Friday, May 4, 2012

အွန်လိုင်းမီဒီယာလည်း အခြားမီဒီယာများလို မှတ်ပုံတင်ခွင့်ပြုမည်

အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျမီဒီယာများ နည်းတူသတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ ရပိုင်ခွင့်များခံစားနိုင်ဖို့ အတွက်လည်း စဉ်းစားဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဦးစိုးဝင်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

၂၀၁၃ တွင် အတည်ပြုရန်ရှိသည့် ပုံနှိပ်မီဒီယာဥပဒေတွင် သတင်းအေဂျင်စီများထူထောင်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်များဖြန့်ဝေလိုပါက စနစ်တကျ မှတ်ပုံတင်ပြီး ဆောင်ရွက်ခွင့်ရရှိစေရန်လည်း စဉ်းစားထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ယခုလောလောဆယ်တွင် ပြည်တွင်းအွန်လိုင်း မီဒီယာများ အနေဖြင့် စာပေစိစစ်ရေး သို့ တင်ပြစရာ မလိုပဲ ဖေါ်ပြလျှက်ရှိရာ မကြာမီလွှတ်တော်တွင် တင်ရန်ရှိသည့်မီဒီယာဥပဒေ အတည်ပြု ပြဋ္ဌာန်း ပြီးနောက် မှတ်ပုံတင်ခွင့်ပြုရန် ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

ပြည်တွင်း အခြေစိုက်သည့် အွန်လိုင်း မီဒီယာအနေဖြင့် ယခုလောလောဆယ် မြစ်မခမီဒီယာနှင့် Yangon Press International တို့ရှိပြီး ကျန်မြန်မာ အွန်လိုင်း မီဒီယာများမှာ ပြည်ပတွင် အခြေစိုက်သည့် သတင်းမီဒီယာများဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် အွန်လိုင်းမီဒီယာများသည် ဆက်သွယ်ရေး ဥပဒေဖြင့် ဆက်စပ်နေသဖြင့် မြန်မာ့ဆက်သွယ်ရေး နှင့် ကြေးနန်းဝန်ကြီးဋ္ဌာနတွင် မှတ်ပုံတင်ရမည် ဟူသည့်သဘော ပြောဆိုခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် အွန်လိုင်းမီဒီယာများကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်တွင် တပေါင်းတစည်းထည်း ထားမည်ဟု ပြန်လည် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေနှင့် အွန်လိုင်းမီဒီယာ နှင့် သက်ဆိုင်သည့် အီလက်ထရွန်းနစ် ဥပဒေအရ ဆိုပါက ယင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

နောင်နှစ် ဆန်းပိုင်း အတည်ပြုရန်ရှိသည့် မီဒီယာဥပဒေနှင့် ပတ်သက်၍ ပြည်တွင်း အွန်လိုင်း မီဒီယာ တခုဖြစ်သည့် မြစ်မခမီဒီယာ ထူထောင်သူ ဒေါ်မေသင်္ကြန်ဟိန်က “ကျွန်မအနေနဲ့ကတော့ မူကြမ်းထွက်လာတဲ့အခါမှ ကြည့်ပြီးပြောနိုင်ပါမယ်။ ခုနေမှာတော့ ခန့်မှန်းကြည့်ဖို့ဆိုတာ မသေချာဘူးလေ။ ထွက်လာတဲ့ ဥပဒေပေါ်မှာပဲ ကြည့်ပြီး ပြောရမှာပါ ”ဟု ၀ိုင်ပီအိုင်သို့ပြောသည်။

ဒုတိယ၀န်ကြီး ဦးစိုးဝင်းက အွန်လိုင်သတင်းသများအား ကျန်စာနယ်ဇင်းသမားများအပေါ် တန်းတူရပိုင်ခွင့်များ၊ အကာအကွယ်များ ကျင့်ဝတ်များရရှိကျင့်သုံးစေနိုင်ရန် ထွက်ရှိလာမည့် မီဒီယာလောတွင် စဉ်းစားဆောင်ရွက်ထားကြောင်းပြောကြားသည်။

ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီ၏ သဘောထားထုတ်ပြန်ကြေငြာချက်တွင်လည်း သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှအစ ပုံနှိပ်ဖြန်ချီသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ကြောင်း ထွက်ရှိလာမည့်မီဒီယာ ဥပဒေနှင့် ပတ်သက်၍ ဖေါ်ပြရေးသား ထားသည်။

အွန်လိုင်းသတင်းသမားရပိုင်ခွင့်နှင့် ပါတ်သက်၍ မမေသင်္ကြန်ဟိန်းက “ရပိုင်ခွင့်လို့ ဆိုရာမှာလည်း အစိုးရဆီကမှ မဟုတ်ဘူး၊ ကိုယ့်မီဒီယာကိုယ့်သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ဘယ်သူ့ ဆီကပဲ ဖြစ်ဖြစ် ကိုယ့်ရပိုင်ခွင့်ကို ကိုယ်က သိရမယ်၊ မသိရင် သိအောင်လုပ်ရမယ်၊ မရရင် ရအောင် လုပ်ကြရမှာပါ”ဟု သုံးသပ်ပြောဆိုသည်။ ။




ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတခု

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးဖို့အတွက် ဂျပန်နိုင်ငံကို ဒီနှစ်ထဲမှာ သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Takashi Saito နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က… မိမိအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး မြန်မာ့နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပ ခရီးစဉ်တွေ စတင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားကြောင်း မြန်မာအစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

လောလောဆယ် အထိတော့ နိုင်ငံကူးလက်မှတ် ထုတ်မပေးရသေးဘူးလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်ခရီးစဉ်ကို သမ္မတဦးသိန်းစိန်က ခွင့်ပြုမယ်လို့ ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်တဝိုက်က ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့သမိုင်းဆိုင်ရာ သုတေသန ဆည်းပူးတုန်းက နေထိုင်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ အတွင်းမှာလည်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို သွားမယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။

RFA - Burmese





(ဒီနှစ်ဆန်းပိုင်းက ဂျပန်နိုင်ငံ အိုဆာကာ အခြေစိုက် ကင်းထောက်လူငယ်များအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ပုံပါ။ wagggsworld website က ဖြစ်ပါတယ်။)

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ဂျွန်ယက်တော့ နှစ် ည ဝင်အိပ်ခြင်း ၃ နှစ်ပြည့်


နေ့စဉ်နီးပါ အကြောင်းရှာပြီး ဖြစ်ပြီးခဲ့သမျှ နေ့တိုင်းကို နှစ်ပတ်လည် ရက်ကျင်းပနေတဲ့ NLD ဟာ ဒီကနေ့တော့ အထိန်းအမှတ် ပွဲတစ်ခု ကျင်းပဖို့ မေ့နေကြသည်။ ဒီကနေ့ မေလ ၅ ရက်နေ့ ကတော့ ဂျွန်ဝီလီယံ ယက်တော့ တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို နောက်ပေါက်က ဝင်ရောက်ခြုံရေး အဖွဲ့တွေကိုလည်း လုံးဝ အသိမပေးခဲ့သလို ပြန်လွှတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။




ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ဂျွန်ယက်တော ဝင်ရောက်ခဲ့သည်ကို အားလုံးသိကြပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မရှိကြောင်း ကို အခုချိန်ထိပြောနေကြတုန်းပါပဲ။ ေ

ဒ်ါအောင်ဆန်းစုကြည်အိမ်တွင်းသို့ ဂျွန်ရက်တော့ စတင်ဝင်ရောက်ကြောင်း သိစဉ်က ဂျွန်ယက်တော ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အင်မတန် လေးစား မြတ်နိုးသည့် ထူးခြားသည့် ပုဂ္ဂိုလ်အဖြစ်ကြောင်း၊ ပညာပြည့်ဝသည့် စာရေးစရာတစ်ဦးဖြစ်ကြောင်း၊ ရေကူးချန်ပီယံတစ်ဦးဖြစ်ကြောင်း၊ လုပ်ချင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်ခဲ့သည့် ခံယူချက်ရှိသူ တစ်ဦးဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပေမယ့် ဂျွန်ရက်တောကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ၁ နှစ်ခွဲကျချိန်မှာတော့ ဂျွန်ရက်တော ဆိုသည်မှာ အစိုးရဲ့စေခိုင်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ဝင်ခဲ့ရသည့် စိတ်ရောဂါသည် တစ်ဦးအဖြစ် ဖော်ပြခဲ့ကြပြန်သည်။

သို့သော် သေချာသည်မှာ ဂျွန်ရက်တောနှင့် အစိုးရတို့မှာ အဆက်အသွယ်ရှိသူများ မဟုတ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျွန်ရက်တောကို နေအိမ်မှာခွင့်ပြုညအိပ်ခဲ့သည့်ဖြစ်စဉ် မှားယွင်းသည့်အလုပ် လုပ်ခဲ့သည်မှာ သေချာပေသည်။

အမှန်ကန်သောအလုပ်လုပ်သူ၊ မှားယွင်းသောအလုပ်သူ၊ တည်ဆဲဥပဒေတစ်ခုခု ချိုးဖောက်သူ တို့အနေနဲ့ အရေးယူခံရမှာကို မကြောက်သင့်သလို ကာယကံရှင်နှင့် ပက်ဝန်းကျင်မှလူများအနေဖြင့် လည်း စဉ်းလုံးချောကောင်းနေလျှက်နှင့် အပြစ်ဒဏ်ကျကြောင်း မပြောသင့်ပါ။

ဂျွန်ယက်တော့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ နှစ်ည အိပ်စဉ်အတွင်း ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုတော့ ပွင့်လည်းမြင်သာရမယ်လို့ အမြဲပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခုချိန်ထိ ပွင့်ပွင့်လင်းလင်း ရှင်းပြမှု မရှိသေးကြောင်း သိရပါတယ်။




Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဗိုလ်ချုပ် ပုံတူ ဖယောင်းရုပ် ဗိုလ်ချုပ် ကျဆုံးရာ နေရာ၌ သွန်းလုပ် ထားရှိမည်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံးဟောင်း) ၌ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည့် ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးရာ နေရာ၌ ဗိုလ်ချုပ် အောင်ဆန်းပုံတူ ဖယောင်းရုပ်တု တစ်ခုအား သွန်းလုပ်၍ ထားရှိသွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအား လုပ်ပိုင်ခွင့် ပေးထားပြီဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှ နေပြည်တော် စက်မှုခန်းမ၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ တစ်ရပ်တွင် ပြောကြား သွားပါသည်။

“ ကျွန်တော်တို့ ပစ်ထားတာလည်း ကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ ပါတဲ့အဖွဲ့၊ အနုပညာ လုပ်တဲ့အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ် ထားပါတယ်။ ဗိုလ်ချုပ် ကျဆုံးသွားတဲ့ နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ ( ဇေကမ္ဘာကုမ္ပဏီ) သည်လည်း ဝန်ကြီးများရုံး (ယခင် အတွင်းဝန် ရုံးဟောင်း) အား လုပ်ပိုင်ခွင့် လျှောက်ထားပြီး စုစုပေါင်း လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ငါးခု ရှိကြောင်း သိရှိရပါသည်။


အခမ်းအနားတစ်ခု၌ ဗိုလ်ချုပ်အောင်ဆန်းမှ မိန့်ခွန်းခြွှေနေစဉ် (ဓါတ်ပုံ - အင်တာနက်)

ထို့အလားတူ ဗဟို တရားရုံး ဟောင်းအားလည်း ပြုပြင် ထိန်းသိမ်းရန် လိုအပ်လျက် ရှိရာ ဦးထွန်းလွင်၏ ကုမ္ပဏီမှ ပြင်ဆင် ထိန်းသိမ်းရန် လုပ်ပိုင်ခွင့် ပေးထားပြီ ဖြစ်ကြောင်း ဝန်ကြီးမှ ဆက်လက် ပြောကြားသွားပါသည်။

“တရားရုံး (ဟိုက်ကုတ်) မှာ တရားခွင်တွေ ပန်းချီပြခန်းတွေ၊ စာကြည့်တိုက်တွေ ထားသွားမယ်။ တရားရုံးကလည်း ရှိနေမယ်၊ အဆောက်အဦး နှစ်ခုလုံးဟာ ထိန်းသိမ်းဖို့ အရမ်းကို လိုအပ်နေပါပြီ။ ကျွန်တော်တို့ အမြတ်ရအောင် လုပ်တာ မဟုတ်ပါဘူး။ အမျိုးသား အမွေအနှစ်တွေကို ပြန်လည် ထိန်းသိမ်းဖို့ပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ထပ်လောင်း ပြောကြား သွားပါသည်။

ထိုအမျိုးသား အမွေအနှစ်များ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လုပ်ငန်းရပ် အသီးသီးတို့၏ အသေးစိတ် အစီအစဉ်များကို နိုင်ငံတော် သမ္မတ မှတဆင့် လွှတ်တော်၌ တင်ပြသွားမည်ဖြစ်သည်။ ထိုသို့ ပြင်ဆင် ထိန်းသိမ်းရာ၌ ယူနက်စကို အဖွဲ့၏ အကူအညီကိုလည်း ရယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားသွားပါသည်။

မူရင်းသတင်းက ဒီမှာပါ။

အမြင်မတူတာတွေကိုညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

"ကျွန်မတို့ လွှတ်တော်ထဲ ရောက်ပြီးသား ဖြစ်နေတဲ့ ပါတီအဖွဲ့အစည်း တော်တော်များများက ကိုယ်စားလှယ်တွေက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြပါတယ်။ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီးတော့ အားလုံး ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြကြပါတယ်။ အဲဒါကတော့ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့ အလားအလာလို့ ကျွန်မ ထင်ပါတယ်။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း အမြင်မတူတာတွေကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လွတ်တော်တွင်း ပါတီအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကြည့်မြင်တိုင်မြို့နယ်၊ အထက် ကြည့်မြင်တိုင်ရပ်ကွက်၊ ဘောဂလမ်းက NLD ရုံးခန်း ဖွင့်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒီကနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး လူထုကို ပြောကြားခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးဖို့ အရေးကြီးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး အဓိက လိုအပ်ချက်ဟာ အလုပ်အကိုင် ဖန်တီးပေးဖို့ ဖြစ်ကြောင်း၊ ဒီကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့ကြ ပါတယ်။

ဒီကနေ့ ရုံးခန်းဖွင့်ပွဲကို ပရိသတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA-Burmese




မူရင်းသတင်းက ဒီမှာပါ။

ပြည်သူများ သတင်းရင်းမြစ် များများရရေး ဒု-ဝန်ကြီးပြော

ပြည်သူလူထုအနေဖြင့် သတင်းအရင်းအမြစ် များများရရှိရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ တွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးစိုးဝင်း က ပြောဆိုသွားသည်။

“စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဘို့လိုသလို ပြည်သူ တဦးချင်းအနေနဲ့ သတင်းအချက်အလက်များကို မတူကွဲပြားတဲ့ သတင်းရင်းမြစ်များကနေ သတင်းများ ရရှိနိုင်ခွင့်ဟာလည်း အရေးကြီးတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်ဆိုတာ ကျနော်တို့အားလုံး အသိအမှတ်ပြုဘို့ လိုအပ်ပါတယ်” ဟု ဦးစိုးဝင်း က ပြောဆိုခဲ့ပြီး စာကြည့်တိုက်များကို Community Center များအဖြစ် အသုံးချနိုင်ရန်နှင့် စာကြည့်တိုက်များမှတဆင့် ကျောင်းပြင်ပ ပညာရေးများ သင်ကြားနိုင်ရန် ရည်ရွယ် လုပ်ဆောင်နေသည်ဟုလည်း ပြောဆိုသွားသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO အဖွဲ့ကြီးတို့က ပူးပေါင်းကာ ရန်ကုန်မြို့ The Strand ဟိုတယ်တွင်ပြုလုပ်သည့် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍လည်း “နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပရခြင်းဟာ ကျနော်တို့အားလုံး စာနယ်ဇင်း လွတ်လပ်ခွင့်ရဲ့ အရေးပါမှုနဲ့ စာနယ်ဇင်းသမားများ ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်ကို အမှတ်ရစေဖို့ပဲ ဖြစ်ပါတယ်” ဟု ပြန်ကြားရေး ဒု-ဝန်ကြီး က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် World Press Freedom Day, 2012 ပွဲအား ရန်ကုန်မြို့ The Strand Hotel တွင်ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးစိုးဝင်း မိန့်ခွန်းပြောကြားနေသည်ကို မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- မင်းမင်းဦး၊ မဇ္ဈိမ)

မီဒီယာဥပဒေ ဒုတိယမူကြမ်းကိုလည်း ဧပြီလ ၂၃ ရက်နေ့က ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးက ပြောသည်။

“ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်များ ရရှိပါက ထပ်မံပြင်ဆင်ပြီး လုပ်ထုံး လုပ်နည်းများနဲ့အညီ ဆက်လက် ဆောင်ရွက်ကာ အနီးဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တင်ပြ အတည်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးဝင်း က အသိပေး ပြောဆိုသွားသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) ကလည်း စာပေလွတ်လပ်ခွင့်တွင် ၇၅ ရာခိုင်နှုန်းခန့် လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိနေပြီဟု သူက ခန့်မှန်းထားသည်။

“မိမိတို့ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သြဇာကြီးမားမှုကို လွဲမှားစွာ အသုံးချခြင်း ကင်းအောင် ကြိုးစားကြရမှာ ဖြစ်တယ်” ဟု ဦးတင်လှိုင် က သတိပေး ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများတွင် ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၇၈ စောင်ကို စာပေစိစစ်ရေးအား တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့်ရရှိထားပြီး ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၈ဝ ကျော်ကို စာပေစိစစ်ရေးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုထားသည်။

၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်များကို ကာကွယ်အာမခံပေးခဲ့သည်။ ၁၉၅ဝ ခုနှစ် အရပ်သား အစိုးရ လက်ထက် တွင် မြန်မာနိုင်ငံသည် အာရှတိုက် တခုလုံး၌ အလွတ်လပ်ဆုံး မီဒီယာလုပ်ငန်း ရှိခဲ့ပြီးနောက် မြန်မာ၊ တရုတ်၊ အင်္ဂလိပ်နှင့် အိန္ဒိယ ဘာစကားများအပါအဝင် သတင်းစာပေါင်း ၃ဝ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ခေတ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသ က ပြောသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် “ပြဋ္ဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင်” နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသည်ဟု ပါရှိသည်။

အသံလွှင့်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲတခုကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် International Media Support တို့ ပူးတွဲ၍ နေပြည်တော်တွင် ဧပြီလ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည်။

ရဲမင်း - ရန်ကုန် (မဇ္ဈိမ) ။ ။

မူရင်းသတင်းက ဒီမှာပါ။

အပစ်ရပ်ခဲ့သော်လည်း မျှော်လင့်ချက် မဲ့သည့် သင်ခန်းစာများ မမေ့ကြရန် KDNG သတိပေး

အစိုးရနှင့် KIO အပစ်ခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း တိုးတက်ပြောင်းလဲမှု မရှိသည့်အဖြစ်ကို သင်ခန်းစာယူကြရန် ကချင် လူမှုဖွံ့ဖြိုးတိုးတက် ရေးကွန်ယက်အဖွဲ့(KDNG) က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးလိုက်သည်။

ယမန်နေ့က ကချင်“ဖွံ့ဖြိုးတိုးတက်ရေး”မှ ကြုံတွေ့ရသော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် KDNG မှ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်တွင် လက်ရှိ အစိုးရနှင့် KIA တို့ တိုက်ပွဲများဆက်ဖြစ်နေခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာခြင်း၊ မူးယစ်ဆေး ၀ါး ဖြန့်ဝေသုံးစွဲခြင်း၊ လယ်ယာမြေသိမ်းဆည်းခြင်း၊ စစ်ပြေးဒုက္ခသည် ပိုများလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများကို ထောက်ပြပြောဆိုထားသည်။

ထိုအစီရင်ခံစာများ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ KDNG ဒုဥက္ကဌ စာဂျီက “ဒီလိုမျိုး ထုတ်ဖော်ရေးသားလိုက်ခြင်းဖြင့် ကချင်ပြည် သူအတွက် လက်ရှိအခြေအနေနဲ့ အတိက်က ဖြစ်ပျက်ခံစားနေရတဲ့ အတွေ့အကြုံကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ မမေ့အပ်တဲ့ သင်္ခန်းစာကို ကချင်ပြည်သူတွေ သိလာမယ်။ တခြားတိုင်းရင်းသားညီအကိုတွေလည်း သိစေချင်တဲ့အနေနဲ့ပါ”ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို KIO မှ ၁၇နှစ်ကြာ သဘောတူ လုပ်ဆောင်ခဲ့သော်လည်း ကချင်လူထု၏ မျှော်လင့်ချက်ကို အစိုးရမှ ဖေါ်ဆောင်ပေးခြင်း မရှိခဲ့သည့်အပြင် ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ နည်းစနစ်မကျသော သယံဇာတထုတ်ယူခြင်း၊ ခေါင်းပုံ ဖြတ်အမြတ်ထုတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း ပြဿနာများ ပို၍ဆိုးရွားလာနေသည်ဟု KDNG ဒုဥက္ကဌက ဆက်ပြောသည်။

“ကချင်လူထုတွေ အတိတ်က ခါးသီးလှတဲ့ အတွေ့အကြုံကို ပြန်လည်သုံးသပ်နိုင်ဖို့ ကျန်တဲ့ တိုင်းရင်းသားညီအကိုတွေကလည်း ကချင် ပြည်သူများခံစားခဲ့ရတဲ့ အတွေ့အကြုံလို ထပ်မခံစားရအောင် ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်အောင် ရေရှည်တည် တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ တကယ်ပဲ လိုအပ်နေတာကို သတိထားသင့်ပါတယ်”ဟု ပြောသည်။

ယခင်အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း စစ်အစိုးရတပ်များ လာရောက်စခန်းချခြင်း၊ အုပ်ချုပ်ရေးရုံးသစ်များကို နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းနှင့် အလုပ်သမားများအား မတရားခိုင်းစေခြင်း၊ အဓမ္မပြုကျင့်ခြင်း အပါအ၀င် စစ်အာဏာပိုင်၏ အပေါင်းဖော်ဖြစ်သူ အကြီးစား စီးပွားရေးသ မား ဌေးမြင့်နှင့် ၎င်းပိုင် ယုဇနကုမ္ပဏီမှ ဟူးကောင်းကျေးရွာရှိ ပြည်သူတို့အား နေရပ်မှ အဓမ္မ ရွှေ့ပြောင်းစေကာ မြေဧက ၂၀၀,၀၀၀ကို သိမ်းယူခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးကျားထိန်းသိမ်းရေးစခန်းမှ သဘာဝလောင်စာဆီ ထုတ်လုပ်နိုင်မည့် တသီးစားအပင် စိုက်ပျိုးရေးကို လုပ်ဆောင်ခဲ့ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။




ထို့အပြင် မြစ်ကြီးနားရှိ ရှာတာပူနှင့် ဒူကထောင်း မျိုးနွယ်စုများရှိ မိသားစုတိုင်း ဘိန်းစွဲဝေဒနာ ခံစားနေကြရသလို ဟူးကောင်းကျေးရွာရှိ သတ္တုတွင်းလုပ်ကိုင်သည့် မြို့နယ်တစ်ခုတွင်မူ ခန့်မှန်းခြေအားဖြင့် သတ္တုလုပ်သား ၈၀% မှာ ဘိန်းမဲစွဲနေကြပြီး မူးယစ်ဆေးစွဲခြင်း ရာဇ ၀တ်မှုများ၊ လောင်းကစားခြင်းများနှင့် လိင်ဖျော်ဖြေရေးရုံများ တိုးပွားလာခြင်းတို့ကြောင့် ခုခံအားကျဆင်းသည့်(HIV/AIDS) ရောဂါ ပိုမို ဖြစ်ပွားလာသည် ဟု ၎င်းအစီရင်ခံစာထဲတွင် ဆက်လက် ဖော်ပြထားသည်။

KDNG သည် ၂၀၀၅မှ ၂၀၁၂ခုနှစ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပျက်နေသော လူမှုဒုက္ခဆိုင်ရာပြဿနာများကို သုသေသနပြုခဲ့ပြီး သက် ဆိုင်ရာ ဒေသခံလူထု ၃၀၀ဦးကို တွေ့ဆုံမေးမြန်းခြင်း၊ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ယူခြင်းဖြင့် လက်တွေ့ ကွင်းဆင်းလေ့လာခဲ့ခြင်း ဖြစ်သည်။

ယင်း အချက်အလက်များပေါ် အခြေခံ၍ အမှောင်လွမ်းနေသောချိုင့်ဝှမ်း (Valley of Darkness)၊ ဧရာဝတီမြစ်ကို ပိတ်ဆို့ခြင်း (Damm-ing The Irrawaddy)၊ ရေဖုံးလွှမ်းခြင်းကို ခုခံတားဆီးခြင်း(Resisting of The Flood)၊ ဒေသခံပြည်သူများ၊ သူဌေးများနှင့် ကျားများ (Ty-rants, Tycoons and Tigers) နှင့် Blood Jade စသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။

မူရင်းသတင်းက ဒီမှာပါ။

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ

ဓါတ်ပုံ-မြန်မာအင်ဒီပဲန်ဒင့်

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးဟာ နိုင်ငံရေးမူဝါဒဆိုင်ရာဘာသာရပ်တွေကို ရက်တိုသင်တန်းအဖြစ် ဆစ်ဒနီ တက္ကသိုလ်တစ်ခုမှာ တက်ရောက်လေ့လာနေကြကြောင်း လ့လာရေးခရီးစဉ်မှာပါဝင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အာအက်အေ ကို ပြောပါတယ်။

ဒေါ်စန္ဒာမင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဇေယျသော်တို့ လည်း ဒီခရီးစဉ်မှာလိုက်ပါလာပြီး သီတင်းပတ် တစ်ပတ်ကျော် ကြာမြင့်မယ်လို့ဆိုပါတယ်။

ဒီလေ့လာရေးခရီးစဉ်ကို သြစတြေးလျ လေဘာပါတီက ဖိတ်ကြား ဆောင်ရွက်ပေးခဲ့တာပါ။

အခုခရီးစဉ်ဟာ NLDလွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ပထမဆုံးအကြိမ် ပြည်ပ သင်တန်း တွေကို တရားဝင် တက်ရောက်လေ့လာတာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်ကို သွားရောက်လေ့လာမှာ ဖြစ်သလို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

လာမယ့်စနေနေ့မှာတော့ သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဆန်ဒနီမြို့မှာ တွေ့ဆုံဆွေးနွေးပွဲ စီစဉ်ထားတယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

By: RFA Burmese

မူရင်းသတင်းက ဒီမှာပါ။

CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေး

ချင်းပြည်နယ်အစိုးရ နဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ဆက်ဆံရေးရုံးထားရှိမယ့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ ဒေသခံ လူထု သုံးထောင်လောက် နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဒေါက်တာရွှေခါး က တက်ရောက် လာကြတဲ့ ပြည်သူတွေ ကို အစိုးရ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ ပါတယ်။

ဒီလို အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာလည်း ချင်းအမျိုးသား တပ်ဦးရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ ဒီမိုကရေစီထွန်းကားရေး ဆိုတဲ့ အချက် (၃) ချက်ကို ကိုင်စွဲပြီး ဆွေးနွေးနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာရွှေခါး က ပြည်သူလူထု ကို ပြောဆိုပါတယ်။

မတူပီမြို့နယ်ဟာ CNF ဆက်ဆံရေးရုံးတွေထားရှိမယ့် မြို့နယ် (၃) ခုထဲက တစ်နေရာဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင် (၁၇) ဦးတို့ဟာ မေလ (၇) ရက် နဲ့ (၈) ရက် နေ့ မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

RFA Burmese




မူရင်းသတင်းက ဒီမှာပါ။

မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် တရုတ် နိုင်ငံသားများအနေဖြင့် လုံခြုံရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဆော်သြလိုက်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အစိုးရနှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အလျောက် တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ထိုဒေသသို့ မသွားရောက်ကြရန် ဝန်ကြီးဌာန ကြေညာချက်အား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ကချင်ပြည်နယ်တွင်း ရောက်ရှိနေထိုင်လျက်ရှိကြသော တရုတ်နိုင်ငံသားများအနေနှင့်လည်း သတိကြီးစွာ နေထိုင်ကြရန် သတိပေးထားသည်။

တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာနှင့် ပန်ဝါ ဒေသများအတွင်း ကချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတို့အကြား ဧပြီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ကြိမ်ရေများစွာ ဖြစ်ပွားလာနေသည်။

မူရင်းသတင်းက ဒီမှာပါ။

ဦးအောင်သောင်း၏ ဆောင်ရွက်ချက်အပေါ် KIO သံသယရှိ

ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေးတင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေအရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေးအဆင့် သုံးဆင့်ကို မကြားသိရဘူးဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေရခြင်း ဖြစ်နိုင်ကြောင်း “ဒါကြောင့် ရှေ့တန်းတွေမှာက ယုံကြည်မှု ပျက်ပြားပြီးတော့ တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာတယ်။ တွေ့ဆုံ ဆွေးနွေးမှုအဆင့် မရောက်ပေမယ့် တဖက်နဲ့တဖက် ယုံကြည်မှုရှိအောင်၊ လေးလေး စားစား ရှိလာဖို့ကတော့ ဒီဆွေးနွေးပွဲမှာ ဦးစီးဦးဆောင်ပေးတဲ့ လူပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောချင်တယ်” ဟု ဦးလနန် က ပြောသည်။


ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေး တင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြော (ဓါတ်ပုံ မဇ္ဈိမ)

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့သစ်တွင် ၎င်း ပါဝင်တော့မည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးအောင်သောင်း က ဧပြီလ ၃ဝ ရက်နေ့တွင် ပြောဆို ထားသည်။

KIO မှ တင်ပြသည့် အဆင့် သုံးဆင့် ဟူသည်မှာ ပဏာမ နိုင်ငံရေးဆွေးနွေးမှု အဆင့်တွင် နှစ်ဘက်တပ်စခန်းများ ကိစ္စကို နှစ်ဘက် သဘောတူညီမှုရသည်အထိ ဆွေးနွေးသွားရန်၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သည့် ပင်လုံကဲ့သို့ ညီလာခံတရပ် ကျင်းပ၍ သဘောတူညီချက်တရပ် အတည်ပြရန်နှင့် ထိုသဘောတူညီမှုများအား အကောင်အထည် ဖော်သွားကြရန်တို့ ဖြစ်သည်။

လက်ရှိ အစိုးရနှင့် KIO အဖွဲ့များအကြား ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံ ဆွေးနွေးရန်နေရာ ညှိနှိုင်းနေဆဲ ဖြစ်ပြီး KIO ဘက်မှ မိုးမောက်မြို့နယ် လွယ်ဂျယ်အနီးရှိ ပရန်ဝမ်ကျေးရွာတွင် တွေ့ဆုံရန် တင်ပြထားမှုကို အစိုးရဘက်က သဘောတူညီမှု မရှိသလို၊ အစိုးရဘက်က တင်ပြထားသည့် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များတွင် တွေ့ဆုံရန် ကိုလည်း KIO က ငြင်းဆိုထားသည်။

တိုက်ပွဲအခြေအနေ အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား မေလ ၂ ရက်နေ့ တရက်တည်းတွင် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် KIO လိုင်ဇာမြို့နယ်အတွင်း တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့သည်ဟု KIO မှ ဦးလနန်က ပြောသည်။

မေလ ၁ ရက်နေ့ နံနက်ပိုင်းက KIO၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ တပ်ဖွဲ့များက မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာ အနီးမှ ဝူထော်ကုန်းဘက် အစိုးရတပ်ရင်း ၈၈ နည်းဗျူဟာ ၁ မှ တက်လာသည့် စစ်ကား သုံးစီးမှ နှစ်စီးကို ဗုံးခွဲဖျက်ဆီးခဲ့ရာ ဒုစစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သူက ဆိုသည်။

မေလ ၂ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ်ဆန်ယန်ကျေးရွာအနီး အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ထိုကျေးရွာအနီးရှိ အနီး အဇီးလူမျိုးများ နေထိုင်သည့် ရွာတရွာကို အစိုးရ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု သိရသည်။

ပန်ဝါမြို့အခြေစိုက်ထားသည့် ဗိုလ်ကြီး Waw Lau ဦးဆောင်သည့် နံပါတ် ၁ဝဝ၂ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေးလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးတင် က ညွန်ကြားခဲ့သည်ဟု KIO ရှေ့တန်းမှ ရဲဘော်တဦးက ပြောသည်။

“မေ ၁ ရက်နေ့ စည်းဝေးလုပ်ပြီး BGF က KIA ရှင်းလင်းရေးလုပ်။ အခုတလောဘဲ ရောက်တဲ့ စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းရေးလုပ်ပါလို့ ပြောပြီး ကျီးကျန်ဆိုတဲ့ ရွာဘက်ကို ပြန်သွားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

နယ်မြေရှင်းလင်းရေး လုပ်နေသည့် အစိုးရ တပ်ဖွဲ့များက လူအခွင့်အရေးချိုးဖောက်မှုများ ပြုကျင့်နေကြကြောင်း ကြားသိရသော်လည်း မဇ္စျိမက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

မူရင်းသတင်းက ဒီမှာပါ။