Sunday, May 13, 2012

အလွဲသုံးစားမှု သတင်းရေးသူဖော်ထုတ်ဖို့ တရားလိုတောင်းဆို

အပတ်စဉ်ထုတ် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မေလ ၁၁ ရက် သောကြာနေ့မနက်က ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးမှာ ကြားနာစစ်ဆေး ပါတယ်။ တရားစွဲသူ သတ္ထုတွင်းဝန်ကြီးဌာနဘက်က သတင်းရေးသားသူရဲ့ အမည်ကိုဖော်ပြဖို့ ရုံးတော်မှာ လျှောက်လဲခဲ့တာကို စွပ်စွဲခံရသူThe Voice ဂျာနယ် ဘက်က ပြန်လည်လျှောက်လဲချက် ပေး ခဲ့ပါတယ်။ သတင်းရေးသားသူ အမည်ကို ဖော်ထုတ်ဖို့ လိုမလိုဆိုကိုတော့ လာမယ့် မေလ ၂၃ ရက်နေ့မှာ ရုံးတော်က ကြားဖြတ် အမိန့်ချမှတ်မှာဖြစ်ပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို မသင်းသီရိ က စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

မတ်လ ဆယ်ရက်နေ့က ထုတ်ဝေတဲ့ TheVoice ဂျာနယ်မှာ ၀န်ကြီးဌာန တချို့ ငွေကျပ် သိန်းထောင်ချီ အလွဲသုံးစားလုပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတဲ့သတင်းမှာ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးဖော်ပြတဲ့ အချက်အလက်တွေဟာ မမှန်ကန်ဘူးဆိုပြီး The Voice ဂျာနယ်ကို အဲဒီဝန်ကြီးဌာနက တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုအဖြစ်နဲ့ ဂျာနယ်ရဲ့ အယ်တီတာချုပ် ကိုရော ထုတ်ဝေသူနဲ့ သတင်းရေးသားသူတို့ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၀ နဲ့ ဒဂုံမြို့နယ် တရားရုံး အတွင်းမှာ တရားစွဲဆိုထားတဲ့ ဒီအမှုကို ဒဂုံတရားရုံးမှာ ဒီကနေ့ ကြားနာစစ်ဆေးပါတယ်။

အဲဒီမှာ စွဲဆိုသူ သတ္တုတွင်း ၀န်ကြီးဌာနကဘက်က ဒီ သတင်းရေးသားသူ အမည်ကို ဖော်ထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ခဲ့ပါတယ်။ ဒါကို The Voice ဂျာနယ်ဘက်က ရှေ့နေက ရုံးတော်မှာ ပြန်လည်လျှောက်လဲချက် ပေးခဲ့ပါတယ်။ လက်ရှိနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ရော ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေအပြင် နိုင်ငံမှာဖြစ်ခဲ့ဖူးတဲ့ သမိုင်းသာဓကတွေနဲ့ ရုံးတော်မှာ ပြန်လည် လျှောက်လဲချက်ပေးခဲ့တယ်လို့ The Voice ဂျာနယ်ရဲ့ရှေ့နေ ဦးသိန်းညွန့်က ပြောပြပါတယ်။

"နံပါတ်တစ်အချက်က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ ဦးတိုက်လျှောက်ထားတဲ့အခါမှာ နိုင်ငံ့ ဝန်ထမ်းတွေကို စစ်ဆေးစရာ မလိုဘူးဆိုတဲ့အချက်ဗျ။ ဥပဒေက ခွင့်ပြုထားပါတယ်။ စွပ်စွဲသူရဲ့ အမည်၊ လိပ်စာ အတိအကျ ရေးသားခွင့်ဆိုတာက ဥပဒေအရ သူ့ဘက်က ဆောင်ရွက်ရမှာ။ သူ့အလုပ်သူ လုပ်ရ မယ့်ကိစ္စကို ကျနော်က ထောက်ပြတာ။ ဒုတိယကတော့ စာ၊ နယ်၊ ဇင်း ကျင့်ဝတ် (၅) မှာ သတင်း ရင်းမြစ်ကို ဖော်ပြဖို့မလိုဘူးဆိုတဲ့ စာ၊ နယ်၊ ဇင်း ကျင့်ဝတ်ကို ကျနော် ဒီနေ့ ဖတ်လည်း ဖတ်ပြတယ်၊ မိတ္တူ ကူးပြီးတော့လည်း တင်ပြတယ်။

တတိယအချက်ကတော့ သမိုင်းသာဓကပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အိုးဝေ အယ်ဒီတာလုပ်တဲ့အချိန်မှာ ငရဲခွေးကြီးလွတ်နေပြီဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ ဘယ်သူရေး တယ်၊ ဘယ်ဝါရေးတယ်ဆိုတာကို တောင်းတယ်။ အဲဒီတုန်းက အယ်ဒီတာ ကိုအောင်ဆန်းက ထုတ်မပေးခဲ့ ဘူး။ အိုးဝေဦးညိုမြ ရေးခဲ့တဲ့ ဆောင်းပါးဖြစ်တယ်ဆိုတာ သိပေမယ့် အယ်ဒီတာတယောက်အနေနဲ့ မပြောခဲ့ဘူး။ အဲဒါကြောင့် သူ့ကို ကျောင်းထုတ်တယ်။ သမိုင်းအချက်အလက်ကို ကျနော် ရုံးတော်မှာ တင်ပြတယ်။

နောက် စတုတ္ထအချက်ကတော့ စီရင်ထုံးပေါ့။ ရုပ်ရှင်မင်းသမီး ဒေါ်သီသီနဲ့ပတ်သက်တဲ့ စီရင်ထုံး၊ ၁၉၇၄ ခုနှစ်က၊ တာဝန်ခံအယ်ဒီတာက တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာ စံထုံးကို တရားရုံးချုပ်က အသိ အမှတ်ပြုတယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြတယ်။"

အခုလာမယ့် မေလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ဒဂုံတရားရုံးက သတင်းရေးသူ အမည်ဖော်ထုတ်ဖို့ လိုမလိုဆိုတာကို ကြားဖြတ်အမိန့် ချမှာ ဖြစ်ပါတယ်။

"အာဏာပိုင်တွေကို အများပြည်သူအကျိုးအတွက်ဆိုရင် သတိပေးတဲ့ ရေးသားမှုတွေ လုပ်နိုင်တယ်ဆိုတဲ့ ပုဒ်မ ၅၀၀ ပါ ကင်းလွတ်ချက်များကိုလည်း လျှောက်လဲချက်ပေးရင်းနဲ့ ထောက်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာတည်ပြီးဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄/က) လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် အခြေခံဥပဒေအခွင့်အရေးကို ထိပါးတဲ့အချက်ဖြစ်တယ် ဆိုတာ ဒီနေ့ လျှောက်လဲချက်ထဲမှာ ရေးသားချက်ရော၊ နှုတ်နဲ့ရောလျှောက်ခဲ့ပါတယ်။"

ဒါကတော့ The Voice ဂျာနယ်ရဲ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းညွန့် ပြောပြခဲ့တာ ပါရှင်။

သတ္ထုတွင်းဝန်ကြီးဌာနဘက်ကတော့ အနောက်ပိုင်းခရိုင်တရားရုံးက ဥပဒေအရာရှိ နှစ်ဦးက ရှေ့နေတွေ အဖြစ် ဆောင်ရွက်ေးပးပါတယ်။

ဝန်ကြီးဌာနတချို့မှာ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစွဲမှုတွေ တွေ့ရတယ်ဆိုပြီး လွှတ်တော်ထဲဆွေးနွေးကြတာကို ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပြန်ကိုးကားပြီး ရေးတဲ့ သတင်းထဲမှာ သတ္ထုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်လို့ ဖော်ပြချက်က စာပိုဒ်တပိုဒ်သာပါခဲ့တာပါ။

မုံရွာ ကြေးနီ သတ္ထုတွင်းစီမံကိန်းမှာ တွေ့ရှိရတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ပြည်သူ့ လွှတ်တော် တဦးရဲ့ ပြောပြချက်နဲ့အတူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့တဲ့ အစီရင်ခံစာကို အခြေခံပြီး ရေးသားထားတဲ့သတင်း ဖြစ်တယ်လို့ The Voice ဂျာနယ်က ပြောပါတယ်။

နိုင်ငံမှာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီ၊ အပြုသဘောမဆောင်၊ ဂုဏ်သိက္ခာမရှိသော အရေးအသားများဖြင့် ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန် စွပ်စွဲရေးသားတာတွေကို တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းခံရမှာဖြစ်တယ်လို့ မတ်လ ၁၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာ သတ္ထုတွင်း ၀န်ကြီးဌာနက ဥပဒေအရ အရေးယူမယ် ဆိုတဲ့အကြောင်းရေးထားတဲ့အထဲမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

မြစ်ကြီးနားမြို့ကို ဗုံးခွဲတဲ့သူများအား ဖမ်းမိပြီ



မေလ ၇ ရက်နေ့ည ၁၁ နာရီခွဲခန့်က မြစ်ကြီးနား ဒုစရိုက်နှိမ်နင်းရေးရဲအဖွဲ့ဝင် များသည် ကချင်လူမျိုး သတင်းပေး၏ သတင်းအရ ကားကြီးဝင်းအနီးရှိ စိုးစံတည်းခိုခန်းသို့ ၀င်ရောက်ရှာဖွေစစ်ဆေးရာ အခန်းအမှတ် ၁၉ တွင် တာလောကြီးကျေးရွာမှ ဇော်ဘန်နှင့်၎င်း၏ ဇနီးဖြစ်သူ မရွယ် တို့ထံမှ မိုင်းထောင်ရာတွင် အသုံးပြုသော

၁) အနက်ရောက်လက်ကိုင်ရိုးတပ် အရှည် ၆ လက်မခန့်ရှိ ၀ါယာကြိုးဖြတ်ပလာယာ၊
၂) အရှည် ၂၂ လက်မ 7044 အမျိုးအစားဝါယာကြိုးအဖြူရောင် ၁ ချောင်း၊
၃) အလျား ၃ လက်မခန့်ရှိ တံစဉ်းပြားအကျိုး ၁ ခု၊
၎) အရိုးအသွား ၉ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း တို့နှင့်အတူ စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။

ဇော်ဘန်မှာ ၂၀၀၉ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်း (၁၁) တွင် သင်တန်းသား ၈၂ ဦးနှင့်အတူ အခြေခံ တပ်သားသစ် သင်တန်းနှင့် မိုင်းသင်တန်းများကို ၃ လခန့်သင်ကြားတက်ရောက်ခဲ့ပြီး ကိုယ်ပိုင်အမှတ် A-၅၀၃၉၇ တပ်သားတစ်ဦးဖြစ်ပါတယ်။ အစိုးရနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် လိုင်ဇာဌာနချုပ်မှ မြစ်ကြီးနားမြို့ပေါ်တွင် မိုင်းများဖောက်ခွဲရန်အတွက် ဇော်ဘန်နှင့် သင်တန်းအတူတက်ခဲ့သော

၁) နော်ဆန်(ခေါ်) ကရိန်နော်၊ မလိဆွန်ယန်ရွာ၊ အကျဲလမ်းခွဲ၊ မြစ်ကြီးနား။
၂) လမိုင်၊ မလိဆွန်ရွာ၊ အကျဲလမ်းခွဲ၊ မြစ်ကြီးနား။
၃) ဇုံးယိန်း၊ မော်ဖောင်းကျေးရွာ၊ မြစ်ကြီးနား။

၎ ဦးအား စေလွှတ်ဖောက်ခွဲခဲ့ပါတယ်။ ၄င်းတို့ ၄ ဦးသည် ကေအိုင်အေ တပ်ရင်း(၁၁) တပ်ရင်းမှူး ဒူးဂျုံး၏ ခိုင်းစေချက်ကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် အကြိမ်ကြိမ်ဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ပါတယ်။ အသင့်ဖောက်ခွဲမိုင်းများကို တပ်ရင်း (၁၁) မှ ထုတ်ပေးပြီး မိုင်းဖောက်ခွဲရမည့်နေရာများကိုပါ သတ်မှတ်ပေးခဲ့ကြောင်း ၄င်းတို့မှ မိုင်းထောင်ခဲ့ပြီး အဝေးမှ Remote Control ဖြင့်ဖောက်ခွဲခဲ့ပါတယ်။ မိုင်းခွဲပြီးနောက် ၄င်းတို့နေထိုင်တဲ့ရွာတွေမှာ ပြန်လည်နေထိုင်ကြောင်း ကေအိုင်အေမှ လက်လုပ်မိုင်းများသည် စိတ်ချရမှုမရှိပဲ မိုင်းထောင်သူများပါ ထောင်ရင်းပေါက်ကွဲမှုဖြစ်ကာ သေဆုံးရကြောင်း။ ထို့ကြောင့် မိုင်းထောင်ရန် ကြောက်လန့်နေကြကြောင်း ဇော်ဘန်မှ စစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ ၃ ဦးကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း မြစ်ကြီးနား ရဲတပ်ဖွဲ့မှူးရုံးမှ ပြောကြားခဲ့ပါတယ်

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်


မြန်မာနှစ်သစ်ကူးရက် ကျရောက်သော ဧပြီလအတွင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် အပါအဝင် နိုင်ငံတကာ ထိပ်တန်းသံအမတ်များ တသီတတန်း လာရောက်မှုအပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် မေလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ လာရောက်စဉ်အတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးတို့ကို မြန်မာသမ္မတကြီး ဦးသိန်းစိန်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်းမြေထိစပ်နေသည့် တစ်ခုတည်းသော နေရာမြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတိုးတက်ရေး၊ နှစ်နိုင်ငံ ဗီဇာကိစ္စရပ်များ ဖြေလျှော့ရေး၊ ရေကြောင်းနှင့် ကုန်းမြေနယ်စပ်တစ်လျှောက် သတင်းအချက်အလက်နှင့် စုံစမ်းရေးဌာနများ မြှင့်တင်ရေး၊ စွမ်းအင်နှင့် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးတို့ ပြုလုပ်သွားနိုင်ကြောင်း နယူးဒေလီမြို့တော် အခြေစိုက် Vivekananda International Foundation မှ Associate Fellow ဖြစ်သူ Chietigj Bapaee ၏ Asia Tines မီဒီယာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မီဒီယာကိုခုတုံးလုပ်၍စီးပွားရှာနေသာ သန်းထွဋ်အောင် (သို့) Eleven Media

အစိုးရရဲ့ ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မီဒီယာကိုပြပါဆိုရင် ပွကြီး Eleven မီဒီယာကိုပြရမှာပါဘဲ ၊ အစိုးရက ၂၀၀၇ မော်ဒယ်အထက်ကားတွေကို ကားဝယ်ဘို့လုံလောက်တဲ့ နိုင်ငံခြားငွေအကောင့်တစ်ခုရှိတာနဲ့ တင်သွင်းခွင့်ပြုလိုက်တာကို ပြည်သူအများ စုကကြိုဆိုကြပေမယ့် Eleven မီဒီယာကတော့ ကားတွေကျပ်လာမယ် ၊ ထိခိုက်သူတွေရှိတယ် ၊ အစိုးရဟာ ၈ လအတွင်းမူဝါဒ ၆ ခါပြောင်းနေတယ် အစရှိသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်ပြီး သူကတော့ ပြည်သူတွေနစ်နာမှာစိုးသလိုလို ကားတွေကျပ်လာပြီး လမ်းတွေပိတ်လာမှာပဲစိုး သလိုလို ပြည်သူ့ဘက်ကပဲရပ်တည်နေတဲ့စေတနာ မီဒီယာကြီးလိုလို လုပ်နေတာကို အမြင်ကပ်လို့ ဒီဆောင်းပါးကိုရေးပါတယ် ။


ဒီပုံကို ဦးမင်္ဂလာရဲ့ ဖေ့စ်ဘုတ်ကနေယူထားတာပါ

ပထမဦးဆုံးသိထားရမှာက အမှတ် ၈၂ မြန်မာ့ဂုဏ်ရည်လမ်း သာကေတာမှာရှိတဲ့ Paing Paing Auto ကား Showroom ဟာ Eleven က CEO သန်းထွဋ်အောင်ရဲ့ မိန်းမ ဒေါ်ယဉ်မွန်ဦး ပိုင်ပါတယ် တန်ဘိုးကြီးကားပေါင်းစုံကို ဒီ Showroom မှာရနိုင်ပါတယ် ၊ပါမစ်ပေါင်းစုံကိုလည်း ၀ယ်ပါတယ် ၊ ဒီနေရာမှာကြုံတုန်း သန်းထွဋ်အောင်ရဲ့မိန်းမ ဒေါ်ယဉ်မွန်ဦး အကြောင်းကို ပြောချင်ပါတယ် သူဟာ တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့သမီးဖြစ်ပါတယ် ၊ မြို့မကျောင်းထွက်ဖြစ်ပြီး အရင်က ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဖွင့်ထားပါတယ် ။ ၁၀ တန်းအောင်ပြီးကာလမှာပဲ မြန်မာပြည်က နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး တစ်ဦးရဲ့ သား ( ယခုအမေရိကားတွင်နေထိုင်သူ) နဲ့ လူငယ်သဘာဝ ချစ်ကြိုက်နေရာကနေ သန်းထွဋ်အောင်က ယောက္ခမကို ငွေလမ်းခင်းပြီး ရုပ်ရှင်ထဲကလို ဗီလိန်ဆန်ဆန် ရယူထားတာဖြစ်ပါတယ် ။ဒီလိုပြောနေတာဟာ ကာယကံရှင်တွေကိုပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ အတွက်ကြောင့်မဟုတ်ပါဘူး ခုစာရေးသူဟာ သန်းထွဋ်အောင်အကြောင်း အူမချေးခါးကအစ သိနေတဲ့သူဆိုတာကို စာဖတ်သူများသိစေချင်တာပါ ။ထပ်ပြီးတိတိကျကျပြောရရင် သူမဟာ ဗေဒင်ယတြာတွေကို ယုံကြည်သူဖြစ်ပြီး ၁၉၇၄ အောက်တိုဘာ ၂ ၇က်နေ့ဖွား ဖြစ်တယ် ဆိုတာတွေပါ သိပါတယ် ။

အစိုးရက ကားတွေစသွင်းခွင့်ပြုလိုက်တဲ့ ပထမအသုတ်မှာပဲ သန်းထွဋ်အောင် မိန်းမရဲ့ ကားတွေပါလာပါတယ် ။ ဒီမှာတင်ပြဿနာကစတော့တာပါဘဲ ၊ သူတို့သွင်းလာတဲ့အထဲမှာ ပါမစ်သတ်မှတ်ချက်နဲ့မကိုက်တဲ့ကားတွေပါလာတယ် ပထမသူတို့က ကာစတန်ကိုညှိတယ် ၊ မအောင်မြင်တော့ ဒီအောက်ကသတင်းကို Eleven မှာရေးချလိုက်ပါတယ် ။


ဒီသတင်းမှာ Highlight လုပ်ပြီး ရေးထားတာက .....


ဒီစာသားကိုကြည့်လိုက်တာနဲ့ သန်းထွဋ်အောင်ဟာ မိန်းမပြောတာတွေ တပည့်တွေပြောတာတွေကို အကြောင်းပြုပြီး သူတို့အကျိုးစီးပွားအတွက် မီဒီယာကိုအသုံးချနေတယ်ဆိုတာ ထင်ရှားနေပါတယ် ၊ ဒီနောက် သူတိုကတွေဟာ Custom က တားဆီးထားတဲ့ကားတွေအတွက် Custom ကို အဆက်မပြတ်လိုက်ပါတယ် ၊ တာဝန်ရှိသူတွေ က Customs ဥပဒေအရဆိုပါရင် သိမ်းဆည်းခြင်းထက် ကားအများစုမှာ ဒဏ်တပ်ရိုက်ခြင်းသာ အမြင့်ဆုံး ခံရနိုင်ကြောင်း ပြောတာကို ကားသိမ်းမခံရပဲ ဒဏ်ကြေးနဲ့တင်သူ့ကားတွေထုတ်လို့ရအောင်နဲ့ Custom တာဝန်ရှိသူတွေလည်း ကို ချီပြီးတုတ်ပြီးဖြစ်အောင် ဒီအောက်ကသတင်း ကို ၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထပ်ထည့်လိုက်ပြန်ပါတယ် ။


Eleven က CEO သန်းထွဋ်အောင်ဟာသူ့ကိုယ်ကျိုးအတွက် မီဒီယာကိုသုံးပြီး လုပ်ခဲ့တဲ့အတွက် အကောက်အခွန်ဌာန တာဝန်ရှိသူတွေဟာ အတော်အလုပ်ရှုပ်ခဲ့ခေါင်းရှုပ်ခဲ့ရပြီး အစိုးရသတင်းစာတွေ အကောက်ခွန်ဌာနပိုင် ၀က်ဘ်ဆိုဒ်တွေကနေ ရှင်းရလင်းရအထိဖြစ်ခဲ့ရပါတယ် ။

ဒီလို အစိုးရနဲ့ ဌာနဆိုင်ရာ တွေကိုအမျိုးမျိုးဖိအားပေးပြီးရလာတဲ့ကားတွေရော နောက်ထပ်ရောက် လာလတံ့သော ကားတွေရော ဟာ အစိုးရရဲ့ ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခဲ့တဲ့မူဝါဒကြောင့် ဈေးတွေထိုးကျ ၀ယ်မယ့်သူမရှိဖြစ်သွားခဲ့ရတဲ့အပြင် ၊ ပြည်ပကနေအချိန်လုပြီးပြန်လာလုပ်တဲ့ သင်္ဘောသားတွေဆီကနှိမ် ၀ယ်ထားတဲ့ ပါမစ်တွေ အခြားနိုင်ငံခြားဝင်ငွေရှိသူတွေ ထံကအောက်ကြေးနဲ့ဝယ်ထားတဲ့ ပါမစ်တွေဟာ အစိုးရရဲ့အခုမူဝါဒကြောင့် တစ်ပြားမှမတန်ဘူးဖြစ်သွားခဲ့တယ် ဒီလိုမိအေး ၂ခါ ၃ ခါနာဖြစ်သွားတဲ့သန်းထွဋ်အောင်ဟာ အစိုးရရဲ့ ဒီမူဝါဒကို အတိုက်အခံလုပ်ဘို့ကြိုးစားတဲ့အနေနဲ့ လမ်းတွေမကောင်းသေးဘူး ၊ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မယ် ၊ ကားသွင်းခွင့်ပြုသော်လဲ ပြည်သူများ အကျိုးမခံစားရသေး ဘတ်စ်ကားစုတ်များမြင့်သာသွားနေရ ၊ အစရှိတဲ့ သတင်းတွေကို ဆက်တိုက်ရေးပြီး အစိုးရကိုဝေဖန်နေတာဖြစ်တယ် ။

ဒီခေတ်မှာမီဒီယာအများစုဟာ ကိုယ့်ထမင်းကိုယ်အနိုင်နိုင်စားပြီး ပြည်သူ့အကျိုးဆောင်ရွက်နေကြတာ များပါတယ် သတင်းထောက်လေးတွေဆိုရင် တော်တော့်ကို အပင်ပန်းဆင်းရဲခံပြီး သတင်းတွေရယူနေတာ တွေ့နေရပါတယ် ၊ ဒါပေမယ့် ကျိကျိတက်ချမ်းသာပြီး ပြည်သူ့အကျိုးပဲလုပ်နေ သလိုလိုနဲ့ ကိုယ်ကျိုးလုပ်နေတဲ့ သန်းထွဋ်အောင်လို လူမျိုးက သူတော်ကောင်းယောင်ဆောင်ပြီး မြန်မာ့ မီဒီယာလောကထဲမှာပါနေတော့ မီဒီယာနာတယ် ။ မြန်မာ့မီဒီယာ တစ်လှေလုံးမပုတ်ချင်ရင် ငခုံးမသန်းထွဋ်အောင်ကို မြန်မြန် ဖယ်ထုတ်ပစ်ရမယ် ။
ပြည်သူအပေါင်း Eleven ရဲ့ရန်တိုက်ခြင်းဘေးမှ ကင်းဝေးပါစေ

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

သတင်းဌာနနှင့် သတင်းသမား၊ မောင်မောင်, ဟန်ညောင်ရွှေနှင့် အဝေးရောက်အစိုးရ ကြပ်ကြပ်သတိထား

သည်ကိစ္စကို ပြောချင်၊ ရေးချင်နေသည်မှာ ကြာပြီ။ သို့သော် မပြောဖြစ်။ မရေးဖြစ်။ တုတ်ကြီး (ခေတ္တ တာဝတိံသာ) ၏ စာကို ဖတ်မိမှ ပြောရန်၊ ရေးရန် သွေးကြွလာတော့၏။ အောင့်အီ၍မရတော့သဖြင့် မဆိုင်းမတွ ရေးလိုက်ပါသည်။ ယနေ့ ပြည်ပဗမာသတင်းဌာနများ၏ လက်သုံးစကားတခုမှာ ဘက်မလိုက်မီဒီယာ ဟူ၏။ ထိုစကားကို ကြားခြင်းဖြင့် ပေါ့ပေါ့ရော့ရော့ နမော်နမဲ့များ၏ စိတ်သဏ္ဍာန်၌ ထိုသတင်းသမားများနှင့် သက်ဆိုင်သူများကို သူတော်ကောင်းကြီးများဟုပင် ထင်မှတ်နိုင် သည်။ မဟုတ်ရေးချမဟုတ်ပါ။ ဆန့်ကျင်ဘက် အယုတ်တမာများသာ ဖြစ်သည်။ ဓမ္မနှင့် အဓမ္မအကြား ဘက်မလိုက် ကြားနေသူများသည် စင်စစ် အချောင်သမား၊ လူမိုက်အားပေး ဖောက်ပြန်သော သူများသာ ဖြစ်ချေသည်။ တော်လှန်ရေးမှ ပေါက်ဖွားသည့် တော်လှန်ရေး မီဒီယာသည် တော်လှန်ရေး ရဲဘော်တို့အပေါ်၌ လုံးဝဘက်လိုက်မှု ရှိရမည်။ မိစ္ဆာစစ်အစိုးရနှင့် ပြည်သူလူထုအကြား ကြားနေသည့် မီဒီယာနှင့် မီဒီယာသမားများသည် အိတ်ဖောင်းလို့ စိတ်ပြောင်းကြသူ ဖောက်ပြန်သူများသာ ဖြစ်သည်။ ယနေ့ပြည်ပ ဗမာ့နိုင်ငံရေးလောကတွင် ဖောက်ပြန်သူများ တနေ့တခြား တိုးပွား၍၊ တဘွားဘွားပေါ်လျက် ရှိပေသည်။ ထိုသူများသည် အင်ဂျီအိုနှင့်နောက် တကောက်ကောက် လိုက်၍ စစ်အစိုးရ အလိုကျအတိုင်း အရှက်မရှိ မျက်နှာပြောင်တိုက်၍ ကိုယ်ကျိုးရှာနေကြသည့် အတ္တသမား များသာ ဖြစ်သည်။ ထိုကိုယ်ကျိုးရှာ ဖောက်ပြန်သူ အတ္တသမားများသည် နိုင်ငံရေး ကျွင်းကျင်သူ၊ နိုင်ငံရေး အကဲခတ်လေ့လာသူ၊ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင် စသည်ဖြင့် မဟုတ်မဟတ် နာမည်အမျိုးမျိုးတတ်ပြီး ရေဒီယိုသတင်းဌာနများ၊ သတင်းဝက်ဘ် ဆိုက်များမှ ဖြီးဖြန်း သော့သွမ်းနေကြပြန်သည်။ ထိုသော့သွမ်း ငဖြီးများသည် သတင်းဌာန တို့ကို ကြိုးကိုင်လျှက် ကိုယ်ရည်သွေးကာ ကိုယ်ကျိုးရှာကြသည်။ သတင်းဌာန၊ သတင်းသမား ဆိုသူ များမှာလည်း ထိုဖောက်ပြန်သူများ၏ အပေါင်းပါများ ဖြစ်နေကြတော့သည်။ ထိုသတင်း ဌာနများက ထိုဖောက်ပြန်သူများကို ဖန်တလဲလဲ စင်တင်ပေးပြီး ငါးပွက်ရာ ငါးစာချနေကြသည် ရှက်ဖွယ်၊ ရှက်ဖွယ်။ ထိုဖောက်ပြန်သူတို့သည် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေကြ သည်။ ဒီမိုကရေစီ လမ်းကြောင်း၏ အစဟုလည်း ဆိုကြသည်။ ထိုသို့ဖောက်ပြန်သူများ မီဒီယာများ မျက်နှာလိုမျက်နှာရ စင်တင်ပေးကြသည်။ ထင်ရှား၍ သရုပ်ပျက်ဆုံးတခုကို တင်ပြရလျှင်မူ- FTUB ဥက္ကဋ္ဌ မောင်မောင်သည် ဗမာပြည်သို့ တရားဝင် လေယဉ်ဖြင့် အနည်းဆုံး သုံးခေါက် ဝင်ထွက်သွားလာမှုရှိသည်ဟု သတင်းပြန့်လျှက်ရှိသည်။ တဖန်၍လည်း စစ်အစိုးရ၏ မသမာသော ရွေးကောက်ပွဲကိုလည်းကောင်း၊ ပုတ်သင်ညို လွှတ်တော်ကို လည်းကောင်း၊ ရုပ်သေးအစိုးရကိုလည်း ထောက်ခံအားပေးလျှက် ရှိပြန်သည်။ ထို့နောက် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ရုတ်သိမ်းရန် နိုင်ငံတကာသို့ လှည့်ပတ်သွားလာ၍ သခင်အားရကျွန်ပါးဝ အာချောင်နေပြန်သည်။ ပြည်တွင်းတွင်း ဒေါ်အောင်ဆန်းစုကြည့်မှ မိမိ အသက်အန္တရာယ် ကိုပင် ပဓာနမထားပဲ စီးပွားရေး ရေးယူပိတ်ဆို့မှု ဆက်လက်ပြုလုပ်ရန် ပြောကြားနေခိုက်တွင် မောင်မောင်နှင့် အပေါင်းပါးတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ဆန့်ကျင်နေကြသည်မှာ အမြင်မတော်လှပါ။ ဘဝများကို ရင်းနှီးပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတို့၏ မျက်နှာကိုပင်မထောက်ထားသူဖြစ်သည်။ ဗမာပြည်သူတို့၏ ဘဝများစွာတို့ကို ချနင်းပြီး ကိုယ်ကျိုးရှာနေကြသည့် ထိုသူတို့ကို မည်သို့နည်းနှင့်မျှ ခွင့်လွှတ်ရန် မလိုအပ်တော့။ ထိုမောင်မောင်ဆိုသူသည် ( FTUB ) ၏ အထွေအထွေ အတွင်းရေးမှူး တာဝန်ကိုလည်း ယူထားပြန်သည်။ ထိုမောင်မောင်ဆိုသူ တော်လှန်ရေးကို သစ္စာဖောက်ကာ ရန်သူ့သူလျှိုဟု မှန်စွာ ထင်ရှားနေတော့သဖြင့် အဝေးရောက်အစိုးရအဖွဲ့ အမြန်ဆုံးကိုင်ကွယ် ဖြေရှင်းဖို့လိုသည်။ ထိုသို့ ကိုင်တွယ်ဖြေရှင်း ခြင်း မရှိလျှင်မူ အဝေးရောက်အစိုးရ အဖွဲ့အစည်း လည်း မောင်မောင်နည်းတူ သစ္စာဖောက် သူလျှိုပြုလုပ်ရာ၌ အလိုတူအလိုပါများဟု သတ်မှတ် ရပေလိမ့်မည်။ ထိုမောင်မောင်ဆိုသူသည် ပြီးခဲ့သည့် ဖို့ဒ်ဝိန်းညီလာခံတွင် မဟုတ်မဟတ် လုပ်ဇာတ်ထွင်သွားခဲ့သည်၊ ထိုလုပ်ဇာတ် ကြောင့်ပင် ခွေးဘဝသို့ လုံးလုံးရောက်ရပြန်သည်။ ထိုမျှ အောက်တန်းကျသူကို သတင်းဌာန များမှ အဖတ်ဆယ်နိုင်ရန် အင်ဗျူးများပေး၍ မြောက်စားနေကြပြန်တော့သည်။ အရှက်သိက္ခာ လုံးလုံး မရှိပါကလား။ တဖန် ပြည်ပသတင်းဌာနများမှ ထုတ်လွှင့်၊ ရေးသားမှုတို့ကြောင့် ပြည်တွင်းနိုင်ငံရေး သမားများ ထောင်ထဲရောက်ကြရသည် မနည်းတော့ပါ။ ပြည်ပသတင်းဌာနသည် နအဖ သတင်း ပေးနှင့် တူနေတော့သည်။ စစ်ထောက်လှန်းရေးများ မထောက်လှန်း မသိရှိနိုင်လျှင် ပြည်ပ သတင်းဌာနများ၏ ထုတ်လွှင့်မှု၊ ရေးသားမှုတို့ကို နားထောင်လျှင် သိရှိနိုင်တော့သည်၊ ဖတ်ကြည့်လျှင် သိနိုင်တော့သည်။ ထို့သို့ ပြောနှင့်အလုပ် မညီမှုများ၊ သတင်းဌာနများ၏ အတ္တလောဘများ၊ အချင်းချင်း ဖောက်ပြန်စဉ်းလဲမှုများသည် မည်မျှလောက် ဗမာနိုင်ငံသားတို့အတွက် နစ်နာရသည်ကို သတင်းဌာနများနှင့် သတင်းသမားများ သဘောပေါက်ကြဘို့ လိုသည်။ ဗမာပြည်သူတို့အား အတွေးမှား၊ အမြင်မှား၊ အသိမှားမဖြစ် သတိထား သတင်းလုပ်ကြဘို့ သတိပေးလိုပါသည်။ ထိုသို့ဖောက်ပြန်သူများကို စင်တင်မြောက်စားခြင်းရှိသည့် ပြည်ပမြန်မာ့သတင်းဌာန များမှာလည်း တော်လှန်ရေးလောကကို အကျိုးမပြုတော့ပေ။ ထိုသတင်းဌာနများသည် ဖောက်ပြန်သော သတင်းဌာနသာဖြစ်သဖြင့် ရိုးသားစွာ တော်လှန်နေကြသည့် တော်လှန်ရေး သမား (နိုင်ငံရေးသမား) တို့သည်လည်း များစွာ စိတ်ပျက်ရချေပြီ။ ထိုကြောင့် အောက်ပါသတင်းဌာနများကို သတိပေးရပေတော့မည် VOA BBC RFA DVB မဇ္ဈိမ ဧရာဝတီ ထိုသတင်းဌာနတို့သည် လက်သင့်ရာ၊ လွမ်းသင့်ရာ ခြောက်စားဟောက်များနှင့် လုပ်ရပ်တို့ကိုသာ သတင်းလုပ်၊ အင်တာဗျူး၊ စကားဝိုင်းဖွဲ့၍ ကိုယ်ရည်သွေးပြီး ကိုယ်ကျိုးရှာ နေကြသည်ကို သိရှိပြီးဖြစ်သောကြောင့် ထိုသူတို့ကို ငါးပွက်ရာ ငါးစာချနေကြသူများဟုသာ ဆိုချင်တော့သည်။ မြန်မာနိုင်ငံ နိုင်ငံရေး လောကအား၊ ဗမာပြည်သူအပေါင်းအား အကျိုးမပြုရုံ မျှမက ဆိုးကျိုးများ ပေါ်ပေါက်လျက်ရှိပေသည်။ ထိုကြောင့် ပြည်ပရောက် ဗမာနိုင်ငံသားများ နိုင်းချင့်၍ ယုံစေ့ချင်သည်။ အထူးသတိပြုရန်မှာ မဇ္ဈိမသတင်းဌာနသည် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံမှုရှိနေပါသည်၊ ထိုဌာနဆိုင်ရာ အကြီးအကဲဆိုသူများ မှာလည်း ဗမာပြည် ထဲဝင်နိုင်ရန် နှစ်အတန်ကြာကပင် ကြိုးစားမှုအမျိုးမျိုးပြု လုပ်နေသည့်သူများ ဖြစ်သည်။ ထို့ကြောင့် အများပြည်သူတို့ များစွာ သတိပြုကြဖို့ လိုသည်။ အဝေးရောက်အစိုးရဆိုသူများသည် ဓမ္မဒိဋ္ဌာန်ကျကျ ပြည်ပနိုင်ငံရေးလောကထဲမှ ဖောက်ပြန်မှု၊ ချစားမှုတို့ကို ရေးယူကိုယ်တွယ် ဖြေရှင်းဘို့လိုသည်။ မဖြေရှင်းချင်လျှင်၊ အငြိမ့်သားနေချင်လျှင်၊ ပျင်းရိထိုင်းမှိုင်းနေလျှင်၊ မတက်ကြွတော့လျှင်၊ ပြည်သူ၏မျက်နှာကို မထောက်ထားလျှင် ထိုအစိုးရအဖွဲ့ကို ဖျက်သိမ်းဘို့သာ ရှိတော့သည်။ ကာယကံရှင်များ ကိုယ်တိုင် မဖျက်သိမ်းဘဲ မထုံတတ်သေးလုပ်နေလျှင် ပြည်သူများနှင့် ကျန်ရှိအဖွဲ့အစည်း များမှ ထိုအစိုးရ အဖွဲ့ကိုမယုံကြည်ကြောင်း၊ လက်မခံကြောင်း၊ အသိအမှတ်မပြုကြောင်း ကမ္ဘာသိအောင် ကြေငြာရပေလိမ့်မည်။ ထိုသို့ မဖြစ်လိုလျှင် ဦးစွာ မောင်မောင့်ကိစ္စ၊ ဟန်ညောင်ရွှေကိစ္စတို့ကို အမြန်ဆုံး ပြည်သူများ သိရှိအောင် ကိုင်တွယ်ဖြေရှင်းပါ။ သတင်း ဌာနများနှင့် သတင်းသမားများ၊ ပုလင်းတူဗူးဆို့များ ကြပ်ကြပ်သတိထားရန် တဆက်တည်း တင်ပြ လိုက်သည်။ Myanmar Express မူရင်းသတင်းက ဒီမှာပါ။

ကြံ့ခိုင်ရေးပါတီ ဒီမိုကရေစီနည်းကျ ပြန်ဖွဲ့မည်


ဗဟိုက ဖွဲ့စည်းခန့်အပ်သော နည်းလမ်းဖြင့် တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရပ်ကွက်ကျေးရွာအဆင့်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဆင့်အထိ ရွေးကောက်တင်မြှောက်ခြင်း နည်းလမ်းဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။

“ဗဟိုအထိ ဒီမိုကရေစီနည်းနဲ့ ပြန်ဖွဲ့မှာပါ” ဟု ၄င်းကဆိုသည်။ အခြေခံပါတီဝင် ၁၀ ဦးစီမှတစ်ဆင့် ခေါင်းဆောင်တစ်ဦးစီ မဲစနစ်ဖြင့် ရွေးချယ်ကာ ၄င်းတို့က ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များကို ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကော်မတီဝင်များက မြို့နယ်ကော်မတီဝင်များကို ထပ်ဆင့်ရွေးချယ်ကာ မြို့နယ်ကော်မတီဝင်များက တိုင်းဒေသကြီး ကော်မတီဝင်များကို ပြန်လည်မဲပေး ရွေးချယ်ကြမည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကိုမူ ပြည်လုံးကျွတ် ပါတီညီလာခံတွင်သာ ပြန်လည်ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအဆင့်မှ တိုင်းဒေသကြီးအဆင့်အထိ ပါတီ ပြန်လည်ဖွဲ့စည်းခြင်းကို မေလနှင့် ဇွန်လအတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်လုံးကျွတ် ပါတီညီလာခံ ပြုလုပ်မည့်အချိန်ကိုမူ အတိအကျ မသိရှိသေးသော်လည်း နှစ်စဉ်ကျင်းပနေကျ ဒီဇင်ဘာလတွင် ပြုလုပ်နိုင်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

“ဒီမိုကရေစီနည်းနဲ့ ပါတီဖွဲ့စည်းတယ်ဆိုတာ လုပ်ဆောင်ရမယ့်အလုပ်ပဲ။ ပါတီကြီးတွေက ရှေ့ဆောင်ပြီး လုပ်ပြရမယ်” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းရီက သုံးသပ်ပြောကြားခဲ့သည်။ ပါတီပြန်လည်ဖွဲ့စည်းရာတွင် မဟာဗျူဟာအရ ပြောင်းလဲခြင်းရှိမည်မဟုတ်ဘဲ နည်းဗျူဟာပိုင်းဆိုင်ရာ ဆောင်ရွက်ခြင်းများတွင်သာ အခြေအနေ၊ အချိန်အခါအရ ပြောင်းလဲဆောင်ရွက်ခြင်းများ ရှိနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

နိုင်ငံတော် သမ္မတကြီး ၏ လမ်းညွှန် မိန့်ကြားချက် အပြည့်အစုံ (၁၁-၀၅-၂၀၁၂)


အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဒုတိယ သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဌ များခင်ဗျား

ဒီနေ့ အစည်းအဝေးကို ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အစိုးရရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့် (First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို တစ်ဆင့်တက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ် ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်တွေ အတိုင်းလုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ကျွန်တော်တို့က လမ်းကြီးတွေဖောက် ၊ တံတားကြီးတွေ ဆောက်၊ စက်မှုဇုန် ၊ စီးပွားရေးဇုန်တွေ တစ်ဘက်က တည်ဆောက်နေပေမယ့် ဒီတည်ဆောက်မှုတွေထက် ပြည်သူတစ်ဦးချင်း ထိတွေ့ခံစား နေရတဲ့ နေ့စဉ် တွေ့ကြုံနေတဲ့ စားဝတ်နေရေး ၊ သွားလာနေထိုင်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြောင်းလဲတိုးတက်အောင် တစ်နည်းအားဖြင့် ပြည်သူတစ်ဦးချင်းရဲ့ လူမှု စီးပွားရေး ဘဝကို ထိထိရောက်ရောက် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ့် အစီအမံတွေကို ကျေးရွာမှအစ ကျေးရွာဖွံ့ဖြိုးမှု အစီအမံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေ ထိထိရောက်ရောက် စီမံကြဖို့ အရေးတကြီး လိုအပ်လာပါတယ်။ ဥပမာ အားဖြင့် နေထိုင်စရာ နေအိမ် အဆောက်အအုံ နဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်၊ သွားလာစရာ ဘတ်စ်ကား ကြပ်တည်းမှု ၊ အဆင်မပြေမှု လိုအပ်ချက်တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ စီမံ ဖန်တီးပေးဖို့ ၊ သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံ ၁ပုံ ရှိပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက် နဲ့ နှိုင်းယှဉ်ရင် များစွာ ကွာဟနေမှုအပေါ် အားမလို အားမရ ဖြစ်တဲ့ လူတန်းစားအလွှာတွေ ရှိသလို ၊ ထက်ဝက်ကျော်သော မြို့လူထု ရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ ၊ ထရံကာ မီးဘေး စိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာပေါ် မတင်နိုင်သေးတဲ့ အနေအထားတွေ ၊ သူတို့ရဲ့ ရေ လိုအပ်ချက် ၊ မီးလိုအပ်ချက်တွေ ၊ သွားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွားလာရေးအတွက် အချိန်ကုန်ရသလို ၊ လုပ်ငန်းခွင်က အပြန်မှာလည်း ည မိုးချုပ်မှ အိမ်ပြန်ရောက် ၊ မနက် မိုးလင်း အစောကြီး ပြန်သွား ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလို အားမရ ဖြစ်နေတဲ့ လူတန်းစား အလွှာတွေ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးကွက်နေရာ ဖန်တီး မပေးနိုင်လို့ ဖြစ်စေ လမ်းဘေး ဈေးသည်များနဲ့ အာဏာပိုင်များရဲ့ အပြန်အလှန် တားမြစ်နေမှု မြင်ကွင်းများ ၊ မြို့တွင်း ကားရပ်နားရန် နေရာ ရှားပါးလာတဲ့ ပြဿနာက အစ ဒီမြင်ကွင်း အားလုံးကို ပြောင်းလဲသွားအောင် ကျွန်တော်တို့ စီမံရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေ များပြား၍ သိသာထင်ရှားပြီး နိုင်ငံရေး ၊ စီးပွားရေး အချက်အခြာ၊ ထင်ရှားတဲ့ ဥပမာ ဖြစ်လို့ မြင်သာအောင် ဥပမာ ပေးရခြင်း ဖြစ်ပါတယ်။ အခြား တိုင်းဒေသကြီး/ ပြည်နယ်များလည်း အလားတူ ဖြစ်စဉ်များ သူ့နေရာနဲ့သူ ရှိကြပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် ပြည်သူ တစ်ဦးချင်း နေ့စဉ် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ ပြေလည်ပြီး ပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘဝ သိသိသာသာ ပြောင်းလဲ သွားအောင် Reform လုပ်ရမှာ ဖြစ်ပါတယ်။ Reform လုပ်ရာမှာ ငါးပွက်ရာ ငါးစာချ ၊ မြေပုံ ကြည့်ပြီး ကြုံသလို နေရာချ ဆောင်ရွက်မှုမျိုး ရှောင်ကြဉ်ပြီး မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို နောင် ရေရှည်အတွက် တိုးတက်လာမယ့် လူဦးရေနဲ့ ဖွံ့ဖြိုးလာမယ့် မြို့ပြ စီးပွားရေး အခြေအနေတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ခပ်မြန်မြန် ဆောင်ရွက်နိုင်မယ့် အစီအမံများကို ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ မြို့ပြတွေမှာ စားသောက်ဆိုင် ဖွင့်ချင်တာ ၊ Shopping Mall ၊ ကာရာအိုကေ ၊ ကာစီနို၊ ဖွင့်ချင်တာက အစ လာရောက် စုံစမ်းကြပြီး ဒေသ အသီးသီးမှာ ရရာ မြေနေရာ ၊ ရရာ အဆောက်အဦ ရရှိရေး ကြိုးစားနေကြတာ တွေ့ရှိနေရ ပါတယ်။ ဒေသ လူတွေကလည်း မြေနေရာ လွတ်ရင်ပြီးရော ၊ ပေးလို့ရတာ အရင်ပေး စနစ်နဲ့ သွားရင် နောင်တစ်ချိန်မှာ မြို့ပြ ဖွံ့ဖြိုးမှု အခင်းအကျင်း ပုံစံ မမှန်တော့ဘဲ Environmental Impact, Social Impact တွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံ မြို့ကြီး ပြကြီးတွေလို City Development Master Plan ရေးဆွဲပြီး ဘယ်နေရာကတော့ Residential Area ၊ ဘယ်နေရာကတော့ Commercial Area၊ ဘယ်နေရာကတော့ Plantation ၊ ဘယ်နေရာကတော့ Forest Area , ဘယ်နေရာကတော့ Industrial Area စသဖြင့် ကြိုတင် လျာထား အကွက်ချဖို့ လိုအပ်ပါတယ်။ မြေလွတ်မြေရိုင်းများနဲ့ တောင်သူ လယ်သမားတွေ စိုက်ပျိုး ဖြစ်ထွန်းမှု မြေဆီ မြေသြဇာ မကောင်းတဲ့ မြေတွေမှာ တစ်ဧကအပေါ်မှာ ရတဲ့ အကျိုးအမြတ်နဲ့ စက်ရုံတစ်ရုံမှာ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို နှိုင်းယှဉ် တွက်ချက်ပြီး ကြိုတင် လျာထား စီမံ သွားကြရမှာ ဖြစ်ပါတယ်။

မြို့နယ်တွေမှာ အစိုးရ ဘတ်ဂျက်နဲ့ စည်ပင်သာယာ ရတဲ့ အခွန်လေး ပေါ်မှာ မြို့လူထုအတွက် ရေ ၊ မီး ၊ လမ်းပန်း ဆက်သွယ်ရေးက အစ ထိရောက်အောင် မလုပ်ပေးနိုင်တာက ငွေကြေး အရင်းအနှီး လိုအပ်ချက်ကြောင့် ဖြစ်တာ တွေ့ရပါတယ်။ လယ်တစ်ဧကပေါ်မှာ ရတဲ့ အခွန်အခနဲ့ စက်ရုံ တစ်ရုံပေါ်မှာ ရရှိမယ့် အခွန်အခ ၊ အခြား ရရှိမယ့် ရေခွန် ၊ မီးခွန် ၊ ကုန်ထုတ်လုပ်မှု အခွန်အခများဟာ မြို့နယ်တစ်ခုအတွက် အခွန် တိုးတက် ရရှိစေမယ့် နည်းလမ်းတွေကိုလည်း တိုးတက် ကြံဆ သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ မြို့ပြတွေကို ကောင်စီ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ များကို ရွေးချယ် တင်မြှောက်ပြီး မြို့တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် လူများနဲ့ နေ့စဉ် ၊ အပတ်စဉ် လေ့လာ ဆွေးနွေး တိုင်ပင် ဆောင်ရွက်ယင်း မြို့ပြတွေ တစ်နှစ်ထက် တစ်နှစ် အရှိန်အဟုန်နဲ့ တိုးတက်အောင် ဆောင်ရွက် နေတဲ့ အနေအထားတွေ လေ့လာ အတုယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရာမှာ

(၁) ပြည်သူလူထုရဲ့ လူမှုစီးပွားရေး လိုအင်တွေကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People Centered Development) ဖြင့် ဆောင်ရွက်ရေး ၊

(၂) ပြည်သူလူထု ဗဟိုပြု တိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါ လာသည့် လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည်း (Civil Society) များ၏ ပူးပေါင်း ဆောင်ရွက်မှု အရေးပါ လာသည့်အလျောက် မြို့နယ် တိုင်းမှာ လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ၊ ကျေးလက် သမဝါယမ အစုအဖွဲ့များ ၊ မြို့နယ် သမဝါယမ အသင်းများ တိုးချဲ့ ဖွဲ့စည်းပေးပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် တိုးချဲ့ ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်၏ စွမ်းအားကို မြှင့်တင် ဆောင်ရွက်ရေး ၊

(၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု စီးပွားရေး တိုးတက်မှုအတွက် ငွေကြေး အရင်းအနှီးများ ရင်းနှီးမြှုပ်နှံ သုံးစွဲ နိုင်မှု အခြေအနေ အခွင့်အလမ်းသည် လူ့စွမ်းအား အရင်းအမြစ် ပြီးလျှင် အခြေခံ အကျဆုံး အဓိက လိုအပ်ချက် ဖြစ်သည့်အတွက် ဘဏ္ဍာရေး မူဝါဒ ၊ ငွေကြေး မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ အောက်ပါ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲ ရင်းနှီးမြှုပ်နှံမှုများကို ထိရောက် အကျိုးရှိစွာ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးတွင် -

(က) နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက် တိုးမြှင့် သုံးစွဲနိုင်ရေး၊ အခွန်အကောက် တိုးတက် ရရှိရေးနည်းလမ်းများ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခြင်း ၊ ပြည်သူ့ ဘဏ္ဍာ (Public Finance) အား ထိရောက်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခြင်း၊

( ခ ) ပြည်သူတို့၏ ငွေကြေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုများ တိုးပွားလာစေရန် ကုမ္ပဏီများ ၊ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းခြင်းနှင့် ငွေကြေး ဈေးကွက် ဖြစ်ပေါ်လာရေး ဆောင်ရွက်ခြင်း ၊

( ဂ ) ဘဏ်များ ၊ ငွေစုငွေချေး လုပ်ငန်းများ ၊ သမဝါယမ အစုအဖွဲ့များ စုပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု တိုးချဲ့ ဆောင်ရွက်ခြင်း၊

(ဃ) နိုင်ငံခြား အကူအညီ အထောက်အပံ့များ အကျိုးရှိ ထိရောက်စွာ ခွဲဝေ အသုံးပြုခြင်း ၊

( င ) နိုင်ငံခြား ချေးငွေများအား နိုင်ငံတော် စီမံကိန်းများနှင့် ဒေသန္တရ စီမံကိန်းများတွင် အကျိုးရှိ ထိရောက်စွာ အသုံးပြုခြင်း၊

( စ ) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ငွေကြေး စီးဆင်း လည်ပတ်မှုများ စနစ်တကျ မှန်ကန်အောင် ဆောင်ရွက်ခြင်း၊

(၄) ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု အတွက် (Regional Development Plan, City Development Plan, Township Development Plan, Village Development Plan) တွေ ကြိုတင် ရေးဆွဲ၍ မြေ အသုံးချမှု မူဝါဒ နှင့် အစီအမံ (Land Use Policy and Plan) ထားရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ် တိုးချဲ့ ဆောင်ရွက်ရေး၊

(၅) မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် ဆောင်ရွက်ယင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေး ပြဿနာများ ဒွန်တွဲ ပါလာမှု အပေါ် ဥပဒေ စည်းမျဉ်းဖြင့် ထိန်းကျောင်း နိုင်သည့် လုပ်ထုံးလုပ်နည်းများ (Code of Conduct for Township Development) ရေးဆွဲ ဆောင်ရွက်ရေး ၊ ကူးသန်း ရောင်းဝယ်ရေး အဟန့် အတားများ ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင် သွားလာရေး အဟန့်အတားများ၊ ရုံးဌာန ညွှန်ကြားချက်နှင့် ထောက်ခံချက်များ ဆိုင်ရာ အဟန့် အတားများ စသည့် အုပ်ချုပ်မှု ဆိုင်ရာ စီမံခန့်ခွဲမှု (Administration Management) များကို Decentralize လုပ်ပြီး ဥပဒေ စည်းမျဉ်းဖြင့် သာ ထိန်းကျောင်း၍ ပြည်သူများ အတွက် သိသာထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်ရေး တစ်နည်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance ) သန့်ရှင်းသော အစိုးရ အုပ်ချုပ်မှုစနစ် (Clean Government) ဖြစ်ပေါ်လာရေး ၊

(၆) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အပါအဝင်ဖြစ်သော အောက်ပါ စီမံကိန်းများကို ပိုမို ထိရောက်စွာ တိုးမြှင့် ဆောင်ရွက်ရေးတွင် -

(က) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းတွင် ကျေးရွာတိုင်း၌ ကျေးရွာ အစုအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရေးနှင့် မြို့နယ် အဆင့်တွင်လည်း မြို့နယ် သမဝါယမ အသင်းများကို အမိန့်ပေးစနစ်ဖြင့် မဟုတ်ဘဲ ၎င်းတို့ ဆန္ဒအရ ဖွဲ့စည်း၍ တစ်ဦးချင်း ကုမ္ပဏီ မထောင်နိုင်မီ စုပေါင်း ထည့်ဝင် ဆောင်ရွက်တတ်သည့် အလေ့အထဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက် တတ်သည့် အလေ့အထများ ဖြစ်ပေါ် လာအောင် ဆောင်ရွက်ခြင်း ၊

( ခ ) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဘဏ်ဝန်ဆောင်မှု ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှု ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် အခြား ကုန်ထုတ် လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု အသီးသီး၌ ကျွမ်းကျင် ဝန်ထမ်းများ ပိုမို လိုအပ်လာသည့် အလျောက် အသက်မွေး ဝမ်းကျောင်း ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်၍ လေ့ကျင့် ပြုစုပျိုးထောင်ခြင်း ၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် ဖန်တီးပေးခြင်း ၊

( ဂ ) ကျန်ကဏ္ဍစီမံကိန်း (၁၄) ခုအား ဒေသအလိုက် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် ကဏ္ဍ စီမံကိန်း တာဝန်ယူသော ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဒေသ စီမံကိန်း တာဝန် ယူသော ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊

အချက်များဟာ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ အတွက် အဓိက ဆောင်ရွက်သွားရမယ့် အချက်တွေ ဖြစ်ကြောင်း ပြောကြားလိုပါတယ် ။

အထက်ပါ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု ဝန်ကြီးဌာနများအလိုက် နိုင်ငံတော် စီမံကိန်းများကို လည်းကောင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် ဒေသန္တရ စီမံကိန်းများကို လည်းကောင်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရရဲ့ ချမှတ် ဆောင်ရွက်မယ့် မူဝါဒဟာ တစ်နိုင်ငံလုံးအတွက် တူညီသော်လည်း တိုင်းဒေသကြီး / ပြည်နယ်များ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များရဲ့ တည်နေရာ အကျယ်အဝန်း မတူညီမှု၊ လူမျိုး ဓလေ့နှင့် လူဦးရေ အချိုး အစားချင်း မတူညီမှု ၊ သဘာဝ အရင်းအမြစ်နဲ့ ရာသီဥတု မတူညီမှု စတဲ့ ကွဲပြား ခြားနားမှု များကြောင့် လည်းကောင်း၊ လုံခြုံရေး ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သွားလာရေး အခြေအနေ များကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ အလုပ်အကိုင် အခွင့်အလမ်း မတူညီမှု စတဲ့ အခြေအနေများ အပေါ်မှာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ များ အနေနဲ့ အသေးစိတ် အစီအမံ နည်းလမ်းများကို ကိုယ်တိုင် ဝါယမထုတ် ၊ လေ့လာကြံဆ ကြိုးပမ်း အားထုတ်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ရှေးကကဲ့သို့ ပြည်ထောင်စု အစိုးရက Top Down ချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖော်တဲ့ ပုံစံအစား ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ ကိုယ်တိုင် လေ့လာ ကြံဆကြိုးပမ်းပြီး Bottom Up Initiative နဲ့ ကိုယ်လုပ်ချင်တဲ့ အစီအမံတွေကို ပြည်ထောင်စု အစိုးရထံ အသိပေး တင်ပြပြီး ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ကလည်း တိုင်းဒေသကြီး/ ပြည်နယ်များကို တင်ပြ ဆောင်ရွက်စေခြင်းဟာ ပြုပြင်ပြောင်းလဲရေးကာလ (Transition Period) မှာ အောက်ပါ အချက်များကို အခြေခံ အုတ်မြစ် (Foundation) ခိုင်မာအောင် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းရမယ့် ကာလတစ်ရပ် ၊ အချိန်တစ်ရပ် လိုအပ်ချက်ကြောင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး အောက်ခြေအဆင့်အထိ ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့ ခိုင်မာ သွားတဲ့အခါမှာ အခြားနိုင်ငံများ နည်းတူ နိုင်ငံတော် အဆင့်က လုပ်ရမယ့်အပိုင်း ၊ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာန များက လုပ်ရမယ့်အပိုင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များက လုပ်ရမယ့်အပိုင်း ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်‌ရ တိုင်း/ဒေသများက လုပ်ရမယ့်အပိုင်း ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်က လုပ်ရမယ့် အပိုင်းတွေ ဆိုပြီး သူ့အဆင့်နဲ့သူ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု (Administrative Management System) ပြောင်းလဲ တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုလို အပြောင်းအလဲ ကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများဟာ

- မူဝါဒ ညှိနှိုင်းခြင်း ၊
- မဟာဗျူဟာ ၊ နည်းဗျူဟာ အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း၊
- မြေအသုံးချမှု အပါအဝင် သဘာဝ သယံဇာတ အရင်းအမြစ် အသုံးချမှုများ စီမံခန့်ခွဲမှု ညှိနှိုင်းခြင်း၊
- တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ပြည်သူတို့၏ လူမှု စီးပွားရေး ညွှန်းကိန်း တိုးတက်ရန် လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းခြင်း၊
- နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက် ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊ အခွန်အကောက် ဆိုင်ရာ ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
- နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုင်ရာ ထိရောက်စွာ ခွဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
- ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရေး ညှိနှိုင်းခြင်း၊
- ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အုပ်ချုပ်မှု လုပ်ငန်းများ ခွဲဝေ ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းခြင်း၊
- ကဏ္ဍ စီမံကိန်းများ ၊ ဒေသန္တရ စီမံကိန်းများနှင့် သီးခြား ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ၊ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်သူ လူထုနှင့် ထိတွေ့ ဆောင်ရွက်နေသော လုပ်ငန်းများကို လေးလပတ်အလိုက် လေ့လာ သုံးသပ် အကဲဖြတ်ခြင်းနှင့် လေ့လာသုတေသနပြုရေး လုပ်ငန်းများ ညှိနှိုင်းခြင်း
စတဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို လေးလပတ် အစည်း အဝေးတွေ ပြုလုပ်ပြီး ဆောင်ရွက် သွားကြရန် လိုအပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစီအစဉ် ရှိရှိ၊ ထိထိရောက်ရောက်ဖြစ်အောင် ယခုဆိုရင် ဘဏ္ဍာရေး ကော်မရှင်ကဲ့သို့ စီမံကိန်း ကော်မရှင်ကို ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ ဘဏ္ဍာရေး ကော်မရှင် ဖွဲ့စည်းမှု ပါဝင်ပြီး ယင်းကော်မရှင်မှာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များနဲ့ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ဝန်ကြီးတို့သာ ပါဝင်သော်လည်း စီမံကိန်း ကော်မရှင်မှာတော့ ပြည်ထောင်စု ဝန်ကြီးဌာနများ အားလုံး နဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဝန်ကြီးချုပ်အားလုံး ပါဝင်ကြမှာ ဖြစ်ပါတယ်။

အလားတူ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောက်စွာ စီမံခန့်ခွဲ အသုံးပြု နိုင်ရန်အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဖွဲ့စည်း ထားပြီး ဖြစ်ပါတယ်။ ယင်းဗဟိုကော်မတီ အောက်မှာ အကောင်အထည်ဖော် ဆောင်ရွက် ကြမယ့် ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ လုပ်ငန်းကော်မတီ ဖွဲ့စည်းထားပြီး ပုဂ္ဂလိက ကဏ္ဍ ကမ်းလှမ်းလာမှု များအတွက် (Civil Society) ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေး ကောင်စီ ဖွဲ့စည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီ အထောက်အပံ့များကို သုံးစွဲရာမှာ တိုင်းဒေသကြီး/ ပြည်နယ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များမှာ ဒေသ ဖွံ့ဖြိုးရေးနဲ့ ပြည်သူများရဲ့ လူမှု စီးပွားရေး ဘဝ ထိရောက် အကျိုးရှိစွာ ဖြစ်ထွန်းရေး အတွက် အဓိက စောင့်ကြည့် ကြပ်မတ် ပူးပေါင်း ဆောင်ရွက် အကောင်အထည်ဖော်ကြရမှာ ကတော့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ဒေသအလိုက် ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများဘဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှသာ ထောင်စုနှစ် ရည်မှန်းချက်အတိုင်း ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်သလို ဘတ်ဂျက်ငွေနဲ့ ဒေသ ဖွံ့ဖြိုးမှု တိုးတက်အောင် လုံလောက်မှာ မဟုတ်တဲ့အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ထိရောက် အကျိုးရှိအောင် ဒေသအတွက် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ များသော အားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့ ၎င်းတို့ ခန့်အပ်သောသူများနဲ့ တိုက်ရိုက်ဆောင်ရွက်ပြီး ၎င်းတို့ သုံးသော ဝန်ဆောင်မှုစရိတ်က (၃၀% - ၄၀%) ခန့် ရှိနေတဲ့အတွက် ပြည်သူများအတွက် တစ်ဝက်ကျော် ခန့်ဘဲ ခံစားရတာ ဖြစ်ပါတယ်။ အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကလည်း ၎င်းတို့၏ ကူညီ ပံ့ပိုးမှုများကို အစိုးရ အဖွဲ့အစည်းများ လက်သို့ အပ်နှံ ဆောင်ရွက်ပါက Corruption နှင့် ၎င်းတို့ သုံးစေလိုသောနေရာ မရောက်ရှိသည့် အတွက် ၎င်းတို့ ခန့်အပ်သူများနှင့် ဒေသရှိ လူမှုရေး အဖွဲ့အစည်းများ တိုက်ရိုက်ချိတ်ဆက် ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဒေသရှိ လူမှုရေး အဖွဲ့အစည်းများကလည်း အကူအညီ အထောက်အပံ့ ရရင် ပြီးရော သဘောထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် စာရင်းဇယားများကို တောင်းယူ သိရှိနိုင်ခြင်း မရှိဘဲ ပေးသမျှဖြင့် ဆောင်ရွက် ခဲ့မှုများ ရှိသလို အချို့ အောက်ခြေ ပါတီ နိုင်ငံရေး အဖွဲ့အစည်းများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက် ပေးခဲ့သည့်အတွက် ပြီးခဲ့သည့် ကိုးကန့် အရေးအခင်းတွင် နိုင်ငံခြား ရိက္ခာထောက်ပံ့ရေး အဖွဲ့အစည်း တစ်ခုမှ ရိက္ခာများသည် အဖွဲ့အစည်း အသုံးပြုရန်သာ ဖြစ်ခဲ့ပြီး ပြည်သူ့ လက်ဝယ် မရောက်ရှိခဲ့သည်ကို တွေ့ရှိရပါတယ်။ အချို့ကလည်း နိုင်ငံရေးပါတီ အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးပြီး ဆောင်ရွက်မှုကြောင့် ပြည်သူက ထိုသူနှင့် ထိုပါတီက ကူညီသည်ဟု ထင်မှတ်မှားခဲ့သည်ကို တွေ့ရှိခဲ့ ရပါတယ်။

နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟို ကော်မတီ အနေနဲ့ နိုင်ငံတကာမှ အစိုးရဖြစ်စေ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်စေ မည်သည့် အဖွဲ့အစည်း ၊ မည်သည့် အကူအညီ ၊ မည်သည့် ချေးငွေ လာသည်ဖြစ်စေ ပင်မ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ကနဦးညှိနှိုင်း MOU နှင့် Agreement များကို တရားဝင် ဆောင်ရွက်စေပြီးမှသာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ခွဲဝေ ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တိုင်းဒေသနှင့်ပြည်နယ် အစိုးရများဟာ မိမိတို့ ဒေသအတွင်း နိုင်ငံတကာ အကူအညီ အထောက်အပံ့ ပေးမည့် အဖွဲ့အစည်းများ ရောက်ရှိလာပါက သတင်းပို့စေပြီး ၎င်းတို့၏ လုပ်ငန်း Project များကို ရှင်းလင်းတင်ပြစေခြင်း ၊ မြို့နယ် ဒေသအထိ ပူးပေါင်း ဆောင်ရွက် ကြီးကြပ်မှု အသွင်ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ခြောက်လပတ် အလိုက် တိုးတက်မှု အကဲဖြတ်ခြင်း များကို ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်း (၉)ခုနဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO ပေါင်း (၅၃) ခုခန့် ရှိပြီး ၎င်းတို့အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့လည်းကောင်း ၊ ပုဂ္ဂလိက လူမှုရေး ၊ စီးပွားရေး အသင်း အဖွဲ့များ ၊ ဖောင်ဒေးရှင်းများနှင့် တိုက်ရိုက် ချိတ်ဆက်၍လည်းကောင်း ဆက်သွယ်ပေးအပ်ရန် ကမ်းလှမ်းကြတာကို တွေ့ရပါတယ်။ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO များအနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီးခြင်း ၊ ၎င်းတို့လုပ်မယ့် လုပ်ငန်းကဏ္ဍနဲ့ ဆိုင်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနထံ သတင်းပို့ တင်ပြပြီး ယင်းမှ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီ ခွင့်ပြုချက် ရယူ ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ များက တိကျစွာ လိုက်နာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး အနေနဲ့ မြို့နယ်တိုင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝင်ရောက် ဆက်သွယ်လာလျင် အစိုးရနဲ့ရော နိုင်ငံရေး ပါတီများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ပါ ပတ်သက်ခြင်း မရှိဘဲ ဒေသ ဖွံ့ဖြိုးရေး အမြင် သက်သက်ဖြင့် ဆောင်ရွက်နေကြတဲ့အောက်ပါ လူမှုရေး ၊ စီးပွားရေး အဖွဲ့အစည်းများကို ဖွဲ့စည်းသွားရန် ဖြစ်ပါတယ် -

- ကုန်သည် အသင်းအဖွဲ့များ
- စိုက်ပျိုးရေး ၊ မွေးမြူရေး အသင်းအဖွဲ့နှင့် အစုအဖွဲ့များ
- သမဝါယမ အသင်းများ
- ဖောင်ဒေးရှင်းများ
- အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ ၊ အထူးပြု ကုမ္ပဏီများ

နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း မြို့နယ် အဆင့်သို့ ကွင်းဆင်း ဆောင်ရွက်ရာ၌ ၎င်းတို့ ခန့်အပ် တာဝန်ပေးသူများကို ယုံကြည်စိတ်ချရမှု မရှိခြင်း၊ ဒေသခံများကလည်း စွမ်းဆောင်ရည်နှင့် အတွေ့အကြုံ မရှိခြင်း စသည့် အခက်အခဲ များကြောင့် မြို့နယ်များ၌ စွမ်းဆောင်ရည် ရှိသော ၊ ပြည်သူများက လက်ခံ သော လူမှုရေး စီးပွားရေး အသင်းအဖွဲ့များ ၊ အစုအဖွဲ့များ ၊ ဖောင်ဒေးရှင်းများကို ဖွဲ့စည်း သွားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အနာဂတ်မှာ အရေးပါ လာမယ့် Civil Society များဟာ အစိုးရဌာနများနဲ့ရော နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ပါ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိလာပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုတဲ့ လူသားအရင်းအမြစ်များ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အကူအညီအထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီကလည်း အလှူရှင် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် Donors Meeting တွေ ကျင်းပဖို့ ရှိပြီး Driver Seat ကို မြန်မာနိုင်ငံကဘဲ တာဝန်ယူထားမှာ ဖြစ်ပါတယ်။ Donors Meeting ကျင်းပတဲ့အခါ အလှူရှင် နိုင်ငံများ၊ အဖွဲ့အစည်းများ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကို သိလိုကြကြောင်းနှင့် ယင်းကဲ့သို့ သိမှသာ ၎င်းတို့ စိတ်ဝင်စားသော ပေးအပ်လိုသည့် အကူအညီ ပေးလိုသော နယ်မြေဒေသနှင့် လုပ်ငန်းကဏ္ဍကို ရွေးချယ် အသိပေးစေလိုကြောင်း မကြာခဏ မေးမြန်း ပြောဆိုကြတာ ရှိပါတယ်။

ဒါ့ကြောင့် ဒီနေ့ အစည်းအဝေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (National Development Plan) နဲ့ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Regional Development Plan) ကိုရော ၊ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကိုရော မူဝါဒ ရေးရာ ချပြ ညှိနှိုင်းခြင်းနဲ့ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲရေး (Foreign Aid Effective Management) အတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါတယ်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေထဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချရေး စီမံကိန်း ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တွေဟာ နိုင်ငံခြား အကူအညီ အထောက်အပံ့ တွေနဲ့ ဆောင်ရွက်ရမယ့် Development Plan တွေ ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များရဲ့ လူမှု စီးပွားရေး ညွှန်းကိန်းများ အချိုးကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ပြည်ထောင်စု ဝန်ကြီးဌာနများ ညှိနှိုင်း တွက်ချက်ပြီး နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ မေလကုန် အပြီး တင်ပြရန်ဖြစ်ပြီး မေလ နောက်ပိုင်းမှာ Donors Meeting တွေကို ကျင်းပတဲ့အခါ မိမိတို့ လိုအပ်တဲ့ လုပ်ငန်းကဏ္ဍနဲ့ နယ်ပယ်ကို ချပြ ဆွေးနွေး တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။




နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေထဲမှာ ဘတ်ဂျက်နဲ့ နိုင်ငံခြား အကူအညီ မရနိုင်တဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ယခုအခါ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံနဲ့ လုပ်ငန်းရှင် အများအပြား လာရောက်ကြပေမယ့် ရင်းနှီးမြှုပ်နှံခွင့် ပြုနိုင်တဲ့ လုပ်ငန်း ကဏ္ဍ (Investment Sector) နဲ့ ရင်းနှီးမြှုပ်နှံခွင့် ပြုနိုင်တဲ့ နယ်မြေဒေသ (Investment Potential Area) ကို အချို့ တိုင်းဒေသကြီး/ပြည်နယ် တွေမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး ထိခိုက်မှု (Environmental and Social Impact) ၊ မြေ အသုံးချမှု မူဝါဒနှင့် စီမံခန့်ခွဲမှု (Land Use Policy and Plan) ပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံမှုများကို အသင့်လက်ခံနိုင်တဲ့ အခြေအနေ (Readiness) မဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ Readiness ဖြစ်ဖို့အတွက် Township Development Plan, Village Development Plan ရေးဆွဲထားပြီး ဘယ်နေရာတွေကိုတော့ လူဦးရေတိုးတက်မှုအတွက် နေထိုင်ရန် ရပ်ကွက် ၊ ကျေးရွာတွေ ချထားရန် လျာထားခြင်း ၊ သောက်သုံးရေနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် သစ်တောမြေ လျာထားခြင်း ၊ ဒေသခံ ပြည်သူများ လူမှု စီးပွားရေး လုပ်ကိုင်စားသောက်မှု အခွင့်အလမ်း အတွက် စိုက်ပျိုးမြေနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင် မည့် စက်ရုံ အလုပ်ရုံ ၊ စက်ရုံစု လျာထားမြေ ၊ လက်လီဈေး ၊ လက်ကားဈေး နှင့် သယ်ယူ ပို့ဆောင်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လျှပ်စစ်မီး လျာထားခြင်းတို့ကို မြို့နယ်တိုင်း အတွက် အသင့် ရှိနေမှသာ ရင်းနှီးမြှုပ်နှံမှုများ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပြီး ဒေသခံ ပြည်သူများရဲ့ လူမှု စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက် ရရှိ လာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ GDP ကိန်းဂဏန်း Plan ထက် Physical Plan ဟာ ပိုမို အရေးကြီးပါတယ်။ ရှေးယခင် ကာလများကဲ့သို့ အထက် ဌာနများက မြေပုံကြည့်ပြီး နေရာချထား သတ်မှတ်ပေးရုံ သက်သက် စီမံခန့်ခွဲရင်တော့ ရှေးယခင် လိုဘဲ ထွေ/အုပ်က တစ်မျိုး ၊ သစ်တောက တစ်မျိုး ၊ စည်ပင်က တစ်မျိုး ၊ မြေစာရင်းက တစ်မျိုး အောက်ခြေမှာ အမိန့် မျိုးစုံ ၊ နားလည်မှု မျိုးစုံနဲ့ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ရေရှည်မှာ ယခုလို တံခါးဖွင့်ပြီး ရင်းနှီးမြှုပ်နှံမှု လက်ခံတဲ့အခါ မြေယာ ပြဿနာ အခက်အခဲဟာ တိုင်းဒေသကြီး/ ပြည်နယ်တိုင်းမှာ ဖြစ်ပေါ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ စပ်လျဉ်းပြီး မြို့ပြ စီမံကိန်း ရေးဆွဲ စီမံခန့်ခွဲ အုပ်ချုပ် လုပ်ကိုင်မှုတွေကို ပြန်လည် လေ့လာ ကြည့်စေတဲ့အခါ ဥပဒေ ၊ စည်းမျဉ်း ၊ လုပ်ထုံး လုပ်နည်းများ (Code of Conduct) များဟာ အသီးသီး ရေးဆွဲ ထားရှိခဲ့ကြပေမယ့် လက်တွေ့ နယ်ပယ်များ အသုံးပြု စီမံ ခန့်ခွဲနိုင်ခြင်း မရှိတော့တာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေ စည်းမျဉ်းနဲ့ အုပ်ချုပ်ခြင်းအစား အမိန့်ပေးစနစ် ၊ အစည်းအဝေး ဆုံးဖြတ်ချက် စနစ် တွေနဲ့ ဦးစားပေး လုပ်သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ နောင်အခါမှာ ဥပဒေ ၊ စည်းမျဉ်းနဲ့အညီ (Rule of Law) နဲ့ လုပ်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Township Development Plan ကို မြို့နယ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်စေသော်လည်း အတွေ့အကြုံ အလေ့အကျင့် မရှိသေးတဲ့ အတွက် လုံးဝ ပုံအပ်ထားခြင်းဖြင့် ဥပဒေ ၊ စည်းမျဉ်း ၊ လုပ်ထုံး လုပ်နည်းများ (Code of Conduct) များကို မျက်ကွယ်ပြု၍ အဖွဲ့အစည်းနှင့် အစည်းအဝေးထိုင် ဆုံးဖြတ်လျင် ရသည်ဟူ၍ ထင်မြင်ယူဆ ဆောင်ရွက်ခြင်းမျိုး မရှိစေရန် နှင့် မြို့နယ်အဆင့်က ရေးဆွဲ တင်ပြမှုကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက လွှတ်တော် ကိုယ်စားလှယ်များ ၊ ကျွမ်းကျင်သူ ပညာရှင်များ ၊ လူမှုရေး ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် တစ်မြို့နယ်ချင်းအပေါ် ပြည်သူများရဲ့ စားဝတ်နေရေး လိုအပ်ချက် ၊ လူမှုရေး လိုအပ်ချက် နဲ့ မြို့နယ်အတွက် တိုးတက် ရရှိလာမယ့် အခွန်အကောက်နဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားနိုင်မယ့် စီးပွားရေး တွက်ခြေကိုက်ပြီး ဖွံ့ဖြိုးတိုးတက် စေမယ့် အစီအမံများကို အောက်ပါ ရည်မှန်းချက်များနဲ့ အသေးစိတ် လေ့လာ ကြံဆ စီမံ သွားကြဖို့ မှာကြားလိုပါတယ် -

အသေးစိတ် လေ့လာ ကြံဆ စီမံ သွားကြဖို့ မှာကြားလိုပါတယ် -

- နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ဖွံ့ဖြိုးတိုးတက်စေရန်
- တိုင်းဒေသကြီး/ပြည်နယ် အလို အစီအမံများကို အောက်ပါ ရည်မှန်းချက်များနဲ့ အသေးစိတ် လေ့လာ ကြံဆ စီမံ သွားကြဖို့ မှာကြားလိုပါတယ် -
- နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ဖွံ့ဖြိုးတိုးတက်စေရန်
- တိုင်းဒေသကြီး/ပြည်နယ် အလိုက်၊ နယ်မြေ အခြေအနေအလိုက် မြို့ရွာများ အမြန် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရန်
- ပြည်သူတစ်ဦးချင်း ၊ တစ်အိမ်ထောင်ချင်း နေထိုင်စရာ နေရာ မြေယာ အဆောက်အအုံ အဆင်ပြေ တိုးတက်စေရန်၊
- ပြည်သူတစ်ဦးချင်း ၊ တစ်အိမ်ထောင်ချင်း ရေ၊မီး အဆင်ပြေစေရန်၊
- ပြည်သူများ သွားလာရေး အဆင်ပြေ လွယ်ကူစေမည့် လမ်းတံတားနှင့် သယ်ယူ ပို့ဆောင်ရေး တိုးတက်စေရန် ၊
- ပြည်သူများ စီးပွားရေး ၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေးနှင့် ဈေးကွက် ဖွံ့ဖြိုးရေး ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန်
ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ပြည်သူလူထုရဲ့ လူမှုစီးပွားရေး လိုအင်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုး တိုးတက်မှု (People Centered Development) အရ သိသိသာသာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

အလားတူ (Regional Plan, City Development Plan, Township Development Plan, Village Plan) တွေ ကြိုတင် ရေးဆွဲပြီး မြေ အသုံးချမှု မူဝါဒ နှင့် အစီအမံ (Land Use Policy and Plan) ထားရှိခြင်း ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် ဆောင်ရွက်ယင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွားရေး ပြဿနာများ ဒွန်တွဲ ပါလာမှု အပေါ် ဥပဒေ စည်းမျဉ်းဖြင့် ထိန်းကျောင်းနိုင်သည့် လုပ်ထုံးလုပ်နည်းများ (Code of Conduct for Township Development) ရေးဆွဲ ဆောင်ရွက်ရေး ၊ ကူးသန်း ရောင်းဝယ်ရေး အဟန့်အတားများ ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင် သွားလာရေး အဟန့်အတားများ ၊ ရုံးဌာန ညွှန်ကြားချက်နှင့် ထောက်ခံချက်များ ဆိုင်ရာ အဟန့်အတားများ စသည့် အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Administration Management) များကို Decentralize လုပ်ပြီး ဥပဒေ စည်းမျဉ်းဖြင့် သာ ထိန်းကျောင်း၍ ပြည်သူများအတွက် သိသာထင်ရှားသော အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်ရေး ကို အဓိက ထားရမှာဖြစ်ကြောင်း အဖွင့်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယခင်တစ်ပတ် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို ဖိတ်ကြားပြီး ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်နဲ့ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့စဉ်က တစ်နိုင်ငံလုံးရဲ့ အသားတင် ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ ဟာ ကျပ် (၄၄၇၃၃.၃) ဘီလီယံ၊ အမေရိကန် ဒေါ်လာ (၅၅.၉) ဘီလီယံခန့် ရှိတာကို တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။ ဒီအသားတင် ထုတ်လုပ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ (၅၅.၉) ဘီလီယံ ဝန်းကျင်နဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားရင် တိုးတက်လာမယ့် တိုးတက်မှုနှုန်းဟာ ငါးနှစ် ကြာတဲ့အခါ (၁.၅)ဆ တိုးတက်မှု ဖြစ်ပါတယ်။ လက်ရှိ လူတစ်ဦးကျ ဝင်ငွေ ဒေါ်လာ (၁၀၀၀) ရှိရင် နောင် ငါးနှစ်ကြာရင် တစ်ဦးကျ ဝင်ငွေ ဒေါ် လာ (၁၅၀၀) ခန့်သာ ရှိမှာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ၊ ချေးငွေများ ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ဖိတ်ခေါ် လုပ်ကိုင်နိုင်မယ် ဆိုရင် လူတစ်ဦးကျ ဝင်ငွေ ဒေါ်လာ (၃၀၀၀) တန်းကို ရောက်အောင် ကြိုးစားနိုင်လိမ့်မယ်လို့ ရည်မှန်းထားပါတယ်။ တစ်နည်းအားဖြင့် လက်ရှိ အခြေအနေတွက်ချက်မှုအရ တိုးတက်မှုနှုန်း (၁.၅)ဆ အစား တိုးတက် မှုနှုန်း (၃) ဆ တိုးတက်အောင် ကြိုးစားမယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) (၅၅.၉) ဘီလီယံရှိရာမှာ အစိုးရ ဘတ်ဂျတ်အနေဖြင့် လက်ရှိ ( ၃.၉ ဘီလီယံ)၊ (၆.၉%) ခန့်အသုံးပြုလျက် ရှိပြီး ၊ ပုဂ္ဂလိက အဖွဲ့အစည်း ကဏ္ဍမှ အမေရိကန်ဒေါ်လာ (၅၂ ဘီလီယံ) ၊ (၉၃.၁ %) ပါဝင် ပါတယ်။ ဒီနှုန်းအတိုင်း သွားရင် နောင်ငါးနှစ်အကြာမှာ ယခု လက်ရှိ ဂျီဒီပီရဲ့ တစ်ဆခွဲပဲ တိုးတက်လာမှာ ဖြစ်ပါတယ်။ သုံးဆ တိုးဖို့ ကြိုးစားမည် ဆိုပါက ဘတ်ဂျက်က အကန့်အသတ် ရှိလို့ အောက်ပါ နည်းလမ်းများကို ဘယ်လို တိုးတက် ရင်းနှီးမြှုပ်နှံမလဲ ၊ ရအောင် ဆောင်ရွက် မလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ် -

- နိုင်ငံခြား အကူအညီ အထောက်အပံ့
- နိုင်ငံခြား ချေးငွေ
- နိုင်ငံတော် ဘတ်ဂျတ်နှင့် အခွန်အကောက် တိုးတက် ရရှိနိုင်မည့် နည်းလမ်းများ
- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ

စဉ် တစ်ဦးကျ ဝင်ငွေ အဆ လက်ရှိ GDP အရ တိုးတက်ရရေး ကြိုးပမ်းရမည့် အရင်းအနှီး

နိုင်ငံပိုင်/ သမ ပိုင် ပုဂ္ဂလိက ပိုင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထောက်ပံ့ငွေ / ချေးငွေ စုစုပေါင်း

၁ ၂ ၃ ၄ ၅ ၆ ၇
၁ ၁.၅ ဆ ၁၃.၀ ၁၅.၉ ၇.၁ ၁.၁ ၃၇.၁
၂ ၂.၀ ဆ ၁၃.၀ ၁၅.၉ ၁၀.၀ ၁၀.၄ ၄၉.၃
၃ ၂.၅ ဆ ၁၃.၀ ၁၅.၉ ၁၅.၀ ၁၇.၇ ၆၁.၆
၎ ၃.၀ ဆ ၁၃.၀ ၁၅.၉ ၂၅.၀ ၂၀.၀ ၇၃.၉

မှတ်ချက် ၁။ လာအို နိုင်ငံတွင် ထောက်ပံ့ငွေ ၊ Loan, Aid, Grant တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ဘီလီယံ ၀.၄ မှ ၀.၅ ဘီလီယံကြား ရရှိပါသည် ၊ ကမ္ဘောဒီးယား တွင် အမေရိကန်ဒေါ်လာ ၀.၆ မှ ၀.၈ ဘီလီယံ ကြား ရရှိပါသည် ။ ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၂.၄ မှ ၃.၀ ဘီလီယံ ကြား ရရှိပါသည် ။

၂။ မြန်မာနိုင်ငံတွင် ၂၀၁၁-၁၂ တွင် ချေးငွေ ၅၁၀၅.၂ ကျပ် သန်း ( အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း) ၊ ထောက်ပံ့ငွေ ကျပ်သန်း ၁၄.၇(အမေရိကန်ဒေါ်လာ ၀.၀၁၈ သန်း) သာရရှိပါသည် ။

၃၊ နိုင်ငံ ခြား ရင်းနှီး မြှုပ်နှံမှု မှာလည်း လက်ရှိ အခြေအနေတွင် တစ်နှစ်ပျမ်းမျှ ၃ ဘီလီယံ ခန့်သာ ရရှိ ပါသည် ။

၎၊ သို့ဖြစ်ပါ၍ တစ်ဦး ကျဝင် ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိရေး အတွက် ၃ဆ တိုးတက်နိုင်ရန် ခဲယဉ်း ပြီး အများဆုံး ၂ဆ သာ တိုးတက်နိုင်မည် ။

ပြည်ထောင်စု စီမံကိန်းကြီးများမှာတော့ နိုင်ငံတော် ဘတ်ဂျက်နဲ့ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ စီမံကိန်းများကို နိုင်ငံခြား ချေးငွေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနများ အနေနဲ့ လွှတ်တော်မှာ တင်ပြ မေးမြန်း ဆွေးနွေးကြတဲ့အတိုင်း နိုင်ငံတော်အတွက် အမှန်တကယ် အကျိုးရှိပြီး အကျိုးအမြတ် ပြန်ပေါ်မယ့် ကိစ္စရပ်များနဲ့ ချေးငွေ ပြန်ဆပ်နိုင်မှု ၊ တာဝန်ခံနိုင်မှု အပေါ် တွက်ချက်စဉ်းစား ချေးယူရမှာ ဖြစ်ပါတယ်။

နိုင်ငံခြား အကူအညီ အထောက်အပံ့ (Grant) များကတော့ တိုင်းဒေသကြီး/ ပြည်နယ်များ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၊ ပြည်သူတို့၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုစီးပွားရေးဘဝ မြင့်မား တိုးတက်ရေးနဲ့ သဘာဝ ဘေးအန္တရာယ် တားဆီးရေး ကိစ္စရပ်များမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကတော့ ကန့်သတ်မှုမရှိဘဲ ဥပဒေနဲ့အညီ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှာ ဖိတ်ခေါ် တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်း တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုများနဲ့ စပ်လျဉ်းပြီး စည်ပင်သာယာ လုပ်ငန်းလိုင်စင် ၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်း လိုင်စင် ၊ ဆက်သွယ်ရေး ၊ စာတိုက်ကြေးနန်း ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန ၊ သစ်တော ရေးရာဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေမှာ ခွင့်ပြုမိန့် ပေးပြီး လုပ်တဲ့ လုပ်ငန်းများစွာနဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်သလို ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ အခွန်အခ သက်သာခွင့်များ ရယူ ဆောင်ရွက်နိုင်တဲ့ MIC ခွင့်ပြုမိန့် လုပ်ငန်းများ များစွာ ရှိပါတယ်။ ဒီ ခွင့်ပြုမိန့်တွေ အပေါ်မှာ ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ အကြား ဆွေးနွေး ညှိနှိုင်းခြင်း ၊ ခေတ်နှင့် မလျော်ညီသော လုပ်ထုံးလုပ်နည်း များကို ညှိနှိုင်း ပြင်ဆင်ရေးဆွဲခြင်း ၊ လူတစ်စုသာ လုပ်ကိုင်ခွင့် ရရှိနေသော လုပ်ငန်းများကို ပြည်သူ အများစု ပါဝင် ဆောင်ရွက်ခွင့် ရရှိစေခြင်းဖြင့် တိုးချဲ့ပေးခြင်း၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရများအကြား အခွန်အခ ဆိုင်ရာများ ညှိနှိုင်းခြင်း တို့ကို လုပ်ငန်း နယ်ပယ် တစ်ခုချင်းအလိုက် Case Study များ ပြုလုပ်ခြင်း ၊ Survey ပြုလုပ်ခြင်း ၊ အားသာချက် ၊ အားနည်းချက်များ နှင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်မည့် နည်းလမ်းများကို သမ္မတရုံး ၊ အစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာ စီမံကိန်း လုပ်ငန်း ဗဟိုကော်မတီများသို့ ပေးပို့၍ ယခု ကျင်းပသော အစည်းအဝေးများတွင် မူဝါဒ ချမှတ် ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။

(၁) ပြည်သူတွေရဲ့ လူမှု စီးပွားရေး ဘဝ သိသာစွာ တိုးတက် ကောင်းမွန် ရေးနဲ့ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာဖို့ ၊ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက် လာဖို့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) ကို ကဏ္ဍ (Sector) အလိုက်၊ ဒေသ (Region) အလိုက် မဟာဗျူဟာ လုပ်ငန်းစဉ် ၊ ဦးစားပေး လုပ်ငန်းစဉ်များ ရေးဆွဲပြီး ၂၀၁၂ ခုနှစ် ၊ မေလ ကုန် အပြီး တင်ပြရန် ၊

(၂) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Development Plan) အောက်တွင် အပါအဝင် ဖြစ်သော ကဏ္ဍ (Sector) အလိုက်၊ ဒေသ (Region) အလိုက် ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) များကို ရေးဆွဲ ဖော်ပြ ဆောင်ရွက်ကြရန် ၊

(၃) ထိုစီမံကိန်း (Plan) နှင့် မဟာဗျူဟာ လုပ်ငန်းစဉ် (Strategy) ပေါ် အခြေပြုပြီး -

- ဆင်းရဲမှု လျှော့ချရေး ၊ လူမှုစီးပွား တိုးတက်ရေး ၊ ဒေသ ဖွံ့ဖြိုးရေး အစီအမံများကို ကဏ္ဍအလိုက် ၊ ဒေသအလိုက် Master Plan များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပါ။

- နိုင်ငံခြား အထောက်အပံ့ (Grant) များကို ဖွံ့ဖြိုးမှု လိုအပ်သော နယ်ပယ်များတွင် အချိုးကျ ထိရောက်စွာ ခွဲဝေ အသုံးပြုပြီး ဒေသ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အကဲဖြတ် တွက်ချက်ပါ။

- နိုင်ငံခြား ချေးငွေ (Loans) ကို နိုင်ငံတော်အတွက် အမှန်အကျိုးရှိပြီး စီးပွားရေး တွက်ချေကိုက်၍ အကြွေးပြန်ဆပ်နိုင်မည့် လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုပါ။

- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဒေသအလိုက် နိုင်ငံတော် ဘတ်ဂျက်ဖြင့် မလုပ်နိုင်သော လုပ်ငန်းများတွင် ဆောင်ရွက်ပါ။

နိဂုံးချုပ်အနေနဲ့

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ တိုးတက်လိုတဲ့ဆန္ဒသာရှိပြီး အလုပ်ကို ကြိုးစားမလုပ်ရင်၊ စည်းကမ်းမရှိရင်၊ စည်းလုံးမှုမရှိရင် သူများနိုင်ငံနောက်က လိုက်နေရမှာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ရေမြေတောတောင်သဘာဝအရင်းအမြစ်တွေကို ပိုင်ဆိုင်ထားသော် လည်း အလုပ်ကို ကြိုးစားပမ်းစားနဲ့မလုပ်ရင် ဆင်းရဲမြဲ ဆင်းရဲနေမှာဖြစ်ပါတယ်။

အဆင်းရဲဆုံး LDC နိုင်ငံဘဝကရုန်းထွက်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့အညီအလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေ ချပေးပြီးဖြစ်ပါတယ်။ မူတွေကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး။ တိုးတက်လိုတဲ့အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာချန်ထားခဲ့ရပါမယ်။ ခေတ်စနစ်တွေ ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ဟန်ချက်ညီစွာ စီးပွားရေးကဏ္ဍကို ကျွန်တော်တို့ တွန်းတင် ရပါမယ်။ တစ်နှစ်ကုန်သွားပြီ ဖြစ်လို့ Second Wave တွန်းတင်ကြဖို့ တိုက်တွန်း ရင်း နိဂုံးချုပ်လိုက်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အရောင်စုံပြောင်းသောသူများအကြောင်း

အရောင်ပြောင်းသောခရိုနီများအကြောင်း မကြာမီက အင်တာနက်တွင် အကြိမ်ကြိမ်ဖတ်လိုက် ရသည်။ ထို အရောင်ပြောင်းသော ခရိုနီများသည် မိမိအကျိုးစီးပွားအတွက် အရောင် (၂)ရောင်သာ ပြောင်းသည့်သဘောရှိသည်။ တစ်ဖက်က ဒေါ်စုကြည်ကိုပြေးကပ်လိုက်သည့်အခါ အရောင်ကတစ်မျိုး လက်ငုတ်လက်ရင်း အာဏာပိုင်များကိုကပ်ထားသည့်အခါ အရောင်ကတစ်မျိုး။ ခရိုနီများသည် သူ့အကျိုး စီးပွားအတွက် လက်ရှိအခွင့်အာဏာရှိသူများကို ယခင်ကလိုမဟုတ်ဘဲ လူမမြင်သူမမြင် အဘရဲ့ အဘရဲ့ နဲ့ ပြောဆိုချဉ်းကပ်၍ ငိုပြ၊ ချွဲပြရှိနေဆဲပင်။ တစ်ဖက်ကလည်း ဒေါ်စုကြည်ကိုပြေးတွေ့လိုက်ပြီး မျက်နှာချိုသွေးလိုက်၊ နှစ်လိုဖွယ်ရာစကားလေးပြောလိုက်၊ လိုလေသေးမရှိ ဆောင်ရွက်ပေးလိုက်နဲ့ ဒါသူတို့အတွက် သာမန်အလုပ်မျှသာဖြစ်သည်။ ထိုသူတို့ကား နှစ်ရောင်သာပြောင်းသူများဖြစ်သည်။

နှစ်ရောင်ထက် အရောင်စုံပြောင်းသူများလည်းရှိသေးသည်။ ထိုသူများကား အခြားမဟုတ်။ လက်ရှိဝန်ကြီးများပင်ဖြစ်သည်။ ခရိုနီများနှင့်ယှဉ်လျှင် အကျိုးစီးပွားအမျိုးအစားချင်းမတူပေ။ ၀န်ကြီးများ၏အကျိုးစီးပွားက သမ္မတ၏ အယုံကြည်ရဆုံးသူ၊ အားအထားရဆုံးသူဖြစ်ရေး၊ အာဏာပိုမို ရရှိရေး၊ လုပ်ပိုင်ခွင့်ပိုမိုရရှိရေး၊ လူကောင်းလူတော်အဖြစ် ထင်ပေါ်ရေး၊ ပြုပြင်ပြောင်းလဲရေးသမားကြီး စစ်စစ်ဖြစ်ရေး၊ ရရှိရေးအကျိုးစီးပွားဖြစ်သည်။ ၂၀၁၁ မတ်လမှာ ခေတ်ဟောင်းစနစ်ဟောင်းကို ထားခဲ့ပြီး ခေတ်သစ်စနစ်သစ် ဒီမိုကရေစီအစိုးရပေါ်ထွန်းလာချိန်မှာ အရောင်စုံပြောင်းသောဝန်ကြီးများ ပေါ်လာသည်။ ယခင်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးရှေ့မှာ ကျွန်တော်က သစ္စာရှိတယ်၊ ဗိုလ်ချုပ်မှူးကြီးခိုင်းရင် သေသွားပါစေ ဖြစ်အောင်လုပ်ပြမယ်။ ကျွန်တော့ကိုခိုင်းပါ၊ တာဝန်ပေးစမ်းပါ ဟူ၍ တစ်မျိုး၊ အခု စနစ်ပြောင်းပြီးနောက်အချိန်ဝယ် စနစ်တွေပြောင်းကြပါ။ စိတ်ကူးစိတ်သန်းတွေ ပြောင်းကြ ပါ။ အိပ်ပျော်မနေပါနဲ၊ စာတွေဖတ်စမ်းပါ၊ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ၊ ပြန်မပြောရဲတဲ့ခေတ်မဟုတ် တော့ဘူး။ သတ္တိရှိရှိလုပ်စမ်းပါ ဟူ၍တစ်မျိုး၊ ကာလတိုလေးအတွင်းမှာ ခြားနားချက်ကိုမြင်တွေ့ရသည်။

အခုလည်း သမ္မတကြီး ယုံစမ်းပါ၊ ခိုင်းစမ်းပါ၊ အောင်မြင်အောင်လုပ်ပြပါမည်။ သူမှသစ္စာရှိ၊ သူမှ လုပ်တတ် ဟန်ပန်မျိုးပြလာသည်။ ဟိုတစ်ချိန်တုန်းကလည်း သစ္စာအရှိဆုံးအဖြစ် ကြွေးကျော်ခဲ့သည်။ ယခုလည်း ကြွေးကျော်နေပြန်ပြီ။ ရဲရဲတင်းတင်းလုပ်၊ ရဲရဲတင်းတင်းပြောဆိုတဲ့သဘောထားများ အသံ ပဲလား၊ အနှစ်ပါ မ,ပါတော့ မသိပါ။ သာမန် ရိုးရိုးမှန်မှန်နေသောဝန်ကြီးများကိုပင် ငအ၊ ငတုံး၊ အိပ်ပျော် နေသူများဟု ဆိုလာပြန်သည်။

နောက်ထပ် အသံတစ်ခုရှိသေးသည်။ အပျော့လိုင်း၊ အမာလိုင်း၊ သာရာစီးမဲ့ ခွထိုင်နေသူများဟု ဆိုလာသည်။ တစ်ချိန်က ဒေါ်စုကြည်ကိုမုန်းပြမှ ဗိုလ်ချုပ်မှူးကြီးနဲ့ လူကြီးများကကြိုက်သည်ဆိုလျှင် သူတို့ပင်အမုန်းဆုံး၊ အရွံဆုံးအဖြစ် ကြွေးကျော်ခဲ့သည်။ အခုတော့ ဒေါ်စုကြည်နဲ့ဆက်ဆံမှ၊ သိကျွမ်းမှ၊ ရင်းနှီးမှ အနောက်ကမ္ဘာကြိုက်သော အပျော့လိုင်းသမားအဖြစ် သတ်မှတ်ခံရသည်။ အဲတော့ အပျော့လိုင်း၊ အမာလိုင်းသည် ဒေါ်စုကြည်နှင့်သာဆိုင်သည့်သဘော တွေ့ရသည်။ ဟိုတုန်းက ဒေါ်စုကြည်ကို ဘယ်လိုလုပ်ပစ်လိုက်မယ်၊ ဘယ်လိုဆော်လိုက်မယ်ဆိုသော ပုဂ္ဂိုလ်များသည် ယခု ဒေါ်စုကြည်အားတွေ့လျှင် သကာပေါင်းများစွာလောင်းထားသောမျက်နှာထက်တောင် ချိုပြနေ၏။ ပြုံးပြ နေ၏။ ဒေါ်စုကြည်နှင့်ရင်းနှီးရတာ သိပ်ကိုနောက်ကျသွားတဲ့ဟန်အမူအရာမျိုးလုပ်ပြလိုက်တာလည်း မြင်သူတိုင်းသိ၏။ ဒေါ်စုကြည်က တို့ကိုလက်ခံသွားပြီလား၊ ယုံသွားပြီလားလို့ စိုးရိမ်တကြီး အကဲခတ်ရ သည်မှာလည်း အများအမြင်ဖြစ်သည်။

သြော် ဤလောကကြီးမှာ နှိုင်းစရာမရှိလောက်အောင် သြဇာတိက္ကမကြီးမားသော ဒေါ်စုကြည်ပါလား။ မှန်နိုင်ပါသည်။ ဘာကြောင့်လဲ ။ ဒေါ်စုကြည်၏မှတ်ချက်ကြားလိုက်တာနဲ့ သူမဆရာ အနောက်နိုင်ငံခေါင်းဆောင်များက လက်ခံလိုက်သည်။ အနောက်တိုင်းက အရေးကြီးပုဂ္ဂိုလ်များလာ လျှင် ဒေါ်စုကြည်၏ Mandate အရ သမ္မတဦးသိန်းစိန်ပြီးလျှင် ဒုတိယ၊ တတိယအတွေ့ခံရမည့်စာရင်း ပါရှိသွားသည်။ ထိုဝန်ကြီးများက မော်မဆုံး၊ ပျော်မဆုံး၊ ကြွားမဆုံးပါပင်။ ကျန်ဝန်ကြီးများကို ငအ၊ ငတုံး တွေလို့ ယူဆတာ မှားသလားဗျာ။ ဒေါ်စုကြည်၏မှတ်ချက်ကြောင့် ပိတ်ဆို့ထားသော အနောက်နိုင်ငံ များသို့ တံခါးမရှိဒါးမရှိ ၀င်နိုင်ထွက်နိုင် သွားနိုင်နေပြီလေ။ ကျန်ဝန်ကြီးတွေကို ဘာမှုစရာလိုသေးလို့လဲ။ ဒေါ်စုကြည်နဲ့ရင်းနှီးရင် ဒေါ်စုကြည်ကိုလိုလားပြရင် ဘွဲ့တံဆိပ်တောင်ရနိုင်သေးတယ်မဟုတ်လား။ ဒါကြောင့် ဒေါ်စုကြည်ထံက မှတ်ချက်ကောင်းကောင်းရဖို့ ထိုရောင်စုံပြောင်းသောဝန်ကြီးများက ဒေါ်စုကြည် တော်သည်။ ဒေါ်စုကြည်သည် ပညာတတ်သည်။ နိုင်ငံတကာအတွေ့အကြုံရှိသည်။ နိုင်ငံ တကာနှင့်ဝင်ဆံ့သည်။ နိုင်ငံတကာအဆင့်အတန်းရှိသည်။ သူမ၏ Image အလွန်ကြီးသည်။ ဒါကြောင့် သူမနိုင်ဖို့ သူမ-ရွေးကောက်ပွဲဝင်ရင်နိုင်ဖို့ တာဝန်ယူသည်။ သူမ-နိုင်အောင်လုပ်ပေးဖို့ လွယ်လွယ်လေးပါ။ ကျွန်တော်တတ်နိုင်တယ်။ ကျွန်တော်လုပ်ပေးချင်တယ်ဟု ကြွေးကျော်သည်ကို အံ့မခန်းကြားလိုက် ရသည်။ ဒေါ်စုကြည်၏တံခိုးအရှိန်အ၀ါကြီးမားလာပေပြီတကား။

ဒေါ်စုကြည်နိုင်ဖို့ ဒေါ်စုကြည်နိုင်စေချင်လွန်းလို့ အားရပါးရဟစ်ကြွေးနေသည့်အခါ သူ ၀န်ကြီး ဖြစ်အောင် ၀ိုင်းဝန်းဆောင်ရွက်ပေးလိုက်သည့် ပြည်ခိုင်ဖြိုးကို သတိမှရပါသေးရဲ့လား။ ပြည်ခိုင်ဖြိုး၏ စိမ်းဖြူရောင်လေးကို မေ့သွားလောက်ပြီပေါ့။ ပြည်ခိုင်ဖြိုး၏အရောင်ပျောက်စေသတည်း။ ဒေါ်စုကြည်၏ ခွပ်ဒေါင်းအနီရောင် လွှမ်းလာပြီပေါ့။

(ဆက်လက်ဖော်ပြပါမည်။)

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။