Wednesday, February 29, 2012

တန်ဖဲရွာမှ မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ


ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ဆုံအတနီးက တန်ဖဲရွာမှာ မြစ်ဆုံကျေးဇူး ပဲ့တင်သံ မိတ်ဆုံစားပွဲကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ မနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ကျင်းပခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချိုအပါဝအ၀င် ၁၆ ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ ဖြစ်ကြတဲ့ ဆရာဦးအုန်း၊ ဒေါ်ဒေ၀ီသန့်ဇင်၊ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်၊ ကာတွန်း အော်ပီကျယ်တို့နှင့်အတူ အနုပညာရှင်များ၊ NGO အဖွဲ့ဝင်များ၊ ကဗျာဆရာများ၊ ဒေသခံများ ၂၀၀ ကျော် တက်ရောက်ခဲ့တဲ့မြင်ကွင်းကို တင်ပြထားပါတယ်။ မြစ်ဆုံကိစ္စဟာ ခေတ္တရပ်နားထားတဲ့အတွက် ကျေးဇူးတင်ရပေးမယ့် ထာဝရစိတ်အေးရအောင် ရေရှည်မှာ ဆောင်ရွက်ရမယ့် အခြေအနေတွေအတွက် ကတိပြုနိုင်ခဲ့တဲ့ ပွဲလို့ဆိုရမှာပါ။


 
         


မူရင်းလင့်က ဒီမှာပါ။

မြစ်ဆုံ(ကဗျာ)




မြစ်ဆုံ

လာခဲ့ ...
အစ်ကိုလဲ လာခဲ့
ညီလေးလဲ လာခဲ့
အစ်မလဲ လာခဲ့
ညီမလေးလဲ လာခဲ့
သူငယ်ချင်းတွေလဲ လာခဲ့
မိတ်ဆွေတွေလဲ လာခဲ့
အားလုံးကို ပေါင်းစုမှ
အင်အားတစ်ခုကို ရမှာပေါ့။

ယူခဲ့
ချစ်ခင်မှုကို ယူခဲ့
လေးစားမှုကို ယူခဲ့
ရိုးသားမှုကို ယူခဲ့
မြင့်မြတ်မှုကို ယူခဲ့
ဇွဲလုံ့လကို ယူခဲ့
သတ္တိကို ယူခဲ့
အားလုံးကို ပေါင်းစုမှ
စွမ်းဆောင်ရွည်တစ်ခုကို ရမှာပေါ့။

လာခဲ့ကြ
အားလုံးလာခဲ့ကြ
ယူခဲ့ကြ
အားလုံးယူခဲ့ကြ။ ။
မူရင်းလင့်က ဒီမှာပါ။

ဝါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို

တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက ပြောသည်။

ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။



ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ


ဦးဖိုးဖြူက “ ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ” ဟု ပြောသည်။

ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊ ထို့ကြောင့် တိုင်ကြားစာတွင် တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။ “ ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့် ရက်မှန်ကြေးအား တစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။

တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း ၁၈၆၂ ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။

ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။

ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင် ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။

ဝါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။ ။

မူရင်းလင့်က ဒီမှာပါ။

ငါတို့ရွာက သစ်ပင်များ(ကဗျာ)




ငါတို့ရွာက သစ်ပင်များ

အညာကျေးလက်
ကုန်းတက်ကုန်းဆင်း၊ ကုန်းကျင်းထဲမှာ
ဆူးခက်ကာတဲ့ ရွာကလေး။

ရွာကလေးမှာ
ရွာပြင်ရွာတွင်း
သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်
သစ်ပင်ကြီးငယ်၊ ဖက်တွယ်ဆင်းတက်
ကိုင်းခက်နိမ့်မြင့် အဆင့်အဆင့်မှာ
ပွင့်ပုံသီးပုံ၊ ပျားအုံ ပုတ်သင်
ဘယ်အပင်မှာ
ဘာရှိတာကို ငါမသိတာ မရှိခဲ့။

မြို့ပြနဲ့ဝေး၊ မြစံနဲ့ဝေး
ကျေးတော ကျောက်ကုန်း
သဲကျောက်တုံးတို့
ကျောက်ဖြုန်း စရစ်ဖွေး။

ကျောက်စရစ်ကုန်း
နုန်းမြေမတင်
ရှားစောင်း မိုးနံ
ဇီး ခံပင်
ပုတက်က၀င်၊ ဖွတ်ကထွက်
နွားကျောင်းသား တို့များသူငယ်ချင်း
ဝါးရင်းတုတ်နဲ့နှက်။

မိုးခေါင်ရေရှား၊ တို့များကျေးရွာ
မိုးအကျ၊ ပျိုးကြဲစိုက်ကြရှာ။
ပဲပြောင်းနဲ့ နှမ်း၊ ၀ါ
ယာရှိသူက ယာကိုစိုက်
ယာမရှိသူက အငှားလိုက်
မရှိလဲစိုက် ရှိလဲစိုက်
တရွာလုံး ရုန်းကြအစုလိုက်။

ထန်းပင်ရှိသူ ထန်းပင်တက်
အုန်းပင်ရှိသူ အုန်းပင်တက်
မရှိသူက ထန်လျှောက်ရက်
ထန်းဖူး အုန်းရွက် တောင်းနဲ့ခွက်။

ရွာ့အရှေ့ဖက် ညောင်ညိုပင်
တပင် နှစ်ပင် သုံးလေးပင်
အုတ်ပလ္လင်နဲ့ ရေချမ်းစင်။
ညောင်ပင်ရိပ်တွင် လူတွေနား
ညောင်သီး ကျေးငှက်စား။

အညာကတမာ၊ ၀ါတာတာ
ခါးသက်ဖန်ဆိမ့် အရသာ
ရွာအ၀င်လမ်း တမာတန်း
ရွက်နုဖူး ဦးသူခူးစတမ်း။

ရွယ်လယ်ရပ်က မန်ကျီးပင်
ရွက်နုသီးနု ဟင်းအချဉ်။
အသီးခြောက်ရင် လေခြွေကောက်
ဘုန်းကြီးဖျော်ရည်သောက်။

ရွာမြောက်ဖက်က ခံတက်ပင်
နွေဦးပေါက်လျှင် ရွက်နုလွင်
လက်ထည့်ချဉ် သူ့အရွက်
မြို့ကြီးသူတွေ လျှာရင်းမျက်။

ရွာတောင်ဖက်က ထနောင်းစု
စိမ်းလွင်ရွက်နု မေပျိုလု
ရွက်နုအသုပ် ဆွမ်းဟင်းခွက်
ဆရာတော်ကြီး အလွန်မက်။

ရွာ့အနောက်ဖက် သင်္ချိုင်းမြေ
ပဒိုင်းပင်တွေ တောထနေ။
ရူးချင်သူတွေ သွားလို့ခူး
မခူးခင်က ရူး။

ကဗျာဆရာ သူ့ရပ်ရွာ
နွေဦးပေါက်တိုင်း ပြန်ချင်ရှာ
တမာလဲခူး ထနောင်းဖူး
ပုတက်လဲတူး ဖွတ်လဲတူး
ပဒိုင်းပွင့်ဖူး သူမခူး။

မခူလဲရူး၊ ခူးလဲရူး
ရွာကိုလွမ်းလို့ ထွန့်ထွန့်လူး ...။

မူရင်းလင့်က ဒီမှာပါ။

Cartoon

ကာတွန်းနေမျိုးအေး - အနိုင်လိုချင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး





မူရင်းလင့်က ဒီမှာပါ။

ကချင်ပြည်နယ် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ၈၈ မျိုးဆက်က ဆန္ဒရှိ

ကချင်ပြည်နယ်တွင် ယခုဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံအတွက် လက်ငင်းဆောင်ရွက်ရမည့် ပြဿနာများဖြစ်၍ နိုင်ငံရေးကြောင့်ဖြစ်သည့် ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အလေးအနက်ဆန္ဒပြုသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏သဘောထားကိုယနေ့ ကြေညာလိုက်သည်။




ကချင်ပြည်နယ်သို့ ယခုလ ၂၃ ရက်နေ့က ရောက်ရှိခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ခေါင်းဆောင်များက ယနေ့နံနက် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ်ကိုပြုလုပ်စဉ် ယခုကြေညာချက်ကို ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။

၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုပြုံးချိုက “ ကချင်ပြည်နယ် မှ ဖြစ်ပေါ်နေတဲ့ မြစ်ဆုံကိစ္စနဲ့ ကချင်စစ်ဘေးသင့် ကိစ္စတွေကို အကျဉ်းထောင်ထဲမှာ ရှိစဉ်က မီဒီယာက ရရှိတဲ့ သတင်းအရ သိရတယ်။

ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး လွတ်လာပြီး စုပြီး တိုင်ပင်လိုက်တဲ့အခါမှ ကျွန်တော်တို့ ရှေ့ဆက်လုပ်သွားမဲ့ လုပ်ငန်းစဉ်တွေထဲမှာ တိုင်းရင်းသားတွေ ရဲ့ပဋိပက္ခကိစ္စတွေ ကိုလည်း ကျွန်တော်တို့ အာရုံစိုက်သင့်တယ်ဆိုတဲ့ အချက်တချက်ပါလာတယ်” ဟု YPI သို့ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ကချင်ပြည်နယ်သို့ ရောက်ရှိနေစဉ်အတွင်း ယခုလ ၂၄ ရက်နေ့တွင် မြစ်ဆုံ တန်ဖဲရွာ၌ ပြုလုပ်သည့် မြစ်ဆုံကျေးဇူးပဲ့တင်သံ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။ ၎င်းနောက် မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ အကူအညီ ပစ္စည်းငွေများပေးအပ်ခြင်း၊ ဒုက္ခသည်များနှင့် ရင်းနှီးစွာ စကားပြောဆို အားပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

ကိုပြုံးချိုမှပင် ၎င်းတို့ အဖွဲ့အနေဖြင့် ကချင်ပြည်နယ်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လျက် ဆောင်ရွက်သွားမည့် အကြောင်း၊ လက်တလောဖြေရှင်းရမယ့် အချက်တွေက ဘာတွေလဲဆိုတာလည်း ၎င်းတို့အနေဖြင့် သိခဲ့ရပြီး ယင်းအချက်မှာ တတ်နိုင်သမျှ ငြိမ်ချမ်းရေးကို အမြန်ဆုံး ဖေါ်ဆောင်ဖို့ ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ခေါင်းဆောင်များမှာ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်တွင် အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီးနောက် ကချင်ပြည်နယ်သို့ ယခုအကြိမ်သည် ပထမဆုံးလာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် ကေအိုင်အိုနှင့် အစိုးရအကြား ၁၉၉၄ ခုနှစ်မှ စတင်ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး (ငြိမ်းချမ်းရေး) မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်ပျက်ပြယ်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့သည်။ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဒေသခံ ၃ သောင်းနီးပါးမှာ မြစ်ကြီးနားအပါအ၀င် အခြားမြို့များနှင့် တရုတ်နယ်စပ်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ။

Posted by MoeMaKa

မြန်မာပြည်သို့ လည်ပတ်သည့်ပြည်ပဧည့်သည်ဦးရေ များပြား၊ ပိတ်ဆို့မှုဖွင့်ပေးရေး ဖိအားသဖွယ်ဖြစ်


၂၀၁၂ ဇန်န၀ါရီလဆန်းမှစတင်ပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်သည့် ပြည်ပဧည့်သည်ဦးရေ များစွာတိုးတက်လာသည်ဟု မြန်မာပြည်သို့ လေ့လာရေးထွက်ခဲ့သည့် NPR ရေဒီယိုသတင်းထောက်က ၎င်းသတင်းဆောင်းပါးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာပြည်တွင်းသို့ ဧည့်ဗီဇာဖြင့် လာရောက်သည့် ပြည်ပခရီးသည်များ တိုးတက်လာကြောင်း၊ လက်ရှိအစိုးရကိုယ်တိုင်ကလည်း ၂၀၁၂ ကို ခရီးသွားနှစ်သဖွယ် ဖြစ်လာအောင် ကြိုးစားပြင်ဆင်နေပုံရကြောင်း၊ အာဆီယံဆိုင်ရာ လုပ်ငန်းများ၊ ညီလာခံများသာမက အခြားနိုင်ငံများက လေ့လာရေးအဖြစ် ၀င်ရောက်လာသည့် ဧည့်သည်များ အစုအဖွဲ့များကိုလည်း မြန်မာအစိုးရက ကောင်းမွန်စွာ လက်ခံနေကြောင်း အဆိုပါ ရေဒီယိုသတင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံခြားသတင်းထောက်များ၊ လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သည့် အစုအဖွဲ့များကို သိန်းစိန်အစိုးရနှင့် ရွှေမန်းလွှတ်တော်က လက်ခံတွေ့ဆုံသည့် အကြိမ်အရေအတွက်သည် အဆိုပါပုဂ္ဂိုလ်တို့ အတိုက်အခံများနှင့် တွေ့ဆုံသည့်အကြိမ်ထက် ပိုမိုများပြားသည်ဟု သတင်းသုံးသပ်သူက ပြောဆိုသည်။

နိုင်ငံတကာက ဧည့်ပရိသတ်လာရောက်လည်ပတ်မှု များပြားလာခြင်းသည် လက်ရှိအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းဖို့ ဖိအားသဖွယ် တွန်းအားသဖွယ် ဖြစ်နေသည်ဟု မြန်မာပြည်တွင်းရှိ မြန်မာအီးဂရက်က ဦးဆောင်သူတဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောဆိုကြောင်း သတင်းဆောင်းပါးတွင် ကောက်နုတ်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ အရပ်ဝတ်ကြံ့ဖွံ့ပါတီ အာဏာရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံနိုင်ငံရေးအင်အားစုများကို လွတ်လပ်ခွင့်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းတို့ကြောင့် မြန်မာပြည်သည် တိုးတက်သည့် အပြောင်းအလဲကို ရှေ့ရှုနေပြီဟု အမေရိကန်၊ ဗြိတိန်နှင့် အီးယူရှိ အစိုးရပိုင်းနှင့် နိုင်ငံရေးသမားအချို့က သုံးသပ်လျက်ရှိသည်။

(Photo, AFP, Getty Images - 2012, February, Burmese exile, Ko Aung Naing Oo seen with family at his return)

Posted by MoeMaKa

ကျွန်တော် တင်တဲ့ ရွှေမင်းသမီး

The Artist ရုပ်ရှင် ကား ကို ရုပ်ရှင် ပေါ်ဦးစက က ဇာတ်ကား များ အတိုင်း အဖြူ အမည်း ဖြစ်သာ ပြပြီးခောတ်ဟောင်း က Aspect Ratio ဖြစ်သည့် 4:3ဖြစ် တင်ဆက်သည်။ ခောတ်ဟောင်းမင်း သား ဂျော့ဗယ်လန် အဖြစ် သရုပ်ဆောင် သည့် ယန်း ဒူဂျာဒင်သည် ထို ခောတ်က ရုပ်ရှင် ရိုက်ကူး မှု Frame Rate အတိုင်း (24 Fps) သရုပ်ဆောင် (ဆတ်ကော့ ဆတ်ကော့ ဖြင့်) ရသဖြင့် သရုပ် ဆောင် ရ အတော်ပင် ခက်လှသည်။

ဇာတ်လမ်း ကို လည်း ခောတ်ဟောင်း က ဇာတလမ်းများ အတိုင်း ရယ်စေ ၊ မောစေ ၊ သဲထိတ်ရင် ဖို ဖြစ်စေ ၊ ဇာတ်ပေါင်း ခန်းမှာ အား လုံး ပါစေ ဆိုသည့် ဇာတ်လမ်း မျိုး ပင် ပြန်လည် ရိုက်ကူး ခဲ့ သည်။

ဇာတ်လမ်း အစ မှာ အင် အသံတိတ် ခောတ်က ရုပ်ရှင် ရုံ များ အတိုင်း စင်အောက် မှ နေ၍ ဂီတ တီးဝိုင်း ဖြင့် ပိတ်ကား တွင် ပြ နေသည့် ဇာတ်ကို ပံ့ပိုး ပေး ရသည့် သဘော ကို ဦးစွာ ထည့်သွင်း ထား သည်။

ရုပ်ရှင် ထုတ်လုပ် သူ ငွေရှင် ကြေးရှင် အယ်(လ)ဇင်မာ က မင်းသား ဂျော့ဗယ်လန်တင် ကို သူ ၏ ရုံး ခန်း ဉ် ခေါ်ပြောသည်။ စကား ပြောသည့် ခောတ်ကြီး ရောက် နေပြီ ဖြစ်ကြောင်း (The World is talking)Kinograph ရုပ်ရှင် ကုမ္ပဏီ သည် အသံတိတ် ရုပ်ရှင် ကား များ ထုတ်လုပ် ရာ မှအသံထွက် ရုပ်ရှင် ကား များ ထုတ်လုပ် တော့ မည်ဖြစ်ကြောင်း ခောတ်ဟောင်း က အသံတိတ်မင်းသား ဖြစ် သည့် ဂျော့ဗယ်လန်တင် ကို မလို အပ်တော့ ကြောင်း မျက်နှာသစ် များ ၊ သွေးသစ်လူ သစ် များ ကို သာ အလို ရှိ ကြောင်း ပြောပြီး သူ့ ကို မင်းသား အဖြစ်မှ ရပ်စဲ လိုက် သည်။

သူ အပြန်အထွက် တွင် သူ့ ကျေးဇူး ကြောင့် မထင် မရှား ဇာတ်ရံ အဖြစ် ပါရသည့် ပက်ပီမီလာ ၏ ပုံ ကို Kinograph ရုပ်ရှင် ကုမ္ပဏီ က စင်တင် မင်းသမီး သစ် တစ်လက် အဖြစ် ကြော်ငြာ ထားရာ မရွယ်ဘဲ နှင့်စော်ကဲ မင်းဖြစ်ခဲ့ ရသည့် ပက်ပီ ၏ ပုံ ကို ကြည့်ပြီး ဂျော့ဗယ်လန်တင် မှာ ရင်ထဲ ဆို့ နစ် သွား ရသည်။

ပရိုဂျူဆာ ၏ အခန်းမှ အထွက် တွင် တော့ မထင် မှတ်ဘဲ ……………

အပြည့် အစုံ ကို ယနေ့  ည စောင့်မျှော်ဖတ် ရှု ပါ……………..။

မူရင်းလင့်က ဒီမှာပါ။

ALD နဲ့ SNLD မှတ်ပုံတင်ရေး စတင်ပြီ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က တနင်္လာနေ့မှာ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်လိုက်ပါတယ်။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တခြား နိုင်ငံရေး ပါတီတွေလည်း ပါတီအဖြစ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေကြတာပါ။ နိုင်ငံရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဖို့အတွက် တရားဝင်ပါတီအဖြစ်နဲ့ ဆက်ပြီး မှတ်ပုံတင်ဖို့ကလွဲလို့ တခြား နည်းလမ်းမရှိလို့ အခုလို မှတ်ပုံတင်ရတာလို့ ဖျက်သိမ်းခံထားရတဲ့ တိုင်းရင်းသား ပါတီတွေက ပြောကြပါတယ်။ ဒီအကြောင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းခံထားရတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့တဲ့ ပါတီတစ်ခုအနေနဲ့ အခုမှ ပြန်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းတာနဲ့ ပတ်သက်လို့တော့ ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဦးသာဘန်းက အခုလို ပြောပါတယ်။ “ကျနော်တို့ပါတီက ၁၉၉၁ ခုနှစ်မှာ အဖျက်ခံရတယ်။ ဒါပေမဲ့ ကျနော်တို့က ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဆက်လက် လှုပ်ရှားကြတယ်ပေါ့ဗျာ။ မှတ်ပုံတင်တော့ မရှိဘူးပေါ့။ NLD ကလည်း ပြန်လည် မှတ်ပုံတင်တယ် ဆိုတော့ ကျနော်တို့လည်း ပြန်လည် မှတ်ပုံတင်ပါတယ်။ ကျနော်တို့မူက တိုင်းရင်းသား ခေါင်းဆောင်တွေ မလွတ်သ၍ ၈၈ ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ၊ သံဃာတော်များ မလွတ်သ၍ ကျနော်တို့ မှတ်ပုံမတင်ဘူးဆိုတာ ဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ နေခဲ့ပြီးတော့ အခုတော့ အကျဉ်းသားပုဂ္ဂိုလ်တွေ လွတ်လာတော့ ကျနော်တို့ မှတ်ပုံတင်တော့ဖို့ လုပ်ပါတယ်။ ဒါကြောင့်မိုလို့ နေပြည်တော်ကို မနေ့ကသွားပြီးတော့ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦးဖြစ်တဲ့ ဦးကျော်မြင့်နဲ့ ဦးမျိုးကျော်တို့ သွားရောက်ပြီးတော့ မှတ်ပုံတင်ခဲ့ပါတယ်။” ဖျက်သိမ်းခံထားရတဲ့ ပါတီရဲ့ နံမည် တံဆိပ် အလံတို့ကို ပြန်ပြီး သုံးစွဲထားတဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံတင်ခွင့် ရလာရင် ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်လည် စည်းဝေးဆုံးဖြတ်မယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ပါတီခေါင်းဆောင်တွေ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ ပြန်လည် မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ မှတ်ပုံတင်မှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“ရွေးကောက်ပွဲ ကာလတုန်းက ကျနော်တို့ မှတ်ပုံမတင်ဘူး ဆိုတာက ကျနော်တို့ တစ်အချက် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် ထောင်ထဲမှာ ရောက်နေတယ်။ အဲဒီအချိန်တုန်းက ပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေမှာလည်း ထောင်ကျနေတဲ့ ပုဂ္ဂိုလ်တွေကို ပါတီထဲ ၀င်ခွင့်မပြုဘူးဆိုတာတွေလည်း ရှိတယ်လေ။ ဒီအချက်တွေကြောင့် မိုလို့ ကျနော်တို့ မှတ်ပုံတင်ဖို့ ငြင်းပယ်ခဲ့တယ်။ ပြီးတော့ တခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ လက်မခံလို့၊ အဲဒီရဲ့ အရင်းခံ အမျိုးသားညီလာခံကို ဆန့်ကျင်တဲ့ အတွက်ကြောင့်မိုလို့ ကျနော်တို့ ခေါင်းဆောင်တွေက ဖမ်းဆီးခံရတယ်လေ။ အဲဒီကိစ္စတွေကြောင့်မိုလို့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ကျနော်တို့ လက်မခံဘူး။ referendum ကိုလည်း ကျနော်တို့ ကန့်ကွက်တယ်။ ဆန့်ကျင်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျောပေးခဲ့တယ်ပေါ့ဗျာ။ အခု အခြေအနေမှာတော့ ဘာဖြစ်လို့ ကျနော်တို့ အဲဒီလို လုပ်ရလဲဆိုတော့ နိုင်ငံရေး လုပ်မယ်ဆိုလို့ရှိရင် လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကလွဲပြီးတော့မှ၊ ပါတီ မှတ်ပုံတင်ပြီး လုပ်ဖို့ကလွဲလို့ တခြား လုပ်စရာ နည်းလမ်းမရှိဘူး။ ပြည်သူလူထု အကျိုးရှိရာရှိကြောင်း နိုင်ငံရေးလုပ်မယ်ဆိုရင် မှတ်ပုံတင်မှသာလျှင် လုပ်ခွင့်ရတော့မယ့် အနေအထားရောက်လို့ မှတ်ပုံတင်ရခြင်း ဖြစ်ပါတယ်။”

ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ကြရေး ဆွေးနွေးခဲ့ကြပြီး နောက်ထပ် ဆက်ပြီး မှတ်ပုံတင် စာရင်းပေးသွင်းမယ့် ပါတီတွေလည်း ရှိနေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“အသီးသီးသော ပါတီတွေက အဆင်ပြေတဲ့အချိန်မှာ မှတ်ပုံတင်ကြဖို့ကို အဆိုပြုကြတယ်။ အခု အနေအထား အရဆိုရင် ဇိုမီး တင်မယ်၊ ALD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က တင်မယ်ပေါ့ဗျာ။ တခါ ကျနော်တို့ ရှမ်း တင်မယ်၊ နောက် မွန်ကလည်းပဲ တင်နေပြီ။ ဆိုတော့ အနည်းဆုံး လေးပါတီကတော့ ဆက်လက် တင်ကြဖို့ကို အားလုံး ဆန္ဒပြုနေကြပါပြီ။”

အခု ပြန်ပြီး မှတ်ပုံတင် လျှောက်ထားကြမယ့် တိုင်းရင်းသားပါတီတွေဟာ ၁၉၉၁ ခုနှစ် စစ်အစိုးရ လက်ထက်က ဖျက်သိမ်းခံထားရပြီး ဆယ်စုနှစ် နှစ်ခုကျော် တရားမ၀င် နိုင်ငံရေးပါတီတွေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ရပ်တည်ခဲ့ကြတဲ့ ပါတီတွေ ဖြစ်ပါတယ်။ အခုလို ဖျက်သိမ်းခံ တိုင်းရင်းသားပါတီတွေ အနေနဲ့ မှတ်ပုံတင် ပြန်လည် လုပ်ဆောင်ရတာကလည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေကို အစိုးရက ပြန်ပြီး လွှတ်ပေးတာအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံတင်တာကြောင့်လည်း ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက်ရပြီ

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဘူးဆိုပြီး အတိုင်ကြားထားတာကို တိုင်းဒေသကြီးကော်မရှင်ရုံးက ဒီကနေ့ အမိန့်ချပြီး ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်၊ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံဆက်ပြောပြပေးမှာပါရှင်၊

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတယောက်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီခြင်းမရှိဘူး ဆိုပြီး တိုင်းဒေသကြီးကော်မရှင်ရုံးကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက အယူခံ ၀င် ကန့်ကွက်ထားတာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် အင်္ဂါနေ့နေ့လယ်မှုာ တိုင်းဒေသကြီးကော်မရှင်ရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်၊ အခုလိုမျိုး တိုင်းကော်မရှင်ရုံး က ကန့်ကွက်လွှာကို ပယ်ချအပြီး သက်ဆိုင်ရာ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုတဲ့ အမည်စာရင်းကဒ်ထားပြီလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်၊

“ခရိုင်ကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း နို့တစ်စာ ကပ်ပြီးပါပြီ။ ဒီနေ့ နေ့ခင်း အမိန့်ကျတယ်။ တိုင်းကော်မရှင်က အမိန့်ကျတာ။ ပြီးတော့ ဥပဒေအရ ခရိုင်ကော်မရှင်က ကပ်တာ။ မခိုင်လုံလို့ ဘာညာဆိုတာ ဖော်ပြမထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုတယ်၊ ဒါပဲ။”

ဦးတင်ရီဟာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ကော့မှူးမဲဆန္ဒနယ်ထဲ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် သူလည်း ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ငွေကြေးထားရှိတယ် ၊ အင်္ဂလန် နိုင်ငံရဲ့ နေထိုင်ခွင့် Green Card ကိုင်ဆောင်ထားသူ ဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်း တဦးရဲ့ အရည်အချင်း နဲ့ မကိုက်ညီဘူးဆိုပြီး ဖေဖော်ဝါရီလ ၆ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ဦးတင်ရီက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပယ်ချအပြီး ဦးတင်ရီဘက်က တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံ ဆက်ဝင်ခဲ့ပါတယ်။ မနေ့ကတော့ ဒီကန့်ကွက်မှုကို NLD ပါတီဘက်က ချေပလွာ တင်အပြီး ဒီကနေ့ တိုင်းဒေသကြီးကော်မရှင်ရုံးက ပလပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာ ကိုယ်စားလှယ်လောင်းတဦးကို ကန့်ကွက်တဲ့အဆင့်ရဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။

ဦးဥာဏ်ဝင်း ။ “ဘယ်လိုကြောင့်လဲဆိုတာတော့ ကျနော်တို့ မပြောချင်ပါဘူး။ ဒီကန့်ကွက်လွှာကို ကြည့်ခြင်းအားဖြင့် အကြောင်းအရာတွေက မှားယွင်းနေတဲ့အပြင်ကို အထောက်အထားမဲ့ ကန့်ကွက်တဲ့ ကန့်ကွက်လွှာလို့ပဲ မြင်ပါတယ်။”

ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံးကို NLD ပါတီက ၀င်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်ထားပြီး ခုဆိုရင် ၄၇ နေရာအတည်ပြုချက်ထွက်နေပြီဖြစ်ပြီး စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်အတွက် NLD ရဲ့ကိုယ်စားလှယ်လောင်းအမည်စာရင်းတခုသာ အတည်ပြုချက် မထွက်သေးဘဲ ကျန်နေပါသေးတယ်။ ဦးဥာဏ်ဝင်း။ “ဦးစောလှိုင်ပဲ အင်းတော်မဲဆန္ဒနယ်မှာ ကျန်သေးတယ်၊ သူက အရည်အချင်းချို့ငဲ့ခြင်း ရှိမရှိ စိစစ်ဖို့ ပြည်သူ့ကော်မရှင်ကို ရောက်နေတယ်လို့ အဲလို နားလည်ပါတယ်။ အဲဒီက အဖြေဘယ်လိုရှိမယ်ဆိုတာ မသိသေးပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ခုဆိုရင် ကိုယ်စားလှယ်လောင်းအမည်အတည်ပြုချက်စာရင်း ထွက်လာပြီမို့ သူဝင်ရောက် ယှဉ်ပြိုင်အရွေးခံမယ့် ကော့မှူးမြို့နယ်ကို ကိုယ်စားလှယ်လောင်း စည်းရုံးရေးအဖြစ် တခေါက်သွားဖို့ စီစဉ်ထားတယ် လို့လည်း NLD ပါတီက ပြောပါတယ်၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မတ်လ ၁ရက်နေ့မှာတော့ ရှမ်းပြည်နယ် နဲ့၊ မတ်လ ၃ရက်နေ့ကနေ ၅ ရက်နေ့ထိကိုတော့ မန္တလေးတိုင်း စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တွေကို လည်း ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ စည်းရုံးရေးတွေ အဖြစ်သွားဖို့ ရှိပါတယ်။

မူရင်းလင့်က ဒီမှာပါ။

လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်


တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြီးများလွှတ်တော်တက်နေစဉ်

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက်မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်းများတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ်တစ်ကြောင်း အထက်တန်းအဆင့်ဖြင့် မိမိအပါအ၀င် ငါးဦးအတွက် အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းကော်မီတီက ပြောကြားသည်။

ပေါ်ပြူလာဂျာနယ်

မူရင်းလင့်က ဒီမှာပါ။

ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်


ရန်ကုန်-မော်ကျွန်းအဝေးပြေးကား ပြေးဆွဲလျက်ရှိသော မှန်လုံကားတစ်စီးသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် မော်ကျွန်းမြို့မှ အထွက် ရာဇူတိုင် အမှတ်(၁) တံတားအလွန်တွင် တိမ်းမှောက်မှု ဖြစ်ပွားရာ လူတစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ ၁၆ယောက် ဒဏ်ရာရရှိခဲ့သည်။

ဖြစ်ပွားပုံမှာ ဒရိုင်ဘာကိုမြင့်ဝေ မောင်းနှင်သော ကားသည် ရာဇူတိုင်အမှတ်(၁) တံတားသို့ အရောက်တွင် ဘရိတ်ချို့ယွင်း သွားပြီး လမ်းဘေးသို့ ထိုးဆင်းသွားရာ သေဆုံး သူငှက်တော်ကျေးရွာနေ ကိုထွန်းသိန်း ၂၃ နှစ်သည် ကားပေါ်က ခုန်အဆင်း မြေပြင်ပေါ်သို့အရောက် ကားမှာ ၄င်းပေါ်သို့ လဲကျတိမ်းမှောက် သွား၍ ကားဝိတ် ပိမိသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။ ကားအတွင်း ကျန်ရှိသူများမှာ ဒဏ်ရာများ ရရှိပြီး ကားကိုအားချင်းတည့်မတ်ကာ ကယ်ထုတ်ခဲ့ရသည်။ ၄င်းကားမှာ အရှေ့ပိုင်းအနည်းငယ် ပျက်စီးသွားပြီး နောက်ဖက်နှင့် ဘေးဖက်ရှိ လေကာမှန်တချို့လည်း ပျက်စီးသွားသည်။

ဒဏ်ရာရရှိသူများအနက် စပယ်ယာကိုစိုင်းရတ် ၂၇ နှစ်(လည်ချောင်း၊ ရင်ဘတ်ဒဏ်ရာ)နှင့် ဆရာတော် ဦးဥတ္တရ (ဦးခေါင်းဒဏ်ရာ)တို့ ဒဏ်ရာပြင်းထန်၍ အရေးပေါ်ကုသလျက်ရှိပြီး အခြားဒဏ်ရာ ရရှိသူ လေးယောက်ကိုလည်း ဆေးရုံတင် ကုသလျက်ရှိသည်။

ပေါ်ပြူလာဂျာနယ်

မူရင်းလင့်က ဒီမှာပါ။

အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ အမျိုးသမီး သီးသန့်ယဉ်လိုင်းတွေကို အမျိုးသမီးထုက သဘောကျကျေနပ်တဲ့ အတွက် တိုးချဲ့ပြေးဆွဲသွားဖို့ရှိနေပါတယ်။

အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ ဆိုတဲ့ အကြောင်းကိုလည်း ပေါ်ပြူလာ သတင်းမှာအခုလိုဖော်ပြထားပါတယ်။


Whistle for help အစီအစဉ်အရ အပတ်စဉ် အင်္ဂါနေ့တိုင်း ရန်ကုန်မြို့တွင်း လူစည်ကားရာ အရပ်များတွင် ဝီစီနှင့် အသိပေး စာစောင်များကို ဝေငှနေကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင်း ဘတ်စကားယာဉ်များတွင် အမျိုးသမီးများအပေါ် ကာယိနြေ္ဒနှာင့်ယှက်မှုကို ရပ်တန့်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဝေငှခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ ကာယိနြေ္ဒ နှောင့်ယှက်ခံရမှုသည် အမျိုးသမီးများ အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် အမျိုးသမီးများ အနေဖြင့် ယခုကဲ့သို့ နှောင့်ယှက် ခံရပါက နှုတ်ဆိတ်မနေဘဲ ဝီစီဖြင့် အကူအညီတောင်းရန် လိုအပ်ပြီး အမျိုးသားများကလည်း အကူအညီပေးရန် လိုအပ်ကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာတစ်ဦးက ပြောသည်။

“ခရာမှုတ်တာ၊ မမှုတ်တာကတော့ ကိုယ်ပိုင်အခွင့်အရေးပါ။ ခရာမမှုတ်ဘဲ ဒီအတိုင်း ငြိမ်ခံနေမလား၊ အနည်းဆုံးတော့ ဒီအပြုအမူတွေ တန့်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ အမျိုးသမီးများ သီးသန့်ယာဉ်လိုင်း ပြေးဆွဲပေးရန် စတင်လှုံ့ဆော်ခဲ့သူ ဒေါ်ကေခိုင်အောင်ခင်က ယခုအစီအစဉ်သည် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ခြေ ရှိသော်လည်း အမျိုးသမီးထု၏ ကာယိနြေ္ဒကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းကြောင့် ကြိုဆိုရမည်ဟု ဆိုသည်။

ပေါ်ပြူလာဂျာနယ်

မူရင်းလင့်က ဒီမှာပါ။

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အချက် ၅ ချက်သဘောတူလက်မှတ်ရေးထိုး


အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၂၅ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့ Strand Hotel တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပစဉ်။ ဓာတ်ပုံ-နေလင်းထွန်း

ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့မှ ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆဲရေးအပါအဝင် အချက်ငါးချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘောတူညီချက်လေးချက်ကိုလည်း သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ ဦးဆောင်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ရော့စ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မော်လမြိုင်မြို့ရှိ Strand Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။



7Day

မူရင်းလင့်က ဒီမှာပါ။

ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်တဲ့ ပျော်ဘွယ်မြို့ နယ် NLD အဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်း က စောင့်ဆိုင်းမှတ်တမ်းယူ

ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ ထီးတော်တင်ပွဲသို့ ရွှေည၀ါဆရာတော် နှင့် အတူ ဒါယကာ ၊ ဒါယိကာမများ(200)ခန့် ဖေဖော်ဝါ၇ီလ (25) ၇က်နေ့ မနက် (6) နာ၇ီခန့် က ရောက်ရှိလာကြောင်းသိရပါတယ်။

ပျော်ဘွယ်NLDအဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်းမှ အရာရှိများက မှတ်တမ်းယူနေပုံပါ။

ရွှေည၀ါဆရာတော်

ရွှေည၀ါဆရာတော်ကို ပျော်ဘွယ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှအဖွဲ့ဝင်(၅၀) ကားနှစ်စီးနှင့် မနက်(11)နာရီခန့်ကသွားရောက်ဖူးမြော် ဂါရ၀ပြုခဲ့တယ်။

NLD အဖွဲ့ဝင်များကို သက်ဆိုင်ရာ ရွာတန်းရဲစခန်းမှ အရာရှိများက လာရောက်စောင့်ဆိုင်း မှတ်တမ်းယူခဲ့ကြပါတယ်။

အဆိုပါ အရာရှိနှင့်စကားပြောနေပုံကို ဓါတ်ပုံရိုက်တော့ အရာရှိက ``ဓါတ်ပုံမရိုက်ပါနှင့် `` လို့ ပြန်လည်ပြောကြားကြောင်း ပျော်ဘွယ် NLD က Myanmar News Now ကိုပြောပါတယ်။

ထီးတင်ပွဲမှာ ပြည်တော်ပြန် သီးလေးသီးအဖွဲ့ဝင်များက ကပြဖျော်ဖြေမှာဖြစ်ပါတယ်။

မနက်ဖြန် ထီးတော်တင်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ လည်းလာရောက်မည်ဖြစ် ကြောင်း ရွှေည၀ါဆရာတော်မှ ပြောကြားပါချက်ကို လည်း ပျော်ဘွယ် NLD က Myanmar News Now ကိုပြောပါတယ်။

မူရင်းလင့်က ဒီမှာပါ။

လျှပ်စစ်မီးခ ပေးနေရပြီး မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ပွဲတော်ကြီး မှ ဈေးသည်များ




ရွှတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလဆန်း တစ်ရက်မှ တပေါင်း လပြည့် နေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ရွှေတိဂုံ စေတီ၏ အနောက်မုခ်တွင် ရှိသော ပြည်သူ့ရင်ပြင် ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါသည်။အဆိုပါ ပွဲတော်တွင် ဈေးရောင်းသူများကို အခကြေးငွေယူပြီး ဆိုင်ခန်းများ ရောင်းချပေးနေသည့် ရွှေတိဂုံဂေါပက အဖွဲ့က စီစဉ်ပေးသော လျှပ်စစ်မီး မှာ ပုံမှန်မလာခြင်း၊ ဗို့အားများ မပြည့်ခြင်း စသည့် အခက်အခဲများ ရှိနေပါသည်။ သို့သော် ဈေးရောင်းချ နေရသူများသည် ဆိုင်ခန်းခ ပေးရသည့် အပြင် လျှပ်စစ်မီးခ ကိုလည်း သပ်သပ်စီ ထပ်မံပေးဆောင်ရပြီး မီးပုံမှန် မရရှိသည့်အတွက် တပိုင်တနိုင် မီးစက်များ ဖွင့်ကာ ဈေးရောင်းချနေရသဖြင့် အဆင်မပြေမှုများ တွေ့ကြုံနေရပါသည်။

ဘားမားဗီဂျေ

မူရင်းလင့်က ဒီမှာပါ။

မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်မည့် ကွင်းလမ်းညွှန်



မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်မည့်ကွင်း

ဒီနေ့မနက် အမေစု ဟောပြောမဲ့နေရာကို သွားကြည့်ခဲ့တယ်။ အဲဒီကွင်းကိုတော့ စည်ပင်က ရှင်းလင်းနေတာတယ်ဗျ.. လမ်းကတော့ ဖုန်တထောင်ထောင်နဲ့ ၀င်ရလာရမယ့်လမ်းပါ။ ကွင်းဘေး ပတ်ပတ်လည်ကတော့ ကျုးကျော်တဲ လေးတွေများပါတယ်။ အဲဒီကွင်းကိုလာရင် ကြံခိုင်ရေး က တည်ဆောက်ထားတဲ့ အောင်ဇေယျာ တံတားလေးကို ကျော်ပြီး ၀င်လာရပါတယ် :)... အဲဒီကွင်းကို သွားကြည့်လိုသူများ သိပ္ပံလမ်း အတိုင်း လာပါ.. ၅၆ လမ်း ရောက်ရင် ညာဘက်ကွေ့ပြီး..တောင်ဘက်ကို တည့်တည်မောင်းလာရင် ( ၅ မိနစ်) လောက်မောင်းလာရင် လမ်းရှေဘက်မှာ လဲ့လဲ့ ဆိုတဲ့ အလှပြင်ဆိုင်ကိုတွေ့ရင် အောင်ဇေယျာ လမ်းရောက်ပြီး...အဲဒါဆို အရှေဘက် တည့်တည့် တာ မောင်းခဲ့ပါ. စည်ပင်တွေ ကော SB တွေပါ လှုပ်လှုပ် ကွင်းထဲမှာ နဲ့ ရှိနေပါလိမ့်မယ် ;) အဲဒါကတော့ အမေ စု မန်းလေးမှာဟောပြောမယ့် ကွင်းကိုရောက်ပါပြီး။

Swar Lay - facebook

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲ မျှတရေး ဦးစားပေးလုပ်ရန် ကုလသတိပေး

မြန်မာအစိုးရအနေနဲ့ ပထမဦးစားပေး​ တာဝန်အဖြစ် လာမယ့် ဧပြီလ ကြားဖြတ်​ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိစွာ​ ကျင်းပပေးဖို့​ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက​ ​မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့​ ​မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယာက နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ​ ​ပြောကြားလိုက်တာပါ။

မစ္စတာ ဗီဂျေးနမ်ဘီးယာက မြန်မာအစိုးရ ဦးစားပေးလုပ်ရမယ့် အချက် ၃ ချက်ကို တိုက်တွန်း ပြောကြားခဲ့ရာမှာ​ ​ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိဖို့နဲ့​ပွင့်လင်းမြင်သာမှုရှိဖို့ ပထမ ဦးစားပေးလုပ်ဆောင်ဖို့ လိုတဲ့ အကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ အစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်နေမှုကို အများက ယုံကြည်လက်ခံမှုရဖို့  အရေးပါတဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာအစိုးရ နောက်ထပ် ဦးစားပေးလုပ်ရမယ့် အလုပ်တွေကတော့ အစိုးရနဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ကိစ္စနဲ့  မြန်မာပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပဲရှိသေးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့နဲ့ ကာလရှည်ကြာကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် ဆက်လုပ်ရဦးမယ်လို့လည်း ကုလသမဂ္ဂအရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီဗွီဘီ

မူရင်းလင့်က ဒီမှာပါ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ မကြာခင် မှတ်ပုံပြန်တင်တော့မည်

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (အက်စ်အန်အယ်လ်ဒီ ) ပါတီဟာ မကြာခင် သီတင်းပတ်အတွင်းမှာ ပါတီမှတ်ပုံတင် ပြန်လည် လျှာက်ထားတော့မယ်လို့ ပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “ကျနော်တို့ ပါတီတည်ထောင်လိုသူများကတော့ ၁၅ ယောက် အဆင်သင့်ရှိနေပါပြီ။ ကျနော်တို့ ရှေ့လထဲမှာ အပြီးတင်မှာပါ။ တကယ်လို့  ဒီကြားထဲမှာ တစုံတရာ အခက်အခဲ မရှိရင်တော့ ပထမပတ်ထဲမှာတင်ဖြစ်ဖို့ ရှိပါတယ်။ မှတ်ပုံတင်တယ်ဆိုတာကတော့ တခြားကျနော်တို့ မှာ​ ​ရွေးစရာလမ်းလည်း​မရှိဘူးလေ။ နိုင်ငံရေးလုပ်မယ်ဆိုရင် တရားဝင်မှတ်ပုံ တင်ထားတဲ့ အဖွဲ့အစည်းကသာလျှင် လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထားမျိုးကို ရောက်နေတဲ့အခါကျတော့ ကျနော်တို့က မှတ်ပုံတင်ကို တင်ရမယ့် အနေအထားမျိုးမို့ လုပ်တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အချိန်မမှီတော့တဲ့အတွက် ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ် အင်အားစုတွေအားလုံးကို ကူညီအားပေး ၀န်းရံသွားမယ်လို့လည်း အက်စ်အန်အယ်လ်ဒီ ပါတီက ပြောပါတယ်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ အက်စ်အန်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယ အများဆုံး ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါတီခေါင်းဆောင်တွေ အကျဉ်းကျခံထားရပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။

နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့ ပါတီခေါင်းဆောင်တွေ ပြီးခဲ့တဲ့လကမှ ပြန်လွတ်လာပြီး မဟာမိတ် အန်အယ်လ်ဒီပါတီကလည်း ပါတီမှတ်ပုံပြန်တင်ကာ​ ​ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ပြင်နေချိန်မှာ အက်စ်အန်အယ်လ်ဒီ ပါတီကလည်း ပါတီမှတ်ပုံတင် ပြန်လျှောက်ထားဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အက်စ်အန်အယ်လ်ဒီ အပါအ၀င် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က ဦးခွန်ထွန်းဦး နေအိမ်မှာ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အက်စ်အန်အယ်လ်ဒီ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ခေါင်းဆောင်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ဆေထင်၊ ဗိုလ်ချုပ်ကိုင်ဖနဲ့ ဥရောပမြန်မာရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ စသူတို့ ပါဝင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ရှမ်းနိုင်ငံရေးပါတီတွေရဲ့ ရှေ့ဆက် လက်တွဲ လုပ်ဆောင်သွားရမယ့် အနေအထား၊ ငြိမ်းချမ်းရေး ယူထားကြတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း​ (အက်စ်အက်စ်ပီပီ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အာစီအက်စ်အက်စ်နဲ့ အသွင်ပြောင်းထားတဲ့ ရှမ်းပြည်သူ့စစ်အဖွဲ့တွေ အားလုံး တစုတစည်းတည်း ဘယ်လို တူညီတဲ့ရည်မှန်းချက်တခု ထားပြီး အလုပ် ဆက်လုပ်မလဲ​ ဆိုတဲ့ကိစ္စတွေ ဆွေးနွေးကြတယ်လို့ ဦးစိုင်းလိတ်က ပြောကြားခဲ့ပါတယ်။

ဒီဗွီဘီ

မူရင်းလင့်က ဒီမှာပါ။