Wednesday, March 28, 2012

ဒေါ်လာ ငါးသန်းဖိုး ဆုံးရှုံးတဲ့ သီလ၀ါဆိပ်ကမ်း မီး

https://www.facebook.com/7daynews

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလ၀ါဆိပ်ကမ်းတွင် ၂၀၁၂ မတ်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီခွဲမှ မတ်လ ၂၇ ရက်နေ့ မနက် ၆ နာရီခန့်အထိ မီးလောင်မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း တန်ဘိုး အမေရိကန်ဒေါ်လာ ငါးသန်းကျော် ဆုံးရှုံးသွားကြောင်း သိရှိရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး လမ်းသွားလမ်းလာတဦးက သောက်လက်စ ဆေးလိပ်ကို ဆိပ်ကမ်းအနီး ကိုင်းတောအတွင်း ပစ်ချခဲ့ရာက စတင် လောင်ကျွမ်းကြောင်း ပြောကြသလို ဆိပ်ကမ်းဧရိယာအတွင်းမှာ ထားရှိတဲ့ ကျောက်မီးသွေးများက အလိုအလျောက် စတင် လောင်ကျွမ်းခြင်းလို့လည်း ပြောကြပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့ညက ရန်ကုန်မြို့ခံများကို ဆက်သွယ် မေးမြန်းခဲ့ရာ မသိရှိကြောင်း ပြောဆိုကြပြီး ဗဟိုမီးသတ်ကို မတ်လ ၂၇ ရက်နေ့က တယ်လီဖုန်း ဆက် မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ မီးလောင်မှုနဲ့ ပတ်သက်ပြီး သွားရောက်သတင်းယူတဲ့ သတင်းသမားများကို သက်ဆိုင်ရာအာဏာပိုင်က ခွေးမောင်းသကဲ့သို့ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း The Voice Weekly ဂျာနယ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားပါတယ်။ (https://www.facebook.com/thevoiceweekly)

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဆိပ်ကမ်းဧရိယာတွင် ကျောက်မီးသွေး၊ သစ်၊ ပြည်ပက တင်သွင်းထားတဲ့ မော်တော်ကားများ စသည်ဖြင့် ထားရှိပြီး အနီးအနားတွင်လည်း ကိုင်းတောကြီး တည်ရှိကြောင်း သိရပါတယ်။ မီးလောင်ခဲ့မှုနဲ့ ပတ်သက်ပြီး မိတ်ဆွေတဦးက “ကျောက်မီးသွေးဆိုတာ နေပူရင် အလိုလို မီးလောင်တတ်တယ်။ အနားမှာကလည်း ကိုင်းတော ရှိတယ်။ နောက်ပြီး မီးလောင်ရင် မီးစာဖြစ်တဲ့ သစ်လုံးတွေကလည်း ကပ်လျက် ရှိနေတယ်။ အဲဒီ သစ်လုံးတွေ လောင်ပြီးရင် ဆက်ပြီး မီးလောင်ဖို့ မော်တော်ကားတွေ ရှိနေတယ်။ ကားထဲမှာက ဘာဖြစ်ဖြစ် ဓါတ်ဆီ အနည်းအကျဉ်းကတော့ ရှိမှာပဲ။ တဆက်တစပ်တည်း အားလုံး မီးလောင်အောင် တန်းစီချထားသလိုပဲ“ လို့ မှတ်ချက်ပြုပါတယ်။ အခု ဆုံးရှုံးသွားတဲ့ သစ်လုံးများ ပိုင်ရှင်ဟာ ထူးကုမ္ပဏီက ဖြစ်ကြောင်း၊ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇဟာ ယခု အနားယူနေပြီးလို့ အများက ပြောကြတဲ့ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်ကြောင်း အများက ပြောပါတယ်။

မြန်မာနိုင်ငံတွင် နွေရာသီရောက်လာတိုင်း မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့ရလေ့ရှိရာ ဒီနှစ်မှာတော့ နွေဦးအချိန်မှာ ဒေါ်လာငါးသန်းတန်ဖိုးရှိတဲ့ မီးလောင်ကျွမ်းမှုနဲ့ စတင် ကြုံလိုက်ရပါတယ်။ ယခင်နှစ်များကလည်း ရန်ကုန် သင်္ကန်းကျွန်းဈေး မီး၊ မင်္ဂလာဈေး မီး တို့ဟာ အဆုံးရှုံးများခဲ့တဲ့ မီးဘေးအန္တရာယ်များပဲ ဖြစ်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ ဂိုဒေါင်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဂိုဒေါင်အတွင်း သိုလှောင်ထားတဲ့ ဓါတုပစ္စည်းများကြောင့် ပေါက်ကွဲမှုများ ဖြစ်ပြီး လူ အတော်များများ သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ လျှပ်စစ်မီး သွယ်တန်းမှု စနစ်တကျ မရှိခြင်းနဲ့ လုံလောက်မှု မရှိခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု၊ မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း၊ မီးသတ်ပစ္စည်းကိရိယာများ ချို့တဲ့ခြင်းတို့ကြောင့် မီးဘေးအန္တရာယ် ကာကွယ်မှု အားနည်းနေကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။ သဘာဝအန္တရာယ်ထဲက တခုဖြစ်တဲ့ မီးဘေးအန္တရာယ်ဟာ စနစ်တကျ ကာကွယ်နိုင်ရင် အဆုံးအရှုံး နည်းပါးတတ်ပါတယ်။ မီးဘေးကြောင့် လောင်ကျွမ်း ဆုံးရှုံးခြင်းများဟာ တိုင်းပြည်အတွက် အလဟဿ ဆုံးရှုံးခြင်း ဖြစ်တာမို့ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ လူနေမှုနဲ့ မြို့ပြတည်ဆောက်မှု လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေရှိတဲ့ မီးသတ်စနစ်နဲ့ ကြိုတင်ကာကွယ်မှုစနစ်တွေနဲ့ မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ကာ အဆုံးအရှုံးနည်းပါးအောင် ကာကွယ်နိုင်ပါတယ်။

အခု ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နယူးယောက်နေ မြန်မာတဦးက “နယူးယောက်မှာဆိုရင် ကလေးတွေ မူလတန်းကျောင်းတည်းက မီးဘေး အန္တရာယ် ကြိုတင်ပြင်ဆင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ကြရတယ်။ လမ်းဘေးတွေမှာဆိုရင် မီးသတ်ပိုက်ခေါင်းတွေ ရှိတယ်။ လူအများနဲ့ သက်ဆိုင်တဲ့ နေရာတိုင်းမှာ မီးဘေး အချက်ပေးစနစ်တွေ ရှိသလို အိမ်တွေမှာလည်း မီးဘေး အချက်ပေးတဲ့ စနစ်၊ ကိရိယာ၊ လူတွေ အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့အတွက် အချက်ပေးတဲ့ ကိရိယာတို့ တပ်ဆင်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပညာပေးကြတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို စနစ်တွေကို စနစ်တကျ လုပ်ဖို့၊ (အမိန့်ပေးလို့ တဦးဦးက စေခိုင်းလို့ လုပ်ရတာမျိုး မဟုတ်ဘဲ ပြည်သူတွေကိုယ်၌က စိတ်ရောကိုယ်ပါ ပါဝင် လုပ်ဆောင်လာအောင်) စနစ်တကျ ပညာပေးဖို့ လိုတယ်။ ဒါမှလည်း အဓိပ္ပါယ်မဲ့ ဆုံးရှုံးတာတွေ နည်းပါးလာမယ်။ အခုလို သစ်လုံးတွေ ဆုံးရှုံးတာကို နိုင်ငံပိုင်သစ်တောတွေ ဆုံးရှုံးတာလို့ မြင်တယ်။ အာဏာပိုင်တွေနဲ့ ပေါင်းပြီး တိုင်းပြည်အရင်းအမြစ်တွေကို ရောင်းစားနေသူတွေ ဆုံးရှုံးတာကိုတော့ မနှမြောပါဘူး“ လို့ ပြောပါတယ်။

မူရင်းလင့်က ဒီမှာပါ။

သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ရက်ပိုင်း​အလို ရှမ်း​ပြည်​မြောက်ပိုင်း​ သိန္နီမြို့​မှာဒီ​နေ့​ မနက်က ဗုံး​ပေါက်ကွဲမှု​တွေဖြစ်ပွား​ခဲ့​ပါတယ်။

ဗုဒ္ဓဟူး​နေ့​ မနက် အာရုံတက်အချိန် ၄ နာရီ​လောက်မှာ သိန္နီမြို့​အဝင် တံတား​မှာ ဗုံး​ပေါက်ကွဲမှု​တွေ ဆက်တိုက်ဖြစ်ပွား​တာ ဖြစ်တယ်လို့​ ​ဒေသခံပြည်သူ့​ လွှတ်​တော် ကိုယ်စား​လှယ် တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

သိန္နီမြို့​ အဝင်တံတား​မှာ ၅ မိနစ်ခြား​ ဗုံး​ ၂ လုံး​ ​ပေါက်ကွဲခဲ့​ပြီး​တော့​ ​နောက်ထပ် မ​ပေါက်ကွဲ​သေး​တဲ့​ဗုံး​ ၂ လုံး​ကိုလည်း​ ရှာ​ဖွေ​တွေ့​ရှိခဲ့​တယ်လို့​ သီန္ဒီမြို့​နယ် ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုကရက်တစ်ပါတီ အတွင်း​ရေး​မှူး​လည်း​ဖြစ် ပြည်သူ့​လွှတ်​တော် အမတ်လည်း​ဖြစ်တဲ့​ စိုင်း​ဝင်း​ခိုင်က ​ပြောပါတယ်။


ဓါတ်ပုံ (Google Images)

“ဒီမနက်က ​လေး​နာရီနဲ့​ငါး​မိနစ်မှာ တလုံး​၊​ ​လေး​နာရီဆယ်မိနစ်မှာ တလုံး​၊​ တံတား​အဝင်မှာ ​ပေါက်ကွဲတာ။ နှစ်လုံး​တော့​ ကျန်​နေတယ်။ အား​လုံး​ ​လေး​လုံး​ပေါ့​။ တံတား​တော့​ ဘာမှ မဖြစ်ဘူး​။ မနက်အ​စောကြီး​ဆို​တော့​ လူ​တွေလည်း​ မရှိဘူး​။ အဲဒီ​တော့​ ထိခိုက်မှု ဘာမှမရှိပါဘူး​။”

ဗုံး​ပေါက်ကွဲမှု​ကြောင့်​ လူအ​သေအ​ပျောက် ရှိတယ်ဆိုတဲ့​ သတင်း​တွေကို​တော့​ မရရှိ​သေး​ပါဘူး​။ သိန္နီတံတား​ဟာ မူဆယ် – မန္တ​လေး​ လမ်း​မကြီး​ပေါ်မှာရှိပြီး​ ကွန်ကရစ်တံတား​ အမျိုး​အစား​ ဖြစ်ပါတယ်။ ဗုံး​ကွဲမှု​ကြောင့်​ ကွန်ကရစ် တံတား​တိုင် အနည်း​အကျဉ်း​ ထိခိုက် မှုရှိ​ပေမယ့်​ ကြီး​ကြီး​မား​မား​ပျက်စီး​မှုမရှိခဲ့​ပါဘူး​။ ဒါ့​ပြင် ယာဉ်အသွား​အလာ​တွေလည်း​ ဆက်လက် ရှိ​နေဆဲလို့​သိရပါတယ်။

ဗုံး​ကွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ ဘယ်သူ့​လက်ချက် ဖြစ်သလဲ ဆိုတာကို​တော့​ မသိရ​သေး​ဘဲ သိန္ဒီရဲစခန်း​နဲ့​လည်း​ ဆက်သွယ်လို့​မရ​သေး​ပါဘူး​။

သိန္နီမြို့​ဟာ လာမယ့်​ ၂၀၁၀ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ လွှတ်​တော်အတွက် ကိုယ်စား​လှယ်​လောင်း​တွေ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ​နေရာဖြစ်ပါတယ်။ ဒီဗုံး​ပေါက်ကွဲမှု​ကြောင့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲရဲ့​ လုံခြုံ​ရေး​ အ​ပေါ် သက်​ရောက်မှုရှိ၊​ မရှိက​တော့​ မသိရ​သေး​ပါဘူး​။

ဒီဗွီဘီ

မူရင်းလင့်က ဒီမှာပါ။

နာမည် အလွဲသုံးစားမှုကြောင့် စည်ပင်ကို လွှတ်တော်အမတ်နှစ်ဦး တရားစွဲမည်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ မီးလောင် ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီး ပြန်လည်နေရာ ချထားမှုတွင် စည်ပင်ကြေညာချက်၌ အမျိုးသား ဒီမိုကရေစီပါတီသစ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများဌာနကို ၎င်းပါတီက တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။


သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ပြင် (ဓာတ်ပုံ - ဧရာဝတီ)

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက အ၀တ်အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ်ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအ၀င် ကုန်စည်မျိုးစုံ ရောင်းချသော နာမည်ကျော် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအနက် ၆၅၁ ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။

စည်ပင်သာယာ ဈေးများဌာန၊ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဆောက်လုပ်ရေးသမားများနှင့် ဈေးသာယာရေးအဖွဲ့များ အကြားတွင် ကာလရှည်ကြာစွာ အငြင်းပွားနေသည့် အဆိုပါဈေး နေရာချထားမှုတွင် ဆိုင်ခန်းအကွက်ချ ပုံစံကို ဈေးများဌာနက ထုတ်ပြန်ရာ ၄င်းတို့၏ အမည်များအား အလွဲသုံးစားလုပ်ထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။

“ပုံဆွဲတဲ့ အထဲမှာ ခဲတစက်၊ မင်တစက်မှ မပါဘူး။ မပါဘဲနဲ့ ဦးတို့ ရေးဆွဲတယ်ဆိုတဲ့ စကားလုံး သုံးထားတယ်” ဟု ဦးကျော်က ဆိုသည်။

ဆောက်လက်စ သင်္ကန်းကျွန်းဈေးရှေ့တွင် မတ်လ ၆ ရက်နေ့ ညနေပိုင်းက လာရောက်ထောင်ထားသော ပိုစတာ၌ လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဦးကျော်တို့က ရေးဆွဲထားသည့်ပုံစံဟု အမည်တပ်ပြီး ဖော်ပြထားကြောင်း၊ မဲခွဲဆုံးဖြတ်သည့် မြေပုံနှစ်ခုအနက်မှ တခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲ ထားသောမြေပုံဟု ဖော်ပြထားကြောင်း၊ ယင်းဖော်ပြချက် နှစ်ခုစလုံးသည် မှန်ကန်မှုမရှိကြောင်း၊ ၄င်းတို့နှစ်ဦးသည် စေ့စပ်ညှိနှိုင်းသည့် အဆင့်တွင်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုယ်တိုင်ရေးဆွဲခြင်း မရှိကြောင်း ၄င်းက ဆက်လက် ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲထားသော ပုံဆိုတော့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး၊ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) ဦးရွှေမန်းအထိတောင် ပါသွားတယ်” ဟု ဦးကျော်က ပြောသည်။ ပိုစတာ လာရောက်ကပ်သည့်နေ့တွင် အဆိုပါအချက်များကို ထောက်ပြပြီး ည ၇ နာရီ နောက်ဆုံးထား ဖြုတ်ချပေးရန် ခရိုင်စည်ပင်အရာရှိထံ အကြောင်းကြားခဲ့ကြောင်း၊ အထက်အမိန့်အရ ဆောင်ရွက်ရသည်ဟုသာ အကြောင်းပြန်ပြီး ည ၇ နာရီ ၁၀ မိနစ်အထိ မဖြုတ်ပေးသောကြောင့် သင်္ဃန်းကျွန်းရဲစခန်းသို့သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော်အဆိုပါ အမှုမှာ ရဲအရေးပိုင်သောအမှု မဟုတ်ဟု ဆိုသောကြောင့် တရားရုံးထံ ဦးတိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးပါက တရားရုံးထံ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။ “သင်္ဃန်းကျွန်းဈေး နေရာချတာတွေ မမှန်ကန်တော့ ဈေးသူဈေးသားတွေက သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်တွေကို တင်ကြတယ်။ ဦးသိန်းညွှန့်တို့ကိုယ်တိုင် နေရာချပေးတဲ့နေရာမှာ မှန်ကန်ဖို့အတွက် ဆောင်ရွက်ပေးကြတာပါ။ စည်ပင်က အရင်တုန်းက ပြောတော့တမျိုး၊ အခု နေရာချပေးတော့ တမျိုးဆိုတော့ ဈေးသူဈေးသားတွေက မကျေနပ်ဘူးလေ။ အခုလည်း အဲဒါကြောင့် လွှတ်တော်အမတ်နှစ်ဦး နာမည်ကို သုံးလိုက်တာ ထင်တယ်” ဟု ပြန်လည်တည်ဆောက်နေသည့် သင်္ဃန်းကျွန်းဈေးတွင် ယခင်နေရာ ပြန်ရနိုင်ရန် ကြိုးစားနေသော ဆိုင်ခန်းပိုင်ရှင်တဦးက ပြောသည်။

ဧရာဝတီ

မူရင်းလင့်က ဒီမှာပါ။

တစ်လ ကျပ် ၁၂၀၀၀၀ အောက် ရရှိသူများအား ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်


၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ၀င်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

ယခင်က လစာအပေါ် ၀င်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင် ၀င်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀၀ ကျပ်အတွင်း ရရှိသူများအား ၀င်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင် ၀င်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ၀င်ငွေရှိသူများ ပင် ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃၀ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်က ကျပ် ၅၀၀၀ ၀င်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ၀င်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ၀င်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမ၀ါယမစသည်ဖြင့် မည်သည့် ၀င်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ၀င်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်သွယ်လုပ်ငန်းခွန်အား ပြင်ဆင်သတ်မှတ်ရာတွင် အမိန့်ကြော်ငြာစာ ကိုးခုထုတ်ပြန်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင်ပေးရာတွင် အဓိကအားဖြင့် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည့် ကုန်စည်အုပ်စုနှင့် အခွန်နှုန်းမြင့်ဖြင့် ပေးဆောင်ရမည့် အထူးကုန်စည်များဟူ၍ နှစ်မျိုး ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ် လုပ်ငန်းခွန်အား ပြင်ဆင်ပေးမှုအရ ကုန်စည်အမျိုးအစား ၇၀ မှာ အခွန် ကင်းလွတ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသော ကုန်စည် ၉၈ မျိုး၊ ၂၀ ရာခိုင်နှုန်းပေး ဆောင်နေရသော ကုန်စည် ၄၅ မျိုး၊ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသော ကုန်စည် ၅၂ မျိုးတို့ အားလုံးကို ယခုအခါ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ တစ်ပြေးညီ ကောက်ခံရန် လျော့ပေါ့သတ်မှတ်လိုက်သည်ဟု သိရသည်။ ယခုအခါတွင် ရောင်းရငွေ ကျပ်သိန်း ၁၀၀ အောက်ရှိသော လုပ်ငန်းများကို စည်းကြပ်ခြင်း မပြုရသော ရောင်းရငွေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပင် ကုန်စည် ၀ယ်ယူရောင်းချခြင်းလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချခြင်းလုပ်ငန်းများအနေဖြင့်လည်း ယခင်ကစည်းကြပ်ခြင်း မပြုရသော ရောင်းရငွေပမာဏ သတ်မှတ်ချက်အား ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့် လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊ အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ပြင်ဆင်ပေးသည့် အခွန်အနေအထားများကို တွက်ချက်ကြည့်ပါက ၀င်ငွေခွန် ပြင်ဆင်သတ်မှတ်ပေးမှုမှာ အခွန်ထမ်းများအတွက် ပေးဆောင်နိုင်သည့် အနေအထား ရှိလာနိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင် သတ်မှတ်ပေးမှုတွင်လည်း သက်သာစေနိုင်သည့် အနေအထားရှိကြောင်း သိရသည်။

သို့သော် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအုပ်စုတွင် အချို့သော ကုန်စည်များမှာ တန်ဖိုးမြင့်ကုန်စည်များနှင့် တန်းတူပေးဆောင်ရသည့် အနေအထားရှိနေသေးကြောင်း သိရသည်။

EMG

မူရင်းလင့်က ဒီမှာပါ။

လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး

ကရင်နီပြည်နယ် လောပိတ ရေအားလျှပ်စစ် စက်ရုံမှ ရန်ကုန်သို့ သွယ်တန်းပေးနေသည့် လျှပ်စစ်တာဝါတိုင် အောက်တွင် မြုပ်နှံထားသည့် မိုင်းပေါက်ကွဲရာမှ ကလေး နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)

ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ငှက်လိုက်ပစ်သည့် ကလေး ၄ ဦးတို့ ဓါတ်တိုင်အောက်ရှိ မြေမြုပ်မိုင်းကို တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်သည်ဟု လွိုင်ကော် ဒေသခံလူငယ် တဦးက ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက်ပြောသည်။

ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)"သူတို့ စစခြင်းကတော့ လေးယောက် စလုံးပေါ့နော့်။ လွိုင်ကော် ဆေးရုံကို ပို့ထားတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ တစစီကို ထိသွားတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ခွဲရုံမှာ စစ်ဆေးပြီတော့ နောက် တမနက်မှ ရွာကို ယူပြန်လိုက်တယ်။ ကျန်နှစ်ယောက်ကတော့ တယောက်ကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာက ပြင်းထန်နေတယ်။ နောက်တစ်ယောက်ကတော့ သိပ်တော့ မပြင်ထန်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး အခု လွိုင်ကော် ဆေးရုံမှာ ရှိနေတယ်။"

အစိုးရတို့နှင့် ကရင်နီပြည်တပ်မတော်တို့ တိုက်ပွဲ ဖြစ်စဉ်တုန်းက အဆိုပါ လျှပ်စစ် ဓါတ်တိုင်အား ကရင်နီ လက်နက်ကိုင် တော်လှန်းရေး အဖွဲ့များ လာရောက်ဖျက်ဆီးမည် ဆိုသည့် အကြောင်းပြချက် ပေးပြီး မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်သည်။

"အစိုးရတွေကတော့ သူတို ကျနော်တို့နဲ အကြောင်းပြချက် ပေးပြီတော့ ဒီမိုင်းတွေကို ထောင်ထားတာပါ။ လောပိတာ စက်ရုံကနေ တောင်ငူအထိ တောက်လျောက် ထောင်ထားတယ်။ တတိုင်ကို မိုင်း ၁၀ လုံး ထက်မနည်းတော့ ထောင်ထားတာ ရှိတယ်" ဟု ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မြေမြုပ်မိုင်း ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သော်လည်း တစုံတရာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း "ကျနော်တို့ တင်ပြတဲ့ အချက် ၂၀ ထဲမှာ ပါတယ်။ ဒါပေမဲ့ ဦးအောင်မင်းက သမ္မတဆီကို ပြန်တင်ပြပေးမယ်လို့ပဲ ပြောတယ်" ဟု ဆက်လက်ပြောပါသည်။

လွန်ခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့သည် လွိုင်ကော်မြို့ တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ရေး စသည့် အချက် ၃ ချက်ဖြင့် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အပစ်ရပ်စဲသဘောတူ လက်မှတ်ရေးထိုးပြီး၍ မြေမြုပ်မိုင်း ဖယ်ရှားရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG မှ ခူးတော်ရယ် က ပြောသည်။

"ဒီလမ်းမကြီးဘေးမှာ အခုထိ မြေမြုပ်မိုင်းတွေကို ထားရှိဖို့ မလိုအပ်တော့ဘူးလို့ ထင်တယ်။ အစိုးရ အနေနဲ့ ဖယ်ရှားပေးဖို့ သင့်ပါပြီ။ ထားတယ်ဆိုတာကတော့ အရင့်အရင်က လက်နက်ကိုင် တော်လှန်ရေးတွေရဲ့ ရန်ကို အကာအကွယ် ထားတယ်လို့ပဲ မြင်တယ်လေ။ အခုချိန်မှာ ဖျက်မယ့် လူလည်း မရှိတော့ဘူးလို့ ကျနော် အဲလိုပဲ မြင်တယ်လေ။ အဲဒါကြောင့် ဖယ်ရှားပေးဖို့ လိုတယ်" ဟု ခူးတော်ရယ် က ပြောပါသည်။

လျှပ်စစ်ဓါတ်တိုင်အောက်တွင် ထောင်ထားသော မြေမြုပ်မိုင်များကို ဒေသခံများဖြစ်စေ၊ ကျွဲ၊ နွား တိရိစ္ဆာန် များဖြစ်စေ နင်းမိပါက အစိုးရမှ လျှော်ကြေးငွေ ပြန်တောင်းလေ့ရှိသော်လည်း ယခုတကြိမ်တွင် တစုံတရာ ပြောကြားခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။

ကန္တာရ၀တီတိုင်း(မ်)

မူရင်းလင့်က ဒီမှာပါ။

ကလောမြို့ မှာ ဒေသခံ ပလောင်နဲ့ တောင်ရိုးလူကြီးတွေကို ကြံ့ခိုင်ရေးပါတီမှ ငွေနဲ့ မက်လုံးပေး မဲဆွယ်ခဲ့

ယနေ့ နံနက် ကလောမြို့ လယ်ရှိ ညောင်ပင်အောက်မှာ ပလောင် နဲ့ တောင်ရိုးလူကြီး တွေကို မဲထည့်ရမယ့် ကြံ့ခိုင်ရေးကိုယ်စားလှယ်နဲ့ မဲမထည့်ရမယ့်ကိုယ်စားလှယ်များကို ကြံ့ခိုင်ရေ့းပါတီမှလိုက်လံပြသနေစဉ်

ရှမ်းပြည်နယ် ကလောမြို့ မြို့မကျောင်းမှာ မတ်လ ၂၈ ရက်နေ့ ယနေ့ မနက် ၉ နာရီတွင် ကြံ့ခိုင်ရေး မှ ဒေသခံ ပလောင် နဲ့ တောင်ရိုး လူကြီးများကို ထောက်ပုံငွေ များပေးပြီး မဲဆွယ်စည်းရုံးခဲ့ကြောင်းသိရပါတယ်။

မဲပေးလျှင် ထောက်ပံငွေ ကျပ်ငွေ(၁)တစ်သိန်း ပေးချီးပြီး လုပ်ငန်းပေါ်မှုတည်၍ ကျပ်ငွေ(၃)သုံးသိန်း နဲ့ အထက်ပေးချေးမည်ဆိုပြီး မဲဆွယ်မဲဝယ်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ကလောမြို့ လယ်ရှိ ညောင်ပင်တွင် ကပ်ထားသည့် မဲဆွယ်ပိုစတာများကို ကြံခိုင်ရေးမဲဘယ်လိုပေးရမယ်ဆိုတာ ပလောင် နဲ့ တောင်ရိုးလူကြီးတွေကို သိရှိအောင် သွားကြည့်ခိုင်းပြီး ကြံခိုင်ရေးကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း(ဦးမြ၀င်း) မှ လွဲရင် ကျန်တဲ့ကိုယ်စားလှယ်တွေကို မဲမပေးရဘူးလို့ ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူးတွေကက ပြောဆိုခဲ့ကြောင်း ကိုယ်တိုင် အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကလောမြို့ ခံတွေက Myanmar News Now ကိုပြောပါတယ်။

အလားတူ မတ်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီမှာလည်း ကလောမြို့ အမှတ်(၁၀) ရပ်ကွက် ဦးမြင့်ဆွေ နေအိမ်မှာ ရပ်ကွက်သူ/သား များအား ကြံ့ခိုင်ရေးမှ နန္ဒာလှမြင့်နှင့်စိုင်းနှင်းကိုကို တို့  ညီအကို ၂ ဦးက ကြံ့ဖွံ့ကို မဲထည့်ပါက ချီးမြှင့်ငွေ၊ ငွေပေးချီးမည် ၁သိန်းခွဲဖြင့် လုပ်ငန်းပေါ်မူတည်၍ ၁ သိန်းမှ ၃သိန်း အထိပေးချီးမည်လို့ မဲဆွယ်မဲဝယ်လုပ်ခဲ့ကြောင်း ကလောမြို့ ခံတွေ ပြောပြချက်အရသိရပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ (၆၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း အပြည့်အစုံ


၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၇) နှစ်မြောက်
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသရေစည်သူမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ကြောင်းနဲ့ အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့တဲ့ ဒို့တပ်မတော်ရဲ့ (၆၇) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ ခေတ်သစ် စနစ်သစ်နဲ့ နိုင်ငံတော်သစ်ဆီ ချီတက်နေတဲ့ ကာလမှာ ပထမဦးစွာ ကျင်းပတဲ့ တပ်မတော်နဲ့ အခမ်းအနားလည်း ဖြစ်လို့ သိသင့်သိထိုက်တာတွေကို အလေးအနက် မှာကြားသွားမှာ ဖြစ်တယ်။

ရဲဘော်တို့

ဒို့နိုင်ငံတော်ကို နယ်ချဲ့ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ဒို့နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် တပ်မတော် တစ်ရပ်ဖွဲ့စည်း ထူထောင်ပြီး လက်နက်စွဲကိုင် တိုက်ပွဲဝင်မှသာ လွတ်လပ်ရေး ရရှိနိုင်မယ်လို့ နားလည် ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့ မျိုးချစ်လူငယ် ရဲဘော် သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာတွေ သင်ယူခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဘီအိုင်အေ လို့ ခေါ်တဲ့ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။ ဂျပန်တပ်များနဲ့ အတူ နယ်ချဲ့ဗြိတိသျှတွေကို မြန်မာနိုင်ငံ ကနေ တိုက်ထုတ်ခဲ့ကြတယ်၊ ဘီအိုင်အေ ဖွဲ့စည်းစမှာ အင်အား ၂၀၀ ကျော်သာ ရှိရာက အင်အား ၅၀,၀၀၀ ကျော်အထိ တိုးပွားလာတာကို စိုးရိမ် ပူပန်လာတဲ့ ဂျပန်တို့ဟာ ၁၉၄၂ ခုနှစ်မှာ ဘီအိုင်အေ အစား အင်အား ၃,၀၀၀ ခန့်သာ ရှိတဲ့ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ပြန်လည်ဖွဲ့စည်းပေး ခဲ့တယ်။ ၁၉၄၃ ခုနှစ်မှာ ဘီဒီအေ ကို ဗမာ့တပ်မတော် ( ဘီအင်န်အေ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဗမာ့ တပ်မတော်ဟာ ပြည်သူ လူထူနဲ့လက်တွဲပြီး ဖက်ဆစ်ဂျပန်တွေကို တော်လှန် တိုက်ထုတ်ခဲ့ကြတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့ တပ်မတော် (ပီဘီအက်ဖ်) လို့ ပြောင်းလဲ သတ်မှတ် ခေါ်ဝေါ် ခဲ့ကြတယ်။ ဒီ သမိုင်းကြောင်းတွေကို ကြည့်ခြင်း အားဖြင့် ဒို့ တပ်မတော် ဟာ နိုင်ငံတော် အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အတူ ပြည်သူကြားက ပေါက်ဖွား လာတဲ့ မျိုးချစ် တပ်မတော် ဖြစ်တယ် ဆိုတာ ထင်ရှား စွာတွေ့မြင်ရမှာ ဖြစ်တယ်။

ရဲဘော်တို့

သမိုင်းကြောင်းကောင်းတဲ့ ဒို့တပ်မတော်ဟာ ပြည်သူ ကြားက ပေါက်ဖွား လာတဲ့ တပ်မတော် ဖြစ်တာနဲ့ အညီ နိုင်ငံတော်နဲ့ နိုင်ငံသူ ၊နိုင်ငံသား အားလုံးရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို အစဉ် ကာကွယ်စောင့်ရှောက် ဖို့ အမြဲ ဦးထိပ် ပန်ဆင် ဆောင်ရွက် လျက်ရှိ တယ်။ လွတ်လပ်ရေး ရပြီး နောက် ပိုင်း ပေါ်ပေါက် လာခဲ့တဲ့ တရုတ်ဖြူ ကျူးကျော်စစ် အပါအ၀င် ပြည်တွင်းပြည်ပ အန္တရာယ် မှန်သမျှကို ဒို့ တပ်မတော်သားတွေ ရဲ့ အသက်၊ ခန္ဓာတွေ စွန့်လွှတ်ပြီး ကာကွယ် စောင့်ရှောင့် ခဲ့ကြတယ်။ ဒို့နိုင်ငံတော်ကြီးကို ဒုက္ခရောက်စေမယ့်၊ ပြိုကွဲ ပျက်စီးစေမယ့် ၊ တိုင်းရင်းသားများ ချစ်ကြည် စည်းလုံးမှု ပြိုကွဲပျက်စီးစေမယ့်၊ ဒို့နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ့် ပြည်တွင်းပြည်ပ အန္တရာယ် မှန်သမျှနဲ့ အဖျက် လုပ်ရပ် မှန်သမျှကို သမိုင်း အစဉ်လာ ရှိရှိ ကာကွယ် စောင့်ရှောက် ခဲ့သလို ရှေ့ဆက်ပြီး လည်း ကာကွယ်စောင့်ရှောက် သွားမှာ ဖြစ်တယ်။ တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ နိုင်ငံတော် သမိုင်းကြောင်းနဲ့ ခွဲခြားလို့ မရကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော် စတင်ဖွဲ့စည်းချိန်က စလို့ ယနေ့ အချိန်အထိ ခေတ်အဆက်ဆက်ဖြတ် သန်းကျော်ဖြတ် လာတဲ့ ကာလအတွင်းမှာ မျိုးချစ် တပ်မတော်ခေါင်းဆောင် ကြီးတွေ ဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား မြင့်မားနေစေဖို့ ဒို့တပ်မတော်ကို အရေအတွက်သာမက အရည်အချင်းပါ တိုးတက်ကောင်းမွန်အောင် တည်ဆောက် ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် တည်ထောင်ခဲ့တဲ့ ကာလတွေ မှာလည်း လူ၊ လက်နက် အင်အားတိုးတက်ရေး ၊ စစ်ပညာရပ်များ မြင့်မာရေးတို့ကို အခြေအနေပေး သရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့တယ်။ လွတ်လပ်ရေး ရပြီးစ ပြည်တွင်းပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရ ချိန်မှာလည်း ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တပ်မတော်ခေါင်းဆောင် များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော် အင်အားကို တိုးချဲ့ တည်ဆောက် နိုင်ခဲ့ကြတယ်။ တပ်မတော်ကို ခေတ် မှီတဲ့ စစ်လက်နက် ပစ္စည်းများနဲ့ ပြောင်းလဲ တပ်ဆင်ပေးနိုင်ခဲ့တယ် ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော် အကြီးအကဲ များက (ကြည်း၊ ရေ၊ လေ) တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့ အညီ ရင်ဘောင် တန်းနိုင်အောင် လက်နက်၊ ပစ္စည်း ၊ ကိရိယာများ ဖြည့်ဆည်း အောင်ရွှက်ပေးခြင်း ၊ တပ်မတော် အဆင့် အတန်း မြင့်မားရေး အတွက် တပ်မတော် ဆိုင်ရာ တက္ကသိုလ် ၊ စစ်ကျောင်း ကြီးများနဲံ့ လေ့ကျင့်ရေး ကျောင်းများကို အဆင့်မြင့် တင် ဖွင့်လှစ်ပေးခြင်း စတာတွေ ဆောင်ရွက် ပေးခဲ့တယ်။ တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း နဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ တို့က လက်ဆင့် ကမ်း အမွေ ဆက်ခံပြီး စည်းကမ်း ကောင်းတဲ့ ၊ စနစ်တကျရှိတဲ့ ခေတ်မှီ တပ်မတော် တစ်ရပ် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ်။ ဒို့ တတွေ အနေ နဲ့လည်း တပ်မတော်ကြီးကို နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက် နိုင်စွမ်းရှိတဲ့ အင်အားတောင့် တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မှီ မျိုးချစ် တပ်မတော် ဖြစ်အောင် ဆက်လက် တည်ဆောက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ် ။

ရဲဘော်တို့ 

၁၉၈၈ ခနှစ်မှာ နိုင်ငံတော်ရဲ့ အခြေ အနေ အရပ် ရပ် ယိုယွင်း ပျက်စီးလာ တာကြောင့် ဒို့ တပ်မတော်ဟာ နိုင်ငံတော်တာဝန်ကို ရယူခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးတွေကို ပြည်သူ လူထုနဲ့ အတူ လက်တွဲဆောင်ရွက်ခဲ့တယ်။ ဒီလို ဆောင်ရွက် ရာမှာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဦးတည် ချက် တွေစနစ် တကျ ချမှတ်ဆောင်ရွက်ခဲ့ တာကြောင့် နိုင်ငံတော်ရဲ့  စီးပွါးရေး ၊လူမှုရေး ကဏ္ဍ မှာလည်း အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့တယ်။ နိုင်ငံတော်ကို ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ရောက်ရှိအောင် ဖော်ဆောင်ပေး မယ်လို့ ကတိပေးထားခဲ့ တာနဲ့ အညီ အမျိုးသား ညီလာခံကို ကျင်းပပြီး ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲ ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ နိုင်ငံတော်ရှေ့ ဆက်သွားမယ့် မူဝါဒ လမ်းစဉ် ၇ ရပ် ချမှတ်ပြီး အဆင့် လိုက် ဆက်လက် ဆောင်ရွက် ခဲ့တယ်။ အမျိုးသား ညီလာခံ က တစ်ဆင့် ဖြစ်ပေါ် လာခဲ့တဲ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်မှာ ပြည်လုံး ကျွတ် ဆန္ဒ ခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌန်း နိုင်ခဲ့တယ်။ ၂၀၁၀ ပြည့် နှစ်မှာ ပါတီ စုံဒီမိုကရေစီ ရွေး ကောက်ပွဲ ကျင်းပ ပေး ခဲ့ပြီး ရွေးကောက် ပွဲ မှာ ပြည်သူတွေ ရွေးချယ် လိုက် တဲ့ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့မှာ လွတ်တော်ခေါ်ယူ ကာ လွတ်တော်က ရွေးကောက် တင်မြှောက်တဲ့ နိုင်ငံတော် သမ္မတနဲ့ အစိုးရ အဖွဲ့ ထံ နိုင်ငံတော် အာဏာ အရပ်ရပ်ကို စနစ်တကျ ပြန်လည် လွဲပြောင်း ပေးအပ် ခဲ့တယ်။ ဒို့ နိုင်ငံတော် ကို ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ဆက်လက် လျှောက်လှမ်း နိုင်အောင် တပ်မတော် ဟာ ပေးထားတဲ့ ကတိအတိုင်း မှန်ကန် တည်ကြည်စွာ ဖြင့် လမ်းကြောင်း မှန်ပေါ် ရောက်အောင် ဆောင်ရွက် ပေးခဲ့တယ်။

ရဲဘော်တို့

ခေတ်မီ ဖွံဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံအဖြစ် ဆက်လက် လျှောက်လှမ်း တဲ့လမ်းကြောင်းမှာ တို့တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သတ်လို့ ပြောကြား လိုတယ်။ ဒို့နိုင်ငံရဲ့ ပထ၀ီ အနေအထား သမိုင်းကြောင်းများ အရ နိုင်ငံတော် နဲ့နိုင်ငံသား အားလုံးရဲ့ အမျိုးသား အကျိုး စီးပွားကို ထိန်းသိမ်း စောင့်ရှောက် အကောင် အထည် ဖော်ဖို့ အတွက် ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံး ညီညွတ်မှု့ မပြို ကွဲရေး၊ အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါး ကို အမျိုးသားရေး မူဝါဒ အဖြစ် ချမှတ် ထားတယ်။ နိုင်ငံတော်ရဲ့ ကာကွယ်ရေး မူဝါဒ ချမှတ်ထား ရာမှာ ဒို့တာဝန် အရေး(၃)ပါး ကို ကာကွယ်စောင့်ရှောက် ရန်ဆိုတဲ့ အချက် တစ်ချက် ပါရှိသလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လည်း ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိ တယ်လို့အတိအလင်း ပြဠာန်းထားတယ်။ ဒါကြောင့် တပ်မတော်ဟာ ဒို့တာဝန် အရေး(၃)ပါးကို စွဲမြဲစွာ ခံယူစောင့်ထိန်း သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဠာန်းချက်များနဲ့အညီ လွှတ်တော် အသီးသီးမှာ တပ်မတော် ကိုယ်စားလှယ် များ ပါဝင်ဆောင်ရွက်နေတာ ဟာ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကြောင်းများ အရ တပ်မတော်က နိုင်ငံတော်ရဲ့ အကျိုးကို ဖော်ဆောင် ဖို့ ပါဝင်ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုးသား နိုင်ငံရေး တာဝန် တစ်ရပ်ကို ထမ်းဆောင်နေခြင်း ပဲဖြစ်တယ်။ တပ်မတော် ဆိုတာ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များ နဲ့ စနစ်တကျ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒို့တပ်မတော်မှာ တိုင်းရင်းသား အားလုံး ပါဝင် ဖွဲ့စည်းထား တာကြောင့် ဒို့တပ်မတော်ဟာ အမျိုးသား တပ်မတော်၊ တစ်နည်း အားဖြင့် ပြည်ထောင်စု တပ်မတော်ပဲ ဖြစ်တယ်။ ဒီကနေ့ တာဝန် ထမ်းဆောင်နေကြတဲ့ ပြည်ထောင်စုဖွား ဒို့ တပ်မတော် သားတွေဟာ နိုင်ငံတော် စစ်မှု့ထမ်း ဥပဒေအရ ၀င်ရောက်ခဲ့ ကြသူများ မဟုတ်ဘဲ မိမိသဘော ဆန္ဒ အလျောက် ၀င်ရောက် တာဝန် ထမ်းဆောင် နေကြသူတွေ ဖြစ်တယ်။ ခန္ဒာကိုယ် ပင်ပန်းဆင်းရဲမှာ စိတ် ပင်ပန်းဆင်းရဲမှာ မိမိ အသက်နဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ စွန့်လွှတ် ပေးဆပ်ရမှာကို သိလျက်နဲ့ အခြေခံ အားဖြင့် အလွန် မွန်မြတ်တဲ့ စိတ်ဓါတ်တွေ နဲ့ ပြည်ထောင်စုကြီးကို၊ တိုင်းရင်းသား ပြည်သူများကို ကာကွယ် စောင့်ရှောက်ဖို့ ၀င်ရောက် တာဝန် ထမ်းဆောင်နေကြတာ ဖြစ်တယ်။ ဒါ့အပြင့် ဒို့တပ်မတော် ဟာ ဒို့ တာဝန် အရေး(၃)ပါး ကို ဦးထိပ်ထား ပြီး နိုင်ငံတော် ရဲ့ အကျိုး စီးပွား ပြည်သူလူထု ရဲ့ အကျိုး စီးပွားများ နဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်နေ တာ ဖြစ် သလို နိုင်ငံတော် ဖွံ့ ဖြိုး တိုးတက်ရေး၊ ဒေသ အလိုက် ဖွံ့ ဖြိုး တိုးတက်ရေးတွေကို ပြည်သူ လူထုနဲ့ ပူးပေါင်းဆောင် ရွတ်လျက်၇ှိတယ်။ ဒီလို ဆောင်ရွတ် ရာမှာ ပါတီ နိုင်ငံရေး ကင်းရှင်းစွာ နဲ့ လူမျိုးစွဲ၊ ဒေသစွဲတွေ မပါ၇ှိဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုး သားလုံး အကျိုး စီးပွားကို ဖော်ဆောင် နိုင်မယ့် အမျိုးသား နိုင်ငံရေး သက်သက် ကိုသာ ဆောင်ရွတ်နေတာ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်မှန်သော မျိုးချစ် စိတ်ဖြစ် တဲ့ ပြည်ထောင်စု စိတ်ဓာတ် နဲ့ တပ်မတော်က ပါဝင် ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်းပြော ကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော် သားတွေက တပ်မတော် နည်းဥပဒေ၊ အက်ဥပဒေတွေကို လိုက်နာ၇ုံသာမက နိုင်ငံတော် က ထုတ်ပြန် ထားတဲ့ နယ်ဘက်ဆိုင်ရာ ဥပဒေကိုလည်း ပြည်သူများ နည်းတူ လိုက်နာစောင့်ထိန်း ကြရမယ်။ နိုင်ငံတော်ရဲ့ အသက် သဖွယ်ဖြစ်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံသား အားလုံးနဲ့ အတူ ဒို့တပ်မတော်က လေးစား လိုက်နာ ရမှာဖြစ်သလို ကာကွယ် စောင့်ရှောက် သွားရမှာလည်း ဖြစ်တယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ) မှာ "တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။" လို့ အတိအကျ ဖော်ပြ တာဝန် ပေးအပ်ထားပြီး ဖြစ်တယ်။ ဒါကြောင့် ဒို့ တပ်မတော် အနေနဲ့ ခေတ်မီ ဖွံ့ဖြိုး တက်သော ဒီမိုကရေစီ နိုင်ငံတော် သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက တာဝန်တစ်ရပ် အနေနဲ့ ကာကွယ် စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို.

ဒို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲ အုပ်ချုပ်မှု တွေကြောင့် တိုင်းရင်းသား အချင်းချင်း အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်လည်း မငြိမ်မသက် ဖြစ်ခဲ့ ရတယ်။ ပြည်တွင်း ပြည်ပ ထိုးနှက်ချက်တွေကြောင့် အာဏာရ ပါတီ၊ အစိုးရနဲ့ လွှတ်တော်များ အတွင်း အုပ်စုကွဲမှုတွေ ညီညွတ်မှု မရှိခဲ့တာတွေ ဖြစ်ခဲ့ရတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ဆောင် ရွက်ရမဲ့ အချိန်မှာ ပြသနာတွေ ဖြေရှင်းနေ ရတာ နဲ့ အချိန်ကုန် လူပင်ပန်းပြီး တိုင်းပြည် ဖွံ့ဖြိုး တိုး တက်မှုတွေ နောက် ကျ ခဲ့ရတာကို သင်ခန်းစာ ယူရမှာ ဖြစ်တယ်။ ယခု အချိန်မှာ မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေတာကြောင့် ဒို့တတွေ အားလုံး နိုင်ငံတော်ကို ကမ္ဘာ့ အလယ်မှာ တင့်တယ်စွာ ရှိနေစေရေး အတွက် စိတ်ကောင်း စေတနာ ကောင်းနဲ. ညီညွတ်စွာ ဆောင်ရွက် ကြဖို.လိုတယ်။ နိုင်ငံတော် တစ်ရပ် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ခေတ် အဆက်ဆက် ကြိုးပမ်းခဲ့ ရာမှာ ထာဝရငြိမ်း ချမ်းရေး ရတဲ့အထိ အောင်မြင်မှု မရသေးတဲ့ အတွက် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်က အလေးထား ဆောင်ရွက် နေတယ်။ ပထမအဆင့် အနေဖြင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း နဲ့ ပြည်နယ်၊ တိုင်း ဒေသကြီး အဖွဲ့မှ ငြိမ်းချမ်းရေး ဆွေးနွေး မယ့်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး မယ့် အဖွဲ့များနဲ့ တွေ့ဆုံ ဆွေးနွေး ခြင်း၊ နောက်ဆုံး အဆင့် မှာ ပြည်ထောင်စု လွှတ်တော် တွင် ထာဝရ ငြိမ်းချမ်းရေး အတွက် အပြီးသတ် ဆောင်ရွက်သွားရန် ဖြစ်တယ်။ ပြည်ထောင်စု အဆင့် သဘော တူညီချက်များ လက်မှတ်ရေးထိုးပြီးတဲ့ ဒေသတွေမှာ တပ်မတော်ဟာ သဘော တူညီချက်များ အတိုင်း တည်ငြိမ် အေးချမ်းရေး ကို ရှေးရှု ဆောင်ရွက်လျက် ရှိတယ်။ အခြေအနေပေးတဲ့ နေရာတွေ မှာလည်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို တစ်ဆက်တည်း အားသွန် ခွန်စိုက် ဆောင်ရွက် ပေးလျက် ရှိတယ်။ အသက် ခန္ဓာတွေကို စွန့်လွှတ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင် ကြရတဲ့ ဒို့တပ်မတော် ဟာ ထာဝရ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုပြီး လိုလားတယ်။ ဖြစ်နိုင်သမျှ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်နှင့် နိုင်ငံတော်နဲ့ အတူ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီကတစ်ဆင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက် သွားမှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုတယ်။

ရဲဘော်တို့

ဒီမိုကရေစီနိုင်ငံ အဖြစ် လျှောက်လှမ်းနေတာ တစ်နှစ်သက်တမ်း သာရှိသေးတဲ့ ဒို့နိုင်ငံဟာ မြင့်မား ခိုင်မာစွာ ရပ်တည်နိုင်ဖို့ အတွက် နိုင်ငံရေး စွမ်းအား၊ စီးပွားရေး စွမ်းအားနဲ့ ကာကွယ်ရေး စွမ်းအားတွေ မြင့်မား ခိုင်မာစွာ အချိတ် အဆက်မိမိ ဟန်ချက်ညီစွာ တိုးတက်နေဖို့ လိုအပ်တယ်။ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြတဲ့ ဒို့နိုင်ငံတော်မှာ နိုင်ငံရေး စွမ်းအားမြင့်မားရေး အခြေခံ လိုအပ်ချက်ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နဲ့ နိုင်ငံ အေးချမ်း တည်ငြိမ်မှု ရှိရေးပဲ ဖြစ်တယ်။ တည်ငြိမ် အေးချမ်းမှု ရှိလာ တာနဲ့ အမျှ အုပ်ချုပ်ရေးနဲ့ အစိုးရ ယန္တရား လည်ပတ်မှုတွေ ပီပြင်လာမယ်၊ တရား ဥပဒေ စိုးမိုးမှုနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲ ကနေ နိုင်ငံရေး စွမ်းအား စုတွေ အားလုံး မှန်မှန် ကန်ကန် ပါဝင် ဆောင်ရွက် လာနိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာ မျက်နှာစာ မှာ ၀င်ဆန့်မှုတွေ ပိုမို အားကောင်း လာပြီး ပြည်တွင်း ပြည်ပ နိုင်ငံရေး အနေ အထားတွေ မြင့်မား လာမှာပဲ ဖြစ်တယ်။

နိုင်ငံရေး တည်ငြိမ်ခိုင်မာ မှုဟာ စီးပွားရေး တိုးတက်မှု အတွက် တွန်းအား တစ်ရပ်ဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး နဲ့အတူ နိုင်ငံတော် နဲ့ ပြည်သူများ ရဲ့ စီးပွားရေး တိုးတက် မြင့်မားရေး ကို ဆောင် ရွက်နိုင်မှာ ဖြစ်တယ်။ နိုင်ငံတော်မှာ ရှိပြီးဖြစ်တဲ့ သဘာဝ သယံဇာတ များနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ကို အသုံးချပြီး လယ်ယာ စိုက်ပျိုးရေး၊ စက်မှုနဲ့ နည်းပညာ၊ ၀န်ဆောင်မှုနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေကို တိုးတက်အောင် ဆောင်ရွက်နိုင်ရင် နိုင်ငံတော်ရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီကနေ့ ၂၁ ရာစုမှာ ၁၉ ရာစုနှစ် တွေ ကလို နိုင်ငံ တစ်နိုင်ငံကို အခြားနိုင်ငံ တစ်နိုင်ငံက စစ်ရေး သက်သက်နဲ့ ကျူးကျော် သိမ်းပိုက်ပြီး ကျွန်ပြုတဲ့ ခေတ် မဟုတ်တော့ ဘဲ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ် အသီးသီးကနေ နည်းမျိုးစုံနဲ့ လွှမ်းမိုး ချုပ်ကိုင်တဲ့ နည်းတွေ ကျင့်သုံး ဆောင်ရွက် လာကြတယ်။ ဒီလို ပြောင်းလဲ လာတာတွေ ကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်ခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ကောင်းစွာ ကာကွယ် စောင့်ရှာက်နိုင်ဖို့ ကာကွယ်ရေး စွမ်းအား မြင့်မား နေစေရေး အတွက် ဒို့ တပ်မတော်ဟာ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်။ အလားတူ စစ်ရေး မဟုတ်တဲ့ နည်းလမ်းတွေနဲ့ လွှမ်းမိုး ချုပ်ကိုင် လိုမှုများကို ကာကွယ် စောင့်ရှောက် နိုင်ရေး အတွက် အားလုံး အမြင် ကျယ်ပြန့်စွာ သိရှိ ဆင်ခြင် ဆောင်ရွက် သွားဖို့ လိုအပ်တယ်။

နိုင်ငံတော် ကာကွယ်ရေး စွမ်းအား မြင့်မား နေစေ ဖို့ ဒို့ တပ်မတော် အင်အား တောင့်တင်း ခိုင်မာရေး အတွက် နိုင်ငံတော်၊ တပ်မတော် နဲ့ နိုင်ငံသား အားလုံးက တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား တောင့်တင်း ခိုင်မာစေဖို့ ခတ်မီ စစ်လက်နက် ပစ္စည်းတွေ ရရှိ ပိုင်ဆိုင်ရေး အတွက် တပ်မတော်ကလည်း သုသေသနပြု တီထွင်ထုတ်လုပ် ရမှာဖြစ်တယ်၊ မိမိတို့ ထပ်မံလိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍငွေ ရရှိမှုပေါ် မူတည်ပြီး ၀ယ်ယူ ဖြည့်တင်း ရမှာဖြစ်တယ်။ ဒေသတွင်း နိုင်ငံများ အပါ အ၀င် နိုင်ငံ အသီးသီးက ကာကွယ်ရေး စွမ်းပကားများ မြှင့်တင် ဆောင်ရွက်နေ တာကို မပြတ်လေ့လာပြီး မိမိတို့ ကလည်း နိုင်ငံတော် ကာကွယ်ရေး အတွက် ပြင်ဆင် ဖြည့်တင်း ဆောင်ရွက် သွားဖို့လိုတယ်။ တပ်မတော်ရဲ့ စွမ်းပကား၊ ပြည်သူ လူထုရဲ့ စွမ်းပကား များ ပူးပေါင်းပြီး နိုင်ငံတော် ကာကွယ်ရေး စွမ်းပကား မြင့်မား ခိုင်မာအောင် လုပ်ကြရမယ်။

စစ်သားကောင်းတို့ရဲ့ အရည်အချင်းဟာ စစ်စည်းကမ်း ကောင်းခြင်းနဲ့ အမိန့် နာခံခြင်း တို့ပဲဖြစ်တယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း နေတဲ့ နေရာမှာ စည်းကမ်းနဲ့ စနစ် တကျ ရှိတဲ့ လမ်းကြောင်း ပေါ်မှာသာ သွား ရမှာဖြစ်တယ်။ ဒါကြောင့် ဒို့ တပ်မတော်သားတွေ အနေနဲ့ စစ်စည်းကမ်း၊ စစ်မြေပြင် စည်းကမ်း အပြင် နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းကမ်း များကို နိုင်ငံသား များနည်းတူ လေးစား လိုက်နာ ကြရမှာ ဖြစ်တယ်။ မည်သူမဆို မြို့၊ ရပ်ကွက်၊ ကျေးရွာမှာ နေရင် သက်ဆိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာ လုပ်ကိုင်နေထိုင်ရ သလို၊ တပ်မတော် အတွင်းမှာလည်း တပ်ပိုင်း ဆိုင်ရာ စည်းကမ်း များနဲ့ လိုက်နာ နေထိုင် လုပ်ကိုင် ကြရမှာ ဖြစ်တယ်၊ စစ်စည်းကမ်း ဟာ တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင် ဖြစ်တာနဲ့ အညီ စစ်စည်းကမ်း ကောင်းမွန်တာနဲ့ အမျှ စိတ်ဓာတ်နဲ့ အမိန့်နာခံမှုပါ အလိုလို ကောင်းလာ တာ တွေ့ရတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင် ခိုင်မာစေဖို့အတွက် စစ်စည်းကမ်းကို အမြင့်မားဆုံး လိုက်နာ စောင့်ထိန်းတဲ့ တပ်မတော်၊ အမိန့်နာခံ မှုကောင်းတဲ့ တပ်မတော်အဖြစ် ခေတ် အဆက်ဆက် တပ်မတော် ခေါင်းဆောင်ကြီးတွေ တည်ဆောက်ခဲ့ကြတယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကစလို့ ဒီကနေ့ အထိ နိုင်ငံတော်ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ ခြင်း ဟာ ဒီလို အခြေခံကောင်းတွေ နဲ့ ပြည့်စုံခြင်း၊ တပ်မတော် အစဉ်အလာ (၁၂)ရပ် ပြည့်စုံခြင်းနဲ့ တပ်မတော်ရဲ့ အမျိုးသားနင်ငံရေးအသိ နိုးကြားမှု ရှိခြင်းတို့ ကြောင့်ဖြစ်တယ်၊ ဒါကြောင့် ရှေ့ ဆက်လက်ပြီး နိုင်ငံတော်ရဲ့ တာဝန်၊ အမျိုးသားရေး တာဝန်တွေကို ထူးချွန် ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ဖို့ အခြေခံ ကောင်းတွေ၊ အစဉ်လာ ကောင်းတွေကို ဆက်လက် သယ်ပိုး စောင့်ထိန်းသွားကြဖို့  မှာကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နေကြတဲ့ ဒို့ တပ်မတော် သားတွေဟာ စစ်ရေးအမြင် သက်သက်နဲ့ ရည်မှန်းချက် တာဝန်တွေ အောင်မြင်မှာ မဟုတ်တဲ့ အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်(၄)ရပ်ပြည့်စုံနေအောင် ဖြည့်ဆည်းနေ ကြဖို့ လိုအပ်တယ်၊ နိုင်ငံ တကာမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကို မျက်ခြေမပြတ် လေ့လာပြီး ဒို့နိုင်ငံ ရဲ့ ပကတိ အခြေအနေနဲ့ အညီ ညီညွတ်စွာ ဦးတည် ချီတက် နေတဲ့ ဒီမိုကရေစီ လမ်းကြောင်း အတိုင်း လျှောက်လှမ်းနိုင်ရေး၊ နိုင်ငံတော် အချုပ် အခြာ အာဏာ ထိပါး မခံရရေး၊ ပြည်သူ၊ တပ်မတော်နဲ့ နိုင်ငံတော် အစိုးရ ပူးပေါင်းပြီး တရားဥပဒေနဲ့ အညီ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နိုင်မယ့် အခြေ အနေတွေကို မပြတ်လေ့လာနေဖို့ လိုအပ်တယ်။ နိုင်ငံတကာရဲ့ တိုးတက် ဖြစ်ပေါ်နေတဲ့ စီးပွားရေး အခြေ အနေများနဲ့ မိမိတို့နိုင်ငံမှာ ပြည်သူ့ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်နိုင်မယ့် စီးပွားရေး လုပ်ငန်းများ သိရှိနေအောင် လေ့လာနေကြဖို့ လိုအပ်တယ်။ နိုင်ငံတော် ရဲ့ စီးပွားရေး တိုးတက်စေဖို့ အတွက် စိုက်ပျိုးရေး ကဏ္ဍ၊ စက်မှုကဏ္ဍ နဲ့  ၀န်ဆောင်မှု ကဏ္ဍတွေ အချိုးကျကျ ပါဝင်နေဖို့ လိုအပ်တယ်။ ငွေကြေး ခိုင်မာမှုရှိဖို့ လည်း လိုအပ်တယ်။ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာ ဖူလုံစေဖို့ အတွက် စိုက်ပျိုးရေး ကဏ္ဍ ကို လက်လွှတ်လို့ မရသလို ခေတ်မီတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ စက်မှုနိုင်ငံအဖြစ် မဖြစ်မနေ သွားရမှာဖြစ်တဲ့ အတွက် စိုက်ပျိုးရေးကို အခြေခံပြီး ရရှိလာတဲ့ အရင်း အနှီးတွေနဲ့ စက်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ၀ိုင်းဝန်း ဆောင်ရွက် သွားကြရမယ်။ စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက် လာတာနဲ့ အမျှ ၀န်ဆောင်မှု ကဏ္ဍကိုလည်း တိုးတက်အောင် ဆောက်ရွက် သွားရမယ်။ လူနေမှုအဆင့် အတန်းမြင့်မားရေးနဲ့ အရင်း အနှီးဖွံ့ဖြိုး တိုးတက်ရေး အတွက် ကုန်သွယ်မှု၊ ရင်နှီး မြှုပ်နှံမှုနဲ့  ၀န်ဆောင်မှု လုပ်ငန်းတွေကို တိုးမြှင့် ဆောင်ရွက် သွားရမယ်။ ဒို့နိုင်ငံကို ခေတ်မီ စက်မှုနိုင်ငံ တစ်ခုဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့ စီးပွားရေး ဦးတည်ချက်တွေ အတိုင်း တပ်မတော်က သက်ဆိုင်ရာ ကဏ္ဍမှ တစ်တပ် တစ်အား ပါဝင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ဒီကနေ့ နိုင်ငံတော်က ချီတက်နေတဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာ အစိုးရရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို တပ်မတော်က မှန်မှန်ကန်ကန် ရပ်တည် ဆောင်ရွက်ပေး သွားမှာဖြစ် လို့ ပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့ အညီ ဆောင်ရွက်နေ တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံတွေကို မျက်ခြေမပြတ် လေ့လာနေကြဖို့ လိုအပ်တယ်။ ဒို့နိုင်ငံဟာ ကမ္ဘာ့ အင်အားကြီးနိုင်ငံအဆင့်ကို ရောက်ရှိဖို့ တက်လှမ်းနေတဲ့ ဒေသတွင်း နိုင်ငံကြီး ၂ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ် နေရုံသာမက တောင် အာရှနိုင်ငံများနဲ့ အရှေ့တောင် အာရှနိုင်ငံများ ကို ပေါင်းကူးဆက် သွယ်ပေးထားတဲ့ နိုင်ငံတစ်ခု အဖြစ် တည်ရှိနေတာ ရဲဘော်တို့ အသိပဲဖြစ်တယ်။ ဒို့တပ်မတော်ဟာ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသလို မဟာဗျူဟာအရ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့ ဒို့နိုင်ငံရဲ့ ပထ၀ီ အနေအထား ကို မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နိုင်ငံတော် ရဲ့ အချုပ်အခြာ အာဏာပိုင် မြေပြင်၊ ရေပြင်၊ ဝေဟင် ပိုင်နက်တို့ကို ကာကွယ်နိုင် ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင်တွေနဲ့ ပြည့်စုံနေအောင် ကြိုးပမ်းနေကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့

မိမိတို့ တပ်မတော်မှာ တပ်ဆင်ထားတဲ့ ခေတ်မီ စစ်လက်နက် ပစ္စည်းတွေကို မှန်ကန် ထိရောက်စွာ အသုံးချနိုင်အောင်၊ ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် တတ်အောင် လေ့ကျင့်နေ ကြရမှာဖြစ်တယ်။ ကိုယ့်နိုင်ငံ ရေမြေသဘာဝ အနေအထား၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ အညီ အံဝင်ဂွင်ကျဖြစ်မယ့် မှန်ကန်တဲ့ စစ်နည်းဗျူဟာ များကို ကျင့်သုံးနိုင်အောင်လည်း လေ့ကျင့်နေကြရမှာ ဖြစ်တယ်။ စစ်လက်နက် ပစ္စည်းတွေ၊ စစ်နည်း ဗျူဟာတွေကို ကျွမ်းကျင် ပိုင်နိုင်မှု ရှိအောင် လေ့ကျင့်ရမှာ ဖြစ်သလို လက်တွေ့ စစ်မြေပြင်မှာ ရန်သူကို ရင်ဆိုင် တိုက်ပွဲ ၀င်နိုင်အောင် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုတွေ ပြည့်စုံအောင် လည်း လေ့ကျင့်နေ ဖို့ လိုအပ်တယ်။ ဒီလို ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု၊ စစ်နည်း ဗျူဟာကောင်းမွန်မှု တွေနဲ့ ပြည့်စုံမှသာ စစ်မြေပြင်မှာ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်တယ်။

ဒို့တပ်မတော်ကို စတင် တည်ထောင်ကတည်းက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းကြီး(၃) ရပ်နဲ့ စနစ်တကျ တည်ဆောက် ထားခဲ့တယ်။ ဒီလုပ်ငန်း ကြီးတွေမှာ သူ့စနစ်နဲ့ သူရှိပြီး၊ ကောင်းမွန် ပြည့်စုံပြီး ဖြစ်တာကြောင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်း ပင်နီယံကြီး(၃)ခု ကောင်းမွန်စွာ လည်ပတ်နေအောင် ဆောင်ရွက် ခြင်းဖြင့် တပ်မတော်ရဲ့ အုပ်ချုပ်ရေးကို ကောင်းမွန်းအောင် တည်ဆောက် သွားကြဖို့ မှာကြား လိုတယ်။

ရဲဘော်တို့

သက်သာ ချောင်ချိရေးမှာ နိုင်ငံတော် အစိုးရနဲ့ တာဝန်ရှိ သူများက ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းနဲ့ စစ်သည်များ ကိုယ်တိုင် သက်သာ ချောင်ချိမှုရှိအောင် ဆောင်ရွက် ခြင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ နိုင်ငံတော် အစိုးရနဲ့ တာဝန် ရှိသူများ က လိုအပ်သည် များ ဆောင်ရွက် ပေးနိုင်သလောက် ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိသလို စစ်သည် မိသားစုများ ကိုယ်တိုင်ကလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေး မြူရေးဆောင်ရွက်ခြင်း၊ ၀င်ငွေနှင့် ထွက်ငွေ မျှတအောင် စိစစ် သုံးစွဲခြင်းဖြင့် မိသားစု သက်သာချောင်ချိ မှုရှိအောင် ဆောင်ရွက် ရမှာဖြစ်တယ်။ တပ်မိသားစုများရဲ့ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေဟာ မိသားစု များရဲ့ အသုံးစရိတ် ချွေတာနိုင်ပြီး သင့်တင့် တဲ့ အထောက် အပံ့ ရရှိစေမှာ ဖြစ်သလို တပ်မတော် တစ်ရပ်လုံးရဲ့ စိုက်ပျိုးရေး ကဏ္ဍက ထွက်ကုန်များဟာ ဒေသ ထွက်ကုန်များ တိုးတက် မြင့်မားခြင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုကို အထိုက် အလျောက် ဖြစ်စေခြင်း စတဲ့ အကျိုးများ ရရှိတာကြောင့် တပ်မတော်ရဲ့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေကို တိုးတက်အောင် စေတနာထားပြီး ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ အလုပ် တာဝန်တွေကို ညီညွတ်မျှတစွာ မှန်မှန်ကန်ကန် ခွဲဝေပေးခြင်း၊ စစ်သည် များ တပ်နေပျော်ရေး ကို အလေးထား ဆောင်ရွက် ပေးခြင်း၊ သက်သာ ချောင်ချိရေးကို ညီညီ မျှမျှ ရှိအောင် အလေးထား ဆောင်ရွက်ပေးခြင်း စတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆိုင်ရာ နှစ်မျိုးလုံး ကို ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်းဖြင့် စစ်သည်တွေရဲ့  စိတ်ဓာတ်ပိုင်း ဆိုင်ရာများ မြင့်မားလာမှာ ဖြစ်တယ်။ စစ်ပွဲ အောင်နိုင်ရေး မှာ စိတ်ဓာတ် မြင်းမားရေးဟာ အဓိက ကျတဲ့အတွက် တပ်မတော် တစ်ရပ်လုံးရဲ့ စိတ်ဓာတ် တိုးတက် မြင့်မား ခိုင်မာရေးကို အလေးထား လုပ်ဆောင်သွားကြဖို့  မှာကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ မှာကြား လိုတာ ကတော့ နိုင်ငံတော်ကို ခေတ်သစ် စနစ်သစ်နဲ့ ချီတက်နေတဲ့ အချိန်မှာ ဒို့ တပ်မတော်အနေနဲ့ နိုင်ငံတော် တာဝန်များကို ထမ်းရွက် ကြရာမှာ (၆၇) နှစ်မြောက် တပ်မတော်နေ့  ဦးတည်ချက်များဖြစ်တဲ့-

(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေး၊ အချုပ်အခြာအာ ဏာတည် တံ့ ခိုင်မြဲရေး ဟူသော ဦးတည်ချက် များ ကို စွဲမြဲစွာခံယူစောင့်ထိန်းရေး။
(ခ) နိုင်ငံတော်၏ အမျိုးသားရေး နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး။
(င) ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာတွင် တပ်မတော်၏ အဓိက တာဝန် ဖြစ်သော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။
(ဃ) နီုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် တည်ဆောင်ရေး။
ဆိုတဲ့ ဦးတည်ချက်တွေနဲ့ အညီ တာဝန် ထမ်းရွက် သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

မူရင်းလင့်က ဒီမှာပါ။

(၆၇) နှစ်မြောက် တပ်မတော်နေ့အတွက် ဂုဏ်ပြုကဗျာ


“တပ်မတော်ဆိုတာ”
*ပြည်တွင်းပြည်ပ
ရန်စွယ်ကများ
ဖျက်သမားစုံ
ရမ်းကားသူပေါ
ခောတ်မျောချိန်ခါ
ပြည်မြန်မာကြီး
ပျက်စီးဆဲဆဲ
ထိုရန်ထဲမှ
အမြဲလွတ်အောင်
စွမ်းဆောင်ခဲ့တာ တပ်မတော်…

*ထိုမျှမကြာ
ပေါ်လာပြန်ကြ
ပြည်တွင်းရန်များ
ကာကွယ်ကြပြီး
စစ်မီးငြိမ်းဖို့
အသက်တို့ပေး
ရှေ့ရေးမကြည့်
တက်သိတာဝန်
လူချွန်စိတ်ထား
လွန်စွာများတာ တပ်မတော်…

*သစ္စာလေးချက်
ဦးထိပ်ရွက်လို့
အသက်ကိုပေး
သမိုင်းရေးခဲ့
တိုင်းပြည်ရဲ့ရန်
မှန်မှန်သမျှ
တိုက်ထုတ်ရမည်
ရည်ရွယ်သည်က
တပ်သားစပြီး
ဗိုလ်ချုပ်ကြီးထိ
အသိရှိ၏ …

တပ်မတော်ဆိုတာ တို့နိုင်ငံ့အတွက် ။
တပ်မတော်ဆိုတာ တို့လူမျိုးအတွက် ။
တပ်မတော်ဆိုတာ တို့အားလုံးအတွက် ။

မူရင်းလင့်က ဒီမှာပါ။

NLD ပါတီ အမတ်လောင်း ဒေါ်စန္ဒာမင်း ၀န်ချတောင်းပန်


နေပြည်တော်တိုင်းဒေသကြီး ဇဗ္ဗူသီရိမြို့နယ် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း နှင့် ၈၈ မျိုးဆက် ဌေးကြွယ်တို.၏ ချစ်ရည်လူး ဇာတ်လမ်းမှာ အမှန်တကယ်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်း က ၀န်ခံပြောဆိုခဲ့သည်။

ထိုချစ်ရည်လူး ဇာတ်လမ်းကြောင့် NLD ပါတီ အမတ်လောင်း ဒေါ်စန္ဒာမင်း သည် ဇဗ္ဗူသီရိမြို့နယ်အတွင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် အခက်အခဲ များစွာ များတွေ့ရှိနေကြောင်းသိရှိရသည်။ကာမပိုင်လင်ယောကျာ်း ရှိပါလျက် ဖောက်လွဲဖောက်ပြန် လုပ်ရပ်များ လုပ်ဆောင်ခဲ့သောဒေါ်စန္ဒာမင်း သည် မိမိ ၏ အမှားများ အတွက်ဝန်ချတောင်းပန်ကြောင်းလည်း သိရှိရသည်။အမတ်လောင်းတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် မညီလုပ်ဆောင် ခဲ့သော ကြောင့် ဒေါ်စန္ဒာမင်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၀န်ချတောင်းပန်စာ ပေးပို့လိုက်ကြောင်းသိရှိရသည်။




၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့ ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းတို့ဟာ ပုဂံမြို့ Bagan Hotel , River View အခန်းအမှတ် ၂၁၁ မှာ ၈-၂-၁၂ ရက်နေ့မှ ၁၀-၂-၁၂ ရက်နေ့အထိ တစ်ခန်းတည်းအတူတည်းခိုနေထိုင်ခဲ့ကြပြီး NLD အမတ်လောင်း ဒေါ်စန္ဒာမင်း ဟာအိမ်ထောင်သည်တစ်ဦးဖြစ်ကာ သူမ၏အမျိုးသားမှာ ဗိုလ်ကြီးဟောင်း မောင်မောင် ဆိုသူဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ငါ့နောက်မပါသူ ငါ့ရန်သူ


ယနေ့နိုင်ငံတကာ အခြေအနေကို လေ့လာပါက တစ်ဦးတည်းသော မဟာအင်အားကြီး (Solo Super Power) နိုင်ငံမှ မဟာအင်အားလွန် နိုင်ငံ (Hyper Power) အဆင့်သို့ တက်လှမ်းနေသည့် အမေရိကန်သည် တစ်လောကလုံး အရေးသည် ၄င်း၏ အရေးဟု မှတ်ယူကာ မည်သည့် နိုင်ငံတကာ ဥပဒေ ၊ ပြဌာန်းချက်၊ စာချုပ် စာတမ်းများကိုမှ အလေးမထားဘဲ မလိုလျှင် မလိုသလို အင်အားသုံး ပါဝင်စွက်ဖက်ကာ ဗိုလ်ကျ စိုးမိုးရေး ၀ါဒ ( Hegemonism ) ကိုလက်ကိုထားပြီး ( Unilateralism ) ၀ါဒဖြင့် ကမ္ဘာ့စစ်ပုလိပ်ကြီးသဖွယ် လက်ဝါးကြီးအုပ်စိုးကာ ထင်တိုင်း ကြဲနေလျက် ရှိပါသည်။ ကျန်ကမ္ဘာ့နိုင်ငံ အများစုကမူ ဒွိ မဏ္ဍိုင်စနစ် ( Biplarity) ပျက်သုံးသွားပြီးနောက် ဗဟုမဏ္ဍိုင်စနစ် ( Multipolarity ) ဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လိုကြပါသည်။

အမေရိကန်တို့သည် အထက်ဖော်ပြပါ အန္တိမရည်မှန်းချက်ကို ဖော်ဆောင်ရန် ၄င်းတို့၏ အမျိုးသား ကာကွယ်ရေး မူဝါဒ (၃)ရပ်ကို ချမှတ်ခဲ့သည်။ ပထမဆုံးအချက်မှာ ပုံဖော်ခြင်း (Shape) ဖြစ်သည်။ ပုံဖော်သည် ဆိုရာတွင် နိုင်ငံတကာနှင့် လိုက်လျောညီထွေမှု တည်ရှိနေရန် ပုံဖော်သည်ဟု ဆိုသော်လည်း အမှန်စစ်စစ် အမေရိကန် အလိုကျ ပုံဖော်ခြင်းသာ ဖြစ်ပါသည်။ ဒုတိယအချက်မှာ တုန့်ပြန်ခြင်း ( Respond) ဖြစ်ပြီး ကမ္ဘာ့ခြိမ်းခြောက်မှု အန္တရာယ်အသွယ်သွယ်ကို လက်မနှေးတု့န်ပြန်ခြင်း ဖြစ်သည်။ ၄င်းမှာလည်း အမေရိကန် အလိုမကျမှုများကို အရေးယူ ဆောင်ရွက်သည်ဟု တနည်းအားဖြင့် မှတ်ယူနိုင်သည်။ နောက်ဆုံး အချက်မှာ ပြင်ဆင်ခြင်း ( Prepare) ဖြစ်ပြီး မျှော်မှန်း၍ မရနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အေးလွန်ကာလတွင် ၄င်းတို့ ကျင့်သုံးခဲ့သည့် ကွန်မြူနစ်ဝါဒ ပြန့်ပွားခြင်းကို ထိန်းချုပ်သည့် မူဝါဒသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အသုံးမတည့်တော့သည့်အခါ အမေရိကန်သည် လွတ်လပ်သည့် စီးပွားရေးစနစ်ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံများ တိုးတက်ပြန့်ပွားရန် အားပေးကူညီရေး ဟူသည့် နိုင်ငံခြား ရေး မူဝါဒအသစ်ကို ချမှတ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးမှု ကမ္ဘာ့ရှေ့ပြေးနေသည့် အမေရိကန် နိုင်ငံသည် လွတ်လပ်သည့် ဒီမိုကရေစီ ၀ါဒီများ ဖြစ်သည်နှင့်အညီ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်း ညာတာထောက်ထားမှု အစရှိသည့် အတွေးအခေါ် အယူအဆများကို အသက်သွင်းပေးလျက် ကမ္ဘာကြီး၏ စစ်ပုလိပ် ( Global Police Man ) သို့မဟုတ် ကမ္ဘာ့အုပ်ချုပ်ရေးမှူးကြီး ( Global Governor ) အဖြစ် ရပ်တည် ဆောင်ရွက်လာခဲ့ပါသည်။

““ ကမ္ဘာတွင် မည်သည့်နေရာ ဖြစ်စေ ၄င်းတို့၏ လူသားချင် ညှာတာထောက်ထားမှု ရှုဒေါင့်မှ ကျူးလွန်ပါက အမေရိကန်သည် အင်အားအသုံးပြုလျှက် ကာကွယ်တားဆီးရေး ဆောင်ရွက် ရမည်ဟူသော မူဝါဒ အတိုင်း ဆိုမာလီ၊ ဆူဒန်၊ ဟေတီ၊ ကိုဆိုဗို၊ အီရတ် အစရှိသည့် အရေးအခင်းတွင် စစ်အင်အားကို အသုံးပြုကာ ၀င်ရောက် စွက်ဖက်ခဲ့ပါသည်။ ကမ္ဘာ့တစ်ဝန်းတွင် သြဇာပြန့်ကျက်ရေးနှင့် ၄င်းတို့၏ သြဇာမနာခံ သူများအား ပြစ်ဒဏ်ခတ်ရေးကို ဆောင်ရွက်ရာတွင် ယင်းတို့၏ စံနှုန်းများကို ကမ္ဘာစံနှုန်းအဖြစ် နေရာတိုင်း တိုင်းတာကာ လိုရင် လိုသလို၊ မလိုရင် မလိုသလို ပြုကျင့်လာခဲ့ပါသည်။ ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးမည့် ကုလ သမဂ္ဂကြီးပင်လျှင် အမေရိကန်၏ လက်ကိုင်တုတ်သဖွယ် ဖြစ်နေပြီး ကမ္ဘာတစ်ဝှမ်းလုံး လက်ဝါးကြီးအုပ် စိုးမိုး ချယ်လှယ်ဗိုလ်ကျမှုသည် ထိန်းမနိုင်၊ သိမ်းမရအောင် ဖြစ်နေခဲ့ပါသည်။

ထိုကဲ့သို့ ဗိုလ်ကျစိုးမိုးရေး ၀ါဒကို ကျင့်သုံးလာသော အမေရိကန်သည် တစ်ဖက်မှလည်း ၄င်းတို့၏ အကျိုးစီးပွားကို ဆန့်ကျင်အကြမ်းဖက် တိုက်ခိုက်လာသည့် ခြိမ်းခြောက်မှု မှန်သမျှကို ဟန့်တားရန်နှင့် ချေမှုန်း ရန်မှာ အမေရိကန် တပ်ဖွဲ့ရဲ့ အခြေခံစည်းမျဉ်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်တို့သည် နိုင်ငံတကာ ပတ်ဝန်းကျင် လုံခြုံရေးကို လွှမ်းမိုးထားရန်နှင့် အကျိုးစီးပွားကို ထိခိုက်လာနိုင်မည့် အရေးကိစ္စမှန်သမျှကို ထိရောက်စွာ လက်တုန့်ပြန်ပြီး မသေချာသော အနာဂတ်အတွက် ပြင်ဆင်ရန် အထက်ဖော်ပြပါ ကာကွယ်ရေး မဟာဗျူဟာကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သော မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လက်ရှိ အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရ့် အယူဝါဒဖြစ်သော “ Either you are with us, or you are with the terrorists “ ““ ငါ့နောက်မပါ ငါ့ရန်သူ ”” သည် ကမ္ဘာတတိယ နိုင်ငံများ အတွက် စိုးရိမ် တုန်လှုပ်မှုများကို ဖြစ်ပွားစေခဲ့ပါသည်။

မူရင်းလင့်က ဒီမှာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲကိစ္စ ကြေညာချက်ထုတ်ပြန်

ရွေးကောက်ပွဲ ဆိုင်းငံ့ထားတဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် သုံးနယ်မှာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိစ္စကို KIA-KIO နဲ့ဆွေးနွေး ညှိနှိုင်းစေလိုတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

NLD website
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
အဖွဲ့ချုပ် နာယက ဦးတင်ဦးက သတင်းထောက်များအား ရှင်းလင်းနေစဉ်။

ဒီလို ညှိနှိုင်းဖို့ ရွေးကောက်ပွဲကော်မရှင်က ဖြစ်ဖြစ်၊ နိုင်ငံတော်အစိုးရက ဖြစ်ဖြစ် လုပ်ဆောင်ပေးမယ်ဆိုရင် ဧပြီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

နောက် ကြေညာချက်တစ်စောင်မှာတော့ သစ္စာဂျာနယ်မှာ ဇမ္ဗူသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးရဲ့မဲဆွယ်ကြော်ငြာ တွေ့ရှိရတဲ့အကြောင်း၊ ကြော်ငြာမှာ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးကို ထောက်ခံအားပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်လို့ ပါရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။

NLD ကြေညာချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၄ ကို ကိုးကားပြီး နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားပါသည် ဆိုပြီး ထောက်ပြထားပါတယ်။

ဒါကြောင့် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးရဲ့မဲဆွယ်ကြော်ငြာဟာ ပြည်ခိုင်ဖြိုးပါတီရဲ့လုပ်ငန်းဖြစ်တဲ့အတွက် "နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော" လို့ဖော်ပြချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ မကိုက်ညီဘူးလို့ ယူဆကြောင်း ဖော်ပြထားပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းပြီ

မြိတ်မြို့  ခရီးစဉ် က အပြန်မှာ ကျမ္မာရေး စိုးရိမ် စရာ ဖြစ်ခဲ့ တဲ့ မြန်မာ့ ဒီမိုကရစီ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ဟာ ကျမ္မာရေး ပြန်လည် ထူထောင်လာ ပြီး ဒီနေ့  ကျရောက် တဲ့ ၆၇ ကြိမ် မြောက် ဖက်ဆစ်တော် လှန် ရေး နေ့ ကို လည်း သ၀ဏ် လွှာ ပေး ပို့  ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ကိုယ်ရေး ဆရာဝန် တွေ့ က အနားယူခိုင်း ထား မှု ပြု တဲ့ အတွက် အိမ် မှာ အနားယူနေ ပေမယ့် သူဟာ ပြန်လည် ထူထူ ထောင်ထောင် ရှိ နေ ပြီ လို့  ဒေါ်အောင်ဆန်းစု ကြည် နဲ့  နီးစပ် တဲ့ အသိုင်းအ၀ိုင်း ကလူ တွေ ရဲ့  ဖေ့ဘွတ် စာမျက် နှာ တွေ မှာ ဖော်ပြထား ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ရဲ့  ကျမ္မာရေး ဟာ စိုးရိမ် စရာ မရှိ ဘူး လို့  ပြီး ခဲ့ တဲ့ နှစ်လ လောက် က သူ့  ရဲ့  ဆရာဝန် တွေ က ပြောပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ဝိပဿနာတရားတော်နှင့်အညီ

၂၅. ၃. ၂၀၁၂ (တနင်္ဂနွေ) နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဓမ္မစေတီဆရာတော် ဦးကောသလ္လနှင့် သံဃာတော်များ၊ တပည့်၊ ဒါယကာ/မများဖြင့် ကြွရောက်ကာ ဆရာတော်ကြီး၏မယ်တော်ကြီး …… အားရည်စူး၍ လူနာကုတင်၊ လက်တွန်း လှည်း၊ လေးချောင်းထောက်အကူပစ္စည်းနှင့် တနေ့တာ လူနာများအတွက် ဆေးဝါးကုသစားရိတ် အလှူငွေ (၇) သိန်းကျပ်တိတိအား လာ ရောက်လှူဒါန်းခဲ့သည်။






မူရင်းလင့်က ဒီမှာပါ။

(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန်

ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း


(စစစ) ရဲ့ မတရား စစ်ဆေးတဲ့ဒဏ်ကိုမခံနိုင်လို့ င်္ရုးပေါ်က ခုန်ချသတ်သေ သွာသူ အသက်၂၀ ရှမ်းတိုင်းရင်းသူလေးရဲ့ပုံပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေကိုလည်း သတင်းဆက်မလိုက်ဖို့နဲ့ ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆို သွားကြောင်း ကြားသိရပါတယ်။


၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြသဖြင့် ၂၄.၃.၂၀၁၂ နံနက်(၀၅း၀၀) အချိန် ရှမ်းမလေးန်းဝိုးဖန်မှ ထွက်ပေါက်မရှိ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၍ မိမိအသက်အား အရမ်းကြောက်တတ်တဲ့ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅) လွှာမှ အစိမ်းရောင်ဝမ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ပျော်ရွှင်အောင် ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီးဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ၀မ်းနည်းစွာဖြင့် ရင်မှာမချိစွာတင်ပြလိုက်ရပါသည်။

ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး အမြန်သင်္ဂြိုရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့အထိဆောင့်၍ မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား တင်ပြတောင်းဆိုပါသည်။

ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ် ခုန်ချသတ်သေ ရာ ဆိပ်ကမ်းသာလမ်းရှိ (စစစ) ရုံး ။

မူရင်းလင့်က ဒီမှာပါ။

တပ်နယ်မြေတွင် NLD မဲဆွယ်ခွင့်မရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် တပ်မတော်သားများနှင့် မိသားစုများ နေထိုင်ရာတပ်နယ်မြေများသို့ ၀င်ရောက်မဲဆွယ် စည်းရုံးခွင့် မရကြောင်း သိရှိရသည်။


မတ်လ ၂၃ ရက်က စပြီး မရမ်းကုန်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေသော ဒေါက်တာ ဒေါ်မေ၀င်းမြင့် အမှတ် ၃ ရပ်ကွက် လူထုကို ဟောပြောနေစဉ် (ဓာတ်ပုံ - မရမ်းကုန်း NLD facebook) လစ်လပ်မဲဆန္ဒနယ်ဖြစ်သော မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်ရှိ တပ်မတော် ခြေလျင်တပ်ရင်း (ခလရ) ၄၃၅ နှင့် ၄၃၆ တပ်ရင်းများတည်ရှိရာ နယ်မြေများအတွင်းသို့ NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ၎င်း အနေဖြင့် ၀င်ရောက်စည်းရုံးရန် ကြိုးပမ်းခြင်းကို လုံခြုံရေးအကြောင်းပြ၍ ခွင့်မပြုကြောင်း ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောသည်။

“မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်နဲ့ ၉ ရပ်ကွက်မှာရှိတဲ့ တပ်ရင်း ၄၃၅ နဲ့ ၄၃၆ ထဲကိုဝင်ပြီး မဲဆွယ်စည်းရုံးဖို့ လုပ်တယ်။ ဒါပေမယ့် ၀င်ခွင့်မရဘူး။ လက်ကမ်း ကြော်ငြာစာရွက်တွေ ဂိတ်ဝမှာ ထားခဲ့ပါ၊ စစ်သားလေးတွေက ဝေပေးပါမယ်လို့ ပြောတယ်”ဟု ဒေါ်မေ ၀င်းမြင့် က ပြောပြသည်။

တပ်နယ်မြေများတွင် ၀င်ရောက်စည်းရုံးခွင့် မရသဖြင့် တပ်မတော်သားများ၏ ဇနီးများ မနက်ခင်းဈေးသွားချိန်ကို စောင့်ဆိုင်းကာ ဈေးများတွင် လက်ကမ်းကြော်ငြာဝေငှခြင်းနှင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရကြောင်း NLD မရမ်းကုန်းမြို့နယ် အောင်နိုင်ရေး အဖွဲ့ကလည်း ပြောဆိုသည်။

တပ်မတော်သားများ၏ မိသားစုများသည် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံများ၌ မဲပေးကြရမည်ဖြစ်သော်လည်း တပ်မတော်သားများမှာမူ မတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကြိုတင်မဲပေးကြ ရ မည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာ စောနိုင်ကမူ တပ်မတော်သားများနှင့်မိသားစုများသည် လွတ်လပ်သော မဲဆန္ဒရှင်များ ဖြစ်ကြသည့်အတွက် အခြားပြည်သူများနည်း တူ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက စည်းရုံးခွင့် ရသင့်ကြောင်း၊ စည်းရုံးခွင့်မရခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း ပြောဆိုသည်။ ဒေါက်တာ ဒေါ်မေ၀င်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မရမ်းကုန်းနယ်တွင် မဲစာရင်းမှားယွင်းမှု၊ သေဆုံးသူများ၊ အသက်မပြည့်သူများပါဝင်မှု အပါအ၀င် မဲစာရင်းလွဲမှားမှု မြောက်မြားစွာရှိနေသည်ဟုလည်း သိရသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ်တွင် ငါးမင်းဆွေ ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်သော စာရွက်စာတမ်းများကို ကြံ့ခိုင်ရေးပါတီနှင့် ပူးတွဲဝေငှသဖြင့် NLD ပါတီက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း၊ ယင်းသို့ တိုင်ကြားပြီးနောက် ငါးမင်းဆွေတဦးတည်းကသာ ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်တိုက်ခိုက်သော စာရွက်စာတမ်းများကို မရမ်းကုန်းမြို့နယ်တွင် ဆက် လက် ဝေငှလျက် ရှိကြောင်း သိရှိရသည်။

ငါးမင်းဆွေသည် မတ်လ ၁၀ ရက်နေ့က မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက်သော ဟောပြောပွဲတခု ပြုလုပ်ခဲ့သေးသည်။

မရမ်းကုန်းမြို့နယ်တွင် ဆန္ဒမဲပေးနိုင်သူ တသိန်းသုံးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၁၇၇ ရုံ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ မူရင်းလင့်က ဒီမှာပါ။

ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်


လာမည့်ဧပြီလ ၉ ရက်နေ့မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအနေဖြင့် အင်တာနက် Bandwidth စုစုပေါင်း 3.72 GB ချိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ Sea-Me-We 3 မှ 3.2GB အား မတ်လ ၂၈ ရက်နေ့အပြီး ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မြဝတီ(ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း)မှ 2.5 GB အားလည်းကောင်း စုစုပေါင်း 10GB အထိ WCDMA မိုဘိုင်းတယ်လီဖုန်းများ စတင်ရောင်းချမည့် ဧပြီလ ၉ ရက်နေ့မတိုင်မီ အပြီးချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ မိုဘိုင်းဖုန်းများ၌ အင်တာနက် အသုံးပြုရာတွင် WCDMA နှင့် EDGE စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ WCDMA စနစ်မှာ ( UMTS) စနစ် 3rd Generation Mobile Data စနစ်ဖြစ်ပြီး အမြန်နှုန်း 500KB မှ 2MB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း EDGE မှာ 2.5 G သာဖြစ်၍ အမြန်နှုန်း 80 KB မှ 130KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းလင့်က ဒီမှာပါ။

ရန်ကုန်၌ ဂျီအက်စ်အမ်ဖုန်း နှစ်သိန်းကျော် ချထားပေးမည်

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ် ဖုန်းလိုင်းအရေအတွက် နှစ်သိန်းကျော်နှင့် WCDMA ဖုန်းလိုင်းအရေအတွက် တစ်သိန်းကျော် ချထားပေးမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းဖုန်းလိုင်း ချထားပေးမည့် အရေအတွက်မှာ နှစ်သိန်းကျော်ဖြစ်ကြောင်း Elite Tech ကုမ္ပဏီက ပြောသည်။ ရန်ကုန်မြို့၌ Elite Tech အရောင်းဆိုင် ၁၄ ဆိုင်အပြင် တခြားသော ကိုယ်စားလှယ် အရောင်းဆိုင်များ၌ပါ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို ဧပြီလ ၉ ရက်နေ့၌ ဝယ်ယူနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်း ဝယ်ယူရာ၌ ယခင်အတိုင်း ဓာတ်ပုံနှစ်ပုံနှင့် မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူတို့ လိုအပ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းလိုင်းများ စတင်ဝယ်ယူရာတွင် အင်တာနက်လိုင်းများ တွဲဖက်ပါဝင်မည် မဟုတ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းလင့်က ဒီမှာပါ။

မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ပို့ဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြတိုက်ရာ ရှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်

" အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံအမြှောက်ဖြစ်ပါ တယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်" ဟု မြောက်ဦးမြို့ မှ ရှေးဟောင်းလက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ၇ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင်တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

"ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ်" ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ၇ာစု ၁၈ ၇ာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ခ်ျတို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

" ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။ နိရဉ္စရာ

မူရင်းလင့်က ဒီမှာပါ။

ကျောက်ပန်းတောင်းမြို့ခံများ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်စေရန် ဆုတောင်းပွဲ ဆက်လျက်ပြုလုပ်


ကျောက်ပန်းတောင်းမြို့ နယ်တွင် မတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာစေရန် ဆုတောင်းပြည့် မဟာစေတီကြီးဘုရားဝင်း အတွင်းတွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်မ တို့ ခေါင်းဆောင် အမေ စု ကို ကျန်းမာရေး အမြန်ဆုံး ကောင်းအောင် ဆုတောင်းပေးတာပါ...၂၇ ရက်နေ့ ဒီကို အမေ စု လာမယ်ပြောလို့ ကျွန်မ တို့ ပင်နီ တွေ ချုပ်ပြီး အမေစုကို ကြိုမယ်...ပန်းစည်းတွေလည်း မှာထားတာ...အခု အမေစု ရုတ်တရက် ကျန်းမာရေးချို့ယွင်းသွားတယ်ဆိုတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်...အမေ စု ကို အမြန်ဆုံး ကျန်းမာပါစေလို့ ဆုတောင်းပါတယ်...အမေ စု ကို အပြင်မှာမတွေ့ဘူးတော့ အရမ်းလည်းတွေ့ချင်တယ်...ကျန်းမာရေး အမြန်ဆုံးကောင်းပြီး ကျောက်ပန်းတောင်းကို လာစေချင်ပါတယ်” ကျောက်ပန်းတောင်း မြို့ ခံ တစ်ဦးဖြစ်သူ မဝတ်မှုံ မှ ပြောကြားသည်။

ထို ဆုတောင်းပွဲ သို့ ရဟန်းသံဃာ များမှ မေတ္တာ သုတ် များ ရွတ်ဖတ်ပေးခဲ့ ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အတွက် ဆုတောင်း စာများကို လည်း ရွတ်ဖတ်ပေးခဲ့ ကြသည်။

“ ရဟန်းသံဃာ တွေကလည်း လူထု အကျိုးကို အမှန်တကယ် ပြုလုပ်ပေးတဲ့ ခေါင်းဆောင် တစ်ယောက် ကို ကျန်းမာရေး အမြန်ကောင်းမွန်စေချင်တယ်...အဲဒါကြောင့်လည်း ယခု ကဲ့ သို့ ကြွရောက်၍ ဆုတောင်းပေးနေရခြင်းဖြစ်တယ်” ဟု ဦဆောင် သံဃာ တစ်ပါးက ပြောကြားသည်။

ထို ဆုတောင်းပွဲ သို့ မြို့လူထု နှင့် အတူ ကျေးရွာများ မှ လူထုပါ လာရောက်ကြ သည် ဟု သိရသည်။လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အတွက် ဆုတောင်း ပွဲကို လူထု ပရိတ်သတ် ၁၅၀၀၀ ခန့် လာရောက်ဆုတောင်း ပေးကြ သည်။

ဆုတောင်း ပွဲ ပြီးနောက် ကျောက်ပန်းတောင်း မြို့ တစ်ပတ် လှည့် လည်၍ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ပါစေ ဟူသော ဆုတောင်း သံများဖြင့် လှည့်လည် ခဲ့ကြသည်။

ဝေမိုးအောင် (မြစ်မခ -ကျောက်ပန်းတောင်း)

မူရင်းလင့်က ဒီမှာပါ။

အသည်းကြားက မဲတပြားနောက်ဝယ်

(၁)

‘အသည်းကြားက မဲတပြား’ဆိုတဲ့ စကားလုံးလေးတွေက တကယ်တော့ အဲဒီခေတ်ရဲ့ သရုပ်ကို ထင်ဟပ်စေတာ ကတော့ အမှန်ပါ။ တန်ဘိုးရှိတဲ့ မဲတပြားဟာ နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ အများကြီး အထောက်အကူပြုတယ် ဆိုတာကို တင်စား ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့် အခုခေတ်မှာတော့ အသည်းကြားက မဲတပြားဟာ တကယ်ကော တန်ဘိုးရှိရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ကောင်းလောက်အောင် ကြားဖြတ် ရွေးကောက်ပွဲကြီး နီးလာလေလေ၊ နိုင်ငံရေးပါတီတွေဆီက၊ အထူးသဖြင့် ဒီမိုကရေစီ အင်အားစု ပါတီတွေဆီကနေ အသံတွေ ထွက်ပေါ်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတုန်းက တွေ့ကြုံခဲ့ရတဲ့ ခါးသက်တဲ့ မဲလိမ် မဲမသမာမှုတွေ၊ ကြိုတင်မဲတွေဟာ အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတိုင်း အထူးသတိထား ပြောဆိုနေကြရတဲ့ ပြဿနာတခု ဖြစ်နေပါတယ်။

ဒီနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကို ပါဝင်လာတာကြောင့်လည်း လက်ရှိ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောဆိုခွင့်ရှိသူတွေက မဲမသမာမှုတွေ မဖြစ်အောင်၊ လွတ်လပ်မျှတပြီး ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်ဆိုပြီး နိုင်ငံတကာကိုပါ ကြွေးကြော်လာကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲလုပ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာတောင် တနိုင်ငံလုံးက မဲဆန္ဒနယ် ၄၈ နေရာ လုံးမှာရှိတဲ့ မဲပေးနိုင်သူဦးရေ စာရင်းတွေက အခုထက်ထိ မတည်ငြိမ်သေးပါဘူး။ အိမ်ထောင်စု စာရင်းတွေ မတိကျမှု ကြောင့် နိုင်ငံရေးပါတီတွေနဲ့ ရပ်/ကျေး ကော်မရှင်တွေ စကားများနေရဆဲ ဖြစ်ပါတယ်။

“မဲစာရင်း မတိကျမှုတွေ ဖြစ်နေတာက အိမ်ထောင်စု စာရင်းတွေ မတိကျမှုကြောင့် ဖြစ်ရတာပါ။ ဥပမာ ဒီအိမ်ထောင်စု မှာ လူဦးရေ ၈ ဦး ရှိတယ် ဆိုပါစို့။ နှစ်ဦးက အိမ်ထောင် ကွဲထွက်သွားမယ်။ တဦးက နိုင်ငံခြား ထွက်နေမယ်။ သေတာ လည်း ရှိမယ်။ ဒါပေမယ့် စာရင်းမှာတော့ ၈ ဦးပဲ။ ဒါတွေကို တတ်နိုင်သလောက် လိုက်ရှာစုဆောင်းပြီး ကော်မရှင်တွေ ကို တင်ပြတဲ့အခါ အဲဒီစာရင်းတွေကို လိုက်ဖျက်ပေးနေရတယ်”လို့ မင်္ဂလာတောင်ညွ့န့် မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနဲ့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ လိုက်ပါကူညီနေသူ တဦးက လက်ရှိ ကြုံနေရတဲ့ အခက်အခဲတခုကို ပြောပြပါတယ်။

အိမ်ထောင်စုစာရင်းတွေ တိကျမှု မရှိခြင်းကလည်း ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အချိန်နဲ့ တပြေးညီ ပြင်ဆင်မထား နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယှဉ်ပြိုင်မယ့် ကော့မှူး မြို့နယ်မှာတောင် မဲပေးနိုင်တဲ့ ဦးရေက ပြီးခဲ့တဲ့နှစ်က ပြုစုထားတဲ့ စာရင်းအရဆိုရင် ၈ဝ,ဝဝဝ ကျော် ရှိပါတယ်။

ဒါပေမယ့် ဒီစာရင်းတွေထဲမှာ သေဆုံးစာရင်းတွေ၊ စာရင်းမှာ မပါဝင်တော့တဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒီလို မသေချာ မရေရာတဲ့ မဲစာရင်းတွေကြောင့် နိုင်ငံရေးပါတီတွေ တကယ်တမ်း အပြိုင်အဆိုင် ယှုဉ်ပြိုင်ကြတဲ့အခါ တန်ဖိုးရှိတဲ့ မဲတပြား ဖြစ်လာပါတော့မလားဆိုတာ သံသယကြီးကြီး ထားနေရတဲ့ အဖြစ်ကို ရောက်ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီပြိုင်ဘက်အဖြစ် ယှဉ်နေရပေမယ့် ပုဂ္ဂိုလ်ရေးအရ ဆိုရင်တော့ အစ်မတဦးပါပဲလို့ ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီက ပြိုင်ဘက် ဒေါက်တာစိုးမင်းက ကော့မှူးနယ်မှာ သူကြုံရတဲ့ အခက်အခဲကတော့ ရှေးအဆက် ဆက် နေလာခဲ့တဲ့ ဒေသခံတွေက ပုံစံ ၁ဝ အဝင်အထွက်နဲ့ ပတ်သတ်ပြီး အားနည်းခဲ့တာပါပဲလို့ ဆိုပါတယ်။

သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည် ကြုံရတဲ့ သေဆုံးစာရင်းတွေ မဲစာရင်းတွေမှာ ပါတယ်ဆိုတာ လက်ခံနေတဲ့ သဘောဆောင်သလို သူ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ့် နောက်ဆုံး မဲစာရင်းကိုသာ စောင့်တော့ မယ်လို့ ဆိုပါတယ်။

(၂)

အင်အားကြီးပါတီနှစ်ခုထဲမှာ ပြည်ခိုင်ဖြိုးပါတီကတော့ ၄၈ နေရာလုံး ပြိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ၄၇ နေရာပဲ ပြိုင်ဖြစ်မှာ ဖြစ်ပေမယ့် ဒီတခေါက် ရွေးကောက်ပွဲမှာတော့ အပြင်းအထန် ပြိုင်ဆိုင်မှု ကြီးလာမယ့် ပွဲကြီးပွဲကောင်း တခုလည်း ဖြစ်ပါတယ်။

ဒီတခေါက် ကြားဖြတ်ရွေးကောက်ပွဲက အရင် ၂ဝ၁ဝ တုန်းကနဲ့ မတူတဲ့အချက်ကတော့ မဲစာရင်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးရေး ဆင်းသူတွေက အချိန်နဲ့တပြေးညီ ကော်မရှင် တွေကို ပေးပို့ အကြောင်းကြားနေတာပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကတော့ ဒီလိုမဲစာရင်းတွေရှိနေတဲ့ အချိန်မှာပဲ ပါတီက ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄ဝ လောက်မှာ အနိုင်ရမယ်လို့ ခန့်မှန်းပြောဆိုထားသလို ပြည်ခိုင်ဖြိုးကလည်း ၄၈ နေရာလုံးမှာ ရာနှုန်းပြည့် အနိုင်ရဖို့ မှန်းထားတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောဆိုနေ ပါတယ်။

ဒီလို မဲစာရင်းတွေနဲ့ နိုင်ငံရေးပါတီကြီးတွေအကြားမှာ အသက်ခပ်ပြင်းပြင်းရှူနေရတဲ့ နိုင်ငံရေး ပါတီငယ်တွေကကော ဒီပြိုင်ပွဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါမလဲ ဆိုတာကလည်း ပရိသတ်တွေ စောင့်ကြည့်ရမယ့် အချက်တခု ဖြစ်ပါတယ်။

“လူစိတ်ဝင်စားတဲ့ ပါတီနဲ့ ပါဝါ အင်အားကြီးတဲ့ ပါတီကြီးနှစ်ခုကြားမှာ ယှဉ်ရပေမယ့် မကြောက်ပါဘူး။ ကြိုးစားပြီး ယှုဉ်ပြိုင်သွားမှာပဲ”လို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်က မီဒီယာတွေကို ပြောပါတယ်။

(၃)

ပါတီတွေကတော့ အနိုင်ရဖို့ စည်းရုံးရေးတွေ အပြိုင်အဆိုင် ဆင်းနေချိန်မှာ ပြည်သူတွေကကော ကိုယ့်လက်ထဲက မဲတပြားဟာ တန်ဘိုးရှိတဲ့ မဲတပြားဆိုတာ သိကြရဲ့လားဆိုတာကို မေးကြည့်လိုက်ရင် အများစုကတော့ မဲပေးရမယ် ဆိုတဲ့ အခြေခံ တာဝန်ကို သိလာကြပေမယ့် ပါတီနဲ့ လူနဲ့ ကြားမှာ ဘယ်ဟာကို ဦးစားပေး ရွေးချယ်ရမယ်ဆိုတာကို ဝေခွဲမရ ဖြစ်နေကြသူတွေ များပါတယ်။

“ကျမကတော့ ခမောက်ပါတီကိုပဲ မဲပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့” ဆိုတဲ့ မရမ်းကုန်းမြို့နယ်မှာနေတဲ့ အသက် ၃ဝ ကျော်အရွယ် အမျိုးသမီးငယ်တဦး က ပြောပါတယ်။ သာမန်အခြေခံလူတန်းစား တဦးအနေနဲ့ ခမောက် ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ဘူး ဆိုတာကို သူ့အနေနဲ့ မသိပါဘူး။

ဒီလိုပဲ “ကျမကတော့ ခြသေ့င်္ကို မကြိုက်လို့ သူက လွဲရင် ကျန်တာတွေကို အမှန်ခြစ်ခဲ့တယ်”ဆိုပြီး ၂ဝ၁ဝ တုန်းက မဲပေးခဲ့တာကို ပြန်ပြောပြတဲ့ မဲဆန္ဒရှင်တွေလည်း ကြုံပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အမှားဟာ တန်ဘိုးရှိတဲ့ မဲကို ပယ်မဲဖြစ်သွားစေပြီး ဘာမှ အကျိုးမရှိဘူး ဆိုတာကိုလည်း နားမလည်သူတွေ ဒုနဲ့ဒေးပါပဲ။

သူ့လိုပဲ ပါတီကို ကြိုက်ပေမယ့် ကိုယ်ပေးရမယ့် မဲဆန္ဒနယ်မှာ ဘယ်သူပါလဲဆိုတာ မသိတဲ့သူတွေ ရန်ကုန်မြို့ပေါ်က မဲဆန္ဒနယ်တွေမှာတောင် တော်တော်များများ ရှိနေပါတယ်။ အခြေခံလူတန်းစားတွေကို စည်းရုံးရေးဆင်းတဲ့ အခါမှာ လည်း ပါတီတွေ ကြုံရတဲ့ အခက်အခဲကတော့ “ပါတီက ဘာလုပ်ပေးမှာမို့လို့လဲ”လို့ ပြန်မေးခံရတာတွေပါပဲတဲ့။

“တချို့က တကယ်ကိုပဲ ပြည်ခိုင်ဖြိုးကို သူတို့ဆန္ဒအရ ပေးသွားတာတွေ ရှိခဲ့ဖူးတယ်။ ဟိုက ငွေချေးပေးတာတို့၊ အရင်းအနှီး ထုတ်ပေးတာတို့ လုပ်ပေးခဲ့တာတွေကြောင့်၊ အများစုက ကျေးရွာတွေမှာ ဖြစ်တာ များတယ်”လို့ ပဲခူးတိုင်း အတွင်းမှာ မဲရုံမှူး တာဝန်ကျခဲ့ဖူးသူတဦးက ပြောပါတယ်။

(၄)

ဒီမိုကရေစီ နိုင်ငံကြီးများမှာ ဆိုရင်တော့ ပြိုင်ဘက်ပါတီနှစ်ခုရဲ့ မဲအောင်နိုင်မှု ရာခိုင်နှုန်းဟာ ဥပမာ ၅၂ ရာခိုင်နှုန်း၊ ၄၈ ရာခိုင်နှုန်း အစရှိတာတွေနဲ့ မတိမ်းမယိမ်း အရှုံး/အနိုင် ရလဒ် ပေါ်ထွက်လေ့ ရှိပါတယ်။ ယှဉ်ပြိုင်တဲ့ ပါတီတွေဟာ အရည်အချင်း သူမသာ ကိုယ်မသာ ရှိမှသာ ပြိုင်ပွဲက ကြည့်လို့ကောင်းသလို တိုးတက်မှုလည်း ရှိမှာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ (တနည်းအားဖြင့် ရှုံးနိမ့်တဲ့ပါတီ)ဟာ အာဏာရပါတီရဲ့ နောက်တလှမ်း နှစ်လှမ်း အကွာဆိုရင် အာဏာရပါတီလည်း ထင်ရာစိုင်းလို့ မရသလို အတိုက်အခံ ပါတီကလည်း ဆက်လက်ကြိုးစားလိုစိတ် ရှိပါလိမ့်မယ်။ သိပ်ကွာခြားသွားပြီ ဆိုရင်တော့ စနစ်ကျမှု မရှိတဲ့ ကျေးရွာဘောလုံးပွဲလိုပဲ တခုခု လွဲချော်မှု ရှိနေလို့ပဲဆိုတာ ငြင်းချက် ထုတ်စရာ မလိုတော့ပါဘူး။

အစိုးရကလည်း အခုချိန်မှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက် သန့်ရှင်းလွတ်လပ်မျှတတယ် ဆိုတာ ပြဖို့ လာလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မှားခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကော်မရှင်က တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲ နေတယ်လို့လည်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြနေတာကိုလည်း တွေ့နေရပါပြီ။

အခုဆိုရင် ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ကွင်းထဲကို ဝင်လာ ပါပြီ။ စောင့်ကြည့်မယ့်ဒိုင်၊ စနစ်ပိုကောင်းလာမှု၊ ပြိုင်ဘက်ကောင်း ပါဝင်လာတဲ့ ဒီတခေါက် ပြိုင်ပွဲကတော့ မသမာမှု တွေ နည်းလာတယ်ဆိုရင် ကြည့်ကောင်းဦးမှာ အသေအချာပါပဲ။

ညီသစ် (မဇ္ဈိမ)

မူရင်းလင့်က ဒီမှာပါ။

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း


၂၀၁၂ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။

ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် အန်အယ်လ်ဒီပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုရသည့် အကြောင်းအရင်းမှာ ပါတီနာမည်သည် ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးတို့သာ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်နေသော ပါတီဖြစ်သည်ဟု Monitor News ဂျာနယ် အတွဲ(၁) အမှတ် (၉၃) တွင်ပြောဆိုထားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ပါတီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချစ်ခြင်း မုန်းခြင်းမရှိဘူး ဘယ်သူ့အပေါ်မှ အာဃာသ မထားဘူး အဲ့တော့ ကျွန်တော်တို့ပါတီအပေါ်ကို ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးသာဖြစ်တယ် ဒါပေမဲ့ လုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်နေတာတွေရှိတယ်လို့ ဦးဥာဏ်ဝင်းက မော်နီတာဂျာနယ်မှာ ပြောထားတယ် အဲ့ဒါကြောင့်မို့ တရားစွဲဖို့ ဖြစ်လာတာ” ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးတင်ရီက ပြောသည်။

အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ တရားစွဲဆိုခြင်းကို မသိရှိရသေးသော်လည်း ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း သိရှိရသည်။

“တရားရုံးက လက်ခံတယ်ဆိုပေမဲ့ တရားရုံးမှာ အဆင့်တွေ အများကြီးရှိသေးတယ် ဘယ်အဆင့်ကိုလွှဲပါဆိုတာ တစ်ချို့က နားမလည်ဘဲနဲ့လက်ခံတယ်ဆိုတာ ပြောတတ်တယ် အန်ကယ်မသိဘူး အန်ကယ်ပြောချင်တာက အန်ကယ်တို့ ဘာပြစ်မှုမှ မကျူးလွန်ဘူး အန်ကယ်အမှန်အတိုင်းပဲ ပြောခဲ့တယ် ဖြစ်လာသမျှကိုလဲ အန်ကယ်တို့အနေနဲ့ ရင်ဆိုင်သွားမယ်” ဟု အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။

လာမည့် ၂၀၁၂ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဗဟန်းမြို့နယ် တရားရုံးမှ အမှုဆက်လက်တင်သင့် ၊ မသင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(မြစ်မခ)

မူရင်းလင့်က ဒီမှာပါ။

၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သ၀ဏ်လွှာပေးပို့ခဲ့

၂၀၁၂ ခုနှစ် ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားကို နံနက် ၁၁ နာရီ အချိန်တွင် စတင်ခဲ့ပြီး အစီအစဉ် ၈ ရပ်ဖြင့် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေး နေ့ သ၀ဏ်လွှာပေးပို့ခဲ့သည်။ အစီအစဉ်အရ နိုင်ငံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများအား ၀မ်းနည်းသောအားဖြင့် တစ်မိနစ် ငြိမ်ခဲ့ကြပြီး နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ ၆၇ နှစ်မြောက်ဖက်ဆစ် တော်လှန်ရေးနေ့ ကြေညာချက် စာတမ်းကို ဖတ်ကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ‘ယနေ့သည် ၆၇ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုသည် မှာ တိုင်းရင်းသား ပေါင်းစုံပါဝင်သော ပြည်သူလူထုကြီးက တရားမဲ့အာဏာသုံးပြီး ပြည်သူတွေရဲ့ဘ၀ကို ချုပ်ခြယ်ဖိနင်းခဲ့တဲ့ အဖြစ်ဆိုးကို ဖယ်ရှားခဲ့သော လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ယနေ့မှာလည်း ကျွန်မတို့တွေ ဒီဖက်ဆစ် အကြောက်တရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ်လိုလားသော လူ့အဖွဲ့ အစည်းတစ်ခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ စိတ်ဓာတ်တော်လှန်ရေးကြီး ကာလလို့ ဆိုနိုင်ပါတယ်။

တော်လှန်ရေးသမားကောင်း မည်သည် ကဗျာ ဆရာကြီးမင်းသုဝဏ် ၁၉၆၃ ခုနှစ် က တော်လှန်ရေးနေ့အတွက် ရေးသားခဲ့သော သူ့မှာတမ်း ကဗျာပါစိတ်ဓာတ်လို မွေးမြူရမှာ ဖြစ်ပါတယ်။ ငါအများကြီးလုပ်ခဲ့ပြီးပြီ၊ ပေးဆပ်ပြီးပြီ ဆိုသော စိတ်ဓာတ်မျိုး ဘယ်တော့မှမထားဘဲ ငါလုပ်ပေးစရာတွေ အများကြီး ရှိသေးပါလား ဆိုသော စိတ်ဓာတ်သာ ရှိရမှာဖြစ်ပါတယ်။ ကဗျာထဲတွင် ကွယ်လွန်ခါနီး တော်လှန်ရေးသမားကို ရွာသားများက ၀ိုင်း၍ တိုင်းပြည်ကို ဘာများမှာခဲ့လိုသနည်း မေးရာ ခရီးမတ်တပ်လမ်း ခုလတ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာတဲ့ကြောင်း ပြောပါလေ၊ အသက်မထွက်မီ စကားပါးခဲ့ပါသည်၊

ထိုကဲ့သို့ပင် ကျွန်မတို့ ယခု စိတ်ဓာတ် တော်လှန်ရေး ဆင်နွှဲနေရတဲ့ကာလတွင် တိုင်းချစ်ပြည်ချစ် တိုင်းရင်းသား အားလုံးသည် မိမိတို့အနေနှင့် မည်မျှလုပ်ခဲ့ပြီးပြီဟူ၍ မစဉ်းစားဘဲ မည်မျှလုပ်ကိုင်ရန် ရှိသေးသည်ကိုသာ အာရုံစိုက်စေချင်ပါတယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရုန်းကန်လှုပ်ရှားချိန်မှစ၍ မသမာမှုအမျိုးမျိုး အထူးသဖြင့် ပြည်သူကို ခြိမ်းခြောက်ဖိအားပေးမှု အမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ ဤသို့အခက်အခဲများကို ပြည်သူနှင့် ကျွန်မတို့ ဒီမိုကရေစီ အမှန်တကယ်လိုလားသော အဖွဲ့အစည်းများက ထက်မြတ်သော သတ္တိ၊ ခိုင်မာသောဇွဲ၊ ၀ီရိယနဲ့ ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာ စေရန် အဓိကဆောင်ရွက်ပေးနိုင် သော အင်အားစုမှာ ပြည်သူများသာ ဖြစ်ပါတယ်။

ပြည်သူများလိုလား နေသော ဒီမိုကရေစီပြည်ထောင်စု ကြီး ထူထောင်ရန် ဦးတည်သော ပြည်သူ့စိတ်ဓာတ် တော်လှန်ရေး အောင်မြင်ပါစေကြောင်း ယနေ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ တွင် ဆုမွန်ကောင်းတောင်းအပ်ပါသည်’ဟု ပါရှိပါသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ၊ သံတမန်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပြီး၊ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

EMG

မူရင်းလင့်က ဒီမှာပါ။