ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့က ‘ပုသိမ်သူ-၁၁’ သင်္ဘော နစ်မြုပ်သွားစဉ် သေဆုံးခဲ့ရသူများအတွက် တဦးလျှင် ကျပ် ၅ သိန်းစီ အာမခံ လျော်ကြေး ပေးအပ်မည် ဖြစ်ကြောင်း
မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။
“မြန်မာ့ အာမခံလုပ်ငန်းက ပုသိမ်သူ သင်္ဘော နှစ်မြုပ်မှုမှာ သေဆုံးသွားခဲ့တဲ့သူ ၂၆ ဦးရဲ့ ကျန်ရစ်သူ မိသားစုတွေ အတွက် ကျပ်ငွေ သိန်း ၁၃၀ တိတိကို ဧရာဝတီတိုင်း အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ရှေ့မှောက်မှာပဲ မြန်မာ့ အာမခံလုပ်ငန်း ပုသိမ်ရုံးခွဲက တာဝန်ရှိသူတွေဆီကတဆင့် မတ်လ ၂၆ ရက်နေ့မှာ ပေးအပ်ပြီး ဖြစ်ပါတယ်” ဟု
မြန်မာအာမခံ လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိန်မင်း က ဆိုသည်။
ပုသိမ်သူ ၁၁ ရေယာဉ်သည် မတ်လ ၂၀ ရက်နေ့တွင် ခရီးသည် ၁၀၀ ကျော် တင်ဆောင်ကာ ပုသိမ်မှ ငပုတောမြို့သို့ အသွား နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ငပုတောမြို့နယ် ကန်ဆိပ်ကျေးရွာအနီး နှစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
မတ်လ ၂၆ ရက်နေ့အထိ ရုပ်အလောင်း ၂၆ ဦး ဆယ်ယူရရှိပြီးဖြစ်ကာ ခရီးသည် ၇၂ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း အချို့မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ငပုတောမြို့နယ် အုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
ခရီးသည်များတွင် အမျိုးသမီး အများစု ပါဝင်ပြီး၊ ကလေးငယ်များနှင့် ပုသိမ်မြို့တွင် ဆယ်တန်း စာမေးပွဲ ဖြေဆိုပြီး ငပုတောမြို့နယ်သို့ ပြန်လာသူများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။
“သေဆုံးသူ ၂၆ ဦးမှာ ၂၁ ဦးက အမျိုးသမီးတွေ ဖြစ်ပြီး ၅ ဦးက အမျိုးသားတွေ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်အောက် ကလေး ၈ ယောက် ပါပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူများသည် ပြည်တွင်းမီဒီယာ တခုမှ လက်ကိုင်ဖုန်းသို့ ပေးပို့သော သတင်း
ပေးပို့ချက်အရ သင်္ဘော နစ်မြုပ်မှုကို သိသိချင်း ငပုတော မြို့နယ်သို့ သွားရောက် စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု
မြန်မာ့ အာမခံလုပ်ငန်းမှ ဦးစိန်မင်းက ဆိုသည်။
မတ်လ ၂၄ ရက်နေ့တွင် သေဆုံးသူ ရုပ်ကလာပ် စုစုပေါင်း ၂၄ ဦး တွေ့ရှိပြီးနောက် တဦးစီ၏ မိသားစုဝင်များကို အာမခံ လျော်ကြေးငွေ ကျပ် နှစ်သိန်းစီကို ကြိုတင်ငွေအဖြစ် ပေးအပ်ပြီး ဖြစ်သည်ဟု ဦးစိန်မင်းက ဆိုသည်။
သင်္ဘောနစ်မြုပ်မှုကြောင့် ဒဏ်ရာ ရသူများကိုလည်း ထိခိုက်မှုပေါ်မူတည်ကာ ဆေးကုသမှု ကုန်ကျစရိတ်၏ ၈၀ ရာခိုင်နှုန်း လျော်ကြေးပေးမည်ဖြစ်ပြီး အများဆုံး ကျပ်ငွေ လေးသိန်းအထိ ပေးအပ်နိုင်သည်ဟု ၎င်းက ဆိုသည်။
မြန်မာ့အာမခံ လုပ်ငန်းသည် သူတပါးထိခိုက်မှု အာမခံလျော်ကြေး အဖြစ် ၁၉၇၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူဝါဒအရ အာမခံထားရှိသော မည့်သည့် စက်တပ်ယာဉ်မှ ထိခိုက် သေဆုံးသူများအတွက်မဆို အာမခံကြေးများကို ပေးအပ်လေ့ ရှိသော်လည်း ထိုကဲ့သို့ အာမခံ လျော်ကြေး တောင်းခံနိုင်ကြောင်း သိရှိသူနည်းပါးကာ အာမခံလျော်ကြေးငွေ
တောင်းခံမှု နည်းပါးခဲ့သည်။
မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်း အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းကာ ဒဏ်ရာရရှိသူများကို အာမခံကြေး လျော်ကြေး ဆက်လက် ပေးအပ်သွားမည်ဟု ဆိုသည်။
ရေယာဉ် နစ်မြုပ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ “ဒီကိစ္စက ပေါ့ပေါ့ဆဆ မောင်းနှင်မှုကြောင့် ဖြစ်ရတာပါ။ ဒါပေမယ့် လည်း သင်္ဘောက ကုန်တွေ၊ လူတွေ မတရား တင်လာပြီး အသက်ကယ်ဘော့တို့၊ ဖော့အင်္ကျီတို့ကလည်း မလုံလောက် ဘူး” ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ သင်္ဘောသည် ငပုတောမြို့မှ မိုင်ဝက်ခန့်အကွာ ကန်ဆိပ်ကျေးရွာ ဆိပ်သို့ ခရီးသည် အတင်အချပြုလုပ်ရန် ချိုးကွေ့စဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးသည် ၁၂ ဦးနှင့် ကုန်ချိန် ပိဿာချိန် ၂,၅၀၀ ခန့်သာ တင်ဆောင်ရန် မှတ်ပုံတင်ခွင့် ပြုထားသော အဆိုပါသင်္ဘောတွင် မြင်းကောင်ရေ ၂၀ အားရှိ အင်ဂျင်သာ တပ်ဆင်ထားပြီး၊ မြစ်ကမ်း မှ ပေ ၈၀ (၂၄ မီတာ) အကွာတွင် တိမ်းမှောက်နှစ်မြုပ်သွားခြင်း ဖြစ်သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သင်္ဘော ဆိပ်ကမ်းသို့ ကပ်ရန် ချိုးကွေ့လိုက်ချိန် တွင် အရှိန်မထိန်းနိုင်ပဲ တဖက်သို့ တိမ်းစောင်းသွားခဲ့ပြီး ၄၅ ပေ (၁၄ မီတာ) အနက် ရေထဲသို့ ချက်ချင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါဖြစ်ရပ်ကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းမှ ရေယာဉ်များနှင့် ပတ်သတ်ပြီး၊ ခရီးသည်များ၏ လုံခြုံရေးအတွက် မေးခွန်းထုတ်စရာ ဝေဖန်မှုများ ပိုမို ပေါ်ထွက် ခဲ့သည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ခရီးသည် ၂၇ ဦးသား တင်ဆောင်ရန် မှတ်ပုံတင်ထားသော ‘နေမျိုးထွန်းကြီး’ အမည်ရှိ ရေယာဉ်သည် ငဝန်မြစ်အတွင်း ဆီတင်ရေ ယာဉ် `ဓန´ နှင့် တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ရာ ရေယာဉ်
ပေါ်ပါ ခရီးသည် ၁၇၆ ဦးမှ သေဆုံးသူ ၄၇ ဦးအထိ ရှိခဲ့သည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားရာတွင် ဌာနအနေဖြင့် ကုန်သည်ရေယာဉ် များနှင့် ခရီးသည်တင် ရေယာဉ်များကို စစ်ဆေးမှုများ ပိုမို ပြုလုပ်သွားမည်ဖြစ်ပြီး အသက်ကယ် လုံခြုံရေး ကိရိယာ များကိုလည်း ပိုမို စစ်ဆေးသွားမည် ဟု ဆိုသည်။
လက်ရှိ ပြဌာန်းထားသော ရေယာဉ်ဆိုင်ရာ သတ်မှတ်ချက်များအရ ခရီးသည် တဦးချင်းစီအတွက် အသက်ကယ်
ဖော့အင်္ကျီများ ရေယာဉ်များပေါ်တွင် ထားရှိရမည်ဟု ဆိုသော်လည်း လိုက်နာမှု အားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အထူးသဖြင့် ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသတွင် ကုန်းလမ်းခရီး ခက်ခဲမှုကြောင့် ရေကြောင်းဖြင့် ခရီးသွားလာမှု များပြားလျက် ရှိရာ ခရီးသည် လိုအပ်ချက်နှင့် ရေယာဉ် အရေအတွက် လုံလောက်မှု မရှိသည်ကို တွေ့ရှိရသည်။
မူရင်းလင့်က ဒီမှာပါ။
Thursday, March 29, 2012
နိုင်ငံခြားငွေ လဲလှယ်နှုန်း "နှုန်းရှင်" ဖြစ်တော့မည်
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ(၁)ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေးအရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲလှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။
ဆိုရှယ်လစ် ခေတ်ကတည်းက အခုချိန်ထိ မြန်မာနိုင်ငံမှာ အမေရိကန်(၁)ဒေါ်လာကို မြန်မာ ကျပ်ငွေ (၆)ကျပ်ကျော်နဲ့ လဲလှယ်ခဲ့ပြီး၊ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ လက်ရှိအချိန်မှာ (၁)ဒေါ်လာကို ကျပ်(၈၀၀)ဝန်းကျင်နဲ့ လဲလှယ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒေါ်လာပေါက်ဈေး အနည်းဆုံး (၂) မျိုးဖြစ်နေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် နစ်နာလှတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
အခုလို အမေရိကန်(၁)ဒေါ်လာကို ကျပ်(၈၀၀) ဝန်းကျင် သတ်မှတ်လဲလှယ်မယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအတွက် အလားလာကောင်းတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက RFA ကို ပြောပါတယ်။
အခုလို ငွေလဲလှယ်နှုန်းထားကို တစ်သမတ်တည်း လုပ်လိုက်မယ်ဆိုရင် ပြည်တွင်းဈေးကွက်နဲ့ ကုန်ဈေးနှုန်း အတက်အကျကိစ္စမှာ တိုက်ရိုက် ရိုက်ခတ်မှုနည်းမှာဖြစ်ပေမယ့် နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်ကြမယ့် အစိုးရပိုင်း အရာရှိတွေအတွက်တော့ အရင်လို အကျိုးအမြတ် ရနိုင်တော့မှာ မဟုတ်ဘူးလို့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ထောက်ပြ ပြောဆိုပါတယ်။
မူရင်းလင့်က ဒီမှာပါ။
Photo: RFA
အမေရိကန်နိုင်ငံသုံး တစ်ဒေါ်လာတန်ငွေစက္ကူ။

ရွေးကောက်ပွဲ အတွက် သတင်းသမားများ ကို တင်းကျပ်သည့် စည်းကမ်း ထုတ်ပြန်
ပန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ ထုတ်ပြန် လိုက် သည့် ကြားဖြတ် ရွေးကောက် ပွဲ တွင် သတင်း
ထောက် များ သတင်း ယူမှု စည်းကမ်းသည် တင်းကျပ် လွန်းကြောင်း ရန်ကုန် အခြေစိုက် စာနယ်
ဇင်း သမား အချို့  က သုံးသပ် ကြ သည်။
လူငယ် သတင်းထောက် တစ်ဦး က မူ တားမြစ်ချက် များ ခေါင်းစဉ် အောက်မှာ ပါတဲ့ (ဂ) ရွေးကောက် ပွဲတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်/၀န်ထမ်းအသီးသီး၏ တာဝန်ထမ်းဆောင်မှုကို စွက်ဖက်နှောက် ယှက်ခြင်းမပြုရ ဆိုတော့ သူက မသမာ တာ လုပ်ရင် ဘယ်လို လုပ်ပြီး ကန့် ကွက် နိုင် မလဲ ၊ တကယ် လို့  ကန့် ကွက် မယ် ဆိုရင် တောင် တာဝန် ထမ်းဆောင် မှု ကို ၀င်ရောက်နှောင့်ယှက် တယ် ဖြစ်လာ နိုင်တယ် ဟု ပြောသည်။
ရွေးကောက်ပွဲ နေ့ တွင် မဲရုံမှုး ၏ အမိန့် ကို လိုက်နာ ရန် လည်း ညွှန်ကြားချက် တွင် ပါရှိ ပြီး ရွေူ ကောက်ပွဲ ပြစ်မှု များ ကို မဟုတ် မမှန် တိုင်းတန်း ခြင်း တို့  ကို လည်း ထို ညွှန်ကြားချက် တွင် ထည့် သွင်း ဖော်ပြထား သည်။
၈၈ မျိုးဆက် ကျောင်းသားများ နှင့် လူငယ်အဖွဲ့  အစည်း အချို့  ပူးပေါင်းပြီးဖွဲ့ စည်း ထားသော ရွေးကောက်ပွဲ စောင့် ကြည့် ရေး ကွန်ယက် သည် ဧပြီလ ၁ ရက်နေ့  ရွေးကောက် ပွဲ မသမာ တိုင်တန်းမှု များ ကို လေ့လာ စောင့် ကြည့် သွား မည် ဟု သိရသည်။
မြန်မာ အစိုးရ ၏ ကမ်းလှမ်းချက် အရ့ နိုင်ငံ တကာ ရွေးကောက် ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့  များသည် မြန်မာ နိုင်ငံ သို့  ရောက် ရှိ လာပြီ ဖြစ်သည်။
ယမန်နေ့ က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးသည် သတင်း သမား များ နှင့် တွေ့ ဆုံ ခဲ့ သည်။
ပြန်ကြားရေး ၀န်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ဥပဒေ -
မီဒီယာသမားများသည် အောက်ပါဥပဒေပုဒ်မများကိုလည်း ကြိုတင်လေ့လာသိရှိထားပြီး တိကျစွာသတိပြုလိုက်နာကြရန် လိုအပ်သည်။
(က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ဦးဦးအား နှောက်ယှက်ခြင်း။
(ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦး တစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။
(ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ၀င်ရောက်ခြင်း။
(ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါဝင်သည်။
လုပ်ပိုင်ခွင့်နှင့်တာဝန်များ။
(က) မဲရုံအသီးသီး၌ မဲရုံပြင်ပ မြင်သာသောနေရာများမှနေ၍ လေ့လာသတင်းရယူနိုင်သည်။
(ခ) ဆန္ဒမဲပေးမှုများကို မဲရုံပြင်ပ မြင်သာသောနေရာများမှ လေ့လာသတင်းရယူနိုင်သည်။ (မဲရုံအတွင်း ၀င်ခွင့်မရှိပါ)
(ဂ) မီဒီယာသမားများသည် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူတို့ကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်း သတင်းရယူခွင့်ရှိသည်။ သို့သော် ဆန္ဒမဲပေးမှုကို အနှောက်အယှက်မဖြစ်စေရ။
(ဃ) မဲရေတွက်ခြင်းကို လေ့လာစောင့်ကြည့်ခွင့်ရှိသည်။ သို့သော် တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်ထမ်းဆောင်မှုကို အနှောက်အယှက်မဖြစ်စေရ။
(င) မဲရုံများတွင် လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို အနှောက်အယှက်မပြုရ။
(စ) မီဒီယာများအနေဖြင့် ၀ါဒစွဲ၊ ပါတီစွဲကင်းပြီး ဘက်လိုက်မှုမရှိရန်လိုအပ်သည်။ နိုင်ငံရေးပါတီတစ်ခုအပေါ်ဖြစ်စေ။ ကိုယ်စားလှယ်လောင်းတစ်ဦးအပေါ်ဖြစ်စေ ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း ပြုရာရောက်သည့် အပြုအမူမျိုးမပြုလုပ်ရ။
(ဆ) လုံခြုံရေးအရ မီဒီယာများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ရေးကဒ်များထုတ်ပေးမည်။ ၎င်းကဒ်များ ကို မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားပြီး လုံခြုံရေးတာဝန်ခံများက လိုအပ်ချက်အရ စစ်ဆေးမှုကို ကြည်ဖြူစွာခံ ယူကြရန်လိုအပ်သည်။
(ဇ) မီဒီယာများသည် ဆန္ဒမဲပေးခြင်းစတင်ချိန်မှ မဲပေးခြင်းပြီးဆုံး၍ မဲရေတွက်သည့်အချိန်အထိ လေ့လာနိုင်သည်။
(ဈ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်နှင့် ရွေးကောက်ပွဲ ဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီသတ်မှတ်ညွှန်ကြားသည့် စည်းကမ်းများကိုလိုက်နာရန် တာဝန်ရှိသည်။
(ည) သက်ဆိုင်ရာက ပြဋ္ဌာန်းထားသည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို တိကျစွာလိုက်နာရမည်။
တားမြစ်ချက်များ
(က) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ၊ ကိုယ်စားလှယ်လောင်းတစ်ဦးကိုဖြစ်စေ၊ ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် တိုက်တွန်းရာရောက်သည့် ဆွေးနွေးမေးမြန်းမှုမျိုး လုံးဝမပြုလုပ်ရ။
(ခ) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ ကိုယ်စားလှယ်လောင်းတစ်ဦးကိုဖြစ်စေ ထောက်ခံ/ကန့်ကွက်ရာရောက်စေသည့် ၀တ်စားဆင်ယင်မှု၊ တံဆိပ်အမှတ်အသား/စာတမ်းအမှတ်အသား/သင်္ကေတတစ်ခုခုကိုအသုံးပြု၍ ဘက်လိုက်မှုမပြုရ။
(ဂ) ရွေးကောက်ပွဲတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်/၀န်ထမ်းအသီးသီး၏ တာဝန်ထမ်းဆောင်မှုကို စွက်ဖက်နှောက်ယှက်ခြင်းမပြုရ။
(ဃ) ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ စာရင်းဇယားများကိုခွင့်ပြုချက်မရှိဘဲ ကိုင်တွယ်ခြင်း ယူဆောင်ခြင်းမပြုရ။
(င) မဲဆန္ဒရှင်တစ်ဦးချင်း၏ လွတ်လပ်စွာလျှို့ဝှက်ဆန္ဒပေးခြင်းကို နှောက်ယှက်ခြင်းမပြုရ။
လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အထက်ဖော်ပြပါလုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ တားမြစ်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းများရှိပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လေ့လာသတင်းရယူခွင့်ကို ရုပ်သိမ်းတားမြစ်သွားမည်။
ပြန်ကြားရေးဝန်ကြီးဌာန။

ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာနိုင်ငံသားတစ်ဦးရဲ့အမြင်
ပြည်သူတစ်ဦး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ကျွန်တော်လေးစား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဖြစ်နေလို့ ကျွန်တော် တို့က လေးစားတာပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာလည်း အကွီနိုရဲ့သားက ဖခင်ရဲ့အရှိန် အ၀ါကြောင့် သမ္မတတောင် ဖြစ်နေတာကို တွေ့ရပါတယ်။ နိုင်ငံတကာ မှာလည်း ထက်မြက်တဲ့ ခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာ နိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံတွေမှာ ပါဝင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဟာ ၁၉၈၇ ခုနှစ်မှာ ဒေါ်ခင်ကြည် နေမကောင်းလို့ အင်္ဂလန်နိုင်ငံ ကနေ မြန်မာနိုင်ငံ ကို ပြန်လာခဲ့ ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံကို ရောက်တုန်းမှာ နိုင်ငံရေး အမြတ်ထုတ်ချင် ကြတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ က ဒေါက်တာ စိန်ဝင်းတို့က ဒေါ်စုကြည်ကို နိုင်ငံရေး ဇာတ်ရှုပ်ထဲ ဆွဲသွင်း ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဒေါ်အောင်ဆန်းစု ကြည်ဟာ နိုင်ငံရေးလောက ထဲကို ပတ်ဝန်းကျင်က မြှောက်ပေးခဲ့လို့ ဘုမသိဘမသိနဲ့ ၀င်ရောက်လာ ခဲ့ပါပြီး နိုင်ငံရေး လောက သားတွေနဲ့ အသုံးချခြင်းကို ခံလိုက်ရ ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၉၀ နောက်ပိုင်း ကာလမှာ နေအိမ် အကျယ်ချုပ်ကျခံ ရပါတယ်။ ဒီလိုကျခံ နေတုန်းမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန်၊ သြစတေးလျ၊ နော်ဝေ၊ ဗြိတိန်နိုင်ငံတွေက သံရုံးတွေနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ဟာ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို အပြည့်အ၀ရရှိ ထားသူ တစ်ဦးဖြစ်ပါတယ်။ အကျယ်ချုပ် ကျစဉ် ကာလတွေမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ နိုင်ငံတကာက ခေါင်းစဉ် အမျိုးမျိုးနဲ့ ထောက်ပံ့ပေးတဲ့ ငွေတွေကို လက်ခံရရှိခဲ့ပါတယ်။ ပထမအကြိမ် အကျယ်ချုပ်ကနေ လွတ်လာတော့ မစ္စတာယက်ထောကို ၃ ရက်တိတိ လက်ခံထားမှုနဲ့ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပါတယ်။ ဒီလို နိုင်ငံခြားသားတစ်ယောက်ကို အစိုးရမသိပဲ လက်ခံထားတာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယအကြိမ် အကျယ်ချုပ်ကျခံဖို့ဖြစ်လာပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီလိုလုပ်တာဟာ မကောင်းပါဘူး။ မိန်းမတွေနေတဲ့အိမ်မှာ ယောင်္ကျားတစ်ယောက် ၃ ရက်လောက် နေသွားတာဟာ နိုင်ငံခြားမှာ အနေကြာလာတဲ့ အမေစုအတွက် ဘာမှမဟုတ်ပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ ဘယ်လိုမှ အမြင်မတင့်တယ်ပါဘူး။
ဒုတိယအကြိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက် တဲ့အခါ ပြည်သူတွေက အုံးအုံးကြွက် ကြွက်နဲ့ လာကြည့် ကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဆိုတာဟာ လွတ် လပ်ရေးခေါင်းဆောင် ရဲ့သမီးဖြစ် တာကြောင့် ပြည်သူတွေက လေးစားပြီး အားပေးကြတာပါ။ ဗမာလူမျိုးတွေရဲ့ သဘောအရ လမ်းဘေး မျက်လှည့်ပွဲ ဆိုရင်တောင် ၀ိုင်းအုံကြည့်ကြတော့ ဒီလို ဗိုလ်ချုပ်ရဲ့သမီးကို လေးစားအားပေးတာ မဆန်းပါဘူး။ ဒါပေမယ့် လာအားပေး တဲ့လူတွေမှာ နိုင်ငံရေးနား လည်တဲ့သူ၊ NLD ကိုသိတဲ့ လူက ရှားပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကို လာရောက် အားပေးကြတာပါ။ ဒါကို NLD က စိန်နားကပ် အရောင်နဲ့ ပါးပြောင်တာကတော့ လွန်လွန်းပါတယ်။
ဒေါ်အောင်ဆန်းစု ကြည်ကို လေးစားပေမယ့် သဘောမကျတာ တစ်ချက်ကတော့ အမျိုးဂုဏ်ကို မစောင့် ထိန်းပဲ စိတ်သာယာမှုကို လိုက်ပြီး နိုင်ငံခြားသားကို ယူခဲ့တာပါပဲ။ နိုင်ငံခြားသားတောင်မှ မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်လူမျိုးကို ယူခဲ့တာက ဘယ်လိုမှ ဖျက်လို့မရတဲ့ အမည်း စက်ဖြစ် ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့မြန်မာတွေလည်း အချင်းချင်းပဲ ယူကြတာများပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစု ကြည်က နိုင်ငံခြား သားကိုယူခဲ့တာ စိတ်အလိုလိုက်ခဲ့ပြီး ဖခင်ရဲ့ မျက်နှာကို မထောက်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ သားသမီးဝတ် ဖြစ်တဲ့ “စောင့်လေမျိုးနွယ်” ဆိုတာကို မစောင့်နိုင်တဲ့ လူတစ်ယောက်က နိုင်ငံတော်အတွက် ကျွန်မကို ခိုင်းပါဆိုတာကို ကျွန်တော်တို့ဘယ်လို ယုံကြည်ပေးရမှာလဲ။ မိဘအတွက် သားသမီးဝတ်တောင် မကျေပွန်တာ နိုင်ငံတော်အတွက်တာဝန်ကို ဘယ်လိုခံယူချက်နဲ့ လုပ်ဆောင်မှာလဲ။ အကျယ်ချုပ်ကနေနဲ့ လွတ်မြောက်လာပြီး တနှစ်ကျော် ကြာတဲ့ အချိန်မှာ ဒေါ်အောင် ဆန်းစုကြည် တိုင်းပြည် အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ နိုင်ငံခြားကပေးတဲ့ ပိုက်ဆံတွေနဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ဆန်လှူခြင်း၊ ပုဂံဘက်မှာ ရေတွင်းလှူခြင်း စတဲ့ လူမှုရေးလုပ်ငန်းအသေးအဖွဲတွေကိုသာ လုပ်ဆောင်ပေး ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ အမေရိကန်ကိုယ်စားလှယ်၊ ကုလသမ္မဂ္ဂကအထူး ကိုယ်စားလှယ်နဲ့ အမေရိ ကန်နိုင်ငံခြားရေး ၀န်ကြီးတို့ မြန်မာနိုင်ငံကိုရောက်လာချိန်မှာ စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးဖို့မပြောပဲ ဆက်လက်ပိတ်ဆို့ခိုင်းတာ သဘာဝမကျပါဘူး။
နိုင်ငံတော် သမ္မတကြီးဦးသိနးစိန်နဲ့ တွေ့ဆုံစဉ်က အမြင်မတူတာတွေ ဘေးဖယ်ထားပြီး ပြည်သူအတွက် ၀ိုင်းလုပ်ကြပါ လို့ ပြောဆိုဆွေးနွေးခဲ့ပေမယ့် တကယ်တန်းကျတော့ NLD က ရွေးကောက်ပွဲ အနိုင်မရမှာကို စိုးရိမ်ပြီး ပြည်သူအကျိုးကို မကြည့်ပဲ NLD ပါတီအနိုင်ရရှိရေးကိုသာ ရှေ့တန်းတင်ခဲ့လို့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖွင့်ပေးဖို့ စောပါသေးတယ် ဆိုတာ ဒေါ်စုကြည်ကိုယ်တိုင် ပြောဆိုခဲ့တာကို ကြားရတော့ ဒေါ်စုကြည်အပေါ် အထင်ကြီး လေးစားမှုတွေ လျော့ကျသွားပါတယ်။ အမှန်တကယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေကိုဖွင့်ပေးရင် ပြည်သူတွေ အလုပ်အကိုင်အခွင့်အရေးတွေရရှိမယ်။ နိုင်ငံခြားဝင်ငွေတွေ ရရှိလာပြီး လူနေမှုဘ၀တွေ မြင့်မားလာမယ်ဆိုတာကို သိသိချည်းနဲ့ လုပ်ရက်တယ်ဗျာ။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင်နိုင်မှ စီပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဖို့ပြောပေးမယ့် ဆိုတာ အာဏာရဖို့ ပြည်သူတွေကိုလှည့်စားလိုက်တာပါပဲ။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေမှ ကယ်တင်ရှင်လုပ်ပြီး အာဏာရယူဖို့ကြံတာဟာ နိုင်ငံတော်ကို ဆင်းရဲတွင်းထဲကနေ မတက်အောင် အတ္တဆန်တဲ့အပြုအမူပဲဖြစ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုထက် နိုင်ငံခြားရဲ့ ထောက်ခံမှုကို အားထားနေ တာကလည်း ပိုထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီးလွှတ်တော်ကို ရောက်လာရင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံ့ရေးကို ၀င်ရောက်ချယ်လှယ်တော့မှာပါ။ သူ့ကျွန်ဘ၀ ကို ပြန်လည် မကျရောက် တော့ပေမယ့် သူများကြိုးဆွဲရာကရမယ့် ဘ၀ကိုတော့မလိုချင်ပါဘူး။ သာဓကတွေလည်း အများကြီးရှိပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အမေရိကန်ရဲ့ချယ်လှယ်မှုကိုခံနေရပါတယ်။ နိုင်ငံကတော့ တိုးတတ်ပေမယ့် ရိုးရာ ယဉ်ကျေးမှုတွေပျောက်ကွယ်ခဲ့ပြီး အမျိုးကောင်းသားပျို သမီးပျိုတွေက လမ်းပေါ်မှာ အခကြေးငွေနဲ့ စီးပွားရှာနေတာ အာရှတိုက်သားတွေနဲ့ မကိုက်ညီတဲ့ အလုပ်တွေပါပဲ။
တကယ်လိုများ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း အပေါ်ယုံကြည် ကိုးစားမှုနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို မဲပေးခဲ့လို့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ရင် အနောက်နိုင်ငံတွေ စီးပွားရေးဆက်ရှင် ပိတ်ဆို့မှုကို ဖွင့်ပေးမှာလား။ ဒေါ်စုကြည်အနေနဲ့ ပြည်သူတွေကို “ကျွန်မကိုခိုင်းပါ။ NLD ကိုယုံကြည်ပါ” ဆိုတဲ့စကားတွေကို ဘာနဲ့ သက်သေပြမှာလဲ။ အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နိုင်ငံ ကြီးတွေ ကရော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ဘယ်လို ဘယ်ပုံနဲ့ နောက်ကွယ် ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးကိုင် တွန်းအားပေးပြီး သူတို့ချယ်လှယ်မှုအောက် ရောက်သွားမှာကို တွေးမိပြီး ရင်လေးမိ ပါကြောင်း မြန်မာနိုင်ငံသား အားလုံးကို ပြောပြချင်ပါတယ်။
မူရင်းလင့်က ဒီမှာပါ။
NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်
“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာပြောတဲ့ ဗိုလ်မင်းအောင်အောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါအချက် ၂ ချက်ကို သတိပြုမိပါတယ်။
တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက် ပေးခဲ့လို့ကျေးဇူးတင်ထိုက်သူများအဖြစ် တတန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သားအမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကိုရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာရှိခဲ့ပြီး (နဝတ-နအဖ) ခေတ် မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။
နောက်တချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီးလုပ်ခဲ့သူဖြစ် တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း- သခင်အောင်ဆန်း- ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေး သမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေးတပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲ ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ဗိုလ်နေဝင်းကို တတန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကိုရေးသားဖေါ်ပြရာမှာပဲဖြစ်တယ်။ ဒါ တောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေကြည့်ရင် “သခင်ကိုယ်တော်မှိုင်း ” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် - သခင်ဗ စိန် ”အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။
ဗိုလ်နေဝင်းဟာ စစ်တပ်ကို တလက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကိုစတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ် တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။
ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ်အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေး ဆွဲကာ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာဖိနှိပ်ခဲ့တယ်။
ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံးစွပ်ပေးခဲ့တယ်။
စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တလက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ် တယ်။
ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ်အမွေခံတွေသာ ဖြစ်တယ်။
လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေမဟုတ်ဘူး။
ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး။ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ် တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် တလက်ကိုင်ပြုကာ စစ်အာဏာရှင်နစ်ဖန်တီးပြီး ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာဖြစ်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ်လို့မရတဲ့ မတူညီတဲ့အစဉ်အလာ ဖြစ်တယ်။
ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတလမ်း သံတလမ်း ဆန့် ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကိုခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။
ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရပါဝင်နေတာဖြစ်ပြီး၊ အမျိုး သားနိုင်ငံရေးတာဝန်တစ်ရပ်ကိုထမ်းဆောင်နေတာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေ သူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့ စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆိုတယ်။
(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလားမသိပါ။
ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကိုကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန် တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့ကပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ကတော့ တရားဥပဒေစိုးမိုးရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေ ထဲက ထင်ရှားတဲ့ဥပမာတခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။
“အခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်”လို့ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့ တာဝန်နဲ့ လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့ စစ်သားအမတ်တွေရဲ့တာဝန်လို့ ပေါင်းပြီးပြောတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာဖြစ်ပါတယ်။
လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ်နိုင်ပါတယ်။
စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်း အနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအ ဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထားရသူတွေဖြစ်ပါ တယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။
ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ် တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ) ကတော့ ရှောင်လွှဲလို့မရ အောင် ထိပ်တိုက်တွေ့နေပါပြီ။
“၁ ဧပြီ၊ ကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLDရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက်မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည် သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။
NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါ လိမ့်မယ်။
ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ ၇၅%ကျော်မယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်းထက်ဝက်ကျော်မဲဆန္ဒရဖို့လိုပါတယ်။
လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သောအာဏာပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင် နေရ ပါတယ်။
မူရင်းလင့်က ဒီမှာပါ။
ရန်ကုန်မြစ် အတွင်း စက်တပ် သမ္ဗန်နှစ်စင်း နစ်မြုပ်၊ တစ်ဦး တိမ်းပါး
မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြစ် အတွင်း သမ္ဗန် နစ်မြုပ်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။
အဆိုပါနေ့ နံနက်ပိုင်း ၈ နာရီ ၅ မိနစ်ခန့်တွင် ဆိပ်ကမ်း မြို့နယ် စက်ဆန်း သမ္ဗန်ဆိပ်မှ ကျောက် ဘောတို သမ္ဗန်ဆိပ်သို့ ခရီးသည် ခုနစ်ဦး တင်ဆောင်လာသည့် စက် တပ် သမ္ဗန်သည် Naing Group ဆိပ်ခံ တံတားရှေ့ ရေပြင်တွင် ရုတ် တရက် စက်ရပ်ပြီး ရေစီးနှင့်မျော ပါသွားကာ ကျောက်ချ ရပ်နားထား သော ကျောက်စရစ်တင် စီဘီတွဲ နှင့် တိုက်မိပြီး နစ်မြှုပ်သွားသဖြင့် ဆိပ်ကမ်း ရဲစခန်းမှ တာဝန်ရှိသူ များနှင့် စက်ဆန်း သမ္ဗန်ဆိပ်ရှိ လှေသားများက ဝိုင်းဝန်း ကယ်ဆယ်ရာ သမ္ဗန်မောင်း ဦးလှရွှေနှင့် ခရီးသည် ခြောက်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင် ခဲ့သော်လည်း ကြည့် မြင်တိုင် မြို့နယ်နေ အမျိုးသား တစ်ဦးမှာ ပျောက်ဆုံးနေပြီး မတ်လ ၂၃ ရက် နေ့တွင် လှိုင်မြစ် အတွင်း အသက် သေဆုံးလျက် ပြန်လည် ရှာတွေ့ခဲ့ကြောင်း ဆိပ်ကမ်း ရဲစခန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သမ္ဗန် နစ်မြုပ်မှုကြောင့် အမျိုးသမီး သုံးဦးမှာ ရေမွန်းသဖြင့် ရန်ကုန် အနောက်ပိုင်း ဆေးရုံတွင် အတွင်း လူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ ကုသထားပြီး သမ္ဗန်မောင်း အား ဆိပ်ကမ်း ရဲစခန်းမှ ပ-၆၇/၁၂ ပုဒ်မ-၂၈ဝ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ နံနက် ၉ နာရီ ၁ဝ မိနစ်ခန့်က ဆိပ်ကမ်း မြို့နယ်ဘက် မှနေ၍ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ဘလုတ်ညွန့် ကျေးရွာသို့ ဆန်အိတ် ၁၇ အိတ် တင်ဆောင်လာသော စက်တပ် သမ္ဗန်သည် ရေစီးအရှိန်ကို မထိန်း နိုင်ဘဲ လှည်းတန်း အမှတ် (၂) ဗောတံတားတွင် ဆိုက်ကပ်ထားသည့် ပုဂ္ဂလိကပိုင် နှစ်ထပ်ရေ ယာဉ်ဦးပိုင်းတွင် ကန့်လန့်ခံ၍ နစ်မြုပ်ခဲ့ကာ သမ္ဗန်ပေါ်ရှိ ဆန်အိတ် ၁၇ အိတ် ဆုံးရှုံးသွားခဲ့ပြီး သမ္ဗန်မှာ ပြန်လည် ဆယ်ယူ ရရှိခဲ့ကြောင်း ဆိပ်ကမ်း ရဲစခန်းမှ သိရသည်။
သမ္ဗန်မောင်းနှင်သူအား ဆိပ် ကမ်းရဲစခန်းမှ ပ-၆၈/၁၂ ပုဒ်မ-၂၈ဝ ဖြင့် အမှုဖွင့် အရေးယူထားသည်။

မိဘမဲ့နှင့် နွမ်းပါးသော ကလေးငယ် ၂ဝဝ ဦးအား ရှင်ပြုပေးမည်
မိဘမဲ့နှင့် ဆင်းရဲချို့တဲ့သူ ကလေးဦးရေ ၂ဝဝ အား နွေရာသီ ရှင်ပြုပွဲ ကျင်းပမည်ဖြစ်သဖြင့် ဧပြီလ ၁၉ ရက်နေ့တွင် အမည် စာရင်းကို ရွှေဝါဝင်း မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက်သို့ စာရင်း သွင်းနိုင်ကြောင်း သိရသည်။ ”မနှစ်တုန်းက ရှင်အပါး ၁ဝဝ ရှင်ပြုပေးတယ်။ ဒီနှစ်မှာတော့ အပါး ၂ဝဝ ဖြစ်မယ်။ သီလရှင်အပါး ၁ဝဝ ထပ်တိုးပြီး ကုသိုလ်ပြုမယ်။ မနှစ်က မိဘမဲ့ ကလေးတွေကို ရည်ရွယ်တာပါ။ ဒါပေမဲ့ ဆင်းရဲချို့ တဲ့ ကလေးတွေပါ ရှင်ပြုပေးခဲ့ တယ်။ ဒီနှစ်မှာလည်း မည်သူမဆို ကုသိုလ် ယူနိုင်တယ်”ဟု ဒေါက် တာ အရှင်အာသဘ (Ph.D,M.A, B.A) က မိန့်သည်။ အဆိုပါ ရှင်ပြုပွဲအား ဧပြီလ ၂ဝ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ခုနစ် ရက်တိုင်တိုင် ပြုလုပ်ပေးမည် ဖြစ်ပြီး၊ ရှင်ဒါယကာ၊ ဒါယိကာမ အဖြစ် ခံယူလိုသူ အလှူရှင်များ အနေဖြင့် ဖုန်း-ဝ၉၅၁၂၉၆၅၆၊ ဖုန်း-ဝ၉-၇၃၁၈၁၅ဝ၂၊ ဖုန်း-ဝ၉၅ဝ၄၁၄၇၁ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ယခုလက်ရှိတွင် နွေရာသီ ယဉ်ကျေးလိမ္မာ အထူးတရား စခန်းပွဲကို ကလေးဦးရေ ၃ဝဝ ဖြင့် ဒေါက်တာအာသဘ (Ph.D) က ဦးစီး၍ သွန်သင် ပြသနေကြောင်း သိရသည်။
မူရင်းလင့်က ဒီမှာပါ။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွက်..မိုးမခ မဟာသင်္ကြန်စာု
(ရှေးမြန်မာမိုးမခမင်းများ အဆက်ဆက်လက်ထက်ကတည်းက မိးမခပညာရှိများ
ု
ညှိနှိုင်းတွက်ချက်တော်မူသောမူအရ ဆရာမကြီးဂျော်ဒီး စီစဉ်တွက်ချက်ထားသည့် မိုးမခ မဟာသင်္ကြန်စာ)
ု မတ်လ ၂၈၊ ၂၀၁၂
၁၃၇၃ ခု၊ အတိတ်သာသနာတော်နှစ် (၂၅၅၅)
၁၃၇၄ ခု၊ သာသနာတော်နှစ် (၂၅၅၆)
● မဟာသင်္ကြန်ကျချိန် ။ ။ ကြိုတင်မဲပိုး ..မဲခိုး၊ မဲမသမာ အဖြာဖြာနည်းလမ်းကြိုးပမ်းသော်လည်း မရှုမလှ အရှက်ရကာ၊ နိုင်ငံတကာ၊..မီဒီ ယာနဲ့  ပြည်သူအများမှ အကြားမလပ်စောင့်ကြပ်ဖော်ထုပ်ကြရသော ဘိုင်အီလက်ရှင်အပြီး တဆယ့်နှစ်ရက်ကြီးအကြာ မြန်မာစံတော်ချိန် ညစက် (၉) နာရီ၊(၅၃) မိနစ်၊ (၂၆) စက္ကန့်။
● ဇေယျတု သဗမင်္ဂလံ ။ ။ အချင်းယူဇနာ အ၀န်းယူဇနာဘဇာမသိ၊ အိမ်နးချင်းဆိုးများဧ။်ီ တအိအိဖိခြင်းကိုခံနေရရှာသော ဧရာဝတီ၊ ချင်း တွင်း၊ သံလွင် အသက်ငင်အောင် ရေအားလျှပ်စစ်ကို နို့စားနွားမကြီးမှနို့ညှစ်သလို မညှာမတာ ညှစ်ရောင်းခံနေရရှာသော၊ ထွက်သမျှ သံယံဇာတ အငုတ်မစမကျန် နိုင်ငံတကာထုတ်ရောင်းနေပါသော်ငြား၊ ပြည်သူအပေါင်း ထောင်းလမောင်းကြေညက် ကြွေးပင်လယ်ထက် လက်ပစ်ကူးနေရရှာသော ဘဒ္ဒကမ္ဘာမှ ရွှေပြည်မြန်မာသို့ မဟာသင်္ကြန်ကျချိန်တန်သော် တနင်္ဂနွေဂြိုလ်မင်းသည် ပခုံးထက်တွင် ဒေါင်းအိုး ဝေကိုတင်ပြီး ညာလက်တွင် ရေချမ်းအိုးကိုပိုက်၊ ဘယ်လက်တွင် အောင်သပြေညိုခက်ကို ကိုင်ဆောင်ကာ အများပြည်သူ သဘောမတူသော မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဟု ကြွေးကြော်လျှက် ရှပ်ပြေးရေယာဉ်ကိုစးပြီး မြိတ်ကျွန်းစုအနီးမှဝင်ကာ မဟာ သင်္ကြန်ကျ၏။
ီ ထိုသို့ မဟာသင်္ကြန်ကျချိန်တန်သော် ဖွပ်သထက်ညစ်သော ပြည်သူ့ချဉ်ဖတ်အိုး နတ်ဆိုးသည် ဘယ်လိုပင် ကြိုတင်မဲခိုး အချိန်ခိုးရန်ကြိုးစား သော်လည်း ဂျူတီချိန်စေ့ သက်တမ်းပြည့်သဖြင့် အာဏာတည်းဟူသော ဗြမ္မာကြီးဦးခေါင်းကို ပြည်သူ့အားအင် နတ်သမီးအား မလွှဲချင့် လွှဲချင် ကမ်းပေး၏။ ပြည်သူ့အားအင်နတ်သမီးက ဒေါင်းအိုးဝေတွန်သံများနှင့်အတူ ပိုင်ပိုင်နိုင်နိုင် လက်လွှဲယူလိုက်၏။
ထိုကဲ့သို့ အတာဆန်းထူး နှစ်သစ်ကးစ တန်ခူးလတွင် နှစ်အမည်ကား ၂၀၁၂ နှစ်၊ ဧပြီ (၁)၊ ဧပရယ်ဖူးလ်ူ အရူးလုပ်ကြသည်ကာလတွင် ဘိုင်အီလက်ရှင်အား ကြိုတင်မဲစောင့်၏။ ကြိုတင်မဲကို မဲသူခိုးပါတီစောင့်၏။ မဲသူခိုးများကို သေလွန်ပြီးသော နာနာဘာဝများက အသေရေ ဖျက်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ အလွဲသုံးစားလုပ်မှုတို့နှင့် တရားစွဲရန် သင်္ချိုင်းကုန်းမှ စောင့်၏။ ထိုမဲသူခိုးများအား အရွယ်မရောက်သေးသော ကလေးသူငယ်များကလည်း ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှုနှင့် အရေးယူရန် မူကြိုကျောင်းများမှ စောင့်၏။ မဲသူခိုးဓါးပြများ ထကြွ သောင်းကျန်းသော တချို့မြို့ရွာများတွင် မဲစာရင်းများ ရွာလုးကျွတ် ပျောက်၏။ လေးထပ်တိုက်များ အလိုလို ရှစ်ထပ်တးကြ၏။
ိုံ မှတ်ပုံတင်တခုထဲတွင် ကိုယ်တသောင်း ခွဲ၏။ ထိုမဲသူခိုးများကို မီဒီယာစောင့်၏။ မီဒီယာကို အင်တာနက်လိုငးစောင့်၏။ အင်တာနက်လိုင်း ကို ကိုးနတ်ရှင်စောင့်၏။ ကုးနတ်ရှင်ကို လိပ်ဖိုးဖုးစောင့်၏။
ိ မဲသူခိုးများကား ပြောင်းဖူးပြုတ်ကိုစားပြီး နတ်ကနားစည်းအသွင် ၀တ်ဆင်လျက် လောက်လေးခွကိုကိုင်ကာ မဲဆန္ဒရှင်များကိုစောင့်၏။ မဲဆန္ဒရှင်များကား အသဲကြားမှ မဲတပြားကို ၀ဲစားတို့ မခုးယူနိုင်ရနိ သတိကြီးစွာထား စောင့်ကြပ်ကြ၏။
မဲသူခိုးတို့၏ အဓိပတိကား ကော်မရှင့်တရှင်။ ကော်မရှင်တရှင်၏ အဓိပတိကား မဲစာရင်းအမှား။ မဲစာရင်း အမှားတို့၏ အဓိပတိကား ၂၀၁၀၊ (ရာဇ၀င်ထဲမှာ ၂၀၁၀ ကိုထားရစ်ခဲ့လို့ ကော်မရှင့်တရှင်က ငလောက်ပြုံးလေးနဲ့ ၀န်ခံသော်လည်း ထားခဲ့လို့မရတဲ့ လွှတ်တော်ကြီးအတွင်းတွင် ကား ငိုက်မြည်းသူတို့ အိပ်ရေးဝလျက်၊ မဲစာရင်းအမှားများကား နိုးကြားတက်ကြွစွာ ၂၀၁၂ အထိ လိုက်ပါချီတက်လျက် ) နားလေးသူကြီးရဲ့ အဓိပတိကား မဟေသီ။ မဟေသီ၏ အဓိပတိကား ဘိုးတော်။ ဘိုးတော်၏ အဓိပတိကား ယတြာ။ ယတြာ၏ အဓိပတိကား အဆင်အခြင်မရှိ သော မင်းခစား ကပ်ပါးများ။ ကပ်ပါးများ၏ အဓိပတိကား အထက်ဖားအောက်ဖိခြင်း။ အထက်ဖားအောက်ဖိခြင်း၏ နောက်အဓိပတိကား ၀န်ထမ်း။ ၀န်ထမ်းတို့၏ အဓိပတိကား လစာမလောက်ငခြင်း။ လစာမလောက်ငခြင်း၏ အဓိပတိကား အကျင့်ပျက်ခြစားမှု။ အကျင့်ပျက်ချ စားမှု၏ အဓိပတိကား အိမ်ခေါင်မိုးမလုံခြင်း။ ပြည်သူတို့၏ အဓိပတိကား ကုန်ဈေးနှုန်း။ ကုန်ဈေးနှုန်း၏ အဓိပတိကား အခွန်အတုပ်အမျိုးမျိုး။ အခွန်အတုပ်အမျိုးမျိုး၏ အဓိပတိကား ပြည်သူများမသုံးရပဲ တင်သည့် နိုင်ငံခြားကြွေးမြီ။ ပြည်သူ့ကိုယ်စားလှယ်များ၏ အဓိပတိကား ပြည်သူ့လွှတ်တော်။ ပြည်သူ့လွှတ်တော်၏ အဓိပတိကား ပြည်သူများအတွက် လိုအပ်ချက်များကို ပြင်ဆင်ပြဌာန်းပေးရသော ဥပဒေ။ ထိုပြင်ဆင်ပြဌာန်းပေးရသော ဥပဒေများ၏ အဓိပတိကား မလိုတမျိုး လိုတမျိုး ဥပေဒကို လက်သးလုံးခြားထားသော နည်းဥပဒေ။
ုံ ● တောင်သူလယ်သမားများ သိမှတ်ရန်။ ။ မိုးဦး မိုးလည် မိးနှောင်း ကောင်းမကောင်း၊ မုန်တိုငးဘေးဒဏ်ု ရှိမရှိ။ ဦးထွန်းလွင်ဝက်ခြံမှ အသံ ကိုနားစွင့်ရန်။ မိုးရေးအခြေအနေမကောင်းပါက စစ်အာဏာရှင်စနစ်ဆိုးက အကျင့်ဆိုးဖြစ်သော ဆည်စောင့်တံခါးမှူးကို ပူဇော်ရန်မလို။ ကိုယ့်အရေးကို ကိုယ်ဆိုကြရန်။ မိမိတို့ မိရးဖလာ ဘုးစဉ်ဘောင်ဆက် စိုက်ပျိုးထွန်ယက်လာသော လယ်မြေတလက်မမျှ ခရိုနီ ခရိုနကို ခေတ်ပျက်သဌေးများလက်သို့ မကျရောက်စေရန် အချင်းချင်း ညီညွှတ်စာ အသင်းအပင်းများဖွဲ့ ကာကွယ်ရန်။ အီ .. မဟာသင်္ကြန် အတာ စား ကြွပ်ကြွပ်ဝါးပြီးချိန်မှ စပြီး တတိုင်းပြည်လုံး လူ့အခွင့်အရေးမဆုံးရှုးစေအံ့။ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂများ စုစည်းသင်းဖွဲ့ ပြီးံ အညီအညွှတ်ရှိအံ့။ အာဏာလက်မဲ့ အာဏာရှင်အစုပ်အပဲ့များပါမကျန် အာဏာရှင်ဟောင်းများ သမဂ္ဂ၊ ဂျိုကုပ်များသမဂ္ဂ ဖွဲ့စည်းခွင့်ရသည် အထိ သူတို့လက်ထက်က တွန့်တိုခဲ့သော လူ့အခွင့်အရေး အပြည့်အ၀ ရရှိစေအံ့။ ထိုမျှသာမက အာဏာရှင်ဟောင်း သမဂ္ဂမှ အာဏာရှင် ဟောင်းများ ရသင့်ရထိုက်သော အပြစ်ဒဏ် အ၀၀ကို တရားမျှတစွာ အပြည့်အ၀ရရှိစေရန် တောင်းဆိုတိုက်ပွဲဝင်ပြီး အပြည့်အ၀ ရရှိခံစားရ အံ့။
ဝန်ထမ်းများနှင့် အစိုးရမင်းများသည် ပြည်သူ့ကျွေးတာစားပြီး ပြည်သူ့ဝန်ကိုသာ ထမ်းဆောင်ကြတော့အံ့။ိ ပြည်သူသာ အမိအဘမှန် အမြင် မှန်ရအံ့။ တိုင်းပြည်အတွင်းတွင် သဘာဝ သံယံဇာတများ ရှေးကထက် ပိုမိုပေါကြွယ်အံ့။ တိုငးသူပြည်သားများအားလုံး လှဲနေလှေအောင်း မြင်းဇောင်းမကျန် စားဝတ်နေရေ်း ချောင်လည်ဖူလုံအံ့။ ဆန်ရေစပါး ပေါများအံ့။ မြစ်ချောင်းများ ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးအံ့။ သူတပါးတိုင်းပြည်မှ သံယံဇာတများကို မလိုလောဘတက်သူများ ကပ်ဆိုးကျရောက်အံ့။ ထို မသမာသူများဘေးမှ ကင်းလွတ်ကုန်သဖြင့် တတိုင်းပြည်လုံး လျှပ်စစ်မီးကို ဖရီးသုံးရအံ့။ မီတာထိနးသိမ်းစောင့်ရှောက်ခဆိုသည့် မတရားကောက်ခံငွေများ ပေးရန်မလိုတော့အံ့။
် လျှပ်စစ်မီးများလည်း (၁၅) မိနစ်တခါ ပြတ်တောက် ပြတ်တောက်မဖြစ်ရှာပဲ (၂၄) နာရီလုံးလုးံ မျက်လုံးကျိမ်းသည်အထိ ထိထိန်ငြီးအံ့။ အင် တာနက်လိုင်းများ ဖလမ်း ဖလမ်းထအောင် မြန်ဆန်အံ့။ သတင်းမီဒီယာလုပ်ငန်းများ ကြီးပွားတိုးတက်အံ့။ ပလီပလာ မီဒီယာဥပဒေကြီး သားလျောအံ့။ မီဒီယာသမားများ တရားစွဲခံရမှု နည်းပါးအံ့။ သတင်းမီဒီယာဆု၊ ဘာဆု ညာဆု သူ့နယ်ပယ်နှင့်သူ ပေးသည့်ဆုများကို ပုပုကွကွက မလိုတိုရှည် ဆင်ဆာဖြတ်ခြင်းများ ကင်းဝေးအံ့။ ပွင့်လင်းသော လူ့အဖွဲ့အစည်းများအား ကောင်းလာအံ့။ ကောင်းကျိုးအထွေထွေ နှင့် ဒေါင်းအိုးဝေသံများ တွန်ကျူး ကြွေးသီနိုင်အံ့။
အီ ..တနှစ်တာအတွင်း ပြည်သူအများ ရှောင်ရန်ကား အကြောက်တရားနှင့် တရားမမျှတမှု၊ ပြည်သူများ ဆောင်ရန်ကား သတ္တိနှင့် အမှန်တရားကို ချစ်မြတ်နိုးကာကွယ်စောင့်ရှောက်မှု၊ အီကား ... ၁၃၇၄ ခုနှစ်အတွက် မုးမခ သင်္ကြန်စာအလိုတည်း ....။
ိမိုးမခဆိုက်မှဖြစ်ပါသည်။

ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ
မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေပါပြီ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဒေါက်တာ Mely Anthony ဦးဆောင်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးကတော့ ဒီနေ့ညနေပိုင်း ရန်ကုန်မြို့ကို ရောက်လာပါပြီ။ အခြား နိုင်ငံအသီးသီးက လေ့လာရေးအဖွဲ့အချို့လည်း ရန်ကုန်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာရွေးကောက်ပွဲတွေကို လေ့လာ စောင့်ကြည့်နေတဲ့ NDI (National Democratic Institute) နဲ့ IRI (International Republican Institue) က ကိုယ်စားလှယ်နှစ်ဦး သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ NDI ရဲ့ အာရှဒေသဆိုင်ရာညွန်ကြားရေးမှုး Peter Manikas နဲ့ IRI ရဲ့ အာရှအစီအစဉ် ညွန်ကြားရေးမှူး Johanna Kao တို့ နှစ်ဦးဟာ အခု မတ်လ ၂၈ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မဲရုံတွေကို လေ့လာစောင့်ကြည့်သွားမယ်လို့ NDI ပြောခွင့် ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်တုန်းက ကုလသမဂ္ဂက ရေးဆွဲသတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းအတိုင်း ရွေးကောက်ပွဲစောင့်ကြပ်မှုမျိုးတော့ လုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အဲဒီ စံနှုန်းအရဆိုရင်တော့ ရွေးကောက်ပွဲမတိုင်ခင် လနဲ့ချီပြီး အခြေအနေတွေကို စောင့်ကြည့်ရတာမျိုး၊ နိုင်ငံအနှံ့က ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်ဖို့ လုံလောက်တဲ့ လူအင်အား သုံးသပ်မှုထားရှိတာမျိုး စတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာစောင့်ကြည့်မှု သတ်မှတ်ချက်တွေ လိုအပ်ပါတယ်။
ဒါပေမယ့်လည်း လာမယ့် ၂၀၁၅ ခုနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် အခုလုပ်မယ့် ရွေးကောက်ပွဲ အတွေ့အကြုံတွေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ NDI ပြောခွင့်ရသူ Rob Runyan က ပြောပါတယ်။
“NDI ရော IRI ပါ ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် NDI ရော IRI နှစ်ခုစလုံးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပုံ၊ ကျင်းပနည်းကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးကျင်းပရာမှာ ဘယ်လို အထောက်အကူပေးနိုင်မယ်ဆိုတာကို အထူး စိတ်ဝင်စားပြီး မြန်မာနိုင်ငံမှာ ပိုပြီးကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုလည်း ဦးတည်စေမယ်ဆိုတာ မျှော်လင့်ပါတယ်။”
မနက်ဖြန် မတ်လ ၂၉ ရက်နေ့မှာတော့ အဲဒီ သံတမန်အားလုံးကို မြန်မာနိုင်ငံရေးဝန်ကြီးဌာနက ခေါ်ယူထားပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲလေ့လာရေး စီစဉ်မှုနဲ့ပတ်သက်လို့ ရှင်းပြဖို့ရှိပြီး အဲဒီကျမှ လေ့လာရေးအဖွဲ့တွေအနေနဲ့ ဘယ်နေရာကို ဘယ်လို သွားရောက်မလဲဆိုတာ ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိပါတယ်။ နိုင်ငံအများစု ရွေးကောက်ပွဲကို လေ့လာဖို့ သီးခြားကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာရှိသလို အချို့နိုင်ငံတွေကတော့ သက်ဆိုင်ရာသံရုံးကနေ တာဝန်ယူပြီး လေ့လာစောင့်ကြည့်မှာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်သံရုံးကနေ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez က ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို ရွေးကောက်ပွဲစောင့်ကြည့်ရေး နိုင်ငံတကာကို ဖိတ်ကြားရာမှာ သံတမန်တွေတင်မဟုတ်ဘဲ နိုင်ငံလွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားခဲ့ပါ တယ်။ ဖိလစ်ပိုင်ကို ကိုယ်စားပြုပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟယ်လန် ဒလာဘေးကား ဦးဆောင်တဲ့ လေးဦးပါ အဖွဲ့က ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမှာပါ။
ဖိလစ်ပိုင်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ပြီး ပါလီမန်ကိုယ်စားလှယ် အဖွဲ့ကလည်း မြန်မာရွေးကောက်ပွဲစောင့်ကြည့်ဖို့ သွားရောက်ပါလိမ့်မယ်။ ဒီ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ အတူ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးရုပ်သံဌာနကလည်း သတင်းသမားတွေ သွားရောက်ပါလိမ့်မယ်။”
ဂျပန်နိုင်ငံဘက်ကတော့ ဂျပန်နိုင်ငံခြားရေးရုံးနဲ့ ဂျပန်သံရုံးက ကိုယ်စားလှယ် သုံးဦးကို စေလွှတ် စောင့်ကြည့်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှုဖြစ်စေလိမ့်မယ်လို့ ဂျပန်နိုင်ငံအနေနဲ့ မျှော်လင့်တဲ့အကြောင်းလည်း ပါရှိပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ မဏိပူရ်နဲ့ အာသံဒေသ ရွေးကောက်ပွဲကြီးကြပ်ရေးအရာရှိနှစ်ဦးကို အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး စေလွှတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ အလားတူလိုပဲ ကုလသမဂ္ဂ လေ့လာရေးကိုယ်စားလှယ်အဖွဲ့တွေလည်း မနက်ဖြန် မနက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့လေ့လာတွေ့ရှိချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပြန်လည် အစီရင်ခံရမှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Eri Kaneko က ပြောပါတယ်။
“မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်က ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမှာဖြစ်ပြီး အချုပ် သုံးသပ်ချက်ကို အတွင်းရေးမှူးချုပ်ကို ပြန်လည် အစီရင်ခံမှာဖြစ်ပါတယ်။”
အမေရိကန်ပြည်ထောင်စုဘက်မှာတော့ အမေရိကန်အစိုးရရဲ့ကမ်းလှမ်းမှုနဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာသမိုင်းအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်မယ်လို့ သံတမန်တွေက ယူဆပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာဟာ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးမှုဖြစ်တယ်လို့ ပြောပါတယ်။
“ဧပြီ ၁ ရက်နေ့လုပ်မယ့် ပါလီမန်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့ ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာသမို်င်းရဲ့ နောက်ထပ် မှတ်တိုင်တခုဖြစ်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးပါတီတွေ ပါဝင်လာတာကြောင့်ပါ။ အခုလို ရွေးကောက်ပွဲကျင်းပနေစဉ်မှာ အခြားနိုင်ငံတကာကို လေ့လာ စောင့်ကြည့်နိုင်ဖို့ ဖိတ်ကြားတဲ့အတွက်လည်း အားတက်ကျေနပ်မိပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ရဖို့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို လိုက်လျောလိုက်တာပါ။”
ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာသံတမန်တွေ၊ သတင်းမီဒီယာတွေအနေနဲ့ ဘယ်လို ပုံစံနဲ့ ဘယ်နေရာကို သွားရောက်ကြမလဲဆိုတာ မနက်ဖြန် မြန်မာနိုင်ငံခြားရေးဌာနနဲ့ တွေ့ဆုံပြီးမှ ရှင်းရှင်းလင်းလင်း ဖြစ်လာမယ့် သဘောရှိပါတယ်။ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့တော့ မျှော်လင့်ထားကြပါတယ်။ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကအခြေအနေကို ပိုပြီး အာရုံစိုက်ကြဖွယ်ရှိပါတယ်။ အခု ဒီရွေးကောက်ပွဲကလည်း အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတာကြောင့်လည်း နိုင်ငံတကာက ပိုပြီးတော့ စိတ်ဝင်စားနေကြပါတယ်ခင်ဗျား။

မြန်မာ့လူ့အခွင့်အရေးကော်မရှင် အခက်အခဲတွေကြားက ဆက်လက်ရပ်တည်သွားမည်။
မြန်မာနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အစိုးရ ရ/သုံးမှန်းခြေငွေစာရင်းထဲကနေ ပယ်ဖျက်ခံရတာကြောင့် ရန်ပုံငွေ အကျပ်အတည်းဖြစ်ရပြီး မှန်းထားသလောက် မလုပ်နိုင်တော့ဘူးလို့ ကော်မရှင်အတွင်းရေးမှူးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း ကော်မရှင်ဟာ ဆက်ပြီး တည်ရှိနေသလို ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကိုတောင်မှ စပြီး ရေးဆွဲနေပြီလို့ဆိုပါတယ်။ ပြည်ပအဖွဲ့အစည်းတွေက ကူညီနိုင်ခြေ အလားအလာတွေ ရှိတာကြောင့်လည်း လုပ်ငန်း ဆောင်ရွက် နိုင်ခြေကတော့ ရှိနေပါတယ်လို့လည်း သူက အကောင်းမြင် ပြောဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းထားတာဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတာကြောင့် ဗဟိုအဖွဲ့အစည်းအဖြစ် မသတ်မှတ်တော့သလို အစိုးရကနေ လွှတ်တော်ဆီတင်ပြတဲ့ ရ/သုံးမှန်းခြေငွေစာရင်းထဲမှာ အသုံးစရိတ် ထည့်ထားတာကနေပြီး တော့လည်း ပယ်ဖျက်ခံခဲ့ရတာပါ။ အဲဒီလိုဖြစ်ခဲ့တာကြောင့် ကော်မရှင်ကို ဖျက်လိုက်ရပြီလားဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် ကော်မရှင်က မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်ပြီး ကော်မရှင် တည်ရှိနေသေး ကြောင်း အတည်ပြု ပြောဆိုတာဖြစ်ပါတယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ဗွီအိုအေကိုပြောပါတယ်။
“အဲဒီလို ထုတ်ပြန်လိုက်တဲ့အခါကျတော့ ကျနော်တို့ဆီမှာက ကျနော်တို့ ကော်မရှင်ကို ဖျက်လိုက်ပြီလို့ ထင်ကြတာပေါ့။ အဲလိုထင်ကြတာ ဖြစ်တဲ့အတွက် ကျနော်တို့ကော်မရှင်က ဆက်လက် တည်ရှိနေပါတယ်ဆိုတာကို နံပါတ်တစ် ကျနော်တို့က ပြန်ပြီးတော့ တင်ပြတာပါ။ တည်ရှိနေခြင်းကလည်း သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ၊ နောက် တည်ဆဲ fund များနဲ့ ကိုးကားပြီးတော့ရင် သမ္မတက နိုင်ငံသားတွေရဲ့ အကျိုးအတွက် လိုအပ်တဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို ဆောင်ရွက်နိုင်ရန်အတွက် ဒီကော်မရှင်ကို ဖွဲ့စည်းတယ် ဆိုတာလေးကို ကျနော်တို့ ပြန်ပြီးတော့ ရှင်းလင်းတင်ပြတဲ့ သဘောပါခင်ဗျ။”
အစိုးရရဲ့ ရ/သုံးမှန်းခြေငွေစာရင်းထဲမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ငန်းတွေအတွက် အသုံးစရိတ်ငွေ စုစုပေါင်း ကျပ်သန်း ၆၅၀ နီးပါး တင်ပြ တောင်းခံခဲ့တာပါ။ ကော်မရှင်ရဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေလုပ်ဖို့၊ ဝန်ထမ်းတွေကို လစာပေးဖို့ က ကျပ်သန်း ၅၀၀ ကျော်၊ လိုအပ်တဲ့စက်ပစ္စည်းကိရိယာတွေဝယ်ဖို့၊ အဆောက်အဦးလေးတွေ ဆောက်ဖို့က ကျပ် ၁၃၉ သန်း ထည့်သွင်း တောင်းခံခဲ့တာကို ပြန်ပြီး ရုပ်သိမ်းခဲ့ရပါတယ်။ လက်ရှိမှာ သမ္မတရုံးကနေ ထောက်ပံ့နိုင်တဲ့ ငွေစာရင်းအောက်ကနေ ထောက်ပံ့မယ်လို့ သိထားရတဲ့အကြောင်း ဦးစစ်မြိုင်က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရန်ပုံငွေအလုံအလောက်မရတဲ့အတွက် လုပ်ငန်းတွေမှာ အခက်အခဲဖြစ်ရတာကတော့ အသေအချာပါပဲ။
“ရန်ပုံငွေကတော့ အလုံအလောက်ရဖို့ အခက်အခဲရှိသွားပါတယ်။ ဒါကြောင့် အဓိက-ကတော့ ကွင်းဆင်းမှုတွေမှာ နည်းနည်းလေး ထိခိုက်မယ်။ နောက် ပြည်သူလူထုကို Human Rights Promotion လို့ခေါ်တဲ့ Training တွေ၊ Workshop တွေ၊ seminar (နှီးနှောဖလှယ်ပွဲ) တွေ လုပ်ဖို့မှာတော့ နည်းနည်းလေး ထိခိုက်သွားမယ့် အခြေအနေလေး ရှိပါတယ်။ မူလမှန်းသလောက်တော့ အများကြီး မြှင့်လို့ မရနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ငွေကြေးလိုအပ်ချက်က ရှိတာကိုး။ သို့သော်-တခုတော့ ရှိတာပေါ့။ ကျနော်တို့ရဲ့စနစ်က ပြည်ပ ထောက်ပံ့ကူညီမှုများကို နှောင်ကြိုးမရှိရင် လက်ခံနိုင်တယ်ဆိုတဲ့ စည်းမျဉ်း ရှိပါတယ်။ ဆိုပါတော့… EU ဆိုလို့ရှိရင် ကူမယ်ဆိုတဲ့အထဲမှာ၊ တချို့-တရားဝင်မဟုတ်သော်လည်း အသံကြားရပါတယ်။ နောက် ကျနော်တို့ဆီကို လာတဲ့ အဖွဲ့တိုင်းကလည်းပဲ ပြည်ပအဖွဲ့အစည်းတွေကလည်းပဲ Human Rights Institution ကို ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းတိုင်း ကလည်းပဲ သူတို့ကူညီမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ လိုလိုလားလား ကမ်းလှမ်းမှုတွေ ရှိပါတယ်။ အဲလိုဟာမျိုး ရလာပြီဆိုရင်တော့လည်း ကျနော်တို့ ဘတ်ဂျက်နဲ့ မလုပ်နိုင်တဲ့ဟာတွေကို အဲဒါတွေနဲ့ပြန် cover လုပ်ဖို့တော့ ရည်ရွယ်ချက် ရှိပါတယ်။”
သမ္မတဦးသိန်းစိန်က အမိန့်ကြေညာစာနဲ့ လက်မှတ်ရေးထိုးပြီးဖွဲ့စည်းခဲ့တဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်နိုင်ခြေ တွေအပေါ် သံသယနဲ့မေးခွန်းထုတ်တာတွေက ရှိထားတာပါ။ သမ္မတက သူ့စိတ်ကြိုက်ဖွဲ့စည်းတဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ တကယ်တမ်း တိုးတက်အောင် လုပ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့ ဝေဖန်သံတွေကလည်း ထွက်ထားတာပါ။
ဒီလိုဝေဖန်သံတွေ၊ သံသယတွေရှိနေတာကို ဦးစစ်မြိုင်က အသိအမှတ်ပြုပြီး လက်ရှိမှာ တိုင်စာတွေကို အတော်အတန် ဆောင်ရွက်ပေးနိုင်ခဲ့သလို ပိုပြီးတိုးတက်လာအောင် ဆက်ပြီး ကြိုးပမ်းသွားလိုတဲ့ ဆန္ဒကိုလည်း ပြောခဲ့ပါတယ်။
“ကျနော်တို့ ဆောင်ရွက်ဖို့ နည်းနည်းလေး ခက်တာကတော့ မြေကိစ္စတွေမှာ နည်းနည်းလေး ရှိပါတယ်။ ကန့်သတ်ချက်ကလေးတွေ ရှိနေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါကတော့ လက်ရှိအခြေအနေပေါ့လေ။ မျှော်လင့်သလို ဒီထက်ပိုပြီး တိုးတက်လာအောင် ကျနော်တို့က ကာကွယ်စောင့်ရှောက်ပေးဖို့ကတော့ ဆက်ကြိုးပမ်းသွားဖို့ ကျနော်တို့မှာ ဆန္ဒရှိပါတယ်ခင်ဗျ။”
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ပါ။
ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ကော်မရှင်ရဲ့လုပ်ငန်း ဘာမှမရှိဘဲ ကချင်ပြည်နယ် ဘက်က မဲဆန္ဒနယ်သုံးခုမှာ ရွှေ့ဆိုင်းတာကလွဲရင် ကျန်တဲ့နေရာတွေမှာတော့ ၂၀၁၀ နဲ့ယှဉ်မယ်ဆိုရင် အခြေအနေကောင်းတဲ့ သဘော လေ့လာတွေ့ရှိရပါတယ်လို့ ဦးစစ်မြိုင်က ဗွီအိုအေကို ပြောခဲ့ပါတယ်ခင်ဗျား။

ကြိုတင်မဲမသမာမှု ထပ်မဖြစ်စေဖို့ ကော်မရှင် ကတိပေး
ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ အနိုင်ရသွားတာမျိုး မဖြစ်စေရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အာမခံ ပြောကြားလိုက်ပါတယ်။ မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက အဲဒီလို ပြောလိုက် တာပါ။ သတင်းမီဒီယာသမားတွေ ရွေးကောက်ပွဲနေ့ သတင်းယူတဲ့နေရာမှာ လိုက်နာရမှာတွေကိုလည်း ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပဖို့ လေးရက်အလိုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ အဲဒီမှာ အများစု စိတ်ဝင်တစား ရှိခဲ့တဲ့ကိစ္စတခုကတော့ ကြိုတင်မဲကိစ္စပဲဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေတုန်းက ကြိုတင်မဲတွေကို မမှန်မကန်လုပ်ပြီး အနိုင်ယူတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာကြောင့်လည်း အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီကိစ္စကို ကော်မရှင်က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မယ်ဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေတာပါ။
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ သူ့လက်ထက်မှာ အရင်တကြိမ်ကလို မဖြစ်စေရပါဘူးဆိုတာ အတိအလင်း အာမခံ ပြောဆို ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက ဗွီအိုအေကို ပြန်ပြောပြပါ တယ်။
“သူပြောသွားတာကတော့ - ၂၀၁၀ ကဲ့သို့ ကြိုတင်ဆန္ဒမဲများဖြင့် အနိုင်ရရှိသွားခြင်းကို မိမိလက်ထက်မှာ လုံးဝမဖြစ်စေရဘူး-တဲ့။ ဦးတင်အေးက ပြောသွားတယ် ခင်ဗျ။ သူပြောတဲ့ဟာကတော့ - ကျနော့်လက်ထက်မှာ ကြိုတင်ဆန္ဒမဲတွေရပြီး အနိုင်ရသွားတာမျိုးကို လုံးဝမဖြစ်စေရပါဘူး-ပေါ့နော်။ အတိတ်က အဖြစ်တွေကိုလည်း မေ့ထားလိုက်ပါ-ပေါ့နော်။ အဲလိုမျိုးတော့ သူပြောသွားတယ် ခင်ဗျ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး မေးတာက ရန်ကုန်တိုင်း၊ ဒေသကြီးလွှတ်တော်အမတ်တချို့၊ အမျိုးသားဒီမိုကရေစီပါတီဘက်က ဖြေတာကို ပြန်ဖြေကြားသွားတယ် ခင်ဗျ။”
ညနေ ၄ နာရီနောက်ပိုင်းမှ ရောက်လာတဲ့ ကြိုတင်မဲတွေကို လုံးဝ ထည့်သွင်းရေတွက်မှာ မဟုတ်ဘူးလို့လည်း ကော်မရှင်ဥက္ကဋ္ဌ က ပြောခဲ့ပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာက လေ့လာသူ ၁၅၉ ဦး ခွင့်ပြုလိုက်တယ်လို့ ဦးတင်အေးက ပြောပါတယ်။ အဲဒီအရေအတွက်ထဲမှာ ပြည်ပအခြေစိုက် သတင်းမီဒီယာသမားတွေပါ ပါသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမဲ့လည်း လေ့လာသူတွေ၊ သတင်းမီဒီယာသမားတွေဟာ မဲရုံထဲ ဝင်ခွင့်ရမှာမဟုတ်ဘဲ ဓာတ်ပုံရိုက်ယူတာ၊ မေးမြန်းတာတွေ ကို မဲရုံနဲ့ ကိုက် ၅၀၀ အကွာကနေပဲ လုပ်ခွင့်ရမှာဖြစ်ပါတယ်။
၂၀၁၀ ပြည့် ရွေးကောက်ပွဲတုန်းက လုပ်ကိုင်ခဲ့ရတဲ့အခြေအနေနဲ့စာရင် အခုအခြေအနေက တင်းကျပ်မှုပိုများနေတယ်လို့ ပြည်တွင်းသတင်းထောက်က ပြောပါတယ်။
“လွတ်လပ်တယ်လို့တော့ လုံးဝ ပြောလို့ မရဘူးဗျ။ ၂၀၁၀ နဲ့စာလို့ရှိရင်-အတွေ့အကြုံအရ ဆိုလို့ရှိရင်တော့ မလွတ်လပ်ဘူး ပေါ့နော်။ အခုကာလနဲ့ ပြန်နှိုင်းယှဉ်လိုက်လို့ရှိရင်တော့ ၂၀၁၀ က နည်းနည်းလေး-မဆိုစလောက်လေး လွတ်လပ်တယ်လို့ ပြောလို့ရမယ်ခင်ဗျ။ အခုဟာက မဲရုံထဲလည်း ပေးမဝင်ဘူး ဆိုတော့လေ- ကျနော်တို့ မီဒီယာတွေအနေနဲ့ကတော့ အတတ်နိုင်ဆုံးတော့ မှန်မှန်ကန်ကန် ဖြစ်အောင်လို့တော့ ဝိုင်းပြီးတော့ စောင့်ကြည့်ရမယ်။ နောက်တခုက မဖြစ်သင့်တာတွေ မဖြစ်ရအောင်ပေါ့နော်။ ဖြစ်လာတဲ့ပြဿနာတွေကိုလည်း ကျနော်တို့ သတင်းထောက်တွေအနေနဲ့ ပြည်သူတွေကို ချပြရမှာကတော့ ကျနော်တို့ တာဝန်လို့ ထင်တယ်။”
မဲရုံတွေထဲ ဝင်ခွင့်ရသူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေဖြစ်ကြပြီး မဲရေတွက်တဲ့အချိန်မှာ သက်သေ ၁၀ ယောက် ရှိမှာဖြစ်တယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းယူ သတင်းပို့ကြမယ့် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို အင်္ဂါနေ့ကပဲ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ ဒီအချက် တွေအပြင် အခုလိုမျိုး မဲရုံထဲဝင်ပြီး ဓာတ်ပုံရိုက်ခွင့်မရ၊ သတင်းယူခွင့်မရတာကြောင့်လည်း လုပ်ကိုင်ရတဲ့နေရာမှာ အဟန့်အတား ဖြစ်သွားတယ်လို့ ပြည်တွင်းသတင်းထောက်က ပြောပါတယ်။ “အဟန့်အတားကတော့ ရှိတယ်ခင်ဗျ။ ရှိတယ်ဆိုတာက ကျနော်တို့တွေ - ရွေးကောက်ပွဲသတင်း ယူမယ့်သူတွေကို Local ထဲက လူတွေဆိုရင် ဓာတ်ပုံ သုံးပုံ ပေးရတယ်။ စိစစ်ရေးက ကောက်သွားတယ်။ ၂၀၁၀ တုန်းကလိုမျိုး မဲရုံထဲမှာ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရမယ်ဆိုပြီးတော့ တွက်ထားကြတာပေါ့။ အခုကျတော့ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့မှ ဘယ်သူမှ ဝင်ပြီးတော့ ဓာတ်ပုံပေးမရိုက်ဘူး ဆိုတာကျတော့လေ- သတင်းထောက်တွေအနေနဲ့တော့ အဟန့်အတား ဖြစ်သွားတယ်လို့တော့ ခံစားမိပါတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးပါ။ မဲစာရင်းရလဒ်တွေကို ရေတွက်ပြီးပြီးချင်းမှာ ကြေညာပေးမှာဖြစ်ပြီး သတင်းသမားတွေအနေနဲ့ ကော်မရှင်ရုံးအဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုဆီ သူသွားရောက်ကြည့်ရှုတာမှာ လုံခြုံရေးအခြေအနေ မကောင်းသေးဘူးဆိုတာ တွေ့ခဲ့ရတဲ့ အတွက် အဲဒီနေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းရတာဖြစ်တဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ အတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်ခင်ဗျား။

နိုင်ငံတကာအဖွဲ့တွေ ရွေးကောက်ပွဲစောင့်ကြည့်ချိန် အပြည့်အဝမရ
မကြာခင်ကျင်းပဖို့ရှိနေတဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အဓိကကျတဲ့ သော့ချက်ဖြစ်တာမို့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ မူဝါဒတွေကို သိသိသာသာပြောင်းလဲစေလိမ့်မယ်လို့ အီးယူရဲ့နိုင်ငံခြားဆက်ဆံရေးအကြီးအကဲ ကက်သရင်းအက်ရှ်တွန်က ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လည်လွတ်မြောက်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေ တိုးတက်ဖို့ ဖိအားပေးရမယ့်ကိစ္စတွေ ကျန်နေသေးတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှု အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign-UK က EU ကို ဝေဖန်လိုက်တာပါ။ ဒီအကြောင်း အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ဖို့ ဖိတ် ကြားတာကို မကြုံစဖူး ပွင့်လင်းမှုတစ်ရပ်ဖြစ်တယ်လို့ ဥရောပ သမဂ္ဂက ခေါ်ဆိုထားတဲ့ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မဲဆွယ်စဉ်ကာလမှာ ယေဘုယျအားဖြင့် ငြိမ်းချမ်းတဲ့ သဘောသဘာဝတွေ ရှိနေတာကို ကြိုဆိုတယ်၊ ပါတီတချို့ရဲ့ မသမာမှု၊ ခြိမ်းခြောက်မှုတွေကို ကြားရပေ မယ့် အစိုးရက စုံစမ်းဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု အားလုံးကိုလည်း ချီးကျူးထားတာ ဖြစ်ပါတယ်။ ကက်သရင်း အက်ရှ်တွန် (Catherine Ashton)ရဲ့ ဒီထုတ်ပြန်ချက်ကို အစိုးရရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေမြန်မာပိုင်းကို အခု လို ပြောပါတယ်။
"သမ္မတဦးသိန်းစိန်နဲ့သူ့အစိုးရရဲ့ မှတ်သားလောက်အောင် ထူးခြားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အစီအ စဉ်တွေကို အီးယူ နိုင်ငံခြားရေးအကြီးအကဲက ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံလွှတ်တော်ရဲ့ အပြုသဘောဆောင် အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ချက်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ တာတွေ ၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံတွေနဲ့ ဆက်လက်ဆွေးနွေးတာ၊ တိုင်းရင်းသားအုပ် စုတွေနဲ့ငြိမ်းချမ်းရေး ရယူဖို့ကြိုးပမ်းတာ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအတွက် လုပ်ဆောင်တာတွေ အား လုံးဟာ အရေးကြီးတဲ့ အပြုသဘောဆောင် တိုးတက်မှုတွေ ဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်ြ့မတ်ရေးအတွက် အရေးကြီးတဲ့ကာလဖြစ်သလို ဥရောပသမဂ္ဂ ရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကိုလည်း သိသိသာသာ ပြောင်းလဲစေနိုင်ပါတယ်။ အီးယူအကြီးအကဲက မဲဆွယ်ကာလကို ဂရုတစိုက် စောင့်ကြည့်နေပြီး အမတ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေအားလုံး သူတို့ရဲ့ အစီအစဉ်တွေကို အဟန့်အတား၊ အနှောင့်အယှက်ကင်းကင်းနဲ့ တင်ပြဆောင်ရွက်နိုင်လိမ့်မယ်လို့ လည်း မျှော်လင့်ထားပါတယ်။"
ဥရောပသမဂ္ဂ၊ ပြည်ပဆက်ဆံရေးအကြီးအကဲ ကက်သရင်း အက်ရှ်သွန်ရဲ့ပြောခွင့်ရ မာဂျာ ခိုစီဂျန်စစ် (Maja Kocijancic) ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘားမားကမ်ပိန်း၊ ယူကေ (Burma Campaign for UK) လို့ ခေါ်တဲ့ ဗြိတိန်နိုင်ငံ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ ညွှန်ကြားရေးမှူး မာ့ခ်၊ဖာမနာ (Mark Famaner) ကတော့ - ဥရောပသမဂ္ဂဟာ ကောင်းတဲ့အချက်တွေကိုသာ ထောက်ပြ ပြောဆိုနေပြီး အနုတ်လက္ခဏာပြနေ တဲ့အချက်တွေကို မျက်ကွယ်ပြုထားတယ်လို့ ဝေဖန်ပါတယ်။
"ကက်သရင်းအက်ရှ်တွန်နဲ့ သူ့လူတွေက အရင်ကတည်းက ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းချင်နေကြ တာပါ။ သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး မလုပ်ခင်ကတည်းက ပုံမှန်ဆက်ဆံရေး ထူထောင်ချင်နေကြ တာပါ။ အခုလည်းပဲ ကောင်းတဲ့အချက်တွေကို ထပ်ခါတလဲလဲ ပြောနေပြီး မကောင်းတာတွေကို ဘာမှ မပြောတော့ပါဘူး။ မြန်မာနိုင်ငံမှာ အခု နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး ရှိနေဆဲပါ။ လူ့အခွင့်အရေး ချိုးဖောက်ခံရလို့ထွက်ပြေးကြရတဲ့ တိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒါတွေကို ကက်သရင်း အက်ရှ်တွန်တို့က ဘယ်တော့မှ မပြောကြပါဘူး။ sanction တွေရုပ်လို့ရအောင် ကောင်းတာကို ပဲ ရွေးပြောနေကြ တာပါ။"
ဥရောပသမဂ္ဂထဲက ဥရောပအစိုးရတချို့နဲ့ ကုလသမဂ္ဂအရာရှိတွေဟာ အရေးယူပိတ်ဆို့မှုကို မယုံကြည် ဘဲ မြန်မာအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်၊ အကူအညီပေးမယ်၊ ဒီလိုနည်းနဲ့သာ အပြောင်းအလဲ ပြုလုပ်နိုင် မယ်လို့ ယုံကြည်နေကြသူတွေ ဖြစ်တယ်လို့ မာ့ခ်ဖာမနာက ဆိုပါတယ်။ သူတို့ရဲ့ ဘားမားကမ်ပိန်း ယူကေ အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ မြင်လာရတာဟာ ဒီလို ဒဏ်ခတ်အရေး ယူမှုတွေကြောင့် ဖြစ်တယ်လို့ ယူဆပါတယ်။ အခု သမတ္တဦးသိန်းစိန်ကလည်း ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းစေချင်တဲ့အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ပြနေခြင်းသာဖြစ်တယ်၊ ဒဏ်ခတ်အရေးယူ မှုတွေ ရုပ်သိမ်းလို့ စီးပွားရေးအင်အား ကောင်းလာရင် စစ်အင်အားကို တိုးချဲ့ပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေ ပိုလုပ် လာမယ်လို့လည်း မာ့ခ်ဖာမနာက ထောက်ပြထားပါတယ်။ ဥရောပသမဂ္ဂကတော့ အခုအခါ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ့်အဖွဲ့ စေလွှတ်လိုက်ပြီလို့ ဆိုပေမယ့် ရွေးကောက်ပွဲကို အစ၊ အလယ်၊အဆုံး စောင့်ကြည့်နိုင်တဲ့အခြေအနေမရှိဘူး၊ အချိန်အလုံအလောက် မရဘူးဆိုပြီး ပြောကြားပါ တယ်။
"ဘရပ်ဆဲလ် (Brussel)က အဖွဲ့ငယ်တစ်ဖွဲ့ ရောက်လာမှာပါ။ သူတို့ကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့လို့ မခေါ်နိုင်ပါဘူး။ သူတို့ဟာ အချိန်အလုံအလောက် မရပါဘူး။ ဒါ့ကြောင့် ကျမတို့စေလွှတ် သူတွေဟာ ရွေးကောက်ပွဲ ကျွမ်းကျင်သူ အဖွဲ့သာ ဖြစ်ပါတယ်။"
ကက်သရင်း အက်ရှ်တွန်ရဲ့ ပြောခွင့်ရ မာဂျာ ခိုစီဂျန်စစ် ပြောသွားခဲ့တာပါ။ ရွေးကောက်ပွဲ ပြုလုပ်တဲ့ကာလ မှာ ဥရောပသမဂ္ဂအပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အာဆီယံတို့ကလည်း အလားတူ ကိုယ် စားလှယ်တွေ စေလွှတ်ကြမှာ ဖြစ်ပါတယ်။

အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ်
မတ်လ ၂၆ရက် နေ့ ည(၉) နာရီ အချိန်တွင် ရန်ကုန်မြို့ မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(ဗဟို) ကြားဖြတ် ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက ပြင်ဦီးလွင်၊ စစ်ကိုင်း ၊ ပုလဲမြို့ များသို့ စည်းရုံးရေးနှင့် မဲသရုပ်ဖော် ပြသခြင်းများပြုလုပ် ကြမည်ဖြစ်သည်။ အထက်ပါ ခရီးစဉ်တွင် အနုပညာရှင်များက တက်ကြွစွာပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည် ။
မူရင်းလင့်က ဒီမှာပါ။
ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ ကာလတိုအတွင်း မဲရုံမှ ကိုက်ငါးရာအကွာ၏ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့် သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။
''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။ တကယ်လို့ ကိုက် ၅ဝဝ အတွင်း သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက ပြော သည်။ သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက် ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို ဖြေကြားခဲ့သည်။
''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာအပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။ ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့ ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။ ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍ သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။ ''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။
ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ် ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။ ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့ သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။
ပေါ်ပြူလာဂျာနယ်(ဖေ့စ်ဘုတ်)
မူရင်းလင့်က ဒီမှာပါ။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံမေးမြန်းခြင်း (၂) ရုပ်/သံ
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းခြင်း (ဒုတိယပိုင်း) ကို ဧရာဝတီမှ ရုပ်/သံ တင်ဆက်ထားပါတယ်။
“စိန်မဟာ မျက်လှည့် သဘင်ကြီး” နှင့် ဦးရုက္ခစိုး
ယခုတလော ချင်းမိုင် ရာသီဥတုက ပူလောင်လာသည်။ နွေမိန် တပေါင်းက နေရှိန်မကောင်းသော်လည်း အပူရှိန်က ကောင်းလာ သည်။ ယခင်ရက်များက ချင်းမိုင်ကောင်းကင်၌အုံ့မှိုင်းနေသည့် မီးခိုးမြူများမှာ ပြယ်ခါစမျှသာရှိသေး အပူဒီဂရီက မြင့်တက်လာခြင်း ဖြစ်သည်။
ညခင်း ဆည်းဆာများမှာလည်း အပူရှိန်ကြောင့် အအိပ်အနေ နည်းရသည့်အတွက် ဦးနှောက်က အတွေးများဖြင့် အလုပ်ရှုပ်နေမိပြန် သည်။
“ကျွန်ုပ် တွေးသည် ထို့ကြောင့် ကျွန်ုပ် ရှိသည်”ဆိုလား ဘာလား အဲသည် စကားတခုကိုလည်း မဆီမဆိုင် သတိရလိုက်မိသေး သည်။
ဂျာနယ်လစ် သတင်းသမားတဦး အနေနှင့်လည်း တွေးရမည်၊ ရေးရမည်၊ မေးမြန်းရမည်၊ ဝေဖန် သုံးသပ်ရမည်၊ စိစစ် ဆုံးဖြတ်ရ မည်၊ သို့ဆိုလျှင် အတွေးရှင်းမှ ဖြစ်မည်၊ အတွေးရှင်းမှ အရေးလည်း ရှင်းမည် မဟုတ်ပါလား…..။
လာမည့် ရက်ပိုင်းအတွင်းလည်း ကြားကဖြတ်လုမယ့် ရွေးကောက်ပွဲလား…ကြားဖြတ်ရွေးကောက်ပွဲလား… ကျင်းပ ဦးတော့ မည်၊ သတင်းထောက်များ၊ လေ့လာသူများ အတွက် အလုပ်များဦးမည်။
ဖိုးရှုပ် တယောက် ထိုသို့ပင် ရောက်တတ် ရာရာ တောင်စဉ်ရေမရ တွေးတောနေရာမှ ရုတ်တရက် သတိရလိုက်မိသောကြောင့် လက်ကိုင်ဖုန်းဖြင့် ကြွက်စုတ်ကို လှမ်းဆက်လိုက်မိသည်။
ဖိုးရှုပ်။ ။ ဟယ် လို…ဟယ် လို…ဟယ် လို…
အတန်ကြာမှ ကြွက်စုတ် က အိပ်ချင်မူးတူး အသံဖြင့် ပြန်ဖြေလာသည်။
ကြွက်စုတ်။ ။ ဒီ အချိန်ကြီး ဘာလဲကွာ…ဖိုးရှုပ်…
ဖိုးရှုပ်။ ။ မင်းကလည်း စိတ်ချည်းပဲ…ငါ သိချင်တာ တခုရှိလို့ပါကွ…
ကြွက်စုတ်။ ။ ပြောကွာ…ပြော…ပြော…အိပ်ရေးက ပျက်ဦးတော့မှာပဲ…
ဖိုးရှုပ်။ ။ ဟိုကွာ….၀န်ကြီးဌာနတွေ ဖွတ် သဘင်…အဲ လွှတ်သဘင်ထဲမှာ ဘတ်ဂျက်ဖြတ်ခံရတာ ဘယ်ရက်လောက် ရှိမလဲ…
ကြွက်စုတ်။ ။ ဘုရားဆူး ဂျာနယ်လစ်…ကိုယ့်ဘာကိုယ်တော့ မှတ်လဲမထား…ရီဆာ့ခ်ျ လည်း မလုပ်…သောက်ပြင်း…ငါ သိ သလောက်တော့…အဲဒီ ဘတ်ငွေ ဆိုလား…မင်းပြောတဲ့ ဘတ်ဂျက်ဆိုလား အဲဒါ က ဒီလလယ်လောက်မှာ ဖြစ်တာ…ကျန်တာ မင်းဟာမင်း ဆက်ရှာတော့…ငါ တော့ အိပ်တော့မယ်…
ဖိုးရှုပ်။ ။ နေ နေပါဦးကွ…အအိပ်ကလည်း မက်ပါ့ကွာ…ခုမှ ၁၂ နာရီလောက်ပဲ ရှိသေး…နေပူတော် သွားတုန်းကတော့ ကာရာအို ကေ ဆိုင်မှာ မိုးအလင်းပဲ…အဲဒီ ၀န်ကြီးဌာနတွေ ထဲမှာ လယ်စိုက်တဲ့ ၀န်ကြီးရဲ့ ဌာနလည်း ပါတယ် မှုတ်လား…
ကြွက်စုတ်။ ။ အေးဟုတ်တယ်…လယ်စိုက်ရုံတင် မဟုတ်ဘူး…၊ လယ်ကျွန်ပါခံမယ် ဆိုတဲ့ လယ်ကျွန် ၀န်ကြီး…အဲဒီ လွှတ်သဘင် မှာ သူ့ဌာန အသုံးစရိတ်ဖြတ်တာကို အောင့်သီးအောင့်သက်နဲ့ ပြောတယ်လေ…ငါတောင် မှတ်မိသေး…ရှေးတုန်းက ဘုရားကျွန် ဆိုတာမျိုး အခု သူကလည်း လယ်ကျွန် အဖြစ်ခံယူမယ်တဲ့…သူ့ လစာရော…သူ့ ဆွေစဉ် မျိုးဆက် လာစာတွေရော လယ်မြေထဲ ထည့် လိုက်မယ်…တဲ့…နေပါဦး မင်းက အဲဒါ ဘာဖြစ်လို့ မေးရတာလဲ…
ဖိုးရှုပ်။ ။ ဘာဖြစ်ရမှာလဲကွ…မင်းတယောက်ပဲ မသိတာ…တလောကလုံး ဗြောင်းဆန်နေအောင်ကို ပွထ နေတာ…ဖေ့စ် ဘုတ် တွေရော…အီးမေးလ်ထဲရော…သတင်းတွေထဲရောပဲ….အဲဒီ လယ်ကျွန် ၀န်ကြီးက ဗျူးတခုမှာ ပြောလိုက်တဲ့ စကားကြောင့်…
ဤနေရာတွင် အကွက်ဆိုက်လာ၍ ဖိုးရှုပ်က ကြွက်စုတ်ကို ခတ်ဆတ်ဆတ် ပြန်ငေါက်လိုက်ခြင်း ဖြစ်သည်။ ရုတ်တရက် ကြွက်စုတ် လက်ကိုင် ဖုန်းဘက်မှ အသံရပ်သွားသောကြောင့် ဖိုးရှုပ်က ဟယ်လို လုပ်လိုက်မှ အသံ ထွက်လာသည်။
ကြွက်စုတ်။ ။ ဟေ…သူက ဘယ်ဗျူးမှာ ဘယ်လို ပြောလိုက်လို့ ဘာတွေ ဖြစ်သွားတာလဲ…အဲဒီတော့ရော ဘာဖြစ်လဲ…
ဖိုးရှုပ်။ ။ အင်…သူ့ကျတော့…သတင်းထောက် ထက်တောင် ဆိုးသေး…မေးပုံက ရိုက်ပေါက်…အဲဒီ လယ်ကျွန် ၀န်ကြီးက ဟို ပူစပ် ပူလောင် ဂျာနယ် ဆိုလား…အပူတပြင်း ဂျာနယ် ဆိုလား…ဗျူး မှာ…လွှတ်သဘင် အမတ်တွေကတဲ့…ဘာစာမှ တတ်တာ မဟုတ်ဘူးတဲ့…သူများ ခိုင်းတာပဲ လုပ်တတ်တာတဲ့…
ကြွက်စုတ်။ ။ သူက ဘာသဘောနဲ့ အဲဒီလို ပြောရတာလဲ…
ဖိုးရှုပ်။ ။ ဆိုလိုတာက အဲဒီ လွှတ်သဘင်တခုလုံးက အမတ်တွေက ပုတ်သင်ညိုတွေလို ခေါင်းပဲ ညိတ်တတ်တယ်ပေါ့… လက်ညှိုးထောင် ခေါင်းညိတ်တွေလို့ ပြောတာ….အဲဒီမှာ သူတို့ တပါတီတည်း ကြံ့ဖွတ် အမတ်တွေပါ ဒေါသူပုန် ထကုန်ပြီး တောင်းပန် ရင် တောင်းပန် မဟုတ်လို့က တရားစွဲမယ်…. အယုံအကြည် မရှိ အဆို တင်သွင်းပြီး ရာထူးက ပြုတ်ထွက်သွားအောင်ကို လုပ်ပစ်မယ်… ဘာညာတွေ ဖြစ်ကုန်ကြတာ…ဇာတ်လမ်းကတော့ မသန်း ဆိုသလို ပဲပေါ့ကွာ…
ကြွက်စုတ်။ ။ သြော် ဒီလိုကိုး…အဲဒီလောက်ကြီးဆိုတော့ လယ်ကျွန် ၀န်ကြီးက လူကျွံဘော ဖြစ်ပြီး ပင်နယ်လ်တီတောင် ပေးရ မယ့် အဆင့်…ပစ်ဒဏ်ဘော ထိတဲ့ သဘော…အနီကတ်တောင် ပြသင့်တယ်…
ဖိုးရှုပ်။ ။ အဲဒါနဲ့တင် မပြီးသေးဘူး မောင်ရင် လယ်ကျွန် ၀န်ကြီးက ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ တာဆိုပြီးတော့လည်း ဗျူးမှာ ပြောတဲ့အထဲ ပါသေးသဗျ…ကြံ့ဖွတ် အမတ်တွေကိုယ်တိုင်က ပါတီပါ သိက္ခာကျတယ်…ဘာညာ ဆိုပြီးဖြစ်တာ…
ကြွက်စုတ်။ ။ အေး ဟုတ်တာပေါ့…လွှတ်သဘင်ထဲ ကြံ့ဖွတ် အမတ်က အများဆုံးလေ…ဖွတ်သဘင်လို့တောင် သမုတ်လို့ ရသေး… နိုင်ငံတော် ဦးဆောင်မှု အပိုင်းက လူကြီး တယောက်အနေနဲ့ အခုလိုကို မထင်ရဘူးနော်…အင်း လေ အရင်တုန်းက ဒင်းက လေကြောင်းရန် ကာကွယ်ရေး တာဝန်ယူဖူးတယ် ဆိုလား…အဲဒီတော့ သူ့လေပြင်းအားက အတိုင်းထက် အလွန်တွေ ဖြစ် ကုန်မှာပေါ့ကွာ…
ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ ဖုန်း စကားပြောရင်း တဖြည်းဖြည်း အတိုင်အဖောက် ညီလာကြသည်။ ထိုစဉ် ရုတ်တရက် သူတို့ နှစ်ဦးလုံး ၏ ဖုန်းများတွင် တုန်ခါသွားပြီးနောက် အသံတသံ ပေါ်လာ၍ နားထောင်လိုက်ကြရာ ဦးရုက္ခစိုး ဖြစ်နေသည်။
ရုက္ခစိုး။ ။ အေး…ကွ အခုတလော အစိုးရ၀န်မင်းများက အောင့်လုံးတွေ အောင့် မထားနိုင်ကြတော့ဘူး ထင်တယ်…နောက် ၀န်မင်း တဦးရဲ့ ဗျူးချက်လည်း ရှိသေးတယ်လေ…လျှပ်ပေါ်လော်လီ ဂျာနယ် ဆိုလား….အဲဒီမှာ ဗျူးထားတာ… ငြိမ်းချမ်းရေး ၀န်မင်းတဦးကိုကွာ…
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး ဘယ်ကနေ ၀င်ပြောနေတာလဲဗျ…အဲဒီ ဗျူးကို ကျနော်လည်း ဖတ်ရသဗျ…ဒီမိုကရေစီ မိခင်ကြီးကို ပုတ်ပုတ် ခတ်ခတ်တွေ ဝေဖန်ထားတာတွေလေ…ဟို အရင် စစ်တပ်အစိုးရတုန်းက ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတဲ့လေသံမျိုးလည်းပါတယ်…လူထု ထောက်ခံမှုကို အကြံအဖန်လုပ် ချူယူတဲ့ ပုံစံမျိုး…ခြိမ်းခြောက်သလိုလို သတိပေးသလိုလိုတွေလည်း ပါသေး…
ရုက္ခစိုး။ ။ ဒါပေမယ့် လွှတ်သဘင် နာယကကြီးကတော့ လက်ညှိုးထောင် ခေါင်းညိတ်မဟုတ်…အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဟာ အရေးကြီးဆုံး ဘာညာ ပြောပြန်ရော ကွ… တချို့တွေ ပြောဆိုနေကြသလို ၀န်မင်းတွေ အားလုံးက ကြံ့ဖွတ် တပါတည်း က ဆိုတော့ အချင်းချင်း ဇာတ်တိုက် ကပြပြီး လူအများ မျက်စိလည်အောင် လုပ်နေတာလားများ ဆိုပြီး သံသယ ဖြစ်လာတယ်…
ကြွက်စုတ်။ ။ ဒါဆိုရင်ဗျာ…အစိုးရ အဖွဲ့ရော ၀န်မင်းများရော အမတ်မင်းများရော တခါတည်း တစုတစည်းတည်း ပေါင်းပြီး “စိန်မဟာ မျက်လှည့် သဘင်ကြီး”လို့သာ ခေါ်လိုက်ကြပေတော့…ကျနော်တော့ အိပ်ပြီ…
ဦးရုက္ခစိုး စကားအဆုံးတွင် ကြွက်စုတ်က ရုတ်တရက်ဝင်ပြောပြီး ဖုန်းကို ပိတ်လိုက်သဖြင့် ဖုန်း စကားဝိုင်းလည်း ရပ်ဆိုင်းသွား လေ တော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

ပခုက္ကူ မဲဆွယ်ပွဲ မသမာမှုများ တိုင်းကော်မရှင်ထံ တိုင်ကြား
မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားနေသည့် ရွေးကောက်ပွဲ မသမာမှုများအား တိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း ယင်းနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု NLD အမတ်လောင်း ဦးပိုက်ကိုက ပြောသည်။
“မဲစာရင်း ပြဿနာတွေရော စက်ရုံအလုပ်ရုံတွေက မဲစာရင်း အစုလိုက်အပြုံလိုက်ကြီး ပြောင်းသွားတဲ့ ကိစ္စရယ်၊ ကြံ့ဖွံ့က မသမာတဲ့နည်းတွေနဲ့ မယ်ဆွယ်တဲ့ကိစ္စ ကော်မရှင်ကို ကျနော်ပြောတယ်။ ပစ္စည်းတွေပေးပြီး လာဘ်ထိုးတဲ့ နည်းတွေနဲ့ သူတို့ကို မဲထည့်ပါလို့ လုပ်နေတာတွေပေါ့” ဟု ဦးပိုက်ကိုက ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးကျော်တင့်က ယခုလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဒေသခံများအား တအိမ်လျှင် ကုလားပဲဆံ ၂ ဗူး၊ အိုင်အိုဒင်းဆား ၁ ထုပ်နှင့် ငွေ ၂ ထောင်စီပေးကာ ကြံ့ခိုင်ရေးပါတီအား မဲပေးကြရန် ပြောဆို စည်းရုံးသွားခဲ့သည်။
ထို့အပြင် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် ရဲဌာနမှ ၀န်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
“ပခုက္ကူ တက္ကသိုလ်က ဆရာ ဆရာမတွေအားလုံး ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ်လို့ ညွှန်ကြားထားတယ်။ ပခုက္ကူ တက္ကသိုလ်က ဆရာတယောက် အဖွဲ့ချုပ်ရုံးကို လာပြောပြသွားတာ။ ရဲတွေကိုလည်း ကြံ့ခိုင်ရေးကို မဲမပေးဘူးဆိုရင် နယ်ဝေးကို ပြောင်းပစ်မယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
မည်သူမဆို ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တဦးဦး၏ လွပ်လပ်စွာ မဲပေးနိုင်သည့်အခွင့်အရေးကို ခြိမ်းခြောက်ပါက တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပုဒ်မ ၅၈ တွင် ဖော်ပြထားသည်။
ပခုက္ကူတွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။
နိုင်ငံတ၀ှမ်းတွင် ကြိုတင်မဲများကို မတ်လ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ သင်တန်းသားများကို ယခုလ တတိယပတ်အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။
“ကြိုတင်မဲ ကောက်ခံရတဲ့အထဲက သူနာပြုဆရာမတယောက်က ပြောတယ်။ ကြိုက်တာကို လွပ်လွပ်လပ်လပ် ပေးလို့ ရတယ်ဆိုလို့ ဦးပိုက်ကိုကို ပေးခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် ကြိုတင်မဲ ကောက်ရမယ့် အချိန် မဟုတ်ဘဲ ဖြစ်နေတယ်” ဟု ဦးပိုက်ကိုက ပြောသည်။
ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အထည်ချုပ်စက်ရုံ ၂ ရုံ၌ မဲရုံ ၂ ရုံ ထပ်တိုးလာသည်။
ပခုက္ကူမြို့ အနောက်မြောက်ဘက်ရှိ အထည်ချုပ်စက်ရုံနှင့် မြို့ အရှေ့ဘက်ရှိ ချည်မျှင်နှင့် အထည်စက်ရုံမှ ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစုအပါအ၀င် လူပေါင်း ၂၀၀၀ ကျော်၏ မဲစာရင်းများကို ကာယကံရှင်များ၏ ဆန္ဒမပါဘဲ လူနေ ရပ်ကွက်အတွင်းမှ စက်ရုံဝင်းအတွင်း ထားရှိမည့် မဲရုံဧရိယာသို့ ပြောင်းရွေ့ခဲ့ကြောင်း ပခုက္ကူ NLD က ပြောသည်။
“စက်ရုံဝန်ထမ်းတွေက မပြောင်းချင်ဘူး။ သူတို့အာဏာနဲ့ပဲ ပြောင်းသွားတာ။ ရုံးမှာ စက်ရုံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေက လာလာပြီး အဲဒါ ဘယ်လို လုပ်ပေးနိုင်သလဲဆိုတာပဲ လာလာပြောနေတယ်” ဟု ပခုက္ကူ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်က ပြောသည်။
ပခုက္ကူ NLD က ယင်းကိစ္စအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမေးမြန်းခဲ့ရာ စက်ရုံဝန်ထမ်းများ၏ ဆန္ဒအရ ပြောင်းရွှေ့ပေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပခုက္ကူမဲစာရင်းတွင် ကွယ်လွန်သွားသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မှတ်ပုံတင်နံပါတ်များ မှားယွင်းနေခြင်း၊ မြို့တွင် မရှိသူတို့၏ အမည်များ ပါဝင်နေခြင်း၊ မဲဆန္ဒရှင်တို့၏ အမည်များ မှားယွင်းနေခြင်း အများအပြားကို NLD က ထောက်ပြခဲ့ရာ အနည်းငယ်သာ ပြန်လည်ပြင်ဆင်ပေးခဲ့သည်ဟု ဦးပိုက်ကိုက ပြောသည်။
အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုလ ၂၄ ရက်နေ့က မဲပေးနိုင်သူစာရင်း ထုတ်ပြန်ခဲ့ရာ ယခင် ထုတ်ပြန်ခဲ့သည်ထက် လူ ၄၀၀၀ ခန့် လျော့နည်းသွားကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်သူ ၁၆၃၀၀၀ ကျော် ရှိသည်ဟု ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ပြီးခဲ့သည့် စနေနေ့တွင် ၁၅၉၀၀၀ ဟု နောက်ဆုံးအတည်ပြု ထုတ်ပြန်ခဲ့သည်ဟု မော်လမြိုင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ကိုကြည်ဇော်လွင်က ပြောသည်။
မူလ ထုတ်ပြန်ခဲ့သည့်စာရင်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ သေဆုံးပြီးသူများ ပါဝင်နေသည့်အတွက် ပြင်ဆင်ပေးရန် NLD က တင်ပြခဲ့ရာ ကော်မရှင်က ပြန်လည်စိစစ် ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်တွင်လည်း မဲပေးနိုင်ပါလျှက် မဲစာရင်းတွင်နာမည်မပါသူ ၁၀၀၀ ခန့်ကို နောက်တိုး မဲစာရင်းအဖြစ် ထုတ်ပြန်ပေးရန် ခရိုင်ကော်မရှင်သို့ ယခုလ ၂၄ ရက်နေ့က တင်ပြထားပြီး အကြောင်းပြန်ခြင်း မရှိသေးဟု NLD အမတ်လောင်း ဦးအုန်းကြိုင်က ပြောသည်။
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးရေး လာသည့် NLD အောင်နိုင်ရေးအဖွဲ့လာလျှင် မည်သူမှ မထွက်ဘဲနေရန် ပါတီကြီးတခု၏ တာဝန်ရှိသူများနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ပြောဆို၍ မဲဆန္ဒရှင်များအား ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေပြီး မဲစာရင်းပြဿနာလည်း ကြီးမားကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နှင့် အောင်နိုင်ရေး အဖွဲ့က ဧရာဝတီကို ပြောသည်။
“အဓိက ကျနော်တို့ တွေ့ရတာက မဲဆန္ဒရှင်တွေရဲ့ အကြောက်တရားပဲ။ အခက်အခဲ အများကြီးတွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့က အခက်အခဲရှိတာကို ကျေးဇူးတင်တယ်။ ကျနော်တို့ အောင်မြင်မှုဟာ တန်ဖိုးရှိမှာပါ” ဟု ဦးဝင်းထိန်က ဆိုသည်။
မူရင်းလင့်က ဒီမှာပါ။
ရန်ကုန်မြို့တွင် ယခုလအတွင်းက မဲဆွယ်စည်းရုံးရေးလုပ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ
(ဓာတ်ပုံ - Reuters)

SSA တိုက်ခိုက်ခံရမှု ဦးအောင်မင်းက သမ္မတနှင့် တိုက်ရိုက် ဆွေးနွေးမည်
အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ကို အစိုးရတပ်မှ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း အပေါ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု သတင်းရရှိသည်။
အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေမှုများအပေါ် SSA-S ဥက္ကဋ္ဌ ရွက်ဆစ်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ထံ ယခုလ ၂၃ ရက်နေ့က စာပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် SSA-S နှင့် အပစ်ရပ်ရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သူ ဦးအောင်မင်းက ထိုကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးပေးမည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “တိုက်ပွဲတွေဖြစ်ပွားနေမှုကို သူ့အနေနဲ့ သမ္မတနဲ့ တိုက်ရိုက် ဆွေးနွေးပေးသွားမယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ ဦးအောင်မင်းက ဖုန်းနဲ့ အကြောင်းပြန်လာပါတယ်။ သူတို့ ဆွေးနွေးပြီးမှပဲ ကျနော်တို့ကို အကြောင်းပြန်မှာပါ။ ဘယ်နေ့ ဆွေးနွေးမယ်၊ အကြောင်းပြန်မယ်ဆိုတာ မသိရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဦးအောင်မင်းတို့ တွေ့ဆုံဆွေးနွေးမှုသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲနှင့် သင်္ကြန်ကာလအပြီးမှ ဖြစ်နိုင်ဖွယ်ရှိကြောင်း SSA-S က ခန့်မှန်းထားပြီး၊ နှစ်ဖက် အပစ်ခတ်ရပ်စဲရေး ပျက်ပြားမှု ဖြစ်မသွားစေရန် SSA-S က ထိန်းသိမ်းသွားမည်ဟု ဆိုသည်။
သို့သော် အစိုးရတပ်များက SSA-S လှုပ်ရှားနယ်မြေများအတွင်း ထပ်မံတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လာလျှင် ခုခံတိုက်ခိုက်သွားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရတပ်များသည် နှစ်ဖက်သဘောတူညီချက် ရရှိထားသော အပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းထ၊ နမ့်ဆန်၊ မိုင်းယောင်း၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များအတွင်းရှိ SSA-S တပ်စခန်းချရာနေရာများကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်နေပြီး ရှမ်းတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ လက်နက်နှင့်ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဥက္ကဋ္ဌ ရွက်ဆစ်က ပေးပို့သော စာထဲတွင်ပါရှိသည်။
“ကျနော်တို့အပေါ်မှာ စစ်ရေးအရတိုက်ခိုက်တာတောင် မကဘူး၊ တိုက်ပွဲဖြစ်တဲ့ နယ်မြေဒေသအတွင်းက ရွာတွေမှာ ဝင်ပြီးတော့ ရွာသားတွေကို ရိုက်နှက်ပြီး ကြက်တွေ၊ ဝက်တွေ အတင်းအဓမ္မ ဖမ်းဆီးယူဆောင်တာမျိုးတွေတောင် လုပ်နေတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်သော ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ၌ မိုင်းထမြို့နယ်ခွဲနှင့် ဟိုမိန်းမြို့နယ်ခွဲဒေသများကို SSA-S ဗဟိုဌာနချုပ် နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ဒေသအခြေစိုက် အစိုးရတပ် တာဝန်ရှိသူများက ခွင့်ပြုချက်နှင့် ညွှန်ကြားချက် မရရှိဟုဆိုကာ နယ်မြေအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ဟု သိရသည်။
မိုင်းထဒေသတွင် SSA-S တပ်ဖွဲ့ဝင်များ အခြေချ သွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် နယ်မြေခံ အစိုးရတပ်များမှ စီစဉ်ပေးမည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိထားသော်လည်း တြိဂံတိုင်းမှူးနှင့် နယ်မြေခံအရာရှိများက ၎င်းတို့၏ လုံခြုံရေးအတွက် တပ်စိုက်ခွင့်မပြုနိုင်ဟု အကြောင်းပြန်ခဲ့သည်မှာ စာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီမှု မရှိကြောင်း SSA-S က ပြောဆိုသည်။
အလားတူ ရှမ်းပြည်နယ်အတွင်း SSA-S ဗဟိုဌာနချုပ် အခြေစိုက်ရန်နေရာတွင် ချထားသော အစိုးရတပ်များကို မလိုအပ်တော့လျှင် ဆုတ်ခွာပေးမည်ဟု သဘောတူထားသော်လည်း ထိုနေရာအပါအဝင် SSA-S လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ ဒေသအချို့တွင် အစိုးရစစ်တပ်မှ အင်အားဖြည့်တင်းမှုများပြုလုပ်နေသဖြင့် SSA-S အနေဖြင့် စိုးရိမ်ကြောင့်ကြစိတ်များ ဖြစ်ပေါ်လာစေပြီး ထာဝရ ငြိမ်းချမ်းရေးအဆင့်သို့ အစိုးရနှင့်အတူ လက်တွဲ ဖော်ဆောင်ရမည့် အခြေအနေကို သဘောပေါက်ရန် ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေခြင်းကြောင့် SSA-S ဗဟိုဌာနချုပ်အနေဖြင့် အောက်ခြေတပ်များအား နားလည်မှု ရှိစေရန်နှင့် ကျေနပ်မှုရှိစေရန်တို့အတွက် အကြောင်းပြချက်ပေးရန် အခက်ခဲဖြစ်စေခဲ့ကြောင်း ဥက္ကဋ္ဌ ရွက်ဆစ် အကြောင်းကြားစာ၌ ဖော်ပြထားသည်။
SSA-S ငြိမ်းချမ်းရေးအဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပေးထားသော ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်တပ်များ နယ်မြေပိုင်းခြား သတ်မှတ်ရေးလည်း ပါဝင်ခဲ့ပြီး ယခုကဲ့သို့ တိုက်ခိုက်နေခြင်းမှာ SSA-S အပေါ် နယ်မြေအရ စိုးမိုးထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
“သူတို့ပေးထားတဲ့နေရာကို သဘောတူညီအောင် ညှိနှိုင်းတဲ့ကာလဖြစ်တယ်။ အဲဒါကို သူတို့က တက်တိုက်တာ။ အဲဒါကို တကယ်တမ်း ဆွေးနွေးတဲ့အခါမှာ သူတို့ပိုင်တယ်ဆိုပြီး ဒီနေရာတွေကို တောင်းမှာ။ ဒါအရင်တုန်းကလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ၁၉၉၄ ကာလတုန်းက အကြိမ်ကြိမ်ဆွေးနွေးနေဆဲ ကာလမှာလည်း ဒါမျိုးတွေဖြစ်ဖူးတယ်” ဟု ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။
ဗဟိုအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အပစ်ရပ်ရေး ဆွေးနွေးရာတွင် နိုင်ငံတကာ မျက်နှာစာတွင် နာမည်ကောင်းရရန် ကြိုးစားပြရုံမဟုတ်ဘဲ စစ်မှန်သော အပစ်ခတ်ရပ်စဲရေးကို ဦးတည်ရန် အချိန်ရှိသေးကြောင်း၊ သို့မဟုတ်ပါက ၁၉၉၄ ခုနှစ်ကသို့ပင် ပြည်တွင်းစစ် ပြန်ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက ထောက်ပြော ပြောဆိုသည်။
အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။
မူရင်းလင့်က ဒီမှာပါ။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် အစိုးရ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းတို့ ယမန်နှစ် ဒီဇင်ဘာလက ဆွေးနွေးပွဲ
(ဓာတ်ပုံ - thaifreedom.com)

လူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းခြင်း မရှိ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည် ဟူသော သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မမှန်ကန်ကြောင်းနှင့် ရေရှည် ဆောင်ရွက်မည့်အဖွဲ့ ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။
လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် အသုံးစရိတ်အတွက် ကျပ် သန်း ရာချီ တင်ပြ တောင်းခံ ခဲ့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ကိုက်ညီမှု မရှိဟု ဆိုကာ မတ်လ ၁၆ ရက် နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှ ပယ်ချခံခဲ့ရပြီးနောက် ဖျက်သိမ်းလိုက်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးကော်မရှင်ကို သမ္မတဦးသိန်းစိန် ၏ အမိန့်ဖြင့်ဖွဲ့စည်းထား ခြင်းသာ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ အရ ဗဟိုအစိုးရ ၀န်ကြီးဌာန ကဲ့သို့ ငွေလုံးငွေရင်း ဘတ်ဂျက်တောင်းခံပိုင်ခွင့် မရှိဟုဆိုကာ ပြည်ထောင်စု လွှတ်တော်က ပယ်ချခဲ့သည်။
ထိုသို့ ပယ်ချခံရခြင်းနှင့်ပတ်သက်၍ ကော်မရှင်၏ အစိုးရ သတင်းစာပါ ထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံ အချက်များအား မဆန့်ကျင်လျှင် ဥပဒေ အရ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှု အာဏာသည် သမ္မတ၌ တည်ရှိသည်ဟုပါရှိကြောင်း၊ သမ္မတ ကို ထိုသို့လွှဲအပ် ထားသော အုပ်ချုပ်မှု အာဏာအား ကျင့်သုံး၍ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆို ထားသည်။
“သမ္မတအမိန့် နဲ့ ဖွဲ့စည်းနိုင်တယ် ဆိုပေမယ့် လွှတ်တော်ရဲ့ အတည်ပြုချက်ကိုရယူမှသာ ဥပဒေအရ တရားဝင်အဖွဲ့အစည်းဖြစ် ပါတယ်၊ ဒါမှလည်းပဲ ဘတ်ဂျက် တောင်းခံပိုင်ခွင့်ရှိတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ရှေ့နေဖြစ်သူ ဦးသိန်းညွန့် က ဧရာဝတီကို ပြောသည်။
ထိုသို့ပယ်ချခံလိုက်ရသည့်အတွက် ကော်မရှင်တခုလုံးကို ဖျက်သိမ်းလိုက်သည်ဟု ပြည်တွင်း၊ ပြည်ပ သို့ ပျံ့နှံ့သွားပြီး ဝေဖန်မှုပြောဆိုမှုများ ထွက်ပေါ်လာ၍ မေးမြန်းစုံစမ်းမှု၊ စိုးရိမ်းမှုများ ရှိခဲ့ကြောင်း၊ ကော်မရှင် ဖွဲ့စည်းထားခြင်းသည် အလွန် သင့်မြတ် လျော်ကန် ကြောင်း ကော်မရှင် က ဆိုသည်။
လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ နိုင်ငံတ၀န်းမှ တိုင်ကြားသည့် စာများကို ဖြေရှင်းပေးနေကြောင်း၊ တိုင်ကြားမှုများအား စနစ်တကျ ကွင်းဆင်း စိစစ်ပြီး ဥပဒေအရ လုပ်ဆောင်ပေးနေကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က မီဒီယာများကို မကြာသေးခင် က ဖြေဆိုခဲ့သေးသည်။
၎င်းတို့သည် ကချင်ဒေသသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက် အထိ သွားရောက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် တသောင်း ကျော်ကို ကချင်ပြည်နယ်အစိုးရ၏ အကူအညီဖြင့် ကူညီကယ်ဆည်ရေး ကိစ္စများ ဆောင်ရွက်ပေးထားကြောင်း လည်း ဒီဇင်ဘာလ အတွင်း ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ကျသွားကြောင်း ကော်မရှင်က ကြေညာ ခဲ့ သည်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့(HRW) ကမူ စစ်ဖြစ်ပွားရာ တိုင်းရင်းသား ဒေသများ၌ အစိုးရ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှု၊ အရပ်သား များအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ လုပ်ဆောင်နေကြာင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်းက အစီရင် ခံစာ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာကလည်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စိုးရိမ်စရာကောင်းသည့်အခြေအနေတွင် ရှိသေးကြောင်း၊ မတ်လအတွင်းကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ထည့်သွင်း ပြောဆိုခဲ့သည်။
နိုင်ငံတော် သမ္မတ၏ လမ်းညွန်မှုအရ လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို စတင်ရေးဆွဲနေပြီ ဖြစ်ကာ နိုင်ငံသားတို့၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့်ကာကွယ်ရေးကို အရှိန်အဟုန် မပျက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
ဥပဒေကြမ်းရေးဆွဲ၍ အတည်ပြုရန် ကြိုးပမ်းခြင်းသည် အစိုးရ၏ ထိန်းချုပ်မှုမှ လွတ်လပ်ပြီး သီးခြားလွတ်လပ်သည့် အဖွဲ့အ စည်း တခုအဖြစ် ရပ်တည်နိုင်ရန်ဖြစ်ကြောင်း သိရသည်။ ဥပဒေ အတည်ပြုပြီးပါက အစိုးရ၏ အထောက်အပံ့နှင့်တခြားသော အထောက်အပံ့များကို စနစ်တကျ လက်ခံသုံးစွဲသွားမည်ဟုလည်း ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံ အများအပြားတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ ဖွဲ့စည်းထားပြီး အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့တွင် ဖွဲ့စည်းထားပြီးဖြစ်သည်။ ထိုအဖွဲ့အစည်းများ စတင်ဖွဲ့စည်းစဉ်ကလည်း သက်ဆိုင်ရာ နိုင်ငံ များ၏ သမ္မတ သို့မဟုတ် ၀န်ကြီးချုပ်တို့က တာဝန်ယူဖွဲ့စည်းပေးခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း ကော်မရှင်က ထောက် ပြ ထားသည်။
လက်ရှိရေးဆွဲနေဆဲ ဥပဒေကြမ်း ပြီးစီးပါက နိုင်ငံတော်သမ္မတထံ တင်ပြပြီး သဘောတူညီချက်ရပါက သမ္မတရုံးမှတဆင့် လွှတ် တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အား အငြိမ်းစား သံအမတ်ကြီးများ၊ အငြိမ်းစား အစိုးရ အရာရှိများ၊ တက္ကသိုလ် ပါမောက္ခ အငြိမ်းစားများဖြင့်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
မူရင်းလင့်က ဒီမှာပါ။
မတ်လ ၁၆ ရက် နေ့က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်ကြောင်း မှတ်တမ်း စာအုပ်၌ လက်မှတ် ရေထိုးနေစဉ်
(ဓာတ်ပုံ - NLM)