Wednesday, May 2, 2012

အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် အလုပ်သမားနေ့ အခမ်းအနား


မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့သည့် ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM)တို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို အစီအစဉ် (၁၁) ရပ်ဖြင့် နံနက် ၉း၀၀ အချိန်တွင်စတင် ကျင်းပခဲ့ပြီး အီတလီ သမဂ္ဂအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဗကသများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ Labour Actionနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှာ ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)အဖွဲ့ဝင်များမှ ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ အဲဒီနောက်မှာ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)တို့၏ အောက်ပါပူးတွဲဆုံးဖြတ်ချက် (၇) ရပ်ကို ချမှတ်ခဲ့ကြပါသည်။

၁။ မြေယာစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းရာတွင် အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင့် လယ်သမားအခွင့်အရေးများ ကာကွယ်နိုင်ရန်အတွက် လွတ်လပ်သော တောင်သူလယ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန် ဆုံးဖြတ်သည်။

၂။ အလုပ်သမား၊ လယ်သမား အခွင့်အရေး ဥပဒေရေးဆွဲရာတွင် လွတ်လပ်သော တောင်သူလယ်သမားနှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန် ဆုံးဖြတ်သည်။

၃။ အဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် ကလေးစစ်သားများ စုဆောင်းအသုံးပြုနေခြင်းတို့ကို (၃)နှစ် သက်တမ်းတိုး ခွင့်ပြုထားခြင်းအပေါ် ချက်ခြင်းရပ်တန့်ပေးရန် ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။

၎။ အစိုးရရုံးပိတ်ရက်များတွင် ကာယ၊ဥာဏ အလုပ်သမားထုအားလုံး အလုပ်ပိတ်ရက်နှင့် လုပ်ခလစာအပြည့် ရရှိရန်ဆုံးဖြတ်သည်။

၅။ လွတ်လပ်သော သမဂ္ဂ အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအပေါ် ကန့်သတ်ချုပ်ချယ်နေမှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်သည်။

၆။ ကလေးအလုပ်သမား ပပျောက်ရေးနှင့် အခမဲ့ပညာသင်ကြားရေး ဖော်ထုတ်ပေးရန် ဆုံးဖြတ်သည်။

၇။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒဂုံမြို့သစ်မြို့နယ်မှ "လယ်ယာမြေများအား နောက်ကို မသိမ်းတော့ပါ"ဟု မီဒီယာများအား ပြောကြားခဲ့သော်လည်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာ၊ ဒလဗန်းကျေးရွာ၊ သရက်ပင်ချောင်းကျေးရွာများမှ လယ်ယာမြေများကို စီမံကိန်းနယ်မြေမလွတ်သည့်အတွက် မဖယ်ရှားပေးပါက မြေတူးစက်များဖြင့် ဖယ်ရှားမည်ဟု ခြိမ်းခြောက်နေမှုများကို မိမိတို့ AFFMမှ အပြင်းအထန် ကန့်ကွက်ကြောင်း ဆုံးဖြတ်သည်။ စသည့်ဆုံးဖြတ်ချက် (၇) ရပ် ချမှတ်ခဲ့ကြပါသည်။

"အခမ်းအနားကို အနှောင့်အယှက်မရှိပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီနေ့ မေဒေးနေ့ကိုတောင် စက်မှုဇုံတွေက စက်ရုံတွေက မပိတ်ပေးကြတဲ့အတွက် ဒီနေ့မှာ အလုပ်မဆင်းရင် တလလုံးရဲ့ ရက်မှန်ကြေးက အဖြတ်ခံရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေးနဲ့ ဘဝအခြေအနေတွေကြောင့် မတက်ရောက်နိုင်ခဲ့ကြတဲ့အပေါ် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ရှေ့နှစ်တွေမှာ အလုပ်သမားတွေအားလုံး တန်းတူညီတူ အခွင့်အရေး ရရှိပြီး အလုပ်ပိတ်ရက်တွေမှာ အလုပ်ခွင်တွေမှ အလုပ်နားပြီး လစာ အပြည့်ရပြီးတော့ ရှေ့နှစ်တွေမှာ ဒီထပ်ကောင်းမွန်တဲ့ အခမ်းအနားမျိုးတွေ ပြုလုပ်ခွင့်ရနိုင်ပါစေလို့ ကျနော့အနေနဲ့ ဆန္ဒရှိပါတယ်" လို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို တက်ရောက်ခဲ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ (AFFM) အတွင်းရေးမှူး ဦးမြင့်ထွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)၊ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)၊ ပဲခူးတိုင်း ချည်မျှင်၊ အထည်ချုပ်နှင့် သားရေ အလုပ်သမားများ သမဂ္ဂ (TGLWU)၊ ပို့ဆောင်ရေး နှင့် အထွေထွေ အလုပ်သမား သမဂ္ဂ (TGWU)၊ စာရေးဆရာ၊ စာပုံနှိပ်နှင့် ပညာရေး လုပ်သားများ သမဂ္ဂ (Teachers and Education Workers Union)၊ အနှေးယာဉ် အလုပ်သမားများ သမဂ္ဂ၊ ပလတ်စတစ်ပစ္စည်းစက်ရုံ အလုပ်သမားများ သမဂ္ဂတို့ စုပေါင်း၍ ၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် ၁၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (မေဒေးနေ့) အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တောင်သူလယ်သမားများ၊ စက်မှုဇုံ အလုပ်သမားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အယောက် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ အလားတူပဲ ရန်ကုန်တိုင်း သုံးခွမြို့နယ်နှင့် ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး တို့တွင်လဲ ၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ (AFFM)၊ မြန်မာနိုင်ငံ စက်မှုဇုံ အလုပ်သမားသမဂ္ဂ (MITU)တို့ တရားဝင် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန် နိုင်ငံတော် အစိုးရကို ၂၀၁၁ နိုဝင်ဘာလကတည်းက မှတ်ပုံတင် လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင် အရာရှိချုပ် မခန့်ရသေးကြောင်း စာဖြင့် အကြောင်းပြန်ကြားပြီး အဲဒီနောက်ပိုင်းမှာတော့ တစုံတရာ အကြောင်းပြန်တာမျိုး မရှိခဲ့ဘူးဟု သိရပါသည်။

ဘားမားဗီဂျေ

မူရင်းသတင်းက ဒီမှာပါ။

စာသားမပြင်လည်း ကျမ်းကျိန်လိုက်ရခြင်း (သို့) အရည်အချင်းမရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ဆဌမအကြိမ် မြောက် ရှုံးနိမ့်ခြင်း


ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်ရွှေ တို့ဟာ နှစ်ပေါင်း ၂၀ လောက် ဦးနောက်စွမ်းရည်၊ စီမံခန့်ခွဲမှု စွမ်းရည်နဲ့ လက်တွေ့အကောင်ထည်ဖော်နိုင်မှု စွမ်းရည်တို့ အားပြိုင်လာခဲ့ကြရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အစီအစဉ် မှန်သမျှကို တခု မကျန် ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရည်အချင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမြော်အမြင်ကြီးမားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို အခုချိန်ထိ တခါမှ အနိုင်မရတဲ့ အပြင် ဗိုလ်ချုပ်မှူးကြီး စီစဉ်ထားသမျှ အကွက်ထဲသို့ စိုက်စိုက်မြိုက်မြိုက် ဝင်ခဲ့ရပါတယ်။

အခုဆိုရင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလုပ်သမျှ ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အကြိမ်ကြိမ် ရှုံးနိမ့်ကာ ဦးသန်းရွှေရဲ့ အလိုတော်အတိုင်း လမ်းပြမြေပုံ အတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မေလ ၂ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်များဟာ ဦးသန်းရွှေ စီစဉ်ထားတဲ့ အတိုင်း လွှတ်တော်ထဲကို မတက်ချင် တက်ချင်နဲ့ ကျမ်းကျိန်တော့မှာ ဖြစ်ပါတယ်။

လမ်းပြမြေပုံ (၇) ချက်ကို အောင်အောင်မြင်မြင်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရုံမျှ မက တသတ်လုံး ဆန့်ကျင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ခွက်ခွက်လှန်အရှုံးပေးပြီး လွှတ်တော်ထဲရောက်အောင် စီစဉ် အကောင်ထည်ဖော် ကာ အကြီးအကျယ် အောင်မြင်ခဲ့သော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ မြန်မာ့သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင်ကြီး တစ်ဦးလို့ ပြောလို့ ရသလို ၂၀၁၂ ခုနှစ် မေလ (၂) ရက်နေ့ဟာလည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စီမံကိန်းကြီး ပြီးဆုံးအောင်မြင်သည့်နေ့ အဖြစ် သတ်မှတ်လို့ ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး ရဲ့ အောင်မြင်မှုဟာ တပ်မတော်ရဲ့ အောင်မြင်မှု၊ အစိုးရရဲ့ အောင်မြင်မှု လို့ ပြောလို့ ရသလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှုံးနိမ့်မှုဟာလည်း အစိုးရ ဆန့်ကျင်ရေး အင်အားစု အတိုက်အခံလောကတခုလုံးရဲ့ ရှုံးနိမ့်မှုလို့ ပြောလို့ရပါတယ်။

ပထမ အကြိမ် မြောက် ရှုံးနိမ့်ခြင်း - ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရကို ဆန့်ကျင်ပြီး ၉၀ ရွေးကောက်ပွဲကို လက်ကိုင်ထားရမယ်လို့ ကြေညာခဲ့ပါတယ်... ၂၀၁၁ အောက်တိုဘာ လမှတော့ အရှုံးပေးလိုက်ရကာ ၉၀ ရွေးကောက်ပွဲက လက်တွေ့မကျဘူးလို့ ပြောင်းလဲ သတ်မှတ်ကာ အစိုးရ၏ ဆန္ဒကို လိုက်လျော အရှုံးပေးလိုက်ရပါတယ်။

ဒုတိယ အကြိမ် မြောက် ရှုံးနိမ့်ခြင်း - အစိုးရကို ဆန့်ကျင်ပြီး အမျိုးသားညီလာခံကို NLD မှ သပိတ်မှောက် ရမယ်လို့ ကြေညာခဲ့ပါတယ်... ထို့နောက် ဥက္ကဌ ဦးအောင်ကြီး ဦးဆောင်ပြီး အမျိုးသားညီလာခံကို တက်ရောက်ကာ အစိုးရ၏ ဆန္ဒကို လိုက်လျော အရှုံးပေးလိုက်ရပြန်ပါတယ်။

တတိယအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲကို အမှားခြစ် ကာ ၂၀၀၈ သပိတ်မှောက် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို ဆန့်ကျင် ကာ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၀ မှာတော့ အခြေခံဥပဒေကို ပါ အချက်များကို လိုက်နာခဲ့ရကာ အစိုးရဆန္ဒကို လိုက်လျောပြီး အရှုံးပေးလိုက်ရပြန်ပါတယ်။

စတုထ္ထအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၁၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အရ NLD ကို မှတ်ပုံ မတင် ဟု အစိုးရ ကို ဆန့်ကျင်ကာ ကြေညာခဲ့ ပေမယ့် ၂၀၁၁ မှာတော့ အစိုးရရဲ့ ဆန္ဒကို လိုက်လျောကာ အရှုံးပေးလိုက်ရပြီး ပါတီကို မှတ်ပုံတင်လိုက်ရပါတယ်။

ပဉ္စမအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၀၈ အခြေခံဥပဒေ အရ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲကို မဝင်ဘူးလို့ အစိုးရကို ဆန့်ကျင်ကာ ကြေညာခဲ့အပြီးမှာ ၂၀၁၂ ခုနှစ် ဧပြီလမှတော့ အစိုးရရဲ့ ဆန္ဒကို လိုက်လျောကာ အရှုံးပေးလိုက်ရပြီး ရွေးကောက်ပွဲကို ဝင်လိုက်ရကာ လွှတ်တော်တွင်းမှာ ၆% နေရာလောက်ရတာနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဆဌမအကြိမ် မြောက် ရှုံးနိမ့်ခြင်း - စာသား မပြင်ပေးရင် ကျမ်းမကျိန်နိုင်ဘူးလို့ အစိုးရကို နားပူနစာ လုပ်ကာ လွှတော်မတက်ပဲ သပိတ်မှောက်ခဲ့ပေမယ့် နောက်ဆုံးတော့ အစိုးရရဲ့ ဆန္ဒကို လိုက်လျောပြီး အရှုံးပေးလိုက်ရကာ စာသားမပြင်ပေးတဲ့ လွှတ်တော်မှာ ကျမ်းကျိန်လိုက်ရပါတယ်။

လွှတ်တော်ကို သပိတ်မှောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ (၂) ရက်နေ့ မှာ လွှတ်တော် တက်မယ် လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဦးသန်းရွှေ တစ်ယောက် မချိမဆန့် ပျော်ရွှင် ကြည်နူး ဝမ်းသာ အောင်ပွဲခံနေမှာ ဖြစ်ပြီး အကြိမ်ကြိမ် အရှုံးပေးခဲ့ရတဲ့ ဒေါ်စုတော့ အောင့်သက်သက်နဲ့ မအီမသာ ဖြစ်နေမှာ အသေအချာပါပဲဗျာ....။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

NLD သဘောထားပျော့ပြောင်းမှု ဘန်ကီမွန်း ချီးကျူး

ဓာတ်ပုံ ASSOCIATED PRESS

စစ်မှန်တဲ့ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေးကြ စမြဲ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki Moon ကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံကို ၃ ရက်ခရီးလာခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း အလျှော့အတင်း လုပ်တယ်ဆိုတာဟာ NLD အသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်လုံး အလျှော့အတင်း လုပ်လာခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကို မစုမြတ်မွန်က ဆက်ပြီးပြောပါလိမ့်မယ်၊

မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင်လာရောက် အကဲခတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပေမဲ့ ရှေ့ဆက် အပြောင်းအလဲတွေလုပ်သွားဖို့ လိုအပ်တဲ့ အကြောင်းကို အတွင်းရေးမှုးချုပ် Ban Ki Moon က ပြောကြားခဲ့ပါတယ်၊

- လုပ်ငန်းစဉ်တွေက ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားသင့်ပါတယ်။ ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်မှုတွေမှာ ပါဝင်ချင်စိတ် ရှိသူ တွေကို ကျနော်တို့က ကူညီ အားပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေရောက်ဖို့ သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည် ပါ တော်တော်လေး လုပ်ခဲ့ကြရပြီး နောက်ထပ်တိုးတက်မှုတွေဖြစ်အောင်လုပ်သွားမယ်လို့ သူ့အနေနဲ့ ယုံကြည်လက်ခံတယ်ဆိုတာကိုလည်း Mr. Ban Ki Moon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်၊ ကျန်းသစ္စာကျိန်ဆိုရာမှာ အသုံးအနှုန်းကို လက်မခံနိုင်ပေမဲ့ ပြည်သူတွေအကျိုးအတွက် အလျှော့ပေးပြီး NLD ကလွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ချက်ချခဲတာကိုလဲ ခုလို ချီးကျူးပါတယ်၊

- ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရမယ်ဆိုတာကို နားလည်ပါတယ်၊ နိုင်ငံရေးသမားတွေ ဆိုတာ တချို့ကိစ္စတွေအပေါ်မှာ သဘောထားအမြင် မတူတာမျိုးရှိတတ်ကြပါတယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုအကျိုးအတွက် အလျှော့အတင်း လုပ်ပေး ကြစမြဲဖြစ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဒီလို ဆုံးဖြတ်ချက်ချတဲ့ အတွက် လေးစားပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်အမတ် တယောက် အနေနဲ့ မြန်မာနိုင်ငံအတွက် ထိရောက်နဲ့ အပြုသဘောဆောင်ရွက်မှုတွေကိုလုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ညင်သာပျော့ပြောင်းမှုရှိရမယ်လို့ NLD က အမြဲလက်ခံထားတယ်လို့ ပြောပါတယ်၊

- နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်တဲ့အခါမှာ ပြုနိုင် ပြင်နိုင်ရမယ်ဆိုတာကို ကျွန်မတို့က အမြဲ လက်ခံ ထားပါတယ်၊ အခုလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာလို့ ပျော့ပြောင်း ညင်သာဖို့ လိုပြီလို့ သဘောထား တာ မဟုတ်ပါဘူး၊ ကျွန်မတို့ နိုင်ငံရေးအရ ရုန်းကန်ခဲ့တဲ့ ကာလ တလျှောက်လုံးမှာ ဒီအချက် ကို လက်ခံ ယုံကြည်ခဲ့ကြတာပါ၊ ကျွန်မတို့ရည်မှန်းချက်တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရနိုင်ဖို့ ကလည်း ဒီတနည်းနဲ့ပဲ ရနိုင်မှာပါ၊ ဒါကြောင့် လွှတ်တော် တက်တော့မှာမို့ ပြုနိုင် ပြင်နိုင်တဲ့ထုံးကို လက်ကိုင် ထားလိုက်တယ် လို့ ပြောလို့ မရပါဘူး၊ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကာလ တလျှောက်လုံးမှာ ဒီထုံးကို ကျွန်မ တို့ရဲ့ နိုင်ငံရေး နည်းနာတခု အဖြစ်နဲ့ သုံးလာခဲ့တာဖြစ်ပါတယ်၊

ရှေ့လာမယ့် လတွေ နှစ်တွေမှာ နိုင်ငံရေးသမားတွေဆုံးဖြတ်မဲ့ဆုံးဖြတ်ချက်တွေဟာ နောင် မျိုးဆက်ပေါင်း များစွာရဲ့ အနာဂါတ်ကို ပုံဖော်မှာဖြစ်လို့ အင်မတန်အရေးကြီးတဲ့ကာလကို နိုင်ငံရေးသမားတွေ ဖြတ်သန်း ရမှာဖြစ်တယ်၊ ရဲ့ရင့် ပြတ်သားမှု၊ ခေါင်းဆောင်မှု၊ အပေးအယူလုပ်မှုတွေ လိုအပ်တယ် ဆိုတာကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က အလေးထား ပြောသွားခဲ့ ပါတယ်၊ ဒီမိုကရေစီ လမ်းကိုလျှောက်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း ဆက်လက် အားပေးသွားမယ်လို့ ဆိုပါတယ်၊

- မြန်မာပြည်သူတွေနဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်နေကြပါပြီ၊ အားလုံး ပါဝင်ခွင့် ရှိတဲ့ ဒီမိုကရေစီကိုလဲမြတ်နိုးကြပါတယ်၊ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး ရဲ့ ထောက်ခံ အားပေးမှုကို ရသင့်ပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေနဲ့ ခြေလှမ်းတိုင်းမှာ အတူလက်တွဲပြီး တတ်နိုင်သမျှ ဆက်ပြီး ရပ်တည်သွားမှာဖြစ်ပါတယ်၊

ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပိုပြီး ပေးလာနေ ကြပါတယ်၊ ဒီအကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိဖို့ လိုတယ်ဆိုတာ ကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခုလို ပြောခဲ့ပါတယ်၊

- မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအတွက် အကူအညီပဲပေးပေး၊ လူသားချင်းစာနာမှုအတွက် အကူအညီ ပဲ ပေးပေး၊ ပြည်သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းအစတွေ တိုးတက်ရေး၊ အစိုးရအပေါ် မှီခိုမှု နည်းသွား နိုင်ရေးတွေမှာ ဒီထောက်ပံ့မှုတွေကို သုံးသင့်ပါတယ်၊ ဒါမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက် မှုတွေဟာ လမ်းမှန်ပေါ် ရောက်ဖို့ အာမခံနိုင်မှာပါ၊ ခုလို ကျွန်မရဲ့ စိုးရိမ်မှုကိုလည်း အတွင်းရေးမှုးချုပ် နားလည်မယ်လို့ ထင်ပါတယ်၊

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ တတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ပထမဆုံး အကြိမ်လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်ရှင်၊

By စုမြတ်မွန် (ဗီအိုအေ-မြန်မာပိုင်း)

မူရင်သတင်းက ဒီမှာပါ။

အမြင်မှန်ရလာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်တွင် အခြေခံဥပဒေကို ကာကွယ်စောင့်လျှောက်ပါမည်ဟု သစ္စာဆို

အမြင်မှန်ရလာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုယ်စားလှယ်များ ဟာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ " ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်လျှောက်ပါမည်" ဟု သစ္စာဆို ကျမ်းကျိန်ခဲ့ကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ပြီး လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်များက အယူ ဝါဒ အမှား များကို စွဲကိုင်ပြီး လွှတ်တော်ကို သပိတ်မှောက်ကာ ကျမ်းမကျိန် ပဲ နေခဲ့ကြပါတယ်။

ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရောက်လာပြီး နောက်တစ်ရက်မှာပဲ အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပပြီး ကျမ်းကျိန်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လွှတ်တော်အမတ် ဖြစ်ဖို့ ဆန္ဒပြင်းပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၈ နာရီ ၁၅ မိနစ်က နေပြည်တော်သို့ လေကြောင်း ခရီးစဉ်နဲ့ အစောဆုံး ရောက်နေခဲ့ပါတယ်။

၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NLD ရဲ့ ကြေညာချက်မှာတော့ NLD အနေနဲ့ ပါးစပ်ကတော့ ကွာကွယ်စောင့်လျှောက်ပါမယ်လို့ ပြောပြီး လုပ်တာကတော့ လေ့စားလိုက်နာ တာနဲ့ပဲ ဆက်လုပ်မှာ ဖြစ်ကြောင်း၊ အပြောနဲ့ အလုပ် ညီမှာ မဟုတ်ကြောင်း ပြောထားပါတယ်။

လွှတ်တော် သတ်တမ်းတစ်လျှောက်လုံးမှာ ကျမ်းမကျိန်ချင်တဲ့ NLD ကိုယ်စားလှယ်များ ဒီနေ့ ကျမ်းကျိန်တဲ့ အသံက အကျယ်ဆုံးလို့ သိရပြီး NLD အမတ် အရေအတွက်ဟာ ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးရဲ့ ၆% ပဲ ရှိကြောင်း သိရပါတယ်။


အခြေခံဥပဒေ အား ကာကွယ်စောင့်လျှောက်ပါမည် ဟု ကျမ်းကျိန်နေသော ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်လိုက်များ

ပထမ ဆုံးအကြိမ် လွှတ်တော် တက်ဖူးသည့် NLD ကိုယ်စားလှယ်များ

အင်အား ၆% ရှိ NLD ကိုယ်စားလှယ်များ ဦးသူရ ရွှေမန်းရှေ့တွင် မက်တတ်ရပ် သစ္စာဆိုကြစဉ်

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အဓမ္မစစ်သားအဖြစ်စုဆောင်းပြီး အတင်းစစ်တိုက်ခိုင်းခံနေသော KIA စစ်သားလေးများ


၂၉ရက်နေ့ကဘဲ မိုးညင်းမြို့နယ်ရှိမော်ဟန်မြို့နယ်ရှိ နန်းပေါင်ချောင်းဖျား ရွှေမှော်မှာ KIA စစ်သား ၂၀ လောက်ရောက်ရှိလာပြီး ရွှေမှော်မှာ လုပ်ကိုင်နေတဲ့လက်လုပ်လက်စားရွယ်ကောင်းတဲ့လူငယ် ၂၃ယောက် အားကြိုးတွေနဲ့တုတ်ပြီးခေါ်ဆောင်သွားခဲ့တယ်၊

ခေါ်ဆောင်သွားတာတော့ ၁၃ နှစ်ကနေ ၂၅ နှစ် ပတ်ဝန်းကျင် လောက်တော့ရှိကြတယ်။ သူတို့ လူသစ်လာစုကြတယ်ထင်ပါတယ် အခုမှမဟုတ်ပါဘူး အခု နောက်ပိုင်းမှာ ခဏခဏ လာလာ ခေါ်နေပါတယ်။

သူတို့ဆီမှာ စစ်တိုက်ဖို့ခေါ်ဆောင်သွားတဲ့သူတွေကို သူတို့က အတင်းစစ်တိုက်ခိုင်းကြတယ်။ ဒီကလူတွေကတော့ တော်တော်လေးစိတ်ဆင်းနေကြတယ်။

ငြိမ်းချမ်း ရေးဆွေးနွေးနေတယ်လို့ကြားနေရပေမယ့် KIA ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေးမယူချင်ပုံရပါတယ်။ အဆင်ပြေတယ်ကိုမရှိပါဘူး။

သမ္မတကြီးက သဘောထားပြည့်နေပေမယ့်လဲ။ အခု သူတို့ KIA ခေါင်းဆောင်ပိုင်းရဲ့လုပ်ဆောင်ချက်တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ်နေတယ်။

တံတားတွေကိုမိုင်းခွဲတယ်။ ရွှေမှော်ကအလုပ်သမားတွေကိုအတင်းလူသစ်စု အတင်းစစ်တိုက် ခိုင်းတယ်။ အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်တယ်။ အကြောင်းမဲ့လူတွေသတ်နေတယ်။

သမ္မတကြီးက ဘာဖြစ်လို့ ဒီလောက်တောင်သဘောထားတွေကြီးနေရတာလဲ။ ကျွန်တော်ကိုယ်ကျွန်တော် ရှက်မိပါတယ် ကချင်လူမျိုး တစ်ယောက်ဖြစ်နေတာကို။ အခုလိုဖြစ်ပျက်နေတဲ့ကိစ္စတွေက တစ်ခုတည်းမှမဟုတ်ပါဘူး အများကြီးပါ။

ကချင်လူမျိုးတွေကို စာနာသနားသောအားဖြင့် စဉ်းစားပြီး တာဝန်ယူဖြေရှင်းပေးကြပါလို့ ကျွန်တော် ကချင်လူမျိုးတစ်ယောက် ပြည်သူတစ်ယောက်အနေနဲ့ လက်တွေ့ခံစားနေရမှုတွေကိုရင်ဖွင့် လိုက်ရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ကလိမ်ကကျစ် ဒေါ်စုကြည်ထံသို့ အိတ်ဖွင့်ပေးစာ


ဟော လုပ်ချလိုက်ပြန်ပြီ ပြည်သူ့များရဲ့ ဆန္ဒ ၊ ပြည်သူတို့ရဲ့လိုလားချက်အရ အခြားအတိုက်အခံ ပါတီများရဲ့ တောင်းဆိုချက်အရ ကျမ်းကျိန်ချက်ကို လက်ခံပြီး လွှတ်တော် တက်တော့မယ်တဲ့။

မေးပါရစေ ဒေါ်စုကြည် အစက ကျမ်းကျိန်ချက်နဲ့ ပါတ်သက်ပြီး လက်မခံပါနဲံ့ လွှတ်တော်မတက်ပါနဲ့လို့ ဘယ်ပြည်သူတွေက ဆန္ဒဖေါ်ပြလို့ ဘယ်ပါတီတွေက တောင်းဆိုလို့ မတက်ရောက်နိုင်ဖူးလို့ ဆုံးဖြတ်ရတာလဲ။

ကိုယ့်သဘောကိုယ်ဆောင်ပြီး လွှတ်တော်တက်ဖို့ ခေါင်းပေါင်းစတထောင်ထောင်နဲ့ ခပ်ကွင်းတပြင်ပြင်နဲ့ ဟန်ရေးပြင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မျက်နာတောင် မထောက်နိုင်ဘဲ ကျမ်းကျိန်ချက်ကို အကြောင်းပြပြီး လွှတ်တော်မတက်ရောက်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တာမဟုတ်လား။

အခုမှ ပြည်သူတွေရဲ့ ဆန္ဒအရ လို့ ဘာလို့ ညာလို့ဆိုပြီး ကျန်းကျိန်ချက်ကိုလက်ခံပြီး လွှတ်တော်တက်မယ်လို့ နာမည်ကောင်းယူပြီးပြောပြန်တယ်။ ဒီလိုဆိုရင် ခင်ဗျားလွှတ်တော် မတက်နိုင်ပါ ဘူးလို့ ဆုံးဖြတ်တုန်းက အမေစု ဆုံးဖြတ်ချက် မှန်ပါတယ်လို့ မျက်နှာလိုအားရ ထောက်ခံချက်အမျိုးမျိုးပေးခဲ့ကြတဲံ့ ပြည်သူတို့ရဲ့ဆန္ဒကို မဖေါ်ဆောင်တော့ဘဲ မျက်ကွယ်ပြုတာလား ။

ဒီမယ်ဒေါ်စုကြည် ခင်ဗျား ဒီလိုအချိုးမျိုးချိုးတာ အခုမှမဟုတ်ဘူး အာဇာနည်နေ့ ချီတက်ရေး မတက်ရေးကိစ္စ အပါအ၀င် အပြောင်းအလဲ ဗလောင်းဗလဲ လုပ်တာတွေ အများကြီးပါ။ ခေါင်းဆောင် ကောင်းတို့မည်သည်မှာ မိမိဆုံးဖြတ်ချက်မှားရင်လည်း မှားကြောင်းရဲရဲဝံ့ဝံ့ ၀န်ခံနိုင်ရပါမယ် အခုမှ ပြည်သူ့ဆန္ဒအရလို့ အကာအကွယ်ယူပြီးပြောတာ အင်မတန်အောက်တန်းကျလှပါတယ်။

မှားတယ်မမှားဘူးဆိုတာခင် ဗျား သိမှာပါ မှားတယ်ဆိုတာသိရင် မိမိမှားကြောင်း ရဲရဲဝန်ခံပါ ဘာမှအကြောင်းပြနေရန်မသင့်ပါဘူး။ မမှားဘူးလို့ယုံကြည်ရင်လည်း တိုင်းပြည်နဲ့ ပြည်သူကောင်းကျိုးဆောင်ရွက်တာဖြစ်လို့ ခေါင်းဆောင်ကောင်းပီသ စွာနဲ့ မိမိဆုံးဖြတ်ချက်ကို သေသည်အထိ စွဲကိုင်သွားဖို့လိုပါတယ်။

ပြောလိုပါသေးတယ်ဒေါ်စုကြည် ခင်ဗျားသာ တကယ်တန်းပြည်သူတွေရဲ့ဆန္ဒအရ ဆောင်ရွက်နေတာပါဆိုရင် ပြည်သူအားလုံးတွင်မက မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲံ့ ပြည်ပနိုင်ငံအသီးသီးရဲ့ တောင်းဆိုနေကြတဲ့ ခင်ဗျားကိုကျောထောက်နောက်ခံအားပေးနေတဲ့ နိုင်ငံကြီးများက မြန်မာနိုင်ငံအပေါ်မှာ တားဆီးပိတ်ဆို့ အရေးယူမှုတွေကို လုံ့းဝရုပ်သိမ်းပေးဖို့ ခင်ဗျားပါးစပ်က တောင်းဆိုလိုက်စမ်းပါ ။

အဲဒါတွေကမှ ပြည်သူလိုလားတဲ့ဆန္ဒစစ်စစ်ဖြစ်ပါတယ်။ ခင်ဗျားတောင်းရဲပါ့မလား။ တောင်းရဲရင်တော့ ...............။ အာဇာနည်ပေါ့။

မူရင်းသတင်းက ဒီမှာပါ။

KIO အပေါ် ထိုးစစ်ဆင်ရန် မြန်မာစစ်တပ် စစ်ပြင်နေပြီဟု စစ်ရေးလေ့လာသူဆို

တရုတ်နယ်စပ် လိုင်ဇာမြို့ အခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက် ရန် မြန်မာစစ်တပ်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော် ဇောက သျှမ်းသံတော်ဆင့်သို့ ပြောကြားသည်။


ဧပြီလ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့ အခြေစိုက် မပခ စစ်တိုင်းရုံး၌ ရမခ၊ မပခစစ်တိုင်းမှူးများနှင့် ကစထမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ကိုယ်တိုင် ပါဝင်တက်ရောက်သည့် စစ်ဆင်ရေး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်မှ စစ်ပြင်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေသည့်အပေါ် ယခုလိုသုံးသပ်၍ ပြောဆိုခြင်း ဖြစ်သည်။

“ရရှိထားတဲ့ အခြေအနေတွေပေါ်က စဉ်းစားရင် မကြာခင်အချိန်အတွင်းမှာ ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ မပခ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပူးတွဲပြီး လိုင်ဇာ ပဲဖြစ်ဖြစ် မိုင်ဂျာယန်ပဲဖြစ်ဖြစ် KIA လွတ် မြောက် ဒေသ စခန်းတစ်ခုခုကို ထိုးမဲ့ စစ်ဆင်ရေးမျိုးလုပ်လာမယ်လို့ ယူဆတယ် ” ဟု သူကဆိုသည်။

ယခုရက်ပိုင်း မြန်မာအစိုးရတပ်များ ဗန်းမော်မြို့သို့ ရေလမ်းမှတဆင့် ပို့ဆောင်နေပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် လည်း သွေးလှူကြရန် လှုံ့ဆော်နေခြင်းမှာ ထိုးစစ်ဆင်မည့် လက္ခဏာဖြစ်ကြောင်း သူက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးပြုလုပ်မည့် အချိန်မှာ လက်ရှိမြန်မာနိုင်ငံ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်း ပြန်လည်ထွက်ခွာမည့် အချိန်နှင့် ဒုသမ္မတ ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO တို့ ဆွေးနွေးပွဲ မဖြစ်မှီစပ်ကြား အချိန်ကိုက် ပြုလုပ်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုသည်။

KIO ဋ္ဌဌာနချုပ်လိုင်ဇာမြို့အား သိမ်းပိုက်ရန် အစီအစဉ်မရှိဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ရထားပို့ ဆောင် ရေးဝန်ကြီးက ဧပြီလ ၂၉ ရက်နေ့က အတည်ပြု ပြောကြားထားသည့်တိုင် စစ်ရေးအစီအစဉ်မှာအဆို ပါ ပြောဆိုမှုနှင့် ကွဲလွဲနိုင်သည်ဟု ဆိုသည်။

“ကျနော့ အမြင်ကတော့ ဒီဆွေးနွေးပွဲ မဖြစ်ခင်စပ်ကြားမှာ KIA ကို အပြစ်ဒဏ်ပေးဖို့ရည်ရွယ်ပုံရတယ် ပြီးခဲ့ တဲ့ ပန်ဝါမှာ သတ်ဖြတ်မှုတို့ မီးရထားလမ်းမိုင်းကွဲမှုတွေကို အစိုးရသတင်းစာထဲမှာ KIA လုပ်တယ်လို့ ပြော ထားတယ် ပြီးခဲ့တဲ့ အောင် ဇေယျ စစ်ရေးလေ့ကျင့်မှုထဲမှာလည်း KIA နဲ့ပတ်သက်တာ ၂ ခု ၃ ခုပါတယ် လက်ရှိမှာလည်း အမြောက်တွေနဲ့ပစ်ပြီး ခြိမ်းခြောက်နေတယ် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ မြင်တယ် ” ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း KIAနှင့် အစိုးရတပ်တို့ နှစ်ဘက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဒုက္ခသည် ဦးရေလည်း ထပ်တိုးလာနေကြောင်း သိရသည်။

မူရင်းသတင်းက ဒီမှာပါ။

တောင်ကြီးမြို့ မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်


လာမဲ့ မေလ (၈)ရက်နေ့ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်ဖြစ် ကြောင်းသိရပါတယ်။

တစ်မြို့နယ်လျှင် တွင်း/မှူး (1)ယောက်နှင့် မြို့နယ်ကော်မတီဝင် (၂)ဦးစီ တက်ရောက်ရမှာဖြစ်ပါတယ်။ မြို့နယ်အသီးသီးမှ မိမိပါတီအား သုံးသပ်ချက်၊ မိမိမြို့နယ် ပါတီအားသုံးသပ်ချက်၊ ပြည်သူနှင့်ပါတီဆက်ဆံရေး အခြေအနေသုံးသပ်ချက်၊ ဌာနဆိုင်ရာ အာဏာပိုင်များနှင့်ဆက်ဆံရေး အခြေအနေသုံးသပ်ချက်၊ မြို့နယ်/ရပ်ကွက်/ကျေးရွှာ/ မည်သို့ပြန်လည်ဖွဲ့စည်းသင့်ကြောင်းသုံးသပ်ချက်များပါဝင် ဆွေးနွေးဖို့  ရှိတယ်လို့ သိရပါတယ်။

လက်ရှိရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီများအနေဖြင့် ပြည်သူ့ အခက်အခဲများ ကူညီဖြေရှင်းရန်အတွက် ဌာနဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းမရဖြစ်နေကြောင်း သိရှိရပါတယ်။

ပါတီအတွင်း အဆင့်ဆင့်တင်ပြမှုနှေးကွေးနေပြီး၊ ပြည်သူ့ဆန္ဒအမြန် ဆုံးဖြည့်ဆည်းနိုင်ရန် ညွှန်ကြားချက်မပေးနိုင်ခြင်းကြောင့် ပြည်သူ့ယုံကြည်မှုရရှိရန် သေချာမှုမရှိနိုင်သေးကြောင်း.. ပါတီဝင်တစ်ဦးမှ ပြောပါတယ်။

Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။

သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာတွေမှာ အ၀ီစီတွင်းရေ ထွက်ရှိပြီ





သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာများမှာ အသစ်ထူးဖော်ထားတဲ့ အ၀ီစီတွင်းရေ ကိုတွေ့ ရစဉ် (ဓါတ်ပုံ-ပိုးအိဖြူ)

ရေရှာပါးပြတ်လပ်မှုဒဏ်ခံနေရတဲ့ ရန်ကုန်တိုင်း သုံးခွမြို့ နယ် ပင်လယ်ကမ်းနားက ရွာတွေမှာ ရက်ပိုင်းအတွင်း တူးဖော်လိုက်တဲ့ အ၀ီစီတွင်းတွေကနေ ရေချိုရေကြည် တွေထွက်ရှိနေပြီလို့ သိရပါတယ်။

သာသာမြိုင်ရွာ၊ ဘိတ်သိတ်ရွာ၊ ရန်ကြီးအောင်ရွာ၊ ဟေမစလာရွာ အားလုံးပဲ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ NLD အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကြောင့် ရေချို ရေကြည်ရရှိ သုံးစွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာလူထုနဲ့ ရေလိုအပ်ချက်ဟာ မလုံလောက်သေးတာကြောင့် နောက်ထပ်လည်း ရေတွင်းတွေ ထပ်ထူးဖို့ အစီအစဉ်တွေရှိတယ်လို့ သုံးခွမြို့ မှ NLD အဖွဲ့ ဝင် မပိုးအိဖြူ က ပြောပါတယ်။

"ရေလိုအပ်နေတဲ့ ရွာတွေအများကြီးရှိနေသေးတာကြောင့် ရွာတွေမှာ အ၀ီစိတွင်း တွေရအောင် ကြိုးစားပြီး အလှူရှင်တွေရှာကြ ရေတကယ်လိုအပ်နေတဲ့ ရွာတွေကို ရေလှူရင်းနဲ့ ရေလိုအပ်နေတဲ့ ဓါတ်ပုံတွေရိုက်ပြီး ရွာတွေမဆင်းနိုင်တဲ့ အလှူရှင်တွေကိုပြရတာပါ ။ မိုးရွာလို့ ရွာတွေမှာ ပိတ်မိနေတဲ့ အချိန်တွေလည်းရှိပါတယ် ။ NLD အဖွဲ့သားတွေ ခက်ခက်ခဲခဲ နဲ့ ကြိုးပမ်းပြီးလှူကြရတာပါ ၊အရမ်းလည်းပင်ပန်းကြတာပါ " လို့  မပိုးအိဖြူ က ဆက်ပြောပြပါတယ်။

သုံးခွမြို့နယ် NLD အမတ် ဒေါ်စုစုလွင် ရဲ့ ကိုယ်စားလှယ်တွေကလည်း ရေတွင်း တူးဖော်နေတဲ့ ရွာတွေမှာသွားရောက် နေထိုင်ပြီး ရေရရှိတဲ့ အထိ ကြိုးပမ်းဆောင် ရွက်နေကြကြောင်းသိရပါတယ်။

Myanmar News Now အ၀ီစီရေတွင်း တတွင်းတူးဖော်ချိန် (၃) ရက်ကြာပြီး ရေတွင်း တတွင်းကို ကုန်ကျ စရိတ် (၁၂) ဆယ့်နှစ်သိန်း ရှိပါတယ်။ ရေတွင်း လှူဒါန်းလိုသူများအနေဖြင့် --

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့  အောင်ဇေယျလမ်း၊ လင်းရောင်ဦးရုပ်ရှင်ရုံရှေ့

ဖုံး-05640787

မနက်(၈)နာရီမှညနေ(၄) နာရီ အတွင်းဆက်သွယ်နိုင်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ကုလသမဂ္ဂတွင် မိန့်​ခွန်း​ပြောရန် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဘန်ကီမွန်း​ ဖိတ်ကြား

မစ္စတာ ဘန်ကီမွန်း နှင့် ဒေါ် အောင်ဆန်း စုကြည်

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ ဒီက​နေ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​နေအိမ်မှာ သွား​ရောက်​တွေ့​ဆုံပြီး​ လွှတ်​တော်တက်ဖို့​ ဆုံး​ဖြတ်လိုက်တဲ့​အ​ပေါ် ချီး​ကျူး​ဂုဏ်ပြုလိုက်ပြီး​ ကုလသမဂ္ဂမှာ မိန့်​ခွန်း​ပြောကြား​ဖို့​လည်း​ ဖိတ်ကြား​ခဲ့​ပါတယ်။

မစ္စတာ ဘန်ကီမွန်း​ဟာ ဒီက​နေ့​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လွှတ်​တော်တက်​ရောက်​ရေး​ ​ပျော့​ပျောင်း​ညင်သာစွာ သ​ဘောတူ လုပ်​ဆောင်လိုက်တာနဲ့​ ပတ်သက်ပြီး​ ချီကျူး​ဂုဏ်ပြုစကား​ ​ပြောကြား​ခဲ့​တာပါ။

မြန်မာနိုင်ငံဟာ ပြုပြင်​ပြောင်း​လဲ​ရေး​ကို လုပ်​ဆောင်​နေ​ပေမယ့်​ အခက်အခဲ​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်လို့​ မစ္စတာ ဘန်ကီမွန်း​က ​ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ဖြစ်စဉ်မှာ အခက်အခဲ​တွေ ရှိချင်ရှိမယ်။ စိန်​ခေါ်မှု​တွေက​တော့​ ဆက်ရှိ​နေ​သေး​တယ်။ ပြုပြင်​ပြောင်း​လဲ​ရေး​ ဖြစ်စဉ်က​တော့​ ပြန်မပြင်သင့်​တော့​ဘူး​။ ​နောက်ပြန် မလှည့်​ရ​တော့​ဘူး​” လို့​ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ အန်အယ်လ်ဒီပါတီဟာ အငြင်း​ပွား​နေတဲ့​ စကား​ရပ်​တွေကို ​ပျော့​ပျောင်း​စွာ လုပ်​ဆောင်နိုင်ခဲ့​တာဟာ ပါတီရဲ့​ မဟာဗျူဟာ လုပ်ငန်း​စဉ်အသစ်လည်း​ မဟုတ်ဘူး​လို့​ သတင်း​ထောက်​တွေကို ​ဖြေကြား​သွား​ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုက​ရေစီရရှိ​ရေး​ကြိုး​ပမ်း​တဲ့​ ကာလတ​လေ်ွာက်လုံး​မှာ ​ပျော့​ပျောင်း​တဲ့​ နည်း​လမ်း​ကို ကျမတို့​ အမြဲယုံကြည်ခဲ့​ပါတယ်။ ဘာလို့​လဲဆို​တော့​ အကြမ်း​မဖက်ဘဲနဲ့​ ​ပျော့​ပျောင်း​တဲ့​ ချဉ်း​ကပ်မှုမျိုး​နဲ့​သာ ကျမတို့​လိုချင်တဲ့​ ပန်း​တိုင်ကို ​ရောက်ရှိနိုင်မှာ မို့​လို့​ပါပဲ။ အဲဒီအတွက် ​ပျော့​ပျောင်း​တဲ့​ လုပ်​ဆောင်ချက်​တွေဟာ ကျမတို့​ပါတီရဲ့​ နည်း​ဗျူဟာအသစ်လို့​ ကျမ မထင်ဘူး​” လို့​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​အရ ပြုပြင်​ပြောင်း​လဲမှု​တွေဟာ ဥပ​ရောသမဂ္ဂရဲ့​ အ​ရေး​ယူပိတ်ဆို့​မှု​တွေကို တနှစ်ဆိုင်း​ငံ့​မှု​တွေဖြစ်​စေပြီး​တော့​ ဒီနှစ်နဲ့​ လာမယ့်​နှစ်​တွေအတွက် အ​မေရိကန်​ဒေါ်လာ သန်း​ ၂၀၀ နီး​ပါး​ မြန်မာနိုင်ငံ ဖွံ့​ဖြိုး​မှု​တွေအတွက် အကူအညီရ​စေခဲ့​တာပါ။

နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီနဲ့​ ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ဖွံ့​ဖြိုး​ရေး​အတွက်ဖြစ်ဖြစ်၊​ လူသား​ချင်း​ စာနာ​ထောက်ထား​လို့​ပဲ ဖြစ်ဖြစ် ဘယ်လို အကူအညီမျိုး​တွေမဆို ရရှိတာဟာ မြန်မာနိုင်ငံသား​တွေအတွက် ကိုယ်စွမ်း​ကိုယ်စ​တွေ တိုး​တက်မြင့်​မား​စေပြီး​တော့​ အစိုး​ရအ​ပေါ်ကို မှီခိုစိတ်​တွေကလည်း​ ​လေ်ွာ့​နည်း​စေဖို့​ဆိုတာ ဖြစ်ပါတယ်။ မြန်မာ့​ဒီမိုက​ရေစီ ဖြစ်စဉ်ဟာ မှန်ကန်တဲ့​လမ်း​ကြောင်း​အတိုင်း​ သွား​မယ်ဆိုတာ ကျမ အ​သေအချာ ​ပြောနိုင်ပါတယ်” လို့​ သတင်း​ထောက်​တွေကို ​ဖြေဆိုခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ကို နယူး​ယောက် ကမ္ဘာ့​ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံမှာ မိန့်​ခွန်း​ပြောကြား​ဖို့​ကိုလည်း​ မစ္စတာ ဘန်ကီမွန်း​က ဖိတ်ကြား​ခဲ့​ရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က လက်ခံခဲ့​တယ်လို့​ သိရပါတယ်။ ဒါ​ပေမယ့်​ ဘယ်အချိန်မှာ သွား​ရောက်ပြီး​ မိန့်​ခွန်း​ပြောမလဲ ဆိုတာကို​တော့​ မသိရ​သေး​ပါဘူး​။

မစ္စတာဘန်ကီမွန်း​ဟာ ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ကျင်း​ပတဲ့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေရဲ့​ အစည်း​အ​ဝေး​ကို တက်​ရောက်ခဲ့​ပြီး​ မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် သူ့​ရဲ့​ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲတခု ကျင်း​ပခဲ့​ပါ​သေး​တယ်။

မင်းလွင် (ဒီဗွီဘီ)

မူရင်းသတင်းက ဒီမှာပါ။

NLD လွှတ်တော် ကိုယ်စားလှယ် တချို့ နေပြည်တော်ရောက်ရှိ

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် (၃၀) ကျော် နေပြည်တော်မှာ ဒီကနေ့ ရောက်ရှိနေကြပြီး၊ မနက်ဖြန် ကျမ်းသစ္စာကျိန်ဆိုဖို့ အဆင်သင့် ဖြစ်နေကြပြီလို့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကနေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ အစိုးရ ရုံးပိတ်ရက် ဖြစ်ပေမယ့် လွှတ်တော်ရုံးကို ဖွင့်လှစ်ပေးထားပြီး၊ မှတ်ပုံတင် ကဒ်ပြားနဲ့ စာရွက်စာတမ်း ကိစ္စတွေ အပါအ၀င် လွှတ်တော်တက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်ကို ရောက်လာတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ဒေသခံ NLD ပါတီဝင် (၆၀) လောက်က ပန်းစည်း၊ ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျမ်းသစ္စာ ကျိန်ဆိုဖို့အတွက် မနက်ဖြန် မနက်ပိုင်းမှာ လေကြောင်းခရီးနဲ့ နေပြည်တော်ကို သွားရောက်မှာဖြစ်တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

RFA-Burmese




မူရင်းသတင်းက ဒီမှာပါ။

ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ

ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားချက်ဖြင့် ပြည်ပသို့ထွက်ခွာခဲ့သည့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီဖြစ်သည်။

ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လိုက်ပါလာသည့်လေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဓာတ်ပုံပါ အမှတ်တရ တီရှပ်များ ၀တ်ဆင်ကာ သွားရောက်ကြိုဆိုခဲ့ကြသည်။

ညနေ ၅ နာရီခန့်တွင် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့အား အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက တယ်လီဖုန်း ကွန်ဖရန့်ပြုလုပ်ကာ တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာ http://citizenofburma.org ရှိ ‘သတင်းများ’ ကဏ္ဍနှင့် ‘အစီအစဉ် ပြက္ခဒိန်’ ကဏ္ဍ တို့တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။

ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ။

citizenofburma

မူရင်းသတင်းက ဒီမှာပါ။