Thursday, May 17, 2012
ပြည်ပလေကြောင်းလိုင်း ခြောက်လိုင်းက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ပြေးဆွဲရန် စီစဉ်နေ
ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အသိ အမှတ်ပြုပြီးနောက် ပြည်ပလေကြောင်းလိုင်း ခြောက်လိုင်းက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေကြောင်းလိုင်းများမှာ သီရိလင်္ကာ လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ဘီမန်းလေကြောင်းလိုင်း၊ ဟောင်ကောင် အိပ်စ်ပရက်လေကြောင်းလိုင်း၊ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်းနှင့် ဂျပန်နိုင်ငံအခြေစိုက် All Nippon Airways တို့ဖြစ်သည်။
လေကြောင်းလိုင်း ခြောက်လိုင်းအနက် ဂျပန်နိုင်ငံ အခြေစိုက် လေကြောင်းလိုင်းနှင့် ကာတာလေကြောင်းလိုင်းတို့မှာမကြာမီအချိန်အတွင်း ရန်ကုန်မြို့နှင့် တိုက်ရိုက်ပျံသန်း ပြေးဆွဲကြတော့မည် ဖြစ်သည်။
All Nippon Airways လေကြောင်းလိုင်းသည် (၁၂)နှစ်ကြာ ရပ်ဆိုင်းထားသည့် တိုကျို-ရန်ကုန် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ကာတာလေကြောင်းလိုင်း သည် လေးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်-ဒိုဟာ ခရီးစဉ်ကိုလာမည့်အောက်တိုဘာ တွင် ပြန်လည် ပြေးဆွဲတော့မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
အဆိုပါ ကြေညာချက်သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ကာတာအဲယားဝေးရှိ အရှေ့အာရှနှင့်အာဖရိက အနောက်တောင် ဒေသဆိုင်ရာအကြီးတန်းဥက္ကဋ္ဌတို့ မေလ ၉ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကာတာလေကြောင်းလိုင်းမှ ထုတ်ပြန်ခြင်းဖြစ်သည်။
ကာတာလေကြောင်းလိုင်း ပြေးဆွဲမည့် အစီအစဉ်မှာ ဒိုဟာ-ရန်ကုန်-ဒိုဟာ ခရီးစဉ်ကို A-319င့် A-320 လေယာဉ်များဖြင့်တစ်ပတ်သုံးကြိမ်ပုံမှန်ပြေး ဆွဲမည်ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းခန့် တွင် နေ့စဉ်ပျံသန်းနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် Silk Air လေကြောင်းလိုင်းသည် စင်ကာပူနိုင်ငံ အခြေစိုက်လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး မေ ၂၆ ရက်မှစတင်ကာ မြန်မာ-စင်ကာပူ ခရီးစဉ်အား တစ်ပတ်လျှင် နှစ်ရက် တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုးချဲ့ပျံသန်းရခြင်းမှာလာရောက်သူ ခရီးသွား များပြားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ရုံးဝန်ထမ်းများအတွက် ရည်ရွယ်ကာ ပျံသန်းပေးခြင်းဖြစ်ပြီး ဇွန် ၁ ရက်တွင် အာဆီယံ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များအား ပြည်ဝင်ခွင့်ဗီဇာပေးရန် စီစဉ်ထားသောကြောင့် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ မေ ၂၆ ရက်တွင် စတင်ကာ အပတ်စဉ် သောကြာနေ့ ည ၁၂ နာရီခွဲနှင့် တနင်္ဂနွေနေ့ ည ၁၂ နာရီခွဲတို့တွင် ထွက်ခွာမည်ဖြစ်ပြီး ယင်းနှစ်ရက်တွင် စင်ကာပူမှ ည ၁၀ နာရီတွင် ရန်ကုန်သို့ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မြောက်ကိုရီးယားထံမှ သာမန်လက်နက်တွေသာဝယ်ဟု သမ္မတပြော
လွန်ခဲ့သည့်အနှစ် ၂၀ အတွင်း မြောက်ကိုရီးယားထံမှ သာမန် စစ်လက်နက်ပစ္စည်းများကိုသာ ဝယ်ယူခဲ့ပြီးဆက်လက် ဝယ်ယူတော့မည် မဟုတ်ဟု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော
တောင်ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘက်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ကတိပေးပြောကြားသည်ဟု ဝါရှင်တန်ပို့ သတင်းစာ၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာသမ္မတက တောင်ကိုရီးယားသမ္မတကို ပြောကြားရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်မှု မည်သည့်အခါကမျှ မရှိခဲ့ဟု ငြင်းဆိုသွားသည်ဟုလည်း ဝါရှင်တန်ပို့က ရေးသားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နှင့် ၁၈၇၄ တို့တွင် မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ် သည့် စစ်လက်နက် ပစ္စည်းများကို အခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန်ဆုံးဖြတ်ထားပြီး ထိုတားမြစ်ချက်ကို လိုက်နာသည့်အနေဖြင့် မြောက်ကိုရီးယာမှ လက်နက်များ ဝယ်ယူမည်မဟုတ်ဟု မြန်မာသမ္မတက ပြောဆိုသည် ဟုလည်း ဝါရှင်တန်ပို့က ရေးသားသည်။
မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်ခဲ့သည့် တောင်ကိုရီးယားသမ္မတသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်္ဂါနေ့တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ချိုးဖေါက်သည်ဟု ယူဆရသည့် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံမှု မပြုလုပ်ရန် မြန်မာသမ္မတနှင့် ဆွေးနွေးခဲ့သည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောသွားသည်ဟု သိရသည်။
မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေးတွင် ယခင်စစ်အစိုးရ တတိယခေါင်းဆောင် ဖြစ်ခဲ့သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နျူကလီးယား စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်ဟု စွပ်စွဲချက်များ လွန်ခဲ့သည့်နှစ်များအတွင်း ထွက်ပေါ်လာခဲ့ရာ ထိုစွပ်စွဲချက်များကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲတခုတွင် ဦးရွှေမန်းက ငြင်းဆိုသွားခဲ့သေးသည်။
“တချို့စွပ်စွဲတာကတော့ နျူးကလီးယားကိစ္စ အပါအဝင်မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ပြောတယ်။ မဟုတ်ပါဘူး။ နျူကလီးယားကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့ အနေအထားမဟုတ်ပါဘူး” ဟု သူရဦးရွှေမန်းက ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှချမှတ်ထားသည့် မြောက်ကိုရီးယားမှ လက်နက်မဝယ်ရေး ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေဖြင့် အကောင်အထည်ဖေါ်နိုင်ရန် မျှော်လင့်ကြောင်း သူ၏ ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။
တောင်ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်သည်။ ၁၉၈၃ ခုနှစ် တောင်ကိုရီးသားသမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံလာရောက်ခဲ့စဉ် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုရာ မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ တိုက်ခိုက်မှုအတွင်း ခရီးစဉ်နောက်ကျပြီးမှရောက်လာသူ တောင်ကိုရီးယားသမ္မတ ထိခိုက်ခြင်း မရှိသော်လည်း တောင်ကိုရီုးယား အစိုးရအဖွဲ့ဝင်များ အပါအဝင် မြန်မာအရာရှိ ၂၁ ဦးသေဆုံးခဲ့သည်။
မစ္စတာ အီမြောင်ဘက်သည် အာဇာနည်ဗိမာန်သို့ အင်္ဂါနေ့တွင် သွားရောက်၍ ၁၉၃၈ ခုနှစ် တိုက်ခိုက်မှုအတွင်း ကျဆုံး သွားကြသည့် ကိုရီးယားသမ္မတ ဝန်ကြီးများကို ရည်စူး၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့သည်ဟု နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖေါ်ပြပါရှိသည်။ မြန်မာနိုင်ငံသို့ နှစ်ရက်တာလာရောက်ခဲ့သည့် မစ္စတာ အီမြောင်ဘက်သည် အင်္ဂါနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

လုံးချင်းဝတ္ထုများ စိစစ်ရေးတင်ရန် မလိုတော့
စာပေစိစစ်ရေး၏ စတုတ္ထအဆင့် ဖြေလျှော့ပေးခြင်းအဖြစ် လုံးချင်းဝတ္ထုများအား လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မေလ ၁၅ ရက်တွင် စာပေစိစစ်ရေးဌာန၌ ပြုလုပ်သည့် ထုတ်ဝေသူများနှင့် ညှိနှိုင်းစည်းဝေးပွဲတွင် တရားဝင် ထုတ်ပြန်လိုက်သည်။
ယခု စတုတ္ထအဆင့် ဖြေလျှော့မှုအရ ယခင် အုပ်စု (၂)တွင် ပါဝင်သော အထွေထွေစာမူများ အနက် “၀တ္ထု” စာမူများအား အုပ်စု (၁) ထုတ်တင်စနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ “အရင်က စာပေနဲ့စာနယ်ဇင်းအဖွဲ့ပဲ ရှိခဲ့တာကနေ အခုဆို မီဒီယာအသင်းအဖွဲ့ ပေါ်လာဖို့ ရှိပါတယ်။
မီဒီယာဥပဒေ မပေါ်မီ ကျွန်တော်တို့က လက်ရှိနဲ့ သဟဇာတဖြစ်အောင် ထိန်းပေးထားတဲ့ အနေအထားပါပဲ။ စာနယ်ဇင်းကောင်စီကိုလည်း ဇွန်လမှာပေါ်ဖို့ လုပ်ထားပါတယ်။
ကျွန်တော်ထင်တာကတော့ ၂၀၁၂ ဇွန်လ တတိယအပတ်လောက်ဆို ဒီဆင်ဆာလုပ်ငန်း မရှိနိုင်တော့ဘူးလို့ သက်ရောက်ပါတယ်” ဟု အဆိုပါ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဝန်ထမ်းမဟုတ်သော သက်ကြီးရွယ်အိုများအတွက် ပင်စင်အစီအစဉ် မကြာမီပေါ်ထွက်မည်
အစိုးရပင်စင်လစာ မဟုတ်ဘဲ အဖွဲ့အစည်းများတွင် ဝန်ထမ်းမဟုတ်သော သက်ကြီးရွယ်အိုများအတွက် ခံစားခွင့်ရှိသည့် သက်ကြီးပင်စင် အစီအစဉ်အသစ် မကြာမီပေါ်ထွက်လာမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။
ယင်းသက်ကြီးပင်စင် အစီအစဉ် အသစ် သည် ပြည်ထောင်စု လွှတ်တော်တွင်မကြာမီ အတည်ပြုတော့မည့် လူမှုဖူလုံရေး ဥပဒေအသစ်တွင် ထည့်သွင်းဖော်ပြထားသောကြောင့် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အသစ်ပြဋ္ဌာန်း မည်ဖြစ်သော သက်ကြီးပင်စင်တွင် မည်သူမဆို သက်ကြီးခံစားခွင့်အဖြစ် အာမခံကြေးပေးသွင်းပါက သက်ကြီးပင်စင် ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း သက်ကြီးပင်စင်အတွက် ပေးသွင်းရမည့် အာမခံကြေးပမာဏနှင့် ခံစားခွင့်ကို ရေးဆွဲနေဆဲဖြစ်သောကြောင့် အတိအကျ မထွက်ရှိသေးကြောင်း ဦးအောင်ထွန်းခိုင်က ပြောသည်။
အစိုးရဝန်ထမ်းများအနေဖြင့် အစိုးရက ပေးသောပင်စင်လစာအပြင် သက်ကြီးပင်စင်လစာကိုပါ ခံစားခွင့်ရမည်ဖြစ်သည်။ ယခုလက်ရှိတွင် သက်ကြီးရွယ်အိုများအတွက် သက်ကြီး ရွယ်အို စောင့်ရှောက်ရေးဥပဒေကို ရေးဆွဲရန် ပြင်ဆင်နေပြီး နိုင်ငံတကာမှ ပြဋ္ဌာန်းသော ဥပဒေ များကိုပါ လေ့လာ၍ မြန်မာနိုင်ငံနှင့် သင့်လျော်သော ဥပဒေကို ပြဋ္ဌာန်းမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုဦးရေသည် နိုင်ငံ့လူဦးရေသန်း ၆၀ တွင် ၁၀ ရာခိုင်နှုန်း ရှိသည်။ နိုင်ငံတော် အစိုးရနှင့် ပြည်တွင်းပြည်ပရှိ လူမှုရေး အဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုကြောင့် လက်ရှိသက်ကြီးရွယ်အို လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်သာ ကူညီထောက်ပံ့နိုင်ကြောင်း သိရှိရသည်။
Myanmar Express မူရင်းသတင်းက ဒီမှာပါ။
မီးလောင်မှုအမြန်သိရေး CCTV ကင်မရာများ တပ်ဆင်မည်
မီးလောင်ဆုံးရှုံးမှုဖြစ်စဉ်များ၌ ကြိတ်၌ ငြှိမ်းသတ်ခြင်း၊ အကြောင်းကြားမှုအား နည်းခြင်း၊ မီးမနိုင်မှ အကြောင်းကြားခြင်းတို့ကြောင့် မီးလောင်ဆုံးရှုံးမှုများ ပို၍များပြားခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုများကို အလျင်အမြန် သိရှိနိုင်ရန် အတွက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ရန်ကုန်မြို့လယ်ရှိ အထပ်မြင့် အဆောက်အအုံကြီးများပေါ်တွင် CCTV ကင်မရာများ တပ်ဆင်ကြည့်ရှု၍မီးလောင်ပြင်သို့ အမြန်ဆုံးသွားရောက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကင်မရာများ ဝယ်ယူပြီးပါက ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ်နှင့် အထပ်မြင့် တာဝါကွန်ဒိုကြီးများတွင် အမြန်ဆုံး တပ်ဆင်သွားမည်ဖြစ်သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
စာနယ်ဇင်း ကောင်စီကို သမ္မတ အတည်ပြု ဖွဲ့စည်းမည်
မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်လာမည့် စာနယ်ဇင်း ကောင်စီကို လာမည့် ဇွန်လတွင် သမ္မတက အတည်ပြု ဖွဲ့စည်းပေး သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း က ပြောသည်။
အတည် မပြုရသေးသည့် မီဒီယာ ဥပဒေကြမ်းအခန်း (၄) တွင် ပါဝင်မည့် စာနယ်ဇင်း ကောင်စီကို အမြုတေ အဖွဲ့အစည်း အနေဖြင့် စတင်ဖွဲ့စည်းရာ တွင်မြန်မာ ဂျာနယ် လစ် ကွန်ရက်(MJN) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA) နှင့် မြန်မာ သတင်းသမားများ သမဂ္ဂ (MJU) အသင်းသုံးသင်းမှ ကိုယ်စားလှယ် များ ပါဝင်ရန် ဖိတ်ကြားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ယခုလ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် ပြောသည်။
ထို့အပြင် ပြည်ထောင် စုဝန်ကြီးက ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ နှင့် ပတ်သက်၍ သဘောထားနှင့် အကြံပြုချက်များ ပေးရန်လည်း ထိုအသင်းများသို့ ပြောကြားခဲ့ သည်။ ကောင်စီတွင် ပါဝင်မည် ဆိုပါ ကအသင်းများမှ အမည် စာရင်းများ နှင့် အကြံပြူချက် သဘောထားများ ကို ယခုလ မကုန်မီ ပြန်ကြားရေးသို့ ပေးအပ်ရမည် ဖြစ်သည်။
စာနယ်ဇင်း ကောင်စီသည် လွတ်လပ်သော အဖွဲ့အစည်း အဖြစ် တည်ရှိသင့်ပြီး အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှု မရှိဘဲ သီးသန့် ဖြစ်သင့်သည် ဟု သတင်းစာပညာ သင် ကြားပေး သူတစ်ဦးက ပြောသည်။
ဆက်ပြီး ၄င်းက လွတ်လပ်သော အဖွဲ့အစည်း အနေဖြင့် ကောင် စီကရှိနေမှသာ စတုတ္ထ မဏ္ဍိုင်မှ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနှင့် ဥပဒေ ပြုရေး မဏ္ဍိုင် သုံးရပ်ကို ထောက်ပြ ဝေဖန်ရာတွင် ကြားနေ အဖြစ် တည့်မတ် ပံ့ပိုးပေးနိုင်မည်ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ အောက်ခြေမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ထိ ပြည်လည်ဖွဲ့စည်းမည်
ပြည်ခိုင်ဖြိုးပါတီကို ရပ်/ကျေးအဆင့်မှပြည်နယ်နှင့်တိုင်းဒေသကြီး ကော်မတီအဆင့်ထိ ဇွန်လအတွင်းအပြီးသတ်ပြန်လည်ဖွဲ့စည်းမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းကပြောသည်။
”တို့က အသင်းဘဝကနေပြီး တောက်လျှောက်လာပြီးတော့မှပါတီ ပြောင်းတဲ့အချိန်မှာ ဖွဲ့စည်းပုံကိုလုပ် လိုက်ရမှာ အခုမှ လုပ်ရတဲ့ အနေ အထားဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။ပါတီတစ်ရပ်အတွက် ဖွဲ့စည်း ပုံ မှန်မှန်ကန်ကန်ဖြစ်ရန်နှင့် ပြည်သူ တို့၏ဆန္ဒအတိုင်း ဖြစ်ရန်လိုအပ် ကြောင်း ၄င်းကပြောသည်။ ”အောက်ခြေမှာရှိတဲ့ ရပ် ကျေးတွေက အခြေခံစပြီး လုပ်မှာ ဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးပါ တယ်။
ရပ်ကျေးတွေကို ပြန်ရွေး မယ်။ ရပ်ကျေးကို အခြေခံပြီး မြို့ နယ်ကို ပြန်ရွေးမယ်။ မြို့နယ် ကို အခြေခံပြီး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအဆင့် ပြန်ရွေးမယ်” ဟု ၄င်းက ပြောသည်။ထိုကဲ့သို့ရွေးချယ်ရာတွင်အများ ဆန္ဒနှင့် အညီလျှို့ဝှက်မဲပေးသည့် စနစ်ကိုကျင့် သုံးမည်ဟု သိရသည်။ ”ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နေတဲ့အဆင့်မှာ ဆက်ဆံရေး အဆင်မပြေတာတွေ၊မောက်မာတာ တွေ၊ပျက်ကွက်တာတွေ ပြန်ကြား ရတယ်”ဟု ၄င်းက ပြောသည်။
ပါတီမှ ဖယ်ရှားခံရသည့်သူ များ၏ နေရာကိုလည်း ပါတီဝင် အများစု၏ဆန္ဒဖြင့်သာပြန်လည်ရွေး ချယ်တာဝန်ပေးမည်ဖြစ်ကြောင်း သိရသည်။သင်္ဃန်း ကျွန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီဝင် တစ်ဦးက ”စီးပွားရှာ ချင်ရင် ပါတီက အရင်ထွက်တာ ကောင်းတယ်။ လျှို့ဝှက်မဲပေးတဲ့ စနစ်နဲ့ ဆိုတော့ ဘယ်သူဘာလုပ် ထားတယ် ဆိုတာ ပေါ်ပြီလေ။ အခုမှ သွားကောင်းပြနေလို့မရ ဘူး”ဟု ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ပါတီအဖြစ်သို့ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ် လ ၆ ရက်နေ့တွင် ပြောင်း လဲခဲ့သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
UNSC ဆုံးဖြတ် ချက်အား မြန်မာက ချိုးဖောက်ရာ ရောက်နေ သည်ဟု တောင်ကိုး ရီးယား သမ္မတဆို
မြန်မာ နိုင်ငံအနေနှင့် မြောက်ကိုးရီးယားနှင့် ဆက်ဆံနေမှုသည် လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်ရာ ရောက်နေကြောင်း ယမန်နေ့၌ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ် တို့၏ ပူး တွဲ သတင်းစာ ရှင်းလင်းပွဲ၌ တောင်ကိုးရီးယား သမ္မတက သတိပေး ပြောကြား လိုက်ပါသည်။
မေလ (၁၄) ရက်နေ့၌ သမ္မတ ဦးသိန်းစိန်နှင့် တောင်ကိုးရီးယား သမ္မတလီမြောင်ဘတ်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်၌ မြန်မာသမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံအနေနှင့် မြောက်ကိုးရီးယားထံမှ နျူးကလီးယားနှင့် အခြားစစ်ရေး စီမံကိန်း အကူအညီ များကို ရယူခဲ့ခြင်း မရှိပါ ကြောင်း ငြင်းဆို ပြောကြား လိုက်ပါသည်။
တောင်ကိုးရီးယား သမ္မတသည် ၁၉၈၃ ခုနှစ် ၊ အောက်တိုဘာလ (၉) ရက်နေ့တွင် မြောက်ကိုးရီးယား သူလျှိုများ၏ လက်ချက်ကြောင့် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော တောင်ကိုးရီးယား နိုင်ငံခေါင်းဆောင်များအား အမှတ်ရသောအားဖြင့် အာဇာနည် ဗိမာန်သို့ သွား ရောက်ကာ လွှမ်းသူ့ပန်းခွေချ၍ ဂုဏ်ပြုခဲ့ပါသည်။
ကျဆုံးသွားသော တောင်ကိုးရီးယား ခေါင်းဆောင်များမှာ ဒုဝန်ကြီးချုပ်တစ်ဦး အပါအဝင် ဝန်ကြီး လေးဦးနှင့် အဆင့်မြင့် အရာရှိများ၊ သတင်းထောက်များ၂၁ ဦး သေဆုံးခဲ့ရပြီး၊ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
ထိုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်သည့်အနေနှင့် ၄င်းတို့၏ သံတမန် များအား နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် နဝတ အစိုးရ တက်လာပြီး နောက်ပိုင်းတွင် မြောက်ကိုးရီးယား မြန်မာသံတမန် အဆက်အသွယ်များ ပြန်လည်စတင်ခဲ့ပါသည်။
တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ (၁၄) ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့ နှစ်ရက်တာ အလည်အပတ်ခရီး လာရောက် ခဲ့ခြင်းလည်း ဖြစ်သည်။ ဤခရီးစဉ်ကြောင့် ရန်ကုန်မြို့တွင်း၌ လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ပါသည်။

တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်
ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (ဓါတ်ပုံ - အင်တာနက်)
ကျဆုံးသွားသော တောင်ကိုးရီးယား ခေါင်းဆောင်များမှာ ဒုဝန်ကြီးချုပ်တစ်ဦး အပါအဝင် ဝန်ကြီး လေးဦးနှင့် အဆင့်မြင့် အရာရှိများ၊ သတင်းထောက်များ၂၁ ဦး သေဆုံးခဲ့ရပြီး၊ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။
ထိုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်သည့်အနေနှင့် ၄င်းတို့၏ သံတမန် များအား နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ပါသည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် နဝတ အစိုးရ တက်လာပြီး နောက်ပိုင်းတွင် မြောက်ကိုးရီးယား မြန်မာသံတမန် အဆက်အသွယ်များ ပြန်လည်စတင်ခဲ့ပါသည်။
တောင်ကိုးရီးယားသမ္မတ လီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံခဲ့စဉ် (ဓါတ်ပုံ - အင်တာနက်)
တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ (၁၄) ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံသို့ နှစ်ရက်တာ အလည်အပတ်ခရီး လာရောက် ခဲ့ခြင်းလည်း ဖြစ်သည်။ ဤခရီးစဉ်ကြောင့် ရန်ကုန်မြို့တွင်း၌ လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ပါသည်။
မူရင်းသတင်းက ဒီမှာပါ။
အပစ်ရပ်တပ်ဖွဲ့များအား မတရားအသင်းစာရင်းမှပယ်ဖျက်သင့်
အပစ်ရပ်သွားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မတရားအသင်းမှ ဦးသိန်းစိန်အစိုးရပယ် ဖျက်ပေးသင့်ကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်အဖွဲ့ဝင်တဦးကဆိုသည်။
“အပစ်ရပ်ရုံနဲ့မပြီးဘူးပေါ့၊ အပစ်ရပ်သွားတဲ့ လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့အားလုံးကို မတရား အသင်း ကနေ တရားဝင်ပယ်ဖျက်သင့်တယ်။ အဲဒီလိုမလုပ်ရင် လူထုက အပစ်ရပ်တဲ့အပေါ် ဘယ်အယုံအကြည် ရှိမတုန်း”- ဟု မကြာမှီ ကျိုင်းတုံ၌ အစိုးရကိုယ်စားလှယ်နှင့် သွားရောက်တွေ့ဆုံမည့် RCSS/SSA ကိုယ်စားလှယ်အဖွဲ့ဝင်တဦး ကပြောပါသည်။
ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ်များသည် အင်အားကြီး အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့အား ပြည်ထောင်စုအဆင့်အဖြစ်ဆက်တိုက် လက်ခံတွေ့ဆုံခဲ့၏။ ၁၉၉၆ ကတည်းက တကြိမ်တခါမှ အပစ်မရပ်ဖူးသည့် သျှမ်းပြည်တပ်မတော် (တောင်ပိုင်းတပ်ဖွဲ့) နှင့်လည်း မကြာမှီ ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံဆွေးနွေးမည်ဖြစ်၏။
သို့သော် ထိုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား တကြိမ် တခါမျှ မတရားအသင်းမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ခြင်းမရှိခဲ့သေးပေ။“ရှင်းရှင်းပြောရင်ဗျာ၊ အခုအပစ်ရပ်တယ်လို့တာပြောတယ်။ မကြာခဏ သေနတ်သံထွက်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်တဲ့သူတွေကို လိုက်လံဖမ်းဆီးတယ်။ ဘယ်လို အယုံအကြည်ရှိနိုင်မလဲ။ မြို့ထဲ ဝင်လာတဲ့ သျှမ်းစစ်သားတယောက်ကို လွတ်လွတ်လပ်လပ်စကားပြောဖို့ မရဲဘူး” - ဟု သိန္နီမြို့ခံ တဦး ကပြောပါသည်။
လက်ရှိဦးသိန်းစိန်အစိုးရ နှင့် အပစ်ခတ်ရပ်စဲသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ - သျှမ်းပြည် တပ်မတော် နှစ်ဖွဲ့ RCSS/SSA နှင့် SSPP/SSA ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ဝ ပြည်သွေးစည်းညီညွှတ်ရေး ပါတီ UWSP/UWSA၊ မိုင်းလားတပ်ဖွဲ့ ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် သျှမ်းပြည်အရှေ့ ပိုင်း NDAA-ESS ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP နှင့် အပစ်ရပ်သဘောတူညီချက် တခါမျှမပျက် ဖူးသည့် သျှမ်းပြည် တောင်ပိုင်းမှ KNLP ကယန်းအမျိုးသားလွတ်မြောက်ရေးပါတီ တို့ဖြစ်သည်။ညှိနှိုင်းနေဆဲတပ်ဖွဲ့များမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ အမျိုးသားအဖွဲ့ချုပ် WNO/WNA ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် တိုက်ခိုက်ဆဲ ဆွေးနွေးညှိနှိုင်းရေးလုပ်ပြီး မအောင်မမြင်ဖြစ်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA တို့ဖြစ်သည်။

နိုင်ငံရေး ပါတီ ၆ ခုမှ ခေါင်းဆောင်များ သြစတြေးလျတွင် နိုင်ငံရေး သင်တန်း တက်ရောက်မည်
မင်းဆက်ခိုင်
-------------
မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေး ပါတီ (၆) ခုမှ ခေါင်းဆောင်များသည် သြစတြေးလျ နိုင်ငံတွင် နိုင်ငံရေး သင်တန်း တက်ရောက်ကြမည် ဖြစ်ကြာင်း သတင်း ရရှိသည်။
သင်တန်း တက်ရောက်ကြမည့်သူများထဲတွင် ဦးလှစော (RNDP)၊ ဦးဇိုဇမ် (CNP)၊ ဒေါက်တာသန်းငြိမ်း (NDF)၊ ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ)၊ ဦးထွန်းသိန်း (တစည)၊ ဦးလှမောင် (ဒီမိုကရက်တစ်ဖွံ့ဖြိုးရေးပါတီ) တို့ ဖြစ်ကြသည်။
" ကျနော်တို့ကို တက်ရောက်ဖို့ ခေါ်တာက Centre For Democratic Institute (CDI) ကပါ။ အဲဒီအဖွဲ့က Australia National University အောက်က အဖွဲ့အစည်းတခုပါ။ အဲဒီက လုပ်တဲ့ Political program တခုပါ။ Program ကတော့ မေလ ၂၁ရက်ကနေ ၂၅ရက်ထိ ပြုလုပ်မှာ ဖြစ်ပါတယ်" ဟု RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောက နိရဉ္စရာသို့ ပြောသည်။
၎င်း Political Party Leadership Program အား ကမ်ပါရာမြို့တွင် ပြုလုပ်မည် ဖြစ်ပြီး တက်ရောက်မည့် သူများထဲတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများ သာမက အင်ဒိုနီးရှားနိုင်ငံမှ ၄ဦး၊ ထိုင်းနိုင်ငံမှ၂ဦး၊ ဖိလစ်ပိုင် နိုင်ငံမှ ၁ ဦး၊ မလေးရှားနိုင်ငံမှ ၁ဦး ဖြစ်ကြောင်း ဦးဦးလှစောက ပြောသည်။
" ကျွန်တော်တို့ နိုင်ငံနဲ့ပါ ဆိုရင် စုစုပေါင်း ၁၄ဦးတက်ရောက် ကြမှာ ဖြစ်ပါတယ်။ သူတို့ အခုလို လုပ်တာကတော့ ဒီမိုကရေစီ နိုင်ငံတွေက ပါတီတွေ အချင်းချင်း အတွေးအခေါ်တွေ ဖလှယ်ဖို့၊ နောက် ဒီမိုကရေစီ ပါတီတွေရဲ့ လုပ်ထုံလုပ်နည်းတွေ၊ အခက်အခဲတွေကို သူတို့က ဆွေးနွေးတိုင်ပင်မှာပေါ့၊ အဲဒီလိုမျိုး ပရိုဂမ် လုပ်မှာပါ" ဟု ပြောသည်။
RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစော သည် မေလ ၁၈ရက်နေ့တွင် ရန်ကုန်မှ သြစတြေးလျသို့ ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။
မူရင်းသတင်းက ဒီမှာပါ။
သေမင်းတမန် ရထားလမ်း ပြုပြင်ရေး အစီစဉ် စတော့မည်ဟု ဦးအောင်မင်းပြော
မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်းနိုင်ငံ စံခလဘူရီမြို့ ကို ဆက်သွယ်ထားသော သေမင်းတမန် ရထား လမ်းဟောင်းအား အသစ် ပြန်လည် ဖောက်လုပ် သွားမည်ဟု ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယမာန်နေ့ နံနက် (၉) နာရီ၌ ကျင်းပသော KNU ၏ ဘုရားသုံးဆူမြို့ ဆက်ဆံရေး ဖွင့်ပွဲ၌ ပြောကြား သွားပါသည်။
“အခုသုံးနေတဲ့ ကားလမ်းက ရထားလမ်းဟောင်းပါ၊ ရထားလမ်း ပျက်သွားတော့ ဘောင်တွေ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီ လမ်းအဟောင်းကိုပဲ သုံးပြီး ပြည်လည် ဖောက်လုပ်ပါမယ်။ ကားလမ်းကိုတော့ ရထားလမ်းနဲ့ ယှဉ်ပြီး ပြန်ဖောက် ပေးပါမယ်၊ အစီအစဉ် တွေဆွဲပြီးပါပြီ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြား သွားပါသည်။
ဤကိစ္စကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့၏ ညစာစားပွဲ၌ ပထမအကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
ယိုးဒယား - မြန်မာ သေမင်းတမန် မီးရထားလမ်းအား ဖောက်လုပ် ခဲ့စဉ်က အဓိက ရည်ရွယ်ချက် (၄) ရပ် ဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ ဒုတိယ ကမ္ဘာစစ်ကို ဂျပန်တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်း မီးကျောက် များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊ မြန်မာ့ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်ရောင်းဝယ် နိုင်ရေး၊ မြန်မာနိုင် ငံနှင့် အခြားနိုင်ငံများ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊ စစ်ဒဏ်ကြောင့် မြန်မာ လူမျိုးများ ဆင်းရဲ ကျပ်တည်း လျက် ရှိရာ မီးရထားလမ်း ဖောက် လုပ်ပြီးစီးပါက မြန်မာပြည် ချမ်းသာ လာစေရေး တို့ဖြင့် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် အတွင်းဝန် ဦးဘ စောမှ ဥက္ကဋ္ဌအဖြစ် သီးဆောင်ပြီး ဖောက်လုပ်ခဲ့ပါသည်။
“လျာထားချက် အရကတော့ သုံးလေးနှစ်ခန့် ကြာနိုင်ပါတယ်၊ နိုင်ငံတကာနဲ့လည်း တိုင်ပင်ထားပါတယ်။ ယိုးဒယားနဲ့လည်း ကျွန်တော်တို့ ညှိထားပြီးပါပြီ။ ယိုးဒယားဘက်က ဆည်ကြီးတွေ ဆောက်လိုက်တဲ့အတွက် ရထားလမ်း အပိုင်းတွေ ရေမြုပ်သွားတယ်၊ အခုရထား လမ်း အသစ်တွေ ဖောက်ပေးပါဆိုပြီး သူတို့ကို ကျွန်တော်တို့က ပြောထားတယ်၊ နောင်သုံးလေးနှစ်ဆိုရင် ခင်ဗျားတို့ ရထားစီးပြီး ဗန်ကောက် ကို သွားနိုင်ပါပြီ” ဟု ဦးအောင်မင်းမှ ဘုရားသုံးဆူရှိ နယ်မြေခံ လူထုအား ကတိပေး ပြောကြား သွားခဲ့ပါသည်။
သေမင်းတမန် ရထားလမ်းသည် ဒုတိယ ကမ္ဘာစစ် အတွင်း ၁၉၄၂ ခုနှစ်မှ စတင် ဖောက်လုပ်ခဲ့သည့် ရထားလမ်းဟောင်း တစ်ခု ဖြစ်သည်။ စုစုပေါင်း ရထားလမ်း အရှည်မှာ ၄၁၅ ကီလိုမီတာ ရှိပါသည်။ ရထားလမ်း ဖောက်လုပ်ပြီးစီးသည့် အထိမ်းအမှတ် ပွဲအား ၁၉၄၃ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။ လူ့အသက် ပေါင်း များစွာတို့ စတေးကာ သေဆုံးခဲ့ကြရသည့်အတွက် “သေမင်းတမန် ရထားလမ်း”ဟု အမည်တွင်ခဲ့ခြင်းလည်း ဖြစ်သည်။
“ရထားလမ်း ဇလီဖာတုံး တစ်ခု စီမှာ အသက်တွေ ရှိနေတယ်လို့ တင်စားပြီး သေမင်းတမန် ရထားလမ်းလို့ နာမည်ကြီး ပါတယ်'' ဟု မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ရထားလမ်း ဖောက်လုပ် ခဲ့စဉ်က မြန်မာလူမျိုးများ အပါအဝင် မဟာမိတ် စစ်သုံ့ပန်း ဦးရေးပေါင်း ၇၈၀, ၀၀၀ ဦးတို့ အသက် ဆုံးရှူံး ခဲ့ပါသည်။ အဓိကမှာ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါနှင့် နှိပ်စက် ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်ပါသည်။ သေမင်းတမန် ရထားလမ်းသည် သံဖြူဇရပ်မြို့မှ စတင်ကာ ယိုးဒယား (ထိုင်း) နိုင်ငံ ဘန်းဘွန် (Ban Pong) ဘူတာ၌ ဆုံးပါသည်။

သေမင်းတမန် ရထားလမ်းမြေပုံ (ဓါတ်ပုံ - အင်တာနက်)

ဒုတိယကမ္ဘာစစ်အတွင်းမှ သေမင်းတမန် ရထားလမ်း
ဖောက်လုပ်နေမှု မြင်ကွင်း
(ဓါတ်ပုံ - အင်တာနက်)
“ရထားလမ်း ဇလီဖာတုံး တစ်ခု စီမှာ အသက်တွေ ရှိနေတယ်လို့ တင်စားပြီး သေမင်းတမန် ရထားလမ်းလို့ နာမည်ကြီး ပါတယ်'' ဟု မြန်မာ့မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ရထားလမ်း ဖောက်လုပ် ခဲ့စဉ်က မြန်မာလူမျိုးများ အပါအဝင် မဟာမိတ် စစ်သုံ့ပန်း ဦးရေးပေါင်း ၇၈၀, ၀၀၀ ဦးတို့ အသက် ဆုံးရှူံး ခဲ့ပါသည်။ အဓိကမှာ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါနှင့် နှိပ်စက် ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်ပါသည်။ သေမင်းတမန် ရထားလမ်းသည် သံဖြူဇရပ်မြို့မှ စတင်ကာ ယိုးဒယား (ထိုင်း) နိုင်ငံ ဘန်းဘွန် (Ban Pong) ဘူတာ၌ ဆုံးပါသည်။
မူရင်းသတင်းက ဒီမှာပါ။
စာနယ်ဇင်းကောင်စီ ဘယ်လဲ ဘာလဲ
မြန်မာအစိုးရက ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားတွေအတွက် မဟုတ်ဘဲ စာပေ စိစစ်ရေးအဖွဲ့ လိုမျိုး ရပ်တည်လုပ်ဆောင်မယ့်သဘော တွေ့နေရတယ်လို့ ပြည်တွင်း စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။ အဲဒါကြောင့် လည်း လက်ရှိ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေထဲမှာ ဘယ်အဖွဲ့ကမှ စာနယ်ဇင်းကောင်စီမှာ ပါဝင်ရေး ဆုံးဖြတ်ချက် မကျသေးပါဘူး။ စာနယ်ဇင်းကောင်စီအပေါ် လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့အသီးသီးရဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
စာနယ်ဇင်းကောင်စီနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပေးထားတဲ့အချက်တွေထဲမှာ လက်ခံနိုင်တဲ့အချက်တွေ ပါသလို မသင့်တော်ဘူးလို့ ထင်တဲ့အချက်တွေ ပါနေတာကြောင့် ပြင်ဆင်ပေးရေး အကြောင်းပြန်ဖို့ ဆုံးဖြတ်ထားတဲ့အဖွဲ့ကတော့ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေးကော်မတီ MJA ပါ။ မေလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ကော်မတီရဲ့ အစည်းအဝေးအတွင်း အဲဒီလို ဆုံးဖြတ်ခဲ့ကြတာပါ။
ဘယ်လိုအချက်မျိုးတွေကို မသင့်တော်ဘူးလို့ မြင်တာလည်းဆိုတာကိုတော့ ကော်မတီရဲ့နာယကတဦးဖြစ်သူ ၀ါရင့် သတင်းစာ ဆရာ ဦးစိုးသိမ်း ခေါ် မောင်ဝံသ က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။ “ဒီစာနယ်ဇင်းကောင်စီဆိုတာကလည်း ဘာပဲပြောပြော ကျနော်တို့ သတင်းမီဒီယာအဖွဲ့အစည်းပဲ၊ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း၊ နောက် စာနယ်ဇင်းအားလုံးကို သက်ဆိုင်တဲ့ အကျုံးဝင်တဲ့ အဖွဲ့အစည်းဖြစ်တော့ တကယ်ကတော့ စာနယ်ဇင်း သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တာ၊ စာနယ်ဇင်းသမားတွေရဲ့ စာပေလွတ်လပ်ခွင့်ပေါ့၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးတာ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးတဲ့၊ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်တယ်။ အခုကတော့ စာပေစီစစ်ရေးနေရာမှာ စာပေစီစစ်ရေးရဲ့လုပ်ငန်းတွေကို ယာယီအစားထိုးပြီး ၀င်လုပ်ရတဲ့ အချက် အလက်တွေ အဲ့ဒီလိုပါနေတာ တွေ့ရတယ်။ အဲဒါကြောင့် ဒါတွေကတော့ဖြင့် မသင့်ဘူးလို့ အဲဒီလို အကြံပြုမယ်လို့ စဉ်းစားထား ပါတယ်။”
တကယ်လို့သာ သူတို့ ပြင်စေချင်တဲ့အချက်တွေ အကုန်လုံးကို ၀န်ကြီးဌာနဘက်က မပြင်ဆင်ပေးခဲ့ ဘူးဆိုရင်တော့ ကောင်စီမှာ ပါဝင်ဖို့ ခက်လိမ့်မယ်လို့လည်း ဦးဝံသ က ပြောပါတယ်။ တခါ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းသမဂ္ဂ MJU အနေနဲ့လည်း ကောင်စီမှာပါဝင်ရေးကိစ္စ ကို လောလောဆယ်မှာ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ သမဂ္ဂ ထူထောင်သူတွေထဲမှာ တဦးအပါအ၀င်ဖြစ်တဲ့ အယ်ဒီတာ ကိုဇော်သက်ထွေးက ဗွီအိုအေ ကို ပြောပါတယ်။ ဒါ့အပြင် ကောင်စီကို ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်နဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ကွဲပြားနေတာ ကြောင့် ပါဝင်ဖို့ခက်မယ်လို့ ဆိုပါတယ်။
“အခုအတိုင်းဆိုရင်တော့ စာနယ်ဇင်းကောင်စီမှာ ကျနော်တို့က တက်တက်ကြွကြွနဲ့ ပါဖို့ အလားအလာ နဲပါတယ်။ ဘာလို့လဲဆို တော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပြီးတော့ ထင်သာမြင်သာရှိတဲ့ အချက် (၂) ချက်ပါ၊ နံပါတ်တစ်က Freedom Of Expression ဆိုတဲ့ လွတ်လပ်စွာရေးသားခွင့်ကို ကာကွယ်ဖို့နဲ့ Defend to the all of Journalists ပေါ့ဗျာ၊ ဒီဂျာနယ်လစ် အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့ပါ၊ အဲဒီတော့ ဒီအချက် (၂) ချက်ကိုပဲ ကျနော်တို့က ဆောင်ရွက် မှာ ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး National Press Council မှာလိုမျိုး ပါပြီးတော့ စာပေအဖွဲ့တွေရဲ့ ထိန်းညှိဖို့ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုတဲ့နေရာမှာတော့ ကျနော်တို့ အဖွဲ့ရဲ့ အဓိပ္ပါယ်နဲ့ ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ဒီအပေါ်မှာ ပါဝင်ဖို့ ခဲယဉ်းပါတယ်။”
လက်ရှိမှာ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာဥပဒေမူကြမ်းတခုကို ရေးဆွဲပြုစုနေဆဲဖြစ်ပြီး ဇွန်လအတွင်း ပြန်ကျင်းပဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်ပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ သတင်းမီဒီယာဆိုင်ရာ ဥပဒေတရပ် အခိုင်အမာ ထွက်မလာသေး တဲ့အတွက် ကောင်စီမှာပါဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆုံးဖြတ်လိုက်တဲ့အဖွဲ့ကတော့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN ပါ။ သူတို့ကွန်ယက်ကလည်း မေလ ၁၆ ရက်နေ့မှာပဲ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စာနယ်ဇင်းကောင်စီ ဆိုတာဟာ အစိုးရက ကြီးမှူးဖွဲ့စည်းရမှာမဟုတ်ဘဲ စာနယ်ဇင်းသမားတွေကသာ လွတ်လွတ် လပ်လပ် ဖွဲ့စည်းရမှာဖြစ်တယ်လို့ သူတို့ကွန်ယက်က သဘောရပါတယ်။ စာပေစိစစ်ရေးအဖွဲ့လို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး တွေ့ရတဲ့အတွက်လည်း လက်မခံနိုင်ဘူးလို့ ကွန်ယက်ရဲ့ ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထက်နိုင်ဇော်က ဗွီအိုအေ ကို ပြောပါတယ်။ “အဲဒီအချက်တွေကို ကျနော်လက်မခံ နိုင်ပါဘူး။ အဲဒီထဲမှာ ၁၉၆၂ ပုံနှိပ်သူများ ဥပဒေပေါ့၊ ဥပဒေနဲ့အညီ ပြည်တွင်းမှာရှိတဲ့ စာပေတွေကို ကြပ်မတ် စိစစ်ဖို့ ကောင်စီက လုပ်ရမယ်လို့ တာဝန်တွေမှာပါတယ်။ အဲဒီတာဝန်တွေကိုကျနော်သဘောမကျဘူး။”
ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ အဖွဲ့အသီးသီး ကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ထုတ်ဝေ မယ့်စာတွေကို စာပေစိစစ်ရေးအဖွဲ့ကနေ စိစစ်ဖြတ်တောက်တာမျိုး လုပ်နေတာတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မယ့် အကြောင်း၊ လာမယ့် ဇွန်လအတွင်းမှာ Press Council လို့ပြောနေတဲ့ စာနယ်ဇင်းကောင်စီတခု ဖွဲ့စည်းမယ့်အကြောင်းနဲ့ အဲဒီ စာနယ်ဇင်းကောင်စီထဲမှာ ကိုယ်စားလှယ် ၆ ဦးစီ ပေးပို့ဖို့ဆိုတဲ့ကိစ္စတွေကို ပြောခဲ့ပါတယ်။
အဲဒီနောက်မှာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ MJA၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ MJU နဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN တို့က သူတို့ရဲ့ သဘောထားတွေကို အခုလို ထုတ်ပြောလာကြတာပါ။
စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စိစစ်ရေးအဖွဲ့က စိစစ်တာမျိုးတွေ မလုပ်တော့တဲ့အပေါ် စာနယ်ဇင်းလောက သားတွေက ကြိုဆိုကြပေမဲ့လည်း အဲ့ဒီအစား အခု စာနယ်ဇင်းကောင်စီဆိုတာမျိုးကနေ တဆင့် ထိန်းချုပ်လာမှာမျိုးကို စိုးရိမ်နေ ကြတာလည်းဖြစ်ပါတယ်။
By ကျော်ကျော်သိန်း (ဗွီအိုအေ-မြန်မာပိုင်း)
မူရင်းသတင်းက ဒီမှာပါ။
ဒီမိုကရေစီနိုင်ငံထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ (သူရဦးရွှေမန်းနှင့် တွေ့ ဆုံမေးမြန်းခန်း-ရုပ်/သံ)
နော်ဝေနိုင်ငံကို လေ့လာရေးခရီး ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ဒီမိုကရက်တစ် မြန်မာ့အသံ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မူရင်းရုပ်သံက ဒီမှာပါ။
နွေရာသီရေရှားပါးမှုပြဿနာ ရေရှည်အမြင်ဖြင့်ဖြေရှင်းသွားရန် အရေးတကြီးလိုအပ်
သုံးခွမြို့ နယ်မှာ အလှူရှင်များလှူဒါန်းထားတဲ့ ရေတွင်းမှ ရေသယ်ယူနေကြစဉ် (ဓါတ်ပုံ-ပိုးအိဖြူ)
မေလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်
ပိုင်ပိုင် (YPI)
ကန်ရေကို အဓိကထား အသုံးပြုနေရသော ဒေသများတွင် ရေရှားပါးမှုပြဿနာများကို နှစ်စဉ်နီးပါး ကြုံတွေ့လာရသောကြောင့် ရေရှည်အမြင်ဖြင့် ဖြေရှင်းသွားရန် အရေးတကြီး လိုအပ်လာကြောင်း ယင်းဒေသများမှ ဒေသခံများကပြောသည်။
ကန်ရေကို အဓိကအားထားနေရသည့် ဒလ၊ ခရမ်း၊သုံးခွ အစရှိသည့် မြို့နယ်ရှိ ကျေးရွာများအတွင်း ငါးနှစ်ဆက်တိုက်နီးပါး နွေရာသီ၌ ရေကန်ခမ်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုသည့် ပြဿနာသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာသည်ဟု ဒေသခံများကပြောသည်။
"လတ်တလောမှာလည်း လိုအပ်နေသေးတယ်ဆိုပေမယ့် ရေရှည်အတွက်ပါ ထည့်စဉ်းစားရတော့မှာ။ အနည်းဆုံးတော့ တစ်ရွာကို အ၀ိစိတွင်းတစ်ခုလောက်ရှိဖို့လိုအပ်လာပြီ။ တစ်ချို့ရွာတွေက ရေသွားလှူမယ့်သူရှိရင်တောင် လမ်းပမ်းဆက်သွယ်ရေး ခက်တော့ သယ်ယူပို့ဆောင်တဲ့အခါ အခက်အခဲတွေရှိတယ်"ဟု သုံးခွမြို့ဒေသခံ ဦးစိန်ဝင်းမောင်ကပြောသည်။
သုံးခွမြို့နယ်တွင် ကျေးရွာပေါင်း ၆၄ရွာရှိပြီး မုတ္တမပင်လယ်ကွေ့နှင့် နီးသောကျေးရွာပေါင်း ၂၀ကျော်တွင် လတ်တလော သောက်သုံးရေရှားပါးမှုပြဿနာ ကြုံတွေ့နေရဆဲဖြစ်ကာ အလှူရှင်များ လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ရေရှားပါးရာ ကျေးရွာများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ဖူးသူ ခရမ်းမြို့ဒေသခံ ကိုချက်ကြီးကလည်း"ရွာတွေမှာတော့ အ၀ီစိတွင်းမတူးနိုင်တော့ မြို့ပေါ်က သွားလှူကြတာပေါ့။ တချို့ရွာတွေမှာဆိုရင် ရေလာလှူတဲ့သူကို ထိုင်တောင်ကန်တော့တာမျိုး ကြုံခဲ့ဖူးတယ် "ဟုသူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
ယခုနောက်ပိုင်းနှစ်များတွင် ကန်ရေကို အဓိကထား အသုံးပြုနေရသော မြို့ပေါ်ရပ်ကွက်များတွင်ပါ ရေခမ်းခြောက်လာမှုများ ကြုံတွေ့လာရသောကြောင့် အ၀ိစိတွင်းတူးဖော်မှုများပိုမိုများပြားလာသည်ဟု ၎င်းကဆက်ပြောသည်။
ကန်ရေကို အဓိကထား အသုံးပြုနေရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ကိုမောင်မောင်ကလည်း ၎င်းတို့နေထိုင်ရာကျေးရွာတွင် ရေကန်များ အကုန်ခမ်းခြောက်သွားပြီဖြစ်ကြောင်း၊ ရေလာရောက်လှူဒါန်းသူများရှိသော်လည်း လူဦးရေ များပြားသဖြင့် မလောက်ငှကြောင်း၊ ထို့ကြောင့် ရွာ၏ရေအခက်အခဲကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် အ၀ီစိတွင်းတူးရန် အလှူခံလျက်ရှိကြောင်း ပြောပြသည်။
လတ်တလော သောက်သုံးရေရှားပါးမှု ပြဿနာအတွက် အင်န်ဂျီအိုအဖွဲ့အစည်းများ နှင့် ပြည်သူများ ၀ိုင်းဝန်းလှူဒါန်းနေသော်လည်း ကျေးရွာအများစုတွင် ရေရှားပါးမှုများ ဆက်လက်ကြုံတွေ့နေဆဲဖြစ်ကြောင်း သောက်ရေလှူဒါန်းမှုများ ပြုလုပ်နေသည့် Save The Aged အဖွဲ့မှအဖွဲ့ဝင် ကိုဝေလင်းအောင်ကပြောသည်။
ယခုနှစ်နွေရာသီ၌ ရန်ကုန်တိုင်း ဒလ၊ ခရမ်းသုံးခွမြို့နယ်များအပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရကာ ရန်ကုန်မြို့နှင့်နီးသော အရပ်ဒေသများသို့ ရေလှူသည့် အဖွဲ့အစည်းများ ရှိသော်လည်း ရခိုင်ပြည်နယ်ကဲ့သို့သော ဒေသများတွင် ကျေးလက်ဒေသခံများအနေဖြင့် ၎င်းတို့ဘာသာ နည်းလမ်းရှာ ဖြေရှင်းကြရသည်။
အပူရှိန်ပြင်းထန်သည့် ၂၀၁၀ ခုနှစ်နွေရာသီက ရေရှားပါးမှု ပြဿနာကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ပဲခူးတိုင်းတို့တွင် အဆိုးရွားဆုံး တွေ့ကြုံခဲ့ကြရသည်။ ။
Yangon Press International
မူရင်းသတင်းက ဒီမှာပါ။
အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ပတ္တမြားမြို့သစ်တွင် ၀င်ရောက်ရိုက်နှက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အနီးတွင် တပ်စွဲထားသော အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယနေ့ ည ၇ နာရီခွဲခန့်တွင် ပတ္တမြားမြို့သစ်၊ အောင်စည်တော် လက်ဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး ရပ်ကွက်နေလူငယ်များအား ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
ထိုသို့ရိုက်နှက်မှုကြောင့် ယင်းလက်ဘက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ် ၁၀ ဦးခန့်ဖူးယောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရခဲ့ကြောင်း ရိုက်နှက်ခံရသူလူငယ်တစ်ဦးဖြစ်သည့် ရဲထူးဇော်ကပြောသည်။
'' သားတို့က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း အနောက်ကနေ၀င်ရိုက်တာ။ လူတွေကိုတော့ မမှတ်မိလိုက်ဘူး။ သူတို့နဲ့သားတို့နဲ့ ဘာပြသနာမှဖြစ်တာလည်းမဟုတ်ဘူး " ဟု ၎င်းကပြောသည်။
ယနေ့နေ့လည်က အရက်ဆိုင်တွင် အရပ်သားနှင့်ရဲတပ်ရင်း တပ်သားတို့ စကားများရန်ဖြစ်ခဲ့သည့် အငြိုးဖြင့် လာရောက်ရိုက်နှက်ခြင်း ဖြစ်နိုင်သော်လည်း ညပိုင်းအရိုက်ခံရသူများမှာ နေ့ခင်းက ရန်ဖြစ်ခဲ့သည့် အရပ်သားတို့နှင့် မည်သို့မှ ပတ်သက်ခြင်းမရှိဟု ရပ်ကွက်ခံ တို့ကပြောသည်။
ထိုသို့ဝင်ရောက်ရိုက်နှက်သည့်အပြင် ရပ်ကွက်တွင်းမှ ရဲတပ်ရင်းသို့ ပြန်ရာ လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်ဆဲဆို ကြိမ်းမောင်းမှုများပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်အချို့အား တုတ်၊ ခဲ စသည်တို့ဖြင့်ပစ်ခတ်ခြင်း၊ ရေအိုးများ ရိုက်ခွဲခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အင်အား ငါးဆယ်ခန့်ရှိကြောင်း မျက်မြင်သက်သေများကပြောသည်။
လုံခြုံရေးရဲများ၏ တုတ်ဖြင့်ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားသည့် မအေးအေးနိုင်က " သူတို့က လမ်းမှာ တွေ့တဲ့သူရိုက်ကွာလို့ပြောပြီး ဆိုင်ရှေ့ထွက်နေတဲ့ ကျွန်မကို ၀ါးရင်းတုတ်နဲ့ပစ်သွားတယ်။ အခုလိုခံလိုက်ရတာကို မကျေနပ်ဘူး။ အရမ်းဒေါသထွက်တယ် " ဟု YPI ပြောသည်။
ယခုကဲ့သို့ ၀င်ရောက် ရမ်းကားခြင်းအား လုံခြုံရေးရဲများမှ ကြိုတင်ပြင်ဆင်လူစုထားခြင်းဖြစ်ကြောင်း၊ ယခုဝင်ရောက်ရိုက်နှက်ရာတွင် ၎င်းတို့အနေဖြင့် ချိန်းကြိုး၊ တုတ်၊ ခဲ၊ လေးခွ စသည်တို့ကို ကြိုတင်ယူဆောင်လာကြကြောင်း မျက်မြင်သက်သေများကပြောသည်။
ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် မောင်စိုးဝေလင်း၏ ဖခင် ဦးနွေဦးက " ပြည်သူတွေကို ကာကွယ်ရမယ့် ပြည်သူ့ဝန်ထမ်းလူတန်းစားက ပြည်သူတွေကို ဒုက္ခပေးမယ်လို့ကြိမ်းသွားတယ်။ သူတို့ပါးစပ်ကိုက ရပ်ကွက်ကို မီးနဲ့ ရှို့မယ်လို့ပါ ကြိမ်းမောင်းသွားတယ်။ ကျွန်တော်တို့ မခံစားနိုင်ဘူးဗျာ " ဟုပြောသည်။
ပတ္တမြားမြို့သစ်နေ ဒေါ်စောတင်တင်ကလည်း အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သားများသည် ယခင်ကလည်း ပတ္တမြားမြို့သစ်အတွင်းသို့ သုံးကြိမ်ခန့် ၀င်ရောက်ရမ်းကားခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ ရမ်းကားခြင်းခံရသဖြင့် မိမိစိတ်တွင် မလုံခြုံဟု ခံစားရကြောင်းပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်းခံရသည့် လူငယ်အချို့မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းသို့ သွားရောက်ပြီး အမှုဖွင့်တိုင်ကြားလျက်ရှိသည်။ ။
Yangon Press International
မူရင်းသတင်းက ဒီမှာပါ။
လှိုင်သာယာ အထည်ချုပ်စက်ရုံ သုံးရုံမှ လုပ်သား ၁၀၀၀ကျော် ဆန္ဒပြ
လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှု ဆက်တိုက် ဖြစ်ပေါ်နေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် အထည်ချုပ်စက် ရုံသုံးခုက အလုပ်သမား ၁၀၀၀ကျော် မေလ ၁၆ရက်နေ့(ယနေ့)တွင် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးတွင် ဆန္ဒပြ တောင်းဆို ကြကြောင်း အဆိုပါ အလုပ်သမားများက ပြောကြား ကြသည်။
အဆိုပါ စက်ရုံများသည် လုပ်ခလစာ တိုးပေးရန်၊ လုပ်ငန်းခွင် သာယာမှုရှိရန်၊ အလုပ်သမား အခွင့်အရေးများ ရရှိရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
“အဓိက အလုပ်သမား တစ်ယောက်ကို အနည်းဆုံး လစာ ခုနှစ်သောင်း ရရှိဖို့ တောင်းဆိုတာပါ“ ဟုနေမင်းအောင် အထည်ချုပ် စက်ရုံမှ အသက် ၂၀ကျော် အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။
“အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် ပေးသွားမယ်“ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ၀န်ကြီး ဌာနမှ တိုင်းဦးစီးမှူး ဦးစိုးဝင်းက ပြောကြားသည်။
ယနေ့ ဆန္ဒပြသော စက်ရုံများမှာ လှိုင်သာယာ စက်မှုဇုန်က နေမင်းအောင်၊ စံပယ်ပွင့်၊ ပုလဲ အထည်ချုပ် စက်ရုံများက အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများ ထံမှ သိရှိရသည်။
The Voice Weekly

မုတ်သုံလေ စတင် ဝင်ရောက်မည်
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ မေလ ၁၉ ရက်နေ့ ထက် နောက်မကျဘဲ ဝင်ရောက်လာဖွယ် ရှိကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြောက်ပိုင်းဒေသများ သို့လည်း မေလ စတုတ္ထပတ်တွင် မုတ်သုံလေ ဆက်လက် ဝင်ရောက်မည်ဟု ၎င်းက ဆိုသည်။
မုတ်သုံလေ ဝင်ရောက်မည့် မိုးဦး ကာလအတွင်း မေလ နှောင်းပိုင်းမှ ဇွန်လကုန်အထိ ပင်လယ်အော်တွင် မုန်တိုင်း နှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက် ပိုမို ရွာသွန်းနိုင်ပြီး ပဲခူး၊ မကွေး၊ ရခိုင်၊ ကယား ၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် ရွာသွန်းကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ရွာသွန်းမြဲ အောက်သာ ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။
The Voice Weekly
မူရင်းသတင်းက ဒီမှာပါ။
The White Brothers အဖွဲ့က လူမှုရေး လုပ်ငန်းများကိုအားသွန်ခွန်စိုက် လုပ်ကိုင်လျက်ရှိ
မော်လမြိုင်ကျွန်းမြို့ သုဿာန်အ၀င်လမ်း ချို့ယွင်းနေမှုအား စိတ်တူကိုယ်တူပုဂ္ဂိုလ်များသည် ၂၄-၁၁-၂၀၁၁ ရက်နေ့ တွင် စုစည်း၍ဆောင်ရွက်ခဲ့ကြရာမှ လူအများစိတ်ပါဝင်စားလာသဖြင့် The White Brothers အမည်ဖြင့် လူမှုရေးစောင့်ရှောက် မှုအဖွဲ့အဖြစ် ၄-၁-၂၀၁၂ ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ကြပါသည်။ ယခုအခါ နာယကအဖွဲ့ဝင် (၁၀) ဦး ၊ အမှုဆောင် (၂၂) ဦး နှင့် အဖွဲ့ဝင်ပေါင်း (၂၀၀၀) ဦးတို့ဖြင့် လူမှုရေးလုပ်ငန်းများကို စိတ်တူကိုယ်တူ အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ကြပါသည်။
The White Brothers အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အားကျစိတ်ဝင်စားလာသူများမှလည်း စုစည်းလျက်လူမှု ရေးလုပ်ငန်းများကို အဖွဲ့များဖွဲ့စည်းဆောင်ရွက်လာကြရာ ယခုအခါ လူမှုရေးဆောင်ရွက်သည့်အဖွဲ့အစည်းများ အလျှိုလျှိုပေါ် ပေါက်လာကြသည်မှာ လွန်စွာအားရဘွယ်ဖြစ်ကြောင်းတွေ့ရှိရပါသည် ။
The White Brothers အဖွဲ့သည် အဖြူရောင်နှလုံးသားအခမဲ့ဆေးကုခန်းကို အမှတ် (၂၀) ၊ တပင်ရွှေထီးလမ်း ၊ မြို့မ (၁၂) ရပ်ကွက် ၊ မော်လမြိုင်ကျွန်းမြို့တွင် ၁၅၃-၂၀၁၂ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ လူနာပေါင်း (၁၇၀၀) ကျော်ကို- အခမဲ့ဆေးကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ မျက်စေ့ဝေဒနာရှင် (၇၆) ဦးအား အခမဲ့မျက်စေ့စမ်းသပ် / မျက်မှန်တပ်ဆင်ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ချမ်းမြေ့ဘိုးဘွားရိပ်သာမှ ဘိုးဘွား (၂၁) ဦးကိုလည်းကောင်း ၊ အမှတ် (၈) ရပ်ကွက်၌ လူနာ (၁၂၄) ဦး အားလည်းကောင်း အခမဲ့ကျန်းမာရေးစမ်းသပ် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
The White Brothers အဖွဲ့သည် ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆင်းရဲနွမ်းပါးသူများ၏ ကျန်းမာရေးကိုစောင့်ရှောက်ပေး ခြင်း ၊ နွမ်းပါးသော ကျောင်းသားများ၏ပညာရေးအထောက်အကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း ၊ လူအများအကျိုးရှိစေပြီးအမှန် တကယ်လိုအပ်သော လမ်း/တံတားများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ရာ စိတ်ပါဝင်စား၍ လှူဒါန်းလိုသူစေတနာရှင်များသည် အောက်ပါလိပ်စာများသို့ ဆက်သွယ်စုံစမ်းမေးမြန်းခြင်း ၊ လှူဒါန်းခြင်းများပြုလုပ်နိုင်ကြောင်း သတင်းရရှိပါသည် ။
၁။ The White Brothers အဖွဲ့ ၊ အမှတ် (၂၀) ၊ တပင်ရွှေထီးလမ်း ၊ မြို့မ (၁၂) ရပ်ကွက် ၊ မော်လမြိုင်ကျွန်းမြို့
၂။ ဦးခင်မောင်ဇင်(ဥက္ကဌ) ၊ ဂဠုန်မင်းဆေးလိပ်ခုံ ၊ မော်လမြိုင်ကျွန်းမြို့ ။ ဖုန်း - ၀၉၄၉၇၂၉၆၆၀
၃။ ဦးသိန်းလွင်(အတွင်းရေးမှူး) ၊ ဂွမ်းဂွမ်းကွန်ပျူတာ ၊ မော်လမြိုင်ကျွန်းမြို့ ။ ဖုန်း - ၀၉၄၂၂၄၉၀၈၀၂
၎။ thewhitebrothers.mawgyun@gmail.com
Myanmar News Now
မူရင်းသတင်းက ဒီမှာပါ။
မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်)
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။
မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ဘဝ အကောင်းအဆိုး၊အနိမ့်အမြင့် ဒီနေရာကဘဲတစ်ကြိမ်တည်းနဲ့သတ်မှတ်ပေးလိုက်တာပါ။ နောက်တစ်ကြိမ်လည်းပြန်လည်ကြိုးစားခွင့်မရနိုင်တဲ့နေရာပါ။ ဒီတက္ကသိုလ်ဝင်တန်း(၁ဝ-တန်း)စာမေးပွဲမှာရရှိတဲ့ ရမှတ်တွေပေါ်မှာ မူတည်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ တရားသူကြီး၊ ကျောင်းဆရာ၊ စာရေး၊ စစ်ဗိုလ်၊ စိုက်ပျိုးရေး၊ သစ်တော စသည်ဖြင့်တက္ကသိုလ်တက်ရောက်ခွင့်တွေကို သတ်မှတ်လိုက်တာပါဘဲ။ ဒါကြောင့်လည်း ကျောင်းသား၊ ကျောင်းသူတွေကလည်း မိမိဘဝနောင်အေးရဖို့ ၊ မိဘတွေနှင့် ဆရာဆရာမတွေကလည်း ကိုယ့်သားသမီး၊ ကိုယ့်တပည့် ဒီစာမေးပွဲမှာကိုယ်လိုချင်တဲကောင်းဆုံးဆိုတဲ့တက္ကသိုလ်မှာ တက်ရပြီး နောင်တစ်ချိန်မှာ ချမ်းချမ်းသာသာနေရဖို့ ဆိုတဲ့စိတ်ကူးတွေကိုယ်စီနဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့ကြတာပေါ့။ ဒါရဲ့ရလဒ်ကတော့ . . ကျောင်းတစ်ကျောင်းကောင်း မကောင်း၊ ဆရာတစ်ယောက်တော်မတော် ဆိုတာကု ရမှတ်တွေ၊ ဂုဏ်ထူးတွေနှင့် သတ်မှတ်ကြတော့တာပါဘဲ။
ခက်နေတာက ကိုကြီးသောင်းအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘ ၉၉.၉၉%ဟာ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြတဲ့သူတွေချည်းပါဘဲ။ ဒီတော့ အမှတ်ကောင်းမှ၊ ဂုဏ်ထူးထွက်မှ ဆရာဝန်လိုင်းရမှာဆိုတော့ ကျောင်းသားကျောင်းသူကလည်းနားလည်ဖို့မလို စာရဖို့သာလိုသည်ဆိုပြီးအချိန်ရှိသရွေ့ စာဘဲတွန်းကျက်သလို . . . ဆရာတွေကလည်းစာသင်ဖို့မကြိုးစားတော့ဘဲ . .တစ်ခေါက်လောက်ဘာသာပြန်ပြီး အချိန်ရှိသရွေ့နှုတ်တိုက်ချပေး၊ပြီးတော့ အပြန်ပြန်အလှန်လှန်လေ့ကျင့် ပြီးရင်တစ်လုံးမကျန်ပြန်ချရေး . . ဒါဆိုအမှတ်ကောင်းပြီကွ . . ဒါမျိုးကျောင်းမှ ကျောင်းကောင်း၊ ဒီလိုသင်နိုင်တဲ့ဆရာမှ ဆရာကောင်း၊ ဒီလိုကျက်မှတ်နိုင်တဲ့ကျောင်းသားမှလူတော်ဆိုပြီး မိဘရော၊ ပတ်ဝန်းကျင်ရော၊ နိုင်ငံတော်ကပါ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အနှစ်(၂ဝ)လောက်မြှောက်စားလိုက်ကြတာ.. ဒီနေ့ကျောင်းသားကျောင်းသူတွေ စာမတတ်ဘူးဆိုတဲ့ပြသနာပေါ်လာတာပါဘဲ။အောင်စာရင်းထွက်လာတဲ့အခါ ကိုယ့်သားသမီး အမှတ်ကောင်းကောင်းနှင့်အောင်ဖို့ မိဘများကလည်း နည်းပေါင်းစုံနဲ့ရှိသမျှပုံအောပြီး ဘောင်အတွင်းကရော၊ ဘောင်အပြင်ကရောပေါ့ . . ဒီမှာတင် အေးချမ်းစွာ နေလာခဲ့ကြတဲ့ဆရာဆရာမတွေဟာငွေနဲ့ရင်းနှီးကုန်ကြတယ်၊ ငွေနဲ့ပျော်မွေ့လာကြတယ် . . ငွေကိုသိက္ခာနှင့် လဲတတ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှ ပညာအမွေပေးတဲ့ ဆရာဆရာမဖောက်ပြန်ရင် ဒီပညာရေးစနစ်ကျဆုံးတာပါဘဲ . . .။ ဒီလို(၁ဝ)တန်း တက္ကသိုလ်ဝင်တန်းက စလိုက်တဲ့ဇာတ်လမ်းက သူငယ်တန်းမှ ပါရဂူဘွဲ့အထိအကျိုးသက်ရောက်ပါတယ်။ ဒီနေ့မိဘများသားသမီး အရွယ်ရောက်လို့ ကျောင်းစထားကတည်းက ကလေးတွေကို လူရှေ့သူရှေကရောက်ရင် သားသား၊ မီးမီး ကြီးလာရင်ဘာလုပ်မှာလဲလို့မေးရင် သားသားက ဆရာဝန်လုပ်မှာ၊ အင်ဂျင်နီယာကြီးလုပ်မှာ . .စသဖြင့်ပြောခိုင်းပြီး စတင်ပုံသွင်းကြတယ် . . .၊။ ကျောင်းထားတဲ့အခါမှာလည်း အမှတ်နဲ့အဆင့်ကို ပိုမိုခုံမင်လာအောင် စာတတ်ဖို့ထက် ဒါတွေရဖို့ သက်ဆိုင်ရာဆရာ၊ ဆရာမများကို နည်းပေါင်းစုံနှင့်ချဉ်းကပ်ကြတယ်။ ငွေပေးပြီးကျူရှင်သင်ခိုင်းတယ်၊ ပါတိတ်ကန်တော့ ကြတယ်၊ မုန့်ပုံးကန်တော့ကြတယ်။ ဒီအခါမှာလိုတရသည်ရှိ ၊ မရသည်လည်းရှိပေါ့. . . ။၊ ရသည့်အခါ တပြုံးပြုံးနှင့် မရသည့်အခါ ကုန်းကုန်းဆဲပေါ့။
ဒီလိုနှင့် စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင် စာမေးပွဲစနစ်လည်းစရော . . စာမေးပွဲမှာပါမှာလေးပြောလိုက်၊့ ကျက်လိုက်၊ အမှတ်တွေကောင်းလိုက်။ အဆင့်တွေရလိုက်နဲ့မိဘတွေ ပျော်ပျော်ကြီးဖြတ်သန်းလာခဲ့လိုက်ကြတာ တစ်နိုင်ငံလုံး ပညာရေး စုန်းစုန်းမြုပ်ပေါလေရောလား။ နောက်ဆုံးအဆင့် ကုန်ကုန်ပြောရရင် သင်္ချာ ကိုတောင် စဉ်းစားတွက်ချက် တာမဟုတ်တော့ဘဲ အလွတ်ကျက်တဲ့အထိဖြစ်လာကြတယ်။ သေသေချာချောမေးကြည့်ကြစမ်းပါ . . . သင်္ချာမှာ ရာပြည့်တို့၊ ဂုဏ်ထူးတို့ရတဲ့သူတွေတောင်မှ သင်္ချာကိုကျက်ပြီး ဖြေကြတယ်။ တန်းစဉ်စာတတ်ဖို့ထက် အမှတ်ကောင်းဖို့၊ ဂုဏ်ထူးရဖို့မက်လိုက်ကြတာ ဒီဆယ်တန်းစာမေးပွဲပြီး အမှတ်ကောင်းမှ လိုင်းကောင်းရမယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကြောင့်ပေါ. ။ အံသြစရာပြောရဦးမယ် . . ဒီအဖြစ်အပျက် အများစုက ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာဘဲ အဖြစ်များတာ၊ ကျန်တဲ့တစ်ပြည်လုံး ဘာသံမှ မကြားရသလောက်ပါဘဲ။ ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ဆရာဆရာမကလည်း မပြည့်စုံ၊ တစ်ယောက်တည်းနှစ်ဘာသာ၊ သုံးဘာသာ တတ်တတ်မတတ်တတ်၊ ကြိုးစားသင်၊ကျောင်းမလာလာချင်အောင်၊ ကျောင်းသားကို ချော့မော့ ပေးကျွေးသင်ပြီး အောင်မြင်သွားကြတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိမှရှိ၊ ပေါမှပေါပါခင်ဗျ။ ဒီအကြောင်းတွေဒီလောက်ဖြစ်နေရ လောက်အောင် တက္ကသိုလ်ဝင်တန်း(၁ဝ)တန်း စာမေးပွဲစနစ်မှာရော ဘာတွေမှားခဲ့ကြတုန်း ဆက်လက်ပြီး လေ့လာကြည့်ရအောင် . . .
၁။ တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် လူငယ်များ၏ဘဝကိုအဆုံးအဖြတ်ပေးနေခြင်း
၁၉၈ဝအတိုင်ခင် က တက္ကသိုလ်ဝင်တန်းအမှတ်တစ်ခုတည်းနှင့် မိမိတို့သင်ကြားလိုသော ဘာသာရပ် ကို သင်ကြားရခြင်းမဟုတ်ဘဲ (Regional) ခေါ် ဒေသကောလိပ်မှ အမှတ်နှင့်ပေါင်းပြီးမှ မိမိတို့စိတ်ကြိုက် တက္ကသိုလ် တက်ရောက်ခွင့်ပြုတဲ့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းမှာ ချွတ်ချော်မှုတစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင်မှ ကျောင်းသား ကျောင်းသူဟာ ထပ်မံကြိုးစားခွင့်ရနေကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တစ်ခုတည်းနှင့် သတ်မှတ်လိုက်တော့ . . . ဒီတစ်ကြိမ်မှအမှတ်မကောင်းရင် ဘဝပျက်သလောက်နီးနီးမိဘနှင့် ကျောင်းသားကျောင်းသူများက ခံစားပြစ်လိုက်ကြတော့တယ်။ နိုင်ငံတကာမှာတော့ ဘာသာရပ်တွေကို အမှတ်မကောင်းလိုရှိရင် အမှတ်ကောင်းတဲံအထိ အကြိမ်ကြိမ်ပြန် လည်ဖြေဆိုခွင့်ပြုထားတယ်၊ စာမေးပွဲကြေးထပ်မံသွင်းပြီးတော့ပေါ့။ ပြီးတော့ နှစ်သက်ရာရာ ဘာသာကိုလည်းခွဲခြားဖြေဆိုခွင့်ပြုထားသေးတယ်။ ပြီးတော့ကျွန်တော်တို့နိုင်ငံမှာကျင်းပတဲ့စာမေးပွဲမှာ (၆-ဂ)ရက်အတွင်းမှာ ကျင်းပတဲ့အတွက် သိပ်ပြီးတော့ပင်ပမ်းပါတယ်။ပြီးတော့ တစ်စုံတစ်ခု ခိျု့ယွင်းမှုကြောင့် အမှတ်မကောင်ခဲ့ရင်လည်း ပြန်လည်ဖြေဆိုခွင့်မပေးပါဘူး၊ နိုင်ငံတကာမှာ မှာတော့ လနှင့်ချီပြီးဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ဆီမှာ အလွန်ကောင်းတဲ့စာမေးပွဲစနစ်တစ်ခုရှိပါတယ်။ ကောင်းမှန်းသိရက်နဲ့ခေတ်ပညာတတ်တွေ အတုမယူတတ်ကြဘူး။ အဲဒါကတော့ တိပိဋကစာမေးပွဲပါ။ ကိုယ့်ဝန်ကိုယ့်အားနိုင်သလောက် တစ်ကျမ်းချင်းခွဲဖြေလို့ရပါတယ်။ နှစ်အကန့်အသတ် မရှိပါဘူး။ နိုင်ငံတကာမှာဖြေဆိုနေကြတဲ့ (GCE "O" "A" Level ) လို့ခေါ်တဲ့နိုင်ငံတကာ တက္ကသိုလ်ဝင် စာမေးပွဲတွေလည်းထိုနည်းတူပါဘဲ။
၂။ တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမကြာခဏပြောင်းလဲခြင်း
ဒေသကောလိပ်စနစ်စတင်ဖျက်သိမ်းသော ၁၉၈ဝကျော် ခုနှစ်လောက်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်ရိုးညွှန်းတမ်း မတည်မငြိမ်အကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းသည်လည်း ပညာရေးညံ့ဖျင်းရခြင်းတွင်အကြောင်းတစ်ခုဖြစ်သည်၊။ ပြောင်းလဲခြင်းဆိုရာဝယ် ခေတ်နှင့်ညီသော အကြောင်းအရာကိုပြောင်းခြင်းမဟုတ်ဘဲ ။ ဘာသာရပ်များကို မြန်မာလို သင်ကြားနေရာမှ အင်္ဂလိပ်လိုပြောင်း၊ အင်္ဂလိပ်လိုမှ မြန်မာလိုပြောင်း၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ပေါင်းလိုက်ခွဲလိုက်၊ ဓာတု၊ရူပ၊ ဇီဝပေါင်းလိုက်ခွဲလိုက် နှင့် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြခြင်းသည် မြန်မာပညာရေးကို များစွာနိမ့်ကျ နောက်ကျစေခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အစမ်းသပ်ခံပညာရေးသက်သက်ဖြစ်ခဲ့ရသည်။
၃။ တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံညံ့ဖျင်းခြင်း။
နိုင်ငံတကာတက္ကသိုလ်ဝင်ခါင့်စာမေးပွဲများစစ်ဆေးရာတွင် နားလည် တတ်ကျွမ်းမှုကို သာ အဓိကထားစစ်ဆေးသော မေးခွန်းပုံစံများဖြစ်သည်။ ဥပမာဆိုရသော်- ဓာတု၊ရူပ၊ဇီဝဘာသာရပ်များတွင်(Essay Type ) မေးခွန်းများထက် (Multiple Cohice) (True or False) (Matching) စသော နားလည်မှုကိုသာအဓိကမေးမြန်းစစ်ဆေးအမှတ်ပေးကြသည်။
သင်္ချာဘာသာရပ်တွင်လည်းသတ်မှတ်ထားသော တွက်နည်းတစ်မျိုးတည်းမဟုတ်ဘဲ မိမိနှစ်သက်ရာ လမ်းကြောင်းဖြင့် အဖြေရောက်သည့်တိုင်တွက်ချက်လျှင်အမှတ်ပေးကြသည်။ ထို့ကြောင့် သင်ကြားသော ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း အလွတ်ကျက်ဖို့ထက် နားလည်နိုင်သမျှနားလည်အောင်၊ တတ်ကျွမ်းသည်ထက် ပိုမိုတတ်ကျွမ်းအောင်ကြိုးစားကြသည်၊ ပင်ပင်ပမ်းပမ်းမရှိလှပေ။ ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းလွှာအများစုမှာ (Essay Type ) များကိုသာမေးလေ့မေးထရှိသည်။ ထို့အတွက်ကြောင့် အင်္ဂလိပ်စာ အားနည်းသော ကျောင်းသားကျောင်းသူအများစုမှာ နားလည်ရန်ထက် (Parrot Learning)စာကိုအလွတ်ရရန်သာ ကြိုးစားကျက်မှတ်ကြတော့သည်။ ဘာသာရပ်တစ်ခု တိုးတက်သိမြင်ရန်အတွက် တီထွင်ကြံဆခြင်း၊ တိုးတက်ခြင်းရှိအောင် မဆောင်ရွက်လိုကြတော့ပေ။ ဒါ့အပြင် ၁၉၉၈ ခုနှစ်လောက်ပတ်ဝန်းကျင်မှစတင်၍ မေးခွန်းပေါက်ကြားမှုမရှိစေရန်ဟူသော မမှန်ကန်သည့်အကြောင်းပြမှုဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး မေးခွန်းတစ်စုံသာထုတ်ဝေစစ်ဆေးရာမှ ပြည်နယ်နှင့် တိုင်းအလိုက် မေးခွန်း(၁၁) စုံ ဖြင့်ခွဲခြား စစ်ဆေးခဲ့ကြသည်။ ပြီးတော့ အခြေခံပညာအထက်တန်းစာမေးပွဲ(အြေမငခကူအေငသည နထော ) မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(့ညငလနမျငအပ နညအမညေခန) ဟုပြောင်းလဲပြီး စာမေးပွဲနှင့်ပတ်သက်သမျှကို တက္ကသိုလ်မှ အပြီးအပိုင်ထိမ်းချုပ်ခဲ့သည်။ ဒီအတွက်ထူးခြာမှုရှိမရှိမဆိုနိုင်သော်လည်း ပညာရေးဘတ်ဂျက်များသည်ကား ပိုမိုကုန်ကျခဲ့သည် ကိုတွေ့ခဲရသည်၊ ထိုစနစ်မှ အမြတ်ရခဲ့သည်မှာ နိုင်ငံတော်လည်းမဟုတ်၊ ကျောင်းသားကျောင်းသူလည်းမဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများသာလျှင်ဖြစ်သည်၊ တစ်နှစ်တစ်နှစ် သိန်း (၁ဝဝ)နှင့်အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ်အသိုင်းအဝိုင်းတခုလုံးအသိပင်။ ကျောင်းသားကျောင်းသူများအား သင်ရိုး ဘောင်အတွင်းမှမေးမြန်းသည်ဆိုသော်လည်း မေးခွန်းမတူသဖြင့်ရမှတ်များလည်း မတူခဲ့ကြသည့်အပြင် မိမိလိုရာပန်းတိုင်နှင့် လွဲချော် နစ်နာဆုံးရှုံးခဲ့ကြသည်များမှာလည်းဒုနှင့်ဒေး။ ဒီလိုမညီမျှမှုများ၊ လစ်ဟာချက်များရှိနေသော ၊ မေးခွန်း(၁၁)စုံမှ မေးခွန်းတစ်စုံသို့ပြောင်းလဲရန် ကျင်းပနေသော ပြည်သူလွှတ်တော်တွင် အဆိုပြုရာတွင် မေးခွန်းတစ်စဲုံထက်မေးခွန်း(၁၁)စုံမှ ပိုမိုလုံခြုံသည်ဟူသောအဖြေဖြင့် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားရာ ကြားရသူတိုင်း ပြုံးခဲ့ကြရသည်။ ကျောင်းသားကျောင်းသူများနစ်နာဆုံးရှုံးမှုထက် မိမိတို့အတွက် အခွင့်အရေးများဆုံးရှုံရန်မလိုလားသော ပါမောက္ခချုပ်ကြီးများနှင့် ညွှန်ချုပ်၊ ဝန်ကြီးတို့ အားလုံးအကွက်ဆင် ဂွင်ရိုက်ထားခြင်းခြင်းဖြစ်သည်။
၎။ တက္ကသိုလ်ဝင်စာမေးအဖြေလွှာများစစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှုညံ့ဖျင်းခြင်း။
နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းများဖြင့် ဖြေဆိုပြီးခဲ့ကြသော အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်စစ်ဆေရာတွင်လည်း- (က) စာစစ်မှူးချုပ်များသည် သင်ရိုးအပေါ်တွင် စူးစမ်းလေ့လာမှုအားနည်းကြသည်။ ထို့အတွက်ကြောင့် မေးခွန်းထုတ်ရာတွင်လည်းကောင်း၊ ဖြေဆိုခဲ့သောအဖြေလွှာများကို စစ်ဆေးရန်အတွက် အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲရာတွင် အမှားအယွင်းများရှိခဲ့ကြသည်။ သိနားလည်သူများမှ ပြင်ဆင်ရန်တင်ပြခဲ့ကြသော်လည်း မိမိအမှား အတွက်တာဝန်မယူဘဲ ပြင်ဆင်မပေးခြင်း။ (၉၅%)
(ခ) စာစစ်သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်းသင်ရိုးနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ လေ့လာမှုမရှိခြင်း(၉ဝ%) ထို့အတွက်အမှတ်ပေးရာတွက်အခက်အခဲများရှိခြင်း။ အမှားအယွင်းများခြင်း။
(ဂ) သက်ဆိုင်ရာဘာသာရပ်များကိုစစ်ဆေးရာတွင်လည်း အစိုးရမှ ပြဌာန်းထားသော ပြဌာန်းစာအုပ်ထဲမှ အတိုင်း ၏၊ သည် မလွဲ ဖြေဆိုမှသာ အမှတ်ပေးခြင်း၊ တစ်လုံးတလေမှားလျှင်တောင်မှ အမှတ်လျှော့ခြင်းကြောင့် အမှတ်ပေးစည်းမျဉ်းဟုပင်မခေါ်ကြဘဲ အမှတ်လျော့စည်းမျဉ်းဟုပင်ခေါ်ကြခြင်း၊ ပြဌာန်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးသည် ဆိုရာတွင်လည်း ပြဌာန်းစာအုပ်များကိုပုံနှိပ်ထုတ်ဝေသည့်နေရာများဖြစ်ကြသော . . နေပြည်တော်ပုံနှိပ်စက်ရုံ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ များမှအသီးသီးထုတ်ဝေသော ပြဌာန်းစာအုပ်များသည်ပင် တစ်အုပ်နှင့် တစ်အုပ်ပါသည့်စာသားများလွဲချော်ခြင်း။
(ဃ) ကျောင်းသား၊ကျောင်သူမှ မိမိတတ်ကျွမ်းမှုအား မိမိနားလိုသလို (ှနညအနညခနျ) ဖြင့် ရေးသားခြင်းကို လုံးဝအမှတ်မပေးခြင်း၊ သင်္ချာဖြေဆိုရာတွင်လည်းသတ်မှတ်ထားသောတွက်နည်းမှလွဲ၍ အခြားနည်းဖြင်ဖြင့်တွက်လာပါက အဖြေရောက်သော်လည်းအမှတ်မပေးခြင်း။
(င) အောင်စာရင်းများပြုစုရာတွင်လည်း ကျွန်တော်တို့ခေတ်တုန်းက တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း (၈-၁၂%) ခန့်မှ ယနေ့အချိန်တွင် အောင်ချက်ရာခိုင်နှုန်း(၄ဝ%) ကျော်ရှိခြင်းမှာ ပညာရည်တိုးတက်မှုမဟုတ်ဘဲ သက်ဆိုင်ရာ ပညာရေးအစီအမံများကို ဖော်ဆောင်ခဲ့ကြသူများမှ မိမိတို့ဖော်ဆောင်ထားသော စနစ်မအောင်မြင်မှုကို ဖုံးကွယ်ရန်အတွက် ( သြိနမအေငသည မြျေု) များပေးကာ အောင်မှတ်နိမ့်ချထားခြင်း။ ထိုအပြင် တက္ကသိုလ်များ အမြောက်အများဖွင်လှစ်ကာ ကျောင်းသားမရှိခြင်းဟူသော ပြသာနာကိုဖြေရှင်းခြင်း ထိုသို့ဆောင်ရွက်ခြင်းရလဒ်မှာ တက္ကသိုလ်တွင် စာလုံးဆင့်ပါလျှင်တောင်မဖတ်တတ်သော ကျောင်းသားများဖြစ်လာကြခြင်း။(ဥပမာဆိုရသော ပညာရေးဝန်ကြီး ဦးသန်းအောင်လက်ထက်တွင် တက္ကသိုလ်ဝင်တန်းသာမေးပွဲ အောင်စာရင်းထွက်ပြီးနောက် တိုင်ကြားစာ တစ်ခု ကိုစစ်ဆေးကြရာတွင် အများစုမှာ တအံတသြဖြစ်ကြရသည်။ ထိုကျောင်းသားတိုင်ကြားရခြင်းမှာ စာမေးပွဲ အောင်မြင်သောကြောင့် တိုင်ကြားခြင်း ဖြစ်သည် ၊ အမှန်မှာ ထိုကျောင်းသားသည် မိမိရလိုသောအမှတ်မရနိုင်သောကြောင့် နောက်ဆုံးဘာသာရပ် ဖြစ်သော ဇီဝဗေဒတွင် ဖြေဆိုသမျှအဖြေအားလုံးအားကန့်လန့်ဖြတ်ခြစ်၍ ကျရှုံးအောင် လုပ်ထားပါလျှက် အောင်မြင်လာသောကြောင့်တိုင်ကြားရခြင်းဖြစ်သည်။ ဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရာတွင် ထိုကျောင်းသား ခြစ်ချထားသည်မှာလည်းမှန်သည်။ စာစစ်သူမှ ခြစ်ချထားသည်မှ လွတ်နေသော စာအားစစ်ဆေးရာတွင် ရမှတ် (၂)မှတ်ရှိပါသည်။ ယင်းနှစ် စာမေးပွဲစစ်ဆေးရေးမူအရ ကျောင်းမှန်မှန်ပုံမှန်တက်သည်ဟုစာရင်းပို့ထားသူအား ကျရှုံးသောဘာသာရပ်တွင် (ဃဏျွ) အမှတ် (၂၅)မှတ်ထည့်ပေါင်းပေးရန်ညွှန်ကြားထားသောကြောင့် ထိုကျောင်းသားသည် စုစုပေါင်း(၂၇)မှတ်ရရှိသွားပြီး ထိုနှစ်က ဇီဝဗေဒ (သြိနမအေငသည မြျေု) မှတ်အား(၂၇) မှတ်အထိလျှော့ချလိုက်သောကြောင့် ထိုကျောင်းသား ဖြေဆိုရာ ကျရှုံးချင်သောကြောင့် ခြစ်ချရာတွင် (၂)မှတ်ရပြီး စာမေးပွဲအောင်သွားခြင်းကို အံသြဘွယ်တွေ့ရှိရသည်။ ကိုယ်တွေ့)။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှားများပြောရရင် တစ်ထောင့်တစ်ညပုံပြင်ကဲ့သို့ ဆုံးနိုင်ဘွယ်ရာမမြင်။
ဒါကြောင့် မြန်မာနိုင်ငံပညာရေးနိမ့်ကျရခြင်းအအဓိကအကြောင်းရင်းများထဲတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်သည် တစ်ခုအပါအဝင်ဖြစ်ကြောင်းကို လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်။ ယခုပုံစံဖြင့်ကျင်းပနေသော တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံစံအား ပြုပြင်ပြောင်းလဲမှုမပြုသမျှ မပြင်ဆင်သမျှ မိဘများရော ကျောင်းသား ကျောင်းသူများရော ဆရာဆရာမများအားလုံး အမှတ်ကောင်းရေးကိုသာ ဆက်လက်ဦးတည် သင်ကြားကြမည်သာဖြစ်သည်။ မြန်မာနိုင်ငံပညာရေးမှာလည်းနိမ့်ပြီးရင်းနိမ့်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုအခါ ယခုနိုင်ငံတော်က ပညာရေး တိုးတက်မြင့်မားမှုအတွက် ဆောင်ရွက်နေသော(Students Centre Approch) ကျောင်းသားဗဟိုပြုသင်ကြားရေး ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာအကြောင်းရာတစ်ရပ် ဖြစ်ယုံမျှတစ်ပါးအခြားမရှိနိုင်ပေ။
ကိုကြီးသောင်း (အရာတော်)
မူရင်းသတင်းက ဒီမှာပါ။