Wednesday, May 16, 2012

လိမ် လည်း လိမ် ... အလိမ်ပေါ်တော့ လည်း ငြိမ် နေကြသူများ

မေးမြန်းခြင်းမရှိ၊ စုံစမ်းခြင်းမရှိပဲ သတင်းလိမ်ကာ တင်ခဲ့သူများဟာ ကာယကံရှင်က ဖော်ကောင်လုပ်လို့ အလိမ်ပေါ်ချိန်မှာတော့ သိက္ခာဆည်ကာ ဖြေရှင်းတာ မျိုး မရှိသလို၊ လိမ်လည်မှားယွင်းဖော်ပြမှု အတွက်လည်း တောင်းပန် တာမျိုး မရှိပါဘူး။ ဖြစ်စဉ်ကတော့ ဒီလိုပါ...


သတင်းလိမ် ထိပ်သီး ဧရာဝတီရဲ့ လိမ်လည်မှု
(ဧရာဝတီ သတင်းဌာနက အဆိုတော် မေဆွိကိုလည်း သေပြီလို့ လိမ်ခဲ့ဖူးပါတယ်)

ပလောင် တွေလည်း လိမ်တတ်


ခွပ်ဒေါင်းအလံနဲ့ ဒေါ်စု ပုံတင်ထားသူများ လိမ်တတ်



ကာယကံရှင် ရဲ့ ပြောဆိုမှုကတော့ အောက်မှာ တင်ထားတဲ့ အတိုင်းပါ


သတင်းလိမ်ဖော်ပြ သူများကို ကာယကံရှင်ဖက်က အရေးယူတာ မျိုးတွေ မရှိခဲ့ တာကြောင့် လိမ်လည်ဖော်ပြသူများကလည်း အလိမ်ပေါ်တော့ ငြိမ်နေကြပါတယ်။ ယိုသူမရှက် မြင်သူ ရှက် ဆိုတဲ့ အတိုင်း လိမ်လည်ဖော်ပြသူများက မရှက်ပေမယ့် စာဖက်သူများကတော့ စိတ်ပျက်လျှက် ရှိတယ်လို့လည်း သတင်းရရှိပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဂျာနယ်များ သတင်းယူခွင့် NLD ကန့်သတ်

NLD ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ်စဉ်က သတင်းထောက်များ

တောင်ကိုရီးယားသမ္မတ မစ္စတာ လီမြောင်ဘတ်နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ရန် ဂျာနယ်တိုက် ၄ ခုကိုသာ ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်ကြသည့် ပြည်သူ့ခေတ်၊ မြန်မာတိုင်းမ်၊ ၀ီးကလီးအလဲဗင်း နှင့် အခြားဂျာနယ်တစ်ခုတို့ကိုသာ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

“ညနေ ၄ နာရီလောက်မှာ တိုက် ၄ တိုက်ကိုပဲ ရွေးဖိတ်တယ်လို့ သတင်းရတယ်။ အဲဒါနဲ့ အဖွဲ့ချုပ်ကို ဖုန်းဆက်ပြီး မေးတော့ သူတို့ မသိကြောင်း ပြောတယ်။ ဘယ်တိုက်တွေဆိုတာ တရားဝင်လည်း မထုတ်ပြန်ဘူး။ အခု ၃ တိုက် သိရတယ် ဆိုတာက ကိုယ့်အချင်းချင်း မေးမြန်းထားမှ သိရတာ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တစ်ဦးက ပြောသည်။

ရန်ကုန်ရှိ တောင်ကိုရီးယား သံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာသတင်းထောက်များကို ကန့်သတ်ရန် အကြောင်းမရှိဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မေလ ၉ ရက်နေ့၊ ရန်ကုန်မြို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက Express Times ဂျာနယ်မှ သတင်းထောက်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးရန် Express Times က NLD သို့ စာပို့ခဲ့သည်။

ထိုတိုင်ကြားစာကို မြန်မာဂျာနယ်လစ် ကွန်ရက်နှင့် ပြည်တွင်း ဂျာနယ်တိုက်များသို့လည်း ပေးပို့ခဲ့သည်ဟု သိရသည်။

Messenger သတင်းဂျာနယ်၊ အွန်လိုင်း မီဒီယာတစ်ခုဖြစ်သည့် Yangon Press International တို့က Express Times နှင့် အတူ ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီကိစ္စကြောင့် ကျွန်တော်တို့ကို သတင်းယူခွင့် ပိတ်ပင်တယ် ဆိုရင်တော့ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ ကလေးဆန်တယ်လို့ ပြောရမှာပဲ” ဟု သတင်းထောက် တစ်ဦးက ပြောသည်။

Express Times ဂျာနယ်သည် ပြီးခဲ့သည့် လပိုင်းမှစတင်၍ ဘဏ္ဍာရေးအခြေအနေအရ ရပ်ဆိုင်းရန် စီစဉ်ထားသော်လည်း အယ်ဒီတာချုပ်နှင့် သတင်းထောက်များက လစာလျှော့ယူ၍ ဆက်လက် ထုတ်ဝေနေကြကြောင်း သိရသည်။

အိတ်စ်ပရက်စ်တိုင်းမ်ဂျာနယ်ကို ၂၀၁၁ ခု၊ အောက်တိုဘာလခန့်က စတင် ထုတ်ဝေခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရ


ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရဟု ပါချုပ်(ဦးညီညီစံ)က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက် လိုက်လံ ဖြုတ်သိမ်းခိုင်းနေကြောင်းသိရပါသည်။

မဖြုတ်လျှင် အလုပ်ဖြုတ်ပစ်မည် အလုပ်ပြုတ်ချင်သလားဟု ခြိမ်းခြောက် ပြောဆိုပြီး ခိုးချိတ်ထားတာတွေ့ပါက အလုပ်ဖြုတ်ပစ်မည်ပြောပါသည်။

အဆိုပါလုပ်ရပ်နှင့်ပါတ်သတ်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ၀န်ထမ်းတဦး က Myanmar News Now ကို အခုလိုပြောပြထားပါသည်---

(နိုင်ငံတော်သမ္မတကြီးနှင့် လွတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ်သို့ချီတက်ရာဝယ် လွှတ်လပ်စွာ ပြောဆို၊ရေးသား၊လုပ်ကိုင်နိုင်ခွင့် ရှိသည်ဟု ပြောဆိုပါလျှက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလုံးဝ မချိတ်ရဟု ပြောဆိုနေခြင်းသည် "ဘယ်လို ဒီမိုကရေစီလဲ?" ဤသို့ပြောဆိုနေသော ပါချုပ် (ဦးညီညီစံ)ကိုရော ဒီမိုကရေစီစနစ်သစ် ချီတက်ရာဝယ် ထားသင့်ပါသလား?

အချို့ စစ်တပ်လိုင်းခန်းများ နှင့် အစိုးရဧည့်ဂေဟာများတွင်ပါ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံချိတ်ကြပါသည်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် မချိတ်ခိုင်းခြင်းမှာ အတော်မတရားပါသဖြင့် နိုင်ငံတော်အကြီးအကဲများ သိစေလိုကြောင်းပြောပြပါသည်။)



အလာတူ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား တစ်ဦးကလည်း ၁.၅.၂၀၁၂ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတီရှပ် ဝတ်၍လာရာ တပ်ရဲများရောက်လာပြီး အင်္ကျီချက်ချင်းချွတ်ခိုင်းပါကြောင်း၊ ပြန်လည်မေးမြန်းရာ ပါချုပ်(ဦးညီညီစံ)က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တီရှပ် ဝတ်ခွင့်မပြုဟုပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတီရှပ်ကို နိုင်ငံတော်က ဝတ်ခွင့်မပြုတာပါလား? ပါချုပ်(ဦးညီညီစံ)က မဝတ်ရဟု အမိန့်ပေးနိုင်ပါသလား? မိမိကျောင်းဝန်း(ဗ.ဝ.တ)ထဲမို့ အမိန့်ပေးနိုင်တယ်ဆိုရင် ဘာ့ကြောင့်ပေးတာပါလဲ? ကျွန်တော့်မှာ နိုင်ငံရေးလည်းနားမလည်ပါ ဗိုလ်ချုပ်ကိုချစ်လို့ ဝတ်မိပါတယ် မိမိနိုင်ငံခေါင်းဆောင်ကို ချစ်လို့ဝတ်မိတာ အပြစ်ရှိပါသလား?

စတဲ့အချက်တွေကို အစိုးရအာဏာပိုင်များက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြော ဆိုစေလိုကြောင်းလည်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား တဦးက ပြောဆိုထားပါသည်။

မူရင်းသတင်းက ဒီမှာပါ။

ကျွန်းစုမြို့ နယ်မှာ NLD ကိုယ်စားလှယ်အား မထောက်ခံကြောင်း လက်မှတ်တွေ အတင်းအဓမ္မလိုက်လံစုဆောင်းနေ

ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် စည်းရုံးရေးခရီးသွားရောက်ခဲ့စဉ်

တနသာင်္ရီတိုင်း၊ကျွန်းစုမြို့နယ်သဲချောင်းကျေးရွာ(အမျိုးသားလွှတ်တော်အမတ် ဦးကျားမောင်၊ကျွန်းစုမဲဆန္ဒနယ်၊စီးပွါးရေးလုပ်သောနေရာ)တွင်သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှုးဦးလှအေး၊ပြည်ခိုင်ဖြိုးရပ်ကျေးအဆင့် အတွင်းရေးမှုးဦးသန်းရီ၊ကျေးရွာနေအမျိုးသားလွှတ်တော်အမတ်ဦးကျားမောင်၏ တပည့်ကျော်ဦးတင်ငယ်(ထိုင်းနိုင်ငံသို့တရားမ၀င်သစ်မှောင်ခိုကုန်ကူးနေသူ) များကသဲချောင်းရွာသားများအားလက်မှတ်များကို အတင်းအဓမ္မ ယနေ့ညနှင့် ၁၆၊၅၊၂၀၁၂တွင်အပြီးလိုက်လံထိုးခိုင်းနေပါသည်။

ခေါင်းစဉ်မှာရွာသားများသည်ဒေါ်အောင်ဆန်းစုကြည်အားမဲပေးခြင်းဖြစ်သည်။ ဒေါ်တင်တင်ရီအားမဲပေးခြင်းမဟုတ်ဟုဆိုခြင်း။ ဒေါ်တင်တင်ရီနှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်ရွာသားများအားလမ်း၊တံတား။ကျောင်း၊ဓမ္မာရုံ။ဘိလပ်မြေများလုပ်ဆောင်ခြင်း၊ ပေးဆောင်ခြင်းမရှိ။ ပြည်ခိုင်ဖြိုးမှဦးချစ်သန်းမှသာလျှင်အာလုံးလုပ်ဆောင်ပေးနိုင်သည်။

ထို့ကြောင့် NLD မှ ဒေါ်တင်တင်ရီအားပြန်လည်ကန့်ကွက်ပြီး။ပြည်ခိုင်ဖြိုးမှဦးချစ်သန်းအား ထောက်ခံပါသည်ဆိုသော အချက်များဖြင့်ရွာသားများအားအတင်းလိုက်လံလက်မှတ် ထိုးခိုင်းနေပါသည်။ ယခုအချိန်ထိရွာသားများကလက်မှတ်ထိုးပေးခြင်းမရှိသေးကြောင်း။

၁၆၊၅၊၂၀၁၂ရက်နေ့မနက်ပိုင်းတွင်ထိုသူများမှအုပ်စု ၃ စုခွဲပြီးလိုက်လံ ထိုးခိုင်းမည်ဖြစ်ပါကြောင်းကို ထိုရွာခံနှင့်တဆင့်ဖုန်းပြောထားသောအသံဖိုင်ကိုပူးတွဲပြီး သတင်းတင်ပြလိုက်ပါသည်ခင်ဗျား။

ကျွန်းစုမြို့နယ်အခြားကျေးရွာများတွင်ပါထိုသို့လိုက်လံလုပ်ဆောင်နေပါကြောင်းကိုလဲ ရွာခံများမှသတင်းပေးသည်။

မြိတ်မြို့ မှ ကိုဥက္ကာ သတင်းပေးပို့ ထားတာဖြစ်ပါတယ်။

Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။

အလုပ်သမား ဆန္ဒပြမှုပြဿနာ ပထမဦးဆုံးအကြိမ် အများရှေ့မှောက်ဖြေရှင်း

လှိုင်သာယာမြို့နယ်စက်မှုဇုံ (၃) ဘုရားလမ်းပေါ်ရှိ ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုအား ညှိနှိုင်းပေးရာတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်တို့က အများပြည်သူရှေ့မှောက်၌ ပထမဦးဆုံးအကြိမ်အဖြစ် ညှိနှိုင်းပေးခဲ့သည်။

ထိုသို့အများပြည်သူရှေ့မှောက်တွင် ညှိနိုင်းရခြင်းမှာ ဆန္ဒပြ အလုပ်သမားများထဲမှ ကိုယ်စားပြု ဖြေရှင်းမည့် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် ဖြစ်သည်။


မေလ ၁၅ ရက်နေ့ လှိုင်သာယာ စက်မှုဇုန်မှ ပုလဲ အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားနှင့် အများရှေ့မှောက်တွင် ညှိနိင်းနေကြစဉ် (ဓါတ်ပုံ-သူရမျိုး YPI)

“သမီးတို့ထပြောရင် မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့လုပ်တယ် နောက်ဆုံးအဲဒီလူက ကိုယ်သဘောနဲ့ကိုယ် ထွက်ကိုသွားရတာ”ဟု ဆန္ဒပြ အလုပ်သမ တစ်ဦးကပြောသည်။

အလုပ်သမားများဘက်မှ တစ်ထည်ချုပ်ခ ပမာဏ သိရှိရန် ၊ တနင်္ဂနွေ နှင့်အစိုးရရုံးပိတ်ရက်များ ပိတ်ရက်ရရှိရန် ၊နောက်ကျလျှင် လစာမဖြတ်ရန် ၊ခွင့်တိုင်ခွင့်ရရှိရန်၊ ရှားပါးစရိတ် သုံးသောင်းရရှိရန် တို့ပါဝင်သည့် အချက် ၁၃ ချက် တောင်းဆိုခဲ့သည်။

ဆန္ဒပြအလုပ်သမ မသူက “လခနည်းတာရယ် တနင်္ဂနွေ အလုပ်ဆင်းရ တာရယ်ကို ပြောတာ၊ အထည်ကြေးကို အတိအကျမသိရဘူး၊ နေထိုင်မကောင်းလို့ရှိရင်လည်း လူမှုဖူလုံရေးဆေးခွင့်နဲ့ ယူလို့ရှိရင်လည်း ပိုက်ဆံ ဖြတ်တာပဲ ” ဟုပြောသည်။

ဆန္ဒပြသည့် အလုပ်သမများအား အလုပ်ရှင်က တနင်္ဂနွေပိတ်ပေးရန် ၊ ရက်မှန်ကြေးငါးထောင်တိုးပေးရန်၊ အစိုးရရုံးပိတ်ရက်များ ပိတ်ပေးရန်၊ တစ်နှစ် ၆ ရက် ရရှိစေရန်၊ တစ်ထည်ကြေး ကြေငြာပေးရန် စသည့်တောင်းဆိုထားသည့် ၁၂ ချက် သဘောတူခဲ့သော်လည်း ရှားပါးစရိတ်သုံးသောင်း ပေးရန်ကိုမူ သဘောမတူဘဲ တစ်သောင်းသာတိုးပေးခဲ့သည်။

“ညီမတို့တောင်ဆိုတာအစ်မပေးနိုင်လို့ရှိရင်ပေးပါတယ် ။ တစ်သောင်းပေးမယ်နော်”ဟု ပုလဲအထည်ချုပ်ပိုင်ရှင် ဒေါ်စန္ဒာက ညှိနှိုင်းခဲ့သည်။

တစ်နှစ်လျှင်ကိုးလ အလုပ်ကောင်းချိန် တွင် လစာ ၆သောင်းကျော်ခန့်ရရှိပြီး ကျန်သုံးလ အလုပ်မကောင်းချိန်တွင် လစာ လေးသောင်းခန့်သာ ရရှိ သည့်အတွက် အလုပ်မကောင်းချိန်တွင် အစိုးရ၀န်ထမ်း အနိမ့်ဆုံးလစာ အတိုင်းငါးသောင်းလေးထောင်ခြောက်ရာ ပေးမည်ဟု ၎င်းက ပြောသည်။

သို့သော် ဆန္ဒပြအလုပ်သမများ ရှားပါးစရိတ် သုံးသောင်းမပေးသည့်အပေါ်ကြေနပ်မှုမရှိကြ အတွက် ဆက်လက်တိုင်ကြားသွားမည်ဟု ဆန္ဒပြအလုပ်သမများက ပြောသည်။

အလုပ်သမား ရေးရာပြဿနာများညှိနှိုင်းမှုနှင့်ပတ်သက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်က “အလုပ်သမားရေးရာမူဝါဒနဲ့ တည်ဆဲ ဥပဒေတွေအရ လုပ်ပေးနေတယ်။ အလုပ်ရှင်နဲ့အလုပ်သမားမျှတသော ပြေလည်မှု ရရှိအောင် အလုပ်သမား ဥပဒေတွေအတိုင်း လုပ်ပေးနေတယ် ”ဟု ပြောသည်။

လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြမှုအပြီး အလုပ်သမားဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အလုပ်ရှင်အလုပ်သမား ပြဿနာ ၇ ခုခန့်ဖြေရှင်းပြီးခဲ့ပြီဖြစ်သည်။

အစိုးရက ယခုနှစ်ဆန်းတွင် အလုပ်သမား အသင်းအဖွဲ့ဖွဲ့စည်းရေး ဥပဒေကို ပြဋ္ဌာန်းအတည်ပြုပြီးနောက် အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ရရှိလာကာ အလုပ်သမား ခံစားခွင့်ဥပဒေကိုလည်း မကြာသေးမီက အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

၈၈ ကျောင်းသားခေါင်းဆောင်များ ထားဝယ်ခရီးစဉ် ဟန့်တားမှုဆက်တိုက်ကြုံ

ယနေ့ နံနက် ၈ နာရီခန့်က ထားဝယ်မြို့သို့ ရောက်ရှိလာသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ခရီးစဉ်အတွင်း ကြိုဆိုရေးဆိုင်းဘုတ်များ ဖြုတ်ခိုင်းခြင်း ခရီးစဉ်များအတွက် နေရာအခက်အခဲများကြုံရခြင်းတို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရကြောင်း ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကျော်ကျော်သက်က ပြောကြားသည်။

ထားဝယ်မြို့မှ တဆင့် လောင်းလုံမြို့နယ်သို့ ယနေ့ နံနက်တွင် ထွက်ခွာသွားသော ၈၈ မျိုးဆက်ကျောင်းသား များ၏ ယာဉ်တန်းကို ကြိုဆိုရန် ချိတ်ဆွဲထားသည့် “၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ် “ ကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များအား အာဏာပိုင်များမှ ဖြုတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

“ သူတို့ပြောတာက တရားဝင်အဖွဲ့အစည်းလဲမဟုတ်ဘူး၊ ပါတီလည်းမဟုတ်ဘူး၊ NGO လဲမဟုတ်ဘူးဆိုတော့ ဆွေးနွေးပွဲလုပ်ရင် ပရ၀ုဏ်တစ်ခုထဲမှာပဲ လုပ်ဖို့ပြောတယ်။ ခယက ဥက္ကဌ ဆီကိုတော့ ပြန်တင်ပြထားတယ်၊ ခုထိတော့ အကြောင်း မပြန်သေးဘူး “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၁၆ ရက်နေ့ ကံပေါက်ခရီးစဉ်တွင်လည်း လူထုနှင့် တွေ့ဆုံဆွေးနွေးမည့် ကျောက်ကညာကျေးရွာ မှ ဘုန်းကြီးကျောင်း အတွင်း ပြင်ဆင်ထားသည့် စင်ကိုလည်း ဖျက်ခိုင်းလိုက်ကြောင်း၊ ကံပေါက်ဘောလုံးကွင်းကို အသုံးပြုခွင့်မရသည့်အတွက် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ထားဝယ် ၈၈ ကျောင်းသားများအဖွဲ့မှ သိရသည်။

“ ရေဖြူ မယက ကတော့ ကံပေါက်အုပ်ချုပ်ရေးမှုးကတဆင့် ကျနော်တို့ကို ဆိုင်ကယ်နဲ့ နှစ်ယောက်လောက်ပဲ သွားကြိုစေ ချင်တဲ့ သဘောပြောတယ်။ သိုက်သိုက်ဝန်းဝန်းမဖြစ်စေချင်တဲ့ သဘောပေါ့ဗျာ “ ဟု ၈၈ ကျောင်းသားများ၏ ကံပေါက်ခရီးစဉ်အား စီစဉ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

ကံပေါက်ရှိ ဘောလုံးကွင်းနေရာအစား ပုဂ္ဂလိကပိုင် ခန်းမတစ်ခုကို စီစဉ်ထားပြီးဖြစ်ကာ ကံပေါက်ဒေသရှိ လူထု၏ လက်ရှိအခြေအနေ နှင့် အခက်အခဲများအား စာတမ်းတစ်ခုအနေဖြင့် ဖတ်ကြားဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

“ အောက်ခြေမှာ အပြောင်းအလဲမရှိသေးဘူး ဆိုတာ ဒါတွေက သက်သေပြနေတယ် “ ဟု ထားဝယ်ဒေသခံ လူငယ်တစ်ဦး က ဝေဖန်ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ ထားဝယ်ခရီးစဉ်အတွင်း ပထမနေ့ခရီးစဉ်အဖြစ်လောင်းလုံမြို့နယ်၊ ဒုတိယနေ့တွင် ကံပေါက်ဒေသ၊ တတိယနေ့တွင် နဘုလယ်ဒေသနှင့် မောင်းမကန်တို့သို့ သွားရောက်မည်ဖြစ်ကာ ထားဝယ်ဒေသရှိ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု ထားဝယ် မျိုးဆက် ကျောင်းသားများအဖွဲ့မှ ထုတ်ပြန်သည့် လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။

ယခင်သီတင်းပတ်က ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာဝတီတိုင်း ပုသိမ်ခရီးစဉ်တွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရသည်။

Yangon Press International




မူရင်းသတင်းက ဒီမှာပါ။

မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်

ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။

သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီိလိုပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတဟာ ဒီကနေ့ မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်တွေ နဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ကိစ္စရပ် မျိုးစုံကို ပြောခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို ပထမဆုံး ချီးကျူး ပြောဆို ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တောင် ကိုရီးယားနိုင်ငံ ရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးကို သမ္မတ အီလ်မြောင်ဘာ့က် က အထူး အလေးပေး ပြောဆိုခဲ့တာပါ။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တယ်လို့ ယူဆ ရနိုင် တဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ မြန်မာနိုင်ငံ အကြား ဘယ်လို ဆက်ဆံရေးမျိုးကို မဆို မြန်မာအစိုးရ အနေနဲ့ ရှောင်ရှား လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ကို ကျနော် ပြောခဲ့ပါတယ်။ ဒါဟာ ကျနော်နဲ့ သမ္မတဦးသိန်းစိန်တို့ ထိပ်သီးဆွေးနွေးပွဲ အတွင်း တရားဝင် မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါ တယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အီလ်က စကားပြန် ကနေ တဆင့် ပြောသွားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ပိုပြီးတော့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားဖို့ တောင် ကိုရီးယားနိုင်ငံ က ပြင်ဆင်ထား ပါတယ်ဆိုတာကိုလည်း သူက သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲမှာ လက်နက်ငယ်တွေ က လွဲပြီးတော့ ဘယ်လို စစ်လက်နက်ပစ္စည်းမျိုးကိုမှ မြောက် ကိုရီးယား နိုင်ငံဆီကနေ မရယူဖို့ နိုင်ငံတွေ ကို ပိတ်ပင် တားမြစ်ထားပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအီလ်တို့ တွေ့ဆုံဆွေးနွေးကြတာမှာလည်း ကိစ္စရပ်မျိုးစုံ ပါဝင် ခဲ့ပြီး အဓိကအနေနဲ့ ပညာရေးရဲ့ အရေးကြီးပုံနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အီလ်က ပြော ပါတယ်။

“တောင်ကိုရီးယားဟာ ဒီမိုကရေစီ နိုင်ငံတခုအဖြစ်နဲ့ရော၊ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတခု အဖြစ် ကိုရော ရောက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ နောက် မျိုးဆက်သစ် ခေါင်းဆောင်တွေ အတွက် ပညာရေး အထောက်အပံ့ပေးတဲ့ နေရာမှာ ကျနော်တို့ဟာ သန္နိဋ္ဌာန်ခိုင်မာပြီး စိတ်အား ထက်သန် စွာ လုပ်ခဲ့ကြတယ်ဆိုတာကို ကျနော် ထောက်ပြ ပြောဆိုခဲ့ပါတယ်။” လို့ မစ္စတာအီလ်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ဘယ်တော့မှ အနစ်နာခံ အလျှော့မပေးရဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ သဘောတူ ခဲ့ကြ တယ်လို့လည်း သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ကြွယ်ဝ ချမ်းသာမှုတို့ အားလုံးကို တခုမဟုတ်တခု လိုချင်တာမဟုတ်ဘဲ အားလုံးကို လိုချင်တာ ဖြစ်ပါတယ်လို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က - “နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ကြတာမှာ အုပ်ချုပ်သူတွေက လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘဲ သူတို့ ဖြစ်စေချင်တဲ့ပုံစံအတိုင်း တည်ဆောက်နိုင်စေမယ့် ပညာရေးမျိုးကို မြန်မာ ကလေးငယ်တွေ ရစေ ချင်ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာလူထုအနေနဲ့ ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့အတူ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်သွား ချင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို လုံခြုံတယ် ဆိုရုံနဲ့ မလုံလောက်ဘဲ အစိုးရကရော ကိုယ်ကိုယ်တိုင်ကပါ အကာအကွယ် ပေးနိုင်မယ့် လူသားဂုဏ်သိက္ခာကို မိမိတို့ လိုအပ်ပါ တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မြန်မာလူထုအနေနဲ့ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုအခြေအနေကို ရောက်အောင် ခက်ခဲတဲ့ လမ်းကြောင်းကို ဆက်လျှောက်ရ ဦးမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေကိုလည်း မီးမောင်းထိုး ပြောဆိုခဲ့ပါ တယ်။

“ကျမတို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အပြောင်းအလဲဖြစ်နိုင်ခြေရှိတဲ့ အဆင့်တခုမှာ ကျမတို့ ရောက်နေပါ တယ်။ ဒါပေမဲ့လည်း ဒီအပြောင်းအလဲဟာ မလဲမပြိုဘဲ ဖြစ်လိမ့် မယ် ဆိုပြီး ကျမတို့ သေချာပေါက် ယူဆနိုင်မယ်လို့ ကျမတော့ မထင်ပါဘူး။ ရည်ရွယ်ချက် ရှိနေပါတယ်၊ တကမ္ဘာလုံးက စိတ်ကောင်း စေတနာကောင်းနဲ့ အားပေးနေ ကြပါတယ်၊ ဒါပေမဲ့ အဲဒီ စိတ်စေတနာကောင်းတွေ အလဟဿဖြစ်မသွားစေရေး သေချာအောင် ကျမတို့ လုပ်ရပါမယ်၊ ပြီးတော့ ကျမတို့လူထုအကျိုး အတွက် အဲဒီ စိတ်စေတနာကောင်းတွေကို အကောင်းဆုံးအသုံးပြုနိုင်အောင် လုပ်ကြရပါမယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဂုဏ်သိက္ခာရှိပြီး ကောင်းမြတ်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ မိမိ ကိုယ်တိုင်အနေနဲ့ရော၊ ကိုရီးယားလူထုနဲ့ အစိုးရကပါ ဆက်လက်ပြီး ထောက်ခံသွား ပါမယ် လို့လည်း မစ္စတာအီလ်ကပြောပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတော် တရားဝင်ခရီးစဉ်အဖြစ် မနေ့ကရောက်လာတဲ့ တောင် ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကပဲ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော် တရားဝင်ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။

By ကိုကျော်ကျော်သိန်း (ဗွီအိုအေ-မြန်မာပိုင်း)

မူရင်းသတင်းက ဒီမှာပါ။

ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း


မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့ တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ယာယီရုပ်သိမ်းပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အင်္ဂါနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ လက်ရှိ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အကောင်းမြင်လွန်းလို့မရဘဲ သတိထားဖို့လိုတဲ့ အကြောင်း ပြောသွားတာပါ။

“အမေရိကန်နိုင်ငံသားတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ကျမအနေနဲ့ ဒါကို မကန့်ကွက်လိုပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြလိုပါတယ်။ လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ်လို့ ကျမအနေနဲ့ တခါတလေ ခံစားမိပါတယ်။ကျမတို့အနေနဲ့ မမေ့အပ်တာ ကတော့ ဒီမိုကရေစီဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်နိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ကျမလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ စစ်တပ်အနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ လေးလေး နက်နက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သံဓိဌာန်ခိုင်မာစွာ မချမှတ်မချင်း ကျမတို့ အနေနဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို နောက်ပြန်ဆုတ်လို့ မရနိုင်ဘူးဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ပါဘူး။”

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရည်မှန်းချက်ကို ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမ ဆုံး ခေါ်ယူတဲ့လွှတ်တော်အတွင်းမှာပဲ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအဆိုကို ပထမဆုံးတင်သွင်း အတည်ပြုခဲ့တာကိုကြည့်ရင် အရေးယူမှုတွေ ထိရောက်ခဲ့တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို အရေးတကြီး ကြိုးပမ်းမှာဖြစ်ပေမယ့် အလျင်စလိုတော့ ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ အလားအလမှာ မရှိဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဦးဆုံးလုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်မှာပါ။ ဒီအထဲ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒီတော့ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ စစ်တပ်ရဲ့ ထောက်ခံမှု ပါမှ ရမှာပါ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ ဦးဆုံးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့ အရေးတကြီး အလေးထားလုပ်ဆောင်သွားမယ့်ကိစ္စဖြစ်ပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့လည်း မြန်မာအစိုးရအနေနဲ့ တကယ်တန်း ဒီမိုကရေစီရေး ဖော်ဆောင်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက နိုင်ငံရေးအကျဉ်းသားအတော်များများ လွတ်လာပါတယ်။ ဒီ လွှတ်လိုက်သူတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ စာရင်းမှာ ပါတဲ့သူတွေလို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒီ စာရင်းအတိုင်းပြောမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား ၂၇၁ ဦး လွတ်ဖို့ ကျန်နေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ပြောဆိုနေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ထပ်ဆွေးနွေးချင်ပါတယ်။ သူတို့ကြေညာသလို ဒီ စာရင်းအတိုင်း လွှတ်ပေးတယ်ဆိုရင်တော့ ကျန်နေတဲ့ ၂၇၁ ဦးကို ဘာကြောင့် လွှတ်မပေးသေးတာလဲဆိုတာ တရားဝင် သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေလုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လုံးလုံးမရှိသင့်ပါဘူး။”

တိုင်းရင်းသားလူနည်းစုအရေးကိစ္စနဲ့ပတ်သက်လို့တော့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအရ အဖြေထုတ်နိုင်မှသာ တိုင်းရင်းသားဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်လိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အပစ်အခတ်ရပ်စဲရေး လုပ်ရုံတင် မလုံလောက်ပါဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာ အစ သက်သက်ပါ။ နိုင်ငံရေးအရ အဖြေရှာမှုမျိုး မရှိသေးပါဘူး။ ဒီအခြေအနေနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ အဖြေထုတ်နိုင်ဖို့ လိုအပ်ပါတယ်။”

ဝါရှင်တန်မှာ အင်္ဂါနေ့လုပ်တဲ့ အဲဒီအခမ်းအနားမှာတော့ သမ္မတ ကတော်ဟောင်း လော်ရာ ဘွတ်ရှ် က ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံးက လေးစားရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင် တဦးအဖြစ် မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင် မိုက်ကယ် ဂီယာ ဂါစင်က ပရိသတ်ကိုယ်စားလှယ် မေးမြန်းခဲ့ ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားတာတွေ ဖြစ်ပါတယ်။

By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)

မူရင်းသတင်းက ဒီမှာပါ။