Tuesday, May 8, 2012

KIA ခေါင်းဆောင်ကြီးများ လိုင်စာဌာနချုပ်မှ စွန့်ခွာထွက်ပြေး

လိုင်ဇာမြို့တွင်အဝေးထိန်းမိုင်းများထောင်ပြီး KIA ခေါင်းဆောင်တွေရဲ့မိသားစုများပြောင်းရွှေ့

KIA ဗဟိုရဲ့ညွှန်ကြားချက်နဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ မေ ၃ ရက်နေ့အထိ လိုင်ဇာမြို့ထဲမှာ ဗိုလ်မှူး ဘရန်အောင် ဦးဆောင်ပြီး မိုင်းတွေကိုလျှို့ဝှက်စွာမိုင်းလိုက်ထောင်နေတယ်လို့သိရပါတယ်။ KIA ဗဟိုကလူတစ်ယောက် ပြောပြချက်အရတော့ အစိုးရတပ်တွေလာတိုက်ရင် ပြန်လည်ခုခံနိုင်အောင်လို့ ပြာတယ်။ KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုးတွေနဲ့ KIA အကြီးပိုင်းကလူတွေကတော့ လိုင်စင်ပိုစ့် ကိုပြောင်းရွေ့နေတယ်။ မိုင်းဖောက်ခွဲမှုကိုတော့ လိုင်ဇာ ဟိုတယ် စတုတ္ထထပ်မှာ အဝေးထိန်းစနစ်နဲ့ ထားရှိထားပြီး ဗိုလ်မှူးကြီး ခွန်ဆိုင်းက ကွပ်ကဲနေတယ်တဲ့။





လိုင်ဇာမြို့ကပြည်သူတွေကတော့ အဲဒီအကြောင်းကို သိတဲ့သူနည်းနည်းလေးဘဲရှိပါတယ်။ KIA ခေါင်းဆောင်ပိုင်းနဲ့ပတ်သတ်တဲ့သူတွေလောက်ဘဲသိပြီးပြောင်းရွှေ့နေကြတာပါ။ KIA ရဲ့လုပ်ရပ်က ပြည်သူတွေကိုပါ သေတွင်းတည်း ကိုပို့မယ့်ပုံပေါကနေပါတယ်။ အဲဒီလိုလုပ်တာတော့မကောင်းပါဘူး။ အစိုးရတပ်တွေက လိုင်ဇာကိုသိမ်းမယ်လို့ သူတို့က တွက်ပြီးလုပ်နေပါတယ်။ သူတို့အဲဒီလိုလုပ်နေတာဟာ အစိုးရတပ်တွေလာရင်အစိုးရတပ်တွေထိမှာကနည်းနည်းပါးပါးဘဲ ဖြစ်နိုင်တယ်။ အထိများမှာက လိုင်ဇာကပြည်သူတွေများမှာပေါ့ဗျာ။ KIA ရဲ့လုပ်ရပ်ကတော့ တော်တော်လေး စိတ်ပျက် စရာကြောက်ရွံ့စရာတော်တော်လေးကိုကောင်းနေပါပြီးလို့ လိုင်ဇာမြို့ခံတစ်ဦးက KDN သတင်းဌာနသို့သတင်းပေးပို့ လာပါတယ်။

တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသော ကေအိုင်အေ စစ်သည်များ ပြန်လည်ဖမ်းဆီးရမိ

လိုင်ဇာမြို့ ၊ ဇန်န၀ါရီလ ၁၀ရက်

လိုင်ဇာရုံးချုပ်က အကူအညီတောင်ခံလို့ ဒီဇန်န၀ါရီလ ပထမပတ်အတွင်းမှာ ရင်ကျန်းရဲတပ်ဖွဲ့က ရင်ကျန်းမြို့ အတွင်းဝင်ရောက် နေထိုင်နေတဲ့ KIAစစ်သည်တွေနဲ့ မိသားစုဝင်တွေကို လိုက်လံဖမ်းဆီးခဲ့ရာ ကချင်လူမျိုးနဲ့ ရှမ်းလူမျိုး ၁၃၀ လောက်ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။ မြို့ပေါ်က KIA တပ်ဖွဲ့ဝင်ရဲ့ မိသားစုတွေ ထွက်ပြေးတာများလာလို့ KIO အဖွဲ့က တစ်ဖက်နိုင်ငံ ရင်ကျန်းမြို့ကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ထွက်ပြေးKIA တပ်ဖွဲ့ဝင်များကို ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။

“KIA တပ်ဖွဲ့ဝင် စစ်သည် ၄၀ နဲ့ သူ့တို့မိသားစုဝင် ၂၀လောက် ရှိတယ်လို့ အကြောင်းကြား လာတယ်။ အဲ့ဒါအခု ပြန်သွားခေါ်ဖို့လုပ်နေတယ်။ ကျန်တဲ့သူတွေ လည်းကျန်နေသေး တယ်။ ကျွန်တော် တို့ကို အခုချိန်ထိကူညီပေးနေတဲ့ တရုတ်အစိုးရကိုလည်း ကျေးဇူး တင်တယ်လို့ပြောရမှာပါပဲ။ ပြန်မိတဲ့ သူတွေကိုလည်း နောက်မလုပ်ရဲအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်” လို့ပြော ပါတယ်။



တရုတ်နိုင်ငံကို ထွက်ပြေးလာရင်း ပြန်လည်ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ကေအိုင်အေ စစ်သည် တစ်ယောက် ကတော“ကျွန်တော်တို့ ထွက်ပြေးလာတော့ လက်နက်တွေလည်း ယူလာတယ်။ တစ်ချို့ကလည်း မိန်းမတွေ ပါလာတာပေါ့ဗျာ။ အဓိက ကတော့ ဆက်မတိုက်ချင်တော့ဘူး။ ပင်လဲပင်ပန်းတယ် ၊နေတာ စားရတာကလည်း အရမ်းဆင်းရဲတယ်၊ ကုန်ကုန်ပြောရရင် ရှိနေတဲ့လူနဲ့ ရှိနေတဲ့ ရိက္ခာက မမျှတော့ လူတိုင်းကိုပြည့်ပြည့်၀၀ မပေးနိုင်ဘူး။ ကချင်ပြည်နယ်ထဲ နေတော့လည်း လိုက်ခေါ်ပြီး စစ်တိုက်ခိုင်းတယ်။ ဒါကြောင့် တရုတ်နိုင်ငံထဲ ထွက်ပြေးတာ။ အခုလို ပြန်အဖမ်းခံရတော့ ဘာဖြစ်မယ်ဆိုတာ မတွေးရဲ တော့ဘူး။ မလုပ်ချင်ဘူးလို့ ပြောတော့လည်း တစ်ချို့ အသတ်ခံရတယ်။ တိုက်ပွဲဖြစ်လို့ ဒဏ်ရာရတော့ လည်း ဆေးရုံမှာ မကုရဘူး။ ဒဏ်ရာပြင်းထန်တဲ့သူတွေပဲ ဦးစားပေးကုပေးတယ်။ ကျန်တဲ့သူတွေကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ဆေးဝါးရှာပြီး ကုရတယ်။ မိုင်ဂျာယန်ဆေးရုံမှာတင်ကို လူက ၁၀၀ကျော်နေပြီ။ ဒါတောင် အလောင်းတွေမကောက်နိုင်လို့ ထွက်ပြေးလာရတာတွေ မပါသေးဘူး။ ဖြစ်နိုင်ရင် တကယ်ကို မတိုက်ချင်တော့ဘူး” လို့ပြောပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒီနေ့ဂွေးသီး မနက်ဖြန်ငှက်ပြောသီး NLD


မြန်မာနိုင်ငံမှာNLD ပေါ်လာတာ အတော်ကြာပါပြီ။ သက်တမ်းအရင့်ဆုံးပါတီလို့ပင် ပြောနိုင် သည်။ ၁၉၉ဝရွေးကောက်ပွဲကိုဝင်ခဲ့သည့်ပါတီဖြစ်သည့်အတွက် ကြံ့ဖွတ်ပါတီထက် ရွေးကောက် ပွဲ အတွေ့အကြုံပိုရှိသည်။ NLD သည် ရွေးချယ်ပိုင်ခွင့်များရှိခဲ့သည်။ ရွေးချယ်ခွင့် ရှိတိုင်း၊ အကျဉ်းအကျပ်ရောက်တိုင်း ဆုံးဖြတ်ချက်အမှားများကို ချခဲ့မိသည်ချည်းဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို တစ်ဖက်သတ် သပိတ်မှောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ့ရေးနှင့် တစ်နှစ်တာဝေးခဲ့ရ သည်မှာလည်း မည်သူမပြု မိမိမှုပင်ဖြစ်သည်။

၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲရောက်မှ သူများနောက်မှ ပါတီပြန်ဖွဲ့သည်။ ရှေ့မှသွားခွင့်ရပါလျက် ယခုတော့ နောက်ကလိုက်ရပြီ။ ယခုရလိုက်သော ပြည်သူတွေ၏ဆန္ဒမဲများကို ၂ဝ၁ဝ ကတည်းက ရအောင်လုပ်နိုင်ခဲ့လျှင်NLDအနေဖြင့် မြန်မာ့နိုင်ငံရေးကို ဦးဆောင်နိုင်ဦးမည့် အနေအထားဖြစ်သည်။ ခုတော့ နောက်လိုက်ကောင်းဖြစ်အောင်ပင် မနည်း ကျင့်ကြံ ရဦးမည်။ ဒီမိုကရေစီကျင့်စဉ်သည် အများဆန္ဒကို အနည်းစုမှ လိုက်နာကာ အနည်းစု၏သဘောထားကို အများစုမှ လေးစားခြင်းဖြစ်သည်။

ဒီမိုကရေစီတွင်တွင်အော်ပြီး အများဆန္ဒ ၉၃%ကို ၇%က ဆန့်ကျင် ကာ ဘေးမှ ရပ်နေလျှင် သွားနေသည့်သူများက စောင့်မည်မဟုတ်၊ အလှမ်းပိုဝေး သွားလိမ့်မည်။ ကြံ့ဖွံ့ပါတီ အမတ်မင်းများကပင်NLD ကို လက်ကမ်းကြိုနေတာ၊ တစ်ပါတီတည်းလုပ်တာထက်စာရင် ပါတီစုံက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြည့်ကြရ အောင် ဆိုပြီး အဆိုပြုနေတာ အနည်းစု NLD အနေနဲ့သိပ်ပြီးတော့ မာန်မတက်သင့်ပါဘူး။




နောက်ဆုံးတော့ ဧပြီ(၂)ရက် တတိယအကြိမ်လွှတ်တော်နောက်ဆုံးနေ့မှာ ကတိသစ္စာကျမ်းကျိမ်လိုက်ပါတယ်။ ''စကားလုံးတွေ အရေးမကြီးပါဘူး၊ပြည်သူ့ဆန္ဒကသာ အရေး ကြီးပါတယ်''လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပြန်ပါတယ်။ ဒါဆိုရင် ဘာကြောင့် အချိန်ကုန်ခံနေခဲ့ရတာလဲ၊ အားမလိုအားမရ ဖြစ်လွန်းလို့ ဒီလိုဘဲမေးလိုက်ချင်ပါရဲ့။ ပြည်သူတွေစိတ်ကိုညှင်းဆဲတယ်။ အစိုးရလုပ်ဆောင်ချက်တွေကို ကသိကအောက် ဖြစ်အောင်လုပ်မှ အတိုက်အခံပါတီအသွင်ဆောင်တယ်လို့ ယူုဆပြီးလုပ်နေတာများလား။ ဒါတောင် ပါတီအနေနဲ့မူဝါဒပြောင်းခြင်းမဟုတ်ဘဲ ယာယီအားဖြင့် လက်ခံဖို့ ဆုံးဖြတ်တာ ဖြစ်ကြောင်းNLD ထိပ်ပိုင်းအရာရှိတွေက ပြောပြန်ပါတယ်။ ဆန်းစစ်ကြည့်မိတော့ စကားတွေကို ခုတစ်မျိုး တော်ကြာတစ်မျိုးပြောတာ အကျင့်ပါနေတဲ့ NLD ထိပ်ပိုင်း ခေါင်းဆောင်များရဲ့ အတွေးများကို လျှော်ဖွပ်ရန်လိုအပ်နေတာကို မြင်တယ်။ NLD ဟာ အတွေးတိမ်တယ်။ ဆုံးဖြတ်လွယ် တယ်။ ရေရှည်မစဉ်းစားဘူး၊ ဒီသုံးချက်ကိုပြင်ရင် NLD ပါတီဟာ အကောင်းဆုံးပါတီ ဖြစ်လာပါလိမ့်မယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဇွန်လလယ်တွင် ဒေါ်အောင်ဆန်းစုကြည် ဆေးကုသရန် ပြည်ပထွက်ခွာတော့မည်


အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် ဇွန်လလယ်တွင် ပြည်ပမှာ ဆေးကုသရန်ထွက်ခွာတော့မည်ဖြစ်သည်။သွားရောက်ကုသမည့်နိုင်ငံမှာ နော်ဝေးနိုင်ငံဟုသိရှိရပြီး၊သူမယောကျာ်းနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ သို့လည်း အလည်အပတ်ပြန်လည်ကာ သွားရောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က သတင်းထောက်များအား ပြောကြားခဲ့သည်။


မိုက်ကယ်အဲရစ်နှင့်အတူ ပျားရည်ဆမ်းခရီးထွက်ခဲ့စဉ်က

အကြောင်းကြောင်းကြောင့် ကြန့်ကြာနေတယ်ဆိုပြီး သတင်းများထွက်ပေါ်နေတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံကူးလတ်မှတ်လည်း ရရှိနေပြီဟု ဦးခွန်သာမြင့်က ဆက်လက်ပြောကြားခဲ့သည်။ဒေါ်အောင်ဆမ်းစုကြည် အခုလိုဆေးကုသ ဖို့သွားရောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါသွားကြမယ့် အဖွဲ့ဝင်များ နာမည်စာရင်းကိုတော့ မထုတ်ပြန်သေးကြောင်းကိုလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ဒေါက်တာဆင်ပေါက်ရဲ့ ဆေးစစ်မှတ်တမ်းသုံးသပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ယခုလက်ရှိ ခံစားနေရသော သားအိမ်ခေါင်းကင်ဆာရောဂါသည် HPV ဗိုင်းရပ်စ်ကြောင့်လား?(သို့)လိင်တူဆက်ဆံတဲ့လူများပြားလို့ဒီလိုဖြစ်တာလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါ....

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မူရင်းဈေးအတိုင်း ရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ်


မြန်မာနိုင်ငံတွင် လက်ရှိချထားပေးနေသော ငွေကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန် ဖုန်းကတ်များအား ဈေးတင်ရောင်းချနေမှုများကို ဟန့်တားနိုင်ရန်အတွက် မူရင်းဈေးနှုန်းအတိုင်း ရောင်းချပေးမည့် One stop services ပေးမည့် ဆိုင်ငါးဆိုင်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ငွေကျပ် နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန် ဖုန်းကတ်များအား ဈေးနှုန်းပိုပေးကာ ဝယ်ယူနေမှုများအား ဟန့်တားနိုင်ရန်အတွက်ဖြစ်ကာ မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ရောင်းချခွင့်ပေးထားသော Elite နှင့် ရတနာပုံမှ ဆိုင်များအပြင် မြန်မာ့ဆက်သွယ်ရေးမှ ဖွင့်လှစ်လိုက်သော ဆိုင်ငါးဆိုင်တွင် မူရင်းဈေးနှုန်းအတိုင်း လိုသလောက် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ဖုန်းကတ်တွေ မူရင်းဈေးထက် ပိုနေတာကို သိရလို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို အရေးယူဆောင်ရွက်မယ်လို့ သတိပေးထားတာတွေလဲ ရှိပါတယ်။ အဲဒီလိုဖြစ်နေတာက ဖုန်းကတ်တွေကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးလိမ့်မယ်လို့ ပြည်သူတွေက ထင်နေတာကြောင့်လို့ ယူဆမိပါတယ်။ တကယ်တော့ ကျွန်တော်တို့အနေနဲ့ ဝယ်လိုအားရှိရင် ရှိသလောက် ဖုန်းတွေကို ရောင်းချပေးသွားမှာပါ။

အကန့်အသတ် လုံးဝမထားပါဘူး။ အဲဒီလို ငွေပိုပေးဝယ်နေရတာတွေကို ဟန့်တားဖို့အတွက်လဲ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးက နေရာငါးနေရာမှာ ဖုန်းတွေကို မူရင်းဈေးအတိုင်း လိုသလောက် ရောင်းချပေးမည့် One stop services ဆိုင်တွေကိုလဲ ဖွင့်လှစ်ပေးထားပြီ ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

အဆိုပါ One stop services ဖြင့် ဝန်ဆောင်မှုပေးမည့် ဆိုင်များမှာ ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးဦးစီးဌာန၊ ပန်းဆိုးတန်း မိုဘိုင်းဆက်သွယ်ရေး ဦးစီးဌာန၊ အလုံ မိုဘိုင်းဆက်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းစီးပွားဌာန (စာတိုက်ကြီး)၊ လမ်း (၄၀) အော်တိုတယ်လီဖုန်း စီးပွားဌာနတို့ဖြစ်ကာ ယင်းဆိုင်များအား ဧပြီ ၂၇ ရက်မှစ၍ ဖွင့်လှစ်ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်

အကျဉ်းထောင်တွေမှာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် NLD ပါတီ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့က ပေးအပ်လိုက်တဲ့ ထောက်ပံ့ငွေကို မန္တလေး-အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ ဦးအတွက် လိုက်လံ ပေးအပ်နေကြောင်း သိရပါတယ်။

AFP
မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။

နိုင်ငံရေးအကျဉ်းသား တဦးအတွက် ကျပ်ငွေ ငါးထောင်စီကို မန္တလေးတိုင်း လူမှုအထောက်အကူပြုအဖွဲ့က တာဝန်ယူပြီး ပေးပို့ခဲ့တာဖြစ်ကြောင်း မန္တလေးတိုင်းစည်း-အဖွဲ့ဝင် ဒေါ်ဝင်းမြမြက RFA ကို အခုလို ပြောပါတယ်။

"မန္တလေး အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၈၈ ယောက်အတွက်ကို ဗဟိုကနေပြီးတော့မှ ထောက်ပံ့ပါတယ်။ ကျွန်မ မနေ့တုန်းကဆိုရင် ကျောက်ဆည်ကို သွားခဲ့ပါတယ်။ ကျောက်ဆည်မှာ ဆရာတော် သံဃာတော်များ အတွက်ကိုတော့ မကြာသေးခင်မှ လွတ်ထားတဲ့ ဆရာတော် ဦးသီဟဆီမှာ လွှဲအပ်ပြီးတော့မှ ဘုန်းကြီး ၂၂ ပါး အတွက်ကို ဝထ္ထု ငါးထောင်နှုန်း ကပ်ခဲ့ပါတယ်။ အနယ်နယ် အရပ်ရပ်က မုံရွာတို့၊ ပျော်ဘွယ်တို့၊ ပခုက္ကူတို့က သံဃာတော်က ၁၄ ပါးပါ။ တခါ ကျောက်ဆည်မြို့ပေါ်က မန္တလေးထောင်ထဲရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၈ ဦးအတွက်ကိုကျတော့ မိသားစုဝင်တွေဆီကိုပဲ လွဲခဲ့ပြီးတော့မှ သူတို့ကနေ တဆင့်ပို့ပေးပါလိမ့်မယ်"

အိုးဘိုထောင်မှာ လက်ရှိ ကျန်နေရတဲ့ ကျောက်ဆည်မြို့က သံဃာတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သူ အရပ်သားတွေဟာ ကျောက်ဆည်မှာ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာ-အစ္စလမ် ဘာသာရေး ခိုက်ရန်ဖြစ်ပွားမှုအတွင်း အဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ကြပါတယ်။

မနက်ဖြန်မှာလည်း ဒေါ်ဝင်းမြမြနဲ့အဖွဲ့ဟာ (၈၈) ဦးထဲက ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုနဲ့ သွားရောက်တွေ့ဆုံပြီး အကူငွေတွေ ပေးအပ်ဦးမယ်လို့ သိရပါတယ်။

မူရင်းသတင်းက ဒီမှာပါ၊

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ ဒေါ်စုတိုက်တွန်း

အကြောက်တရားတွေ၊ ချိုးနှိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာတ၀ှမ်းက အမျိုးသမီးအားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ ပျှော်ရွှင်မှုတွေကို ဆောင်ကြဉ်းကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကနေဒါနိုင်ငံအခြေစိုက် Nobel Women’s Initiative အဖွဲ့က ဦးဆောင် လှုပ်ရှားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ လှုပ်ရှားမှုကို ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ အခုလို တိုက်တွန်း ပြောဆိုသွားတာပါ။ ဒီလှုပ်ရှားမှုအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြထားပါတယ်။

ကမ္ဘာပေါ်က ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ လှုပ်ရှားမှုတခုကို နိုဘဲငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးတွေ ထူထောင်ထားတဲ့ Nobel Women’s Initiative အဖွဲ့က ဦးဆောင်ပြီး မနေ့က မေလ ၆ ရက်နေ့မှာ စတင်လိုက်တာပါ။ ဒီလှုပ်ရှားမှုကို အားပေးထောက်ခံသူတွေထဲမှာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မန်တူးတူး၊ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား၊ အိုင်ယာလန်သမ္မတဟောင်း Mary Robinson၊ အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်ကြတဲ့ Jody Williams, Mairead Maguire, Shirin Ebadi, Laymah Gbowee စတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်ပါတယ်။

“Peace ဝေါဟာရကို မြန်မာလိုပြန်မယ်ဆိုရင် မကောင်းမှုတွေ အဆုံးသတ်လို့ ဖြစ်ပေါ်လာတဲ့ စိတ်၏ချမ်းသာမှုလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာတ၀ှမ်း အမျိုးသမီးတွေအတွက် စိတ်ချမ်းသာမှု ရရှိစေဖို့ ကြောက်ရွံ့မှုနဲ့ နှိမ်ချခံရမှုစိတ်ကို ဖြစ်ပေါ်စေတဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရပ်တန့်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီလှုပ်ရှားမှုအတွက် သီးသန့်ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်း ဖြစ်ပါတယ်။ ခုလို ကမ္ဘာတ၀ှမ်းက အထင်ကရ ပုဂ္ဂိုလ်တွေအပြင် Human Rights Watch, the Global Fund for Women, AIDS Free World စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ပေါင်း ၄၀၀ ကျော်လည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒီလှုပ်ရှားမှုကို ထူးခြားစေတာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Nobel Women’s Initiative အဖွဲ့က မရီမွန်ထွန်းက ပြောပါတယ်။

“တခါမှ ဒါမျိုးလှုပ်ရှားမှုမျိုး ကမ္ဘာမှာ မရှိခဲ့ပါဘူးရှင့်။ အခု နိုဘဲလ်ငြိမ်းချမ်းရေးဆုရတဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်။ အဲဒါအပြင် Human Rights Watch၊ Amnesty International လို အဖွဲ့တွေ ပါသလို နိုင်ငံတကာအဖွဲ့တွေ ၄၀၀ ကျော် ပါတယ်။ ဒီလိုမျိုး လှုပ်ရှားမှုမျိုး အရင်တုန်းက ၁၉၉၇ ခုနှစ်တုန်းက တခါ ရှိဖူးတယ်ရှင့်။ အဲဒီလှုပ်ရှားမှုကတော့ Landmine ပေါ့နော်။ မြေမြှုပ်မိုင်းတွေကို ကာကွယ်ဖို့အတွက် အဲဒီဟာကလည်း ကျမတို့ အခုလှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရတဲ့ ဂျိုဒီဝီလျံ လုပ်ခဲ့ပါတယ်ရှင့်။ အဲဒီ လှုပ်ရှားမှုတုန်းကလည်း ဒီကိစ္စတခုသည် ကမ္ဘာပေါ်မှာလည်း သိနေတယ်၊ ဒါပေမဲ့ ဘ၀တွေ မပြောင်းခဲ့ဘူး။ ပြဿနာတွေ ရှိခဲ့တယ်။ အဲဒီလှုပ်ရှားမှု အောင်မြင်တဲ့အတွက် အခုနောက်ပိုင်း တရားဥပဒေတွေ လုံးဝပြောင်းပြီးတော့ လူတွေ ကမ္ဘာတခုလုံးက ဒီ မြေမြှုပ်မိုင်းကို လုံးဝမသုံးတာ ဖြစ်သွားတယ်ရှင့်။ အဲဒီ လှုပ်ရှားမှုလိုပဲ ကျမတို့အခု ဒီလှုပ်ရှားမှုကို အမျိုးသမီး အကြမ်းဖက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်မှုတွေ ရပ်စဲပြီးတော့ အမျိုးသမီးတွေ လိုအပ်တဲ့ အကူအညီတွေ ရပါစေလို့ ဆုတောင်းပြီးတော့ ဒီလှုပ်ရှားမှုကို ထောင်ခဲ့ပါတယ်။”

မေလ ၁၃ ရက်နေ့အထိ သီတင်းတပတ်ကြာ ပြုလုပ်မယ့် ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံ၊ ကင်ညာ၊ ကိုလံဘီယာ နဲ့ ကွန်ဂိုသမ္မတ နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို အဓိက မီးမောင်းထိုးပြပြီး ကမ္ဘာတ၀ှမ်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး လှုပ်ရှားသွားမှာ ဖြစ်တယ်လို့ မရီမွန်ထွန်းက ပြောပါတယ်။

“အာရှမှာဆိုရင် အဆိုးရွားဆုံးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ဟာတွေ ဖြစ်ပါတယ်။ ပြီးတော့ တောင်အမေရိက မှာဆိုရင်တော့ ကိုလံဘီယာ နိုင်ငံမှာ ဆိုးပါတယ်။ အဲဒါအပြင် အာဖရိကမှာတော့ ကင်ညာ နဲ့ ကွန်ဂိုမှာက တော်တော်ဆိုးဆိုးရွားရွား ဖြစ်တဲ့အတွက် ဒီနိုင်ငံ လေးနိုင်ငံကို ရွေးပြီးတော့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံး နိုင်ငံတွေလို့ ပြောလို့ရတဲ့အတွက် ဒီလှုပ်ရှားမှုက တကမ္ဘာလုံးအတွက် ရည်မှန်းပေမဲ့ ဒီလေးနိုင်ငံကို ကျေးဇူးပြုပြီးတော့ ကူညီပါဆိုပြီး ပြောချင်တဲ့အတွက် ဒီလေးနိုင်ငံကို ရွေးခဲ့ပါတယ်ရှင့်။”

အမျိုးသမီးတွေအပေါ် မုဒိန်းကျင့်မှု အပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ပဋိပက္ခဒေသတွေမှာ အများဆုံး ကြုံနေရတာပါ။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရတဲ့အကြောင်း ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြနေကြတာပါ။ ဒီလိုမျိုး မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာဖို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Veveer ဟာလည်း အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ပဲခူးတိုင်းမှာ ကေအန်ယူ ဆက်ကြေးကောက်

နှစ်ပေါင်းဆယ်နဲ့ ချီပြီး ကောက်ခံမှု မရှိခဲ့တဲ့ KNU ရဲ့ ဆက်ကြေးကောက်ခံမှုဟာ အခု ပဲခူးတိုင်း တောင်ငူခရိုင် ရွှေကျင်မြို့ နယ်မှာ အဆမတန် ကောက်ခံ လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု စတင်ကောက်ခံ လာတာကတော့ အင်းခွန်ရယ်၊ လယ်ခွန်နဲ့ ကတို့ခွန်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းခွန်ဆိုရင် အစိုးရကို လေလံဆွဲတဲ့အတိုင်း (၃၅)ရာနှုန်းထိ ထပ်မံ ပေးနေရတာ ဖြစ်ပြီး မပေးနိုင်ရင်တော့ အင်းလုပ်ခွင့်မပေးနိုင်ဘူးလို့ အင်းသမားတွေကိုခေါ်တွေ့ပြီး ပြောသွားခဲ့ပါတယ်။

ဆင့်ခေါ်တဲ့ ကေအန်ယူအဖွဲ့တွေကတော့ တောင်ငူခရိုင် တပ်ရင်း(၇)က ပဒိုမောင်အေးနဲ့ တပ်ရင်း(၉)က တပ်ရင်းမှူး စောပုလဲတို့ဘဲ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လယ်သမားတွေ ကလည်း စပါး မရတဲ့အတွက် တခြားနေရာက ဝယ်ပေးရတာရှိသလို မပေးနိုင်တဲ့ လယ်သမားတွေက လည်း ရွာကနေ ရှောင်ပေး နေရပါတယ်။

တအိမ်ကို သုံးသောင်းကျပ် ကောက်ခံတဲ့အတွက် မပေးနိုင်တဲ့သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ကေအန်ယူဗဟိုကတော့ ဒီကိစ္စသူတို့ မသိရသေးဘူးလို့ အထွေထွေအတွင်းရေးမှူးဖြစ်သူ နော်စီဖိုးရာစိန်က ပြောပါ တယ်။

ဘာဘဲဖြစ်ဖြစ် ရွှေကျင်မြို့နယ်က ရွာသူရွာသားတွေ အင်းသမားနဲ့လယ်သမားတွေ ကတော့ ကေအန်ယူနဲ့အစိုးရတို့ ငြိမ်းချမ်းရေး ရပြီးကာမှ သူတို့ဘဝ မငြိမ်း ချမ်းလာတယ်လို့ ဆိုကြပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း

ဓာတ်ပုံ aye mar
ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။

ထိုင်းမြန်မာ နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့် အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ အတွက် ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ (KNU) ဘက်က ဖြေရှင်းပေးဖို့ အဆင့်သင့်ရှိပါတယ် လို့ ကမ်းလှမ်းလိုက်ပါတယ်။ လက်နက်ကိုင် ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေဘီအေ (DKBA) တပ်မဟာ (၅) က ခေါင်းဆောင်တွေကို ထိုင်းနဲ့ မြန်မာ အာဏာ ပိုင်တွေက မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်တွေ နဲ့ အလိုရှိကြောင်း ကြေငြာခဲ့ပြီးတဲ့ နောက်မှာ တင်းမာမှု တွေကလည်း ကြီးထွားလာခဲ့တာပါ။

ထိုင်း အစိုးရ က တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ ဒီကေဘီအေ (DKBA) ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်ချုပ် စောလားပွယ် ကို မူးယစ်ဆေးဝါးမှာ ပါဝင် ပတ်သက်နေမှု နဲ့ ဘတ်ငွေ တစ်သန်း ဆုကြေးငွေ ပေးပြီး အလိုရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ထိုင်း မြန်မာ နယ်စပ်မှာ သွားရေး လာရေး ကိစ္စတွေ တင်းမာမှု တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ် စောလားပွယ် ဘက် ကလည်း မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းပယ်နေသလို ထိုင်းဘက် ကလည်း သူတို့မှာ အခိုင်အလုံ သက်သေတွေ ရှိတယ် ဆိုပြီး ပြောဆိုနေတာပါ။ နှစ်ဘက် စလုံးက လက်ခံမယ် ဆိုရင် အမှန် အတိုင်း ဖြစ်အောင်လို့ ကေအန်ယူ ဘက်ကနေ ဝင်ရောက် ဖြေရှင်းပေးဖို့ ဆန္ဒ ရှိတဲ့ အကြောင်း ကေအန်ယူ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူး စောလငွေ က ပြောပါတယ်။

“ကျနော် တို့ အနေနဲ့ ကတော့ မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ရှင်းတယ်။ လက်ဆေးနိုင်တယ်လို့ သူတို့က ပြောတာကိုး။ ဟိုဘက်ကလည်း မဟုတ်ဘူး။ မင်းတို့ ပတ်သက်တယ် ဆိုပြီး ငါတို့မှာ အခိုင်အလုံ ရှိတယ် ဆိုပြီး ပြောတဲ့ ကိစ္စတွေ မှာ ကျနော် တို့က ဖြေရှင်းဖို့ ဆိုလို့ ရှိရင် ကျနော် တို့ ကေအန်ယူ အနေနဲ့ ထိတွေ့ ဆက်ဆံဖို့ ဆိုရင် တဘက်က ကျနော်တို့ အမျိုးသား ဖြစ်တယ်။ နောက်ပြီး ကျနော် တို့ နဲ့ ပတ်သက်တဲ့၊ ဆက်လက်ပြီးတော့ ညှိနှိုင်းပြီးတော့ ပေါင်းစပ် ဖို့ အဖွဲ့အစည်း တစ်ရပ်ဖြစ်တယ်။ ဒီဘက်မှာ ဆိုလို့ ရှိရင်လည်း ကျနော်တို့ နဲ့ မကင်းရာ မကင်းကြောင်း တကယ့်ကို နောက်ကြောဖြစ်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ကို ချဉ်းကပ်လာရင်တော့ ကျနော်တို့ ပါဝင်နိုင်ခွင့် ရှိတဲ့ အလျောက်၊ ပေးတဲ့ အလျောက်ပေါ့၊ တစ်ဘက်ကတော့ ကျနော်တို့ကို ယုံကြည်အားကိုးတဲ့ အလျောက် ကျနော်တို့ က ပြေလည်ရာ ပြေလည်ကြောင်း ကိစ္စအတွက် ဆိုရင်တော့ ကျနော်တို့က ပါဝင်ဖို့ ဝင်မလေးပါဘူး။”

တင်းမာမှု ဖြစ်နေတဲ့ ဒေသတွေ ရဲ့ အခြေအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကိုလည်း ဗိုလ်မှူး စောလငွေ ကအခုလို ရှင်းပြပါတယ်။

“တပ်မ ၆ အနေနဲ့ က လူးလာရာ ခရိုင်၊ ကျနော်တို့ ဝေါလေး၊ ဝေါလေး ခွင်ပေါ့၊ ကျနော်တို့ ဟိုဘက် ဆိုလို့ ရှိရင် ဖုတ်ဖရာ့ မြို့နယ် စပ်တွေပေါ့၊ အဲဒီ နေရာတွေ မှာတော့ အခု လောလောဆယ်တော့ နှစ်ဘက်ကပေါ့၊ တစ်ဘက် နဲ့ တစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှု တွေ ရှိတာပေါ့လေ။ ကိုယ်လုံခြုံရေးကို၊ ဗိုလ်ချုပ် စောလားပွယ် တို့လည်း သူတို့ လုံခြုံရေးအတွက် သူတို့ ယူတဲ့ အနေအထားနဲ့၊ ဒီဘက်ကလည်း ဖြတ်သန်းခွင့်တွေကို သတိထားပြီး ပိတ်ပင်တဲ့ အနေအထား အပေါ်မှာဆိုတော့၊ နှစ်ဘက် ပုံမှန် လူထု ဖြတ်သန်းဖို့နဲ့ ကူးလူးဆက်ဆံဖို့ က ရပ်တန့်သွားတယ်ပေါ့။ ရပ်တန့်မှု ဖြစ်သွားပြီးတော့ တင်းမာမှု ဖြစ်နေတယ်လို့ အဲဒီလိုဘဲ ကျနော် နားလည်တယ်။”

အခုလို မူးယစ်ဆေးဝါး နဲ့ စွပ်စွဲတဲ့ စွပ်စွဲချက်တွေဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ကြောင်း အခုအချိန်မှာ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတဲ့ အကြောင်းကို အခိုင်အမာ အာမခံနေသလို ထိုင်းဘက်ကလည်း စွပ်စွဲချက်တွေ ရဲ့ နောက်ကွယ်မှာ သက်သေ သာဓကတွေ ရှိတဲ့ အကြောင်း ပြောဆိုနေပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရမှာလည်း တာဝန်ရှိတဲ့ အကြောင်း၊ အဲဒီ အချိန်က ဒီကေဘီအေ နဲ့ စစ်အစိုးရ တို့ အကြားမှာ နားလည်မှု နဲ့ ပူးတွဲ ဆောင်ရွက်ခဲ့တဲ့ အချိန် ဖြစ်တယ် လို့ ပဒို စောလငွေ ကပြောပါတယ်။

“နှစ်ဘက် ပဋိပက္ခ က အခုလောလောဆယ် လက်ရှိ ရှိတဲ့ ဦးသိန်းစိန် အစိုးရမှာလည်း ရိုက်ခတ်မှု ရှိတယ်လေ။ ဘာလို့လည်း ဆိုတော့ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ဦးသိန်းစိန် အစိုးရတို့ နဲ့ပဲလည်း နားလည်မှု ရှိထားပြီးတော့ သူတို့ကို တရားဝင် အခြေချခွင့်၊ လှုပ်ရှားခွင့် နဲ့ နေလို့ ရတဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်ဘဲ။ လောလောဆယ် အားခြင်းပေါ့လေ။ ကျနော်တို့ အနေနဲ့ ကလည်း ထိုနည်း၎င်းဘဲ၊ ကျနော်တို့က အပစ်ရပ်စဲရေး လုပ်ထားတဲ့ အခါကျတော့၊ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ကျနော်တို့နဲ့ ဘာဘဲ ဖြစ်ဖြစ် ကျနော် တို့ အကြားမှာ ထိပ်တိုက် ပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ အမျိုးသားချင်း ပြန်လည် ညီညွှတ်ရေး တည်ဆောက်နေတဲ့ ကာလမှာပေါ့လေ။ အဲဒီလို သူတို့ နဲ့ ကျနော် တို့ကြားမှာ ပြန်ညှိရမယ့် ဟာတွေ အများကြီး ရှိတဲ့ ကြားမှာ ဒီလိုမျိုး ကိစ္စတွေ ပေါ်လာတဲ့ အခါမှာကျတော့ ကျနော် တို့ လုပ်ရမယ့် အလုပ်တွေ တောင်မှ အနှောက်အယှက်အများကြီး ပြန်ဖြစ်လာတာပေါ့။”

အခုအခါမှာတော့ ထိုင်းအစိုးရက ကရင် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ် နှုတ်ခမ်းမွှေးကို လွှဲအပ်ပေးဖို့ဘဲ ဆက်တိုက် တောင်းဆိုနေတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ပြည်တွင်းစစ် ရပ်စဲရေး လှုံ့ဆော်မှု တေးဂီတ ဖျော်ဖြေပွဲပြုလုပ်

တေးရေးဆရာ ကိုရဲလွင်နဲ့အဖွဲ့က လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းလို့ အမည်ပေးထားတဲ့ ပြည်တွင်းစစ် ရပ်စဲရေး လှုံ့ဆော်မှု၊ လှုပ်ရှားမှုတစ်ခုအဖြစ် မနေ့က ရန်ကုန်မြို့တွင်းက စားသောက်ဆိုင်တချို့မှာ တေးဂီတ ဖျော်ဖြေပြီး ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ခဲ့ပါတယ်။

Photo courtesy of WPN
တရုတ် မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည် စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တွေ့ရစဉ်

ရရှိတဲ့ရန်ပုံငွေကို ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို တနင်္ဂနွေနေ့တိုင်း ပြုလုပ်မှာဖြစ်ပြီး အစီအစဉ် အကောင်အထည်ဖော်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကိုရဲလွင်က အခုလိုပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဒီပြည်တွင်းစစ်ဆိုတာက အခုထိ မပြီးသေးဘူးပေါ့။ ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက၊ အဲဒီတော့ ပြည်တွင်းစစ် ရပ်စဲစေချင်လို့ တွန်းအားပေးဖို့လို့ ရည်ရွယ်တာပေါ့။ ဒီပွဲလုပ်မယ်။ ကျွန်တော်တို့ လုပ်တဲ့ပွဲက ရန်ပုံငွေရှာရင်းနဲ့ ပြည်တွင်းစစ်ကို ရပ်စဲဖို့လုပ်ရင်း ပြည်တွင်းစစ် ရပ်စဲတယ်ဆိုတာ သေချာပြီလို့ တိုင်းပြည်က အသိအမှတ်ပြုတဲ့အထိ ကျွန်တော်တို့လုပ်မယ်”

ရည်ရွယ်ချက်တူ ဝါသနာရှင်တွေ စုပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲကို ကိုရဲလွင်နဲ့အတူ သားလေး၊ တိုးလွင် (ဥတ္တရအလင်း)၊ ညီညီလွင်၊ Eချိုတို့ ပါဝင်တဲ့အဖွဲ့က စားသောက်ဆိုင် (၃) ခုမှာ မနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်က morning star၊ အလုံမှာရှိတဲ့ IT၊ ဝါးတန်းလမ်းက စံပြဒေါ်ကြည်စတဲ့ ဆိုင် (၃) ဆိုင်မှာ ဖျော်ဖြေခဲ့ကြပြီး ရန်ပုံငွေအဖြစ် ကျပ် ၈သိန်းကျော် ရရှိခဲ့လို့ ဒီအလှူငွေတွေကို ကချင်ဒုက္ခသည်တွေအတွက် ကူညီပေးနေတဲ့ အဖွဲ့တွေကို ဆက်သွယ်လှူဒါန်းပေးအပ် သွားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ မန္တလေးမှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့ ကိုရဲလွင်က ပြောပါတယ်။

"မန္တလေးကနေပြီးတော့ ဒီလူမှုကွန်ယက်တွေ ရှိတယ်လေ။ အဲဒီကချင်ပြည်နယ်နဲ့ ဆက်သွယ်နေတဲ့ ၂ ဖွဲ့ ၃ ဖွဲ့ ကျွန်တ်ာတို့နဲ့ အခု contact ရသွားတယ်။ အဲဒီအဖွဲ့နဲ့ သေချာဆွေးနွေးပြီးတော့ ကျွန်တော်တို့ သွားပြီးတော့ လှူရမှာ”

ဒီကနေ့မှာတော့ အဆိုတော် အကော်ဒီယံ အုန်းကျော်ကလည်း ငွေ ၁သိန်း လာရောက်လှူဒါန်းတဲ့အတွက် အလှူငွေ စုစုပေါင်း ကျပ် ၉ သိန်း ၃ သောင်းကျော် ရရှိနေပြီလို့ သိရပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောက်ရုံ ရပ်ကွက်တွင် ဧပြီလ ၃၀ ရက် ည ရ နာရီ၌ နယ်ထိန်းဖြစ်သူ ရဲတပ်သားတစ်ဦးက ၄င်း တာဝန်ကျသော ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုခဲ့သည်ဟု ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါဖြစ်ရပ်မှာ အသက် ၂ရ နှစ်အရွယ် မ ... မှာ ခင်ပွန်းနှင့်အတူ ရှိနေစဉ် ရဲတပ်သား ရန်နိုင်လင်းက ဘဲပျောက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် ရှိသည့်အတွက် မ.... ၏ တူဖြစ်သူများကို မေးမြန်းရာ ၄င်းက မရှိကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ၄င်းအမျိုးသမီး၏ အမျိုးတော်စပ်သူတစ်ဦးကို မေးမြန်းရာ ၄င်းကမရှိကြောင်း၊ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြောင်းပြောခဲ့ပြီး ခင်ပွန်းဖြစ်သူက ၄င်းအမျိုးသမီးကို ဘုန်းကြီးကျောင်းသို့ အဆိုပါနယ်ထိန်းအား လိုက်ပို့ရန် ပြောဆို၍ လိုက်ပို့ရာမှ စက်ဆန်းသုသာန်ဘေးတွင်ရဲတပ်သားက ၄င်းကို အဓမ္မပြုခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံသို့ တိုင်ကြားချက်အရ သိရသည်။

ယင်းကဲ့သို့ဖြစ်ရပ်မျိုး ရပ်ကွက်တွင် မရှိသင့်ကြောင်း၊ မဖြစ်စေချင်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရပ်မျိုးကို ဥပဒေအရ ကာကွယ်ပေးရန်လိုကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကဆိုသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် နယ်ထိန်း ရဲတပ်သားကို ပြစ်မှုဥပဒေအရ အရေးယူ နိုင်သကဲ့သို့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရပါ အရေးယူ နိုင်ကြောင်း လုပ်သက် ၃၀ ခန့်ရှိ ရဲအရာရှိတစ်ဦးကဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းရလျှင်ရချင်း သက်ဆိုင်ရာ ရဲဌာနသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအောက်ရုံရပ်ကွက် စက်ဆန်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုအပေါ် ကြည့်မြင်တိုင်ရဲစခန်းက (ပ)၂၇၉/၁၂ ပုဒ်မ - ၃၇၆ ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှသိရသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

စနစ်တကျသတင်းပို့ခြင်းမရှိဘဲ မြေမြှုပ်အလောင်းဖျောက်ဖျက်မှု

မန္တလေး-လားရှိုး-မူဆယ်လမ်းတနေရာ (Photo-Google Images)

မိမိယာဉ်ပေါ်တွင်စီးနင်းလိုက် ပါလာသော ခရီးသည်ယာဉ်ပေါ် မှ ပြုတ်ကျသေဆုံးသွားသဖြင့် ဥပဒေကြောင်းအရသတင်းပို့တိုင် ကြားခြင်းမရှိဘဲမြေမြှုပ်အလောင်း ဖျောက်ဖျက်မှု လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူ အိုက် လောက်(ဘ)ဦးအိုက်ထက်လုံသည် ရပ်ကွက်(၁) နမ္မတူမြို့တွင် ဇနီး ဖြစ်သူ မအေးအိမ်(ဘ) ဦးအိုက် တန်းနှင့် အိမ်ထောင်ကျ၍ သား သမီး(၁)ဦး ထွန်းကားခဲ့ပြီး တောင် ယာလုပ်ငန်းကို ရိုးရာမပျက်လုပ် ကိုင်နေသူ ဖြစ်သည်။

ထိုမှတရုတ်နယ်စပ် မူဆယ် မြို့၊ မန်ခါးကျေးရွာတွင်ကြံခုတ် လုပ်ငန်းလုပ်ကိုင်ရန်တစ်မြို့တည်း နေ သူငယ်ချင်းအိုက်ဆိုင်း၊ သန်း ဟိန်းတို့နှင့်အတူ သွားရောက် လုပ်ကိုင်နေခဲ့ရာမှ လုပ်ငန်းပြီးစီး ၍ မတ် ၂၂ရက်နေ့ နံနက်ပိုင်း တွင် ၁၀၅ မိုင်စစ်ဆေးရေးစခန်းမှ တရားခံထွေးမြင့် မောင်းနှင်သော ယာဉ်အမှတ် ဂင/၉၇၈၅ (Light Truck) အဖြူရောင်ကားဖြင့်စီး နင်းလိုက်ပါခဲ့သည်။ ကားပေါ် တွင် မူဆယ်မှလိုက်ပါလာသူ ကျား(၅)ဦး၊ မ(၂)ဦးလိုက်ပါပြီး စစ်ဆေးရေးစခန်းမှ လိုက်ပါလာ သော အိုက်လောက်တို့ (၃)ဦး အပါအ၀င် ကားပေါ်တွင် ကျား (၈)ဦး၊ မ(၂)ဦးပေါင်း (၁၀)ဦးဖြစ် သည်။

ထိုသို့ စီးနင်းလိုက်ပါလာစဉ် (၁၀)နာရီခန့် နမ့်ဖတ်တွင် ထမင်း စားပြီး ဆက်လက်ထွက်ခွာလာ ရာ နေ့၁၂ နာရီတွင် ကွတ်ခိုင်မြို့ နယ်(၃၈)မိုင်၊ မန်ပြိန်းရွာအကွေ့ ကုန်းဆင်းတွင် ယာဉ်နောက်နား ထိုင်၍ လိုက်ပါလာသော အိုက် လောက်သည် ကားပေါ်မှ လွယ် အိတ်ပြုတ်ကျသဖြင့် ကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ထိုစဉ်ကား အရှိန်နှင့်အကျမတော်ဘဲ ကား လမ်းပေါ်လဲကျရာ ခရီးသည်များ ကအော်ဟစ်ကြမှ ကားသမား ထွေးမြင့်က ကားကိုရပ်တန့်ပြီး ဆင်းကြည့်သည်တွင်အိုက်လောက် မှာ ဦးခေါင်းဝဲဘက်ဖူးရောင်ဒဏ် ရာ၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေး များယိုစီးထွက်ကျနေကြောင်းတွေ့ ရသည်။

သို့ဖြင့် ကားပေါ်ပွေ့တင် ကာဆေးခန်းပြရန် အမြန်မောင်း နှင်လာစဉ် သိန်းနီမြို့အ၀င် ဆေး ခန်းရှေ့အရောက်မှာ လူနာအိုက် အောက် (၂၂)နှစ်(ဘ)ဦးအိုက် ထက်လုံသည် သေဆုံးနေပြီဖြစ် သည်။ ဤသည်ကို ယာဉ်မောင်း ထွေးမြင့်က ““မတော်တဆဖြစ် တာမင်းတို့အမြင်ပဲ။ ငါနဲ့မဆိုင် ဘူး””ဟုဆိုသည်။ ဆက်လက်ထွက် ခွာလာရာ ညနေ ၃ နာရီခန့် လားရှိုးသို့ ရောက်ရှိပြီး နမ္မတူမြို့ သို့အထွက် ကားလမ်းအတိုင်း လာကာမြို့ပြင် ကားလမ်းနဘေး အမှိုက်ပုံအနီးသုဿာန်တွင် သန့် ရှင်းရေးလုပ်နေသူထံမှ ဂေါ်ပြား ငှားရမ်း၍ ကျင်းတူးမြှုပ်နှံခဲ့သည်။

ထိုသို့ မြှုပ်နှံပြီးမှ ယာဉ် မောင်းက အိုက်ဆိုင်းနှင့် သန်း ဟိန်းတို့ကို (ကြယ်သုံးလုံး)နမ္မတူ ကားဂိတ်သို့ လိုက်ပို့ပေးသည်။ ဂိတ်သို့ရောက်စဉ် ယာဉ်မောင်း ထွေးမြင့်က အိုက်ဆိုင်းအား ငွေ ၆ သောင်းပေးကာနှုတ်ပိတ်လိုက် သည်ဟု သိရသည်။

သေဆုံးသူ အိုက်လောက် ၏ဇနီး မအေးအိမ်(၂၄နှစ်) (ဘ) ဦးအိုက်တန်းမှာ မူဆယ်သို့အလုပ် လုပ်ရန် အတူတူ သွားကြသော အိုက်ဆိုင်းနှင့် သန်းဟိန်း(၁၅နှစ်) (ဘ) ဦးအိုက်ရီတို့ နေအိမ်သို့ ပြန် ရောက်နေသော်လည်း ခင်ပွန်း ဖြစ်သူပြန်ရောက်မလာသေးသဖြင့် သွားရောက်မေးမြန်းကြည့်ရာမှ အခြေအနေမှန်ကို သိရှိရခြင်းဖြစ် ပြီး အရေးယူပေးပါရန် ရဲစခန်းသို့ မတ် ၂၅ ရက်နေ့က သွားရောက် တိုင်ကြားခြင်းဖြစ်သည်။

သို့ဖြင့် စခန်းမှူး ရဲအုပ်ဝင်း နိုင် အနီးကပ်ကြီးကြပ်မှုဖြင့်ယာဉ် ထိန်းဒုရဲအုပ်စောဝင်း၊ အမှုစစ်တို့ က မတ် ၂၉ ရက်နေ့ညနေပိုင်း တွင် စစ်ဆေးပေါ်ပေါက်ချက် အရ တရားလိုပြသက်သေများ စစ်ဆေးခြင်း၊ အခင်းဖြစ်ရာအား စစ်ဆေးမှတ်တမ်းဓာတ်ပုံများရိုက် ကူးခြင်း၊ အလောင်းကို မူခင်း ဆရာဝန်၊ မြို့နယ်တရားသူကြီးနှင့် သက်သေများရှေ့တွင် ပြန်လည် ဖော်ထုတ်၊ ဆေးစာရေးသားပို့ ခြင်းများ၊ မြေပုံကြမ်းရေးဆွဲခြင်း များစသော ရဲစခန်းလုပ်ငန်းများ လုပ်ဆောင်ကာ တရားခံယာဉ် မောင်းထွေးမြင့်(ခ)ဟန်ဝင်း(ခ)ကျား ရှန် (၃၈)နှစ်(ဘ)ဦးလှမောင်၊ ကိုး ကန့်၊ ပလောင်၊ ခရစ်ယာန်၊ နယ် မြေ(၄)၊ ရပ်ကွက်(၈)၊ လားရှိုးမြို့ နှင့် အိုက်ဆိုင်း (၂၇)နှစ်(ဘ)ဦး အိုက်ကော်၊ ရပ်ကွက်(၁)၊ နမ္မတူ မြို့နေသူတို့အား အမှတ်(၂) ရဲစ ခန်းမှ (ပ)၄၃/၂၀၁၂၊ ဥပဒေဆိုင် ရာ ဥပဒေပြစ်မှုပုဒ်မ ၃၀၄-က/ ၂၀၁ အရအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

(လားရှိုးမီဒီယာ) Hot News

မူရင်းသတင်းက ဒီမှာပါ၊

ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား



ဘန်ကောက် မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးမပေးတော့ဘူး……….

ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ် သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင် ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့် လုပ်နေကြရတာဖြစ်တယ်။

မြန်မာအလုပ်သမားတွေဟာ အန္တရာယ်များတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ စပယ်ရှယ်စားပြီး စတိုင်ကျကျ လုပ်ကိုင်ကြရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူတန်းစားကို ထိုင်း/မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်လို့ ကောင်းတဲ့ လူတန်းစား အဖြစ် သတ်မှတ်ထားတယ်။ အလုပ်သမား ၄သန်းဆိုတဲ့ ရင်းမြစ်ကြီးက သွားရည်ယိုလောက်တယ်လေ။

ဒီလိုပြောရခြင်းဟာ ပြောသင့်လို့ပြောခြင်းဖြစ်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောခြင်း မဟုတ်ဘူး။ ပတ်စပို့လုပ် WP လုပ် ရက်ပေါင်း ၉၀ ဧည့်စါရင်းတိုင် နဲ့ မြန်မာ အလုပ်သမားတွေ ကျွန်ခံသမျှ ပိုက်ဆံတွေ ထိုင်းမှာကုန်နေကြပြီဖြစ်တယ်။

တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် အကုန်အကျများလွန်းလို့ သေလုမျောပါး ဖြစ်နေ ကြရတဲ့ မြန်မာအလုပ်သမားတွေကို အယင်တုန်းက မြန်မာအစိုးရ ၀ါဇီစက်က ထုတ်လုပ်ခဲ့တဲ့ အနီရောင် အဖုံးနဲ့ ယာယီ ပတ်စပို့ တစ်အုပ်ကို ဘတ်ငွေ ၁၀၀ နုန်းထားနဲ့ထုတ်ပေးခဲ့တယ်။ စာအုပ်၂ နှစ် သက်တမ်း ကုန်သွားတော့ စာအုပ်သက်တမ်းတိုးခ အဖြစ် မြန်မာသံရုံးက ယူတာက ဘတ် ၁၅၀ ပေးရ ပါတယ်။ မြန်မာသံရုံးက စတေကာ ကပ်ပြီး လုပ်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ကိုယ်တိုင် လာစရာမလိုပဲ အခြားလူနဲ့  ထည့်ပေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ကြားပွဲစားတွေလည်း စာအုပ်တစ်အုပ်ကို ဘတ် ၅၀ ဒါမှမဟုတ် ဘတ်၁၀၀ လောက်စီ အမြတ်ယူပြီး လုပ်ပေးကြတယ်။ ဘာပဲပြောပြော အလုပ်သမားတွေ အလုပ်လည်း မပျက်ဘူး။ စားစရိတ်နဲ့ သွားစရိတ်တွေ မကုန်ဘူးလို့ အလုပ်သမားတွေက ပြောကြတယ်။
“ရေနစ်သူကို ၀ါးကူလို့ထိုးခြင်း”

အနီရောင်ပတ်စပို့ မြန်မာအစိုးရ၀ါဇီစက်ရုံက ထုတ်ပေးတဲ့ အနီရောင် ပတ်စပို့ နဲ့ တောင်မှ အကုန်အကျ များလွန်းလို့ စိတ်ညစ်နေကြရတဲ့ မြန်မာ အလုပ်သမားတွေကို ယခု တစ်ပူပေါ်နှစ်ပူ ဆင့်လာတဲ့ လုပ်ရပ်က ပေါ်လာပြီးဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ Trust Link ကုမ္ပဏီက လာရောက်ပြီး တော့ ခရမ်းရောင် အီလက် ထရွန်နစ် ပတ်စပို့စာအုပ် တစ်အုပ်ကို ဘတ်ငွေ ၅၅၀ နဲ့ ထုတ်ပေးနေတယ်။ မြန်မာအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ကိုယ်တိုင်လာရောက်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။

၂နှစ်ပြည့်ပြီဖြစ်တဲ့ အနီရောင် ပတ်စပို့ကို ဘန်ကောက် မြန်မာသံရုံးမှာ နောက်ထပ် ထိုင်နိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း တိုးလို့ မရတော့ဘူး။ သံရုံးနဲ့ နီးစပ်သူတွေ အပြောကတော့ ခရမ်းရောင် ပတ်စပို့စာအုပ် များများရောင်းရအောင် လုပ်ခြင်းဖြစ်တယ်လို့ စွတ်စွဲပြောဆိုကြတယ်။

မြန်မာသံရုံးမှာ အလုပ်သမားကိုယ်တိုင် သွားစရာမလိုပဲ သက်တမ်းတိုး လို့ ရတဲ့ လုပ်ငန်းစဉ်ကိုယခု အသစ်သတ်မှတ်လိုက်တဲ့ မူအရဆိုရင် ယာယီပတ်စပို့ ထုတ်ပေးတဲ့ မူလနေရာတွေကို အလုပ်သမား တွေ ကိုယ်တိုင် သွားရောက်ပြီးတော့မှ စာအုပ်အသစ် ထုတ်ယူရမှာဆိုတော့ စရိတ်စက လေးငါးထောင်အထိ ထပ်မံကုန်ကျမယ်လို့ သိရတာကြောင့် အလုပ်သမားတွေ အထူးစိတ်ထိ ခိုက်နေကြရပါတယ်။ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အလုပ်သမားတွေကို နှိပ်စက်နေကြပါ လားလို့  ပြောနေကြတယ်။

ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေ ဆီက ငွေတွေကို ထိုင်းနိုင်ငံ အတွင်းမှာ ကုန်အောင် နည်းအမျိုးမျိုးနဲ့  ဂုတ်သွေးစုတ်နေကြခြင်းသာဖြစ်တယ်လို့  ခေတ်ပညာတတ် မြန်မာ အလုပ်သမားတွေက ပြောကြပါတယ်။

ပတ်စပို့စာအုပ်တိုးခြင်းဟာ စာအုပ်ဖိုးလောက် သာကုန်သင့်ပြီး ပတ်စပို့ အသစ်လုပ်သလို မျိုး လူကိုယ်တိုင် နယ်စပ်ကို အရောက်သွားပြီး ပြန်လဲ ရမယ်ဆိုတာက မြန်မာအစိုးရအနေနဲ့ အလွန် ရက်စက်ရာ ကျပါတယ်။ မြန်မာအစိုးရအနေနဲ့ Trust Link ကုမ္ပဏီက ထုတ်လုပ်တဲ့ ခရမ်းရောင် ပတ်စပို့ စာအုပ် ရောင်းချရရေး အတွက် ဒီလောက် ဦးစားမပေးသင့်ဘူး။ စာအုပ်အရောင်းပြောင်းခြင်းထက် မြန်မာအလုပ် သမားတွေ လုံလုံခြုံခြုံ နေထိုင် လုပ်ကိုင်ခွင့်ရရှိရေးက သာအဓိကဖြစ်တယ်လို့ ပြောကြ ပါတယ်။

မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရတဲ့ အနေအထားကနေ နယ်စပ်နဲ့  ပတ်စပို့ ထုတ်ပေးတဲ့နေရာတွေမှာ လူကိုယ်တိုင်သွားရောက်ပြီးမှ ပတ်စပို့အသစ်ကိုလဲလှယ်ရမယ် ဆိုတဲ့ အမိန့်ကို ဆက်လက်ကျင့်သုံးနေ မယ် ဆိုရင် ကျေးကျွန်းသဖွယ် အလုပ်လုပ်နေကြရတဲ့ မြန်မာအလုပ် သမားတွေအတွက် ဗူးလေးရာဖရုံဆင့် သာမက ရေနစ်သူကို ၀ါးကူထိုးသတ်တာမျိုး ဖြစ်နေတာကြောင့် ပြန်လည်သုံးသပ်သင့်ကြောင်း……

ကျော်သောင်း

Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။

ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ

ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။

KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ --

၁။ ၆ ဘီး - ငါးရံခေါင်း(ဒမ်ထရပ်)             = 1,500,000
၂။ ၁၀ ဘီးကား                                      = 800,000
၃။ ၁၂ ဘီးကား                                      = 1,000,000
၎။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား = 1,000,000
၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား = 1,000,000
၆။ Back Hole အား ၅၀၀ အထက်          = 2,000,000
၇။ ကျင်းသား (တစ်ယောက်)                  = 2000
၈။ ကျောက်စိမ်းလုပ်ကွက် အခွန်            = 5,000,000
၉။ ယူဒါ+Dozer                                     = 200,000
၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား                    = 300,000
၁၁။ လုပ်ပိုင်ခွင့်                                      = 3,000,000
စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။

အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ် သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။


ကျောက်မျက်ကုမ္ပဏီတွေကို KIA မှာ ပေးပို့ ထားတဲ့ ဆက်ကြေးနှုန်းထားများဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ရန်ကုန်တစ်မြို့လုံးရှိ လူသွားစင်္ကြံ၊ ပလက်ဖောင်း စသည်တို့တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် မြို့တော်စည်ပင်မှ ညွှန်ကြားချက် ထုတ်ပြန်

ရန်ကုန်တစ်မြို့လုံးရှိ လူသွားစင်္ကြံ၊ ပလက်ဖောင်း စသည်တို့ရှိ ကြော်ငြာဆိုင်းဘုတ် အားလုံးနီးပါးကို မေလ ၂ ရက်နေ့မှစတင်၍ ဖြုတ်သိမ်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ညွှန်ကြားချက် ထွက်ရှိလာသည်ဟု သတင်းရရှိသည်။ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ်များနှင့် ပတ်သက်၍ ညှိနှိုင်းမည်ဟု ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပထမအကြိမ် အစည်းအဝေး ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေး ထပ်မံခေါ်ယူ၍ ဆိုင်းဘုတ်များ အားလုံးနီးပါးကို ဖြုတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ နေရာအချို့ရှိ ကြော်ငြာဆိုင်းဘုတ် အကြီးနှင့် အသေး အချို့မှလွဲ၍ ကျန်ရှိသည့် ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြုတ်သိမ်းစေသည့် ကြော်ငြာဆိုင်းဘုတ် အရေအတွက်မှာ တစ်မြို့လုံးတွင်ရှိသော ကြော်ငြာဆိုင်းဘုတ်များ အားလုံး၏ ၉၀ ရာခိုင်နှုန်း ပါဝင်သည်ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များက ပြောပြခဲ့သည်။

ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့ လက်ရှိ ကြော်ငြာဘုတ်တွေမှာက ကြော်ငြာတွေ လက်ခံထားပါတယ်။ အခုက ဖြုတ်သိမ်းဖို့အတွက်ကို အချိန် ဘယ်နှစ်ရက်ဆိုတာ မပြောပေမဲ့ ချက်ချင်း ဖြုတ်ရမဲ့သဘော ရှိတယ်။ အဲဒီအတွက် ချက်ချင်းဖြုတ်ရမဲ့အစား ခြောက်လ၊ တစ်နှစ် စသည်ဖြင့် အချိန်ပေးဖို့အတွက် တောင်းဆိုခဲ့ပေမဲ့ ခွင့်မပြုပါဘူး။

ကျွန်တော်တို့အနေနဲ့ အဲဒီလိုအချိန်ပေးတဲ့ ကာလအတွင်းမှာလည်း အခွန်ငွေပေးသွင်းပြီး လုပ်မှာပါ။ အခုလို အချိန်မပေးတဲ့အတွက် အခက်တွေ့နေရတာပါ” ဟု ဆိုသည်။

လက်ရှိ ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်း၍ သင့်တင့်သည့် နေရာတွင် ကြော်ငြာဆိုင်းဘုတ်အချို့ ခွင့်ပြုခြင်း၊ LED ဘုတ်များဖြင့် အစားထိုး ကြော်ငြာခြင်းတို့ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ နစ်နာခဲ့သူများကို ဦးစားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူက ပြောကြားခဲ့သော်လည်း လုပ်ငန်းရှင်များက လုပ်ကိုင်ခွင့် မရရှိမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

“LED ဘုတ်တွေနဲ့ ကြော်ငြာဖို့အတွက်က အဆောက်အအဦ တစ်ခု လိုမှာပါ။ ပြီးတော့ လျှပ်စစ်မီးနဲ့ အသုံးပြုပြီး ကြော်ငြာရတာဆိုတော့ ကျွန်တော်တို့ဆီမှာ လက်ရှိ လျှပ်စစ်မီးရရှိမှု အခြေအနေနဲ့ဆိုရင် အခက်အခဲရှိမယ်” ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပြခဲ့သည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များက သက်ဆိုင်ရာသို့ အသနားခံစာ တင်သွားမည်ဖြစ်ပြီး ထူးခြားမှုမရှိပါက လွှတ်တော်အထိ တင်ပြသွားရန် စီစဉ်နေသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းသတင်းက ဒီမှာပါ။

မြေနီကုန်း မှတ်တိုင် ပြောင်းလိုက်ခြင်း ကြောင့် ခရီးသွားများ အခက်အခဲ ဖြစ်နေ

ပြည် လမ်းမရှိ မြေနီကုန်း မှတ် တိုင် ပြောင်း လိုက် ခြင်းကြောင့် ခရီးသွား ပြည်သူများ သွားလာရ အခက်အခဲများ ရှိနေကြောင်း ခရီးသွား ပြည်သူ အများစုက ပြောကြားသည်။

မှတ်တိုင် ရွှေ့ပြောင်းရခြင်းသည် လမ်းဖြတ်ကူးသူများ အဆင်ပြေစေ ရေး၊ ယာဉ်ကြော ပိတ်ဆို့မှု ကင်းဝေး စေရေးအတွက် ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သော်လည်း ခရီးသွား ပြည်သူ များတွင် သွားလာရခက်ခဲမှုများရှိ နေကြောင်း သိရှိရသည်။

"မှတ်တိုင်ရောက်ဖို့ အဝေးကြီး သွားရတယ်၊ ဒီဘက်အခြမ်းကိုလာ တဲ့ လိုင်းကား မရှိတော့ ဘယ်လိုဖြစ် ဖြစ်တစ်ဖက်မှတ်တိုင်တစ်ခုတော့ မပြောင်း သင့်ဘူး" မြေနီကုန်းတွင် အလုပ်ဆင်းသောကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရွှေ့ပြောင်းလိုက် သည့် မှတ်တိုင်များအား မဟာမြိုင် မှတ်တိုင် အနီးတွင် ထားရှိကြောင်း၊ မြေနီကုန်းတွင် အလုပ်ဆင်း နေသည့် ဝန်ထမ်း အများစု တွင် နေ့စဉ်သွား လာနေမှု ခက်ခဲလျက်ရှိကြောင်း သိ ရှိရသည်။
အလင်းဝေ




မူရင်းသတင်းက ဒီမှာပါ။

Samsung ဟန်းဆက်များ Samsung Showroom များတွင် အခမဲ့ Service ပြုလုပ်နိုင်မည်

Warranty ကာလ အတွင်း စက်ချို့ယွင်း မှုများ ရှိသော Samsung ဟန်းဆက် များကို မည်သူမဆို မည်သည့် မိုဘိုင်းဟန်း ဆက်ရောင်းချသည့် အရောင်း ဆိုင်မှ ဝယ်ယူ ခဲ့သော ဟန်းဆက် ဖြစ်စေ Samsung Showroom များဖွင့် လှစ်သည့် နေရာများတွင် Service ပြုလုပ်နိုင်ကြောင်း သိရှိရ သည်။

အနယ်နယ် အရပ်ရပ်သို့ ဖြန့် ချိလျက်ရှိသောSamsung ဟန်း ဆက်များကို Customer များအ နေဖြင့် မိမိတို့နှစ်သက်ရာ မည် သည့် မိုဘိုင်းဆိုင်မှ ဝယ်ယူခဲ့သည် ဖြစ်စေ Warranty ကာလ မကုန် ဆုံးသရွေ့ Customer Samsung မိုဘိုင်း ပစ္စည်းများ ရောင်းချဝန်ဆောင်မှု ပေးသည့် Samsung Showroom များတွင် ချို့ယွင်းချက် များကို ပြသ Service ပြုလုပ်နိုင် ကြောင်း သိရှိရသည်။ Service ပြုလုပ်နိုင် ကြောင်း သိရှိရသည်။

ထိုသိှု့Service ပြုလုပ်ရာတွင် ဟန်းဆက်၏ Factory Fault များအတွက် One by one လဲလှယ် ပေးမှုများ ရှိမည်ဟု သိရှိရ ပြီး User Fault များ အတွက်မူ ဝန်ဆောင်ခ အခမဲ့ဖြင့် အစားထိုး လဲလှယ် တပ်ဆင်မှုများ အတွက်သာ ဝန်ဆောင်ခ ရယူမည်ဖြစ်ကြောင်းသိရှိရသည်။

Samsung မိုဘိုင်း ပစ္စည်းများ ရောင်းချ ဝန်ဆောင်မှုပေးသည့် Samsung Showroom ကို ရန်ကုန်မြို့တွင် အမှတ် ၁၁၈၊ ဆူးလေဘုရားလမ်းတွင်ဖွင့်လှစ်ထား ရှိကြောင်း သိရှိရပြီး မန္တလေးနှင့် အခြားမြို့များတွင်လည်း ဖွင့်လှစ် ရန်အစီအစဉ်ရှိကြောင်းသိရှိရသည်။

ကျော်ညိုသွေး

မူရင်းသတင်းက ဒီမှာပါ။

ဖုန်းဆင်းမ်ကတ် ပျက်ခြင်းကို အခမဲ့ ပြုလုပ်ပေးမည်ဖြစ်

မိုဘိုင်း ဖုန်း ဆင်းမ် ကတ် ပျက်စီးခြင်း ကို ယခင်က အခကြေး ငွေ ပေး၍ ပြုလုပ်ပေးရာမှ ယခုလက်ရှိ တွင် အခမဲ့ ပြုလုပ် ပေးသွားမည် ဖြစ် ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း ဆင်းမ်ကတ် ပျက်စီးခြင်း၊ ပျောက်ဆုံး ခြင်းများ အတွက် ပေးရငွေကို ပြီးခဲ့သည့်လက ကျပ် နှစ်သောင်းသို့ လျော့ချလိုက်ပြီး ယခုလ အတွင်းတွင် ဖုန်းကတ်ပျက် ခြင်းကို အခမဲ့ ဆောင်ရွက် ပေးသွား မည်ဖြစ်သည်ဟု တရားဝင်သတင်း ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

ဖုန်း ကတ်ပျောက်ခြင်း ကိုမူ ယခင်အတိုင်း ငွေကျပ်နှစ်သောင်းပေးဆောင် ရမည်ဖြစ်သည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်း ဝင်းက "ဆက်သွယ်ရေးအနေနဲ့ ဖြေလျော့မှုတွေကို လုပ်ပေး နေပါ တယ်။ အခုကတ်ပျက်တာအတွက် ကို အခမဲ့လုပ်ပေးနေပါတယ်။ ကတ်ပျောက်တာကတော့ အရင် လိုပဲနှစ်သောင်းပေးရပါမယ်။ ကတ် ပျက်တယ်ဆိုတာက ဒေတာရှိပါ တယ်။

ကတ်မှာနံပါတ်လေးပါတယ်။ ကျွန်တော်တို့ အနေနဲ့ရက် ပိုင်းအတွင်း Action ယူပေးလို့ ရပါ တယ်။ ကတ်မှာက လျှို့ဝှက်ကုဒ် တွေပါတယ်။ အဲဒါကိုကြည့်ပြီးလုပ် ပေးရတာ အဆင်ပြေပါတယ်။ ကတ်ပျောက်တယ်ဆိုတာက ဘယ် သူပိုင်လဲမသိဘူး။ အဲဒါကလုပ် ရတာ နည်းနည်းခက်ပါတယ်။ တ ကယ်ပိုင်ဆိုင်ကြောင်း အထောက် အထား ပြည့်ပြည့်စုံစုံယူလာရင် ရက်ပိုင်းအတွင်းမှာပဲ ပြီးအောင်လုပ် ပေးပါတယ်။ ကတ်ပျက်တာက တော့ ကတ်ပါလာတဲ့အတွက် အ ထောက်အထားမလိုပါဘူး" ဟု ပြောသည်။

ယခင်က ကတ်ပျက်၊ ကတ် ပျောက်ခြင်းများကို ကျပ်တစ်သိန်း ပေးဆောင်ရပြီး၊ နောက်ပိုင်းတွင်ကျပ်ငါးသောင်းသို့ လျော့ချပေး ခဲ့သည်။ ယခုလက်ရှိအချိန်တွင် ကတ်ပျောက်ခြင်းကို ကျပ်နှစ် သောင်းဝန်ဆောင်မှုပေး၍ ဆောင် ရွက်ရမည်ဖြစ်ပြီး ကတ်ပျက်ခြင်းကို အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ် သည်ဟု သိရသည်။

ယခင်က ကတ်ပျက်၊ ကတ် ပျောက်ဆောင်ရွက်ခြင်းအတွက် အ ချိန်အားဖြင့် တစ်လခန့်ကြာမြင့် မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ် ပတ်အတွင်း၊ နောက်ပိုင်းအတွင်း ရက်ပိုင်းအတွင်း ဆောင်ရွက်ပေး သွားမည်ဖြစ်သည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။

မိုဘိုင်းဖုန်း ဆင်းမ်ကတ် ပျောက်ဆုံးသူ တစ်ဦးက"ကတ်ပျက်၊ကတ် ပျောက်တွေကို ဈေးလျော့ပေးလိုက်တာကောင်းပါတယ်။ ကတ် ပျောက်ရင် နှစ်သောင်း ပေးရမယ်လို့ ပြောပါတယ်။ ကတ်ပျက်တာက အခမဲ့လုပ်ပေးမယ်ကြားပါတယ်။ ဒါပေမယ့် ခက်တာက ကျွန်တော် တို့က ဘယ်ကိုသွားရမလဲမသိသေး တာ။

ဝယ်ထားတဲ့ ဆိုင်ကိုပဲသွား ရမလား။ ဆက်သွယ်ရေးကိုပဲ သွားရမလား မသိသေးတာ။ ကျွန် တော်နှစ်သိန်းတန် ဖုန်းကတ် ပျောက်သွားတော့လည်း ဒီရက်ပိုင်း မှာ ပြန်လျှောက်ဖို့ အဆင်မပြေ သေးဘူးလို့ သိရပါတယ်။ ကတ် ပျက်တာဆိုရင် လုပ်ပေးလို့ရပါ တယ်။ နှစ်သိန်းတန်ဖုန်း ကတ် ပျောက်တာဆိုရင် မလွယ်ဘူးလို့ ဆိုင်ကပြောတယ်" ဟုပြောသည်။

တင်ဇာအောင်၊စောရည်နန္ဒာ

မူရင်းသတင်းက ဒီမှာပါ။

၇ရက် သားသမီးများ အတွက် ရိုးရာလေး ဟောစာတမ်း (မေလ)

တနင်္ဂနွေ

အလုပ် ထဲတွင် မသင့်မတင့် ဖြစ်တတ်သည် ။ မလိုမုန်းထား သူ၏ စကားကြောင့် အထက်လူကြီး၏ ဆူပူ ကြိမ်းမောင်းခြင်း ခံရတတ်သည်။ အလုပ် ပြုတ်ခြင်း စကားများ ရခြင်းများ ဖြစ်တတ်သည် ။ ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာ ရတတ်သည် ။ငွေကြွေး တင်လိမ့်မည်။ ငွေအတွက် စိတ်ညစ် ရတတ်သည် ။

ယတြာ ။ ။ တာအိုး တစ်လုံး အတွင်း အုန်း ၆ရွက် အုန်းရေ အုန်းသီး ၆စိပ် အုတ်နီခဲ ခွဲ ပြီးသား သေးသေး ၆လုံး ထည့်ပြီး ရေတွင် မျှောပေးပါ။

တနင်္လာ

မိန်းမအရှုပ်အရှုင်းကြောင့် စိတ်ညစ်ရတတ်သည် ။ မျှော်လင့်ထားသော အလုပ်အကိုင်များ အဆင်မပြေသေးပါ ခရီးသွားရန်မသင့်ပါ ။ ကျမ္မာရေးအရ ခြေ ထောက်တွင်ထိခိုက်ဒဏ်ရာရတတ်သည် ။ လုပ်ငန်းသစ်များစွန့် စွန့် စားစား မလုပ်သင့်သောကာလဖြစ်သည် ။

ယတြာ ။ ။ အိမ်က ဘုရားတွင် ကြံ ၁၅ ဆစ် တုံးပြီးလှုပေးပါ

အင်္ဂါ

အလုပ်အကိုင် စပ်တူ လုပ်လျှင် အကျိုးပေးမည် ။ မမျှော်လင့်သော မိတ်ဆွေ၏ ကူညီမှုကြောင့်။ ငွေဝင်မည် ။ ခရီးသွားလျှင် အကျိုးရှိမည် ။ စက်ပစ္စည်းများ ၀င်လာ တတ်သည် ။ ငွေကုန်ကြေးကျ အနည်းငယ်ရှိသော်လည်း စိတ်ချမ်းသာနေမည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် ဇီးယိုလှုပါ ။

ဗုဒ္မဟူး

မူလ အလုပ်ကိုပဲ ဆက်လုပ်နေရမည် ။ လုပ်ငန်း အသစ်မချဲ့ ပါနှင့် ။ အလုပ် မပြောင်းပါနှင့် ။ ထီပေါက်ကိန်း ရှိသည် ။၇ ၃ ၆ ၄ ပါသော ဂဏန်းများ ထိုးပါ ။ အကြီးအကဲ (သို့ ) ဖခင်ကြောင့် ငွေကုန်ကြေးကျ ဖြစ်မည် ။ တနင်္ဂနွေ နံသင့်ပစ္စည်းကြောင့် စကားများရကိန်း ရှိသည် ။

ယတြာ ။ ။ မွေးနံ ဘုရား ထောင့်တွင် စက္ကူယပ် အစိမ်းရောင် တစ်ချောင်းနှင့် ရေသက်စေ့လှုပေးပါ။

ကြာသပတေး

ယခုလသည် ဘာလုပ် လုပ် သတိထား ရမည့် လဖြစ်သည် ။ အဆင်မပြေဆုံး ကာလ ဖြစ်သည် ။ငွေအတွက် စကားများရခြင်း။ ငွေကြွေးတင်ခြင်း။ ငွေလိမ် ခံရခြင်းများ ဖြစ်တတ်သည် ။ တနင်္လာ သားသမီးနှင့် သတိထား ဆက်ဆံပါ။ အလုပ်အကိုင် များလည်း အပေါက် အလမ်းမတဲ့ပါ ။

ယတြာ ။ ။ ငါးကန် များတွင် ပေါက်ပေါက်ဆုတ်ကို အစာကြွေးပေးပါ မေမြို့ ပန်းဝယ်ပြီး သီလရှုင်တစ်ပါးပါး ကိုလှုပေးပါ ။

သောကြာ

မိတ်ဆွေ၏ ကူညီမှုကြောင့် လုပ်ငန်းများ အဆင်ပြေမည် ။ မိန်းမတစ်ဦးကြောင့်ပြ ဿနာရှင်းရလိမ္မည် ။ငွေမချေးပါနှင့် ။ ဆုံးရှုံးရလိမ္မည် ။ မမျှော်လင့်ပဲ အမှုအခင်း တစ်ခုတွင် ပါဝင် ပတ်သက်ရတတ်သည် ။ မည်သူ့ ကိုမျှ အာမ မခံပါနှင့်။ ရေလမ်းခရီးရှောင်ပါ ။

ယတြာ ။ ။ အိမ်က ဘုရားတွင် သီဟို ၂၁ ခက်လှုပေးပါ ။

စနေ

ဘာလုပ်လုပ် အဆင်မပြေ သေးပါ ။ ထီစပ်တူထိုးပေးပါ ။ ၁ ၄ ၆ ၀ ဂဏန်းများးပါအောင်ထိုးပါ ။မမျှော်လင့်ပဲ အိမ်ပြောင်းရွှေ့ ရတတ်သည် ။ အလုပ်ပိုများ လုပ်ရသော ကာလ ဖြစ်နေမည်။ ငွေကြေး အရှုပ်အရှုင်း တခုတွင် ပါဝင် ပတ်သက်ရတတ်သည်။ ငယ်ရွယ်သူ ဖြစ်ပါက ချစ်သူ၏ အရေးပေးခြင်းကို ခံရသောကာလ ဖြစ်သည် ။

ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင် ထီးအနီတစ်လက်လှုပေးပါ ။

မူရင်းသတင်းက ဒီမှာပါ။

ICT ဖွံ့ဖြိုးရေးအတွက် Myanmar ICT Development Organization (MIDO) ဖွဲ့စည်း

မြန်မာ နိုင်ငံ၏ အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မြန်မာ အိုင်စီတီ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (MIDO) Myanmar ICT Development Organization စတင် ဖွဲ့စည်းခြင်းနှင့် MIDO ၏ ရည်ရွယ်ချက်များ၊ လုပ်ဆောင်နေ မှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း ခြင်းကို ဧပြီ ၂၉ရက်က ပြုလုပ် သည်။

MIDO ကို တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် အိုင်စီတီ ကဏ္ဍအား ကျယ်ပြန့်စွာ အသုံးချနိုင် စေရန် အဓိက ရည်ရွယ်၍ ယခင် ဘလောဂ်ဂါ အစည်းအရုံး (Myanmar Blogger Society-MBS) မှ အဖွဲ့ဝင်ဟောင်းများ အပါအဝင် စိတ် ပါဝင်စားသူများ စုစည်းလျက်၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

" အရင်က Myanmar Blogger Society ဆိုတော့Blogger ဆိုတဲ့ ဘောင်တစ်ခုထဲမှာဘဲ ရှိ နေတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ် ချက်က ICT Develop-ment ဖြစ် တယ်။ အဲဒါကြောင့် Myanmar ICT Development Organization (MIDO) ဆိုပြီး လုပ်ဖြစ် တယ်" ဟု (MIDO)မှ Or- ginizer ဖြစ်သူ Public Rela-tion အပိုင်း ကို တာဝန်ယူထားသူ ကိုနေဘုန်း လတ်ကပြောသည်။

၎င်းကဆက် လက်၍ "ကျွန်တော်အထဲကထွက် လာပြီး နောက်ပိုင်းကျွန်တော်ဘာ သွားတွေ့သလဲဆိုတော့ အိုင်စီတီ နယ်ပယ်မှာ လိုအပ်ချက်တွေရှိနေ တယ်။ မပြည့်စုံမှုတွေ ရှိနေတယ်။ နည်းပညာကွာဟမှုတွေရှိနေတယ်။ ပြီးတော့ Law တွေမှာ ပြင်ဖို့လိုအပ် တဲ့ Law တွေရှိနေတယ်။ အဲဒီလိုရှိနေပေမယ့်လည်း ဒါတွေကို ဘယ်သူက တာဝန်ယူပြီး ပြောမှာ လဲ။ ဘယ်သူမှ ပြောမယ့်သူမရှိဘူး ဆိုတဲ့ အနေအထားတစ်ခုကိုတွေ့ တယ်။

အဲဒီတော့ ကျွန်တော်တို့က ငါတို့တော့ ဒီအတွက် တစ်ခုခုလုပ်ဖို့ သင့်တယ်ဆိုတာကို မြင်လာ ရတယ်။ အဲဒီတော့ တစ်ဦးတစ်ယောက်ချင်း ကပြောတာထက် အဖွဲ့အစည်း တစ်ရပ် အဖြစ် ဖွဲ့စည်းပြီးတော့ ဒီအဖွဲ့အ စည်းကပြောလိုက်ရင်ပိုပြီး သင့် တော်မယ်ဆိုတဲ့ အနေအထားကို စဉ်းစားမိတယ်" ဟု ပြောသည်။

MIDO အဖွဲ့အနေနှင့် မှတ်ပုံ တင်ပြုလုပ်ပြီး အဖွဲ့အစည်းတစ်ရပ် အဖြစ် ဖွဲ့စည်းသွားရန်ရှိပြီး ယခု လောလောဆယ်အခြေအနေတွင် လိုအပ်သော ဘဏ်စာရင်း ဖွင့်ခြင်း၊ ရုံးခန်း နေရာ ရှာဖွေခြင်း စသည်တို့ ကို ပြုလုပ်ဆောင်ရွက်ဆဲဖြစ်သည့် အပြင် ထိုသို့တရားဝင် အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ပြုလုပ်ရာတွင် အနည်းဆုံး အချိန်တစ်နှစ်ခွဲ နီးပါး ကြာမြင့်မည်ဟု စုံစမ်းသိရှိရကြောင်း ကိုနေဘုန်းလတ်က ပြောသည်။

ထို့ပြင်MIDO အနေဖြင့် အနယ်နယ် အရပ်ရပ်သို့ သွားရောက် ကာMobile Education အနေ ဖြင့် သင်တန်းများလိုက်လံပို့ချခြင်း၊ အခြားသော အဖွဲ့အစည်းအသီး သီးနှင့် ချိတ်ဆက်ပြီး အိုင်စီတီနည်း ပညာများသင်ကြားပို့ချခြင်း၊ ဟော ပြောပွဲများ၊ Workshop များပြုလုပ်ခြင်း တို့ကို ပြုလုပ်ဆောင်ရွက် လျက်ရှိပြီး ထပ်မံ၍လည်းသင်တန်း များပို့ချရန်ရှိကြောင်းသိရသည်။

၎င်း အပြင် ရန်ကုန်တွင်လည်း MIDO ၏ သင်တန်းနေရာ အတိအကျကို ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိပြီး လူငယ်များ၏ အိုင်စီတီနည်း ပညာများကို ကောင်းမွန်ပြီး အကျိုး ရှိသည့်နေရာများတွင် အသုံးပြုနိုင် စေရန် အိုင်စီတီတလွဲသုံးမှုများကို လမ်းမှန်ရောက်စေရန်နှင့် ပတ်သက် ၍လည်း ကိုနေဘုန်းလတ်က ...

ဒီလိုမျိုးကိစ္စတွေကျတော့ လည်းForce နဲ့ တားလို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူး။ ဒါကျ တော့ လူငယ်တွေရဲ့ Mind Set ကို ပြုပြင်ပေးရမှာပေါ့။ Mind Set ကို ပြုပြင်ရမယ့် ကိစ္စဆိုတော့ အချိန်တော့ ယူရမယ်ဗျ။ အချိန်ယူတဲ့နေရာမှာလည်း လုပ်ပြဖို့လို တယ်ဗျ။ ကျွန်တော်တို့က ရှေ့က လုပ်ပြရမယ်၊ သုံးပြရမယ်။

ကျွန် တော်တို့အမြဲတမ်း သင်တန်းတွေ သွားသင်ပေးတဲ့အခါ အိုင်စီတီကို သုံးပြီး ဘယ်သူတွေဘယ်ကိုလုပ် နေကြလဲဆိုတာ အမြဲတမ်းပြလေ့ရှိ တယ်။ကျွန်တော့် Presentation ထဲမှာအမြဲတမ်း တင်ပြလေ့ရှိတယ်။ Facebook မှာဆိုရင် Facebook သုံးပြီးလူမှုရေးလုပ် နေတဲ့အဖွဲ့တွေ လည်းရှိတယ်။

အဲဒါတွေကို ကျွန် တော်တို့ကများ များပြရမယ်။ ပြသ လိုပဲရှေ့ကနေလုပ်ပြကြမယ်။ ကိုယ်ကိုယ်တိုင်လည်း အိုင်စီတီကို အသုံးပြုပြီး အကျိုးရှိတာတွေကို လုပ်ပြမယ်ဆိုရင်လူငယ်တွေရဲ့ စိတ်ဓာတ်တွေတဖြည်းဖြည်းပြောင်း လဲလာမယ်။

အဲဒါကျတော့ကျွန် တော်တို့တစ်ယောက်တည်းလုပ်လို့ မရဘူး။ Group လိုက် ပြောင်းလဲ သွားတာမျိုးလုပ်ရမယ်။ ပြီးတော့ Mind Set တွေကို တဖြည်းဖြည်း ပြုပြင် သွားရမယ်ဆိုတော့ အချိန် တော့ ယူရမယ်"ဟု ပြောသည်။


ကျော်ညိုသွေး




မူရင်းသတင်းက ဒီမှာပါ။

Redlink မှ Broadband wimax Service အား ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်းချမည်

မေလ ၁၁ရက်နေ့မှ ၁၃ရက်နေ့ အထိ ကျင်းပ ပြုလုပ်မည့် Yangon ICT Fair (Computer and Mobile) တွင် Redlink မှ Broadbrnd wimax Service အား သိန်း၁၀ဝကျော် ကံစမ်းမဲ အစီအစဉ်များဖြင့် ရောင်း ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ကျပ်သိန်း ၁၀ဝကျော် ကံစမ်းမဲ အစီ အစဉ် အနေဖြင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ပထမဆုသိန်း ၃၀၊ ဒုတိယဆု သိန်း၂၀၊ တတိယဆု၁၀ သိန်းနှင့် ကျပ်၎သိန်းတန် နှစ်သိမ့်ဆုမဲ ၁၀ဆုကိုလည်းချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ကံစမ်းမဲ အစီအစဉ်တွင် Redlink Broadband Wimax Service အားကနဦး တပ်ဆင်ခ ၆၃၀ဝ၀ဝ ကျပ်ဖြင့် ဝယ်ယူ အားပေးသူများကို ကံစမ်းမဲ တစ်စောင်စီ ပေးသွားမည် ဖြစ်သည်။ ကံစမ်းမဲရွေးချယ်ပွဲကို မေလ ၃၁ ရက်နေ့ ၁၀နာရီတွင် Chatrium Hotel Grand Ballroom တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စောရည်နန္ဒာ

မူရင်းသတင်းက ဒီမှာပါ။

ထိုင်း-မြန်မာ နယ်စပ် အခြေအနေ တင်းမာ

တိုးတက် သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ် (DKBA) က ဗိုလ်နှုတ် ခမ်းမွှေးလို့  လူသိ များတဲ့ ဗိုလ်မှုးချုပ် စောလားပွယ် ကို ထိုင်းအစိုးရက မူးယစ် ရာဇာ အဖြစ် ဖမ်းဆီး ဖို့  ၀ရမ်း ထုတ်ပြီး နောက်မှာ ထိုင်း နယ် စပ် တစ်လျှောက် မှာ ဆက်ဆံရေး အခြေအနေ တင်းမာ မှု တွေ ဖြစ်တယ် လို့  FNG က သတင်း ရရှိ ပါတယ်။

ဒီကေဘီအေ က နယ်စပ် တစ်လျှောက် က ဂိတ်ပေါင်း ၁၀ ဂိတ် ကျော် ကို ပိတ် ပစ် ခဲ့ ပြီး လိုအပ် မြ၀တီ – မဲဆောက် ချစ်ကြည်ရေး တံတား ကို ပါ ပိတ် ဖို့  အမိန့် ပေးထား တယ် လို့  DKBA တပ်ဖွဲ့  က ဗိုလ်မှုး စန်းအောင် က FNG ကို ပြောပါတယ်။

တခ် ခရိုင် မှာ အခြေစိုက်တဲ့ ထိုင်း စစ်တပ် က လည်း နယ်စပ် မှာ လုံခြုံရေး အင်အား တွေ တိုးမြှင့် ထား ပြီး ဒီကေဘီအေ ဂိတ် တွေ ရှိ တဲ့ မျက် နှာ ချင်း ဆိုင် နေရာ တွေမှာ တော့ တပ်အင်အားတွေ ပို ချထား တယ် လို့  ဆိုပါတယ်။

ထိုင်း အစိုးရ က မူးယစ်ဆေးဝါးမှု မှောင် ခိုမှု နဲ့  စွပ်စွဲထား ပေမယ့် ဗိုလ်မှုးချုပ် စောလားပွယ် တို့  ကတော့ မူးယစ် ဆေးဝါး မှောင် ခိုမှု နဲ့  ကင်းရှင်း တယ် အချိန် မရွေးဝင်ရောက် စစ်ဆေး နိုင်တယ် လို့  ကြေငြာ ထား ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် အခြေအနေ တင်းမာရင် ကုန်စည် ကူးသန်း မှု တွေ ပို ပြီးခက် ခဲ လာမယ် လို့ မြ၀တီ – မဲဆောက် ကုန်သည် တွေ က ပြောကြ ပါတယ်။

အရင် က ထိုင်း အစိုးရ ဟာ မြန်မာ အစိုးရ တပ် ဖွဲ့  တွေ နဲ့  ပဲ တင်းမာ မှု ဖြစ် ခဲ့ တာတွေ ရှိ ပေမယ့် အခု လို အစိုးရ ဆန့် ကျင် တဲ့ လက်နက် ကိုင် တွေ နဲ့  ပဋိပက္ခ ဖြစ်တာ မျိုး မရှိ ခဲ့ သေးဘူး လို့  KNU တပ် က အရာ ရှိ တစ်ဦးက ပြောပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေး ကို ဖမ်းဝရမ်း ထုတ် တဲ့ အတွက် လည်း ထိုင်း အစိုး ရ ရဲ့  လုပ်ရပ် ကို မြန်မာ နိုင်ငံ သား အချို့  က မယုံကြည် နိုင်ဖြစ်ကြ ရတယ် လို့  ဆို ပါတယ်။

တကယ်လို့  ထိုင်း အစိုးရ ဗိုလ်နှုတ်ခမ်း မွှေး ကို ဖမ်းဆီး ဖို့  ဒီကေဘီအေ ပိုင်နက် ထဲ ကျူး ကျော် လာရင် ဒီကေဘီအေ တပ် ဖွဲ့  တွေ က ပြန်လည် ခုခံ သွား မယ်လို့  ဆိုပါတယ်။

မူရင်းသတင်းက ဒီမှာပါ။