(၁) အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့် အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)” အမည်ရှိ လက်ဖက်ရည် ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှု ကြောင့် ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။
(၂) ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု” ဆိုသော ယဉ်ကျေး မှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။ ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊ မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြား ရစဉ်က အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။
“အချိန်သည်ငွေ”ဟူ၍ သူတို့အနောက်ပိုင်းရွာသားများ အားသွန်ခွန်စိုက် ကြိုးစားလှုပ်ရှား၍ ငွေရရှိအောင် အချိန်ကိုပေးဆပ်နေကြရသည့် ကာလတွင် မြန်မာလူညိုများမှာကား ငွေများပစ်ပေး၍ပင် အချိန်ကို ၀ယ်ယူစည်းစိမ်ယစ်နေကြပါတကားဟု အထင်ကြီးလေးစားစိတ်လည်း အံ့ဘနန်းဖြစ်ပေါ်ရချေသည်။
မြန်မာရွာသို့ အလည်အပတ် အပျင်းပြေအပျော်ခရီးထွက်ဖူးကြသော သူ၏မိတ်ဆွေကြီးများကလည်း မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို မစားရ၀ခမန်း ပြန်လည်ဖောက်သည်ချလေ့ရှိကြသဖြင့် လက်ဖက်ရည်ဆိုင်ဟူသည့်အရာအား အိုဘားမားကြီး စတင်စိတ်ဝင်စားခဲ့ရလေတော့သည်။
“ဒီလိုဗျာ... အဲဒီက လက်ဖက်ရည်ဆိုင်တွေဆိုတာ... ကျုပ်တို့ဆီမှာရှိတဲ့ ကဖေးဆိုင်တွေလိုပါပဲ။ ဒါပေမယ့် ဒီမှာလို သောက်စရာရှိတာတစ်ခွက်သောက်၊ ပြောစရာရှိတာထိုင်ပြောပြီး ပြန်သွားကြတာမျိုးမဟုတ်ပေဘူး အိုကြီးရဲ့။ သူတို့လက်ဖက်ရည်ဆိုင်တွေက လက်ဖက်ရည်တစ်ခွက်သောက်၊ အဲ... သုံးခွက်လည်းထိုင်သောက်ချင်သောက်၊ ပြီးရင် ရေနွေးတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်တစ်နေခမ်း စပ်မိစပ်ရာ ကွိစိကွစတွေကိုချည်း အချိန်ပေးထိုင်ပြောကြရတာကိုးဗျ။ ဆိုင်ရှင်တွေကလည်း ကြိုက်သလောက်ထိုင် ဘာမှမပြောတဲ့အပြင် သီချင်းလေး၊ ဗီဒီယိုလေး၊ ဘောပွဲလေးတွေပါ ပြပေးထားသေးတာဗျို့... ကျုပ်တော့အဲဒီမြင်ကွင်းတွေကြည့်ပြီး လူဖြစ်ရကျိုးနပ်လှချည်ကြရဲ့တကားလို့တောင် စိတ်ထဲကတွေးမိသေးတယ်” ဟု ရွာပေါင်းစုံမှပြဿနာများကို ဒိုင်ခံရှင်းလင်းပေးနေရသည့် တောင်ကိုရီးယားရွာသားကြီး ကုလဘန်ကီမွန်းကြီးက သူမြန်မာရွာကိုအလည်ရောက်ခဲ့စဉ်က မြင်ကွင်းကို ပြောပြခဲ့ဖူးရာ အိုဘားမားကြီး ပါးစပ်ဟောင်းလောင်းကလေးဖြင့် နားထောင်ခဲ့ရဖူးလေသည်။ ထိုသို့ဖြင့် ယူအက်စ်အေ ရွာလူကြီး အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်နှင့်ပတ်သက်သော အချက်အလက်များကို ဟိုမေးဒီမြန်းဖြင့် လေ့လာရလေသည်။
(၃) သူ့ရွာကိုရောက်နေကြသော မြန်မာရွာသားများ၏ ရှင်းပြချက်တို့အပြင် မြန်မာရွာဆီသို့ အပျော်ခရီးထွက်ဖူးကုန်ကြသော ကုလအဖွဲ့မှရောင်းရင်းများ၊ သူ့တပည့်ကျော်များ၏ စီကာပတ်ကုံးပြောပြချက်များကို နားထောင်ရင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လိုစိတ်များ တဖွားဖွားပေါ်လာရတော့သည်။ သူ့မဟေသီ မီလ်ရှဲအိုဘားမားကလည်း လက်ဖက်ရည်ဆိုင်ဖွင့်ပါက ကုန်ကျမည့်စရိတ်နှင့် ပြန်ရမည့်အမြတ်ငွေတို့ကို မည်သို့မည်ပုံတွက်ချက်လိုက်သည်မသိ။
စာရင်းပေါင်းသော် အိုဘားမား၏ ရွာလူကြီးဝင်ငွေ၊ အတ္ထုပတ္တိစာအုပ်များရောင်းရငွေ၊ အောက်ဆိုက်ရငွေတို့ထက်ပင် ဖွတ်ကလိကဒင်္ဂါးပေါင်း ဘီလီယံသန်းနှင့်ချီထွက်ပေါ်လာ၍ ၀မ်းသာအားရပင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေး မဟာစီမံကိန်းကြီးကို အမြန်ဆုံးအကောင်အထည်ဖော်ပါရန် အိုဘားမားကြီးအား နှစ်ကိုယ်ကြားတစ်ချက်လွှတ်အမိန့်ထုတ်လိုက်လေတော့သည်။
ထို့အပြင် မကြာသေးမီကလေးကပင် မြန်မာရွာသို့ အလည်အပတ်သွားရောက်ခဲ့သော သူ့ပြိုင်ဖက်ရဲဘော်ကြီး ဘုရားဒကာဂျွန်မက်ကိန်းက-
“မင်း ဒီရွာကို ရွာလူကြီးအဖြစ်တာဝန်ယူနေပြီးတော့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တောင် ဖြစ်မြောက်အောင်မဖွင့်နိုင်ဘူးဆိုတော့ နောက်လာမယ့်ရွေးကောက်ပွဲမှာ ခွေးဖြစ်မယ့်ကိန်းမြင်နေသကွယ့်” ဟုအဓိပ္ပာယ်ရသည့် စကားလုံးကြီးများဖြင့် အိမ်ရှေ့မှလှမ်းအော်သွားသေးတာမို့ အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေးစီမံကိန်းကို စိတ်ဒုံးဒုံးချ ဆုံးဖြတ်အကောင်အထည်ဖော်ပါတော့၏။
တဆက်တည်းမှာပင် မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို ရပ်ကျော်ရွာကျော်သတင်းမီဒီယာကြီးများက စာဖြင့်တဖုံ၊ ရုပ်သံဖြင့်တစ်မျိုး နေ့စဉ်ရက်ဆက်ဖော်ပြလာကြတာကြောင့် သူ့ရွာကြီးရှိ ရွာသူရွာသားများမှာ လက်ဖက်ရည်ဆိုင်ပိုးဝင်ကာ လှုပ်လှုပ်ရွရွဖြစ်လာကြလေသည်။ သတင်းများတွင်လည်း မြန်မာ့လက်ဖက်ရည်ဆိုင်အကြောင်း၊ သတင်းများ၊ ဆောင်းပါးများကို ဓာတ်ပုံများဝေေ၀ဆာဆာဖြင့် မြန်မာရွာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ရိုက်ကူးတင်ဆက်ဖော်ပြလာကြသည်။ ရွာသူရွာသားတချို့ကလည်း ရွံ့ပုပ်ရောင်လက်ဖက်ရည်ခွက်ပုံများကိုရေးဆွဲထားသော ဆိုင်းဘုတ်များ၊ ဗီနိုင်းများကို ကိုင်ဆောင်ကာ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ဟောင်းကြီးတစ်ဝိုက် စီတန်းလှည့်လည်ရင်း “We Can Change”၊ “We Can Change” ၊ “We Can Change”၊ ဟူ၍ အားတိုင်းယားတိုင်း လာလာအော်ဟစ်နေကြလေသည် “လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုရင်၊ စားပွဲနဲ့ ခုံပုလေးတွေလိုပါမယ်။
လက်ဖက်ရည်ခွက်သေးသေးလေးတွေလိုပါမယ်။ ရေနွေးကြမ်းအိုးနဲ့ ရေနွေးပန်းကန်လုံးတွေလိုပါမယ်။ နို့ဆီနို့စိမ်း၊ လက်ဖက်ခြောက်စသဖြင့်လိုအပ်ပါမယ်။ လူအနေနဲ့ အဖျော်ဆရာ၊ အကြော်ဆရာနဲ့ စားပွဲထိုးကလေးတွေလိုအပ်ပါမယ်။ ဆေးလိပ်ကိုလည်း တစ်လိပ်ချင်းရောင်းချပေးနိုင်ရပါမယ်။ သီချင်းဖွင့်ရပါမယ်။ ဘောပွဲပြရပါမယ်။ ရှယ်ဆိုရင်ဇွန်းတပ်ပေးပြီး ရိုးရိုးဆိုရင် ဇွန်းမထည့်ရပါဘူး။ ပလိန်းလို့ပြောရင် ကော်ဖီမစ်ထုပ်ကိုရေနွေးနဲ့ချပေးရပါမယ်.................. ” စသည့် အစီရင်ခံစာအပြည့်အစုံတစ်ခုအား မြန်မာရွာတွင်နေထိုင်သည့် သံတိုသံစရောင်းသူတပည့်ကျော်တစ်ဦးက လှမ်းပို့ပေးလိုက်သောအခါ လိုအပ်သောပစ္စည်းပစ္စယများကို ချက်ချင်းစုဆောင်းလိုက်ခြင်းအားဖြင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။
သူ၏ ကျေးရွာအုပ်ချုပ်ရေးရုံးမှ လက်အောက်လူကြီးများကလည်း ဤကဲ့သို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် လူပေါင်းများစွာသည် လက်ဖက်ရည်သောက်ရင်း အချိန်ကုန်ခံကြတော့မည်ဖြစ်ရာ ကျွန်ုပ်တို့ရွာကြီးတွင်ဖြစ်ပေါ်လျှက်ရှိသည့် အလုပ်လက်မဲ့ပြဿနာကြီးအားအလိုလိုဖြေရှင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ ပင်စင်စားအဘိုးကြီးအဘွားကြီးများကလည်း လုပ်စရာမရှိတိုင်းလက်ဖက်ရည်ဆိုင်လာထိုင်နေတော့မည်ဖြစ်သဖြင့် ပင်စင်လစာပြဿနာများကိုလည်း အလိုလိုမေ့လျော့သွားကြလိမ့်မည်ဖြစ်ပါ ကြောင်းဖြင့် အဖက်ဖက်မှဝိုင်းဝန်း၍ အချွန်ဖြင့်မ ကြလေကုန်၏။
ထိုသို့ဖြင့်...... ထိုသို့ဖြင့်
“အိုတီး” ဟု အမည်သမုတ်သည့်လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ ယူအက်စ်အေဆိုသည့်ရွာကြီးရှိ ထုံးဖြူသုတ်ထားသောအိမ်ဟောင်းကြီးရှေ့တွင် အောင်မြင်စွာပေါ်ထွက်လာခဲ့လေတော့သည်။
(၄) အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ကျေးရွာအသီးသီးမှ ရပ်ရွာခေါင်းဆောင်ကြီးများ တက်ရောက်ချီးမြှင့်ကြပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ဖဲကြိုးဖြတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သောကြောင့် မီဒီယာများတွင် အအောင်မြင်ဆုံး ဆိုင်သစ်ဖွင့်ပွဲတစ်ခုအဖြစ် ဝေေ၀ဆာဆာဖော်ပြပါရှိလာလေ၏။ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသော ပထမဆုံးလက်ဖက်ရည်တစ်ခွက်ကို တစ်ငုံသောက်ကြည့်သော အင်္ဂလန်ကျေးရွာလူကြီး အမျိုးသမီးကြီး ၀ိတိုရိယအဲလိဇဘက် ပင်လျှင် အရသာထူးကဲသောလက်ဖက်ရည်ချိုဆိမ့်ကြောင့် အင်တန်နှစ်ခြိုက်စွာဖြင့် “အိုး... ဂွတ်... အိုး..အိုး..ဂွတ်” ဟူ၍ စိတ်လွတ်ကိုယ်လွတ်မြည်ကြွေးမိလေ၏။ ယူအက်စ်အေရွာသားအပေါင်းတို့မှာကားမူ ၀မ်းမြောက်ဝမ်းသာအားပေးလိုက်ကြသည်မှာ ဆိုဖွယ်ရာပင်မရှိပြီ။
ဆိုင်ဖွင့်သည့်နေ့မှာပင် လက်ဖက်ရည်ခွက်ပေါင်း တစ်သန်းကျော်ရောင်းချလိုက်ရလေရာ ကောင်တာနောက်မှာထိုင်၍ ပိုက်ဆံသိမ်းနေသော မီရှဲလ်အိုဘားမား တစ်ယောက် ပြုံးပန်းပီတိဂွမ်းဆီထိကာ “အဟိ..အဟိ..ခွိခွိခွိ” ဖြင့် အူမြူးနေပေတော့သည်။
ဆိုင်ဖွင့်ပွဲအခမ်းအနားအား ရုပ်သံအသီးသီးမှ Live ထုတ်လွှင့်ပြသရာ စောင့်ကြည့်သူပေါင်း သန်းတစ်ထောင်တိတိရှိလေကြောင်း Time အမည်ရှိလက်ကမ်းစာစောင်တစ်ခုတွင် ဖော်ပြပါရှိလာ၏။ အိုဘားမားပါးစပ်လည်း နားရွက်တက်ချိတ်နေပါတော့၏။
အိုတီးလက်ဖက်ရည်ဆိုင်တွင် အိုစပါယ်ရှယ် အစားအသောက်များမှာ လွန်စွာမှ လူကြိုက်များလှသည်။ ထိုအရာများကား အိုတီးရှယ်လက်ဖက်ရည်၊ အိုကြာကွေး၊ မီရှဲလ်ပလာတာ၊ အိုရှဲစမူဆာတို့ပင်ဖြစ်ကြသည်။ လက်ဖက်ရည်စားပွဲများကို ဆိုင်အတွင်းမှာသာမက ဆိုင်အပြင်ဖက် ထင်းရှူးပင်များအောက်တွင်လည်း ခင်းကျင်းထားရှိသည်။
အိုဘားမားမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်ကို အနောက်ပိုင်းတခွင် စတင်ဖွင့်လှစ်သူအနေနှင့် ဟုန်းဟုန်းတောက်နာမည်ကျော်ကာ ဂရင်းနစ်စံချိန်တင်သွားလေသည်။ ရွာအသီးသီးရှိ ကျောင်းသင်ခန်းစာများတွင်လည်း “ယူအက်စ်အေရွာကြီးမှာ ပထမဆုံး လက်ဖက်ရည်ဆိုင် ဖွင့်လှစ်သူအမည်နှင့် ဆိုင်အမည်ကိုဖော်ပြပါ” စသဖြင့် ထည့်သွင်းသင်ကြားကြရသည့်အဆင့်ထိ ရောက်ရှိခဲ့လေသည်။
ယူအက်စ်အေရွာကြီးသို့ အလည်အပတ်လာရောက်ကြကုန်သော လူများမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်နောက်ခံနှင့် ဓာတ်ပုံရိုက်ပါမှ လူရာဝင်ရသလိုလိုဖြစ်ကုန်ကြသည်။
(၅) အိုဘားမားနှင့် ဇနီးသည်မီရှဲလ်တို့ ကောင်တာဘေးတွင် တိုးတိုးတွတ်တွတ် စကားများနေကြသည်။ မီရှဲလ်က -
“ရှင်က ဒီရွာကလူကြီးပဲ... သူတို့ကို လက်မခံလို့ရတာပဲ”
အိုဘားမားက စိတ်ကျဉ်းကျပ်နေသည့်မျက်နှာမည်းလေးဖြင့်-
“မဖြစ်ပေဘူးကွ... သူတို့တွေက ငါ့ရဲ့မိတ်ဆွေတွေ။ ပြီးတော့ ဒီလူတွေက သူတို့ရွာမှာ ရွာလူကြီးတွေပဲ။ လောလောဆယ်တော့ ဒို့ဆိုင်လေးကိုမထိခိုက်သရွေ့နည်းနည်းတော့ စောင့်ကြည့်ပါဦးကွာ”
“သတိတော့ထားနော် ကိုကိုဘား... ကျွန်မကတော့ အဲဒီလူတွေကို သိပ်မသင်္ကာဘူး။ အာမက်ဒီနီဂျက်ဆိုတဲ့လူကို ပိုကြည့်မရဘူး”
အကြောင်းမူကား အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပြီး နှစ်ပတ်အကြာတွင် ဆိုင်၏မလှမ်းမကမ်း၌ အီရန်ကျေးရွာမှ ရွာလူကြီး အာမက်ဒီနီဂျက်ဆိုသည့်ပါးသိုင်းမွေးနှင့်လူက “ကွမ်းမှာဘုရင်၊ အာမက်သခင်”ဟူသည့် ကွမ်းယာဆိုင်လာဖွင့်သောကြောင်းဖြစ်သည်။ သူနှင့် မရှေးမနှောင်းမှာပင် တရုတ်ရွာမှ ဟူကျင်တောင်ဆိုသည့်အဘိုးကြီးကလည်း “အသားကိုယူ၊ အဆီကိုစား၊ ပေါက်ဖော်အာရှကျား” အမည်ဖြင့် ၀က်သားတုတ်ထိုးဆိုင်လာဖွင့်လေသည်။ အိုဘားမားလည်း ကိုယ့်လိုလက်ဖက်ရည်ဆိုင်လာဖွင့်တာမှမဟုတ်ဘဲလေ ဆိုပြီး ဒီတိုင်းကြည့်နေလိုက်၏။ ဟူကျင်တောင်၏ ၀က်သားတုတ်ထိုးဆိုင်ကြောင့် အိုဘားမား၏ ဖောက်သည်ကောင်မလေးတချို့လျော့နည်းသွားတာ သိပ်ကိစ္စမရှိပေမယ့် အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကြောင့် သူ့ရွာရှိရွာသားတော်တော်များများ ကွမ်းစားတတ်ကုန်သည်။ လူကြီးလူငယ်များ၏ ပါးစပ်တွင် ကွမ်းသွေးများနီရဲစွာမြင်လာရသည်။ ဘီကလင်တန်၊ ဟီလာရင်ကလင်တန်လင်မယားဆိုလည်း အမြဲကွမ်းပလုတ်ပလောင်းတွေဖြစ်နေသည်။ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ကြီး ပတ်ပတ်လည်မှာ ကွမ်းတံတွေးများ တဗျစ်ဗျစ် လာထွေးထားကြတာကိုလည်း နေ့တိုင်းရှင်းလင်းနေရသည်။
အိမ်နှင့်ရန်ဖြစ်ကာ ထွက်ပြေးလာသော အိမ်ခြေရာမဲ့ သက်ဆင် ဆိုသည့် ထိုင်းရွာသားတစ်ဦးကို စားပွဲထိုးခေါင်းဆောင်ခန့်ပြီး အောက်ခြေသိမ်းအလုပ်များကို ကြီးကြပ်ရှင်းလင်းခိုင်းထားရသည်။ အရေးထဲမှာ အိန္ဒိယကျေးရွာမှ မန်မိုဟာဆင်းန်ခေါင်းဆောင်သော နွားနို့ပို့သည့်ဘာဘူကြီးတွေကလည်း နွားနို့ထဲ ရေတွေအဆမတန်ရောလာကြသဖြင့် သတိပေးထားရသေးသည်။
(၆) အိုတီး လက်ဖက်ရည်ဆိုင်လေးထဲမှာ လူစည်ကားနေသည်။ လင်းဆေးလိုဟန်၊ ဘရစ်တနီစပီးယား၊ အင်ဂျလီနာဂျိုလီ၊ ဂျနီဖာလိုပက်ဇ် တို့ဝိုင်းက ကျယ်လောင်ကျယ်လောင်ဖြင့် လေပန်းနေကြ၏။ ဒီကောင်မလေးတွေက မူးယစ်ဆေးနည်းနည်းသုံးထားပုံရသည်။ သူမတို့ဝိုင်းကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေသတင်းပေးများက တခြားဝိုင်းမှနေလှမ်းအကဲခတ်နေကြသည်။ ဂျိုလီက အီကြာကွေးကြီး တစ်ချောင်းကို ပါးစပ်ထဲအတင်းထိုးထည့်ပြီး အကဲခတ်နေသည့် ငနဲများကိုလှောင်ပြနေသည်။
“ဘုန်း”
ဆိုင်ထဲကိုဘောလုံးတစ်လုံးဝင်လာပြီး ဆိုင်နံရံကိုထိမိသံဖြစ်သည်။ မီရှဲလ်က ကောင်တာမှနေ အပြင်သို့လှမ်းအော်သည်။
“ဟဲ့.... ရွန်းနီတို့ ဘက်ခမ်းတို့၊ ဒိုလေးတို့ ဒရော့ဘာတို့ .. ဆိုင်နဲ့ဝေးဝေးမှာသွားကစားကြကွယ်... ဒီမှာ စားသောက်သူတွေရှိနေတယ်”
ဆိုင်ထဲရှိချောင်ကျကျဝိုင်းတစ်ခုမှာတော့ မြောက်ကိုရီးယားအဘိုးကြီး ကင်ဂျုံအီးတစ်ယောက်တည်းထိုင်နေသည်။ ညကများထား၍ အရက်နာကျနေပုံလည်းရသည်။ သူ့ဝိုင်းကို ကွမ်းယာသည်အာမက်ဒီနီဂျက် ခဏလာထိုင်ပြီး တိုးတိုးကျိတ်ကျိတ်စကားပြော၍ ဟိုကြည့်ဒီကြည့်ပြန်ထွက်သွားတာကို တွေ့လိုက်ရသဖြင့် အိုဘားမားနည်းနည်းမသင်္ကာဖြစ်သွားသည်။
ဆိုင်ထဲသို့ အာရပ်သုံးဦးဝင်လာသည်။ “ချိုဆိမ့်သုံးခွက်”ဟုမှာပြီး ၀ိုင်းအလွတ်တစ်ခုမှာဝင်ထိုင်ကာ ကောင်တာဖက်လှည့်၍ “ အိုမာကြီးအခွေဖွင့်ပေးပါဦး” ဟုတောင်းဆိုတာကြောင့် မီရှဲလ် စီဒီစက်ကိုဖွင့်လိုက်၏။
အိုမာကြီးဆိုတာ မကြာသေးမီက သေဆုံးသွားသော အိုစမာဘင်လာဒင်ကိုချစ်စနိုးခေါ်ကြခြင်းဖြစ်သည်။ ဘင်ဘာဒင်မသေမီနောက်ဆုံးထုတ်သွားခဲ့သော “အကြမ်းပတမ်းဖက်ပစ်လိုက်မယ်” ဟူသည့် ရော့ခ်သီချင်းခွေမှာ လူငယ်များကြားရေပန်းစားလျှက်ရှိလေသည်။
“သေနတ်ကလေးကိုဆွဲ... မူရာမများတဲ့ ဒို့က... အကြမ်းဖက်မှာပဲ... ဟူးရေး... ၀ါး ဂါး.ဂရား” ဆိုပြီးရော့ခ်ကာကြီး အိုစမာ၏ ကျယ်လောင်သောသီချင်းသံကြီးထွက်လာပြီးနောက်မှာ လက်လှုပ်ခြေလှုပ်ဖြင့် စည်းဝါးလိုက်နေကြသော အာရပ်သုံးဦးကို အိုဘားမားကြည့်နေစဉ်မှာပင် ဆိုင်ရှေ့သို့ ပိုလာဝက်ဝံတံဆိပ်ကပ်ဂျစ်ကားလေးတစ်စီးထိုးရပ်လာလေသည်။ ဆင်းလာသူများက ရုရှားရွာမှရွာလူကြီးနှစ်ဦးဖြစ်သော မက်ဒီဗက်နှင့် ဗလာဒီမာပူတင်တို့ပင်ဖြစ်သည်။
သူတို့နှစ်ဦးက အိုဘားမားဆီလျှောက်လာပြီးနှုတ်ဆက်ကြသည်။ မက်ဒီဗက်က-
“ဒီလိုအိုဘားမားရဲ့... ဒီက ကျုပ်ဆရာ ဗလာဒီမာပူတင်ကြီးက ခင်ဗျားဆိုင်ဘေးမှာ ဆိုင်တစ်ဆိုင်ဖွင့်ချင်လို့တဲ့... အဲဒါ ကျုပ်လိုက်ပြောပေးတာ”
အိုဘားမားတုန်လှုပ်စွာဖြင့်- “ဟင်.... ပူတင်က ဆိုင်ဖွင့်မယ်.. ဟုတ်လား... ဘာ..ဘာဆိုင်တုန်း”
“ပူတီ ဆိုင်လေ... ရုရှားဝက်ဝံလေးပူတင်ရဲ့ပူတီ ဆိုပြီးဖွင့်မလို့... အဲဒါနေရာတစ်နေရာပေးလိုက်စမ်းပါဗျာ... ခင်ဗျားအာဖဂန်လွင်ပြင်မှာ အမဲလိုက်ထွက်ရင်သုံးလို့ရအောင် ကျုပ် ဒုံးကျည်လေးတစ်လုံးပို့လိုက်ပါ့မယ်”
“ဟင်.. အမဲလိုက်ဖို့ ဒုံးကျည်....”
ပြောချင်ရာပြောပြီး ပြန်ထွက်သွားသော မက်ဒီဗက်ကိုကြည့်ကာ အိုဘားမား ပါးစပ်ဟောင်းလောင်းလေးဖြစ်နေသည်ကို ပူတင်ကြီးက နဖူးပြောင်ကလေးပွတ်ကာပွတ်ကာဖြင့် ပြုံးပြုံးကြီးကြည့်နေလေသည်။ အိုဘားမားတစ်ဖြည်းဖြည်းနှင့် ဒေါပွလာသည်။
“တောက်... ဘယ်လိုလူတွေလဲ.... ဟိုတစ်နေ့ကပဲ ပြင်သစ်ရွာက ဆာကိုဇီဆိုတဲ့ကောင် အနှိပ်ခန်းလာဖွင့်ထားသေးတယ်.... ပါကစ္စတန်က ပါဗက်ဇ်မူရှာရက်ဖ်ဆိုတဲ့ငနဲကလည်း အာဖဂန်က ဟာမစ်ကာဇိုင်းဆိုတဲ့လူနဲ့ပေါင်းပြီး ဘိလိယက်ခုံလာထောင်သေးတယ်.... ခု နောက်တစ်ယောက်ထပ်လာပြန်ပြီ... ဂျပန်က အကီဟီတို ဆိုတဲ့ဂျပုအဘိုးကြီးလည်း ဆူနာမီဒုက္ခသည်တွေအတွက်ဆိုပြီး လက်ဖက်ရည်တွေဝယ်သွားတာ ခုထိအကြွေးလာမပေးသေးဘူး... တောက်”
(၇) အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ထားသည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အိုဘားမားတို့လင်မယားလည်း ၀င်ငွေအကောင်းဆုံး စာရင်းဝင်များဖြစ်ကာ ရွာတကာမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာကြလေသည်။ နေ့စဉ်ဝင်ငွေရလာကြသော်လည်း သူ့ရွာကြီးရှိလူများမှာ တဖြည်းဖြည်းနှင့်မသိမသာ ပျက်စီးစပြုလာလေသည်။
ပူတင်ဆိုတဲ့ရုရှားက ပူတီရောင်းသလိုလိုနှင့် ဗော်ဒကာဟုခေါ်သော ရုရှားဘီအီးများကို အရက်ပုန်းရောင်းလျှက်ရှိရာ တစ်ရွာလုံး အရက်သမား ကွမ်းသမား ဘိလိယက်သမားတွေ ဖြစ်ကုန်ကြသည်။ စားပွဲထိုးခေါင်းခန့်ထားသော သက်ဆင်ဆိုတဲ့ကောင်က သူမသိအောင် “ချဲထီ”ဟုခေါ်သည့်လောင်းကစားတစ်ရပ်ကို ကြိတ်လုပ်နေသည်ဟု စီအိုင်အေမှသတင်းရပြီးနောက် ဂုတ်ကိုဆွဲကာ ဆိုင်ကကန်ထုတ်လိုက်ရ သေးသည်။
ရွာသူရွာသားလူငယ်များမှာလည်း ပူတင်၏ အရက်ဆိုင်မှာ တစ်လုံးဝင်မော့။ အာမက်ဒီနီဂျက်၏ ကွမ်းယာတစ်ထုတ်ဝယ်ဝါးကာ မူရှာရက်ဖ်နှင့် ဟာမစ်ကာဇိုင်းတို့၏ ဘိလိယက်ခုံမှာတစ်ပွဲဝင်ထိုးကြ။ ဒီကြားထဲ သက်ဆင်ဆီမှ ချဲထီတစ်ကွက်လောက်ပေါက်လိုက် လို့ကတော့ ဆာကိုဇီရဲ့ အနှိပ်ခန်းထဲကို ရောက်ရောက်သွားကြတော့သည်။
တလောကလည်း ၀က်သားအသိုးတွေကို လောဘကြီးပြီး ခပ်တည်တည်ရောင်းချရာမှ ကောင်မလေးများ ချီးပန်းကုန်ကြသဖြင့် ဟူကျင်တောင်အဘိုးကြီးကို ၀မ်နင်ထုတ်ထားရသေးသည်။
အဲဒါတွေကြောင့်ပင် အိုဘားမားတစ်ယောက် စိတ်ညစ်နေရသည်။ မနေ့ညက ကင်ဂျုံအီအဘိုးကြီးကို ကောင်မလေးဆယ်ယောက်နှင့် ရွာထိပ်တွင် တွေ့ရာမှ မသင်္ကာ၍ ရွာလုံခြုံရေးများကပ်သွားကြရာ ကင်ဂျုံအီကြီး ဖိနပ်လေးခါးကြားထိုးပြီး သုတ်ခနဲလစ်ပြေးသွားသဖြင့် ရွာသူကလေးဆယ်ဦးကို လူကုန်ကူးခံရမည့်ဘေးမှ လက်မတင်လေး ကယ်တင်လိုက်နိုင်လေသည်။ ထိုစဉ် ရုတ်ရုတ်သဲသဲအသံကြား၍ လှမ်းကြည့်လိုက်ရာ သူ့ဆိုင်မှာ ထိုင်နေကျ အာရပ်သုံးဦးကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေအဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်ဖမ်းဆီးလာတာ တွေ့လိုက်ရသည်။ အိုဘားမားလည်း ထိုင်ရာမှထလိုက်ရသည်။
“ဘာဖြစ်လာကြတာလဲဟေ့”
“ဒီကောင်သုံးကောင် လူကြီးမင်းရဲ့ အိမ်ဖြူကြီးကို လေးခွနဲ့လှမ်းပစ်နေကြလို့ ဖမ်းလာတာပါ။ မှန်နှစ်ချပ်ကွဲသွားပြီ”
“ဟေ... ”
အာရပ်သုံးဦးကို စစ်ကြည့်လိုက်တော့ အာရပ်ယောင်ဆောင်ထားသော သူခိုးဓားပြသုံးကောင်ဖြစ်နေလေသည်။ တစ်ယောက်က သူ့နာမည်ကို “ဆိုမာလီ”ဟုပြောသည်။ နောက်တစ်ယောက်က “တာလီဘန်”ဟုဆိုသည်။ နောက်တစ်ယောက်ကတော့ “အယ်ကိုင်ဒါ”ဟု သိရသည်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ကဗျာဆရာများဟု အခိုင်အမာပြောဆိုနေကြသည်။
“စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်..... သူတည်းတစ်ယောက်၊ ကောင်းမှုရောက်ဖို့.... အို...နေခြည်ကလည်း မထိုးရပါသလား....” စသဖြင့် ပါးစပ်ထဲပေါ်ရာ ကဗျာများကို တစ်ယောက်တစ်ပေါက် ကောက်ရွတ်ပြလိုက်ကြသေးသည်။ တကယ်တမ်းတွင် သူတို့သုံးယောက်မှာ နှလုံးသားနုနယ်လှသည့် ကဗျာဆရာစင်စစ်များပင်ဖြစ်ပါကြောင်း၊ အိမ်ဖြူကြီးကို လေးခွနှင့်ပစ်တာကလည်း “ပါဖောင့်မဲန့်” အနုပညာတစ်ရပ်ကို တင်ဆက်ကြခြင်းပင်ဖြစ်ပါကြောင်း တောင်ပြောမြောက်ပြော လျှောက်ပြောကြသည်။ သို့နှင့် အိုဘားမားကလည်း ကဗျာဆရာများကိုခံစားနားလည်စွာဖြင့် ထိပ်တုံးလေးပဲခတ်လိုက်ရလေသည်။
ပြဿနာတစ်ခုရှင်းလို့မပြီးသေးခင်မှာပဲ အရပ်ထဲမှ ဇာတ်သမ လင်းဆေးလိုဟန်နှင့် ဘရစ်တနီစပီးယားတို့ အူရားဖားယားပြေးလာပြီး အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်နောက်ဖက်တွင် မသင်္ကာစရာများတွေ့ခဲ့ကြောင်း၊ဓာတ်ငွေ့လိုလိုအငွေ့များလည်း ထွက်နေပြီး အနံ့အသက်မှာ ပြင်းထန်စူးရှလှကြောင်း၊ အထဲမှ “ပြာကျအောင်တော့မလုပ်နဲ့” ဟူသော အသံကြီးကိုလည်း ကြားခဲ့ရကြောင်း အိုဘားမားကိုတိုင်ကြသည်။ အိုဘားမားနှင့် တာဝန်ရှိသူများလည်း ပျာယာခတ်သွားသည်။ တခဏချင်းမှာပင် ---
“အာမက်ဒီနီဂျက်ရဲ့ ကွမ်းယာဆိုင်ထဲမှာ နြူကလီးယားလက်နက်တပ်ဆင်နေတယ်” ဟုသော သတင်းက တစ်ရွာလုံးပျံ့နှံ့သွားပြီး ပြေးကြလွှားကြနှင့် ရှုက်ယှက်ခတ်ကုန်တော့သည်။
အိုဘားမားခေါင်းဆောင်သော ကျေးရွာလုံခြုံရေးတပ်ဖွဲ့များ အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကို ချက်ချင်းဝင်စီးလိုက်သည်။ ကွမ်းယာဆိုင်ပတ်ပတ်လည် ထွက်ပေါက်မရှိအောင်ဝိုင်းလိုက်ပြီး နောက်ဖက်တံခါးချပ်လေးကို ခြေနှင့်ကန်ဖွင့်လိုက်တော့ အထဲမှာ ပြောင်းတစ်ချောင်းဖြင့် ဆေးခြောက်ခိုးရှုနေကြသော အာမက်ဒီနီဂျက်နှင့် ဆုငွေထုတ်ခံထားရသည့် လစ်ဗျားရွာမှတောပုန်းကြီး ကဒါဖီ တို့ကို မျက်လုံးလေးကလယ်ကလယ်နှင့်တွေ့လိုက်ရသည်။
အာမက်ဒီနီဂျက်နှင့် ကဒါဖီက ဖမ်းဆီးခေါ်ဆောင်ရာနောက်လိုက်လာရင်း မကျေမချမ်းနှင့်ရေရွတ်သွားသည်။
“တောက်... ကောင်မတွေ... သူတို့ကိုဆေးပေးမရှုခိုင်းတာနဲ့ပဲ ငါတို့ကိုချောက်ချတယ်”
(၈) အိုတီးလက်ဖက်ရည်ဆိုင်လေးကို ရာသက်ပန်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုပ်သံမီဒီယာများမှတဆင့် ကြေငြာလိုက်ပြီးတာနှင့် တဆက်တည်းပင် အိမ်ဖြူကြီးပတ်ပတ်လည်မှာလာဖွင့်ထားကြသော တခြားရွာများမှ ဆိုင်ခန်းများအားလုံးကို ဘော်ဒိုဇာဖြင့် ကော်ထိုးကာ အားလုံးဖျက်ဆီးပစ်လိုက်သည်။ ဆိုင်ပိုင်ရှင်အသီးသီးကိုလည်း တင်းတင်းမာမာရာဇသံပေးကာ ယူအက်စ်အေရွာကြီးမှ မောင်းထုတ်လိုက် သည်။
ခုတော့ ထုံးဖြူသုတ်ထားသည့်အိမ်ကြီးတစ်ဝိုက်မှာ ယခင်အတိုင်းပင် ပြန်လည် ရှင်းလင်းသွားပြီဖြစ်သည်။
အိမ်ဖြူကြီး ၀ရန်တာမှရပ်ရင်း အိုဘားမား သက်ပြင်းမောကြီးချလိုက်မိသည်။ စိတ်ထဲမှလည်း----
“တကယ်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဆိုတာ ငါတို့နဲ့ဘယ်လိုမှမအပ်စပ်ပါလားကွယ်.... ပြဿနာပေါင်းသောင်းခြောက်ထောင်တို့ စုဝေးရာနေရာဌာနကြီးကို လက်ဖက်ရည်ဆိုင်လို့ ခေါ်ဆိုကြသလားပဲ” ဟု တွေးတောဆင်ခြင် သံဝေဂရမိသည်။ ရွာလူကြီးတစ်ယောက်အနေဖြင့် ကိုယ့်အိနြေ္ဒနှင့်ကိုယ်မနေတတ်ဘဲ ဟိုစပ်စပ်ဒီစပ်စပ် ဆတ်ဆော့ချင်၊ ကမြင်းကြောလေးထချင်သော ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်မိသည်။
ဘာပဲဖြစ်ဖြစ် ယူအက်စ်အေရွာလူကြီးအဖြစ်က အနားယူပြီးလျှင်တော့ မြန်မာလူညိုများနေထိုင်ရာ ရွာငယ်လေးရှိ တက္ကသိုလ်ဟောင်းကြီး ထဲမှ ကမ္ဘာကျော် “ဦးချစ်” လက်ဖက်ရည်ဆိုင်လေးသို့ မီရှဲလ်နှင့် သမီးများကိုခေါ်ကာ တစ်ခေါက်လောက် အရောက်သွားဖြစ်အောင်ကြိုးစားဦး မည်ဟု အိုဘားမားဆုံးဖြတ်လိုက်သည်။
ဦးချစ်ဆိုင်မဟုတ်ရင်တောင်မှ လှည်းတန်းဆိုတဲ့အရပ်က ..ရွှေ...ဆိုတဲ့.. လက်ဖက်ရည်ဆိုင်လေးလောက်ဖြစ်ဖြစ်ပေါ့လေ။ ။
ဥက္ကာကိုကို
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ မိုးမခ
Thursday, February 23, 2012
ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ရန်ကုန်တိုင်းဒေသကြီး၊ တောင် ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစု ကြည်၏ အဓိကယှဉ်ပြိုင်ဘက် ဖြစ်လာမည့်သူမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်း ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ အိမ်ထောင်စုဇယား(ပုံစံ-၁၀) ပြောင်းရွှေ့ရသည်။
ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားချက်အ ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ “ကော့မှူးက ပြိုင်မယ်ဆိုတော့ အဲဒီမှာပဲ မဲထည့်ရမယ်။ မဲထည့်ရမယ်ဆိုတော့ အန်တီက အဓိက ကတော့ အဲဒီရွာ(၀ါးသင်္ခကျေးရွာ)ကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေ ရွာမို့လို့ပါ။” ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အ ဖြစ် ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနည်းဆုံး (၃)ကြိမ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်၊ စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ ရွေးကောက်ပွဲအကြို၊ မဲဆွယ်စည်းရုံး ရေး ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ရာ ဒေသခံ ပြည်သူလူထု ထောင်ပေါင်းများစွာတို့မှ ဒေါ်အောင်ဆန်းစုကြည်အား နွေး ထွေးလှိုက်လှဲစွာ အားပေးထောက်ခံကြိုဆိုခဲ့ကြပါသည်။ ကော့မှူးမြို့နယ် စည်းရုံးရေးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကရင် တိုင်းရင်းသားဝတ်စုံကို ၀တ်ဆင်လာခဲ့ပါသည်။ ကော့မှူးမြို့နယ်သည် ကရင်တိုင်းရင်းသား အများအပြား နေထိုင်ရာဒေသ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မဲထည့်ရန် ရွေးချယ်ထားသော ကော့မှူးမြို့နယ်၊ ၀ါးသင်္ခကျေးရွာအကြောင်း အကျဉ်းမျှ ဖော်ပြလိုက်သည်။
ဝါးသင်္ခရွာနှင့် ကော့မှူးမြို့သည် ၁၆မိုင်နှင့် ၁ဖာလုံမျှသာ ကွာဝေးပြီး ကျိုက်ထော်နှင့် ၀ါးသင်္ခသည် အရှေ့နှင့် အနောက် ကျောချင်းကပ် နေကြသည်။ ကော့မှူးမြို့သည် ရန်ကုန်-ဒလ-တောတန်း ကားလမ်းပေါ်တွင် တည်ရှိပြီး တွံတေးနှင့် ရန်ကုန်သို့ အလွယ်တကူ သွားလာ နိုင်သည်။ ထို့ပြင်မက တောင်ဘက်ရှိ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းသို့လည်း အသွားအလာ လွယ်ကူသော မြို့တစ်မြို့ ဖြစ်သည်။
ကော့မှူးမြို့နယ်၊ ၀ါးသင်္ခရွာနှင့် ကျောချင်းကပ်လျက်ရှိသော ကျိုက်ထော်ရွာသည် ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိပြီး ဖျာပုံ၊ ဘိုက လေး၊ ကျိုက်လတ် စသည့် မြစ်ဝကျွန်းပေါ်ဒေသများသို့ သင်္ဘေင်္ာများဖြင့် အစဉ်အမြဲ သွားလာ၍ လွယ်ကူသောနေရာ ဖြစ်ပါသည်။ ကော့ မှူးမြို့သည် ရန်ကုန်တိုင်း၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး တွံတေးမြို့နှင့် ကွမ်းခြံကုန်းတို့၏ အလယ်ဗဟိုတွင်ရှိကာ အလွန် နှစ်လိုဖွယ်ကောင်းသည့် မြို့လေးတစ်မြို့ ဖြစ်သည်။
ကော့မှူးမြို့သည် ယခင်က ကွမ်းခြံကုန်းမြို့နယ်တွင် ပါဝင်ခဲ့ပြီး မြို့နယ်အဖြစ်သို့ တိုးတက်ပြောင်းလဲ သတ်မှတ်ခြင်းခံရပြီးနောက် ၁၉၉၄ခု နှစ်၊ စာရင်းအရ လူဦးရေ (၁၀၇,၀၀၀)ကျော်ရှိ၍ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အ တွင်း ကရင်တိုင်းရင်းသား အများအပြား နေထိုင်ကြပြီး ၀ါးသင်္ခကျေးရွာသည် ကရင်လူမျိုးများ နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ၀ါးသင်္ခကျေးရွာသားများသည် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသူများဖြစ်ပြီး ကရင်ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ် ကျောက်စာတိုင်ကြီး တစ်ခုကို တည်ဆောက်ထားကြသည်။
from Karen Newsletter / အယ်ဂလယ်မူး၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ မိုးမခ

RFA အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လွတ်လပ်တဲ့ အာရှအသံ RFA အဖွဲ့ဝင်တွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နေ့လယ်စာ အတူသုံးဆောင်ခွင့် ရခဲ့ပါတယ်။
RFA အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Susan Lavery၊ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေနဲ့ သတင်းထောက် ကိုကျော်ကျော်အောင်တို့ပါဝင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ရေးရာ ကော်မတီဝင်တွေကို နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအစိုးရ ထိပ်တန်း ခေါင်းဆောင်တွေက RFA ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အတူလက်တွဲ လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2012-02-21 RFA

ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်
မကြာခင် ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့က ကချင်ရိုးရာ မနောကွင်းတွေမှာ စီစဉ်ထားတယ်လို့ သိရပါတယ်။
မြစ်ကြီးနား မနောကွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖူးတယ်ဆိုပြီး သမိုင်းမှာ ဂုဏ်ယူစရာဖြစ်အောင် ဟောပြောပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ စီစဉ်ထားတယ်လို့ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေ၀င်းက ပြောပါတယ်။
ဗန်းမော်မြို့မှာလည်း မူလက ဘောလုံးကွင်းမှာ ကျင်းပဖို့ တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့တဲ့အတွက် ကချင်ရိုးရာ မနောကွင်းကို စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဘောလုံးကွင်းတွေကို ပြန်လည် ခွင့်ပြုလိုက်ပေမယ့် လေယာဉ်ကွင်း အနီးမှာရှိပြီး မြို့လယ်နဲ့ ၆ ဖာလုံလောက်သာဝေးတဲ့ မနောကွင်းမှာပဲ ကျင်းပမှာဖြစ်ကြောင်း ဗန်းမော်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး တာဝန်ခံ ဦးဇော်သင်းက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာ ရန်ကုန်က မြစ်ကြီးနားကို လေကြောင်းနဲ့ လာရောက်ပြီး အဲဒီနေ့မှာပဲ နမ္မတီးနဲ့ မိုးကောင်းမြို့က ပြည်သူလူထုကို သွားရောက် ဟောပြောမှာပါ။ အဲဒီနောက် မြစ်ကြီးနားမှာ ညအိပ်၊ နောက်နေ့မနက် မြစ်ကြီးနား မနောကွင်းမှာ လူထုကို စည်းရုံး ဟောပြောပြီး ဗန်းမော်မြို့ကို ဆက်သွားမှာပါ။ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဗန်းမော်ကနေ ရန်ကုန်ကို ပြန်မှာဖြစ်ကြောင်း ဦးနေ၀င်းက ပြောပါတယ်။

ကချင်ဒုက္ခသည်ကို ဒေါ်စုက ကျပ်သိန်း ၁၀၀ လှူမည်
မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့-KIA တို့၏ တိုက်ပွဲကြောင့် ရွာစွန့်ထွက်ပြေး တိမ်းရှောင် နေရသည့် ကချင်ဒုက္ခ သည်များအတွက် ရည်ရွယ်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေသိန်း ၁၀၀ လှူဒါန်းမည်ဟု သိရသည်။
NLD ၏ ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ဒေါ်စု လှူတဲ့ငွေကို သွားပေးဖို့ မန္တလေးက NLD အဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်ဝင်းမြမြ က ဦးဆောင်ပြီး အဖွဲ့ တစ်ချို့နဲ့ ဒီနေ့ ကချင်ပြည်နယ်ဘက်ကို ထွက်သွားပြီ။ ရန်ကုန်မှာကတော့ ပိုက်ဆံ၊ ပစ္စည်းတွေနဲ့ အနွေးထည်တွေ၊ စောင်တွေနဲ့ ထည့်ပေး လိုက်တယ်။ မန္တလေးကတော့ ဘာပါသွားလဲ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် ကချင်ပြည်နယ်၏ မည်သည့်မြို့နယ်တွင် သွားရောက်ကူညီရန် ၎င်းတို့အနေဖြင့် နေရာအတိအကျ မသိရသေးကြောင်း၊ ခရီးစဉ် နှင့် ပတ်သက်၍ ကြာမြင့်မည့်ရက်ကို မပြောနိုင်သေးကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၃ရက်နှင့် ၂၄ရက်နေ့တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာတွင် နိုင်ငံရေး ဟောပြောပွဲ ကျင်းပရန် အစီအစဉ်လည်း ရှိသည်။
“အခု ဒေါ်စုလှူတဲ့ငွေဟာ သူ့ခရီးစဉ်နဲ့တော့ ဘာမှ မပတ်သက်ဘူး။ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို ကူညီတာ သက်သက်ပါ။”ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။
KIA သည် မြန်မာအစိုးရနှင့် ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဇွန်လတွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသောကြောင့် လက်ရှိ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်တလျှောက်တွင် ကချင်ဒုက္ခသည် လေး သောင်းခွဲဝန်းကျင် ခိုလှုံနေထိုင်နေရကြောင်း ကချင်ဒုက္ခသည်များကော်မတီထံမှ သိရသည်။
တရုတ်နိုင်ငံဘက်တွင် ကချင်ဒုက္ခသည်စခန်း ၁၉ခုနှင့် ကချင်ပြည်နယ်အတွင်ရှိ လိုင်ဇာ၊ မန်စီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒေါ့ဖုယန်၊ ဝိုင်း မော်နှင့် မန်ဝင်းကြီးမြို့နယ်များတွင် ဒုက္ခသည်စခန်းပေါင်း ၄၀ကျော်ရှိသည် ဟုလည်း ၎င်းအဖွဲ့က ဆိုသည်။
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 21 - ကေအိုင်စီ
ရထားလမ်းဖောက်လုပ်ရန် စိုက်ပျိုးဆဲစိုက်ခင်းကို မြေထိုးစက်ဖြင့်ထိုး
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ ရိတ်သိမ်းတော့မယ့် မတ်ပဲနဲ့ စပါးခင်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတခုက မီးရထားလမ်း ဖောက်လုပ်ဖို့ဆိုပြီး တောင်သူတွေကို အသိမပေးဘဲ မြေထိုးစက်နဲ့ ထိုးလိုက်တဲ့အတွက် တောင်သူတွေ နစ်နာဆုံးရှုံးနေကြပါတယ်။
ပုသိမ်နဲ့ ဆပ်ကော့ ဘူတာ ပတ်လမ်းအ၀င် ရထားလမ်းအတွက် တောင်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေကို အသိမပေးဘဲ Steel Stone ကုမ္ပဏီက မြေထိုးစက်နဲ့ ထိုးလိုက်တာပါ။
ရိတ်သိမ်းခါနီး လယ် ၈ ဧကနဲ့ ငါးမွေးကန် ၁၈ ဧကလောက် ဆုံးရှုံး နစ်နာခဲ့ရတဲ့ တောင်သူ ဦးဝင်းဌေးက စုစုပေါင်း စိုက်ခင်းဧက ၆၀ လောက် ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်လောက်က စပြီး မြေထိုးစက်နဲ့ ထိုးပြီး မြေသားတွေကို ပုံလိုက်တဲ့အတွက် ဆပ်ကော၊ အုန်းပင်စု၊ အောက်စု ကျေးရွာက လယ်သမား ၅၁ ဦးရဲ့ လယ်ယာမြေဧက ၁၀၀ လောက်လည်း ထိခိုက်ခဲ့ရပါတယ်။
“ကျနော်တို့ ဆုံးရှုံးမှုက များတယ်။ တနွေလုံး လုပ်လာပြီးမှ ဒီလို ဆုံးရှုံးတော့ တောင်သူ တော်တော်များများလည်း မခံမရပ်နိုင် ဖြစ်တယ်။ ကြိုတင် တားထားလို့ ကျနော်တို့က စိုက်ပျိုးရင်တော့ တမျိုးပေါ့။ ကြိုတင် တားမြစ်မထားပဲ အခုလို လုပ်တော့ ခံပြင်းကြတာပေါ့။”
မြေထိုးစက်နဲ့ ထိုးနေတဲ့အချိန်မှာ တောင်သူတွေက သွားရောက် ဟန့်တားခဲ့ပေမယ့် မရသလို ကုမ္ပဏီကလည်း လျော်ကြေး တစုံတရာ မပေးဘူးလို့ ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ Steel Stone ကုမ္ပဏီကို မေးကြည့်ရာမှာ သက်ဆိုင်ရာထံက ခွင့်ပြုချက်ရယူပြီးမှ လုပ်တာပါလို့ တာဝန်ရှိသူတဦးက ဖြေပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သိမ်းယူထားတာ ဖြစ်ပြီးတော့ ကျေးရွာနဲ့ မြို့နယ် အာဏာပိုင်တွေက ရထားလမ်းဖောက်လုပ်ဖို့ သတ်မှတ်ပေးထားတဲ့အတွက် လုပ်ဆောင်တာလို့ အဲဒီနေရာမှာ လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့ ကုမ္ပဏီနဲ့ မဆိုင်ပါဘူး။ လမ်းအူကြောင်း ဖောက်ဖို့အတွက်ကို နိုင်ငံတော်ကို တင်တာပေါ့။ တင်ပြီးမှ လမ်းကြောင်းမှာ ဒီနေရာတွေ ဖို့ပါဆိုတော့မှ ကျနော်တို့က လုပ်ရတာ။ ကျနော်တို့က မြေဖို့လုပ်ငန်း သက်သက်ပဲ။ အဲဒီနေရာကို အခု ရထားလမ်း မြေကြီးဖို့တော့မှာဆိုတော့ ကျနော်တို့ ရှင်းတာပေါ့။မီးရထားလမ်း ဖောက်မှာပါ။ လမ်းအူကြောင်းမှာ အလံတွေ စိုက်ထားတယ်။ အစောပိုင်းကတည်းကပါ။ အခု သုံးနှစ်ရှိပါပြီ။ ရထားလမ်းဖောက်ဖို့ နေရာဆိုပြီး သိမ်းထားပြီးသားပါ။ ကျေးရွာအဖွဲ့အစည်းနဲ့ မယက အဖွဲ့အစည်းတွေကို ဒီနေရာတွေ လုပ်ဖို့ဆိုတာကို သတ်မှတ်ပြီးသား၊ အဲဒီ့ နေရာကို မစိုက်ဖို့ မှာထားပြီးသား။ ပထမ တနှစ် လုပ်တယ်။ လွတ်ရင် စားမယ်ပေါ့။ ငြိတော့လည်း မတတ်နိုင်ဘူးပေါ့။”
ကုမ္ပဏီက လျော်ကြေးပေး၊ မပေး ဆိုတာကို မေးမြန်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကိုင်တွယ်နေတာ ဖြစ်လို့ သိရှိခြင်း မရှိကြောင်း ပြောဆိုပါတယ်။
တောင်သူတွေက သူတို့ နစ်နာချက်တွေအတွက် ကျေးရွာနဲ့ ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တိုင်ကြားခဲ့ကြပါတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေကို ဆက်သွယ်မေးမြန်းလို့တော့ မရပါဘူး၊
Steel Stone ကုမ္ပဏီဟာ ဟင်္သာတကနေ ဆပ်ကော့ဘူတာအ၀င်လမ်း ဖောက်တုန်းကလည်း လယ်မြေတွေဆုံးရှုံးခဲ့ရပြီး လျော်ကြေးမရဘူးလို့ တောင်သူတွေက ပြောပြကြပါတယ်။
Published on February 22, 2012 by ကိုထွေး • DVB
တရုတ်စီမံကိန်းကို နေရာဖယ်ပေးရမည့် ရွာသားများ မပြောင်းဘဲငြင်းဆန်
တရုတ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ စစ်ကိုင်းတိုင်းထဲက ကြေးနီစီမံကိန်း ဧရိယာထဲမှာ ပါဝင်နေတဲ့ ရွာတရွာက မိသားစု ၅၀ နီးပါး အဓမ္မပြောင်းရွှေ့တာကို လက်မခံဘဲ ငြင်းဆန်နေပါတယ်။
မုံရွာမြို့ တဖက်ကမ်း ချင်းတွင်းမြစ် အနောက်ဘက်မှာ ရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီးတူးဖော်ရေး စီမံကိန်းအတွက် ဆားလင်းကြီးမြို့နယ်အတွင်းက ရွာလေးရွာ ပြောင်းရွှေ့ခိုင်းထားတာ ဖြစ်ပြီး၊ ၀က်မှေးရွာက မိသားစုတွေက ငြင်းဆန်နေကြတာပါ။
ဝက်မှေးရွာမှာနေထိုင်တဲ့ မ၀င်းက “လူဦးရေတော့ မသိဘူး။ အိမ်ခြေကတော့ ၄၈ အိမ်ပါ။ ကျမတို့ ဘိုးဘွားလက်ထက်ထဲက နေလာတဲ့ရွာဆိုတော့ မပြောင်းတော့ဘူးဆိုပြီး သံန္နိဋ္ဌာန်ချထားတယ်။ မပြောင်းတော့ဘူး။ လုပ်ကိုင်စားသောက်ရတာ ကျမတို့ရွာက အဆင်ပြေလို့ပါ။”
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ၂၀၁၀ ဇွန်လဆန်းပိုင်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ တရုတ်ကုမ္ပဏီ တခုဖြစ်တဲ့ China Industries Corporation က တရားဝင် လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်ပြီး၊ စီမံကိန်းထဲမှာ ပါဝင်နေတဲ့ ကံတော၊ ဝက်မှေး၊ ဆည်တည်းနဲ့ ဆီးတောရွာတွေကို မနှစ် ဒီဇင်ဘာ နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းထားတာပါ။
အာဏာပိုင်တွေက ရွာသားတွေကို အကြောင်းကြားထားတဲ့ စာကို ၀က်မှေးရွာသားတယောက်က အခုလို ဖတ်ပြပါတယ်၊
“အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အိမ်ထောင်ဦးစီးများအနေဖြင့် ၉ ရက် ၁၂ လ၊ ၂၀၁၁ ခုနှစ်တွင် ပြောင်းရွှေ့ရန် ကြိုပို့ယာဉ်များ၊ သယ်ယူရန်လူအင်အားများ၊ စီစဉ်ပေးမည် ဖြစ်ကြောင်းနှင့် ပြောင်းရွှေ့ခြင်းမရှိပါက ယင်းရွာမှ အိမ်ထောင်ဦးစီးများ၏ တာဝန်သာ ဖြစ်ကြောင်း တတိယအကြိမ် အကြောင်းကြားပါသည်။”
ရွာသားတွေကို ပုသိမ် – မုံရွာ ကားလမ်းကြီးဘေး ချောက်သင်းကျတောရ ကျောင်းအနီးမှာ နေရာ ချထားပေးဖို့ ညွှန်ကြားထားတာပါ။ ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ရွာသားတွေက နေရာသစ်မှာ အခြေမဲ့အနေမဲ့ ဖြစ်မှာစိုးတယ်လို့ ၀က်မှေးရွာသားက အခုလို ပြောပါတယ်။
“လက်မဲ့ဖြစ်သွားတယ်။ ဘာမှလုပ်ကိုင် စားသောက်ဖို့မရှိဘူး။ ကျနော်တို့မှာ မိရိုးဖလာ လုပ်ကိုင်စားသောက်တဲ့ တောင်ယာတွေပဲရှိတာ။ တောင်ယာတွေ မရှိတဲ့သူတွေကလည်း လယ်ငှားရမ်းလိုက်တယ်၊ အသီးအရွက်လေးတွေ ခူးရောင်းတယ်၊ မန်ကျဉ်းသီးတို့ မန်ကျဉ်းရွက်တို့ပေါ့။ အသီးအပင်က ပေါတာကိုး။ ဟိုမှာကတော့ ဘာနေရိပ်မှမရှိဘူး၊ ဘာသစ်ရိပ်ဝါးရိပ်မှ မရှိတာ။”
မနှစ် ဒီဇင်ဘာတုန်းကလည်း ၀က်မှေးရွာ ဘုန်းကြီးကျောင်းကို ကုမ္ပဏီက မြေတူးစက်တွေနဲ့ ဖြိုဖျက်ဖို့ ၀င်လာတာကြောင့် ရွာသားတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကြားမှာ ခဲတွေနဲ့ ပေါက်တဲ့အထိ (ရုန်းရင်းဆန်ခတ်တွေ) တွေ ဖြစ်ခဲ့တယ်လို့ ရွာသားက ပြောပါတယ်။
အခုလို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စကို ရွာသားတွေက သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ အလုပ်သမားရေးရာ ဝန်ကြီး၊ လယ်ယာဆည်မြောင်းရေးရာ ဝန်ကြီးတို့ဆီကို အသနားခံစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
လက်ပန်းတောင်းတောင် အနီး ကြေးစင်တောင်နဲ့ စပယ်တောင် တို့မှာလည်း ကြေးနီစီမံကိန်းတွေကို ၁၉၈၀ ပြည့်လွန် နှစ်တွေကတည်းက ယူဂိုဆလားဗီးယားနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ ကုမ္ပဏီတွေက ကြေးနီ ထုတ်ယူနေတယ်လို့ သိရပါတယ်။
Published on February 22, 2012 by နေသွင် • DVB
ဂေါ်ရခါး လူမျိုးများ မှတ်ပုံတင်ရရန် လာဘ်ငွေသိန်းချီပေးရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ထဲက ဂေါ်ရခါးလူမျိုးတွေ မှတ်ပုံတင် လုပ်ကြတဲ့အခါ လာဘ်ငွေအမြောက်အမြား ပေးနေရပြီး ငွေမပေးရင် ကြန့်ကြာတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီမြို့နယ်ကနေ ၀င်ပြိုင်မယ့် အမတ်လောင်းတဦးက ပြောပါတယ်။
ဟိန္ဒူဘာသာဝင် ဂေါ်ရခါးလူမျိုးတွေ မှတ်ပုံတင်လုပ်တဲ့အခါ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုမှုနဲ့ နိုင်ငံသားဆိုတဲ့ အဆင့် ၃ ဆင့် လုပ်ကိုင်ဖို့ လာဘ်ငွေမပေးရင် မှတ်ပုံတင်ရဖို့ မလွယ်ကူတဲ့အတွက် အခက်တွေ့နေတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ပြိုင်မယ့် အမတ်လောင်း ဦးမြတ်မိုးမြင့်က ပြောပါတယ်။
မှတ်ပုံတင်လုပ်ဖို့ သတ်မှတ်ကုန်ကျငွေက ထောင်ဂဏန်းလောက်သာ ရှိပေမယ့်လည်း တကယ်လက်တွေ့မှာ ၁ သိန်းခွဲ၊ ၂ သိန်းနီးပါး ကုန်ကျနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကျေးရွာက ဂေါ်ရခါးတွေက ဆင်းရဲသားများတယ်။ တောင်သူလယ်သမားတွေ များတယ်။ နောက်ပြီးတော့ သူတို့က မိသားစုလိုက် နိုင်ငံသားဖြစ်ထားတာတွေ များတယ်။ ဒါပေမယ့် သူတို့မှတ်ပုံတင် လုပ်တဲ့အခါကျတော့ ၁ သိန်းခွဲကနေ ၃ သိန်းထိ ပေးရတယ်လို့ လာတိုင်ကြတယ်။ လ၀က ရုံးကိုသွားမေးတော့ မတောင်းဘူးလို့ပြောတယ်။ တောင်းရင်လည်း ဘယ်သူတောင်းလဲ၊ ဘယ်နေ့ကလဲ၊ ဘယ်လောက်တောင်းတာလဲ မှတ်ပြီးတော့ လာတိုင်ပါ၊ ဖြေရှင်းပေးမယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလလောက်က လုပ်ထားတဲ့လူ ၁ယောက်နဲ့ တွေ့တယ်။ ပေးရတယ်လို့ပြောတယ်။ နှစ်ဖက်လုံး တိုင်းရင်းသားဖြစ်တယ်။ ဇနီးဘက်ကကော သူ့ဘက်ကပါ နိုင်ငံသားဖြစ်ထားပြီးသား၊ ၁ သိန်းခွဲ ပေးခဲ့ရတယ်လို့ ပြောပါတယ်။”
ရွာမှာ တချို့သော ဂေါ်ရခါးလူမျိုးတွေဟာ နိုင်ငံသား အဆင့် ရထားပေမယ့်လည်း သားသမီးတွေ မှတ်ပုံတင် သွားရောက် လုပ်ကိုင်ရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။
လာဘ်ငွေမပေးရင် ကြန့်ကြာအောင် လုပ်ထားတဲ့အတွက် မှတ်ပုံတင်ရရေး မလွယ်ကူသလို ငွေတောင်းတဲ့သူကို တိုင်ရင်လည်း အထောက်အထား မရှိတဲ့အတွက် ပြန်လည် တရားစွဲခံရမှာကို ကြောက်လို့ မတိုင်ရဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံရတဲ့ လ၀ကရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
မိုးကောင်းမြို့နယ်အတွင်း ကမ်ဘာလီ၊ အုတ်ကျင်း၊ သစ္စာ၊ သူဌေးကုန်းရွာတွေမှာ ဂေါ်ရခါးလူမျိုးတွေ အများဆုံး နေထိုင်ကြပြီးတော့ အိမ်ထောင်စုဝင် ၁,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
Published on February 22, 2012 by ကိုထွေး • DVB
၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး အသုံးပြုခွင့်ပေးရန် တောင်းဆို
၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး သုံးစွဲခွင့်ပေးဖို့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်က သမ္မတဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။
အများသူငါ တယ်လီဖုန်း သုံးစွဲနိုင်အောင် စီစဉ်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှု တစိတ်တဒေသ လျော့ပါးရေးကို အထောက်အကူပြုစေလိမ့်မယ်လို့ သမ္မတရုံးထံ ပေးပို့ တောင်းဆိုတဲ့ စာမှာ ရေးပါတယ်။
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အမည်နဲ့ ပြန်လည် လှုပ်ရှားလာတဲ့ ကိုထင်ကျော်က တောင်းဆိုရတဲ့ ရည်ရွယ်ချက်ကို ခုလို ပြောပါတယ်။
“သမ္မတဦးသိန်းစိန်ဆီ တင်တဲ့စာကတော့ လက်ရှိပြည်သူလူထု ဆင်းရဲနွမ်းပါးမှုကို သမ္မတ ဦးသိန်းစိန်က မြန်မာတနိုင်ငံလုံးနဲ့ နိုင်ငံတကာကသိအောင် ကြေညာခဲ့တာ။ မြန်မာ ပြည်သူလူထုတွေက ဆင်းရဲနွမ်းပါးမှု ရှိနေတယ်ဆိုတာ ကြေညာခဲ့တဲ့အတွက် အဲ့ဒါကို ထောက်ခံပြီးတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ပပျောက်ရေးပေါ့။ ကျနော်တို့ ကုန်ဈေးနှုန်း ကျဆင်းရေး ခေါင်းစဉ်မှာ ပါဝင်နေတဲ့အတွက် အဲဒီအချက်ကို ထောက်ခံသောအားဖြင့် လက်ရှိ မြန်မာပြည်သူလူထု အခြေခံလိုအပ်ချက်မှာ တခု အပါအ၀င်ဖြစ်တဲ့ လက်ကိုင်ဖုန်း သုံးခွင့်မှာ ၅၀၀၀ တန် အသုံးပြုခွင့်ပေးဖို့ တောင်းဆိုတဲ့ တင်ပြစာပါပဲ။”
ဆင်းမ်ကတ်တခု ၅၀၀၀ ကျပ်နဲ့ ရရှိရေး ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမယ်လို့ ကိုထင်ကျော်က ပြောပါတယ်။
“လူထု လှုပ်ရှားမှုအနေနဲ့ တနိုင်ငံလုံးမှာ ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ ဒီမိုကရေစီ စနစ်အရ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကို အဓိက ထားပြီးတော့ ဖော်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒါကိုလည်း ဒီနေ့ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ ခုနှစ်မှာ သမ္မတကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို ဒီနေ့ ကျနော်တို့ အကြောင်းကြားစာ ပေးပို့လိုက်ပါပြီ။ နိုင်ငံရေးပါတီတွေကိုလည်း ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ့အတွက်ကို ဒီနေ့က စပြီးတော့ ၅ ရက် စောင့်ကြည့်ပါမယ်။”
လွန်ခဲ့တဲ့ လပိုင်းက ရွှေပြည်တံခွန်ကုမ္ပဏီက ဆင်းမ်ကတ်တခု ကျပ် ၅၀၀၀ နဲ့ ဖြန့်ဝေဖို့ သမ္မတထံ တင်ပြထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြင်ပမှာ ဆင်းမ်ကတ်တခု ၅ သိန်း ဈေး ရှိနေတာကြောင့် ဒီကိစ္စကို လူပြောများခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးကတော့ တည်ဆဲ ဥပဒေအရ မဖြစ်နိုင်ဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။
Published on February 22, 2012 by အေးနိုင် • DVB
နိုင်ငံရေး အကျဉ်းသား အကုန် လွတ်မြောက် ရေး ရန်ကုန် နှင့် မန္တလေး တွင် ဆန္ဒထုတ်ဖော်မည်
ကျန်ရှိ မြန်မာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့် စက်ရုံ ၊ အလုပ် ရုံ ၀န်ထမ်းများ အပါ အ၀င် သာ့သာနာ့ ၀န်ထမ်း များ ပါ လူ့ ဂုဏ် သိက္ခာ နှင့် နေ ထိုင် နိုင် ရေး တို့  အတွက် ရန်ကုန် မြို့ တွင် ဖော် ဖော်ဝါရီလ ၂၇ ရက် တနင်္လာ နေ့ တွင် ကျင်း ပမည် ဟု သတင်း ရှရိ ပြီး မန္တလေး မြို့  တွင် မူ မြစ်ကြီး နားထောင်မှ လွတ်မြောက် လာသည့် အသျှင် ၀ီရသူ က ဦးဆောင် ဆန္ဒပြ မည် ဖြစ်သည်။
http://freedomnewsgroup.com/2012/02/23/pp-campign/
ဒေါ်အောင်ဆန်းစုကြည် နမ္မတီး မြို့ တွင် မိန့် ခွန်းပြော
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အရ ကချင် ပြည်နယ် မြစ်ကြီး နား မြို့  လေဆိပ် သို့ ယနေ့ နံနက် ၁၁း၅၀ အချိန် တွင် ရောက် ရှိ သွား သည့် ဒေါ်အောင်ဆန်း စုကြည် အား မြစ်ကြီး နား မြို့ ခံ များ က လေဆိပ် မှ အထွက် မှာ ပင် သောင်းသောင်း ဖျဖျ လာ ရောက် ကြို ဆို သည် ဟု FNG မှ သတင်း ရရှိ သည်။
ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ မိုးကောင်း မြို့  သို့  ဆက်လက် ထွက် ခွာ သွားပြီ ဖြစ်ပြီး မနက် ဖြန် တွင် မြစ်ကြီး နား မြို့ တွင် ဒေသခံ ပြည်သူ လူထု နှင့် တွေ့ ဆုံ ဟော ပြော မည် ဟု သတင်းရရှိ သည်။
ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန် နိုင်ငံ တကာ လေဆိပ် မှာ နေ ၍ နံနက် ၈ နာရီ တွင် လေ ယာဉ် ဖြင့် မြစ်ကြီးနား မြို့  သို့ ထွက် ခွာ သွား ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်း စုကြည် ကချင် ခေါင်းဆောင် များ နှင့် တွေ့ ဆုံမည် ဖြစ်သည်။
၈၈ မျိုးဆက် အဖွဲ့ မှ ကျောင်းသား ခေါင်းဆောင် များ သည် လည်း ယနေ့ နေ့ လည် ၁ နာရီ ၄၅ မိနစ် လေယာဉ် ဖြင့် မြစ်ကြီးနား မြို့  သို့ ဆက်လက် ထွက် ခွာ သွား ပြီ ဖြစ် ပါသည်။
မြစ်ကြီးနား မှ နမ္မတီး သို့  လိုက်ပါ ပို့ ဆောင် သည့် ဒေသခံ များ ၏ ကား စီးရေ ၁၀၀ ကျော် ရှိ သည် ဟု သိရသည်။
ဆားမှော် နှင့် ဟိုပင် မြို့ နယ် မှ ပြည်သူများ က ဒေါ်အောင်ဆန်းစုကြည်ကို မိုးကောင်း မြို့ နယ် တွင် လာရောက် ကြိုဆိုကြသည်။ ဒေါ်အောင်ဆန်း စုကြည် သည် နမ္မတီး မြို့  သို့  ယခု ရောက်ရှိ သွား ပြီ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က နမ္မတီး မြို့တွင် ပြည်သူ လူထု ကို ပြောသည့် မိန့် ခွန်း ဉ် ဒီမိုကရေစီ ပြုပြင် ပြောင်း လဲ ရေး တွင် သမ္မတကြီး ပါ ပါဝင် လာ ခြင်း အတွက် အထူး ကောင်း မွန် ကြောင်း ပြော ဆို ခဲ့ သည်။
http://freedomnewsgroup.com/2012/02/23/campign-tour/
မြန်မာပြည် ဝင်ခွင့်မရသေးတဲ့ သတင်းထောက်
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာ့အရေး သုံးသပ်ရေးသားနေသူ Larry Jagan ဟာ အခုအချိန်အထိ မြန်မာနိုင်ငံကို သွားရောက်လေ့လာခွင့်၊ သတင်းယူခွင့် မရသေးတဲ့ သတင်းစာဆရာတဦး ဖြစ်ပါတယ်။ ဒါဟာ သဘောထား တင်းမာတဲ့ အာဏာပိုင်တွေက ခွင့်မပြုတာလို့ သူက ပြောဆိုပါတယ်။ နေပြည်တော်က သဘောထား တင်းမာသူတွေနဲ့ အပြောင်းအလဲလိုလားသူတွေရဲ့  အားပြိုင်ပွဲ အလားအလာကို ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည်ဟာ အခုအခါမှာ ပွင့်လင်းလာပြီဆိုပြီး နိုင်ငံတကာ သံတမန်တွေ၊ မီဒီယာသမားတွေ သွားလာကြတာ အတော်လေး များလာကြပါတယ်။ Larry ကိုယ်တိုင် သွားဖြစ်ပြီလား။
Larry Jagan ။ ။ မသွားဖြစ်သေးပါဘူး။ ကျနော် ဗီဇာစောင့်နေတာ လေးလ ရှိသွားပါပြီ။ ကျနော့် ပြည်ဝင်ခွင့် လျှောက်လွှာက ဝန်ကြီးစားပွဲမှာ သောင်တင်နေပါတယ်။ ကျနော်ကို ဗီဇာ မပေးဘူးလို့လည်း မပြောပါဘူး။ ဝင်ခွင့်လည်း မပေးပါဘူး။ အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က ကျနော်ကို သူနဲ့လိုက်ပြီး သူ့ခရီးစဉ်အကြောင်း သတင်းပို့ခွင့်ပေးဖို့ မြန်မာအစိုးရကို ပြောပါတယ်။ ဒါလည်းပဲ ဘာမှ အဖြေမရသေးပါဘူး။ ကျနော်ကတော့ စောင့်မြဲစောင့်လျက်ပါ။
ဦးကျော်ဇံသာ ။ ။ တခြားလူတွေကို ဒီလောက် ဝင်ခွင့်ပေးနေတာ Larry ကိုမှ ဘာကြောင့် သူတို့က မပေးတာလဲ။
Larry Jagan ။ ။ အဓိကအကြောင်းရင်လို့ ထင်တာကတော့ ကျနော်က ရတဲ့အထောက်အထားတွေအရ နေပြည်တော်မှာ ဖြစ်နေတာတွေကို ဖြစ်နိုင်သမျှ တိတိကျကျ၊ မျှမျှတတ ရေးပါတယ်။ အထူးသဖြင့် သဘောထား တင်းမာတဲ့အုပ်စုဟာ ပြုပြင်ရေးတွေကို ဟန့်တားနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားကြတယ်လို့ ရေးပါတယ်။ အဲဒီ သဘောထား တင်းမာတဲ့ လူတွေကပဲ ကျနော်ကို မြန်မာပြည်ထဲကနေ သတင်းပို့ခွင့်၊ ပြည်ဝင်ခွင့်ကို ပိတ်ပင်ထားတာ ဖြစ်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဦး Larry ရေ … ဗီဇာရချင်ရင်၊ ပြည်ဝင်ခွင့် ရချင်ရင် သူတို့ကို ဝေဖန်တဲ့ လေသံကို နည်းနည်းပါးပါး လျှော့ပေးရမလို ဖြစ်နေတာပေါ့။ သူတို့သဘောအရ ရေးရမလို ဖြစ်နေတာပေါ့။
Larry Jagan ။ ။ Journalist တယောက်အနေနဲ့ သူ့သတင်းကို လေသံလျှော့ပေးစရာ မရှိပါဘူး။ မြန်မာနိုင်ငံ လက်ရှိ အုပ်ချုပ်ရေးရဲ့  မကောင်းတာ၊ မတော်မလျော်တာ ဝေဖန်တဲ့အခါမှာလည်း ဘာမှ အလျှော့ပေးစရာ မလိုပါဘူး။ အာဏာပိုင်တွေရဲ့  လုပ်ရပ်တွေ ပွင့်လင်းမြင်သာမှုရှိအောင် သူတို့လုပ်ရပ်အတွက် သူတို့ တာဝန်ခံအောင် ကျနော်တို့ ပရိသတ်ကို မီဒီယာကနေ အသိပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျနော် ပြင်ဝင်ခွင့် ဗီဇာရဖို့အတွက် ဖြစ်ရပ်တွေအပေါ် ချဉ်းကပ်တဲ့ပုံစံကို ပြောင်းလဲဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တကယ်တော့ ကျနော်က မြန်မာပြည်ထဲ ဝင်ခွင့်ရရင် ကျနော်သတင်းတွေ သုံးသပ်ချက်တွေကို ပိုပြီးတိတိကျကျ၊ မှန်မှန်ကန်ကန် လုပ်နိုင်မှာပါ။ အားလုံးအတွက် အကျိုးရှိမှာပါ။ ပြည်ဝင်ခွင့် မပေးတဲ့အတွက် အစိုးရအတွက်လည်း အကျိုးမရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် မြန်မာပြည်ဟာ မီဒီယာအပေါ် တင်းကြပ်မှုတွေ လျော့ပါးလာတယ်လို့ ပြောဆိုသံတွေကို Larry ဘယ်လို သုံးသပ်မလဲ။ Larry Jagan ။ ။ ပြည်တွင်း မီဒီယာတွေအပေါ် ထိန်းချုပ်မှု လျော့ပါးလာတယ်ဆိုတာကို သံသယရှိစရာ မလိုပါဘူး။ အခု မြန်မာတိုမ်းစ် တို့မှာ ရေးတဲ့သတင်းတွေဟာ အရင် ၁၂ လလောက်တုန်းကဆိုရင် လုံးဝ ဖြစ်နိုင်မှု မရှိခဲ့ပါဘူး။ ဒါတွေဟာ အစိုးရအနေနဲ့ အင်မတန် ကောင်းမွန်တဲ့ အစဉ်အလာကို ချပေးလိုက်တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီ မီဒီယာ ကိစ္စမှာလည်း နေပြည်တော်ကအုပ်စုတွေရဲ့  အာဏာလွန်ဆွဲပွဲက ထင်ဟပ်နေပါတယ်။ သဘောထား တင်းမာနေသူတွေက ဒီလို မီဒီယာ လွတ်လပ်ခွင့်ကို မနှစ်သက်ကြပါဘူး။ Liberal တွေကတော့ သူတို့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းတခုလို့ ယူဆနေကြပါတယ်။ ဒါကို ကျနော်က Gentleman Agenda - လူကြီးလူကောင်းတွေရဲ့  အစီအစဉ်လို့ ခေါ်ချင်ပါတယ်။ ဒီလို မီဒီယာ လွတ်လပ်ခွင့်ကို အကောင်အထည် ဖော်တယ်ဆိုတာ တရားမျှတပြီး လူထုအကျိုးကို ဖော်ဆောင်ပေးတာ ဖြစ်ပါတယ်။ တကယ် လိုအပ်တဲ့ကိစ္စပါ။
ဦးကျော်ဇံသာ ။ ။ အခုန Larry ပြောတဲ့ သဘောထား တင်းမာသူတွေဆိုတာ ဒီလူတွေဟာ မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ခုခံဆန့်ကျင်ကြလိမ့်မယ်လို့ ထင်ပါသလဲ။
Larry Jagan ။ ။ အခြေအနေက သိပ်ကို မရေမရာ ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဝန်ကြီးတယောက်ရဲ့  စကားအတိုင်း ပြောရရင်တော့ ဝန်ကြီးအဖွဲ့ရဲ့  နှစ်ဆယ် ရာခိုင်နှုန်းဟာ Liberal ဖြစ်ပြီး သမ္မတဦးသိန်းစိန် နဲ့ သူ့ရဲ့  ပြုပြင်ရေးအစီအစဉ်ကို လိုလားထောက်ခံကြပါတယ်။ နောက် နှစ်ဆယ် ရာခိုင်နှုန်းကတော့ hardliner တွေ ဖြစ်ကြပြီး ပြုပြင်ရေး အရှိန်အဟုန်နဲ့ ပမာဏကို မကျေနပ်ကြပါဘူး။ စစ်အစိုးရ အုပ်စိုးတဲ့ ပုံစံဟောင်းကိုပဲ ကြိုက်နေကြပါတယ်။ ကျန်တဲ့လူတွေကတော့ ခြံစည်းရိုးပေါ် ခွထိုင်နေကြပြီး ဘယ်ဖက်က အသာရမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်က ကျနော် သတိပြုမိတာကတော့ Liberal တွေ နည်းနည်း အသာစီးရလာတယ် ဆိုတာပါ။ မကြာခင် ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်တွေက Liberal တွေကို ပိုပြီးခိုင်မြဲလာစေနိုင်ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးကို လူတိုင်းက စောင့်ကြည့်နေကြပါတယ်။ အခုတော့ NLD လွတ်လပ်ခွင့် ပိတ်ပင်တာတွေ၊ ကြံ့ခိုင်ရေးပါတီက အာဏာအလွှဲသုံးစား လုပ်နေတာတွေ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒါကို ပြန်ပြီး တည်မတ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ Liberal တွေ အလားအလာ ကောင်းမကောင်း စောင့်ကြည့်ရမယ့် ပထမအချက်ပါ။ ဒုတိယ စောင့်ကြည့်ရမယ့်အချက်ကတော့ အာဂတိ လိုက်စားမှု၊ ခြစားပျက်စီးမှု ဖြစ်ပါတယ်။ နေပြည်တော်ကနေ ကြားရတဲ့ကိစ္စတခုကတော့ ဝန်ကြီးဟောင်းတချို့ ၊ ကြံ့ခိုင်ရေးတချို့ ကို အာဂတိမှုနဲ့ အရေးယူဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။ ဒါ ဖြစ်မြောက်လာရင်လည်း Liberal တွေ အင်အားကောင်းလာတဲ့ အချက် ဖြစ်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အခု လွှတ်တော်မှာ ကြံ့ ခိုင်ဖွံ့ဖြိုးရေးဟာ နေရာအများစုကို အုပ်စီးထားပြီး ဖြစ်ပါတယ်။ ဒီ ကြားဖြတ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုင်လို့ကော ထူးထူးခြားခြား ဘာဖြစ်လာမလဲ။ သူတို့အဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ရုပ်ပြလုပ်ပြီး နိုင်ငံတကာ ဖိအားတွေ လျော့ကျလာအောင် လုပ်ဖို့ကြိုးစားနေတယ်လို့ လူတချို့ က တွက်နေကြတာပါ။ Larry Jagan ။ ။ လွှတ်တော်သမ္မတ သူရ ဦးရွှေမန်း နဲ့ သမ္မတဦးသိန်းစိန် တို့ကတော့ ဒီ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေချင်တယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ ရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးတင်အေး ကိုလည်း သေချာပေါက် ပြောကြမှာပါ။ ဒီ ရွေးကောက်ပွဲကို free and fair ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အခြေအနေကောင်းဖို့ကိုလည်း သူတို့ လိုလားကြမှာပါ။ ဒေါ်စု တို့ အခြေအနေကောင်းလည်း အောက်လွှတ်တော်မှာ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရကြမှာပါ။ ဒါပေမဲ့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်စေချင်တာက နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့၊ ကမ္ဘာ့ဘဏ်နဲ့ IMF ပိုက်ဆံရဖို့ သက်သက်လောက်ပဲလို့ မထင်ဘူး။ Liberal တွေဟာ မှန်မှန်ကန်ကန် လည်ပတ်နိုင်တဲ့ ဒီမိုကရေစီ လွှတ်တော်တရပ် ဖြစ်လာတာကို သူတို့ တကယ်ပဲ လိုလားကြတယ်လို့ ကျနော်ထင်တယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုကြတာတွေကို မြင်ချင်ကြမယ်လို့ ထင်ပါတယ်။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီတွေ လွှတ်တော်ထဲ ရောက်လာရင် ဖြစ်လာနိုင်ပါတယ်။ သူရဦးရွှေမန်း က ဆိုရင် မြန်မာလွှတ်တော်ကို အမေရိကန် ဆီနိတ်လွှတ်တော်လို ဖြစ်စေချင်တယ်လို့ Hillary Clinton ကို ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ နေပြည်တော်က သဘောထား တင်းမာသူတွေက ဒါကို မကြိုက်ကြပါဘူး။ သူတို့ ခြေကုပ်လွတ်သွားနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ စစ်တပ်ရဲ့  အခြေအနေကိုလည်း သိချင်ပါတယ်။ စစ်တပ်ရဲ့  သဘောထားဟာ Hardliner တွေရဲ့  ချုပ်ကိုင်မှုအောက်မှာ ရှိနေပါသလား။ သို့တည်းမဟုတ် Liberal တွေက စစ်တပ်ကို ပိုပြီးတော့ သြဇာညောင်းနေသလား။ ဘယ်လိုထင်ပါသလဲ။
Larry Jagan ။ ။ စစ်တပ်အကြောင်းကို ပြောရရင်တော့ သဘောထားတင်းမာသလား။ Liberal လားဆိုပြီး ခွဲလို့မရဘူးလို့ ထင်ပါတယ်။ သူတို့ဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ပဲ ထင်ပါတယ်။ လက်ရှိ ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တခြား အရာရှိကြီးတွေ သူတို့ကို ကျနော်က ၈၈ မျိုးဆက် ဗိုလ်ချုပ်တွေလိုပဲ ခေါ်ချင်တယ်။ ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေလည်း ရှိပါတယ်။ အခုတော့ သူတို့ လွတ်လာကြပါပြီ။ သံဃာတွေထဲမှာတော့ ၂၀၀၇ မျိုးဆက်ဆိုတာ ရှိပါတယ်။ ဒီ ၈၈ မျိုးဆက်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ဗိုလ်ချုပ်တွေတော့ အတိအကျ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား၊ ထိုင်း တို့ ယုတ်စွအဆုံး ဘင်္ဂလားဒေ့ရှ်မှာတောင် တွေ့ရပါတယ်။ စစ်အုပ်ချုပ်ရေးလွန်ကာလမှာ စစ်တပ်ရဲ့  အခန်းကဏ္ဍတခု ရှိနေပါတယ်။ သူတို့ဟာ ဒီအခန်းကဏ္ဍကို သဘောပေါက်ကြတယ်လို့ ထင်ပါတယ်။ ဒါဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ရဲ့  အခန်းကဏ္ဍပါ။ လောလောဆယ်မှာတော့ သူတို့အများစုဟာ သမ္မတဦးသိန်းစိန် ကို ထောက်ခံကြမယ် ထင်ပါတယ်။ ပြည်ပအန္တရာယ်တို့၊ ပြည်တွင်းလုံခြုံရေးတို့ ယိုးယွင်းလာမှာ သူတို့အနေနဲ့ တမျိုးတမည် တွေးတောကြံစည် လာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် တိုင်းမှူးတယောက်တလေကလွှဲရင် ဦးသိန်းစိန်ကိုပဲ ထောက်ခံကြမယ် ထင်ပါတယ်။ Hillary Clinton မြန်မာပြည်လာတုန်းက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က မြန်မာပြည်မှာ နောက်ထပ် စစ်အာဏာသိမ်းမှု မရှိစေရဘူးလို့ ပြောလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့  တကယ့် သဘောထားအမှန်လို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုရင် အဲဒီ Hardliner တွေရဲ့  အာဏာကျောထောက်နောက်ခံက စစ်တပ်ဆိုတဲ့ သဘောမဟုတ်ဘူးပေါ့။ ဒါဆိုရင် သူတို့ရဲ့  အာဏာနောက်ခံက ဘယ်သူလဲ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို့ ပြောနိုင်မလား။
Larry Jagan ။ ။ ရှင်းပါတယ်။ သဘောထား တင်းမာသူအုပ်စုရဲ့  အာဏာအရင်းအမြစ်၊ စိတ်ဓါတ်ရေးရာ ခွန်အားကတော့ ဦးသန်းရွှေ ပါပဲ။ ဦးသန်းရွှေ ဟာ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်နေသေးတယ်လို့တော့ ကျနော် တပ်အပ် မပြောနိုင်ပါဘူး။ သူ အမှန်တကယ် အနားယူလိုက်ပြီဆိုတာတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာကိုတော့ စိတ်မဝင်စားဘဲ မနေပါဘူး။ သူကိုယ်တိုင် မပါဝင်ရင်သာနေမယ်။ ဒါကို သဘောထား တင်းမာနေသူတွေက အသုံးချနေကြတာပါ။ ဦးအောင်သောင်း ဟာ ဦးသန်းရွှေ ကို သွားတွေ့နေသူဖြစ်ပြီး သူ့နံမည်ကို အသုံးချပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်နဲ့ အဖိုးကြီး မကြိုက်ဘူးဆိုတာမျိုးပါ။ ဒါပေမဲ့ ဦးသန်းရွှေကိုယ်တိုင် နောက်ကွယ်က ကြိုးဆွဲနေတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ လုံးဝမတွေ့ရပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ မကြာခင် ကျင်းပလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုပါတော့ အဲဒီက ပေါ်ထွက်လာမယ့် ရလဒ်က ဘယ်လောက်အထိ ကောင်းလာနိုင်ပါမလဲ။ Larry ကြိုတင်ခန့်မှန်း၊ သုံးသပ်ချက်ကို ပြောပါအုန်း။
Larry Jagan ။ ။ ကျနော်အမြင်မှာတော့ ဒီ ရွေးကောက်ပွဲက သိပ်ပြီး အရေးကြီးပါတယ်။ ရွေးကောက်ပွဲကို ဘယ်လို လုပ်သလဲဆိုတာ သိပ်အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမယ်ဆိုတာကတော့ ပြောစရာမလိုပါဘူး။ ဒါပေမဲ့ အန်အယ်လ်ဒီ ဘက်က ဝင်ပြိုင်တဲ့ တခြား မဲဆန္ဒနယ်မြေတွေမှာ တရားမျှတမှု ရှိသလားဆိုတာကို စောင့်ကြည့်ရပါမယ်။ တရားမျှတသည့် တရားဝင် ရွေးကောက်ပွဲဖြစ်ခဲ့ရင် ဒေါ်စု နဲ့ အန်အယ်လ်ဒီ အမတ်တွေ ပါဝင်လာခြင်းအားဖြင့် ပါလီမန် အားကောင်းလာမယ်။ Liberal တွေလည်း အားကောင်းလာပါလိမ့်မယ်။ တကယ်လို့ နှစ်ပေါင်း ၂၀ ကျော် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက သော့ခတ်ထားတာကို ဒေါ်အောင်ဆန်းစုကြည် က ဖွင့်ပေးနိုင်ရင် Liberal တွေ ပိုပြီး အင်အားကောင်းလာပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ခေတ်က Liberal ပြုပြင်ရေးလုပ်လည်း ဘာအကျိုးရှိလာမလဲဆိုတဲ့ ပြဿနာရှိခဲ့ပါတယ်။ ဘာပြုပြင်ရေးမှလည်း ဖြစ်မလာခဲ့ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် နဲ့ပေါင်းပြီး သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း တို့ ပြုပြင်ရေးလုပ်နိုင်ရင် တိုင်းပြည်အတွက် လက်တွေ့အကျိုး ဖြစ်ထွန်းမှာ သေချာပါတယ်။ ဖွံ့ဖြိုးတိုးတက်လာမယ်၊ ဆင်းရဲနွှမ်ပါးမှု လျော့နည်းလာ၊ ပညာရေး၊ ကျန်းမာရေး တိုးတက်လာပါလိမ့်မယ်။ လူမှု့ဖူလုံရေး တိုးတက်လာပါလိမ့်မယ်။ ဆိုတော့ Liberal တွေလည်း အင်အားခိုင်မာလာမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_02-22-2012-140086983.html

ကျန်းမာရေးအထောက်အကူ လျှော့ချမှု မြန်မာအပေါ် ထိခိုက်နိုင်
မြန်မာနိုင်ငံမှာ HIV နဲ့ တီဘီအဆုတ်ရောဂါ ဝေဒနာရှင်တွေအတွက် ဆေးဝါးကုသပေးဖို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ MSF ခေါ် နယ်စည်းမထား၊ ဆရာဝန်များအဖွဲ့က ပြောဆိုလိုက် ပါတယ်။
HIV ဝေဒနာရှင် ၈၅,၀၀၀ ရဲ့ အသက်တွေ ကယ်ဆယ်နိုင်ရေးအတွက် ART ခေါ် ရောဂါ ထိန်းဆေး အရေးအကြီးလိုအပ်နေတဲ့အကြောင်း၊ ဆေးမတိုးတော့တဲ့ တီဘီအဆုတ်ရောဂါ ဝေဒနာသည်ပေါင်း ၉,၃၀၀ အတွက်အလည်း ဆေးဝါးတွေလိုအပ်နေတဲ့အကြောင်း၊ အခု လောလောဆယ် လူနာ ၃၀၀ လောက်သာ ကုသမှု ခံယူနေရတဲ့အကြောင်း MSF ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။
ရောဂါကြီး သုံးမျိုးဖြစ်တဲ့ အိတ်ဒ်-စ်(AIDS)၊ အဆုတ်ရောဂါနဲ့ ငှက်ဖျားရောဂါတွေအတွက် Global Fund ရန်ပုံငွေအဖွဲ့က အထောက်အပံ့တွေ မရရှိတော့တာကြောင့် အခုလို အခက်အခဲတွေနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်ဟာလည်း လုံလောက်တဲ့ရန်ပုံငွေ ခွဲဝေချထားတာ မတွေ့ရဘူးလို့ MSF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် မြန်မာပြည်က HIV နဲ့ ဆေးမတိုးတော့တဲ့ အဆုတ်ရောဂါ ဝေဒနာသည်တွေအတွက် အလှူရှင်တွေကနေ ကူညီပံ့ပိုးပေးဖို့ဟာ သိပ်ကို အရေးကြီးပါတယ်လို့ MSF ခေါ် ပြင်သစ်အခြေစိုက်၊ နယ်စည်းမထား ဆရာဝန်များအဖွဲ့က မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/---02_22_12_my-news-burma-----139976453.html

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း
မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းက
ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
မြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။
တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ့ လက်နက်ပြန်ပေးဖို့ကိစ္စမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက-
“ဒီနေ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ အရှေ့တောင်တိုင်း၊ တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်ဖားနွီးနဲ့လည်း ဆုံတယ်။ ဆုံတဲ့အချိန်မှာ ငါတို့ ကရင်အချင်းချင်းက နောက်နောင် ဒီလို တယောက်နဲ့တယောက် မဖြစ်စေရဘူး။ တယောက်နဲ့ယောက် ပစ်ခတ်မှု မဖြစ်စေရတော့ဘူး၊ အရင်ဆုံးနဲ့ နောက်ဆုံးပေါ့။ ဒီလို ကရင်အချင်းချင်း သေတာကတော့ တော်သင့်တယ်။ မင်းတို့ သေနတ် ပြန်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဖားနွီးက အဲလို ထွက်ဆိုခဲ့တယ်။
ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်အုန်းက မပေးဘူး။ ဗိုလ်မှူးမောင်အေးကို ပြဿနာပေါ်မယ်။ ဒီသေနတ်မပေးဘူးဆိုပြီးတော့ လက်နက်တွေကို ကျနော်တို့လက်ထဲမှာ မရောက်သေးဘူး၊ မပေးလိုက်သေးဘူး။ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအနေနဲ့ ကျနော်တို့ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်တယ်။”
ငြိမ်းချမ်းရေးလုပ်ထားတာ ၃ လကျော် ကြာတဲ့အချိန်မှာပဲ ဖျက်သိမ်းရတာကတော့ ဆက်ပြီးအနိုင်ကျင့်တာတွေကို လက်မခံနိုင်တာကြောင့်လို့ ဆိုပါတယ်။
“ကျနော်တို့ဖျက်သိမ်းလိုက်ပါတယ်။ အခုပဲ -ကျနော်တို့က လူသိရှင်သိပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့တိုင်းရင်းသားတွေ အပေါ် စေတနာမမှန်ဘူး။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်ပြီ။ ငြိမ်းချမ်းရေးအစစ်အမှန်မဟုတ်တဲ့အတွက် ကျနော်တို့က ပြန်စစ်တိုက်မယ်။ ကျနော်တို့ ဒီသေနတ်တွေကို ကျနော်တို့က ပြန် တောင်းလို့ မရဘူးဆိုရင်- ဒီသေနတ်တွေကို နိုင်ငံတော်ငွေကြေးနဲ့ ဝယ်ယူပေးထားတာဆိုရင်လက်ခံတယ်။ သက်သက်ပြန်ယူဆိုပြီးတော့ ကျနော်တို့လက်ခံတယ်။ ဒီလက်နက်တွေဟာ DKBA တည်ဆောက်တုန်းက စုထားတဲ့ လက်နက်တွေပဲ။ တောင်းလို့ မရတဲ့အတွက်ကြောင့်၊ မပေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် နောက်နောင်ဆိုရင် အနိုင်ကျင့်ခံရမယ်၊ နောက်နောင်ဆိုလို့ရှိရင် ကျနော်တို့ကို ဖိနှိပ်မယ်၊ တိုင်းရင်းသားတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့လုပ်တယ်လို့ ကျနော်တို့က အဲဒီလို ခံစားရတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့က ပြန်ပြီး ရုပ်သိမ်းတယ်။ ကျနော် တဦးတယောက်ရဲ့ သဘောထားမဟုတ်ဘူး၊ ကျနော်တို့ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ သဘောထား အဲလိုပဲ ရှိတယ်။ ငြိမ်းချမ်းရေးက အစစ်အမှန်ပြန်ရဖို့ဆိုရင် ပြန်စစ်ထိုးမယ်။ ပြန်တိုက်မယ်။ ”
DKBA ဟာ KNU ကနေ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို ၁၆ နှစ် ကြာ ရယူခဲ့ပါတယ်။
၂ဝ၁ဝ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲစည်းရေး လုပ်ရမယ်ဆိုပြီး မြန်မာအစိုးရက ဖိအားပေးလာတဲ့ အတွက် တနှစ်နီးပါး ပြန်လည်တိုက်ခိုက်မူတွေ ဖြစ်ခဲ့ပြီး ဒုက္ခသည်သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီ့နောက် ၂ဝ၁၁ နိုဝင်ဘာလထဲမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့တွေကို သဘောတူခဲ့ပါတယ်။ အခုအခါမှာတော့ တင်းမာမှုတွေဖြစ်ပြီး သူတို့ငြိမ်းချမ်းရေးဟာ ပျက်ပြားသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။
http://www.voanews.com/burmese/news/---02_22_12_my-news-burma-----139998783.html

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မှု မြန်မာ အာဆီယံ ဥက္ကဋ္ဌနေရာအတွက် အရေးပါ
မြန်မာအစိုးရရဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေအားလုံးဟာ လာမယ့် ၂ဝ၁၄ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌနေရာ ရယူဖို့အတွက် အရေးပါတဲ့ ပြင်ဆင်မှုတရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အများက ဖြစ်စေချင်သလို လွတ်လပ်ပြီး တရားမျှတမှု ရှိခဲ့မယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာအစိုးရရဲ့ တောင်းဆိုချက်တိုင်းကို အခုလိုပဲ ဖြည့်စွမ်းပေးမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး ၁ နှစ်အကြာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှု တော်တော်များများ မြင်တွေ့ခဲ့ရပြီး - ဒါတွေအားလုံးဟာ လာမယ့် ၂ဝ၁၄ ခုနှစ်ကျရင် မြန်မာနိုင်ငံက ရယူမယ့် အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်မှုဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် က ဒီကနေ့ ပြောဆိုခဲ့တာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဆူရင်း ပစ်ဆူဝမ်တို့ ဒီမနက် တွေ့ဆုံခဲ့ကြပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲအတွင်း - မစ္စတာ ဆူရင်းက သူ - သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံတဲ့အချိန် တင်ပြခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာ အကဲဖြတ်တွေနဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရေးကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။
“ကျနော်တို့ အကြောင်းအရာ တော်တော်များများ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိရမယ်။ ပွင့်လင်း မြင်သာရမယ်။ နိုင်ငံတကာက ယုံကြည်လက်ခံနိုင်ရမယ်ဆိုတာပါ။ ဒါကလည်း လာမယ့် ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်မှုတွေပါပဲ။
ပြီးတော့ ကျနော် တင်ပြခဲ့တဲ့ - ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလို ရွေးကောက်ပွဲအကဲခတ်တွေ လာရောက်ကြည့်ရှုနိုင်ရေး၊ ပြည်ပက သတင်းထောက်တွေ လွတ်လွတ်လပ်လပ် ဝင်ရောက် သတင်းယူနိုင်ခွင့် ဒါတွေနဲ့ပတ်သက်လို့လည်း သမ္မတက လေးလေးနက်နက် စဉ်းစားမယ့်အကြောင်း ကျနော့်ကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်တော့ ဆုံးဖြတ်မလဲဆိုတာတော့ ကျနော် မသိပါဘူး။ ဒီလို သတင်းထောက်တွေ လာရောက်ဖို့ ဆိုတာ အင်မတန်ကို အရေးကြီးပါတယ်။ ဒီလို လုပ်ဆောင်မှသာ ရွေးကောက်ပွဲဟာ လွတ်လပ်တရား မျှတမှုရှိမယ်ဆိုတာ အာမခံချက်ရှိနိုင်မှာပါ။”
သမ္မတ ဦးသိန်းစိန်ရဲ့ တုံ့ပြန်မှုကို နိုင်ငံရေးပါတီတွေကတော့ ကြိုဆိုခဲ့ကြတာပါ။ ဒါ့အပြင် မစ္စတာ ဆူရင်းပစ်ဆူဝမ်က ဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက် တရက်တည်းကိုသာ အာဆီယံက စောင့်ကြည့်နေမှာ မဟုတ်ဘဲ ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို စောင့်ကြည့်နေမှာဖြစ်တယ်လို့လည်း အခုလို ဆက်ပြောခဲ့ပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် တရက်တည်းကိုပဲ ကျနော်တို့ စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒီကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်မှုရှိရဲ့လား၊ တရားမျှတရဲ့လား၊ ပွင့်လင်းရဲ့လား၊ နိုင်ငံရေးပါတီအားလုံးအနေနဲ့ မဲဆွယ် စည်းရုံးမှုတွေကိုရော တန်းတူညီမျှ လုပ်ဆောင်နိုင်ရဲ့လားဆိုတဲ့ ဒီမိုကရေစီနည်းလမ်းတကျ လုပ်သွားမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို စောင့်ကြည့်နေမှာဖြစ်ပါတယ်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ - မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး အခုလို ဆိုခဲ့ပါတယ်။
“EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ကိစ္စ ကြားဖြတ် ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေတာ၊ ဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန်ကျမှ ရုပ်သိမ်းသင့် - မသင့် ဆုံးဖြတ်မယ့်ကိစ္စကို ကျမ နားလည်ပါတယ်။ အဲ့ဒီအချိန်ကျရင် တဖြည်းဖြည်းချင်း စပြီး ရုပ်သိမ်းသွားမယ် ဆိုတာကိုလည်း ကျမ လက်ခံသဘောတူပါတယ်။”
မစ္စတာ ဆူရင်းပစ်ဆူဝမ်ကတော့ - အာဆီယံကရော နိုင်ငံတကာကပါ ဒီရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေမှာဖြစ်ပြီး - အများက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့မယ်ဆိုရင် မြန်မာအစိုးရဘက်က တောင်းဆိုတာမှန်သမျှ အာဆီယံအနေနဲ့ ချက်ချင်း တုန့်ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာပါ။
သူက နေပြည်တော်မှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာပါ။
ဒါ့အပြင် ဧရာဝတီတိုင်း ဖျာပုံဘက်ကို သွားရောက်ဖို့ရှိပြီး အဲဒီမှာ အာဆီယံက ကူညီဆောင်ရွက်ပေးနေတဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေနဲ့ နာဂစ်ကယ်ဆယ်နေရာချထားရေးအစီအမံတွေကို သွားရောက် စစ်ဆေးမှာဖြစ်ပါတယ်။

ဓာတ်ပုံ ASSOCIATED PRESS မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအတွင်းရေးမှူးချုပ်ဆူရင်းပစ်ဆူဝဲန် (Surin PItsuwan) တို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂။
စည်းကမ်းမဲ့နိုင်ငံ မတိုးတက်နိုင် သူရ ဦးရွှေမန်းဝေဖန်
ဓာတ်ပုံ ASSOCIATED PRESSသူရဦးရွှေမန်း (လက်ယာဘက် အတွင်းပိုင်း ဒုတိယနေရာ)
ပြည်သူ့ဝန်ထမ်းလစာ တိုးရေးကိစ္စကို မဖြစ်မနေရအောင် ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ကလည်း ပြည်သူ့အကျိုးကို ကြည့်ပြီးတော့ ကောင်းတဲ့အပြောင်းအလဲတွေ အမြန်ဆုံးဖော်ဆောင်သွားဖို့လည်း တိုက်တွန်းပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ဦးရွှေမန်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒီ အကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြီး တင်ပြပေးထားပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်က ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မတီနဲ့အတူ မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဥပဒေပညာရှင်တွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံပြီးတော့ ဆွေးနွေးပွဲတစ်ရပ်လုပ်ပါတယ်။
မနက် ၉ နာရီ ခွဲကနေ နေ့လယ် ၁၂ နာရီ အထိလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ရှေ့လာမယ့် ဘဏ္ဍာနှစ် အတွင်း ပြည်သူ့ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ကိစ္စတွေကို ရှင်းပြခဲ့သလို ဒီ အကြံပေး အဆိုပြုချက်တွေကို အကောင်အထည်ဖော်လာဖို့ကိုလည်း မဖြစ်မနေ လုပ်ဆောင်သွားမယ်ဆိုတာကို သူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော်ထဲမှာ ပြောသွားပါတယ်။
“သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ အမှန်တကယ်ဖြစ်လာဖို့၊ ဖြစ်စေနိုင်ဖို့၊ နိုင်ငံသားများ၊ ဝန်ထမ်းများရဲ့ လုပ်ခလစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘက်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးပေးရေး- ကျနော့်ဘက်ကတော့ အခု လစာတိုးပေးမယ်။ ဘက်ဂျက် အစမှာ- အဲဒီလို တိုးပေးတဲ့အခါမှာ အခြားငွေ ရှာစရာမလိုဘဲနဲ့ ဘက်ဂျက်ကိုလည်း ဥပဒေ ပြုပေးပါလို့ ပြောတဲ့၊ စီမံကိန်းနဲ့ ဘက်ဂျက်များ ဥပဒေ ပြုပေးရေးနဲ့ ထိုသို့ မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ သဘောကတော့ ဒီ စီမံကိန်း မလုပ်ပါနဲ့-ပြောတာပါ။ အကြွေးတွေကလည်း ထူနေတယ်။ ပြန်ကြည့်မယ်ဆိုရင် စိတ်ဓာတ်မကောင်းတဲ့ နိုင်ငံ၊ စည်းကမ်းမကောင်းတဲ့နိုင်ငံ ဘယ်တော့မှ မတိုးတက်နိုင်ဘူး။”
တခါ နိုင်ငံအတွက် အကျိုးမရှိတဲ့ ဥပဒေရပ်တွေကို ပြင်ဆင်ဖို့ ပြောခဲ့တဲ့အပြင် ဒီ ကောင်းတဲ့ အပြောင်းအလဲတွေကို အမြန်ဆုံး ဖော်ဆောင်ဖို့ကိုလည်း သူရ ဦးရွှေမန်းက တိုက်တွန်းသွားပါတယ်။ “ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့ ကိုယ့်နိုင်ငံကောင်းလာအောင် ကိုယ့်အမျိုးသားများ ပိုကောင်း လာအောင် အကျိုးစီးပွားများ ပိုမို ဖြစ်ထွန်းလာအောင် အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါမယ်။ ကောင်းတာဖြစ်ဖို့ ပြောင်းလဲကြရအောင်ပါ။
ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားများကို တကယ်ချစ်ရင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုယ်အသိဘာသာ အယူအဆ အစွဲမထားဘဲ စီမံဆောင်ရွက်ကြရအောင်ပါ။ သန်း ၆၀ သော ပြည်သူလူထု၏မျက်နှာနဲ့ အကျိုးစီးပွားကို ကြည့်ကြရအောင်ပါ။ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူ့အကျိုး မကြည့်ဘူး၊ မဆောင်ရွက်ဘူးဆိုရင် ခွင့်မလွှတ်ကြပါနဲ့။ ကျနော့်ကိုလည်း ခွင့်မလွှတ်ပါနဲ့။”
ဒါကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီနေ့ ရန်ကုန်လွှတ်တော်ထဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစိတ်တပိုင်းပါရှင်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ထဲမှာ ဒီ ဝန်ထမ်းတွေ လစာတိုးပေးရေးနဲ့ပတ်သက်ပြီး သူပြောခဲ့တဲ့ မိန့်ခွန်းကို ရေဒီယိုနဲ့ ရုပ်သံတွေမှာ ပြန်လွှင့်တဲ့အခါ ဆင်ဆာဖြတ်တောက်မှု ရှိတယ်ဆိုတာကိုလည်း ဒီ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေ နဲ့ တွေ့ဆုံရာစဉ်မှာ ပြောခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ သတင်း အယ်ဒီတာ တစ်ဦးကပြောပါတယ်။
“သူ့ မိန့်ခွန်းထဲမှာ ထူးဆန်းတာက ဒီ ပြည်သူ့လွှတ်တော်မှာ ဝန်ထမ်းလစာ တိုးပေးဖို့ဟာကို သူပြောတယ်မို့လား။ အဲဒါတွေကို ရုပ်မြင်သံကြားက ဖြတ်တယ်။ သတင်းစာကလည်း ဖြတ်တယ်။ အတိအကျမပါဘူး-ဘယ်မှာမှ ပေါ့နော်။ အဲဒီတော့ အစိုးရက ဖျက်လိုက်တယ်ပေါ့နော်။
အဲဒီလို ပြောပြီးတော့ သတင်းစာ ရှင်းလင်းပွဲအပြီးမှာ စာရေးဆရာ ဖေမြင့်က မေးတယ်ပေါ့နော်။ ဒီမိုကရေစီသာပြောတာ- စတုတ္ထမဏ္ဍိုင်က ဘာလို့ အဲဒီလိုတွေ လုပ်နေတာလဲဆိုတာကို ဒီ လွှတ်တော်ရဲ့ အမြင်ပေါ့နော်- ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့အမြင်ကို ပြန်ပြီးတော့ မေးတယ်။ သူကတော့ အခု ခင်ဗျားတို့ မြင်တဲ့ အတိုင်းပဲပေါ့နော်၊ ကြားတဲ့ အတိုင်းပေါ့၊ ဒီလောက်ပါပဲ။” တခါ နိုင်ငံထဲမှာ ပြင်ဆင်ဖို့လိုနေတဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းအကြောင်းတွေ ဥပဒေရေးရာ ကိစ္စတွေကိုလည်း တခြားတက်ရောက်ခဲ့တဲ့လူတွေက ဆွေးနွေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။
“ဥပဒေနဲ့ ပတ်သက်ရင် ကျနော်တို့ ဆီက အများကြီး လိုနေတာပေါ့။ အသေးစိတ်ဆွေးနွေးတာတော့ အများကြီးပေါ့။ ကျနော်တို့ အချိန်မရတဲ့ လူတွေကလည်း စာနဲ့တင်တာပေါ့။ ကျနော်တို့ကတော့ ဥပဒေတွေလည်း ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့လည်း တိုက်တွန်းတာပေါ့နော်။
ကျနော်တို့ဆီမှာ တကယ်တမ်းကျတော့ ဥပမာ တိုက်ခန်းဆိုလို့ရှိရင် တိုက်ခန်း ပိုင်ဆိုင်မှုဥပဒေ မရှိတဲ့ အခါကျတော့ ကျနော်တို့ လက်မှတ်ထိုးတဲ့အခါကျလို့ရှိရင် မြေရှင်ကို 5 percent (၅%)ပေးရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက သက်သေလက်မှတ်ထိုးရတာ ပေးရတယ်ပေါ့။ ဒါတွေကို သူရဲ့ Protection (ကာကွယ်မှု-ဆိုင်ရာ) ဥပဒေ ပေါ်လာရင်တော့ ဒီပေးဆောင်ရမယ့်ဟာ နိုင်ငံတော်က ပိုက်ဆံရတာပေါ့။
နောက် လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အမှုအခင်း ၅၀ ရာခိုင်နှုန်းကျော်က တိုက်ခန်း ပိုင်ဆိုင်မှု အငြင်းပွားတာကြောင့်ဖြစ်နေတယ်။ ထုတ်ကုန်သွင်းကုန် ဥပဒေတို့၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ဥပဒေပေါ့နော်။ ဒါတွေပေါ့နော်။ ပြောရရင် အများကြီးပေါ့နော်၊ ဥပဒေတွေ တော်တော်များများ၊ ခေတ်နဲ့မလျော်ညီတာတွေ ပြင်ဆင်ဖို့။” ဒေါက်တာ စိုးထွန်းပါရှင်။ ဒီကနေ့ ရန်ကုန်ပြည်သူ့ လွှတ်တော်ထဲမှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲ အတွင်းမှာလည်း စီးပွားရေး လုပ်ငန်းရှင်တွေက ဒီ ဝန်ထမ်းတွေရဲ့ ဘဝ ရပ်တည်ရေး ခက်ခဲတဲ့ အကြောင်းကို ပြောပြသွားသလို ဒီဝန်ထမ်းတွေ လစာတိုးရေး ကိစ္စကိုလည်း အလေးအနက် တိုက်တွန်းသွားတယ်လို့လည်း ပြောပါတယ်ရှင်။
http://www.voanews.com/burmese/news/----02_22_12_my-news-burma----139993463.html
သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်
တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုကို တိုးမြင့်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ သူရ ဦးရွှေမန်းဟာ မနေ့က နေပြည်တော်ကနေ တရုတ်နိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်တာဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ Wu Bangguo ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်တာဖြစ်သလို တရုတ်နိုင်ငံဟာ လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ပေးခဲ့တဲ့အတွက် အခုလို သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
"တရုတ် - မြန်မာ နှစ်နိုင်ငံဟာ အင်မတန်မှ ချစ်ခင် ရင်းနှီးတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဟောင်း မိတ်ဆွေစစ် နိုင်ငံ ဖြစ်ပါတယ်။ အရေးကြုံလာလို့ ရှိရင်လည်း မြန်မာ နိုင်ငံဖက်က မှန်မှန် ကန်ကန် ရပ်တည် ဆောင်ရွက်ပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီတပတ် ခရီးစဉ်မှာ တရုတ်နိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြင့်စေရေးအတွက် ရည်ရွယ်ပါတယ်။"
တရုတ်နိုင်ငံက လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးခဲ့တယ် ဆိုပေမယ့် ဘယ်လို အခြေအနေ မျိုးတွေမှာ ရပ်တည်ပေးခဲ့တယ် ဆိုတာကိုတော့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။
တရုတ်နိုင်ငံအနေနဲ့ မကြာခင်ကပဲ မြန်မာလွှတ်တော်မှာ အသုံးပြုဖို့အတွက် ကွန်ပြူတာတွေကို လှုဒါန်း ခဲ့ပါတယ်။ အဲဒီမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးကို လက်ခံတွေ့ဆုံပြီး တရုတ်နဲ့မြန်မာဟာ စစ်မှန်တဲ့ မိတ်ဆွေ နိုင်ငံတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မနှစ်ကစလို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာပြီးတဲ့နောက် အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာခဲ့ပါတယ်။
ဒါကြောင့်လည်း အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေးမှာ ထိခိုက်လေမလား တွက်ဆမှုတွေရှိလာခဲ့ပါတယ်။ အထူးသဖြင့်တော့ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ သက်တမ်းတလျောက် မြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စကို ယာယီ ရပ်ဆိုင်းထားဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ အခုအစိုးရသစ် သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်လာနေတာပါ။
မြန်မာအာဏာပိုင်တွေဖက်ကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကြောင့် တရုတ် မြန်မာဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားကြပါတယ်။
လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ ဗုဒ္ဓဟူးနေ့က တရုတ်ပြည်ကို မထွက်ခွာခင် အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ပြည်သူ့ဝန်ထမ်းလစာ တိုးပေးရေးကိစ္စကို အဆိုတင်သွင်း ထားပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွင်း မနေ့က ပြုလုပ်တဲ့ စည်းဝေးပွဲ အတွင်းမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့အကျိုး မကြည့်ဘူး၊ မဆောင်ရွက်ဘူး ဆိုရင် သူကိုယ်တိုင် အပါအ၀င် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။http://www.voanews.com/burmese/news/Shwe_Mann_China_Trip_Feb22_2012-140068943.html

ဆားမလောက် အရက်ချက်စက်ရုံကြောင့် ဒေသခံတွေ ဒုက္ခရောက်
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ အထက်ပိုင်း ရပ်ကွက်အနီးမှာရှိတဲ့ အရက်ချက်စက်ရုံမှ ထွက်ရှိတဲ့ ရေဆိုးရေညစ်တွေကို ပန်းလှိုင်မြစ်အတွင်း စွန့်ပစ်တဲ့အတွက် အနီးတဝိုက်မှာရှိတဲ့ ဒေသခံပြည်သူတွေ ကျန်းမာရေး ထိခိုက်နေရပါတယ်။
အဆိုပါ ပုဂ္ဂလိကပိုင် အရက်အဆီထုတ် စက်ရုံက ဆားမလောက်ကျေးရွာ အထက်ပိုင်းမှာ တည်ဆောက်ပြီး လည်ပတ်နေတာ နှစ်နှစ် ကျော်ပြီ ဖြစ်ပါတယ်။ အရက်ချက်စက်ရုံကနေ တနေ့ကို ပေပါ အလုံး ၁၀၀ ကျော် ထွက်ရှိပြီး အလုပ်သမား ၅၀၀ ကျော်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဘွိုင်လာနှစ်လုံးတပ်စက်ကြီးနဲ့ လည်ပတ်နေတဲ့အတွက်ကြောင့် ကျေးရွာမှာရှိတဲ့ ကလေးတွေက အသက်ရှူရှိုက်လို့ မရဘူး။ အသက်ရှုကြပ်တဲ့ ရောဂါတွေ ဖြစ်တယ်။ ဒီအနံ့ဆိုးတွေကြောင့် လူနေရပ်ကွက်တွေ၊ စာသင်ကျောင်းတွေ စတဲ့ ဘေးပတ်ဝန်းကျင်အားလုံးမှာ အနှောင့်အယှက် ဖြစ်နေရပါတယ်။ အရက်ချက်စက်ရုံမှ ထွက်ရှိတဲ့ ရေဆိုးရေညစ်တွေကို ပိုက်တွေနဲ့ သွယ်တန်းပြီး ပန်းလှိုင်မြစ်ထဲကို စွန့်ပစ်နေတာဖြစ်ပါတယ်။
ဒါ့ကြောင့် မြစ်ရေကို သောက်ရေသုံးရေ ပြုလုပ်နေကြတဲ့ ဒေသခံပြည်သူတွေ သုံးလို့မရတော့တဲ့ အနေအထားမျိုးဖြစ်နေပြီး ပန်းလှိုင်မြစ်တလျှောက်က တံငါသည်တွေလည်း အရင်လို ငါးမရတော့ပါဘူး ။ ဒါအပြင် စွန့်ပစ်ပစ္စည်းကနေ နံတဲ့အနံ့က ဒီအထက်ပိုင်းရပ်ကွက် တကွက်ထဲတင် မဟုတ်ဘူး။ အရပ်ရှစ်မျက်နှာမှာရှိတဲ့ လူပုဂ္ဂိုလ်တွေအားလုံး အနံ့ဆိုးတွေကို လေသင့်ရာ အမြဲတမ်းခံစားရနေပါတယ်လို့ ဒေသခံတွေ ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
အရက်ချက်စက်ရုံ စတင်လည်ပတ်ပြီးစအချိန်မှာပဲ ဆားမလောက်ကျေးရွာ အထက်ပိုင်းရပ်ကွက်မှာရှိတဲ့ ဒေသခံပြည်သူ ၂၀၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး စက်ရုံကို ပြောင်းရွှေ့ပေးရန် ဧရာဝတီတိုင်း ဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြသော်လည်း တစုံတရာ လာရောက်ဖြေရှင်းပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။
“ဒီအရက်ချက်စက်ရုံက အရက်ချက်တဲ့အတွက်ကြောင့် ရေသယံဇာတတွေ ဆုံးရှုံးတယ်။ အနီးအနား ပတ်ဝန်းကျင်က ပြည်သူတွေ ဒီလိုအနံ့ဆိုးတွေ ခံရတယ်။ မီးခိုးတွေက ထွက်တဲ့ ပြာမှုန်တွေကို ရှုရရှိုက်ရတဲ့အတွက် ကျန်းမာရေး မကောင်းကြဘူး။ အဲလိုအဖြစ်မျိုးတွေ ဖြစ်တဲ့အပြင်ကို ဒီအရက်ကြောင့် ဒီကျေးရွာမှာရှိတဲ့ လူငယ်တွေ၊ ကျေးရွာအနီးတဝိုက်မှာရှိတဲ့ လူငယ်တွေ ၊မြို့နယ် တမြို့နယ်လုံးကလဲ ဒီအရက်ချက်စက်ရုံက ထွက်တဲ့ အရက်ဆီတွေကို ထော်လာဂျီတွေနဲ့ လာယူကြတယ်။ မအူပင်၊ ပန်းတနော်၊ ဓနုဖြူ အဲဒီဘက်တွေကပါ လာယူကြတယ်။ အရက်တွေကြောင့် လူငယ်တွေအများဆုံး မကြာခဏဆိုသလို သေဆုံးနေကြတယ်။ အဲအတွက်ကို မဖြစ်စေချင်တဲ့အတွက်ကြောင့် ဒီအရက်ချက်စက်ရုံကြီးကို ကျနော်တို့ ရွာပေါ်မှာ မရှိစေချင်တော့ပါဘူး။” လို့ ဆားမလောက်ကျေးရွာ အထက်ပိုင်းရပ်ကွက်မှာ နေထိုင်သူ တဦးဖြစ်တဲ့ ကိုမောင်မောင်လတ်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆားမလောက်ကျေးရွာ အထက်ပိုင်းရပ်ကွက်မှာရှိတဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး အရက်ချက်စက်ရုံမှ မန်နေဂျာနဲ့ သွားရောက်တွေ့ဆုံပြီး ရေဆိုးတွေ စွန့်ထုတ်တာ၊ စွန့်ပစ်ပစ္စည်းတွေကို ပန်းလှိုင်မြစ်ထဲ စွန့်ပစ်တဲ့အတွက် ပန်းလှိုင်မြစ်တလျှောက်မှာ နေထိုင်တဲ့ ပြည်သူတွေအားလုံး သောက်သုံးလို့မရတော့တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ပြောဆိုတဲ့အခါမှာ စက်ရုံမှ ရေဆိုးတွေကို သန့်စင်ပြီးမှ စွန့်ပစ်ပါမယ်လို့ ကတိပေးခဲ့ပေမယ့် အခုချိန်ထိ ရေဆိုးတွေကို ဒီအတိုင်းပဲ မပြောင်းလဲပဲ ပန်းလှိုင်မြစ်ထဲသို့ စွန့်ပစ်နေဆဲပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဆားမလောက်ကျေးရွာ အထက်ပိုင်း ရပ်ကွက်အနီးမှာရှိတဲ့ အရက်ချက်စက်ရုံ ဘားမားဗီဂျေ
Photo Credit and Thanks to Eleven Media Group
http://feeds.feedburner.com/ thithtoolwin/yIWV

http://feeds.feedburner.com/
မြစ်ဆုံနှင့် စစ်ပြေးဒုက္ခသည်အရေး ၈၈ တို့ ကချင်ပြည် သွားမည်
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သွားရောက်ကြမည်ဟု သိရသည်။
မြစ်ဆုံစီမံကိန်းရှိရာ တန်ဖရဲကျေးရွာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ကျင်းပရန်ရှိသည့် အဆိုပါ ဆုတောင်းပွဲမှာ စီမံကိန်းကို ရပ်ဆိုင်းပေးလိုက်သည့်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် နောက်တကြိမ် ရေကာတာ စီမံကိန်း များ မပြုလုပ်ရန်အတွက် ဒေသခံများက ဆုတောင်းပွဲကျင်းပရခြင်း ဖြစ်သည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
“မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ ကျေးဇူးတင်တယ်ဆိုပြီးတော့ ကချင်လူငယ်တွေ၊ ကချင်လူကြီးတွေ၊ ရပ်ဖိရပ်ဖတွေက ဖိတ်ကြားတဲ့ အတွက်ကြောင့် သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြစ်ကြီးနားမြို့နယ် ဆုတောင်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ သွားရောက်ကြမည် (ဓါတ်ပုံ မဇ္ဈိမ)
စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ဒေသခံများ၊ မြစ်ကြီးနားမြို့ လူငယ်များ၊ ရပ်မိရပ်ဖများက ဘာသာပေါင်းစုံ စုပေါင်း၍ ဆုတောင်းကြမည် ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများနှင့် စာနယ်ဇင်းသမားများက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှား ခဲ့ကြသဖြင့် ယင်းတို့ကို ဖိတ်ခေါ်ရခြင်းဖြစ်ပြီး မြစ်ကြီးနား မြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည်များကိုလည်း လာရောက်အားပေး ကူညီနိုင်မည် ဖြစ်၍ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ဆုတောင်းပွဲ ဖြစ်မြောက်ရေး ကော်တီဝင် တဦးက မဇ္ဈိမကို ပြောသည်။
“သူတို့တွေက ဒီကိုလာတဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေကို အားပေးကူညီမှုတွေ ရှိတယ်ဆိုတဲ့ ခေါင်းစဉ်ဘဲ။ မြစ်ဆုံရေကာတာ ရပ်ဆိုင်းဖို့ သူတို့ကူညီလို့ ရပ်ဆိုင်းသွားတယ်။ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် သူတို့လည်း ပါဝင်ကူညီနိုင်မယ်လို့ မျှော်လင့်တယ်”ဟု သူက ပြောသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုမြအေး၊ ကိုဂျင်မီတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၆ ဦးက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် နေရာရွေ့ပြောင်း ခံခဲ့ရသော ဒေသခံများ၊ ကချင်စစ်ပြေး ဒုက္ခသည်များနှင့် ထပ်တူထပ်မျှ ခံစားရကြောင်းနှင့် တသားတည်း ရှိနေကြောင်းကို ပြသလိုခြင်းနှင့် ငြိမ်းချမ်းရေး ရရှိရေးလိုလားခြင်းကို ပြသလိုခြင်း ဖြစ်သည်ဟု ကိုမြအေးက မဇ္စျိမကို ပြောသည်။
“ကျနော်တို့သွားတာ ပွဲသတ်သတ်မဟုတ်ပါဘူး။ ကျနော်တို့က စစ်ပြေးဒုက္ခသည်တွေကို ငွေကြေးအရ ရုပ်ဝတ္ထုပစ္စည်း အရ ကျနော်တို့ ဘားမှ ပေးနိုင်စရာ မရှိဘူး။ ကျနော်တို့ ပေးနိုင်တာက စိတ်ဓါတ် ခွန်အားပါ”ဟု ကိုမြအေးက ပြော သည်။”
ထို့ပြင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ကြားဝင် စေ့စပ်ပေးရန် အဆင်သင့်ရှိနေကြောင်း ကိုမြအေးက ပြောသည်။
“စစ်ရပ်ဆိုင်းဖို့အတွက် အစိုးရကိုရော KIO ကိုရော ကျနော်တို့ ဘာလုပ်ပေးရမလဲ။ ကျနော်တို့ကို ဘယ်သူကဘဲ ခိုင်းမယ်ဆိုရင် လုပ်ဖို့ ကျနော်တို့ အသင့်ပါ။ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်။ ကြားဝင်ပေးဖို့ လိုလား တယ်ဆိုရင် ကျနော်တို့ ဝင်မှာပါ”ဟု သူက ဆက်ပြောသည်။
အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် တရုတ်နိုင်ငံအတွင်း ထပ်မံ တွေ့ဆုံ ရန်ရှိကြောင်း သတင်းများထွက်ပေါ်နေစဉ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် လွန်ခဲ့သည့် အပါတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့ သေးကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင်များအားလုံး ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် သွားကြမည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖေဖေါ်ဝါရီလ ၂၃-၂၄ ရက်နေ့များတွင် မြစ်ကြီးနားမြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ကိုမင်းကိုနိုင် နှင့် တချို့က မန္တလေးမြို့သို့ ပြန်မည်ဖြစ်ပြီး ကိုမြအေး အပါအဝင် ၇ ဦး မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ စာနယ်ဇင်းသမားများကိုလည်း ဆုတောင်းပွဲ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။
စာပေအသိုင်းအဝိုင်းများ၊ ပညာရှင်များက မြစ်ဆုံရေကာတာ စီမံကိန်းအား ကန့်ကွက် လှုပ်ရှားခဲ့ကြသဖြင့် ယမန်နှစ် ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့ စီမံကိန်း ရပ်တန့်ရန် သမ္မတ ဦးသိန်းစိန်က ညွန်ကြားခဲ့သည်။
ချင်းမိုင်(မဇ္စျိမ) ။ ။
http://feeds.feedburner.com/thithtoolwin/yIWV

MRTV ကို ၀န်ကြီးဦးကျော်ဆန်း နှင့် Forever Company ကသိမ်းပိုက်ထား
"MRTV-4 အမည်ခံနှင့်ထုတ်လွှင့်နေတဲ့ Forever Company မှာ ၀န်ကြီး ဦးကျော်ဆန်းရဲ့ရှယ်ယာတွေအများဆုံးပါဝင်နေကြောင်းသိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ဟာ မြန်မာ့အသံဝန်ထမ်းတွေကို တပ်ကုန်းမြို့ ပို့ပြီး ရန်ကုန် - ပြည်လမ်းပေါ်က မြန်မာ့အသံရုံးကြီးကတော့ သူပိုင်တဲ့ Forever Company ရုံး အဖြစ်အသုံးပြုနေတယ်လို့ MRTV ၀န်ထမ်းတဦးက Myanmar News Now ကိုပြောပါတယ်။
ရုံးဝင်းထဲကအဆောက်အအုံတွေကိုလည်း ငှားစားထားသလား ၊ ရောင်းစားထားသလားသေချာမသိရ သေးပေမယ့် Forever Company ကပဲ အဲဒီအဆောက်အဦးတွေကို ချယ်လှယ်နေတယ်လို့ လည်း သိရပါတယ်။
Forever Company က CEO ဆိုသူ ဦးဝင်းမော် ကလည်း ၀န်ကြီးဦးကျော်ဆန်း ကျောထောက်နောက်ခံနဲ့ MRTV က DG အပါအ၀င် ညွှန်မှူးအားလုံးကို အမိန့် ပေး ခိုင်းစေနေတယ်ပါတယ်။
MRTV က ညွှန်မှူးတွေဟာ ကိုယ့်ဝန်ထမ်းတွေကို ကိုယ်ကနှိပ်ကွပ်ရုံမက အပြင်Company ကပါ အနိုင်ကျင့်နေတာမြင်လျက်နဲ့ မျက်နှာလွှဲနေကြတဲ့ အကြောင်းလည်း MRTV ၀န်ထမ်းက ပြောပါတယ်။
အခုနောက်ဆုံးဖြစ်ရပ်ကတော့ မြန်မာ့အသံဝင်းအတွင်းက အပျိုဆောင်(၂)ဆောင်နေရာမှာ Forever Company က MMTC သင်တန်းကျောင်းဆောက်ချင်လို့ဆိုပြီး အပျိုဆောင်က၀န်ထမ်းတွေကို နယ်နှင်ဒဏ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
အဆောင် အစားပြန်ဆောက်ပေးထားတယ်ဆိုပေမယ့် ချောင်ထဲမှာပဲ ပြန်ဆောက်ပေးထားတာပါ။ ဒါပေမယ့် အပျိုတစ်ယောက် နေဖို့ရတဲ့ နေရာက (၄)ပေသာသာပဲ ရှိပါတယ်။ တကယ်တော့ မြန်မာ့အသံဝန်ထမ်းတွေဟာ အစိုးရလက်ကိုင်တုတ်ရယ်လို့ ပြည်သူကလည်းမုန်း ၀န်ကြီးကလည်း မျက်နှာသာမပေးတဲ့အပြင်Forever Company ကလည်း အရေးမစိုက်၊ ထင်ရာလုပ် ညွှန်မှူးများကလည်း မျက်မမြင်နားမကြား လုပ်နေတာကိုခံနေရတဲ့ အကြောင်း MRTV ၀န်ထမ်းက Myanmar News Now ပြောပြပါတယ်။
သစ်ထူးလွင် (Myanmar News Now)
http://feeds.feedburner.com/thithtoolwin/yIWV
တစ်လကျပ်တစ်သိန်းဖြစ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆို
ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများအား အနိမ့်ဆုံး ပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင် ဖြစ်သင့်ကြောင်း၊ ထိုက်သင့်သော အခွန်နှုတ်ပယ်ပါက တစ်လရှစ်သောင်း၊ ကိုးသောင်းကျပ်ပေးသင့်ကြောင်း၊ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်နာယကထံ ဖေဖော်ဝါရီ လ ၂၁ရက်နေ့က ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ''မိမိအနေဖြင့် ၇-၂- ၂၀၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်နှင့် အဆိုပြုချက်များကို ကန့်ကွက်သူမရှိ အားလုံးထောက်ခံခဲ့ပါသည်။ သို့ရာတွင် ၁၆- ၂-၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုဝန်ကြီးများမှ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြချက်များမှာ အကျဉ်းချုပ်အားဖြင့် ၀န်ထမ်းများအား လစာတိုးပေးလိုသော်လည်း လက်ရှိအခြေအနေအရ တိုးမြှင့်ပေးနိုင်ခြင်းမရှိဘဲ ဝေးလံခေါင်သီသော ဒေသများသို့ သွားရောက်တာဝန်ထမ်း ဆောင်သူများ၏ လစာငွေကိုတိုးမြှင့်ပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထိုသို့တင်ပြချက်များမှာ အုပ်ချုပ်ရေးအဖွဲ့က တင်ပြထားသော စီမံကိန်းများ၊ ပရောဂျက်များအတိုင်း ပြည်ထောင်စုလွှတ်တော်က သဘောတူခွင့်ပြုရေး၊ ဥပဒေပြုပေးနိုင်ရန်နှင့် ထိုဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု သဘောပါရှိပါသည်။
ထိုဥပဒေပြုရေးတာဝန်သည် ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်ဖြစ်ပြီး ပြဋ္ဌာန်းအတည်ပြုထားသော ဥပဒေများအတိုင်း သက်ဆိုင်သူများ၊ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ညီညွတ်စွာ လုပ်ဆောင် ခြင်း ရှိ မရှိကို ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်များက စောင့်ကြည့် လေ့လာသုံးသပ်ဆောင်ရွက်စေရန် ဖြစ်ပါသည်။ ထို့ကြောင့် တင်ပြလာသော စီမံကိန်းများ၊ ပရောဂျက်များကို စိတ်ကောင်းစေတနာဖြင့် ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေများကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုကြစေရန် ဥပဒေပြုအဖွဲ့အစည်းများက စောင့်ကြည့်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ လွှတ်တော်ကျင်းပနေသည့် ယနေ့ကာလတွင် ယင်းကိစ္စကို အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်အဖြစ် အချိန်ပေးပြီး စေ့စေ့စပ်စပ် လေ့လာဆောင်ရွက်ရမည့်အချိန်လည်း ဖြစ်ပါသည်။ စိစစ်လေ့လာသုံးသပ်ချက်များအရ ပိုထွက်လာသောငွေများကို ပြည်သူ့ဝန်ထမ်းများအား ၎င်းတို့ အခြေခံစားဝတ်နေရေးအတွက် လုပ်ခ၊ လစာများ သတ်မှတ်ဆောင်ရွက်ပေးရန်ဖြစ်သည်ဟု အစိုးရအဖွဲ့က ခံယူဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယနေ့ နေပြည်တော်အတွင်းရှိ အလုပ်သမားများ၏ လုပ်ခများကို လေ့လာတင်ပြလိုပါသည်။ လုပ်ငန်းစတင်ဝင်ရောက်လုပ်ကိုင်သည့် အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၂၀၀၀ နှုန်း ဖြစ်ပြီး တစ်လကျပ်ခြောက်သောင်း၊ လုပ်သက်တစ်နှစ်၊ နှစ်နှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၃၀၀၀၊ တစ်လ ကျပ် ၁၀၀၀၀၀၊ လုပ်သက်နှစ်နှစ် သုံးနှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၄၀၀၀၊ တစ်လကျပ် ၁၂၀၀၀၀၊ လုပ်သက်သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်ရှိ အလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ရက်လုပ်ခ ကျပ် ၅၀၀၀ တစ်လ ကျပ် ၁၅၀၀၀၀ ရရှိသည်။
ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများအား နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင် ဖြစ်သင့်ပါသည်။ အနိမ့်ဆုံးလစာ ကျပ်တစ်သိန်း ၀န်းကျင်ရရှိသောသူအား ထိုက်သင့်သောအခွန်နှုတ်ပယ်ပါက တစ်လ ကျပ်ရှစ်သောင်း ကိုးသောင်း ပေးသင့်ပါသည်။ ငွေကြေးအလုံအလောက် အဆင်မပြေသေးပါက ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်ပါသည်။ ထိုသို့ လစာငွေအနိမ့်ဆုံးပေးရန်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသော စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့် လောလောဆယ်ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်း၊ လုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရပါမည်၊ အစိုးရကိုယ်တိုင် လုပ်ဆောင်ရန်မသင့်သော လုပ်ငန်းစီမံကိန်းများအား FDI,BBB သို့မဟုတ် ပုဂ္ဂလိကများသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း၊ စီမံကိန်းလုပ်ငန်းများအား အချိန်ဆွဲလုပ်သင့်သည့် ကိစ္စရပ်များကို အချိန်ဆွဲလုပ်ဆောင်စေခြင်းများမှ ပေါ်ထွက်လာသောငွေများကို ၀န်ထမ်းလစာအဖြစ် ပြောင်းလဲပေးလျှင် ရာခိုင်နှုန်းတစ်ခုအထိ လာမည့် ၂၀၁၂- ၂၀၁၃ ခုနှစ် ဘတ်ဂျက်အစကတည်းက လ စာများတိုးမြှင့်နိုင်မည်ဟုတွေ့မြင် သိ ရှိထားပါသည်။ ၎င်းစီမံကိန်းလုပ် ငန်းများမှာ စက်မှုဖွံ့ဖြိုးရေးစီမံကိန်း နှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်း တို့ဖြစ်ပြီး ဆက်လက်စိစစ်ပါက ပေါ် ထွက်လာနိုင်သော အခြားစီမံကိန်း များလည်းရှိနိုင်ပါသည်။
ထို့ပြင် ၀င်ငွေတိုးတက်အောင် ဆောင်ရွက်ခြင်းတွင် အခွန်ဝင်ငွေတိုးတက်ရရှိရေးအတွက် အခွန်ဥပဒေများနှင့် အခွန်ကောက်ခံမှုစနစ်များအား ကောင်းမွန်ရေး၊ အများပြည်သူများအား အခွန်ထမ်းဆောင်လိုစိတ်ရှိသော၊ ထမ်းဆောင်နိုင်သော ၀င်ငွေ၊ လုပ်ခ၊ လစာများကို သတ်မှတ်ပေးရေးနှင့် အခွန်ကောက်ခံမှုစနစ်ဥပဒေကို အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က တိုက်တွန်းသွားရန်လည်း မိမိကအဆိုပြုလိုပါသည်။ ပြည်သူများ၏ ဘဏ္ဍာငွေများကို ပြည်သူ့ကိုယ်စားလှယ်များက သေချာစွာစစ်ဆေးပြီး မသုံးသင့်သည်များ၊ မကုန်သင့်သည်များကို စနစ်တကျ ပြည်ထောင်စုလွှတ်တော်မှစိစစ်ဆောင် ရွက်ပေးပါက ၀န်ထမ်းများ၏လစာ နှင့်စရိတ်အားအတိုင်းအတာတစ်ခုအထိ အမှန်တကယ် တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။ ၀န်ထမ်းကောင်းမှ အစိုးရကောင်းမှာဖြစ်သလို အစိုးရကောင်းမှ နိုင်ငံနှင့်ပြည်သူများအ ကျိုးခံစားခွင့်ရမည်ဖြစ်ပြီး ၀န်ထမ်းများကို နိုင်ငံတော်၏ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များမှ စေတနာထား အသိအမှတ်ပြုမှုကို လက်တွေ့ခံစားရရှိကာ စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းမွန်စွာဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် စွမ်းအင်များ တိုးမြှင့်ရရှိ လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုကျင်းပနေသော ပြည်ထောင်စုလွှတ်တော်ကြီးက နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးအဖွဲ့မှ တင်ပြလာသော အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများအား စေတနာအမှန်ဖြင့် လေ့လာသုံးသပ်၍ နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွား နိုင်ငံဂုဏ်၊ ပြည်ထောင်စုလွှတ်တော်၏ဂုဏ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ဂုဏ်ကို ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း သ၀ဏ်လွှာပေးပို့ပါသည်''ဟု ပြောကြားခဲ့သည်။
EMG
http://feeds.feedburner.com/thithtoolwin/yIWV
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဖေဖော်ဝါရီလကုန်ပိုင်း၌ စတင်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ လကုန်ပိုင်း၌ စတင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို တရားဝင်ထုတ်ပြန်ပြီးမှသာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် စည်းရုံးရေးကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
''လက်ရှိမှာတော့ သက်ဆိုင်ရာ နယ်မြေကတာဝန်ရှိသူတွေက ပါတီအနေနဲ့ ပါတီစည်းရုံးရေးကို စတင်လုပ်ဆောင်နေပါပြီ။ ကိုယ်စားလှယ်တွေကတော့ စာရင်းထွက်ပြီးမှ နယ်မြေကိုလေ့လာပြီး စပြီးဆင်းကြမှာပါ။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်လောက် စဖြစ်မယ်လို့ ထင်ပါတယ်။ လူထုဟောပြောပွဲတွေအနေနဲ့ကတော့ ဒေသအပေါ်မူတည်ပြီးပဲ လုပ်ဖြစ်မှာပါ။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ၁၃ နေရာပဲ ၀င်ပြိုင်မှာဖြစ်လို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားကြမှာပါ။ စည်းရုံးရေးမှာ အဓိကကတော့ လွှတ်တော်ထဲမှာ ဆောင်ရွက်ပေးနိုင်တဲ့ အရာတွေ၊ လုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ အဓိကထား မဲဆွယ်သွားမှာပါ''ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပြောပါသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ကြားဖြတ်ရွေးကောက် ပွဲတွင်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၃ နေရာ၌ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများအတွက် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည် သူ့လွှတ်တော် မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီများအနေဖြင့် မိမိတို့ စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် နှိုးဆော်ထားကြောင်း သိရှိရပါသည်။
EMG
http://feeds.feedburner.com/thithtoolwin/yIWV
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဆို ဦးသိန်းညွန့် တင်သွင်း
သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ပေါ်ပေါက်လာရေးအတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် လွတ်လပ်ပြီး အများပြည်သူ ယုံကြည်လက်ခံနိုင်သော အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံ တော်အစိုးရအား လွှတ်တော်မှတိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က''ကျွန်တော် ဒီအဆိုကို ဘာကြောင့်တင်သွင်းရတယ်ဆိုတဲ့အချက်ကို မတင်ပြခင် ဦးစွာတင်ပြချင်တဲ့အချက်က ဒီအဆိုဟာ ကျွန်တော်တို့နိုင်ငံ အနာဂတ်ရှေ့ရေးအတွက် အရေးကြီးတဲ့ လုပ်ကိုလုပ်ရမယ့် အချက်တစ်ချက်လို့ ရိုးသားစွာ ယုံကြည်တဲ့အတွက် ဒီအဆိုကို လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ပါတယ်''ဟု ဦးစွာပြောကြားခဲ့သည်။
''ကျွန်တော်တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုကို တားဆီးဖို့ ကိုလိုနီခေတ်ကပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီး ဥပဒေအပါအ၀င် ပြစ်မှုဆိုင်ရာ ဥပဒေမှာလည်း အခန်း(၉)မှာ ပတ်သတ်ပြီးတော့ ပြစ်ဒဏ်များပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီအခန်း (၉)မှာပါတဲ့ ပုဒ်မ(၁၆၁) (၁၆၂)၊ (၁၆၅)စတဲ့ စကားလုံးပါ လာဘ်ပေးလာဘ်ယူအပြင် တံစိုးဆိုတဲ့စကားကို ထည့်သွင်းထားပါတယ်။ သို့သော် အားလုံးသိတဲ့အတိုင်း အခြေအမြစ်ကစတင်ပြီး ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တဲ့အတွက် ဒီဥပဒေတွေရဲ့ အာနိသင် မထိရောက်ခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း တင်ပြရရင် သာမန် ၀မ်းမ၀လို့ သီလမစောင့်နိုင်တဲ့လူတွေ၊ သီလမစောင့်နိုင်တာထက်ကို ၀မ်းဝပြီး ပြည့်စုံနေတဲ့ အင်မတန်မှ ထားစရာမရှိဘဲ ရှေ့ရောက်နေတဲ့သူတွေကိုယ်တိုင်က မိမိတာဝန်ကို အာဏာအလွဲသုံးစားပြီး ပြောင်ပြောင်တင်းတင်း လုပ်လာကြတဲ့အခါမှာ ကျွန်တော်တို့ လမ်းစဉ်ပါတီခေတ်ကပင် တာဝန်ကြီးတဲ့ ခေါင်းဆောင်ကြီးတွေက ဆိုရှယ်လစ်စနစ်နဲ့ပဲသွားသွား၊ ဘာစနစ်နဲ့ပဲသွားသွား သူလည်း နိုင်ငံတကာရောက်ခဲ့တဲ့အခါမှာ လာဘ်ပေးလာဘ်ယူရှိနေရင်တော့ တို့နိုင်ငံသွားရမယ့်မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ အောင်မြင်မှာမဟုတ်ဘူးလို့ယူဆပြီး ပြောယုံတင်မကဘဲ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒါက တရားမ၀င်သောနည်းလမ်းဖြင့်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၉၈၆ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ၃(၈၆)မှာ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ပစ္စည်းဆိုသည်မှာ ဥပဒေက ခွင့်မပြုသော စီးပွားရေးလုပ်ငန်းမှ ရတဲ့ငွေ၊ ဥပဒေနဲ့ ဆန့်ကျင်ပြီး ရရှိသောငွေ၊ ဥပဒေနှင့်အညီ အခွန်များ ပေးဆောင်ခြင်းမပြုဘဲ ထိန်ချန်ထားသော အခွန်လို့ ပါပါတယ်။ အခုအားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွန်တွေမရတဲ့အတွက် နိုင်ငံတော်မှာ အင်မတန် နစ်နာဆုံးရှုံးနေပါတယ်။ အဲဒီတော့ ဥပဒေနဲ့အညီ အခွန်များကို ပေးဆောင်ခြင်းမပြုဘဲ ထိန်ချန်ထားတာတွေက အခုတည်ဆဲဥပဒေဖြစ်တဲ့ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူတဲ့ ဥပဒေနဲ့လည်း အကျုံးဝင်နေပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာလည်း ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုကျုးလွန်ရာမှာရသော ငွေကြေး၊ ပစ္စည်းကိုပြောင်းလဲတာ၊ လွှဲပြောင်းတာ၊ ဖုံးကွယ်တာ၊ ဖျောက်ဖျက်တာ၊ အသွင်ပြောင်းလဲတာတွေက တရားမ၀င်နည်းလမ်းနဲ့ရရှိတဲ့ ငွေကြေးဥပဒေနဲ့တူပါတယ်။ ဒီဥပဒေနဲ့ ၁၉၄၈ အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေတို့နဲ့ ခြားနားချက်ကတော့ လာဘ်ပေးလာဘ်ယူကိစ္စတွေမှာ ပေးသူရော၊ ယူသူရော ပြစ်မှုနယ်ပယ် ကျရောက်ပါတယ်။ အခုကျွန်တော်တို့ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းထိန်းချုပ်ရေးဥပဒေမှာတော့ ပုဒ်မ ၈(ည)အရ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းများနှင့်စပ်လျဉ်းပြီး သတင်းပေးသူအား လို အပ်သော အကာအကွယ်ပေးခြင်းနှင့် ထိုက်သင့်သည့်သူများ ချီးမြှင့်ခြင်းအထိ ပြဋ္ဌာန်းပေးထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ဥပဒေမလုံလောက်တာ မဟုတ်ပါဘူး။ ပြစ်မှုအရအရေးယူရမယ့် ဥပဒေ၊ ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါပြီ။
ဝမ်းနည်းစွာတင်ပြရရင် နိုင်ငံသားတွေက အခြေခံဥပဒေကပေးထားတဲ့ အခွင့်အရေးကို ငြင်းပယ်ခံနေရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ယနေ့အချိန်ထိ ငွေများတရားနိုင်၊ ပုဒ်မလေးပေးမှလုပ်၊ ရေများများ လောင်းနိုင်ဖို့လိုတယ်ဆိုတဲ့ ဝေါဟာရတွေဟာ ပြည်သူလူထုနယ်ပယ်မှာ ဖြစ်ပေါ်နေတာကိုက ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကာလမှာ ပြင်ရမယ်ဆိုတာ အချက်ပြသတိပေးနေတာပါပဲ . . . သို့သော် နိုင်ငံတော်သမ္မတကြီးမိန့်ခွန်းပြောပြီး နောက်ပိုင်းအထိ ကျွန်တော်တို့နိုင်ငံမှာ လာဘ်ပေး၊ လာဘ်ယူမှုနဲ့ပတ်သက်တဲ့သတင်းတွေ ကြားသိနေရပါတယ်။ ဒီဖြစ်ရပ်ကို ဘယ်လိုထိန်းချုပ် မယ်ဆိုတဲ့ အချက်ကိုပဲ အဓိကထားပြီး တင်ပြပါမယ်။ အခုဖွဲ့စည်းပုံမှာ နိုင်ငံသားတွေကို တူညီတဲ့အခွင့်အရေးရဖို့ နိုင်ငံသားအခွင့်အရေးပုဒ်မ ၃၄၉ မှာ ပြဋ္ဌာန်းထားပါတယ်။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တဲ့အခါမှာ၊ အလုပ်လုပ်တဲ့အခါမှာ၊ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ၊ ကုန်သွယ်တဲ့အခါမှာ တူညီတဲ့အခွင့် အလမ်းတွေရရှိရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်။ သို့သော်ဝမ်းနည်းစွာ တင်ပြရရင် နိုင်ငံသားတွေကအခြေခံ ဥပဒေကပေးထားတဲ့ အခွင့်အရေး ကို ငြင်းပယ်ခံနေရပါတယ်။ အား လုံးသိတဲ့အတိုင်းပဲ ယနေ့အချိန်ထိ ငွေများတရားနိုင်၊ ပုဒ်မလေး ပေးမှ လုပ်၊ ရေများများ လောင်းနိုင်ဖို့လိုတယ် ဆိုတဲ့ ဝေါဟာရတွေဟာ ပြည်သူလူထုနယ်ပယ်မှာ ဖြစ်ပေါ်နေတာကိုက ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကာလမှာ ပြင်ရမယ်ဆိုတာ အချက်ပြ သတိပေးနေတာပါပဲ။ ဒီနေ့ နိုင်ငံတကာရဲ့ ဖွင့်ဆိုချက်မှာ ၂၀၁၀ စီပီအိုင်ကနေ ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှုကို ဖော်ပြတဲ့အခါမှာ ကျွန်တော်တို့ကို ဆိုးဆိုးရွားရွားအဆင့်မှာ သတ်မှတ်ထားပါတယ်။ အဲဒီတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့အချိန်၊ လာရောက်ဖို့ လမ်းဖွင့်ပေးထားတဲ့အချိန်မှာ ဒီအစီရင်ခံစာတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အထိတ်တလန့် ဖြစ်စေပါတယ်။ သူတို့လာရောက်မယ့်နိုင်ငံရဲ့ အစီရင်ခံစာတွေကိုကြည့်ပြီး လက်တွန့် နေကြပါတယ်။ ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာဖို့ဆိုရင် လာဘ်ပေးလာဘ်ယူမှုကို တားရပါမယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုတဲ့ကိစ္စမှာ အခုကျွန်တော်တင်ပြ ခဲ့တဲ့အဆိုက လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ အမျိုးသားကော်မရှင် ဖွဲ့စည်းရေးဆိုတာ အဓိကကွင်းဆက်ကြီးဖြစ်နေပါတယ်''ဟု ၎င်းကပြောကြားခဲ့သည်။
''တချို့နိုင်ငံတွေမှာတော့ သမ္မတရုံးရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး ကော်မရှင်တွေနဲ့ အရေးယူဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီမှာတော့ သက်ဆိုင်ရာက လွတ်လပ်ပြီး အများယုံကြည်လက်ခံနိုင်တဲ့ အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့ တင်ပြအပ်ပါတယ်''ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။ ဦးသိန်းညွန့်၏ အဆိုကို လွှတ်တော်မှလက်ခံဆွေး နွေးရန်သင့်၊ မသင့် အဆုံးအဖြတ်ရ ယူရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
EMG
http://feeds.feedburner.com/thithtoolwin/yIWV
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေး
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ဆွေးနွေးမှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ကိစ္စရပ်များနှင့် လူထုအားလုံး အကျိုး သက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့အား
နေပြည်တော်၌ တွေ့ဆုံခဲ့ချိန်တွင် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ အာဆီယံ အဖွဲ့ချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ လာရောက် လေ့လာ စောင့်ကြည့်နိုင်ရန် ကိစ္စရပ်ကို အလေးအနက်ထား စဉ်းစားမည်ဟု သမ္မတ ဦးသိန်းစိန်က အခိုင်အမာ ပြောဆိုခဲ့သည်ဟု
ဒေါက်တာဆူရင်က သတင်းထောက်များကို ထပ်မံ ပြောကြားခဲ့သည်။
"လေ့လာ စောင့်ကြည့်သူတွေ လာရောက်ခွင့်ပေးဖို့ ကိစ္စကို အလေးအနက်ထား စဉ်းစားမယ်လို့ သမ္မတ ဦးသိန်စိန်က ပြောခဲ့ပါတယ်။ ဘယ်အချိန်မှာ လာရောက်ခွင့် ပြုမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို တော့ မသိရသေးပါဘူး" ဟု ဒေါက်တာ ဆူရင်က ပြောပါသည်။
သူ့အနေဖြင့်မူ ပွင့်လင်း မြင်သာမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုရှိပြီး အာမခံချက် အပြည့်အ၀ရှိသော ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း၊ မဲဆွယ် စည်းရုံးရေး ကာလ၌မက ဒီမိုကရေစီ သွားရာ လမ်းတစ်လျှောက်တွင် ပါတီအားလုံး တန်းတူ ညီမျှ အခွင့်အရေး ရရှိ စေလိုကြောင်း၊ အထူးသဖြင့် နိုင်ငံတကာမှ လိုလားနေသော အာမခံချက်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်မှု များသည် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့် ရမည့် အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန် ကြောင်းကို ပြသရမည် ဖြစ်ကြောင်းနှင့် လိုအပ်သော အကူအညီများကို အာဆီယံက တုန့်ပြန် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အစရှိသည်တို့ကို နေပြည်တော်မှ တာဝန် ရှိသူများအား ပြောကြားခဲ့သည်ဟု ဒေါက်တာဆူရင်က ပြောဆိုခဲ့ပါသည်။
ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှာ တစ်နာရီကျော် ကြာမြင်ခဲ့ပြီး နံနက် ၉ နာရီ မိနစ် ၃၀ အချိန်မှ နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်အထိ ကြာမြင့်ခဲ့ပါသည်။ ဒေါက်တာ ဆူရင်သည် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မှ လေးရက်ကြာမြင့်မည်ဟု အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ သတင်း ထုတ်ပြန် ထားသည်။
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ် ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံ ခဲ့ပြီးနောက် MYANMAR-ASEAN CHAIR 2014 တံဆပ် ရိုက်နှိပ် ထားသော တီရှပ်အား အမှတ်တရ လက်ဆောင် အဖြစ် ဒေါက်တာ ဆူရင်က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်နေစဉ်။

နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ အလွဲသုံးစားမှုကြီးကို ဒုတိအကြိမ် ရုံးတင်စစ်ဆေး
နိုင်ငံ ပိုင် မြန်မာ့အလင်းသတင်းစာ တိုက်မှ ဝန်ထမ်းအချို့ကျပ်ငွေပေါင်း သိန်း ၂ထောင်ကျော် အလွဲသုံးစားပြူခဲ့သည်ဆိုသော အမှုကြီးကို ရန်ကုန်မြို့ပန်းဆိုးတန်းရှိ အနောက်ပိုင်းခရိုင် တရားရုံး တွင် ဖေဖော်ဝါရီလ၂၁ ရက်နေ့က ဒုတိယအကြိမ်ဖြစ် ရုံးတင်စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ ဗဟိုတရားရုံးရှေ့နေများ အသိုင်းဝိုင်းထံမှ သိရှိရသည်။
ရန်ကုန်အနောက်ပိုင်း ဒုတိယခရိုင် တရားသူ ကြီး ၄ ၏ ရုံးခန်းတွင် ယင်းနေ့က မြန်မာ့အလင်းသတင်းစာမှ လက်ထောက်မန်နေဂျာ အပါဝင်၂ ဦးကို ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၇၈/၂၀၁၁၊ ၇၉/၂၁၁၊ ၈၀/၂၀၁၁ တို့ဖြင့် လက်ခံ ကြားနာစစ်ဆေးခဲ့ပြီး ညနေ၃ နာရီကျော်တွင် စစ်ဆေးမှုပြီးဆုံးခဲ့သည်ဟု ယင်းအမှုစစ်ဆေးစဉ် တရားခွင်ရောက်ရှိ နေသူများထံမှ သိရှိရသည်။
" အရင် မြန်မာအလင်းသတင်းစာက မန်နေဂျာ အပါဝင် ၃ ယောက် လက်ထိပ်ခတ်ထားတာတွေ ရတယ်။ နောက်ဆုံးတန်းမှာထိုင်နေကြတယ်။ ဒီနေ့က တရားလိုပြသက်သေစစ်တာလို့ပြောတယ်" ဟု အမူစစ်ဆေးသည့်နေရာတွင် ရောက်ရှိနေသူတစ်ဦးက ရှင်းလင်းပြောကြားသည်။
တရားခွင်မှရရှိသော သတင်းများအရ မြန်မာ့အလင်းသတင်းစာတိုက်မှ သတင်းစာဖိုးနှင့်ကြော်ငြာဖိုးငွေ ကျပ်၂၈၈၆ သိန်းကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြူမှုဟု သတင်းများထွက်ပေါ်နေသော်လည်း ယင်းပမာဏထက် သိသိသာသာ များပြားသည်ဟုလည်း ရန်ကုန်သတင်းစာဖြန့်ချိရေးလောကအတွင်းရှိသူများက ပြောဆိုကြသည်။
မြန်မာအလင်းသတင်းစာ သတင်းစာဖိုးနှင့်ကြော်ငြာငွေများသည် ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်အတွင်း သက်ဆိုင်ရာ စာရင်းစစ်အဖွဲ့များက စစ်ဆေးရာတွင် ယင်းကဲ့သို့ကွာဟနေသည့်အတွက် ယင်းသတင်းစာတိုက် စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက တရားလိုပြုလုပ် တိုင်းတန်းခဲ့ပြီး ယင်းအမှုကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြအကြံပြုချက်တောင်းခံခဲ့ရာ ပြီးခဲ့သည်နိုဝင်ဘာလအတွင်း ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃ သို့ ပြောင်းလဲဖွင့်လှစ်ရန် အကြောင်းပြန်သောကြောင့် ယင်းအမှုအတိုင်း ပြောင်းလဲဖွင့်လှစ်ခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၀ရက်နေ့ထုတ် The Crime ဂျာနယ်တွင်ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ပြီးခဲ့သော နိုဝင်ဘာလတွင်းက ရန်ကုန်မြို့တော်ရှိ သတင်းစာကိုယ်စားလှယ်ကြီး ၈ဦးခန့်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး မြန်မာအလင်းသတင်းစာ ဖြန့်ချိစဉ် ဝယ်ယူသည့်ပြေစာများကို စစ်ဆေးခဲ့ကြောင်း သတင်းစာကိုယ်စားလှယ်အသိုင်းဝိုင်းထံမှ သိရှိရသည်။
ယင်းသို့စစ်ဆေးမှုတွင် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတိုက်သည် ပုံမှန် စာရင်းပြသော စောင်ရေထက် ပိုရိုက်ထားသော စောင်ရေများကို ပုံမှန်ဈေး ၅၀ကျပ်အစား ၄၅ကျပ်ဖြင့် တရားမဝင် ဖြန့်ချိမှုအချို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကိုယ်စားလှယ်အချို့မှာ သတင်းစာ ဝယ်ယူထားသည့်ပြေစာများ မပြနိုင်ကြောင်းလည်း သတင်းစာဖြန့်ချိရေး အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ယင်း စစ်ဆေးမှုကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အနောက်ပိုင်းခရိုင် တရားရုံးက ဆက်လက်ကြားနာစစ်ဆေးရန်အတွက် လာမည့်မတ်လ ၆ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်ပြီး ၁၉၆၃ ခုနှစ် အများပြည်သူနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃သည် ပြစ်မှုထင်ရှားပါက တရားစွဲဆိုခံထားရသူများသည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ခန့်မနည်းဖြစ်စေ၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ပြစ်ဒဏ်ကျနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။
မြန်မာ့အလင်း သတင်းစာတိုက်တွင် အထွေထွေမန်နေဂျာအသစ်အဖြစ် ဦးဝေဖြိုးသန်းက မကြာသေးခင်လပိုင်းက စတင်တာဝန်ယူလျှက်ရှိပြီး ဝန်ထမ်းအများစုမှာ ပြောင်းရွှေ့ ခြင်း၊ နှုတ်ထွက်ခြင်းများရှိကြောင်း ယခင်က မြန်မာ့အလင်း သတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးကပြောကြားသည်။
The Voice Weeklyhttp://feeds.feedburner.com/thithtoolwin/yIWV
သတ်္တိမရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
သတ္တိရှိဖို့လိုတယ်လို့ ပြောတဲ့ ဦးရွှေမန်း
သတ်္တိမရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု မိမိထင်ကြေင်း ပြည်သူ့လွှတ်တော်ဥက်္ကဌ သူရရွှေမန်းက ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၂ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အ ဆောက်အအုံတွင်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ်္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်တွေ့ဆုံပွဲတွင် ၄င်းကအထက်ပါအတိုင်းပြောကြား သွားခဲ့ခြင်းဖြစ်သည်
““သတိ္တမရှိဘူးဆိုတာကို မှားရင်လဲမှာမယ်ပေါ့။ ပြောမယ်ဆိုရင် တော့ သတိ္တမရှိတာဟာလဲ အဂတိ တရားလိုက်စားတာလို့ပဲ ပြောရမှာပဲ။ ဆန်္ဒ၊ ဒေါသ၊ အဘရာ၊ မောဟ။ ပြောလိုက်တယ်ဆိုရင်ပဲ ကိုယ့်ကိုဒုက်္ခ ရောက်မှာကြောက်တယ်ဆိုတာက လဲ ကျွန်တော် အဂတိတစ်ခုလို ထင်မိတယ် ”” ဟု သူရဦးရွှေမန်းက ဆိုသည်။
လွှတ်တော်ကိုယ်စာ လှယ်များအနေဖြင့် အဂတိကိုဖြစ်စေ သော အပြုအမှုများမဖြစ်စေရန်၊ အလားတူမိမိတို့က ဆောင်ရွက်ပေး လိုက်သောလူများကိုလည်း အဂတိကိုဖြစ်စေသော၊ အဂတိကို ရှေ့ရှုသောအဖြစ်မျိုးမဖြစ်စေရန် မိမိ အနေဖြင့်တိုက်တွန်းလိုကြောင်း၊ သူများကို တိုက်တွန်းသလို မိမိအနေ နဲ့ လဲလုပ်ရမည်သာဖြစ်ကြောင်း ၊ ထိုပြင် မိမိ၏ လူများကို လဲ တိုက်တွန်းထားကြောင်းး ၊ သို့သော် ၄င်းတို့ကြောက်နေဆဲသာဖြစ် ကြောင်း၊ ခေတ်ပြောင်းစနစ်ပြောင်း လာပြီဖြစ်ကြောင်း၊ မိမိတို့သည် ပြည်သူများ၏ကိုယ်စားလှယ်များ သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက်္ကဌ သူရဦးရွှေမန်းကပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက်္ကဌသူရဦးရွှေမန်းသည် အထက်ပါ အခမ်းအနားတွင် လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်သူများသတိ္တရှိကြ ရန်အတွက် သတိ္တရှိရန်ဆိုသော စကားလုံးကိုဆယ်ကြိမ်ထက်မက ပြောကြားသွားခဲ့သည်။
““ကျွန်တော်က လွှတ် တော်ထဲမှာလဲ ရဲရဲဝံ့ဝံ့သတိ္တရှိရှိဆိုတဲ့ စကားလုံးကိုပြောခဲ့ပေးမယ့် သတင်းထဲမှာကျတော့ ရဲရဲဝံ့ဝံ့ဆိုတဲ့ စကားတော့ပါပြီးသတ်္တိဆို တာမပါလာဘူး”” ဟု သူရဦးရွှေမန်း ကလွှတ်တော်အတွင်းဆွေးနွေးခဲ့ သောအချက်အလက်များနှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။
ဆက်လက်ပြီး၎င်းင်းက သတိ္တနှင့် ပတ်သက်သည့် အကြောင်း အရာများကိုပြောကြားရာတွင် သတိ္တမရှိပါကအကုန်ဆုံးရှုံး တက်ကြောင်း၊ သတိ္တသည်မိုက်မဲခြင်းနှင့်မယှဉ်နိုင်သောတာဝန် ကျေပွန်မှုပင်ဖြစ်ကြောင်း၊ လူအများသည် ကောင်းသည်ဟု ပြောခံရခြင်းထက် သတိ္တရှိသည်ဟု ပြောခံရခြင်းကို ပိုမိုနှစ်သက်သည်ကြ ကြောင်း စသဖြင့် သတိ္တရှိခြင်းနှင့် ပတ်သက်သည့် စကားပုံများကိုလဲ ပြောကြားသွားခဲ့သည်။
အဆိုပါအခမ်းအနား တွင် ပြည်သူ့လွှတ်တော်ဥက်္ကဌ သူရဦးရွှေမန်းက အမှာစကားပြော ကြားသွားခဲ့သည့် အချိန်၌ သတိ္တနှင့် ပတ်သက်သည့် စကားများပြောကြား သွားခြင်းကြောင့် တက်ရောက်လာ သော စီးပွားရေးပညာရှင်များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ဘာသာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ၎င်းင်းတို့တင်ပြလိုသည့်အကြောင်း အရာနှင့် ပတ်သက်ပြီးပွင့်ပွင့်လင်း လင်း တင်ပြဆွေးနွေးသွားခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော်ဥက်္ကဌသူရဦးရွှေမန်းက ၀န်ထမ်းများလစာထိုးရေးကိစ်္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ် တော်တွင်တင်ပြဆွေးနွေးခဲ့ခြင်း များကိုထပ်မံရှင်းလင်းပြောကြား သွားခဲ့သည်။

http://feeds.feedburner.com/