက်စည်းရုံးနေတယ်။ မြန်မာနိုင်ငံရေးလမ်းကြောင်းမပြောင်းလဲဖို့တော့ပါတီတွေ မှာတာဝန်ရှိပါတယ်။ မြန်မာနိုင်ငံဆိုတာ ကိုယ့်ထီးကိုယ့်နန်းနဲ့ နှစ်ပေါင်းများစွာသူများလွှမ်းမိုးတာမခံရပဲ နေလာခဲ့တာ။မြန်မာနိုင်ငံသားတွေကလွတ်လပ်မှုကိုမြတ်နိုးခဲ့တယ်ဆိုတာ သမိုင်းသက်သေတွေရှိပါတယ်။ ဒါကြောင့် အင်အားကြီး ၂ နိုင်ငံရဲ့ နိုင်ငံရေးမဟာဗျူဟာကြားမှာ မလူးသာမလွန့်သာအခြေအနေကိုရောက် ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံရေးကစားကွက်တစ်ခုမှာမှားသွားတာနဲ့ သူများနိုင်ငံရဲ့သြဇာခံဘ၀ကိုရောက် လိမ့်မယ်လို့ ၀ါရင့်နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းဦးက ပြောကြားခဲ့ပါတယ်။

Myanmar Express

ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေးသမားများ Facebook အပါအ၀င် အွန်လိုင်းမီဒီယာ၌ နေရာယူမှု များလာခြင်းအတွက် ခေတ်နှင့်လျော်ညီသော ဥပဒေတစ်ရပ် ပေါ်ထွန်းရေး လိုအပ်လာ


နိုင်ငံတကာနှင့် ပြည်သူလူထု၏ ယုံကြည်လေးစားမှု ရရှိထားသည့်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ညစ်ညမ်းစွာ ပုတ်ခတ် ဖော်ပြထားသော Website များ

ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေး သမားများမှာ Facebook ကဲ့သို့သော လူမှုကွန်ယက် ၀က်ဘ်ဆိုက်များ အပါအ၀င် အွန်လိုင်းမီဒီယာများ၌ နေရာယူမှုများလာကြောင်း အင်တာနက် သုံးစွဲသူများက ပြောဆိုကြပါသည်။

အွန်လိုင်းမီဒီယာ အသီးသီးသို့ ၀င်ရောက်နေရာယူလာသည့် ၀ါဒဖြန့်ချိရေးသမားများမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို (အထူးသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊အစိုးရ၀န်ကြီးများနှင့်တပ်မတော်အကြီးအကဲများကို) ပြုလုပ်လာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုခွင့် ရရှိခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် အချိန်တွင် ဘလော့ရေးသားမှုများ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ထိုသို့ေ ပ်ါပေါက်ခဲ့ပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ် နှင့်၂၀၀၇ခုနှစ် အချိန်များတွင် ဘလော့ရေစီးအားကောင်းစွာ ပေါ်ထွက်လာခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ နောက်ပိုင်းတွင်ပြည်ပရောက်ဒေါ်လာစားများ၊ပိုက်ဆံရတိုင်းဟောင်နေသောသူများနှင့်မိုက်ကယ်အဲရစ်ကို အဖေ၊ဒေါ်စုကို အမေလို့သတ်မှတ်ပြီး ရေးသားသည့် ၀ါဒဖြန့်ချိရေး ဘလော့များ ပေါ်ထွက်ခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း ပြည်ပရောက် အတိုက်အခံများ ရေးသား ခဲ့ကြသည့် ဒေါက်တာလွဏ်းဆွေ၊ဒီမိုဝေယံ၊သစ်ထူးလွင်၊မိုးသီးဇွန်၊BBC၊VOA၊RFA အစရှိသူတို့၏ ဘလော့စာမျက်နှာများ၌ ရေးသားမှုများမှာ နိုင်ငံတော်ကိုအုပ်ချုပ်နေသည့် အကြီးအကဲများကိုသာ တိုက်ရိုက်စော်ကားရေးသားထားခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် နောက်ပိုင်းအချိန်တွင်မူ ပြည်တွင်းအင်တာနက် သုံးစွဲသူများအကြား လူမှုကွန်ယက်ဝက်ဘ်ဆိုက် ဖြစ်သော Facebook ရေစီးစတင်လာခဲ့ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ပိုမိုအားကောင်းလာခဲ့ပါသည်။ Facebook ရေစီး အားကောင်းလာချိန်တွင် ဘလော့ရေးသားသူ အများစုမှာ Facebook ဘက်သို့ ကူးပြောင်းလာသဖြင့် ဘလော့ရေးသားမှုများ အားလျော့သွားသော်လည်း ဘက်ပေါင်းစုံ အစိုးရမကောင်းကြောင်းဝါဒဖြန့်ချိရေး ဘလော့များမှာမူ ခိုင်မာစွာ ရှိနေခဲ့ပါသည်။

အခြားတစ်ဖက်တွင်လည်း Facebook ၏ အားသာချက်ဖြစ်သော သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်ခြင်းကို အားပြု၍ ဘလော့နှင့် Facebook စာမျက်နှာများကို တွဲဖက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ အပုပ်ချမှုများကို လုပ်ဆောင်လာခဲ့ကြပါသည်။


သမ္မတကြီးကိုသာ ရိုင်းစိုင်းစော်ကားပြနေသော စင်ကာပူရောက် ခင်ကလျာစိုး

ခင်ကလျာစိုးယခုလက်ရှိအသုံးပြုနေသော facebook

အသက် ၆၇ နှစ်အရွယ်ရှိပြီး နိုင်ငံတကာ၏ လေးစားမှုအပါအ၀င် ပြည်သူလူထု၏ ယုံကြည်မှုကိုပါ ရရှိထားသည့် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို အဓိကထားတိုက်ခိုက် . . .

၂၀၁၁ခုနှစ်သို့ ရောက်ရှိချိန်၌ ဘက်ပေါင်းစုံဝါဒဖြန့်ချိရေး ဘလော့ပေါင်းများစွာ ရှိလာသည့်အနက် သစ်ထူးလွင် (http://www.thithtoolwin.com/) ၊ ဒေါက်တာလွဏ်းဆွေ (http://drlunswe.blogspot.com/) ၊ ဒီမိုဝေယံ ( http://www.demowaiyan.org/) အစရှိသည့် ၀က်ဘ်စာမျက်နှာ သုံးခုမှာ သိသာထင်ရှားသော ၀ါဒဖြန့်ချိရေး ၀က်ဘ်စာမျက်နှာများ ဖြစ်လာခဲ့ပါသည်။

နိုင်ငံရေးအတိုက်အခံသမားများ၊ပြည်ပရောက်ဒေါ်လာစားများ၏ အဓိကရည်ရွယ်ချက်မှာ အသက် ၆၇ နှစ် အရွယ်ရှိပြီး နိုင်ငံတကာ၏ လေးစားမှု အပါအ၀င် ပြည်သူလူထု၏ ယုံကြည်မှုကိုပါရရှိထားသည့် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့်အစိုးရ၀န်ကြီးများ၊တပ်မတော်အကြီး အကဲများကို အဓိကထား တိုက်ခိုက်ခြင်း ဖြစ်ပါသည်။

“အရင်တုန်းကလည်း သတင်းစာမှာ သမ္မတဦးသိန်းစိန်နှင့်အစိုးရ၀န်ကြီးများကို အလွန်ပေါ့လေ၊ ယုတ်ယုတ်မာမာတွေ ရေးပြီး တိုက်ခိုက်တာတွေကို ဖတ်ဖူးပါတယ်။ အခု အွန်လိုင်းမှာ ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့လည်း သိရတယ်။ ကြားနေပါတယ်။ ဒါတွေဟာ တိုင်းပြည်အတွက်ရော၊ လူ့အဖွဲ့အစည်း အတွက်ရော လုံးဝအကျိုးမရှိပါဘူး။ ကျွန်တော်က အဲလိုပြောချင်ပါတယ်။ ဒီအလုပ်တွေဟာ လောကပါလတရားနဲ့လည်း မကိုက်ပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး၊ငပုတောမြို့နယ်မှ ပြည်သူတစ်ဦး ကပြောပါသည်။

“လူတစ်ဦးတစ်ယောက်ကို အပုပ်ချသည်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင် စွပ်စွဲပြောဆိုသည်ပဲ ဖြစ်ဖြစ် ဒီအရာတွေဟာ မမှန်ကန်ဘူးဆိုရင် ဝေဖန်ခံရတဲ့သူ၊ အပုပ်ချခံရတဲ့ သူအနေနဲ့ ပြန်လည်ပြီး တရားစွဲဆိုပိုင်ခွင့်ရှိ ပါတယ်။

အဲဒီအတွက်ကြောင့်မို့လို့ ဝေဖန်ခြင်းတွေ ပြုလုပ်လို့ရတယ်။ ပုပ်ခတ်ခြင်းတွေ ပြုလုပ်လို့ရတယ်။ အပုပ်ချခြင်းတွေ ပြုလုပ်လို့လည်း ရတယ်။ ပြောဆိုတဲ့ အကြောင်းအရာတွေမှာ မှန်ကန်မှု မရှိဘူးဆိုရင်တော့ ဥပဒေကို ကျူးလွန်တာလို့ပဲလို့ ကျွန်တော် ပြောပြပါရစေ” တရားရုံးရှေ့နေတစ်ဦးက ပြောပါသည်။

နိုင်ငံရေးအတိုက်အခံပြည်ပရောက်ဒေါ်လာစားများဝက်ဘ်စာမျက်နှာများ၌ သမ္မတကြီးဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေးအရ အဓိကထားပြီး တိုက်ခိုက်သည့်နည်းတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအပါအ၀င် အခြားသော အစိုးရဌာနများကိုလည်း တိုက်ခိုက်ခဲ့ပါသည်။

၂၀၁၀ခုနှစ် ဇူ လိုင်လရွေးကောက်ပွဲကျင်းပပြီးစီးခဲ့တဲ့အချိန်မှာသမ္မတဦးသိန်းစိန်အစိုးရ ကို နာမည်တပ်ပြီး တိုက်ခိုက်မှု စတင်ပါတယ်။ စက်တင်ဘာလထဲမှာ နှစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ်၊ ဒီဇင်ဘာလထဲမှာ ငါးကြိမ်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလထဲမှာ နှစ်ကြိမ်၊ နောက်၂၀၁၁ခုနှစ်မေလထဲမှာ နှစ်ကြိမ်စသဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ခေါင်းစဉ်တပ်ပြီး တိုက်ခိုက်ခဲ့တာပါ။

“သူတို့ရဲ့ ရေးသားပုံတွေကို ပြန်ကြည့်ရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုကို တိုက်ရိုက် လုပ်လာခဲ့တာပါ။ နောက်ပြီးရေးဟန်တွေက ပုံစံသုံးမျိုးလောက် ကွဲထွက်နေတာမို့ တစ်ယောက်တည်း မဟုတ်ဘဲ သုံးလေးဦး ၀ိုင်းပြီးရေးတဲ့ ပုံစံဖြစ်နေပါတယ်။

“ကျွန်မကြားဖူးတာတော့ ခုလို website တွေဖွင့်ပြီး တိုက်ခိုက်ရေးသားကြဖို့အတွက် သေသေချာချာတာဝန်ပေး assign ချထားပြီးတော့ကို လုပ်နေကြတယ်လို့ ဆိုပါတယ်။ ဒါ ဖြစ်နိုင်ပါတယ်။ အဖွဲ့အစည်းနဲ့ကို တကယ်အချိန်ပေးပြီး သေသေချာချာ လုပ်နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီတိုင်းဆို eagerly လုပ်ဖို့ လွယ်မှ မလွယ်တာ။ ပြီးတော့ အချိန်အရ၊ အင်တာနက်မြန်နှုန်း အရ၊ တစ်ယောက်တည်းက ဘယ်လုပ်နိုင်မလဲ” ဟု စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောပါသည်။

ထို့အပြင် သိသာထင်ရှားသော အချက်အနေဖြင့် ၀ါဒဖြန့်ချိရေး ဘလော့တစ်ခုနှင့်တစ်ခုမှာ ချိတ်ဆက်မှုဖြင့် အကြောင်းအရာတစ်ခု ဦးတည်တိုက်ခိုက်လေ့ ရှိခြင်းဖြစ်ပါသည်။

“၀ါဒဖြန့်ချိရေး ဘလော့ဂ်တွေဟာ တလေသံတည်း ထွက်တယ်၊ ပြီးတော့ တခုနဲ့တခု အချိတ်အဆက် ရှိတယ်။ သူများ မရနိုင်တဲ့ အချက်အလက်၊ ပုံတွေတင်တတ်တယ်။ ဥပမာ - ရန်ကုန်မှာ ဗုံးစမ်းသပ်စဉ် ပေါက်ကွဲပြီး သေဆုံးတဲ့ပုံတွေလိုမျိုး။ ၂၀၀၇ ကစပြီး လေ့လာခဲ့ရသလောက် သူတို့စရေးစဉ်ပဲ ဟုတ်သလိုလို ပရိသတ်ရှိခဲ့ပေမယ့် နောက်တော့ ချဉ်ဖတ်ဖြစ်ကုန်တာ များပါတယ်။ အခုရှိတဲ့ ပရိသတ်ဆိုတာလည်း အလံရှူးတွေ၊ သူတို့သားသမီး မကင်းရာ မကင်းကြောင်းတွေနဲ့ မသိနိုးနား အင်တာနက်သုံးစွဲသူလောက် ပဲဖြစ်ပါတယ်။ အွန်လိုင်းအမာခံတွေ က သွားတောင် ဖတ်ကြတာ မဟုတ်ပါဘူး” ဟု နိုင်ငံရေးအတိုက်အခဲများကိုဆန့်ကျင်သူနှင့် ဂျာနယ်လစ် တစ်ဦးက ပြောပါသည်။

သို့သော် ဘက်ပေါင်းစုံဝါဒ ဖြန့်ချိရေးသမားများအနေဖြင့် Facebook ကိုအသုံးပြုပြီး ဆက်လက်လုပ်ဆောင် ခဲ့ကြပါသည်။ Facebook သည် ဘလော့ထက် အားသာချက်များစွာ ရှိနေပြီး မိမိဖြန့်ဝေလိုသော အကြောင်း အရာကိုလည်း အလျင်မြန်ဆုံး ဖြန့်ဝေနိုင်ကာ အသုံးပြုရ လွယ်ကူသဖြင့် ၀ါဒဖြန့်ချိသူများ အနေဖြင့် Facebook ကို ပိုမိုသုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သုံးစွဲရာတွင် နာမည်ဝှက်များဖြင့် Account များစွာ သုံးစွဲပြီး လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

“သူတို့က ရေများ ရေနိုင်ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ လူညီရင် ဤကို ကျွဲလို့ဖတ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်အောင် ၀ိုင်းလုပ်နေကြတာ။ သူတို့က အရင်သုံးနေတဲ့ စကားလိုပဲ။ မဟုတ်တာကို ပြောပါများရင်ဟုတ်တာဖြစ်သွားတယ်ဆိုတဲ့ ပုံစံမျိုးဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံပြီး သူတို့ လုပ်နေတာ။ ပြောရမယ်ဆိုလို့ရှိရင် မဟာဗျူဟာ ချမှတ်ပြီးတော့ ကိုလုပ်နေတဲ့ သဘောရှိတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကပြောပါသည်။

ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိသူများထဲတွင် အစိုးရဌာနများပါဝင် ပတ်သက်နေသည့် ယူဆမှုများ ရှိနေသည့် အချိန်၌ ယခင်အစိုးရ လက်ထက်က လုပ်ဆောင်ခဲ့သော ခံယူချက်ဖြင့် လုပ်ဆောင်မှုများမှာ ယနေ့ထိတိုင် ရှိနေဆဲဖြစ်ကြောင်း သုံးသပ်သူများက ပြောဆို ပါသည်။

“တကယ့်လက်တွေ့အနေအထားမှာလည်း မီဒီယာကို မီဒီယာနဲ့တိုက်လို့ ပြောပေမယ့်လို့ အဲဒီ မီဒီယာရဲ့ စာဖတ်ပရိသတ် ဘယ်လောက်ရှိသလဲဆိုတဲ့ အပေါ်မှာ ပြဿနာရှိတယ်။ ဥပမာ A နဲ့ B နဲ့ တိုက်တယ်။ A ရဲ့ စာဖတ်သူက ထောင်ဂဏန်းလောက်ပဲရှိပြီး B ရဲ့ စာဖတ်သူက သောင်းဂဏန်းလောက် ရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့ စာစောင်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ၀က်ဘ်စာမျက်နှာမှာပဲ ဖြစ်ဖြစ် သူရေးတဲ့စာတွေကို သူ့ရဲ့ စာဖတ်သူတွေက လက်ခံတယ်၊ သဘောကျတယ်ဆိုရင် သူရဲ့ စာဖတ်ပရိတ်သတ်က တက်လာမယ်။ ကျွန်တော်တို့က ရလဒ်ကို ကြည့်ရမယ်။ သူတို့ ထူထောင်ထားတဲ့ မီဒီယာတွေ ရေးတဲ့သားတဲ့ အပေါ်မှာ လူတွေကဖတ်ပြီးတော့ ဘယ်လိုရလဒ်တွေ ထွက်လာလဲ။ ရလဒ်ဆိုတာ လက်တွေ့ဘ၀ထဲမှာကြည့်ရမှာကိုး။ ရလဒ်က အွန်လိုင်းစာမျက်နှာပေါ်မှာ ကြည့်လို့ မရဘူး။ အကြောင်းအရာ တစ်ခုကို အွန်လိုင်းမှာ ရေးလိုက်တယ်။ ရေးလိုက်တဲ့အပေါ်မှာ စာဖတ်သူပေါင်းစုံ တက်ဖတ်တယ်။ ဖတ်ပြီးတဲ့ အခါမှာ အဲဒီရဲ့ ရိုက်ခတ်မှုက အပြင်မှာ ဘာဖြစ်လာလဲ။ အဲဒါကို ကြည့်ရမယ် ထင်တယ်” ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသည့် ဒေါက်တာဆင်ပေါက်(ကလောင်အမည်ဖြစ်သည်)က ပြောပါသည်။

“နိုင်ငံမှာ အတိုက်အခံ အင်အားစုလည်း အပြိုင်ရှိလာပြီဆိုတော့ ပြိုင်ပွဲဆန်လာတာပေါ့။ ဒါပေမဲ့ ပြိုင်ပွဲမှာ ရန်လိုတာတွေ၊ ညစ်ပတ်တာတွေ၊ မဟုတ်မတရားတွေ ပါလာတော့ တိုက်ပွဲဆန်လာတဲ့ သဘောပါပဲ။ ဒီနေရာမှာ ပြိုင်တိုက်ရသူရဲ့ အရည်အချင်း၊ အဆင့်အတန်းနဲ့ စိတ်ဓာတ်စံမီ မမီဆိုတာပေါ် မူတည်ပြီး ခုလို ရှက်စရာကောင်းတဲ့ ကိစ္စတွေ တိုက်ပွဲထဲ ပါလာတော့တာလို့ပဲ မြင်ပါတယ်။ ဒီလို ကိစ္စမျိုးတွေ သံသယဖြစ်စရာ မေးခွန်းထုတ်စရာပါပဲ” ဟု စာရေးဆရာမ ဒေါ်မေငြိမ်း က ပြောပါသည်။

ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေး လုပ်ငန်းများတွင် အစိုးရပါဝင်ပတ်သက်နေသည် ဆိုပါက ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းအပေါ် သံသယဖြစ်စရာ မေးခွန်းထုတ်စရာများ ရှိနေသည့်နည်းတူ အခွန်ထမ်းပြည်သူများ၏ ငွေဖြင့် ဒီမိုကရေစီပျက်စီးမည့် လုပ်ရပ်များကို မလုပ်သင့်ကြောင်း ပြောဆိုမှုများလည်း ရှိပါသည်။

“အခွန်ထမ်းတွေရဲ့ ငွေနဲ့လုပ်တယ်ဆိုတာကလည်း နည်းတဲ့အင်အား၊ နည်းတဲ့ငွေကြေး မဟုတ်ဘူး။ တစ်ဦးချင်းအနေနဲ့ တစ်ဖွဲ့ချင်း အနေနဲ့ ငွေကြေးတွေ သုံးထားတာကလည်း မနည်းဘူး” ဟု ဦးစိုးနိုင်က ပြောပါသည်။

အစိုးရအနေဖြင့် ၀ါဒဖြန့်ချိရေး လုပ်ဆောင်မှုများအတွက် ငွေကြေးသုံးစွဲမှုများကို လျော့ချပြီး တရားဝင် သတင်းထုတ်ပြန်ရေး ၀က်ဘ်ဆိုက်နှင့် PR(Public Relations) များ ထားရှိသင့်ကြောင်း အကြံပြုပြောဆိုမှုများလည်း ရှိနေပါသည်။

“၀န်ကြီးဌာနတွေအနေနဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ ထားရပါမယ်။ အဲဒီကတစ်ဆင့် ထုတ်ပြန်ချင်တာတွေ၊ သတင်းမှားတွေကို ချေပချင်တာတွေကို လုပ်ဆောင်လို့ ရပါတယ်။ နောက်ပြီး PR ကို သေသေချာချာ ထားရမှာပါ” ဟု Myanmar's Net မှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောပါသည်။

လက်ရှိအချိန်၌ အွန်လိုင်းသုံးစွဲမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ အပုပ်ချမှုများ ပိုမိုများပြားနေပြီး ထိုလုပ်ရပ်များအတွက် ကာယကံရှင်များမှ ပြန်လည်တရားစွဲဆိုနိုင်မှု အခွင့်အရေးမှာ နည်းပါးနေဆဲဖြစ်ကြောင်းအင်တာနက်အသုံးပြုနေသူ ပြည်သူတစ်ဦးက ပြောပါသည်။

“ကျွန်မတို့မြန်မာပြည်မှာ တစ်လျှောက်လုံးပဲ အရင်ကတည်းကလည်း အဲဒီလိုလုပ်နေတာတွေ ရှိတယ်။ တစ်ကယ်ပြောရမယ် ဆိုလို့ရှိရင် တရားဝင်လို ပုံစံမျိုးကို လုပ်နေကြပေါ့နော်။ အမှန်တစ်ကယ်ဆိုလို့ရှိရင် ဒါတွေဟာ နိုင်ငံတကာမှာဆိုလို့ ရှိရင် Internet တွေဘာတွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာတွေ မဟုတ်တဲ့ သတင်းတွေ တင်လို့ ရှိရင်တောင် ပြန်ပြီးတော့ တရားစွဲခွင့် ရှိတယ်။ဒါပေမယ့် နိုင်ငံတော်အစိုးရအနေဖြင့်သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ထားကြောင်း" နေပြည်တော်ရှိ ၀န်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။

လက်ရှိအချိန် အီလက်ထရောနစ် ဥပဒေ ရှိနေသော်လည်း ထိုဥပဒေမှာ အားနည်းချက်များစွာ ရှိနေသည့်အပြင် ဖျက်သိမ်းသင့်သည့် ဥပဒေဖြစ်နေသည့်အတွက် ခေတ်နှင့်လျှော်ညီ ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ ကျင့်ဝတ်နှင့် မလျော်ညီသည့် အရေးအသားများဖြင့် စနစ်တကျ လုပ်ဆောင်လာမှုများအတွက် Cyber Law ကဲ့သို့သော ဥပဒေတစ်ရပ်ပေါ်ထွက်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြောဆိုမှုများ ရှိနေပါသည်။

“ဒီဟာမျိုးက Cyber Crime လိုပဲ။ Cyber Police တွေ ထားရမယ်ဗျာ။ Cyber Law ကတော့ ရှိရမှာပဲ။ နည်းပညာနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာပြီဆိုတော့ နည်းပညာကို အလွဲသုံးစားလုပ်တဲ့ လူတွေ ပေါ်ကို ပေါ်လာမှာပဲလေ။ အဲလို လူမျိုးတွေကို ကာကွယ်တားဆီးဖို့ကျတော့ သေချာတာ တစ်ခုကတော့ ခိုင်မာတဲ့၊ အဆင့်အတန်းမီတဲ့ Cyber Law က ရှိရမှာပေါ့။ အဲဒီအဖွဲ့အစည်းက သူတို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဒီ အဖွဲ့အစည်းကို Cyber Law နဲ့ ကျွန်တော်တို့က ပြန်ပြီးတော့ check and balance လုပ်နိုင်တဲ့ အနေအထားမျိုး ပေါ့။ အဲဒီနှစ်ခု Cyber Law ရော Cyber Police ရော အရေးတကြီး လိုအပ်တယ်လို့ ထင်တယ်” ဟု ဘလော့ဂါ ဒေါက်တာဆင်ပေါက်က ပြောပါသည်။

ဘက်ပေါင်းစုံဝါဒ ဖြန့်ချိရေးဟု ဆိုရာတွင် အစိုးရဘက်မှ ၀ါဒဖြန့်ချိသူများကိုသာဆိုလိုခြင်း မဟုတ်ဘဲ အတိုက်အခံများဘက်မှ ၀ါဒဖြန့်ချိသူများကိုပါဆိုလိုကြောင်း၊ လာဘ်စားမှုများ၊ အလွဲသုံးစားလုပ်မှုများကို အချက်အလက် ခိုင်မာစွာ ရရှိထားသည် ဆိုပါက ဝေဖန်ရေးသားနိုင်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုပါက ကျိုးကြောင်းခိုင်လုံမှုကို ဦးစားပေးပြီး လုပ်ဆောင်သင့်သည်ဟူသော သုံးသပ်မှုများလည်း ရှိနေပါသည်။

“ကျွန်တော့်အမြင်ကတော့ အွန်လိုင်းမီဒီယာပဲဖြစ်ဖြစ်၊ ပရင့်မီဒီယာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို အခြေခံပြီးတော့ ခိုင်မာတဲ့ သတင်းအရင်းအမြစ် မရှိဘဲနဲ့ရေးသားတာမျိုးကို တားသင့်တယ်လို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုရင် သတင်းရင်းမြစ် မခိုင်မာလို့ရှိရင် ဒီသတင်းကို အကြောင်းပြုပြီးတော့ တစ်ဖက်မှာ ထိခိုက်မှုတွေ၊ သက်ရောက်မှုတွေရှိတယ်။ ဘယ်ဘက်ကိုပဲဖြစ်ဖြစ် အားနည်းချက် လိုအပ်ချက်ကို ပြောရမယ်။ အစိုးရဖြစ်တဲ့ဘက်ရော၊ အစိုးရ မဟုတ်တဲ့ဘက်ရော။ ဒါပေမယ့် အွန်လိုင်းပေါ်ရေးတာပဲ။ ရေးလို့ရတာပဲ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ရင့်ရင့်သီးသီး ပြောတာတွေ ရှိတယ်။ မကြားဝံ့မနာသာ ပြောတာတွေ ရှိတယ်။ လက်ရှိ အနေအထား အရတော့ မြင်နေတာတွေက အွန်လိုင်းမှာ တချို့ရေးနေတာတွေက ဖတ်ဖို့ မသင့်တော်တဲ့ အထိပေါ့လေ။

အဲဒီလောက်အထိ ဖြစ်သွားဖို့တော့ မလိုဘူးလို့ထင်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဒီလိုမျိုးတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဒီလောက်ကြီး ပြင်းပြင်းထန်ထန် မဖြစ်သင့်ဘူးလို့ မြင်တယ်လေ” ဟု ပြည်သူတစ်ဦးက ပြောပါသည်။

ပုဂ္ဂိုလ်တစ်ဦးချင်းစီအရ မိမိတို့ ၏ ခံစားချက်များကို တစ်ဦးချင်း လွတ်လပ်စွာဖြင့် ရေးသားပြောဆို နိုင်သော်လည်း သတင်းတစ်ခုအသွင်ဆောင်ပြီး ဖြန့်ဝေတော့မည်ဆိုပါက ရေးသားမှုနှင့်အတူ တာဝန်ယူမှုပါ ရှိသင့်သည်ဟူသောပြောဆိုမှုများ လည်းရှိပါသည်။ ထို့အပြင် သတင်းဝက်ဘ်ဆိုက် တစ်ခုအနေဖြင့် အယ်ဒီတာအဖွဲ့ (သို့မဟုတ်) ထုတ်ဝေဖြန့်ချိသည့် အဖွဲ့အစည်းကို ထားရှိသင့်ကြောင်း သုံးသပ်မှုများရှိပါသည်။

“Social Media နဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချချင်တဲ့ သူတွေ အတွက်ကတော့ ကိုယ့် Identity ကို ကိုယ်တန်ဖိုးထားဖို့ အလွန်အရေးကြီး ပါတယ်။ Social Media ရဲ့ နောက်ထပ်ပြဿနာက ကိုယ့်ရဲ့ ပုံရိပ် Identity ကို ပြင်ပမှာထက်ပိုပြီး လွယ်လွယ် ဖွက်ထားလို့ရတာပါပဲ။ Identity နှစ်ခု သုံးခုရှိချင်ရင်လည်း လွယ်လွယ် ရရှိနိုင်တာပါပဲ။ အဲ့ဒီလို အတုလုပ်လို့ လွယ်နေတော့င် Identity အတုတွေနဲ့ သတင်းမှားတွေ ဖြန့်တဲ့အတွက် သတင်းမှားတွေကလည်း လွယ်လွယ်ပြန့်နိုင်ပါတယ်။

တစ်ဘက်ကကြည့် ပြန်တော့လည်း လွယ်လွယ်ပြန့်နိုင်တာ သတင်းမှားတစ်ခုတည်း မဟုတ်ပါဘူး။ သတင်းမှန်တွေလည်း လွယ်လွယ်ပြန့်နိုင်တာပါပဲ။ စကားကြီး စကားကျယ်ပြောရရင် အချိန်တန်တော့ အမှန်တရားက စကားပြောသွား မှာပါပဲ” ဟုသတင်းထောက်တစ်ဦးက ပြောပါသည်။

မည်သို့ပင်ဆိုစေကာမူ အွန်လိုင်း မီဒီယာဆိုသည်မှာ ကောင်းကျိုးနှင့် ဆိုးကျိုး ရောထွေးနေသည့် အတွက်လူဆိုး၊ လူကောင်းဆိုသည်မှာ ဘက်တိုင်းတွင် ရှိနေမည်ဖြစ်ကြောင်း သုံးသပ်သူများ က ပြောဆိုခဲ့ကြပါသည်။

ပြည်ပရောက်ဒေါ်လာစားတို့၏ ဘလော့လင့်များ

သစ်ထူးလွင် http://www.thithtoolwin.com/
ဒီမိုဝေယံ http://www.demowaiyan.org/
မိုးသီးဇွန် http://komoethee.blogspot.com/
ဒေါက်တာလွဏ်းဆွေ http://drlunswe.blogspot.com/
BBC http://www.bbc.co.uk/burmese/
RFA http://www.rfa.org/english/

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မိုဘိုင်းဖုန်းလိုင်းများကို ပုံမှန်ဈေးထက်ပိုမိုရောင်းချပါက အရေးယူသွားမည်ဟုဆို


မြန်မာ့ဆက်သွယ်ရေးမှ ဈေးနှုန်းသက်မှတ်ထားသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်းမြင့်တင်ရောင်းချနေပါက အရေးယူဆောင် ရွက်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။

““အခု အရေးယူဆောင် ရွက်ဖို့လုပ်နေပြီ။ ကတ်တွေကိုလည်း လိုသလောက် ထုက်ပေးတော့မယ်။ ဈေးလည်း ပိုပြီးမရောင်းရဘူး။ ရောင်းရင် အရေးယူမယ်။”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည် မဖော်လိုသည့် အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

ရန်ကုန်မြို့၌ ၀ယ်လိုအားနှင့် ထွက်ရှိလာသည့် မိုဘိုင်းဖုန်းလိုင်း ကတ်အရေအတွက်မှာ မျှတမှုမရှိသည့်အတွက် တစ်ဆင့်ခံရောင်းချနေသည့် ကိုယ်စားလှယ်များလက်ဝယ်၌ မိုဘိုင်းဖုန်းလိုင်းများ၏ ဈေးနှုန်းမှာ မှုရင်းဈေးနှုန်းထက် ၁ သောင်းကျော်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မှုရင်းဈေး နှုန်းဖြင့်သာရောင်းချမည်ဆိုပါက ကတ်ရှားပါးနေသည့်အချိန်ကာလ၌ ၀ယ်ယူအသုံးပြုလိုသူများအတွက် အခတ်အခဲများနှင့် ကြုံတွေ့လာနိုင်သည်ဟု မိုဘိုင်းဖုန်းကတ်များကို တဆင့်ခံရောင်းချပေးနေသူတစ်ဦး ကသုံးသက်သည်။

““အရင်ကရတနာပုံနဲ့ Elite မှာပဲ ကတ်တွေကိုရောင်းနေတာ။ အခု မြန်မာ့ဆက်သွယ်ရေးရဲ့ ရုံး ၅ ရုံးမှာလည်းရောင်းပေးသွားမယ်။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ကတ်တွေကိုဝင်မရောင်းဘူး။ ကုမ္ပဏီ တွေကိုပေးရောင်းနေတာ။ အခုမှပြန်ရောင်းမှာ”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိကဆိုသည်။

ဈေးနှုန်းမြင့်တင်ရောင်းချသူကို အရေးယူဆောင်ရွက်သွားမည်ဟူသော ကိစ္စနှင့်ပတ်သက်၍ လူကြီးမင်းဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုအောင်က ““ကျွန်တော်တို့ ဆိုင်တွေအနေနဲ့ ပိုပြီးသဘောကျတယ်။ ကတ်တွေများများထွက်လာမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့က ကတ်တွေပေါ်မှာ အမြတ်ရနေတာမဟုတ်ဘူး။ ၀ယ်တဲ့လူတွေက လိုအပ်နေလို့သာကိုယ်တွေကလည်း တခြားကနေယူပြီး မှုရင်းဈေးအတိုင်းပြန်ပေးနေရတာပါ။

ဝယ်လိုအားက ရှိနေတုန်းပဲ။ ကတ်တွေကသာမရှိတာ။ ၀ယ်လိုအားရှိတော့ ကတ်တွေကိုကိုင်ပြီး ဈေးကစားနေသူတွေကလည်းရှိနေတယ်။ အဲဒါကြောင့် ပြင်ပဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲဖြစ်နေရတာ”” ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ၎င်းင်းတို့သက်မှတ်ထားသော ၂ သိန်း၊ ၂ သိန်းခွဲကျပ်ဖြင့်သာ မိုဘိုင်းဖုန်းလိုင်းများကို ရောင်းချကြရန်ထုက်ပြန်ကြေညာခဲ့ပြီး အပိုကြေးဖြင့် ရောင်းချနေသည့် ပြင်ပအရောင်းဆိုင်များကို အရေးယူဆောင်ရွက်သွားမည်ဟုဆိုသော်လည်း အရေးယူဆောင်ရွက်သွားမည့် အခြေအနေများကိုမှု ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။