Wednesday, April 4, 2012

အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင် ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။

အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။

ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။

Yangon Press International




မူရင်းလင့်က ဒီမှာပါ။

NLD အနိုင်ရရှိမှု သမ္မတဦးသိန်းစိန် ကြိုဆို

ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့တယ်လို့ သမ္မတပြော

မြန်မာသမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က အပြတ်အသတ်နဲ့ အနိုင် ရရှိသွားတဲ့အပေါ် ကြိုဆိုထောက်ခံကြောင်း ပြောကြား လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က အာဆီယံခေါင်းဆောင် တွေနဲ့ သီခြား ဆွေးနွေးမှု အတွင်း အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး၊ ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လို့ လည်း သူက ပြောကြားသွား ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံ တွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြ တယ်လို့ သတင်းတွေလည်း ရရှိပါတယ်။ကျန်ရှိနေသေးတဲ့ မဲရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် ကြေညာသွားခဲ့ အပြီးမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် ၄၅ နေရာမှာ NLD က ၄၃ နေရာ၊ ကျားဖြူပါတီက ၁ နေရာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တနေရာ အသီးသီး နိုင်ရရှိသွားကြပြီ ဖြစ်ပါ တယ်။

ဘီဘီစီ

မူရင်းလင့်က ဒီမှာပါ။

စစ်တပ် အရာရှိကြီးတွေ ဘာကြောင့် ဒီအချိန် ရာထူးတိုးသလဲ


စစ်တပ် အကြီး အကဲတွေ ရာထူးတိုးပေး တာဟာ စစ်တပ် အခန်းကို တိုးမြှင့်တာလို့ မြင်ကြ အင်္ဂါနေ့က ထုတ်ဝေတဲ့ အစိုးရ သတင်းစာတွေ မှာ ဖော်ပြရေးသားချက်တွေ အရ မြန်မာ နိုင်ငံ စစ်တပ် အကြီးအကဲ တခိျု့ရဲ့ ရာထူး တွေတိုးမြှင့် ပေးခဲ့တာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ပ ခရီးစဉ်ကို လိုက်ပါ ပို့ဆောင်တဲ့ သတင်းကို ဖော်ပြရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး လို့ ဖော်ပြပြီး ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နဲ့ တခြား ထိပ်ပိုင်း စစ်ဘက် ဆိုင်ရာ အရာရှိကြီး တခိျု့ကို ရာထူး တစ်ဆင့်တိုး ဖော်ပြ ထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်(လေ)က ဒုတိယ ဗိုလ်ချုပ်ကြီး ကနေ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအဖြစ် မူလ ထက် ရာထူး တဆင့်မြင့် သွားပါတယ်။

ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ကို လည်း ရာထူး တစ်ဆင့် တိုးပေးလိုက်တဲ့ အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်း ဖြစ်သွား ပါတယ်။

ဒါဟာ လက်ရှိသွားနေတဲ့ မြန်မာ နိုင်ငံရဲ့ အပြောင်း အလဲတွေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ချီးမြှောက်တဲ့ သဘောလို့ ပြောနိုင်ကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူ သွားခဲ့ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ကြီး အဆင့် ရှိတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ် အစမ်း ခန့်ထားခဲ့ပြီး အခု တစ်နှစ်ပြည့်ချိန်မှာ အတည်ပြု ခန့်ထားတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံရောက် ဘီဘီစီ သတင်းထောက် ကိုချိုက စစ်တပ် အသိုင်း အဝိုင်းနဲ့ သတင်းထောက် အသိုင်း အဝိုင်းရဲ့ ပြောဆိုမှု တွေကို ကိုးကား ပြောပါတယ်။

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူတို့ လွှတ်တော်ထဲ ရောက်ရင် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ကနေ ဖယ်ရှားဖို့ လုပ်ဆောင် မယ်လို့ ပြောထားခဲ့ တာမို့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်သမျှ နေရာ အားလုံး နီးပါး အနိုင်ရ တယ် ဆိုတဲ့ ရလဒ် ထွက်ပေါ်လာ ချိန်မှာ စစ်တပ် အကြီးအကဲတွေရဲ့ ရာထူးတွေ တိုးပေးလိုက်တာ တွေ့ရတာကတော့ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို တိုးမြှင့် ယူလာတယ်လို့ ဆိုနိုင်ကြောင်း ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။

ဘီဘီစီ

မူရင်းလင့်က ဒီမှာပါ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အသိပေးတင်ပြချက်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော GSM/UMTS မိုဘိုင်းလ်တိုးချဲ့တပ်ဆင်ရေး စီမံကိန်း၊ ZTE GSM Core Networkတွင်စက်အသစ်များ ပြောင်းလဲချိတ်ဆက်ခြင်း၊ (Cutover) လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အောက်ဖော်ပြပါ ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့၊ လားရှိုးမြို့၊ မကွေးမြို့၊ မုံရွာမြို့၊ မူဆယ်မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ယှဉ်တွဲဖော်ပြပါ နေ့ရက်များအတိုင်း လုပ်ငန်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။

၂-၄-၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ SGSN/GGSN/WAP တို့အား စက်အသစ်သို့ ပြောင်းလဲချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ၃-၄-၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ လက်ရှိ iHLR အား USSP သို့ ပြောင်းလဲချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီတိတိမှ ၁၂ နာရီ ၂၀ မိနစ်အထိ၊ ၅-၄-၂၀၁၂ ရက်နေ့တွင် နေပြည်တော်ရှိ MGW အား ရန်ကုန်မြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ၇-၄-၂၀၁၂ ရက်နေ့တွင် လားရှိုးမြို့၊ မကွေးမြို့၊ မုံရွာမြို့၊ မူဆယ်မြို့နှင့် မြစ်ကြီးနားမြို့တို့ရှိ MGW များအား မန္တလေးမြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ၁၀-၄-၂၀၁၂ ရက်နေ့တွင် မန္တလေးမြို့ လက်ရှိ iHLR အား USSP သို့ ပြောင်းလဲတပ်ဆင်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၂၀ မိနစ်အထိ၊ ၁၂-၄-၂၀၁၂ ရက်နေ့တွင် ရန်ကုန်မြို့ MGW အား ရန်ကုန်မြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိနှင့် ၁၅-၄-၂၀၁၂ ရက်နေ့တွင် မန္တလေးမြို့ MGW အား မန္တလေးမြို့ VMSC အသစ်သို့ ရွှေ့ပြောင်းချိတ်ဆက်ခြင်း၊ ဆိုင်းငံ့ချိန် ည ၁၂ နာရီ တိတိမှ ၁၂ နာရီ ၁၀ မိနစ်အထိ၊ ဖော်ပြပါ နေ့ရက်များတွင် နံနက်စောစောပိုင်းအချိန်၌ စက်အသစ်များ ရွှေ့ပြောင်းလဲလှယ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့် မြို့များ၌ တပ်ဆင်ထားသော GSM မိုဘိုင်းလ် တယ်လီဖုန်းများသည် ပြောဆိုဆက်သွယ်ခြင်း ၀န်ဆောင်မှု (Voice Service) နှင့် အချက်အလက် ၀န်ဆောင်မှု (Data Service)များသည် ၁၀ မိနစ်မှ အများဆုံး ၂၀ မိနစ်အထိ ခေတ္တဆိုင်းငံ့မည်ဖြစ်ပါကြောင်း သိရှိရသည်။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲရလဒ် ကြံခိုင်ရေးပါတီလက်ခံ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ လူထုရဲ့ အဆုံးအဖြတ်မို့ ကြံခိုင်ဖွံဖြိုးရေး ပါတီက လက်ခံသလို အနိုင်ရ ကိုယ်စားလှယ်လောင်း တွေကိုလည်း ကြိုဆိုတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သူတို့ပါတီရဲ့ အားနည်းချက်ရှိရင် ပြင်ဆင်ဖို့ လိုမယ်လို့လည်း ပြောသွား ပါတယ်။

လက်ရှိအာဏာရ ကြံခိုင်ဖွံဖြိုးရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရ ခဲ့တဲ့ ပါတီကြီး ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် နေရာ ၄၅ နေရာမှာတော့ တစ်နေရာဘဲ အနိုင်ရခဲ့ပါတယ်။ ဒါဟာ လူထုရဲ့ ရွေးချယ်မှု ဖြစ်ပြီးတော့ ဒီရလဒ် အပေါ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လက်ခံတယ် လို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဗွီအိုအေ ကို ပြောပါတယ်။

“လူထုရဲ့ အဆုံးအဖြတ်ပါပဲ။ လူထုရဲ့ အဆုံးအဖြတ်ကို ကျနော်တို့က လိုက်နာရမှာပေါ့။ နောက်တခါ ကျနော်တို့ ဒီဥစ္စာ နဲ့ ပတ်သက်လို့ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အားလုံးက ကျနော်တို့ ပါတီ က လိုလားတဲ့ လမ်းစဉ်တွေပဲလေ။ ဒါကြောင့် ကျနော်တို့ ဒီလမ်းစဉ် မှာ ပါဝင်တဲ့ လူမှန်သမျှ ကြိုဆိုရမှာပေါ့။ အဲဒီအချိန်မှာ လူထု အဆုံးအဖြတ်ပေးတဲ့ အပေါ် ကျနော် တို့ လိုက်နာရမှာပေါ့။ ဒါ အားလုံး ဒီအတိုင်းပဲ ခံယူပါတယ်။” ဒီ ရလဒ် အပေါ် လက်ခံတယ် ဆိုတဲ့ အခုလို ပြောဆိုချက်ဟာ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကြီး တစ်ခုလုံး ရဲ့ သဘောထားနဲ့ တစ်ထပ်တည်း ကျပါ့မလား လို့ ဦးဌေးဦးကို မေးကြည့်တော့ “အားလုံးက ကြိုဆိုမှာပါ။ ကျနော်တို့ ယုံတဲ့ လမ်းစဉ်ပဲလ။ ကျနော်တို့ ယုံတဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြတာပဲလေ။ တည်ငြိမ် အေးချမ်းမှု ရှိဖို့ လိုတယ်။ ဖွံ့ဖြိုး တိုးတက်မှု ရှိဖို့ လိုတယ်။ ဒါ ကျနော်တို့ ပါတီက ပြည်သူတွေ အတွက် ကျနော်တို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ လက်တွေ့ အကျိုးရှိတဲ့ လုပ်ငန်းတွေ ကျနော်တို့ လုပ်နေပါတယ်။ အရင်တုန်းကလည်း လုပ်ပါတယ်။ အခုလည်း လုပ်ပါတယ်။ လုပ်နေတဲ့ လုပ်လက်စ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေလည်း ပြီးပြတ်အောင် ကျနော်တို့ လုပ်ပါ့မယ်။ နိုင်တယ်၊ ရှုံးတယ် ဆိုတဲ့ နေရာတွေလည်း ကျနော်တို့ မကြည့်ပါဘူး။ ကျနော်တို့ ရွေးချယ် မခံရဘူးဆိုလည်း ပြည်သူအတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေ ရှိရင် ကျနော်တို့ ပြီးပြတ်အောင် လုပ်မှာပါ။”

အထူးသဖြင့်ကတော့ လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အခုကတည်းက စ လို့ သူတို့ ပါတီ ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ လိုမယ် လို့လည်း ဦးဌေးဦးက ပြောပါတယ်။ “စိုးရိမ် ပူပန်မှု ဆိုတာ ထက် စာလို့ရှိရင်တော့ ကျနော် တို့ အားနည်းချက်တွေ ရှိရင် ကျနော်တို့ ပြင်ရမှာပေါ့။ နောက်တစ်ခါ လူထု အနေနဲ့ ကျနော်တို့ လုပ်ဆောင်တဲ့ အပေါ်မှာ သိအောင်လည်း ကျနော်တို့ လုပ်ရမှာပေါ့။ တကယ်တော့ ရွေးကောက်ပွဲ ရလဒ် ဆိုတဲ့ ဥစ္စာ အနိုင် အရှုံးက လေးချက် အပေါ် မူတည်ပါတယ်။ ပထမ တစ်ခု က ပါတီက ချမှတ်ထားတဲ့ မူဝါဒ လမ်းစဉ်တွေ၊ အဲဒီ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မှုတွေ၊ ဒါပါတီ နဲ့ ဆိုင်ပါတယ်။ ဒုတိယကတော့ ကျနော်တို့ ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်တွေ အားလုံး သူတို့ကနေ ပြီးတော့ ပါတီက ချမှတ် ထားတဲ့ ပြည်သူအတွက် ချမှတ်ထားတဲ့ ကျနော်တို့ လမ်းစဉ်တွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မယ့် လူလား ဆိုတာလည်း ကြည့်ပါတယ်။ တတိယ တစ်ခုကတော့ လှုံ့ဆော်မှုပါ။ မဲ ဆွယ် စည်းရုံးမှုတွေ အပါအဝင် ကြော်ငြာတာတွေ မီဒီယာတွေ နဲ့ လှုံ့ဆော်မှုတွေ ကိစ္စလည်း ရှိပါတယ်။ ဒီအချက်အလက်တွေ အပေါ်မူတည် ပြီး သုံးသပ်ပြီးတော့မှ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပါ့မယ်။ သို့သော်လည်းပဲ အဓိက ကျတာကတော့ မဲ ဆွယ် စည်းရုံးမှု ထက်စာလို့ ရှိရင် အကျိုးပြု လုပ်ငန်းတွေ ကျနော်တို့ လုပ်ဖို့ပဲ မှန်းထားပါတယ်။”

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် မကျေနပ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တိုင်ကြားဖို့ အစီအစဉ်များ ရှိပါသလား လို့လည်း ဦးဌေးဦးကို မေးကြည့်ပါတယ်။

“ကျနော်တို့ လောလောဆယ်တော့ တိုင်ဖို့ ဆိုတဲ့ ဥစ္စာတွေက သက်ဆိုင်ရာ မဲ ဆန္ဒနယ်တွေ က ကျနော်တို့ဆီ တင်တာတွေ တော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ အသေးအဖွဲ့တွေတော့ ရှိကောင်း ရှိနိုင်လိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ မြင်နိုင်တာလည်း ရှိမယ်။ မမြင်နိုင်တာတွေ လည်း ရှိပါမယ်။ ကျနော်တို့ မြင်နိုင်တဲ့ ဥစ္စာတွေကတော့ မဲ ရုံအတွင်း ကိုက် ၅၀၀ အတွင်းမှာ မဲ မဆွယ်ရဘူး ဆိုရင် ဆွယ်တဲ့ ကိစ္စတွေကို တော့ မြင်နိုင်တာပေါ့။ ဒါကြောင့် အဲဒီ ဥစ္စာလေး တွေကတော့ တိုင်တာထက် စာလို့ရှိရင် ဒါလေးတော့ ဒီလို ဖြစ်နေပါတယ် ဆိုပြီး ကော်မရှင် ကို အသိပေးတာတွေ ရှိနေပါလိမ့်မယ်။”

ဒါကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဆက်သွယ် မေးမြန်းထား တာပါရှင်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အများစု အနိုင်ရတယ် ဆိုပေမဲ့ လွှတ်တော်ထဲမှာ တခြားနိုင်ငံရေး ပါတီတွေနဲ့ အားလုံး ပူးပေါင်းပြီးတော့ ပြည်သူ့အကျိုး အတွက် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိသလို၊ အခုကြားဖြတ်ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေ အားလုံး နဲ့လည်း ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အတူလက်တွဲ ပြီးတော့ လူထု အကျိုးအတွက် ဆောင်ရွက်သွားမယ် လို့ ဦးဌေးဦးက ပြောပါတယ်။



မူရင်းလင့်က ဒီမှာပါ။

ဧ ပြီ စ စ် တ မ်း(ကဗျာ)

စစ်အစိုးရက
အင်န်အယ်လ်ဒီကို မဲထည့်ခဲ့တယ်။

ပြည်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ခဲ့တယ်။

အနာဂတ်က
အနာဂတ်ကို မဲထည့်ခဲ့တယ်။

ကျနော်ကတော့
မဲပုံးထဲ
ဒီကဗျာပဲ ထည့်နိုင်ခဲ့တယ်။ ။

မူရင်းလင့်က ဒီမှာပါ။

ဦးနိုင်ငံလင်းက တောင်သူလယ်သမားအကျိုးစီးပွားအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆို

ရပ်ရွာအကျိုးဖြစ်ထွန်းစေရေးတို့အတွက် လွှတ်တော်ထဲတွင် တောင်သူများ၏ အကျိုးအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။ “လွှတ်တော်ထဲမှာ ကျွှန်တော်တို့အဖွဲ့ချုပ်ရဲ့ မူဝါဒဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးကို အဓိကထားဆောင်ရွက် သွားမှာပါ။ အားလုံးနဲ့လက်တွဲပြီး ရပ်ရွာအကျိုးတွေကို ညှိနှိုင်းဆောင်ရွက်သွားမှာပါ။

ကျွှန်တော်ဝင်ပြိုင်တဲ့ မြို့နယ်မှာဆိုရင် တောင်သူတွေ လယ်ယာအသိမ်းခံကြရတယ် စီးပွားရေးတွေ အဆင်မပြေကြဘူး ” ဟု နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ကပြောသည်။

၎င်းကိုယ်စားလှယ်ဝင်ပြိုင်သော ဒက္ခိဏသီရိမြို့နယ်သည် တောင်သူအများဆုံးနေထိုင်ကြပြီး လယ်ယာများအသိမ်းခံရခြင်းကြောင့် တောင်သူများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

“ကျွှန်တော်တို့လယ်မြေတွေအသိမ်းခံရတယ်။ လယ်မြေတွေကို ကျွှန်တော်တို့ဆီက ၁ဧက(၂၂၀ ပေ )ပတ်လည်ကို ၁သောင်း (တစ်သောင်း)ပဲ ပေးတယ်။ ကုမ္မဏီတွေကို သူတို့ပြန်ရောင်းစားတော့ ၁ဧကကို တစ်သိန်း ဆိုလဲဟုတ်တယ်။ နှစ်သိန်းဆိုလည်းဟုတ်တယ်။ ဒီလယ်မြေလေးတွေကိုပဲ ကျွှန်တော်တို့မှာ အားကိုးနေရတာပါ။ ဒါ့ကြောင့် ဘယ်သူပဲတက်တက် ကျွှန်တော်တို့ တောင်သူလယ်သမားတွေကို လယ်လုပ်ပိုင်ခွင့် ပေးပါလို့ ပြောချင်ပါတယ်” ဟု ဒက္ခိဏမြို့နယ် နေ တောင်သူဦးဝင်းမြင့်က ပြောသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မဲရုံ(၁၇)ရုံ ရှိ၍ မဲပေးနိုင်သူဦးရေ ၁၆၀၀၀ (တစ်သောင်းခြောက်ထောင်) ကျော်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ ၀င်ပြိုင်ကြရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲအရေအတွက် (၇၇၁၇)မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ မဲအေ၇အတွက် (၄၂၀၃)မဲ တို့ ရရှိခဲ့သည်။

ယမင်း(မြစ်မခ)

မူရင်းလင့်က ဒီမှာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်မှုဆောင်များ အထူး အစည်းအဝေးပြုလုပ်



ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပအပြီး ၂ရက်အကြာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်မှုဆောင်များ၏ အထူးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း ဗဟို အလုပ်အမှုဆောင် တစ်ဦးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် အများစုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ် သြဂုတ်လတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာယက တာဝန်ယူ၍ လူမှုရေး အသင်းအဖြစ် စတင် ထူထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် နှစ်လည်ပိုင်းတွင် နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

The Voice Weekly

မူရင်းလင့်က ဒီမှာပါ။

ရှမ်းမြောက်တွင် ကျားဖြူပါတီ မှ အနိုင်ရရှိပြီး စစ်ကိုင်း မြောက်ပိုင်း တွင် ပြည်ခိုင်ဖြိုး ပါတီမှ အနိုင်ရ



ရှမ်းပြည်နယ်အမှတ်(၃) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်းက အနိုင်ရရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၇) အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မြက အနိုင်ရရှိခဲ့ကြောင်း ဒီကနေ့ ၆ နာရီ သတင်းမှာ ဖော်ပြသွားပါတယ်။

အခုဆိုရင် ပြည်သူ့လွှတ်တော်ထဲမှာ NLD ပါတီမှ ၈ % ခန့် ၊ အမျိုးသားလွှတ်တော်မှာ ၁.၈ % ခန့် နေရာရရှိသွားပြီ ဖြစ်ကာ တိုင်းဒေသကြီးလွှတ်တော်မှာတော့ ၀.၃ % ခန့် နေရာရရှိသွားပြီ ဖြစ်ပါတယ်။ NLD ပါတီမှ လွှတ်တော် အမတ် အရေအတွက် ဟာ ရာခိုင်နှုံးအားဖြင့် အလွန်အမင်း နည်းပါးသော်လည်းပဲ NLD ပါတီဝင်များနဲ့ နားမ လည်သူ အများအပြား ကတော့ မဟာအောင်ပွဲကြီး ထင်ပြီး အလွန်အမင်း ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။

လက်ရှိ လွှတ်တော် အမတ် တစ်ဦးကတော့ လွှတ်တော်ထဲမှာ ၁၀ ရာခိုင်နှုံး မရှိတဲ့ လူအင်အားက ရာခိုင်နှုံး ၉၀ ကျော်ကို ဘာမှ လုပ်လို့ ရမှာ မဟုတ်ကြောင်းနဲ့ မျက်စိသူငယ် နားသူငယ်နဲ့ ဝင်လာကြမယ့် အင်အားချို့တဲ့ NLD ပါတီ အမတ်လေးတွေအတွက် အလွန်ပင် ရင်လေးမိကြောင်း သုံးသပ်ထားပါတယ်။

NLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်များအားလုံးနဲ့ ရွေးကောက်ပွဲ ဝင် ပါတီများအားလုံးကို ပုတ်ခတ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

ဘုရားသားတော်များနှင်. NLD (အပိုင်း-၃)

ရွေးကောက်ပွဲ မကျင်းပမှီ
သံဃာတော်ရဲ့ ဦးခေါင်းမှာ မြတ်စွာဘုရား ပုံတော် ပျောက်ပြီး NLD ဒေါင်းအလံကပ်နေတယ်



သာ့သနာ့အလံကို မကိုင်ချင်နေပါ ဆရာတော်ဘုရားတို့ခင်ဗျား



 ဒေါ်အောင်ဆန်းစုကြည်မှ ဘုရားသားတော် တို့အား တရားပြနေပုံများ

ရွေးကောက်ပွဲ ကျင်းပပြီး ဒေါ်စုကြည် နိုင်သောအခါ

ဆွမ်းခံကြွရင်တောင် NLD ဒေါင်းအလံကိုင်ကြွရရှာပြီ

ဒေါ်စုနိုင်တော့ စတစ်ကာမဟုတ်တော့ဘူး ခေါင်းစည်းတွေ ဖြစ်ရရှာပြီ

ဆရာတော် ၂ ပါး ပုံပါ ယှဉ်ကြည့်ပါ

ဗိုလ်ချုပ်ပြောခဲ့ဖူးသော စကားတစ်ခွန်း

ဒေါ်စုကြည်နှင့်အပေါင်းအပါများ အထင်ကြီးလေးစားသော အမေရိကန်သမ္မတ

မူရင်းလင့်က ဒီမှာပါ။

၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်၌ ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်ခွင့်ပြု


၁၃၇၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ရေကစားမဏ္ဍပ် ၄၄ နေရာ ဆောက်လုပ်ခွင့်ပြုထားပြီး ရေကစားမဏ္ဍပ်များ ရေသွယ်ယူခြင်းများကို နှုန်းထားအသစ်များဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ခွင့်ပြုသွားမည့် ရေကစားမဏ္ဍပ်များမှာ ကန်တော်ကြီး ကန်ပတ်လမ်း၌ နေရာ ၂၀၊ ဆရာစံလမ်း၌ သုံးနေရာ၊ စက်မှု(၁) လမ်း၌ နှစ်နေရာ၊ ကမ္ဘာအေးဘုရားလမ်း၌ ကိုးနေရာ၊ ပြည်လမ်း၌ လေးနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ တစ်နေရာ၊ အလုံလမ်း၌ သုံးနေရာနှင့် ပါရမီလမ်း၌ နှစ်နေရာတို့ဖြစ်ကြောင်း သိရသည်။

ထိုရေကစားမဏ္ဍပ်များ ရေသွယ်ယူဆောင်ရွက်ရာတွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များသည် ကန်တော်ကြီးမှ ရေကိုလည်းကောင်း၊ ပြည်လမ်း၊ ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းများရှိ မဏ္ဍပ်များသည် အင်းယားကန်မှ ရေကိုလည်းကောင်း သွယ်ယူအသုံးပြုကြရမည်ဖြစ်သည်။ ကျန်မဏ္ဍပ်များသည် အဝီစိတွင်း မြေအောက်ရေများနှင့် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်များမှ ဖြန့်ဝေပေးလျက်ရှိသော ရေပိုင်လိုင်းများမှ ရေကို ပိုက်များဖြင့် သွယ်၍ အသုံးပြုရမည်ဖြစ်သည်။

ရေသွယ်မှု နှုန်းထားများမှာ ကန်တော်ကြီးနှင့် အင်းယားကန်တို့မှ ရေသွယ်ယူပါက အချင်း သုံးလက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုနှုန်းထားသည် ငွေကျပ် ၂၂၀၀၀၀ ဖြစ်ပြီး အဝီစိ၊ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူနှင့် ငမိုးရိပ်စသည့် ရေလှောင်ကန်ရေပိုက်များမှ ရေသွယ်ယူမှုသည် အချင်းတစ်လက်မနှင့် တစ်လက်မခွဲ ပိုက်လိုင်းတစ်လိုင်းလျှင် ငွေကျပ် ၈၀၀၀၀ နှင့် အချင်းနှစ်လက်မရှိ ပိုက်လိုင်းတစ်လိုင်း သွယ်ယူမှုသည် ငွေကျပ် ၁၂၀၀၀၀ ဖြစ်ကြောင်းသိရှိရသည်။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

ဦးအောင်သောင်း၏ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းမှ တိုက်မိ၍ သေဆုံးခဲ့သူ၏ ဇနီးနှင့်မိသားစု ဒုက္ခရောက်နေ

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးအောင်သောင်းနှင့် အဖွဲ့ စစ်ကိုင်းတိုင်း ဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာအနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တွင် အဆိုပါ သေဆုံးသူ၏ ဇနီးသည်ကို အခုအချိန်အထိ လျော်ကြေး ပေးလျော်ခြင်း မရှိသည့်အပြင် နွားထိုးကြီးမြို့နယ် ရဲစခန်းမှူးနှင့် ပြရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်တို့မှ ကြားက ဝင်ရောက် ဆောင်ရွက်နေသည်ဟု သိရပါသည်။

“ကျမ အိမ်သားက တဖက်ရွာကို ဧည့်သည်လိုက်ပို့ရင်း အတိုက်ခံရတာပါ။ ကျမ အခု အိုးမဲ့အိမ်မဲ့ဖြစ်နေပါပြီ၊ ကျမမှာ ၈ နှစ်သားနှင့် ၄ နှစ်သမီးရယ် စုစုပေါင်း မိသားစု ၃ယောက် ရှိပါတယ်။ ကလေးလေးတွေပဲ ကျန်ခဲ့တော့ ဘာမှ လုပ်ကိုင် မစားသောက်တတ်သေးပါဘူး။ အိမ်ထောင်ရှင်ကလဲ ဒီလိုဖြစ်သွားတော့ ကျမကလဲ အရင်တုန်းက ဘာမှ မလုပ်ရတော့ ဘယ်လိုကို ဆုံးဖြတ်ရမှန်း မသိသေးပါဘူး။ အခု ပြရာကျေးရွာဘေးက ထန်းတောမှာ တဲထိုးပြီး မိရိုးဖလာ ထန်းတက်ပြီး နေနေရပါတယ်။” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မဗေဒါက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

အဆိုပါ ယာဉ်တိုက်မှုကို ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားလိုက်သည့်အတွက် သေဆုံးပြီး နောက်တရက်မှာပဲ ဈာပန အခမ်းအနားကို သေဆုံးသူ၏ ဇနီးဖြစ်သူ ကပဲ ဆောင်ရွက်လိုက်ရသည်ဟု သိရပါသည်။

မတ်လ ၂၂ ရက်နေ့မှာတော့ နွားထိုးကြီးရဲစခန်းမှ စခန်းမှူးမှ ဦးကံစိန်၏ ဇနီးဖြစ်သူကို ကားပိုင်ရှင်က တွေ့ဆုံစကားပြောချင်လို့ပါ ဆိုပြီး ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရပါသည်။ “ကျမ ဘာလုပ်ကိုင်စားလဲ၊ မိသားစု ဘယ်နှယောက် ကျန်လဲ” စတဲ့ မေးခွန်းတွေသာ မေးမြန်းပြီး ပြန်လွှတ်လိုက်သည်ဟု မဗေဒါက ပြောပါသည်။

မတ်လ ၃၀ ရက်နေ့မှာ ကားဒရိုင်ဘာရဲ့ ညီမနှင့် အမဖြစ်သူတို့ ပြရာကျေးရွာသို့ ရောက်ရှိလာပြီး ပြရာကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အပါအဝင် မဗေဒါကို လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

“လျော်ကြေးအနေနဲ့ ဘာမှ ပြောတာမျိုး မရှိသေးပါဘူး၊ မနစ်နာအောင်လို့ ကြည့်ကျက် လုပ်ပေးပါမယ်၊ အခု လာမည့် ၃ ရက်နေ့ကို စခန်းကို လာခဲ့ပါ၊ အုံနာကလဲ စကားပြောချင်တယ်၊ စခန်းမှာပဲ စကားပြောရအောင်၊ နောက်ပြီးတော့ အုပ်ချုပ်ရေးမှူးကို ဥက္ကဌအနေနဲ့ စာရွက်မှာ တံဆိပ်တုံး ထု၊ ခင်ဗျား နာမည်နဲ့ လက်မှတ်ပါ ထိုးပြီး ယူလာခဲ့ပါ လို့ ပြောသွားပါတယ်၊ ကြားထဲက ကျမ အရီးတယောက်က ညီးတို့ ဘယ်လောက်များ တို့ကို ထောက်ပံ့မလဲလို့ ပြောတော့ ဒရိုင်ဘာညီမက အဲတာတော့ သူတို့ မသိရကြောင်း၊ စခန်းကိုပဲ လာခဲ့ပါလို့ ပြောသွားပါတယ်” လို့ မဗေဒါက ပြောပါသည်။

သေဆုံးသူ ဦးကံစိန်ကို တိုက်မိခဲ့သည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည့် ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာ ဖြစ်သည်လို့ သတင်းရရှိပါသည်။

ဘားမားဗီဂျေ

မူရင်းလင့်က ဒီမှာပါ။