မွေးနေ့စတိတ်ရှိုးကို မန္တလေးတွင် ပထမ အကြိမ်ကျင်းပ မည်ဖြစ်သော်လည်း သင်္ကြန်ကို ရန်ကုန်တွင်သာ ရှိနေမည်ဖြစ်ကြောင်း စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။ ”ကျွန်တော် နှစ်တိုင်းရန်ကုန်မှာပဲ မွေးနေ့ရှိုးကို လုပ်ဖြစ်တယ်။ ဒီနှစ်မှာ ထူးထူးခြားခြားလေးလည်း ဖြစ်သွားအောင် မန္တလေးပရိသတ်ကြီး ကိုလည်း ဖျော်ဖြေချင်တာနဲ့ လုပ်ဖြစ်သွားတာပါ။ နောက်နှစ် မွေးနေ့ရှိုးကို ရန်ကုန်ပရိသတ်ကြီးနဲ့ အတူ ဆင်နွှဲ သွားမှာပါ”ဟု ၄င်းက ပြောသည်။ အဆိုပါပွဲကို ဧပြီလ ၁ဝ ရက်နေ့ Mandalay Hill Resort Hotel မြက်ခင်းပြင်တွင် ကျင်းပမည် ဖြစ်ပြီး လာရောက်ကြည့်ရှုသူများအတွက် လက်မှတ်ခ ၈ဝဝဝ နှင့် တန်အောင် စတိတ်စင်အား LED ပုံစံများဖြင့် အလှဆင်ထားကြောင်း၊ ယခင်နှစ်များ နှင့်မတူ ဖျော်ဖြေရေးပိုင်းကို အပိုင်းလေးပိုင်းဖြင့် ထူးထူးခြားခြား တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပွဲအား Tiger Beer မှ အဓိက ပံ့ပိုးခြင်း ဖြစ်ပြီး ပထမဦးဆုံး လက်မှတ်ဝယ်ယူသူ အယောက် ၁ဝဝဝ အား အင်္ကျီလက်ဆောင်ပေးသွားမည်ဖြစ် သည်ဟု သိရသည်။
မေမြန်မာ၊ ဖြိုးဖြိုး
မူရင်းလင့်က ဒီမှာပါ။
Friday, April 6, 2012
မန်းမြေရာဇာ တိုက်၊ အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင် လုပ်ငန်း မိသားစု ကျပ်သိန်း ၈၅ဝဝ ကျော် အလှူပွဲကြီး ကျင်းပ
မန်းမြေရာဇာ တိုက်၊ ခြံ၊ အိမ်၊မြေ ရောင်းဝယ်ရေးနှင့် မြေ အကျိုး တော်ဆောင် လုပ်ငန်း မိသားစုတို့၏ သာသနာ့ သီရိကောဝိဒါရာမ နှစ်ထပ် ကျောင်းတိုက်ကြီး၊ မဟာသန္တိသုခ သိမ်တော်ကြီး၊ ဝေနေယျ သိဒ္ဓိ ဆွမ်းစားကျောင်းများ ရေစက်သွန်းချ လှူဒါန်းခြင်း၊ ရဟန်းသံဃာ ၃ဝပါး၊ ရှင်လောင်း ၁၁၁ ပါး ရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာနှင့် ဒုတိယ အကြိမ်မြောက် သက်ကြီး ဘိုးဘွား ၃ဝဝ တို့အား လှူဒါန်း ပူဇော် ကန်တော့ပွဲကို ဧပြီလ ၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ်၊ တမန်ချောင်း ကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ အမျိုးဘာသာ သာသနာ ထွန်းကားရေး အတွက် ပညာရေး၊ လူမှုရေး၊ လျှပ်စစ်မီး၊ လမ်း၊ အဆောက်အဦး စသည့် ကဏ္ဍ အသီးသီး အတွက် စုစုပေါင်း ကျပ်သိန်း ၈၅ဝဝကျော် အကုန် အကျခံ လှူဒါန်းသည့် ပွဲဖြစ်ကြောင်း နှင့် ဧပြီ လ ၃ ရက် အလှူဝင်နေ့မှ စ၍ ၈ ရက်နေ့ အထိ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။
အမျိုးဘာသာ သာသနာ အတွက် ကြိုးစား မြှင့်တင်ပေးရန်၊ မလှူဖူးသော အလှူကို လှူလျှင် မရဖူးသော ကုသိုလ် ရလိမ့်မည် ဟူသော ခံယူချက်ဖြင့် ဤသို့လှူဒါန်းရာ တွင် ခြင်္သေ့ကဲ့သို့ ရဲရင့်သော စိတ်ဓာတ်၊ သိန္နောမြင်းကဲ့သို့ လျင်မြန် ဖြတ်လတ်ခြင်း၊ ဆင်ကဲ့သို့ သွားရာတွင်လမ်း ဖြစ်ခြင်းနှင့် နွားလား ဥသဘကဲ့သို့ ကြီးလေးသော ဝန်ကို ထမ်းရွက် နိုင်ခြင်း စသည့် အင်အား တို့ဖြင့် လှူဒါန်းခဲ့ ပါကြောင်း အလှူရှင် ဦးကျော်ဝင်းနှင့် ဇနီး ဒေါ်မြင့်မြင့်သန်း တို့က ဆိုသည်။
၎င်းတို့ လှူဒါန်းမှုတွင် သာသနာ့ သီရိကောဝိဒါရာမ ကျောင်းတော်ကြီး အတွက် ကျပ် သိန်း ၉ဝဝ အပါအဝင် ကျေးရွာ ကွန်ကရစ်လမ်း ခင်းခြင်း၊ လျှပ်စစ်မီး ရရှိရန် မီးစက်များ လှူဒါန်းခြင်း၊ သစ်ပင် စိုက်ပျိုးခြင်း၊ စာကြည့်တိုက် ကွန်ပျူတာနှင့် အထောက်အကူ ပစ္စည်များ လှူဒါန်းခြင်း တို့လည်း ပါဝင်ပြီး စုစုပေါင်း ကျပ် ၈၅၃၄ သိန်း ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
အလှူဝင်နှင့် အလှူကြီးရက် များတွင် မန္တလေး သိန်းဇော်၊ ဒေါ် တင်တင်မြ၊ နန်းဝင်း၊ ဟင်္သာတ ထွန်းရင် အပါအဝင် နိုင်ငံကျော် တေးသံရှင်များ၊ ဟာသ လူရွှင်တော် ဦးချစ်စရာ နှင့် အဖွဲ့၊ မန္တလေးမြို့မှ ရွှေတံဆိပ်များ ဆုရှင် သမီး စောင်းမူမူသိန်း အဖွဲ့တို့မှ ဖျော်ဖြေခဲ့သည်။ ၄င်း အပြင် ဧပြီလ ၉၊ ၁ဝ ရက် များတွင် လှူ ဒါန်း အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရွှေမန်းသဘင် ဇာတ်အဖွဲ့နှင့် မင်းသား ကျော်ကျော်ဗို တို့က ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
အလှူရှင် ဦးကျော်ဝင်း သည် ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတော မြို့နယ်၊ မန်ကျည်းပင် ကျေးရွာ ဇာတိ ဖြစ်ပြီး အငြိမ်းစား တပ်မတော်သား တစ်ဦး ဖြစ်ကာ မန်းမြေ ရာဇာ အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင် များ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သည်။
AKS
မူရင်းလင့်က ဒီမှာပါ။
အနောက်တိုင်းဆန်ဆန် ခမ်းခမ်းနားနား ဇာတ်ကားမျိုးရိုက်ချင်တဲ့ လှအဉ္ဇလီတင့်
လူငယ်ဆန်ဆန် ဇာတ်ရုပ်များနှင့် ပရိသတ်ရှေ့ထဲ တစ်ဖန်ပြန်ဝင်လာသည့် လှအဉ္ဇလီတင့်က ခမ်းခမ်း နားနား ဇာတ်ကားများ ရိုက်ကူးချင်ကြောင်းပြောသည်။ ”ခမ်းခမ်းနားနား လူသတ်ကားကြီးတွေ၊ ထောင် ကားကြီးတွေပေါ့။ တကယ့်ကို ခမ်းခမ်းနားနား ရိုက်ပြ ရမှာ။ အဲဒီလို ဇာတ်ကားမျိုးတွေ ရိုက်ကူးချင်တယ်။ ဇာတ်လမ်း၊ ဇာတ်အိမ်က ဘိုဆန်ဆန်ကြီးနဲ့ကို မြန်မာ ဆန်ဆန်နဲ့ရောပြီး လုပ်ရတာမျိုးပေါ့။ ဒီလို ဇာတ်ကားတွေ ရိုက်ရရင် ပိုမိုက်မှာ” ဟု ၄င်းက ပြောသည်။ ယခုနှစ် သင်္ကြန်တွင်း ဖျော်ဖြေမှုအစီအစဉ်နှင့် ပတ်သက်၍မူ စီစဉ်ထားခြင်းမရှိသေးကြောင်း သိရသည်။ ”သင်္ကြန်ဆိုတာကြားလိုက်တာနဲ့ကိုလူက ပျော်သွား ပြီ။ သင်္ကြန်နားနီးလာပြီဆို သီချင်းတွေ ဖွင့်ကြပြီလေ။ အဲဒီအချိန်ကလေ သီချင်းသံကြားရင်ပဲ ဖြစ်ဖြစ်၊ သင်္ကြန် ဆိုတဲ့ အသံကြားရင်ပဲဖြစ်ဖြစ် စိတ်ထဲမှာလန်းဆန်း သွားသလိုလို၊ သင်္ကြန်ရဲ့အနံ့ပေါ့။ ပိတောက်နံ့ရယ်၊ မြေသင်းနံ့လေးရယ်ကိုရရင် မြန်မာရဲ့ ရသတစ်ခုပေါ့နော်။ အဲဒါလေးတွေက တအားမိုက်တယ်။ အဲဒီတော့ သင်္ကြန် ဆိုတာလေးကို ကြားတာနဲ့ချက်ချင်း စိတ်ထဲမှာ အဲဒီလိုမျိုး ဖြစ်သွားပြီးတော့ ပျော်တယ်၊ လန်းဆန်းသွားတယ်” ဟု ဆိုသည်။
ဝဿန်
မူရင်းလင့်က ဒီမှာပါ။
မူရင်းလင့်က ဒီမှာပါ။
စကားကိုအမျိုးမျိုးပြောသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် Time သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရင်သာပါ (Karan Thapar) တို့ရဲ့ ပြောကြားချက်များကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင်.... ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သောစကား
"တပ်မတော်နဲ့ ပြည်သူကြားမှာ သဘောကွဲလွဲမူ မရှိသင့်ဘူး တပ်မတော်ဟာ ပြည်သူလူထုကလေးစားပြီး ယုံကြည်ရတဲ့ အင်အားတစ်ခုဖြစ်သင့်တယ်။တပ်မတော်ဟာ သူ့သိက္ခာ သူထိန်းနိုင်ဖို့နဲ့ တိုင်းပြည်ကောင်းဖို့ အတွက် နိုင်ငံရေးမှာ မပါသင့်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်" လို့ပြောခဲ့ပါတယ်။
နောက်တစ်ခုအနေနဲ့ နိုင်ငံရေးမှာ ဇောက်ချလုပ်ဖို့ စိတ်ကူးရှိသလားလို့ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က
"နိုင်ငံရေးထဲမှာ နစ်မွန်းနေရမယ့် ဘ၀မျိုးဟာ ကျွန်မအတွက် မက်မောဖွယ်ရာမဟုတ်ပါဘူး။နေရာလုဖို့စိတ်မ၀င်စားတာကြောင့် ပေါင်းစည်းညီညွတ်အောင်လုပ်ပေး တဲ့ အင်အားတစ်ခုအနေနဲ့သာ ပါဝင်နေတာဖြစ်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်မှ ထိုသို့ ပြောကြားခဲ့သည်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတ်လ ၁၇ ရက်နေ့ ရှမ်းပြည် မြောက်ပိုင်း လားရိုးစည်းရုံးရေး ခရီးစည်းမှာပြောကြားခဲ့တာကတော့
"နိုင်ငံရေးဟာ ငါတို့နဲ့ မဆိုင်ဘူး၊နိုင်ငံရေး သမားတွေနဲ့ဘဲ ဆိုင်တယ် ဆိုတာ မဟုတ်ပါဘူး။နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်။အဲ့ဒါကြောင့်လူတိုင်းကပါဝင်ပြီး ဆောင်ရွက်သင့်ပါတယ်။အဲ့ဒီလူတိုင်းမှာ တပ်မတော်သားတွေလည်း ပါတယ်။တပ်မတော်သားတွေ NLD ကို မဲပေးကြပါ။အဲဒီလိုတပ်မတော်ရဲ့အစဉ်အလာတွေကို ဆက်ပြီးတော့ ကျွန်မတို့ ထိန်းချင်တယ်။တိုတိုပြောရရင် NLD အဖွဲ့ချုပ်ကို ထောက်ခံကြပါလို့ ပြောချင်တယ်" လို့ပြောခဲ့တဲ့ စကားတွေကို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်အနေနှင့်မှတ်မိဦးမယ် ထင်ပါတယ်။
Myanmar Express
မူရင်းလင့်က ဒီမှာပါ
KNU နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်
KNU ကိုယ်စားလှယ်အဖွဲ့နှင့် မိတ်ဆက်ဧည့်ခံပွဲ
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးရန်အတွက် ရောက်ရှိနေသော KNU ကိုယ်စားလှယ်အဖွဲ့နှင့် မိတ်ဆက်ဧည့်ခံပွဲတွင် ရန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဝဲ)၊ KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် (အလယ်)နှင့် နော်မေဦးမုတြော် (ယာ)တို့အား ဧပြီလ ၅ ရက်နေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
“၈ ရက်နေ့ တွေ့မယ်လို့ သိရပါတယ်။ တခြားတော့ ဘာမှမသိရသေးပါဘူး။ အစောကြီးကတည်းက ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးမယ်ဆိုပြီး ပြောနေတာ ကြာလှပါပြီ” ဟု ပါတီပြောခွင့်ရ ဦးဟံသာမြင့် က မဇ္ဈိမကို ပြောသည်။
အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးရန် ရောက်ရှိနေကြခြင်းဖြစ်သည်။
အစိုးရအား ၆၃ နှစ်ကြာ လက်နက်ကိုင် တိုက်ခဲ့သည့် KNU မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး သောကြာနေ့ ဆီဒိုးနားဟိုတယ်တွင် အစိုးရနှင့် အသေးစိတ် အချက်အလက်များအား ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် အဆင့်သုံးဆင့် ချမှတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်နေရာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲပြီးနောက် ပါတီများထူထောင်ပြီး လွှတ်တော်ထဲ ဝင်ရောက်ကာ ဆွေးနွေးရန် ဖြစ်သည်။
NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတခုအဖြစ် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည်ဟု ဆိုထားပြီး တတ်နိုင်သရွေ့ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။
KNU မှ ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဗိုလ်ချုပ်ထိန်မောင် ၏ ကရင်ငြိမ်းချမ်းရေးကောင်စီ နှင့်လည်း တကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဖြစ်ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
မူရင်းလင့်က ဒီမှာပါ။
ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ALP ငြိမ်းချမ်းရေး အဖွဲ့ကို စစ်တွေမြို့တွင် ပြည်သူ သိန်းချီ ကြိုဆို
ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့တွင် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့အား ပြည်သူများ သိန်းချီပြီး ကြိုဆိုခဲ့ကြသည်။
" လူကတော့ သိန်းချီပြီး ရှိပါတယ်။ ဆိုင်ကယ်တွေ ကားတွေကလည်း ထောင်ချီပြီး ရှိပါလိမ့်မယ်။ ဒီလို လူတွေကြိုဆိုတာကို အခုတစ်ခါမှ တွေ့ဖူးပါတယ်" ဟု စစ်တွေမြို့မှ ကြိုဆိုရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် လာရာက်ကြသည့် ရခိုင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအား ရခိုင်လူထုက လိုက်လိုက်လှဲလှဲ ကြိုဆိုကြခြင်းမှာ သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
များမကြာမှီက ထောင်ထဲမှ လွှတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ခိုင်ကောင်းစံကလည်း ကြိုဆိုသူ အထူးများပြားကြောင်းကို ယခုလို ပြောသည်။
" ဆိုင်ကယ်တွေနဲ့ အလံတွေကို ကိုင်ဆောင်ပြီး လာကြိုကြတာလည်း မနည်းပါဘူး။ ဆိုင်ကယ်က သောင်းချီရှိမယ်ထင်ပါတယ်။ ကားအစီးပေါင်း ၃၀၀၀ လောက်ရောက်မယ် ထင်ပါတယ်။ ဒီလို ပြည်သူတွေ ကြိုဆိုတာကို ပထမဆုံး အကြိမ် ကျွန်တော့်ဘ၀မှာ မြင်ဖူးတာပါ" ဟု ပြောသည်။
ယနေ့ နံနက် ၈နာရီ မိနစ် ၂၀ ခန့်တွင် ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် စစ်တွေလေယာဉ်ကွင်း ကိုရောက်ရှိလာခဲ့ပြီး လေယာဉ်ကွင်းတွင် ရခိုင်စည်တော် အဖွဲ့ဝင်များက စည်တော်တီးပြီး ကြိုဆိုခဲ့ကြသည်။ ကြိုဆိုပွဲသို့ အစိုးရပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ် အရာရှိများ၊ ဘုန်းကြီးတော်ကြီးများ၊ အမျိုးသမီးများလည်း တက်ရောက် ခဲ့ကြသည်။
ကြိုဆိုသူ လူအုပ်ကြီးမှာ လေယာဉ်ကွင်းမှ အလိုတော်ပြည့် ကျောင်းတောင် ကုန်းအထိ ပြည့်နှက်နေပြီး လမ်းမကြီးတွင်လည်း နာရီစင်အသစ်မှ ရူပမြောက်အဆုံး အထိလူများ ပြည့် ကျပ်နေ ကြောင်း သိရသည်။
ကြိုဆိုသူများသည် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြပြီး ဆိုင်းဘုတ်များတွင် "မျိုးချစ်ပုဂ္ဂိုလ် လက်လှမ်းကြို ၀င်လာမစဲ တသဲသဲ" " ရခိုင်ပြည်မှ ဖိတ်ခေါ်သံ" "ရခိုင်ပြည် ငါရို့ပြည်" " လွတ်မြောက်ပါစီ ငါရို့မြီ” “မျိုးချစ်စိတ်ဓါတ် နှင့်ရှင်သန်နိုင်ပါစီ" "ငါ ရို့ပြည်ကို ငါရို့အုပ်ချုပ်မေ” ဟု ရခိုင်လို ရေးသားထားကြသည်ဟု သိရသည်။
အိန္ဒိယအခြေစိုက် ဒုခေါင်းဆောင် ခိုင်သုခဦးဆောင် အဖွဲ့သည် ဧပြီလ ၃ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ အခြေစိုက် ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့ ဧပြီလ ၄ရက်နေ့တွင် ရောက် ခဲ့ခြင်း ဖြစ်သည်။

အန်တီစု ရဲ့ မျိုးချစ်စိတ် ကိုတော့ လေးစားမိတာ အမှန်ပါ
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက် ပင်းတယ မြို့သူကြီး ဦးမြတ် ရဲ့ မျိုးဆက်၊ ပဲခူးနယ်တွင် အင်္ဂလိပ်ကို ရွတ်ရွတ်ချွံချွံ တော်လှန်ခဲ့သူ မျိုးချစ်သူရဲကောင်းကြီး ဦးဘိုးမြ၊ အင်္ဂလိပ်ကို တော်လှန်ခြင်းကြောင့် အင်္ဂလိပ်တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရသူ ဗိုလ်မင်းရောင် ရဲ့ မျိုးဆက်၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ကို တိုက်ယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးချစ်သူ တစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ အားလုံးက လက်ခံနိုင်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုး နှစ် ပိုင်းရှိပြီး တစ်မျိုးမှာ မိဘ မောင်နှမ ဘက်မှ အမျိုးများ ဖြစ်ကာ၊ နောက်တမျိုးကတော့ ယောင်္ကျား ဘက်မှ အမျိုးတွေ ဖြစ်ပါတယ်။ ယောင်္ကျား နဲ့ ယောင်္ကျား ဘက် က အမျိုးတွေကတော့ အင်္ဂလိပ်လူမျိုးများ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘ ဘိုးဘွားကများကတော့ အင်္ဂလိပ် ကို တိုက်ခိုက်ရင်း အင်္ဂလိပ် သတ်လို့ သေဆုံး သွားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘိုးစဉ်ဘောင်ဆက် မြန်မာ များအားလုံးကို ၎င်း ၏ မျိုးရိုး အဖြစ်လုံးဝ သတ်မှတ်ခြင်း မသိပဲ သူမကိုယ်သူမ အဲရစ် မျိုးဆက် အဖြစ်ပဲ ခံယူထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဘက်က အမျိုးတွေကို စိမ်းကားပေမယ့်လည်း အင်္ဂလိပ်ဖက်က အမျိုးတွေ သာ မက အင်္ဂလိပ် လူမျိုး များကိုတော့ အလွန်အမင်း ခင်တွယ် တတ်တာ တွေ့ရပါတယ်။ လင်တော်မောင် မိုက်ကယ်အဲရဲ့ အမျိုးတွေ ဆိုပြီး အမြဲတမ်း အသားပေး ဆက်ဆံတဲ့အပြင် မြန်မာတွေထက်လည်း ဦးစားပေးဆက်ဆံတတ်သူ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးချစ်သူ တစ်ယောက် ဆိုပေမယ့်လည်း အမျိုးအားလုံးကိုတော့ မချစ်ခဲ့ပါဘူး။ မောင်နှမ အရင်းခြာတွေ ဖြစ်တဲ့ ဦးအောင်ဆန်းဦး တို့ မိသား စု ကို ရန်သူလို သဘောထားနေခဲ့ပြီး ယောင်္ကျားဖက်က အမျိုးတွေ ကိုတော့ ပလူးပလဲ ဖက်လဲ တကင်း နေတတ်သူ ဖြစ်ပါတယ်။
ဗမာပြည်သည် ဒို့ပြည်
ဗမာစာ သည် ဒို့စာ
ဗမာစကား သည် ဒို့စကား
ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ သခင် အမည်ခံခဲ့ တဲ့ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်းရဲ့ သမီးအရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံထက် အင်္ဂလန် နိုင်ငံကို မှ ကိုယ့်နိုင်ငံထင်ပြီး အသက် ၄၃ နှစ် ထိ သွားရောက်နေထိုင်ခဲ့ပါတယ်။ အခုချိန်ထိ မြန်မာ စာလုံးပေါင်းကို မှန်အောင် လှလှပပ မရေးတတ်သလို မြန်မာစကား ထက် အင်္ဂလိပ်စကားကို မှ ကိုယ့် စာ ထင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ မြန်မာ တွေနားထောင်နေတဲ့ အချိန်မှာတောင် မြန်မာလို မပြောပဲ အင်္ဂလိပ်လို့ မိန့်ခွန်း ပြောတတ်သူ ဖြစ်ပါတယ်။
အင်္ဂလိပ် လူမျိုး မိုက်ကယ် အဲရစ် နဲ့ ရတဲ့ သား အရင်း နှစ်ယောက်ကိုလည်း မြန်မာစာ လုံးဝ သင်ပေးထားခြင်းမရှိသလို မြန်မာစကား ပြောဖို့လည်း လုံးဝ အားမပေးခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ လင်တော်မောင် မိုက်ကယ်အဲရစ် ရဲ့ အမျိုး အင်္ဂလန်သား တွေကို အမျိုးချစ် စိတ်ဓာတ် ရှိရှိ ဆက်ဆံ ကာ အိမ်မှာ ခေါ်ပြီး ပါတီပေးတာတွေ လုပ်နေပေမယ့် မြန်မာဘက် က အမျိုးအရင်းတွေ ကိုတော့ လမ်းတွေ့ရင်တောင် မမြင်ချင်ဟန် ဆောင်နေကြောင်း သိရပါတယ်။

ပင်းတယ မြို့သူကြီး ဦးမြတ်၊ မျိုးချစ်သူရဲကောင်းကြီး ဦးဘိုးမြ နှင့် ဦးမင်ရောင် တို့၏
မျိုးဆက် သစ် မစ်စ် အဲရစ် (Mrs Aris) နှင့် ဆွေမျိုးပေါက်ဖော်များ
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးချစ်သူ တစ်ယောက် ဆိုပေမယ့်လည်း အမျိုးအားလုံးကိုတော့ မချစ်ခဲ့ပါဘူး။ မောင်နှမ အရင်းခြာတွေ ဖြစ်တဲ့ ဦးအောင်ဆန်းဦး တို့ မိသား စု ကို ရန်သူလို သဘောထားနေခဲ့ပြီး ယောင်္ကျားဖက်က အမျိုးတွေ ကိုတော့ ပလူးပလဲ ဖက်လဲ တကင်း နေတတ်သူ ဖြစ်ပါတယ်။
ဗမာပြည်သည် ဒို့ပြည်
ဗမာစာ သည် ဒို့စာ
ဗမာစကား သည် ဒို့စကား
ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ သခင် အမည်ခံခဲ့ တဲ့ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်းရဲ့ သမီးအရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံထက် အင်္ဂလန် နိုင်ငံကို မှ ကိုယ့်နိုင်ငံထင်ပြီး အသက် ၄၃ နှစ် ထိ သွားရောက်နေထိုင်ခဲ့ပါတယ်။ အခုချိန်ထိ မြန်မာ စာလုံးပေါင်းကို မှန်အောင် လှလှပပ မရေးတတ်သလို မြန်မာစကား ထက် အင်္ဂလိပ်စကားကို မှ ကိုယ့် စာ ထင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ မြန်မာ တွေနားထောင်နေတဲ့ အချိန်မှာတောင် မြန်မာလို မပြောပဲ အင်္ဂလိပ်လို့ မိန့်ခွန်း ပြောတတ်သူ ဖြစ်ပါတယ်။
အင်္ဂလိပ် လူမျိုး မိုက်ကယ် အဲရစ် နဲ့ ရတဲ့ သား အရင်း နှစ်ယောက်ကိုလည်း မြန်မာစာ လုံးဝ သင်ပေးထားခြင်းမရှိသလို မြန်မာစကား ပြောဖို့လည်း လုံးဝ အားမပေးခဲ့ပါဘူး။
အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် အတွက် ကလေးမွေးပေးသည့် ဗိုလ်ချုပ်အောင်ဆန်း သမီး
မြန်မာစကား မပြောတတ်တဲ့ မိသားစုနှင့် တွေ့ရသော သခင်အောင်ဆန်း၏ သမီး
ဦးအောင်ဇေယျ လက်ထက် ပင်းတယ မြို့သူကြီး ဦးမြတ် ရဲ့ မျိုးဆက်သစ်မလေး မစုကြည်
ဒေါ်အောင်ဆန်းစုကြည်ဟာ လင်တော်မောင် မိုက်ကယ်အဲရစ် ရဲ့ အမျိုး အင်္ဂလန်သား တွေကို အမျိုးချစ် စိတ်ဓာတ် ရှိရှိ ဆက်ဆံ ကာ အိမ်မှာ ခေါ်ပြီး ပါတီပေးတာတွေ လုပ်နေပေမယ့် မြန်မာဘက် က အမျိုးအရင်းတွေ ကိုတော့ လမ်းတွေ့ရင်တောင် မမြင်ချင်ဟန် ဆောင်နေကြောင်း သိရပါတယ်။
မူရင်းလင့်က ဒီမှာပါ။
မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား ဘန်ကီမွန်း ဝမ်းမြောက်စွာ ဂုဏ်ယူ
အခု ကြားဖြတ် ရွေး ကောက်ပွဲမှာ လွတ်လပ်စွာပူးပေါင်းပါဝင်ခဲ့ကြတဲ့ NLD အပါအဝင် နိုင်ငံရေး ပါတီအမျိုးမျိုးက ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အတွက် သိသာထင်ရှားတဲ့ တက်လှမ်းမှု တစ်ရပ်လည်းဖြစ်တယ်လို့ ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်း ကပြောပါတယ်”ဟု သူ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
‘အထူးသဖြင့် ဒီလိုတိုးတက်မှု မျိုးပေါ်ပေါက်လာအောင် ဆောင်ရွက်ရဲပြီး အမြင်လည်းရှိတဲ့ သမ္မတဦးသိန်းစိန်ကိုလည်း အသိအမှတ်ပြု ကြောင်း သူကပြောပါသေးတယ်” ဟု ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ်က ပြော ပါသေးသည်။
ယခု ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ပြီး စီးစေရန် ဆောင် ရွက်ခဲ့ကြသော မြန်မာနိုင်ငံ အစိုးရ၊ နိုင်ငံရေးပါတီ များနှင့် ပြည်သူ အပေါင်း တို့၏ အပြုသဘောဆောင်သော လုပ်ရပ်များ ကိုလည်း မှတ်တမ်း တင်ကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှု အရှည် တည်တံ့စေရေးနှင့် စစ်မှန်သော အမျိုးသားစည်းလုံး ညီညွတ်မှုရရှိစေရေး အတွက်လည်း အားလုံးက ယခုထက် နှစ်ဆတိုးကြိုးစားကြရန် တိုက်တွန်း ပါကြောင်းလည်း မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။
Popular Myanmar News Journal
မူရင်းလင့်က ဒီမှာပါ။
သမ္မတဦးသိန်းစိန် နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး တို့၏ ကြိုးစားအောင်မြင်မှုကြောင့် စီးပွားပိတ်ဆို့မှု အမေရိကန်ရုတ်သိမ်း
သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းရှိရှိ စနစ်ကျစွာဖြင့် ကြားဖြတ်တွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံအပေါ် စည်းပွားပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာခြင်းကို အသိအမှတ်ပြု၍ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းအပေါ် ကန့်သတ်ပိတ်ပင်ထားမှု များကို အမေရိကန်ဘက် က ဖြေလျှော့ပေးသွား မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အမေရိကန်သံ အမတ် ခန့်အပ်ထားရှိရန်လည်း အလျင်အမြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သမ္မတကြီး ဦးသိန်စိန်လက်ထက် ထူးချွန်ပြောင်မြောက်မှုများကြောင့် အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေ နဲ့ လွှတ်တော်တွင်းက ပုဂ္ဂိုလ် တွေကို အမေရိကန် ပြည်ထောင်စုကို လာရောက်နိုင်ရေး စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
ဟီလာရီကလင်တန်မှ သူမရဲ့ ကြေညာချက်တိုင်းမှာ သမ္မတကြီး ဦးသိန်းစိန်ကို ချီးကျူးကြောင်း အမြဲပြောတတ်ပြီး အခုလည်း သမ္မတကြီးကြောင့် စီးပွားပိတ်ဆို့မှုတွေ ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုနေတာ ဖြစ်ပြီး တရုတ် နိုင်ငံကလည်း မြန်မာပြည်သူတို့အတွက် တောင်းဆိုခဲ့ဖူးပါတယ်။
ဟီလာရီကလင်တန်ရဲ့ စီးပွားပိတ်ဆို့မှု ရုတ်သိမ်းခြင်း အကြောင်းပြချက်မှာ "သမ္မတကြီး သိန်းစိန် လက်ထက် နိုင်ငံရေး တိုးတက်မှုများကြောင့် နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့်" ဟု သာ အကြောင်း ပြချက် ပေးထားပြီး NLD အနိုင်ရခြင်းကြောင့် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်ခြင်းကြောင့် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းပေးခြင်းဖြစ်တယ်လို့ လုံးဝ ပြောထားခြင်း မရှိပေ။
Myanmar Express
မူရင်းလင့်က ဒီမှာပါ။
သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေးအရေးယူသွားမည်
ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ်များနှင့် ရေစုပ်စက် အသေးစားများဖြင့် ရေကစားမည့် နေရာများတွင် မီးသတ်ပိုက်များဖြင့် ရေပက်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင်က ပြောကြားသည်။
“အဓိကကတော့ ရေပက်တဲ့နေရာမှာ အန္တရာယ်မဖြစ်အောင်လို့ပါ။ ကျုံးအနောက်ဘက်မှာ ရေစုပ်စက် အသေးလေးတွေနဲ့ မီးသတ်ပိုက်တွေနဲ့ ပက်တာ များတယ်။ ဒီနှစ်မှာ အဲဒီအသေးစား ရေစုပ်စက်တွေ လျှောက်လွှာတင်တဲ့နေရာမှာလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ မီးသတ်ပိုက်နဲ့ ရေပက်တာကို ခွင့်မပြုပါဘူး” ဟု ဌာနမှူးက ဆက်လက်ပြောသည်။
ယခုနှစ်တွင် အသေးစား ရေစုပ်စက် သုံးမည့်သူများအတွက် ရေစုပ်စက်တစ်လုံးကျပ် ၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော နှစ်သင်္ကြန်၌ ရေစုပ်စက်အသေးစားများလျှောက်ထားမှုမှာ ကျုံးအရှေ့ဘက်တွင် သုံးဦး၊ ကျုံးအနောက်ဘက်တွင် ၁၀၄ ဦး၊ ကျုံးမြောက်ဘက်တွင် ၃၀ ဦးနှင့် မြို့တွင်းတွင် တစ်ဦးရှိခဲ့ပြီး စုစုပေါင်း ၁၃၈ ဦးလျှောက်ထားကာ ရေကစားခဲ့သည်။
ပြီးခဲ့သော မတ်လဆန်း၌ ကျုံးရေနည်းသွားသော်လည်း ၂၈ ရက် တိုင်းတာချက်အရ ကျုံးရေအမှတ်မှာ ၈ ဒသမ ၅ အထိ ပြန်မြင့်တက်လာကြောင်း သိရသည်။
ပြီးခဲ့သောနှစ် သင်္ကြန်အကြိုနေ့တွင် ကျုံးရေအမှတ် ၈ ဒသမ ၄ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် သင်္ကြန်လေးရက်အတွင်း ကျုံးရေ အသုံးပြုမှုမှာ ၅၂ ဒသမ ၅ သန်းထိ ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး လုပ်မည်
ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်သတ် အနိုင်ရရှိပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အများစု တက်ရောက်ခဲ့ကြကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ ပါတီ ရှေ့ဆက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လက်ရှိ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ကျနော်တို့ အားလုံးပဲ သဘောတူပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့ ပါတီရဲ့ အားနည်းချက် အားသာချက်များကိုလည်း ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်” ဟု ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ပါတီ၏ အားနည်းချက်၊ အားသာချက်များကို ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အလွယ်တကူ ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့ ခက်ခဲမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် ပါတီတာဝန်ရှိသူများအနေဖြင့် ပါတီမူဝါဒလမ်းစဉ်ကို လူထုသိရှိစေရန် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဦးဌေးဦးက ပြောသည်။
ထိုသို့ NLD က အပြတ်အသတ် အနိုင်ရခြင်းအပေါ် ဦးဌေးဦး၏ အမြင်ကို ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့မှာ လူထုအကျိုး လုပ်ဆောင်မှု မတွေ့ရှိရသေးသဖြင့် လတ်တလော အခြေအနေကို သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ဖြေကြားသည်။
သို့သော် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်နွယ်၍ လူသိများခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှု၊ နိုင်ငံတကာအသိုင်းဝိုင်း၏ ထောက်ခံမှု၊ တပြည်လုံး စည်းရုံးလှုံ့ဆော်မှု အားကောင်းခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က တဖက်သတ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များက သုံးသပ်ကြကြောင်း သိရှိရသည်။
NLD ပါတီ အနိုင်ရရှိမှုကို ကြံ့ခိုင်ရေးပါတီက ကြိုဆိုသွားမည်ဖြစ်ပြီး လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပတွင်လည်း ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဦးဌေးဦးက ပြောသည်။
“အကောင်းမြင်သမားလို့တော့ ကျနော့်ကိုယ်ကျနော် မဆိုလိုပါဘူး။ ဒါပေမယ့် ကျနော်တို့ တော်တော်စိတ်ဓာတ် ကျသွားပါတယ်” ဟု လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်တဦးက ပြောကြောင်း Reuters သတင်းဌာနက ရေးသားထားသည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ခံကာ စစ်အစိုးရက ထူထောင်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်၌ တိုက်ခိုက်ခံရပြီး လူ ၇၀ ကျော်သေဆုံးခဲ့သည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည်အဖြစ် ကြံ့ခိုင်ရေးအသင်းက နာမည်ထွက်ခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပတ်သက်မှုမရှိဟု ဦးဌေးဦးက ငြင်းဆိုသွားသည်။
ထို့အတူ လူထုဆန္ဒပြမှုများကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သည့် စွမ်းအားရှင်အဖွဲ့နှင့်လည်း ပတ်သက်မှုမရှိကြောင်း မကြာသေးမီက ဧရာဝတီနှင့်ဆက်သွယ်မေးမြန်းခန်းတွင် ဖြေဆိုခဲ့သည်။
ကျော်ခ (ဧရာဝတီ)
မူရင်းလင့်က ဒီမှာပါ။
ကြားဖြတ် ရွေးကောက်ပွဲအတွက် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ရန်ကုန်တွင် မဲဆွယ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ (ဓာတ်ပုံ - Reuters / Soe Zaya Tun)

မြန်မာပြည်ကို ဒေါ်လာ ၁ သောင်း ယူလာနိုင်ပြီ
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်ကစပြီး မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေဟာ အမေရိကန် ဒေါ်လာ ၁ သောင်း ဒါမှမဟုတ် ဒေါ်လာ ၁ သောင်းနဲ့ ညီမ်ွတဲ့ မည်သည့် နိုင်ငံခြား ငွေကိုမဆို ယူဆောင်လာနိုင်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်း ထုတ်ပြန်လိုက်ပါ တယ်။
ဒီလိုယူဆောင်လာရာမှာ အကောက်ခွန်ဌာနမှာ ကြေညာစရာမလိုဘူးလို့လည်းဆိုပါတယ်။ အရင်က နိုင်ငံခြားသားတွေ မြန်မာပြည် လာရင် ဒေါ်လာ ၂ ထောင်ပဲ ယူဆောင် အသုံးပြုခွင့် ပေးထား တာပါ။ မြန်မာပြည်မှာ ဘဏ်ကဒ် သုံးလို့လည်း မရသေး။ ဒေါ်လာကိုင် ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားတာတွေ ရှိနေသေးတာကြောင့် နိုင်ငံခြားသား ခရီးသည်တွေ ငွေကြေးအသုံးပြုရာမှာ အဆင်မပြေမှုတွေ ကြုံတွေ့နေကြရပါတယ်။
အခုလို ဒေါ်လာ ၁ သောင်းအထိ တရားဝင် ယူဆောင် အသုံးပြုခွင့်ပြုလိုက်တာကြောင့် နိုင်ငံခြားသား ခရီးသည် တွေရော၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေ အားလုံး အတိုင်း အတာတခုအထိ အဆင်ပြေ သွားနိုင်တယ်၊
မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာသီဟစောက ပြောင်းဖို့လိုနေတဲ့ ငွေကြေးနဲ့ ဘဏ်စနစ်တွေထဲက အပြောင်းအလဲတခုဖြစ်တယ်လို့ ပြောပါတယ်။
ဒီဗွီဘီ
မူရင်းလင့်က ဒီမှာပါ။
မြန်မာပြည်ဝင်ခွင့် e-visa စနစ်စတင်
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြမယ့် ကမ္ဘာလှည့်ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် e-visa စနစ်ကို စတင်စမ်းသပ်နေပြီး၊သမ္မတရဲ့ ခွင့်ပြုချက်ရရင် ဒီလထဲ စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။
e-visa လေ်ွာက်ထားရယူလိုသူတွေအနေနဲ့ myanmarevisa.gov.mm ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ပြီး၊ ပတ်စပို့ နံပါတ် စသဖြင့် အဆင့် ၄ ဆင့်ပါ အချက်အလက်တွေကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို ဖြည့်သွင်းလိုက်တာနဲ့ ဟိုတယ်/ခရီးဝန်ကြီးဌာနကို အီးမေးလ် ဝင်ရောက် လာမှာဖြစ်ပြီး၊ ကာယကံရှင်ဆီကို အီးမေးလ်ရရှိကြောင်း အကြောင်း ပြန်ပေးမှာ ဖြစ်ပါတယ်။
ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း စစ်ဆေးပြီး ဗီဇာကို အီးမေးလ် ကနေပဲ ပြန်ပို့ပေးမှာ ဖြစ်တယ်လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက စုံစမ်းသိရှိရပါတယ်။
အွန်လိုင်းကနေ e-visa လေ်ွာက်ထားရင် ၅ ရက်လောက်ကြာမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက် မြန်နှုန်းနဲ့ လ်ွပ်စစ်မီး ရရှိမှု အခြေအနေတွေက ဒီလုပ်ငန်းစဉ် အောင်မြင်မှု ရှိ မရှိ အဆုံအဖြတ် ပေးမှာ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း ရှင်တဦးက မှတ်ချက်ပေး ပြောဆို လိုက်ပါတယ်။
ဒီဗွီဘီ
မူရင်းလင့်က ဒီမှာပါ။
စစ်ကိုင်းတိုင်းက တောင်သူများ စိုက်ခင်းဖျက်ဆီးတဲ့ကုမ္ပဏီကို တရားစွဲ
စစ်ကိုင်းတိုင်း မုံရွာမြို့ ကနီကျေးရွာမှာ သူတို့စိုက်ခင်းတွေကို ဖျက်ဆီးခဲ့တဲ့ ကုမ္ပဏီကို ရွာသားတွေက တရားစွဲဆိုတဲ့အမှုကို မနေ့က မုံရွာမြို့နယ်တရားရုံးမှာ ရုံးထုတ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေကွန်ယက်က ဦးမြင့်သွင်က ပြောပါတယ်။
“တောင်သူ ၇၇ ယောက်ရဲ့ မြေတွေကို တင်ဝင်းထွန်းကုမ္ပဏီက ဖျက်ထားလိုက်လို့လေ။ ကျနော် တင်ဝင်းထွန်းကုမ္ပဏီကို တောင်သူတွေရဲ့ နစ်နာကြေးအတွက် တရားစွဲပေးထားတာ မနေ့က ရုံးချိန်းမှာ တရားရုံးက တောင်သူတွေ အကုန်လုံး ခေါ်ခဲ့ပါဆိုလို့ ခေါ်သွားရတယ်။ ကျနော်တို့ စစွဲထားတဲ့အတွက် တောင်သူတွေရဲ့ လက်မှတ် မှန် မမှန်။ နစ်နာတာ ဟုတ် မဟုတ်။ တောင်သူတွေ တကယ်စွဲတာ ဟုတ်မဟုတ် တရားရုံးက ခေါ်စစ်တဲ့သဘောပါ။”
ဦးမြင့်သွင်ဟာ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေရဲ့ လယ်သိမ်းယာသိမ်း အမှုတွေကို လိုက်ပါဆောင်ရွက်ရင်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသူ ဖြစ်ပါတယ်။
တင်ဝင်းထွန်းကုမ္ပဏီက တောင်သူ ၇၇ ဦးရဲ့ လယ်ယာမြေဧက ၁၀၀ နီးပါး ပေါ်ကနေ လမ်းဖောက်လုပ်တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တဲ့အပေါ် ကုမ္ပဏီကို တောင်သူတွေက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
တောင်သူတဦးချင်း ပိုင်ဆိုင်မှုက သေးငယ်တာကြောင့် လယ်မြေဧက အားလုံးအတွက် ၂၄၃ သိန်းခန့်ပဲ နစ်နာကြေးရလိုမှု တောင်းတာလို့ ဒီအမှုကို လိုက်ပါကူညီနေသူ ရှေ့နေများကွန်ယက်က ဦးမြင့်သွင်က ပြောပါတယ်။
တင်ဝင်းထွန်း ကုမ္ပဏီဟာ သူတို့ရဲ့ ကုမ္ပဏီလုပ်ငန်းအတွက် လယ်ကွင်းတွေထဲကို မနှစ်မေလဆန်းပိုင်းက လမ်းဖောက်လို့ တောင်သူတွေရဲ့ ငှက်ပျောခင်း၊ နှမ်းနဲ့ ပဲစဉ်းငုံခင်းတွေ ပျက်စီးခဲ့ပါတယ်။ ကုမ္ပဏီဘက်က ကိုယ်စားလှယ် ဦးလေးမောင်နဲ့ ဒေါ်နုယဉ်ဆိုသူတို့က နစ်နာဆုံးရှုံးခဲ့ရသမ်ွအတွက် လျော်ကြေးပေးပါမယ်လို့ ၂၀၁၁ ခုနှစ်ဇွန်လဆန်းပိုင်းက တွေ့ဆုံကတိပေးခဲ့ပြီးမှ ပျက်ကွက်ခဲ့တဲ့အတွက် တရားရုံးကို တိုင်တာဖြစ်ပါတယ်။
ဒီအမှုကို ဧပြီလ ၁၀ ရက်နေ့မှာ ပြန်ချိန်းဆိုထားပါတယ်။
ဒီဗွီဘီ
မူရင်းလင့်က ဒီမှာပါ။
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်
မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းတစ်ကျွန်း ဖြစ်သော ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲကျွန်းတွင် ဘိုးရင်းလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာ အဆင့်မီလေ ယာဉ်ကွင်းကြီးတစ်ခုကို ဂျပန်က တာဝန်ယူ တည်ဆောက်ရန် လာရောက် လေ့လာခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ထုတ် ဖော်ပြောကြားသည်။
အဆိုပါနိုင်ငံတာကာအဆင့်မီ လေယာဉ် ကွင်းကြီးကို တည်ဆောက်ရန်အတွက် ဂျပန် နိုင်ငံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ များသည် ရမ်းဗြဲကျွန်း သို့ လာရောက်ကာ အကြိုလေ့ လာဆန်းစစ်မူများ ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။
'' ဟုတ်ပါတယ်။ ဂျပန်အဖွဲ့ တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းက လာသွားပါ တယ်။ သူတို့က လေ့လာရုံ သက်သက်တော့ လာသွားတာမဟုတ်ပါဘူး။ သူတို့ နိုင်ငံတာကာ အဆင့်ရှိ လေယာဉ်ကွင်းကြီး တစ် ကွင်းကို ရမ်းဗြဲကျွန်း မှာ ဘာဖြစ်လို့ တည် ဆောက်ချင်ရ သလဲဆိုရင် ဒီကျွန်းကြီးဟာ မကြာမီ အချိန်တွင်းမှာ နိုင်ငံတကာအဆင့် ရှိတဲ့စက်မူဇုန်ကြီးတွေ၊ ရေနက်ဆိပ်ကမ်း တွေ ပေါ်ပေါက်လာမယ့် နေရာဖြစ်လို့ ဒီကျွန်းကြီး ပေါ်မှာ ယခုလို နိုင်ငံတကာ အဆင့်မီတဲ့ လေယာဉ်ကွင်းကြီး တစ်ခုကို တည်ဆောက်ဖို့ စီစဉ်တာပါလို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ် ဥပဒေရေးရာ ချုပ်ဦးလှသိန်းက ပြောသည်။
ယင်းလေယာဉ်ကွင်း တည် ဆောက်မည့်နေရာသည် ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်း တည်နေရာနှင့် ၁၂ မိုင် သာ ကွာဝေးကြောင်းသိရသည်။ အဆိုပါ လေယာဉ်ကွင်း အကောင်အထည်ပေါ် လာပါက ရမ်းဗြဲ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၏ ပထမ ဆုံးသော နိုင်ငံတကာအဆင့်ရှိ လေယာဉ် ကွင်းဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။
'' ဒေသခံ တစ်ဦး အနေနဲ့ ဒီသတင်းကိုကြားရတာ အင်မတန်ဝမ်းသာ ရပါတယ်။ ဒီလေယာဉ်ကွင်း တည်ဆောက် မယ့်နေရာ ကလဲ ရခိုင်ပြည်နယ် မှာစီးပွား ရေးဇုန်တစ်ခုလို စည်ကားလာမယ့် နေရာ ဖြစ်နေတော့ လုပ်လဲ လုပ်လာ နိုင်ပါတယ်။ လက်ရှိဆိုရင်လဲ ရေနက်ဆိပ်ကမ်း တွေက အကောင်အထည်ဖော်နေပြီဆိုတော့ ဒါ တွေနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုး တိုးတက်လာမယ့် ရှေ့အလားအလာ တွေကို မျှော်ပြီး တည် ဆောက်လာ နိုင်တာ ဖြစ်တယ် လို့သုံးသပ်မိ ပါတယ်။ ဒီလိုစီမံကိန်းကြီးတွေက ကျွန်တော်တို့ရဲ့ ဒေသကြီးဖွံ့ဖြိုးမှုကို အများကြီး အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ မျှော် လင့်ပါတယ်''ဟု စစ်တွေမြို့ခံ ဦးရွှေသိန်း မောင်က သုံးသပ် ပြောကြားသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် သုံးခုရှိပြီး ပဲခူးတိုင်း ဟံသာဝတီ၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာ ဒေသတို့တွင် ယင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း သိ ရသည်။
ယင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တိုးချဲ့တည်ဆောက်မည့် အစီအစဉ်များကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံများ အားဖိတ်ခေါ်ချ ပြထားကြောင်း၊ ယခုအခါ ယင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပြင် ဟဲဟိုးနှင့် ညောင်ဦး လေဆိပ်များ အဆင့် မြှင့်တင် ရေး၊ သံတွဲလေဆိပ်အား တိုးမြှင့် ရေးတို့ကို စီစဉ်ဆောင်ရွက် လျက်ရှိပြီး ယခင် က ရခိုင်ပြည်နယ်တွင် ပြေးလမ်းပေ ၈၀၀၀ ရှိသော မာန်အောင် စမုတဲ လေယာဉ်ကွင်း ဟောင်း ကိုလည်းပြန်လည် အသုံးပြုနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအ စိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရှိရ သည်။
Myanmar Express
မူရင်းလင့်က ဒီမှာပါ။
ပြည်သူနှင့်ပြည်ခိုင်ဖြိုးပါတီကြား သွေးခွဲခြင်းလုပ်ဆောင်နေတဲ့ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း
ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးနိုင်ငံလင်း အနိုင်ရရှိသွားသည့်အတွက် ၎င်းမြို့နယ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီမှ ပြုလုပ်ပေးထားသော ရေတွင်းများကို ယမန်နေ့(၃-၄-၂၀၁၂)တွင် လိုက်လံ၍ ပြန်လည်ပိတ်ဆို့ခဲ့ကြောင်းသိရှိရသည်။
ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဒဏ္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများမှာ ရေအတွက်အခက်အခဲများစွာရှိနေကြောင်းသိရှိရသည်။ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးနိုင်ငံလင်း အနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်ပေးထားသော ရေတွင်းများအား လိုက်လံပိတ်ဆို့ခဲ့သော်လည်း NLD ပါတီအနေဖြင့် နောက်ထပ်ရေတွင်းသစ်များ အား တူးဖော်ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။
မြို့နယ်နေ ပြည်သူတစ်ဦးက "ကျွန်တော်တို့အနေနဲ့ အန်တီစု ဦးဆောင်တဲ့ NLD ပါတီကို မဲပေးခဲ့တာဟာ ပြည်သူအတွက်တကယ်အလုပ်လုပ်ပေးမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့မဲပေးခဲ့တာပါ။
ဒါပေမယ့် ခု ဦးနိုင်ငံလင်းအနေနဲ့က အရင်ပြည်ခိုင်ဖြိုးပါတီက လုပ်ပေးခဲ့တဲ့ ရေတွင်းတွေကို လိုက်လံပိတ်ဆို့တာကတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ဘာကြောင့်လည်းဆိုတော့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာလည်း ပြည်သူတွေအတွက်ဘဲ အလုပ်လုပ်ပေးတာပါ။NLD ပါတီလည်း ပြည်သူတွေ အတွက် အလုပ်လုပ်ပေးဖို့ ခုကြားဖြတ်ရွေးကောက် ပွဲမှာ ၀င်ပြိုင်ခဲ့တာပါ။
ဘာပြောပြော ခုလို NLD ပါတီအနေနဲ့ ပြည်ခိုင်ဖြိုးပါတီက လုပ်ပေးတဲ့ ရေတွင်းတွေကို လိုက်ပိတ်တာက ကျွန်တော့်အမြင်ပြောရရင် သွေးခွဲနေတာလိုလို၊သီးသန့် အုပ်ချုပ်ချင်နေတဲ့ ပုံစံဖြစ်နေတယ်။နောက်ပြီး ပြည်ခိုင်ဖြိုး ဆိုတာကလည်းကြားဖြတ် ရွေးကောက်ပွဲမှာ ရူံးသွားလို့ ပျက်ဆီးသွားတဲ့ အဖွဲ့အစည်းမှ မဟုတ်တာ..ပြည်ခိုင်ဖြိုးကလည်း ပြည်သူတွေ အတွက်ဘဲ ဆက်လက်လုပ်ဆောင်နေမှာပါ..အားလုံးပူးပေါင်းပြီး လုပ်တော့ ကျွန်တော်တို့ အတွက် အကောင်းဆုံးပေါ့ဗျာ။
ဒီလိုလုပ်တာကတော့ လုံးဝ မဖြစ်သင့်ကြောင်း" MEG မှ သတင်းထောက်တစ်ဦးအား ပြောကြားခဲ့သည်။NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း အနေဖြင့်လည်း နိုင်ငံတော်တိုးတက်အောင်ဆောင်ရွက်ရာမှာ အခုလို ပါတီစွဲ စိတ်ဓာတ်ဖြင့် ခွဲခြားလုပ်ဆောင်နေခြင်းဖြင့် တိုင်းပြည်က ဘယ်တော့မှ တိုးတက်တော့မည်မဟုတ်ဘဲ ဘယ်ပါတီက ဘဲလုပ်ဆောင်လုပ်ဆောင်၊လုပ်ဆောင်ထားသောအရာတွေကိုသာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသင့်ကြောင်းအကြံပြုတင်ပြလိုက်သည်။
Myanmar Express
မူရင်းလင့်က ဒီမှာပါ။
ALP နှင့် ရခိုင်ပြည်နယ် အစိုးရ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေးထိုး
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယနေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည်နယ် အစိုးရ အကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘောတူညီချက် (၅) ခုကို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ငြိမ်းချမ်းရေး ဒုခေါင်းဆောင် ခိုင်သုခက ယခုကဲ့သို့ပြောသည်။
" ဒီလ ၆ ရက်နေ့က စပြီးတော့ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာတပ်မတော် အကြား အပြန် အလှန် တိုက်ခိုက်နေမူကို ရပ်တန့်ရန်၊ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးတွေကို ကျောက်တော်နဲ့ ပလ၀က်ဝမှာ ဖွင့်လှစ်ရန်၊ ပစ်ခတ်မူ ရပ်ဆိုင်းတဲ့ ကာလအတွင်း နှစ်ဘက် သဘော တူညီထားသော နယ်မြေ များ အပ နယ်မြေ ကျော်လွန်ပြီး လက်နက်ကိုင်ဆောင် သွားလာမူကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ အဖွဲ့ဝင်များကို မြန်မာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နဲ့ ပြည်ထောင်စု အစိုးရက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ငြိမ်းချမ်အဖွဲ့တို့ နှစ်ဦး နှစ်ဘက် သဘောတူညီတဲ့ အချိန် သဘောတူညီတဲ့နေရာမှာ ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိုင်း ဆွေးနွေးကြရန်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်" ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရဘက်မှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ အနောက်ပိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဦးလှသိန်း - ပြည်နယ် ဥပဒေချုပ်၊ ဦးစိုးဝင်း ရခိုင်ပြည်နယ် နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီဘက်မှ ပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်ပြီး ၁၈ ဦး တက်ရောက်ခဲ့သည်။
" ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီး လက်မှတ်ထိုးပါတယ်။ ကျွန်တော် ALP ဘက်ကတော့ ၄ ဦး လက်မှတ်ထိုးပါတယ်။ ကျွန်တော် တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂ ခိုင်သုခု၊ ဗဟို အလုပ်အမူဆောင်ကော်မီတီဝင် ခိုင်ထွန်းလင်း ဒုဗိုလ်မှူးကြီး မိုးချမ်း၊ ဗိုလ်မှူး ခိုင်မျိုးချစ်တို့ လက်မှတ်ရေးထိုးထားပါတယ်" ဟု ခိုင်သုခမှ ဆက်ပြောသည်။
ဆွေးနွေးပွဲကို စစ်တွေမြို့ကမ်းခြေရှိ စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု ဆွေးနွေးပွဲနှင့် ပတ်သတ် ပြီး အဖွဲ့ဒုခေါင်းဆောင်ဖြစ်သူ ခိုင်သုခက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ဒါက ပထမအဆင့်လို့ ယူဆတယ်။ ဒါပေမဲ့ ဒီကနေပြီးတော့ နောက်ဆုတ်မသွားဘဲ ရှေ့ကို အများကြီး ဆက်လက် ဆောင်ရွက် လာနိုင်မယ်လို့ ယူဆပါတယ်။”
သဘောတူညီချက်များမှာ မနက်ဖြန် (ဧပြီလ ၆ ) ရက်နေ့မှ စပြီး အသက်ဝင်မည် ဖြစ်သည်။
ဦးခိုင်စောနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ယမန်နေ့ နံနက်က ရန်ကုန်မှ တဆင့် စစ်တွေမြို့ သို့ ရောက်ရှိလာရာ ဒေသခံ ပြည်သူ သိန်းနှင့်ချီ၍ ကြိုဆိုခဲ့ကြခြင်း အပေါ် ကျေးဇူးတင်ကြောင်းနှင့် ယခုကဲ့သို့ ပြည်သူများ ကြိုဆိုကြခြင်းမှာ ALP ပေါ်လစီ မူဝါဒများမှာ ပြည်သူများ လိုလားနေမူနှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်သည်ကို ဖေါ်ပြနေခြင်း ဖြစ်ကြောင်း ခိုင်သုခမှ နိရဉ္စရာသို့ ပြောကြားသွားသည်။

ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ
ပြည်သူလူထုအား လုပ်အားခေါ်ယူခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်းမပြုရေး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့် ချင်းပြည်နယ် နယ်စပ်ဒေသအထိ အာဏာသက်ရောက်မှူ ရှိပြီဟု ဒေသခံတဦးက ပြောသည်။
ဖေါ်ပြပါ နိုင်ငံတော် သမ္မတအမိန့်ကြောင့်ပြည်သူ့ရဲ၊ နယ်မြေခံ တပ်မတော်သားများအနေနှင့် ဒေသခံ ပြည်သူတွေကို လုပ်အား၊ ပေါ်တာတွေခေါ်မှာ မဟုတ်တော့ကြောင်း မတူပီမြို့နယ်လိုင်လင်းပီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။
“ အခု လိုင်လင်းပီ ပြည်သူရဲ မိသားစု လိုင်းတွေကို ပြည်သူရဲတွေကိုယ်တိုင် ဆောက်နေကြတယ်၊ အရင် တပ်မတော် အစိုး ရ လက်ထက်မှာ ပြည်သူတွေကို ကျေးရွာအလိုက် ခွဲတမ်းချပြီး ကိုယ့်စရိတ်နဲ့ ကိုယ် ဆောက်ခိုင်းတာလေ ” ဟု လိုင်လင်း ပီရွာသားတဦးက ပြောသည်။
ပြည်သူ့ရဲနဲ့ နယ်မြေခံ စစ်သားတွေအတွက် စခန်းရုံးနှင့် မိသားစုလိုင်း ပြုပြင်စရိတ်ကို သက်ဆိုင်ရာက ဘတ်ဂျက်တွေ ချပေးခြင်းမရှိကြောင်း ပြည်သူရဲနဲ့ နီးစပ်သူတဦးက ဆိုသည်။
“ အခု လောလောဆယ်တော့ ပေါ်တာတွေ မရှိပေမဲ့ ရေရှည်အတွက် စိတ်ချလို့မရဘူး၊ သူတို့မှာ အဲဒီအတွက် ဘတ်ဂျက်မရှိဘူးလေ” ဟု ပြောသည်။
သို့သော် ယခုလက်ရှိ ချင်းပြည်နယ်အတွင်း အစိုးရ၀န်ထမ်းများသည် မသမာသောနည်းဖြင့် အခွန် ကောက် နေကြကြောင်း သိရသည်။
“ စာမေးပွဲကြေး၊ စာစစ်ခ၊ ဆေးစစ်ခ အတွက်ဆိုပြီး ၀န်ထမ်းတွေက ပြည်သူထံ ငွေကောက်တာတွေရှိသေး တယ်” ဟု မတူပီမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။
ခိုနူမ်းထုန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယအင်အားအကြီးဆုံး နိုင်ငံရေး ပါတီဖြစ်လာမည်
ဧပြီလ ၁ ရက်နေ့က မဲဆန္ဒနယ်ပေါင်း ၄၅ နေရာတွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၄၃ နေရာအနိုင်ရရှိခဲ့ သည့်အတွက် ပြည်ထောင်စုလွှတ်တော် ၌ ဒုတိယအင်အားအကြီးဆုံးပါတီ ဖြစ်လာမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲမကျင်းပခင်ကတည်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိထား ပြီးဖြစ်ရာ ယခုအနိုင်ရရှိ သည့် ကိုယ်စားလှယ်များအားလုံး လွှတ် တော်တက်ရောက်ခွင့်ရရှိခဲ့ပါက ပြည် ထောင်စုလွှတ်တော်အတွင်း ကိုယ် စားလှယ် ၄၂ ဦး ရရှိမည်ဖြစ်ရာ ယခင်က ကိုယ်စားလှယ် ၃၄၂ ဦးရရှိထားပြီး တစ်ဦးထပ်မံအနိုင်ရထားသည့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးနောက် ကိုယ်စားလှယ်ဦးရေ ဒုတိယ အများဆုံး ရရှိထားသည့် ပါတီဖြစ်လာ မည်ဖြစ်သည်။
တတိယအင်အားအကြီးဆုံးပါတီမှာ တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဖြစ်ပြီး ယင်း ပါတီသည် ယခင်က ကိုယ် စားလှယ် ၂၁ ဦးရရှိထားပြီး ယခုကြား ဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်တစ်ဦး ထပ်မံ အနိုင်ရခဲ့သည်။
အစိုးရသစ် အာဏာလွှဲပြောင်းရယူ ပြီးနောက် တစ်နှစ်အကြာတွင် ကျင်းပ သည့် ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်သော ရွေးကောက်ပွဲဖြစ် ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် မြို့၌ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဧပြီလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လည်း ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ခေတ်သစ်တစ်ရပ် ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ ရွေး ကောက်ပွဲတရားဝင်ရလဒ်များ မကြေ ညာသေးသော်လည်း နေရာအများစု၌ အနိုင်ရရှိကြောင်း သေချာနေသည့် အချိန်တွင် ပြောကြားခဲ့သည်။
"ပြည်သူတွေအနေနဲ့ နိုင်ငံရေး ဖြစ်စဉ် မှာပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်"ဟု ဗဟန်းမြို့နယ်ရှိ ပါတီ ဌာနချုပ်တွင် ၎င်းကပြောကြားသည်။
ယခု ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့ သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံ ရေးပါတီ ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သူ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းရှစ်ဦး အပါအ၀င် ကိုယ်စားလှယ်လောင်း စုစု ပေါင်း ၁၆၈ ဦးရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်လည်း ရန်ကုန်တိုင်းကော့မှူးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၇,၇၁၆ ဦးရှိသည့်အနက် ဆန္ဒမဲ စုစုပေါင်း ၅၅,၉၀၂ မဲရရှိကာအနိုင်ရရှိခဲ့ သည်။
ယင်းကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်းက ဆန္ဒမဲ ၉,၁၇၂ မဲနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ၃၉၇ မဲရရှိခဲ့သည်။
ကော့မှူးမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် ကိုထွန်းလင်းက ဒေါ်အောင်ဆန်းစုကြည်သည် နေရာတိုင်း၌ နည်းလမ်း တကျ အလုပ်လုပ်တတ်သည့်အတွက် ၎င်း၏ပါတီကို မဲပေးခဲ့ ကြောင်း မဲရုံမှပြန်အထွက်တွင် မြန်မာတိုင်း(မ်)ကိုပြောသည်။
"အမေစုက နိုင်သွားရင် ဘာလုပ်ပေးမယ်လို့မကြေညာဘူး။ ဘာမှ မလုပ်ပေးလည်း ကျွန်တော်တို့ကတော့ ဘယ်လိုမှမနေဘူး။ လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ၊ သူကလမ်းကျကျ လုပ်တဲ့အတွက်ကြောင့် သူ့ကိုမဲပေးတာ။ အခုတစ်ခေါက်မဲထည့် ရတာကတော့ လွတ် လွတ်လပ်လပ်ပဲ။ ပြဿနာမရှိဘူး"ဟု မကျည်းကန်ရွာသား ခြံလုပ်ငန်း လုပ်ကိုင်သူ ကိုထွန်းလင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲမကျင်းပခင် ညက ကော့မှူး မြို့နယ် ၀ါးသိင်္ခကျေးရွာတွင် ညအိပ်ကာ မနက်ခင်း ကတည်းက လမ်းသင့်ရာ မဲရုံများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ကရင်လူမျိုး အများစုနေထိုင်ရာ ၀ါးသိင်္ခကျေးရွာသားတစ်ဦးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုစဟိန်းမင်းဇာက ဆန္ဒမဲပေးခြင်းသည် လူမျိုး ရေးမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မှုကြောင့်သာ မဲပေး ကြသည်ကို တွေ့ရကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
"အမေစုကို အရမ်းယုံကြည်တယ်။ မျက်နှာမြင်တာနဲ့ အရမ်းချစ် ကြတယ်။ ဘာလို့ယုံတာလဲ မပြောတတ်ဘူး။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်လို့ ယုံကြည်တယ်"ဟု ကိုစဟိန်းမင်းဇာက ဆိုသည်။ ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သံတမန်နှင့် လေ့လာသူ ၁၅၆ ဦးအား လေ့လာရန် စီစဉ်ပေးခဲ့သည်။
ထို့ပြင် ပြည်တွင်းရှိ နိုင်ငံခြားသတင်းထောက် ၂၇ ဦးနှင့် ပြည်တွင်းထုတ် စာနယ်ဇင်းများမှ သတင်းထောက် စုစု ပေါင်း ၄၂၇ ဦးကို သတင်းရယူနိုင်ရန် ခွင့်ပြုသည့် ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ရွှေယင်းမာဦးနှင့် မြတ်မေဇင် (မြန်မာတိုင်းမ်)
မူရင်းလင့်က ဒီမှာပါ။
ပြည်သူကပေးလိုက်သည့် အာဏာနှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကတိပေး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မန္တလေး လုပ်ငန်းရှင် များ၏ လိုအပ်ချက်များကို မေးမြန်းနေစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးမြို့ မြို့တော်ခန်းမတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မန္တလေး၊ စစ်ကိုင်းမှ လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလ ၂၆ ရက် နေ့တွင် ကျင်းပရာ ပြည်သူကပေးသည့် အာဏာနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လုပ်ငန်းရှင်များကို ကတိပေး လိုက် ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော်ကော်မတီများ၊ ကော်မရှင် များ ၊မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြ ပြီး ပြည်သူ့လွှတ်တော် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက် ချက်များကို ပြောကြားပြီး လုပ်ငန်းရှင်များက လုပ်ငန်း လိုအပ်ချက်များနှင့် အသင်းအဖွဲ့အစည်း လိုအပ်ချက်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးသိန်းထွန်းက"အခု လက်ရှိ မန္တလေးမှာ ဖြစ်နေတဲ့ လျှပ်စစ် မီးအခြေအနေမှာ တော်တော်လေး ဆိုးဝါးတဲ့ အနေအထားမှာ ဖြစ်နေပါ တယ်။ ပြည်တွင်း စက်မှုလုပ်ငန်းလေး တွေဟာ ဒီလျှပ်စစ်မီးကိုပဲ အဓိက အား ကိုးပြီး လုပ်ငန်းလည်ပတ် နေရတာပါ။အထူးသဖြင့် ကျွန်တော်တို့ဆီစက်တွေ ကလည်း မီးကို အမှန်တကယ်လိုအပ်ပါ တယ်။ လိုအပ်တယ်ဆိုတဲ့ နေရာမှာ လည်း တောက်လျှောက်ကို မဆိုလိုပါ ဘူး။ အခုဖြစ်ပျက်နေတဲ့ အနေအထား က မန္တလေးမှာ ၁၀ မိနစ်လောက်လာ တယ်။ ပျက်တယ်။ တစ်ခါ တလေ တစ်နာရီလောက်လာတယ်၊ ပျက်သွား တယ်။ အဲဒီလိုအနေအထားမျိုးမှာ လုပ်ငန်းအများစုမှာ တော်တော်လေး အခက်အခဲ ဖြစ်နေရပါတယ်။ ပြောရ မယ်ဆိုရင်ဖြင့် ဒီအခက်အခဲတွေက လည်း ရိုးတောင်ရိုးနေပါပြီ။တစ်မြို့လုံး ကို ဓာတ်အား အပြည့်အ၀ မပေးနိုင်ရင် တောင်မှ အရင်နှစ်တွေတုန်းကလိုပဲ တစ်နယ်မြေနဲ့ တစ်နယ်မြေ အချိန်ပိုင်း ခွဲတမ်းနဲ့ ကန့်သတ်ပြီး ပေးမယ်ဆိုရင် လုပ်ငန်းတွေ အတွက်လည်း အဆင်ပြေ နိုင်ပါတယ်။ အခက်အခဲလည်း နည်း နည်း လျှော့သွားနိုင်ပါတယ်"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် တကွ ပြည်သူ့ လွှတ်တော်ကော်မရှင်တို့အား လုပ်ငန်း လိုအပ်ချက်အဖြစ် တင်ပြခဲ့သည်။ ပြည်သူ့လွှတ်တော် ကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရာတွင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ကြံနှင့် ကြံထွက် ပစ္စည်းထုတ်လုပ် သူများနှင့် ကုန်သည်များအသင်း၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာ ကထိန်တော်အသင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများကလည်း လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
"အခုလိုမျိုး မန္တလေးကိုလာဖို့ရာ မျှော်လင့်နေတာကြာပါပြီ၊ အခုတော့ မျှော်လင့်ထားတဲ့အတိုင်း မန္တလေးကို ရောက်ရှိလာခဲ့ပါပြီ။ မန္တလေးနဲ့စစ်ကိုင်း ဆိုတာကလည်း စီးပွားရေးရော၊ လူမှုရေး ရော အဓိက အချက်အချာကျတဲ့မြို့ကြီး တွေဖြစ်တဲ့အတွက် လုပ်ငန်း ရှင်ကြီး တွေ နဲ့သီးခြားလာရောက် တွေ့ဆုံရတာပါ။ အခုလိုမျိုး လုပ်ငန်းရှင်တွေရဲ့ လိုအပ် ချက်၊ တောင်းဆိုချက်တွေကို ကြားသိ ရတဲ့ အတွက် လွှတ်တော်မှာ လုပ်စရာ ရှိတာလုပ်ပါမယ်၊ ကော်မတီမှာလည်း လုပ်ပါမယ်။ ပြည်သူ့လိုအပ်ချက်များကို ဆောင်ရွက်ပေး သွား မှာပါ"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မန္တလေးနှင့် စစ်ကိုင်းမှ လုပ်ငန်းရှင်များ ကို ကတိပေးစကား ပြောကြားခဲ့သည်။
မြို့ နေလူထုက လုပ်ငန်းလိုအပ်ချက် များကို ပြောရမည်ဖြစ်ကြောင်း၊ အများ ပြည်သူအတွက် လိုအပ်ချက်များကို တင်ပြရမည်ဖြစ် ကြောင်း၊ တင်ပြချက် များကိုလည်း လိုအပ်လျှင် ဥပဒေတွေ ပြုပေးပြီး သက်ဆိုင်ရာဌာနအလိုက် ထိန်းညှိ ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ မန္တလေးတိုင်း ဒေသကြီး ကော်မတီဥက္ကဋ္ဌများက လည်း လိုအပ်ချက်များကိုလာရောက် ဆွေးနွေး နိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များ ၏ အဓိက ရည်မှန်းချက်မှာ ပြည်သူ နှင့် နိုင်ငံအကျိုးစီးပွားများကို လွှတ်တော် အတွင်းမှာ အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် ကုန်စည်ပို့ဆောင် စရိတ်များပြားခြင်းကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်မားရခြင်းဖြစ်သည့် အတွက် တန်ပိုများ လျှော့ချ ပေးရန်ကို လုပ်ငန်းရှင်အားလုံးက အထူးအလေး ထားတောင်းဆို ဆွေးနွေးသွားခဲ့ကြ သည်။
စည်သူလွင် (မြန်မာ့တိုင်းမ်)
မူရင်းလင့်က ဒီမှာပါ။
မိုးရေတစ်စက်ချင်းမှသည် ...ငြိမ်းချမ်းရေးဆီသို့
ယာယီစခန်းတစ်ခုမှ ကလေးငယ်တစ်ဦး နေ့လည်စာစားရန် ပြင်ဆင်နေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
မေးခွန်းမေးပြီးတဲ့ တဒင်္ဂမှာ ဘာစကားမှ ထပ်မပြောနိုင်လောက်အောင် ငြိမ်သက်သွားပေမယ့် မျက်တောင်တွေကို ပုတ်ခတ်လိုက်ရင်း သူတို့ရဲ့ ကချင်ပြည် နယ် ခရီးစဉ်အတွေ့အကြုံတွေကို တက် ရောက်လာတဲ့ ဧည့်ပရိသတ်ကို တစ်ဆင့် ဝေမျှနေပါတယ်။
"စစ်ဘေးသင့်စခန်းတွေမှာ ကျွန်မတို့ အများဆုံးတွေ့ခဲ့ရတာက သက်ကြီးရွယ် အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ် တွေပဲ။ အရွယ် ကောင်းတဲ့ ယောက်ျားတွေကို လုံးဝနီးပါး မတွေ့ခဲ့ရပါဘူး။စခန်းကို ထိန်းကျောင်းတာကအစ ထင်းခွေ၊ ရေခပ်တာအများစုကို မိန်းမတွေချည်း လုပ်နေရတာပါ"လို့ မနီမိုလှိုင်က ပြောပါ တယ်။
ဒါပေမယ့် ကချင်အမျိုးသမီးတွေဟာ အခုလို အခက်အခဲတွေကြားမှာ ဦးဆောင်နေရတဲ့ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ မိန်းမသား ဘ၀ကိုလည်း ပြန် လည် စိုးရွံ့နေရတယ်လို့ သူကဆိုပါ တယ်။
စခန်းပတ်လည်မှာ ကာရံထားတဲ့ တာလပတ်တွေက စုတ်နေပြီး အ၀တ် အစားလဲဖို့ ခန်းဆီးစတစ်စတောင် ခြား မထားနိုင်တဲ့၊ အမျိုးသား တွေနဲ့ ကြမ်း တစ်ပြေးတည်း အိပ်နေရပါတယ်။
"သတိထားမိခဲ့တာက စခန်းတွေမှာ ကလေးမီးဖွားနှုန်းတွေက အရမ်းကို မြင့်တာပဲ။ အလွန်အိုမင်းနေတဲ့ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေက ကလေး လေးတွေကို ပြန်ထိန်းနေရတယ်။ သုံးနှစ် လေးနှစ်ကလေးတွေက တစ်နှစ်၊ လသား ကလေးတွေကို ပြန်ထိန်းနေရတယ်"လို့ သူက ဆိုပါသေးတယ်။
ဒါ့ပြင် ကလေးငယ်တွေဟာ လုံ လောက်တဲ့ အာဟာရမရရှိခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှု ချို့တဲ့မှုတွေကြောင့် နာမကျန်းဖြစ် နေကြပြီး တချို့ကတော့ အသက်ဆုံးရှုံးတာမျိုးတွေတောင် ကြုံ တွေ့နေရတယ်လို အဖြူရောင်တွဲလက် များအဖွဲ့ဝင်တွေက ဆိုပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုစိမ်းခက်စိုး ကလည်း "အဓိကကတော့ သူတို့ရဲ့ ပညာ ရေးပဲ။ ကလေး ၃,၀၀၀၊ ၄,၀၀၀ လောက် က ပညာမသင်ရတော့ဘူး။စာသင်နှစ် တစ်နှစ် နောက်ကျသွားပြီ။သူတို့ အိမ် ပြန်ပြီး ကျောင်းတက်ချင်တယ်။ ဒါပေမယ့် ဘယ်တော့မှပြန် ရမလဲဆိုတာ မသိ ပါဘူး"လို့ ကလေးတွေ လက်ရှိကြုံတွေ့ရ တဲ့အခြေအနေတွေကို ရှင်းပြပါတယ်။
စစ်ဘေးဒဏ်သင့် ကချင်ပြည်သူတွေ အတွက် အခုလို ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ အခြေအနေတွေမှာ ရုန်းကန်နေရတဲ့ အခါ သူတို့မှာ ပျော်စရာဆိုတာ ဘာမှန်း မသိတော့တဲ့၊ ရယ်မောပျော်ရွှင်မှု ပျောက် ဆုံးနေတဲ့၊ ခံစားချက်မဲ့တဲ့ မျက်နှာတွေ လည်း မြင်တွေ့ခဲ့ရ တယ်လို့ သူက ဆိုပါ သေးတယ်။
ဒါကြောင့်လည်း ဒီမွန်းကျပ်မှုတွေကို ပြေလျော့စေပြီး သူတို့အတွက် ခဏတာ ဘ၀အမောတွေကိုပြေစေဖို့ အဖြူရောင် တွဲလက်များ အဖွဲ့ဝင်တွေဟာ ကချင် ပြည်နယ်ကို ချီတက်ခဲ့တာပါ။ မတ်လ ၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ဘေး သင့် စခန်း ၁၃ ခုက ဒုက္ခသည်ပေါင်း ၁၅,၃၀၀ ကျော်ကို တွေ့ဆုံခဲ့ပါတယ်။
သူတို့မှာ အလှူငွေများများစားစား မပါပေမယ့် သူတို့တတ်နိုင်သလောက် လေး ဝေမျှရင်းသွားရောက်တဲ့ တဒင်္ဂတာ အချိန်လေး အတွင်းမှာ လိုအပ်တာလေး တွေ ပံ့ပိုးပေးရင်း၊ မျက်လှည့်ပြ၊ သီချင်း ဆိုရင်း ကလေးတွေနဲ့အတူတူ ကစားကာ ကချင်ပြည်သူတွေရဲ့ ဒုက္ခတွေကို အတူတူ ဝေမျှခံစားပေးခဲ့ပါတယ်။
"ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို စွဲ ကိုင်ပြီး မသွားနိုင်ခဲ့ပါဘူး။ စစ်ဘေးသင့် ကချင်ပြည်သူတွေအတွက် သယ်ဆောင် သွားနိုင်တာက စာနာမှုပါ။ သူတို့ဒုက္ခ တွေ၊ ပင်ပန်းမှုတွေကြားထဲက ကျွန်မတို့ ကို လှိုက်လှဲစွာကြိုဆိုခဲ့ပါတယ်။ အမြင့်ဆုံး သိလိုက်ရတာတစ်ခုက တော့ တစ်ခါမှမမြင်ဖူး မသိဖူးတဲ့ ဘယ် တိုင်းရင်းသားညီအစ်ကိုတွေကမှ တစ်ဦး နဲ့တစ်ဦး မုန်းမနေကြပါဘူး ဆိုတာပါပဲ" လို့ မနီမိုလှိုင်က သူတွေ့ကြုံခဲ့ရတဲ့ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ သဘော ထားကို ရှင်းပြပါတယ်။
"သေချာတာကတော့ သူတို့ကို ကျွန်တော်တို့ ရယ်မောပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ သူတို့ကိုယ်တိုင် နောက်တစ်ခေါက်ပြန် လာဖို့ ဖိတ်ခေါ်ခဲ့ တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း မကြာခင်မှာ ပြန်သွားဖို့ စီစဉ်နေတယ်။ ဧပြီလကုန်လောက် သွားဖြစ်မယ် ထင်ပါ တယ်"လို့ ကိုဘိုဘိုက ပြောပါတယ်။
"ပထမဆုံး ခရီးစဉ်ဖြစ်တဲ့အတွက် အခက်အခဲ လိုအပ်ချက်တွေကတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ အတတ် နိုင်ဆုံး လုပ်ဆောင် ပေးခဲ့တယ်။ ကျွန်မတို့ အားလုံး စစ်ကိုမလိုလားပါဘူး။ ငြိမ်းချမ်း ရေးကိုပဲ လိုလားပါတယ်။ ကချင်ပြည်သူ တွေအတွက် မည်သည့် ပုဂ္ဂိုလ် အဖွဲ့ အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ"လို့ မဟန်နီဦးက ဆိုပါ တယ်။
အဖြူရောင်တွဲလက်များ အဖွဲ့ရဲ့ ကချင်ပြည်သူတွေအတွက် ဆောင်ရွက် မှုတွေဟာ ဘ၀တွေကို လောင်တဲ့မီး၊ နှလုံး သားတွေကို လောင်တဲ့မီး၊ ခေတ်တွေ ကို လောင်တဲ့မီးတွေ အားလုံးကို မငြှိမ်း သတ်နိုင်ပေမယ့် သူတို့တတ်စွမ်း သလောက်နဲ့ မိုးရေတစ်စက် အဖြစ်တော့ ဖန်တီးနိုင်ခဲ့ပါတယ်။
မိုးရေစက်တွေများလာပြီး စစ်မီးတွေငြိမ်းနိုင်ဖို့ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတော့ လိုအပ်နေဆဲပါ။
အိအိတိုးလွင် (မြန်မာ့တိုင်းမ်)
မူရင်းလင့်က ဒီမှာပါ။
မြစိမ်းတောင်တကြောရှိ တောရ ကျောင်း ၁၀ကျောင်း အား မ.ဟ.န အမိန့်စာဖြင့် အတင်းအကျပ် ဖယ်ရှား ခိုင်းခြင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အရှေ့ဘက်တောင်တန်း မြစိမ်းတောင်တကြောရှိ တောရ ကျောင်း ၁၀ကျောင်း အား မ.ဟ.န အမိန့်စာဖြင့် အတင်းအကျပ် ဖယ်ရှား ခိုင်းခြင်း။
တိုင်းစစ်ဌာနချုပ် တပ်မြေဧရိယာ အတွင်း တည်ရှိနေသည်ဟူသောအကြောင်းပြချက်ဖြင့် မြစိမ်းတောင် ကြောအတွင်း လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တောရဆောက်တည်သီတင်းသုံးတရားအားထုတ်နေကြသော တောရကျောင်း(၁၀)ကျောင်းကို မ.ဟ.န ၏ အမိန့်စာအမှတ် ၀၀၂/၁၅-၁၃/၃/သာ မဟန ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့နေ့စွဲဖြင့်ထုတ်ပြန်ကြေငြာချက်ဖြင့် အဆိုပါတောရကျောင်းများအား ဘုန်းတော်ကြီးကျောင်းများအဖြစ်အသိအမှတ်မပြုရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအမိန့်စာအရ တောရကျောင်းတွင်သီတင်းသုံးနေကြသောသံယာတော်များကို မြို့နယ် မဟန နှင့်သာသနာရေးဦးစီး မှမတ်လ ၂၇ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရပါသည်။ ထိုသို့တွေ့ဆုံရာတွင် တောရကျောင်းများအနေဖြင့် မဟန၏ အမိန့်စာအရ စစ်တပ်မြေအဖြင့်သိမ်းဆည်းထားသောနယ်မြေအတွင်းတည်ဆောက်ထားသောကြောင့် ဧပြီလ ၃၀ ရက် ၂၀၁၂ခုနှစ်နောက်ဆုံးထာြး့ပီးတောရကျောင်းများမှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ပြောပီး ထွက်ခွာပေးပါမည်ဟုလဲသံယာတော်များက ၀န်ခံလက်မှတ်ထိုးပေးခဲ့ရပါသည်။ ဧပြီလ (၃၀) ရက်နေ့ ကျောင်းများမှ မထွက်ခွာပါက ပုဒ်မ၇၅ ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမည်ဟုအမိန့်ထုတ်ပြန်ခဲ့ပါသည်။
ယခုဖယ်ရှားပေးရမည့်တောရကျောင်းများမှ သံယာတော်များ အတွက်ကျောင်းနေရာအစားပြန်ပေးရန်လဲစီစဉ်ပေးခြင်းမရှိပဲ မိမိတို့အစီအစဉ်ဖြင့် သာပြောင်းရွှေ့ပေးရမည်ဖြစ်သဖြင့် သံယာတော်များ စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်နေရပါသည်။
နှစ်များစွာကတည်းက တည်ရှိခဲ့ပီးအေးချမ်းစွာ တရားအားထုတ်နေကြသော သာသနာ့သားတော်များအား မတရားမောင်းထုတ်ခြင်းမှာ ဗုဒ္ဒဘာသာဝင်များအတွက် အင်မတန် မသင့်တော်သောလုပ်ရပ်ဖြစ်ပါသည်။ ယခုဖယ်ရှားပေးရမည့်တောရကျောင်းများ မှာ အခိုင်အမာ ကျောင်းများဖြစ်ပီး ဘုရားစေတီများလည်း တည်ထားကိုးကွယ်ထားသည့်ကျောင်းများဖြစ်ပါသည်။
ဘာသာ၊သာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားလိုစိတ်ရှိမည်ဆိုပါက ယခုလို သာသနိကအဆောက်အဦးများ၊ သာသနာပြုရဟန်းတော်များ ပိုမိုတိုးပွားအောင်သာ ပံ့ပိုးပေးကြရမည်မှာ ဗုဒ္ဒဘာသာဝင်များ၏ တာဝန်ဖြစ်ပါသည်။ ယခုကဲ့သို့ တောရဆောက်တည်သာသနာပြုနေသော ရဟန်းများကိုဟန့်တား ခြင်းသည် သာသနာတော်ကို ဖျက်ဆီးရာလည်းကျပါသည်။ဘုရားရှင်လက်ထက်ကတည်းက တောရဆောက်တည် တရားအားထုတ် သော တောရကျောင်းများ၊ ရဟန်းများ ရှိခဲ့ပါသည်။ မြင့်မားသောတောင်များပေါ်တွင် ဘုရားစေတီများတည်ထားရန်မှာငွေရှိတိုင်းလွယ်ကူသည်မဟုတ်ပါ။
တိုင်းရင်းသားရွာခံများက ခက်ခက်ခဲခဲ ဖြင့် စေတနာ၊သဒ္ဒါတရားထက်သန်စွာ ဖြင့်တည်ထားခဲ့ကြခြင်းဖြစ်ပါသည်။ မြိှု့နှင့်လည်းမနီးမဝေး ဆိတ်ငြိမ်အေးချမ်းပီး သစ်တောကြီးများရှိသဖြင့်တရားအားထုတ်ရန်အလွန်သင့်တော်သောနေရာများဖြစ်ပါသည်။ အခါကြီးရက်ကြီးများ ရောက်တိုင်း တောင်ကြောတစ်လျှောက်တည်ရှိနေသောအဆိုပါတောရကျောင်းများ၊စေတီများသို့ တစ်မြို့လုံးနီးပါး ကျောင်းတက်သွားကြသည်မှာ လည်း အားရစရာ ကောင်းလှပါသည်။ ယခုကဲ့သို့ တောရကျောင်းများကို နှုင်ထုတ်ခြင်း ကို နယ်မြေခံ ဗုဒ္ဒဘာသာဝင်မည်သူမျှမနှစ်မြို့ကြပါ။
မ.ဟ.န ဆရာတော်ကြီးများအနေဖြင့် တောရကျောင်းများဟု စာရွက်ပေါ်တွင်အဆင့်ဆင့်တင်ပြရုံမျှဖြင့် ဖယ်ရှားခိုင်းခြင်းမပြုသင့်ဟုထင်ပါသည်။ ယခုစာနှင့်အတူ တောရကျောင်းများ၏ ပုံများ ၊တည်ထားကိုးကွယ်ထားသောစေတီများကို အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဒဘာသာဝင်များ၊ သိရှိနိုင်ရန်တင်ပြလိုက်ပါသည်။
အခိုင်အမာတည်ဆောက်ထားပီး နှစ်ပေါင်းများစွာစည်ပင်ဖွံ့ဖြိုးအောင် ပျိုးထောင်ထားခဲ့ရသော သာသနာ နယ်မြေများကို ဖယ်ရှား ပျောက်ကွယ်အောင် ကြံစည်ခြင်း ကို ဗုဒ္ဒဘာသာဝင်တိုင်းကာကွယ်စောင့်ရှောက်ပေးကြပါရန် အနုးအညွတ် နှိုးဆော်လိုပါသည်။
ဖယ်ရှားပေးရမည့်တောရကျောင်းများစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဓမ္မရတနာမေတ္တာရေကန်ကျောင်း ---ကျောင်းနေရဟန်း (၂)ပါး--နှစ်ပေါင်း၃၀ကျော်သက်တမ်းရှိသော သဘာဝ ရေကန်ကြိးတည်ရှိရာ ကျောင်း။
၂။ ဗလတောင်ကုန်းကျောင်း--ကျောင်းနေရဟန်း(၅)ပါး- တည်ထားပီးစေတီ ၁၀၈ဆူ၊တည်ဆဲအပါအ၀င်စေတီပေါင်း၂၅၂ဆူတည်ရှိရာကျောင်း။
၃။နိဗာန်ရွှေဂူတောရကျောင်း- ကျောင်းနေရဟန်း(၃)ပါး-သဘာဝအလျောက်တည်ရှိနေသောတရားအားထုတ်ရာလှိုဏ်ဂူတည်ရှိရာကျောင်း။
၎။ နဂါးဂူကျောင်း-ကျောင်းနေရဟန်း၂ပါး- ၁၉၇၃ခုနှစ်ကတည်းက တည်ရှိခဲ့သောတောရကျောင်း။
၅။ဥာဏ်ပင်၊ရေဦးတောရကျောင်း-ကျောင်းနေရဟန်း ၅ပါး- ကမ္မဌာန်းကျောင်းအဖြစ်တည်ထောင်ရန်ရည်ရွယ်ချက်ဖြင့်ဒကာ/ဒကာမများက အုတ်ကျောင်းကြီးဆောက်လုပ်ပြီးစီးကာစ။
၆။ အောင်သိဒ္ဒိတောရကျောင်း-သတင်းအချက်အလက်အတိအကျစုံစမ်းမရသေး။
၇။ဝိမုတ္တိတောရကျောင်း-သတင်းအချက်အလက်အတိအကျမစုံစမ်းရသေး။
၈။စိတ္တသုခတောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။
၉။ဓမ္မရတနာတောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။
၁၀။ညောင်ပင်အောက်တောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။
အထက်ပါကျောင်းအားလုံးမှာ မ.ဟ.န၏အမိန့်စာတွင်ပါသောတောရကျောင်းများဖြစ်ပါသည်။
တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းပေါ်ရှိ အထင်ကရတည်ရှိနေသော တောရကျောင်းများ ပျောက်ကွယ်ခြင်းသည် သာသနာတော်ကိုအဟန့်အတားဖြစ်စေသည့်အပြင်သဘာဝပတ်ဝန်းကျင်ကောင်းကြီးတစ်ခုကိုလဲ အမြန်ဆုံးပပျောက်ရန် အစပြုရာဖြစ်နေပါသဖြင့် တတ်အားသမျှ ၀ိုင်းဝန်း လက်ဆင့်ကမ်းဖြန့်ဝေ နှိုးဆော်ခြင်း တတ်နိုင်သူများက တတ်နိုင်မည့်နည်းလမ်းများရှာဖွေ တားဆီးပေးခြင်းများပြုပေးကြပါရန်အနုးအညွတ် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။