Saturday, April 7, 2012

အညတရအကျဉ်းသားရဟန်းတော်များ (၁၆) – အရှင်ဥက္ကံသ (မွန်)

ဘွဲ့ အမည် – အရှင်ဥက္ကံသ
မွေးသက္ကရာဇ် – ၁၉၈၀
နေရပ် – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ
အဖမ်းခံရသည့်နေ့ - ဇူလိုင် ၁၊ ၂၀၁၀ ပုဒ်မ – ၅၀၅ (ခ)၊ ၁၇/၂၀၊ ၃၃ (က)/၃၈
ချမှတ်ခံရသည်ထောင်ဒဏ် – ၁၅ နှစ်။
နေခဲ့ရသည့်ထောင် – အင်းစိန်ထောင်၊ ပုသိမ်ထောင်
လွတ်ရက် – ဇန်ဝါရီ ၁၃၊ ၂၀၁၂



• အမျိုးသားရေးလှုပ်ရှားမှုများ

(၁) မွန်အမျိုးသားကျောင်းတွင် (၁၉၉၉ မှ၂၀၀၁) အထိ ကျောင်းဆရာလုပ်ခဲ့။
(၂) Save the children တွင်စေတနာ့ဝန်ထမ်း (၂၀၀၁ မှ၂၀၀၂) အထိ လုပ်ဆောင်ခဲ့။
(၃) မုဒွန်းရွာ မွန်လူငယ်အသင်းကိုဖွဲ့စည်းခဲ့။
(၄) မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ အောင်ဇေယျပရိယတ္တိစာသင်တိုက်နှင့် မွေးရပ်ဇာတိမုဒွန်းရွာတွင် စာကြည့်တိုက်တည်ထောင်ခဲ့။
(၅) သွေးလှူအသင်း၊ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းများဖွဲ့စည်းခဲ့ပြီး ရွှေဝါရောင်အရေးအခင်း၊ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးများတွင် ပါဝင်လှုပ်ရှားခဲ့။

• နိုင်ငံရေးလှုပ်ရှားမှုနှင့် ဖြစ်စဉ်

၂၀၁၀ ခုနှစ်က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက္ခမီ စတဲ့မြို့က ကားလမ်းမတွေပေါ်မှာ No 2010 ကြက်ခြေခတ်အမှတ်ကို မှုတ် ဆေး ဗူးတွေနဲ့ (၂၀၁၀ ရွေးကောက်ပွဲကို) ဆန့်ကျင်ရေးသားလှုပ်ရှားခဲ့မှု၊ အီလက်ထရောနစ်ပုဒ်မ၊ တရားမဝင်ပုံနှိပ်တဲ့ ဥပဒေပုဒ်မ။ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မသုံးခုနဲ့ ထောင်ဒဏ် (၁၅) နှစ်ချမှတ် ခံခဲ့ရတဲ့အရှင်ဥက္ကံသ (ခ) ဇော်လတ်ဟာ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ မထင်မှတ်ဘဲတနေ့မှာ သူနဲ့ အွန်လိုင်းပေါ်မှာဆုံတွေ့ခဲ့ရပြီးစကား ပြောခွင့်ရခဲ့ပါတယ်။ တက်ကြွတဲ့ရဟန်းငယ်တပါးဖြစ်ပြီး သူရဲ့နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်တွေနဲ့ အနာဂတ်မှာသူလုပ်မဲ့လုပ်ငန်းစဉ်တွေ၊ သူ အဖမ်းဆီးခံရပုံတွေနဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ပြောပြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက အရှင်ဥက္ကံသရဲ့အဓိကတောင်း ဆိုချက်သုံးရပ်ကတော့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး၊ နိုင်ငံရေးအကျဉ်း သားများလွတ်မြောက်ရေး စတဲ့တောင်းဆိုချက်တွေ ဖြစ်ပါတယ်။

၂၀၁၀ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၂ နာရီခွဲလောက်မှာ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်မှာ စရဖတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး သူအဖမ်းခံရတုန်းက ကွန်ပျူတာတလုံး၊ ဗွီဒီယိုကင်မရာတလုံး၊ ဒစ်ဂျစ်တယ်အိတ်ဆောင်ကင်မရာတလုံးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့စာရွက် ၄ ရွက် နဲ့အတူ အဖမ်းခံရတာပါ။ အဖမ်းခံရတဲ့ညမှာဘဲ မုဒုံမြို့ရှိ ရဲနဲ့အဖွဲ့စည်းပေါင်းစုံကအာဏာပိုင် (၃၀) ခန့်က အရှင်ဥက္ကံသနေထိုင်တဲ့စာသင် တိုက်ကို လာရောက်ရှာဖွေစစ်ဆေးခဲ့ပြီး ကွန်ပျူတာအပိုပစ္စည်းတွေနဲ့  စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားခဲ့ပါတယ်။

သံဖြူဇရပ်မြို့ စရဖရုံးမှာ ကြမ်းကြမ်းတမ်းတမ်း စစ်ကြောရေးပြုလုပ်တာခံခဲ့ရပြီး နောက်တရက်မှာတော့ သတိမေ့မျောသွားလို့ မော်လမြိုင် ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် သီးသန့်ဆေးကုသခံခဲ့ရပါတယ်။ အဲဒီနောက် အင်းစိန်ထောင်ကိုပို့လိုက်ပါတယ်။ အင်းစိန်ထောင် စစ်ကြော ရေးစခန်းမှာလည်း အရိုက်အနှက် ခံခဲ့ရပြီး ကျောက်ကပ်ယောင်တဲ့ ဝေဒနာတွေထပ်မံခံစားခဲ့ရပါတယ်။ ဆေးကုသခွင့်တောင်းခံပေ မဲ့ ထောင်အာဏာပိုင်တွေက ဆေးရုံမှာ ဆေးကုသခွင့်မပြုခဲ့လို့ ဝေဒနာတွေကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရကြောင်းပြောပါတယ်။

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်က စစ်ဖိနပ်နဲ့ ရင်ဝဆောင့်အကန်ခံရတာကို တပည့်တော်ဘ၀မှာ ဘယ်တော့မှမမေ့ဘူးဘုရားလို့ လည်း နာနာကျင်ကျင်နဲ့ ပြန်ပြောပြပါတယ်။ သူအဖမ်းခံရပုံကိုလည်း ခုလိုပြန်ပြောပြပါတယ်။

တပည့်တော် မော်လမြိုင်၊ ရေး၊ ကျိုက္ကမီရေလည်ဘုရား စတဲ့နေရာအတော်များများမှာ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ဆေးမှုတ်လှုပ်ရှားမှု တွေ လုပ်ခဲ့တယ်။ အဲဒီသတင်းတွေကို ပြည်ပသတင်းဌာနတွေကို ပို့ပေးတယ်။ အဲဒီကနေပြီး သံဖြူဇရပ်မြို့နယ်၊ ကျုံကြုတ်ရွာဘုန်းကြီးပျံပွဲအသွားလမ်းမှာစရဖတွေဝိုင်းဖမ်းတာကိုခံရတာဘုရား။ အဖမ်းခံရတဲ့နေ့မှာဘဲ သံဖြူဇရပ်စရဖရုံးမှာ စစ်ကြောရေးလုပ်တယ်။ အတင်းလူဝတ် လဲခိုင်းတယ်။ လက်သီးနဲ့ အထိုးခံရတယ်။ ခြေထောက်နဲ့ အကန်ခံရတယ်။ နှိပ်စက်လွန်းလို့ တပည့်တော်သတိမေ့သွားတယ်။ သတိရတော့ မော်လမြိုင်ဆေးရုံမှာ အတွင်းလူနာအဖြစ်ရောက်နေမှန်းသိရတယ်။ အတော်အကြင်နာတရားမဲ့တဲ့သူတွေပါဘုရား။

နောက် (၃) ရက်လောက်နေတော့ အင်းစိန်ထောင်ကိုပို့ လိုက်တယ်။ အဲဒီမှာလည်း အတော်လေးအနှိပ်စက်ခံရပါတယ်။ အရင်ထဲကတပည့် တော်က ကျောက်ကပ်မကောင်းလို့ ဆေးစားနေရတာပါ။သူတို့ရိုက်နှက်တဲ့ဒဏ်တွေရယ်၊ တပည့်တော် ကျောက်ကပ်ဝေဒနာခံစားရတာတွေ ကြောင့် ဆေးရုံတက်ခွင့်တောင်းပေမဲ့ ဆေးကုသခွင့်မရခဲ့ဘူး။ တရားရုံး (၇) ကြိမ်တက်ရတယ်။ နောက်တော့ ထောင်ဒဏ် (၁၅) နှစ်ချပြီး ပုသိမ်ထောင်ကိုပို့လိုက်တယ်။ ပုသိမ်ထောင်ရောက်ပြီးတဲ့နောက် နေ့တိုင်း ညနေ (၆) နာရီမှာ မွန်အလံတင်သီချင်းဆိုတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တပည့်တော်က မွန်ပြည်သူတွေကို သိပ်လွတ်လပ်စေချင်တာဘဲ။ တပည့်တော်တို့ တိုင်းရင်းသားတွေ အဖိနှိပ်ခံနေရတယ်။ အဖိနှိပ် ခံဘ၀က လွတ်မြောက်စေချင်တယ်။ နောက်ပြီး တပည့်တော်က သတင်းထောက်ကောင်းတယောက်လည်းဖြစ်ချင်တယ်။ တပည့်တော်တို့ လူမှုပတ်ဝန်းကျင်မှာ သတင်းလွတ်လပ်မှုသိပ်မရှိသေးဘူး။ မွန်တွေ သတင်းဘက်ပိုင်းမှာ အားနည်းနေသေးတယ်။

မွန်ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့၊ ကိုယ့်လူမျိုးတွေ တိုးတက်ကောင်းမွန်ဖို့ ဆက်ပြီးတော့ လုပ်ဆောင်သွားအုံးမယ်။ အခုတပည့် တော် နိုင်လှုံရွာ အောင်ဇေယျ မွန်ပရိယတ္တိစာသင်တိုက်မှာနေတယ်ဘုရားလို့ ပြောပြပါတယ်။

ဦးဥက္ကံသနဲ့ပက်သက်လို့ တပည့်ဖြစ်သူ မင်းသိုက်အောင်ကလည်း …

သူက ဒီဗုဒ္ဓစာပေယဉ်ကျေးမှုတို့ ယဉ်ကျေးမှုသင်တန်းတွေပေါ့နော်။ သူက တအားတက်ကြွတဲ့သူပေါ့။ သူက တိုးတက်တဲ့အမြင်တွေရှိတယ်။ အမြဲဆရာအနေနဲ့ပါဝင်ပြီးတော့ ပါဝင်သင်ကြားနေတဲ့သူတစ်ယောက်။ ပြီးရင် ဒီသင်တန်းသားတွေကို အမြဲတမ်းပြောတတ်ပါတယ်။ အခုက ခေတ်မီတဲ့အချိန်ဆိုတော့ ခေတ်မှီတဲ့နည်းပညာပိုင်းတွေကိုတော့ သူကသင်ကြားဖို့လည်း အမြဲတမ်းအားပေးတယ်။ ကွန်ပျူတာသင်တန်းတွေ တက်ဖို့။ အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့၊ အဲဒီလိုမျိုးပေါ့နော် တခါ တခါဆို အင်တာနက်တွေသုံးဖို့ပြောတယ်။

အကျဉ်းထောင်ကလွတ်မြောက်လာတာနဲ့ ပက်သက်ပြီး … တပည့်တော်ထောင်ထဲမှာ (၂) နှစ်လောက်နေခဲ့ရတယ်။ ကိုယ်လွတ်လာပေမဲ့ လည်း ၀မ်းမသာနိုင်သေးဘူးဘုရား။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကျန်နေသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဘို့လည်း ဆက်ပြီးတော့လုပ်သွားရအုံးမှာပေါ့ဘုရား။ တပည့်အကြောင်းက ဒီလောက်ဆိုရပါပြီ။ ပြောစရာတွေကတော့အများကြီးဘဲ။

အရှင်ဘုရားရေ … ဒီမှာ ည (၉) နာရီခွဲပြီဘုရား။ အင်တာနက်ဆိုင်က မီးပိတ်တော့မယ်တဲ့။ တပည့်တော် ကျောင်းပြန်တော့မယ်ဘုရားလို့ ကမန်းကတမ်း နှုတ်ဆက်ပြန်ကြွသွားလေရဲ့။ ဘာမှတောင် ပြန်ပြောချိန်မရလိုက်။

ဦးဥက္ကံသအကြောင်း၊ ထောင်ထဲမှာကျန်နေသေးတဲ့အကျဉ်းကျသံဃာတော်တွေအကြောင်း၊ လျှပ်စစ်မီးအကြောင်း၊ စဉ်းစားရင်း ရင်မောနေမိပါတော့တယ်။

မူရင်းလင့်က ဒီမှာပါ။

ဘာသာ သာသနာ ကိုထိမ်းသိမ်းစောင့်ရှောက်ပေးကြပါ(ပေးစာ-၁၂၆)


မန္တလေးမြို့တွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးသွား၏၊ ပါတီများစွာ ရှိသည့်အနက် ဘာသာသာသနာကို ညိုးနွမ်းအောင် ပြုလုပ်သွားသော ပါတီများလည်း တွေ့မြင်ရပါသည်။

အထူးသဖြင့် NLD သည် ရွေးကောက်ပွဲ မတိုင်မှီ ဒေါ်အောင်ဆန်းကြည် ခရီးစဉ်ပြီးမှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်၊ ပြည်သူလူထုအား မဲဆွယ်စည်းရုံးခြင်းအား စည်းကမ်းတကျ ရှိမရှိကို မပြောလိုသော်လည်း (၂၈-၃-၂၀၁၂)ရက်နေ့မှစ၍ မန္တလေးမြို့၏ အထင်ကရ ဘုန်းကြီးကျောင်းများ၏ ရှေ့တွင် မြန်မာရိုးရာယဉ်ကျေးမှု့ သံစဉ်များမပါသော အနောက်တိုင်း ယဉ်ကျေးမှု့ Rock , Rupper, သံစဉ် စာသားများဖြင့် မဲဆွယ် စည်းရုံးခဲ့ကြပါသည်၊ အခြေခံဥပဒေအရ သံဃာတော်များ မဲပေးခွင့် မရှိကြသည်ကို NLD လူကြီးများ မသိကြ၍လား? ဘယ်အတွက်ကြောင့် စည်းရုံးကြသနည်း?

အထင်ရှားဆုံး တစ်ခုကို ပြောလိုပါသည်၊ မန္တလေးမြို့ရှိ အထင်ကရရှိသော မြတောင်ကျောင်းတိုက်မှာ (၃၅)လမ်း၊ (၈၅)လမ်း၊ (၈၆)လမ်းကြားတွင်တည်ရှိပြီး၊ မြတောင်ကျောင်းတိုက်၏ အရှေ့ဘက်တွင် ဒဟတ္တောဘုရားဝင်း၊ အနောက်ဘက်တွင် လျှပ်စစ်ရုံးဝင်း၊ မြောက်ဘက်တွင် ဦးလှသိန်း ဗိမ္မာန်နှင့် ရေပေးရေး ရုံးဝင်းရှိပါသည်၊ လူနေအိမ်များ မရှိသော နေရာဖြစ်ပြီး သာသန နယ်မြေသဖွယ် ဖြစ်သောနေရာ ဖြစ်ပါသည်၊ ဘာကြောင့် သံဃာတော်များ နေထိုင်ရာ မြတောင်ကျောင်းတိုက်ရှေ့တွင် (၂၈)ရက်နေ့ညက တစ်နာရီကျော်အကြာ စည်းရုံးရေး အလှပြယာဉ်ဖြင့် အနောက်တိုင်းဂီတများ ဖြစ်သော ROCK, RUPPER မဲဆွယ်စည်းရုံးရေး တေးသီချင်းများဖြင့် ဆူညံစွာ အော်ဟစ်မြူးတူး ကခုန်နေကြပါသည်၊ သံဃာတော်များ စာမေးပွဲများ ဖြေဆိုနေကြသည်ကို NLD လူကြီးများ မသိရှိကြဘူးလား??


NLD ပါတီ စည်းရုံးရေးကာလက မြင်ကွင်း

ထိုသီချင်းသံများကို သံဃာတော်များသည် ကြားကြသောအခါ ခွတ်ဒေါင်း အလံများလွင့်ထူ ခွတ်ဒေါင်းနှဖူးစီးများ၊ ခွတ်ဒေါင်းစတေကာများ မျက်နှာများကပ်ပြီး ဆူညံစွာ မြူးတူးအော်ဟစ် ကခုန်ကြပါသည်၊ (မှတ်ချက်= ထိုဓါတ်ပုံများကို တင်ပြလိုက်ပါက နိုင်ငံတကာရှိ အခြားသော ဘာသာများမှ ဝေဖန်ပြစ်တင် ရှုတ်ချမည်စိုးသောကြောင့် မတင်ပြလိုက်ပါ၊ သိရှိလိုက တောင်းယူ ကြည့်ရှု့နိုင်ပါသည်။) သံဃာတော်အရှင်မြတ်များကိုလည်း ဦးတင်လိုပါသည်ဘုရား၊ သုံးလောကထွဋ်ထား မြက်စွာဘုရား၏ သိက္ခာပုဒ် ၀ိနည်းတော်များသည် တနည်းအားဖြင့် ဘုရားရှင်ကိုယ်တော်မြတ် ချမှတ်ထားသော ဥပဒေများ ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်ဘုရား၊ မြတ်စွာဘုရား၏ သားတော်များဖြစ်သော ရဟန်းသံဃာများမှ ပိုမိုသိလိမ့်မည်ဟု ယုံကြည်ပါတယ်ဘုရား။

ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်သစ်သို့ ပြောင်းလွဲကူးပြောင်းနေသော အချိန်ခါ ဖြစ်ပါသည်။ မီဒီယာလောကသည်လည်း ဖွံ့ဖြိုးတိုးတက်နေပါသည် ကမ္ဘာ့ နိုင်ငံအသီးသီးမှ သိရှိထားသည်မှာ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ တိုးတက် အထွန်းကားဆုံးသောနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု သိရှိတားပါသည်၊ သံဃာတော်များနိုင်ငံရေး မလုပ်ရလို့ မဆိုလိုပါ၊ နိုင်ငံရေး လုပ်မယ်ဆိုရင်လည်း သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံစွာဖြင့် ပုဂ္ဂိုလ်ရေး ကင်းရှင်းတဲ့ အမျိုးသားနိုင်ငံရေးဘဲ ပြုလုပ်သင့်ပါတယ်ဘုရား၊ ယခုလိုမျိုး ပါတီနိုင်ငံရေး၊ NLD ပါတီအား ကြိုဆိုခြင်း၊ မဲဆွယ်ခရီးများ လိုက်ပါဆောင်ရွက်ခြင်း၊ အော်ဟစ်မြူးတူး ကခုန်ခြင်းများ ပြုလုပ်သင့်တော့ပါဘုရား။

သာသနာ့ဝန်ထမ်း ရဟန်းသံဃာများနှင့် NLD ပါတီမှ လူကြီးများ၊ အခြားခြားသောပါတီမှ တာဝန်ရှိသူများ၊ အားလုံးခင်ဗျာ ဗုဒ္ဓဘာသာ သာသနာတော်ကို ညိုးနွမ်းပျက်စီးအောင် ပြုလုပ်နေသူများအား ၀ိုင်းဝန်း ထိမ်းသိမ်းပေးပါခင်ဗျား။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

ပိတောက် …လမ်းခွဲ(ကဗျာ)


ဘ၀မှာ
ပိတောက်ပန်းနဲ့
သူစိမ်းဆန်ခဲ့တဲ့ သင်္ကြန်တွေ …။

“သင်္ကြန်သီချင်းတွေဟာ
မြနန္ဒာကို မကျော်နိုင်သေးဘူး ..” *

ဒီနွေဦးမှာ
ပန်းငုဝါတွေက
ညိုမြသီချင်းကိုဆို

လျှပ်စစ်အသံလှိုင်းထံမှ
နှုတ်ခမ်းလက်ဆင့်စကားများ
မဏ္ဍပ်တကာနဲ့ ရေပက်ခံကားဘီးတွေအောက်မှာ
အစိမ်းလိုက်သေဆုံးနေဆဲ
ငယ်ပိတောက်တွေ …။

* မင်းသားကြီး ဦးမြတ်လေး မကွယ်လွန်မီ ပြောခဲ့သည့်စကား..။

မူရင်းလင့်က ဒီမှာပါ။

မြစ်ဆုံ စီမံကိန်း ဆက်လက်လုံးဝ လုပ်ဆောင်ခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား


ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် လုံခြုံရေး တပ်ဖွဲ့ တစ်ချို့သာကျန်ရှိတော့ပြီး စက်ယန္တရား ပစ္စည်းများ ကိုလည်း ရွှေ့ထုတ်ခြင်း၊ ပြန်သယ်ခြင်းများပြုလုပ်သွားရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိပါကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း မှ ပြောကြားခဲ့ပါသည်။

အဆိုပါအချက်ကို ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel တွင် ပြုလုပ်ခဲ့သော ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု သတင်းစာရှင်းလင်းပွဲတွင် Sky Net ရုပ်သံမှ မေးမြန်းမှုကို ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် Sky Net ရုပ်သံမှ ဒေါက်တာ တင်အောင်ရွှေ မြစ်ဆုံစီမံကိန်းအား သမ္မတကြီးမှ ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမည် ဟု ကြေညာ ထားသော်လည်း ပြည်လည်လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေခြင်းနှင့် ပတ်သက်၍ တကယ်ဟုတ်၊ မဟုတ် ပြောကြားပေး ပါရန် မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှ

" မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာ ပို့ပြီးတော့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော်သမ္မတ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ လွှတ်တော်မှာ အတည်ပြုကြေညာထားတဲ့ကိစ္စ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်တို့က ဆုံးဖြတ်ထားတဲ့ ကိစ္စ၊ အတည်ပြုထားတဲ့ ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာ ဘာမှ မရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝ ရပ်ဆိုင်း ထားပါတယ်။

သို့သော်လည်း စီမံကိန်းက စတင်လုပ်ဆောင်တဲ့အချိန်က သုံးလေးနှစ်လောက်ရှိခဲ့တဲ့ အခါကျတော့ သုံးခဲ့တဲ့ စက်ယန္တရားတွေ၊ ယာဉ်တွေ၊ စက်ကိရိယာတွေ၊ အချို့သော တည်ဆောက်ရေး ပစ္စည်းတွေ၊ ဥပမာအားဖြင့် သံချောင်းလိုဟာမျိုးတွေပေါ့။ နောက် စမ်းသပ်စစ်ဆေးရတဲ့ Laboratory ပစ္စည်း၊ ပစ္စယမျိုးတွေ စသဖြင့် ချက်ချင်းရွှေ့ထုတ်လို့ မရတဲ့ ပစ္စည်းတွေ ကျန်ပါတယ်။

အဲဒါတွေကို မပျောက်ပျက်အောင် စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့အချို့တော့ ကျန်ပါတယ်။ စက်ယန္တရား ပစ္စည်းတွေကိုလည်း ရွှေ့ထုတ်ဖို့၊ ပြန်သယ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း တင်ပြအပ်ပါတယ်" ဟု ပြန်လည်ဖြေကြားသွားခဲ့ပါသည်။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

မြန်မာနိုင်ငံ နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂအဖွဲ့ဝင် ဖြစ်ပြီ


IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂက မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံတို့ကို အဖွဲ့ဝင်အဖြစ် ကြာသပတေးနေ့က လက်ခံလိုက်ပါတယ်။

အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ရှိတဲ့ IPU မှာတောင်ဆူဒန်က ၁၆၁ နဲ့ မြန်မာက ၁၆၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သွားကြပါတယ်။

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပနေတဲ့ ၆ ရက်ကြာ IPU ညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရာဒီ က- " မြန်မာနဲ့ တောင် ဆူဒန်နိုင်ငံတွေ အသစ်ပါဝင်လာကြလို့ အခုဆိုရင် IPU မှာအဖွဲ့ဝင် ၁၆၂ နိုင်ငံ ရှိသွားပါပြီ။ အခုလို IPU အဖွဲ့ဝင်ဖြစ်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သူတို့ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာပဲဖြစ်ပါတယ်။

နိုင်ငံသစ်တွေကို IPU က ကြိုဆိုပါတယ်။ သူတို့ တိုင်းပြည်တွေမှာ ပါလီမန် ဒီမိုကရေစီစနစ် အခြေခံအုတ်မြစ်တွေ ခိုင်မာလာအောင် တည်ဆောက်တဲ့နေရာမှာ မိမိတို့က ကူညီထောက်ပံ့ အားပေးကြမှာ ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပါလီမန်ကိစ္စတွေ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရေး၊ တိုင်းပြည် လူထုတွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးတို့အတွက် ထူထောင်ခဲ့တာဖြစ်ပါတယ်။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးများဘ၀ (ပေးစာ)

ကမ္ဗောဒီးယား အိမ်ဖော် အိမ်စေ အမျိုးသမီးငယ်များ

ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သောအစိုးရအဖွဲ့နှင့်အတူ မလေးရှားလုပ်ငန်းရှင်များ လည်း တအုပ်ကြီးလိုက်ပါသွားသည့်သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှလည်းကောင်း၊ အင်တာနက်သတင်းဝက်ဆိုက်ဒ်များ မှတ ဆင့် ကြားလိုက်မြင်လိုက်ရသည်။

ကျနော့်မိတ်ဆွေတဦးမှလည်း ကျနော့်ထံသို့ ညဖက်ကြီး ဖုန်းဆက်အကြောင်းကြားလေသည်။ အကိုရေ ..မလေးရှားဝန်ကြီးချုပ်နာဂျစ် မြန်မာပြည်ကိုသွားပြီဗျ..တဲ့။ ကျနော်သိလိုက်သည်။ ဟုတ်မယ်..ဗျ။ သူတို့က မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့အတွက် သွားတာပါ။ မြန်မာ ပြည်သူပြည်သားများအတွက် ဘာမှဝမ်းသာစရာမရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီမလေးရှားနိုင်ငံရဲ့အကျိုးစီးပွားနဲ့ မြန်မာစစ်အစိုးရ တပိုင်း ဦးသိန်းစိန်အစိုးရက လူတွေရဲ့အကျိုးစီးပွားအတွက် သွားတာပါလို့ ကျနော် ဖုန်းထဲကနေပြန်ပြောလိုက်မိတယ်။

တကယ်လည်း မြန်မာပြည်သူပြည်သားများ အတွက်မပါ ပါဘူး။ မလေးရှားအစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်လို့ ၀တ်ကျေ တန်းကျေ သံတမန်စကားလုံးလေးအရလွဲပြီး အင်တိုက်အားတိုက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ပါ။




အာရှကျားတကောင်ဖြစ်လာအောင်လုပ်ဆောင်နိုင်ခဲ့တာကိုတော့ ချီးကျုးစရာဖြစ်ပေမဲ့ ... မလေးရှား အတိုက်အခံပါတီတွေကို နိုင်ငံရေး အရနှိပ်ကွပ်ခဲ့ပုံတွေကတော့ သူကလည်း တော်တော်လက်သံပြောင်ပါတယ်။ အခုမကြာသေးတဲ့ကာလကမှ အမှုမှပြန်လည်လွတ်မြောက် လာတဲ့ အတိုက်အခံခေါင်းဆောင် အန်နာဝါအီဘရာဟင်ဟာ အဲဒီ မဟာသီလက်ထက်ကတော့ ဒုဝန်ကြီးချုပ်တဦးဖြစ်ခဲ့ပေမဲ့ မဟာသီရဲ့ နိုင် ငံရေးအရ နှိပ်ကွပ်ချင်လာတဲ့အခါမှတော့ ..ယောင်္ကျားချင်း ကာမဆက်ဆံတယ်၊ (SODOMY ) တယ်ဆိုပြီး ဇွတ်အတင်းထောင်ချပစ်ခဲ့ပါတယ်။ ဗမာပြည်က စစ်အစိုးရလို မဟာသီကလည်း ယဉ်ယဉ်လေးနဲ့လက်သံပြောင်ခဲ့သူပါ။


အခုမြန်မာပြည်ကိုရောက်နေတဲ့ မလေးရှားအစိုးရ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်တဲ့အဖွဲ့ဟာ နှစ်နိုင်ငံစီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့ ရောက်ရှိပြီး နေပြည်တော်က စစ်အစိုးရတပိုင်း ဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေးနေတယ်ဆိုပါတယ်။ သူတို့ဆွေးနွေးတာ..မဆွေးနွေးတာကို ကျနော်စိတ် မ၀င်စားပါဘူး။ ဘာဖြစ်လို့စိတ်မ၀င်စားလည်းပြောရရင် မြန်မာပြည်က ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရဟာ သူတို့လုပ်ခဲ့သမျှ လုပ် ငန်းမှန်သမျှဟာ မြန်မာပြည်သူပြည်သားများအတွက်တော့ ဘာမှအကျိုးကျေးဇူး မဖြစ်လာဘူးဆိုတဲ့အချက်နဲ့ .. နောက်တချက်က လာ ရောက် ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားတိုင်းပြည်နဲ့ မြန်မာပြည်က စစ်တပိုင်း ဦးသိန်းစိန်အဖွဲ့အစိုးရကလူတွေအတွက်သာလျှင် ကွက်ကွက် က လေးသာ ကောင်းစားသွားတာတွေချည်းပဲမို့ ကျနော်စိတ်မ၀င်စားဘူးလို့ ပြောခြင်းဖြစ်ပါတယ်၊

ဗိုလ်ခင်ညွှန့်ကောင်းစားစဉ်ကာလက ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို အာစီယံအဖွဲ့ကြီးထဲကို ဇွတ်သွင်းပေးခဲ့တဲ့နိုင်ငံပါ။ အဲဒီကာလက မလေး ရှားဝန်ကြီးချုပ်ဟာ မဟာသီယာမိုဟာမက်ဖြစ်ပါတယ်။ မဟာသီဟာ မလေးရှားနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင်၊ ဒါဖြင့်ရင် ..စိတ်မ၀င်စားရင် ဘာဖြစ်လို့ထည့်ပြောနေလည်းမေးလာရင် ကျနော်ဖြေပါ့မယ်။

မလေးရှားအစိုးရနဲ့ မြန်မာပြည်က ဦးသိန်းစိန်အစိုးရတို့ နေပြည်တော်မှာ စီးပွားရေး ရင်းနှီးမြုပ်နှံမည့်ကိစ္စတွေအပြင် ..မြန်မာပြည်မှ မြန်မာ အမျိုးသမီးများအား မလေးရှားကို အိမ်ဖော်အဖြစ်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်စေလွှတ်ပေးဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကို ကျနော်တို့ သိရှိလိုက်ရတဲ့အတွက်.... ကျနော်ဒီစာလေးကို ချက်ခြင်းတင်ပြလိုက်တာပါ။

မလေးရှားမှာ အများဆုံးအိမ်ဖေါ်အလုပ်၊ တနည်း အစေခံအလုပ်ကို များသောအားဖြင့် တောနေ အင်ဒိုနီးရှားအမျိုးသမီးများနှင့် ဖိလစ်ပိုင် အမျိုးသမီးများသာ လုပ်ကိုင်ကြတာပါ၊ အင်ဒိုအမျိုးသမီးများက အများဆုံးပါ။ ဘာဖြစ်လို့လည်းဆိုတော့ အင်ဒိုနီးရှားလူမျိုးများရဲ့စကားဟာ မလေးရှားစကားနဲ့ တူပါတယ်။ အင်ဒိုစကားလဲ သက်သက်တော့ရှိပါတယ်။ အင်ဒိုနီးရှားလူမျိုးအားလုံးက မလေးရှားစကားကို ပြောနိုင်ပါ တယ်။ နောက်တချက်က နိုင်ငံချင်းကလည်း နီးပါတယ်။ ကိုးကွယ်ယုံကြည်မှုဘာသာလည်း တူကြပါတယ်။ အဲဒီလို ဘာသာတူ စကားတူတဲ့ အင်ဒိုနီးရှားအိမ်ဖေါ်တွေကို မလေးရှားအိမ်ရှင်များက ခဏခဏနှိပ်စက်လို့ ပြသာနာခဏခဏတက်နေဆဲပါ။

အဲဒီအတွက် အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေက သူတို့နိုင်ငံသူများအတွက် ၀င်ရောက်ကူညီမှုတွေ အပြည့်ရှိပါတယ်ဆိုတာတောင်မှ မ လေးရှားအိမ်ရှင် တရုတ်အများစုကတော့ အိမ်ဖော်ကို “ကျွန်” သဖွယ်ခိုင်းစေရုံသာမက ကိုယ်ထိလက်ရောက် နှိပ်စက်လျှက်ပါပဲ။ အိမ်ရှင်မှ အိမ်ဖော်အား ဓားနဲ့မွှန်းခြင်းများ၊ မီးပူဖြင့်ကပ်ခြင်းများ၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ နည်းမျိုးစုံနှိပ်စက်ပါတယ်။ မလေးတရုတ်လူမျိုး အများစု ဟာ နိုင်ငံခြားသား အလုပ်သမားများအပေါ်မှာ ရက်ရက်စက်စက် ကိုယ်ချင်းမစာ ခိုင်းလေ့ရှိပါတယ်။ နောက်ပြီး လစာကိုလည်း တန်ရာ တန်ကြေး မပေးပါဘူး။ ကျနော်တို့ မြန်မာလူမျိုးအများစုဟာ အင်္ဂလိပ်စာစကား အရမ်းအားနည်းကြပါတယ်။ အဲဒီအတွက် အများကြီး အ ခက်အခဲ ရှိပါတယ်။

မလေးနိုင်ငံသုံး မလေးစကားကိုလည်း အင်ဒိုနီးရှားအမျိုးသမီးတွေလို မပြောနိုင်တော့ ပိုလို့သာဆိုးစရာအကြောင်းရှိပါတယ်။ နောက်တချက် မြန်မာသံရုံးနဲ့ အင်ဒိုနီးရှားသံရုံးဟာ မိမိနိုင်ငံလူမျိုးတွေကို ကြည့်ရှုစောင့်ရှောက်တဲ့နေရာမှ မိုးနဲ့မြေလို အရမ်းကွာပါတယ်။ အင်ဒိုနီးရှားသံရုံး က နိုင်ငံသားများ ပတ်စ်ပို့လဲခြင်း၊ ပျောက်လို့ ပတ်စ်ပို့အသစ်လျှောက်ခြင်းကိစ္စတွေမှာ အရမ်းမြန်ပါတယ်။ ပတ်စ်ပို့စ်ပျောက်လို့ အသစ် လျှောက်ပါက ထူးထူးထွေထွေ သိပ်မပြောရပါ။ အလွန်ဆုံးကြာရင် တရက် နှစ်ရက်ပါပဲ။ ပတ်စ်ပို့ကြေးသွင်းရငွေကလည်း မလေးရှားရင်းဂစ် ၅၀ အောက်ပဲရှိပါတယ်။

ကျနော်တို့ မြန်မာသံရုံးကတော့ ပတ်စ်ပို့ပျောက်လို့ သွားအကြောင်းကြားရင် မချေမငံဆက်ဆံပါတယ်။ ပတ်စ်ပို့ကြေးသွင်းရတဲ့ငွေဟာ မလေးငွေ ရာကျော်ရှိပါတယ်။ တခြားနိုင်ငံသံရုံးများမှ ကောက်ခံတဲ့ငွေနဲ့နှိုင်းယှဉ်လိုက်ရင် အရမ်းများလွန်းတဲ့ငွေပါ။ ၎င်းအပြင် မည့်သည့်နိုင် ငံမှ မရှိသော၊ မကောက်သော TAX အခွန်ငွေကိုလည်း လက်ရှိဆက်လက် ကောက်ခံနေဆဲပါ။

များမကြာခင်က ဦးသိန်းစိန်အစိုးရမှကြေငြာလိုက်သော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအားလုံး TAX အခွန်ပေးဆောင်ရန်မလိုတော့ ကြောင်း ကြေငြာပေးခဲ့ပေမဲ့ မလေးရှားရှိ မြန်မာသံရုံးကတော့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စမှာဖြစ်သောကြောင့် ၂၀၁၂ ခုနှစ်မတိုင်ခင် နှစ် များက အကြောင်းအမျိုးမျိုးကြောင့် TAX မဆောင်နိုင်သူများ ယခုအခါ ပတ်စ်ပို့အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်ပေးနေတဲ့အချိန် ဖြစ် တော့ ပတ်စ်ပို့အသစ်လဲလှယ်လိုသူများအားလုံး TAX အခွန်ကြေးကို ၂၀၁၂ ခုနှစ်မတိုင်ခင်က နှစ်တွေအားလုံးအတွက် သိမ်းကျုံး ကောက် နေပါတယ်။ TAX မပေးနိုင်ပါက ပတ်စ်ပို့မလဲပေးပါဘူး။ ပတ်စ်ပို့သက်တမ်းတိုးသူများလည်း ထိုနည်းအတိုင်းပါပဲ။ ၂၀၁၂ မတိုင်ခင်က နှစ်တွေအားလုံးကိုတွက်ပြီး TAX အခွန်ကောက်ပါတယ်။ TAX အခွန်မပေးနိုင်ပါက ပတ်စ်ပို့သက်တမ်း လုံးဝမတိုးပေးပါဘူး။ လက်ရှိမြန်မာ သံရုံးကတော့ TAX အခွန်ငွေကို မိမိနိုင်ငံသားများ အလုပ်အဆင်ပြေ မပြေ လုံးဝမစဉ်းစားဘဲ ပျော်ပျော်ကြီးကို ကောက်ခံနေဆဲပါ။

နောက်ပြီး မလေးရှားမှာအလုပ်လာလုပ်သူမှန်သမျှ အားလုံးဟာ မလေးရှားအစိုးရကို အလုပ်လုပ်ခွင့်ပါမစ် ( work permit ) ကြေးလည်း မလေးအစိုးရကို ပေးဆောင်ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံသားအားလုံးဟာ မလေးအစိုးရကိုလည်း အလုပ်ပါမစ်အတွက် အခွန်ပေး ဆောင်ရ၊ နောက်တခါ မြန်မာသံရုံးကိုလည်း ဘယ်နိုင်ငံမှမကောက်တဲ့ မယူတဲ့ TAX အခွန်ငွေကို ပေးဆောင်နေရတဲ့အတွက် အခွန်နှစ် ထပ်ပေးဆောင်နေရပါတယ်။

မလေးရှားမှာ အလုပ်လုပ်လို့ရတဲ့ လစာက အများစုက တလကို မလေးငွေ ရင်းဂစ် ၆၀၀ နဲ့ ၉၀၀ တန်းပဲရှိတာမို့ ဘယ်လိုမှ အဆင်မပြေကြ ပါဘူး။ မြန်မာပြည်ပြန်ရင် အလုပ်ကမရှိ၊ လာစဉ်က ချေးဌားလာရတဲ့ အကြွေးတွေကရှိနေတော့ ပြန်လို့မရဖြစ်နေတာ အများစုပါပဲ။ အဲဒီ အထဲက တချို့သာလျှင် ကိုယ်ပိုင်အလုပ်လေးတွေထွင်ပြီးလုပ်နိုင်ကြလို့ တချို့လည်း လုပ်သက်တွေအရမ်းကြာလာလို့သာ နေထိုင်နိုင်ကြ တာပါ။ နောက်ပြီး မလေးရဲကလည်း နိုင်ငံခြားသူအလုပ်သမများ အလုပ်လုပ်ခွင့်ပါမစ်မရှိရင် ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လုပ် ပါတယ်။ ပါမစ်ရှိရင်တောင်မှ ရဲက နည်းအမျိုးမျိုး အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်ပါတယ်။ မပေးရင် ပြသာနာရှာပါတယ်။

အလုပ်ကအဆင်မပြေ အလုပ်ကအဆင်ပြေရင်လည်း လစာကအရမ်းနည်း၊ လစာနည်းရတဲ့အထဲ မြန်မာသံရုံးကို အခွန်ပေးရ။ မလေးရှား အစိုးရကို ပါမစ်ကြေး အခွန်ပေးရဆိုတော့ အဆင်မပြေမှုတွေ များသထက်များလာရင်း နောက်ဆုံးတော့ မြန်မာအမျိုးသမီးတချို့ မလုပ်သင့် တာတွေကို လုပ်မိလျက်သား ဖြစ်လာရပါတော့တယ်။ ငွေကြောင့် တခြားနိုင်ငံသားများနှင့် လိင်ကိစ္စတွေ ရှုပ်ရှက်ခတ်ကုန်ပါတော့တယ်။ အဲဒီအဖြစ်အပျက်အခြေခံ အကြောင်းတရားများဟာ မိမိနိုင်ငံရဲ့အစိုးရ ညံ့ဖျင်းမှု၊ မကောင်းလို့သာ ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေသာ ဖြစ် တာမို့ လက်ရှိမြန်မာအစိုးရဆိုသူတွေမှသာ တာဝန်အရှိဆုံးပါ။

ခုတခါ မြန်မာအမျိုးသမီးများ မလေးရှားကို အိမ်ဖော် တနည်း.. အိမ်စေ အစေခံအနေနဲ့လွှတ်ဦးမယ်ဆိုရင်တော့ လက်ရှိအစိုးရက ဘယ်လို တာဝန်ယူမှာလဲ..? မလေးရှားရှိ မြန်မာသံရုံးကတော့ ပတ်စ်ပို့ကို အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ အေးဂျင့်လူပွဲစားက တရားမ၀င်သိမ်း ထားတာတောင် ရအောင်ပြန်မတောင်းပေးနိုင်ပါဘူး။ ကျနော်တို့ ပတ်စ်ပို့နောက်ကျောအဖုံးအတွင်းမှာ ...(သတိပြုရန်အချက်) ဆိုတဲ့ခေါင်း စဉ်အောက်က အတိအလင်းရေးထည့်ထားတာရှိပါတယ်။

... နိုင်ငံခြားတိုင်းပြည်များဆိုင်ရာ အရာရှိများမှတပါး အခြားမည်သူကမှ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း၊ ဂဏန်းအမှတ်အသားများပြုလုပ် ခြင်း၊ မပြုလုပ်ရ..လို့ ပါရှိပါတယ်။ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ (လူပွဲစားအေးဂျင့်) များကတော့ ရောက်လာတဲ့မြန်မာနိုင်ငံသားလူသစ်များကို လေဆိပ်ကနေဖမ်းပြီး ပတ်စ်ပို့ကို ပတ်စ်ပို့မှာ အလုပ်လုပ်ခွင့်ပါမစ်ကပ်ရန်အကြောင်းပြပြီး တခါတည်း သိမ်းလိုက်ပါတော့တယ်။

အမှန်မှာမူ နိုင်ငံကူးပတ်စ်ပို့အား ဥပဒေအရ လူပွဲစားအေးဂျင့်များက သိမ်းခွင့်မရှိသလို ... မြန်မာပြည်တွင်းမှာလည်း စာချုပ်စဉ်ကတည်းက ပတ်စ်ပို့ကို လူပွဲစားအေးဂျင့်များက အကြွေးကျန်သူများ အကြွေးမကျေသေးပါက ပတ်စ်ပို့သိမ်းထားမည်ဟုလည်း စာချုပ်ထဲထည့်သွင်း ရေး ထားလို့ မရပါဘူး။ ရေးခဲ့ရင်လည်း ဥပဒေအရ အကျုံးမ၀င်ပါဘူး။ သို့သော် မလေးရှားလူပွဲစားအေးဂျင့်များကတော့ ပြောင်ပြောင်တင်းတင်း ပင် ရောက်စဉ်ကတည်းက လေဆိပ်မှာတင် ပတ်စ်ပို့ကို တခါတည်းသိမ်းပါတော့တယ်။

အဲဒီပြဿနာများကို မြန်မာသံရုံးမှသိသော်လည်း မျက်နှာပြောင်တိုက်ကာ ဘာမှမဆောင်ရွက်ပေးခြင်းမရှိဘဲ ရှိနေလျှက်ပါ။ တခြားပြဿနာတစုံတရာပေါ်ပေါက်ခဲ့လို့ မြန်မာသံရုံးသို့ သွားရောက်အကြောင်းကြားခဲ့ရင်လည်း ဘာမှဆောင်ရွက်ပေးတာမရှိသလို ဘာမှလည်းဆောင်ရွက် နိုင်တာမရှိခဲ့ပါ။

ကျနော် အင်တာနက်တွင် ဗွီအိုအေမှ ဒေါ်ခင်စိုးဝင်းနှင့် မြန်မာနိုင်ငံခြားေ၇းဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အင်တာဗျုးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက သံရုံးအားလုံးအား မြန်မာနိုင်ငံသားများအား အခက်အခဲပြဿနာများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ် ကြောင်းဖြေဆိုခဲ့တာကို ပြန်လည်ကြားယောင်ရင်း မလေးရှားသို့ .. မြန်မာအမျိုးသမီးများအိမ်ဖော် တနည်း အိမ်အစေခံနှင့် အလုပ်လာလုပ် ဦးမည်ဆိုရင်တော့ ကျနော်တို့ မြန်မာအမျိုးသမီးလေးများအရေး မတွေးဝံ့စရာတွေဖြစ်လာတော့ ဧကံဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(မှတ်ချက်။ ။ မလေးရှားမှ အိမ်ဖော် အိမ်အစေခံ မြန်မာအမျိုးသမီးများအလိုရှိနေခြင်းမှာ အင်ဒိုနီးရှားနိုင်ငံမှ အင်ဒိုအမျိုးသမီးများ အိမ်ဖော် အဖြစ် မလေးရှားကို သွားရောက်အလုပ်လုပ်ခြင်းကို ခွင့်မပြုတော့လို့ဖြစ်ကြောင်း နောက်ဆက်တွဲသိရကြောင်းပါ။)

မူရင်းလင့်က ဒီမှာပါ။