Tuesday, March 6, 2012

ရခိုင်ကလေးငယ် တစ်ဦး စစ်သားအဖြစ် စုဆောင်းခံရမူ အိုင်အယ်လ်အိုသို့ တိုင်ကြား

မြန်မာနိုင်ငံမှ ကလေးစစ်သား တစ်ဦးကို တွေ့ရစဉ် (ဓါတ်ပုံ- ဧရာဝတီ)

အသက် မပြည့်သော ကလေးငယ် တစ်ဦးကို စစ်သား အဖြစ် စုဆောင်းပြီး တပ်ထဲကို သွင်းလိုက်သည့်အပေါ် မိဘများက လူ့အခွင့်အရေး အဖွဲ့တစ်ခုမှ တဆင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် အိုင်အယ်လ်အို သို့တိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။

" ကျွန်တော်တို့ သက်သေ အထောက်အထားတွေနဲ့ တကွ မောင်ဦးလှဝင်းကို စစ်သား အဖြစ် စုဆောင်းသွားတာကို အခုအခါ အိုင်အယ်အို ရန်ကုန်ရုံးကို တိုင်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တိုင်ကြားထားပါတယ်။ များမကြာမှီမှာ အရေးယူ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး လူပ်ရှားသူများ ကွန်ယက် (HRDP) တာဝန်ခံ ဦးမောင်မောင်လေးက ပြောသည်။

စစ်သားအဖြစ် စုဆောင်းခံရသူ မောင်ဦးလှဝင်းမှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ဖူးကျေးရွာမှ ဦမောင်စံဝင်း၏ သားဖြစ်သည်။

မောင်ဦးလှဝင်းအား လွန်ခဲ့သောနှစ်က ပွဲစား တစ်ဦးက လှည့်စား ခေါ်ယူသွားပြီးနောက်ပိုင်း စစ်တပ်ထဲကို သွင်းလိုက်သည်ဟု သိရသည်။

" အခု အဲဒီကလေးက လေ့ကျင့်ရေး ကျောင်းအမှတ် (၁၀)၊ အရာတော် မြို့နယ်၊ စစ်ကိုင်းတိုင်က သင်တန်းဆင်းပြီး အခု ထားဝယ် ခမရ (၄၀၉) မှာ တာဝန်ကျနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အသက် လက်ရှိ နေရပ်လိပ်စာ အပြည့် အစုံကိုလည်း အိုင်အယ်လ်အို ပို့ထားတယ်။ အခုကြားတာက ကလေးရဲ့ နာမည်ရင်းကို ၀ှက်ထားပြီး တစ်ခြား နာမည် အသစ်နဲ့ တပ်ထဲမှာ ထားတယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းမူမှာ ဆက်လက် တည်ရှိနေပြီး အများစု ကလေးငယ်များမှာ အကျပ်ကိုင် ခြိမ်းခြောက်၍၎င်း၊ လိမ်လည် လှည့်စား၍၎င်း၊ မက်လုံးများ အမျိုးမျိုးပေး၍ စစ်တပ်ထဲကို သိမ်းသွင်းခံနေကြရပြီး မောင်ဦးလှဝင်းမှာ ခြိမ်းခြောက် အကျပ်ကိုင်ပြီး စစ်တပ်ထဲသို့ သိမ်းသွင်းခံရသည်ဟု ဦးမောင်မောင်လေးက ပြောသည်။

ကလေးစစ်သား အဖြစ် စုဆောင်းခံရသူများကို အိုင်အယ်လ်အို ဆောင်ရွက်ပေးမူကြောင့် ပြန်လည် လွှတ်မြောက်လာသော်လည်း သက်ဆိုင်ရာ မိဖများလက်သို့ ရောက်ရန် ၆ လ (သို့မဟုတ်) တနှစ်မှ ၂ နှစ်ထိ အချိန်ယူရသည်ဟု ဦးမောင်မောင်လေးက ပြောသည်။

" ကျွန်တော်တို့ အဖွဲ့အနေနဲ့ရော၊ အိုင်အယ်လ်အိုကပါ ဒီကိစ္စ တိုင်းတန်းလာရင် ချက်ချင်း အရေးယူ ဆောင်ရွက်ပေမယ့် တပ်မတော်ပိုင်းက ဆောင်ရွက်တဲ့ အပိုင်းမှာ အလွန်နှေးကွေးပါတယ်။ တရားဝင် ကလေး စစ်သား တစ်ဦး တပ်က ထွက်ခွင့်ရဖို့ ဆောင်ရွက်ရတာ အနည်းဆုံး ၆ လ (သို့မဟုတ်) တနှစ်ကနေ ၂ နှစ်ထိ ကြာတတ်ပါတယ်။ အစိုးရပိုင်းနဲ့ တပ်မတော်ပိုင်းက ဆောင်ရွက်တာမှာ အားနည်းနေတဲ့ သဘောမျိုး ဖြစ်ပါတယ်" ဟု ပြောသည်။

ယခု မောင်ဦးလှဝင်း အရေးကို ဆောင်ရွက်နေသည့် မြန်မာ နိုင်ငံ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်မှာ တရားဝင် မှတ်ပုံတင် ခွင့် မရရှိသေးသော်လည်း မြန်မာနိုင်ငံမှ ကလေးစစ်သားများ အရေးကိစ္စများ အပါအ၀င် လူ့အခွင့်အရေး ကိစ္စများကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

မြန်မာ နိုင်ငံ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်ကို ရခိုင်ပြည်နယ်တွင်လည်း ဖွဲ့စည်ထားပြီး ယခုကဲ့သို့ အသက်မပြည့်သူ မောင်ဦးမောင်လှဝင်းအား ကလေးစစ်သား အဖြစ် စုဆောင်းထားသွားခြင်း အပေါ် ရခိုင်ပြည်နယ် ကွန်ယက် က ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က စာအမှတ် ၁ မျဉ်းစောင်း ၂၀၁၂ ဖြင့် ကျေညာချက် ထုတ်ပြန်ပြီး မြန်မာ အစိုးရအား ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

" မြန်မာနိုင်ငံမှာ အစိုးရသစ်မှ ကလေးစစ်သား စုဆောင်းမူ မရှိတော့ပါဘူးဟု ပြောဆိုပြီး ကလေးစစ်သားများ စုဆောင်းနေခြင်းမှာ ကမ္ဘာ ပြည်သူများနှင့် မြန်မာ ပြည်သူများအား ဗြောင်ကျကျ လိမ်ညှာနေမူသာ ဖြစ်ကြောင်း" ကျေညာချက်တွင် ဖေါ်ပြသည်။


မူရင်းလင့်က ဒီမှာပါ။

ဂျပန်ရောက် ဦးထွန်းအောင်ကျော် ဆွေးနွေးပွဲ


ABSDF ကျောင်းသား တပ်မတော် တပ်ဖွဲ့ဟောင်းများ ဦးစီးပြီး စစ်အာဏာရှင် ပေါ် ပေါက်လာခြင်းနှင့် ကျောင်းသားကဏ္ဍ ဟူသည့် ဆွေးနွေးပွဲတရပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ကွန်မြူနီတီ စင်တာတွင် မတ်လ ၄ ရက်နေ့ကကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ဒေသစံတော်ချိန် (ညနေ ၆)နာရီမှ ညနေ (၉) နာရီထိ ကြာမြင့်ခဲ့ပါတယ်။ ဆွေး နွေးပွဲတွင် “ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့က နောက်လာမယ့် ရွေးကောက်ပွဲကြီးရဲ့ ရလာဒ်က အဖြေသိမှာ ဖြစ်ပြီး အဲဒီအချိန်ထိ လက်နက် ကိုင် အဖွဲ့ အစည်းတွေက စောင့်ကြည့်သင့်တယ်” ဟု ABSDF ကျောင်းသား တပ်မတော် ဥက္ကဌ ဟောင်းဦးထွန်း အောင်ကျော်က ဆိုပါသည်။ ဆွေးနွေးပွဲကို ဂျပန်ရောက် အာဏာရှင်စနစ် ဆန့် ကျင်သည့် လူများနှင့် အဖွဲ့ အစည်းအသီး သီးမှ လူပေါင်း(၈၀) ကျော် တက်ရောက်ခဲ့ပါသည်၊


မူရင်းလင့်က ဒီမှာပါ။

ဗမာစစ်သည်ဟုသံသယရှိသူ၂ဦးကရင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် မော်လီချိုင်း(သေ့ဘောဘိုး)ကျေးရွာတွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား ၂ဦးသည် ယမန် နေ့က ကရင်အမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ ပြုကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

ယမန်နေ့ညနေ ၄နာရီအချိန်တွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား၂ဦးသည် သေ့ဘောဘိုးကျေးရွာအပြင် လမ်းခုလတ်တနေရာ တွင် အလုပ်လုပ်နေသူ အသက် ၂၂နှစ်အရွယ် ကရင်အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ရန် ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့ကြသည်ဟု ၎င်းအဖြစ်အပျက်ကို ဆောင်ရွက်ပေးနေသူ ကရင်အမျိုးသမီးအစည်းအရုံးKWOမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သူမက “သူ(အမျိုးသမီးငယ်) ပြောပြတာကတော့ အဲဒီစစ်သား ၂ယောက်က သေနတ်ရယ်၊ စစ်ယူနီဖောင်းရယ်ပါတယ်။ သူတို့ပြောတဲ့ စကားတွေ အားလုံးလည်း နားမလည်ဘူး။ သူ့ကို ဆေးတမျိုး အတင်းပေးနမ်းလို့ သူမူးဝေသွားတော့ တောတစ်နေရာကို ခေါ်သွားတယ်။ သူ့ကို အဓမ္မကျင့်ဖို့ လုပ်တော့မယ်အချိန်မှာ သေနတ်အသံတခုကြားလို့ အဲဒီလူနှစ်ယောက် ထွက်ပြေးသွားတယ်တဲ့။”ဟု ပြောသည်။

၎င်းအမျိုးသမီးငယ်သည် အဆိုပါအမျိုးသား ၂နှစ်ဦး၏ အတင်းအဓမ္မ ဆွဲခေါ်မှုကို ကိုယ်လွှတ်ရုန်းရန် ကြိုးပမ်းရင်း သူမ၏ လက်နှစ်ဘက် မှာ ဒဏ်ရာအနည်းငယ်ရပြီး ယနေ့အထိ ၀မ်းဗိုက်အောင့်ကာ ခေါင်းမူးဝေလျှက်ရှိသည်။

သူမအား ယနေ့ နေ့လည်တွင် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ ပို့ဆောင်ခဲ့ပြီး သာမန် စမ်းသပ်မှုများ လုပ်ဆောင်ပေး ခဲ့သော်လည်း အဓမ္မပြုကျင့်မှု အထမြောက်မမြောက်ကိုမူ မသိရှိရသေးကြောင်း KWO က ပြောသည်။

အဓမ္မပြုကျင့်ရန် ကြိုးပမ်းခံရသူ ကလေး ၂ဦး၏ မိခင် အမျိုးသမီးမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မော်လီ ချိုင်း (သေ့ဘောဘိုး)ကျေးရွာတွင် ခင်ပွန်းသည်နှင့်အတူ နေ့စားလုပ်ကိုင်နေသူ ဖြစ်သည်။

ထိုနယ်မြေတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း ၂၀၁မှ ဒုရင်းမှူး ဗိုလ်မှူးကြည်အောင်က အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သူ အမျိုးသား ၂ဦးမှာ မြန်မာပြည်ဘက်ခြမ်း သေဘောဘိုးကျေးရွာ အခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် -စကခ(၁၂) လက် အောက်ခံ ခလရ(၂၉၉)မှ စစ်သည်များဖြစ်ကြသည်ဟု ပြောသည်။

၎င်းက “မနေ့တုန်းက ဗမာစစ်သား ၂ယောက် လက်နက် ၂လက်နဲ့အတူ ထိုင်းဘက်ခြမ်းကို ကူးသွားတယ်လို့ အဲဒီဘက် (သေ့ဘောဘိုး ကျေးရွာ)မှာရှိတဲ့ ဒီကေဘီအေက ကျနော်တို့ကို သတင်းပေးတယ်။ ကျနော်တို့ စုံစမ်းချက်အရဆို အဲဒီဗမာစစ်သား ၂ယောက်ရဲ့ လက် ချက်ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀နီးပါးရှိ မော်လီချိုင်း(သေ့ဘောဘိုး)ကျေးရွာ၏ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက် ခြမ်း သေ့ဘောဘိုးမှ အူးကလေ့ထာ့ နေရာတ၀ိုက်တွင် ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်မိုး ဦးစီးသည့် ခလရ(၂၉၉) လှုပ်ရှားရာနယ်မြေ ဖြစ် သည်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ၂၄ရက်နေ့ကလည်း အစိုးရစစ်တပ်မှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)ကို အကြီးအကျယ် ထိုးစစ်ဆင်သည့်ကာလကလည်း ဝေါ်လေဒေသမှ အသက် ၁၅နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ တရားခံ မပေါ်ဘဲ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။

မူရင်းလင့်က ဒီမှာပါ။

ယနေ့ နေ့လည် ၁ နာရီတွင် ဘန်ကောက်၌ နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်

ယနေ့ နေ့လည် ၁ နာရီတွင် ဘန်ကောက်၌ နိုင်ငံတကာကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ
သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)၊ နန့်ဘွာဘွာဖန်းဖေ့စ်ဘွတ်ခ်

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာအစိုးရတို့အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခုလဆန်း ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ မွန်းလွှဲ ၁ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပြုလုပ်ခဲ့ပြီး ကွန်ဖရင့်၏ ပြောရေးဆိုခွင့်အဖွဲ့မှ နမ့်ဇိုယာဖန်း၊ နော်ကညောဖောနှင့် စောကက်နက်မိုးတို့က နိုင်ငံတကာသတင်းဌာနများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၄ ရက်ကြာ ပြုလုပ်ခဲ့သည့် နိုင်ငံတကာကရင်အမျိုးသားကွန်ဖရင့်တွင် နိုင်ငံတကာမှ ကရင်အမျိုးသား ၁၆၇ ဦး တက်ရောက်ခဲ့ကြပြီး KNU မှ ဆောက်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမည်ခံငြိမ်းချမ်းရေးမဟုတ်ဘဲ ထာဝရတည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကရင်အမျိုးသားများက အချက် ၁၂ ချက်ပါ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ကွန်ဖရင့်မှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များထဲတွင် KNU နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အဆင့်များတွင် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများမှ ၀ိုင်းဝန်းပံ့ပိုးသွားမည့် အစီအစဉ်တရပ် ပါရှိသည်။









မူရင်းလင့်က ဒီမှာပါ။

ပတ္တမြားမြေကို ကယ်တင်ကြ


ဦးပဉ္ဇင်းသည် ၂၉-၂-၂၀၁၂ မှ ၃-၃-၂၀၁၂ ရက်နေ့အထိ လေးညတိတိ မိုးကုတ်မြို့မှာ တရားဟောခဲ့ပါသည်။ မိုးကုတ်မြို့သည် ဟိုယခင်ကလို မဟုတ်တော့ပါ။ မိုးကုတ်သူ/မိုးကုတ်သားတို့လည်း ဟိုတချိန်ကလို မဟုတ်တော့ပါ။

မိုးကုတ်မြို့မှ ပတ္တမြားမြေများကို မိုးကုတ်သူ/မိုးကုတ်သားတွေ မပိုင်တော့သလို ဆိုင်လည်း မဆိုင်တော့ပါ။ မိုးကုတ်မြို့ကြီး ခြောက်သွေ့နေပြီး စီးပွားရေးလည်း မဖြစ်ထွန်းတော့ပါ။ ယခင်က မြန်မာပြည်အရပ်ရပ်မှ စီးပွားရေးသမားများ မိုးကုတ်တက်၍ စီးပွားရှာခဲ့ကြသော်လည်း ယခုအခါ မိုးကုတ်သားများ ကိုယ်တိုင်ပင် ဖားကန့်၊ ရွှေတော ... စသည့် မြို့များသို့ စီးပွားရှာထွက်နေရပြီ ဖြစ်ပါသည်။

သတ္တိကောင်းခြင်း၊ ညီညွတ်ခြင်း၊ စည်းလုံးခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ချီးကျူးအားကျခဲ့သော မိုးကုတ်သူ/မိုးကုတ်သားတွေလည်း ယခင်ကလို သတ္တိမကောင်းကြတော့ပါ။ ကြောက်စိတ်တွေ လွှမ်းမိုးနေပြီး လူတိုင်းကိုယ်စီ ကြောက်ရောဂါ ရနေကြ၍ လူရုပ်မပေါ်ကြတော့ပါ။ ကြောက်အားကြီးသည့် ကျောက်ရုပ်ကြီးတွေ ဖြစ်နေကြပါပြီ။ ဦးပဉ္ဇင်း ဟောသည့် တရားကိုတောင် မနာရဲကြတော့ပါ။ တရားနာလာကြသူများလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နာနေကြရပြီး ဦးပဉ္ဇင်း မေးသည့် မေးခွန်းများကိုပင် မဖြေရဲကြတော့ပါ။ လူတရာမှာ တယောက်သာ ပြန်ဖြေသည်ကို တွေ့ခဲ့ရပါသည်။



ရွှေဝါရောင်တော်လှန်ရေးကာလက တက်တက်ကြွကြွ ဆင်နွှဲခဲ့ကြတဲ့ မိုးကုတ်သူ/မိုးကုတ်သားများ

ပတ္တမြားမြေ အကျည်းတန်နေခြင်း၊ ပတ္တမြားသူများ လူညွှန့်တုံးစေမည့် ကြောက်ရောဂါ ကပ်ဘေးကြီးသင့်နေခြင်းတို့ကြောင့် အနာဂတ်ပတ္တမြားမြေအတွက်၊ အနာဂတ်ပတ္တမြားသူများအတွက် စိတ်မကောင်းခြင်းများစွာဖြင့် ထိခိုက်ကြေကွဲစွာ ခံစားခဲ့ရပါသည်။

မိုးကုတ်မြို့ကြီး ဆင်းရဲမွဲတေသွားခြင်း၊ မိုးကုတ်သူ/မိုးကုတ်သားများ ကြောက်အားကြီးသွားခြင်းနှင့် ပတ်သက်၍ မြို့နေလူထု ယခုလို ခံစားနေကြရပါသည်။

“ဒေါ်အောင်ဆန်းစုကြည် ဒီပဲရင်းခရီးစဉ်မတိုင်မီ လာတုန်းက တောရောမြို့ပါ တခဲနက် ထောက်ခံကြိုဆိုခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ‘မိုးကုတ်လိုသာ ပြည်သူအားလုံး သတ္တိရှိကြရင် ဒီမိုကရေစီ ရတာကြာပြီ’ လို့ ချီးကျူးရလောက်အောင် သတ္တိကောင်းခဲ့ကြတယ်။ အဲဒီနောက်ပိုင်း နအဖက မိုးကုတ်ကို မွဲအောင် လုပ်ပစ်လိုက်တာ ‘ဦးပိုင်’ ဆိုတာတွေ ‘အကျိုးတူ’ ဆိုတာတွေ တည်ထောင်ပေးလိုက်ပြီးတဲ့နောက်ပိုင်း မြို့နေလူထုဟာ ကျောက်ခဲလေးတလုံး၊ ဖျုံးလေးတပွင့်တောင် ကောက်ခွင့်မရတော့ဘူး”။

“စီးပွားရေးကျသွားပေမယ့် စိတ်ဓာတ်တွေ ကျမသွားသေးပါဘူး။ ၂၀၀၇ ရွှေဝါရောင်မှာ သံဃာထုရော လူထုပါ ရဲရင့်တက်ကြွပြီး စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်ခဲ့ကြပါသေးတယ်။ အကြမ်းဖက်နှိမ်နင်းခံရခြင်း၊ တခြားမြို့တွေနဲ့ တန်းတူအခွင့်အရေးမပေးတော့ခြင်း၊ တင်းကျပ်ကန့်သတ်မူတွေ တရစ်ပြီးတရစ် တဆင့်ပြီး တဆင့် မြှင့်တင်ပြီး ဖိနှိပ်ချုပ်ချယ်လွန်းအားကြီးလို့ မြို့လူထုက ကြောက်အားကြီးသွားကြတာပါ။ မြို့နာသွားရတာပါ”။


အရှေ့ပိုင်းမှာ နှစ်ည၊ အနောက်ပိုင်းမှာ နှစ်ည တရားဟောခဲ့ပါသည်။ အရှေ့ပိုင်း ပထမည ဟောကြားရာတွင် “အရင်က လှချင်ပချင်သူတွေ မိုးကုတ်မှာ ရှိုးလာထုတ်ကြတယ်။ အခု မိုးကုတ်သူတွေ ကိုယ်တိုင် ရှိုးမထုတ်နိုင်တော့လို့ မိုးကုတ်ဟာ မိုးချုပ်ခဲ့ရပါပြီ။ ခြောက်သွေ့နေတဲ့ ပတ္တမြားမြေကြီးကို ကြည့်ပြီး ဦးပဉ္ဇင်း စိတ်မကောင်းပါ။ ကိုယ့်ရတနာတွေ ကိုယ့်လက်ထဲ ပြန်ရောက်အောင် ကိုယ့်ပတ္တမြားမြေကို ကိုယ်လုပ်ပိုင်ခွင့်ရအောင် ငြိမ်းချမ်းသောနည်းဖြင့် ဆောင်ရွက်ကြပါ။ မိုးကုတ်မြို့ကြီး အရုဏ်ကြဉ်းလို့ အလင်းအမြန် ရောက်ပါစေ” ဟု ဟောကြားခဲ့ပြီး လက်ဝါးကြီးအုပ်ခံ၊ ကုတ်သွေးစုပ်ခံနေရတာတွေကို စစ်တမ်းကောက်ဖို့၊ စာတမ်းပြုစုဖို့၊ လွှတ်တော်ထဲထိ တင်ပြဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့်အဆင့်ထိ ပြုလုပ်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါသည်။

အနောက်ပိုင်း ပထမည ဟောကြားရာတွင် “မိုးကုတ်သူတွေဟာ အာဖရိကသူတွေလိုပဲ သယံဇာတ ပေါကြွယ်ဝပါလျက် မွဲနေကြတယ်။ အာဖရိကမှ စိန်တွေ ထွက်တယ်။ ဒါပေမယ့် စနစ်မကောင်းလို့၊ ပညာမတတ်လို့ အာဖရိကပြည်သူတွေ ဆင်းရဲတွင်းနက်နေကြရတယ်။ မိုးကုတ်သူတွေလည်း ဒီလိုပဲ။ ပတ္တမြားထွက်တဲ့ ပတ္တမြားမြေမှာ နေရပြီး ပတ္တမြားလုပ်ပိုင်ခွင့် မရကြလို့ ဆင်းရဲတွင်းနက်နေကြရတယ်။ အရင်ကလို တပိုင်တနိုင် လုပ်ပိုင်ခွင့် ရရှိနိုင်ဖို့ဆိုရင် စနစ်ကောင်းဖို့ လိုတယ်။ စနစ်ကောင်းအောင် သတ္တိရှိဖို့ လိုတယ်” စသည်ဖြင့် ထည့်သွင်းဟောကြားခဲ့ပါသည်။

အနောက်ပိုင်း ဒုတိယညတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် (၃-၃-၂၀၁၂) နှင့် တိုက်ဆိုင်နေ၍ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတရားဟောကြားခဲ့ပါသည်။

“ပတ္တမြားဆိုတာ ရဲရင့်တယ်၊ တည်ကြည်တယ်၊ တန်ဖိုးရှိတယ်၊ ပတ္တမြားကို အရောင်မှိန်အောင် လုပ်ကြံလို့ မရဘူး။ အရောင်မွဲအောင်လည်း လုပ်ကြံလို့ မရဘူး။ တန်ဖိုးမဲ့အောင် (အဖိုးမတန်အောင်) လည်း လုပ်ကြံလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ပတ္တမြားလိုပါပဲ။ သတ္တိရှိတယ်၊ ပြတ်သားတယ်၊ အဖိုးအနဂ္ဃ ထိုက်တန်တယ်။ သူ့ကို မှိန်အောင်၊ မွဲအောင်၊ ညစ်နွမ်းအောင်၊ တန်ဖိုးမဲ့အောင် လုပ်ကြံလို့ မရဘူး။ ပတ္တမြားမြေမှာ နေတဲ့ ပတ္တမြားသူတွေလည်း ပတ္တမြားလို နှလုံးသားမျိုးကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ”။

ပတ္တမြားဂူ၊ ၀က်ငြူစူ၍၊ ရွှံ့မြူညစ်စေ၊ ပွတ်လေလေတိုင်း၊ သရေမညှိုး၊ ရောင်ဝါတိုးသို့၊ တန်ခိုးထင်ရှား၊ ပွားထက်ပွားလစ်၊ သစ်ထက်သစ်၏။
(မဃဒေ၀။ ၂၂၆။ မဏိသူကရဇာတ်တော်)

ပတ္တမြားမြေနှင့်ပတ်သက်၍ တာဝန်ရှိ NLD ပါတီနှင့်လည်း တွေ့ဆုံဆွေးနွေး အားပေးတိုက်တွန်း နှစ်သိမ့်အကြံပြုခဲ့ပါသည်။

ဟောကြားခဲ့သော တရားတော်များ

၁။ လွတ်လပ်မှ ချမ်းသာမည် (၂၉-၂-၂၀၁၂)
၂။ စိတ်မှာစူးသောဆူး (၁-၃-၂၀၁၂)
၃။ မာရ်နတ်၏ စစ်သည်တော်ဆယ်ပါး (၂-၃-၂၀၁၂)
၎။ ပတ္တမြားလို နှလုံးသား (၃-၃-၂၀၁၂)

ဝီရသူ (မစိုးရိမ်)
၅-၃-၂၀၁၂

ပတ္တမြားမြေနှင့်ပတ်သက်၍ သိရှိလိုသူများ ဆက်သွယ်ရန် ...

09-47117605
09-6538686
09-6537551
09-2004013

wirathu2012@gmail.com

မူရင်းလင့်က ဒီမှာပါ။

နိုင်ငံပိုင်လုပ်ငန်းတွေ ဘယ်ရောက်ကုန်လဲ


ဦးသိန်းစိန်အစိုးရတက်ပြီး ၆ လအကြာမှာ အရှုံးပေါ်နေတဲ့ စက်မှု (၁) ၀န်ကြီးဌာနပိုင် စက်ရုံအတော်များများဟာ တချိန်က စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိက ကုန်သည်တစုလက် ရောက်ကုန်တယ်လို့ စုံစမ်းသိရပါတယ်။ ဦးအောင်သောင်းလက်ထက်မှာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေအတွက် ထိပ်ပိုင်းအရာရှိတွေ အစိုးရဘတ်ဂျက်ကို ဘယ်လို အလွဲသုံးစားလုပ်ခဲ့သလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

တကယ်တော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အတော်များများဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးအစီအစဉ်နဲ့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံပိုင်အဆောက်အဦတွေ၊ ဓာတ်ဆီဆိုင်တွေ၊ သင်္ဘောလိုင်းတွေ၊ လေကြောင်းလိုင်းတွေ အကုန်လုံး စုစုပေါင်း အမျိုး ၃၀၀ ကျော် ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရောင်းချတဲ့ ငွေပမာဏက များပြားလွန်းတဲ့အတွက် ဗိုလ်ချုပ်တွေနဲ့ အဆက်အစပ်မရှိတဲ့ သာမန်လုပ်ငန်းရှင်တွေ မ၀ယ်နိုင်ဘဲ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူတွေသာ ၀ယ်နိုင်ပါတယ်။

ဒါကြောင့် အဲဒီနောက်ဆုံးအကြိမ် ရောင်းချခဲ့တဲ့ တန်ဖိုးကြီးတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဦးပိုင်ကုမ္ပဏီကြီးတွေကတဆင့် ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးတွေရဲ့ မဟာမိတ်လုပ်ငန်းရှင်တွေ လက်ရောက်သွားတယ်။ ဒီမှာတင် ဗိုလ်ချုပ်လူထွက် လူတန်းစားလက်သစ်ဟာ မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ သြဇာရှိသူတွေ ဖြစ်လာတယ်။ အနောက်နိုင်ငံ ဆန်ရှင်တွေသာ ရုတ်သိမ်းခဲ့ရင် တိုးလာမယ့် ကုန်သွယ်မှုကနေ အကျိုးအမြတ်ရသူမယ့် သူတွေ ဖြစ်လာတယ်။ ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဘက်က ပြောင်းလဲမှုတွေလုပ်နေတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ထောက်ပြပါတယ်။

ကနေ့ စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျန်နေတဲ့ စက်ရုံတွေ ကြည့်ပြန်တော့လည်း တချိန်က ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးခဲ့တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေလက် ရောက်ကုန်ပြီလို့ စက်မှု (၁) စက်ရုံမှူးတဦးက ပြောပြပါတယ်။

ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ရွှေသံလွင်ကုမ္ပဏီက စစ်တောင်းစက္ကူစက်ကို လုပ်ကိုင်ခွင့်ရသွားတဲ့ပြင် မွန်ပြည်နယ်က စက်ရုံတွေ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတလျှောက်က ဓာတ်ဆီဆိုင်တွေ လမ်းပြင်တာတွေပါ လုပ်ခွင့်ရသွားပါတယ်။ ဦးအောင်သောင်းရဲ့သား ပိုင်တဲ့ IGE ကုမ္ပဏီက မန္တလေး စကျင်ကျောက်ပြားစက်ရုံကို တနှစ် ကျပ်ငွေ ၆၈ သန်းနဲ့ ၅ နှစ် စာချုပ်ပြီး ငှားထားပါတယ်။ ဆိုလိုတာက ဦးသိန်းစိန်အစိုးရ ၅ နှစ်သက်တမ်းအတွင်းမှာ ဒီစက်ရုံကို ဦးအောင်သောင်းရဲ့သား ပိုင်တဲ့ IGE ကုမ္ပဏီက ငှားထားတဲ့သဘော ဖြစ်ပါတယ်။

တဘက်က ပြန်ကြည့်တော့လည်း စက်မှု (၁) ၀န်ကြီးဌာနကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သမ္မတ ဦးသိန်းစိန်အစိုးရဘက်က ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင် ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဦးကျော်စွာခိုင်ကို စက်မှု (၁) ၀န်ကြီးပေးခဲ့ပေမယ့် ကျန်းမာရေးကြောင့် နေရာပြောင်းပေးခဲ့ရပါတယ်။ နောက်ဆုံး စက်မှု (၂) ၀န်ကြီး ဦးစိုးသိန်းက တွဲကိုင်နေရပြီး ခုထိ ၀န်ကြီးသစ် မခန့်နိုင် ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရခေတ် ၁၀ တန်း မအောင်တဲ့သူတောင် စီးပွားကူးသန်းဝန်ကြီးဖြစ်နေချိန်မှာ ဘာကြောင့် စက်မှု (၁) ၀န်ကြီး ခန့်ဖို့ကိစ္စ နှောင့်နှေးနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ သေချာတာကတော့ စက်မှု (၁) ၀န်ကြီးဌာနလက်အောက် ကျန်နေတဲ့ စက်ရုံတွေအနက် တနှစ်ကို ကျပ်ငွေ သန်းတထောင် ရအောင်မရှာနိုင်တဲ့ စက်ရုံတွေ ဖျက်ပစ်မယ်လို့ ခေတ္တတာဝန်ယူထားတဲ့ စက်မှု (၂) ၀န်ကြီး ဦးစိုးသိန်း မကြာခင်က နေပြည်တော် စက်ရုံမှူးအစည်းအဝေးမှာ ပြောသွားပါတယ်။

ရန်ကုန်က စက်ဘီးစက်ရုံဆိုရင် ဦးအောင်သောင်းလက်ထက်မှာ ခွက်ခွက်လန် ရှုံးနေတဲ့ပြင် စက်ဘီးလက်ကျန်ကလည်း ကျပ်ငွေ သန်းရှစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီမှာတင် ရန်ကုန်စက်ဘီးစက်ရုံကို ကျောက်ဆည်စက်ဘီးစက်ရုံနဲ့ ပေါင်းမယ်လို့ အစိုးရကို လိမ်ပြပြီး ရန်ကုန်စက်ဘီးစက်ရုံတခုလုံးက ပစ္စည်းတွေကို ရန်ကုန် အုတ်ကျင်းမှာရှိတဲ့ ကြွေရည်သုတ်စက်ရုံ အမှတ် (၂) က ဂိုဒေါင်ဟောင်းတွေထဲမှာ ဦးအောင်သောင်းလက်ထက်ထဲက ဖွက်ထားခဲ့တယ်လို့ အာရ်အက်ဖ်အေက စုံစမ်းသိရပါတယ်။ ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး တရားမ၀င် ဖျက်သိမ်းထားတဲ့ ရန်ကုန်က စက်ဘီးစက်ရုံကို လက်ညှိုးထိုးပြီး နိုင်ငံပိုင် ဘတ်ဂျက်တွေ ဘယ်လို မတရား သုံးခဲ့လဲဆိုတာ အတွင်းသိ စက်ရုံမှူးက ခုလို ရှင်းပြပါတယ်။

အဲဒီအချိန်က တာဝန်ရှိတဲ့ ဦးအောင်သောင်းတပည့် စက်မှု (၁) ဦးဆောင်ညွန်ကြားရေးမှုး ဦးအေးမောက် ဆိုတာ စစ်ဗိုလ်လူထွက်တဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မလှိုင်မဲဆန္ဒနယ်က အမတ်ဖြစ်လာတဲ့ပြင် ကနေ့ နေပြည်တော်မှာ လွှတ်တော်တက်နေသူ ဖြစ်ပါတယ်။ ဇာတ်ပေါင်းတဲ့အခါ စက်မှု (၁) က စက်ရုံတခုလုံး တရားမ၀င် လက်စဖျောက်ခဲ့တဲ့ စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်းက နေပြည်တော် လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကော်မီတီမှာ ဥက္ကဌ လာဖြစ်နေပြီး ရန်ကုန်မှာ မရှိတော့တဲ့ စက်ဘီးစက်ရုံကို အကြောင်းပြပြီး အစိုးရဘတ်ဂျက်တွေ မတရား ထုတ်ယူသုံးခဲ့တဲ့ ဦးအေးမောက်က စီမံကိန်းများနဲ့ ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်ရေးကော်မီတီမှာ အတွင်းရေးမှူး လာဖြစ်ပါတယ်။ အမတ် ဦးအေးမောက်ကို မေးမြန်းဖို့ အာရ်အက်ဖ်အေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အိန္ဒိယချေးငွေနဲ့ တည်ထားတဲ့ ရန်ကုန်စက်ဘီးစက်ရုံဟာ ချေးငွေတောင် မကျေသေးချိန်မှာ တရားမ၀င် ဖျက်သိမ်းခံရတာကို လွှတ်တော်မှာ မေးခွန်းထုတ်ထုတ်သင့်တယ်လို့ စက်ရုံမှူးတဦးက ယူဆပါတယ်။

ခုလိုမျိုး စက်မှု (၁) ၀န်ကြီးဌာနအနေနဲ့ စက်ရုံတွေကို လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဖျက်သိမ်းမယ်ဆိုရင် လွှတ်တော်အမတ်တွေနဲ ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က အန်ဒီအက်ဖ် လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ထောက်ပြပါတယ်။

စက်ရုံတွေ ဖျက်ဆီးတာ ပေါင်းစပ်တာ လုပ်ပြီး ခုလို စာရင်းဖျောက်တာကို ခုထိ ဘာလို့ အရေးမယူနိုင် ဖြစ်နေသလဲ။ ကြံ့ဖွံ့ပါတီရန်ပုံငွေအတွက် စက်မှု (၁) ၀န်ကြီးဌာနတခုလုံး ခုတုံးလုပ် ငွေရှာပေးခဲ့တဲ့ ဦးအောင်သောင်း နောင်တချိန် အရေးယူမခံရအောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကာအကွယ်ပေးတဲ့ သဘောလားဆိုတာလည်း ဘယ်သူမှ အဖြေမပေးနိုင်တဲ့ မေးခွန်းတွေ ဖြစ်နေကြောင်းပါခင်ဗျား။

(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)


မူရင်းလင့်က ဒီမှာပါ။

မန်းတောင်ရိပ်ခို သီချင်းလေးပါ

သင်္ကြန်နားနီးလာတော့ သင်္ကြန်သီချင်းလေးတွေကိုသတိရလာတယ်
မရိုးနိုင်တဲ့သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ``မန်းတောင်ရိပ်ခို´´ဆိုတဲ့သီချင်းလေးကို
တင်ထားတာဖြစ်ပါတယ်။

တပ်မတော်သားတွေနဲ့ လက်တွဲအလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပြည်သူ့ အကျိုးသယ်ပိုးမယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူ ပြည်သူကပေါက်ဖွားလာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ထဲမှာ ပြည်သူ့ အကျိုးအတွက် အတူတကွ လက်တွဲ အလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်သူများအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို လွှတ်တော်ထဲမှာ ပယ်ဖျက်တာနဲ့ ပြဋ္ဌာန်းတာတွေကို ဆောင်ရွက်ဖို့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ဖို့ လိုတဲ့အတွက် ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကိုပါ စည်းရုံးအလုပ်လုပ်သွားသွားမယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း စစ်ကိုင်းမြို့မှာ လူထုကို အဲဒီလိုပြောကြားတာဖြစ်တယ်လို့ အတူလိုက်ပါသွားတဲ့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တည်းခိုရာ မန္တလေးမြို့က Mandalay Hill Resort ဟိုတယ်ကနေ မနက် ၆ နာရီမှာ စတင်ထွက်ခွာလာပြီး မန္တလေး မဟာဝိသုဒ္ဓါရာမ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးအား ၀င်ရောက် ဖူးမျှော်ရင်း လှူဖွယ်ပစ္စည်းတွေ ကပ်လှူပါတယ်။ ဆရာတော်က ခုအချိန်ဟာ မေတ္တာ အခါသမယဖြစ်ပြီး မေတ္တာနည်းနဲ့ပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာအောင် ကြိုးပမ်းသွားရမယ်လို့ သြ၀ါဒ မိန့်ကြားပါတယ်။

အဲဒီနောက် အမရပူရမြို့ကို ခရီးဆက်ခဲ့ပြီး အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကို ၀င်ရောက်ဖူးမျှော်ခဲ့ပါတယ်။ လှူဖွယ် ပစ္စည်းဆက်ကပ်ပြီး စစ်ကိုင်းကို ခရီးဆက်တဲ့အခါ မန္တလေးဘက်ခြမ်း စစ်ကိုင်းတံတားထိပ်ကို မနက် ၁၀ နာရီ ၄၅ မိနစ်မှာရောက်ရှိပြီး ဟောပြောပွဲ စင်မြင့်ကနေ လူထုကို မွန်းတည့် ၁၂ နာရီကစလို့ ၂၅ မိနစ်လောက် မိန့်ခွန်းပြောပါတယ်။

စစ်ကိုင်းမှာ လူထုနဲ့တွေ့ဆုံပြီး မန္တလေးကို ပြန်တဲ့အခါ မန္တလေးက အကြီးဆုံးဈေးကြီးဖြစ်တဲ့ ဈေးချိုမှာ ဈေးချိုသူဈေးချိုသားတွေက သောင်းသောင်းဖျဖျ ကြိုဆိုတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီနေ့မှာလည်း မနေ့က လိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းသွားရာ လမ်းတလျှောက် လူထုကလှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။

ခရီးပန်းပြီး မနေ့က နေမကောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ စစ်ကိုင်းခရီးမှာ ကျန်းကျန်းမာမာရှိပြီး မနက်ဖြန်မှာ တံတားဦး။ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်ကို ခရီးဆက်ပါမယ်။ NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်တို့ကတော့ စစ်ကိုင်းတိုင်း ပုလဲမြို့ကို သွားရောက်မယ်လို့သိရပါတယ်။


မူရင်းလင့်က ဒီမှာပါ။

မဲပေးဖို့စာရင်း ပါမပါ အမြန်ဆုံးကြည့်ပါ မတ်လ ၇ ရက်နေ့  ညနေ (၅ )နာရီ နောက်ဆုံး


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း မဲဆွယ်စည်းရုံးရေး သွားစဉ်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့ နယ် ရပ်ကွက်ရုံး နဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့တွေ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မိမိ ရပ်ကွက်အပိုင်ရှိ ကော်မရှင်အဖွဲ့ခွဲရုံး တွင် မိမိ ၏အမည်ပါမပါ ကို မတ်လ(၃)ရက်နေ့မှ (၇)ရက်နေ့ နောက်ဆုံးထားပြီး လာရာက် စိစစ်ရန်နှင့် မိမိအမည်မပါ က ပုံစံ ဖြည့်သွင်းရမည့်အကြောင်း တစ်လမ်းဝင် တစ်လမ်းထွက် ညဖက်အော်လံဖြင့် လိုက်အော်တာ ၂ရက်ရှိပြီ ကြောင်းသိရပါသည်။

မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ တွေ မှာ လိုက်အော်ခဲ့တာဖြစ်ပြီ မတ်လ (၇)ရက်နေ့၊ညနေ(၅) နာရီ ကျော်ပါက လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကော် မရှင်အဖွဲ့ ဝင်တွေကဆိုပါသည်။

အခုကိစ္စနှင့်ပါတ်သတ်၍ အမျိုးသားဒီမိုရေးစီအဖွဲ့ ချုပ်ဝင်ကိုသိန်းဝင်း က

အဖွဲ့ချုပ်ကို မဲပေးမည့်သူများ မိမိတာဝန် ကျေဖို့လိုပါသည် ၊ မဟုတ်ရင် ဒိုင်စားသွား မှာစိတ်ပူရကြောင်းပါ ။ ဒါတွေကိုသတိထားမိပါတယ်။
(၁)ကြေငြာသည့် အချိန်နီးကပ်လွန်းခြင်း(ကပ်ဖြုတ်သည့်ပုံစံဖြစ်နေခြင်း)
(၂)နွေကျောင်းပိတ်ရက် ခရီးထွက်သူများ ၊ မြို့တက်အလုပ်လုပ်နေသူများ စာရင်းမပါလျှင် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံး ခြင်း
(၃)ကြေငြာသည့်ပုံစံ မဟုတ်ခြင်း(အရေးကြီးပါလျက် သတင်းစာ၊တီဗီ၊ရေဒီယို FM တို့မှလုံလောက်သောအချိန်ပေးပြီး ထပ်ခါတလဲလဲ ထုတ်လွင့် နိုးဆော်ခြင်းမရှိ)
(၄) စာရင်းမပါသဖြင့် အလိုအလျောက် မဲပေးခွင့်ဆုံးရှုံးသူ အရေအတွက်များနိုင်ခြင်း (၄င်းအရေအတွက် နေရာများအတွက် အစားထိုး/ကြိုတင် များ ၂၀၁၀ ကဲ့သို့ဖြစ်လာနိုင်ခြင်း)
ရှိကြောင်း Myanmar News Now ကို သတင်းပေးပို့ လာသူထံပြောဆိုထားပါသည်။

Myanmar News Now


မူရင်းလင့်က ဒီမှာပါ။

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း - အပိုင်း (၂)



မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားလာမှုကြောင့် နယ်ချဲ့ဗြိတိသျှတို့သည် တထစ်လျှော့၍ ၁၉၃၅ မြန်မာနိုင်ငံ စီရင် အုပ်ချုပ်မှုအက်ဥပဒေအရ (၉၁)ဌာနအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါ် အမတ်များက အုပ်ချုပ်ရေးဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ် ခွင့်ရသောကြောင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု ခေါ်ခဲ့သည်။

အုပ်ချုပ်ရေးအသစ်အရ လွှတ်တော်နှစ်ရပ်ထားရှိပြီး၊ အောက်လွှတ်တော်အတွက် အမတ် (၁၃၂) ယောက်နှင့် အထက်လွှတ်တော်အတွက် အမတ်(၃၆)ယောက် ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ အောက်လွှတ်တော်အမတ် (၁၃၂) ယောက်ထဲတွင် နယ်များမှ ရွေးကောက် ရမည့် အမတ်ဦးရေ (၉၂) ဦး၊ ကရင်အမျိုးသား (၁၂) ဦး၊ အိန္ဒိယအမျိုးသား (၈) ဦး၊ အင်္ဂလိပ်-မြန်မာကပြား (၂) ဦး၊ ဥရောပတိုက်သား (၃)ဦး၊ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ် (၁၁) ဦး၊ ရန်ကုန်တက္ကသိုလ်မှ (၁၂) ဦး၊ အိန္ဒိယအလုပ်သမားကိုယ်စားလှယ် (၂)ဦး၊ အိန္ဒိယမဟုတ်သော အလုပ်သမား ကိုယ်စားလှယ် (၁) ဦးတို့ ဖြစ်သည်။

လွှတ်တော်ထဲ၌ မြန်မာတို့၏ မဲကိုထိန်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း၏ကိုယ်စားလှယ် (၁၁) ဦးထဲ၌ ဥရောပတိုက်သားကုန်သည်ကြီးများအသင်းမှ (၆) ဦး၊ အိန္ဒိယကုန်သည်ကြီးများအသင်းမှ (၃) ဦး၊ တရုတ်ကုန်သည်ကြီးများအသင်းမှ (၁) ဦး၊ မြန်မာကုန်သည်ကြီးများအသင်းမှ (၁) ဦး စသည်ဖြင့် ခွဲဝေခဲ့ပြန်သည်။

(၉၁)ဌာန အုပ်ချုပ်ရေးဆိုသည်မှာ ဌာနပေါင်း (၉၁) ဌာနသာရှိ၍ ခေါ်ဝေါ်ခဲ့ခြင်းမဟုတ်ပေ။ ၁၉၃၅ အုပ်ချုပ်ရေးဥပဒေအရ မြန်မာနိုင်ငံတွင် ဌာနပေါင်း (၉၈)ဌာန ရှိသည့်အနက် ဗြိတိသျှဘုရင်ခံက အရေးကြီးသည့် ခုနစ်ဌာနကိုအုပ်ချုပ်ပြီး ကျန် (၉၁) ဌာနကို မြန်မာကိုယ်စားလှယ် များနှင့် ၀န်ကြီးအဖွဲ့အားအုပ်ချုပ်စေခဲ့သည်။ မြန်မာအမျိုးသားများအုပ်ချုပ်ရသည့် (၉၁) ဌာနကိုအစွဲပြု၍ (၉၁) ဌာနအုပ်ချုပ်ရေးဟု အမည် တွင်ခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် ၄င်းအုပ်ချုပ်ရေးသည် နိုင်ငံရေးစိတ်ဓာတ်တက်ကြွနိုးကြားနေသော မြန်မာတိုင်းရင်းသားများကို ဗြိတိသျှအစိုးရက ဒုတိယအကြိမ်ဖြိုခွဲဖျက်ဆီးခဲ့သည့် နိုင်ငံရေးလက်နက်ကြီးများပင်ဖြစ်သည်။ ဗြိတိသျှတို့သည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နယ်ချဲ့ဆန့်ကျင် ရေး ဆင်နွှဲခဲ့သော ၀ံသာနုလှုပ်ရှားမှုများကို ဒိုင်အာခီအုပ်ချုပ်ရေး လက်နက်ဖြင့် ပထမအကြိမ်အောင်မြင်စွာ နှိမ်နင်းခဲ့သည်။ အလားတူပင် တို့ဗမာသခင်များဦးဆောင်သည့် လုံးဝလွတ်လပ် ရေး ကြိုးပမ်းမှုကြီးကို (၉၁)ဌာနအုပ်ချုပ်ရေးဖြင့် ချွေးသိပ်ရန် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးကို ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက် အရ ဦးဘဘေ၊ ၀တ်လုံတော်ရဦးသိမ်းမောင်၊ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်၊ အိန္ဒိယလူမျိုးအမတ် ထရပ်ဂျီ၊ ဒေါက်တာ ဒေါ်စောစ၊ ဆရာရွှေဘ၊ မစ္စတာကင်းပက်နက်၊ မစ္စတာဟာဂျီ၊ မစ္စတာကောဝပ်စ်ဂျီ၊ မစ္စတာဟာပါး၊ ဦးရွှေသား စသည့် မြန်မာကိုယ်စားလှယ် (၁၂)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်များသည် ဗြိတိသျှကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် မိမိတို့လိုလားချက်များကို အခြေအတင် ဆွေးနွေးခွင့် မရခဲ့ပေ။ ဗြိတိသျှအစိုးရစီစဉ်ထားသော အချက်များကိုသာ အခြေခံကာ ၄င်းတို့အလိုကိုလိုက်လျော၍ တိုင်ပင်နှီးနှောကြရသည်။ ဤသို့ တိုင်ပင်နှီးနှောခဲ့သည်များကို အခြေခံပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေကို သတ်မှတ်ပြဋ္ဌာန်းသည်။ အဆိုပါဥပဒေသည် စာမျက်နှာ ၁၀၅၊ ပုဒ်မပေါင်း ၁၅၆၊ အခန်းပေါင်း ၁၄ ခန်း ပါဝင်၍ ဥပဒေအရ (၉၁) ဌာနအုပ်ချုပ်ရေး ပေါ်ထွက်ခဲ့သည်။

ဗြိတိသျှအစိုးရက ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေအရ ပေးအပ်သည့် (၉၁) ဌာနအုပ်ချုပ်ရေးသည် မြန်မာပြည်သူများကို ကိုယ် ပိုင်အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးအပ်ခြင်းဖြစ်သည်ဟု အသံကောင်းလွှင့်ခဲ့သည်။ ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှတို့ ဆက်လက်စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးဖြစ်သည်။ တနည်းဆိုသော် ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှဗျူရိုကရက်ကြီးများနှင့် လူမှုရေးတို့တွင် ခြယ်လှယ်သွေးစုပ် အမြတ်ထုတ်ရန် အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးမျှသာဖြစ်သည်။

(၉၁) ဌာနအုပ်ချုပ်ရေးကို လေ့လာဆန်းစစ်ကြည့်ပါက ထိုအုပ်ချုပ်ရေးသစ်သည် အသွင်သဏ္ဌာန်အဆောင်အယောင် အားဖြင့် ဒိုင်အာခီအုပ် ချုပ်ရေးထက် ခမ်းနားထည်ဝါသော်လည်း အနှစ်သာရအားဖြင့် ကွာခြားမှုမရှိချေ။ အုပ်ချုပ်ရေးဌာနပေါင်း (၉၈) ဌာနရှိသည့်အနက် ဗြိတိသျှ ဘုရင်ခံက အရေးကြီးသည့် (၁) ကာကွယ်ရေးနှင့် စစ်တပ်၊ (၂) နိုင်ငံခြားဆက်သွယ်ရေး၊ (၃) ငွေဒင်္ဂါးသွန်းထု ထုတ်လုပ်ရေးနှင့် ငွေစက္ကူ ရိုက်နှိပ်ထုတ်လုပ်ရေး၊ (၄) သာသနာရေး၊ (၅) အိုင်စီအက်စ် ခေါ် အိန္ဒိယပဋိညာဉ်ခံရာထူးများအား စောင့်ရှောက်ကာကွယ်ရေး၊ (၆) တောင် တန်းဒေသခေါ် ခြွင်းချန်သောဒေသများအား သီးခြားတိုက်ရိုက်အုပ်ချုပ်ရေးနှင့် (၇) အခွန်ကိစ္စအပါအ၀င် ဘဏ္ဍာရေးများကို တိုက်ရိုက် တာဝန်ယူအုပ်ချုပ်ခဲ့သည်။ ဘုရင်ခံသည် ထိုခုနစ်ဌာနနှင့် ပတ်သက်၍ မြန်မာဝန်ကြီးများနှင့် တိုင်ပင်ရန်မလိုပေ။ မြန်မာကိုယ်စားလှယ်အမတ် များနှင့် ၀န်ကြီးအဖွဲ့က စာတိုက်နှင့်ကြေးနန်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လယ်ယာနှင့် သစ်တော၊ အခွန်အကောက်၊ တရားစီရင်ရေး စသည့် (၉၁) ဌာနကို ဘုရင်ခံနှင့် ညှိနှိုင်းအုပ်ချုပ်ရသည်။ ဤသို့ဖြင့် အုပ်ချုပ်ရေးသစ်တွင် ဗြိတိသျှဘုရင်ခံက အချက်အချာ အကျဆုံး ခုနစ်ဌာနကို မိမိတဦးတည်းချုပ်ကိုင်ပြီး သာမာန်ဌာနများကို မြန်မာတို့အား တွဲဖက်အုပ်ချုပ်ခွင့်ပေးမည်ဖြစ်သည်။ အချုပ်အခြာ အာဏာမှာ ဘုရင်ခံ၌သာရှိသည်။ မြန်မာပြည်သူတို့အဖို့ (၉၁) ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီအုပ်ချုပ်ရေးနှင့်စာလျှင် ရာထူးတိုးချဲ့သတ်မှတ်ပေးထားသည်မှလွဲ၍ မည်သို့မျှမထူးခြားပေ။ ထို့အပြင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ (ကယား) စသော တောင်တန်းဒေသများ အုပ်ချုပ်ရေးကို ပြည်မမပူးပေါင်းစေဘဲ သီးခြားခွဲထားခြင်းဖြင့် မြန်မာတိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကင်းကာ သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။

ဥပဒေပြုလွှတ်တော်နှစ်ရပ်လုံးတွင် ပါဝင်ရသည့် အမတ်ဦးရေသတ်မှတ်ပုံနှင့် ရွေးချယ်ပုံများမှာ တရားမျှတမှု လုံးဝမရှိပေ။ ဘုရင်ခံက မိမိအလိုတော်ရိများကို အမတ်အဖြစ် ခန့်ထားနိုင်ခွင့် ရှိပြန်သည်။ ထို့ကြောင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်စလုံးတွင် အချုပ်အခြာအာဏာ လုံးဝမရှိချေ။ ဘုရင်ခံသည် အရေးကြီးသည့် ခုနစ်ဌာနကို ချုပ်ကိုင်ထားသည့်အပြင် ဗီတို (Veto) ခေါ် တချက်လွှတ်ကန့်ကွက်ပိုင်ခွင့် အာဏာကိုလည်း ပိုင်ဆိုင်ထားသည်။

ဘုရင်ခံသည် မြန်မာနိုင်ငံကို အုပ်ချုပ်သည့် အချုပ်အခြာအာဏာပိုင်ဖြစ်သော်လည်း အင်္ဂန်လန်ရှိ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှပါလီမန်၏ အမိန့်ကို နာခံရသည်။ ဘုရင်ခံသည် ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးမှ ဆုံးဖြတ်ပြဌာန်းပြီးသော ဥပဒေများကို သဘောတူစေကာမူ ဗြိတိသျှဘုရင်ဧကရာဇ်က ၄င်းဥပဒေများသည် ဗြိတိသျှနိုင်ငံနှင့်ဗြိတိသျှလူမျိုးအတွက် ထိခိုက်နစ်နာရာရောက်သည်ဟုယူဆပါက တစ်နှစ် အတွင်း ဖျက်သိမ်းပေးရသည်။

ဤသို့ဖြင့် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရေးအသစ် တိုးမြှင့်ပေးသည်ဆိုသော်လည်း မြန်မာတို့၌ အုပ်ချုပ်ရေးအာဏာ လုံးဝမရှိ ပေ။ ဗြိတိသျှဘုရင်၊ ဘုရင်မနှင့် ဘုရင်ခံတို့သာလျှင် မြန်မာနိုင်ငံကို စိတ်တိုင်းကျ ခြယ်လှယ်ကြီးစိုးရန် ဖန်တီးထားသော ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးသာဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံရေးအသင်းအဖွဲ့များက (၉၁)ဌာန အုပ်ချုပ်ရေးကို မလိုလားခဲ့ကြပေ။ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့က (၉၁)ဌာနအုပ်ချုပ်ရေးကို တွန်းလှန်မည်။ နိုင်ငံရေးအသင်းအဖွဲ့များအားလုံး ညီညွတ်ပါက ရာထူးလက်မခံဘဲ တိုက်ဖျက်မည်ဟု ကြွေးကြော် ခဲ့သည်။ ငါးပွင့်ဆိုင်အဖွဲ့က အုပ်ချုပ်ရေးအသစ်ကို တိုက်ဖျက်ရန် စီစဉ်ခဲ့သည်။ ဦးချစ်လှိုင်အဖွဲ့က ဒေါက်တာဘမော်အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်ရန် လိုလားခဲ့သည်။ တို့ဗမာသခင်များက ရာထူးလက်မခံဘဲ အုပ်ချုပ်ရေးအသစ်ကိုတိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့ပြန်သည်။

အုပ်ချုပ်ရေးသစ်တိုက်ဖျက်ရေး ကြွေးကြော်သံများ ကြားမှပင် ဗြိတိသျှအစိုးရသည် ၁၉၃၆ နိုဝင်ဘာ ၁၀ ရက် မှ ၁၄ရက်နေ့အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအောက်လွှတ်တော်အမတ် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်ပါတီမှ (၄၆) ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင် ဂျီစီဘီအေမှ (၁၂)ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ (၃) ဦး၊ ဖေဘီယန်ပါတီမှ (၁) ဦး (ဦးမောင်မြစ်) နှင့် ရွှေတောင်ကြားပါတီမှ (၂)ဦး၊ သက်ပန်းဂျီစီဘီအေမှ (၁)ဦးနှင့် တသီးပုဂ္ဂလအမတ် (၁၇)ဦးတို့ ရွေးခံရသည်။

သို့သော် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်အဖွဲ့သည် အမတ်အများစုအနိုင်ရရှိသော်လည်း အမတ်ဟောင်းများလျာထားစဉ်ကပင် အတွင်းရေး အားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ အစိုးရမဖွဲ့နိုင်သောအခြေနှင့် ကြုံတွေ့ရသည်။

ထိုအခါ ဒေါက်တာဘမော်သည် ငါးပွင့်ဆိုင်တွင် သဘောကွဲပြားနေသော အမ်အေဦးမောင်ကြီး၊ ၀တ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာဦးဘရင်၊ မန္တလေးဦးဘဦးစသည်တို့နှင့် အိန္ဒိယတိုင်းရင်းသားအမတ်များ၊ ကရင်အမျိုးသား အမတ်များ၊ ရခိုင်အမျိုးသားအမတ်များ၊ ဦးချစ်လှိုင်အဖွဲ့၊ တသီးပုဂ္ဂလအမတ်များနှင့် ညှိနှိုင်းရာ အမတ်ဦးရေအဖွဲ့ဝင် ၇၀မျှ ရရှိသွားလေသည်။ ထိုစဉ်အတွင်း အစိုးရအဖွဲ့မဖွဲ့နိုင်ကြောင်း ကို ဦးဘဘေသည် ဘုရင်ခံထံသို့ ၁၉၃၇ခုနှစ် မတ်လ၁၁ရက် နေ့တွင် အကြောင်းပြန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်ခံက ဒေါက်တာ ဘမော်အား အစိုးရအဖွဲ့စေရာ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ၁၉၃၇ခုနှစ် မတ်လ၂၆ ရက်နေ့တွင် အတည်ပြု၍ ၁၉၃၇ခုနှစ် ဧပြီလ၁ရက်မှစ၍ အုပ်ချုပ်ရန် ရွေးချယ်လိုက်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များမှာ -

(၁) ဒေါက်တာဘမော် - နန်းရင်းဝန်နှင့်ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ရွှေကျင်ဦးပု (ငါးပွင့်ဆိုင်အဖွဲ့) - သစ်တောရေးရာဝန်ကြီးချုပ်
(၃) ဦးပေါ်ထွန်း (ဦးချစ်လှိုင်အဖွဲ့) - ပြည်ထဲရေးဝန်ကြီးချုပ်
(၄) သာယာဝတီဦးမောင်မောင် (ဒေါက်တာဘမော်အဖွဲ့) - ပညာရေးဝန်ကြီးချုပ်
(၅) ဦးထွန်းအောင်ကျော် - ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ - မြေနှင့်အခွန်ဘက်ဆိုင်ရာဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

သို့သော် ထိုနေ့မှာပင် ဦးဘဘေခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့က ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရ တဖွဲ့လုံးကို အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဌဦးချစ်လှိုင်က ၀န်ကြီးအဖွဲ့အသစ်ကို မတ်လ ၁၁ရက်နေ့ တွင် ရွေးချယ်ခဲ့ပြီးဖြစ်သော် လည်း ၁၉၃၇ခုနှစ် ဧပြီလ ၁ရက်နေ့မှသာ တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ ယခု တင်သွင်းသောအဆိုသည် ဘောင်လွတ်ပြီး အချိန်မကျသေးကြောင်း အကြောင်းပြကာ အဆိုကိုပယ်ချလိုက်သည်။ ဗြိတိသျှအစိုးရအနေဖြင့် (၉၁) ဌာနအုပ်ချုပ်ရေးအသစ်လည်ပတ်ရေးအတွက် ပါဝင်ဆောင်ရွက်မည့်အမှုထမ်းများအား ရာထူးအဆင့်အတန်း အလိုက် အခွင့်အရေးများပေးခဲ့သည်။ နန်းရင်းဝန်အား လစာငွေ ကျပ် ၃၀၀၀၊ ၀န်ကြီးချုပ်တစ်ဦးလျှင် လစာငွေ ၂၅၀၀ကျပ်၊ လွှတ်တော်ဥက္ကဌ အတွက် လစာငွေ ကျပ် ၇၅၀၊ အမတ်တစ်ဦးလျှင် လစာငွေ ကျပ် ၂၅၀ နှင့်တကွ နေ့တွက်ခရီးစားရိတ်များပေးရန် သတ်မှတ်ပေးခဲ့သည်။ ယင်းမက်လုံးများဖြင့် ဆွဲဆောင်သဖြင့် အချို့နိုင်ငံရေးခေါင်းဆောင် များမှာ (၉၁) ဌာနအုပ်ချုပ်ရေးတည်တံ့ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

ဤသို့ဖြင့် ၁၉၃၇ ဧပြီ ၁ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အိန္ဒိယမှသီးခြားခွဲထုတ်ပြီး ၁၉၃၅ မြန်မာနိုင်ငံစီရင် အုပ်ချုပ်မှု ဥပဒေအရ စတင်အုပ်ချုပ်ခဲ့လေသည်။

သို့သော် တို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ (၉၁) ဌာန အုပ်ချုပ်ရေးကို အမြို့မြို့အရွာရွာ၌ ကန့်ကွက်ပွဲ ကျင်းပခဲ့ကြသည်။

အထက်ဖော်ပြပါ အုပ်ချုပ်ရေးအသစ်ရှုတ်ချပွဲများအပြင် ဥပဒေပြုအောက်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်းလည်း အတိုက်အခံတို့ က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ကြသည်။ ဤသို့ဖြင့် ဥပဒေပြုလွှတ်တော်တွင် အဆိုတင်သွင်းကြ၊ အပေးအယူလုပ်ကြနှင့် နိုင်ငံရေး အတွက် အကျိုးမပြုနိုင်ကြောင်းကို ဒေါက်တာဘမော်က ၁၉၅၉ ခုနှစ် အောက်တိုဘာထုတ် The Guardian Magazine တွင် အောက်ပါအတိုင်း ရေးသားခဲ့လေသည်-

“လိမ္မာစွာရေးသားပြဌာန်းထားသောပြုပြင်ချက်များပါသည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်သည် ထိရောက်စွာအုပ်ချုပ်နိုင်စွမ်းမရှိသော အစိုးရ အဖွဲ့ များကိုသာ ဖော်ထုတ်ခဲ့လေသည်။ အစိုးရအဖွဲ့များသည် အုပ်ချုပ်ရန်အာဏာအခွင့်လည်း မရှိကြ။ အခွင့်အရေးအချို့ကို ဝေငှ၍ခံစားကြ ခြင်းဖြင့်သာ ပြီးရသည်။ ရာထူးတည်မြဲရေးအတွက် အပေးအယူလုပ်ခြင်းဖြင့်သာ အချိန်ကုန်ရသည်က များခဲ့၏….”

အထက်ဖော်ပြပါ ကောက်နုတ်ချက်ကို လေ့လာခြင်းဖြင့် (၉၁) ဌာနအစိုးရတွင် အာဏာမရှိကြောင်း၊ မြန်မာပြည်သူလူထုကို မည်သို့မျှ အကျိုးမပြုကြောင်းနှင့် ဗြိတိသျှစိုးမိုးအုပ်ချုပ်ရေးတည်တံ့ရန် အသက်ဆက်ပေးသည့် နည်းပရိယာယ်တစ်ရပ်သာ ဖြစ်ကြောင်း သိသာထင်ရှား လေသည်။ (၉၁)ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီနှင့်မခြားဘဲ အုပ်ချုပ်ရေးမျက်လှည့်ပြခြင်းသာ ဖြစ်သဖြင့် မြန်မာလူထုက မလိုလားခဲ့ပေ။ ထိုအုပ်ချုပ်ရေးကို လက်ခံသည့်အမတ်များ၊ ဝန်ကြီးချုပ်များနှင့် နန်းရင်းဝန်များ သာလျှင် လခကြီးများနှင့် အခွင့်အရေးများ ရရှိခံစားကြရသည်။ မြန်မာတိုင်းရင်းသားအများစုမှာ တနေ့တခြား ဆင်းရဲကျပ်တည်းလာခဲ့သည်။ နယ်ချဲ့အရင်းရှင်များ၏ ဖိစီးနှိပ်စက်မှုဒဏ်ကြောင့် နောက်ဆုံး တွင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံများ ပေါ်ပေါက်ခဲ့ရသည်။ (၉၁) ဌာန အစိုးရ၏ အာဏာကင်းမဲ့ပုံနှင့် ဗြိတိသျှအစိုးရက အရင်းရှင်တို့ဘက်မှ ရပ်တည်ခဲ့ပုံများကို ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့သော ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးက သိသာထင်ရှားလှသည်။

ဤသို့ဖြင့် နယ်ချဲ့လက်ပါးစေညွန့်ပေါင်းအစိုးရကသည် ပြည်သူတို့၏ အရေးအခင်းတွင် အရင်းရှင်တို့ဘက်မှ ရပ်တည်၍ ပြည်သူတို့အား တဖက်သတ် ဖိနှိပ်ခဲ့သည်။

သို့သော် ဒေါက်တာဘမော်ဦးဆောင်သော နယ်ချဲ့လက်ပါးစေညွန့်ပေါင်းအစိုးရသက်တမ်းအတွင်း ၁၉၃၈ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖြစ် ပွားခဲ့သော ချောက်ရေနံမြေသပိတ်၊ ၁၉၃၈ ဇူလိုင်လ ၂၆ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကုလား-ဗမာ အဓိကရုဏ်း၊ ၁၉၃၈ ဇူလိုင် ၃၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေး ကုလား-ဗမာအဓိကရုဏ်း၊ ၁၉၃၈ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပဲခူးခရိုင်နှင့် သထုံခရိုင်တို့မှ တောင်သူလယ် သမားရှစ်သောင်းကျော် လယ်သီးစားဥပဒေကြမ်းနှင့် လယ်မြေလွှဲပြောင်းရေးဆိုင်ရာ ဥပဒေကြမ်းများ အတည်ပြုရေးအတွက် တောင်းဆို ဆန္ဒပြပွဲများ၊ ၁၃၀၀ပြည့် အရေးတော်ပုံ၊ ၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗိုလ်အောင်ကျော် ကျောင်းသားအရေးအခင်း၊ ၁၉၃၉ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေးအာဇာနည်(၁၇) ဦးကျဆုံးခဲ့ရသည့် လူထုအရေးအခင်းများကြောင့် ၁၉၃၉ ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် ဒေါက်တာဘမော်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည် အယုံအကြည်မရှိအဆို တင်သွင်းခံရကာ ပြုတ်ကျ သွားခဲ့သည်။ ထို့နောက် ၁၉၃၉ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရွှေကျင်ဦးပုခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရတက်လာခဲ့သည်။ ဦးပု ညွန့်ပေါင်းအစိုးရကို ၁၉၃၀ပြည့်နှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ဥပဒေပြုအောက်လွှတ်တော်အစည်းအဝေးတွင် ဦးဘဘေက ရွှေကျင်ဦးပုညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းရာ အဆိုဘက်မှ ထောက်ခံမဲ ၈၁မဲ၊ ကန့်ကွက်မဲ ၃၂ မဲဖြင့် အနိုင်ရရှိသောကြောင့် အစိုးရသက်တမ်း (၇) လသာ ရှိသေးသော ဦးပုညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားခဲ့ရပြန်သည်။

၁၉၄၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ဂဠုန်ဦးစောဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။

အစိုးရအဖွဲ့ဝင်များမှာ-

(၁) ဂဠုန်ဦးစော - နန်းရင်းဝန်၊ သစ်တောရေးနှင့်ပညာရေးဝန်ကြီးချုပ်
(၂) ဆာပေါ်ထွန်း - အခွန်တော်ဝန်ကြီးချုပ်
(၃) ဦးသာယာဝတီမောင်မောင် - သယ်ယူပို့ဆောင်ရေးဝန်ကြီးချုပ်
(၄) ဦးအေး - ပြည်ထဲရေးဝန်ကြီးချုပ်
(၅) ဦးဘသန်း - ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ - တရားရေးဝန်ကြီးချုပ်
(၇) ဦးဘသီ - ဘဏ္ဍာရေးဝန်ကြီးချုပ်
(နောက်ပိုင်းတွင် အစိုးရအဖွဲ့အတွင်းသို့ ဦးထွန်းအောင်ကျော်၊ ပုသိမ်ဦးဘအုန်းနှင့် မိတ္ထီလာဦးဘရင်တို့ ပါဝင်လာကြသည်။)

ဤသို့ မြန်မာပြည်သူတို့မလိုလားသည့် (၉၁) ဌာနအုပ်ချုပ်ရေးမှာ ဆက်လက်တည်မြဲနေဆဲပင်ဖြစ်သည်။

ဂဠုန်ဦးစောအစိုးရလက်ထက်တွင် နိုင်ငံရေးသမားများကို ပိုမိုဖိနှိပ်နှိပ်စက်ခဲ့သည်။ ဂဠုန်ဦးစောသည် ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ချေ။ ထို့အပြင် ဦးစောသည် မြန်မာနိုင်ငံရဟန်း ပျိုအဖွဲ့ချုပ်မှ ကြီးမှူး၍ လုံးဝလွတ် လပ်ရေးအတွက် တမျိုးသားလုံးပါဝင်ရန် တိုက်တွန်းချက်ကိုလည်း မိမိတစ်ဦးတည်းအနေ ဖြင့် လွတ်လပ်ရေးတောင်းမည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ထို့အပြင် ဦးစောအစိုးရလက်ထက်တွင် ဗြိတိသျှအစိုးရအလိုကျ စင်ပြိုင်နိုင်ငံရေးအဖွဲ့မှ နိုင်ငံရေးသမားအများအပြား ဖမ်းဆီးခဲ့သည်။ တို့ဗမာအစည်းအရုံးကြီး၏ ဂုဏ်သိက္ခာကျဆင်း ပျက်စီးစေရန်လည်း အမျိုးမျိုးကြိုးပမ်းခဲ့သည်။ ဤကဲ့သို့သော မတရားမှုများ နှင့် ဖိနှိပ်မှုများကြောင့် နိုင်ငံတဝှမ်းလုံးတွင် ဆူပူအုံကြွမှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ၁၉၄၁ ဖေဖော်ဝါရီ ၁၈တွင် အောက်လွှတ်တော် အစည်းအဝေး၌ အတိုက်အခံခေါင်းဆောင် ဦးဘဘေက ဦးဆောင်သောအစိုးရအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည်။ သို့သော် ၁၉၄၁ မတ်၁၉တွင် အောက်လွှတ်တော်တွင် အဆိုကိုမဲခွဲရာ ထောက်ခံမဲ ၄၇မဲ၊ ကန့်ကွက်မဲ ၇၂မဲရရှိသဖြင့် အဆိုရှုံးနိမ့်ကာ ဦးစောအစိုးရ တည်မြဲခဲ့သည်။

နန်းရင်းဝန်ဂဠုန်ဦးစောသည် လုံးဝလွတ်မြောက်ရေးကိုတောင်းဆိုမည်ဟုကြေညာကာ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်္ဂ လန်သို့ ထွက်ခွာခဲ့သည်။ ဦးစောမရှိခိုက် ဆာပေါ်ထွန်းက တာဝန်ယူကာ (၉၁) ဌာနအုပ်ချုပ်ရေးကို ဆက်လက်လည်ပတ်ခဲ့သည်။ သို့သော် (၉၁) ဌာနအုပ်ချုပ်ရေးခေတ် ၅နှစ်တာကာလအတွင်း ညွန့်ပေါင်းအစိုးရများသာ ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုညွန့်ပေါင်းအစိုးရများမှာလည်း မကြာခဏ အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခြင်းခံခဲ့ရသဖြင့် (၅) နှစ်အတွင်း အစိုးရ (၄) ကြိမ်ပြောင်းခဲ့သည်။ ၁၉၄၂ ဇန်နဝါရီလဆန်းတွင် ဗမာ့လွတ် လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်များသည် မြိတ်၊ မော်လမြိုင်၊ စစ်တောင်းစသည့်မြို့များကိုသိမ်းပိုက်သောအခါ ဗြိတိသျှဘုရင်ခံနှင့် အစိုးရ အဖွဲ့ဝင်များ ၁၉၄၂ မတ် (၁) ရက်နေ့ ရန်ကုန်မှ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် (၉၁) ဌာန အုပ်ချုပ်ရေး ချုပ်ငြိမ်း သွားခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်။)


မူရင်းလင့်က ဒီမှာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ Amnesty ပန်းချီပြပွဲ


နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်ကျဉ်း) က စုစည်းတင်ဆက်တဲ့ Amnesty Prison Art Show 2012 အမည်ရှိ ပန်းချီပြပွဲတခုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်မှ ၁၁ ရက်နေ့ထိ ရန်ကုန်မြို့ ပန်းဆိုးတန်း အထက်ဘလောက်ရှိ စာပေလောက စာအုပ်ဖြန့်ချိရေး အမှတ် ၂၂၅/ ၂၂၇ တွင် ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

“ပြပွဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရဲ့ ထောင်တွင်းမှာရေးဆွဲထားတဲ့ လက်ရာတွေနဲ့ အကျဉ်းထောင်ခံစားမှု ပန်းချီကားတွေကို ပြသသွားမှာပါ။ ၇၄၊ ၇၅၊ ၇၆ ဖြတ်သန်းခဲ့သူတွေရယ်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရယ်၊ ၉၆ ကျောင်းသားတွေရယ်၊ ၂၀၀၇ ဗကသဖြတ်သန်းနေတဲ့သူတွေရယ် အစရှိသဖြင့် နိုင်ငံရေးမျိုးဆက် အသီးသီးပါဝင်ပြသမယ့် ပန်းချီပြပွဲဖြစ်ပါတယ်။” ဟု ပွဲစီစဉ်သူ တစ်ဦးက ပြောပါတယ်။

ဆက်လက်၍ ပြပွဲကိုကျင်းပရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် အနုပညာဖြင့် တင်ပြခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် အချို့ပန်းချီကားများကို ရေးချသွားမှာဖြစ်ကြောင်း၊ ပြပွဲတွင် ရောင်းရငွေများကို နိုင်ငံရေးအကျဉ်းသားများ ထောက်ပံရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် သုံးစွဲသွားမှာဖြစ်ကြောင်း အဆိုပါ စီစဉ်သူများက ရှင်းပြပါတယ်။

“ကျနော်တို့ ပြပွဲမှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချို အစရှိတဲ့သူတွေအပါအ၀င် ထောင်ခံစားမှုနဲ့ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေကို ပို့စကဒ်အဖြစ် ရောင်းချသွားမှာပါ။ ပါဝင်ပြသကြတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့လက်ရာတွေပါဝင်တဲ့ ပြပွဲကတ်တလောက် (callog) ကိုလည်း အမှတ်တရရောင်းချသွားမှာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပန်းချီလက်ရာတွေဟာ အနုပညာစံအရ အားနည်းချင် နည်းပါလိမ့်မယ်။ ဒါပေမယ့် လူသားဆန်မှုနဲ့ ခံစားကြည့်မယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ထူးခြားတဲ့ လက်ရာတွေလို့ အသေအချ ပြောနိုင်ပါတယ်။” နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ စီစဉ်သူများက ဆိုပါတယ်။

အဆိုပါ Amnesty Prison Art Show 2012 ပန်းချီပြပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းဝင်းငြိမ်း (၀၉၅၁၃၇၄၂၀)၊ ကိုဗသက်အောင် (၀၉၄၉၂၈၆၁၅၃)၊ ကိုဆန်နီ (၀၉၇၃၁၆၆၈၀၅)၊ ကိုအောင်ထွန်း (၀၁၃၇၅၇၄၅) တို့က ပြပွဲဖြစ်မြောက်ရေးအတွက် တာဝန်ခံစီစဉ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။


မူရင်းလင့်က ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် မဲဆွယ် စည်းရုံး (ဓာတ်ပုံသတင်း)


ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က နေပြည်တော်တွင် စည်းရုံး ဟောပြောခဲ့သည်။

"ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဒက္ခိဏသီရိ မြို့တွင် ပြောဆိုကြောင်း Yangon Press International သတင်းဌာန၏ Facebook တွင် ရေးထားသည်။









မူရင်းလင့်က ဒီမှာပါ။

Good Governmence


ကာတွန်းနေမျိုးအေး - ဂွတ်ဂါးဗားမင့် ဆိုဒါ
မတ် ၆၊ ၂၀၁၂


မူရင်းလင့်က ဒီမှာပါ။

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၂

ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာအသင်းကို ဦးဆောင်ပြီး "စာပေကို စကားပြောနဲ့ရေးမယ်" ဆိုတဲ့ "တယ်" စာပေတိုက်ပွဲ လှုပ်ရှားမှုကို မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ စတဲ့ သူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။



အဲ့တော့ ဦးဝင်းတင်က ကျနော်တို့ မန္တလေးမှာ အစိုးရသတင်းစာထုတ်ဖို့သွားတာက လူထုဦးလှတို့နဲ့ ရန်ဖြစ်ဖို့သွားတာမဟုတ်ဘူး။ လူထုမောင်နှံလို စာပေသြာဇာရှိတဲ့၊ မြို့ခံ မြို့မိ၊မြို့ဖလည်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စာတွေကို ကျနော်ကတော့ ငြင်းစရာအကြောင်းမရှိဘူး။ "တယ်" နဲ့ရေးလည်း စာကောင်းရင်၊ အကျိုးရှိရင် ထည့်ရမှာပဲ။ အဲ့တော့ ကျနော် အယ်ဒီတာတစ်ယောက်အနေနဲ့ တာဝန်ယူပြီး သူတို့စာတွေထည့်မယ်။ ဒါပေမဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် အစိုးရရဲ့ ပေါ်လစီနဲ့ မကိုက်လို့ မထည့်နိုင်တဲ့ တချို့စာတွေတော့ ခြွင်းချက်ပေါ့ဆိုပြီး ပြန်ပြောတယ်။ ဗိုလ်သောင်းဒန်ကလည်း (unofficially) လွတ်လွတ်လပ်လပ်လုပ်ဖို့ သဘောတူလိုက်တယ်။

တကယ်လည်း မန္တလေးမှာ ဟံသာဝတီသတင်းစာစထုတ်တော့ စထွက်တဲ့ နေ့မှာကို ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)၊ လူထုဦးလှ၊ လူထု ဒေါ်အမာအစရှိတဲ့ မြို့ခံစာပေပညာရှင်တွေရဲ့ ဆောင်းပါးတွေနဲ့ ဖွင့်ခဲ့တယ်။ ရန်ကုန်က ပုဂ္ဂိုလ်ရေး ခင်မင်တဲ့ (ကြေးမုံကတည်းကလည်း သုံးလာတဲ့) ကာတွန်းဆရာကြီး ဦးဖေသိန်း၊ ဦးဘထွေးစသူတွေရဲ့ ကာတွန်းတွေမသုံးဘဲ ဒေသအသံထွက်စေချင်လို့ ဒေသခံ လူသစ်ကာတွန်းဆရာမြောက်များစွာ (ကံချွန်၊ ဗိုလ်မောင် အစရှိသဖြင့်) ကို မွေးထုတ်ပြီး သူ့သတင်းစာမှာ သုံးတယ်။ ပန်းချီဆရာတွေမှာလည်း မြို့ခံ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေ စတဲ့ သူတွေကို သုံးတယ်။ ထက်မြက်တဲ့ ကလောင်ရှင်၊ ဆောင်းပါးရှင်၊ သတင်းထောက် (ကံချွန်၊ ကျော်မင်းကျော်၊ စိန်ရွှေလှိုင် အစရှိတဲ့) အမြောက်အများကို မွေးထုတ်ပေးခဲ့တယ်။ ဒေသရဲ့ စာပေ၊ လူမှု၊ ပညာ၊ စီးပွား၊ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ သူတွေရဲ့ စာတွေနဲ့ သူ့သတင်းစာကို ဒေသခံ ပြည်သူ့တွေရဲ့အသံ၊ ခံစားချက်တွေ ကို ဟစ်ကြွေးပေးနေတဲ့ ရှေ့တန်းခံတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အဲ့သလို ဒေသအသံ၊ ဒေသရနံ့တွေနဲ့ သင်းထုံနေတဲ့ အောင်မြင်တဲ့ သတင်းစာတစ်စောင်ကို မွေးထုတ်နိုင်ခဲ့တယ်။ ပညာရှင်တွေရဲ့ဆောင်းပါးတွေ၊ အာဘော်တွေနဲ့လည်း (သူ့အရင်လုပ်တဲ့ ကြေးမုံလို intellectual works များများသုံးပြီး) သတင်းစာအဆင့်အတန်းကို မြှင့်တင်ခဲ့တယ်။

စာပေ၊ အနုပညာ အတွက်လည်း (စစ်တပ်စတက်ကတည်းက မရှိတော့တဲ့) စာရေးဆရာတွေ၊ သတင်းစာဆရာတွေ တွေ့ဆုံဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ သူ့သတင်းစာတိုက်မှာ ဦးဆောင်ပြီးလုပ်တယ်။ နောက်ပိုင်း စနေစာပေဝိုင်းဆိုပြီး နာမည်ကြီးခဲ့တယ်။ စနေစာပေဝိုင်းမှာ ဦးသောဘိတ၊ ဦးလှ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဦးချမ်းမြ၊ ဦးတင့်လွင်၊ မြန်မာစာ ပါမောက္ခ ဒေါ်သန်းဆွေ၊ ဒါးတန်းဦးသန့် အစရှိတဲ့ ပညာရှင်တွေရဲ့ စာပေ၊ အနုပညာ၊ ရိုးရာယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးနဲ့ပတ်သက်တဲ့ စာတမ်းတွေ အပတ်စဉ်ဖတ်စေတယ်။ သူကိုယ်တိုင်လည်း စာတမ်းတွေ တင်၊ ဟောပြောတယ်။ သူ့လက်အောက်က သတင်းထောက်တွေ အရည်အသွေးတက်စေဖို့ သတင်းထောက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးတွေ လုပ်ပေးတယ်။ ကိုယ်တိုင်လည်း နယ်တွေဆင်း လူထုနဲ့ အနီးကပ်နေ၊ နယ်သတင်းထောက်တွေနဲ့ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေလုပ်တယ်။

သူရဲ့သတင်းထောက်တွေ ကလောင်စွမ်းဘယ်လောက်ထက်သလဲဆို သူတာဝန်က ရပ်စဲခံရပြီး ဗမာပြည်အနှံ့ ခရီးလှည့်လည်နေစဉ် ယောချောင်က ရွာလေးတစ်ရွာကို ရောက်တော့ ရွာဦးကျောင်း ဆရာတော်ကို ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ပါလို့ မိတ်ဆက်တော့ ဆရာတော်က (ဟံသာဝတီ ဆိုတဲ့ အသံကြားတာနဲ့) ဝမ်းသားအားရ စကားတွေပြော၊ မေးခွန်းတွေ မေးတော့တာပဲ။

"ဒကာကြီးက ဟံသာဝတီကဆိုတော့ 'ကျော်မင်းကျော်' နဲ့ ဘယ်သူကကြီးလဲ" လို့ ဘွင်းဘွင်းကြီးမေးရော။ အဲ့တော့ ပါလာတဲ့ နယ်ခံသတင်းထောက်တစ်ယောက်က "အရှင်ဘုရား.. အယ်ဒီတာချုပ်ဆိုတာ သတင်းစာတိုက် မှာတော့ အကြီးဆုံး ဘုရား" လို့ ပြန်လျှောက်ရတယ်။

အဲ့တော့ ဆရာတော်က "ဘုန်းကြီးက 'ကျော်မင်းကျော်' တော့လေးစာတယ်၊ ပြည်သူ့ဘက်က ရပ်ပြီး အမြဲတမ်း ရေးပေးတဲ့အတွက် ကြည်ညိုတယ်၊ ကျန်တဲ့ သူတွေတော့ အရေးကြီးတယ်မထင်ပေါင်" လို့ ပြန်မိန့်တယ်။ ဦးဝင်းတင်က သူမြေတောင်မြှောက်ပေးခဲ့တဲ့ သတင်းထောက်တွေ၊ ချွန်မြတဲ့ ကလောင်ရှင် တွေ ပြည်သူ့မေတ္တာ သူ့ထက်ပိုခံယူနိုင်တာကို မုဒိတာပွားနိုင်ခဲ့တယ်။

နိုင်ငံရေးဝေဖန်မှုအနေနဲ့ အစိုးရသတင်းစာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မလုပ်နိုင်ပေမဲ့ အစိုးရသတင်းစာအချင်းချင်း ယှဉ်ရင် ခေါင်းတစ်လုံးမြင့်ရပ်တည်ခဲ့ပြီး သူများထက် ဟံသာဝတီက မတရားမှုတွေကို ဖော်ထုတ်တယ်။ ဝေဖန်တယ်။ အမြဲတမ်း လူထုဘက်က မာမာထန်ထန်ရပ်တည်ပေးနိုင်ခဲ့တယ်။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးထက် ရင်ကို ထိစေတဲ့ ဦးဝင်းတင်ရဲ့ ဟံသာဝတီ အယ်ဒီတာချုပ်ဘဝ မန္တလေးမှာ လုပ်ဆောင်ချက်တွေက စာပေ၊ သတင်းစာ၊ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ သူ့ရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စွမ်းရည်၊ သဘောထား၊ ခံယူချက်တွေဖြစ်တယ်။ သူ့လက်အောက်မှာ အုပ်ချုပ်နေရတဲ့ သတင်းစာလုပ်ငန်းရဲ့ အခြေခံဝန်ထမ်း လူလေးငါးခြေက်ဆယ် လာက်နဲ့ သူတို့ရဲ့ မိသားစု ဘဝတွေသာယာဝပြောရေးအတွက် ဦးဝင်းတင်လုပ်ပေးခဲ့တာတွေဟာ မန္တလေးမှာ ပြောစမှတ်တွင်ကျန်ခဲ့တယ်။

သူ့အတွက် ကားထားဖို့ ပေးထားတဲ့နေရာမှာ အဆောင်လေးဆောက်ပြီး ဝန်ထမ်းသက်သာ လဘ္ဘက်ရည်ဆိုင်လေးဖွင့်စေတယ်။ ဝန်ထမ်းတွေအတွက် အထူးသက်သာတဲ့နှုန်းနဲ့ ဟင်း၊ထမင်းကြော်စတာတွေပါတွဲပြီး ရောင်းစေတယ်။ ဝန်ထမ်းတွေရဲ့ သားသမီးတွေကိုလည်း ဆိုင်မှာခေါ်ပြီး အလုပ်ပေးတယ်။ ကလေးတွေ ဆိုင်မှာပဲ စားပွဲထိုး၊ ပန်းကန်ဆေး ဘဝနဲ့ အချိန်ကုန်မသွားစေဘဲ၊ နည်းနည်းအချိန်ကြာလာတာနဲ့အမျှ သူတို့ကို စာစီ၊စာရိုက်၊ပုံနှိပ်စက်ပညာတွေ သင်ပေးစေတယ်။ ပြီးတော့ သူ့ရဲ့ သတင်းစာတိုက်မှာ အစိုးရဝန်ထမ်းအနေနဲ့ ပြန်ခန့်ပေးတယ်။ ဆိုင်ကရတဲ့ အမြတ်အားလုံးကို ဝန်ထမ်းတွေရဲ့ မီးဖိုချောင်စရိတ်အတွက် ခွဲပေးတယ်။ ကလေးတွေ ကျောင်းပညာဆက်လက် သင်နိုင်အောင် ထောက်ပံ့တယ်။ ဝန်ထမ်းတွေအတွက် အခမဲ့ဆေးခန်းလေးဖွင့်ပေးတယ်။ ဝန်ထမ်းတွေ သူတို့နေတဲ့ရပ်ကွက်ထဲမှာ လူရာဝင်လာအောင်၊ လူလေးစားလာမှု၊ ခေါင်းဆောင်မှုရအောင် ဝန်ထမ်းတစ်အိမ်ထောင်စုအနေနဲ့ ဝန်ထမ်းမဟုတ်တဲ့ အိမ်နီးချင်းရပ်ကွက်ထဲက မိသားစုလေးစုစာနှုန်း သူ့ရဲ့ (သတင်းစာတိုက်ရဲ့) အခမဲ့ဆေးခန်းမှာ လာကုခွင့်ပေးတယ်။

သူရဲ့အယ်ဒီတာချုပ်အခန်းဟာ အဆောင်အယောင်မရှိ၊ တံခါးတောင်မရှိဘူး။ သူ့လက်အောက်က ဝန်ထမ်းကြီးငယ်မရွေးဝင်ပြီး သူနဲ့ စကားပြောဆို၊ ဆွေးနွေး၊ တင်ပြနိုင်တယ်။ သူကိုယ်တိုင်လည်း ကိန်းခန်းတကြီးမနေဘဲ စာစီသမားတွေလုပ်တဲ့ အခန်းထဲက စားပွဲမှာ သွားထိုင်ပြီး အလုပ် လုပ်လေ့ရှိတယ်။ အခြေခံဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်အမြဲနေထိုင်ပြီး သူတို့ရဲ့ လှုမှုဘဝ သာရေး၊နာရေး ကိစ္စအဝဝကို သူမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေး ရှိသမျှလေးနဲ့ တာဝန်ယူပေးတယ်။

အဲ့သလို မန္တလေးမှာ လုပ်ခဲ့တဲ့ သူရဲ့ နာမည်ကျော် ဖြစ်ရပ်တွေကို လွတ်လပ်တဲ့ အာရှအသံ၊ အစီအစဉ်တင်ဆက်သူက ဦးဝင်းတင်ကိုမေးရင်းနဲ့ ဖြတ်ပြီးတော့ "ဆရာ ဒီလိုတွေလုပ်ဖို့ ဘယ်လို အတွေးအခေါ်၊ အကြံဥာဏ်တွေ ရခဲ့လဲ" ဆိုတဲ့ မေးခွန်းကို ဦးဝင်းတင်ပြန်ဖြေပုံက ပိုပြီး မှတ်သားနာယူဖို့ကောင်းတယ်။

ဦးဝင်းတင်က "ဒါတွေကို လုပ်ခဲ့တာ အတွေးအခေါ်၊ အကြံဥာဏ်ကြောင့်မဟုတ်ဘူးဗျာ..။ ခံစားချက်ကြောင့်ဗျာ..။ လက်တွေ့မြင်တွေ့နေရတဲ့ လူတွေရဲ့ ဒုက္ခတွေကို ရင်ထဲ၊ နှလုံးထဲ၊ စိတ်ထဲကနေ ခံစာရင်ဒီလိုပဲ လုပ်ရမယ်"လို့ ပြန်ဖြေတယ်။

ဦးဝင်းတင်က တဆက်တည်း ခုလက်ရှိဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တကယ်စိတ်ထဲ၊ အသည်းထဲက ခံစားနားလည်မပေးတာ၊ လူထုသက်သာချောင်ချိ၊ ဘဝသာယာလာရေး အတွက် လုပ်မပေးနိုင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို အံ့သြရတယ်လို့ ဆက်ပြောတယ်။

ဦးဝင်းတင်ရဲ့ လက်အောက်ကဝန်ထမ်းတွေကို အုပ်ချုပ်ပုံစနစ် နဲ့ သူရဲ့ ခံစားချက်၊ ခံယူချက်၊ သဘောထား၊ လုပ်ရပ်တွေကို အရင်ကလည်း (ဆရာတင်မိုး အစရှိတဲ့ သူများတွေရေးတဲ့) စာအုပ်တွေမှာ ဖတ်ဖူး၊ နောက် သူကိုယ်တိုင်လည်း ရေဒီယိုမှာ ပြောတာတွေနားထောင်ရတော့ သူအုပ်ချုပ်ခွင့်ရတဲ့ လူလေး လေးငါးခြောက်ဆယ်ကနေပြီးတော့ ရပ်ကွက်၊ မြို့နယ်၊ တိုင်း၊ နိုင်ငံဆိုပြီး ချဲ့တွေးကြည့်မိတယ်။ လူအနည်းအများကွာပေမဲ့ အုပ်ချုပ်ရတဲ့၊ တာဝန်ယူရတဲ့ သဘောတရားကအတူတူပဲ ဖြစ်တယ်။ ဦးဝင်းတင်သူ့ဝန်ထမ်းတွေကို လုပ်ပေးခဲ့တဲ့ စားဝတ်နေရေးချောင်လည်ရေး၊ ကလေးတွေပညာသင်နိုင်ရေး၊ ဘဝမှာ ပညာတစ်ခုခုနဲ့ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ လူမှုဘဝသာယာဝပြောမှုလုပ်ငန်းတွေဟာ တိုင်းပြည်နဲ့ချီပြောရင်လည်း အဓိကလိုအပ်တဲ့၊ ဦးစားပေးလုပ်ရမဲ့ တိုင်းသူပြည်သားတွေအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံအောင်လုပ်ပေးရတဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ သဘောတရားကအတူတူပဲ။ တကယ်လုပ်ပေးနိုင်/ချင်ဖို့က အာဏာ၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရား ရှိတဲ့ သူတွေရဲ့ ခံယူချက်၊ စိတ်ခံစားမှု၊ တကယ်လုပ်ပေးချင်တဲ့ ဆန္ဒကသာ စကားပြောတယ်။

ခုလက်ရှိ ပြည်သူ့အစိုးရပါ ဆိုပြီးတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဆရာဦးဝင်းတင်လို အောက်ခြေကလူတွေရဲ့ အသံကိုနားထောင်၊ စာနာနားလည်၊ ခံစားပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိ၊ ခံယူချက်၊ ခံစားချက်ရှိဖို့လိုတယ်။ အဲ့ဒါက ပိုပြီး အရေးကြီးတယ်။ တကယ်လက်တွေ့ တိုင်းပြည်ကို သာယာဝပြောတိုးတက်အောင် လုပ်ပေးနိုင်တဲ့ အသိဥာဏ်၊ ပညာ၊ အတွေးအခေါ် မရှိရင်တောင် အဲ့ဒါတွေကို ရှိတဲ့၊ သိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ အစိုးရကောင်း တစ်ရပ်မှာရှိရမဲ့ ပြည်သူ့အသံ၊ ခံစားချက်ကို နားထောင်ချင်တဲ့စိတ်၊ စာနာနားလည်နိုင်တဲ့ ပြည့်ဝတဲ့ နှလုံးသားတွေမရှိရင် တိုင်းပြည်တိုးတက်အောင် ဘာမှဆက်ပြီးတော့ လုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့သလို ခံစားနားလည်တဲ့ စိတ်နှလုံးမရှိဘဲ ဇွတ်လုပ်လည်း တိုင်းပြည်က ဆင်းရဲတွင်းကထွက်လာနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ အစိုးရသစ်ရဲ့ သမ္မတက အစ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးအထိ အခြေခံလူတန်းစာအများစုရဲ့ ဆန္ဒ၊ သဘောထား၊ သူတို့ခံစားနေရတဲ့ လူမှုဘဝဒုက္ခတွေကို ခံစားနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင်တွေဖြစ်အောင် ကြိုးစားစေချင်တယ်။ တိုင်းပြည်အနာဂတ်အတွက် လှပတဲ့ အသီးအပွင့်တွေ ဝေဆာနိုင်အောင် ကောင်းမွန်တဲ့ အကျင့်တွေ ခုကစပြီး ပြုစုပျိုးထောင်စေချင်တယ်။

နိဂုံချုပ်အနေနဲ့တော့ ဆရာဦးဝင်းတင်ရဲ့ သူ့ဘဝဇာတ်ကြောင်းပြောထားတဲ့ ရေဒီယိုအစီအစဉ်တွေကို စာအုပ်အနေနဲ့ ပြည်တွင်းမှာ ထုတ်စေချင်တယ်။ အနည်းဆုံး audio autobiography အနေနဲ့ဖြစ်ဖြစ် ထုတ်စေချင်တယ်။ ဒီမိုကရေစီ အစိုးရသစ်ရဲ့လို့ အမြဲအော်အော်နေတော့ ပြည်တွင်းမှာ ထုတ်ဝေခွင့်ရမယ်လို့လည်း မျှော်လင့်တယ်။

ဆရာဦးဝင်းတင် သက်ရှည်၊ ကျန်းမာပြီး တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ။

ငြိမ်းချမ်းအေး
၀၄၊ မတ်လ၊ ၂၀၁၂

ရည်ညွှန်း ။ ။ "ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်း" ရေဒီယိုအစီအစဉ်၊ လွတ်လပ်တဲ့အာရှအသံ၊ ကြေးမုံ ဦးသောင်း(အောင်ဗလ) ရေး "ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ" နှင့် "ဘီလူးတို့ရွာ"၊ (Photo - Irrawaddy, လူထုဦးလှ ဂျပန်အသွား ဒီဆူဇာ ဦးခင်ဇော်၏ နှုတ်ဆက်ပွဲ(၁၉၆၁)တွင် သတင်းနှင့် စာပေသမားများနှင့် အတူ(နောက်တန်း ဝဲမှ ၈ ယောက်မြောက်တွင် ဦးဝင်းတင်)


မူရင်းလင့်က ဒီမှာပါ။

အော်ရီဂွန်ပြည်နယ်၌ မြန်မာတို့ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန်ပြင်ဆင်


အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် နှီး နှောဖလှယ်ပွဲကြီးတရပ်ကျင်းပနိုင်ရေးအတွက် အော်ရီဂွန်ပြည်နယ်သို့ ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင် သည့် ပဏာမညှိနှိုင်းပွဲတရပ်ကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်းမြို့ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ်ကွန်ုမြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214.) ၌ မတ်လ (၃) ရက်နေ့ နေ့လည် (၂) နာရီမှ (၅)နာရီ အထိ ကျင်းပပြုလုပ် ခဲ့ကြပါသည်။

၎င်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာအဖွဲ့ကိုယ်စားပြုသူများ တသီးပုဂ္ဂလများ စုစုပေါင်း(၂၅) ဦးခန့်တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲ၏သဘာပတိများအဖြစ် ဦးကင်းမိုင်ဇန်၊ ဦးဌေးအဲရယ်၊ ဦးမျိုးလွင်တို့မှဆောင်ရွက်ခဲ့ကြပြီး အခန်းအနားမှူးအဖြစ် ဦးထွန်းထွန်းနှင့် မှတ်တမ်းတင်ခြင်းကို ဦးပံသုနှင့် ဦးရှိုင်းကိုကိုဦးတို့မှ ဆောင်ရွက်ခဲ့ကြ ပါသည်။

တက်ရောက်လာသော အော်ရီဂွန်ပြည်နယ်ရောက်မြန်မာပြည်သားများမှ လက်ငင်းပြည်ထောင်စုမြန် မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများအပေါ်၌ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လူမျိုးပေါင်းစုံပါဝင်သည့်နှီးနှောဖလှယ်ပွဲတရပ်ကို အော်ရီဂွန်ပြည်နယ်၌ စုပေါင်းကျင်းပ သွားကြရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်၍ ညိုနှိုင်းဆောင်ရွက်မှုများကို ယနေ့အစည်း အဝေးပွဲသို့မတက်ရောက်နိုင်သည့် အခြားသောစိတ်ပါဝင်စားသူ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြင့် လာမည့် မတ်လ(၂၄)ရက်နေ့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ (အော်ရီဂွန်ပြည်နယ်)၏ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ နှီးနှောဖ လှယ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်သွားမည့်ရည်ရွယ်ချက်၊လုပ်ငန်းစဉ်များကို လာမည့်မတ်လ(၂၄) ရက်နေ့တွင်ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီး၌ အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

မူရင်းလင့်က ဒီမှာပါ။

Four Legged President after one year

ကာတွန်း ဂျော်ဒီး -၁ နှစ်သား သမ္မတကြီး လေးဖက်ထောက်ပြီ
မတ် ၆၊ ၂၀၁၂


မူရင်းလင့်က ဒီမှာပါ။

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ (သားကြီးမောင်ဇေယျ)

သို့
ကိုရစ်ရေ …
ရက်စွဲ ၂၉ ဇန်န၀ါရီ၊ ၂၀၁၂
ကျနော် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကို …


မနက်အိပ်ရာထတော့ ၆ နာရီထိုးနေပါပြီ။ အ၀တ်အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့ ပြင်ပါတော့တယ်။ ပထမ မေမေတို့အိမ်၊ ဒုတိယ ကိုခင်မောင်ဝင်းအမေ (ဗိုလ်စက်ရောင်ရဲ့ ဇနီး ဒေါ်ခင်ရီ (ခ) ဖွားမေ) နှစ်လည်၊ တတိယ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ကျဉ်း များ ဂုဏ်ပြုပွဲ၊ စတုထ္တ ဦးထင်ကျော်(ဆရာမင်းသုဝဏ်ရဲ့သား) အိမ်ကိုသွားဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။ နောက်မှ သတိရတာက လမ်းထိပ်လက်ဖက်ရည်ဆိုင်(ဖက်ဖူးရောင်) မှာ ကဗျာဆရာ ကိုမှိုင်း နဲ့ ချိန်းထားတာ ကိုပါ။ သူနဲ့ ၇း၀၀ လောက်မှာ လက်ဖက်ရည် အတူ သောက်၊ အလာပ သလာပ ပြောဖြစ်ကြတယ်။ သူက အရင် ဒီဗီဘီ အတွက် ပုံတွေ တင်ပေးနေတဲ့ သူပါ။ အခု ဗီဂျေ အတွက် ပုံတွေ တင်နေပါတယ်။ မဟုတ်မခံစိတ်ပြင်းထန်တဲ့ ရိုးသားတဲ့ ဂီတ သမားတစ်ဦးပါ။ ဒီဗီဘီ အကွဲအပြဲမှာ သူအခက်အခဲတွေကိုပြောတာ စိတ်ဝင်စားစရာပါ။

အရင်ချိတ်ဆက်နေရတဲံ သူတွေ (လက်ရှိ VJ လုပ်နေသူတွေ ) နဲ့ ချိတ်ဆက်ဆက်ရတာ လွယ်ကူချောမွေ့ပေမယ့် သူ့အရုပ်တွေကို လူတိုင်းမြင်အောင် မပြနိုင်တဲ့ အတွက် စိတ်ထိခိုက်ရကြောင်း၊ နောက်ပြီး ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာတုန်းက အရုပ်တွေ အစအဆုံး ရလိုက်ကြောင်း သူကျေနပ်ရင်ခုန်စွာနဲ့ပြောပါတယ်။ DVB အကွဲဟာ အားလုံးအတွက် အလွန်ထိခိုက်ကြောင်း ပြောပါတယ်။ အောက်ခြေက ဒီ/လှုပ် တွေက ယုံကြည်ချက် မျှော်လင့်ချက် တွေနဲ့ လှုပ်ရှားနေချိန်မှာ ထိပ်ပိုင်းက ငွေ ကိုအကြောင်းပြုတဲ့အကွဲအပြဲတွေကြောင့်သူတို့ စိတ်ထိခိုက်ရကြောင်းပြောပါတယ်။ သူပြောတာဟုတ်ပါတယ်။ ဒါမျိုးတွေဟာ လက်တွေ့ဘ၀ တွေမှာ ကြုံတွေ့ရစမြဲပါပဲ။ ဘယ်သူတွေ ဘာတွေ ဘယ်လိုလုပ်လုပ် မိမိ ယုံကြည်ချက်အပေါ် သစ္စာရှိရှိ လုပ်နေဖို့လိုပါတယ်။ နောက်ထပ်သူ့ဆီက စိတ်ဝင်စားစရာ ကောင်းတဲ့စကားတွေကြားရပါသေးတယ်။ အဲဒါက သုစရိယုဝ (သို့) အရက်မသောက်သူများ အသင်း ကိုပြန်ဖွဲ့စည်းဖို့ကြိုးစားနေတဲ့သတင်းပါပဲ။ အဲဒီအသင်းဟာ ၀ိုင်အမ်ဘီအေ အသင်းနဲ့ ပူးပေါင်းပြီး ၁၉၁၁ ခုနှစ်မှာတည်ထောင်ခဲ့တာ အခု နှစ် ၁၀၀ ပြည့်ခဲ့ပြီ လို့သိရတယ်။ ကိုလိုနီ အစိုးရရဲ့ အရက်ရောင်းချ ချက်လုပ် ဖြန့်ဖြူးခွင့် ဥပဒေကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြတယ် လို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်က စစ်အစိုးရက ဒီ/လှုပ် လူငယ်တွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ အရက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ တွေကိုလက်နက်သဖွယ်အသုံးပြုခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ဟုတ်ပါတယ် ကျနော်သီပေါထောင်မှာ တွေ့တဲ့ မူးယစ်မှု့နဲ့ ထောင်ဒဏ် ၆ နှစ် ကျော် အပြစ်ပေးခံနေရတဲ့ မန္တလေး က ကိုကြည်ဆွေဟာ ၈၈ အရေးအခင်းမှာ ၉ တန်းကျောင်းသား ကလေးသာဖြစ်ပါတယ်။ သူဟာ အရေးတော်ပုံ မှာ တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်ခဲ့တယ်။ စစ်အစိုးရ အာဏာရပြီးချိန်မှာ ဘိန်းဖြူတွေဟာ မန်းန္တလေးမှာ အလွယ်တကူဝယ်ရလို့ စမ်းကြည့်ရာမှ ဘိန်းစားဘ၀ကိုရောက်ခဲ့ရတယ်လို့ကျနော်ကို ကြေကွဲစွာပြောပြပါတယ်။ ကျနော် ဘိန်းစားသာမဖြစ်ခဲ့ရင် အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက ပါခဲ့မှာပါလို့ ပြောပါတယ်။

အဲဒီလိုပဲ ဘိန်းမှုနဲ့ ထောင်ကျလာတဲ့ အရွယ်ကောင်း တိုင်းရင်းသား လယ်သမားတွေဟာ လယ်လုပ်ပိုင်ခွင့်ရတားတဲ စစ်ဖက်နဲ့ နီးစပ်တဲ့ တိုင်းတပါးက စီးပွားရေးတရုတ်လူမျိုးတွေရဲ့ ဘိန်းကြွေးခိုင်းစေမှု့ကို ခံခဲ့ရာမှ ယခုလို ဘိန်းစားတွေ ဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။ သူတို့ကို အလုပ်ရှင်က အလုပ်များ ပြင်းပြင်းထန်ထန်လုပ်နိုင်ရန် ၊ အလုပ်က ထွက်မသွားနိုင်ရန် ရည်ရွယ်ပြီး အခုလိုဘိန်းကြွေးပြီး ခိုင်းခဲံကြောင်း သိခဲ့ရပါတယ်။

အခုဆိုရင် သီပေါထောင်မှာ ဘိန်းမှုနဲ့ ထောင်ကျတဲ့ အကျဉ်းသား ၈၀ ရာခိုင်းနူံး ရှိတယ်လို့သိရပါတယ်။ ထက်ဝက်ကျော်ဟာ မြန်မာစာ မတတ်ကြပါဘူး။ သူတို့ရဲ့ တိုင်းရင်းသားစာပေဖြစ်တဲံ့ ရှမ်းစာကိုလည်း စစ်အစိုးရ လက်ထက်မှာ ပေါ်ပေါ်ထင်ထင်သင်ခွင့်မရကြပါဘူး။

အလားတူပဲ စစ်တပ်နဲ့နီးစပ်တဲ့ သစ်ကုမ္မဏီကြီးတွေအတွက် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကိုခုတ်လှဲပေးရင်း သူတို့ဟာဘိန်းစားဘ၀ကို ရောက်ခဲ့ရတယ်လို့သိရပါတယ်။ အဲဒါတွေ တွေ့မြင်ခဲ့ရတဲ့ ကျနော်ဟာ လူငယ်တွေရဲ့ မူးယစ်ဆန့်ကျင်ရေးစိတ်ကို အသိအမှတ်မပြုဘဲ မနေနိုင်ပါ။



ကျနော်တို့ အနုပညာ အ၀န်းအ၀ိုင်းကလေးဟာ အသောက်အစားကလေးများ ကို အကြောင်းပြုပြီး မကြာခဏ ဆုံစည်းကြပါတယ်။ ကျနော်တို့ အုပ်စုကလေးကို နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ လူသိများကြပါတယ်။ ကျနော်ထောင်က ထွက်လာတော့ ကိုသန်းအုန်း (မိုးဝေ ) ၊ ကဗျာဆရာ ကိုလှသန်း တို့လည်း မရှိကြတော့ပါဘူး။ ကိုသုမောင်၊ ကိုဝဏ္ဏ တို့လည်း မရှိကြတော့ဘူး။ ကျနော်လည်း ထောင်က ထွက်လာပြီးကတည်းက သွား တွေမရှိတော့လို့ အရည်ကလေးများကိုသာ မှီဝဲမယ်လို့ စိတ်ကူးယဉ်ခဲ့တာ အခုခြေထောက်တွေ ယောင်နေလို့ ယမကာ အရည်ကလေးများကိုလည်း မမှီဝဲရဲတော့ပါဘူး၊ ကျနော်ရှေ့ မှာ ပန်းချီဆရာတွေဖြစ်ကြတဲ့ ၀င်းမော်ဟန်၊ ကေမျိုး၊ မျိုးဝေ တို့ကလည်း အသက်လဲပြီး ကျနော်တို့ကို သင်္ခန်းစာတွေ ပေးခဲ့ကြတယ် မဟုတ်ပါလား။

အခုအချိန်မှာ ဘက်ပြောင်းသူတွေ၊ ပါတီပြောင်းသူတွေ၊ အဖွဲ့ပြောင်းတာတွေ အတော်ကလေး ခေတ်စားနေတော့ ကျနော်လည်း နယ်စည်မခြား အရက်သမားများအဖွဲ့ကနေ သုစရိယုဝ အသင်းကိုပြောင်းမလားလို့ စိတ်ကူးနေမိတယ်။ ကျနော်က အသောက်စွမ်းရည်တွေ ကျလာတော့ အဲဒီအဖွဲ့မှာ အီးစီ မဖြစ်နိုင်တော့မယ့်အတူတူ သုစရိယုဝ အသင်းကိုပြောင်းလိုက်ရင် အနည်းဆုံး အရက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်သူများအဖြစ်တော့ အကြိုဆိုခံရမှာသေခြာတယ်မဟုတ်လား။

ဟော … ဒီစာရေးနေရင်း အခုမှ သတိရတယ်။ ကျနော်တို့ နယ်စည်းမခြား အရက်သမားများ အဖွဲ့က ဂုဏ်ပြုမလို့တဲ့ လှိုင်သာယာက ကဗျာဆရာ ဟိန်းမြတ်ဇော်အိမ်မှာ ဒီမနက်ချိန်းထားကြတယ်။ သွားလိုက်ဦးမယ် ကိုရစ်ရေ ၊ ပြန်လာမှ ဆက်ရေးမယ်နော်။ ။

သားကြီးမောင်ဇေယျ
(ဇန်န၀ါရီ ၂၉ ၊ ၂၀၁၂)

(စာတည်း၏ ဖြည့်စာ - သားကြီးမောင်ဇေယျ ကို စစ်အစိုးရက ၂၀၁၀ ခုနှစ် ဧပြီမှာ သူ၏သား စည်သူဇေယျနှင့်အတူ ဖမ်းဆီးခဲ့သည်။ ပြည်ပက အဖွဲ့အစည်းများ၊ လူများနှင့် ဆက်သွယ်မှုကို အကြောင်းပြုပြီး အမှုဆင် ထောင်ချခဲ့သည်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ ၂ ဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့သည်။ အကျဉ်းထောင်က လွတ်မြောက်လာပြီး ပေးပို့သည့်စာကို မိုးမခမှာ ကလောင်အမည်အတိုင်း တင်ဆက်ခြင်း ဖြစ်ပါသည်။ စာရေးဆရာများက သူတို့ကလောင်အမည်အတိုင်း ပေးပို့လာက ထိုအတိုင်း တင်ဆက်မှာ ဖြစ်ပါသည်။ ပြည်တွင်းကလောင်နံမယ်တွေကို ပြည်တွင်းက အာဏာပိုင်များကဲ့သို့ ဆင်ဆာဖြတ်ခြင်းမျိုး မပြုချင်ပါ။)

မူရင်းလင့်က ဒီမှာပါ။

အမှန်တရားကို လက်ခံနိုင်သလား

အနှစ် (၅၀) လောက် လူ့အခွင့်အရေးချိုးဖျက်မှုတွေ ဖြစ်ပွါးလာခဲ့တဲ့ မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့ ရှုမယ်ဆိုရင် အမှန်တရား ထုတ်ဖော်ရေး၊ တရားမျှတရေး နဲ့ တာဝန်သိရေး စတာတွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား က ပြောသွားပါတယ်။ ဒါပေမဲ့ မစ္စတာကင်တားနားရဲ့  ခရီးစဉ်ကို အစိုးရသတင်းစာမှာ အရေးမကြီးတဲ့ သတင်းအတိုအထွာအဖြစ်သာ ဖော်ပြပါတယ်။ မစ္စတာကင်တားနားရဲ့  သုံးမျက်နှာ ကြေညာချက်ပါ အကြောင်းအရာကို လုံးဝမဖော်ပြပါဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့  ခရီးစဉ်ဟာ ဗမာအစိုးရအတွက် အရေးမကြီးကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို စစ်ဆေးမေးမြန်းဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ စီစဉ်နေတာကို နိုင်ငံပေါင်း (၁၆) နိုင်ငံက အတိအလင်း ထောက်ခံထားပါတယ်။ ဒါပေမဲ့ ပြုပြင်ရေး အစီအစဉ်လုပ်လာတာကြောင့် စောင့်ကြည့်ဖို့ လိုတယ်လို့ ယူဆလာကြတဲ့အတွက် စုံစမ်းရေးကော်မရှင် စေလွှတ်ရေးကို အကောင်အထည်ဖော်ဖို့ ဘယ်သူကမှ မကြိုးစားတော့ပါဘူး။ တနည်းဆိုရင်တော့ ဗမာအစိုးရကို အကောင်အထည်ဖော်ဖို့ ဘယ်သူကမှ မကြိုးစားတော့ပါဘူး။ တနည်းဆိုရင်တော့ ဗမာအစိုးရကို အရေးယူမယ့်ကိစ္စတွေ အားလုံးရပ်ဆိုင်းသွားပါတယ်။

မြန်မာပြည်မှာ ပြုပြင်ရေးဆက်လုပ်နိုင်ဖို့အတွက် ဖြစ်ပျက်ခဲ့တာတွေကို ဂရုမစိုက်လို့ မဖြစ်ဘူးလို့ မစ္စတာကင်တားနား က ဆိုပါတယ်။ အမှန်တရား ဖော်ထုတ်ရေးဟာ အရေးကြီးတဲ့ အခြေခံဖြစ်တယ်လို့ ဆိုပါတယ်။ အတိတ်ကဖြစ်ရပ်တွေကို ဘက်မလိုက်ဘဲ အတိအကျ မှတ်တမ်းတင်နိုင်မယ်ဆိုရင် အမှန်တရားကို သိရှိလာမှာဖြစ်တဲ့အတွက် အစိုးရဝါဒ ဖြန့်ယန္တရားက လုပ်ကြံပြောဆိုထားတာတွေဟာ အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။ နှိပ်စက်ညှဉ်းပန်းခံရသူတွေကို လျှော်ကြေးပေးဖို့လည်း အမှန်တရားဖော်ထုတ်ရေး ကော်မရှင်က စီစဉ်နိုင်ပါတယ်။ ဆန့်ကျင်ဘက်အုပ်စုတွေ အပြန်အလှန်ကြားနာရင်း ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာတာဟာ ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးကြီးတယ်လို့ မြင်ကြပါတယ်။ စနစ်ဟောင်းနဲ့ အဆက်ဖြတ်ကြောင်း ပြသတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ အမှန်တရားကို ထုတ်ဖော်နိုင်တာ မဟုတ်ပါဘူး။ သဘောတူချက်ရယူပြီး အသွင်ကူးပြောင်းတဲ့ တိုင်းပြည်မှာသာ အမှန်တရား (သို့မဟုတ်) အဖြစ်မှန် သိရှိရေး ကော်မရှင်ဖွဲ့စည်းပြီး လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို ထုတ်ဖော်ဖို့ ကြိုးပမ်းကြတာ တွေ့ပါတယ်။ မြန်မာပြည်လို စစ်တပ်က တဖတ်သတ် ဆုံးဖြတ်ပြီး အသွင်ပြောင်းဖို့ ကြိုးပမ်းတဲ့နိုင်ငံမှာ အမှန်တရား ထုတ်ဖော်ရေးကို ခေါင်းဆောင်ပိုင်းက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ စစ်အစိုးရလက်ထက်မှာ လျှို့ ဝှက်လုပ်ကိုင်တဲ့ကိစ္စကို ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်။ စစ်အစိုးရအဆက်ဆက်က ဝါဒဖြန့်လာတာတွေ အချည်းနှီးဖြစ်ကုန်မယ့်ကိစ္စကို ခေါင်းဆောင်ပိုင်းက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သတင်းမီဒီယာမှာ ဖြစ်ရပ်မှန်ကို ဖော်ပြခွင့် မပြုတဲ့ အစိုးရအဖို့ အမှန်တရားကို ထုတ်ဖော်ဖို့ အများကြီးအခက်အခဲ ရှိနိုင်ပါတယ်။ အကျင့်ဓလေ့ဟောင်းကို ချက်ချင်းစွန့်ပစ်ဖို့ခက်တယ်ဆိုတဲ့ စကားရှိပါတယ်။

အမှန်တရား ဖော်ထုတ်ရေးကော်မရှင်ကို သမ္မတရုံး (သို့မဟုတ်) လွှတ်တော်က ဖွဲ့စည်းနိုင်ပါတယ်။ ဒီလို ကော်မရှင်မျိုး ပေါ်ထွက်လာအောင် ပြည်သူလူထုက တောင်းဆိုနိုင်ပါတယ်။ အရပ်သားအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့၊ လူမျိုးရေးဘာသာရေးအဖွဲ့၊ ပညာတက်အသိုင်းအဝိုင်းနဲ့ စာနယ်ဇင်းတွေက တောင်းဆိုနိုင်ပါတယ်။ တိုင်းရင်းသားနယ်မြေမှာ လူ့အခွင့်အရေးချိုးဖျက်မှုတွေ အများဆုံးဖြစ်ပွါးနေတာကို ပြည်သူလူထုအများစုက သူတို့ရဲ့ အရေးကိစ္စအဖြစ် ခံယူပြီးတောင်းဆိုနိုင်ပါတယ်။ တချိန်တည်းမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဝိုင်းဝန်းတိုက်တွန်းမယ်ဆိုရင် အမှန်တရားဖော်ထုတ်ရေး ကော်မရှင်ပေါ်ထွက်လာဖို့ အလားအလာ ရှိနိုင်ပါတယ်။ လောလောဆယ်မှာတော့ အစိုးရနဲ့ အခြားအဖွဲ့အစည်းတွေဟာ ဆက်လက်ရပ်တည်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိုသာ အာရုံစိုက်နေကြပုံရပါတယ်။ အနှစ် (၅၀) လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းပြည်မှာ အခွင့်သာတုန်း ပြန်လည်တည်ဆောက်ရေးကို ဦးစားပေးဖို့ ဆုံးဖြတ်ထားကြပုံ ရပါတယ်။ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတာဟာလည်း အမှန်တရား ဖော်ထုတ်ရေးလုပ်ဖို့အတွက် အခြေအနေမပေးသလို ဖြစ်နေပါတယ်။ နောက်တချက်က အမှန်တရား ဖော်ထုတ်ရေးကော်မရှင် တည်ထောင်ရာမှာ လူအင်အားနဲ့ ငွေအင်အားကောင်းဖို့ လိုပါတယ်။ အဂတိလိုက်စားတဲ့ တရားစီရင်ရေးဌာန၊ ရဲအဖွဲ့နဲ့စစ်တပ်က အကူအညီ မပေးရင် အမှန်တရား ဖော်ထုတ်ရေးဟာ မဖြစ်နိုင်သလောက်ပါ။ အပြစ်ကျူးလွန်တဲ့ အမှုထမ်းက သက်သေအထောက်အထားတွေကို ဖျောက်ဖျက်နိုင်ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို အမှန်တရားထုတ်ဖော်နိုင်မှသာ နောက်ထပ်မဖြစ်ပွါးအောင် ဟန့်တားနိုင်မယ်လို့ ယူဆကြပါတယ်။ မတရားလုပ်တိုင်း လွတ်ငြိမ်းချမ်းသာခွင့် ရနေတာဟာ မတရားလုပ်ဖို့ အားပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် မစ္စတာကင်တားနား ပြောသွားသလို အမှန်တရား၊ တရားမျှတမှု နဲ့ တာဝန်ယူမှုအတွက် ဘယ်လိုဆောင်ရွက်နိုင်မယ်ဆိုတာကို လေ့လာဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။


မူရင်းလင့်က ဒီမှာပါ။

KIO နဲ့ မြန်မာအစိုးရ ရွှေလီမှာ ဒုတိယအကြိမ် ဆွေးနွေးမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ တို့ဟာ ဒီလ ၈ ရက်နေ့ ကြာသပတေးနေ့မှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားပြီး KIO ဘက်က အချက် ၃ ချက်အပေါ်မှာ မူတည်ပြီး အပစ်အခတ် ရပ်စဲရေးအပါအ၀င် သဘောတူညီချက်တွေ ရရှိအောင် ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ လောလောဆယ်မှာတော့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဆက်လက် ဖြစ်ပွားနေပါတယ်။ နယ်စပ်ဒေသကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာလည်း မကြာခင် မိုးရာသီ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အမိုးအကာ၊ စားနပ်ရိက္ခာအပြင် ဆေးဝါးတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောကြပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ အကြား နေရာ ရွေးချယ်မရတာကြောင့် နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ ကြန့်ကြာနေရာက ဒီရက်ပိုင်းမှာတော့ ဆွေးနွေးဖို့ နေရာနဲ့ နေ့ရက်ကို နှစ်ဘက်သဘောတူ သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွင်း နှစ်ဘက် ထပ်မံတွေ့ဆုံမယ့် အစီအစဉ်ကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။ “ဒီမတ်လ ၈ ရက်မှာ စပြီး တွေ့ဖို့ ကျနော်တို့ ညှိနှိုင်းနေတယ်ခင်ဗျ။ ကျနော်တို့ ၈ ရက်နေ့ တွေ့ဖို့ကို အတည်ပြုပါပြီ။ အခုကတော့ သွားရေးလာရေးနဲ့ အခြားကိစ္စတွေကို အပြန်အလှန် ဆက်သွယ်နေကြတဲ့ သဘောပါ။ နေရာကတော့ အရင်နေရာပါပဲ၊ ရွှေလီမှာပဲ တွေ့ဖို့ပါ။”

KIO ကိုယ်စားလှယ် အဖွဲ့နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇန်န၀ါရီလအတွင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ နောက်ဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ဆုံး တွေ့ဆုံပွဲမှာ စစ်ရေးတိုက်ခိုက်မှု အရှိန်လျော့ချဖို့နဲ့ ပြဿနာဖြစ်နိုင်တဲ့ ဒေသအတွင်း နှစ်ဘက်တပ်တွေ ကိစ္စကို ညှိနှိုင်း ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒီတစ်ခေါက် ထပ်မံဆွေးနွေးရင်တော့ KIO ဘက်က အချက် ၃ ချက်အပေါ်မှာ မူတည်ပြီး သဘောတူညီချက် တစ်စုံတစ်ရာ ရရှိအောင် ပြင်ဆင်ထားတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။ “ကျနော်တို့က ခိုင်ခိုင်မာမာနဲ့ အပစ်အခတ် ရပ်ဆိုင်းတာ ဖြစ်ချင်တယ်။ အဲတော့ ဘယ်လို ပုံစံမျိုးနဲ့ အပစ်ရပ်မလဲ။ ဘယ်လိုအချက်အပေါ်မှာ အခြေခံပြီး လက်မှတ်ထိုးကြမလဲ ဆိုတာကို ကျနော်တို့ ဦးအောင်သောင်းတို့ဆီကို စာနဲ့ proposal တင်ထားတာရှိပါတယ်။ အဲတော့ ဒီတစ်ခေါက်မှာ ဒီကိစ္စတွေကို ဆွေးနွေးဖြစ်လို့ ရှိရင်တော့ အဖြေတစ်ခုခု ထွက်လာမယ်လို့ ထင်တယ်လေ။ ကျနော်တို့ မူအရ ပြောမယ်ဆိုရင်တော့ နိုင်ငံရေးအရ ဆွေးနွေးလိုသော စိတ်ဓါတ်ပေါ့နော်၊ political will ရှိရမယ်။ နောက်ပြီးတော့ ဆက်ပြီးမှ ဘယ်လို ဆွေးနွေးမလဲဆိုတဲ့ လမ်းကြောင်းတွေ နှစ်ဘက် သေသေချာချာ ဆွေးနွေးရမယ်။ နောက် တတိယအချက်ကတော့ ပြဿနာဖြစ်ပွားနိုင်တဲ့ ဒေသမှာရှိတဲ့ နှစ်ဘက်တပ်တွေ ကိစ္စကို ဆွေးနွေးအဖြေရှာမယ်။ လက်တွေ့ အကောင်အထည်ဖော်မယ်။ ဒီအခြေအနေ ၃ ခုပေါ်မှာ မူတည်ပြီး ကျနော်တို့က cease fire agreement ပဲဖြစ်ဖြစ်၊ agreement တစ်ခုခုကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ဟာကတော့ အဲဒီအပေါ်မှာပဲ မူတည်မှာပါ။”

လောလောဆယ်မှာတော့ KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ အကြားမှာ နေ့စဉ်လို တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်သလို အစိုးရဘက်က ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ လိုင်ဇာ၊ ဟိုပင် ဒေသဘက်တွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်ဖွဲ့အခြေစိုက်ရာ ဒေသဘက်တွေကို တပ်ရင်းတပ်ဖွဲ့တွေ ထပ်မံစေလွှတ်နေတယ်လို့ ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာ အခုဆိုရင် ၉ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ခြောက်သောင်း ကျော်လောက်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးကောင်း စတဲ့ ကချင်ပြည်နယ် အတွင်းက မြို့တွေဆီကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ တရုတ်နယ်စပ်က ဒုက္ခသည်အရေး ကူညီနေသူတစ်ယောက်ကတော့ နယ်စပ်ဒေသမှာ ဒုက္ခသည် လေးသောင်းခွဲ လောက်ရှိပြီး သူတို့ အများစုနေထိုင်ရာ မိုးကာတဲတွေဟာ ဟောင်းနွမ်း စုတ်ပြဲကုန်တာကြောင့် မိုးကာစတွေ လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

အထူးသဖြင့် မကြာခင် မိုးရာသီကို ရောက်ရှိတော့မှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ဖို့လည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

“လိုတာတွေတော့ အများကြီးပဲ။ ဆေးဝါးတွေတော့ မိုးတွင်းအတွက်လည်း ကြိုတင်ပြင်ဆင်ရမယ့် အခြေအနေတွေတော့ ရှိပါတယ်။ အများအားဖြင့်တော့ ငှက်ဖျားတွေ၊ ၀မ်းရောဂါနဲ့ ပတ်သက်တာတွေတော့ ပိုပြီးမှ လိုတာပဲ။ မိုးတွင်းအတွက် ဆိုရင်တော့ နေရေးထိုင်ရေး၊ တဲတွေ အိမ်တွေ ဒါတွေက မိုးလုံလေလုံ လုပ်ရမှာတွေ ရှိတယ်။ တချို့နေရာမှာဆိုရင် လမ်းပန်း ဆက်သွယ်ရေး ခက်တယ်ဆိုတော့ ကျနော်တို့ ရိက္ခာတွေ ဆန်တွေဘာတွေလည်းပဲ တတ်နိုင်ရင်တော့ တစ်လအတွက်တော့ စုထားမှ စိတ်ချရတာပေါ့။ လူလည်း များတယ်။ နေ့တိုင်းလိုလို သုံးနေတယ်ဆိုတော့ ဗြုံးကနဲ စီစဉ်ဖို့လည်း အခက်အခဲရှိတယ် ဆိုတော့၊ ဒီလို အခက်အခဲ ရှိပါတယ်။”

နယ်စပ်ဒေသက ဒုက္ခသည်တွေကိုတော့ KIO အဖွဲ့နဲ့ တရုတ်နယ်စပ် ဒေသက ကချင်လူမှုအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေက ၀ိုင်းဝန်းကူညီနေတာဖြစ်ပြီး ကချင်ပြည်နယ်အတွင်းက မြို့ပေါ်ဒေသတွေကို ထွက်ပြေးကြတဲ့ ဒုကသည်တွေကိုတော့ အစိုးရအပါအ၀င် ကုလသမဂ အဖွဲ့အစည်းတွေနဲ့ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့တွေက ကူညီထားတာဖြစ်ပါတယ်။


မူရင်းလင့်က ဒီမှာပါ။

အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှုရှိဖို့ ဒေါ်စုတိုက်တွန်း

ဒီမိုကရေစီစနစ်မှာ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်လေးစားမှု ရှိရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးရေး၊ အစိုးရဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ရေး အကြောင်းတွေကို နေပြည်တော်က ပြည်သူလူထုကို မိန့်ခွန်းပြောစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။ အစိုးရရုံးစိုက်ရာ မြို့ ဖြစ်ပေမဲ့ ပြည်သူ အမြောက်အများ လာပြီး နားထောင်ကြတဲ့ မိန့်ခွန်းအကြောင်း မစုမြတ်မွန်က အစီရင်ခံထားပါတယ်။



ဓာတ်ပုံ ASSOCIATED PRESS
နေပြည်တော် မြို့နယ်တစ်ခုမှာ ရွေးကောက်ပွဲ စည်းရုံး ဟောပြောနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
(မတ်လ ၅၊ ၂၀၁၂)


ဒီကနေ့ နေပြည်တော်မြို့က မြို့နယ် နှစ်ခုကို သွားရောက်ပြီး စည်းရုံးမဲဆွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် ဒက္ခိဏသီရိ မြို့နယ် ရွာမကွင်းမှာ ပြည်သူလူထုကို တွေ့ဆုံ မိန့်ခွန်းပြောပါတယ်။ ကွင်းလုံးပြည့် ပြည်သူတွေ လာရောက် နားထောင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်မှုဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို အခုလို ပြောသွားခဲ့ပါတယ်။

“ဒီမိုကရေစီစနစ်မှာ အစိုးရနဲ့ ပြည်သူဟာ အပြန်အလှန် ရှိရမယ်။ ဒီတော့ ကျမတို့ဟာ အစိုးရ မဖြစ်သေးသော်လည်း ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ဖို့ ကြိုးစားနေတာ၊ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကြားမှာ အမြဲပဲ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ကူညီမှု၊ အပြန်အလှန် ကူညီတောင်းဆိုမှု ဆိုတာ ရှိရမယ်။”

အစိုးရရုံးစိုက်ရာ မြို့တော် ဖြစ်သလို အစိုးရဝန်ထမ်း အများအပြား နေထိုင်ကြတဲ့ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် လာစဉ်မှာ လမ်းတလျှောက် လူတွေ ကြိုဆို နှုတ်ဆက်ကြသလို သူမိန့်ခွန်းပြောရာ ပျဉ်းမနား ရွာမကွင်းမှာလည်း ကွင်းလုံးပြည့် လာရောက် အားပေးခဲ့ကြပါတယ်။ အခုလို ပြည်သူတွေ အားနဲ့ နိုင်ငံကို ပြန်လည် အင်အားကြီးအောင် လုပ်နိုင်တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ပြည်သူလူထုရဲ့ အားပေးမှုဆိုတာ တခြား ဘယ် အင်အားနဲ့မှ မတူပါဘူး။ ပြည်သူလူထုရဲ့ အင်အားနဲ့ နှိုင်းယှဉ်နိုင်တဲ့ အင်အားဆိုတာ ဘယ် နိုင်ငံမှာမှ မရှိပါဘူး။ ကျမတို့ ပြည်သူတွေဟာ ညီညီညွတ်ညွတ်နဲ့ စည်းကမ်းရှိရှိနဲ့ ကိုယ့်အင်အားတွေကို မှန်မှန်ကန်ကန် သုံးသွားနိုင်မယ်ဆိုရင် ကျမတို့နိုင်ငံဟာ တချိန်တခါတုန်းကလို ပြန်ပြီးတော့ အရှေ့တောင်အာရှမှာ ထွန်းထွန်းတောက် ထိပ်တန်းနိုင်ငံ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်လို့ ကျမ ပြောနိုင်ပါတယ်။ ဒါကို ကျမကတင် ပြောနေတာ မဟုတ်ပါဘူး။ တခြား အရှေ့တောင်အာရှမှာ ချမ်းသာနေတဲ့ နိုင်ငံတွေကကို ဒီစကား ပြောလာပါတယ်။ မြန်မာနိုင်ငံသာ မှန်ကန်တဲ့လမ်းပေါ်မှာ ရှိသွားရင် ဒီလို မှန်ကန်တဲ့ ဒီမိုကရေစီလမ်းပေါ်မှာ ဆက်သွားပြီးတော့ အများပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်လိုက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံကို ကူညီမစချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေက အများကြီးပဲ။ ငါတို့နဲ့များ ငါးနှစ် ဆယ်နှစ်မှာ ငါတို့ကိုများ မီသွားမလား၊ သာသွားမလားလို့တောင်မှ တချို့ အင်မတန်မှ ချမ်းသာနေတဲ့ ကျမတို့ဒေသက နိုင်ငံတွေက ပြောတာ ကျမနားနဲ့ဆက်ဆက် ကြားခဲ့ရပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကျမတို့နိုင်ငံအတွက် အလားအလာ အများကြီး ရှိပါတယ်။ ဒီအလားအလာတွေကို တကယ် အလုပ်မည်အောင်လို့ လုပ်ဖို့ဆိုတာဟာ ကျမတို့ရဲ့ တာဝန် ဖြစ်သလို ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အားလုံး တိုးတက်ရေးအတွက် အရေးကြီးတဲ့ အလုပ်လက်မဲ့ ပြဿနာကိုလည်း အဓိက ဦးစားပေး ဖြေရှင်းသွားမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြား မဲဆွယ်သွားခဲ့ပါတယ်။

“ကျမတို့က အားလုံးကို တိုးတက်စေချင်တယ်။ စိတ်ဓာတ်ရေးရာ အရရော၊ ပညာအရရော၊ ကျန်းမာရေးအရရော။ အရေးကြီးတာက ကျမတို့ ချက်ချင်းလက်ငင်း ကျမတို့ ပြည်သူတွေဟာ ရသင့်ရထိုက်တဲ့ အလုပ်တွေ ရှိစေချင်တယ်။ ဒီ အလုပ်လက်မဲ့ ပြဿနာဟာ အင်မတန်မှ ကြီးတယ်။ အလုပ်လက်မဲ့ ဆိုတာဟာ အလုပ် လုံးဝ မရှိတာတင် မကဘူး၊ ရှိတဲ့အလုပ်က ကိုယ့်ရဲ့ ၀မ်းစာအတွက် မလုံလောက်တာနဲ့ အလုပ်လက်မဲ့ ပြဿနာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီတော့ ပြည်သူတွေရဲ့ ဘ၀ ဖူလုံရေးအတွက် အလုပ်တွေ ဖန်တီးရေးဟာ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက် ဖြစ်ပါတယ်။” ပြည်သူတွေအနေနဲ့ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေ မြင့်အောင် ကြိုးစားဖို့ကိုလည်း ဒက္ခိဏသီရိမြို့နယ်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ တိုက်တွန်း သွားပါတယ်၊ ဒက္ခိဏသီရိမြို့နယ်မှာ စည်းရုံး မဲဆွယ်ပြီးပြီးချင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို ပိုပြီးခက်ခဲတယ်လို့ ဆိုတဲ့ ဇဗ္ဗူသီရိ မြို့နယ်ဆီ ခရီးဆက် မဲဆွယ်ပါတယ်။ အဲဒီမှာတော့ အစိုးရဝန်ထမ်းတွေ သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ အတွက် အရေးကြီးတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အသားပေးပြောသွားခဲ့ပါတယ်။

သူ ပြောသွားတာကတော့ ဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ဖို့က အုပ်ချုပ်မှုစနစ်၊ ဥပဒေရေးရာ စနစ်တွေအားလုံးနဲ့ ဆိုင်ပါတယ်တဲ့၊ နောက် ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ လုပ်တယ်လို့ စွပ်စွဲကြတဲ့ ပြည်သူတွေကိုလည်း ဝန်ထမ်းတွေရဲ့ ဘဝကို ပြန်ကြည့်ကြပြီး ဘာကြောင့် ဒီလို ဖြစ်နေရသလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အဲဒီမှာ သူငယ်စဉ် လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ကြတဲ့ အခြေအနေနဲ့ နှိုင်းယှဉ် ဥပမာပေး ပြောသွားခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ဇဗ္ဗူသီရိမြို့နယ် လယ်ကွင်းပြင်မှာ ပြောကြားခဲ့တာကိုလည်း မြို့ခံတော်တော်များများ လာရောက် နားထောင်ခဲ့ကြပါတယ်။

မန္တလေးတိုင်းက မြို့တွေကို လှည့်လည် စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ည နေပြည်တော်မှာ တစ်ညအိပ်ပြီး မနက်ဖြန်ကျရင် နေပြည်တော်က ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်တွေကို သွားရောက် စည်းရုံး ဟောပြောဖို့ ရှိပါတယ်။

မူရင်းလင့်က ဒီမှာပါ။

တရားဥပဒေစိုးမိုးမှ တိုင်းပြည်အေးချမ်းမည်

နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ ပဲခူးတိုင်း ဖြူးမြို့နယ်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ NLD မြို့နယ်ရုံးသစ် ဖွင့်ပွဲကို တက်ရောက်လာတဲ့ NLD ပါတီ နာယက ဦးတင်ဦးက ပြောပါတယ်။ ဒါတင်မက အလုပ်သမား လယ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက် နိုင်ခွင့် အတွက်လည်း သူက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

NLD ပါတီက လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကို ရောက်ရင် ဒီမိုကရေစီ အကျင့်အကြံနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြင်မယ်ဆိုပြီး NLD ပါတီရဲ့ နာယက ဦးတင်ဦးက တနင်္လာနေ့မှာ ပြောပါတယ်။ ပဲခူးတိုင်း ဖြူးမြို့နယ်မှာ NLD ရုံးသစ်ဖွင့်ပွဲမှာ လာရောက်ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံလူထုကို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဖြူးမြို့နယ် NLD ပါတီရဲ့ စည်းရုံးရေး တာဝန်ခံ ဦးသက်စိန် က အခုလို ပြောပါတယ်။

“ဒီ တိုင်းပြည်တစ်ပြည်မှာ ဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံး ဆိုတဲ့အကြောင်းနဲ့ ခေတ်အဆက်ဆက် ဖြစ်လာတဲ့ တချို့ ဥပဒေတွေက ပြည်သူလူထုအတွက် ဖိနှိပ်တဲ့ ဥပဒေတွေ ဖြစ်နေတယ်၊ ဒါကြောင့်မိုလို့ ပြည်သူတွေ အေးအေးချမ်းချမ်း နေဖို့အတွက်ဆိုရင် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ရမယ်လို့ဆိုပြီး တရားဥပဒေ စိုးမိုးရေးကို ပထမ ထည့်ပြောပါတယ်ခင်ဗျ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေး အပြီးအပိုင် ရရှိရေးအတွက်ကို ပင်လုံစိတ်ဓါတ်နဲ့ ဆောင်ရွက်ရမယ် ဆိုပြီးတော့ ပြည်သူလူထုများကလည်း ၀ိုင်းဝန်းကူညီကြဖို့ ပြောပါတယ်။ NLD အနေနဲ့ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကို ပြင်ရမယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ လက်ရှိ အခြေခံဥပဒေဟာ ဒီမိုကရေစီကျင့်စဉ် အတွက်ကို တချို့ဟာတွေက မကိုက်ညီတဲ့အတွက်ကြောင့် ဒီဟာတွေကို လွှတ်တော်ထဲ ရောက်လို့ရှိရင် ပြင်ရမယ် ပြောပါတယ်ခင်ဗျ။ နိုင်ငံတကာနဲ့ စီးပွားရေး စာချုပ် ချုပ်တဲ့အခါမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အရင်ကြည့်ရမယ် ဆိုပြီးတော့လည်း ပြောသွားပါတယ်။ တောင်သူလယ်သမား အစည်းအရုံးတို့၊ အလုပ်သမား သမဂ္ဂ တို့ ဖြစ်လာမှ ဒါတွေဟာ တောင်သူလယ်သမားတွေ အလုပ်သမားတွေ အတွက်ကို အကာအကွယ် ပေးနိုင်မယ်၊ အခုကတော့ ဖွဲ့စည်းပုံတော့ သူတို့ ခွင့်ပြုထားတယ်။ တကယ်တမ်းကျတော့ ဖွဲ့လို့မရသေးဘူးဆိုတော့ ဘာနဲ့တူလဲဆိုရင်တဲ့၊ အမြောက်ပေးထားပြီးတော့ ကျည်ဆံမပေးတာနဲ့ တူပါတယ်တဲ့။”

ဖြူးမြို့နယ်တွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်း ရှိနေရာကနေ အခု NLD ရုံးကို ပြန်ပြီး ဆိုင်းဘုတ်တင် ဖွင့်လှစ်နိုင်တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရုံးခွဲဖွင့်လှစ်ပြီးရင် ပါတီဝင်သစ် စုဆောင်းတာ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမယ် လို့လည်း NLD တာဝန်ခံတွေက ပြောပါတယ်။ လတ်တလော ဖြူးမြို့နယ်အတွင်းမှာ NLD ပါတီဝင် လေးထောင်နီးပါး ရှိတယ်လို့လည်း ဦးသက်စိန်က ပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ ဆိုင်းဘုတ်တင်လို့ မရဘူးလေ။ ဆိုင်းဘုတ်တင်လို့ မရသလို ရုံးအနေနဲ့ သီးခြား မရှိဘူးပေါ့။ အခုကတော့ ကျနော်တို့ ရုံးကို သီးခြား ဖွင့်လိုက်တာပါခင်ဗျ။” NLD ပါတီက တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးနောက်ပိုင်းကစလို့ နိုင်ငံတ၀ှမ်းမှာ ပါတီရုံးခွဲတွေကို ပြန်ပြီး ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။ ပါတီဝင်သစ် စုဆောင်းမှုတွေကိုလည်း ပြန်ပြီး လုပ်ဆောင်နေတာပါ။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရရေး အတွက်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတ၀ှမ်း ခရီးလှည့်လည်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။

မူရင်းလင့်က ဒီမှာပါ။

အကျင့်ပျက်ခြစား အကောက်ခွန်အရာရှိများ ဌာနပြောင်း

ရန်ကုန် ဆိပ်ကမ်းများမှ တရားမ၀င် ကားတင်သွင်းမှုများ၏ လာဘ်ပေးလာဘ်ယူ ကိစ္စများစွာနှင့် ပတ်သက်သည်ဟု သတင်းထွက်နေသော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအကောက်အခွန် ညွှန်ကြားရေးမှူးများကို ယခင်ဌာနထက် ပိုမိုအရေးကြီးသော ဌာနခွဲများသို့ မကြာသေးမီ တာဝန်ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သတင်းရရှိသည်။


ကွန်တိန်နာအတွင်း မော်တော်ယာဉ်တစီး တင်သွင်းလာပုံကို ၂၀၁၁ ခု ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်ဆိပ်ကမ်းတခုတွင် စစ်ဆေး တွေ့ရှိရပုံ။ ကားကို စားသောကုန်ပစ္စည်းများဖြင့် ဖုံးကွယ်ပြီး တင်ဆောင်လာခြင်း ဖြစ်သည်။ (ဓာတ်ပုံ - Eleven Media Group)

အကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ အရေးကြီးသော ဌာနခွဲများဖြစ်သည့် ပို့ကုန်/သွင်းကုန် ဌာန၊ ထောက်ပို့ဌာနများ အပါအ၀င် တခြားသောဌာနများသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် အကောက်ခွန် အေဂျင်စီ အသိုင်းအ၀ိုင်း က ပြောသည်။

“ဦးသိန်းဆွေက ပို့ကုန်/သွင်းကုန်ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး၊ ဦးထင်ပေါ်က ထောက်ပို့ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး၊ အခြားညွှန်ကြားရေး မှူးတွေလည်း အဲဒီလို ဌာနခွဲတွေအလိုက် အပြောင်းအလဲလုပ်တယ်”ဟု ရန်ကုန်မြို့မှ အကောက်ခွန် ၀န်ဆောင်မှု အေဂျင်စီ ပိုင်ရှင် တဦးက ပြောပြသည်။

ရာထူးနေရာပြောင်းရွှေ့ခံရသော ညွှန်ကြားရေးမှူးတချို့မှာ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက အကျင့်ပျက်ခြစားမှုများနှင့် ပတ် သက်ပြီး စုံစမ်းစစ်ဆေးခံထားရသော သူများဖြစ်ပြီး ယခုအခါ အရေးယူမှု မခံရသည့်အပြင် အရေးကြီးသော ရာထူးနေရာများကိုပါ ရယူလာခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန် ဆိပ်ကမ်းများမှ တရားမ၀င်တင်သွင်းသည့် လိုင်စင်မဲ့ကားများနှင့်ပတ်သက်ပြီး အစိုးရက တရားဝင်အရေးယူမှု မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ရန်ကုန် ဆူးလေ ဆိပ်ကမ်းတွင် တရားမ၀င်လိုင်စင်မဲ့ကား ၆ စီး ထပ်မံဖမ်းဆီးမိခဲ့ပြီး အစိုးရ၀န်ထမ်းအချင်းချင်း မကျေမနပ်ဖြစ်ရာမှ သတင်းပေါက်ကြားပြီး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု အကောက်ခွန် အသိုင်းအ၀ိုင်း က ပြောသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာနက စက်မှုဇုန် ကားထုတ်လုပ်ရေး ကုမ္ပဏီတချို့ကို Light Truck ကားစီးရေ မြောက်မြားစွာ ထုတ် လုပ်ခွင့် ချထားပေးလိုက်သည့်အတွက် Light Truck ကားများ နယ်စပ်နှင့် ဆိပ်ကမ်းများမှ ၀င်ရောက်လျက်ရှိသည်ဟုလည်း သိရှိရ သည်။ ထိုကားများမှ အင်ဂျင်များနှင့် ပြန်လည်ပြင်ဆင် ထုတ်လုပ်ကြခြင်းဖြစ်သည်။

“Light Truck တွေကတော့ ဇိမ်ခံဆလွန်းကားတွေလို သိပ်တော့ပြဿနာမကြီးဘူး၊ နားလည်မှုနဲ့ အချင်းချင်းချိတ်ဆက်ပြီးလုပ်ကြ တာပဲ၊ ပုံစံအမျိုးမျိုးရှိတယ်၊ စက်မှုဇုန်ကားကုမ္ပဏီတွေက လိုင်စင်မဲ့တရုတ် Light Truck တွေကို ပုံစံအမျိုးမျိုးနဲ့ကိုသွင်းနေကြ တယ်”ဟု အကောက်ခွန် အေးဂျင့်တဦးက ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ လဆန်းက ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန ၀န်ထမ်းများသည် ခွင့်ပြုချက်မရဘဲ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သတင်းပေးဖြေကြားမှု ပြုလုပ်ပါက ထိရောက်စွာ အရေးယူခံရမည် ဟု ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက ဌာနတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

လာဘ်ပေး လာဘ်ယူမှု ဆိုင်ရာ သတင်းများ၊ မသမာမှုများ ဖော်ထုတ်စုံစမ်း စစ်ဆေးသည့် သတင်းများနှင့် ဌာနတွင်း သတင်း အချက်အလက်များ ပေါက်ကြားပါက အစိုးရ လျှို့ဝှက် အက်ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ခြင်း ဖြစ်သည်။

သတင်းပေါက်ကြားမှုကြောင့် ဌာနတွင်း ဂယက်ရိုက်ခတ်မှုများစွာဖြစ်ပေါ်ခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် တိမ်းရှောင်ရသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း အကောက်ခွန် ၀န်ထမ်းများက ပြောဆိုသည်။

၂၀၀၆ ခုနှစ်ကလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လင်း အပါအ၀င် အကောက်ခွန် ၀န်ထမ်း ၆၀၀ ကျော်ကို ဖမ်းဆီးထောင်ချမှု ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် စတင်တာဝန်ယူလာသည်မှာ တနှစ်ပြည့်လာပြီဖြစ်သော်လည်း လာဘ်ပေး လာဘ် ယူ၊ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်ပြီး စံပြ အရေးယူမှုမရှိသေးဘဲ ခြစားမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ပြည် တွင်း သတင်းမီဒီယာများတွင် ခြစားမှုများနှင့်ပတ်သက်ပြီး လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်မရသေးကြောင်း သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

မူရင်းလင့်က ဒီမှာပါ။

နေပြည်တော် လူထု ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ကြို

မြန်မာအစိုးရခြေစိုက် နေပြည်တော်သို့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရန် ရောက်ရှိလာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံလူထုက တခဲနက် ကြိုဆိုကြသည်။

နေပြည်တော်ရှိ လစ်လပ်နယ်မြေလေးခုအနက် ပထမဆုံးအဖြစ် ဒက္ခိဏသိရီမြို့နယ်သို့ဒေါ်အောင်ဆန်းစုကြည် သွားရောက် ရာတွင် ဒေသခံ လေးသောင်းကျော်က “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အောင်မြင် ပါစေ” ဟု ကြွေးကြော်သံ များဖြင့် သောင်း သောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြကြောင်း NLD ကပြောသည်။


တံတားဦးတွင် ဒေသခံ လူထုကို ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-ဧရာဝတီ)

“မလာခင်တုန်းကတော့ စိတ်ထဲမှာထင်မိတယ်။ ဒီ ဒက္ခိဏသီရိမြို့နယ်က ရွာသူရွာသားတွေက တော်တော်များတယ်ဆိုတော့ ဝန်ထမ်းတွေလည်း ပါမလားတော့မသိဘူး။ နည်းနည်းများကြောက်ကြမလားလို့၊ ကျမကထင်မိတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုသွားသည်။
ဒက္ခိဏသီရိမြို့နယ်တွင် လူထုစည်းရုံးရေး ဟောပြောရန်အတွက် ကွင်းပြင်ကျယ်များကို ငှားယမ်းရာတွင် ကန့်ကွက်မှုများနှင့် ကြုံရကြောင်း၊ သို့သော် ဟောပြောပွဲကို အနီးရှိ ရွာမကျေးရွာခံများသာမက အစိုးရဝန်ထမ်းများပါ လာရောက်ကြိုဆိုကြကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ သတင်းထောက် များက ဧရာဝတီသို့ ပြောသည်။

ဒက္ခိဏ သီရိမြို့နယ်တွင် NLD ပါတီက နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနိုင်ငံလင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းမြို့နယ် သည် ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဦးမြင့်လှိုင် ၏မဲဆန္ဒနယ်မြေဖြစ်သည်။

နေပြည်တော်တွင် မြို့နယ် ၅ ခုရှိသည့်အနက်မှ လစ်လပ်နယ်မြေဖြစ်သော ဇဗ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ် နှင့် ဥတ္တရသီရိမြို့နယ်တွင် NLD က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်းမြို့နယ်များတွင် ပါတီစည်းရုံးရေးအတွက် ကွင်းပြင်များ ငှားယမ်းရာတွင် နှောက်ယှက်မှုများကြုံတွေ့နေရသကဲ့သို့ ပါတီ ဆိုင်းဘုတ်များကိုလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ပုဗ္ဗသီရိမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောသည်။

နေပြည်တော်မရောက်မီ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သေးသည်။ ယင်းခရီးစဉ်ကို ယနေ့ နံနက် ၆ နာရီခွဲ့ခန့်တွင် သူတည်းခိုရာ မန္တလေးမြို့ Novotel Hotel မှ စတင်ထွက်ခွာခဲ့ပြီးနောက် တံတတားဦးမြို့နှင့် နွားထိုးကြီးမြို့များ၌ သောင်းနှင့်ချီသော ဒေသခံ လူထု ပရိသတ်များကို မဲအောင်နိုင်ရေး စည်းရုံးဟောပြောမှု များပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးတလျှောက် သောင်းနှင့်ချီသော ဒေသခံများက NLD အလံ အမှတ်တံဆိပ်ပါ အလံများဝှေ့ယမ်းကာ တခဲနက် ကြိုဆို၊ နှုတ် ဆက်မှုများပြုလုပ်ခဲ့ကြသကဲ့သို့“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု ဆုတောင်းပေးခဲ့ကြသည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသော သတင်းထောက် တဦးက ပြောသည်။

မွန်းတည့်ချိန်တွင် မိထ္ထီလာမြို့သို့ရောက်ရှိခဲ့ပြီး ဒေသခံလူထု လေးသောင်းကျော်အား မိန့်ခွန်းပြောရာတွင် အကြောက်တရားကင်းကြ ရန် တိုက်တွန်းဟောပြောခဲ့ကြောင်း ယင်းမြို့နယ်၏ NLD ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။

ယနေ့ပြုလုပ်ခဲ့သည့် စည်းရုံးရေးခရီးစဉ်တွင် နွားထိုးကြီးမြို့တခုမှလွဲ၍ ကျန်မြို့နယ်များဖြစ်သည့် တံတားဦး၊ မိတ္ထီလာနှင့် နေပြည် တော်တို့တွင် NLD က ခေတ္တငှားရမ်းထားသည့် အားကစားကွင်း၌ ခွင့်ပြုချက်မရရှိသဖြင့် လယ်ကွင်းများတွင် ဟောပြောခဲ့ရကြောင်း သိရသည်။

အလားတူ စနေနေ့က မန္တလေး မြို့စည်းရုံးရေးခရီးစဉ်၌လည်း တောင်းဆိုထားသည့် အားကစားကွင်းတွင် ခွင့်ပြုချက်မရရှိသဖြင့် လယ်ကွင်းများကို ရှင်းလင်းကာ ဟောပြောခဲ့ရသကဲ့သို့ စစ်ကိုင်းတိုင်းခရီးစဉ်တွင်လည်း မြစ်ကမ်းနဖူး သဲသောင်ပြင်ပေါ်တွင် ဟော ပြောခဲ့ရသည်။

NLD ပါတီအနေဖြင့် ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် လစ်လပ် မဲဆန္ဒနယ်မြေ ၄ ခု အပါအဝင် လစ်လပ်နယ်မြေ ၄၈ ခုလုံး တွင် ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

မူရင်းလင့်က ဒီမှာပါ။