Tuesday, March 20, 2012
မတ်လ ၁၄ ရက်နေ့မှစတင်ရောင်းချမည့်GSM, CDMA-450 MHZ, WCDMA, CDMA-800 MHZ စသည့် ဖုန်းများအကြောင်း
ချထားပေးမည့် ဖုန်းဈေးနှုန်းနှင့် အမျိုးအစား
GSM, CDMA-450 MHz, WCDMA, CDMA-800 MHz စသည့် ဖုန်းများကို ချထားပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် GSM ဖုန်းများအား ကျပ် နှစ်သိန်း၊ CDMA-450 MHz ဖုန်းများအား ကျပ် နှစ်သိန်း၊ WCDMA ဖုန်းများအား ကျပ် နှစ်သိန်းငါးသောင်း၊ CDMA-800 MHz ဖုန်းများအား ကျပ် နှစ်သိန်းငါးသောင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူ ပြည်သူများသို့ အသိပေးတင်ပြချက်အရ သိရသည်။
ချထားပေးမည့် နေ့ရက်နှင့် နေရာ
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးကို တစ်ပြိုင်နက်တည်း ချထားပေးခြင်းမျိုး မဟုတ်ဘဲ ဒေသအလိုက် ရက်သတ်မှတ်ပြီး ချထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ ရောင်းချမည်ဖြစ်ပြီး ရောင်းချမည့်အစီအစဉ်များအနေဖြင့် မတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်များအားလုံး၊ မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး (၇) ခု (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မပါ) တို့တွင် GSM မိုဘိုင်းဖုန်းများကို ရောင်းချပေးမည်ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး နှစ်နေရာအတွက် GSM မိုဘိုင်းဖုန်းများကို ဧပြီလ ၉ ရက်နေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ WCDMA ဖုန်းများ ရောင်းချမှုအပိုင်း အနေဖြင့် အဆိုပါ ဧပြီလ ၉ ရက် နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး (ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မပါ) တို့တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌မူ ဧပြီလ ၂၃ ရက်နေ့မှစတင်ကာ WCDMA ဖုန်းများကို ရောင်းချပေးသွားမည်ဖြစ်သည်။
စတင်ရောင်းမည့် ဖုန်းများ ရန်ကုန်၊ မန္တလေးတို့တွင် ယူဆောင်ပြောဆို၍ ရရှိဦးမည်မဟုတ်
မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးသွားမည့် အဆိုပါ တန်ဖိုးနည်း GSM ဖုန်းများကို လက်တလောကာလ၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နမိတ်တို့တွင် ယူဆောင် ပြောဆိုဆက်သွယ်၍ ရရှိဦးမည်မဟုတ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ GSM/UMTS Network အားများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Transmission လမ်းကြောင်းများနှင့် Gateway တို့ကို ပြီးစီး အောင်ဆောင်ရွက်ပြီးစီးသည့် အချိန်မှသာ ယူဆောင်ပြောဆို၍ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်၊ မေလ ပထမအပတ်မှသာ အဆိုပါဖုန်းများကို နေရာဒေသမရွေး ယူဆောင်ဆက်သွယ်နိုင်မည်ဖြစ် သည်ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလောကာလ၌ CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများ ရောင်းချမည်မဟုတ်သေး
လတ်တလောကာလ၌ CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများ ရောင်းချမည်မဟုတ်သေးကြောင်းသိရှိရသည်။ အဆိုပါ မိုဘိုင်းဖုန်းများကို တည်ဆောက်ထားသည့် လိုင်းအင်အားများ ပြည့်နေ၍ ရောင်း ချပေးခြင်း မရှိသေးခြင်းဖြစ်ကြောင်း ရောင်းပေးမည့်အစီအစဉ်များကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြို့ပြတွင်သာမက ကျေးလက်ဒေသအထိ တယ်လီဖုန်း တိုးချဲ့တပ်ဆင်သွားပြီး၊ တယ်လီဖုန်းသိပ်သည်းဆကို ၄၃ ဒဿမ ၈ ရာခိုင်နှုန်းအထိလည်းကောင်း၊ Broadband Wireless စနစ်အပါအ၀င် အင်တာနက် သုံးစွဲမှုကို ၉ ရာခိုင်နှုန်းအထိလည်းကောင်း တိုးတက်သုံးစွဲ နိုင်ရေး ဆောင်ရွက်မည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် ဖော်ပြ ပါရှိသည်။
ဝယ်ယူရမည့်ပုံစံ
ရောင်းချပေးမည့် ဖုန်းများအားလုံးကို ယခုလက်ရှိဝယ်ယူနိုင်သည့် ဖုန်းများ၏ပုံစံအတိုင်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သတ်မှတ်အရောင်းဆိုင်များတွင် One Stop Service စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ လက်ရှိအဆိုပါစနစ်ဖြင့် ငါးသိန်းတန် GSM ဖုန်းများကို ဆိုင်တော်တော်များများတွင်ရောင်းချပေးလျှက်ရှိသည်။
Internet Journal
မူရင်းလင့်က ဒီမှာပါ။
Holika Holika ပုသိမ်မြို့ဆိုင်ဖွင့်လှစ်
Nobel Beauty Business Group Co;Ltdမှတင်သွင်းဖြန့်ချိသောံHolika Holikaကိုရီးယားအဆင့်မြင့်အလှကုန်ပစ္စည်း များ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲနှင့် ဆိုင် ခန်း သစ်ဖွင့်လှစ်ပွဲအခမ်းအနားကို မတ်လ၉ရက် နေ့ နံနက်၈နာရီခွဲက အမှတ်၅၈ကုန်သည် လမ်း၊ပုသိမ်မြို့တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ဆိုင်ဖွင့်ပွဲ အခမ်းအနားတွင် အခမ်းအနားအစီအစဉ်များအဖြစ် အဆို တော်များ၏ သီဆိုဖျော်ဖြေမှုများ၊Talents & Models မှမော်ဒယ်လှပျိုဖြူများ၏ ကုန် ပစ္စည်းမိတ်ဆက်ပေး မှုများ၊ Holika Holika အလှကုန်ပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြ လိမ်းခြယ်ခြင်းများ၊ကိုရီးယားရိုးရာဝတ်စုံများ ဖြင့် အလှဓာတ်ပုံရိုက်ပေးခြင်းအစီအစဉ်များ ဖြင့် တင်ဆက်ခဲ့ပြီးHolika Holika ကိုရီး ယားအဆင့်မြင့်အလှကုန်Show Room များကို ပုသိမ်မြို့အပြင် ရန်ကုန်မြို့တွင် Capital Hypermarket အမှတ်၇ဝ၉၊၁၈ လမ်းနှ င့် စဥ့်အိုးတန်းလမ်း၊လသာမြို့နယ်၊Junction Square, Ocean Super Center (ပုဇွန်တောင်)၊မန္တလေးမြို့တွင် ရတ နာပုံဒိုင်းမွန်းပလာဇာ(မြေညီထပ်)၊ဦးဘိုအေး အလှကုန်(မန်းမြန်မာပလာဇာ)၊တောင်ကြီးမြို့ တွင်အမှတ်၅၈မဟာသုခလမ်းတို့၌ ဖွင့်လှစ် ထားပြီး လားရှိုးမြို့၊ဖားကန့်မြို့၊ ပျဉ်းမနားမြို့၊ တောင်ကြီးမြို့များ၌ှ့Show Room များဆက် လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
မူရင်းလင့်က ဒီမှာပါ။
ဘိုးဘွားရိပ်သာ နဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာ မွေးနေ့ အကြိုအဖြစ် လှူဒါန်းခဲ့တဲ့ ချစ်စနိုးဦး
ချစ်စနိုးဦးက မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ မွေးနေ့ အတွက် မွေးနေ့အကြို အလှူအဖြစ် မတ်လ ၁၄ရက်နေ့က ဘိုးဘွား ရိပ်သာနဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူငွေ နဲ့ အဝတ်အစား များကို လှူဒါန်းခဲ့ပါတယ်။ မွေးနေ့မှာတော့ ချောက်မြို့မှာ ဖျော်ဖြေရေး အဖြစ် ရောက်နေတာ ဖြစ်တဲ့အတွက် အကြို လှူဒါန်း ဖြစ်ခဲ့တာလို့ ဆိုပါ တယ်။
“မွေးနေ့က ချောက်မြို့မှာ ဆိုတော့ ရန်ကုန်မှာ ရှိတဲ့ရက်ကို မွေးနေ့အကြို လှူလိုက်တာပါ။ မွေးနေ့ ညဘက်ကိုတော့ သူငယ်ချင်းတွေနဲ့ မုန့်သွား စားဖြစ်တယ်။ထွေထွေ ထူးထူး တော့ မလုပ်ဖြစ်ဘူး။ အရင်နှစ်တွေကဆို ဘာမှ မလုပ်ဖြစ်တာ။ ဒီနှစ် သူငယ်ချင်းတွေနဲ့ အပြင် ထွက်ချင်တာနဲ့ လုပ်ဖြစ် တာပါ” လို့ ချစ်စနိုးဦးက ပြောပါတယ်။
ချောက်မြို့မှာ ၂ ရက် ဖျော်ဖြေခဲ့တဲ့ ချစ်စနိုးဦး ကမွေးနေ့မှာ သီချင်း ဆိုခဲ့ရတဲ့ အတွက် အမှတ်တရ ဖြစ်ပေမယ့် မိသားစုတွေနဲ့ အတူ ရှိချင်ခဲ့တာလို့ ဆိုတာကြောင့်… ” မွေးနေ့ကို အိမ်မှာ မိသားစုတွေ နဲ့အတူ ပွဲလေးတစ်ခု လုပ်ချင်တာ။ ဒါပေမဲ့ အလုပ်က ကိုယ်လုပ်နိုင်တဲ့ အချိန် လုပ်ရတာပေါ့။ ကိုယ်သွားတဲ့ အချိန် ပရိသတ်တွေနဲ့ အတူတူ မွေးနေ့မှာ ပျော်ရတာပေါ့။ မွေးနေ့မှာ ပရိသတ်တွေနဲ့ အမှတ်တရ ရှိနေတာပါ။ မွေးနေ့ဆို ရန်ကုန် မှာပဲ ရှိတာများတော့ အိမ်မှာ ညဘက် မိသားစု တွေနဲ့ အပြင်ကို တစ်ခုခု သွားစားတာ။ အခု တော့ နယ်မှာ ဖြစ်သွားတာပေါ့” လို့ပြောပြပါတယ်။
ချစ်စနိုးဦးက ၁၈ ရက်နေ့မှာ ပြန်ရောက်တာ ဖြစ်ပြီး နယ်ရှိုးတွေ ဆက်တိုက် ဆိုဖို့ရှိတယ် လို့ပြောပြပါတယ်။
မေမွန်မောင်
မူရင်းလင့်က ဒီမှာပါ။
ရခိုင်သင်္ကြန်(ရေစစ်ပွဲ)နှင့် သင်္ကြန်ဇာတ်ကား၊ သင်္ကြန်သီချင်း နှစ်ကိုယ်တူစကားဝိုင်း
မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတွေရဲ့အတာသင်္ကြန် ပွဲတော်ကြီးဟာ တစ်ပတ်ထက်တစ်ပတ် နီးကပ်လာပြီဖြစ်ပါတယ်။ သင်္ကြန်ရောက်ခါနီးပြီ ဆိုတာ သိရဖို့ အတွက် နွေဦးရဲ့လေရူးရနံ့တွေ၊ ပိတောက်၊ငုဝါပင်တို့ရဲ့ ပွင့်သစ်စရွက်နု အလှတွေနဲ့ ရေကစားပစ္စည်း အရောင်းဆိုင်များကို ကြည့်ရုံနဲ့ သင်္ကြန်သင်္ကေတကို ခံစား မိနိုင်နေကြပြီ ဖြစ်ပါတယ်။ သင်္ကြန်မတိုင်ခင် ကာလမှာကတည်းက သင်္ကြန်ရဲ့ အငွေ့အသက်လေးတွေကို ခံစားနိုင်ဖို့ အရင်အပတ်ကစပြီး သင်္ကြန်စာမျက်နှာလေးတွေ ကို ဖော်ပြပေးခဲ့ပါတယ်။ ဒီအပတ်မှာလည်း ပရိသတ်ကြီးအတွက် ရခိုင်သားလေးနေတိုးရဲ့ ရခိုင်သင်္ကြန် ခံစားမှုတချို့နဲ့ သရုပ်ဆောင် မယ်လိုဒီတို့ရဲ့ သင်္ကြန်စကား ဝိုင်းလေးကို ထပ်မံဖော်ပြ ပေးလိုက်ပါတယ်။
နေတိုး- သင်္ကြန်နဲ့ပတ်သက်ပြီးတော့ မျိုးအနေနဲ့ သင်္ကြန်လည်ရတာကို ကြိုက်တာလား။ ဒါမှမဟုတ် မဏ္ဍပ်ထိုင်တာကို ပိုကြိုက်တာလား။
မယ်လိုဒီ- မျိုးကတော့ သင်္ကြန်လည်တာလည်း မကြိုက်ဘူး။ မဏ္ဍပ်ထိုင်တာလည်း မကြိုက်ဘူး။ အနုပညာအလုပ်လုပ် ဖြစ်တဲ့အချိန်မှာတော့ သီချင်းဆိုဖြစ်တယ်။ ငယ်ငယ် တုန်းကတော့ ဘုရားကျောင်းကနေ Camp ထွက်သွားတာပေါ့။ တစ်ခါမှတော့ သင်္ကြန် မလည်ဖူးပါဘူး။
တိုး- ဒါဆိုရင် မျိုးက သင်္ကြန်မှာ အေးအေး ဆေးဆေးနေချင်တာ များတာပေါ့။ သီချင်း ဆိုပြီးတော့ပဲ ဖျော်ဖြေရတာ ကြိုက်တာပေါ့။ အဲဒီလိုမျိုးလား။
မျိုး- ဟုတ်တယ်။ ရှင်းရှင်းပြောရရင်တော့ ကြောက်တာပေါ့နော်။ သင်္ကြန်မှာသူများတွေ ရန်ဖြစ်တာကို မြင်ရရင်လည်း ကြောက်တယ်။ ကိုနေတိုးကကော ရန်ကုန်သင်္ကြန်နဲ့ ရခိုင်မှာ နေခဲ့တုန်းကသင်္ကြန် ဘယ်လိုကွာလဲ။
တိုး- အင်း..ကွာခြားမှုလေးတွေကတော့ ရှိတယ်။ ဘာလဲဆိုတော့ ဒီမှာလည်း သိမ်ဖြူ ကွင်းမှာရခိုင်နဲ့ပတ်သက်ပြီးလုပ်ကြတယ်။ ရခိုင်သင်္ကြန်ထဲမှာမှ အစ်ကိုတို့နေတဲ့ မာန်အောင်ကျွန်းမှာ သင်္ကြန်တွင်းဆိုလို့ရှိရင် အသက် ဆယ့်ခြောက်နှစ်၊ ဆယ်ခုနစ်နှစ် ဝန်းကျင်လောက်ပဲ ရေကစား ကြတာများတယ် အသက် နှစ်ဆယ်ကျော် ဝန်းကျင်တွေက ကျတော့ သင်္ကြန်တွင်းမှာ ဥပုသ်စောင့်ကြတယ်။ ဒါကတော့ ဗုဒ္ဓဘာသာအနေနဲ့ ဥပုသ်စောင့်တယ်။ သင်္ကြန်ပြီးတော့မှ ရေစစ်ပွဲဆိုပြီးတော့ သုံးရက် လုပ်ပေးတယ်။ အဲဒီအချိန်ကျမှ သင်္ကြန်ရေပက်ရတာပေါ့။
မျိုး- အစ်ကိုခုနက ပြောတာ ဘာပွဲလဲ။
တိုး- ရေစစ်ပွဲလေ။ဒါကတော့ ငယ်ငယ်တုန်းက မာန်အောင်မှာနေခဲ့တဲ့ ရခိုင်သင်္ကြန်ရဲ့ ဖြတ်သန်းမှုပေါ့နော်။ ဒါကထူးခြားမှုတစ်ခုပေါ့။
မျိုး- အဲဒါဆိုရင် အဲဒီရေစစ်ပွဲကျမှ အစ်ကိုတို့ က ရေလောင်းရတာပေါ့။
တိုး- အင်း…ရေစစ်ပွဲမှာ လူပျို၊အပျိုတွေက နှစ်ရက်လောင်းရတယ်။ ပြီးရင် အိမ်ထောင်သည် လူကြီးတွေက တစ်ရက်လောင်းရတယ်။
မျိုး- သြော်..ဒါဆိုရင် ရွေးလို့ရတာပေါ့။ အဲဒီထဲက..
တိုး- ဟုတ်တယ်။ ရွေးလို့ရတယ်။
မျိုး- ရန်ကုန်ကကျတော့ ရွေးလို့မရဘူးပေါ့နော်။ အကုန်လုံးကားပေါ်မှာ ရှိတာဆိုတော့ ဘယ်သူတွေက ဘာမှန်းမသိကြတော့ဘူး ပေါ့နော်။
တိုး-အင်း ကိုယ်လောင်းချင်တဲ့ ကောင်မလေးကို ရွေးပြီးတော့ လောင်းလို့ရတယ်။
မျိုး- သင်္ကြန်မကျခင်ကတည်းက ဘယ်သူ့ ကို လောင်းမယ်ဆိုတာ ကြို ပြီးတော့…။
တိုး- ဟုတ်တယ် ကြိုပြီးတော့ နည်းနည်းတော့ ဒိတ်လုပ်ထားတာပေါ့။
မျိုး-သင်္ကြန်ကျရင် လောင်းမယ် ဆိုပြီးတော့ပေါ့။ အစ်ကို ဒီနှစ်သင်္ကြန်ကိုကော ဘာလုပ်မလဲ
တိုး- အင်း.. သင်္ကြန်တွင်းကတော့ အိမ်မှာ အေးအေးဆေးဆေး နေဖြစ်တာ များတယ်။ သင်္ကြန်ကတော့ မလည်ဖြစ်တာ သုံးနှစ်၊ လေး နှစ်ရှိသွားပြီ။၂ဝဝ၇ တုန်းကတော့ မဏ္ဍပ် လုပ်ဖြစ်တယ်။ တခြားနှစ်တွေကတော့ အိမ်မှာပဲ နေဖြစ်တာများတယ်။ ၂ဝဝ၁၊၂ဝဝ၂ လောက်တုန်းကတော့ ရန်ကုန်သင်္ကြန် လည်တယ်။ ကွာခြားမှုကတော့ မရှိပါ ဘူး။ ပျော်စရာကောင်းပါတယ်။ မျိုးကော သင်္ကြန်နဲ့ ပတ်သက်ပြီး ကိုယ်အမြဲ အမှတ်ရနေတဲ့ သီချင်းက ဘာသီချင်း ဖြစ်နိုင်မလဲ။
မျိုး- သင်္ကြန် သီချင်းကတော့ ‘မြနန္ဒာ’ပေါ့။ စတိတ်ရှိုးတွေဘာတွေ လုပ်ရင်လည်း အပိတ်ဆိုရင် အဲဒီ သီချင်းဆိုတယ်။ သင်္ကြန်ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီသီချင်းက အမှတ်တရ ဖြစ်နေတယ်။ ကိုနေတိုးကကော သင်္ကြန်သီချင်းထဲမှာ ဘယ်သီချင်းကို ကြိုက်လဲ။
တိုး- အင်း…သင်္ကြန်သီချင်းထဲမှာ အကုန်လုံးက ပြန်ဆိုကြတယ်။ အရင်တုန်းက သင်္ကြန်ကို တိတိကျကျ’ သင်္ကြန်မိုး’ ဇာတ်ဝင်ခန်းထဲက သီချင်းတော်တော်များများကို ကြိုက်တယ်။ အဲဒါက မြန်မာ့ဟန်လည်း ပါတယ်။ ပြီးတော့ သင်္ကြန်ကို တအားသတိရစေတယ်။ အမှတ်ရစေတဲ့ သီချင်းမျိုးတွေဖြစ်တယ်။
မျိုး- ကိုနေတိုးက သီချင်းဆိုတာကို ပရိသတ် က လက်ခံအားပေးတယ်၊ကြိုက်တယ်ဆို တော့သင်္ကြန်သီချင်းတွေကိုပြန်ဆိုဖို့ အစီ အစဉ်ကောမရှိဘူးလား။
တိုး- အစီအစဉ်ဆိုတာက ကိုယ့်ဘာသာ ကိုယ်စီစဉ်လို့ မရဘူးလေ။ သင်္ကြန်သီချင်းဆိုဖို့တော့ အစ်ကို့ကိုတစ်ယောက်မှ လာပြီး ပြောတာတော့ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဆိုတော်တွေ ကလည်း အများကြီး ရှိနေတော့ အစ်ကိုတို့လည်း မအားဘူးထင်ပြီး လာမငှားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့နော်။ ဒါပေမဲ့ ဆိုခွင့်ရှိမယ် ဆိုရင်တော့ လည်း ဒါ…အမှတ်တရအနေနဲ့ ဆိုချင်ပါတယ်။
မျိုး- ကိုနေတိုးက ‘သင်္ကြန်မိုး’ထဲက ဇာတ်ဝင်သီချင်းတွေကို ကြိုက်တယ်ဆိုတော့ သင်္ကြန် ဇာတ်ကားထဲမှာလည်း ‘သင်္ကြန်မိုး’ကားကိုပဲ အကြိုက်ဆုံးပဲလား။
တိုး- အင်းပေါ့။ အကြိုက်ဆုံးပဲ ဆိုတာက အမှတ်ရနေတာတော့ ‘သင်္ကြန်မိုး’ဇာတ်ကား တစ်ကားပဲရှိတယ်။ ဒါက သင်္ကြန်နီးပြီဆိုရင် အဲဒီကားပဲ ပြပြနေတယ်လေ။ ဒီကားက တကယ်ကို မြန်မာသင်္ကြန်နဲ့ ပတ်သက်ပြီးတော့ မပါမဖြစ်။ ပြီးလို့ရှိရင် သင်္ကြန်ကားကို ပြပါဆိုရင် ဒီကားကိုပဲ ပြရမှာပေါ့။ ဒီထဲမှာ အရှေ့အနောက် အကုန်လုံးမီအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်တယ်။ မြန်မာ့မူတွေလည်း အများကြီးပါတယ်။ နောက်ရိုက်တဲ့ ဇာတ်ကားထဲမှာ ဒီလိုမြန်မာဆန်ဆန် ဇာတ်ကားမျိုးမရှိတဲ့ အခါ ကျတော့ အစ်ကိုသိပ်မကြိုက်ဘူး။ မျိုးကကော သင်္ကြန်ရောက်ပြီ ဆိုရင် ငယ်ငယ်တုန်းက သင်္ကြန်မိုးဇာတ်ကားကို ကြည့်တယ်။ အခုချိန်မှာ ပြန်ကြည့်ရင် ဘယ်လိုမျိုး ကွာခြားမှုတွေ ရှိသွားလဲ။
မျိုး- အဲဒီတုန်းက သင်္ကြန်ဆိုတာ မကျဖူးဘူးပေါ့။ မွေးတောင် မမွေးသေးဘူး။ အရင်တုန်းက သင်္ကြန်ကနူးညံ့တယ်။သိမ်မွေ့တယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ချစ်စရာကောင်းတဲ့ သင်္ကြန်ပေါ့။ အခုသင်္ကြန်က ခေတ်ကလည်း တိုးတက်ပြီးလူတွေကလည်း တအားဟော့ရှော့တွေ၊ အမိုက်စားတွေ ဖြစ်နေတော့ မြင်ကွင်းက အပူ အအေးနှစ်ပိုင်း ကွဲသွားတယ်။
တိုး-ဒီနှစ်သင်္ကြန် မျိုးက ဘယ်မှာရှိမှာလဲ။
မျိုး- မျိုးက ဒီနှစ်သင်္ကြန်ခရီးသွားဖို့ရှိမယ်။ သီချင်းတော့ မဆိုတော့ပါဘူး။
တိုး- နှစ်သစ်မှာ အကုန်လုံး ပျော်ရွှင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။
မျိုး- နှစ်သစ်မှာ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်ပါစေ။
မူရင်းလင့်က ဒီမှာပါ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်နိုင်ရန် ကိုယ်တိုင်ဆန္ဒပြုသူ အမည်စာရင်းထွက်ရှိ
မတ်လ၁၆ရက်၊ နေ့ခင်း ၁နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်အဖွဲ့က စာနယ်ဇင်းများနဲ့ ဒုတိယအကြိမ်တွေ့ဆုံပြီး အစည်းအရုံးနဲ့ပတ်သက်လို့ ရှေ့လျှောက်ဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဦးစွာမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဗိုလ်ကလေးတင့်အောင်က ”အမှုဆောင်အသစ် ရွေးချယ်တဲ့နေရာမှာ သမာသမတ်ရှိအောင်၊ မျှမျှတတရှိအောင် ရွေးချယ်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးက အဓိကကျတဲ့နေရာက ပါဝင်နေပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ လုပ်ငန်းစု အားလုံးအောင်အောင်မြင် မြင်ဖြစ်ဖို့ အတွက်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဆိုတာကိုလည်း ကော်မရှင်က ရွေးပေးသွားမှာပါ။ အခုလို အနုပညာသမားတွေ ညီညီညွတ်ညွတ် ရှိကြတဲ့ဟာကိုလည်း တိုင်းပြည်ကို သိစေချင် ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အလွှာ၁ဝလွှာမှာ မဲပေးနိုင်သူအရေအတွက်နဲ့ ပတ်သက်ပြီး ပန်းချီစိုးမိုးက”ဇာတ်လမ်း၊ ဇာတ်ညွှန်းအလွှာမှာ ၈၃ယောက်၊ ဒါရိုက်တာ အလွှာမှာ ၉၉ယောက်၊ တေးဂီတ၊ပြဇာတ်အလွှာမှာ ၃၇ယောက်၊ ထုတ်လုပ်မှုအလွှာမှာ ၃၇ယောက် အဓိကသရုပ်ဆောင် အလွှာမှာ ၁၇၅ယောက်၊ စက်မှုအလွှာမှာ ၃၁၁ယောက်၊ တည်းဖြတ်နဲ့ မှတ်တမ်းအလွှာမှာ ၁၂၆ယောက်၊ ဗီဒီယိုအလွှာမှာ ၆၈ယောက်၊ အုပ်ချုပ်၊ပြသ၊ ဖြန့်ချိအလွှာမှာ၂၂၅ ယောက်၊ ဇာတ်ပို့အလွှာမှာ ၅၅၅ ယောက် ရှိပါတယ်။ မဲပေးမယ့်သူနဲ့ မဲပေးခံရမယ့်သူ မတူညီပါဘူး။ အရင်တုန်းက မဲပေးတဲ့နေရာမှာ သတ်မှတ်ချက်တွေ ရှိခဲ့ပေမယ့် အခုအခါမှာ လူတွေရဲ့လွတ်လပ်ခွင့်နဲ့ လူအများစုရဲ့ဆန္ဒအရ မဲပေးနိုင်တယ်။ လက်ရှိစာရင်းဝင်သူများသာ မဲပေးနိုင်မှာပါ။ အရွေးချယ်ခံမယ့် သူကလည်း ဦးစီးဦးရွက် လုပ်ရမယ့်သူ ဖြစ်တဲ့အတွက် ကန့်သတ် ချက်တွေရှိမှာပါ။ သက်တမ်းရှိတဲ့ သူ တွေကိုပဲအဓိကထားတယ်၊၊
မူတွေဘောင်တွေနဲ့ ကော်မရှင်က သေချာလေး စဉ်းစားတယ်။ အရင်စည်းမျဉ်း စည်းကမ်းတွေကို အကုန်မယူသလို လုံးဝလည်း မပစ်ပယ်ပါဘူး။ နောက်ထပ်လူအများစုရဲ့ ဒီဘက်ခေတ်ကာလရဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းကမ်းတွေကိုလည်း ထည့်ထားတယ်။ အခု လောလောဆယ် ရွေးကောက်ပွဲကို မတ်လ၂၁ရက်လောက် အကြမ်းဖျင်းသတ်မှတ် ထားတယ်”လို့ ပြောပါတယ်။ အရွေးချယ်ခံမယ့်သူစာရင်း အရေအတွက်နဲ့ ပတ်သက်ပြီး ဦးနှင်းမိုးက”ဒါရိုက်တာအလွှာမှာ ၈ယောက်၊ အဓိကသရုပ်ဆောင်အလွှာမှာ ၁၂ယောက်၊ ဇာတ်ပို့အလွှာမှာ ၁၄ယောက်၊ ဇာတ်လမ်း၊ဇာတ်ညွှန်းအလွှာ မှာ၇ယောက်၊ တည်းဖြတ်နဲ့မှတ်တမ်းအလွှာမှာ ၅ယောက်၊ စက်မှုအလွှာမှာ ၈ယောက်၊ တေးဂီတအလွှာမှာ၂ယောက် အုပ်ချုပ်၊ ပြသ၊ဖြန့်ချိအလွှာမှာ ၁ဝယောက်၊ ဗီဒီယို အလွှာမှာ ၁၂ယောက်ရှိပါတယ်။ ဒီမှာပြောစရာတစ်ခုက တေးဂီတ၊ ပြဇာတ်အလွှာမှာ ၂ဦးတည်းရှိတဲ့အတွက် နှစ်ဦးသဘောတူရင် ရွေးစရာမရှိပါဘူး”လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကျရင်လည်း မီဒီယာများအနေနဲ့ လွတ်လပ်စွာသတင်းယူခွင့် ရှိမှာဖြစ်ကြောင်း သိရပါတယ်။ အနုပညာသမားတိုင်း ကိုယ့်အခွင့်အရေးကိုကိုယ် အဆုံးရှုံးမခံဘဲမပျက်မကွက် မဲပေးကြဖို့အတွက် အစည်းအရုံးက တိုက်တွန်းနှိုးဆော် ထားပါတယ်။
ထွဋ်မြတ်
မူရင်းလင့်က ဒီမှာပါ။
မန္တလေး သံရည်ကျိုစက်ရုံ ဗုံးပေါက်ကွဲ၊ လူငယ် ၃ ဦး သေဆုံး
မန္တလေးမြို့မှာ ယမန်နေ့မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပြီး လူငယ်သုံးဦး သေဆုံးသွားပါတယ်။ စစ်အတွင်း က လက်ကျန်လို့ယူဆရတဲ့ ဗုံး ပေါက်ကွဲပြီး သေဆုံးခဲ့ကြရတာလို့ မန္တလေးမြို့ခံတဦးက ဗွီအိုအေကို ပြော ပါတယ်။ ဒါ့အပြင် နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံ ကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။
ပေါက်ကွဲမှုဟာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က စက်မှုရပ်ကွက်မှာ မနက် ၁၀ နာရီခွဲပတ်ဝန်းကျင်က ဖြစ်ခဲ့တာပါ။ အဲဒီက သံရည်ကျိုလုပ်ငန်းတခုမှာ စုဆောင်း ၀ယ်ယူထားတဲ့ သံထည်အဟောင်းတွေကို ထုနှက် တဲ့အချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဖြစ်ရပ်ကို အသေးစိတ်သိထားတဲ့ မန္တလေးမြို့ခံတဦးက ဗွီအိုအေ ကို ပြောပါတယ်။
“သခင်ဖိုးလှကြီး လမ်းမှာဗျ။ သခင်ဖိုးလှကြီး လမ်းဆိုတာက ရန်ကုန် မန္တလေး ကားလမ်းမ အဟောင်းရဲ့ အရှေ့ ပေ တစ်ထောင်ကျော် လောက်ဝေးတဲ့ နေရာက သံအရည်ကျို စက်ရုံလေး တစ်ခုမှာ ဖြစ်တာဗျ။ အဲဒီက သံတွေက အဟောင်းတွေကို သူတို့က ဝယ်ထားတာ။ သံရည်ကျိုစက်ရုံလေးက။ သံအဟောင်းတွေ ဝယ်ထားတဲ့ အခါကျတော့ အဲဒီ သံအဟောင်းတွေထဲကနေ သံတိုသံစကို ရွေးရင်းဖယ်ရင်းနဲ့ မို့ ထုရင်းနဲ့ အဲဒီ ဗုံးတစ်လုံးက ကွဲသွားတာဗျ။”
ပေါက်ကွဲမှုကြောင့် အလုပ်သမား လူငယ်သုံးဦး သေဆုံးသွားပြီး မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ နောက်ထပ်ဗုံးတွေကိုလည်း တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
“အလုပ်သမားလေး ငါးယောက် ရှိတယ်ဗျ။ အဲဒီ သံတိုသံစ သန့်ရှင်းတဲ့ အဖွဲ့က ငါးယောက်ဗျ။ အဲဒီ ငါးယောက် က အခုသေသွားတာက (၁၆) နှစ်၊ (၁၇) နှစ်၊ (၁၃) နှစ် အရွယ်လေး သုံးယောက်ခင်ဗျ။ မပေါက်ကွဲ သေးတဲ့ ဗုံးကို က သုံးလုံးကျန်သေးတယ်။ သံတိုသံစ ဝယ်တဲ့ ထဲမှာ ပါလာတာ။ ဟိုးတုန်းက ဗုံးတွေ ဖြစ်မယ်ဗျ။ ကျနော်တို့ ကတော့ ဒါတွေ နားမလည်ဘူးလေ။ သူတို့ အခု ဘေးနားမှာ ပြောနေတဲ့ ပုံစံအရတော့ ဟိုးရှေးတုန်း တည်းက ဗုံးတွေဗျ။ အခုကျန်တဲ့ မပေါက်ကွဲသေးတဲ့ အသေးစားဗုံးတစ်လုံးက ဆိုရင်တဲ့ ပြင်းအားတော်တော်ကို ကြီးတဲ့ ဗုံးတဲ့။ အဲဒီ အမျိုးအစားက။ စစ်အတွင်းက မပေါက်ကွဲသေးတဲ့ ဗုံးလို့ ယူဆလို့ ရပါတယ်။”
မန္တလေးမြို့ခံပါ။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ဘက်နယ်ဘက်က အကြီးတန်း တာဝန်ရှိသူတွေ လာရောက် စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အခုလို ဗုံးအဟောင်းတွေ ပေါက်ကွဲပြီး အသက်ဆုံးပါး ရတဲ့ဖြစ်ရပ်တွေ အရင်တုန်း ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးတဲ့ဗုံးတွေ အတော်များများ ရှိနေဦးမယ်လို့ ခန့်မှန်းကြပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။

လယ်ယာမြေ ဥပဒေ လယ်သမား အခွင့်အရေး အပြည့်အဝ မကာကွယ်နိုင်
မြေလွတ်မြေရိုင်း ဥပဒေနဲ့ လယ်ယာမြေ ဥပဒေ တွေကို မနေ့က တနလာင်္နေ့မှာ ပြည်ထောင်စု လွှတ်တော် က အတည်ပြုလိုက် တာပါ။ဒီ ဥပဒေတွေက လယ်ယာမြေ အဓမ္မ သိမ်းဆည်း ခံနေရမှု တွေကိုတော့ အနည်း ငယ် အကာအကွယ် ပေးနိုင်မယ့် သဘောရှိပေမဲ့ လယ်သမားတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင် လုပ်ကိုင်ခွင့် နဲ့ မြေလွတ် မြေရိုင်း ပိုင်ဆိုင်ခွင့်တွေကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့ လွှတ်တော် အမတ် တချို့က သုံးသပ်ပါတယ်။ ဘာကြောင့် အခုလို သုံးသပ်ကြတာပါလဲ။ ဆက်သွယ် မေးမြန်းထား တဲ့ မသိဂီ င်္ထိုက်က အပြည့်အစုံ တင်ပြပေးပါမယ်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ မြေလွတ်မြေရိုင်း ဥပဒေမှာ ဆိုရင် စီးပွားရေး လုပ်ငန်းရှင် ကြီးတွေကို ဧက ငါးသောင်းအထိ ရယူ လုပ်ကိုင်ခွင့် ပေးထားပေမဲ့ မိရိုးဖလာ ဒေသခံ လယ်သမားတွေ မြေလွတ် မြေရိုင်း တွေ လုပ်ကိုင် လိုတယ် ဆိုရင်တော့ ဧက (၅၀) ထိဘဲ ပေးမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိ မြေလွတ်မြေရိုင်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေ တွေ ကိုတော့ အစိုးရ အနေနဲ့ အဓမ္မ သိမ်းဆည်းတာ ဖယ်ခိုင်းတာတွေ မလုပ်ရဘူး ဆိုတာကို လွှတ်တော် အမတ် တွေက ထည့်သွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဦးစား ပေးထား တဲ့ ဥပဒေ ဖြစ်ပြီး ဒေသခံ လယ်သမားတွေကို နစ်နာစေတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ဝေဖန် လိုက်ပါတယ်။
“လုပ်ငန်းရှင် အကြီးကြီးတွေ ဆိုရင် တစ်ခါဆိုရင် ဧက ငါးသောင်း ခွင့်ပြုပါတယ်။ ပြီးရင်တော့ နောက်ထပ် သူတို့ ငါးထောင်၊ ငါးထောင် ဆီ ခွင့်ပြုမယ့် အလားအလာလည်း ထပ်ပြီး ရှိနေပါတယ်။ အဓိက ကတော့ ဒီ မြေလွတ် မြေရိုင်း ဥပဒေက ကျနော်တို့ ဒီ ဒေသခံ လုပ်ငန်းရှင်လေးတွေကိုတော့ ၁၀ ဧက လောက်ဘဲ သူက ပေးပါတယ်။ လုပ်ငန်းရှင်ကြီးတွေဆိုရင် မြေလွတ် မြေရိုင်းနဲ့ ကျနော်တို့ ငါးသောင်းအထိပေးပါတယ်။ အဲဒီ အပေါ် မှာ ကျနော်တို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လာတဲ့ အခါမှာလည်း အဲဒီလိုဘဲ ပေးမှာပါခင်ဗျ။ ပြီးတော့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေ နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမယ့် သူတွေရဲ့ အဓိက ကတော့ သူတို့ အတွက် ပြဌာန်းပေးတယ် လို့ ဆိုနိုင်ပါတယ်။”
စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့်တွေ ချထားပေးလာတာက ဒေသခံတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။
“ဒေသခံတွေ အနေနဲ့ မိမိ ပတ်ဝန်းကျင်မှာလာပြီးတော့ ကုမ္ပဏီတွေ ပုဂ္ဂလိက အဖွဲ့အစည်းတွေက လာပြီး တော့ ရင်းနှီးမြုပ်နှံတဲ့ အခါမှာ သူတို့ရဲ့ ဓားမဦးချ လုပ်ကိုင် စားသောက်တဲ့ မြေတွေ၊ နောက်ပြီးတော့ ဒီ ကျေးရွာ ဘုံပိုင်မြေတွေ ပေါ့ဗျာ။ ဥပမာ ထင်းခုတ်မယ်။ ဝါးခုတ်မယ်။ သစ်ခုတ်မယ်။ နွယ်ဖြတ်မယ်။ အဲဒီ လို လုပ်ငန်းခွင် သုံး ပစ္စည်းတွေ အိမ်သုံး ပစ္စည်းတွေကို အဲဒါ အဲဒီ ဒေသတွေ ပါဝင်သွားတာပေါ့။ ဒေသခံတွေ လည်း တော်တော်ကို ဒုက္ခရောက်ပါတယ်။ ဒေသခံတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေ အချက်အလက် တွေ လိုတာပေါ့။ နို့မို့ရင် ဒီ လုပ်ငန်းရှင်ကြီးတွေက အဲဒီ နေရာရောက်တော့ ဒေသခံတွေမှာ တော်တော့်ကို အကြပ် အတည်း ဖြစ်တာရှိပါတယ်။ တချို့ဆိုရင် တောမတက်ရ၊ တောတက်၊ တောင်တက် နေရာတောင် မရှိတော့ ဘူးဆို။ ကျွဲမြေ နွားမြေ လွှတ်ကျောင်းတဲ့ နေရာတွေ မရှိတော့ဘူး။ အဲဒီလို အခြေအနေမျိုး ဖြစ်သွားတဲ့ အခါမှာ သူတို့ အနေနဲ့ တော်တော်ကို ဒုက္ခရောက်တယ်။ အဲဒီတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ လုပ်ငန်းရှင်နဲ့ ဒီ အောက်ခြေ ဒေသခံတွေ နဲ့ ပြဿနာဖြစ်လာတာပေါ့။”
တနလာင်္နေ့မှာဘဲ လွှတ်တော် အတည်ပြုလိုက်တဲ့ လယ်ယာမြေ ဥပဒေကြမ်းဟာလည်း လယ်သမားတွေရဲ့ လယ်ယာ ပိုင်ဆိုင်ခွင့်ကို ပေးမထားပါဘူး။ လယ်သမားတွေ အနေနဲ့ လယ်ယာ လုပ်ပိုင်ခွင့်ကို စည်းမျဉ်း စည်းကမ်းနဲ့ အညီ လွှဲပြောင်းခွင့် ရှိတယ်လို့ ဥပဒေမှာ ဖော်ပြထားပေမဲ့ အစိုးရက လိုအပ်ရင် သိမ်းဆည်း ခွင့် ရှိတယ်လို့ အတိအကျ ဖော်ပြထားပါတယ်။ လယ်ယာမြေ ဥပဒေမှာ စားကျက်မြေတွေ သတ်မှတ်ပေးဖို့ ဖြည့်စွက် ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။
“လယ်ယာမြေနဲ့ ပတ်သက်လို့ ခုနကလို မြေနုကျွန်းတို့၊ တခြား နှစ်ရှည်တို့၊ ယာတို့၊ တောင်ယာတို့၊ စပါးစိုက် တဲ့ လယ်မြေတို့ ဘာညာ ခွဲခြားတဲ့ အခါမှာ တိရစ္ဆာန်မွေးမြူရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍတစ်ခုကိုလည်း ဥပဒေ အရ သတ်မှတ်တဲ့ နေရာမှာ မွေးမြူခွင့် ရှိရမယ် ဆိုတဲ့ ပုံစံ နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး လယ်ယာ မြေ မှာ တကယ် တကယ် လယ်လုပ် ကိရိယာဖြစ်တဲ့ ခိုင်းကျွဲနွားတွေ တခြား လယ်လုပ် ကိရိယာ တွေ ကို ထားဖို့၊ သိုဖို့ အတွက် ထားခွင့်ပေါ့နော်။ ဟိုတုန်းကဆိုရင် Pasture ရှိတယ် ဗျ။ စားကျက်မြေ။ အခု စားကျက် မြေ လည်း ပျောက်ပျက်ကုန်ပါပြီ။ အဲဒါမျိုး ထားခွင့်ကို ကျနော်တို့ က မရခဲ့ပါဘူး။ ဒါပေမဲ့ လို့ လယ်ယာ မြေပေါ်မှာ ခုနကလို ဆန်စက်လို ဟာမျိုး စပါးလှောင်တဲ့ ဂိုဒေါင်ကြီးလိုဟာ မျိုး ဒါ တည်ထောင် ဆောက်လုပ် ထားတာ ခွင့်ပြုတဲ့ သဘော မို့လို့ ကျနော် အနေနဲ့ အဲဒါလေး ကိုတော့ ဆွေးနွေးခဲ့ပါတယ်။”
တနလာင်္နေ့ မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မြေလွတ်မြေရိုင်း ဥပဒေကြမ်း၊ လယ်ယာမြေ ဥပဒေကြမ်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကြမ်းတွေကို အတည်ပြုခဲ့ကြပါတယ်။ ဒီဥပဒေတွေကို သမ္မတ လက်မှတ် ရေးထိုးပြီးရင်တော့ ဥပဒေ အဖြစ် ထွက်ပေါ်လာဖို့ရှိပါတယ်။ ဒီ ဥပဒေတွေမှာ လိုအပ်ချက်တွေတော့ အများ ကြီး ရှိနေပါတယ်။ လွှတ်တော် အမတ်တွေကတော့ ဒီဥပဒေတွေကို လက်တွေ့ ကျင့်သုံးလာတဲ့ အခါမှာ ပြည်သူ လူထုရဲ့ ထောက်ပြချက်နဲ့ လိုအပ်ချက်တွေကို လွှတ်တော်က ဆက်ပြီး ပြင်ဆင်သွားရအုံးမယ်လို့ ပြော ပါတယ်။
မူရင်းလင့်က ဒီမှာပါ။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေး အာမခံရမည်
ယမန်နေ့ အမျိုးသား သတင်းဆု ပေးပွဲ၌ စာနယ်ဇင်း သမားများသို့ ပြောကြားသွားသည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်တွန်းချက်သည် အပြုသဘော ပိုဆန်လာသည်။ဝန်ကြီး ဦးကျော်ဆန်း တိုက်တွန်းသွားသည့် အချက် ၅ ချက်အနက် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား ဟူသော အချက်ကို သတိထားမိသည်။
ပွင့်လင်းလွတ်လပ်သော နိုင်ငံရေး အခင်းအကျင်းရှိလာသောအခါ သတင်းစာနယ်ဇင်းနှင့် မီဒီယာသမားများ အနေနှင့် ကျင့်ဝတ်သိက္ခာပိုင်းတွင် ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့်အတန်းမီအောင် လိုက်နာကျင့်သုံးရန် လိုအပ်သကဲ့သို့ ပြည်သူ့ဘဏ္ဍာကို သုံးစွဲနေကြသော အုပ်ချုပ်ရေး ဝန်ထမ်းများဘက်ကလည်း ပွင့်လင်းမှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်းတို့ဖြင့် သိက္ခာသမာဓိရှိရန် လိုမည်။
အစိုးရနှင့် ဝန်ကြီးဌာနများ၊ အာဏာပိုင်များက သတင်းစာနယ်ဇင်းနှင့် မီဒီယာကို ရန်သူအဖြစ် မမြင်ဘဲ နိုင်ငံတည်ဆောက်မှုတွင် ဝိုင်းဝန်းပါဝင်မည့် စတုတ္ထမဏ္ဍိုင်တရပ်အဖြစ် မိတ်ဆွေကဲ့သို့ သဘောထားသင့်သည်။
ဤနေရာတွင် ရှင်းရှင်းလင်းလင်းသိရန်မှာ မည်သည့် အကျင့်ပျက် ခြစားမှုများကိုမဆို လွတ်လပ်သော မီဒီယာများက နှုတ်ပိတ်နေမည် မဟုတ်ဘဲ ဖော်ထုတ်ရေးသားကြမည်သာ ဖြစ်သည်။ မီဒီယာများက ခိုင်မာစွာ ဖော်ထုတ်ရေးသားလာလျှင် လွတ်လပ်သည့် တရားရေးဌာနများ၊ လွှတ်တော်များက ဥပဒေကြောင်းအရ အရေးယူမှုများ၊ ဆင့်ခေါ်ကြားနာမှုများ ပြုလုပ်ရပေမည်။ ခြစားမှု၊ အလွဲသုံးစားမှုတို့အတွက် တာဝန်ရှိသူများတွင် အပြစ်တွေ့ရှိပါက ထိုက်တန်သော အပြစ်ဆေးကြောမှုများကို ပြုလုပ်ရပေမည်။ ထိုကဲ့သို့ ဖော်ထုတ်ရေးသားသော မီဒီယာများ၏ လုံခြုံရေးကိုလည်း အာမခံမှု ရှိစေရမည်။ အကာအကွယ်လည်း ပေးရမည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လမ်းမကောင်းကြောင်းရေးသည့်အတွက် မော်ဒန်ဂျာနယ်ကို တရားစွဲဆိုခြင်း၊ ဝန်ကြီးဌာနများအတွင်း ငွေအလွဲသုံးစားမှုများ ရေးသားသည့် The Voice Weekly ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခြင်းများသည် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် အဟန့်အတားဖြစ်စေသည်ဟု ဧရာဝတီက ယုံကြည်သည်။
ယင်းဂျာနယ်များ၏ ရေးသားချက်များမှာလည်း မှန်ကန်သည်သာ ဖြစ်သည်။ The Voice Weekly က လွှတ်တော်အမတ်တဦးကို ကိုးကားပြီးရေးခဲ့ရာတွင် အချက်အလက်များအတိုင်း အမှန်ဖြစ်သည့်အတွက် ကျင့်ဝတ်ဖောက်ဖျက်သည်ဟု မစွပ်စွဲနိုင်ပေ။ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မစုံစမ်း မမေးမြန်းခဲ့သည့် လိုအပ်ချက်ကို ပုံကြီးချဲ့ အပြစ်ပုံချခြင်းထက် တာဝန်သိစွာ သတင်းရေးသားတင်ပြမှုအပေါ် အခြေခံ၍ ခြစားမှု မြောက် မမြောက် စုံစမ်းစစ်ဆေး အရေးယူရန်သာ ရှိသည်။
လွတ်လပ်ပွင့်လင်းပြီး တာဝန်ယူမှုရှိသည့် မီဒီယာက အာဏာပိုင်တို့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ပြီး လူထုအကျိုးကို ရှေးရှု အကောင်အထည်ဖော်ရေး ဝေဖန်ဖော်ပြ ရေးသားနိုင်မှသာ တဖက်စောင်းနင်း ဆုံးဖြတ်ချက်များ၊ အာဏာအလွဲသုံးစားမှုများ၊ အကျင့်ပျက်ခြစားခြင်းများကို ကာကွယ်ထိန်းကျောင်းနိုင်မည်။
ယခုအချိန်အခါကား နေပြည်တော်အစိုးရ၊ လွှတ်တော်အမတ်များ၊ တရားစီရင်ရေး မဏ္ဍိုင်တို့ကလည်း စာနယ်ဇင်းနှင့် မီဒီယာများကို မည်သို့ထိန်းချုပ်ရမည် ဆိုသည်ထက် သတင်းလွတ်လပ်ခွင့်၊ မီဒီယာတိုးတက်ရေးကို မည်သို့ မြှင့်တင်ပေးမည်ဟု ပြောင်းလဲ စဉ်းစားသင့်၍ ပြုပြင်ပြောင်းလဲရေးအတွက် အစကောင်းကြရန် လုပ်ဆောင်သင့်သည့် အချိန်ပင်ဖြစ်တော့သည်။ လွတ်လပ်သော၊ သိက္ခာစောင့်စည်းသော စာနယ်ဇင်းသမားများ၊ မီဒီယာများ အားကောင်းမှသာ ဒီမိုကရက်တစ်လူ့ဘောင် တည်ဆောက်ရေးလည်း ပိုအခြေခိုင်လာနိုင်မည် ဖြစ်ပေသည်။

စာနယ်ဇင်းများ ဘက်မလိုက်ရန် ဝန်ကြီး ဦးကျော်ဆန်းပြော
စာပေ စာနယ်ဇင်း မဏ္ဍိုင်သည် ဘက်မလိုက်ရန် အရေးကြီးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲ အခမ်းအနားတွင် ဝန်ကြီး ဦးကျော်ဆန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ဝန်ကြီး ဦးကျော်ဆန်းက စာနယ်ဇင်းသမားများကို တိုက်တွန်းသော အချက် ၅ ချက် ပြောကြားခဲ့ရာ စာနယ်ဇင်းများ ဘက်မလိုက်ရန်၊ အကြောင်းအရာတရပ်ကို မှန်ကန်စွာ သုံးသပ်နိုင်ရေး ရှုထောင့်ပေါင်းစုံမှ ရေးသားဖော်ပြရန်၊ ရေးသားကြရာတွင် လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရား ကျင့်သုံးရန်နှင့် Unity in democracy ကို ဖော်ဆောင်နိုင်ရေး ကြိုးပမ်းကြရန်တို့ ဖြစ်သည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် အမျိုးသားသတင်းဆုကော်မတီတို့ ပူးတွဲရွေးချယ်ပေးအပ်သည့် အမျိုးသားသတင်းဆု အမျိုးအစားများမှာ အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး အာဘော်ဆောင်းပါးဆု၊ အကောင်းဆုံး သတင်းကာတွန်းဆုတို့ဖြစ်ကြောင်း၊ ယင်းတို့အနက် အကောင်းဆုံး အာဘော်ဆောင်းပါးဆုကို အရည်အချင်း ပြည့်မီခြင်းမရှိသဖြင့် ပေးအပ်ခြင်းမရှိဘဲ အထူးခြားဆုံး အမျိုးသားသတင်းဓာတ်ပုံဆုတခု တိုးချဲ့ပေးအပ်ကြောင်း သိရသည်။
ယင်းတို့ချဲ့ထားသည့် ဆုကို ၂၀၁၁ ခုနှစ် သြဂုတ်လ အစိုးရသတင်းစာ၌ ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံအတွက် ချီးမြှင့်ကြောင်း သိရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်းကျင်းပသည့် မီဒီယာ အလုပ်ရုံဆွေးနွေးပွဲအတွက် ပြီးခဲ့သည့်စနေနေ့က ရောက်ရှိနေပြီး ယင်းဆုပေးပွဲသို့လည်း တက်ရောက်ခဲ့သည့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က “အမျိုးသား သတင်းဆုချီးမြှင့်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တော့ လူငယ်ခြေသစ်တွေအတွက် သတင်းကောင်းပါ။
သတိထားမိတာက ၀န်ကြီးဟာ ဒီမိန့်ခွန်းပြောဖို့အတွက် အသေအချာကို ပြင်ဆင်လာတာကို တွေ့ရတယ်။ မီဒီယာနဲ့ ပတ်သက်ပြီး သူပြောသွားတာတွေက လေ့လာပြီး ပြောသွားတာတွေ။ ကျနော့်အနေနဲ့ကတော့ တာဝန်ရှိမှုတွေကို ပြောတာအပြင် ပြည်တွင်းက သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်တွေကိုလည်း ပြောသင့်တယ်လို့ မြင်တယ်။ စာပေစိစစ်ရေးဆိုတာ ကတော့ လုံးဝကို မရှိသင့်တော့ဘူး” ဟု ပြောသည်။
ဆုပေးပွဲအပြီးတွင် ဝန်ကြီးဦးကျော်ဆန်းနှင့် ကိုအောင်ဇော်တို့ တွေ့ဆုံစကားပြောဆိုခဲ့သေးသည်။
“ဆုပေးပွဲပြီးလို့ ခန်းမထဲက ဦးကျော်ဆန်း ပြန်အထွက်မှာ ကိုအောင်ဇော်နဲ့ တွေ့တာပါ။ နှစ်ယောက်စလုံးကို ကြည့်ရတာ ရင်းရင်းနှီးနှီးပါပဲ။ ကိုအောင်ဇော်က ဦးကျော်ဆန်း ကို Minister for Information အစား Minister for Press Freedom လုပ်ပါလို့ ပြောလိုက်တော့ အနားကလူတွေ အကုန်လုံး သဘောကျပြီး ရယ်ကြရော။ ၀န်ကြီးကိုယ်တိုင်ကလည်း ရယ်ရယ်မောမောပါပဲ” ဟု သတင်းထောက်တဦးက ဆိုသည်။
ထို့အပြင် ကိုအောင်ဇော်က ပြည်ပမှ သတင်းထောက်များအတွက် ဂျနယ်လစ်ဗီဇာကို တလအထိ တိုးပေးရန်လည်း ဝန်ကြီးဦးကျော်ဆန်းအား တိုက်တွန်းကြောင်း၊ ဦးကျော်ဆန်းက ဒီမိုကရေစီကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်လျှင် တိုင်းပြည်မှာ ဘာမျှလုပ်၍ မရနိုင်ကြောင်း ပြောကြားခဲ့ပြီး ဗီဇာကိစ္စနှင့်ပတ်သက်၍ It is the beginning ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။
ကိုအောင်ဇော်၏ ပထမခရီးစဉ်အတွင်းကလည်း ဝန်ကြီး ဦးကျော်ဆန်းနှင့် ခေတ္တတွေ့ဆုံခဲ့ပြီး ယခုတခေါက်တွင်လည်း သီးခြားတွေ့ဆုံရန် ရက်ချိန်းရထားကြောင်း သိရသည်။
ဆုပေးပွဲအပြီးတွင် ကိုအောင်ဇော်သည် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ဖြိုးဝေသာ ပူးပေါင်းရေးသားသည်။
ဆက်စပ်သတင်း
အစိုးရသတင်းစာ ဓာတ်ပုံ အထူးခြားဆုံးဆု ရရှိ
ပြန်ကြားရေးဝန်ကြီးပြောတဲ့ အချက် ၅ ချက်

အမျိုးသားသတင်းဆု ရရှိသူများ (ဓာတ်ပုံ - ဧရာဝတီ)

ဆုပေးပွဲအပြီး ဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ်
(ဓာတ်ပုံ - ဧရာဝတီ)
ထို့အပြင် ကိုအောင်ဇော်က ပြည်ပမှ သတင်းထောက်များအတွက် ဂျနယ်လစ်ဗီဇာကို တလအထိ တိုးပေးရန်လည်း ဝန်ကြီးဦးကျော်ဆန်းအား တိုက်တွန်းကြောင်း၊ ဦးကျော်ဆန်းက ဒီမိုကရေစီကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်လျှင် တိုင်းပြည်မှာ ဘာမျှလုပ်၍ မရနိုင်ကြောင်း ပြောကြားခဲ့ပြီး ဗီဇာကိစ္စနှင့်ပတ်သက်၍ It is the beginning ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။
ကိုအောင်ဇော်၏ ပထမခရီးစဉ်အတွင်းကလည်း ဝန်ကြီး ဦးကျော်ဆန်းနှင့် ခေတ္တတွေ့ဆုံခဲ့ပြီး ယခုတခေါက်တွင်လည်း သီးခြားတွေ့ဆုံရန် ရက်ချိန်းရထားကြောင်း သိရသည်။
ဆုပေးပွဲအပြီးတွင် ကိုအောင်ဇော်သည် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ဖြိုးဝေသာ ပူးပေါင်းရေးသားသည်။
ဆက်စပ်သတင်း
အစိုးရသတင်းစာ ဓာတ်ပုံ အထူးခြားဆုံးဆု ရရှိ
ပြန်ကြားရေးဝန်ကြီးပြောတဲ့ အချက် ၅ ချက်
မူရင်းလင့်က ဒီမှာပါ။
ပြင်ပငွေလဲ ဈေးကွက် ဆက်ရှိနေဦးမည်
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင် ပြောင်းလဲကျင့်သုံးရန် အစိုးရက စီစဉ်နေသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေ၊ ကန့်သတ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများကို ပြင်ဆင်ခြင်း မပြုလျှင် မှောင်ခိုဈေးကွက် ပျောက်သွားရန် မလွယ်ကူဟု ပြည်တွင်းစီးပွားရေး လေ့လာ သုံးသပ်သူများက စိုးရိမ်နေကြသည်။
အစိုးရငွေလဲနှုန်း အမေရိကန် တဒေါ်လာလျှင် ရှစ်ရာကျပ် ပြောင်းလဲမှုကို လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ဖွယ်ရှိသော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမှု လုပ်ဆောင်ခြင်းမရှိသေးဘဲ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ပါက ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်ဆိုသော ဥပဒေမှာ အသက်ဝင်နေဆဲဖြစ်သောကြောင့် လွတ်လပ်သည့် ဈေးကွက်အဖြစ် အကောင်အထည်ဖော်မည်ဆိုလျှင် အတားအဆီးဖြစ်နိုင်သည်ဟု ဆိုကြသည်။
“ကန့်သတ်ချက်များရင်၊ လိုအပ်တဲ့နည်းဥပဒေတွေ မပြင်ရင်တော့ ဘယ်လိုပဲ အစိုးရဘက်ကနေ ဒေါ်လာ ဈေးကို သတ်မှတ်ပြောင်း လဲပါစေ ပြင်ပဈေးကွက်က ဆက်ရှိဦးမယ်။ အရေးပါနေဦးမယ်။ ဈေးကွက်နှစ်ခု ပုံစံ နဲ့ ဆက်သွားနေရဦးမှာပဲ”ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ်ဟောင်းနှင့် ဘဏ္ဍာ- အခွန်ဝန်ကြီးဌာန၏ အကြံပေး ဦးမော်သန်းက ဆိုသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင် တဦးကလည်း တခုတည်းသော နိုင်ငံခြားငွေကြေးဈေးကွက်ဖြစ်ပေါ်လာရေး ပြင်ပဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားနေကြသော ဒေါ်လာ ၀ယ်ရောင်း ငွေလဲဒိုင်များကို လိုင်စင်များ ချထားပေးခြင်းကဲ့သို့ မက်လုံးများပေးခြင်းအားဖြင့် စွဲဆောင်စေသင့်ကြောင်း ပြောဆို သည်။
“အခုက နိုင်ငံခြားငွေကြေး လဲလှယ်လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကဘဏ်တွေကိုပဲ ပေးထားတယ်။ ဘဏ်တွေကလည်း Money Changer လုပ်ငန်းကို ပီပီပြင်ပြင်မလုပ်နိုင်ဘူး။ ဥပမာ- သိမ်ဖြူနိုင်ငံခြားငွေလဲ ကောင်တာမှာ ဒေါ်လာဝယ်တာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် လူတဦးကို ဒေါ်လာ နှစ်ရာအထိပဲ အရောင်းအ၀ယ်လုပ်လို့ရတယ်။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တသောင်း အထိ ရောင်းလို့၊ ၀ယ်လို့ ရတယ်လို့ ပြောထားပေမယ့် ဘဏ်တွေက အကန့်အသတ်နဲ့ပဲ လုပ်နေကြတယ်။ အဲဒီတော့ ပြင်ပဈေးကွက် ကိုပဲ အားကိုးနေရတယ်”ဟု အဆိုပါ UMFCCI ဗဟိုအလုပ်အမှုဆောင်က ရှင်းပြသည်။
သိမ်ဖြူနိုင်ငံခြားငွေလဲကောင်တာ များတွင် ဖြစ်ပေါ်သော ငွေလဲနှုန်းနှင့် တရားမ၀င် ပြင်ပငွေဈေးကွက်တွင်ဖြစ်ပေါ်သော ငွေလဲနှုန်း မှာ ကွာခြားမှုအနည်းငယ်သာ ရှိသော်လည်း ကန့်သတ်ချက်များသော ငွေလဲကောင်တာများထက် စည်းကမ်းတင်းကြပ်မှု မရှိသော ပြင်ပငွေလွှဲကောင်တာများကို ကုန်သည်အသိုင်းအဝိုင်းက ပိုသဘောတွေ့နေဆဲဖြစ်ကြောင်း သိရသည်။
သို့ရာတွင် စိတ်ချယုံကြည်နိုင်မှုမှာ တရားဝင်ငွေလဲ ကောင်တာများက ပိုကြောင်း လေ့လာသူများက ဆိုသည်။
လတ်တလော ဈေးကွက်တွင် ဒေါ်လာဈေးနှုန်းက ကျဆင်းမည့်အနေအထား များနေပြီး လက်ရှိတွင် အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ၈၁၁ ကျပ်ဈေး ရှိနေသည်။
“၀န်ထမ်းတွေအားလုံး လစာသုံးသောင်းဆီ တိုးမယ်ဆိုတော့ ဒေါ်လာဈေး နည်းနည်းလေးတက် တယ်။ တဒေါ်လာကို ၈၁၈ ကျပ်လောက်အထိ တက်တယ်။ ရက်ပိုင်းလောက်ပဲ တက်တာ။ အခု ပြန်ကျသွားပြီး ၈၁၁ ကျပ်လောက်ပဲရှိတယ်။ ရက်ပိုင်းအတွင်း ထပ်ကျဖို့များတယ်”ဟု ပြင်ပ နိုင်ငံခြားငွေလဲဒိုင် တဦးက ပြောသည်။
မူရင်းလင့်က ဒီမှာပါ။
CB ဘဏ်က ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ထားသော ငွေလဲစင်တာတခု
(ဓာတ်ပုံ - chhankmm.com)

ပဒို မန်းငြိမ်းမောင် လွတ်ပြီ
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင် တဦးဖြစ်သူ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသော ပဒို မန်းငြိမ်းမောင်ကို ယနေ့နံနက်တွင်အင်းစိန်ထောင်မှ ပြန်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။
“သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပုဒ်မ ၄၀၁ ရယ်နဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ မနက် ၈ နာရီက လွှတ်ပေးပြီးတော့ အခု အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) ရုံးကို ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပဒို မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ပဒို မန်းငြိမ်းမောင်ကို မိခင်အဖွဲ့အစည်းဖြစ်သည့် KNU သို့ မကြာမီ ပြန်လည်ပေးပို့မည်ဟုလည်း သိရသည်။
ပဒို မန်းငြိမ်းမောင်အား နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် တသက်တကျွန်း၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၃ နှစ်တို့ဖြင့် အင်းစိန် အထူးတရားရုံးက မတ်လ ၁၃ ရက်နေ့တွင် စီရင်ချက်ချထားခဲ့ရာမှ ယခု ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပဒို မန်းငြိမ်းမောင်ကို မကြာမီ လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။
ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
လွတ်မြောက်ရန် ၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက်တင် တရားစွဲခံခဲ့ရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်

တနင်္သာရီတိုင်းမှ ကြိုတင်မဲများ လွတ်လပ်မှုမရှိ
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ ပညာရေး ၀န်ထမ်းများနှင့် ထားဝယ်မြို့ ပညာရေး ကောလိပ်မှ ကျောင်းသူ ကျောင်းသားများ ထံမှ ကြိုတင်မဲ ကောက်ခံရာတွင် လွတ်လပ်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံမြို့ရှိ ကျောင်းဆရာ၊ ဆရာမ ၇၀ ကျော်ကို သင်တန်းတက်ရန်ရှိ၍ ကြိုတင်မဲပေးရမည်ဆိုကာ မြို့နယ်ပညာရေးရုံးရှိ တာဝန်ရှိသူများ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သည်ဟု မဲပေးခဲ့သည့် ကျောင်းဆရာတဦးက ပြောသည်။
“အထူးမွမ်းမံသင်တန်း တက်ရမယ်၊ သင်တန်းကြောင့် မဲပေးတဲ့နေ့ လာနိုင်မှာမဟုတ်ဘူး၊ ကြိုတင်မဲ ပေးပါဆိုပြီး ပေးခဲ့ရတာ။ ကိုယ်ကြိုက်တာကို ပေးပါဆိုပေမယ့် စာအိတ်ပေါ်မှာ မဲပေးတဲ့သူနာမည်ရယ်၊ လိပ်စာရယ်၊ မဲနံပါတ် စတာတွေရေးထားပြီး လူကြီးတွေ ရှေ့မှာပဲ ပေးရတာဆိုတော့ NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ကို ပေးချင်ပေမယ့် ဘယ်သူက ဘာမဲပေးတယ်ဆိုတာ သူတို့တွေ မြင်နေတော့ ကြောက်တာနဲ့ ပြည်ခိုင်ဖြိုးကိုပဲ ပေးခဲ့ရတယ်” ဟု ပြောသည်။
အဆိုပါ ကျောင်းဆရာ၊ ဆရာမများ တက်ရမည့် မွမ်းမံသင်တန်းမှာ ၂၃ ရက်နေ့မှ စ၍ တပတ်သာ ကြာမြင့်မည်ဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်သည်။
အလားတူပင် ထားဝယ်မြို့၊ ပညာရေး ကောလိပ်တွင် လောင်းလုံနှင့် ကျွန်းစုမြို့နယ်မှ လာရောက်သော ကျောင်းသူကျောင်းသား ၅၀ ကျော်ကို မတ်လ ၁၅ ရက်နေ့က ကျောင်းစာကြည့်တိုက်သို့ ခေါ်ယူကာ ကျောင်းအုပ်ကြီး၊ မော်ကွန်းထိန်း၊ စာပေဌာနမှူးတို့ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သောကြောင့် မိမိမဲပေးလိုသည့် ပါတီကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရခဲ့ကြောင်း ကျောင်းသူကျောင်းသားများက ဆိုသည်။
“ထိုင်ခုံတခုချင်းမှာ မဲစာရွက်နဲ့ စာအိတ်တွေ ထားထားပေးတယ်။ ပြီးတော့ ဆရာကြီးက ကိုယ်ကြိုက်တာကို ခြစ်ပြီး စာအိတ်ကို ကော်နဲ့ပိတ်ပြီး ပြန်တော့လို့ပြောတယ်။ စာအိတ်ပေါ်မှာ ဘာအမှတ်အသားမှ မပါဘူး။ ဆရာတွေ စောင့်ကြည့်နေတော့ ကြောက်တာနဲ့ ကြံ့ဖွံ့ပါတီကိုပဲ မဲပေးခဲ့ရတယ်” ဟု ကျောင်းသူတဦးက ပြောသည်။
လာမည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းရှိ ပြည်သူ့လွှတ်တော် လစ်လပ်နေရာများအတွက် ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် NLD အဖွဲ့ဝင် ဦးအောင်စိုး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ဒေါ်တင်တင်ရီတို့က အသီးသီးဝင်ရောက် ယဉ်ပြိုင်မည်ဖြစ်သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ NLD က ယနေ့ ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများဆိုင်ရာ ကြေညာချက်တွင် တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် မဲဆန္ဒအတွက် ကြိုတင်မဲများ ကောက်ယူခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အတွင်းသာ ကောက်ယူရန် ညွှန်ကြားချက်ကို ဆန့်ကျင်နေသည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မှ ထားဝယ်၊ လောင်းလုံတို့သို့ နေ့ချင်းပြန် မဲဆွယ်စည်းရုံးရေး ခရီးစဉ် သွားရောက်ခဲ့သေးသည်။
မူရင်းလင့်က ဒီမှာပါ။
ထားဝယ်၊ လောင်းလုံ မဲဆွယ်ခရီးစဉ်အတွင်း လူထုကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်

တရုတ်နွယ်ဖွား မြန်မာ နိုင်ငံသားများကို ဒေါ်အောင်ဆန်း စုကြည် မဲဆွယ်
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေကြသော တရုတ်နိုင်ငံ ကုမ္ပဏီများနှင့် တရုတ်ကုန်သည်များ အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွား အပေါ် စိုးရိမ်မှု ဖြစ်ရန် မလိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဒေသခံပြည်သူလူထုအား ယမန်နေ့က မဲဆွယ်ဟော ပြောစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တချို့က တရုတ်လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေကို ခြိမ်းခြောက်နေသံတွေ ကြားနေရတယ်၊ NLD နိုင်ရင် သူတို့ အကျိုးစီးပွား ကို ထိခိုက်မယ် ဆိုပြီးတော့ပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျမတို့ဟာ အနောက်နိုင်ငံတွေနဲ့ အင်မတန် နီးစပ်တယ် ဆိုပြီးတော့ ခြိမ်း ခြောက်နေတယ်လို့ ကြားနေရတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာတည်စကပင် ပထ၀ီအနေအထားအရ အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး ပြဿနာ ဖြစ်ပွားမှု နည်းပါးကြောင်း၊ NLD အနိုင်ရလျှင်လည်း တရုတ်လုပ်ငန်းရှင်များ၏ အကျိုးစီးပွား နစ်နာဆုံးရှုံးစေမည့်ကိစ္စများ လုပ် ဆောင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
၎င်းက “NLD ရဲ့မူဝါဒ က ကိုယ့်နိုင်ငံသားတွေ နစ်နာမယ့် အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး၊ အလားတူပဲ စီးပွားရေး လာ လုပ်ကြတဲ့ တခြားသူတွေ ထိခိုက်မယ့် ကိစ္စကိုလည်း မလုပ်ပါဘူး”ဟု ဆိုသည်။
လားရှိုးမြို့သည် စီးပွားရေးအရ အရေးပါသည့် နယ်စပ်မြို့တခု ဖြစ်ပြီး ရှမ်း၊ ၀၊ ပလောင်၊ လားဟူ၊ ကချင်၊ ဗမာ စသည့် တိုင်း ရင်းသား လူမျိုးများနှင့် တရုတ်လူမျိုးများ နေထိုင်ကြကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်၍ စစ်တိုင်းမှူး အဆင့်ထား ရှိသည့် နယ်စပ်မြို့တခုဖြစ်သည်။
လားရှိုးမြို့၏ အဓိကကျသည့် စီးပွားရေး လုပ်ငန်းများကို တရုတ်လူမျိုးပိုင် ကုမ္ပဏီများက ပိုင်ဆိုင်ကြပြီး ကုန်သွယ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ မြို့၏ အချက်အချာ ကျသည့် ရပ်ကွက်များတွင်လည်း တရုတ် လူမျိုးများသာ နေထိုင်ကြကြောင်း သိရသည်။
“လားရှိုးမြို့က မန္တလေးလိုပါပဲ၊ အချက်ကျတဲ့ ရပ်ကွက်တွေ၊ စီးပွားရေး လုပ်ငန်းအားလုံးဟာ တရုတ်လူမျိုးတွေ က ပိုင်ဆိုင်နေကြ ပါတယ်” ဟု NLD ပါတီကိုယ်စားပြု၍ လားရှိုးမြို့မှ ယှဉ်ပြိုင်မည့် ဦးစိုင်းမြင့်မောင် က ဧရာဝတီ ကို ပြောသည်။
လားရှိုးမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) လည်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီက မဲဆွယ်ရာ၌ NLD ပါတီသည် အနောက်နိုင်ငံများနှင့်နီးစပ်သည့်အတွက် ၎င်းတို့ကို ထောက်ခံမဲပေးပြီး အနိုင်ရလာပါက တရုတ် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထိခိုက်နိုင်ကြောင်း မဲဆွယ် စည်းရုံးနေသည်ဟု ဦးစိုင်းမြင့်မောင် က ပြောဆိုသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လားရှိုးဒေသ၌ NLD ၊ ကြံ့ခိုင်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ (SNDP) ၊ လားဟူ၊ ကိုးကန့် စသည့် ပါတီများ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“တရုတ်တွေကလည်း ကျနော်တို့ကို ထောက်ခံပါတယ်၊ မြို့ခံအများစု က ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားမှု ရှိတော့ ကျနော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးစိုင်းမြင့်မောင် က ဆိုသည်။
လားရှိုးဒေသခံ တရုတ်လူမျိုးများသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်နီးစပ်သူများ ဖြစ်၍ စီးပွားရေး လုပ်ပိုင်ခွင့် ရရှိထားသူ များဖြစ်ပြီး အများစုသည် မြန်မာနိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်နေသူများဖြစ်ကြောင်း၊ လားရှိုးမြို့၌ မဲပေးနိုင်သူ ဦးရေ တ သိန်း ၃ သောင်းကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၄ သိန်း ၀န်းကျင် ရှိကြောင်း သိရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တရုတ်နယ်စပ် ယူနန်နယ်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့်ရှမ်းပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများသို့ ၀င်ရောက်လုပ်ကိုင်ရန် အခြေချ နေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားကို တရားမ၀င် နည်းလမ်းများဖြင့် ရရှိခဲ့ကြသည်ဟုလည်း စွပ်စွဲချက်များ ရှိခဲ့သည်။
မြန်မာပြည်ဖွား မဟုတ်ဘဲ မြန်မာနိုင်ငံသား ဖြစ်သွားသည့် တရုတ်လူမျိုး အရေအတွက် မည်မျှရှိသည်ကိုမူ မသိရသေးပေ။
မူရင်းလင့်က ဒီမှာပါ။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က မဲဆွယ်ခရီး သွားရောက်ခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့တွင် ဒေသခံ လူထု ကို မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

၂၀၁၅ ၌ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်
အစိုးရနှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) တို့ ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာအရ ၂၀၁၅ ခုနှစ်၌ မြန်မာ နိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝ ပပျောက်ရန်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
အလုပ်သမား ဒု ၀န်ကြီး ဦးမြင့်သိန်းနှင့် ILO ရန်ကုန်ရုံးခွဲမှ ဆက်သွယ် ညှိနှိုင်းရေးမှူးတို့ မတ် လ ၁၆ ရက်နေ့က နေပြည် တော် တွင် အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနှင့် ကလေးစစ်သား စုဆောင်းမှုဆိုင်ရာ ဆက်နွယ်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပူးပေါင်းဖြေရှင်းသွားရေး နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဇန်န၀ါရီလကပင် ILO နှင့် အတူပူးပေါင်းလုပ်ဆောင်ရေး နားလည်မှု စာချွန်လွှာ တနှစ် သက်တမ်း တိုးရေး လက်မှတ်ရေးထိုးခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ ၂၀၁၅ ခုနှစ်မှာ လုံးဝ ပပျောက်ရေး လုပ်ဆောင်သွားမည်ဆိုသည့် အပေါ် ILO နှင့် ချိတ်ဆက်၍ လုပ်ကိုင်ကူညီပေးနေသူများက လက်တွေ့တွင် မဖြစ်နိုင်သေးကြောင်း ပြောဆို ကြသည်။
“ဒီ ၃ နှစ်အတောအတွင်းမှာ အဓမ္မအလုပ်ခိုင်းစေမှုတွေ လုံးလုံး ပပျောက်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူး။ စစ်တပ်ထဲမှာ လည်း ဖွဲ့စည်းပုံ မပြည့်တဲ့အတွက်ကလေးစစ်သား ခေါ်ဆောင်မှုဟာ ရှိနေဆဲပါပဲ။ ဒါကြောင့် အောင်မြင်ဖို့အတွက်တော့ ကျနော်တို့ ၀ိုင်းဝန်းကြိုးစားတွန်းအားပေးမယ်။ သို့သော်လက်တွေ့ဘ၀မှာ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းနေ ပါသေးတယ်”ဟု အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ကူညီပေးနေသူ တဦးဖြစ်သည့် ရန်ကုန်မြို့က ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။
၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုများရှိလျှင် ILO သို့တိုင်ကြားနိုင်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးမှုများနှင့်ပတ်သက်၍ ယခုနောက်ပိုင်း ILO နှင့် ပူးပေါင်းဆောင်ရွက်ကာဖော်ထုတ် အရေးယူမူများကြောင့် လျော့နည်းလာသည်ဟု မြန်မာအစိုးရဘက်ကလည်း ပြောဆိုထားသည်။
ရန်ကုန် ILO ရုံးခွဲ၏ ထုတ်ပြန်ချက်အရ ၂၀၁၀ ပြည့်နှစ်ကတည်းက အဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ တိုင်ကြားစာ များစွာ ရရှိခဲ့သော်လည်း ယမန်နှစ် ဇွန်လ စာရင်းအရ တိုင်ကြားစာ ၅၀၆ ခုသာ လက်ခံရရှိခဲ့ပြီး အရေအတွက်အားဖြင့် လျော့နည်း လာသည်ဟု ဆိုသည်။
အဓမ္မ ခိုင်းစေမှု ပပျောက်ရေး အကူအညီပေးနေသူများကလည်း ယခင်ကထက် တိုင်ကြားမှု လျော့နည်းလာသည်မှာ မှန် ကန်သော်လည်း လက်လှမ်းမမှီသည့် နေရာများတွင် အဓမ္မခိုင်းစေမှုများ ကျန်ရှိနေသေးကြောင်း၊ မကြာမီကပင် ဧရာဝတီ တိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကျေးရွာများဘက်တွင် လုံခြုံရေးကင်း အဓမ္မ စောင့်ခိုင်းနေကြောင်း၊ မစောင့်ပါက ပိုက်ဆံ အဓမ္မ ကောက်ယူမှုများ ရှိနေကြောင်း၊ ထို့ကြောင့် အောက်ခြေ အာဏာပိုင်များ အဆင့် အထိ သက်ရောက်မှုရှိရန် လိုအပ်နေ သေးကြောင်း မစုစုနွေးက ဧရာဝတီကို ပြောသည်။
“ကိုယ်ထုတ်ပြန်ထားတဲ့ ဥပဒေကို ကိုယ်ကိုယ်တိုင် လိုက်နာလေးစားပြီးတော့ အတင်းအဓမ္မ ခိုင်းစေမှုတွေ၊ ကလေးစစ်သား စုဆောင်မှုတွေ မရှိအောင် အရင်လုပ်ဖို့ လိုပါတယ်”ဟု အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ကူညီပေးနေသူ မစုစုနွေးက ပြောသည်။
ILO နဲ့ အစိုးရတို့ လက်မှတ်ထိုးပြီး ဥပဒေများ ပြဌာန်းနိုင်ခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရေးအတွက် ပညာ ပေးရေးကိစ္စများကိုလည်း အစိုးရကိုယ်တိုင်က ဦးဆောင်လုပ်သင့်ကြောင်း သူက ဆိုသည်။
အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား ပပျောက်ရေး စသည်တို့အတွက် မြန်မာအစိုးရသစ်နှင့် ILO တို့သည် ယခု ထက် ပို၍ အားစိုက် လုပ်ဆောင်ရန် လိုအပ်နေပြီး ပညာပေးရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လည်း လို အပ်ကြောင်း၊ အားလုံးက ၀ိုင်းဝန်း ကူညီပေးရန်လည်း လိုအပ်ကြောင်း မစုစုနွေးနှင့် ကိုဖိုးဖြူတို့က ပြောဆိုသည်။
အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် အစိုးရ စစ်တပ်က အရပ်သား အမျိုးသား၊ အမျိုးသမီးများနှင့် အကျဉ်းသားများကို အထမ်းသမား ပေါ်တာအဖြစ် ခိုင်းစေမှုများ ရှိနေသည့်အပေါ် စိုးရိမ်နေရဆဲဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
ILO နှင့် သဘောတူညီချက်များအရ မြန်မာနိုင်ငံတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်း ပိုင်ခွင့်ဆိုင်ရာ ဥပဒေကိုလည်း အစိုး ရသစ် က မကြာမီက အတည်ပြု ပြဌာန်းလိုက်ပြီး မတ်လ ၉ ရက်နေ့တွင် ဥပဒေ စတင် အသင်ဝင်ပြီ ဖြစ်သော်လည်း ရပ်ဝေးဒေသများတွင်ဖြစ်ပေါ်နေသည့် အလုပ်သမားပြဿနာများကိုလည်း အလေးထား သင့်ကြောင်းလည်း ပြောသည်။
မူရင်းလင့်က ဒီမှာပါ။
ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်းပိုင်းတခုရှိ မြေပြိုသည့်နေရာတွင် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း ခံရသည့် အလုပ်သမားများ။
(ဓာတ်ပုံ - Chin Human Rights Organization)

အစိုးရ မီဒီယာ ဥပဒေ မီဒီယာသမားများကို ကာကွယ်ရန်လိုအပ်
အစိုးရ ရေးဆွဲနေသည့် မီဒီယာဥပဒေသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ အပေါ်တွင်အခြေခံ၍ သတင်းသမားများကို ကာ ကွယ် စောင့်ရှောက်သောဥပဒေတရပ် ဖြစ်ရန်နှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်အတွက် အစိုးရ၏ တင်းကျပ်သည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ပြည်ပ အခြေစိုက် မြန်မာ မီဒီယာအဖွဲ့များက တောင်းဆို တိုက်တွန်း လိုက်သည်။
ပြည်ပအခြေစိုက် ဧရာဝတီ၊ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ တိုင်းရင်းသားမီဒီယာများအပါအ၀င် သတင်းမီဒီယာ ၁၁ ဖွဲ့ပူးပေါင်း ဖွဲ့စည်းထားသော Burma News International(BNI) အဖွဲ့များ၏ ယနေ့ထုတ်ပြန်ချက်တွင် ယင်းသို့ တိုက်တွန်း ပြောဆိုထားခြင်း ဖြစ်သည်။
သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာနှင့် BNI တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးခွန်စိုင်းက“ကျနော်တို့ကို ချုပ်ချယ်ထားတဲ့ ဥပဒေတွေ မရုပ်သိမ်းသမျှ ကာလပတ်လုံးမှာ ဘယ်လို စိတ်ချ လက်ချနဲ့ သတင်းစာ လွတ်လပ်ခွင့် ကို လုပ်နိုင်မလဲ၊ စိတ်ချလက်ချ လုပ်နိုင်ဖို့ ဆိုရင် အဲဒီ ဥပဒေတွေ ရုပ်သိမ်းရပါမယ်”ဟု ပြောဆိုသည်။
မြန်မာ့ မီဒီယာ ဥပဒေသည် သတင်းလွတ်လပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ အပေါ်တွင် အခြေခံ၍ သတင်း သမားများကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ တရပ် ဖြစ်ရန် အထူး အရေးကြီးသည်ဟုလည်း ဆိုသည်။
ထို့အပြင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍကိုလည်း အထူး အလေးထားရန် ပြောဆိုထားသည်။
ထုတ်ပြန်ချက်တွင် နှစ် ၁၇၀ ကျော် သက်တမ်းရှိ မြန်မာ သတင်းမီဒီယာသည် ခေတ်ဦးတွင် လွတ်လပ်ခွင့်ရှိခဲ့သော်လည်း တော်လှန် ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် များမှစတင်၍ သတင်းစာလွတ်လပ်ခွင့်ကို အာဏာပိုင်က တင်းကျပ်စွာ ထိန်းချုပ်ခဲ့ရာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးခဲ့ရသည်အထိ ပိုမို ဆိုးရွားခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်း မှစတင်ပြီး ကွန်ပျူတာ အင်တာနက် အသုံးပြု၍ သတင်းအချက် အလက် စီးဆင်းမှုကို အဓိက ပိတ်ပင်သော အီလက်ထရွန်နစ် ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း စသည်တို့ကို လည်း ဖော်ပြထားသည်။
ယနေ့ ထုတ်ပြန်သည့် ဧရာဝတီ ၊ DVB ၊ BNI ပူးတွဲ ကြေညာချက် -
DIB Joint Statement – English Version
DIB Joint Statement – Burmese Version