Thursday, March 22, 2012

လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ(ကဗျာ)


နွေဦးကတော့ လေရူးနဲ့
ကလူ၏သို့ ...မြှူ၏သို့ ….။

မြိန်ရေယှက်ရေ ရှိခဲ့လှတဲ့ နှစ်များ
အ၀ါရောင် ပိတ်ကားထက် မှုန်မှုန်ဝါးဝါး ...။

မီးစတဖက် ရေမှုတ်တဖက် ဆွယ်တရားနဲ့
ငါးမျှားချိတ် သံချေးတက်
ငါးစာမတပ် အချိုသပ်တာများ ...။

ခေတ်ကြီးနှယ် …
စနစ်ကြီးနှယ် ..
စစ်ပွဲ စစ်စစ်တွေကြားမှာ
ပိတောက်စစ်စစ်တွေ ပွင့်စေလိုမှ ...
…..
…..

ငွေလမပါ နွေညခမျာ
လူဆိုးတွေ အလင်းဝင်တော့မယ့် သမယ
အာရုဏ်ကျင်းခံတွင်းဝမှာ
ရင်တမမ ...။

မူရင်းလင့်က ဒီမှာပါ။

ဘုရားဝင်းအတွင်း ဖိနပ်စီးဝင်လိုသူ ဂျာမန်ဧည့်ကိစ္စ ဧည့်လမ်းညွှန် ရှင်းလင်း

ဗုဒ္ဓဘာသာဘုရားပရိဝုဏ်အတွင်းသို့ ဖိနပ်စီးဝင်ရောက်လိုသော ဂျာမန်ဧည့်နှင့် ဧည့်လမ်းညွှန်ကြား ပဋိပက္ခဖြစ်မှုတစ်ခု မတ်လ ၁၁ ရက်က မန္တလေး၌ ဖြစ်ပွားခဲ့သည်။

ဂျာမန်/အင်္ဂလိပ် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ကိုသန်းထွန်းဦးနှင့်အတူ ဂျာမန်ဧည့်သည် နှစ်ဦးသည် မန္တလေးမဟာမြတ်မုနိဘုရား တောင်ဘက်မုခ်မှ ဘုရားကြီးသို့ မဝင်ရောက်မီ ဧည့်သည်အမျိုးသမီးက ဖိနပ်မချွတ်လိုဟု ပြောဆိုသဖြင့် ဧည့်လမ်းညွှန်က ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် စည်းကမ်းများကို မလိုက်နာ၍ မဖြစ်ကြောင်း၊ ဖိနပ်မချွတ်လိုပါက ဘုရားပရိဝုဏ်အတွင်း ဝင်ရောက်လေ့လာရန် မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်ကို ဧည့်သည်များက လက်မခံသည့်အပြင် ဧည့်လမ်းညွှန်ကို ဆူပူ ပြောဆိုသဖြင့် ကုမ္ပဏီသို့ ဖုန်းဆက်ကာ တခြား ဧည့်လမ်းညွှန်တစ်ဦးနှင့် အစားထိုးလဲလှယ် ပေးခဲ့ရခြင်းဖြစ်ကြောင်း ဧည့်လမ်းညွှန်က ဆိုသည်။

စည်းကမ်းများကို ရှင်းပြကာ တားမြစ်သော ဧည့်လမ်းညွှန်အား မကျေနပ်၍ အခြားဧည့်လမ်းညွှန်နှင့် လဲလှယ်ပေးရန် ၄င်းတို့က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဧည့်လမ်းညွှန်လဲ ပြီးသောအခါတွင်မူ ဘုရားဝင်း အတွင်းသို့ ဖိနပ်ချွတ်ကာ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

”ဒီလိုပြဿနာတွေက ယဉ်ကျေးမှုနဲ့ဆိုင်တဲ့အတွက် ပြတ်သားရမယ်။ မလိုက်နာရင် မလိုက်နာတဲ့သူကို အလျှော့ပေးစရာ မရှိဘူး။ ဒါမျိုးတွေ လိုက်လျောနေရင် ကျွန် တော်တို့ ယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားလိမ့်မယ်”ဟုကိုသန်းထွန်း ဦးကသူ၏ခံစားချက်ကိုပြောသည်။

စည်းမျဉ်းစည်းကမ်းကို မလိုက်နာသော ဧည့်သည်များဘက်မှ ရပ်တည်သော ကုမ္ပဏီများရှိခဲ့ပါကလည်း ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဧည့်လမ်းညွှန်လုပ်သက် ၁၆ နှစ်ရှိ ၄င်းက ပြောသည်။ စည်းကမ်းဓလေ့များနှင့် ပတ်သက်၍ ဧည့်သည်နှင့် ဧည့်လမ်းညွှန်ကြား ပဋိပက္ခဖြစ်ပွားမှုများ ယခင်ကတည်းကရှိခဲ့ကြောင်း၊ ခရီးသွားနယ်ပယ်သို့ ဝင်လာသောဧည့် လမ်းညွှန်သစ်များကိုလည်း အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ ပညာပေးထားရန် လိုအပ်မည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် ဧည့်လမ်းညွှန် ကိုဝင်းဇော်ဦးက ပြောသည်။

”ဧည့်သည်ရဲ့ စိတ်ကျေနပ်မှု တစ်ခုတည်းကို ဦးစားပေးပြီးတော့ ကျွန်တော်တို့ရဲ့ ဘာသာတရား၊ ယဉ်ကျေးမှု၊ လုံခြုံရေးကို ထိပါးမခံနိုင်ဘူး” ဟု ၄င်းကဆိုသည်။ မြန်မာနိုင်ငံသည် ဧည့်သည် သန်းချီဝင်လာပါက ယခုလိုပြဿနာများ ပိုမိုဖြစ်ပွားလာနိုင်သည့်အတွက် ယဉ်ကျေးမှု ဓလေ့များကို ထိန်းသိမ်းရန် ဧည့်လမ်းညွှန်များသာမက နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ကိုသန်းထွန်းဦးက ပြောကြားခဲ့သည်။

မေဇင်ဝင်း

မူရင်းလင့်က ဒီမှာပါ။

သင်ကြားရေးဆရာများ အရည်အသွေး မြှင့်တင်ရန် လိုသလို ထိုက်တန်သည့် လစာလည်းပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဆရာ၊ဆရာမများ၏ အရည်အချင်းပြည့်ဝရန် ပြုပြင်ဆောင်ရွက်မှုများ လုပ်ရန်လိုသလို ထိုက်တန်သည့် လစာရရှိရန်လည်း စဉ်းစားပေးရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မတ်လ ၁၄ ရက်နေ့က ကြား ဖြတ်ရွေးကောက်ပွဲ အကြိုမဲဆွယ်ပွဲအဖြစ် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဟောပြောစဉ် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးကဏ္ဍနှင့် ပတ်သက် ၍ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။



”ကျွန်မတို့ ပညာရေးအဆင့် အတန်းဟာ နိုင်ငံတကာအဆင့် အတန်းကို လိုက်မီဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေတဲ့ လူ့စွမ်းအားအရင်းအမြစ် အစစ် အမှန်တွေ ပေါ်လာမှာပဲဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ အရည်အချင်းပြည့်ဝဖို့က အင်မတန်မှ အရေးကြီးပါတယ်”ဟု ၄င်းက ပြောသည်။

ယနေ့မြန်မာ့ ပညာရေးအတွင်း ၌ သင်ကြားရေးပိုင်း တာဝန်ယူ ထားကြသူအချို့မှာ အရည်အချင်း မပြည့်စုံမှုများ ရှိနေရာ၊ အရည် အချင်းပြည့်ဝမှုများ လိုအပ်နေသေး သည်ဆိုခြင်းကို ငြင်းဆို၍ မရနိုင် သောအကြောင်းအရာတစ်ခုအဖြစ် ရှုမြင်ပါကြောင်း အငြိမ်းစားပညာ ရေးဝန်ထမ်း အချို့က ရှုမြင်ကြ သည်။

ဝါရင့်ကျောင်းဆရာ ဒေါက်တာ နေဝင်းနိုင်က ”အရည်အချင်းဆိုတာမျိုးက တကယ်လိုအပ်ပါတယ်။ အရင် ၁၉၈၆-၈၇ နှစ်ပိုင်းတွေက ဒီလိုမဖြစ်ခဲ့ပေမယ့် တချို့ဆို ဝတ် ကျေ တန်းကျေသင်ရင်းနဲ့ အရည်အသွေး ကျကျလာတာကို တွေ့နေ ရပါတယ်။ ဒါကို တွေးကြည့်ရင် တုန်လှုပ်စရာကောင်းပါတယ်။ အခု ကျွန်တော်တို့ ပုဂ္ဂလိကကောလိပ် တက္ကသိုလ်တွေ တည်ထောင်တယ်။ အဲဒီမှာ ဆရာတွေကို ခေါ်ခန့်တယ်။ ဘာသွားတွေ့လဲဆိုရင် မသင်နိုင်တာကို တွေ့ရတယ်။ အားလုံးကို သိမ်းကျုံးပြောတာမျိုးတော့ မဟုတ်ပါဘူး။ အရည်အချင်းပြည့်ဝဖို့ လိုအပ်တယ်ဆိုတာကို အပြည့်အဝ ထောက်ခံပါတယ်”ဟု ပြောသည်။

ဆရာ၊ ဆရာမများ၏ အရည်အသွေးလိုအပ်မှု ရှိနေခြင်းမှာ စားဝတ်နေရေးအကြောင်းပြမှု၏ နောက်ဆက်တွဲဆိုးကျိုး ရလဒ်တစ်ခုဖြစ်ပြီး ကျူရှင်စနစ်ဆိုး၏ အကျိုး ရလဒ်ကြောင့်လည်း ဖြစ်သည်ဟု ၄င်းက ထပ်မံဆိုသည်။

”စားဝတ်နေရေး အဆင်မပြေတာကနေ ချမ်းသာတဲ့အထိကို အချို့တွေ လုပ်ကုန်ကြတော့ သူတို့ ရဲ့အရည်အသွေးပိုမြင့်အောင် လုပ်ဖို့ ကို သတိမရကြတော့ဘူး။ ဒါက သူတို့ရဲ့ ဝင်ငွေနဲ့ဘဝရပ်တည်ရေး ကို အာမခံချက်မရှိဘူးလို့ ယူဆ ကြသူတွေရဲ့ အတွေးတွေကြောင့်ပဲ။ ဒါကြောင့် သူတို့ရဲ့ လစာကို ထိုက် တန်တဲ့လစာ ငွေကြေးရဖို့က စဉ်း စားပေးရမှာ အမှန်ပဲ”ဟု ဒေါက်တာ နေဝင်းနိုင်က ဆက်လက်ပြော သည်။

ဆရာဝန်များမှာ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီးအပြင် ဆေးခန်းတွေထိုင်သကဲ့သို့ မိမိတို့ ဆရာများသည် ကျူရှင်သင်တာ မဆန်းပါဟု အကြောင်းပြချက်များ ပေးကြသည်။ ”ပွင့်ပွင့်လင်းလင်းပြောရရင် အကျင့်ပါနေပါပြီ။ ပြောရင် လွယ်သလိုလိုနဲ့ တကယ်ခက်ပါတယ်။ မလုပ်ရင်လည်း မရပါဘူး။ အရည်အချင်းကို ပြည့်အောင် လုပ်မှဖြစ်မှာ ပါ”ဟု မြန်မာ့ပညာရေး လေ့လာနေသူတစ်ဦးက ပြောသည်။

မင်းသုအောင်

မူရင်းလင့်က ဒီမှာပါ။

ကိုယ်ပိုင်ဂျက်ဖြင့် ပုဂံသို့လာရောက်သော ပြည်ပဧည့် ယခုနှစ် များလာ

ယခုနှစ်တွင် ပုဂံသို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် မိသားစုလိုက် လာရောက်သောပြည်ပဧည့် များပြားလာကြောင်း ပုဂံဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးသန်းရွှေထံမှ သိရသည်။

”ပုဂံကို ပြည်တွင်းကရော ပြည်ပကပါ ဧည့်သည်တွေအများကြီး ဝင်နေတာ။ ပြည်ပရောက်နေ တဲ့ မြန်မာလူမျိုးတွေကလည်း လွတ်လပ်စွာ ပြန်လာခွင့်ရနေတော့ လာကြ တယ်။ ညောင်ဦးလေဆိပ်ကို ကိုယ်ပိုင်လေယာဉ်နဲ့ လာတဲ့သူတွေက မိသားစုတွေများတယ်”ဟု အ ထက်ပါပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံသို့ ကိုယ်ပိုင်လေယာဉ်များဖြင့် လာရောက်ရန်အတွက် လေယာဉ်အမျိုးအစားနှင့် ခရီးသည်ဦးရေ အချက်အလက်များကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ ၇ ရက်ခန့်အနည်းဆုံး ကြိုတင်ပေးပို့ရပြီး ဌာနမှစိစစ်ခွင့်ပြုပြီးမှသာ ပျံသန်းခွင့်ရှိကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

”ဆင်းသက်ခွင့်ပြုထားတဲ့ လေဆိပ်တွေထဲမှာ ညောင်ဦး (ပုဂံ) လေဆိပ်ကို အများဆုံးဆင်းကြတယ်။ ညောင်ဦးလေဆိပ်ကို ဆင်းမယ်ဆိုရင် မန္တလေးဆင်းခွင့်ပါ တွဲလျှောက်ကြတယ်။ မန္တလေးမှာ ဆီဖြည့်ရတာမို့”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ကိုယ်ပိုင်လေယာဉ် ဆင်းသက်ခွင့် လျှောက်ထားခြင်းကို ခရီးသွားကုမ္ပဏီများနှင့် လေကြောင်းလိုင်းများမှ ပြုလုပ်ပေးကြပြီး အများအားဖြင့် UAE နိုင်ငံမှ လျှောက်ထားပေးခြင်း များပြားကြောင်း ၄င်းထံမှ သိရသည်။

စင်းလုံးငှား လေယာဉ်ဖြင့် ဥရောပ၊ အရှေ့အာရှနှင့် ရုရှားနိုင်ငံ မှ ခရီးသည်များ အများဆုံးလာရောက်ကြပြီး စင်းလုံးငှားလေယာဉ် ရပ်နားခွင့်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဟဲဟိုး၊ ညောင်ဦး လေဆိပ်များတွင် ခွင့်ပြုထားကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

ဝေယံမိုးမြင့်

မူရင်းလင့်က ဒီမှာပါ။

ငွေတောင်ပြည်သို့ ပြည်ပဧည့်အဝင် များစေရန် ပြည်နယ်အစိုးရ ကြိုးပမ်းမည်


ရန်ကုန်၊ မတ် ၁၆ ငြိမ်းချမ်းရေးရောင်နီ သမ်းလာသော ကယားပြည်နယ်သို့ ပြည်ပဧည့်အဝင် တိုးမြင့်လာစေရန် ပြည်နယ်အစိုးရမှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

ကယားပြည်နယ်သည် မြန် မာနိုင်ငံ၏ ရှားပါးတိုင်းရင်းသား မျိုးနွယ်စုဖြစ်သော ပဒေါင်လူမျိုးတို့ နေထိုင်ရာ အရပ်ဒေသဖြစ်သည့် အပြင် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားနိုင်သည့် ရေမြေတောတောင်နှင့် သဘာဝသယံဇာတ များရှိသော်လည်း ယခင်က ဒေသအတွင်း မတည်ငြိမ်မှုများရှိခဲ့သည့် အတွက် ပြည်ပခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးမှုနည်းပါးခဲ့ရကြောင်း၊ ထို့ အပြင် ကယားပြည်နယ်သို့ လာရောက် လည်ပတ်လိုသော ပြည်ပဧည့်များမှာ သက်ဆိုင်ရာ၏ ခွင့်ပြုချက် များဖြင့်သာ လာရောက် လည်ပတ်ခွင့်ရပြီး လွိုင်ကော်မြို့ အတွင်းသာ သွားလာခွင့် ရှိခဲ့ ကြောင်း၊ ယခုမူ ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင်ခြည်သန်း လာပြီဖြစ်သည့်အတွက် ဆယ်စု နှစ်စာမျှ နောက်ကျကျန်ခဲ့သော ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မလိုလားအပ်သော အတားအဆီးများ ဖြေလျှော့ပေးသွားရန် ပြည်နယ် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အခြေခံ လိုအပ်ချက်ဖြစ်သော နိုင်ငံတကာအဆင့် ဟိုတယ်များ ပေါ်ထွန်းလာစေရေး အတွက် မြန်မာနိုင်ငံခရီးသွားလာရေး လုပ်ငန်းဘုတ်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

”ကျွန်တော်တို့အနေနဲ့ အခု အချိန်မှာ ပြည်နယ်အတွင်း ငြိမ်းချမ်း ရေးရရှိလာပြီဖြစ်တဲ့အတွက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကုန်လုပ်သွားမှာပဲ။ လောလောဆယ် ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ ထိ စပ်နေတဲ့နေရာ ကိုးခုမှာ နယ်စပ် ကုန်သွယ်ရေးစခန်းတွေ ဖွင့်သွားဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ကို တင်ပြဆောင်ရွက်သွားမယ့် အပြင် ခရီးသွားလုပ်ငန်းကိုလည်း အဆင်ပြေချောမွေ့အောင် စီစဉ်ပေး သွားမယ်”ဟု ၄င်းကဆိုသည်။

ပြည်ပ ဧည့်လမ်းညွှန်တစ်ဦးက ကယားပြည်နယ်သည် နိုင်ငံခြားသားများ စိတ်ဝင်စားသည့်ဒေသ တစ်ခုဖြစ်သည့်အပြင် သဘာဝအခြေခံ ခရီးတစ်ခုအဖြစ် ပေါ်ထွန်း လာဖွယ်ရှိကြောင်း၊ ယခင်က ကယားပြည်နယ်သို့ သွားရောက် လိုသော နိုင်ငံခြားခရီးသည်များမှာ နေရာဒေသ ကန့်သတ်ချက် အခက်အခဲများကြောင့် သွားလာမှု နည်းပါး ခဲ့သော်လည်း KNPP နှင့် အစိုးရအကြား သဘောတူညီမှုများရရှိပြီနောက် ကန့်သတ်ချက်အချို့ လျော့နည်းလာခဲ့သည့်အတွက် ပြည်ပ ဧည့်ဦးရေ မြင့်တက်လာခဲ့ကြောင်း ပြောသည်။

သူရထွန်း၊ မေဇင်ဝင်း

မူရင်းလင့်က ဒီမှာပါ။

ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ လမ်းများ ရှေးမူမပျက် ပြုပြင်မည်


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားသွားလမ်းများကို မိုးတွင်းပါ သွားလာနိုင်စေရန် ရှေးမူမပျက် ပြုပြင်ပေးမည်ဖြစ်ကြောင်း ပုဂံရှိ ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူက ပြောသည်။

”ရှေးမူမပျက်ဆိုတာက ရှိပြီးသား မြေသားလမ်းကိုပဲ မြေပြင်အနေအထားနဲ့ ကိုက်ညီမယ့် ပုံစံမျိုးပေါ့။ မိုးတွင်းဆို မြေသားလမ်းတွေက ရွှံ့တွေ၊ ဗွက်တွေ ဖြစ်တယ်။ အဲဒီလို မျိုး မဖြစ်အောင် မူလမြေသား အရောင်နဲ့လည်း မတိမ်းမယိမ်း ဖြစ် အောင် ပြုပြင်သွားမယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာလမ်းခွဲ-ဓမ္မရံကြီးဘုရားလမ်း၊ ဓမ္မရံကြီးလမ်းခွဲ- စူဠာမုနိဘုရားလမ်း၊ စူဠာမုနိဘုရား-ဆင်ဖြူရှင်ဘုရား လမ်း၊ ဆင်ဖြူရှင်ဘုရား-လေးမျက် နှာဘုရားလမ်း၊ အနော်ရထာ-ရွှေဆံတော်-ပုဂံမြို့သစ်လမ်း၊ ရွှေဆံ တော်ဘုရား-မင်္ဂလာစေတီဘုရား လမ်း၊ ဓမ္မရံကြီးလမ်းခွဲ-ဓမ္မရာဇက ဘုရားလမ်းနှင့် အလိုတော်ပြည့် ဘုရား-စူဠာမုနိဘုရားလမ်း စသည့် မြေသားလမ်းများကို မူလသဘာဝ အခြေအနေများ မပျက်စေရန် ရှေးမူမပျက် ပြုပြင်ဆောင်ရွက်ပေး လျက်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန် အစည်း အဝေးတွင် ပြောကြားထားသည်။ ”တချို့ဘုရားတွေဆို ဘုရားတွေထဲ ကားမဝင်ရတာ ရှိတယ်။ အဲဒီလိုမျိုးကျတော့ လမ်းလျှောက်ဝင်ရတဲ့အခါ အဆင်ပြေအောင် လုပ်ပေးတာမျိုး၊ ဘုရားပတ်လည်က မြေနီလမ်းတွေကို သွားရလာရ အဆင်ပြေအောင် လုပ်ပေးတာမျိုးတွေဆို ကောင်းပါတယ်”ဟုပုဂံအခြေ စိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။

လက်ရှိတွင် ပုဂံသို့ ခရီးသွား ဝင်ရောက်မှု များပြားလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးသာမက ခရီးသည်များ လုံခြုံရေးအတွက် အဓိက လမ်းမကြီးများတွင် မီးလင်းရန် လို ကြောင်း အထက်ပါ လုပ်ငန်းရှင်က အကြံပြုသည်။

”ညနေပိုင်း နေဝင်ချိန်ကြည့်ပြီး ပြန်လာတဲ့ ဧည့်သည်တွေဆို မိုးချုပ်တယ်၊ တချို့ မိန်းလမ်းတွေက မီးမလင်းတဲ့အခါကျတော့ ဧည့်သည်တွေ လုံခြုံရေးအတွက် ပြဿ နာတွေ ရှိလာနိုင်တယ်” ဟု ၄င်းက ပြောသည်။

မေဇင်ဝင်း

မူရင်းလင့်က ဒီမှာပါ။

ဘာလဲဟဲ့ … ကြားဖြတ် ရွေးကောက်ပွဲ


ဦးရုက္ခစိုးတယောက် ရန်ကုန်ရွှေမြို့တော်သို့ ရောက်ရှိကာ ကြားဖြတ်ရွေးကောက်ပွဲအကြို အခင်းအကျင်းများကို လှည့်လည် စနည်းနာလျက်ရှိလေသည်။

ဒီမိုကရေစီ လေဒီကြီးခရီးစဉ်များတွင် ပရိသတ်တို့ ကြက်ပျံမကျ စည်ကားမှု၊ တအိမ်တယောက် မတက်မနေရဟူသော ကြံ့ဖွတ်အမတ်များ၏ ရှေးမူမပျက် ဆင့်ခေါ်မှုများမှသည် ပြိုင်ဘက် အမတ်လောင်း အချင်းချင်း ပုဂ္ဂိုလ်ရေး ထိုးနှက်မှု၊ ဒီမို အမတ်လောင်း မဲဆွယ်ပွဲကို လေးခွနှင့်ချောင်း၍ သမလေသဖြင့် စတိတ်မန့် ထုတ်ရမှုအထိ ဒီမိုကရေစီနည်းကျကျ အခင်းအကျင်းကြီးကား ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၁၀ ရက်သာလိုသော မြန်မာပြည်ဝယ် ဖြစ်ပေါ်လျက်ရှိပေသတည်း။

ရန်ကုန်မြို့တနေရာဝယ် ပြောင်းဖူးတဖူး ကိုင်မြှောက်ထားသော နောက်တော်ပါနှင့် ချီတက်လာသော နဖူးပြောင်ပြောင်၊ တိုက်ပုံနှင့်လူတဦးကို ဥက္ကလာတောင်ပိုင်းမြို့ တနေရာဝယ် ဦးရုက္ခစိုး လှမ်းတွေ့လေသည်။

ထို့ကြောင့် ဦးရုက္ခစိုးကား ဥက္ကလာတောင်ပိုင်း နတ်မင်းကြီးအား စုံစမ်းသမှု ပြုရလေတော့သည်။

ဦးရုက္ခစိုး ။ ။ သယ် … မြန်မာပြည် လူနေမှု အဆင့်အတန်း မြင့်နေပါကရောလား။ ပြောင်းဖူးသည်တောင်မှ တိုက်ပုံနဲ့ ပြောင်ဖူးသယ်ပေးမယ့် လူငှားနဲ့ပါကလား။ တယ်တိုးတက်နေပါပေါ့ ဥက္ကလာနတ်မင်းကြီးရဲ့။

ဥက္ကလာတောင်ပိုင်း နတ်မင်းကြီး ။ ။ ဖွတ် … စားတဲ့ ယာတော်ကွမ်းတောင် ထွက်ကျကုန်ပြီ။ ဘယ်ကလာ ပြောင်းဖူးသည် ရမှာတုန်း၊ ကျုပ်အပိုင်စား နယ်ထဲမှာ လမ်းတွေ တခြမ်းပဲရှိတာ ဒင်းလက်ချက်ပေါ့။ ခု ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မယ့် မြို့တော်ဝန်ဟောင်း ကြံ့ဖွတ်ပါတီကပေါ့ဗျ။ ဒင်း ရန်ကုန်မြို့ဝန်ဖြစ်စဉ်က သစ်ပင်တွေ ခုတ်ခုတ်ပစ်လို့ ကျုပ်တောင် စံနန်းခဏခဏ ပြောင်းခဲ့ရပါပေါ့လား။

ဦးရုက္ခစိုး ။ ။ သြော် မဲဆွယ်တဲ့ အနေနဲ့ ပြောင်းဖူး ဝေတယ်ထင်ပါ့၊ ကောင်းတာပေါ့ဗျာ။

ဥက္ကလာတောင်ပိုင်း နတ်မင်းကြီး ။ ။ မဟုတ်ပါဘူး၊ ချင်းမိုင် ဦးရုက္ခစိုးရဲ့၊ နတ်မျက်စိနဲ့ သေချာကြည့်ပါဦးဗျ။ ဒါ ယတြာဗျ၊ ယတြာ၊ ပြောင်းဖူးမှာ “မ” လို့ ရေးထားတယ်။ ပြောချင်တာက “မပြောင်းဘူး” ပေါ့ဗျာ။ မပြောင်းရရေးပေါ့။

ဦးရုက္ခစိုး ။ ။ ဒါဖြင့် လွဲပေတာပဲ ဥက္ကလာနတ်မင်းကြီးရဲ့။ ပြောင်းဖူးတို့မည်သည် “အပြုတ်” ခံရစမြဲကိုးဗျ။ ဒီပါတီတော့ ပြောင်းဖူးဆောင်မှ ခွက်ခွက်လန်အောင် “ပြုတ်” တော့မှာပဲဗျို့။

ပြောပြောဆိုဆို ဦးရုက္ခစိုးသည် ဟိုမှသည်မှ နာမ်သဘောနှင့် ဆက်လက်ရွေ့လျောနေရာ တနေရာအရောက်ဝယ် “ကောင်းတာကို ကောင်းတယ် မပြောတာ မကောင်းတာပဲ” စသဖြင့် ဗိုလ်သံမပျောက်သည့် အာဏာသံ ပါဏာသံကို နတ်နားကြားရလေ၏။

ဦးရုက္ခစိုးက စူးစမ်းအပ်သည်ရှိသော် ယမကာနှစ်ခွက်နှင့် တွေ့ဆုံမူးယစ်ခန်းလုပ်နေသော မျက်လုံးမှေးမှေး ဝဝအစ်အစ် ဂျာနယ်လစ်ကြီးတဦးနှင့် အဆီပြန်နေသော မျက်နှာတင်းတင်းနှင့် လူတဦးကို တွေ့ရှိရလေသည်။ သေချာကြည့်ရှုလိုက်သည်ရှိသော် ကြံ့ဖွတ်ပါတီခေါင်းဆောင်တဦးဖြစ်သူ စက်မှုဖျက်မှု ဝန်မင်းဟောင်း ဖြစ်တော့သကိုး။

ဂျာနယ်လစ် ။ ။ ပြိုင်ဘက် ဒီမိုကရေစီ လေဒီကြီးက ပြည်သူ့မေတ္တာ လှည့်လည် ခံယူနေတုန်း အဘတို့က ဘယ်သူကြိုးတုပ်ထားလို့ ငြိမ်နေတာတုန်း။

စက်မှုဖျက်မှု ဝန်ဟောင်း ။ ။ မငြိမ်ပါဘူး။ နေသာပြီး လူစုံတဲ့နေ့မှာ “မြန်မာ့နွေဦး” လုပ်မလို့ စီမံနေပါတယ်။ Image ကောင်းအောင် ပုံနှိပ်တိုက်ကောင်းကောင်းမှာလည်း အပ်ထားပါတယ်။ လူစည်တာကတော့ကွာ … ဟဲ … ဟဲ .. အရင်လို တအိမ်တယောက် မလာမနေရဆို ကွင်းလုံးတောင် လျှံသွားဦးမယ်။ မလုပ်ချင်သေးလို့ပါ … ဟဲ ဟဲ။

ဂလု … ဂလု … ဂွပ် (ဖန်ခွက်မော့သံ)။

ဂျာနယ်လစ် ။ ။ ဒါဆို အဘတို့ပါတီက မဲတွေ ရမယ် သေချာတယ်ပေါ့။

စက်မှုဖျက်မှု ဝန်ဟောင်း ။ ။ ကြိုတင်မဲတွေ ရှိပါတယ်လေ။

ဂျာနယ်လစ် ။ ။ ဒီမိုကရေစီ လေဒီကြီး မဲဆွယ်တဲ့အပေါ် ဘယ်လိုမြင်တုန်း။

စက်မှုဖျက်မှုဝန်ဟောင်းသည် ရုတ်ချည်း တင်းမာသော မျက်နှာထားဖြင့် -

စက်မှုဖျက်မှု ဝန်ဟောင်း ။ ။ သူဟာ ကျနော်တို့ ကောင်းတာကို ကောင်းတယ်လို့ မပြောတဲ့အတွက် ကောင်းတဲ့သူတွေကို ကောင်းတယ် မပြောနိုင်အောင်ဖြစ်နေတဲ့ မကောင်းတဲ့သူလို့ ကောင်းကောင်း ပြောလိုက်ချင်ပါတယ်။

နတ်တို့တန်ခိုးဖြင့် နားထောင်နေသော ဦးရုက္ခစိုးမှာ မြန်မာစကားကို မြန်မာလို နားမလည် ဖြစ်သွားကာ စိတ်ပျက်ပြီး ဆက်လက်ထွက်ခွာလာလေသည်။ ဤသို့ဖြင့် စာသင်ကျောင်းတခု အရိပ်သို့ ခိုကပ်ခိုက် “ခြစ်ချင်တာကို ခြစ်သွားပါ”၊ “ခြစ်ချင်တာကို ခြစ်သွားပါ” ဟူသော ထူးခြားသော အသံကို ကြားရလေ၏။ စနည်းနာထွက်လာသော ဦးရုက္ခစိုးလည်း လေ့လာသမှု ပြုရပြန်လေသည်။

ကြိုတင်မဲပေးပွဲဟူသော နဖူးစည်း စာတမ်းအောက်ဝယ် မျက်နှာငယ်လေးများနှင့် ထိုင်နေသော ဆရာလောင်း၊ ဆရာမလောင်းလေးများကို တွေ့ရသတတ်။ ရှေ့တွင်ကား ခန့်ခန့်ကြီး ထိုင်နေသော ဆရာကြီးတဦး၊ အခန်းပတ်လည်အတွင်းဝယ် များပြားသော အစောင့်အကြပ်များကို တွေရလေ၏။

ဆရာကြီး ။ ။ မဲပေးမယ့် စာအိတ်မှာ နာမည်ရေးထားတယ် … ဟဲ ဟဲ … ခြစ်ချင်တာကို ခြစ်သွားပါ၊ ခြစ်ချင်တာကို ခြစ်သွားပါ။

ကြိုတင်မဲပေးရမည့်သူများက တယောက်မျက်နှာ တယောက်ကြည့်ကာ အကြံအိုက်လျက် ရှိကြကုန်၏။ ဦရုက္ခစိုး၏ နတ်မျက်စိဝယ် သူတို့အားလုံးအတွေး၌ ဒေါင်းရုပ်ကလေး နံဘေးဝယ် အမှန်ကလေးများ ခြစ်လိုက်ကြသည်ကို မြင်ရသော်လည်း စာရွက်ပေါ်၌ကား ခြင်္သေ့ဘေး၌သာ ကတုန်ကယင်ဖြင့် အမှန်ခြစ်လိုက်ကြသည်ကို တွေ့ရလေတော့၏။

လွတ်လပ်၍ တရားနည်းကျသော ကြိုတင်မဲပေးပွဲကြီးပါတကားဟု သံဝေဂရလျက် ဦးရုက္ခစိုးသည် နောက်ကြောင်းလှည့် ပြန်မည်ရှိသော် ဟိုတယ်တခုရှေ့ဝယ် ရဲတွေ စစ်သားတွေ ယောက်ယက်ခတ်မြင်ရသဖြင့် စပ်စုရပြန်ချေသည်။

ဤတကြိမ်၌ကား ဆိုင်ရာနတ်မင်းတို့ကို အပူမကပ်တော့ပြီဟု ကိုယ်ထင်ပြလျက် ဒေါင်းရုပ်တွေ အများကြီးပါသော ဂျာနယ်ကို ဖတ်ရှုနေသည့် ဆိုက္ကားဆရာထံ ချဉ်းကပ်မေးမြန်းလေသည်။

ဦးရုက္ခစိုး ။ ။ ဒီမယ် မောင်မင်းဆိုက္ကားဆရာရဲ့၊ ရဲတွေ လူတွေ ယောက်ယက်ခတ်လို့ပါလား။ ဘာဖြစ်သတုန်း။

ဦးရုက္ခစိုး ။ ။ သြော် ဇာတ်ပွဲနားလို့ နတ်ဝတ်နတ်စားနဲ့ အစာကြေဆေးလိုက်ရောင်းနေတဲ့ လူရွှင်တော်ကြီးထင်ပါ့။ အဲဒီဘက် မသွားနဲ့ဗျို့၊ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့လာလို့ဆိုပြီး နိုင်ငံခြားသားကို ဟိုတယ်မှာ ခြေချုပ်ချထားတာဗျ။

ဇာတ်ပွဲမှ အစာကြေဆေးရောင်းသူဟု ဆိုက္ကားဆရာက ထင်နေသဖြင့် အောင့်သက်သက် ဖြစ်သော်ငြားလည်း ဦးရုက္ခစိုးသည် သတင်းကို ပိုစိတ်ဝင်စားသည်ဖြစ်၍ ဆက်လက် စပ်စုရလေသည်။

ဦးရုက္ခစိုး ။ ။ ဟ … အစိုးရက မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ် ပြောထားပြီး လာကြည့်မယ့်သူကို လက်မခံဘူးလားကွ။

ဆိုက္ကားဆရာ ။ ။ သူတို့ ဖရီးအန် ဖဲက ဦးလေးသိတဲ့ အတိုင်းပဲလေ။ ခုတောင် ဒီလောက် မဲစာရင်းတွေ ပျောက်နေတာကိုး။ ကျနော်နဲ့ ကျနော့်မိန်းမ မဲစာရင်းထဲ မပါဘူးဗျ။ ကျနော့်သား ၄ နှစ်ကောင်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကဆုံးတဲ့ ယောက္ခမကျတော့ မဲစာရင်းထဲ ပါတယ်ဗျ။

ဦးရုက္ခစိုး ။ ။ ဟေ … ဟုတ်သလားကွ။

ထို့နောက် ဦးရုက္ခစိုးကား ရွေးကောက်ပွဲ စောင့်ကြည့်ရန် ဝင်လာသည့် နိုင်ငံခြားသားကို ခြေချုပ်ချထားရာ ဟိုတယ် အနီး တိုးကပ်လာခဲ့လေသည်။

“သြော် … ကြားဖြတ်ရွေးကောက်ပွဲလည်း တဖြည်းဖြည်းနဲ့ ကြားက ဖြတ်လုတဲ့ ရွေးကောက်ပွဲ ဖြစ်တော့မှာပါကလား” ဟု ရေရွတ်မိလိုက်လေ၏။ ထိုစဉ် နောက်နားဆီမှာ “ဟ … ဒီမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်သူတယောက် ရောက်နေတယ်ဟေ့” ဟူသော အော်ဟစ်သံကြား၍ လှည့်ကြည့်လိုက်ရာ အက်စ်ဘီဟု အများခေါ်ကြသည့် အရပ်ဝတ်နှင့် “အရမ်းဖမ်း ရဲအဖွဲ့” တဦးကို တွေ့လိုက်ရလေသည်။

အမှန်တကယ်လည်း ဦးရုက္ခစိုးသည် ကြားဖြတ်ရွေးကောက်ပွဲ စနည်းနာရန် ရောက်ရှိနေခြင်း ဖြစ်ပေရာ မိတ်ဆွေများဖြစ်သော ရန်ကုန်နတ်မင်း၊ စည်ပင်သာယာစောင့် ဘိုးဘိုးကြီးတို့ကိုပင် နှုတ်မဆက်နိုင်တော့ဘဲ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ချင်းမိုင်မြို့ ဒွိုင်ဆူးထက်တောင်ပေါ်ရှိ စံရာဘုံနန်းသို့ အပြေးကလေး မြန်းရလေတော့သတည်း။

“ဘာလဲဟဲ့ … ကြားဖြတ်ရွေးကောက်ပွဲ … ဘာလဲဟဲ့ … ကြားက ဖြတ်လုတဲ့ ရွေးကောက်ပွဲ”

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

မူရင်းလင့်က ဒီမှာပါ။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံမေးမြန်းခြင်း (၁)

ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် မတ်လ၁၉ ရက်နေ့က တနာရီခန့်အကြာ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယခုနှစ်အတွင်း အပြီးသတ် ထွက်ရှိမည့် မီဒီယာဥပဒေရေးဆွဲထားမှု၊ ဝန်ကြီး ဦးကျော်ဆန်းပြောဆိုခဲ့သည့် လွတ်လပ်မှုနှင့် တာဝန်ယူမှုအကြောင်း၊ စာနယ်ဇင်းကောင်စီဖွဲ့စည့်မည့် ကိစ္စ၊ စာနယ်ဇင်းသမားများကို အကာအကွယ်ပေးရေး၊ နိုင်ငံတကာမီဒီယာများအပေါ် ဝန်ကြီးဦးကျော်ဆန်း၏ အမြင်တို့ကို မေးမြန်းထားပါသည်။


မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ဝန်ကြီး ဦးကျော်ဆန်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၁) ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁-၀၂ ခုနှစ်တွင် ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။

မေး ။ ။ ကျနော်တို့ နောက်ဆုံးသိတာကတော့ Media law ကို စဆွဲနေပါပြီ။ အဲဒီတော့ Media law နဲ့ ပတ်သက်ပြီးတော့ အခု ဘယ်အဆင့် ရောက်နေပြီလဲ။ တချို့ကလည်း ကောလာဟလတွေရှိတယ်။ ပထမဆွဲနေတဲ့ Draft ကတော့ ပျက်သွားပြီ။ အသစ်ပြန်ဆွဲတယ်ဆိုတဲ့ အသံတွေမျိုး ထွက်နေပါတယ် ဆိုတော့ ကျနော်တို့ အဲဒါနဲ့ ပါတ်သက်ပြီးတော့ သိလို့ရမလာ။

ဖြေ ။ ။ ပထမ Draft ကတော့ ကျနော်တို့ ဆွဲပြီးပြီ။ အဲဒီဆွဲပြီးတဲ့ Draft ကို ကျနော်တို့က ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရှေ့နေချုပ်ရုံးကို ပေးပို့ပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေကိုတောင်းတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ဆီကို သူတို့ရဲ့ Recommendation အနေနဲ့ ကျနော်တို့ဆီကို ပြန်ပို့ထားပြီ။ ဒါ ကျနော်တို့ဆီမှာ ရှိနေပြီ။ ကျနော်တို့က ဒီ Draft ကို Second Draft ပြန်ဆွဲဖို့ရှိတယ်။ အဲတော့ ဒီ Second Draft ကို ပြန်ဆွဲဖို့ရာအတွက် အခုလို ယူနက်စကိုနဲ့ ကျနော်တို့ ကွန့်ဖရင့်တွေလုပ်ပြီးတော့မှ နိုင်ငံတကာရဲ့ Press law နဲ့ပတ်သက်တဲ့ အခြေအနေတွေ Ethic တွေ၊ နောက်သူရဲ့ Right တွေ စသဖြင့် ကျနော်တို့ အခုလေ့လာနေကြတယ်။

မေး ။ ။ အဲဒါက ၂၀၁၂ မှာ ပြီးမှာလား။ နောက်တခု ကျနော်သိချင်တာက ဒီ Draft က တချို့ကပြောကြတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားမှာ၊ နောက်ဆုံးကြားတာကတော့ အင်ဒိုနီးရှားအပေါ်မှာ မှုတည်ပြီးတော့ Media law ဆွဲတယ်လို့ ပြောကြတာ ရှိပါတယ်။ အဲဒါက ၀န်ကြီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့က အာဆီယံနိုင်ငံတွေရဲ့ Media law တွေကိုလည်း အကုန်လေ့လာတယ်။ နောက်တခါ အခြားသော အမေရိကန်၊ အိန္ဒိယ စသဖြင့် ဒီလိုဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ Media law တွေကိုလည်း ကျနော်တို့ လေ့လာတယ်။ အဲဒီလို လေ့လာပြီးတဲ့အခါမှာ ဘယ်နိုင်ငံကိုမှ ကျနော်တို့ ပုံတူကူးချမှာတော့ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ အတိတ်သမိုင်း ရှိတယ်၊ အဲဒီအတိတ်သမိုင်းမှာ ကျနော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာတွေ အများကြီး ရှိတယ်။ စာပေစာနယ်ဇင်းနဲ့ ပတ်သက်လို့ ရရှိခဲ့တဲ့သင်ခန်းစာတွေလည်း အများကြီး ရှိတယ်။ နောက်တခါ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ပကတိ အရှိတရားတွေလည်း ရှိနေတယ်။ အဲဒီတော့ ရရှိခဲ့တဲ့ အတိတ်သမိုင်းက သင်ခန်းစာတွေရယ် ဒီနေ့ ပကတိအရှိတရားတွေရယ် နိုင်ငံတကာရဲ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်မှုတွေရယ်၊ အဲဒီထဲကမှ ကျနော်တို့ နိုင်ငံအတွက်ကောင်းတဲ့၊ ကျနော်တို့နိုင်ငံအတွက် အကျိုးရှိနိုင်တဲ့၊ ကျနော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဒါတွေအားလုံးကို ကိုယ့်နိုင်ငံအတွက် အကောင်းဖြစ်အောင် ရေးဆွဲမှာပဲ။ ဘယ်နိုင်ငံရဲ့ဟာကိုမှ ထပ်တူ ယူချတယ်ဆိုတာ မရှိပါဘူး။

မေး ။ ။ မနေ့က ၀န်ကြီးရဲ့ မိန့်ခွန်းမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုတွေ တော်တော်ပြောတာ တွေ့တယ်။ ကျနော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အတော်စိတ်ဝင်စားတယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု ပတ်သက်လာရင် မြန်မာ့စာနယ်ဇင်းက လောလောဆယ် အဲဒီလွတ်လပ်မှု တာဝန်ယူမှုမှာ တကယ်ကို အသားကျနေပြီလို့ ၀န်ကြီး ထင်သလား။

ဖြေ ။ ။ ဒီ မေးခွန်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပါ။ အဲဒီတော့ ဒီမေးခွန်းက ကျနော်လည်း ကျယ်ကျယ်ပြန့်ပြန့်လေး ဖြေချင်ပါတယ်။ ပထမဦးဆုံး ကျနော် မီဒီယာအပေါ်မှာ ကျနော်တို့ရဲ့ အမြင်လေးကို နည်းနည်း အရင်ပြောချင်ပါတယ်။ မီဒီယာအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ကတော့ ကနေ့အခါမှာ မီဒီယာဟာ ပြည်သူအတွင်းမှာ အင်မတန် သြဇာကြီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့် သြဇာကြီးတာလဲလို့ ပြောရင် ဒီနေ့ IT, ICT နည်းပညာတွေက အင်မတန် တိုးတက်လာပါတယ်။ အဲဒီလို တိုးတက်လာတဲ့အလျောက် ကမ္ဘာ့အရှေ့ခြမ်းမှာ ဖြစ်တဲ့ဖြစ်စဉ်တခုက အနောက်ခြမ်းကို တောင်ခြမ်းကို မြောက်ခြမ်းကို စက္ကန့်ပိုင်းအတွင်း မိနစ်ပိုင်းအတွင်း ရောက်သွားတယ်။ နောက်တခါ အဲဒီမီဒီယာရဲ့ Cover ဖြစ်မူကလည်း အင်မတန်ကျယ်ပြန့်တယ်။

တခါ ဒီမီဒီယာကို နည်းပညာနဲ့ ပြန်လည်တားဆီးလို့ မရပါဘူး။ လုံးဝကြီး မရတာတော့ မဟုတ်ဘူးပေါ့။ တားဆီးလို့တော့ ရတာပေါ့။ ဥပမာ – ရေဒီယို ထုတ်လွင့်မယ်။ အဲဒီရေဒီယိုကို သူ့ထက်အားကြီးတဲ့ Jumping လုပ်ရမယ်။ သို့သော်လည်းပဲ ဧရိယာ Wide ကြီး လုပ်ဖို့အတွက်ကျတော့လည်း အင်မတန် ခက်ပါတတယ်။ အကုန်အကျလည်း အင်မတန်များပါတယ်။ ဒါကြောင့်မို့လို့ မီဒီယာဟာ နယ်စည်းမရှိဘူး။ Border မရှိဘူး။ သူ့ကိုတားဆီးနိုင်တဲ့ နည်းပညာ ဒီနေ့အထိတော့ မရှိသေးဘူး။ အဲဒီတော့ သူ့ကို ကျနော်တို့က ဘာနဲ့တန်ပြန်ရမလဲဆိုရင် ပြည်သူတွေမှာ အမှားအမှန် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဆုံးဖြတ်နိုင်စွမ်းတဲ့ အသိဗဟုသုတ ရှိအောင် တနည်းအားဖြင့်ပြောရင် မီဒီယာကို ကိုယ်ခံစွမ်းအား ရှိအောင် ကျနော်တို့က လုပ်ပေးတဲ့နည်းပဲ ကျနော်တို့မှာ ရှိပါတယ်။ ဒါကမီဒီယာပေါ်မှာ တပိုင်း ကျနော်ရဲ့ အမြင်ပါ။

နောက်တခါ မီဒီယာဟာ အဖြူရောင်ပါ။ ဒီနေရာမှာ ဒီဖြစ်စဉ်တစ်ခု ဖြစ်ပျက်တယ်ဆိုရင် ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ်၊ ဘယ်လိုဖြစ်တယ် ဘာဖြစ်သွားတယ်ဆိုတာ သူ့အဖြစ်အတိုင်း သူဟာသူ ရှိနေတယ်။ အဖြူရောင်ပါ။ သို့သော် အဲဒီအဖြူရောင်က ပြည်သူဆီကို ပေးပို့လိုက်တဲ့လူပေါ် မူတည်ပြီးကာမှ အရောင်အမျိုးမျိုး ပြောင်းသွားတတ်ပါတယ်။ အမှန်ဟာ အမှားအဖြစ်နဲ့ ပြည်သူဆီကို ရောက်သွားတာမျိုးလည်း ရှိတယ်။ အမှန်တ၀က် အမှားတ၀က် ရောက်သွားတာမျိုးလည်း ရှိတယ်။ အမှန်လေးကို နည်းနည်းလေးပဲ အခြေခံပြီးတော့ မိမိလိုချင်တာကို ဆွဲ၊ မိမိလိုရာ ပုံသွင်းပြီးတော့ ရောက်သွားတာမျိုးလည်း ရှိတယ်။ ဖြစ်ပျက်သွားတာက သေးသေးလေးပဲ။ ဒါကြီးကို မိမိလိုချင်သလို ပုံကြီးချဲ့ပြီး တစိတ်ကို တအိတ်ဖြစ်အောင် လုပ်သွားတာမျိုးလည်း ရှိတယ်။

ဒါကြောင့် မီဒီယာဟာ အဖြူရောင်၊ သို့သော် အဲဒီဟာကို ပြည်သူဆီကို ပို့တဲ့အခါမှာ အရောင်အမျိုးမျိုး ပြောင်းသွားတာ အဲဒီပေးပို့တဲ့ မီဒီယာသမားအပေါ်မှာ မှုတည်တယ်။ အဲဒီတော့ မမှန်မကန်တဲ့ မီဒီယာမျိုးတွေ ပြည်သူဆီကို ရောက်သွားရင် ဒါဟာ ပြည်သူတွေအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ အဲဒီဖြစ်စဉ်အတွက်ရော ကောင်းတဲ့အကျိုးကို မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် အဖြူရောင်ဖြစ်တဲ့ ဒီမီဒီယာကို ပြည်သူတွေဆီကို ပို့ကြတဲ့ မီဒီယာတွေအတွက် သူတို့တွေ လိုက်နာသင့်သော Ethic တွေ ရှိသင့်တယ်လို့ ကျနော်ဘက်က ယူဆပါတယ်။ ဒါ မီဒီယာအပေါ်မှာ ကျနော်တို့ဘက်က ခံယူတဲ့ ခံယူချက်ပါ။ နောက်တခု အဆင့်တက်ပြီးတော့ ဘာကြောင့် ဒါကိုခင်းနေတာလည်းဆိုတော့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုဆိုတဲ့ဟာကို ကျနော်သွားချင်လို့ ဒါကို ရှင်းပြနေတာပါ။

နောက်တဆင့်က ဘာလဲဆိုရင် ဒီမိုကရေစီအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ပေါ့။ ဒီမိုကရေစီဆိုတာဟာ လူအများရဲ့ အကျိုးကို ဖော်ဆောင်နိုင်တဲ့စနစ်၊ ကျင့်စဉ်။ ဒီမိုကရေစီကို တချို့က ဒါ စနစ်မဟုတ်ဘူး၊ ဒါ ကျင့်စဉ်သာဖြစ်တယ်လို့ ပြောတယ်။ ကျင့်စဉ်လား၊ စနစ်လားဆိုတာတော့ ကျနော်အငြင်းမပွားလိုပါဘူး။ ဒါကြောင့် ဒီမိုကရေစီဟာ လူအများရဲ့ အကျိုးကို ဖော်ဆောင်ပေးနိုင်တဲ့စနစ် သို့မဟုတ် ကျင့်စဉ်အများကြီးထဲက တစ်ခုဖြစ်တယ်လို့ ကျနော်လက်ခံပါတယ်။

သို့သော်လည်းပဲ အဲဒီ ဒီမိုကရေစီရဲ့အကျိုးကို ရဖို့ဆိုရင် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ အားလုံးက ကျင့်သုံးနိုင်မှသာ အဲဒီ ဒီမိုကရေစီရဲ့အကျိုးကို ရမှာ။ ဥပမာ ကျနော်တို့ နိုင်ငံရဲ့ ၁၉၄၈ ကနေ ၁၉၆၂ ကြား အခြေအနေကို ကြည့်ကြည့်ပါ။ ပါလီမန်ဒီမိုကရေစီကို ကျင့်သုံးခဲ့တာ။ သို့သော် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ နိုင်ငံရေးပါတီတွေကရော၊ နိုင်ငံရေးသမားတွေကရော၊ ပြည်သူတွေကရော မကျင့်သုံးနိုင်ခဲ့ကြဘူး။ အဲဒီလို မကျင့်သုံးနိုင်ခဲ့တဲ့အတွက် အဲဒီ ၁၄ နှစ်တာ ကာလအတွင်းမှာ ကျနော်တို့ဟာ ဒီမိုကရေစီကို ကျင့်သုံးကြသော်လည်းပဲ ဒီမိုကရေစီရဲ့ အကျိုးတွေကို ထိုက်ထိုက်တန်တန် ရရှိခံစားရခြင်း မရှိဘူးဆိုတာ အတိတ်သမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့ တွေ့နိုင်ပါတယ်။ ကနေ့ ကမ္ဘာ့ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတဲ့ နိုင်ငံကြီးတွေမှာ ကြည့်ရင်လည်း ဒီသဘောထားလေးတွေ ကျနော်တို့ အများကြီး တွေ့နိုင်ပါတယ်။

ဒါကြောင့် ကျနော်တို့ခံယူတာကတော့ ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်ဖို့ဆိုရင် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ကျင့်သုံးနိုင်မှပါသာ ရရှိနိုင်မယ်လို့ ကျနော်တို့က ဒီလိုပဲ မြင်ပါတယ်။ ကောင်းပြီ၊ ဒါဖြင့်ရင် အဲဒီ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ဖြင့်အောင် ဘယ်သူတွေက ကျင့်သုံးမှာလဲ။ ဘယ်သူတွေက ထိန်းကျောင်း ဘယ်သူတွေက ကျင့်သုံးမှာလဲလို့ မေးရင်တော့ အသေးစိတ်ပြောရရင်တော့ ကနေ့ ဒီမိုကရေစီမှာ အဓိကမဏ္ဍိုင်ကြီး သုံးရပ်လို့ ပြောတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်မှာ ပါနေတဲ့ အမတ်တွေရော၊ အဲဒီဥပဒေပြုရေးမဏ္ဍိုင်တွေရော ကိုယ်တိုင်က သူကိုယ်တိုင်ပဲ ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးရမယ်။ ပြီးရင် တခြားအဖွဲ့တွေက ဒီမိုကရေစီကျင့်သုံးမှုကိုလည်း မှန်မှန်ကန်ကန် ကျင့်သုံးအောင်ကို ပြန်ထိန်းကျောင်းရမယ်။ အလားတူပဲ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ နောက်တခါ ဒါတွေပဲ လားဆိုရင် မကဘူး။ နိုင်ငံရေးပါတီတွေ ရှိတယ်၊ နိုင်ငံရေးသမားတွေ ရှိတယ်၊ သူတို့ကိုယ်တိုင်လည်း ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးရမယ်။ ပြီးရင် တခြားသူတွေ အဖွဲ့အစည်းတွေက ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးအောင် သူတို့ကလည်း ပြန်လည် ထိန်းကျောင်းပေးရမယ်။

ဒါဖြင့်ရင် ဒါပဲလားဆို မကပါဘူး။ အဓိကအရေးကြီးတဲ့ အင်အားစုကြီးတခု ရှိပါသေးတယ်။ အဲဒါက ပြည်သူပါပဲ။ ဒီနေ့ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့ စည်းပုံကို ပြန်ကြည့်ရင် ပြည်သူတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးထားပါတယ်။ Direct ဆုံးဖြတ်တာ ရှိတယ်။ Indirect ဆုံးဖြတ်တာ ရှိတယ်။ သမ္မတကို ပြည်သူက Indirect ရွေးတယ်။ ကိုယ်စားလှယ်တွေကို ပြည်သူက Direct ရွေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတကို ရွေးတယ်။ ပြီးတဲ့အခါမှာ သမ္မတရဲ့ Nomination နဲ့ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေက အုပ်ချုပ်မှု အဖွဲ့အစည်းတွေ၊ တရားစီစဉ်ရေး အဖွဲ့အစည်းတွေ ခန့်တယ်။ ပြည်သူက သမ္မတကို Impeachment ပြန်လုပ်လို့ ရတယ်။ လွတ်တော်ကိုယ်စား လှယ်တွေ Impeachment လုပ်လို့ရတယ်။ အလားတူ ၀န်ကြီးတွေ ဒုတိယ၀န်ကြီးတွေကိုသူ Impeachment လုပ်လို့ရတယ်။ တရားသူကြီးချုပ်ကိုပင်လျှင် သူ Impeachment လုပ်လို့ရတယ်။ ဒါကြောင့် ပြည်သူဟာ တကယ့်အရေးကြီးတဲ့ အဖွဲ့အစည်းပါ။ ဒါကြောင့် ကနေ့ ပြည်သူကို ကျနော့်ဖက်က ပြောနေတာပါ။ ပဉ္စမ မဏ္ဍိုင်လို့ ပြောနေတာပါ။ အဲဒီတော့ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးနိုင်ဖို့နဲ့ အားလုံးက ကျင့်သုံးအောင် ပြည်သူကလည်း ထိန်းညှိရမယ်၊ သူကိုယ်တိုင်ကလည်း ကျင့်သုံးရမယ်။

ကနေ့ကျနော်တို့ နိုင်ငံရဲ့ ပြည်သူတွေရဲ့ အခြေအနေကို ပြန်ကြည့်ရင် ပြည်သူတွေမှာ အမှား အမှန်၊ အကောင်း အဆိုး၊ အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်တဲ့အား နည်းနေသေးတယ်။ ကျနော်ဆိုလိုတာက မြို့ပေါ်က ပြည်သူတွေကိုပဲ ကြည့်ပြောတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျေးလက်တွေကို ပြောတာပါ။ အဲဒီလိုဖြစ်တဲ့ အခါမှာကျတော့ အဲဒီပြည်သူတွေရော နိုင်ငံရေးပါတီတွေရော မဏ္ဍိုင်သုံးရပ်ကိုရော ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးအောင် စောင့်ကြည့်ထိန်းကျောင်းပေးရမယ့်အဖွဲ့က ဘယ်သူဖြစ်လာပြန်လဲ ဆိုတော့ စတုတ္တမဏ္ဍိုင်ခေါ်တဲ့ မီဒီယာပါပဲ။

စတုတ္တမဏ္ဍိုင်က ဒီလောက်ကြီးလေးတဲ့ တာဝန်ကို ထန်းဆောင်မယ်၊ ပြီးရင်အရှေ့မှာ ကျနော်ပြောခဲ့တယ်။ မီဒီယာအပေါ်မှာ ကျနော်ရဲ့အမြင်ကို ပြောခဲ့တယ်။ ပြီးရင် အဲဒီမီဒီယာကို ဖန်တီးတဲ့သူတွေအပေါ်မှာ မီဒီယာဟာ ဘယ်လောက် မူတည်တယ်ဆိုတာ ကျနော်ပြောခဲ့တယ်။ နောက်တခါ ဒီမိုကရေစီကျင့်သုံးတဲ့ အခါမှာ မီဒီယာဘယ်လောက် အရေးကြီးလည်းဆိုတာ ပြောခဲ့တယ်။ အဲဒီလို အင်မတန်အရေးကြီးတဲ့ မီဒီယာဟာ သူက အဲဒီတာဝန်တွေကို ထန်းဆောင်တော့မယ်ဆိုရင် သူကိုယ်တိုင် အရည်ချင်းရှိဖို့လိုတယ်။ သူကိုယ်တိုင် စတုတ္တမဏ္ဍိုင် ပီသဖို့လိုတယ်။

စတုတ္တမဏ္ဍိုင်ပီသဖို့ဆိုရင် ကမ္ဘာ့မီဒီယာကိုတော့ ကျနော် မပြောလိုပါဘူး၊ မြန်မာ့မီဒီယာအပေါ်မှာကိုတော့ ကျနော်အကြံပြုစရာရှိတယ်။ ကျနော်တို့ရဲ့ မီဒီယာသည် အချက် ၅ ချက်ကိုတော့ လိုက်နာသင့်ကြတယ်လို့ အကြံပြုပါတယ်။ နံပါတ် (၁) က ဘက်မလိုက်ဖို့၊ နံပါတ် (၂) က ပြဿနာတရပ် အကြောင်းအရာတရပ်ကို ရေးသားဖော်ပြတဲ့အခါမှာ ထောင့်တထောင့်ထဲက မရေးသားစေချင်ဘူး။ ထောင့်စုံဘက်စုံကနေ ရေးပြီးတော့ ပြည်သူကို Awareness လုပ်ပေးစေချင်တယ်။ နောက် နံပါတ် (၃) က အဲဒီလို ရေးတဲ့အခါမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား။ ဆင်ခြင်တုံတရားဆိုတာ ကျနော်ဘာကို ရည်ညွန်းတာလဲဆိုတာ Ethic ကို ရည်ညွန်းတာပဲ။

နောက်တခု နံပါတ် (၄) က ဘာလဲဆိုရင် ဒီမိုကရေစီအရ ယုံကြည်ချက် ကိုယ့်ဟာကို ရှိနိုင်တယ်၊ ထင်မြင်ယူချက် ရှိနိုင်တယ်။ ဒီမိုကရေစီက ကွဲပြားမူတွေက ရှိနိုင်တယ်။ သို့သော် ကွဲပြားတာကြီးပဲ သွားကြလို့ အလုပ်မဖြစ်ပါဘူး။ ကွဲပြားမှုကြားကနေ ညီညွတ်မှုကို ဦးတည်ကြရမယ်။ ဒါကြောင့် ကျနော်သုံးထားတဲ့ စကားတွေက Unity in Democracy ကိုတော့ ဦးတည်ကြဖို့ သင့်တယ်။ နံပါတ် (၅) ကတော့ အဲလိုဖြစ်ဖို့ဆိုရင် Common ground ပါတယ်။ Common ground က အမှန်တရားနဲ့ အမျိုးသားရေးပဲ။ ဒါတွေဟာ မြန်မာ့မီဒီယာတွေက ဦးတည်သင့်တဲ့အချက်တွေလို့ ကျနော် ယုံကြည်ပါတယ်။

အဲဒီလို ဆောင်ရွက်နိုင်မှ ကျနော်တို့ဟာ ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးနိုင်လိမ့်မယ်။ မီဒီယာအဖြူထည်ကိုလည်းပဲ သူ့အဖြူထည်အတိုင်း ပြည်သူဆီကို ပေးပို့နိုင်လိမ့်မယ်လို့ ကျနော်ယုံ ကြည်ပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်မှုကိုယူဖို့ တာဝန်ယူဖို့က အင်မတန်အရေးကြီးပါတယ်လို့ ကျနော် ဒီလိုဆိုလိုတာပါ။

(ဆက်လက်ဖော်ပြပါမည်)

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ သတ္တိရှိရှိ မဲပေးဖို့ ဒေါ်စု တိုက်တွန်း

ဓာတ်ပုံ ASSOCIATED PRESS

ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ကြဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ဆန္ဒအတိုင်း မဲပေးကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းထဲက ဒဂုံဆိပ်ကမ်း မြို့ နယ်ကို ရွေးကောက်ပွဲစည်းရုံးရေးအဖြစ် ဒီကနေ့ မတ်လ ၂၁ ရက်နေ့က သွားရောက်စဉ်အတွင်း လူထုကိုပြောတဲ့ မိန့်ခွန်းထဲ အခုလို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒဂုံဆိပ်ကမ်း စည်းရုံးရေး ခရီးစဉ် ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့ နယ်ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် ဒေါ်အောင် ဆန်းစုကြည် သွားတဲ့လမ်းတလျှောက် လူထုဟာ တိုးမပေါက်အောင် ကြိုဆိုကြတာမို့ သတ်မှတ်ထားတဲ့အချိန် ထက် နောက်ကျပြီးမှ လူထုကို စကားပြောဖို့ စီစဉ်ထားတဲ့နေရာ ရောက်ခဲ့ပါတယ်။

ကွင်းလုံးပြည့် စောင့်နေကြတဲ့ လူထုကို ဒေါ်အောင်ဆန်းစုကြည်က ဒဂုံဆိပ်ကမ်း၊ မဲဆန္ဒနယ်ထဲမှာ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင်နဲ့ လူထုကို မိတ်ဆက်ပေးပါတယ်။ ဒီ နောက်တော့ NLD ဘာကြောင့် ရွေးကောက်ပွဲဝင်ရသလဲဆိုတဲ့ သဘောထားတွေကိုလည်း ရှင်းပြခဲ့ပြီး ဘယ်သူ ဘယ်အဖွဲ့စည်းရဲ့ ခြိမ်းခြောက်မှုကိုမှ မကြောက်ဘဲ မိမိ ရွေးချယ်ချင်တဲ့သူ၊ မိမိရဲ့ သဘောဆန္ဒအတိုင်း မဲထည့်ဖို့ အခုလို တိုက်တွန်းပါတယ်။

“သေသေချာချာဖြည့်ပြီးမှ မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ပြီးမှ ရွေးချယ်ပါ။ ကျမတို့အနေနဲ့ ကျမတို့ အဖွဲ့ချုပ် ကို မဲထည့်ပါဆိုပြီး မေတ္တာရပ်ခံတာ။ အတင်းထည့်ရမယ်လို့ မရှိပါဘူး-ဆိုတာကို မှတ်ထားဖို့။ နောက်ပြီးတော့ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မကြောက်ကြပါနဲ့။ ဘာပဲပြောပြော ကိုယ့်မဲကို ကိုယ်လိုချင်တာကိုယ် ထည့်လို့ရတာပဲ။ ကြိုတင်မဲဆိုတာလည်း ကိုယ်မထည့်ချင်ဘဲနဲ့ ဘယ်သူမှ အတင်းထည့်ခိုင်းလို့ မရပါဘူး ဆိုတာ သတိပေးပါရစေ။”

လူထုရဲ့ အင်အားနဲ့ ရပ်တည်ရတဲ့ ဒီမိုကရေစီနိုင်ငံရေးထဲမှာ လူထုရဲ့ထောက်ခံမှုနဲ့အတူ NLD က ရပ်တည်သွားမယ်လို့လည်း ပြောပါတယ်။

“ဒီမိုကရေစီ နိုင်ငံရေးပါတီများရဲ့ အင်အားက ပြည်သူပါ။ ပြည်သူရဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အင်အားဟာ မြင်နေရတဲ့ ပြည်သူတွေနဲ့ ကျမတို့ အခု ဒီမှာ မရှိတဲ့ တနိုင်ငံလုံး တကမ္ဘာလုံးက ကျမတို့ ပြည်သူတွေ ဖြစ်ပါတယ်။ တဦးပေါ်တဦး သစ္စာရှိရှိနဲ့ လုပ်ကိုင်ရမယ်။ တဦးအပေါ်တဦး ယုံကြည်နိုင်ရမယ်။ ဒီလို စိတ်တွေနဲ့ သွားမှသာ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကျမတို့ နိုင်ငံမှာ ခိုင်မြဲအောင် လုပ်ပေးနိုင်မှာဖြစ်ပါတယ်။”

မတ်လ ၂၁ ရက် ရန်ကုန်တိုင်း၊ ဒဂုံမြိုဆိပ်ကမ်း မြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲက အချက်တချို့ ကို ကောက်နှုတ်ထုတ်လွင့်ပေးခဲ့တာပါရှင်။ ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ အခြေအနေတွေဟာ ပိုခက်ခဲလာတာတွေမျိုးတွေလည်း ကြုံနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲ ဆန္ဒနယ် အကုန်ကို မဲဆွယ်စည်းရုံးရေးသွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ သူကိုယ်တိုင် ဝင်ယှဉ်ပြိုင်မယ့် ကော့မှူးကို ကိုယ်စားလှယ်လောင်း စည်းရုံးရေးအဖြစ် ထပ်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

“မနက်ဖြန် နေ့လည် တစ်နာရီ ကျနော်တို့ ကော့မှူးကို သွားပါမယ်။ အခုဟာက တဖြည်းဖြည်းနဲ့ ရွေးကောက်ပွဲက နီးလာလေလေ အားပေးတာ အရမ်းများတော့ ကော့မှူးမြို့ ကို ရောက်အောင် တော်တော်ကြာကြာ မောင်းရမယ်ထင်ပါတယ်။ သုံးနာရီ အနည်းဆုံး မောင်းရပါလိမ့်မယ်။ အဲဒီတော့ ဟိုမှာ လေးနာရီ ကျော်လောက်ကျရင် ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေး နောက်ဆုံး စ မှာပါ။ အဲဒါ ပြီးလို့ရှိရင် ကျနော်တို့ ရန်ကုန်ပြန်မှာ။”

ဒါ့အပြင် လာမယ့် မတ်လ ၂၄ နဲ့ ၂၅ မှာ တနင်္သာရီတိုင်း မြိတ်မြို့ကို မဲဆွယ် စည်းရုံးရေးအတွက် ခရီးထွက်ဖို့ စီစဉ်ထားပေမယ့် အခု သွားမယ့်ရက် ကပ်ခါမှ ရေယာဉ် ငှားမရတဲ့ ပြဿနာ ရှိနေတဲ့ အကြောင်းကိုလည်း ဦးခွန်သာမြင့်က ရှင်းပြပါတယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ ယာဉ်ပိုင်ရှင်ကို ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် မြိတ်ကျွန်းစုကို သွားမယ့် ရေယဉ်ပိုင်ရှင်တွေ မငှားရဲတာမျိုး ကြုံနေရတာလည်း ဖြစ်ပါတယ်။

“တနင်္သာရီတိုင်း သွားဖို့ကတော့ ကျနော်တို့က ဟိုမှာ တနင်္သာရီတိုင်းက လစ်လပ်တဲ့ မြို့နယ်ကိုက ကျွန်းစုမြို့ နယ်ပါ။ ကျွန်းစုမြို့ နယ်ဆိုတော့ ကျွန်းလေးတွေ အများကြီးရှိပါတယ်။ အဲဒီတော့ အဲဒီ ကျွန်းတွေပေါ်မှာရှိတဲ့ ရွာကြီးတွေကို လိုက်ဟောဖို့ အနည်းဆုံး ရေမိုင် ၂၅ မိုင် လောက် မောင်းနိုင်တဲ့ ယာဉ် လိုပါတယ်။ အဲဒီ ယာဉ်တွေလည်း တနင်္သာရီတိုင်းမှာ အများကြီး ရှိပါတယ်။ အဲဒါကို စီစဉ်ပြီးတော့ ပြန်လာတာ။ ကျနော်တို့လာခါ နီးမှ ကပ်ပြီးတော့ အရင် ကျနော်တို့ ငှားထာတဲ့ ရေ ယာဉ်က မငှားတော့ပါဘူး။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း သွားဖို့ခရီးစဉ်အတွင်း အခက်အခဲတချို့ ကြုံနေရတဲ့ အကြောင်း ဦးခွန်သာမြင့် ပြောပြခဲ့တာပါ။ ဒီလို အခြေအနေနဲ့ အခက်အခဲတွေအပြင် မဲဆန္ဒရှင်တွေရဲ့ စာရင်းမှားတဲ့ ပြဿနာတွေဟာ နေရာ တော်တော် များများမှာ ကြုံနေရတယ်လို့ NLD ကပြောပါတယ်။ တခါ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ပြီး မဲဆွယ်မှုတွေ ရှိနေတယ်လို့ NLD ပါတီက ထောက်ပြနေတာတွေလည်း ရှိပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ ​စောင့်ကြည့်ဖို့ မြန်မာ ဖိတ်ခေါ်ချက် အမေရိကန်ကြိုဆို

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ အမေရိကန်အစိုးရကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ ပထမအဆင့်နဲ့ ကြိုဆိုတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ ရရှိတဲ့အခွင့်အရေးကို အကျိုးအရှိဆုံး အသုံးချနိုင်ဖို့အတွက် အမေရိကန်အနေနဲ့ အာဆီယံအပါအဝင် လေ့လာခွင့်ရတဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Victoria Nuland) က ပြောလိုက်တာပါ။ အခုလို ရွေးကောက်ပွဲကို လေ့လာဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာအဆင့်အတန်းနဲ့ယှဉ်ရင်တော့ အပြည့်အဝ ပွင့်လင်းမှု မရှိသေးဘူးလို့ ပြောကြားခဲ့တဲ့အကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရက ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အမေရိကန် ရွေးကောက်ပွဲ ကိုယ်စားလှယ်၂ ဦးနဲ့ သတင်းထောက် ၃ ဦးလာရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အပြင် အာဆီယံအပါအဝင် အီးယူ ဥရောပသမဂ္ဂနဲ့ တခြား နိုင်ငံတွေကိုပါ လာရောက် စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်လိုက်တာမို့ ဒါဟာ ဒီမိုကရေစီရေး လျှောက်လှမ်းရာမှာ အရေးပါတဲ့ ခြေလှမ်း တရပ်အဖြစ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Victoria Nuland ကပြောပါတယ်

“ ဒါကို ပထမခြေလှမ်းအဖြစ် ကြိုဆိုပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တခြား အာဆီယံနိုင်ငံတွေမှာ လုပ်သလို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ လာရောက်ခွင့်ပြုတဲ့စံနစ်ကိုဖွင့်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားတုန်းက မြန်မာအစိုးရကို အားပေးခဲ့သလို အဲဒီနောက်ပိုင်း သွားရောက်တဲ့ အမေရိကန် ကိုယ်စားလှယ်တိုင်းကလည်း အားပေးခဲ့တာပါ။ ဒါဟာ ကမ္ဘာတဝှမ်း ကျင့်သုံးနေကြတာမျိုးမို့ပါ”

ရွေးကောက်ပွဲတခု ပွင့်လင်း၊ တရားမျှတမှု ရှိနိုင်စေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ လာရောက်တဲ့ အခါမှာ လုပ်ပိုင်ခွင့် အပြည့်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲရက်မတိုင်ခင် ရက်အနည်းငယ်နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့အပြင် ရွေးကောက်ပွဲ နောက်ပိုင်းကာလတွေမှာ ကျွမ်းကျင်သူတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေရဲ့ စောင့်ကြည့်လေ့လာမှုက အဓိက အရေးပါတယ်လို့ ဆိုပါတယ်။ အခု မြန်မာအစိုးရက အမေရိကန်ကို ဖိတ်ခေါ်ခဲ့တာမို့ စောင့်ကြည့်လေ့လာဖို့ သေသေချာချာသွားရောက်မှာ ဖြစ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အာဆီယံအဖွဲ့ကြီးနဲ့ တခြားအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျမတို့ဟာ ရွေးကောက်ပွဲ ထိရောက်မှု ရှိစေဖို့အတွက် စောင့်ကြည့်လေ့လာသူတွေရဲ့ အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်အောင် အာဆီယံ အဖွဲ့ကြီးနဲ့ရော တခြား စောင့်ကြည့်လေ့လာသူတွေနဲ့ပါ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီစောင့်ကြည့် လေ့လာစေတဲ့ အလုပ်ကို နိုင်ငံတကာစံနှုန်းနဲ့ အတတ်နိုင်ဆုံးကိုက်ညီအောင် မြန်မာအစိုးရဘက်က ကြိုးစားလုပ်ဆောင်ပေးဖို့လည်း ကျမတို့က တိုက်တွန်းပါတယ်”

အခုရွေးကောက်ပွဲဟာ သမ္မတရွေးကောက်ပွဲလောက်၊ လွှတ်တော်ရွေးကောက်ပွဲတွေလောက် မကြီးကျယ်ဘဲ အမတ်နေရာ လေးဆယ်ကျော် အတွက်သာ ယှဉ်ပြိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတရပ်ဖြစ်ပေမယ့် တက်လာတဲ့ မြန်မာအစိုးရသစ်ဟာ အရင်က တခါမှ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုလေ့မရှိခဲ့တဲ့အတွက် အခုလုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ်အဖြစ် အမေရိကန်ဘက်က ရှုမြင်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ အခုလိုပဲ တံခါးဖွင့်ဝါဒကို ဆက်ပြီး ကျင့်သုံးမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မြန်မာအစိုးရက နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို တခါမှ အခုလို လာခွင့်မပြုခဲ့ဖူးပါဘူး။ အခု ရွေးကောက်ပွဲဟာလည်း နိုင်ငံတကာ စံနှုန်းအတိုင်း လုံးဝ ပွင့်လင်းမြင်သာမှု ရှိတယ်လို့တော့ ပြောလို့ မရပါဘူး။ ကျမတို့ကတော့ မြန်မာနိုင်ငံမှာ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဆက်ပြီး ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

လက်ရှိ မြန်မာအစိုးရသစ်အဖွဲ့ဟာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပေါ် အခြေခံပြီး ကျင်းပတဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်ဝတ်ပြောင်း စစ်ဘက်အရာရှိအများစုပါဝင်တဲ့ အစိုးရတရပ်ဖြစ်ပါတယ်။

အခု စောင့်ကြည့်လေ့လာသူတွေသာမက နိုင်ငံတကာ သတင်းမီဒီယာတွေကိုပါ လာခွင့်ပေးထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြောင်းလဲမှုတွေလုပ်ဆောင်နေတဲ့ မြန်မာအစိုးရသစ်ကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအတွက် ဒဏ်ခတ်အရေးယူမှုတွေအပါအဝင် မူဝါဒ ပြောင်းလဲရေးတွေအတွက် အရေးပါနေတာမို့ ဒီရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိပြီး တရားမျှတမှု ဘယ်လောက်ရှိမယ် ဆိုတာကို အများက စောင့်ကြည့် အကဲခတ်နေကြပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ငွေလဲနှုန်းအသစ် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်းသတ်မှတ်မည်

မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာ ငွေ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ နီးစပ်တဲ့ ၁ ဒေါ်လာကို ၈၂၀ ကျပ် နှုန်း သတ်မှတ်ဖို့ မြန်မာ ဗဟိုဘဏ်က ပြင်ဆင်နေတယ်လို့ ပုဂ္ဂလိကဘဏ်က အရာရှိတွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

ခုချိန်ထိ အစိုးရက သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာ ကို ၆ ကျပ်ဖြစ်ပြီး၊ လက်တွေ့ ဈေးကွက်မှာတော့ ၁ ဒေါ်လာကို ကျပ် ၈၀၀ ၀န်း ကျင် ဈေးပေါက် ပါတယ်။ ဒီအပြောင်း အလဲကြောင့် ငွေကြေးဈေးကွက် နဲ့ စီးပွားရေးကဏ္ဍမှာ ထူးထူးခြားခြား ရိုက်ခတ်မှုတွေ မရှိနိုင်ဘူး လို့ ငွေရေးကြေးရေးနဲ့ စီးပွားရေးဆိုင် ရာ ဆောင်းပါးတွေ ရေးနေတဲ့ စာရေး ဆရာ ဦးဟန်ထွန်း (အခွန်)က သုံးသပ် ပါတယ်။

“သိပ်ထူးထူးခြားခြားတော့ မဖြစ်ပါဘူး။ အပြောင်းအလဲကတော့ ဒီလိုပဲ ဖြစ်သွား မှာပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာ ၈၀၀ နဲ့ တွက်တယ်ဆိုပြီး လွှတ်တော်မှာ ပြောတာပဲ။ သင့်တော်တဲ့ ဈေးကို ပြောင်းဖို့ ရည်ရွယ်ချက် ရှိတယ်။ ဈေးကွက် ပေါက်ဈေးအတိုင်း လုပ်ဖို့ ရှိတယ်။ ဒီလိုပဲ သွားရမှာပါပဲ။ ထူးထူးထွေထွေ ရိုက်ခတ်ဖို့ မရှိဘူး။ ဒီဈေး ကပေါက်ဈေး ဖြစ်နေတာ ကို၊ လောလောဆယ်တော့ နည်းနည်းပါးပါး အလျော့ အတင်းလေး ရှိတာကလည်း သိပ်တော့ အကြောင်း မဟုတ်ဘူး။ ပုံသေချိတ်ထား တဲ့ ဈေးကနေ ပေါက်ဈေးကို ပြောင်းတဲ့နေရာမှာ ဒီလိုပဲ သွားရမှာပဲ။ ဒီအတွက်တော့ ကျနော်တို့ နိုင်ငံအနေနဲ့ ထူးခြားတဲ့ ထိခိုက်နစ်နာ စရာ အကြောင်းမရှိတာဟာ ကံကောင်းတာ တခုပဲ။ ဒီဟာက ရေရှည် တည်တန့်သွားရင် ကောင်း တာပေါ့။ နိုင်ငံခြား အရင်းအနှီးတွေ တအား ၀င်လာပြီး ကျပ်ငွေဈေးတွေ ထောင်တက်တာတို့ အဲဒီလို ရုတ်တရက် အပြောင်းအလဲကြီးတွေ မရှိရင်တော့ တည်ငြိမ်သွားမယ့် သဘော ရှိပါတယ်။”

ငွေလဲနှုန်းကို ပြုပြင်လိုက်တဲ့အတွက် ပိုပြီး ပွင့်လင်းမြင်သာတဲ့ ငွေလဲစနစ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ၀င်လာနိုင်ချေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေသလို နိုင်ငံခြားအရင်းအနှီးတွေ အလုံး အရင်းနဲ့ ၀င်လာဖို့ ကိစ္စမှာ မြန်မာပြည်က လျှပ်စစ်ဓာတ်အား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးနဲ့ တခြား အခြေခံ အဆောက် အဦတွေ လိုအပ်နေသေးတယ် လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် နိုင်ငံခြားငွေတွေ အလုံးအရင်းနဲ့ ၀င်လာလို့ ငွေကြေးဈေးကွက် အလှုပ်အရမ်း များပြီး မမျှော်လင့်တဲ့ ပြဿနာတွေလည်း မြန်မာပြည်မှာ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ် တုန်းကလည်း ကျွန်းသစ်၊ စွမ်းအင်၊ ကျောက်မျက် ရတနာတွေမှာ အ၀ယ်လိုက်ခဲ့တဲ့ အတွက် ဒေါ်လာတွေ အလုံးအရင်းနဲ့ ၀င်ခဲ့တုန်းက ၁ ဒေါ်လာကို ကျပ် ၁၀၀၀ အထိ ခုန်တက်ခဲ့ဖူးပါတယ်။

ဒီလို ဖြစ်တဲ့အတွက် အောက်ခြေ လယ်သမားတွေကနေ ထုတ်လုပ်မှုကဏ္ဍက အလုပ်သမားတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ ဒေါ်လာနဲ့ လခစားတွေအထိ ထိခိုက်ခဲ့ဖူးပါတယ်။

ဦးဟန်ထွန်း (အခွန်)ကတော့ အခြေခံအဆောက်အဦတွေ မပြည့်စုံသေးလို့ မြန်မာပြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ အလုံးအရင်းနဲ့ ရုတ်တရက် ၀င်လာနိုင်ချေ မရှိသေး သလို၊ မြန်မာပြည်က ဘဏ်စနစ် မှာလည်း ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်လို့ ထောက်ပြ ထားပါတယ်။

“လောလောဆယ်လိုအပ်ချက်တွေ ဖြည့်ဆည်းအောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ပြဌာန်းတာတို့ လုပ်နေတာပေါ့။ တခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာနိုင် တဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေကအဆင့်နိမ့်နေသေးတယ်။ အဲဒီ ကိစ္စတွေ ကလည်း ကြီးတယ်။ ဘဏ် လုပ်ငန်းတွေရဲ့ အရည်အချင်း တိုးတက်လာဖို့လည်း လိုအပ် တယ်။ ၀န်ဆောင်မှုတွေ ကောင်းလာမှ နိုင်ငံတကာက ဘဏ်လုပ်ငန်း တွေ လာမယ် လို့တော့ ပြောတယ်။ ဘယ်လိုလာမယ် ဆိုတာတော့ မသိသေးဘူး။ အဲဒီလို လာမယ် ဆိုရင် လည်း ချက်ချင်းကြီး လာလို့ မရဘူး။ ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်မှာ နိုင်ငံတကာ ဘဏ်တွေ ဘယ်လို ၀င်ခွင့်ပြုမယ် ဆိုတာ ရှိသေးတာကို။ ဥပဒေတွေတော့ အတော်အသင့်တော့ ရှိတယ်။ ဒါပေမယ့် ဘဏ် လုပ်ငန်းနဲ့ အရင်းအနှီးဈေးကွက် ကို ပြောနေကြတာကို။ အဲဒီဟာတွေ အတွက်တော့ အများကြီး လိုပါသေးတယ်။”

ကမ္ဘောဇဘဏ်ရဲ့ ဒု – ဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း ငွေလဲနှုန်းကို ပြောင်းလဲ သတ်မှတ်တာ ထက် နောက် ဆက်တွဲ စီမံခန့်ခွဲမှုတွေက ပိုပြီး အရေးကြီးတယ် လို့ ပြောပါတယ်။ ဒီအပြောင်းအလဲကို နိုင်နင်းဖို့ ဆိုရင် နိုင်ငံခြားက ကျွမ်းကျင် သူတွေရဲ့ အကူအညီ လိုအပ်တယ် လို့ ဦးသန်းလွင်က ဆိုပါတယ်။

“တသမတ်တည်း ဖြစ်အောင် လုပ်တာတော့ လွယ်တယ်။ အဲဒါကို ထိန်းကျောင်းဖို့က အရေးကြီးတယ်။ ထိန်းကျောင်းတာတော့ ထိရောက်တာပေါ့။ ဥပဒေကလည်း လောလောဆယ် ပြင်ဆင် ထားတုန်း ရှိသေးတယ်။ ပြင်လို့က မပြီးသေး ဘူး။ အဲဒီ ပြင်တဲ့ ဥပဒေကလည်း ထပ်လာဦးမယ်။ ဘဏ် ဥပဒေက ပြင်ရအုန်းမယ်။ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေလည်း ပြင်ရဦးမယ်။ ဒါလည်းမပြီးပြတ်သေးဘူး။ အဲဒါတွေက ပြန်လည်တားဆီးမှလည်း အဲဒါကလည်း ထိန်းကျောင်းရာမှာ လွတ်လပ်မှု ရှိလာမယ်။ အဲဒီသဘောလည်း ပါတယ်။ လုပ်တတ်ကိုင်တတ်ဖို့လည်း အရေးကြီးတယ်။ အကြံပေးထားတာတော့ ကျွမ်းကျင်သူတွေ တော်တော်များများ လိုမယ်။ ကိုယ့်ဆီမှာ မရှိလည်း နိုင်ငံခြားက ခေါ်ပြီး သေချာ စနစ်တကျ လုပ်ဖို့ လိုတယ်။

ပေါ့ပေါ့တန်တန် တွေးလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ကျနော်တို့က ဈေးကွက်ကို signal ပေးရမှာကို၊ ဈေးကွက်က အရေးကြီးတယ်။ ဘယ်လို signal ပေးမလဲ။ ဘယ်လို တုံ့ပြန်လာ မလဲ။ အဲဒါလည်း တော်တော် အရေးကြီးတယ်။ ဈေးကွက်က တုံ့ပြန်လာလို့ ဈေးကွက်ကို ဘယ်လို ထိန်းကျောင်းမလည်း။ လုပ်ငန်းတွေ က ပေါ်လာပြီ။ နောက်ဆက်တွဲ လုပ်ရမယ့် အရာတွေက ပညာသားပါလာပြီ။ အဲဒါ ပို အရေးကြီး တယ်။”

အရင်က ငွေလဲနှုန်းကို ၂ မျိုးဖြစ်တာကြောင့် အဓိက အကျိုးအမြတ် ရသူတွေဟာ အစိုးရ အရာရှိ မိသားစုတွေနဲ့ သူတို့ နီးစပ်တဲ့ သူဌေးတွေဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ သူတို့ဟာ ငွေလဲနှုန်းကွာဟမှုအပေါ် အမြတ်ထုတ်ပြီး ရလာတဲ့ငွေတွေကို နိုင်ငံခြား ဘဏ်တွေမှာ အပ်နှံ ထားကြတယ်လို့ ဆိုကြပါတယ်။

ကမ္ဘာဘဏ်ရဲ့ စာရွက်စာတမ်းတွေကို ကိုးကားတဲ့ ရိုက်တာသတင်းမှာတော့ ဗဟိုဘဏ်က ဧပြီလက စလို့ ဈေးကွက်ပေါက်ဈေး အတိုင်း နှုန်းရှင် စနစ်နဲ့ ငွေလဲနှုန်းကို ကျင့်သုံးဖို့ ပြင်ဆင်နေတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်း နဲ့ ငွေလဲနှုန်း သစ်ဟာ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ လက်တွေ့ဖြစ်လာဖွယ် ရှိပါတယ်။

ဒီဗွီဘီ

မူရင်းသတင်းများကို ဒီမှာကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားသောစာများ ပုသိမ်တွင်လိုက်လံဝေငှ

ပုသိမ်ကျောင်းသားကျောင်းသူများ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့စဉ်တွေ့ ရပုံ (ဓါတ်ပုံ-Google Images)

ပုသိမ်မြို့ပေါ်နှင့် ပညာရေးကောလိပ်ကျောင်းများတွင် “ကျော်(ပညာရေး)” အမည်ဖြင့် ရေးသားထားသော “မစု၊ဒေါ်စု၊အမေစုပြန်လာပြီ” ဟုခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ရေးသားထားသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေလျှက်ရှိကြောင်း ပုသိမ်မြို့ခံများက ပြောသည်။

ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်နေ ကိုဝင်းနိုင်က“ကျွန်တော်တို့ဆီ ကြံ့ခိုင်ရေးအဖွဲ့တွေလာတုန်းက ပေးသွားတာ၊ ပထမတော့ဘာမှန်းမသိဘူး၊ အမေစုပြန်လာပြီဆိုလို့ယူထားလိုက်တာ၊ ဖတ်ကြည့် တော့မှ ဒေါ်စုကို စိန်ခေါ်သလိုလို စော်ကားသလိုလို ရေးထားတာသိရတော့ အရမ်းဒေါသဖြစ်သွားပြီး စာရွက်ကို ချက်ချင်းဆုပ်ဖြဲပစ်လိုက်တယ်“ ဟု YPI သို့ပြောသည်။

ထိုစာထဲတွင် ပညာရေးကောလိပ်ကျောင်းသူများက ဒေါ်အောင်ဆန်းစုကြည်အား ပြောနေဟန်ဖြင့် ပိုင်ဆိုင်သောငွေကြေးများကို နိုင်ငံခြားတွင်ထားကာ လူချည်းသက်သက် ပြည်တွင်းတွင်နေထိုင် ခြင်းမှာ အာဏာကို ငမ်းငမ်းတက်လိုချင်သူတို့၏ လုပ်ရပ်သာဖြစ်ကြောင်း၊ သတ္တိရှိပါက တစ်ယောက်တည်း လာစေချင်ကြောင်း၊ အာဏာရူး နောက်လိုက်များနှင့် ပေါင်းကာ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံသစ်တည်ဆောက်နေသည့် အစိုးရကို ကျဉ်းထဲကျပ်ထဲ ရောက်အောင် မလုပ်သင့်ကြောင်း စသည်ဖြင့် ရေးသားထားသည်။

ပညာရေးကောလိပ်ကျောင်းသူတစ်ဦးက “၁၇ရက်နေ့ မနက်၈နာရီလောက်က သမီးတို့ကျောင်းကနေ အငြိမ်းစား ယူထားတာ ၂လလောက်ပဲရှိသေးတဲ့ အရင်ကျောင်းအုပ်ကြီးက လာဝေတော့ သမီးတို့လည်း ယူထားလိုက်ရတာ” ဟုဆိုသည်။

လွန်ခဲ့သော၂လခန့်က ပညာရေးကောလိပ်ကျောင်းအုပ်ဆရာကြီးတာဝန် မှ အငြိမ်းစားယူသွားသူ ဦးကျော်လွင်မှာ “ကျော် (ပညာရေး)” ဆိုသည့် အမည်ဖြင့် အမည်ဖြင့်ဆုံးမစာများကို မကြာခဏရေးသားကာ ကျောင်းသားကျောင်းသူများကို ဝေငှဖူးကြောင်း ပညာရေးကောလိပ် ကျောင်းသားကျောင်းသူတို့၏ ပြောပြချက်အရ သိရှိရသည်။

၎င်းမှာ ကျောင်းအုပ်အဖြစ်မှ အငြိမ်းစားယူပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံရေး အကြံပေးအဖြစ် လုပ်ကိုင်နေသည်ဟု လည်း သိရှိရသည်။

ယခု ကိစ္စနှင့် ပတ်သက်၍ NLDပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က“ကော်မရှင်ကိုမတိုင်ပါဘူး၊ နောင်ဆက်မလုပ်ဖို့ပဲ သူတို့ပါတီကို အကြောင်းကြားသွားမယ်၊ ဘာကြောင့်လဲဆိုတော့ ပါတီတစ်ခုနဲ့တစ်ခုကရန်သူလို သဘောထားနေရင်ကျွန်တော်တို့ အားလုံးလျှောက်နေတဲ့ ဒီမိုကရေစီလမ်းကြီး ပျောက်သွားလိမ့်မယ်“ ဟု ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်တင်မြင့်ကမူ ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး နိုင်ငံရေးအကြံပေးအနေနှင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ယုံကြည်ချက်ကို လွတ်လပ်စွာရေးသားခြင်းသာဖြစ်၍ ပါတီနှင့် မသက်ဆိုင်ကြောင်း ပြောကြားထားသည်။

ပုသိမ်မြို့နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ အနိုင်ရကာ လက်ရှိ သမ၀ါယမ ပြည်ထောင်စု ဒုဝန်ကြီး ဦးသန်းထွန်း၏ လစ်လပ်သွားသော နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သည်။ ။

မူရင်းလင့်က ဒီမှာပါ။

ဖရဲသီးတစ်လုံး ကျပ်တစ်သိန်းအထိ လျော်ကြေးတောင်း

မုံရွာမြို့အနီး ချင်းတွင်းမြစ် သက်ရင့် သဲသောင်ကျွန်းဖြစ်သည့်ရန်အေး ကျွန်းပေါ်တွင်ယခုနှစ်ဆန်းပိုင်းအတွင်း ပြည်တွင်းစိုက်ပျိုးရေး ကုမ္ပဏီတစ်ခုမှဖရဲစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ ဖရဲသီးခိုးယူစားသောက်သူ များဟု စွပ်စွဲခံရသူများအား ဖရဲသီးတစ်လုံးလျှင်ကျပ်တစ်သိန်းအထိ ပေးလျော်စေခဲ့ကြောင်းညောင်ပင်ဇောက်ကျေးရွာအုပ်စုဒေသခံ များကပြောသည်။

"ချင်းတွင်းမြစ်အတွင်းက ရန်အေးကျွန်းပေါ်မှာ ပြည်တွင်းစိုက်ပျိုးရေးကုမ္ပဏီအမည်ခံ တရုတ် လူမျိုးတွေရဲ့ဖရဲစိုက်ခင်းတွေနှစ် တိုင်းလိုလိုလာစိုက်တယ်။ ဒီနှစ် မတ်လဆန်းမှာ ကျွန်းပေါ်ဖရဲခင်း တွေထဲက ဖရဲသီးခိုးတယ်ဆိုပြီး ကလေးတွေကို ညောင်ပင်ဇောက် အုပ်စု ရပ်ကွက်လူကြီးတွေတိုင်တယ်။ဖရဲသီးခိုးတဲ့ကလေးတွေကို ဖရဲသီးတစ်လုံး တစ်သိန်းနှုန်းနဲ့ ဒဏ်ရိုက် အရေးယူတယ်" ဟု ညောင်ပင်ဇောက် ကျေးရွာအုပ်စု ရွှေကုန်းရပ်ဒေသခံတစ်ဦးကပြောသည်။

"ကျွန်းပေါ်မှာစိုက်ခင်းတွေဆီကကလေးတွေခိုးတယ်ဆိုတာ မကြာခဏကြုံတွေ့ရတဲ့ အဖြစ်အပျက်ပါ။ ကလေးတွေက ချို့တဲ့ တော့ ကျွန်းပေါ်မှာသစ်သီးတွေဟင်းသီးဟင်းရွက်တွေသိပ်ပေါ တာဆိုတော့ ကလေးတွေ စားချင်လို့ ယူတာကို တောင်သူတွေက သိပ်မပြောဘူး။အခုစိုက်ပျိုးရေးကုမ္ပဏီဆိုတော့ စည်းကမ်းက အရမ်းကြီးတယ်။ စိုက်ခင်းထဲ အပြင်သူဝင်တာမကြိုက်ဘူး။

ဖရဲ သီးခိုးတယ်ဆိုပြီး စံပြအဖြစ်ဒဏ် ရိုက်တာဆိုပေမယ့် ခိုးယူတဲ့ကလေးတွေရဲ့အနေအထားတော့ ပြန်ကြည့်သင့်တယ်" ဟု ညောင်ပင်ဇောက်အုပ်စုဒေသခံ တောင်သူတစ်ဦးကပြောသည်။

သို့သော် ဒေသခံများက အာဏာပိုင်အဖွဲ့သို့တင်ပြပြီးနောက် လျော်ကြေးမပေးရတော့ကြောင်းသတင်းရရှိသည်။မုံရွာမြို့အနီးချင်းတွင်းမြစ် သက်ရင့်ကျွန်းဖြစ်သောရန်အေး ကျွန်းပေါ်တွင် ပြည်တွင်း စိုက်ပျိုး ရေးကုမ္ပဏီများမှကိုင်းကျွန်းမြေ ငှားရမ်းလုပ်ကိုင်းခြင်းအား ၂၀၀၇ နှစ်ဆန်းပိုင်းတွင်စတင် လုပ်ကိုင်ခဲ့ သည်။ အဆိုပါ ဖရဲစိုက်ခင်းများနှစ်စဉ် နွေရာသီတွင် ကိုင်းကျွန်းမြေ ငှားရမ်းလုပ်ကိုင်ခြင်းကြောင့် မြေ ငှားခများမြင့်တက်လာပြီး ချင်းတွင်းမြစ်ရေကြီးခြင်း မရှိသောနှစ်များ တွင်နုန်းတင်မြေနုမရရှိသဖြင့်ဖရဲ စိုက်ခင်းများငှားရမ်းလုပ်ကိုင်းခြင်း မရှိကြောင်း သိရှိရသည်။

7Day News Journal

မူရင်းလင့်က ဒီမှာပါ။

အမေရိကန်နဲ့ အီးယူကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ မြန်မာ ဖိတ်ကြား

လာမယ့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာက ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားလိုက်တာ အရေးကြီးတဲ့ အစပြုမှုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီဗွီဘီကို ပြောပါတယ်။

အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ လေ့လာရေး အဖွဲ့တွေ ကို ကြားဖြတ်ရွေးကောက် ပွဲ စောင့်ကြည်ဖို့ မြန်မာ အစိုးရက ဖိတ်ကြား လိုက်တဲ့ အပေါ်မှာ အမေရိကန် သံရုံးက အရာရှိ တဦးက ပြောလိုက်တာပါ။

ခုလိုဖိတ်ကြားလိုက်တဲ့ အပေါ်မှာ အားတက်ရတဲ့ အကြောင်းနဲ့ ဒါဟာ မြန်မာပြည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်း အဖြစ် ယူဆတဲ့အကြောင်း အမေရိကန် အရာရှိက ပြောပါတယ်။

ဒီဖိတ်ကြားချက်နဲ့ ပတ်သက်လို့ ၀ါရှင်တန်ကို အကြောင်းကြား ထားပြီး ရွေးကောက် ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို စေလွှတ်ဖို့ အသေးစိတ် အစီအစဉ်တွေကိုတော့ အခု အချိန်မှာ မပြောနိုင်သေး လို့ အရာရှိက ပြောပါတယ်။

မြန်မာအစိုးရဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်နဲ့ အီးယူနိုင်ငံတွေ ကို စောင့်ကြည့်ရေး အဖွဲ့တွေကို ဖိတ်ကြားသလိုပဲ အာဆီယံအဖွဲ့ကိုလည်း ဖိတ်ကြားထား တယ်လို့ အာဆီယံက မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အဖွဲ့ဝင် ၅ ဦးပါတဲ့ အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၊ လွှတ်တော်အမတ်တွေနဲ့ သတင်းသမား ၂ ဒါဇင်ကျော်ကို စေလွှတ်ဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ် လို့ အာဆီယံကြေညာချက်က ဆိုပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကတော့ အစိုးရရဲ့ ဒီလိုခြေလှမ်းတွေနဲ့ ပတ်သက်လို့ အားတက်ရပေမယ့် တဖက်မှာလည်း အခုလောလောဆယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ တိုက်ခိုက်နေရတာ၊ အကျပ်ကိုင်ခံနေရတဲ့ သတင်းတွေ ကြားနေရတဲ့အတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရက လိုအပ်တဲ့ လက်တွေ့ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ဟာ အရေးကြီးတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဒီဗွီဘီ

မူရင်းလင့်က ဒီမှာပါ။

သမ္မတဦးသိန်းစိန် ဗီယက်နမ်ကွန်မြူနစ်ခေါင်းဆောင်နှင့်တွေ့ဆုံ

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ အထွေထွေ အတွင်း ရေးမှူး ငုရင်ဖူထရောင်နဲ့ အင်္ဂါနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ အာဏာရ ပါတီတွေ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီတို့ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ခေါင်းဆောင်မှု အတွေ့အကြုံတွေ ဖလှယ်ကြ ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မဲခေါင်ဒေသတွင်း (၃) နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်နေရာ မှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က သမ္မတနန်းတော်မှာ ဗီယက်နမ် သမ္မတ တူအွန်တန်ဆန်းနဲ့ တွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ် ငုရင်တန်ဒေါင်း အပါအ၀င် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပါတယ် လို့  ဗီယက်နမ် သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံအကြား စီးပွားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ လာမယ့် ၂၀၁၅မှာ နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထိ ရောက်အောင် တိုးမြှင့် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗီယက်နမ် အွန်လိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ ခရီးသွား လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း နဲ့ ဘဏ်လုပ်ငန်းတွေ အလားအလာ ရှိတဲ့အတွက် ဗီယက်နမ် လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြုပ်နှံနိုင်အောင် သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးပေးမယ်လို့ ပြောပါတယ်။

၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ ဗီယက်နမ်ရဲ့ ထောက်ခံမှုကို လည်း ကျေးဇူးတင် တယ်လို့ ပြောပါတယ်။ ဗီယက်နမ်နဲ့ မြန်မာဟာ ၁၉၄၇ ခုနှစ် လောက် ကတည်းက သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့် ဆောင်ရွက်နေရာ မှာ နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ ပို့ကုန် အမေရိကန်ဒေါ်လာ ၈၃ သန်းလောက် အပြန်အလှန် တင်ပို့နေတာပါ။

ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံနည်းတူ ၁၉၉၄ ခုနှစ်ထိ အမေရိကန်ရဲ့ စီးပွာေးရး ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ကြုံခဲ့ရဖူးပါတယ်။ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လက်ထက်မှာ ကုန်သွယ်မှု ပိတ်ဆို့တာ ပယ်ဖျက်ခဲ့ပြီး နောက်မှာ အနောက်အုပ်စု ကုမ္ပဏီတွေ အများအပြား ဗီယက်နမ်မှာ သွားရောက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာတာပါ။

ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းထိ အမေရိကန်ဒေါ်လာ ၂၃သန်း ခွဲကျော် ရင်းနှီးမြှုပ်နှံ ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အဖွဲ့ဝင် ၆၀လောက် ပါတဲ့ ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့စေလွှတ်ပြီး ကုန်သွယ်ရေးနဲ့ ခရီးသွား လုပ်ငန်းတွေမှာ သဘောတူစာချုပ် ၁၂ ခုလောက် လက်မှတ်ရေးထိုးသွားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေး ၊ လယ်/ဆည် ဆောက်လုပ်ရေး၊ စီးပွားကူးသန်း၊ သစ်တော၊ ဟိုတယ်ခရီးနဲ့ အားကစားဝန်ကြီးတွေ အပါအ၀င် တပ်မတော် ဒု-ကာချုပ်လည်း လိုက်ပါ သွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဗီယက်နမ် ခရီးစဉ်အပြီး ကမ္ဘောဒီယားနိုင်ငံကို မတ် ၂၁ ရက်နဲ့ ၂၂ ရက် သွားရောက်မှာ ဖြစ်ပြီး နောက် လာအို နိုင်ငံကို သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။

ဒီဗွီဘီ

မူရင်းလင့်က ဒီမှာပါ။

တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ်

ရန်ကုန်တိုင်း ​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ ပါတီ ​အောင်နိုင်​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ဦး​အောင်သိန်း​လင်း​နှင့်​ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ရန်ကုန်တိုင်း ​ အတွင်း​မှာ ​ရွေး​ကောက်ပွဲကျင်း​ပဖို့​က ၁ ပတ် ၁၀ ရက်​လောက်ပဲ လို​တော့​တဲ့​ အချိန်မှာ အန်ကယ်တို့​ ဝင်ပြိုင်တဲ့​ ၆ ​နေရာ စလုံး​ပေါ့​။ ပြည်ခိုင်ဖြိုး​ပါတီက ဒီ ​ရွေး​ကောက်ပွဲ စည်း​ရုံး​ရေး​တွေ ဘယ်လို ​ဆောင်ရွက်တယ် ဆိုတာ​လေး​ အရင်ဆုံး​ သိပါရ​စေ။

“ကျ​နော်တို့​ ၂၀၁၀ တုန်း​ကလည်း​ ပြိုင်ခဲ့​တာပါပဲ​လေ။ ပြိုင်ခဲ့​တော့​ အဓိက လက်ကိုင် ထား​တာ က​တော့​ တရား​မျှတပြီး​တော့​မှ သန့်​သန့်​ရှင်း​ရှင်း​ ဖြစ်ဖို့​ အ​ရေး​ကြီး​တယ်။ ​နောက်တခုက ကိုယ် မဲဆွယ်တဲ့​ ကိစ္စ​တွေကလည်း​ သူများ​ကို အ​နှောင့်​အယှက် မဖြစ်​စေချင်ဘူး​။ ဒါ​ကြောင့်​မို့​လို့​ တတ်နိုင်သမျှ သူများ​ကို အ​နှောင့်​အယှက် မဖြစ်တဲ့​နည်း​နဲ့​ မဲဆွယ်တယ်။ အိမ်တိုင်ရာ​ရောက်သွား​တဲ့​ လှုပ်ရှား​မှု​တွေ ​ပေါ့​။ လိုက်ပြီး​တော့​မှ သတင်း​ပေး​တဲ့​ စနစ်​တွေပါ။ သတင်း​ပေး​တယ် ဆိုတာက​တော့​ ကိုယ့်​ ကိုယ်စား​လှယ်ရဲ့​ လက်ကမ်း​ စာ​စောင်​တွေ ​ဝေတဲ့​ စနစ်​တွေကို ကျ​နော်တို့​က ​ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိက လက်ကိုင်ထား​ တာ က​တော့​ တရား​မျှတမှု ဖြစ်ဖို့​ အဓိကထား​တယ်။”

တခြား ​ ပါတီအများ​စုက​တော့​ အများ​အား​ဖြင့်​ အန်အယ်လ်ဒီ ပါတီ​ပေါ့​။ သူတို့​ပါတီက စည်း​ရုံး​ရေး​ ဆင်း​တဲ့​အခါမှာ သူတို့​ အများ​ကြီး​တွေ့​လို့​ ​ပြောတာ​တွေ ရှိပါတယ်။ မဲစာရင်း​ကွာတဲ့​ ကိစ္စ​တွေ။ အန်ကယ်တို့​ပါတီ အ​နေနဲ့​ရော အဲဒီကိစ္စ​တွေမှာ ​တွေ့​ရှိချက်​တွေကို တင်ပြထား​ခြင်း​ ရှိ၊​ မရှိ​ပေါ့​။ ဒါကို ကျွန်​တော်တို့​ သိချင်ပါတယ်။

“ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ အ​တွေ့​အကြုံတုန်း​က မဲ​ပေး​ခွင့်​ ရှိရဲ့​သား​နဲ့​ မ​ပေး​လိုက်ရတဲ့​သူ​တွေ ​တွေ့​ရပါတယ်။ ဒီ တပွဲမှာလည်း​ အဲဒီလို မဖြစ်​အောင်​တော့​ ကျ​နော်တို့​ တတ်နိုင်သမျှ မဲ​ပေး​မယ့်​လူ​တွေ၊​ ရပ်ကွက်ထဲမှာ ရှိတဲ့​လူ​တွေ မဲစာရင်း​ထဲမှာပါ၊​ မပါ လိုက်လံ စိစစ်ပြီး​တော့​မှ၊​ မပါ​သေး​တဲ့​လူ​တွေ ရှိရင်လည်း​ ​ကော်မရှင်ကို တင်ပြပါတယ်။ ​ကော်မရှင်က သတ်မှတ်ထား​တဲ့​ စည်မျဉ်း​စည်း​ကမ်း​နဲ့​ ကိုက်ညီလို့​ရှိရင် သူတို့​ လက်ခံပါတယ်။ အဲဒါ​လေး​တွေကို ၂၀၁၀ တုန်း​ကလည်း​ ကျ​နော်တို့​ လုပ်ပါတယ်။ ၂၀၁၂ မှာလည်း​ မဲ​ပေး​ခွင့်​ ရှိတဲ့​လူ​တွေ အာလုံး​ မဲ​ပေး​ခွင့်​ရ​အောင်လို့​ ဝိုင်း​ဝန်း​ပံ့​ပိုး​ ​ဆောင်ရွက်တဲ့​ သ​ဘောမျိုး​နဲ့​ ​ဆောင်ရွက်ပါတယ်။”

တခြား ​ဒီမိုက​ရေစီပါတီ​တွေကို ​မေး​ကြည့်​တော့​ အခုဆိုရင် ဥပမာ- မင်္ဂလာ​တောင်ညွန့်​မှာ ဆိုလို့​ရှိရင် ​တော်​တော်ကြီး​ မြိုင်မြိုင်ဆိုင်ဆိုင်။ ပါတီ​တွေက မဲဆွယ်စည်း​ရုံး​နေတာ ​တွေ့​ရတယ်လို့​ သိရပါတယ်။ မဲဆွယ် စည်း​ရုံး​တဲ့​ အခါမှာလည်း​ ၂၀၁၀ တုန်း​ကလို မဟုတ်ဘဲနဲ့​ တပါတီနဲ့​ တပါတီ ​ပြောဆိုနှုတ်ဆက် ချစ်ချစ်ခင်ခင် ရင်း​ရင်း​နှီး​နှီး​နဲ့​ အိုး​စည်ဗုံ​မောင်း​တွေတီး​၊​ ကား​တွေနဲ့​ လှည့်​ပြီး​တော့​ မဲဆွယ်စည်း​ရုံး​တယ်လို့​ ကြား​ရပါတယ်။ အန်ကယ်တို့​ရော မဲဆွယ်စည်း​ရုံး​တဲ့​ အ​နေအထား​မှာ ရန်ကုန်တိုင်း​မှာ ဘယ်လိုမျိုး​တွေများ​ ကြုံ​တွေ့​ရပါသလဲ။

“ကျ​နော်တို့​ လည်း​ သူတို့​တွေလို​ပေါ့​။ ၂၀၁၀ တုန်း​ကလည်း​ ဒီလိုပဲ ကား​တွေနဲ့​ ကိုယ်စား​လှယ်ရဲ့​ ဗွီနိုင်း​ကို ကပ်ပြီး​တော့​မှ ရပ်ကွက်​တွေမှာ လိုက်လံ မဲဆွယ်ပါတယ်။ ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​ အပတ် ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ ကာလမှာ​တော့​ ကျ​နော်တို့​ အဲဒါ​တွေ ခဏရပ်ထား​တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ က​လေး​တွေ အ​နှောင့်​အယှက်ဖြစ်မှာ စိုး​လို့​၊​ ၁၀ တန်း​စာ​မေး​ပွဲက မ​နေ့​က တချို့​တော့​ ပြီး​ပြီ။ ဒါ​ပေမယ့်​ ​သေချာ​တော့​ မပြီး​သေး​ဘူး​။ တချို့​ ဘာသာရပ်​တွေ ကျန်​သေး​တယ်။ ဒီအပတ်ကုန်မှပဲ ကျ​နော်တို့​က သူများ​တွေလိုပဲ ကား​နဲ့​ လှည့်​၊​ လှည့်​ပြီး​တော့​မှ လက်ကမ်း​စာ​စောင်​တွေလိုက်​ဝေ အဲဒါ​တွေ လုပ်ပါ့​မယ်။

ပြီး​တော့​ ဒီမှာ ထူး​ခြား​တာက ပြိုင်မှာက ၆ မြို့​နယ်ထဲဆို​တော့​ ကျန်တဲ့​ မပြိုင်တဲ့​ မြို့​နယ်​တွေက ပြိုင်မယ့်​ ၆ မြို့​နယ်ကို ဝိုင်း​ကူပြီး​တော့​ လုပ်တာ​ပေါ့​။ အား​ဖြည့်​ပြီး​တော့​ လုပ်တာ​တော့​ ရှိတာ​ပေါ့​။” ၂၀၁၀ တုန်း​က ကြံ့​ခိုင်​ရေး​ပါတီအ​နေနဲ့​ ​ငွေ​ချေး​ပြီး​တော့​ မဲဆွယ်တာတို့​၊​ လမ်း​ခင်း​ပြီး​တော့​ မဲဆွယ်တာတို့​ လုပ်ခဲ့​တယ်ဆိုတဲ့​ ​ဝေဖန်သံ​တွေ ကြား​ရပါတယ်။ အခု ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​ရော အဲဒီလိုပုံစံမျိုး​နဲ့​ မဲဆွယ်တာမျိုး​ကို​ရော လုပ်​ဆောင်မှု​တွေ ရှိပါသလား​။

“ပြည်ခိုင်ဖြိုး ​ရဲ့​ မူဝါဒမှာ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ် ရှိတယ်။ အဲဒါ ၅ ရပ်ကို ကျ​နော်တို့​က ထမ်း​ဆောင်တာပါ။ အဲဒီ ထမ်း​ဆောင်တဲ့​ ​နေရာမှာ ​ကျေး​လက်​နေ ပြည်သူလူထု​တွေ အတွက် လမ်း​တွေ ​ကောင်း​ရမယ်။ ​ကျေး​လက်ပြည်သူလူထု ​ရေရရှိ​ရေး​ ​ဆောင်ရွက်​ပေး​ရမယ်၊​ ​ကျေး​လက် ပြည်သူလူထုရဲ့​ ​ကျောင်း​တွေ ​ကောင်း​အောင် လုပ်​ပေး​ရမယ်၊​ ​ကျေး​လက်​တွေမှာ ​ဆေး​ခန်း​တွေရှိရင် အဲဒီ​ဆေး​ခန်း​တွေကို ဝိုင်း​ဝန်း​ပြီး​တော့​ ​စောင့်​ရှောက်ရမယ်၊​ ​နောက်တခါ ​ကျေး​လက်ပြည်သူလူထုရဲ့​ လူမှု စီပွား​ရေး​ဘဝကို ဝိုင်း​ဝန်း​ပြီး​တော့​မှ ပံ့​ပိုး​ရမယ်ဆိုတဲ့​ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ်ဟာ ပါတီရဲ့​ လက်ကိုင်ထား​တဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ် ၅ ရပ်ဖြစ်ပါတယ်။

ကျ​နော်တို့​ နိုင်ငံမှာ လိုအပ်​နေတာဟာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ တိုင်း​တပါး​ ဩဇာခံ မဖြစ်​ရေး​ ဒီ ၂ ချက်က။ အခုလည်း​ လိုအပ်သလို ​နောင်လည်း​ လိုအပ်မယ်လို့​ ထင်ပါတယ်။ ပါတီရဲ့​ မူဝါဒအတိုင်း​ ​ဆောင်ရွက်မြဲ ကိစ္စကို ကျ​နော်တို့​ ​ဆောင်ရွက်ခြင်း​သာ ဖြစ်ပါတယ်။”

ဒီကြား ​ဖြတ်​ရွေး​ကောက်ပွဲမှာ ထူး​ခြား​တာက အန်အယ်လ်ဒီပါတီ ဝင်​ရောက် ယှဉ်ပြိုင်လာပါတယ်။ ပြည်ခိုင်ဖြိုး​ပါတီလိုပဲ ၄၈ ​နေရာစလုံး​ ဝင်ပြိုင်တဲ့​ ပါတီပါ။ ကြား​ဖြတ်မှာ ဆိုရင် အဓိက ပြိုင်ဘက်ပါတီလို့​တောင် ​ပြောလို့​ပါတယ်။ အန်အယ်လ်ဒီပါတီ ဝင်လာပြီး​ သူ့​ကိုယ်စား​လှယ်​လောင်း​တွေ ဝင်ပြိုင်လာတဲ့​အတွက် အခု ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ပြည်ခိုင်ဖြိုး​ပါတီနဲ့​ အပြိုင် မဲဆွယ်စည်း​ရုံး​ရာမှာ ဘယ်လိုမျိုး​တွေ ကြုံရဆုံရလဲ။ အန်ကယ်တို့​ဘက်လည်း​ ဘယ်လို ပြင်ဆင်ထား​ပါသလဲ။

“ကျ​နော်တို့​ ပါတီရဲ့​ မူဝါဒက​တော့​ အမျိုး​သား​ရေး​ကို ​စောင့်​ရှောက်မယ့်​၊​ တိုင်း​ပြည်အ​ပေါ်မှာ ဘယ်​တော့​မှ သစ္စာမ​ဖောက်မယ့်​ တရား​ဝင်ဖွဲ့​စည်း​တဲ့​ ပါတီအား​လုံး​ကို​တော့​ ကျ​နော်တို့​က မိတ်ဖက်လို သ​ဘောထား​ရမယ်လို့​ ကျ​နော်တို့​ပါတီရဲ့​ မူဝါဒလမ်း​စဉ်မှာ သတ်မှတ်ထား​ပါတယ်။ ကျ​နော်တို့​က အဲဒီမူဝါဒကိုပဲ လက်ကိုင်ထား​ပြီး​တော့​မှ ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။”

ဧပြီ ၁ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​က အန်ကယ်တို့​ ပါတီအ​နေနဲ့​ ၆ ​နေရာစလုံး​ နိုင်မယ်လို့​ ယုံကြည်ထား​ပါသလား​။ အန်ကယ် ဘယ်​လောက်အထိ ​မျှော်လင့်​ ထား​ပါသလဲ။

“​လော​လောဆယ်​ တော့​ ခန့်​မှန်း​ရ ခက်​သေး​တယ်။ ကျ​နော်တို့​လည်း​ အခု တတ်နိုင်သမျှ ကြိုး​စား​ပြီး​တော့​ ​ဆောင်ရွက်​နေတုန်း​ပါပဲ။ ​ရွေး​ကောက်ပွဲ တခုဆိုတာက​တော့​ ဘယ်​လောက် ​သေချာတယ်၊​ မ​သေချာဘူး​ ဆိုတာက​တော့​ ပွဲပြီး​မှပဲ အ​ဖြေသိတဲ့​ သ​ဘောပါပဲ။”

ဖြည့်​စွက်​ပြောလိုတာ ရှိရင် ​ပြောပြ​ပေး​ပါ။

“ကျ​နော်တို့​ က ဒီ​ရွေး​ကောက်ပွဲမှာ တရား​သဖြင့်​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ အနိုင်ရ​အောင်လို့​ ဥပ​ဒေ​ဘောင်ထဲကပဲ ကြိုး​စား​ပါမယ်။ ကျ​နော်တို့​ ကြိုး​စား​သလို တခြား​ပါတီ​တွေကိုလည်း​ အဲဒီလို ဖြစ်​စေချင်ပါတယ်။ တည်တည်ငြိမ်ငြိမ် ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ တန်ဖိုး​ရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဖြစ်​စေချင်ပါတယ်။ အဲဒီလို ဖြစ်​အောင်လည်း​ ကျ​နော်တို့​ အစွမ်း​ကုန် ကြိုး​စား​နေပါတယ်။ တရား​သဖြင့်​ နိုင်တာကိုပဲ ပြည်ခိုင်ဖြိုး​ပါတီက ဂုဏ်ယူမှာ ဖြစ်ပါတယ်။”

ဒီဗွီဘီ

မူရင်းလင့်က ဒီမှာပါ။

အင်းစိန် အထည်အလိပ်စက်ရုံ လုပ်သားများ လျော်ကြေးငွေ မရသေး

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံတစ်ရုံဖြစ်တဲ့ အင်းစိန် အထည်အလိပ်စက်ရုံ အမှတ် (၁၁) က ဝန်ထမ်း ၂၀၀ ကျော်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက လျော်ကြေးပင်စင်လျှောက်လွှာမှာ လက်မှတ် ရေးထိုးထားပေမယ့် အခုအချိန် အထိ ပင်စင်ဦးစီးဌာနက လျော်ကြေးငွေ ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ဘာမှ အကြောင်း မပြန်ဘူးလို့ သိရပါတယ်။


ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။
(Photo: AFP)

ဒီအထည်အလိပ်စက်ရုံကို မကြာခင် ဖျက်သိမ်းတော့မယ်လို့ သတင်းထွက်ခဲ့တဲ့ အတွက် စက်ရုံမှူးက ဝန်ထမ်းတွေကို လျော်ကြေးပင်စင်လျှောက်ဖို့ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

"အဲဒီမတိုင်ခင်ကတော့ ဒီစက်ရုံက ပျက်တော့မယ်။ လျော်ကြေးလိုချင်တဲ့သူက လျော်ကြေးတင်၊ နယ်ပြောင်းချင်တဲ့သူလည်းပြောင်းပေါ့။ သတင်းထုတ်ထားဖူးပါတယ်။ ဒါပေမယ့် သူက ဘယ်အချိန်၊ ဘယ်ကာလရယ်လို့ မပြောဘူး။ အခု စက်ရုံက ရောင်းလည်းမရောင်းဘူး၊ ငှားလည်းမငှားဘူး။"

စက်ရုံမှူး ဦးစိုးဝင်းထွန်းကတော့ ဝန်ထမ်းတွေ မိမိတို့သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပေးခဲ့ကြောင်းနဲ့ အဓမ္မ လက်မှတ် မထိုးခိုင်းခဲ့ဘူးလို့ ဆိုပါတယ်။

"အထက်ကလည်း မခိုင်းဘူး။ အထက်က လုပ်ချင်တဲ့လူဆက်လုပ်၊ သူတို့ဟာနဲ့ သူတို့ ပင်စင်လိုချင်တဲ့သူယူကြ ဆိုပြီးမှ ဒါပဲ ညွှန်ကြားတာ။ သူတို့ကို ယူပါဆိုပြီး ခိုင်းတာမဟုတ်ဘူး။ ကျွန်တော် ပြောပြတယ်။ လုပ်ချင်တဲ့လူ ဆက်လုပ်ကြ၊ သို့သော် ဝန်ထမ်းဆိုတာ သိတဲ့အတိုင်းပေါ့ဗျာ။ ဒီစက်ရုံ တကယ်လို့များ ပိတ်ခဲ့သည်ရှိသော် စေလွှတ်တဲ့နေရာ သွားရမှာပေါ့။"

ဒါပေမယ့် အထည်အလိပ်စက်ရုံကို လျော်ကြေးမယူတဲ့ ဝန်ထမ်း ၂၀ လောက်နဲ့ အခုချိန်အထိ ဆက်လက် လည်ပတ်နေပြီး ဘယ်အချိန် ဖျက်မယ်ဆိုတာကို မသိသေးဘူးလို့ စက်ရုံမှူး ဦးစိုးဝင်းထွန်းက ပြောပါတယ်။

လျော်ကြေး ပင်စင်လျှောက်လွှာ တင်ထားတဲ့ ဝန်ထမ်းတွေအနက် လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေက လျော်ကြေးငွေရမှာ ဖြစ်ပြီး၊ ၁၀ နှစ်အထက်တွေက ပင်စင်လစာ ရကြမှာ ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

အနိုင်ရ ပင်လယ်ပြင် ပိုင်နက်သစ်တွင် ဘင်္ဂလား ရေတပ် စတင် ကင်းလှည့်ပြီ

နိုင်ငံ တကာပင်လယ်ပြင် ဆိုင်ရာ တရား ခုံရုံးမှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပင်လယ်ပြင်နယ်နိမိတ်ကို လွန်ခဲ့သော အပတ်က တရားစီရင် ပိုင်းခြား သတ်မှတ် ပေးခဲ့ပြီးနောက် ဘင်္ဂလားဒေခ်ျ့ ရေတပ်မှ ၄င်း၏ ရေပြင်ပိုင်နက် သစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကင်းလှည့်နေပြီဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ် The Daily Star သတင်းအရ သိရှိရသည်။


ဘင်္ဂလာဒေခ်ျ့ ရေတပ်သည် ယခုကဲ့သို့ အမေရိကန် ရေတပ်၏ စစ်ရေးသင်တန်းများကို ရရှိထားသည်။

ဘင်္ဂလားဒေခ်ျ့ ရေတပ်မှ ၄င်း၏ စစ်သင်္ဘောသုံးစီးကို စစ်တကောင်းမှ၎င်း၊ နောက်ထပ် ရေတပ် သင်္ဘော တစ်စီးကို မောင်ကလာ ရေတပ်မှ စခန်းမှ၎င်း တရားစီရင်ချက်ထွက်လာပြီး တရက်အကြာ မတ်လ (၁၅)ရက်နေ့မှ စတင် စေလွှတ်ပြီး ၄င်း၏ရေပြင်ပိုင်နက် အသစ်အတွင်း ပထမဆုံး အကြိမ် ကင်းလှည့်စေခဲ့ခြင်း ဖြစ်သည်ဟု ကင်းလှည့်ရာတွင် ပါဝင်ခဲ့သည့် ဘင်္ဂလာဒေခ်ျ့ ရေတပ်အရာရှိ တစ်ဦးက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။

ထိုစစ်သင်္ဘောများထဲမှ နှစ်စီးမှာ အုန်းကျွန်း ခေါ် စိန့်မာတိန်ကျွန်း၏ တောင်ဘက်စူးစူး ပင်လယ်ပြင်အတွင်း ကင်းလှည့် ခဲ့ကြသည်ဟုလည်း ၄င်းအရာရှိကပြောသည်။

"ကျွန်တော်တို့က ပင်လယ်အော်အတွင်း ၁၇၅ မိုင်ထိ ကင်းလှည့်ခဲ့ကြပါတယ်။ အရင်က အဲဒီနေရာတွေထိ တခါမှ သွားရောက်ခွင့် မရခဲ့ပါဘူး။ ကျွန်တော်တို့ ပင်လယ်ပြင်က တိတ်ဆိတ်ငြိမ်သက်နေပြီးတော့၊ ဘာအနှောင့်အယှက်မှ မတွေ့ခဲ့ရပါဘူး" ဟု ၄င်းအရာရှိကပြောသည်။

ယခုလ (၁၄)ရက်နေ့ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာခုံရုံး၏ တရားစီရင်ချက်အရ ဘင်္ဂလားဒေခ်ျ့မှ ဘင်္ဂလား ပင်လယ်အော် အတွင်း မိုင် ၂၀၀ ထိ၊ ဧရိယာအကျယ်အ၀န်းအားဖြင့် စတုရန်းမိုင် ၁၁၁၀၀၀ ကို တနိုင်ငံတည်း မူပိုင် စီးပွါး လုပ်ပိုင်ခွင့်နှင့် နိုင်ငံပိုင်နယ်နိမိတ်အဖြစ် ရရှိအောင်မြင်ခဲ့သည်။

ထိုတရားစီရင်ချက်အပေါ်မူတည်ပြီး ဘင်္ဂလားဒေ့ရှ်မှ ၄င်း၏ရေတပ်သင်္ဘောများကို ပထမဆုံး အကြိမ်အဖြစ် မဆိုင်းမတွက် စေလွှတ်ခဲ့ပြီး ကင်းလှည့်စေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"အရင်က ကျွန်တော်တို့ အဲလောက် အဝေးကို သွားလို့မရခဲ့ပါဘူး။ ခုတော့ သူတို့ (မြန်မာ) ပိုင်နက်ကို သူတို့ သိသလို၊ ကျွန်တော်တို့ ပိုင်နက်ကို ကျွန်တော်တို့ သိပြီဖြစ်ပါတယ်" ဟု ၄င်းအရာရှိကပြောသည်။

လာမည့်ဧပြီလမှစ၍ ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးဝါးလာမည် ဖြစ်သော်လည်း အဆိုပါ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောများမှာ တစ်နှစ်ပတ်လုံး ၄င်း၏ရေပြင်ပိုင်နက်အတွင်း ကင်းဆက်လှည့်သွားမည်ဖြစ်ကြောင်း သူကပြောသည်။

ယခင်က အငြင်းပွါးနေသည့် ရေပိုင်နက်အတွင်း ဘင်္ဂလားဒေခ်ျ့ ငါးဖမ်းလှေများကို တွေ့ရှိပါက မြန်မာရေတပ်မှ ဖမ်းဆီး အနိုင်ကျင့်လေ့ရှိသည်။ ယခုအခါ မြန်မာဘက်မှ ပိုင်ဆိုင်သည်ဟု ပြောဆိုနေခဲ့သည့် ရေပြင်အတွင်း အမေရိကန် ရေနံကုမ္မဏီ ကိုနိုကိုဖိလစ်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့များ ရှာဖွေရန် ရေပြင်တိုင်းတာမှုများကို ပြုလုပ်နေပြီဖြစ်သည်။

အဆိုပါ တိုင်းတာမှုများမှာ လာမည့်လတွင် ပြီးဆုံးမည်ဖြစ်ပြီး၊ တိုင်းတာမှုများအရ ကိုနိုကိုဖိလစ်မှ ထိုရေပြင်အတွင်း ရေနံနှင့် ဓါတ်ငွေ့များ လာမည့်နှစ်တွင် စမ်းသပ် တူးဖေါ်မည်ဆိုလျှင် ဘင်္ဂလားဒေခ်ျ့ ရေတပ်အနေဖြင့် လုံခြုံရေးတာဝန် ယူပေး ရမည်ဖြစ်ကြောင်းလည်း ၄င်းအရာရှိက ပြောသည်။

လွန်ခဲ့သော နိုဝင်ဘာ ၂၀၀၈ ခုနှစ်တွင် အငြင်းပွါးနေခဲ့သည့် ပင်လယ်ပြင်အတွင်း မြန်မာဘက်မှ ဓါတ်ငွေ့ ရှာဖွေရန် ကြိုးပမ်း ခဲ့မှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ ရေတပ်များ အကြား တပတ်ကြာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွါးခဲ့သည်။ အဆိုပါ အခင်းဖြစ်ပွါးခဲ့သည့်နေရာမှာ စိန့်မာတိန်ကျွန်းမှ ၂၂၇ ဒီဂရီ အရှေ့တောင်ဘက် ၅၅ ကီလိုလိုမီတာ အကွာတွင် ဖြစ်သည်။

ထိုတင်းမာမှုဖြစ်ပွါးခဲ့စဉ်က မြန်မာရေတပ်များမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်ဘက်မှ သတိပေးချက်ကို အလေးမထားပဲ ထိုနေရာ အတွင်း ဓါတ်ငွေ့ရှာဖွေရန် ကိုးရီးယား သင်္ဘောတစီးကို လိုက်ပို့ ပေးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါတင်းမာမှုကို သံတမန် နည်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အချည်းအနှီးဖြစ်ခဲ့ရပြီး၊ ကိုးရီးယားကုမ္မဏီမှ ဓါတ်ငွေ့ရှာဖွေမှုကို ရပ်တန့် လိုက်မှသာ ကျေအေးခဲ့ကြသည်ဟု အဆိုပါ အရာရှိက ပြောသည်။

နိုင်ငံတကာခုံရုံးမှ နှစ်နိုင်ငံရေပြင်ပိုင်နက်ကို ပိုင်းခြားသတ်မှတ်ပေးခဲ့ပြီးနောက် အဆိုပါ ၂၀၀၈ ခုနှစ်က မြန်မာဘက်မှ ဓါတ်ငွေ့ ရှာဖွေခဲ့သည့်နေရာမှာ ယခုအခါ မြန်မာဘက်သို့ ပါသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ဘင်္ဂလားဒေခ်ျ့ ရေတပ်အရာရှိ၏ ပြောကြားချက်အရ ဘင်္ဂလားဒေခ်ျ့ ဘက်မှ အုန်းကျွန်းခေါ် စိန့်မာတိန်ကျွန်းမှ ၂၁၅ ဒီဂရီ အနောက်တောင်ဘက် ခြမ်းကိုသာ ပိုင်နက်အဖြစ်ရရှိခဲ့ကြောင်း သိရှိရသည်။

မူရင်းလင့်က ဒီမှာပါ။

မီဒီယာဖွံ့ဖြိုးရေးညီလာခံ ရန်ကုန်မှာ ကျင်းပ (ရုပ်သံ)




ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNESCO တို့ ပူးတွဲစီစဉ်တဲ့ မီဒီယာ ညီလာခံတရပ်ကို မတ်လ ၁၉-၂၀ ရက်နေ့တွေမှာ ကျင်းပခဲ့ရာမှာ နိုင်ငံတကာက သတင်းသမားတွေ၊ နိုင်ငံခြားသံတမန်တွေ၊ အလှူရှင်တွေ၊ မြန်မာအစိုးရ အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

အစိုးရနှင့် တပ်မတော် အပေါ် SSA သံသယရှိ

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA–S) တို့အကြား အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရထားသော်လည်းအစိုးရတပ်က တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အစိုးရနှင့် တပ်မတော်အပေါ် သံသယဝင်နေကြောင်း SSA–S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။


ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့်
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းတို့
ယမန်နှစ် ဒီဇင်ဘာလအတွင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
(ဓာတ်ပုံ - thaifreedom.com)

“ကျနော်တို့ နှစ်မျိုးမြင်တယ်။ တမင်သက်သက်ကို ငြိမ်းချမ်ရေးဆွေးနွေးရေးအဖွဲ့က အစိုးရက ဒီလိုမျိုးလုပ်မယ် တပ်ကဒီလိုမျိုး ထပ် လုပ်ပါ ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့ ညှိပြီးတော့ လုပ်တာလားလို့ အဲလိုတမျိုးမြင်တယ်။ နောက်တမျိုးကတော့ အစိုးရက ဒီတပ်ကို ထိန်းလို့မရဘူးလား။ ပြောလို့မရဘူးလား၊ ညွှန်ကြားလို့မရဘူးလား ဆိုပြီးတော့ သံသယရှိတာပေါ့ဗျာ”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဧရာဝတီ ကို ပြောပြသည်။

ယခုလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၊ လမ်ဖာ့ တောင်းကုန်းပေါ်တွင် တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသော SSA–S တပ်ရင်း ၁၀၈ ကို မိုင်းဖြတ်အခြေစိုက် အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၈ လက်အောက်ခံ (ခမရ) ၅၇၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ကာ တောင်ကုန်းကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များက မိနစ် ၄၀ ကျော်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အစိုးရဘက်မှ ၁ ဦးကျဆုံး၊ ၂ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း၊ SSA–S ဘက်က ထိခိုက်ဒဏ်ရာ မရရှိသော်လည်း လူအင်အား၊ လက်နက်အင်အားအရ ဆုတ်ခွာ ပေးလိုက်ရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီး မြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။

သဘောတူညီချက်များထဲတွင် SSA-S ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဘက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံ ရေး ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရေးတို့ ပါဝင်ပြီး ၎င်းအချက်များ အားလုံးကို မူ အားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ နယ်မြေသတ်မှတ်ရေး ဆွေးနွေးရာတွင် သဘောတူညီချက် လွယ်ကူစွာမရရှိဘဲအချိန်ကြန့်ကြာမှုဖြစ်ခဲ့သေးသည်။

ထိုသို့သဘောတူညီမှုများပြုလုပ်ခဲ့ကြပြီး တလကျော်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း SSA တပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်းရာမှ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

အစိုးရတပ်များက မနေစေလိုသော အဆိုပါနေရာများမှာ တရုတ်၊ လာအိုနှင့် ထိုင်းနယ်စပ်ဒေသများနှင့် နီးကပ်လျက်ရှိပြီး မိုင်းလား တပ်ဖွဲ့များနှင့်လည်း နီးကပ်ဆက်နွယ်နေသဖြင့် နယ်မြေစိုးမိုးရေးအရ SSA-S တပ်ဖွဲ့ဝင်များကို ရှင်းလင်းလိုသည်ဟု ယူဆမိကြောင်း သူကဆက်ပြောသည်။

“နယ်ခြားဒေသတွေနဲ့နီးတော့ စစ်ရေးအရ မနေစေချင်တဲ့သဘောပဲလို့ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်ပါတယ်”ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုသည်။ နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်းကို ညှိနှိုင်းဖြေရှင်းပေးရန်အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်း ဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို လိပ်မူကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် SSA-S က စာရေးသားပေးပို့ခဲ့ပြီး ၁၀ ရက်အကြာ တွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့မှ အမှတ် ၂ လျှပ်စစ် စွမ်းအား ဒု ၀န်ကြီး ဦးခင်မောင်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် တိုက်ပွဲများထပ်မဖြစ်စေရန် အစိုးရတပ်များကို သွားရောက် ညှိနှိုင်းပေးမည်ဟု ကတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော်လည်း SSA-S တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေများအတွင်း အစိုးရတပ်များသည် နယ်မြေစိုးမိုးရေးအရ လက်နက်နှင့် လူအင်အား၊ ရိက္ခာများ တိုးမြှင့်လာခြင်းများကြောင့် ခုခံစစ်ဖြင့် ပြန်လည်တိုက်ခိုက်နေရင်းမှ တိုက်ပွဲများက ဆက်ဖြစ်နေခဲ့သည်ဟု SSA-S ဘက်က ပြောဆိုသည်။

SSA–S အနေဖြင့်မူ အပစ်အခတ် ရပ်စဲရေး မပျက်ပြယ်လိုဘဲ ငြိမ်းချမ်းသည့်နည်းဖြင့်သာ ဆွေးနွေးဖြေရှင်းလိုကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များနှင့် မတ်လကုန်ပိုင်းတွင် ထပ်မံဆွေးနွေးသွားဦးမည်ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။

မော်ထိုင်း တပ်မတော် MTA ခေါင်းဆောင် ဦးခွန်ဆာ စစ်အစိုးရထံ လက်နက်ချသွားသည့်နောက်ပိုင်း ဗိုလ်မှူးကြီး ရွက်ဆစ်က SSA-S ကို မော်ထိုင်း အဖွဲ့ဝင်ဟောင်းတချို့နှင့် ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

NLD မဲဆွယ်နေသည့် နေရာကို ကြံ့ဖွံ့က ရှို့မီးနဲ့ ပွဲလှန့်

လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ရှိ နဂါးပေါ်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောင့်ယှက်ခဲ့သည်ဟု သတင်းရရှိပါသည်။

မတ်လ (၁၉) ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်ခန့်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် နဂါးပေါ်ကျေးရွာမှ ရွာသူ၊ ရွာသားများအား စည်းရုံးရေး ဟောပြောပွဲအပြီး ကျေးရွာကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင် တယောက်က ဟောပြောပွဲ ပြုလုပ်တဲ့နေအိမ်ရှိ ကောက်ရိုးပုံကို မီးရှို့လိုက်ပြီး မီးလောင်နေပါတယ်ဟု အော်ကာ ပွဲလှန့်လိုက်သည့်အတွက် ရွာသူရွာသားများ မီးလောင်နေသည့် နေရာသို့ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါသည်။

နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးက အဆိုပါမီးလောင်မှုဟာ NLD အဖွဲ့ဝင်တွေက ပစ်လိုက်သည့် ဆေးလိပ်မီးကြောင့် အခုလိုလောင်တာဖြစ်ပြီး အိမ်ရှင်ကို မီး ပေါ့ဆမှုနဲ့ ဒဏ်ရိုက်ရမည်ဟုပြောပါသည်။ တကယ် ကောက်ရိုးပုံကို မီးရှို့လိုက်သည့်လူကို ရပ်ရွာလူတွေက ဝိုင်းဖမ်းဆီးသည့်အခါမှာ အဆိုပါပုဂ္ဂိုလ်မှာ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်လဲဖြစ် ကြံ့ခိုင်ရေးပါတီဝင် တဦးလည်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒါဟာ မဲဆွယ်စည်းရုံးမှု ဟောပြောပွဲပျက်အောင် တမင်တကာ ရှို့သည့်မီး ဖြစ်ခြင်းကြောင်း အဆိုပါ ကြံ့ခိုင်ရေးပါတီဝင်ကိုသာ ဖမ်းဆီးရမည် ဖြစ်ကြောင်း တောင်းဆိုသည့်အတွက် အဲဒီပုဂ္ဂိုလ်အား ဖမ်းဆိးလိုက်သော်လည်း အချိန်အနည်းငယ်အတွင်း အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) မှာ မဲပေးခွင့်ရှိသည့် မဲစာရင်းများအတွင်း သေဆုံးပြီး လူနာမည်များ ပါဝင်နေခြင်း၊ အသက်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် လူနာမည်များ အများအပြား ကျန်ရစ်ခဲ့သည်ဟု NLD စည်းရုံးရေးအဖွဲ့ဝင် တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

NLD စည်းရုံးရေးအဖွဲ့ဝင်တဦးက “ ကြံ့ခိုင်ရေးနှင့် ပြည့်ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျေးရွာက ပြည်သူတွေက သူတို့ရဲ့ ဟောပြောပွဲတက်ရောက်အောင် လိုက်လံတိုက်တွန်းနှိုးဆော်ခိုင်းတာမျိုး ၊ ဟောပြောပွဲ ကျင်းပမည့် နေရာကို စီစဉ်ခိုင်းတာမျိုး ကျနော်တို့ တွေ့နေရတယ်။ နောက်ပြီးတော့ ကျေးရွာတိုင်းမှာ ကြံ့ခိုင်ရေးက သတင်းပေး ဆိုတဲ့ ကတ်ပြားတွေ ထုတ်ပေးထားတာကို တွေ့ရတယ်။ သတင်းပေးတွေကပဲ ကျနော်တို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ လိုက်လံ နှောက်ယှက်တာတွေ ကြုံတွေ့နေရတယ် လို့ ပြောကြားခဲ့ပါသည်။

(ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) အမျိုးသားလွှတ်တော် အမှတ်(၃)မဲဆန္ဒနယ် နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မောင်ဝင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးတိုးမြင့်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အာဏာပိုင် အဟန့်အတားရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ် အတွက် ရေယာဉ်ငှားရမ်းအသုံးပြုခွင့်ကို အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။


RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ မတ်လ ၃ ရက်နေ့က
မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်သော ဟောပြောပွဲကို
လာရောက်နားထောင်ကြသော ပရိသတ်များကို တွေ့ရစဉ်။

မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ မြိတ်မြို့ကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် ရှပ်ပြေးရေယာဉ်ကို မငှားရမ်းဖို့ ရေယာဉ်ပိုင်ရှင်ကို အာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

"ကျွန်တော်တို့ အရင်တခေါက် လာစီစဉ်တဲ့ အချိန်တုန်းက အမက အဲဒီ ကျွန်းစုတွေကို လှည့်သွားဖို့ပေါ့။ အချိန်ရနိုင်အောင်ဆိုပြီးတော့ ရှပ်ပြေးတစ်စီး စီစဉ်ခဲ့ပါတယ်။ တနာရီ ရေမိုင် ၂၅- ၃၀ သွားနိုင်တာပေါ့။ အဲဒါကို ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ အာဏာပိုင်တွေက မငှားရဘူးဆိုပြီးတော့ ဖိအားပေးတယ်။ အာဏာပိုင် အဟောင်းရော အခုအသစ် လက်ရှိရောပေါ့။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် တခြားအမြန်ရေယာဉ်တွေ နဲ့ စီစဉ်ဆောင်ရွက်နေပေမဲ့ အခက်အခဲတွေရှိနေကြောင်းလည်း ဦးခွန်သာမြင့်က ပြောပါတယ်။

"ကျွန်တော်တို့ မနေ့က နဲနဲ မြန်တဲ့ မော်တော်လေးပေါ့။ အမသွားမယ့် လမ်းကြောင်းအတိုင်း သွားတာပေါ့။ အမနေမယ့် အချိန်လောက် ရွာတွေမှာ နေပြီးတော့ ပြန်လာတာကို အဲဒါ ည ၁၀ နာရီလောက်မှ မြိတ်ကို ပြန်ရောက်တယ်။ အမကိုတော့ ည ၁၀ နာရီလောက်အထိ ပင်လယ်ကြီးထဲမှာ မထားနိုင်တော့ ကျွန်တော်တို့ အစွမ်းကုန်တော့ ရှပ်ပြေးရအောင် ကြိုးစားနေပါတယ်။ အဲဒါ လာလို့ မရအောင်၊ သွားလို့ မရအောင်ပေါ့၊ နောက်တခါ အန္တရာယ် များအောင်ပေါ့။"

မြိတ်အနောက်မြို့နယ်က လစ်လပ်တစ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောဖို့နေရာတွေ အတွက် ကျွန်းစုတွေ အတွင်းက ရွာကွင်းတွေမှာ စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

မူရင်းလင့်က ဒီမှာပါ။

မဟာအောင်မြေတွင် လူ ၁၀၀၀ ကျော် မဲစာရင်းပျောက်

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ၁၀ ရက်သာ လိုတော့ချိန်တွင် မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်၌ မဲပေးခွင့်ရှိပါလျက် မဲစာရင်းတွင် နာမည်မပါသူ ၁၀၀၀ထက်မနည်း ကျန်ရှိနေကြောင်း သတင်းရရှိသည်။


မန္တလေး
တံတားဦး လေဆိပ်မှ အောင်ပင်လယ်သို့အသွားတွင် ဒေသခံလူထုကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည်
(ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် မဟာအောင်မြေ မဲစာရင်းတွင် နာမည်မပါသူ ၁၄၀၀ ခန့်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စုစည်းတင်ပြခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က နောက်တိုးမဲအဖြစ် ယခုလ ဒုတိယပတ်အတွင်းက ထုတ်ပြန်ပေးခဲ့ကြောင်း၊ သို့သော် မဲစာရင်းတွင် နာမည်မပါသူ ၁၀၀၀ ကျော် ဆက်လက် ကျန်ရှိနေသည့်အတွက် ထပ်မံ ပြင်ဆင်ပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ယင်းနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် NLD အမတ်လောင်းက ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။

“ကျန်ခဲ့တဲ့ မဲဆန္ဒရှင်တွေကို ကျနော်တို့ လူငယ်တွေက တရပ်ကွက်ပြီး တရပ်ကွက် လိုက်ရှာပြီးတော့ စာရင်းပြုစုနေတယ်။ အခုထိ ကျနော်တို့ဆီ တက်လာတဲ့ စာရင်းအရတော့ ၁၀၀၀ ကျော် ရှိနေပြီ” ဟု ဦးအုန်းကြိုင်က ပြောသည်။

ရပ်ကွက် ၁၈ ခုရှိသည့် မဟာအောင်မြေ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ၁ သိန်း ၃ သောင်းခန့်ရှိပြီး ထိုသူများအတွက် မဲရုံ ၇၉ ရုံ ထားရှိပေးသွားမည်ဟု မြို့နယ်ကော်မရှင်က ထုတ်ပြန်ထားကြောင်း သိရသည်။

မဲစာရင်း ပြင်ပေးရန် ပထမအကြိမ် တင်ပြခဲ့စဉ်က မြို့နယ်ကော်မရှင်ကိုသာ တင်ပြရသော်လည်း ယခုတကြိမ်တွင်မူ ခရိုင်ကော်မရှင်အထိ တင်ပြရန်လိုသည်ဟု NLD ဗဟိုကော်မတီဝင်နှင့် ပြန်ကြားရေးတာဝန်ခံလည်းဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

“အခုက ပုံစံ ၃ (က) နဲ့ တင်ရတာ။ ကာယကံရှင်တွေ ကိုယ်တိုင်ကနေပြီးတော့ မဲစာရင်းကို မကြည့်မိလို့ပါဆိုပြီး လျှောက်ထားရတဲ့ ပုံစံမျိုး” ဟု ၎င်းက ပြောသည်။

မဲစာရင်း ပြင်ဆင်ပေးရန် လျှောက်ထားခွင့်မှာ ယခုလ ၂၄ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သဖြင့် ထို့နေ့မတိုင်မီ လျှောက်လွှာများကို ကော်မရှင်ရုံးသို့ ပေးပို့သွားမည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“သတ်ပုံမှားတာ၊ မှတ်ပုံတင်မှားတာ၊ နာမည်မှားတာ၊ သေတဲ့လူတွေ ပါနေတာ၊ အဲဒီကိစ္စတွေကို ကော်မရှင်က ရွေးကောက်ပွဲအမီ ဖြေရှင်းပေးပါ့မယ်တဲ့။ မဲပေးခွင့် မဆုံးရှုံးစေရပါဘူးတဲ့” ဟု ၎င်းက ဆက်လက်ပြောသည်။

အစိုးရအဖွဲ့၌ လက်ရှိပညာရေးဝန်ကြီး တာဝန်ယူထားသည့် ဒေါက်တာ မြအေး ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မဟာအောင်မြေ မဲဆန္ဒနယ်တွင် ပါတီ ၅ ခုနှင့် တသီးပုဂ္ဂလ ၃ ဦး စုစုပေါင်း အမတ်လောင်း ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ဦးကျော်ကျော်၊ ရှေ့နေ ဦးစိန်လှနှင့် ဦးညွှန့်ဦးတို့မှာ တသီးပုဂ္ဂလ အမတ်လောင်းများအဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး NLD ပါတီမှ ဦးအုန်းကြိုင် အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသန်းထွန်း၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဦးလှကို၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ဦးထွန်းကြည်နှင့် ပြည်သူ့ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်ဦး ပါတီကိုယ်စားပြု ၀င်ပြိုင်ကြမည်ဖြစ်သည်။

ဦးအုန်းကြိုင် (စာရေးဆရာ အောင်ဝင့်) မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပစဉ်က မဟာအောင်မြေမြို့နယ်မှ ၀င်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဦးအုန်းကြိုင်အဖို့ လွန်ခဲ့သော ၂၂ နှစ်ခန့်က မိမိအနိုင်ရခဲ့သည့် နေရာတွင်ပင် ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်နေသော်လည်း မဟာအောင်မြေ ဒေသခံအများစုမှာ မဲပေးနည်းကို မသိရှိသေးဘဲ ဖြစ်နေကြောင်း စိန်ပန်းရပ်ကွက်မှ ကိုရန်နိုင်လင်းက ပြောသည်။

“အောက်ခြေက သာမန်လူတန်းစာတွေက မဲပေးနည်းတွေကို သေချာ မသိဘူးဗျ။ သိအောင်လည်း ပါတီကလူတွေက အောက်ခြေအထိ ထိုးဖောက်ပြီး ရှင်းပြတာ မလုပ်သေးဘူး” ဟု ၎င်းက ပြောသည်။

မဲစာရင်းများမှန်ကန်ရေး ကြိုးပမ်းနေသည့်အတွက် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲနေ့ မတိုင်မီ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဦးအုန်းကြိုင်က ပြောသည်။

“မဲဆန္ဒရှင် ပြည်သူတွေကို တွေ့ပြီးတော့ ကျနော်တို့လူငယ်တွေက တအိမ်တက်ဆင်း မဲပေးမမှားအောင် ဘယ်လိုခြစ်ရမယ်ဆိုတာကို မဲပြား နမူနာပုံစံမျိုးနဲ့ ပြပြီးတော့ Voter Education လုပ်မယ်။ အိမ်တိုင်းစေ့ဖြစ်အောင် လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းတွင် မဟာအောင်မြေ၊ နွားထိုးကြီး၊ ပြင်ဦးလွင်၊ တံတားဦး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိဟူ၍ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေရာ ၁၀ နေရာ ရှိသည်။

မဲစာရင်း မှားယွင်းမှုများမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် အပါအ၀င် မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ ဧရာဝတီတိုင်းမှ မြောင်းမြ၊ ဖျာပုံ၊ စစ်ကိုင်းတိုင်းမှ ကန့်ဘလူ၊ ကချင်ပြည်နယ်တွင် ဖားကန့် စသည်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေရာ အများအပြားတွင် ဖြစ်ပေါ်နေသည်။

ရွေးကောက်ပွဲ ဥပဒေနှင့် ဆန့်ကျင်ပြီး ကြိုတင်မဲ ကောက်ယူနေမှုများ၊ NLD က မဲဆွယ်စည်းရုံးရာတွင် အနှောက်အယှက် ပေးနေမှုများနှင့် မဲစာရင်းအမှားအယွင်းများသည် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း NLD ပါတီက ယခုလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ် ရွေးကောက်ပွဲ လေ့လာရန် အာစီယံအဖွဲ့ကို မြန်မာအစိုးရက ဖိတ်ခေါ်

၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာရန်အတွက် အာစီယံ အတွင်းရေးမှူးအဖွဲ့နဲ့ အာစီယံနိုင်ငံများက ပါလီမန်အမတ်များကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ကြောင်း အာစီယံအဖွဲ့က ၂၀၁၂ မတ်လ ၂၀ ရက်နေ့တွင် ကြေညာလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ ဖိတ်ခေါ်ချက်တွင် အာစီယံ အတွင်းရေးမှူးရုံးရဲ့ ကိုယ်စားလှယ် ငါးဦးနဲ့ သတင်းသမား သုံးဦး၊ အာစီယံနိုင်ငံတနိုင်ငံစီက ပါလီမန်အဖွဲ့ဝင် နှစ်ဦးစီနဲ့ သတင်းသမား သုံးဦးစီ လာရောက်ဖို့ ပါဝင်ပြီး မတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်ကို အရောက်လာဖို့နဲ့ ထိုနေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲ တက်ရောက်ဖို့ မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မမှန်ကန်မှုတွေ ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထုတ်ဖော် ပြောကြားမှုတွေ ကြားလာခဲ့ရပြီးတဲ့နောက် မြန်မာအစိုးရက အာစီယံအဖွဲ့နဲ့ အဖွဲ့ဝင်နိုင်ငံများကို ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ အာစီယံ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူနေတဲ့ ဒေါက်တာ စူရင် ပစ်စူဝမ် (Dr. Surin Pitsuwan) ရဲ့ လွန်ခဲ့တဲ့လ မြန်မာပြည်ခရီးစဉ်အတွင်း လာမယ့် ဧပြီလတွင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ရန် အာစီယံနိုင်ငံများနဲ့ အာစီယံ အတွင်းရေးမှူးရုံးတို့အနေနဲ့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ အထူး စဉ်းစားနေကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်ကို အသိပေးခဲ့ပြီးနောက် အာစီယံ လေ့လာရေးကိုယ်စားလှယ်အဖွဲ့ လာရောက်ဖို့ မြန်မာအစိုးရက အခုလို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ ပါတီကြီး သုံးခုနဲ့ ပါတီငယ်များက မဲဆန္ဒနယ် ၄၈ ခုတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်ပေးထားသူများအနက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်တဦးနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ကိုယ်စားလှယ်တဦးကို ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ် မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်လူထုတွေ့ဆုံပွဲတွေ၊ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) အတွင်းရေးမှူးနဲ့ လက်ရှိ အမှတ် ၁ စက်မှုဝန်ကြီးဌာန ၀န်ကြီးတဦးဖြစ်သူ ဦးအောင်သောင်းက “''မငြိမ်ပါဘူး။ သူ့လို အုန်းအုန်းကျွတ်ကျွတ် ဆိုတာကတော့ အရှေ့အလယ်ပိုင်း ပုံသဏ္ဍာန်တွေ ဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သူက ပြနေတာ။ ဒါကတော့ နိုင်ငံရေးအရ image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအား ထောက်ခံတယ်၊ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါကလုပ်လို့ လွယ်တဲ့ ကိစ္စ ပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင် ရပါတယ်။ မြို့ခံတွေ ဘယ်လောက်ပေါတယ်။ နယ်ခံတွေ ဘယ်လောက် ပေါတယ် ပေါ့''

''ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုတာတွေက ဘာ ဂတိမှလည်း မပေးနိုင်ဘူး ဆိုတာတွေက ဂတိပေးထားတဲ့သူတွေကို သရော်တာ။ ပြည်သူ့အကျိုး လုပ်နေတဲ့သူတွေကို ကိုယ်မလုပ်နိုင်လို့ ဝေဖန်တဲ့ သဘောလေးလည်း ဆောင်တယ်။ တကယ်တမ်းကျတော့ ဒါက မလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာ ကောင်းတယ်လို့ ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက် လုပ်ပေးတာကောင်းတယ် ဆိုတာမျိုးပဲ ပြောရမှာ။ ပြည်သူ့အတွက် လုပ်ပေးတာ မကောင်းဘူးလို့ ပြောလာတာတွေက ဒီ နိုင်ငံရေးအဓိပ္ပါယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။

ဘာဖြစ်လို့ ပြောတာလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်တို့ အဲဒီအဆင့် မမီဘူး။ ဒီတော့ ဒီမိုကရေစီ လိုလားတယ်။ နောက်ပြီးတော့မှ တရားဥပဒေစိုးမိုးရေး လိုလားတယ် လို့ အကြိမ်ကြိမ် နေရာတိုင်းမှာ ပြောတယ်။ တကယ့်လက်တွေ့မှာ သူတို့သွားတာ၊ လာတာတွေအားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ် လိုက်နာသလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဖာသာ ပြန် ဆန်းစစ်လိုက်ရင် သိတယ်'' လို့ ပုတ်ခတ် ဝေဖန်ခဲ့သလို ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) ကိုယ်စားလှယ်လောင်းတဦးဖြစ်သူ ဒေါက်တာစန်းဝင်းဆိုသူကလည်း ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ လွတ်လပ်မှုရှိဖို့ သင်တန်းပေးသူ ပြည်နှင်ခံရ

Asia Network for Free Election အမည်ရှိသည့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ညွန်ကြားရေးမှူး ဖြစ်သူအား မြန်မာနိုင်ငံမှ ပြည်နှင်လိုက်ကြောင်း သိရှိရသည်။

၎င်းအဖွဲ့အနေဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ရမည့် အချက်အလက်များ ဆိုင်ရာ သင်တန်းပေး ဟောပြောခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းသို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့လည်း ခွင့်တောင်းသည့် စာတင်ပြထားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်၊ ပြည်ပအခြေစိုက် မီဒီယာများအား ဖိတ်ခေါ်၍ မီဒီယာဖွံ့ဖြိုးရေး ကွန်ဖရင့်ကျင်းပနေချိန်တွင် ယခုလို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပညာပေးမှု၊ စောင့်ကြည့်မှုများ ပြုလုပ်သည့် ပြည်ပ အဖွဲ့အစည်းတခု၏ညွှန်ကြားရေးမှူး ဖြစ်သူအား ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။ ။

Yangon Press International မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် လာသူကို နေရပ်ပြန်ပို့

ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို လာရောက်လေ့လာ စောင့်ကြည့်တဲ့ ထိုင်းနိုင်ငံအခြေစိုက် Asia Network for Free Elections (ANFREL) ရဲ့အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk ကို ဒီနေ့ ညနေ ငါးနာရီမှာ မြန်မာအာဏာပိုင်တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။




Photo courtesy of Asian Network for Free Election website
၂၀၀၈ ခုနှစ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ Ms. Somsri Hananuntasuk (ယာစွန်)ကိုတွေ့ရစဉ်။

မတ်လ ၂၀ရက် နေ့လယ် သုံးနာရီမှာ Ms.Somsri Hananuntasuk နဲ့ ANFREL အဖွဲ့သားလေးဦး တည်းခိုနေထိုင်တဲ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ Orchid Hotel ရဲ့ ရှစ်လွှာမှာရှိတဲ့ ရုံးခန်းကို လူဝင်မှုကြီးကြပ်ရေး အရာရှိများနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်တဲ့အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး၊ Ms.Somsri Hananuntasuk ကို အဓိကထား စစ်ဆေးမေးမြန်းခဲ့တယ်လို့ ANFREL နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက်၊ အာရှရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Ms. Somsri Hananuntasuk ဟာ မတ်လ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကို တတိယအကြိမ် ရောက်ရှိလာပြီး၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးနဲ့ သက်ဆိုင်တဲ့ သင်တန်းများကို သတင်း မီဒီယာသမားများနဲ့ တက်ကြွလှုပ်ရှားသူများကို ပို့ချခြင်းကြောင့် ယခုလို ထိုင်းနိုင်ငံကို အမြန်ပြန်ပို့ခံရတာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ANFREL အဖွဲ့ဟာ မကြာခင်ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် လေ့လာခွင့်ပေးဖို့ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖေဖော်ဝါရီလအတွင်းက အကြောင်းကြားစာတစ်စောင်ပို့ပြီး တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

၎င်းအဖွဲ့ဟာ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကာလအတွင်းကလည်း မြန်မာနိုင်ငံအတွင်းမှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ပြုလုပ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ အဲဒီကာလတုန်းကလည်း ANFREL အဖွဲ့သားတစ်ချို့ဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်မှုနဲ့ ထိုင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။

မူရင်းလင့်က ဒီမှာပါ။

မတ်လ ၂၂ ရက်နေ့တွင် မဟာမြတ်မုနိဘုရား၌ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ် နေ


အကျဉ်းထောင်များတွင် ဆက်လက် ချုပ်နှောင်ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ရည်ရွယ်တဲ့ ၀တ်ပြုဆုတောင်းပွဲတခုကို ၂၀၁၂ မတ်လ ၂၂ ရက်နေ့ (၁၃၇၃ ခု၊ တပေါင်းလကွယ်နေ့) မွန်းလွဲ ၁ နာရီ၌ မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ရှေ့မှောက်တွင် ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိပါတယ်။ ထို ဆုတောင်းပွဲကို ဦးပဉ္ဖင်း ဦးဝီရသူ (မစိုးရိမ်) က ဦးဆောင်မှာ ဖြစ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူများနဲ့ မလွတ်မြောက်သေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများရဲ့ မိသားစုများ ပါဝင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို လှုပ်ရှားမှုတွင် ၀တ်ပြုဆုတောင်းခြင်း၊ ပရိတ်တော်များ ရွတ်ဖတ် ပူဇော်ခြင်း၊ မေတ္တာပို့သခြင်း၊ ဆိုင်းဘုတ်ကိုင်ကာ အသံတိတ် ဆန္ဒထုတ်ဖော်ခြင်း၊ အကျဉ်းသားမိသားစုများကိုယ်စား ဦးဝီရသူက မီဒီယာသမားများနဲ့ တွေ့ဆုံခြင်းများ ပြုလုပ်မှာ ဖြစ်ကြောင်း၊ အခု ပြုလုပ်မယ့် ဆန္ဒပြပွဲကြောင့် ဒို့တာဝန် အရေးသုံးပါး၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီ လမ်းကြောင်း၊ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတို့ကို မထိခိုက်စေနိုင်ကြောင်း၊ ညင်သာသိမ်မွေ့ ငြိမ်းချမ်း အေးဆေးစွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မန္တလေးတိုင်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ၂၀၁၂ မတ်လ ၁၉ ရက်နေ့ နေ့စွဲနဲ့ ပေးပို့တဲ့ ဦးဝီရသူရဲ့ ပေးစာတွင် ဖော်ပြထားပါတယ်။

မြန်မာအာဏာပိုင်များဟာ လွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ် ကြေညာပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၊ ရာဇ၀တ်မှုကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားများကို လွှတ်ပေးခဲ့ရာ ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်နေ့က နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြတဲ့ နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြောင်း အစိုးရဘက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သို့သော်လည်း လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများရဲ့ ပြောစကားများအရ ထောင်ထဲတွင် မလွတ်မြောက်သေးဘဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ရှိနေသေးကြောင်း သိရပါတယ်။ အစိုးရဘက်ကတော့ မလွတ်မြောက်သေးဘဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားများဟာ ရာဇ၀တ်မှု ကျူးလွန်သူများ၊ အစိုးရရဲ့ ကန့်သတ်ချက်များအား ဖောက်ဖျက်သူများ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၂ ရက်နေ့ ပြုလုပ်မယ့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်တဲ့ ဦးပဉ္ဖင်း ဦးဝီရသူ(မစိုးရိမ်) ဟာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ ဖြစ်ပြီး ၂၀၁၂ ဇန်န၀ါရီလအတွင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများရဲ့ မိသားစုများကတော့ မလွတ်မြောက်သေးဘဲ ကျန်နေသူများဟာ နိုင်ငံရေးအကျဉ်းသားများသာ ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူများ မဟုတ်ကြောင်း ပြောဆိုကြပါတယ်။




မူရင်းလင့်က ဒီမှာပါ။